ပျော်ရွှင်ခြင်း၏ အကြောင်းရင်းများ

ပျော်ရွှင်မှု၏ ရင်းမြစ်သည် ခန္ဓာကိုယ်တွင်းမှာ ရှိပါသည်။ စိတ်အေးချမ်းနေသောအခါ၊ အတွေးအမြင်များ လက်တွေ့ကျစွာ အပြုသဘော ဖြစ်နေသောအခါ၊ အတွေးများသည် အခြားသူများအပေါ် ကြင်နာမှု ထားရှိသောအခါ မည်သည့် အခက်အခဲကို ရင်ဆိုင်ရစေကာမူ ခွန်အားသတ္တိ ဖြစ်လာသည့် ပျော်ရွှင်မှုကို ခံစားရပါသည်။ ပျော်ရွှင်လိုပါက ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သလိုပင် စိတ်ကိုယဉ်ပါးစေရန် လိုပါသည်။

အပြောင်းအလဲ၏ ဆင်းရဲဒုက္ခဆိုသည့် သာမန်ပျော်ရွှင်မှု

ဗုဒ္ဓဘာသာ ဆိုသည်မှာ ကျွန်ုပ်တို့ ကြုံတွေ့သမျှ အားလုံးကို ဆင်းရဲဒုက္ခဟု ဖော်ပြပြီး ပျော်ရွှင်မှုကို လုံးဝ အသိအမှတ် မပြုသည့် အပျက်သဘော ဘာသာတရားဖြစ်သည်ဟု အချို့က ဖော်ပြပါသည်။ သို့ရာတွင် ဤသည်မှာ လွဲမှား သိရှိနေသောအမြင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် ကျွန်ုပ်တို့ ပုံမှန်ကြုံရသော ပျော်ရွှင်မှုကို အပြောင်းအလဲ ဆင်းရဲဒုက္ခအနေနှင့် ပြောထားသည်မှာ မှန်ပါသည်။ ဆိုလိုသည်မှာ ဤပျော်ရွှင်မှုမျိုးသည် စိတ်ကျေနပ်စေခြင်း မရှိပါ။ ဘယ်တော့မှ မတည်တံ့သလို လုံလောက်မှုလည်း မရှိပါ။ စစ်မှန်သော ပျော်ရွှင်ခြင်း မဟုတ်ပါ။ ဥပမာ၊ ရေခဲမုန့်စားလျှင် စစ်မှန်သော ပျော်ရွှင်ခြင်း ဆိုပါက တစ်ထိုင်တည်း ပိုစားလေ ပို၍ပျော်ရွှင်လေ ဖြစ်ရပါမည်။ သို့သော် မကြာခင်မှာပင် ရေခဲမုန့်စား၍ ပျော်ရွှင်မှုသည် မပျော်ရွှင်မှုနှင့် ဆင်းရဲဒုက္ခအဖြစ်သို့ ရောက်သွားပါသည်။ ထို့အတူ နေပူထဲတွင် ထိုင်နေခြင်း သို့မဟုတ် နေရိပ်ထဲသို့ ပြောင်းရွှေ့ခြင်းမှာလည်း ထိုသဘောအတိုင်း ဖြစ်ပါသည်။ ဤသည်မှာ အပြောင်းအလဲ၏ ဆင်းရဲဒုက္ခကို ဆိုလိုပါသည်။

သို့သော် ဗုဒ္ဓဘာသာသည် ကျွန်ုပ်တို့၏ သာမန်ပျော်ရွှင်မှုဖြစ်သည့် အပြောင်းအလဲ ဆင်းရဲဒုက္ခ၏ ကန့်သတ်ချက်များကို ကျော်လွှားနည်းများ ပေးထားပါသည်။ ထိုနည်းဖြင့် ဘုရားအဖြစ်သို့ ရောက်ရှိကာ ထာဝရ ပျော်ရွှင်မှု ရနိုင်ပါသည်။ မည်သို့ဆိုစေ ကျွန်ုပ်တို့၏ သာမန်ပျော်ရွှင်မှု၏ အားနည်းချက်များ ရှိသော်လည်း ဗုဒ္ဓဘာသာသည် ထိုပျော်ရွှင်မှုမျိုး ရရှိစေမည့် ရင်းမြစ်များကိုလည်း ရှင်းပြထားပါသည်။ ဗုဒ္ဓဘာသာတွင် ဤတရားကို ဖော်ပြထားသည်မှာ လူတိုင်းသည် ပျော်ရွှင်လိုပြီး မည်သူမျှ မပျော်ရွှင်မှု မရရှိလိုသည့် အခြေခံ အဆိုပြုချက်တစ်ခုကြောင့် ဖြစ်ပါသည်။ ထို့ပြင် လူတိုင်းသည် ပျော်ရွှင်မှုကို ရှာဖွေနေပြီး သာမန်သတ္တဝါတို့အနေနှင့် မည်သည့် ပျော်ရွှင်မှုက သာမန်တွေ့နေကျ ပျော်ရွှင်မှုမှန်း မသိသောကြောင့် ဗုဒ္ဓဘာသာက ယင်းကိုရရှိနိုင်ပုံကို ပြောပြထားပါသည်။ ပျော်ရွှင်မှုအတွက် ထိုဆန္ဒနှင့် လိုအပ်ချက်သည် သာမန်ပျော်ရွှင်မှု၏ အလွန်အခြေခံကျသော အဆင့်တွင် ပြည့်မီလာမှသာ ပိုမိုအဆင့်မြင့်သော ဘာသာရေး ကျင့်ကြံမှုဖြင့် ပိုမိုနက်နဲပြီး စိတ်ကျေနပ်ဖွယ် အဆင့်အတွက် ဆက်လက်ရည်မှန်းနိုင်ပါသည်။

သို့သော် ကံမကောင်းသည်မှာ အိန္ဒိယ ဗုဒ္ဓဘာသာ ဆရာတော်ကြီး ရှန်တီဒေဝက ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း I.27 (sPyod-‘jug, သက္ကတဘာသာဖြင့် ဗောဓိစရိယဝတ္တရ)တွင် ရေးသားခဲ့သလိုပင်-

ဆင်းရဲဒုက္ခကို ရှောင်ရှားလိုသောစိတ် ရှိသော်လည်း ဆင်းရဲဒုက္ခထဲသို့ တိုးဝင်ကြပါသည်။ ပျော်ရွှင်မှု ရရှိလိုသော်လည်း မသိမှုကြောင့် မိမိကိုယ်ပိုင် ပျော်ရွှင်မှုကိုပင် ရန်သူလို ဖျက်ဆီးပစ်ကြပါသည်။

တစ်နည်းဆိုသော် ကျွန်ုပ်တို့သည် ပျော်ရွှင်မှုကို လိုလားသော်လည်း ၎င်း၏ရင်းမြစ်များအကြောင်းကို မသိနားမလည်ကြပါ။ ထို့ကြောင့် ကိုယ်တိုင် ပိုမိုပျော်ရွှင်အောင် ဖန်တီးမည့်အစား နောက်ထပ် မပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကိုသာ ဖန်တီးမိပါသည်။

