တန်ဖိုးရှိသော လူသားအဖြစ် ပြန်လည်မွေးဖွားမှု
တန်ဖိုးရှိသော လူသားဘဝသည် ဆန္ဒပြည့်ဝစေသော ရတနာကဲ့သို့ ဖြစ်ပါသည်
ဤသို့ ကျွန်ုပ်တို့ရရှိထားသည့် တန်ဖိုးရှိသော လူသားဘဝသည် ဆန္ဒပြည့်ဝစေသော ရတနာထက်ပင် ပိုတန်ဖိုးရှိပါသည်။ ဤသည်မှာ ပျော်စရာအချိန်ဖြစ်စေမည့် အခြေခံ ဖြစ်ပါသည်။ သို့သော် မိမိခန္ဓာက ပေးထားသည့် ပျော်စရာအချိန်နှင့် အခွင့်အလမ်းသည် မူးယစ်ဆေးသုံးရန် မဟုတ်ဘဲ ဓမ္မကျင့်ကြံရန် ဖြစ်ပါသည်။ တန်ဖိုးရှိသော လူသားဘဝသည် ဘာကြောင့် ဆန္ဒပြည့်ဝစေသော ရတနာထက် ပိုတန်ဖိုးရှိပါသလဲ။ အဘယ်ကြောင့်ဆိုသော် ဆန္ဒပြည့်ဝစေသော ရတနာများဖြင့် ဤဘဝအတွက် အစားအသောက်များ ဝယ်ယူနိုင်သော်လည်း ထိုရတနာများက နောင်ဘဝအကျိုးအတွက် မပေးစွမ်းနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ရထားသည့် ဤခန္ဓာဖြင့် ဓမ္မကျင့်ကြံခွင့် ရရှိစေသည့်အတွက် အဆိုပါရတနာထက် ပို၍တန်ဖိုးရှိခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့ အားလုံး ပျော်ရွှင်မှုကို အမြဲလိုချင်ကြသည်။ တတ်နိုင်သလောက် အချိန်ကြာကြာ လိုချင်သည်။ သို့သော် ယခုဘဝတွင် မည်သည့်ပျော်ရွှင်မှုမျိုး ရရှိသည်ဖြစ်စေ။ ဘဝသည် တိုတောင်းသောကြောင့် ပျော်ရွှင်မှုလည်း အလွန်တိုတောင်းပါသည်။ ထို့ကြောင့် ပျော်ရွှင်မှု ရှည်ကြာစွာ အဆက်မပြတ် ရရှိလိုပါက နောင်ဘဝများအထိ တွေးကြည့်ရန်လိုပါသည်။ ဆန္ဒပြည့်ဝစေသော ရတနာသည် အောက်ဘုံသုံးခုတွင် ပြန်မွေးဖွားခြင်းမရှိအောင် မပြုလုပ်ပေးနိုင်ပါ။ မသေရာကို ပေးနိုင်စွမ်း မရှိပါ။ သို့သော် ဤကဲ့သို့ တန်ဖိုးရှိသော လူသားခန္ဓာကို အခြေခံအသုံးပြုကာ ဘောက်ဘုံများတွင် မဝင်စားအောင် မိမိကိုယ်ကို ကာကွယ်နိုင်ပါသည်။ ဂျက်ဆန်မီလာရေပ လိုပင် ဓမ္မကျင့်ကြံမှုကို အခြေခံအသုံးပြုကာ ယခုဘဝမှာပင် ဉာဏ်အလင်း ရရှိနိုင်ပါသည်။ ထို့ကြောင့် ဆန္ဒပြည့်ဝစေသော ရတနာသည် ကျွန်ုပ်တို့၏ တန်ဖိုးရှိသော ခန္ဓာကိုယ်က ပေးအပ်နိုင်သည့်အရာမျိုး မပေးအပ်နိုင်သည့်အတွက် ကျွန်ုပ်တို့ခန္ဓာက ဆန္ဒပြည့်ဝစေသော ရတနာထက် ပိုပြီးတန်ဖိုးကြီးပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဤတန်ဖိုးရှိသော ခန္ဓာဖြင့် ဓမ္မကျင့်ကြံရန် လိုပါသည်။ သို့သော် ဆန့်ကျင်ဘက်အမြင် ရှိနေတတ်ပါသည်။ ၎င်းသည် ဆန္ဒပြည့်ဝစေသည့် ရတနာထက် ပိုတန်ဖိုးရှိသော်လည်း ကျွန်ုပ်တို့သည် ပိုမိုကြွယ်ဝရန် ခန္ဓာကိုယ်ကို အသုံးပြုကြပါသည်။ ဤသို့သော ရေတို ရည်မှန်းချက်အတွက် မိမိဘဝကိုပင် စွန့်လွှတ်ရန် ပြင်ဆင် ထားကြပါသည်။ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ထက် ပိုမိုချမ်းသာပြီး ပိုမိုဉာဏ်ကောင်းသူ များစွာရှိပါသည်။ သို့သော် ဓမ္မကျင့်ကြံရန် ကျွန်ုပ်တို့၏ တန်ဖိုးရှိသော လူသားခန္ဓာကို အသုံးပြုခြင်းအားဖြင့် သူတို့ထက် ပိုပြီး အပြုသဘော ဆောင်သော အားများ (ကုသိုလ်) ကို ကျွန်ုပ်တို့ စုစည်းမိပါသည်။ ထို့ကြောင့် ဤသို့ တန်ဖိုးရှိသော လူသားအဖြစ် ပြန်လည်မွေးဖွားမှုကို မဖြုန်းတီးရန် အရေးကြီးပါသည်။ အနာဂတ်တွင် ပိုကောင်းသော ပြန်လည်မွေးဖွားမှု၊ လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှု ဆိုသည့် ရည်မှန်းချက်သုံးရပ် ပြည့်မီရန်အတွက် အသုံးပြုသင့်ပါသည်။
ရုပ်ဝတ္ထုပစ္စည်း မည်မျှ ပိုင်ဆိုင်သည်ဖြစ်စေ၊ စိတ်ကျေနပ်မှု ရရှိမည်မဟုတ်ပါ။ တစ်ကမ္ဘာလုံးမှ ရုပ်ဝတ္ထုပစ္စည်း အားလုံး ပိုင်ဆိုင်လျှင်လည်း ထိုသူသည် စိတ်ကျေနပ်မည် မဟုတ်ပါ။ ထို့ကြောင့် ဆန္ဒပြည့်ဝစေသော ရတနာအားလုံးသည်လည်း စိတ်ကျေနပ်မှု မပေးနိုင်သည်မှာ ရှင်းနေပါသည်။ တစ်စုံတစ်ယောက်သည် ပို၍ကြွယ်ဝလာပါက ပို၍ဆင်းရဲဒုက္ခ များလာပါသည်။ ထိုကဲ့သို့ ကိုယ်တိုင် ကြုံတွေ့ကြည့်နိုင်ပါသည်။ ခရီးဆောင်အိတ် များစွာဖြင့် ရထား၊ ဘတ်စ်ကား စီးသောအခါ ခရီးသွားရ အလွန်ခက်ခဲပါသည်။ ထိုပိုင်ဆိုင်မှုများ မရှိတော့ပါက သွားလာရ အလွန်လွယ်ကူပါသည်။
ဤနည်းအတိုင်း ဓမ္မကျင့်ကြံမှုပြုရန် ကြိုးစားသင့်ပါသည်။ ဥပမာ၊ ဂျက်ဆန်မီလာရေပသည် သူ၏ဂူထဲတွင် နေထိုင်စဉ်က ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှု မရှိပါ။ ဂျက်ဆန်မီလာရေပနှင့် စကြမုနိ ဘုရားရှင်တို့သည် ရုပ်ဝတ္ထုပစ္စည်းများက မည်မျှ အသေးအဖွဲဖြစ်ပြီး အရေးမပါကြောင်း သိရှိကြကာ ဓမ္မကျင့်ကြံမှုဖြင့်သာ အစားထိုးခဲ့ပါသည်။ ကမ္ဘာ့ချမ်းသာသော နိုင်ငံများတွင် နေထိုင်သည့် သင်တို့သည်လည်း ရုပ်ဝတ္ထုပစ္စည်းများသည် အလွန် အရေးမကြီးကြောင်း သဘောပေါက်ကာ ယင်းတို့ကို ဤနေရာသို့လာရောက်ခြင်းဖြင့် ချန်ထားရစ်ကာ ဓမ္မကျင့်ကြံရန် လာရောက်ကြပါသည်။
တန်ဖိုးရှိသော လူသားဘဝကို ရရှိရန် အကြောင်းတရားများနှင့် အခက်အခဲများ
ဤသို့တန်ဖိုးရှိသော လူ့ဘဝကို ရရှိရန် ဘာကြောင့် အလွန်ခက်ခဲသည်ကို စဉ်းစားကြည့်ရန် လိုပါသည်။ စုစည်းရန် အလွန်ခက်သော ၎င်း၏အကြောင်းတရား များကြောင့် ရရှိရန် ခက်ခဲပါသည်။ အကြောင်းတရား သုံးချက်ရှိပါသည်-
- ကျင့်ဝတ်သီလ အတိအကျ စောင့်ထိန်းခြင်း
- သာမန်ထက်ထူးကဲသော သဘောထားခြောက်ခု ကျင့်သုံးခြင်း (ပါရမီခြောက်ပါး)
- စစ်မှန်သော စိတ်ဓာတ်ခွန်အားဖြစ်စေသည့် တရားစာများ ဆုတောင်းခြင်း။
ကျင့်ဝတ်သီလ အတိအကျ စောင့်ထိန်းခြင်း
