ကံအကြောင်းမိတ်ဆက်

သစ္စာလေးပါးအကြောင်း လူတိုင်းနားလည်အောင် ရှင်းပြခြင်း

ဆာလာပါမြို့သို့ တစ်ကြိမ်ထပ်ရောက်ခွင့် ရသည့်အတွက် ဝမ်းမြောက်ပါသည်။ ယခုညနေခင်းတွင် ဟောပြောရန် တောင်းဆိုထားသည့် အကြောင်းအရာမှာ ကံအကြောင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် အချို့အကြောင်းအရာများကို လေ့လာသောအခါ ဘာကြောင့်လေ့လာသည်၊ ထိုအချက်၏ အရေးကြီးပုံ၊ ဗုဒ္ဓဘာသာ အဆက်အစပ် တစ်ခုလုံးအနေနှင့် မည်သို့အံဝင် ခွင်ကျ ဖြစ်သည် စသည်တို့ကို သိရှိရန် အရေးကြီးပါသည်။ ဗုဒ္ဓမြတ်စွာသည် လူတိုင်း၏ ကြုံတွေ့မှု၊ ဘဝတွင် ကြုံတွေ့ရသောအရာ၊ ဆက်လက်ဖြစ်ပျက်နေသောအရာ စသည်တို့အကြောင်း အခြေခံအားဖြင့် ဟောကြားထားပါသည်။ ကျွန်ုပ်တို့အားလုံး၊ လူတိုင်း ကြုံတွေ့ရသည့် အခြေခံအကျဆုံး အချက်ကဘာလဲ။ တစ်ခါတစ်ရံ မပျော်ရွှင်ခြင်း၊ တစ်ခါတစ်ရံ ပျော်ရွှင်ခြင်းလား။ ဤသည်မှာ ဘဝတွင် ကြုံတွေ့ရသောပုံစံ မဟုတ်ဘူးလား။

တစ်ခါတစ်ရံ မပျော်ရွှင်ခြင်း၊ တစ်ခါတစ်ရံ ပျော်ရွှင်ခြင်း ဆိုသည့် အခြေအနေကို လေ့လာဆန်းစစ်သောအခါ ထိုအတွက် ဆက်စပ်နေသော ပြဿနာများစွာ ရှိသည်ကို တွေ့ရှိရပါသည်။ ကျွန်ုပ်တို့ မပျော်ရွှင်သောအခါ ဆင်းရဲဒုက္ခမှန်း သိသာပါသည်။ မည်သူမျှ စိတ်ဆင်းရဲမခံလိုကြဘူး မဟုတ်ပါလား။ သူငယ်ချင်းတစ်ယောက် ခွဲခွာသွားခြင်းကဲ့သို့ မြင်တွေ့သောအရာ၊ မနှစ်သက်ဖွယ် စကားလုံးများကဲ့သို့ ကြားသိသောအရာ မပျော်ရွှင်မှု ဖြစ်နိုင်သလို စိတ်ခံစားချက် အမျိုးမျိုးဖြင့် ကိစ္စ အမျိုးမျိုးကို စဉ်းစားသောအခါတွင်လည်း မပျော်ရွှင်နိုင်ကြပါ။ သို့သော် တစ်ခါတစ်ရံ မပျော်ရွှင်မှုသည် အမှန်တကယ် မြင်ရ၊ ကြားရသောအရာတစ်ခုခု သို့မဟုတ် အနီးအနားတွင် ဖြစ်နေသောအရာများနှင့် ဆက်စပ်မှု မရှိဟု ထင်ရပါသည်။