ပျော်ရွှင်မှုသည် ခံစားချက်တစ်ခုဖြစ်သည်

ပျော်ရွှင်မှုအမျိုးမျိုး ရှိသော်လည်း သာမန်ပျော်ရွှင်မှုကိုသာ ဤနေရာတွင် အာရုံစိုက်ကြပါစို့။ ယင်း၏အကြောင်းရင်းများကို နားလည်ရန်အတွက် ပထမဦးစွာ “ပျော်ရွှင်မှု” ၏ ဆိုလိုရင်းကို ရှင်းလင်းရန်လိုပါသည်။ ကျွန်ုပ်တို့ အလိုရှိသော ဤပျော်ရွှင်မှု (ဒီ-ဘ၊ သက္ကတဘာသာဖြင့် သုခ) သည် အဘယ်နည်း။ ဗုဒ္ဓဘာသာ ဆန်းစစ်ချက်အရ ပျော်ရွှင်မှု ဆိုသည်မှာ စိတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အရာဝတ္ထု တစ်ခုကို တစ်နည်းနည်းဖြင့် သတိပြုမိသည့် စိတ်၏ဆောင်ရွက်ချက် အမျိုးအစားတစ်ခု ဖြစ်ပါသည်။ “ခံစားချက်” (ရှော်-ဘ၊ သက္ကတဘာသာဖြင့် ဝေဒနာ) ဆိုသည့် ပိုမိုကျယ်ပြန့်သော စိတ်၏ အစိတ်အပိုင်းတစ်ခုလည်း ရှိပါသည်။ ၎င်းသည် အလုံးစုံ ပျော်ရွှင်မှုမှ အလုံးစုံ မပျော်ရွှင်မှုအထိ ကျယ်ပြန့်စွာ လွှမ်းခြုံထားပါသည်။

“ခံစားချက်” ၏ အဓိပ္ပာယ်သည် အဘယ်နည်း။ ခံစားချက် ဆိုသည်မှာ တွေ့ကြုံမှု (ယွန်-ဘ) သဘောသဘာဝရှိသည့် စိတ်၏ အစိတ်အပိုင်း ဖြစ်ပါသည်။ အရာဝတ္ထု သို့မဟုတ် အခြေအနေကို အမှန်တကယ် ကြုံတွေ့မှု ဖြစ်စေသောနည်းဖြင့် ထိုအရာဝတ္ထု သို့မဟုတ် အခြေအနေကို တွေ့ကြုံခံစားသည့် စိတ်၏ အစိတ်အပိုင်း ဖြစ်သည်။ ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု ကြားရှိ ခံစားချက် မပါဝင်ပါက ကျွန်ုပ်တို့သည် အရာဝတ္ထု သို့မဟုတ် အခြေအနေတစ်ခုကို အမှန်တကယ် တွေ့ကြုံ ခံစားခြင်း မရှိပါ။ ကွန်ပျူတာသည် ဒေတာများ ရယူဆောင်ရွက်သော်လည်း ကွန်ပျူတာတွင် ဤသို့ဆောင်ရွက်ရန် ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ မရှိသည့်အတွက် ဒေတာကို တွေ့ကြုံခံစားခြင်း မရှိပါ။ ဤသည်မှာ ကွန်ပျူတာနှင့် စိတ်၏ ကွာခြားချက် ဖြစ်ပါသည်။

ပျော်ရွှင်မှု၊ မပျော်ရွှင်မှု တစ်ခုခု ခံစားရမှုနှင့်အတူ အမြင်၊ အကြား၊ အနံ့၊ အရသာ သို့မဟုတ် သာယာမှု၊ နာကျင်မှုစသည့် ရုပ်အထိအတွေ့ စသည့် ခံစားချက်ကို သိမှုဖြစ်စေ၊ တစ်ခုခု တွေးနေသောအချိန်ကဲ့သို့ စိတ်ကို သိမှုဖြစ်စေ တွဲဖက်ပါဝင်ပါသည်။ အလွန်အမင်း အစွန်းရောက်စရာ မလိုပါ။ အလွန်အားနည်းသော အဆင့်မှာပင် ဖြစ်နိုင်ပါသည်။ တကယ်တော့ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု တစ်ခုခုသည် ဘဝအခိုက်အတန့်တိုင်းတွင် အိပ်မက်မက်ခြင်း မရှိဘဲ နှစ်ခြိုက်စွာ အိပ်နေသောအခါမှာပင်လျှင် တွဲဖက်နေပါသည်။ ထိုအချိန်မျိုးတွင် ဘာမှမရှိသည့် ခံစားချက်ကို ကြုံတွေ့နေပါသည်။

ပျော်ရွှင်မှု၏ အဓိပ္ပာယ်

ဗုဒ္ဓဘာသာတွင် ပျော်ရွှင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ခုပေးထားပါသည်။ တစ်ခုမှာ အရာဝတ္ထုနှင့် ဆက်စပ်မှုအရ သတ်မှတ်ပြီး နောက်တစ်ခုမှာ ခံစားချက် စိတ်အခြေအနေကိုယ်တိုင်နှင့် ဆက်စပ်၍ အဓိပ္ပာယ် သတ်မှတ်ပါသည်။

  • ပထမတစ်ချက်တွင် ပျော်ရွှင်ခြင်းသည် တစ်ခုခုကို ကျွန်ုပ်တို့အတွက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အကျိုးပြုသည်ဟု ယုံကြည်မှုတွင် အခြေခံကာ စိတ်ကျေနပ်စေသော ပုံစံဖြင့် တွေ့ကြုံခံစားသည့်အနေနှင့် အဓိပ္ပာယ် သတ်မှတ်ပါသည်။ မပျော်ရွှင်မှုသည် တစ်ခုခုကို စိတ်မကျေနပ်ဖွယ်၊ နာကျင်စေသည့်အနေနှင့် တွေ့ကြုံခြင်း ဖြစ်ပါသည်။ စိတ်ကျေနပ်ခြင်း သို့မဟုတ် နာကျင်စေခြင်း မရှိသည့်အရာကိုမူ ဘာမှမခံစားရဘဲ တွေ့ကြုံပါသည်။
  • ဒုတိယ အချက်မှာ တွေ့ကြုံခံစားပြီးသွားသောအခါ ထပ်မံ၍ ကြုံတွေ့လိုသည့်စိတ်အနေနှင့် ပျော်ရွှင်မှုကို အဓိပ္ပာယ် ဖွင့်ပါသည်။ ထိုခံစားချက်မျိုးဖြင့် မပျော်ရွှင်မှု ဖြစ်ပေါ်လာသောအခါ ကျွန်ုပ်တို့သည် ယင်းကို မရှိစေချင်ပါ။ ဘက်မလိုက်သော ခံစားချက် ဖြစ်ပေါ်သောအခါ သို့မဟုတ် အဆုံးသတ်သွားသောအခါ ထိုဆန္ဒနှစ်မျိုးစလုံး မရှိပါ။

အဓိပ္ပာယ် သတ်မှတ်ချက် နှစ်မျိုးသည် ဆက်စပ်နေပါသည်။ စိတ်ကျေနပ်ဖွယ် တစ်ခုခု ကြုံတွေ့ရသောအခါ အရာဝတ္ထုကို တွေ့ကြုံမှုသည် နှစ်သက်ဖွယ်ပုံစံဖြင့် “စိတ်ထဲသို့ရောက်လာခြင်း” (yid-du ‘ong-ba, သက္ကတဘာသာဖြင့် မနာပ) ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုအရာဝတ္ထုကို လက်ခံလိုက်ကာ အာရုံစိုက်သည့် အရာဝတ္ထုအဖြစ် သက်သောင့်သက်သာ ရှိနေပါသည်။ ဆိုလိုသည်မှာ ထိုအရာဝတ္ထုကို တွေ့ကြုံခံစားမှုသည် မိမိအတွက် အကျိုးပြုပါသည်။ ပျော်ရွှင်စေပါသည်။ စိတ်ခံစားချက် ကောင်းစေပါသည်။ ထို့ကြောင့် ဤအတွေ့အကြုံမှ အကျိုးကျေးဇူးကို ဆက်ရှိလိုပါသည်။ အဆုံးသတ်သွားပါက တစ်ဖန်ထပ်လိုချင်ပါသည်။ ထိုအရာနှင့် ယင်းနှင့် ကြုံတွေ့ရမှုကို နှစ်သက်သည်ဟု ဆိုနိုင်ပါသည်။