ကျင့်ဝတ်သီလကို အတိအကျ စောင့်ထိန်းရန် အလွန်ခက်ခဲပါသည်။ ယင်းကို သိရှိပြီး အခြားသူများတွင် အကဲဖြတ်ရန်မှာ ကျွန်ုပ်တို့အတွက် အလွန်ခက်ခဲပါသည်။ ထို့ပြင် ကျင့်ဝတ်သီလနှင့် ပတ်သက်လျှင် အပျက်သဘော ဆောင်ရွက်ချက် ဆယ်ချက် ရှိပါသည်။ ထိုအချက်များကို ကမ္ဘာပေါ်ရှိ လူအများစုက ဘာမှန်းတောင်မသိသည့်အချက်ကို စဉ်းစားရန် လိုပါသည်။ ထို့ပြင် ထိုသို့ ဘာမှန်းမသိကြသူများ အကြားတွင် အများစုသည် ယင်းတို့ကို ရှောင်ရှားခြင်း မရှိကြပါ။
ပျက်စီးစေတတ်သည့် ကိုယ်အမူအရာသုံးမျိုး ရှိပါသည်-
- သူ့အသက်သတ်ခြင်း - ဥပမာ၊ အင်းဆက်အကိုက်ခံရသောအခါ မသတ်သင့်ကြောင်းကို သိသော်လည်း အလိုလိုရိုက်ပုတ်ကာ သတ်မိပါသည်။
- မပေးသောအရာကို ယူခြင်း - အပြင်ထွက်ပြီး အကြီးစားခိုးမှုမကျူးလွန်သော်လည်း အခြားသူများထံမှ ပစ္စည်းများ ရယူရန် ပါးနပ်သောနည်းလမ်းများ အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် သဘောတရား အတူတူနီးပါး ဖြစ်ပါသည်။
- မှားယွင်းသော လိင်မှုကိစ္စများ ကျူးလွန်ခြင်း - သူတစ်ပါးသားမယားနှင့် အတူနေရန် အလိုဆန္ဒ ရှိကြပါသည်။
ဤသို့ ပျက်စီးစေတတ်သည့် ကိုယ်အမူအရာသုံးမျိုးကို မိုးရေထဲမှ မိုးစက်မိုးပေါက်များကဲ့သို့ နေ့တိုင်း စုစည်းမိပါသည်။
ပျက်စီးစေတတ်သည့် နှုတ်အမူအရာလေးမျိုး ရှိပါသည်-
- လိမ်လည်ခြင်း - ဤအချက်ကို အမြဲပြုမူစုဆောင်းမိပါသည်။ ဥပမာ၊ တောင်အောက်သို့ သွားရန် ထွက်လာသော်လည်း တစ်ယောက်ယောက်က ဘယ်သွားမလို့လဲဟု မေးသောအခါ တောင်ပေါ်တက်မလို့ဟု ပြောခြင်း ဖြစ်သည်။
- သွေးခွဲစကားပြောခြင်း - မိတ်ဆွေသူငယ်ချင်းများ အချင်းချင်း မိတ်ပျက်အောင်၊ မိတ်ဆွေ မဖြစ်သေးသူများ ပို၍ရန်လိုအောင် ပြုလုပ်ခြင်းဖြစ်သည်။ အခြားသူများ မကောင်းကြောင်းကို ပြောခြင်းဖြင့် ဤသို့ အမြဲတမ်း ပြုလုပ်နေပါသည်။
- ကြမ်းတမ်းစွာ ပြောခြင်း - လူသားတစ်ယောက်အား ဤသို့ပြောဖို့ မလိုပါ။ ဥပမာ၊ ခွေးတစ်ကောင် အခန်းထဲ ဝင်လာသောအခါ ‘‘ဟယ်။ ထွက်သွားစမ်း။’’ ဟု ကြမ်းတမ်းသောစကားဖြင့် ပြောနိုင်ပါသည်။ စော်ကားသော၊ ကြမ်းတမ်းသော စကားအသုံးအနှုန်း သုံးခြင်းမှာ ကြီးလေးသော အမှားဖြစ်ပါသည်။ အကြောင်းမှာ တစ်ယောက်ယောက်က မိမိအား ကြမ်းတမ်းသောစကား လာသောပါက အလွန်နာကျင်ပါသည်။ ထို့ကြောင့် တိရစ္ဆာန်များ အပါအဝင် အခြားသူများလည်း ထိုအတိုင်း ဖြစ်ပါသည်။
- အတင်းအဖျင်း ပြောခြင်း - လူတို့ပါးစပ်မှထွက်သော စကားလုံးတိုင်းသည် လက်တွေ့အားဖြင့် အကျိုးမဲ့ အတင်းပြောခြင်း ဖြစ်သည်။ ‘‘အဲဒီနိုင်ငံ ရောက်ဖူးတယ်’’၊ ‘‘ဒါတွေဒါတွေ လုပ်ဖူးတယ်’’ စသည်ဖြင့် ဖြစ်သည်။ စကားအများကြီး ပြောပါက ဤသို့သော ဝစီဒုစရိုက်ကို ကျူးလွန်မိဖို့ ပိုများပါသည်။ ကျွန်ုပ်သည် အင်္ဂလိပ်စာ မတတ်သည့်အတွက် အင်္ဂလိပ်လို အတင်းပြောခွင့် မရပါ။ ထို့ကြောင့် တိဘက်ဘာသာစကားဖြင့်သာ အတင်းပြောခြင်းများ စုစည်းမိပါသည်။
ပျက်စီးစေတတ်သည့် စိတ်အမူအရာ သုံးမျိုး ရှိပါသည်-
- လိုချင်သောစိတ်ဖြင့် တွေးခြင်း - တစ်ယောက်ယောက်မှာ အလွန်ကောင်းသည့်အိမ် စသည်တို့ ရှိပြီး သင်က ကိုယ့်အတွက် လိုချင်သည်။ ဘယ်လိုရယူရမလဲ အမြဲတမ်း တွေးတောကြံစည်သည်။ ဤသည်မှာ မကောင်းသော်လည်း ကျွန်ုပ်တို့မှာ ထိုစိတ်များစွာ ရှိပါသည်။
- သူတစ်ပါးကို ပျက်စီးစေလိုသောစိတ်ဖြင့် တွေးခြင်း - တစ်ယောက်ယောက် မပျော်ရွှင်စေလိုသောစိတ်၊ သူတို့ကို ဇက်ချိုးပစ်ချင်စိတ် ဖြစ်ပါသည်။ ဤသည်မှာ ရန်သူကိုပင် မထားသင့်သော စိတ်ထား ဖြစ်ပါသည်။ မိမိသူငယ်ချင်းများက လာရောက်နှောင့်ယှက်သောအခါတွင်လည်း ပျက်စီးစေလိုသောစိတ်ဖြင့် တွေးမိနိုင်ပါသည်။
- ရန်ငြိုးဖြင့် တစ်ဖက်စောင်းနင်း တွေးခြင်း - ဥပမာ၊ နောင်ဘဝ ပြန်လည်ဝင်စားမှု မရှိခြင်း၊ ရတနာသုံးပါးသည် မည်သူ့ကိုမျှ မကယ်နိုင်ခြင်း သို့မဟုတ် ပူဇော် ပွဲများ ကျင်းပခြင်းသည် အချိန်ကုန်ခြင်း သို့မဟုတ် ဆီမီးပူကပ်လှူခြင်းသည် ဆီကုန်ခြင်း သို့မဟုတ် ဆွမ်း ကပ်လှူခြင်းသည် ဆွမ်း (လှော်ထားသောဘာလီစေ့) ကို လွှင့်ပစ်သလို ဖြစ်ခြင်း စသည်ဖြင့် တွေးခြင်းများ ဖြစ်ပါသည်။
ထိုအရာများကို မကျူးလွန်မိအောင် မိမိကိုယ်ကို ကာကွယ်ရန် ခက်ပါသည်။ ထို့ပြင် ယင်းတို့ကိုမပြုလုပ်မိအောင် မကာကွယ်ပါက တန်ဖိုးရှိသော လူ့ဘဝတွင် ပြန်မဝင်စားနိုင်ပါသည်။ ယခုတော့ အသေးစိတ်ပြောရန် အချိန်မရှိသော်လည်း ပိုပြီးသိလိုပါက လမ်-ရင်း တရားတော်များကို လေ့လာရန်လိုပါသည်။
သာမန်ထက်ထူးကဲသော သဘောထားခြောက်ခု ကျင့်သုံးခြင်း (ပါရမီ ၆ ပါး)
တန်ဖိုးရှိသော လူသားဘဝ ရရှိရန် ဒုတိယအကြောင်းရင်းမှာ သာမန်ထက် ထူးကဲသော သဘောထားခြောက်ခု သို့မဟုတ် ပါရမီတော်များ (ပါရမီခြောက်ပါး) ကျင့်သုံးခြင်း ဖြစ်ပါသည်။ ယင်းတို့မှာ-
- ရက်ရောမှုဒါန
- သီလကျင့်ဝတ်
- သည်းခံခြင်း
- ဇွဲလုံလရှိခြင်း
- စိတ်တည်ငြိမ်ခြင်း (စူးစိုက်ခြင်း)
- ခွဲခြားသိရှိသောပညာ (ဉာဏ်ပညာ)။