သို့သော် ပျော်ရွှင်မှုနှင့် ပတ်သက်လျှင်ရော ဘယ်လိုရှိပါသလဲ။ ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ ပျော်ရွှင်ကြသည် မဟုတ်ပါလား။ တစ်ခုခုမြင်ခြင်း၊ ကြားခြင်း၊ ချစ်ခင်သူတစ်ဦးထံမှ ကြားသိခြင်းတို့ကြောင့် ပျော်ရွှင်သလို တစ်ယောက်ယောက်နှင့် အတူရှိခဲ့သော ပျော်စရာအချိန်များ သတိရခြင်းကဲ့သို့ တစ်ခုခုအကြောင်း စဉ်းစားလျှင်လည်း ပျော်ရွှင်ကြပါသည်။ သို့သော် ပိုမိုနက်နဲစွာ လေ့လာကြည့်ပါက ကျွန်ုပ်တို့ ကြုံရသည့် ဤပျော်ရွှင်မှု နှင့်အတူ တွဲနေသော ပြဿနာအချို့ ရှိသည်ကို တွေ့ရပါသည်။ ပထမအချက်မှာ ၎င်းပျော်ရွှင်မှုသည် ရေရှည်မခံပါ။ မည်မျှ ကြာမြင့်မည်ကို မသိနိုင်ပါ။ ထို့ပြင် လုံလောက်ပြီဟူ၍လည်း မရှိပါ။ အစာတစ်ဇွန်းစားပြီး ပျော်ရွှင်နိုင်သော်လည်း ထိုမျှနှင့် မတင်းတိမ်ပါ။ ထပ်ထပ်ပြီး စားချင်လာပါသည်။ တကယ်ကျေနပ်နှစ်သက်ရန် တစ်ခုခုကို မည်မျှစားသုံးရမလဲ ဆိုသည်မှာ တကယ်တော့ အလွန်စိတ်ဝင်စားစရာ မေးခွန်း ဖြစ်ပါသည်။ ထိုအချက်ကို တွေးကြည့်ပါ။ ဤပျော်ရွှင်မှု၏ နောက်ထပ် ချို့ယွင်းချက် အမှားတစ်ခုမှာ နောက်တစ်ကြိမ် ဘယ်တော့လာမလဲ မသိနိုင်ခြင်း ဖြစ်ပါသည်။ နောက်တစ်မိနစ် ကြာလျှင် ဆက်လက် ပျော်ရွှင်နေနိုင်သလို ဝမ်းနည်းချင်လည်း ဝမ်းနည်းနိုင်ပါသည်။ ပြောင်းလဲ သွားနိုင်သည့်အတွက် ဤပျော်ရွှင်မှုတွင် လုံခြုံစိတ်ချရမှု မရှိပါ။

ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုအကြောင်း ဤကဲ့သို့ သိမြင်ဆန်းစစ်မှုမျိုးသည် ဗုဒ္ဓဘာသာတစ်ခုတည်းတွင်သာ ထူးထူးခြားခြား ရှိနေသည်မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ တွေးခေါ်ပညာရှင်ကြီးများစွာက ဤအချက်ကို တွေ့ရှိပြီး သင်ကြားခဲ့ပါသည်။ သို့သော် ဘုရားရှင် ဟောကြားသောအချက်၊ ဘုရားရှင် နားလည်သဘောပေါက်သော အချက်သည် ဆင်းရဲဒုက္ခဆိုသည့် ပိုမိုနက်နဲသော ပြဿနာ ဖြစ်ပါသည်။ နေ့စဉ်ဘဝ၏ အတက်အကျ အခြေအနေ၊ ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုတို့ အတက်အကျ ရှိပုံတို့ကို ဘုရားရှင်က ပို၍လေးနက်စွာ လေ့လာပါသည်။ ထို့ပြင် ထိုသို့ဖြစ်ရသည့် အကြောင်းရင်းကို ဘုရားရှင်၏ သိမြင်မှုမှာ ကျွန်ုပ်တို့ အမြဲတမ်း ကြုံတွေ့နေရသည့်အချက် ဖြစ်ပါသည်။ တစ်နည်းဆိုသော် ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု အတက်အကျများဖြင့် ကျွန်ုပ်တို့ အရာရာကြုံတွေ့ရပုံသည် ထိုမနှစ်သက်ဖွယ် အခြေအနေကို ဆက်ဖြစ်နေစေပါသည်။