အရာဝတ္ထုတစ်ခုကို နာကျင်မှုဖြင့် ကြုံတွေ့သောအခါ ဤမပျော်ရွှင်သော အတွေ့အကြုံသည် နှစ်သက်ဖွယ်ပုံစံဖြင့် “စိတ်ထဲသို့ရောက်လာခြင်း” (yid-du ma-‘ong-ba, သက္ကတဘာသာဖြင့် အမနာပ) ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုအရာကို လက်မခံဘဲ ၎င်းသည် ကျွန်ုပ်တို့၏ အာရုံစိုက်မှုသို့ သက်သောင့်သက်သာ ရှိမနေပါ။ ထိုအရာကို ကျွန်ုပ်တို့ တွေ့ကြုံခံစားရမှုသည် အကျိုးမရှိဘူးဟု ခံစားရပြီး နာကျင်ပါသည်။ ၎င်းကို အဆုံးသတ်သွားစေလိုပါသည်။ ထိုအရာကိုဖြစ်စေ၊ ယင်းနှင့် ကြုံတွေ့ရမှုကိုဖြစ်စေ မနှစ်သက်ဘူးဟု ဆိုနိုင်ပါသည်။

အရာဝတ္ထုတစ်ခု၏ အရည်အသွေးကို ချဲ့ကားခြင်း

အရာဝတ္ထုတစ်ခုနှင့် သက်သောင့်သက်သာ ခံစားရသည်မှာ ဘာကိုဆိုလိုပါသနည်း။ အရာဝတ္ထုတစ်ခုနှင့် သက်သောင့်သက်သာ ရှိသောအခါ ၎င်းအပေါ် မသိကျိုးကျွန်ပြုခြင်း၊ ၎င်း၏ အရည်အသွေးကောင်းများ သို့မဟုတ် အားနည်းချက်များကို ချဲ့ကားခြင်း၊ ငြင်းပယ်ခြင်း မရှိဘဲ လက်ခံခြင်း ဖြစ်ပါသည်။ ဤအချက်မှနေ၍ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ (nyon-rmongs, သက္ကတဘာသာဖြင့် ကိလေသာ၊ ဖိစီးနှိပ်စက်သော ခံစားချက်များ) နှင့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ဖြင့် အရာဝတ္ထုတစ်ခုကို တွေ့ကြုံမှုနှင့် ဆက်စပ်၍ ဆွေးနွေးလာရပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက် တစ်တွဲမှာ တဏှာ၊ တွယ်တာမှုနှင့် လောဘတို့ ဖြစ်သည်။ ကျွန်ုပ်တို့သည် အရာဝတ္ထုတစ်ခု၏ အရည်အသွေးကောင်းများကို ထိုသုံးချက်စလုံးဖြင့် ချဲ့ကားလိုက်ပါသည်။ တဏှာရှိပါက မိမိမှာ မရှိသည့် အရာကို လိုချင်ပါသည်။ တွယ်တာမှု ရှိပါက ၎င်းကိုရရှိသောအခါ အဆုံးရှုံးမခံလိုပါ။ လောဘရှိနေပါက ၎င်းကိုရရှိပြီးသော်လည်း ထပ်၍လိုချင်နေပါသည်။ ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကြောင့် ကျွန်ုပ်တို့သည် အရာဝတ္ထုတစ်ခု၏ အားနည်းချက်များကို လျစ်လျူရှုလာမိပါသည်။ ယင်းတို့သည် ပျော်ရွှင်ဖွယ် စိတ်အခြေအနေများ မဟုတ်ပါ။ အကြောင်းမှာ ထိုအရာကို စိတ်ကျေနပ်ဖွယ်ဟု မမြင်သောကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ထိုအရာဝတ္ထုနှင့် စိတ်ကျေနပ်မှု မရကြပါ။ ၎င်းကို အရှိအတိုင်း လက်မခံပါ။

ဥပမာအားဖြင့် ကျွန်ုပ်တို့ အလွန်တွယ်တာသည့် ချစ်သူကို မြင်တွေ့သောအခါ အမြင်အာရုံ ပျော်ရွှင်မှု ကြုံတွေ့ရပါသည်။ ထိုသူအား မြင်ရသည်ကို ကျေနပ်နှစ်သက်ပါသည်။ သို့သော် ထိုသူ၏ အရည်အသွေးကောင်းများ၊ ထိုသူနှင့် အတူရှိနေခြင်းတို့ကို ချဲ့ကားပြီး ထိုသူနှင့်အတူ မရှိသည့် အပျက်သဘော အရည်အသွေးများကို ချဲ့ကားရင်း တွယ်တာမှု မြင့်တက်လာသောအခါ စိတ်မကျေနပ်မှုနှင့် မပျော်ရွှင်မှုတို့ ဖြစ်လာပါသည်။ ထိုသူကို ယခုတွေ့နေရပြီး နှစ်သက်နေသည့် အခိုက်အတန့် အခြေအနေကို လက်မခံဘဲ ပို၍လိုအပ်ကာ ထိုသူ ထွက်သွားမည်ကို ကြောက်ရွံ့လာပါသည်။ ထိုအခါ မိမိချစ်ခင်သူကို စိတ်မကျေနပ်မှု၊ မသက်မသာဖြစ်မှု၊ မပျော်ရွှင်မှုတို့ဖြင့် ရုတ်တရက် ကြုံတွေ့ခံစားလာရပါတော့သည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက် နောက်ထပ်တစ်တွဲမှာ ငြင်းပယ်ခြင်း၊ ဒေါသနှင့် မုန်းတီးခြင်း ဖြစ်ပါသည်။ ဤအရာများဖြင့် ကျွန်ုပ်တို့သည် အရာဝတ္ထု၏ အားနည်းချက်များ သို့မဟုတ် မကောင်းသည့် အရည်အသွေးများကို ချဲ့ကားပြီး ယင်းကို မရရှိသေးပါက ရှောင်ရှားလိုပါသည်။ ရရှိထားပါက ဖယ်ရှားပစ်လိုပါသည်။ အဆုံးသတ်သွားသောအခါ ထပ်မံ၍ မဖြစ်ပေါ်စေလိုပါ။ ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သုံးမျိုးသည် ကြောက်ရွံ့မှုနှင့် ရောနေလေ့ ရှိပါသည်။ ယင်းတို့သည်လည်း ပျော်ရွှင်သော စိတ်အခြေအနေများ မဟုတ်ပါ။ ထိုအရာကို စိတ်ကျေနပ်မှု မရှိသောကြောင့် ဖြစ်ပါသည်။ ၎င်းကို အရှိအတိုင်း လက်မခံပါ။

