အဆင့်ဆင့်တက်လှမ်းသည့် ဗုဒ္ဓဘာသာလမ်းကြောင်းကို ဘာကြောင့်၊ ဘယ်လို လိုက်နာရမလဲ

လမ်း-ရင်း တရားတော်ဆိုတာ ဘာလဲ။ ဗုဒ္ဓဘာသာတရားတော်ကနေ ဘယ်လိုကောက်နုတ်ထားသလဲ။

လမ်-ရင်း အဆင့်ဆင့် တက်လှမ်းသည့် လမ်းကြောင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ဘဝတွင် အခြေခံ ဗုဒ္ဓဘာသာ တရားတော်များ ထည့်သွင်းပေါင်းစည်းရန် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ဘုရားရှင်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က သံဃာ့အဖွဲ့အစည်းဖြင့် နေထိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် သီလရှင်အဖွဲ့အစည်းလည်း ပါဝင်လာသည်။ ဘုရားရှင်သည် သာသနာ့ဘောင်မှ အသိုင်းအဝိုင်းများကိုသာ တရားဟောကြားခြင်း မဟုတ်ဘဲ ရံဖန်ရံခါ လူတို့၏ နေအိမ်များသို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်ကြရာတွင်လည်း တရားဟောကြားလေ့ ရှိပါသည်။

ဘုရားရှင်က ‘‘ကျွမ်းကျင်သော နည်းလမ်း’’ ဟုခေါ်သည့်နည်းဖြင့် အမြဲတရားဟောပါသည်။ ဤသည်မှာ အခြားသူများကို သူတို့နားလည်နိုင်မည့်နည်းဖြင့် ဟောကြားသောနည်း ဖြစ်ပါသည်။ အသိဉာဏ်နှင့် ဘာသာရေးဖွံ့ဖြိုးမှု အဆင့်အတန်း အမျိုးမျိုးရှိကြသည့်အတွက် ထိုအချက်က လိုအပ်ပါသည်။ ထိုအခါ ဘုရားရှင်သည် အကြောင်းအရာမျိုးစုံကို အဆင့် မျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဟောကြားနိုင်ပါသည်။

ဘုရားရှင်၏ နောက်လိုက်များစွာတွင် ထူးခြားလှသည့် မှတ်ဉာဏ်များ ရှိပါသည်။ ထိုအချိန်က ဘာကိုမျှ စာဖြင့် မရေးမှတ်ထားဘဲ တရားတော်များကို သံဃာတော်များက မှတ်သားပြီး နောက်မျိုးဆက်များထံသို့ နှုတ်ဖြင့် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သည်။ နောက်ဆုံးတွင် တရားတော်များကို စာဖြင့်ချရေးကာ သုတ္တန်များ ဖြစ်လာပါသည်။ ရာစုနှစ်ပေါင်းများစွာ လွန်သောအခါ အိန္ဒိယ ဆရာတော်ကြီးများစွာက ထိုစာများကို စုစည်းပြီး မှတ်ချက်များ ထပ်မံရေးသားပါသည်။ တိဘက်သို့ ကြွလာသည့် အိန္ဒိယ ဆရာတော်ကြီးတစ်ပါးဖြစ်သော အတိဿက ဤ လမ်-ရင်း တရားတော်မူရင်းကို ဆယ့်တစ်ရာစုတွင် ရေးသားခဲ့ပါသည်။

အတိဿ၏ မူရင်းစာတွင် လူတိုင်း ဘုရားအဖြစ်သို့ ရောက်ရှိစေနိုင်သည့် နည်းလမ်းကို ဖော်ပြထားသည်။ သုတ္တန်များကို ကြုံသလိုဖတ်ရုံနှင့် ဘယ်ကစတင်မည်၊ ဉာဏ်အလင်းရရှိအောင် ဘယ်လိုကြိုးစားမည်ဆိုသည့် ရှင်းလင်းသော ဘာသာရေးလမ်းကြောင်းကို ပေးနိုင်မည် မဟုတ်ပါ။ ထိုတရားတော်အားလုံး ရှိနေသော်လည်း အားလုံးစုစည်းရန် မလွယ်ကူပါ။

ထိုအတိုင်း အတိအကျ ဆောင်ရွက်ပေးသည်မှာ လမ်-ရင်း တရားတော်ဖြစ်ပြီး၊ အဆင့်အလိုက် အစီအစဉ်ဖြင့် ယင်းတို့ကို တင်ဆက်ထားပါသည်။ အတိဿနောက်တွင် တိဘက်ဘာသာဖြင့် ပိုမိုကျယ်ပြန့်စွာ ရေးထားသောမူအမျိုးမျိုး ရှိခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဆုန်ခပ က ဆယ့်ငါးရာစုတွင် ရေးခဲ့သောမူကို လေ့လာပါမည်။ ထိုအကြောင်းအရာကို အကျယ်ပြန့်ဆုံးဟု ဆိုနိုင်လောက်အောင် စုစည်းထားပါသည်။ ဆုန်ခပ ကျမ်းစာများ၏ ထူးခြားသောအချက်မှာ သုတ္တန်နှင့် အိန္ဒိယလူမျိုးတို့၏ မှတ်သားစရာများ ပါဝင်သောကြောင့် သူက တစ်ခုခု ဖန်တီးရေးသားခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့အနေနှင့် စိတ်ချယုံကြည်နိုင်ပါသည်။

နောက်ထပ် ထူးခြားသောအချက်မှာ ဆုန်ခပသည် အဓိကအချက်များ အားလုံးကို ရှင်းလင်းစွာ ယုတ္တိကျကျ ဖော်ပြပေးထားပါသည်။ ထို့ကြောင့် ယုတ္တိနှင့် ကြောင်းကျိုးဆက်စပ်မှုတွင် အခြေခံသည့် တရားများဖြစ်သည်ဟု ပိုမိုခိုင်မာစွာ ယုံကြည်မိပါသည်။ ဆုန်ခပ၏ ထူးခြားသော လက္ခဏာရပ်မှာ အခက်ခဲဆုံး အချက်များကို ကျော်သွားတတ်သည့် ယခင်စာရေးဆရာများနှင့် မတူဘဲ ယင်းတို့ကို အာရုံစိုက်ရေးသားပါသည်။