သို့သော် ကျွန်ုပ်တို့သည် ရက်ရောမှုဒါနကို ကျင့်ကြံမည့်အစား တွန့်တိုမှုကို ကျင့်သုံးပြီး တွန့်တိုသော သဘောထားကို အခြားသူများထံ ပို့လွှတ်ပါသည်။ သည်းခံရမည့်အစား ဒေါသထွက်ပါသည်။ ဓမ္မကျင့်ကြံရာတွင် သူရဲကောင်းလို ရဲစွမ်းသတ္တိ ရှိပြီး ပျော်မွေ့ရမည့် ဇွဲလုံ့လ ရှိမည့်အစား ပျင်းရိပြီး အမြဲတမ်း အိပ်ချင်နေပါသည်။ စိတ်တည်ငြိမ်မှု ရှိမည့်အစား စိတ်ပျံ့လွင့်မှုကို မွေးမြူပါသည်။ ဥပမာ၊ မန္တရား ရွတ်ဖတ်နေစဉ်တွင် ကျွန်ုပ်တို့စိတ်သည် အခြားနေရာသို့ ပျံ့လွင့်နေပါသည်။ ထို့နောက် ဤသို့ပျံ့လွင်ရန် နောက်ထပ်အခွင့်အရေးများ မွေးမြူမိပါသည်။
တစ်ခါက ဆရာတစ်ဦး ရှိပါသည်။ တစ်ခုခု ကျင့်ကြံနေစဉ်တွင် သူ့တပည့်ကို ဆောင်ရွက်စေချင်သော အလုပ်တစ်ခု ပြောပြဖို့မေ့သွားသည်ကို သတိရလာသည်။ ပြန်သတိရရချင်း တရားရှုမှတ်မှုကို ရပ်ကာ ထိုအလုပ်လုပ်ရန် ထပြောသည်။ ဤသည်မှာ စိတ်ပျံ့လွင့်ခြင်း ဖြစ်သည်။ မည်သည့် ရွတ်ဆိုကျင့်ကြံမှု ပြုသည်ဖြစ်စေ ကျွန်ုပ်တို့၏စိတ်သည် ပျံ့လွင့်တတ်ပါသည်။
သာမန်ထက်ထူးကဲသည့် ခွဲခြားသိရှိသောပညာ ဆိုရာတွင် ဘာမှမရှိခြင်း (အနတ္တ) ကို ခွဲခြားသိရှိသောပညာ မွေးမြူရန် လိုပါသည်။ သို့သော် ပန်းချီဆွဲခြင်းကဲ့သို့ လောကီကိစ္စများကို လေ့လာကာ မှန်ကန်သော အသိပညာကို မစုဆောင်းမိကြပါ။
အနှစ်ချုပ်ဆိုရသော် တန်ဖိုးရှိသော လူ့ဘဝတွင် ပြန်ဝင်စားရန် အကြောင်းတရားများ စုဆောင်းမိဖို့ အလွန်ခက်ပါသည်။ ဤခန္ဓာရဖို့ မည်မျှရှားပါးသည်ကို မြင်လာပါက ကျွန်ုပ်တို့သည် ဤတစ်ကြိမ်သာ ရရှိပြီး အလွယ်တကူ ကွယ်ပျောက်သွားနိုင်သည်ဟု တွေးသင့်ပါသည်။ ဤသို့ ရရှိထားသည့် တန်ဖိုးရှိသော လူ့ဘဝလူ့ခန္ဓာကို အကျိုးရှိရှိ မသုံးပါက ထိုသို့သော နောက်ထပ်တစ်ဘဝ ရရှိရန် အလွန်ခက်ခဲပါလိမ့်မည်။
စစ်မှန်သော စိတ်ဓာတ်ခွန်အားဖြစ်စေသည့် တရားစာများ ဆုတောင်းခြင်း
စစ်မှန်သော ကျင့်ဝတ်သီလ စောင့်ထိန်းခြင်းနှင့် သာမန်ထက်ထူးကဲသော သဘောထားများ ကျင့်သုံးခြင်းကို တန်ဖိုးရှိသော လူ့ဘဝ ရရှိအောင် ရိုးသားစွာဆုတောင်းခြင်းဖြင့် အားဖြည့်ပေးရန် လိုပါသည်။ ဤသည်မှာ ‘‘အို ဘုရားရှင်။ အကျွန်ုပ် ကောင်းမွန်စွာနေပါက လူပြန်ဖြစ်ရပါလို၏။ ဘုရားရှင်၏ဂုဏ်တော်ကို အမြဲချီးမွမ်းပါသည်’’ ဟု ဆုတောင်းခြင်းကို မဆိုလိုပါ။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်နှင့် အပြုသဘော စွမ်းအားကို တန်ဖိုးရှိသော လူသားဘဝ ပြန်ဝင်စားရန် တိတိကျကျ အားစိုက်မှုဖြင့် အလွန်ခိုင်မာစွာ ဦးတည်ပေးခြင်းသာ ဖြစ်ပါသည်။
ထိုအားစိုက်မှုသည် တိတိကျကျ ဖြစ်ရန် အရေးကြီးပါသည်။ ဂန်ဒန် ကျောင်းတိုက်တွင် ပလ္လင်တစ်ခုရှိပြီး ဂယ်လုပ ဂိုဏ်းချုပ်၏ အလွန်မြင့်သောထိုင်ခုံ ဖြစ်သည့် ဂန်ဒန်ပလ္လင် ဖြစ်ပါသည်။ တိဘက်တွင် ဘုန်းကြီးကျောင်းများ၌ တိရစ္ဆာန်များ အမြဲရှိပါသည်။ တစ်နေ့တွင် နွားတစ်ကောင် ကျောင်းထဲဝင်လာပြီး ပလ္လင်ပေါ်တွင် လှဲနေပါသည်။ ရဟန်းများက အလွန်အံ့ဩပြီး အလွန်တတ်ကျွမ်းသော ဆရာတော်ကြီးတစ်ပါးကို ‘‘ဒါဘာကြောင့် ဖြစ်တာပါလဲ’’ ဟု မေးကြသည်။ ဆရာတော်က ‘‘အရင်ဘဝတုန်းက ဒီသတ္တဝါသည် ဂန်ဒန် ပလ္လင်ပေါ်မှာ ထိုင်နိုင်ပါစေလို့ ဆုတောင်းခဲ့တယ်။ ဒါပေမယ့် တိတိကျကျ ဆုမတောင်းခဲ့ဘူး’’ ဟုပြောလေသည်။
အနားမရသည့် အခြေအနေရှစ်ခုတွင် ရပ်တန့်နေခြင်း
တန်ဖိုးရှိသော လူသားအဖြစ် ပြန်ဝင်စားမှု၏ သဘောသဘာဝမှာ ဖြုန်းတီးမှု ရှစ်မျိုး ရရှိပါသည်။ ဆိုလိုသည်မှာ လက်ရှိအချိန်အတွက် အားလပ်မှု မရှိသည့် ယာယီအခြေအနေ ရှစ်ခုဖြင့် လွတ်လပ်ခြင်း ဖြစ်သည်။ မအားလပ်သည့် အခြေအနေဆိုသည်မှာ ဓမ္မကျင့်ကြံရန် အခွင့်အရေး မရှိသည့်အခြေအနေ ဖြစ်ပါသည်။
မအားလပ်သည့် လူ့ဘုံမဟုတ်သော အခြေအနေ လေးမျိုးမှာ-
- ပျော်ရွှင်ခြင်းကင်းမဲ့သည့်ဘုံတွင် ပိတ်လှောင်ရှင်သန်သူ (ငရဲသား) - ပျော်ရွှင်ခြင်းကင်းမဲ့သည့် ငရဲဘုံတွင် ပြန်လည်မွေးဖွားပါက ခန္ဓာကိုယ်သည် တစ်ချိန်လုံး မီးတောက်လောင်နေသောကြောင့် ကျင့်ကြံရန်အခွင့် မရှိပါ။
- ပိတ်လှောင်နေသော တစ္ဆေ (ဆာလောင်သော တစ္ဆေ၊ ပြိတ္တာ) - ပိတ္တာအဖြစ် ပြန်လည်မွေးဖွားပါက အမြဲတမ်း ဆာလောင်ပြီး အစာအတွက်သာ စိတ်စွဲမိနေပါသည်။
မနက်ခင်းနိုးလာပြီး မနက်စာ မစားရပါက ဓမ္မကျင့်ကြံလိုစိတ် မရှိပါ။ အိပ်ရာနိုးချိန် ခေါင်းကိုက်နေပါက တရားဓမ္မ ကျင့်ကြံလိုစိတ် မရှိပါ။ ထို့ကြောင့် မိမိအတွေ့အကြုံကို ဆန်းစစ်ကာ ဆာလောင်နေသော ပြိတ္တာအဖြစ် အနှစ် ၆၀ အစာမရရှိပါက ဒမ္မကျင့်ကြံရန် စိတ်ဝင်စားမည် မဟုတ်ပါ။ ထို့ကြောင့် ပျော်ရွှင်ဆင်းကင်းမဲ့သော ငရဲဘုံ သို့မဟုတ် အစာအတွက်အမြဲ တောင့်တနေရသည့် ဆာလောင်နေသော ပြိတ္တာဘုံတွင် ပိတ်လှောင်ဆင်းရဲပြီး ပြန်လည် မွေးဖွားမလာသည်ကိုပင် မည်မျှ ကံကောင်းကြောင်း တန်ဖိုးထားရန် လိုပါသည်။
- မိုးကိုကျောပေးသော သတ္တဝါ (တိရစ္ဆာန်) - ဒလိုင်းလားမား ဆရာတော်ကြီး၏ ခွေးအဖြစ် မွေးလာလျှင်ပင် ကိုးကွယ်အားထားရာ ဘုရားစာကို ရွတ်ဖတ်နိုင်မည် မဟုတ်ပါ။ ထိုသို့မဖြစ်သည်မှာ အလွန်ကံကောင်းပါသည်။
- နတ်ဒေဝါ (အသက်ရှည်သောနတ်) - နတ်ဘုံများရှိ အသက်ရှည်သော နတ်များတွင် လောကီအာရုံများစွာ ရှိသည့်အတွက် ဓမ္မကျင့်ကြံရန် စိတ်မဝင်စားကြပါ။