ထို့ကြောင့် ဘုရားရှင်သည် အစဉ်မပြတ် ထိုသို့ ဖြစ်နေမှုနှင့် ဤမနှစ်သက်ဖွယ် အခြေအနေကို ဆက်ဖြစ်နေမှု၏ အကြောင်းရင်းကို လေ့လာတွေ့ရှိခဲ့ပါသည်။ ထို့ပြင် ၎င်းသည် အမှန်တရားနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုဖြစ်သည်ဟု မြင်ခဲ့ပါသည်။ တစ်နည်းဆိုရလျှင် ကျွန်ုပ်တို့ တည်ရှိမှု၊ အနီးဝန်းကျင်မှ လူတိုင်းလူတိုင်း၏ တည်ရှိမှု၊ ကမ္ဘာကြီး တည်ရှိမှု တို့နှင့် ပတ်သက်၍ ရှုပ်ထွေးမှု ဖြစ်ပါသည်။

ဤသည်မှာ အခြားသူများ ပြောထားသည့်အချက်နှင့် အတော်လေး ခြားနားပါသည်။ ဥပမာ၊ အချို့က ကျွန်ုပ်တို့ကြုံရသည့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျသည် အခြေခံအားဖြင့် ဆုပေး၊ ဒဏ်ပေးစနစ်ကြောင့်ဟု ဆိုပါသည်။ နိယာမများ လိုက်နာခြင်းနှင့် မလိုက်နာခြင်းကို ဆိုလိုပါသည်။ ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုအတွက် အခြေခံကျသည့် ကိစ္စမှာ ဆရာအများအပြား၏ အဆိုအရ နာခံမှုဟု ဆိုပါသည်။ သို့သော် ဘုရားရှင်က ထိုသို့မဟုတ်ကြောင်း ပြောပါသည်။ တကယ့်အကြောင်းရင်းမှာ ကျွန်ုပ်တို့၏ ရှုပ်ထွေးနေမှုဖြစ်ပြီး နာခံမှု၊ မနာခံမှု မဟုတ်ပါ။ ဘဝနှင့်ပတ်သက်ပြီး ရှုပ်ထွေးနေမှု ဖြစ်ပါသည်။ ထို့နောက် ဘုရားရှင်က ထိုရှုပ်ထွေးမှုသည် ဘဝ၏၊ ကျွန်ုပ်တို့ ကြုံတွေ့နေရမှု၏ တစ်သားတည်း မရှိမဖြစ် အစိတ်အပိုင်း မဟုတ်ကြောင်း ဆက်လက်ဟောကြားပါသည်။ ၎င်းသည် ရှိကိုရှိနေရန် မလိုဘဲ ဖယ်ရှား၍ ရနိုင်ကြောင်း၊ လုံးဝပြန်ပေါ်မလာအောင် အပြီးတိုင် ဖယ်ရှားနိုင်ကြောင်း ဆိုပါသည်။ ထို့နောက် ထိုသို့ဆောင်ရွက်ရန် လက်တွေ့နည်းလမ်းမှာ ကျွန်ုပ်တို့၏ ကြုံတွေ့မှုနည်းလမ်းကို ပြောင်းလဲရန် ဖြစ်သည်ဟု ဟောကြားထားပါသည်။