တိဘက်ဗုဒ္ဓဘာသာ အစဉ်အလာ လေးမျိုးအနက် ဆုန်ခပထံမှ ဆင်းသက်လာသောအစဉ်အလာကို ‘‘ဂယ်လုပ’’ အစဉ်အလာဟု ခေါ်ပါသည်။

ဘာသာရေးလမ်းကြောင်း၏ အဓိပ္ပာယ်နှင့် ယင်းကို ဖွဲ့စည်းတည်ဆောက်ပုံ။

မေးစရာရှိသည်မှာ ဘာသာရေးလမ်းကြောင်းကို ဘယ်လိုပုံဖော်ရမည်နည်း။ အိန္ဒိယနိုင်ငံ၌ နည်းလမ်း အမျိုးမျိုးကို ယေဘုယျအားဖြင့် ဟောကြားထားပါသည်။ ဥပမာ၊ စူးစိုက်မှု ရရှိရေး နည်းလမ်းများမှာ ဘုရားရှင် လက်ထက်တော် အခါက အခြားအိန္ဒိယ အစဉ်အလာများအားလုံးနှင့် တူညီပါသည်။ ဘုရားရှင်က ရှာတွေ့ခြင်း၊ ဖန်တီးခြင်း မဟုတ်ပါ။ မိမိကိုယ်ကို တိုးတက်စေခြင်းနှင့် ပတ်သက်၍ မိမိ၏ ဘာသာရေးလမ်းကြောင်းတွင် စူးစိုက်မှုနှင့် အခြားအချက်များ အားလုံး ရရှိနိုင်ပုံကို လ့လာရန်လိုကြောင်း အားလုံးက သဘောတူပါသည်။

ဗုဒ္ဓမြတ်စွာသည် သဘာဝအားဖြင့် မိမိကိုယ်ကို တိုးတက်စေရေး အချက်အလက်များစွာကို နားလည်အောင် အမျိုးမျိုး ရှင်းပြထားပါသည်။ သို့သော် တကယ်သီးသန့် ဖြစ်သောအချက်မှာ ဘာသာရေး ရည်မှန်းချက်များကို နားလည်သဘောပေါက်မှု ဖြစ်ပါသည်။ ထိုဘာသာရေး ရည်မှန်းချက်များ၏ အဓိကစည်းမျဉ်းနှင့် အဆင့်အမျိုးမျိုး ခွဲခြားထည့်သွင်းထားသည့် အချက်ကြောင့် ကျွန်ုပ်တို့ကို စိတ်အားထက်သန်မိစေပါသည်။

ဤစာပေအတွက် ပေးထားသည့် အခေါ်အဝေါ်မှာ လမ်-ရင်း ဟုခေါ်ပါသည်။ ‘‘လမ်’’ ကို ‘‘လမ်းကြောင်း’’ နှင့် ‘‘ရင်း’’ ကို ဤလမ်းကြောင်း၏ အဆင့်များဟု ဆိုလိုပါသည်။ ဤလမ်းကြောင်းသည် ကျွန်ုပ်တို့၏ ရည်မှန်းချက်သို့ရောက်အောင် ရရှိရန်လိုသည့် အဆင့်ဆင့်အစီအစဉ်ဖြင့် စိတ်အခြေအနေ အမျိုးမျိုး ဖြစ်သည်။ ခရီးသွားသလိုပင် ဖြစ်ပါသည်။ ရိုမေးနီးယားမှ အိန္ဒိယသို့ ကုန်းလမ်းဖြင့် သွားလိုပါက အိန္ဒိယသည် နောက်ဆုံးပန်းတိုင် ဖြစ်ပါသည်။ သို့သော် ပထမဆုံး တူရကီ၊ အီရန် စသည်တို့ကို ဖြတ်သွားပြီးမှသာ နောက်ဆုံးတွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိပါမည်။

ဘာသာရေးဆိုင်ရာ စိတ်အားထက်သန်မှု။ ဘဝကို အဓိပ္ပာယ် ရှိစေခြင်း

လမ်-ရင်း တရားတွင် အဆင့်သတ်မှတ်ထားသည်မှာ ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှု ဖြစ်ပြီး ဗုဒ္ဓဘာသာ ဟောကြားချက်အရ အပိုင်းနှစ်ပိုင်း ရှိပါသည်။ စိတ်အားထက်သန်မှုသည် ကျွန်ုပ်တို့မှာ ရှိသည့် ရည်မှန်းချက် သို့မဟုတ် ရည်ရွယ်ချက် တစ်ခုနှင့် ဆက်စပ်ပါသည်။ ထို့ပြင် ထိုရည်မှန်းချက်သို့ ရောက်အောင် တွန်းပို့သော စိတ်ခံစားချက်လည်း ပါဝင်သည်။ ပို၍တိတိကျကျ ပြောရလျှင် ရည်မှန်းချက်သို့ ရောက်လိုသော အကြောင်းရင်းနှင့် ထိုသို့ရောက်စေမည့် စိတ်ခံစားချက် ရှိရပါသည်။

ထိုအခါ နေ့စဉ်ဘဝများနှင့် ပတ်သက်၍ လုံးဝအဓိပ္ပာယ် ရှိလာပါသည်။ ဘဝ၏ အဆင့်ဆင့်တွင်လည်း ကျွန်ုပ်တို့မှာ ရည်မှန်းချက်များစွာ ရှိပါသည်။ ဥပမာ၊ ပညာသင်ကြားလိုသည်။ အိမ်ထောင်ဖက်နှင့် ဆုံလိုသည်။ အလုပ်ရလိုသည် စသည်တို့ ဖြစ်ပါသည်။ ဤအတွက် အပြုသဘောရော၊ အပျက်သဘော စိတ်ခံစားချက်များပါ ရှိနိုင်ပါသည်။ လူတစ်ဦးနှင့် တစ်ဦးလည်း မတူညီနိုင်ပါ။ မည်သို့ဖြစ်စေကာမူ ဤသို့ တိုးမြှင့်ထားသော စိတ်အားထက်သန်မှု အဖြစ် တင်ဆက်ထားမှုသည် ပုံမှန်ဘဝများတွင် အသုံးချနိုင်သောအချက် ဖြစ်ပါသည်။