ဥပမာအားဖြင့် ကျွန်ုပ်တို့သည် သွားအမြစ်ကုထုံး ဆောင်ရွက်ရမည် ဆိုပါစို့။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု ခံစားချက်ကို တွေ့ကြုံရမည် ဖြစ်ပါသည်။ သို့သော် ၎င်း၏ အပျက်သဘော အရည်အသွေးများကို မချဲ့ကားဘဲ အရှိအတိုင်း လက်ခံပါက ကုသမှုအတွင်း ဝမ်းနည်းမှု မဖြစ်နိုင်ပါ။ နာကျင်မှု ခံစားရာတွင် ဘက်မလိုက်သော ခံစားချက် ရှိလာနိုင်ပါသည်။ ကုသမှု ကာလတစ်လျှောက်လုံး ယင်းကို လက်ခံပြီး အမြန် ပြီးဆုံးပါစေဟု ဆုတောင်းမနေတော့ပါ။ သွားဆရာဝန်က လွန်ဖြင့်ဖောက်မှု ရပ်သွားသောအခါ ထပ်ပြီးဖောက်ပါစေဟုလည်း ဆန္ဒမပြုပါ။ လွန်ဖြင့်ဖောက်သည့် နာကျင်မှုကို ငြင်းပယ်ခြင်း သို့မဟုတ် တွယ်တာခြင်း သို့မဟုတ် မသိနားမလည်ခြင်း မရှိဘဲ ဥပေက္ခာ ထားရှိပါသည်။ တကယ်တော့ ကုသမှုအတွင်း နောက်ထပ် သွားနာခြင်း မဖြစ်အောင် ကာကွယ်မည်ဆိုသည့် အတွေးကို အာရုံစိုက်ကာ ပျော်ရွှင်မှုကြုံတွေ့နိုင်ပါသည်။

တစ်ခုခုကို ပျော်ရွှင်ခြင်း သို့မဟုတ် စိတ်ကျေနပ်ခြင်းသည် လိုအပ်ချက်ပေါ် မူတည်ကာ တစ်ခုခုကို ပို၍ သို့မဟုတ် လျော့၍ လိုချင်မှုကို မတားဆီးကြောင်း အမှတ်ရစေလိုပါသည်။ အရာရာ တိုးတက်အောင် သို့မဟုတ် ဘဝတွင် မိမိအခြေအနေကို တိုးတက်အောင် မကြိုးစားတော့ဘဲ မလှုပ်မရှား ဖြစ်ခြင်းမျိုး မဟုတ်ပါ။ ဥပမာအားဖြင့် အလုပ် စီမံကိန်းတစ်ခု ဆောင်ရွက်ခြင်း သို့မဟုတ် ခွဲစိတ်ကုသမှုမှ ပြန်ကောင်းလာခြင်းတွင် တိုးတက်မှုအတွက် လက်ခံကာ စိတ်ကျေနပ်ပြီး အကျိုးဆက်အားဖြင့် ပျော်ရွှင်နိုင်ပါသည်။ သို့သော် လိုအပ်ချက်တွင် အခြေခံပြီး ယခုအထိ ရရှိထားသည့်အရာကို မပျော်ရွှင်မှု မရှိဘဲ ဆက်လက်တိုးတက်အောင် ပြုလုပ်လိုပါသေးသည်။ ထို့အတူ ထမင်းပန်းကန်ထဲမှ ဟင်းများ သို့မဟုတ် ဘဏ်တွင်ထည့်ထားသော ငွေများလည်း ထိုအတိုင်းဖြစ်ပါသည်။ တကယ်တော့ ကျွန်ုပ်တို့သည် လုံလောက်ခြင်း မရှိဘဲ ပို၍လိုအပ်နေသည်မှာ အမှန်တရား ဖြစ်ပါသည်။ အစားအသောက် သို့မဟုတ် ငွေများ မလုံလောက်သည့် အပျက်သဘော အစိတ်အပိုင်းများကို မချဲ့ကားဘဲ သို့မဟုတ် ထပ်မံရရှိသည့် အကျိုးကျေးဇူးကို မငြင်းပယ်ဘဲ အစားအသောက် သို့မဟုတ် ငွေများ ထပ်ရအောင် ကြိုးပမ်းကာ ထိုအတွက် မပျော်ရွှင်မှု မဖြစ်ဘဲ နေနိုင်ပါသည်။ အောင်မြင်လျှင် အဆင်ပြေပါသည်။ မအောင်မြင်လည်း အဆင်ပြေပါသည်။ တစ်နည်းနည်းဖြင့် ထိန်းချုပ်ရပါမည်။ သို့သော် ကြိုးစားနေပါသေးသည်။ အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့သည် ထပ်မံရရှိအောင် ကြိုးစားသော်လည်း အောင်မြင်ရန် မျှော်လင့်ချက် သို့မဟုတ် ကျရှုံးမည့် စိုးရိမ်မှုတို့ဖြင့် စိတ်မပျံ့လွင့်တော့ပါ။

ရှန်တီဒေဝက သည်းခံခြင်းအကြောင်း အခန်း (VI.10) တွင် ဤသို့နှစ်သက်ဖွယ် တင်ပြထားပါသည်-

ကုစား၍ရနိုင်ပါက တစ်ခုခုအတွက် ဘာကြောင့်စိတ်အညစ် ခံနေမည်နည်း။ ကုစား၍ မရပါကလည်း ထိုအတွက် ဘာကြောင့်စိတ်ညစ်နေဦးမည်နည်း။

ပျော်ရွှင်မှု၏ အဓိကရင်းမြစ်သည် အပြုသဘော ပြုမူဆောင်ရွက်ခြင်းဖြစ်သည်

ရေရှည်တွင် ပျော်ရွှင်မှု၏ အဓိကအကြောင်းရင်းသည် အပြုသဘော ပြုမူခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ တဏှာ၊ တွယ်တာမှု၊ လောဘ၊ ငြင်းပယ်မှု၊ ဒေါသ၊ မသိမှု စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုဖြင့် မိမိနှင့် အခြားသူများအပေါ် မိမိအပြုအမူ၏ ရေရှည်သက်ရောက်မှုအတွက် အလေးမထားဘဲ ပြုမူ၊ ပြောဆို၊ တွေးတောခြင်း မပြုရန် ဖြစ်ပါသည်။ မပျော်ရွှင်မှု၏ အဓိက အကြောင်းရင်းဖြစ်သော အပျက်သဘော အပြုအမူသည် ထိုအပြုအမူမျိုးမှ ရှောင်ရှားခြင်း မဟုတ်ဘဲ ယင်းနှင့်ထိတွေ့ခြင်း ဖြစ်ပါသည်။ ဥပမာ၊ တမ်းတသော ဆန္ဒဖြင့် ကျွန်ုပ်တို့သည် စတိုးဆိုင်မှ ပစ္စည်းတစ်ခု၏ အရည်သွေးကောင်းများကို ချဲ့ကားပြီး ဥပဒေရေးရာ အကျိုးဆက်များကို လျစ်လျူရှုကာ ခိုးယူလိုက်ပါသည်။ ဒေါသဖြင့် ကျွန်ုပ်တို့သည် မိမိချစ်သူပြောလိုက်သည့် အပျက်သဘော အရည်အသွေးများကို ချဲ့ကားပြီး ကျွန်ုပ်တို့၏ ဆက်ဆံရေးတွင် ဖြစ်လာမည့် အကျိုးဆက်ကို လျစ်လျူရှုကာ သူ့ကို ကြမ်းတမ်းစွာ အော်ဟစ်ဆဲဆိုမိပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုအောက်မှ ရှောင်ရှားပြီး ပြုမူ၊ ပြောဆို၊ တွေးတောခြင်းဖြင့် နောင်တွင် အဆိုပါလွှမ်းမိုးမှုအောက်သို့ မရောက်အောင် ရှောင်ရှားသည့်အလေ့ ရှိလာပါသည်။ ထိုအခါ နောင်တွင် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် ပေါ်လာပါက ထိုသို့အခြေခံပြီး မပြုမူတော့ပါ။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၏ ပြင်းအား လျော့နည်းပြီး နောက်ဆုံးတွင် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်သည် လုံးဝမပေါ်ထွက်နိုင်တော့ပါ။ တစ်ဖက်တွင်မူ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ အခြေခံဖြင့် ပို၍ပြုမူလေ၊ နောင်တွင် ယင်းတို့ပိုမိုပေါ်ထွက်ကာ ပို၍အားကောင်းလေ ဖြစ်ပါသည်။