ထိုသို့ရှုပ်ထွေးမှုကို ဖယ်ရှားခြင်းမှာ တစ်စုံတစ်ယောက်က မိမိအတွက် ဖယ်ရှားပေးခိုင်း၍ ရသည့်ကိစ္စ မဟုတ်ပါ။ သို့သော် အမှန်တရားအပေါ် မိမိ၏ သဘောထား၊ မိမိ၏ နားလည်မှုတို့ကို ပြောင်းလဲရန် အဓိကကျပါသည်။ မသိနားမလည်မှုကို နားလည်သဘောပေါက်မှုဖြင့် အစားထိုးနိုင်ပါက ဤနားလည်မှုကို အမြဲထားနိုင်ပါက ဤသို့ အမြဲတမ်း ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျများ မရှိတော့သည်ကို တွေ့လာပါသည်။ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျကိုလည်း ဆက်မဖြစ်စေတော့ပါ။ ထို့ကြောင့် ဤအချက်သည် နေ့စဉ်သုံး ဘာသာစကားဖြင့် နားလည်အောင် ပြောထားသည့် ဘုရားရှင်၏ အလွန်အခြေခံကျသော တရားဖြစ်ပါသည်။

ကံဆိုသည်မှာ အပြုအမူဆိုင်ရာ အကြောင်းအကျိုးနှင့် သက်ဆိုင်ပါသည်

ကံအကြောင်း ပြောသောအခါ ကံဆိုသည်မှာ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုများ အတက်အကျဖြစ်သည်ကို ကျွန်ုပ်တို့ ကြုံတွေ့ရပုံနှင့် ကြုံတွေ့ရသည် အကြောင်းရင်းကို အခြေခံကျကျ ရှင်းပြချက် ဖြစ်ပါသည်။ ကံဆိုသည်မှာ ထိုအချက်ပင် ဖြစ်ပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုက ဤသို့ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုများ၊ နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ် အတွေ့အကြုံများကို အတက်အကျဖြစ်အောင် မည်ကဲ့သို့ ထုတ်လုပ်လိုက်ပါသနည်း။ တစ်နည်းဆိုသော် အကြောင်းနှင့် အကျိုးနှင့် သက်ဆိုင်ပါသည်။ ဤနေရာတွင် အကြောင်းနှင့် အကျိုးဆိုသည်မှာ အလွန်ရှုပ်ထွေးသော အကြောင်းရပ် ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာ ဟောကြားချက်အရ ပထမဆုံး ရေတစ်စက်ဖြင့် ရေတစ်ပုံး မပြည့်ပါ။ နောက်ဆုံး ရေတစ်စက်ဖြင့်လည်း ရေပုံးပြည့်မလာပါ။ ရေစက်အားလုံး စုပေါင်းခြင်းဖြင့်သာ ပြည့်လာပါသည်။ ထိုနည်းတူစွာ ဘဝတွင် ကျွန်ုပ်တို့ ကြုံတွေ့ရမှုသည် အကြောင်းတရား တစ်ခုတည်း၏ ရလဒ် မဟုတ်ပါ။ ယခုမတိုင်မီ အခိုက်အတန့်က ဖြစ်စေ၊ နှစ်ပေါင်းများစွာက ဖြစ်စေ ပြုလုပ်ခဲ့သော ကိစ္စတစ်ခုမျှနှင့် အကြောင်းရင်း မဟုတ်ပါ။ အကြောင်းရင်း ဖြစ်စေသော အချက်များနှင့် အခြေအနေများ အလွန်များပြားသည့် ရလဒ်ကြောင့် ဖြစ်ပါသည်။

ဤသည်မှာ သိပ္ပံနည်းကျ ရှုထောင့်အရလည်း အတော်လေး ကိုက်ညီမှု ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် အဖြစ်အပျက်များက သီးသန့် ဖြစ်ခြင်း မဟုတ်ကြောင်း၊ တကယ်တော့ အရာရာသည် အပြန်အလှန် ဆက်စပ်နေကြောင်း ပြောနေခြင်း ဖြစ်ပါသည်။ အလွန်ရိုးရှင်းသော နမူနာတစ်ခုကို ကြည့်လျှင် စပိန်လူမျိုးများက အမေရိကတိုက်သို့ လာရောက်ခဲ့ခြင်း မရှိပါက ကျွန်ုပ်တို့အားလုံးသည် ဤအခန်းထဲတွင် ဤဟောပြောမှုကို နားထောင်နိုင်မည် မဟုတ်ပါ။ ဤသည်မှာ ကျွန်ုပ်တို့ ဤနေရာတွင် ရှိနေရသည့် အကြောင်းတစ်ရပ် ဖြစ်ပါသည်။ ထို့အတူ ကျွန်ုပ်တို့ လက်ရှိ သို့မဟုတ် မည်သည့်အချိန်၌မဆို ကြုံတွေ့ရသောအရာကို ဖြစ်ပေါ်စေသည့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အကြောင်းတရားများစွာ ရှိနေပါသည်။