ထို့အတူ ကျွန်ုပ်တို့၏ ဘာသာရေး စိတ်အားထက်သန်မှု အနေနှင့်လည်း မှန်ကန်ပါသည်။ ယင်းတို့မှာ နေ့စဉ်ဘဝနှင့် လုံးဝဆီလျော်သော စိတ်အခြေအနေများ ဖြစ်ပါသည်။ မိမိဘဝကို ဘယ်လိုအသုံးချကြမည်နည်း။ တကယ်တော့ ‘‘လောကီအဆင့်’’ ဖြစ်သည့် မိသားစု၊ အလုပ်အကိုင် စသည်တို့ ရှိပါသည်။ သို့သော် ဘာသာရေး အဆင့်တွင်လည်း ဘာကိုဆောင်ရွက်နေပါသနည်း။ ဤသည်မှာ နေထိုင်ပုံနှင့် ဆိုင်ပါသည်။ ဘဝ၏ ထိုအစိတ်အပိုင်း နှစ်ရပ်သည် မဆန့်ကျင်ရန် သို့မဟုတ် အပြန်အလှန် မဖယ်ရှားရန် အရေးကြီးပါသည်။ သဟဇာတဖြစ်စွာ တစ်နည်းနည်းဖြင့် ရောစပ်ထားမှု ရှိရပါမည်။

ညီညာမျှတရန် လိုသည်သာမက အချင်းချင်း ထောက်ပံ့ရန်လည်း လိုပါသည်။ ကျွန်ုပ်တို့၏ ဘာသာရေးဆိုင်ရာ ဘဝသည် ပုံမှန်လောကီဘဝကို နေထိုင်ရန် ခွန်အားဖြည့်သင့်ပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့၏ လောကီဘဝသည် ဘာသာရေးဆိုင်ရာ ဘဝကို ကျင့်ကြံနိုင်စေမည့် ရင်းမြစ်များ ပေးအပ်သင့်ပါသည်။ ထိုအဆင့်လိုက် လမ်-ရင်း မှနေ၍ လေ့လာသိရှိသော အရာတိုင်းကို နေ့စဉ်ဘဝ၌ အသုံးချရန် လိုပါသည်။

ပိုကောင်းသောလူတစ်ယောက် ဖြစ်လာစေရေး

သို့ဆိုလျှင် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ဤနေရာတွင် ကျွန်ုပ်တို့ ဆောင်ရွက်နေသည်မှာ အဘယ်နည်း။ ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာ ကျင့်ကြံမှုကို စကားလုံးအနည်းငယ်ဖြင့် အကျဉ်းချုပ်နိုင်ပါသည်။ ရိုးရှင်းစွာ ပြောရလျှင် ပိုကောင်းသည့်လူများ ဖြစ်လာအောင် မိမိကိုယ်ကို အားထုတ်နေခြင်း ဖြစ်ပါသည်။ ‘‘ပိုကောင်းသည့်လူ’’ ဆိုသည်မှာ အကဲဖြတ်မှု ပါဝင်သယောင် ရှိသော်လည်း ဤနေရာတွင် လုံးဝ အကဲဖြတ်ချက် မပါဝင်ပါ။ ထိုအချက်က အဓိကမဟုတ်ပါ။ လောဘ၊ ဒေါသ၊ တစ်ကိုယ်ကောင်းဆန်မှု စသည့် အားလုံးမှာ မကြာခဏ ရှိတတ်သည့် အပြုအမူဆိုးများနှင့် အပျက်သဘော စိတ်ခံစားချက်များကို ကြိုးစားကျော်လွှားနေခြင်းသာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာသည် ဤသို့သော ရည်မှန်းချက်မျိုးအတွက် ရည်မှန်းသည့် တစ်ခုတည်းသော ဘာသာတရား၊ ဒဿန သို့မဟုတ် ကျင့်ကြံမှု မဟုတ်ပါ။ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး၊ ဟိန္ဒူဘာသာတို့တွင် အလားတူတွေ့နိုင်သလို လူသားချင်း စာနာမှုလမ်းစဉ်တွင်လည်း တွေ့နိုင်ပါသည်။ နေရာတိုင်းမှာ ရှိပါသည်။ အခြားနေရာများတွင် တွေ့ရသလိုပင် ဗုဒ္ဓဘာသာ နည်းလမ်းများမှာ ပိုကောင်းသောလူတစ်ယောက် ဖြစ်လာအောင် အဆင့်လိုက်ပုံစံဖြင့် ချဉ်းကပ်စေသည့် ဤရည်မှန်းချက်မျိုးကို ရရှိအောင် ကူညီနိုင်ပါသည်။

‘‘ပိုကောင်းသောလူ’’ ဖြစ်ရန်အတွက် အခြားသူများကို အန္တရာယ် ပေးမိနိုင်သည့် အပျက်သဘော မပြုမူမိအောင် အရင်ဆုံးရှောင်ရှားရပါမည်။ ထိုအတွက် မိမိကိုယ်ကို ထိန်းချုပ်မှုအချို့ ရှိရပါမည်။ ပိုနက်နဲသောအဆင့်တွင် ထိုသို့ ဆောင်ရွက်နိုင်သည်နှင့် အမှန်တကယ် အပျက်သဘော ပြုမူမိစေသော အကြောင်းတရားများဖြစ်သည့် လောဘ၊ ဒေါသ၊ တဏှာ၊ မနာလိုမှု၊ အမုန်းတရား စသည်တို့ကို ကျော်လွှားရန် အာရုံစိုက်ရပါမည်။ ထိုအတွက် ထိုအပျက်သဘော စိတ်ခံစားချက်များ ပေါ်ပေါက်လာပုံ၊ လုပ်ဆောင်ပုံတို့ကို နားလည်ရန် လိုပါသည်။ သို့မှသာ ထိုအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ လျှော့ချဖယ်ရှားနိုင်သော နားလည်သဘောပေါက်မှု အချို့ကို ရရှိလာပါသည်။