သိကြသည့်အတိုင်း အရာဝတ္ထုတစ်ခုကို ပျော်ရွှင်မှုဖြင့် တွေ့ကြုံခံစားသောအခါ မသိမှု၊ တဏှာ၊ တွယ်တာမှု၊ လောဘ၊ ငြင်းပယ်မှု သို့မဟုတ် ဒေါသစသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ မပါဝင်ဘဲ တွေ့ကြုံပါသည်။ ထိုအရာကို ကြုံတွေ့မှုသည် ၎င်း၏ တကယ့် သဘာဝအရှိအတိုင်း လက်ခံမှုတွင် အခြေခံပြီး အကောင်း၊ အဆိုးအချက်များကို ချဲ့ကားခြင်း၊ ငြင်းပယ်ခြင်း မရှိပါ။ ဤသို့ တွေ့ကြုံနည်းသည် ထိုနည်းတူစွာ ပြုမူ၊ ပြောဆို၊ တွေးတောသည့် အပြုသဘော အပြုအမူအလေ့အထမှ ပေါ်ထွက်လာပါသည်။ လူ၊ အရာဝတ္ထု၊ အခြေအနေတို့၏ တကယ့် သဘာဝအတိုင်း အကောင်း၊ အဆိုးများကို ချဲ့ကားခြင်း၊ ငြင်းပယ်ခြင်း မရှိဘဲ လက်ခံမှုတွင် အခြေခံပါသည်။

ပျော်ရွှင်မှု ရင့်ကျက်လာရန် အစွမ်းအစများအတွက် အခြေအနေများ

အရာဝတ္ထုများ သို့မဟုတ် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတွေးများကို ကျွန်ုပ်တို့ တွေ့ကြုခံစားပုံသည် ထိုအရာ သို့မဟုတ် ထိုအတွေးက ဆုံးဖြတ်သည်မဟုတ်ပါ။ သိခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏ ရေရှည် ယခင် အပြုအမူဖြင့် ထိုအရာများ၏ အကောင်း၊ အဆိုး အစိတ်အပိုင်းများကို ချဲ့ကားခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုဘဲ ရှောင်ရှားသည့် အလေ့ရှိလာပါက သွားအမြစ်ကုသ၍ နာကျင်မှုကိုပင် ပျော်ရွှင်သော စိတ်အခြေအနေဖြင့် တွေ့ကြုံခံစားနိုင်ပါသည်။ ပျော်ရွှင်မှု၏ အဓိပ္ပာယ်ဖြင့် ပြောရလျှင် ထိုကုထုံးကို မိမိအတွက် အကျိုးရှိသည်ဟု ယုံကြည်မှုတွင် အခြေခံကာ စိတ်ကျေနပ်ဖွယ် ပုံစံဖြင့် ကြုံတွေ့ပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုအောက်တွင် ပြုမူ၊ ပြောဆို၊ တွေးတောမှုမှ ရှောင်ရှားသည့် အလေ့အထ ရှိလာပြီး အရာဝတ္ထုများနှင့် အတွေးများကို ပျော်ရွှင်မှုဖြင့် ကြုံတွေ့နိုင်စွမ်း ရှိလာသော်လည်း အချို့အခြေအနေများသည် ထိုအစွမ်းအစဖြင့် ပျော်ရွှင်မှုတွေ့ကြုံသည်အထိ ရင့်ကျက်လာရန် လိုပါသည်။ သိခဲ့သည့်အတိုင်း ကျွန်ုပ်တို့တွေ့ကြုံသည့် အရာဝတ္ထုက ယင်းကို ပျော်ရွှင်မှု၊ မပျော်ရွှင်မှုဖြင့် ကြုံတွေ့သည်ကို ဆုံးဖြတ်ရန် မလိုပါ။ အရာဝတ္ထုတစ်ခုကို ပျော်ရွှင်မှုဖြင့် ကြုံတွေ့ခြင်းသည် ထိုအရာက သွားအမြစ်ကုသမှု၏ ရုပ်နာကျင်မှု သို့မဟုတ် ချစ်ခင်သူကို မြင်တွေ့ရမှု စသည်ဖြင့် မည်သို့ဖြစ်စေကာမူ ၎င်း၏ တကယ့်အမှန်တရားကို လက်ခံသည့် သဘောထားပေါ်တွင် များစွာမူတည်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်အခြေအနေဖြစ်သည့် သဘောထားသည် ကျွန်ုပ်တို့ မြင်မှု၊ ကြားမှု၊ နံမှု၊ အရသာ၊ ထိတွေ့မှု၊ တွေးတောမှု ရှိသည့် မည်သည့်အရာ ဖြစ်စေကာမူ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု ခံစားရချိန်အတွက် အထူးအရေးကြီးပါသည်။

တစ်စုံတစ်ခု၏ အမှန်တရားကို လက်ခံပြီး ယင်းအပေါ် မသိနားမလည်မှု မရှိသောအခါ ယင်း၏ အကောင်း၊ အဆိုး အရည်အသွေးများကို ချဲ့ကားခြင်း၊ ငြင်းပယ်ခြင်း မပြုတော့ပါ။ ထိုအရာကို တဏှာ၊ လောဘ၊ တွယ်တာမှု၊ ငြင်းပယ်မှု၊ ဒေါသ တို့ဖြင့် မတွေ့ကြုံတော့ပါ။ ထို့ကြောင့် တစ်ချိန်ချိန်တွင် ပျော်ရွှင်မှု ရင့်ကျက်စေသောအရာသည် မသိမှုမှ ကင်းလွတ်ခြင်း ဖြစ်ပါသည်။

မသိနားမလည်ခြင်း

မပျော်ရွှင်သည့် အချိန်တိုင်းတွင် ကျွန်ုပ်တို့၏ မသိမှု (ထိ-မဂ်၊ သက္ကတဘာသာဖြင့် မောဟ) သည် ကျွန်ုပ်တို့ ကြုံတွေ့သောအရာကို မသိမှုတွင်သာ ကန့်သတ်ထားစရာ မလိုပါ။ မသိနားမလည်မှုသည် ပိုမိုကျယ်ပြန့်ပါသည်။ မိမိကိုယ်ကို အာရုံစိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ပြဿနာတစ်ခုကို အလွန်မပျော်ရွှင်မှုဖြင့် တွေ့ကြုံခံစားသောအခါ မိမိအပေါ်တွင်သာ မသိမှုဖြင့် အာရုံစိုက်မိပြီး မိမိတစ်ဦးတည်းသာလျှင် ဤပြဿနာကို ကြုံတွေ့ရသည်ဟု ထင်လာနိုင်ပါသည်။