ရှင်သာရိပုတ္တရာတွင် အလွန်အားကိုးရသော တပည့်တော်တစ်ပါး ရှိပြီး ‘‘ဂုရုအရာတွင်ထားကာ ကိုးကွယ်ဆည်းကပ်သူ’’ ဖြစ်သည်။ ထိုတပည့်တော် ကွယ်လွန်ပြီးနောက် နတ်ဘုံတွင် ပြန်လည်ဝင်စားသည်။ ရှင်သာရိပုတ္တရာက အဘိညာဉ်တန်ခိုးဖြင့် ကြည့်လိုက်ရာ သူ့အားသစ္စာရှိသည့် တပည့်တော်ကို ထိုဘုံတွင် မြင်လိုက်သည်။ ထို့ကြောင့် သူ့ထံသွားလည်မည်ဟု စဉ်းစားသည်။ ရှင်သာရိပုတ္တရာ နတ်ဘုံသို့ ရောက်သောအခါ သူ၏တပည့်တော်က ‘‘မင်္ဂလာပါ’’ ဟု လက်ပြရုံသာရှိသည်။ ဤမျှပျော်စရာအချိန်များ ရထားသည့်အတွက် သူ့ဆရာတော်ဂုရုကြီးကိုဖြစ်စေ၊ ဓမ္မကျင့်ကြံမှုကို ဖြစ်စေ စိတ်မဝင်စားတော့ပါ။
မိမိအတွေ့အကြုံမှလည်း ဤအချက်ကို မြင်နိုင်ပါသည်။ တစ်စုံတစ်ယောက် အလွန်ဆင်းရဲသောအခါ ဓမ္မကျင့်ကြံရန် ပြင်ဆင်ထားပါသည်။ သို့သော် ချမ်းသာလာပြီး အလွန်အဆင်ပြေလာပါက စိတ်မဝင်စားတော့ပါ။ ထို့ကြောင့် အသက်အလွန်ရှည်သည့်နတ်ဘုံတွင် မဝင်စားသည်မှာလည်း အလွန်ကံကောင်းပါသည်။
အနားမရသည့် လူ့ဘုံလောက အခြေအနေ လေးရပ်ရှိပါသည်။ အောက်ပါတိုင်း ပြန်လည်မွေးဖွားမှုများ ဖြစ်ပါသည်-
- ဘုရားတရားတော်များ ကင်းမဲ့သောနေရာ - ဥပမာ၊ ဓမ္မတရား မနာကြားနိုင်သည့် နိုင်ငံများ သို့မဟုတ် အချိန်ကာလများတွင် မွေးလာသူများရှိပါသည်။ ကျွန်ုပ်တို့သည် ထိုအခြေအနေမျိုး မဟုတ်ပါ။
- ရိုင်းစိုင်းသူများ ရှိနေသောနေရာ - အစားအသောက်နှင့် အဝတ်အထည် ရရှိရေးကိုသာ စိတ်ဝင်စားသူများ ရှိသည့်နေရာများ။
တိဘက်တွင် ရှာရီဆိုသည့် တောင်တန်းရှိပါသည်။ တိဘက်လူမျိုးများက ၁၂ နှစ်တစ်ကြိမ် သွားရောက်ကြသည်။ ထိုတောင်တန်းပေါ်တွင်နေထိုင်သည့် လိုဘာ လူမျိုးစုက အလွန်ကြမ်းတမ်းပြီး သူတို့နိုင်ငံကို ဖြတ်ကျော်သွားရန် အခွန်ဆောင်ရပါသည်။ ထိုအခွန်မှာ နွားသိုးတစ်ကောင် ဖြစ်ပြီး လိုဘာလူမျိုးများက နွားသိုးကို ရသောအခါ ချက်ချင်းသတ်စားပြီး သွေးကို သောက်ကြပါသည်။ ထို့ကြောင့် လူအဖြစ်ရသည်ဆိုဦးတော့။ ထိုသို့သောနေရာတွင် မမွေးလာခြင်းမှာလည်း ကံကောင်းပါသည်။
- အရေးကြီးသည့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ - မျက်မမြင်၊ ဆွံ့အ၊ နားမကြားဘဲ မွေးလာခြင်း သို့မဟုတ် ကိုယ်၊ စိတ်၊ လူမှုရေးအရ ချို့ယွင်းခြင်းတို့ ရှိပါက သင်ယူမှုနှင့် ကျင့်ကြံမှုအတွက် ကြီးစွာသော အဟန့်အတား ဖြစ်ပါမည်။
- ဘာသာရေးဆန့်ကျင်သည့် သဘောထားရှိသည့် နေရာများ - အထူးသဖြင့် ဗုဒ္ဓဒမ္မ ဘာသာရေး ကျင့်ကြံမှုသည် မိုက်မဲစွာ အချိန်ဖြုန်းခြင်း ဖြစ်ပြီး ငွေရှာမှသာ တန်ဖိုးရှိမည်ဆိုသကဲ့သို့ ထင်မှတ်သူများ ရှိသည့်နေရာ။
အနားမရသည့် ဤအခြေအနေအားလုံးမှ လွတ်ကင်းသည့် လူသားဘဝကို သင်ရရှိထားပြီး ယင်းသို့ရရှိရန် အကြောင်းတရား များကိုလည်း နားလည်သဘောပေါက်ပါက နှစ်ထပ်ကွမ်း ကံကောင်းပါသည်။ ဤသို့သော တန်ဖိုးရှိသည့် လူ့ဘဝ ရရှိခြင်းမှာ ထိုသို့သော ပြန်လည်မွေးဖွားမှုများ ဆက်လက်မရရှိစေရန် အကြောင်းရင်းများ ဖြစ်သည်ကို လူအများအပြားက သဘောမပေါက်ကြပါ။
နှိုင်းယှဉ်မှုများ
တန်ဖိုးရှိသော လူသားဘဝ ရရှိရန် ခက်ခဲပုံကို သိရှိနားလည်အောင် နမူနာများ အသုံးပြုနိုင်ပါသည်။ ဥပမာ၊ မှန်တစ်ချပ်ပေါ်သို့ သဲပွင့်များ တင်လိုက်ပါက တင်ကျန်ရစ်သော သဲပွင့်ကဲ့သို့ ရှားပါးလှပါသည်။
ဤကိစ္စများကို စဉ်းစားပါက လက်ရှိလူသားဘဝသည် အလွန်အဖိုးထိုက်တန်သော ရရှိမှု ဖြစ်သည်ကို သဘောပေါက်လာ ပါမည်။ ဤတစ်ကြိမ်သာ ဒါကိုရမည်ဟု တွေးသင့်ပါသည်။ အိန္ဒိယနိုင်ငံမှ လူသန်းပေါင်းများစွာထဲတွင် ဓမ္မကျင့်ကြံသူ မည်မျှရှိမည်ကို တွေးကြည့်လိုက်ပါ။ ထို့ကြောင့် မည်မျှရှားပါးသည်ကို သိနိုင်ပါသည်။
တစ်ခါက လားမားဘုန်းတော်ကြီးတစ်ပါးသည် တန်ဖိုးရှိသော လူ့ဘဝရရှိရန် ခက်ခဲပုံ အကြောင်း တရားဟောနေပါသည်။ ပရိသတ်ထဲမှ မွန်ဂိုလီးယားလူမျိုး တစ်ယောက်က ‘‘လူအဖြစ်မွေးဖွားဖို့ တကယ်ခက်တယ်လို့ ထင်ရင် တရုတ်ပြည်ကို သွားပြီး ဘယ်လောက် လူတွေများတယ်ဆိုတာ ကြည့်သင့်ပါတယ်’’ ဟုပြောသည်။ ထိုစကားသည် ကျွန်ုပ်အား ဆိုဗီယက်ယူနီယံသို့ သွားသင့်သည်ဟု ပြောနေသလို ဖြစ်ပါမည်။
တရားရှုမှတ်ရာတွင် ဤအချက်များကို တွေးကြည့်လျှင် အလွန်ကောင်းပါသည်။
တန်ဖိုးရှိသော လူသားဘဝကို ရယူအသုံးချခြင်းနှင့် တန်ဖိုးရှိသောဘဝဖြင့် နေထိုင်ခြင်း
ဤသို့တန်ဖိုးရှိသော လူ့ဘဝရရှိအောင် အတိတ်ဘဝများတွင် မည်မျှကြိုးစားခဲ့သည်ကို တွေးမိပါက ယခုဘဝကို အဓိပ္ပာယ်ရှိအောင် နေထိုင်လိုစိတ် အလွန်ပြင်းပြလာပါမည်။ ဥပမာအနေနှင့် တောင်ပေါ်သို့ ကုန်စည်တစ်ခု သယ်လာပြီး လွှတ်ချလိုက်ပါက အောက်သို့လိမ့်ဆင်းသွားပါလိမ့်မည်။ ယခုဘဝတွင် တန်ဖိုးရှိသော လူသားဘဝ ရရှိအောင် ကြိုးစားထားမှုသည် တောင်ပေါ်သို့ ကုန်စည်သယ်ဆောင်ရာ လမ်းတစ်ဝက်နှင့် တူပါသည်။ လွှတ်ချလိုက်ပါက ကြိုးစားထားသမျှ ဆုံးရှုံးသွားပါမည်။
ထို့ကြောင့် ယခုလို တန်ဖိုးရှိသော လူသားဘဝ ရရှိထားသည့်အတွက် အနာဂတ်တွင်လည်း ရရှိရန် ဆန္ဒပြုသင့်ပါသည်။ ယခုလို ရရှိထားသည့်အတွက် ဘုရားအဖြစ်သို့ အလုံးစုံဉာဏ်အလင်းရရှိအောင် အသုံးချရန် လိုပါသည်။ ထိုသို့ မဟုတ်ပါက ဆန်တစ်အိတ် ယူလာပြီး မစားသုံးဘဲ နောက်ဘဝတွင် နောက်တစ်အိတ်ရအောင် ဆုတောင်းနေခြင်းနှင့် တူပါသည်။ လက်ရှိ လူသားဘဝကို အပြည့်ဝဆုံး အသုံးချရန် လိုပါသည်။
သေခြင်းတရားကို နှလုံးသွင်းခြင်း
ဧကန်မုချသေကြရမည်