ထို့နောက် ပို၍လေးနက်စွာ ကြိုးစားကာ ထိုအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များအားလုံး၏ နောက်ကွယ်မှအရာ အပေါ်တွင် ကျွန်ုပ်တို့၏ တစ်ကိုယ်ကောင်းဆန်မှု၊ မိမိအတွက်သာ အတ္တဗဟိုပြု တွေးတောမှုတို့ကို အသိအမှတ်ပြုခြင်းဖြင့် အားထုတ်နိင်ပါသည်။ ‘‘ငါကအမြဲတမ်း ကိုယ့်ပုံစံအတိုင်း သွားရမယ်’’ ဟု ကျွန်ုပ်တို့အမြဲတွေးတတ်ပါသည်။ ကိုယ့်ပုံစံ အတိုင်း မသွားရသောအခါ ဒေါသထွက်လာတတ်သည်။ အရာအားလုံး ကိုယ်ဖြစ်ချင်သလို အမြဲဖြစ်စေလိုသော်လည်း ထိုသို့ဖြစ်စရာအကြောင်း မရှိပါ။ ကျွန်ုပ်တို့က နှစ်သက်နေသည့် အချက်များမှအပ ထိုသို့ ဖြစ်ရန်အကြောင်း လုံးဝမရှိပါ။ လူတိုင်းက ထိုနည်းအတိုင်း တွေးကြပါသည်။ ကျွန်ုပ်တို့အားလုံးလည်း မှန်ကန်နိုင်မည် မဟုတ်ပါ။

တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှ ဤသို့ အခြေခံအကျဆုံး ဒုက္ခပေးသည့်အချက်ကို ကျော်လွှားနိုင်သည့်အဆင့် ရောက်အောင် ကြိုးစားရပါမည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ကောင်းဆန်မှုကို လေ့လာဆန်းစစ်သောအခါ ‘‘ငါ’’ နှင့် ငါ၏ ‘‘အတ္တ’’ အယူအဆပေါ်တွင် မူတည်နေပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့ တည်ရှိနေပုံနှင့် ပတ်သက်သော ကျွန်ုပ်တို့၏ အယူအဆသည် ‘‘ငါက သီးသန့်ထူးခြားတယ်’’ ဆိုသည့် စိတ်ကူးပေါ်တွင် အခြေခံပါသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် စကြဝဠာ၏ ဗဟို၊ မည်သူ့ကိုမျှ မှီခိုစရာမလိုသည့် အရေးအကြီးဆုံး ပုဂ္ဂိုလ်အလား ထင်ခြင်းဖြစ်သည်။ ထိုအတွက် အလွန်မှားယွင်းပြီး ပုံပျက်နေသောအချက် သိသိသာသာ ရှိနေသောကြောင့် ဤသို့သိမြင်မှုကို ကျွန်ုပ်တို့စုံစမ်းစစ်ဆေးရပါမည်။

စိတ်အားထက်သန်မှု တိုးတက်လာသည့်အဆင့်။ အကျဉ်းချုပ်ဓမ္မ

ဗုဒ္ဓမြတ်စွာ ဟောကြားထားသည့် နည်းလမ်းများမှာ ထိုရည်မှန်းချက်မျိုးအတွက် အလွန်အထောက်အကူ ပြုပါသည်။ အခြေခံအားဖြင့် ကျွန်ုပ်တို့သည် ဒေါသနှင့် တစ်ကိုယ်ကောင်းဆန်မှုကဲ့သို့ အပြုအမူဆိုးနှင့် အပျက်သဘော စိတ်ခံစားချက်များကို ရှောင်ရှားလိုကြပါသည်။ ဤသည်မှာ ထိုအရာများလွှမ်းမိုးမှုအောက်တွင် ပြုမူသောအခါ မသာယာဘဲ မိမိကိုယ်တိုင်ရော၊ အခြားသူများကိုပါ ပြဿနာများ ဖြစ်စေသည်ဟု နားလည်ထားသောကြောင့် ဖြစ်ပါသည်။ ဤပြဿနာများကို ကျွန်ုပ်တို့ မလိုလားပါ။

ဤသို့ပြဿနာဖြစ်စေမှုကို အဆင့်လိုက် နည်းလမ်းဖြင့်လည်း ချဉ်းကပ်နိုင်ပါသည်။ အချို့နည်းများဖြင့် ပြုမူပါက ပြဿနာများနှင့် အခက်အခဲများ ယခုပင် ဖြစ်စေပါသည်။ ဥပမာ၊ တစ်ယောက်ယောက်နှင့် အကြီးအကျယ် ရန်ဖြစ်ကာ သူတို့ကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ပါက မိမိလည်း နာကျင်မှုဖြစ်ပြီး ထောင်ကျနိုင်ပါသည်။ ပို၍လေးနက်သော အဆင့်တွင် မိမိ၏အပျက်သဘော အပြုအမူ၏ ရေရှည်အကျိုးဆက်များကိုလည်း ကြည့်နိုင်ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ယခုသာမက နောင်တွင်လည်း အခက်အခဲကို ရှောင်ရှားလိုသောကြောင့် ဖြစ်ပါသည်။ ထိုတက်ပို၍ တိုးတက်လာပါက မိမိ၏ မိသားစု၊ ချစ်သူခင်သူ၊ သူငယ်ချင်းမိတ်ဆွေနှင့် အသိုင်းအဝိုင်းအတွက် ဒုက္ခနှင့် ပြဿနာများ မပေးမိအောင်လည်း ရှောင်ရှားလိုပါသည်။ ဤအရာအားလုံးသည် ယခုဘဝ၏ ကန့်သတ်ချက်များအတွင်း ပါဝင်နေပါသည်။ ထိုထက်ပို၍သွားလျှင် ကမ္ဘာကြီး ပူနွေးလာခြင်းကဲ့သို့ နောင်မျိုးဆက်များအတွက် ဒုက္ခ မပေးမိအောင်လည်း ရှောင်ရှားခြင်းကဲ့သို့ ပိုပြီး လွှမ်းခြုံရှုမြင်ကာ တွေးနိုင်ရပါမည်။