သို့ရာတွင် ကံဆိုသည်မှာ မိမိ၏စိတ်နှင့် သီးသန့် ဆက်စပ်နေသည့် အကြောင်းတရားများကို ရှင်းပြထားပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသောအရာကို ဖြစ်ပေါ်စေသည့် အခြားအကြောင်းရင်း များစွာလည်း ရှိပါသည်။ ဥပမာ၊ ရုပ်ပိုင်းဆိုင်ရာ အကြောင်းများ၊ ရာသီဥတု စသည်တို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသော အရာများစွာသည် မိမိစိတ်မှ ပေါ်ထွက်လာသည်သာမက အခြားသူများ၏ စိတ်မှလည်း ပေါ်ထွက်လာပါသည်။ ကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသည့် မူဝါဒအမျိုးမျိုးကို ဆုံးဖြတ်ရသည့် နိုင်ငံရေးသမားများကို ကြည့်မည် ဆိုလျှင် ယင်းတို့သည် ရှုပ်ထွေးမှု အချို့နှင့် ရောစပ်နေနိုင်သည် မဟုတ်ပါလား။

ကံဆိုသည်မှာ ယုံကြည်မှုအကြောင်း မဟုတ်သလို ဦးတည်သတ်မှတ်ချက်၊ ကြိုတင်သတ်မှတ်ချက် စသည်တို့အကြောင်းလည်း မဟုတ်ပါ။ ကျွန်ုပ်တို့က အရာရာကို ကြုံတွေ့ပုံ၊ ဘဝတွင် ကျွန်ုပ်တို့ ကြုံတွေ့ရသောအရာကို ကျွန်ုပ်တို့၏ သဘောထားများက သက်ရောက်ပုံတို့အကြောင်း ပြောနေခြင်း ဖြစ်ပါသည်။ ကံ ဆိုသည့်စကားလုံးကို အထွေထွေ အဓိပ္ပာယ်များစွာဖြင့် အသုံးပြုနေပြီး အပြုအမူဆိုင်ရာ အကြောင်းအကျိုးနှင့် ဆိုင်သော အရာအားလုံးကို ရည်ညွှန်းကြပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ အပြုအမူနှင့် သဘောထားများမှ ပေါ်ထွက်လာသော အကြောင်း အကျိုး ဆက်စပ်မှု ဖြစ်ပါသည်။ ‘‘ကံ’’ ဆိုရာတွင် အပြုအမူဆိုင်ရာ အကြောင်းအကျိုးဆိုသည့် ကိစ္စ တစ်ခုလုံးကို ယေဘုယျ ပြောနိုင်သလို ထိုဖြစ်စဉ်ကြီး တစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုကို သီးသန့်လည်း ရည်ညွှန်းနိုင်ပါသည်။ ထို့ကြောင့် ကံ၏လုပ်ဆောင်ပုံကို နားလည်လိုပါက ပိုပြီးအသေးစိတ် တိကျစွာကြည့်ရပါမည်။