တန်ဖိုးရှိသောလူ့ဘဝသည် မည်ကဲ့သို့နည်းဟု စဉ်းစားပါက ကျောက် သို့မဟုတ် သတ္တုဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါ။ ထိုသို့ပြုလုပ်ထားပါက အချိန်ကြာမြင့်စွာ တည်နိုင်ပါသည်။ တကယ်တော့ ခန္ဓာကိုယ်ကိုခွဲစိတ်ပြီး အထဲမှာဘာရှိသည်ကို ကြည့်ပါက သွေးနှင့် အူများသာ ဖြစ်သည်။ စျေးတွင်သားငါး ဝယ်ပြီးနောက် အိမ်မှာချိတ်ထားသည့် တိရစ္ဆာန် ကိုယ်အင်္ဂါများလို ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ထဲရှိအရာများမှာ နာရီထဲမှ ပစ္စည်းများလို နူးညံ့လှပါသည်။
သေခြင်းတရားနှင့် သေဆုံးသွားသူများ အရေအတွက်ကို စဉ်းစားကြည့်ပါက ပုတီးတစ်လုံးချင်းစိတ်ပြီး ရေတွက်လျှင် ပုတီးပတ်ရေများစွာ ရနိုင်ပါသည်။ ဓမ္မသာလာသို့ လာကတည်းက တိဘက်လူမျိုးမည်မျှ သေဆုံးခဲ့ပြီကို စဉ်းစားသောအခါ ကျွန်ုပ်၏ပုတီးတစ်ခုလုံးကို အလွန်လျင်မြန်စွာ စိတ်နိုင်ပါသည်။
မသေဆုံးခဲ့သော လူသားခန္ဓာကိုယ်ဟူ၍ မရှိခဲ့ပါ။ ထို့ပြင် သစ်ပင်၊ ပန်းပင်များ မည်ကဲ့သို့ သေဆုံးသည်ကို တွေးကြည့်ပါက သင်သေရမည့်အချိန်လည်း အနှေးနှင့် အမြန်သာ ဖြစ်သည်ကို မြင်နိုင်ပါသည်။ မွေးဖွားလာခြင်း၏ သဘာဝအလျှောက် နိဂုံးမှာ သေဆုံးခြင်း ဖြစ်ပါသည်။ ထိုအတွက် ဘာမျှမလုပ်နိုင်ပါ။ ဤနေရာသို့ အတူတကွ ရောက်လာပြီးလျှင် နိဂုံးတွင် ခွဲကြရပါမည်။ အတက်၏ နောက်ဆုံး နိဂုံးချုပ်သည် အကျ ဖြစ်ပါသည်။ သေခြင်းတရားမှတစ်ပါး အခြားမရှိပြီဟု သဘောပေါက်ပါက အသေမဦးမီ ဓမ္မကျင့်ကြံမှုဦးအောင် ကြိုးစားဖို့လိုပါသည်။
ထို့ပြင် မည်ကဲ့သို့သေရမည်ကိုလည်း တွေးကြည့်သင့်ပါသည်။ အလွန်ဖျားနာနေပြီဟု စိတ်ကူးကြည့်ပါ။ အသားအရေများ စိတ်ပျက်ဖွယ်အရောင် ပြောင်းလာသည်။ အလွန် အားနည်းလာသည်။ သင့်ဆွေမျိုးအားလုံးက ငိုကြွေးပြီး အလွန် ဆိုးရွားကြောင်း ပြောနေသည်။ ဆရာဝန်ရောက်လာပြီး ဆေးပေးသည်။ သို့သော် တက်ခေါက်ကာ အရမ်းဆိုးနေပြီဟု ပြောပါသည်။
အချိန်မရွေး သေဆုံးနိုင်သည်
ထို့ပြင် ဘယ်အချိန်သေရမည်ကို သေချာမသိနိုင်ပါ။ ဆံဖြူသွားကျိုးနေသည့် အလွန်အသက်ကြီးသော မိဘများက သူတို့ သားသမီးများ နာရေးသို့ လာရောက်သည်ကို မြင်နိုင်ပါသည်။ ထို့ပြင် ပုံမှန်အစာစားနေရင်း စားပို့နင့်ပြီး သေဆုံးသူ များလည်း မနည်းပါ။
ဥပမာ၊ တိဘက်မှ ဤဥပမာတစ်ခုကို တွေးကြည့်နိုင်ပါသည်။ လူတစ်ယောက်သည် အသားတုံးကြီးအချို့ကို ဘေးဖယ်ထားပြီး မနက်ရောက်မှ စားမည်ဟု ပြောသည်။ ထိုအသားတုံးများက သူ့ထက် ပိုပြီး တာရှည်ခံပါသည်။ နောက်ဥပမာတစ်ခုမှာ ဆင်းမလားရှိ အာလူးစိုက်တောင်သူ တစ်ယောက်ကို တွေ့ရာတွင် နေ့လည်စာအတွက် ပေါင်မုန့်ကြော်ရန် ရှိသော်လည်း ပေါင်မုန့်ကြော်နေစဉ်မှာပင် သူသေဆုံးခဲ့ပါသည်။
မမြဲခြင်းနှင့် သေခြင်းတရားကို အလေးထားရန် အကောင်းဆုံးနည်းလမ်းမှာ ယင်းတို့အကြောင်းကို စာအုပ်တွေထဲ မဖတ်ပါနှင့်။ ခင်မင်သူများ သေဆုံးခဲ့ပုံကိုသာ တွေးကြည့်ရန် လိုပါသည်။
သေခါနီးအချိန်တွင် ဓမ္မကသာ ကူညီနိုင်သည်
မရဏ တရားရှုမှတ်မှု၏ အရေးကြီးပုံက ဘာလဲ။ ၎င်းသည် ဓမ္မကျင့်ကြံမှုသည်သာလျှင် တကယ်ထိုက်တန်သည့် အလုပ်ဖြစ်သည်ကို ဖော်ပြနေပါသည်။
ရုပ်ဝတ္ထုပစ္စည်းအနေနှင့် စဉ်းစားပါက ကိုယ်နှင့်တစ်ပါတည်း ဘာမှမယူသွားနိုင်သည်ကို မြင်လာပါမည်။ ဥပမာ၊ သင်သည် ငွေကြေးအလွန် ကြွယ်ဝသည့် ကုန်သည်တစ်ယောက် ဖြစ်ပါက သင်ယူသွားနိုင်သမျှမှာ တန်ဖိုးကြီးမားသည့် ပိတ်စ တစ်စဖြင့် မီးလောင်တိုက် မသွင်းမီ သင့်ခန္ဓာကိုယ်ကို ရစ်ပတ်ပေးမည်သာ ဖြစ်ပါသည်။ ဤကုန်သည်က တစ်နိုင်ငံမှ တစ်နိုင်ငံသို့သွားပြီး စုစည်းခဲ့သည့် အပျက်သဘော ဆောင်ရွက်ချက်များ အနေနှင့်ဆိုပါက အလွန်များနေနိုင်ပါသည်။
သင့်မှာ အစေခံ၊ အလုပ်သမား များစွာရှိခြင်း သို့မဟုတ် သင်က စစ်သား ၁၀၀၀၀၀ ကိုအမိန့်ပေးရသည့် ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေခြင်း ဆိုလျှင်လည်း သင်သေဆုံးချိန်မှာ ဘယ်သူမှအတူ မလိုက်နိုင်ပါ။ တစ်နိုင်ငံလုံး ဆွေမျိုးများရှိနေလည်း မကူညီနိုင်ပါ။ သူတို့တတ်နိုင်သည်မှာ သင်သေဆုံးခါနီးတွင် ရပ်နေပေးရုံသာ ဖြစ်ပါသည်။ သင့်ကို အလွန်အနှောင့်အယှက် ပေးကာ ငြိမ်းချမ်းစွာ သေဆုံးပြီး ပြန်လည်ဝင်စားမှုအတွက် များစွာ နှောင့်ယှက်နေနိုင်ပါသည်။
သေခါနီးအချိန်တွင် အထောက်အကူပြုသည့် တစ်ခုတည်းသောအရာမှာ ဓမ္မကျင့်ကြံမှု ဖြစ်ပါသည်။ အကြောင်းမှာ အပြုသဘော ဆောင်ရွက်ချက်များဖြင့် အကောင်းကံ အစွမ်းများ လုံလောက်နေပါက သင့်နောင်ဘဝအတွက် များစွာအကျိုးပြုနိုင်ပါသည်။ သို့သော် အပျက်ကံစွမ်းအားများက နောင်ဘဝများကို ပိုဆိုးစေပါလိမ့်မည်။ ဤအချက်ကို သေခြင်းတရားအကြောင်း မတွေးဘဲ နားလည်နိုင်ပါသည်။ တိဘက်လူမျိုး အများစုသည် တိဘက်တွင် အလွန် ချမ်းသာသော်လည်း သူတို့၏ အသိပညာနှင့် ထိုအချိန်က ကိုယ်တွင်း အရည်အချင်းများကိုသာ ယူဆောင်ထွက်ခွာ သွားနိုင်ပါသည်။ ထို့ကြောင့် လက်ရှိဘဝတွင် ဓမ္မကို သန့်ရှင်းစွာ ကျင့်ကြံရန် လိုပါသည်။ လောကီကိစ္စများဖြင့် အချိန်မဖြုန်းသင့်ပါ။
ယခုဘဝ၏ လောကီရေးရာအားလုံးကို ဖွဲမှုန့်များကဲ့သို့ အသေးအဖွဲများသာ ဖြစ်သည်ဟု စဉ်းစားသင့်ပါသည်။ လောကီရေးရာကိစ္စများတွင် အနှစ်သာရ မရှိပါ။ လောကီရေးရာကိစ္စများကို သဲရဲတိုက်ဆောက်သော ကလေးများကဲ့သို့ သဘောထားသင့်ပါသည်။ သူတို့ကစားပြီးသွားသောအခါ ထားရစ်ခဲ့ပြီး ထွက်သွားကြပါသည်။ လောကီရေးရာ ကိစ္စများကိုလည်း ထိုအတိုင်း သဘောထားသင့်ပါသည်။