ဤစိတ်ဓာတ်တွန်းအားများဖြင့် နောက်ပိုင်းအဆင့်များ ရရှိလာသောအခါ ရှေ့ပိုင်းအဆင့်များကို စွန့်လွှတ်ရန် မဟုတ်ပါ။ တကယ်တော့ ယင်းတို့မှာ ပေါင်းစုလာပြီး တစ်ခုကိုတစ်ခု ဖြည့်ဆည်းပေးပါသည်။ ဤသည်မှာ အဆင့်လိုက် လမ်းကြောင်း၏ ယေဘုယျစည်းမျဉ်း ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်အားလုံးကို ‘‘အကျဉ်းချုပ်ဓမ္မ’’ ဟု ခေါ်လိုက်ပါသည်။ ၎င်းတွင် ဗုဒ္ဓတရားတော်ဖြစ်သည့် ‘‘ဓမ္မ’’ ကို ယခုဘဝအတွက်သာ တင်ပြထားပြီး ပြန်ဝင်စားမှု အကြောင်း မဖော်ပြပါ။ ဤအခေါ်အဝေါ်များကို ‘‘အကျဉ်းချုပ်ဓမ္မ’’ နှင့် ‘‘လက်တွေ့ဓမ္မ’’ ဟု စုစည်းလိုက်ပါသည်။ အရသာပေါ့သော ကိုကာကိုလာနှင့် တကယ့်သကြားပါဝင်မှုများသော ကိုကာကိုလာကဲ့သို့ပင် ဖြစ်ပါသည်။

ယခုဘဝတိုးတက်မှုအတွက်သာ စဉ်းစားနေရင်း ပြန်လည်မွေးဖွားမှုကို ထည့်သွင်းစဉ်းစားခြင်း

 ‘‘ဓမ္မ’’ ဆိုသည်မှာ ဗုဒ္ဓတရားတော်များကို ရည်ညွှန်းသည့် သက္ကတဘာသာ စကားလုံး ဖြစ်ပါသည်။ ‘‘အကျဉ်းချုပ်’’ ဆိုသည်မှာ တစ်ခုခု ချို့ယွင်းနေသည်ဟု မဆိုလိုပါ။ သို့သော် ပြင်းထန်ပြီး စစ်မှန်သော အမျိုးအစား မဟုတ်ခြင်းသာ ဖြစ်ပါသည်။ တိဘက်အစဉ်အလာတွင် တွေ့ရသည့် လမ်-ရင်းကို အမှန်တကယ် တင်ဆက်ထားမှုမှာ စစ်မှန်သောအရာ ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့အများစုအတွက် အစတွင် အလွန်ခက်ခဲနေနိုင်ပါသည်။ ထိုအတွက် အဓိက အကြောင်းရင်းမှာ ၎င်းသည် ပြန်လည်မွေးဖွားမှုတွင် ကျွန်ုပ်တို့က အပြည့်အဝ ယုံကြည်သည်ဟု လုံးဝယူဆထားသလို အကြောင်းရပ်အားလုံးကိုလည်း ပြန်လည်မွေးဖွားမှု ရှိသည့် အခြေခံဖြင့် တင်ဆက်ထားပါ၏။ ဤရှုထောင့်မှနေ၍ မိမိတို့၏ နောင်ဘဝတွင် အခက်အခဲများ ရှောင်ရှားကာ တိုးတက်လာအောင် စတင်ကြိုးစားရပါသည်။

နောင်ဘဝရှိသည်ဟု ကျွန်ုပ်တို့ မယုံကြည်ပါက ထိုဘဝကောင်းအောင် မည်သို့လျှင် ရိုးသားစွာ စိတ်ဓာတ်တွန်းအား ရှိနိုင်ပါမည်နည်း။ မဖြစ်နိုင်တော့ပါ။ ရှေးဘဝ၊ နောက်ဘဝအကြောင်း မေးစရာများ ရှိလာသောအခါ၊ မယုံကြည်သောအခါ သို့မဟုတ် နားမလည်သောအခါ အကျဉ်းချုပ်ဓမ္မဖြင့် စတင်ရန်လိုပါသည်။ မိမိ၏ ဘာသာရေးကျင့်ကြံမှုအတွက် အမှန်တကယ် ရည်မှန်းနေသောအရာနှင့် ပတ်သက်ပြီး မိမိကိုယ်ကို ရိုးသားရန်လိုပါသည်။

ကျွန်ုပ်တို့အများစုအတွက် ယခုဘဝကို အနည်းငယ်ပိုကောင်းအောင် ရည်မှန်းချက်ရှိချင်ရှိနိုင်ပါသည်။ ဤသည်မှာလည်း လုံးဝမှန်ကန်သော ရည်မှန်းချက် ဖြစ်ပါသည်။ ဤသည်မှာ အစဖြစ်သလို အလွန်လိုအပ်သော အဆင့်တစ်ဆင့် ဖြစ်ပါသည်။ သို့သော် ဤသို့အကျဉ်းချုပ်ဓမ္မ အဆင့်တွင် ရှိနေသောအခါ အကျဉ်းချုပ်ဓမ္မသာဖြစ်ပြီး လက်တွေ့ဓမ္မ မဟုတ်သည်ကို အသိအမှတ်ပြုဖို့ အရေးကြီးပါသည်။ ထိုနှစ်ခုရောထွေးသွားပါက ဗုဒ္ဓဘသာကို ကုထုံး သို့မဟုတ် မိမိကိုယ်ကို အားပေးမှု ပုံစံတစ်ခုမျှသာ ဖြစ်အောင် လျှော့ချမိပါလိမ့်မည်။ ထိုအခါ အလွန်ကန့်သတ်မှုရှိပြီး ဗုဒ္ဓဘာသာနှင့် မကိုက်ညီတော့ပါ။