ကံအကြောင်း ရှင်းပြထားသည့် စနစ်အမျိုးမျိုး

ဗုဒ္ဓဘာသာတွင် ပိုပြီးတိတိကျကျ ရှင်းပြချက်များကို စတင်လေ့လာသောအခါ ရှင်းလင်းချက် တစ်ခုတည်းရှိနေခြင်း မဟုတ်ကြောင်း လျင်မြန်စွာတွေ့ရှိလာပါသည်။ အချို့သော အနောက်တိုင်းသားများက ထိုအချက်ကို သဘော သိပ်မတွေ့ကြပါ။ သို့သော် ကျွန်ုပ်တို့မှာ ပြဿနာ သို့မဟုတ် အခြေအနေတစ်ခု ရှိလာပါက မိမိ၏ရှုထောင့်ပေါ်မူတည်ပြီး နည်းအမျိုးမျိုးဖြင့် ရှင်းပြနိုင်ပါသည်။ အနောက်တိုင်း၌ ထိုသို့ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လူမှုရေးရှုထောင့်၊ စိတ်ပညာရှုထောင့်၊ စီးပွားရေးရှုထောင့်တို့မှ ရှင်းပြနိုင်ပါသည်။ ထိုအချက်က အံ့ဩစရာမဟုတ်ပါ။ ထို့ပြင် ဖြစ်ပျက်နေသောအရာကို ထိုသို့ရှင်းပြနည်းတိုင်းသည် တွေးခေါ်မှုစနစ်တစ်ခုအပေါ်၌ အခြေခံထားပါသည်။ စိတ်ပညာစနစ်၊ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် စသည်ဖြင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင်လည်း ထိုသဘောအတိုင်း ရှိနေသောကြောင့် ကံ၏ဆောင်ရွက်ပုံအတွက် ဒဿန သဘောတရား စနစ်များစွာ၏ ရှင်းပြချက်အမျိုးမျိုးကို တွေ့ရပါမည်။ အနောက်တိုင်းတွင်လည်း စိတ်ပညာကဲ့သို့ ဘာသာရပ်တစ်ခုအတွင်းမှာပင် ထိုသို့ရှိနေပါသည်။ ဖရောက်ဒ်၏ စိတ်ပညာရှုထောင့်မှ ရှင်းပြချက်၊ ယူငီယန်၏ စိတ်ပညာရှုထောင့်မှ ရှင်းပြချက်တို့ ရှိနိုင်ပါသည်။ ဆိုရှယ်လစ်နည်းအရ၊ အရင်းရှင်နည်းအရ တစ်ခုခုကို ရှင်းပြနိုင်ပါသည်။ ဗုဒ္ဓဘာသာတွင်လည်း ထိုသို့တွေ့ရှိရပြီး စနစ်အမျိုးမျိုးကို လေ့လာရသည်မှာ အမှန်တကယ် အထောက်အကူ ပြုပါသည်။ အကြောင်းမှာ ကံ၏လုပ်ဆောင်ပုံ အကြောင်း အတွေးအမြင်အမျိုးမျိုး ရရှိစေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ထိုစနစ်များ အကြောင်း အသေးစိတ် လေ့လာရန် မလိုသော်လည်း စနစ်များစွာ ရှိသည်ကို သတိပြုမိပါက အကျိုးမယုတ်ပါ။

ဆိုလိုသည်မှာ ကျွန်ုပ်တို့ ကြုံတွေ့ရသောအရာနှင့် ပတ်သက်သော အကြောင်းများကို ရှင်းပြရာတွင် အနောက်တိုင်း စနစ်များလည်း ရှိနိုင်သည်ဟု သိသာထင်ရှားစွာ ဆိုလိုပါသည်။ ထိုအချက်က ကံနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ ပြောနေသောအချက်နှင့် ကွဲလွဲစရာ မလိုပါ။