အလုပ်ပြုတ်တော့မည့် နမူနာတစ်ခုကို ကြည့်ပါစို့။ အမှန်တရားမှာ ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာ အလုပ်ပြုတ်နေပြီး ကျွန်ုပ်တို့က ယခုမှ အလုပ်လက်မဲ့ ဖြစ်လာပါသည်။ ဥပမာအားဖြင့် မိမိအခြေအနေကို မမြဲခြင်းအကြောင်း မသိနားမလည်မှု မပါဘဲ တွေးကြည့်နိုင်ပါသည်။ အကြောင်းတရားနှင့် အခြေအနေများကြောင့် ပေါ်ထွက်လာသော ဖြစ်စဉ်အားလုံးသည် နောက်ထပ် အကြောင်းတရားနှင့် အခြေအနေများကြောင့် သက်ရောက်မှု ရှိနိုင်ပြီး နောက်ဆုံးတွင် အဆုံးသတ်သွားမည်ကို အမှတ်ရပါသည်။ ယင်းမှာ အလွန် အထောက်အကူ ပြုပါသည်။ သို့သော် ပို၍ထိရောက်သည်မှာ မိမိအတွေးကို မိမိပြဿနာသာမဟုတ်ဘဲ အခြားသူအားလုံး အလုပ်ပြုတ်မည့် ပြဿနာအနေနှင့် ကြုံတွေ့ရသည်ဟု ချဲ့ထွင်ရန် ဖြစ်ပါသည်။ “ဒါက ငါ့ပြဿနာ တစ်ခုတည်း မဟုတ်ပါ။ လူပေါင်းများစွာ၏ ပြဿနာ ဖြစ်တယ်။ ငါတစ်ယောက်တည်း အဖြေရှာရတာ မဟုတ်ဘူး။ တခြားလူတိုင်းလဲ အဖြေရှာရတယ်။ လူတိုင်း ဒီပြဿနာတွေနဲ့ မပျော်ရွှင်မှုတွေ ဖြတ်ကျော်ရတယ်” ဟုတွေးရန် လိုပါသည်။ တကယ်တော့ ယင်းမှာ အမှန်တရားဖြစ်ပါသည်။

ဤသို့ မသိမှု မပါဝင်သော တွေးတောနည်းဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို သနားပြီး သာယာနေခြင်းထက် အခြားသူများအတွက် ကရုဏာ (ညဉ်-ဂျယ်၊ သက္ကတဘာသာဖြင့် ကရုဏာ) ထားရှိပါသည်။ ကျွန်ုပ်တို့စိတ်သည် မိမိအတွက်သာ အမြင်ကျဉ်းစွာ အာရုံစိုက်မနေတော့ပါ။ အလားတူ အခြေအနေမှ အခြားသူအားလုံးအတွက် စဉ်းစားကာ ပို၍ပွင့်လင်းလာပါသည်။ သူတို့ကို သူတို့ပြဿနာများ ကျော်လွှားနိုင်စေလိုသောစိတ်ဖြင့် ကျွန်ုပ်တို့၏ တစ်ဦးချင်း ပြဿနာများသည် အရေးပါမှု မရှိတော့ဘဲ ယင်းတို့ကို ဘက်မလိုက်သောပုံစံဖြင့် ဖြေရှင်းရန် သတ္တိနှင့်ခွန်အားကို ရရှိလာပါသည်။ အလုပ်မပြုတ်လိုသော်လည်း ထိုအခြေအနေ၏ အမှန်တရားကို ဥပေက္ခာဖြင့် လက်ခံပါသည်။ အခြားသူများအတွက် တွေးကာ သူတို့ကို ကြိုးစားကူညီခွင့် ယခုရရှိပြီ ဆိုသည့်အတွေးဖြင် ပို၍ပင် ပျော်ရွှင်လာနိုင်ပါသည်။

ကရုဏာနှင့် ပျော်ရွှင်မှုတို့၏ ဆက်စပ်မှု

ကရုဏာသည် အရာဝတ္ထု သို့မဟုတ် အခြေအနေ တစ်ခုကို ပျော်ရွှင်မှုဖြင့် ကြုံတွေ့ရန် ကျွန်ုပ်တို့၏ အစွမ်းအစများ ဖြစ်ပေါ်စေသော အဓိကအချက်တစ်ချက် ဖြစ်ပါသည်။ သို့သော် ၎င်းသည် မည်ကဲ့သို့ လုပ်ဆောင်ပါသနည်း။ ကရုဏာသည် အခြားသူများကို သူတို့၏ ဆင်းရဲဒုက္ခနှင့် ထိုဆင်းရဲဒုက္ခ၏ အကြောင်းရင်းများမှ လွတ်ကင်းစေလိုသောစိတ် ဖြစ်ပါသည်။ မိမိအတွက်လည်း ထိုသို့လွတ်ကင်း လိုသည့်အတိုင်း ဖြစ်ပါသည်။ သို့သော် အခြားသူများ၏ ဆင်းရဲဒုက္ခနှင့် မပျော်ရွှင်မှုကို အာရုံစိုက်သောအခါ ထိုအတွက် အလိုလို ဝမ်းနည်းပြီး မပျော်ရွှင်ပါ။ သို့မဟုတ် ခံစားချက် ပိတ်ဆို့ကာ ဘာကိုမျှ မခံစားရပါ။ မည်သို့ဖြစ်စေကာမူ သူတို့၏ ဆင်းရဲဒုက္ခအတွက် မပျော်ရွှင်ပါ။ ထို့ကြောင့် ကရုဏာသည် ပျော်ရွှင်သော စိတ်အခြေအနေကို မည်ကဲ့သို့ ဖြစ်ပေါ်စေပါသနည်း။

ယင်းကိုနားလည်ရန်အတွက် ဝမ်းနည်းသော (ဇန်-ဇင်း) ခံစားချက်ကို ဝမ်းမနည်းသော (ဇန်-ဇင်း မဒ်-ပ) ခံစားချက်များနှင့် ခွဲခြားရန် လိုပါသည်။ ဤနေရာတွင် ယင်းတို့၏ အတိအကျ အဓိပ္ပာယ်သတ်မှတ်ချက်များအနေနှင့် အသုံးပြုခြင်း မဟုတ်ဘဲ ပိုပြီးအရပ်သုံးစကားဖြင့် ပညာရပ်ဝေါဟာရ မဟုတ်သည့်ပုံစံဖြင့် ဖြစ်ပါသည်။ ခြားနားချက်မှာ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု၊ ဘာမှမခံစားရမှုတို့သည် ထိုခံစားချက်နှင့် ပတ်သက်သော မသိမှုနှင့် ရှုပ်ထွေးမှုတို့ ရှိ၊ မရှိနှင့် သက်ဆိုင်ပါသည်။ ယေဘုယျအားဖြင့် ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုကို ခွဲခြားသောအခါ ကျွန်ုပ်တို့ ကြုံတွေ့ရသောအရာနှင့် ပတ်သက်၍ မသိနားမလည်မှု ရှိ၊ မရှိ ဆိုသောအချက်ဖြစ်သည်ကို အမှတ်ရပါ။ ဤနေရာတွင် မပျော်ရွှင်မှုဖြင့် ကြုံတွေ့သောအရာ၏ အရည်အသွေးများကို ချဲ့ကားခြင်း၊ ငြင်းပယ်ခြင်း မပြုပါက ထိုမပျော်ရွှင်သော ခံစားချက်ကို ခေါင်းပေါ်တွင် မိုးတိမ်များ မဲမှောင်လာသလို အခိုင်အမာ အမှန်တကယ် တည်ရှိသော “အရာ” တစ်ခုခု ဖြစ်အောင် ပြုလုပ်လိုက်ပါသည်။ ထို့နောက် ထိုခံစားချက်၏ အပျက်သဘော အရည်အသွေးများကို ချဲ့ကားပြီး ယင်းကို ဥပမာအားဖြင့် “ဆိုးရွားသော စိတ်ဓာတ်ကျခြင်း” အဖြစ် စိတ်ကူးပါသည်။ ထိုအထဲတွင် ပိတ်မိသလို ခံစားလိုက်ပါသည်။ ဤနေရာတွင် မသိမှုသည် ယင်းကိုအရှိအတိုင်း မပျော်ရွှင်သည့် ခံစားချက်အဖြစ် လက်ခံခြင်း မဟုတ်ပါ။ တကယ်တော့ မပျော်ရွှင်သော ခံစားချက်သည် ပြင်းအား အပြောင်းအလဲနှင့်အတူ အခိုက်အတန့် တစ်ခုမှတစ်ခုသို့ ပြောင်းလဲနေသောအရာ ဖြစ်ပါသည်။ ၎င်းကိုယ်တိုင် မည်သည့်အရာ၏ သက်ရောက်မှုမျှ မရှိဘဲ တည်ရှိနေသည့် ခိုင်မာသော ထုထည်ကြီးမားသည့်အရာ တစ်ခု မဟုတ်ပါ။