လက်တွေ့ဓမ္မအကြောင်း မှန်သည်ဟု ယုံကြည်ရန် အသာထား၊ ယင်းကို နားမလည်သေးလျှင်လည်း ထိုသို့ အသိအမှတ်ပြုရန် လိုပါသည်။ ပွင့်လင်းသောစိတ် ရှိပြီး ‘‘နောင်ဘဝနဲ့ လွတ်မြောက်မှုအကြောင်း ပြောထားတာ မှန်သလား သေချာမသိသေးဘူး။ ဒါပေမယ့် အကျဉ်းချုပ်ဓမ္မ အဆင့်မှာပဲ အခုတော့ ကြိုးစားဦးမယ်။ ပိုတိုးတက်လာပြီး ပိုလေ့လာ၊ ပိုတရားရှုမှတ်ရင် လက်တွေ့ဓမ္မအကြောင်း ပိုနားလည်လာမှာပေါ့’’ ဟု တွေးသင့်ပါသည်။ ဤသည်မှာ လုံးဝမှန်ကန်ပြီး သင့်တော်သော ချဉ်းကပ်မှု ဖြစ်ပါသည်။ ထို့ပြင် ဗုဒ္ဓမြတ်စွာအား လေးစားမှု၊ ထိုအရာများကို ဟောကြားစဉ်က အဓိပ္ပာယ်မရှိသောအရာကို ပြောခြင်းမဟုတ်ကြောင်း ယုံကြည်မှုတို့တွင် အခြေခံပါသည်။

နောင်ဘဝနှင့် လွတ်မြောက်မှုကဲ့သို့ ကိစ္စများကို ကိုယ်တိုင် အဓိပ္ပာယ်သတ်မှတ်ပြီး ရှင်းလင်းထားသည့် အချို့စိတ်ကူးများ ရှိနေလျှင်လည်း လုံးဝမှားယွင်း နေနိုင်ကြောင်း၊ ဗုဒ္ဓဘာသာသည် ထိုသို့ကြိုတင် သိထားသည့် အဓိပ္ပာယ်များ၊ ရှင်းပြချက်များကိုလည်း လက်မခံကြောင်း အသိအမှတ်ပြုထားနိုင်ပါသည်။ ထို့ကြောင့် တစ်ခုခုကို ကျွန်ုပ်တို့က ရယ်စရာကောင်းသည်ဟု ထင်နေသောအရာမှာ ဘုရားရှင်ကလည်း ရယ်စရာကောင်းသည်ဟု ထင်နိုင်ပါသည်။ အကြောင်းမှာ လုံးဝမှားနေသည့် နားလည်သဘောပေါက်မှု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ဥပမာ၊ ခန္ဓာကိုယ်ထဲမှ လိပ်ပြာကဲ့သို့ ပျံထွက်သွားကာ နောက်တစ်ယောက်ထဲ ဝင်သွားသည့် ဝိညာဉ်နှင့် တူသည် ဆိုခြင်းကို ဘုရားရှင်က လက်မခံထားပါ။ ကိုယ်တိုင် ကြီးမြတ်သော နတ်ဘုရား ဖြစ်လာနိုင်သည်ဆိုသည့် စိတ်ကူးကိုလည်း ဘုရားရှင်က ငြင်းပယ်ထားပါသည်။

အစမထင်သော ပြန်လည်မွေးဖွားမှုအကြောင်း စဉ်းစားခြင်း၏ အကျိုးကျေးဇူးများ

ဤအဆင့်အလိုက် လမ်းကြောင်းတွင် တင်ဆက်ထားသော နည်းလမ်းအများစုကို အကျဉ်းချုပ်ဓမ္မတွင်ဖြစ်စေ၊ လက်တွေ့ ဓမ္မတွင်ဖြစ်စေ အသုံးချနိုင်ပါသည်။ သို့သော် နောင်ဘဝအကြောင်း နားလည်မှုပေါ်တွင် အမှန်တကယ် မူတည်သည့် နည်းလမ်းအချို့ ရှိပါသည်။ ဥပမာ၊ အားလုံးအတွက် အညီအမျှ မေတ္တာထားနိုင်ရေးအတွက် တစ်နည်းမှာ အားလုံးတွင် အစမထင်သော ပြန်လည်မွေးဖွားမှုများ ရှိကြပြီး ရေတွက်နိုင်သော သက်ရှိများ ရှိသည်ကို သဘောပေါက်ဖို့ လိုပါသည်။ ဤသို့ စတင်ပြီးနောက် တစ်ချိန်မဟုတ် တစ်ချိန်တွင် သက်ရှိတိုင်းသည် မိမိ၏ မိခင်ဖြစ်ခဲ့ဖူးကြောင်း၊ အခြားသူတိုင်း၏ မိခင် ဖြစ်ခဲ့ဖူးကြောင်း ယုတ္တိရှိစွာ ကောက်ချက်ချရပါသည်။ ကျွန်ုပ်တို့သည်လည်း အခြားသက်ရှိတိုင်း၏ မိခင် ဖြစ်ခဲ့ဖူးပါသည်။ ဤသို့ အစမရှိခြင်း၊ ရေတွက်နိုင်သော သက်ရှိများ ရှိခြင်းဆိုသည့် ယုတ္တိအတွက် သင်္ချာနည်းဖြင့် သက်သေပြနိုင်ပါသည်။ အကန့်အသတ် မရှိသည့်အချိန်ရော၊ အကန့်အသတ် မရှိသည့် သတ္တဝါများပါ ရှိနေလျှင် ဤနည်းလမ်းအတိုင်း ဖြစ်မည်ကို သက်သေမပြနိုင်ပါ။

အကန့်အသတ်မရှိသည့် အတိတ်ဘဝများ အနေနှင့် လုံးဝမစဉ်းစားဖူးပါက ဤအချက်ကို စဉ်းစားရန် အထူးသဖြင့် သိသာစွာ အလွန်ခက်ခဲနေပါမည်။ အကန့်အသတ်မရှိသည့် ပြန်လည်မွေးဖွားမှု အခြေခံဖြင့် သက်ရှိအားလုံးက ကျွန်ုပ်တို့အပေါ် ထားသည့် မိခင်မေတ္တာနှင့်၊ အပြန်အလှန်အားဖြင့် ပြန်လည် ချစ်ခင် ကြင်နာစေလိုသည့် အနေနှင့် တွေးကြည့်နိုင်ပါသည်။ ၎င်းအပေါ် အခြေခံသည့် တိုးတက်မှုကြီးတစ်ခုလုံး ဖြစ်ပါသည်။ ဤဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းမှာ တစ်ယောက်မဟုတ်တစ်ယောက်သည် ကျွန်ုပ်တို့၏ မိခင် ဖြစ်ခဲ့သည်မှာ အချိန်အပိုင်းအခြားနှင့်သာ ဆိုင်ပါသည်။ ကျွန်ုပ်တို့၏ မိခင်ကို ဆယ်မိနစ်၊ ဆယ်ရက်၊ ဆယ်နှစ် မတွေ့ရလျှင်လည်း မိခင်က မိခင်ဖြစ်ပါသည်။ ထို့အတူ မိခင်ကို ဆယ်ဘဝ မတွေ့ရပါကလည်း မိခင်ဖြစ်နေပါသေးသည်။ ဤသည်မှာ ပြန်လည်မွေးဖွားမှုကို ယုံကြည်ပါက အလွန် အထောက်အကူ ပြုနိုင်သောနည်း ဖြစ်ပါသည်။ ဤယုံကြည်မှု မရှိပါက ဘာမှအဓိပ္ပာယ် မရှိတော့ပါ။