ဤအချက်အားလုံးကို စဉ်းစားပါက ဓမ္မကျင့်ကြံမှုတွင် များစွာအထောက်အကူ ဖြစ်ပါမည်။
စိတ်ဓာတ်စေ့ဆော်မှု၏ ပထမအဆင့်နှစ်ဆင့်
ကနဦးအဆင့်
လောကီရေးရာကိစ္စများ အားလုံးကို မလိုအပ်ဘူး၊ အရေးမကြီးဘူးဟု ယူဆပါက တစ်ခုတည်းသော အရေးကြီးသည့် အရာမှာ ဓမ္မကျင့်ကြံမှုဟု သဘောပေါက်လာပါမည်။ ဓမ္မကျင့်ကြံရန်အတွက် သင့်အနာဂတ် ဘဝများအထိ အကျိုးရှိမည့်အရာ တစ်ခုခုကို ပြုလုပ်ရန်လိုပါသည်။ ဥပမာ၊ ‘‘အခု တန်ဖိုးရှိတဲ့ လူသားဘဝကို ရရှိထားတဲ့အတွက် နောင်ဘဝတွေမှာ ပိုဆိုးတဲ့ဘုံတွေကို မရောက်အောင် ကာကွယ်ဖို့ အသုံးပြုရမယ်’’ ဆိုသည့် သဘောထား ရှိရပါမည်။ ဤသည်မှာ မိမိတို့၏ တန်ဖိုးရှိသောဘဝများကို အနည်းဆုံးအဆင့် အသုံးချခြင်း ဖြစ်ပါ၏။
ပိုဆိုးသော ဘုံသုံးဘုံသို့ မကျရောက်အောင် ကျွန်ုပ်တို့ကို ကာကွယ်ပေးမည်မှာ ကျင့်ဝတ်သီလ အတိအကျ စောင့်ထိန်းခြင်း ဖြစ်ပါသည်။ သို့သော် ကျင့်ဝတ်သီလ စောင့်ထိန်းရန် ခိုင်မာသောစိတ် ရှိလျှင်လည်း တဖြည်းဖြည်း လျော့ပါးသွားပါသည်။ ထို့ကြောင့် ပိုဆိုးသည့် ပြန်လည်မွေးဖွားမှု မဖြစ်အောင် မိမိကိုယ်ကို ကာကွယ်ရန်အတွက် အနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များ မရှိအောင် ဖယ်ရှားရပါမည်။ ဤသည်မှာ အလွန်တရာညစ်ပေနေသော အဝတ်ကို လျှော်ဖွပ်ခြင်းနှင့် တူပါသည်။ ပထမတွင် အားအနည်းငယ်သာ စိုက်ရပြီး တဖြည်းဖြည်း အားပိုသုံးလာရ ပါသည်။ အနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များ မရှိအောင် ဖယ်ရှားရန်အတွက် ဖြည်းဖြည်းချင်း ညင်သာစွာ စတင်ကာ တဖြည်းဖြည်း အင်တိုက်အားတိုက် ကြိုးစားရပါသည်။ ထို့ကြောင့် ကျင့်ဝတ်သီလ စောင့်ထိန်းရန်အတွက် တဖြည်းဖြည်း အသုံးချရပါမည်။ ထို့နောက်တွင် အနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များကို ဖယ်ရှားနိုင်အောင် တဖြည်းဖြည်း အသုံးချရပါမည်။ ထိုသို့မဟုတ်ပါက သင့်အားထုတ်မှုများ အလွယ်တကူ လျော့ပါးသွားပါလိမ့်မည်။
ပိုဆိုးသည့်ဘုံသုံးခုတွင် ပြန်လည်မမွေးဖွားအောင် ကာကွယ်ရန် ကျင့်ဝတ်သီလအတိုင်း သင်လိုက်နာပါက ဤသည်မှာ ဓမ္မကျင့်ကြံမှု အနိမ့်ဆုံးအဆင့် ဖြစ်ပါသည်။
အလယ်အလတ် အဆင့်
ပိုဆိုးသည့်ဘုံ သုံးခုမှ လွတ်မြောက်ကာ နောက်တစ်ဘဝတွင် နတ်ဘုံများ၏ သာယာပျော်ရွှင်မှုများ အကြားတွင်ဖြစ်စေ၊ လူအဖြစ်နှင့်ဖြစ်စေ ဖွားမြင်ပါက သံသရာတွင် ပြန်လည်မွေးဖွားမှုအားလုံး ဆင်းရဲဒုက္ခ ဖြစ်သည်ကို နားလည်သင့်ပါသည်။ ဤအကြောင်းကို လမ်-ရင်း တရားတော်များတွင် ကျယ်ပြန့်စွာ ဆွေးနွေးထားပါသည်။ သို့သော် ထိုအချက်ကို သင်က နေရောင်ထဲတွင် ရပ်နေပြီး အလွန်ပူအိုက်လာရာ အိမ်ထဲပြန်ဝင်သည့် ဥပမာဖြင့် ဖော်ပြနိုင်ပါသည်။ သံသရာထဲ၌ ဆင်းရဲဒုက္ခ လွတ်ကင်းသည့် နေရာ မရှိပါ။
အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် ထိန်းချုပ်မရအောင် ပြန်လည်မွေးဖွားမှု ဖြစ်နေသော သံသရာတွင် လည်စေပါသည်။ သစ်ပင်၏ အမြစ်ကဲ့သို့ ယင်း၏ဇစ်မြစ်မှာ အမှန်ပင် အမှီအခိုကင်းသော သတ်မှတ်ချက်များအား တွယ်တာခြင်းဖြစ်သည်။ သံသရာတွင် ဝဲလည်နေခြင်းသည် ပျော်ပျော်ကြီးလျှောက်သွားပြီး ဘယ်မှ မရောက်သလိုပင် ဖြစ်ပါသည်။ ထွက်ခွာရန် တစ်ခုတည်းသောနည်းမှာ မိမိကိုယ်ကို မြှင့်တင်ရန်၊ ထိုထက်ပိုပြီး တစ်ဆင့်ထက် တစ်ဆင့်မြင့်ရန် ဖြစ်ပါသည်။ ထိုအတွက် အဆင့်မြင့်မြင့် သိမြင်သဘောပေါက်သူဖြစ်သော၊ ပညတ်ချက်မရှိခြင်း၊ မဖြစ်နိုင်သည့် ‘‘ဝိညဉ်’’ မရှိခြင်းကို သဘောပေါက်သည့် အယူအဆမပါဘဲ ခွဲခြားသိရှိသောပညာ ရရှိထားသော အရိယာ ဖြစ်ရန် လိုပါသည်။ ဤသည်မှာ ဘာမှမရှိခြင်း (အနတ္တ) ကို ခွဲခြားသိရှိသောပညာ ဖြစ်ပါသည်။
မိမိစိတ်အစဉ်တွင် ဤသို့သော ဘာမှမရှိမှုကို သိမြင်သဘောပေါက်စေရန်အတွက် တည်ငြိမ်ခိုင်မာသော စိတ်အခြေအနေဖြစ်သည့် သမထ ရှိရန် လိုပါသည်။ ထိုသို့ရရှိရန်အတွက် ကျင့်ဝတ်သီလ လိုအပ်ပါသည်။ ထို့ကြောင့် အဆင့်မြင့် သင်တန်းသုံးခုဖြစ်သည့် ကျင့်ဝတ်သီလ၊ စိတ်နှစ်ပြီး စူးစိုက်မှုသမာဓိနှင့် ခွဲခြားသိရှိသောပညာ အဆင့်မြင့် သင်တန်းတွင် ကျွန်ုပ်တို့ကို သံသရာ၌ ပြန်လည်မွေးဖွားမှု ထိန်းချုပ်မရစွာ ပြန်ဖြစ်ခြင်းထက် ကျော်လွှားသွားနိုင် စေပါသည်။ ဤသို့ကျင့်ကြံပါက မိမိ၏ သံသရာလည်နေမှုကို ရပ်တန့်ပစ်ပိုင်ပါသည်။
မိမိကိုယ်တိုင် အဆင့်မြင့်အခြေအနေကို ရရှိသွားသည့် အရိယာ သုံးမျိုးကို အောက်ပါအတိုင်း ခွဲခြားထားပါသည်-
- မြင်တွေ့သော လမ်းကြောင်းရှိသည့် စိတ်ကို ရရှိထားသူများ (မြင်တွေ့သောလမ်း)
- ကျင့်သားရသော လမ်းကြောင်းရှိသည့် စိတ်ကို ရရှိထားသူများ (တရားရှုမှတ်သောလမ်း)
- ဆက်လက်လေ့ကျင့်ရန် လိုအပ်သော လမ်းကြောင်းရှိသည့် စိတ်ကို ရရှိထားသူများ။
မြင်တွေ့သော လမ်းကြောင်းရှိသည့် စိတ်ရှိသူများက ဘာမှမရှိခြင်းကို အယူအဆမပါဘဲ တိုက်ရိုက် သိရှိပါသည်။ ကျင့်သားရသော လမ်းကြောင်းရှိသည့် စိတ်ရှိထားသူများက ဆက်လက်၍ တရားရှုမှတ်ကာ ဘာမှမရှိခြင်းကို အယူအဆမပါဘဲ သိရှိအောင် အလေ့အထများ ပိုနီစပ်စေခြင်း သို့မဟုတ် စုစည်းခြင်း ပြုလုပ်ရပါသည်။ အထပ်ထပ် တရားရှုမှတ်ကာ ဤသို့ ဘာမှမရှိကြောင်း သိမှုကို သင့်စိတ်က အပြည့်အဝ ကျင့်သားရလာပြီး လွတ်မြောက်မှုကို တားဆီးသည့် စိတ်ခံစားချက်အဟန့်အတားများကို သင့်စိတ်မှ လုံးဝ ဖယ်ရှားလိုက်သောအခါ လွတ်မြောက်သူဖြစ်သည့် အရိယာ ဖြစ်လာပါသည်။