အခြားသူများ၏ ဆင်းရဲဒုက္ခကို စဉ်းစားချိန်တွင် ဘာမှ မခံစားရသောအခါ အလားတူ ဆန်းစစ်နိုင်ပါသည်။ ဤနေရာတွင် ဝမ်းနည်းမှု သို့မဟုတ် မပျော်ရွှင်မှု၏ အပျက်သဘော အရည်အသွေးကို ချဲ့ကားသောအခါ ယင်းကို ခံစားရမှာကြောက်ပြီး ပိတ်ဆို့လိုက်ပါသည်။ ထို့နောက် ပျော်လည်းမပျော်၊ ဝမ်းလည်းမနည်းသော ဘာမှ မခံစားရခြင်းကို ကြုံတွေ့ပါသည်။ သို့သော် ထိုအခါတွင်လည်း ဘာမှ မခံစားရခြင်းကို ပုံကြီးချဲ့ကာ တစ်ခုခု ရိုးသားစွာ မခံစားရအောင် တားဆီးသည့် ကိုယ်ထဲတွင် ရှိနေသော အခိုင်အမာ “ဘာမှမဟုတ်သည့်အရာ” ကဲ့သို့ တစ်ခုခုအဖြစ် ယူဆပါသည်။

ကရုဏာ ထားရှိရန်အတွက် အလုပ်ပြုတ်ခြင်းကဲ့သို့ မိမိရော အခြားသူများပါ ခက်ခဲသော အခြေအနေတွင် ဝမ်းနည်းသည်ကို မငြင်းပယ်ရန် အရေးကြီးပါသည်။ ထိုဝမ်းနည်းမှုကို ခံစားရန် ကြောက်ရွံ့ခြင်း သို့မဟုတ် ယင်းကို ဖိနှိပ်ပိတ်ဆို့ခြင်းသည် မကောင်းမွန်ပါ။ ဤဝမ်းနည်းမှုကို ခံစားရန် လိုသော်လည်း အခြားသူများ၏ ဆင်းရဲဒုက္ခကို စာနာနိုင်ရန်၊ အခြားသူများကို ယင်းမှ လွတ်မြောက်အောင် နက်ရှိုင်းစွာ ရိုးသားသော ဆန္ဒ ဖြစ်ပေါ်ရန်နှင့် သူတို့သည် ယင်းကို ကျော်လွှားနိုင်အောင် ကြိုးစားကူညီရန် အတန်အသင့် တာဝန်ယူရန်အတွက် စိတ်မပျက်သော ပုံစံဖြင့် ဖြစ်ရပါမည်။ အနှစ်ချုပ်အားဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ အကြံပေးစကားမှာ “ဝမ်းနည်းမှုကနေ ခိုင်မာသော ‘အရာ’ တစ်ခု မပြုလုပ်ပါနှင့်။ ယင်းကို ပုံကြီးမချဲ့ပါနှင့်” ဖြစ်ပါသည်။

စိတ်ကို တည်ငြိမ်စေခြင်း

စိတ်မပျက်သော ပုံစံဖြင့် ဝမ်းနည်းခြင်းကို ခံစားကြုံတွေ့ရန်အတွက် ကျွန်ုပ်တို့သည် စိတ်ပျံ့လွင့်မှုနှင့် ညစ်ညူးမှုများ မရှိအောင် ငြိမ်သက်စေဖို့ လိုပါသည်။ စိတ်ပျံ့လွင့်သောအခါ အာရုံစိုက်မှုသည် အနှောင့်အယှက်ပေးသည့် အကျိုးမဲ့ အတွေးများဆီ ရောက်ကုန်ပါသည်။ စိုးရိမ်မှု၊ သံသယ၊ ကြောက်ရွံ့မှု သို့မဟုတ် ပိုပြီးသာယာမည့်ဟု မျှော်လင့်သည့် အရာကို မျှော်လင့်ချက်အတွေးများ ဖြစ်ပါသည်။ စိတ်ညစ်ညူးသောအခါ စိတ်မကြည်လင်တော့ဘဲ ဘာကိုမျှ အာရုံမစိုက်နိုင်တော့ပါ။

ဗုဒ္ဓဘာသာသည် စိတ်အခြေအနေများတွင် စိတ်ပျံ့လွင့်မှုနှင့် စိတ်ညစ်ညူးမှုတို့ မရှိအောင် ဖယ်ရှားရန် နည်းလမ်းများစွာ ရှိပါသည်။ အခြေခံအကျဆုံး နည်းတစ်နည်းမှာ ဝင်လေထွက်လေကို အာရုံစိုက်ကာ ငြိမ်သက်စေခြင်း ဖြစ်ပါသည်။ စိတ်ပျံ့လွင့်မှုနှင့် စိတ်ညစ်ညူးမှု အနည်းဆုံး ဖြစ်စေခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်သည် ငြိမ်သက်တည်ကြည်လာပါသည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့သည် ပိုမိုလွယ်ကူစွာ တည်ငြိမ်လာသလို အခြားသူများ၏ ပြဿနာများနှင့် ဆင်းရဲဒုက္ခကို လည်းကောင်း၊ ထိုအတွက် ကျွန်ုပ်တို့၏ ခံစားချက်များကိုလည်းကောင်း ချဲ့ကားခြင်း၊ ငြင်းပယ်ခြင်း၊ ဘာမှမခံစားရခြင်း မရှိတော့ပါ။ ထိုအခါ မူလက ဝမ်းနည်းနေလျှင်ပင် စိတ်မပျက်တော့ပါ။

သို့သော် နောက်ဆုံးတွင် ကျွန်ုပ်တို့စိတ်သည် ဖြေလျှော့ တည်ငြိမ်လာသည်နှင့်အမျှ ပျော်ရွှင်မှု အနည်းငယ်ကို အလိုလို ခံစားရပါသည်။ တည်ငြိမ်သော စိတ်နှင့် စိတ်ခံစားချက် အခြေအနေတွင် စိတ်သည် သဘာဝအလျောက် နွေးထွေး ပျော်ရွှင်မှု ပြသလာပါသည်။ အပြုသဘော အပြုအမူဖြင့် ထိတွေ့ရာမှ ပျော်ရွှင်မှု ကြုံတွေ့ရန် လုံလောက်အောင် အားကောင်းသော အစွမ်းအစများ စုစည်းမိပါက ကျွန်ုပ်တို့၏ တည်ငြိမ်သော စိတ်အခြေအနေသည် ယင်းတို့ကို ရင့်ကျက်လာအောင် ကူညီပါသည်။