လူတို့သာမဟုတ်ဘဲ ခြင်များကို တွေးကြည့်လျှင်လည်း ဤသဘောအတိုင်း ဖြစ်ပါသည်။ ဤခြင်သည် ယခင်ဘဝက ကျွန်ုပ်တို့၏ မိခင်ဖြစ်ခဲ့သည်။ အကြောင်းမှာ စိတ်ဆောင်ရွက်ချက်ရှိသည့် မည်သည့်ပုံစံဖြင့်မဆို ပြန်လည်မွေးဖွားမှု ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ ဤအတွက် အကျဉ်းချုပ်ဓမ္မ အနေနှင့်လည်း ကြည့်နိုင်သည်မှာ မည်သူမဆို ကျွန်ုပ်တို့ကို အိမ်ပြန်ပို့ခြင်း၊ ပြုစုစောင့်ရှောက် ကျွေးမွေးခြင်း ပြုလုပ်နိုင်ပုံကို မြင်ကြည့်နိုင်ပါသည်။ လူတိုင်း ထိုသို့ တတ်နိုင်ပါသည်။ ခရီးသွားသောအခါ လုံးဝမသိသူများက မိမိကို အလွန်သဘောကောင်းပြီး ဖော်ရွေပျူငှာနိုင်သည်ကို တစ်ခါတစ်ရံ တွေ့ရပါသည်။ ထိုသူက ယောက်ျား၊ မိန်းမ ဖြစ်ခြင်းနှင့် မဆိုင်ဘဲ လူတိုင်းက မိမိကို မိခင်ကဲ့သို့ ပြုမူနိုင်ပါသည်။ သားသမီးများက အသက်ကြီးလာသောအခါ ကျွန်ုပ်တို့ကို ပြန်လည်ပြုစုစောင့်ရှောက် နိုင်ပါသည်။ ဤခြင်တစ်ကောင်က မိမိကိုအိမ်ခေါ်သွားပြီး မိခင်ကဲ့သို့ ပြုစုစောင့်ရှောက်မည်ဟု တွေးကြည့်ရန် ခက်ခဲသည့်အတွက် ဤသို့ အနည်းငယ် ကန့်သတ်ချက်ဖြင့် တွေးသည်မှာလည်း အလွန်အထောက်အကူ ပြုပါသည်။

အကျဉ်းချုပ်ဓမ္မနှင့် လက်တွေ့ဓမ္မ အဆင့်များတွင် နည်းလမ်းများ မည်ကဲ့သို့ အသုံးချနိုင်သည်ကို ထိုအချက်က အနည်းငယ် ရှင်းပြပါသည်။ ထိုနှစ်ခုစလုံးမှာ သက်ဆိုင်ရာနည်းဖြင့် အလွန် အထောက်အကူ ပြုပါသည်။ သို့သော် အကျဉ်းချုပ်ဓမ္မက အကန့်အသတ် ရှိပါသည်။ လက်တွေ့ဓမ္မက ပိုကြီးမားသော ဖြစ်နိုင်ခြေ အတိုင်းအတာကို ဖွင့်လှစ်ပေးပါသည်။ မည်သည့်အဆင့်ကို အသုံးချသည်ဖြစ်စေ အဓိကအချက်မှာ နေ့စဉ်ဘဝ၌ အသုံးချရေး ဖြစ်ပါသည်။ ယာဉ်ကြောပိတ်နေသောအခါ တွင်ဖြစ်စေ၊ လူတန်းရှည်ကြီးကို စောင့်ဆိုင်းရလျှင်ဖြစ်စေ၊ အခြားသူများကို ဒေါသထွက်ကာ စိတ်မရှည် ဖြစ်လာပါသည်။ သူတို့ကို မိမိ၏ မိခင်ကဲ့သို့ ရှုမြင်နိုင်ပါသည်။ အတိတ်ဘဝ တစ်ခုခု သို့မဟုတ် ယခုဘဝ အနေနှင့် တွေးနိုင်ပါသည်။ ထိုအခါ သည်းခံခြင်း ရရှိအောင် ဒေါသကို ငြိမ်သက်စေရန် အထောက်အကူ ပြုပါလိမ့်မည်။ မိမိ၏ မိခင်က တန်းစီနေသူများတွင် မိမိရှေ့မှ ဖြစ်နေပါက သူ့ကိုအရင် ဖြေရှင်းပေးသည်ကို စိတ်ဆိုးမည် မဟုတ်တော့ပါ။ တကယ်တော့ သူ့ကိုအရင် ဖြေရှင်းပေးသည့်အတွက် ပို၍ပင် ပျော်ရွှင်မိပါမည်။ ဤနည်းအတိုင်း ဤနားလည်မှုမျိုးကို ကြိုးစားအသုံးချရပါမည်။ ဤစိတ်အခြေအနေများကို တရားရှုမှတ်သောထိုင်ခုံတွင် ထိုင်နေမှသာ ထားရှိရမည် မဟုတ်ဘဲ နေ့စဉ်ဘဝတွင် ထိုသို့ ဆောင်ရွက်ရန် ဖြစ်ပါသည်။