စိတ်ဓာတ်စေ့ဆော်မှု၏ အဆင့်မြင့်အပိုင်း
မေတ္တာနှင့် ကရုဏာ
သို့သော် သင့်ကိုယ်သင် လွန်မြောက်ရုံမျှနှင့် မလုံလောက်ပါ။ အကြောင်းမှာ အကန့်အသတ်ရှိသော သက်ရှိများ (ခံစားချက်ရှိသော သက်ရှိများ) တွင် ဤသို့သောပျက်စီးခြင်းမျိုး ရှိပါသည်။ အကန့်အသတ်ရှိသော သက်ရှိအားလုံးတွင် ဆင်းရဲဒုက္ခရှိခြင်း၊ ယင်းမှလွတ်မြောက်လိုခြင်း ဆိုသည့်စိတ် ရှိရာတွင် တူညီကြပါသည်။ အကန့်အသတ် ရှိသော သက်ရှိအားလုံးကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုသောစိတ် ရှိလာပါက ‘‘ကရုဏာ’’ဟုခေါ်ပါသည်။ သို့သော် အကန့်အသတ် ရှိသော သက်ရှိအားလုံးကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုသောစိတ် မွေးမြူရန်အတွက် သင်ကိုယ်တိုင် ဆင်းရဲဒုက္ခကို အချိန်ကြာမြင့်စွာ တရားရှုမှတ်ဖို့ လိုပါသည်။ ထို့နောက် ယင်းသည် မည်မျှဆိုးရွားကြောင်း သဘော ပေါက်လာရန် လိုပါသည်။ လွတ်မြောက်လိုသော ဆုံးဖြတ်ချက်ဖြစ်သည့် စွန့်ပယ်ခြင်းကို ရရှိနိုင်ပါသည်။ ဆင်းရဲဒုက္ခ၏ ဆိုးရွားပုံနှင့် ကိုယ်တိုင် လွတ်မြောက်လိုစိတ်တို့ ရရှိလာသည်နှင့် ထိုအတွေးကို သက်ရှိအားလုံးအပေါ် အသုံးချနိုင် ပါသည်။ ဤသည်မှာ ကရုဏာဖြစ်ပါသည်။
ထို့ကြောင့် စွန့်ပယ်ခြင်းဆိုသည်မှာ မိမိ အတွက် ဆင်းရဲဒုက္ခမှ လွတ်မြောက်လိုစိတ် ဖြစ်ပြီး ကရုဏာ ဆိုသည်မှာ သက်ရှိအားလုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုသောစိတ် ဖြစ်ပါသည်။ ကရုဏာနှင့် မေတ္တာ၏ ကွာခြားချက်မှာ ကရုဏာဖြင့် တွေးရာ၌ ‘‘အကန့်အသတ်ရှိသော သက်ရှိအားလုံး ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ၏ အကြောင်းတရားများမှ ကင်းဝေးလျှင် ကောင်းလေစွ’’ ဟု တွေးခြင်းဖြစ်ပြီး မေတ္တာဆိုသည်မှာ သက်ရှိအားလုံးကို ပျော်ရွှင်မှုနှင့် ပျော်ရွှင်ခြင်း အကြောင်းတရားများ ပေးအပ်လိုစိတ် ဖြစ်ပါသည်။
ဥပေက္ခာနှင့် ဗောဓိစိတ္တကို မည်ကဲ့သို့ထားရှိမည်နည်း
မေတ္တာနှင့် ကရုဏာ မရှိရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ အားလုံးကို ဆင်းရဲဒုက္ခမှ လွတ်ကင်းပြီး ပျော်ရွှင်မှု ရရှိအောင် ကျွန်ုပ်တို့ ဘာကြောင့်ဆန္ဒမရှိပါသနည်း။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့စိတ်သည် မချောမွေ့ သောကြောင့်ဖြစ်သည်။ ကြမ်းနေသည်။ အတက်အကျ ဖြစ်နေပါသည်။ ဤသို့ စိတ်မညီညာမှုဆိုသည်မှာ ဘာလဲ။ ကျွန်ုပ်တို့၏ ဆွေးမျိုးမိတ်သင်္ဂဟများကို အလွန် တွယ်တာမှု ရှိနေခြင်း၊ ရန်သူ သို့မဟုတ် မနှစ်သက်သူများကို တွေ့သောအခါ အလွန်မုန်းတီးခြင်းတို့ ဖြစ်ပါသည်။
သို့ဆိုလျှင် ကြမ်းနေသောလမ်းကို ချောအောင်မည်သို့ ပြုလုပ်မည်နည်း။ ဤနမူနာကိုတွေးကြည့်လျှင် နားလည်နိုင် ပါသည်။ လူတစ်ယောက်က သင့်ကို မနေ့က ရူပီး ၁၀၀ ပေးသည်။ နောက်တစ်ယောက်က ယနေ့ ရူပီး ၁၀၀ ပေးသည်။ မနေ့က ရူပီး ၁၀၀ ပေးသူက သင့်ကို ယခုမနက်တွင် လက်သီးနှင့်ထိုးသည်။ ယနေ့ ရူပီး ၁၀၀ ပေးသူက သင့်ကို မနေ့က လက်သီးနှင့်ထိုးသည်။ မည်သူ့ကို နှစ်သက်ပြီး မည်သူ့ကို မနှစ်သက်သင့်ပါသလဲ။
ဤနည်းအတိုင်းပင် အတိတ်က ရန်သူသည် များစွာ အကျိုးပြုခဲ့ပုံနှင့် အနာဂတ်တွင် များစွာအကူအညီ ဖြစ်နိုင်ပုံကို တွေးရပါမည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့၏ မိတ်ဆွေများသည် အတိတ်က များစွာအန္တရာယ် ပေးခဲ့ပြီး အနာဂတ်တွင်လည်း ထိုသို့ပေးပါမည်။ အနှေးနှင့် အမြန်သာ ကွာပါမည်။
နောက်ထပ်ဥပမာတစ်ခုမှာ လူသားစားသူများ သို့မဟုတ် သမန်းဝံပုလွေနှင့် သွေးစုပ်ဖုတ်ကောင်များ ရှိပါသည်။ သူတို့ကို ကျွန်ုပ်တို့က အလွန်ချောမောလှပသည်ဟု ထင်ပြီး တစ်ဦးနှင့် လက်ထပ်ပါသည်။ သို့သော် တစ်ညတွင် အစွမ်းများထွက်လာပြီး ကျွန်ုပ်တို့ကို စားပစ်ပါလိမ့်မည်။
ခွေးတစ်ကောင်ကို ရိုက်သောအခါ ဟောင်ပြီး ပြန်ကိုက်ပါသည်။ ထို့ကြောင့် ရန်သူကို ဒေါသထွက်ပါက ခွေးတစ်ကောင်က တုံ့ပြန်သလို ကျွန်ုပ်တို့ တုံ့ပြန်နေပါသည်။ ဤသို့သော စိတ်မညီညာမှုကို ဖယ်ရှားရမည်။ ဤသို့သော တွယ်တာမှု၊ တွန်းကန်မှုကို ဖယ်ရှားရမည်။ ထို့နောက် ဥပေက္ခာစိတ် မွေးရမည်။ ထို့ပြင် ထိုဥပေက္ခာစိတ်အပြင် မေတ္တာနှင့် ကရုဏာကို ထားရှိရမည်။ မညီညာသောလမ်းပေါ်တွင် မော်တော်ကား သွားနိုင်အောင် လမ်းခင်းခြင်းနှင့် တူပါသည်။
လမ်းကိုဖောက်ခွဲပြီး ညီညာပြားချပ်စေသည့် ဒိုင်းနမိုက်ကဲ့သို့ အားကောင်းသောစိတ်များ ရှိရပါမည်။ မည်သို့သော စိတ်များနည်း။ အခြား အကန့်အသတ်ရှိသည့် သက်ရှိများ၏ ကြင်နာမှုကို တွေးကြည့်ပါ။ ဥပမာ၊ ကျွန်ုပ်တို့ နွားနို့ သောက်ကြသည်။ နွားနို့သည် ကျွဲ၊ နွားများမှ လာပါသည်။ သူတို့သည် အပြင်ထွက်၊ မြက်စား၊ ရေသောက်ပြီး ကျွန်ုပ်တို့က သူတို့ထံမှ နို့ညှစ်ပါသည်။ ယုန်နှင့် ကြွက်များကို ဆေးပညာ သုတေသနအတွက် အသုံးပြုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆေးများမှာ ကြွက်နှင့်ယုန်တို့ကို စတေးရသည့်အရာများ ဖြစ်ပါသည်။