မေတ္တာ ထားရှိခြင်း

မေတ္တာ (ယမ်စ်-ပ၊ သက္ကတဘာသာဖြင့် မေတ္တာ) အတွေးဖြင့် ဤပျော်ရွှင်မှုကို တိုးမြှင့်ပါသည်။ မေတ္တာသည် အခြားသူ များကို ပျော်ရွှင်မှုနှင့် ပျော်ရွှင်မှု အကြောင်းရင်းများ ရရှိစေလိုသောစိတ် ဖြစ်ပါသည်။ ထိုဆန္ဒသည် ကရုဏာဖြင့် စာနာမှုနောက်တွင် အလိုလို လိုက်ပါလာပါသည်။ တစ်စုံတစ်ယောက်၏ နာကျင်ဝမ်းနည်းမှုကို ကျွန်ုပ်တို့ ဝမ်းနည်းမိ သော်လည်း ထိုသို့ခံစားရသည်မှာ ထိုသူကို ပျော်ရွှင်စေလိုသော အချိန်တွင် ခက်ခဲပါသည်။ မိမိအကြောင်း မတွေးတော့ဘဲ တစ်စုံတစ်ယောက်၏ ပျော်ရွှင်မှုအပေါ်တွင် အာရုံစိုက်သောအခါ ကျွန်ုပ်တို့၏နှလုံးသားသည် အလိုလိုနွေးထွေးလာ ပါသည်။ ထိုအခါ နောက်ထပ် နူးညံ့သော ပျော်ရွှင်မှု ခံစားလာရစေပြီး မိမိ၏ အပြုသဘော အပြုအမူဖြင့် အချိန် ကြာမြင့်စွာ စုစည်းလာသော ပျော်ရွှင်မှု ခံစားရန် နောက်ထပ် အစွမ်းအစများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် မေတ္တာသည် ကိုယ်ကျိုးမကြည့်ဘဲ ရိုးသားသောအခါ ရိုးသားသော ပျော်ရွှင်မှု လိုက်ပါလာပြီး စိတ်မပျက်တော့ဘဲ ဝမ်းနည်းမှု ပျောက်ဆုံးသွားပါသည်။ ခေါင်းကိုက်နေသော မိဘတစ်ဦးသည် သူ၏ ဖျားနေသော ကလေးငယ်ကို ချော့သိပ်နေစဉ် နာကျင်မှု မေ့ပျောက်သလိုပင် တစ်စုံတစ်ယောက်၏ ကံဆိုးမှုကို ဝမ်းနည်းမိသော ခံစားချက်သည် မေတ္တာ အတွေးများ ဖြန့်ကျက်လိုက်သောအခါ ပပျောက်သွားပါတော့သည်။

အကျဉ်းချုပ်

အကျဉ်းချုပ်အားဖြင့် ဗုဒ္ဓဘာသာအရ ရေရှည်တွင် ပျော်ရွှင်မှု၏ အခြေခံ ရင်းမြစ်သည် တဏှာ၊ လောဘ၊ တွယ်တာမှု၊ ငြင်းပယ်မှုနှင့် ဒေါသ စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများ၏ လွှမ်းမိုးမှုအောက်တွင် အပျက်သဘော ပြုမူ၊ ပြောဆို၊ တွေးတောခြင်းတို့မှ ရှောင်ကြဉ်သည့် အလေ့အထများ စုစည်းရန် ဖြစ်ပါသည်။ ယင်းတို့အားလုံးသည် မသိမှုအပေါ်တွင် အခြေတည်ပါသည်။ အဆိုပါ အပြုသဘော အပြုအမူသည် ကျွန်ုပ်တို့ ခံစားကြုံတွေ့သည့်  မည်သည့် အရာဝတ္ထု သို့မဟုတ် အခြေအနေ ဖြစ်စေ ထိုအရာဝတ္ထု သို့မဟုတ် အခြေအနေ သို့မဟုတ် ကျွန်ုပ်တို့ ကြုံတွေ့သော ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတိုင်းအတာ တစ်ခုခု၏ အကောင်း၊ အဆိုး အရည်အသွေးများကို ချဲ့ကားခြင်း၊ ငြင်းပယ်ခြင်း မပြုသည့်အတွက် ထိုအစွမ်းအစများ ရင့်ကျက်လာစေနိုင်ပါသည်။ မသိမှု မရှိခြင်းကြောင့် တွယ်တာမှု၊ ငြင်းပယ်မှု သို့မဟုတ် မထူးခြားမှုတို့ မရှိသောအခါ စိတ်ပျံ့လွင့်မှုနှင့် စိတ်ညစ်ညူးမှုများ မရှိအောင် စိတ်ကိုတည်ငြိမ်စေရန် လိုပါသည်။ စိုးရိမ်မှုနှင့် မျှော်လင့်ချက်များ မရှိအောင် အထူးသဖြင့် စိတ်ကို တည်ငြိမ်စေရပါမည်။ ထိုသို့တည်ကြည်ငြိမ်းချမ်းသော စိတ်အခြေအနေတွင် ကျွန်ုပ်တို့သည် ပျော်ရွှင်မှု အနည်းငယ် ခံစားရပြီး ပို၍ကြီးမားသော ပျော်ရွှင်မှု ခံစားရန် အစွမ်းအစများ ဖြစ်စေနိုင်ပါသည်။

ထို့နောက် အခြားသူများ၏ ပြဿနာများ၊ ၎င်းတို့သည် ကျွန်ုပ်တို့ ပြဿနာများထက် ပိုဆိုးနိုင်ပုံများကို အာရုံပြောင်းလဲ ခြင်းဖြင့် စိတ်ကို ချဲ့ထွင်ပါသည်။ မိမိအတွက်သာ မတွေးတော့ပါ။ အခြားသူအားလုံး သူတို့၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါက အလွန်ကောင်းမည်ဟု လည်းကောင်း၊ ထိုသို့ ဆောင်ရွက်နိုင်အောင် သူတို့ကို ကူညီနိုင်လျှင် အလွန်ကောင်းမည်ဟု လည်းကောင်း တွေးပါသည်။ ဤသို့ အားကောင်းသော ကရုဏာသည် သူတို့ကို ပျော်ရွှင်စေလိုသည့် မေတ္တာ ထားရှိသော ခံစားချက်ကို အလိုလို ဖြစ်ပေါ်စေပါသည်။ သူတို့၏ ပျော်ရွှင်မှုကို တွေးခြင်းဖြင့် ကျွန်ုပ်တို့၏ ပျော်ရွှင်မှုအတွက် အစွမ်းအစများကို ပို၍ပင် ရင့်ကျက်စေပါသည်။

ဤမေတ္တာ၊ ကရုဏာ အတွေးများဖြင့် ဘုရားရှင်များ သို့မဟုတ် လူသားအကျိုးပြုပုဂ္ဂိုလ်ကြီးများ ဆီသို့ မိမိအတွေးကို ပို့လွှတ်နိုင်ပါသည်။ သူတို့၏ နမူနာများကို တွေးခြင်းဖြင့် စိတ်အားထက်သန်မှု (ယင်-ယီး လဘ်၊ သက္ကတဘာသာဖြင့် အဓိဿန) ရရှိကာ အခြားသူများကို ကြိုးစားကူညီရန် တာဝန်အချို့ ယူလာပါသည်။ ထိုအခါ ယင်းတို့ကို မချဲ့ကားဘဲ၊ ကျရှုံးမှုအတွက် မစိုးရိမ်ဘဲ၊ အောင်မြင်မှုကို မမျှော်လင့်ဘဲ အခြားသူများနှင့် မိမိ၏ ပြဿနာများကို ဖြေရှင်းရန် ခွန်အားသတ္တိ ရရှိအောင် ကူညီပါသည်။

Top