မိမိကိုယ်ကို အားထုတ်ရန် နည်းလမ်းဖြစ်သော တရားရှုမှတ်မှု

ဓမ္မလုပ်ငန်းစဉ်မှာ မိမိကိုယ်ကို အားထုတ်ရသည့်အလုပ်ဟု ဖော်ပြသောအခါ ဘာဆိုလိုသည်ကို ရှင်းပြလိုပါသည်။ မိမိအခန်းထဲ၌ တည်ငြိမ်ပြီး ထိန်းချုပ်ထားသော ပတ်ဝန်းကျင်တွင် တရားရှုမှတ်သောအခါ ဤသို့သော နားလည် သဘောပေါက်မှုများနှင့် ပိုပြီး အပြုသဘောဆန်သော စိတ်အခြေအနေများကို ဖော်ထုတ်ရန် ကျင့်ကြံနေခြင်း ဖြစ်ပါသည်။ အခြားသူများအကြောင်း တွေးတောရန်နှင့် သူတို့အပေါ် အပြုသဘောထားများ ထားရှိရန်မိမိ၏ စိတ်ကူးကို အသုံးပြုပါသည်။ ဤသည်မှာ အစဉ်အလာနည်းလမ်းတစ်ခု မဟုတ်သည့်တိုင် မိမိ၏ တရားရှုမှတ်မှုတွင် လူတို့ကိုပုံဖော် ကြည့်ခြင်းမှာ လုံးဝမှန်ကန်သည်ဟု ထင်ပါသည်။ သူတို့မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ရုပ်မျိုး မဟုတ်ပါ။ ဤဖြစ်စဉ်ကို ကျွန်ုပ်တို့၏ ခေတ်သစ်နည်းပညာ အသုံးချရန်မလိုဟု ထင်ပါသည်။

အပြုသဘော စိတ်အခြေအနေအချို့နှင့် လုံလောက်အောင် ရင်းနှီးလာသောအခါ မိမိ၏နေ့စဉ်ဘဝ၌ ကြိုးစား အသုံးချကြည့်ရပါမည်။ ဤသည်မှာ အလုံးစုံဖြစ်စဉ် ဖြစ်ပါသည်။ ခုံပေါ်တွင်ထိုင်ပြီး မေတ္တာအတွေးများ စဉ်းစား နေသော်လည်း မိသားစု၊ လုပ်ဖော်ကိုင်ဖက်များအား ဒေါသထွက်နေပါက လိုအပ်သော ရလဒ် ရရှိမည် မဟုတ်ပါ။ ထို့ကြောင့် မိမိ၏ တရားရှုမှတ်သော ကျင့်ကြံမှုကို ဘဝမှ အနားယူခြင်းကဲ့သို့ မသတ်မှတ်သင့်ပါ။ မိမိကိုယ်ကို မိနစ်အနည်းငယ်မျှ တည်ငြိမ်စေလိုခြင်း မဟုတ်ပါ။ စိတ်ကူးယဉ်လောကထဲ ရောက်သွားကာ မယုံနိုင်လောက်သော အရာများ တွေးကြည့်ခြင်းမျိုးလည်း မဟုတ်ပါ။ တရားရှုမှတ် ကျင့်ကြံခြင်းသည် အတော်လေး ခြားနားပါသည်။ ဘဝပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် လေ့ကျင့်နေခြင်း ဖြစ်ပါသည်။

ထိုအတွက် ကြိုစားအားထုတ်မှု လိုပါသည်။ မိမိကိုယ်ကို အရူးမလုပ်သင့်ပါ။ မြန်ဆန်လွယ်ကူသည်ဟု အထင်ရောက်အောင် ကြော်ငြာများဖြင့် အလှည့်စားမခံသင့်ပါ။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အခြား အပျက်သဘော ခံစားချက်များကို ကျော်လွှားရန် မလွယ်ကူပါ။ အကြောင်းမှာ ယင်းတို့သည် အလွန့်အလွန် နက်နဲသော အလေ့အထများတွင် အခြေခံသောကြောင့် ဖြစ်ပါသည်။ ယင်းတို့ကို ကျော်လွှားရန် တစ်ခုတည်းသော နည်းလမ်းမှာ အရာရာအပေါ် ကျွန်ုပ်တို့၏ သဘောထားများ ပြောင်းလဲရန်နှင့် အပျက်စိတ်အခြေအနေများနောက်ကွယ်မှ ရှုပ်ထွေးမှုကို ဖယ်ရှားရန် ဖြစ်ပါသည်။


အကျဉ်းချုပ်

ဗုဒ္ဓဘာသာကို ကျင့်ကြံရာတွင် အကျဉ်းချုပ်ဓမ္မနှင့် လက်တွေ့ဓမ္မဟူ၍ ခွဲခြားနိုင်ပါသည်။ အကျဉ်းချုပ်ဓမ္မတွင် မိမိကိုယ်ကို ဘဝမှာကြုံတွေ့ရသော ပြဿနာများ ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်အောင် စိတ်၏နည်းလမ်းများဖြည့်ဆည်းပြီး ယခုဘဝ အရည်အသွေး တိုးတက်ကောင်းမွန်အောင် ကြိုးစားရပါသည်။ အကျဉ်းချုပ်ဓမ္မတွင် တစ်ခုခု ချို့ယွင်းနေခြင်း မရှိပါ။ သို့သော် ကိုကာကိုလာ အပျော့စားလိုပင် စစ်မှန်သောအရာကဲ့သို့ အရသာကောင်းမွန်မည် မဟုတ်ပါ။

အစဉ်အလာအားဖြင့် လမ်-ရင်း တရားတော်များက အကျဉ်းချုပ်ဓမ္မအနေနှင့် ဆွေးနွေးထားသော စိတ်ကူးတစ်ခုခုနှင့် မသက်ဆိုင်ပါ။ အကြောင်းမှာ ရှေးဘဝ၊ နောက်ဘဝတို့ကို ယုံကြည်မှုအပေါ် ယူဆထားခြင်းကြောင့် ဖြစ်ပါသည်။ သို့တိုင် ဘဝကို တိုးတက်လိုပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်မှာ လက်တွေ့ဓမ္မကျင့်ကြံရန်လမ်းကြောင်းတွင် လိုအပ်သည့် ပထမဆင့်တစ်ခု ဖြစ်နေပါသည်။

Top