ကျွန်ုပ်တို့ကို အန္တရာယ်ပေးနိုင်သည့် ရန်သူအဖြစ် ယူဆထားသော အကန့်အသတ်ရှိသည့် သက်ရှိအချို့ ရှိပါသည်။ သို့သော် ထိုအန္တရာယ်နှင့် သူတို့၏ ကြင်နာမှုဖြင့် ပေးထားသောအရာများကို နှိုင်းယှဉ်ပါက ကြင်နာမှုက အန္တရာယ်ထက် ပိုများပါသည်။ ထို့ပြင် သူတို့ပေးသော အန္တရာယ်မှာ တကယ်တော့ အလွန်အထောက်အကူ ပြုပါသည်။ ဘုရားဖြစ်ရန် အတွက် သည်းခံခြင်း ရှိရန်လိုပါသည်။ ထိုအတွက် ဆိုးရွားသောလူများ လိုအပ်ပါသည်။ လူတိုင်း အလွန်သဘော ကောင်းနေပါက ကျွန်ုပ်တို့သည် သည်းခံခြင်း မရှိနိုင်ပါ။ မိမိကို ဒေါသထွက်သူသည် အကန့်အသတ် ရှိသော သက်ရှိများ ဖြစ်ပြီး ဘုရားမဟုတ်ပါ။ ထို့ကြောင့် ထိုသူတို့သည် ကျွန်ုပ်တို့အား သည်းခံခြင်း သင်ကြားပေးသူများ ဖြစ်ပါသည်။ ဥပမာ၊ အတိဿ သည် တိဘက်သို့ လာသောအခါ သူ၏သည်းခံခြင်းကို အမြဲစမ်းသပ်သည့် အလွန်စည်းကမ်းမဲ့သော အိန္ဒိယလူမျိုးတစ်ယောက် သူနှင့်အတူ ပါလာပါသည်။ သူ့ကို ဘာကြောင့်ခေါ်လာသလဲဟု မေးသောအခါ သည်းခံခြင်းကို လေ့ကျင့်ရန်ဟု ဖြေပါသည်။ ထို့ကြောင့် အကန့်အသတ်ရှိသော သက်ရှိများနှင့် ဘုရားရှင်တို့သည် ကျွန်ုပ်တို့အပေါ် ကြင်နာမှုရှိရာတွင် တူညီပါသည်။ ရှန်တီဒေဝ၏ ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း တွင် ဤအချက်ကို ဖော်ပြထားပါသည်။
ဘုရားရှင်တို့ ဒေါသမထွက်ရသည့် အကြောင်းရင်း ရှိပါသည်။ ယင်းမှာ တစ်စိတ်တည်းထားပြီး အနှောင့်အယှက်ပေးသော စိတ်ခံစားချက်အားလုံး ကင်းသည့် စူးစိုက်မှုသမာဓိကြောင့် ဖြစ်ပါသည်။ ဘုရားရှင်တို့တွင် ဤသို့ တစ်စိတ်တည်း စူးစိုက်မှုသမာဓိ ရှိခြင်းကြောင့် ဒေါသမထွက်ပါ။ ကျွန်ုပ်တို့သည် ဤသို့ရှိလာရန် လိုပါသည်။ မနက်ခင်းတွင် အောက်ပါအတွေးနှစ်မျိုးဖြင့် နိုးထရန်လိုပါသည်-
- ငါသည် ယနေ့ အခြားသူများကို ဒေါသထွက်အောင် မလုပ်ပါ။
- အခြားသူများက ငါ့ကို ဒေါသထွက်အောင် လုပ်ခွင့် မပေးပါ။
ဤအချက်နှင့် ရင်းနှီးလာပါက မိမိ၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို လျှော့ချလာနိုင်ပြီး နောက်ဆုံးတွင် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များမှ ထာဝရ ကင်းလွတ်သည့် အခြေအနေကို ရရှိကာ ဘုရားဖြစ်လာပါမည်။
ဤသည်မှာ ဘုရားရှင်တို့အလိုကျ နေထိုင်နိုင်ရန်အတွက် ဘာလုပ်ရမည်နည်းဟု မေးပါက အကန့်အသတ်ရှိသော သတ္တဝါတို့ကို ကူညီရန်နှင့် ကြင်နာရန် ဖြစ်ပါသည်။ ဤသည်ကို ဘုရားရှင်တို့ ချီးမွမ်းပါသည်။ ဥပမာ၊ မိဘများတွင် သားသမီးများ ရှိပါက မိဘကိုသာ ကြင်နာခြင်းထက် ကလေးများကို ကြင်နာခြင်းက မိဘများအတွက် ပို၍ ပျော်ရွှင်စေပါသည်။ ထို့အတူ ဘုရားရှင်တို့သာမက အကန့်အသတ်ရှိသော သတ္တဝါတို့ကိုပါ ကြင်နာပါက ဘုရားရှင်တို့ နှစ်သက်တော်မူပါသည်။ ထို့ကြောင့် ဤအခြေခံဖြင့် ကျွန်ုပ်တို့သည် ‘‘အကန့်အသတ်ရှိသော သတ္တဝါအားလုံး အကျိုးအတွက် ဘုရားအဖြစ်သို့ ရအောင်ကြိုးစားမည်’’ ဆိုသည့် ဗောဓိစိတ္တ ရည်မှန်းချက်ကို ထားရှိရန် ကြိုးစားရပါမည်။
ယခုဘဝတွင် ဉာဏ်အလင်း ရရှိခြင်း
ထိုထက်ပို၍ ကျွန်ုပ်တို့သည် အကန့်အသတ်ရှိသော သတ္တဝါအားလုံး အကျိုးအတွက် ဘုရားအဖြစ်သို့ ယခုဘဝ၊ ယခုအခိုက်အတန့်မှာပင် ရရှိအောင် အလွန်ခိုင်မာသော ရည်မှန်းချက် ရှိရန်လိုပါသည်။ ယခုဘဝတွင် ဉာဏ်အလင်း ရရှိစေမည့် နည်းလမ်းရှိကြောင်း ဘုရားရှင်က ဟောကြားထားပါသည်။ ထိုနည်းလမ်းမှာ အဘယ်နည်း။ မန္တရား လမ်းကြောင်းဖြင့် ဖြစ်ပါသည်။ ဤအတိုင်း သင်လိုက်နာပါက ယခုဘဝတွင် ဉာဏ်အလင်း ရရှိနိုင်ပါသည်။
ယခုဘဝတွင် ဉာဏ်အလင်း ရရှိရန် အလွန်ခိုင်မာသော ရည်ရွယ်ချက် ရှိသည့်တိုင် လွယ်ကူသည်ဟု မတွေးသင့်ပါ။ အကြောင်းမှာ အစမထင်သည့် အချိန်ကတည်းကပင် အပျက်သဘော ဆောင်ရွက်ချက်များစွာ စုစည်းထားသည့်အတွက် ဖြစ်ပါသည်။ မန္တရား ကြောင့် မြန်ဆန်လာနိုင်သော်လည်း အလွန်ခက်ခဲသည့် လမ်းကြောင်း ဖြစ်ပါသည်။ မန္တရား လမ်းကြောင်း ကျင့်ကြံမှုသည် လေယာဉ်စီးသလို လျင်မြန်သည်ဟု မတွေးသင့်ပါ။ ထိုသို့မလွယ်ကူပါ။ ဥပမာ၊ ဂျပ်ဆန် မီလာရေပသည် သူ၏ဂုရုဆရာတော် မာပ နှင့် အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ပါသည်။ မျှောင်စင်များဆောက်ခြင်း၊ ရိုက်နှက်ခံရခြင်း၊ ဆင်းရဲဒုက္ခများစွာ ဖြတ်သန်းရခြင်းတို့ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ထိုဘဝမှာပင် ဉာဏ်အလင်း ရရှိနိုင်ခဲ့ပါသည်။ သို့သော် မီလာရေပ ကြုံခဲ့သော အကျပ်အတည်းများ၏ တစ်စိတ်တစ်ပိုင်းကိုပင် ကျွန်ုပ်တို့က ဖြတ်သန်းလိုစိတ် မရှိကြပါ။
ယခုဘဝတွင် ဉာဏ်အလင်းရရှိရေး ခိုင်မာသော ရည်မှန်းချက် ရှိပြီး အခက်အခဲများ ကျော်ဖြတ်ရန် အသင့်ပြင်ထားပါက ကျွန်ုပ်တို့သည် ပုံမှန်ကျင့်ကြံသွားပါက ကိုယ်တိုင်ဘုရားဖြစ်ရန် အခွင့်အရေး ရှိနေပါသတည်း။
အကျဉ်းချုပ်
တန်ဖိုးရှိသော လူသားအဖြစ်ဖြင့် မွေးဖွားလာသော ကျွန်ုပ်တို့သည် ဓမ္မ ကျင့်ကြံကာ ပိုကောင်းသော ပြန်လည်မွေးဖွားမှု၊ လွတ်မြောက်မှု၊ ဉာဏ်အလင်း ရရှိမှုတို့အတွက် ယင်းကို အသုံးချရပါမည်။ ထိုအတွက် အဆင့်လိုက်လမ်းကြောင်းအတိုင်း လိုက်နာရန် လိုပါသည်။ ထိုအထဲတွင် အပျက်သဘော ဆောင်ရွက်ချက် ဆယ်ချက်ကို ရှောင်ရှားခြင်း၊ အနှောင့်အယှက် ပေးသော စိတ်ခံစားချက်များ ဖယ်ရှားခြင်း၊ သံသရာမှ လွတ်ကင်းရန် ဆုံးဖြတ်ချက်၊ ဗောဓိစိတ္တ ရည်မှန်းချက်၊ တစ်စိတ်တည်းရှိသော စူးစိုက်မှုသမာဓိနှင့် ဘာမှ မရှိခြင်း (အနတ္တ) ကို အယူအဆ မပါဘဲ သဘောပေါက်ခြင်းတို့ ပါဝင်ပါသည်။