စိတ်၏ စေ့ဆော်မှုဖြစ်သော ကံ

ကံဆိုသည်မှာ သီးခြားအရာ၊ သီးခြားကိစ္စအနေနှင့် ညွှန်းဆိုရပါက၊ ရှင်းပြချက်စနစ်တစ်ခုအတိုင်း လိုက်နာပါက ကံဟူသည် စိတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ‘‘စိတ်၏ အစိတ်အပိုင်း’’ ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ။ စိတ်၏ အစိတ်အပိုင်း ဆိုသည်မှာ တစ်ခုခုကို သတိပြုမိသည့်နည်းလမ်း ဖြစ်ပါသည်။ နမူနာ ကြည့်ကြပါစို့။ တစ်ယောက်ယောက်ကို တွေ့ပြီး သူတို့ဆီ လမ်းလျှောက်သွားသည်။ ထိုအတွေ့အကြုံတွင် စိတ်၏ အစိတ်အပိုင်းများစွာ ပါဝင်နေပါသည်။ ဤသည်မှာ ထိုသူကို သတိပြုမိပုံနှင့် ပတ်သက်သော အစိတ်အပိုင်းအမျိုးမျိုး ဖြစ်ပါသည်။ အချို့မှာ ထိုသူကို အခြားသူ တစ်ယောက် သို့မဟုတ် နံရံတစ်ခုနှင့် ခွဲခြားသိရှိခြင်းကဲ့သို့ အလွန်အခြေခံကျပါသည်။ ထိုသူကို မြင်တွေ့မှုနှင့်အတူ ၎င်းကို သတိပြုမိသော စိတ်ဝင်စားမှု ဖြစ်ပါသည်။ စူးစိုက်မှုလည်း ပါဝင်ပါသည်။ စိတ်ခံစားချက် အမျိုးမျိုးလည်း ပါဝင်နိုင်ပါသည်။ ယင်းတို့အားလုံးသည် စိတ်၏ အစိတ်အပိုင်းများ ဖြစ်ပြီး ထိုသူကိုမြင်တွေ့ကာ သူ့ထံသို့ လမ်းလျှောက်သွားသည့် အခိုက်အတန့်တွင် အားလုံးအတူတကွ ဆက်စပ်နေပါသည်။

ကံဆိုသည်မှာ စိတ်၏ မည်သည့် အစိတ်အပိုင်း ဖြစ်ပါသနည်း။ ကံဆိုသည်မှာ ထိုပုဂ္ဂိုလ်ထံသို့ ကျွန်ုပ်တို့ကို ဆွဲဆောင်သော စိတ်၏အစိတ်အပိုင်း ဖြစ်သည်။ ထိုသူကို မြင်တွေ့ကာ သူ့ထံသို့ သွားရောက်ခြင်းနှင့်အတူ ပါလာသော စေ့ဆော်မှု ဖြစ်သည်။ ထို့ကြောင့်လည်း အချို့သီအိုရီများတွင် ကံသည် ရုပ်ပိုင်းဆိုင်ရာ အားတစ်ခုနီးပါး ဆင်တူကြောင်း ရှင်းပြထားပါသည်။ ရည်ရွယ်ချက်ကဲ့သို့ အခြားသော စိတ်၏အစိတ်အပိုင်းများလည်း ပါဝင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ထိုသူနှင့် မည်သည့်ရည်ရွယ်ချက် ရှိထားပါသလဲ။ သူတို့ကို ပွေ့ဖက်မလား သို့မဟုတ် မျက်နှာကို လက်သီးနှင့် ထိုးပစ်ချင်သလား။ ပါဝင်နေသည့် အခြားအချက်များစွာ ရှိနေသော်လည်း ကံ ဆိုသည်မှာ ထိုသူကို မြင်တွေကာ သူ့ထံသို့ သွားရောက်စဉ် ပွေ့ဖက်ခြင်း သို့မဟုတ် လက်သီးဖြင့်ထိုးခြင်း စသည့် ဆောင်ရွက်ချက်ဖြစ်အောင် စိတ်၏စေ့ဆော်မှု ဖြစ်ပါသည်။ ထို့ပြင် စိတ်၏ စေ့ဆော်မှုသည် ပွေ့ဖက်ခြင်း သို့မဟုတ် လက်သီးဖြင့်ထိုးခြင်းကဲ့သို့ ကာယ ဆောင်ရွက်ချက် မျှသာ မဟုတ်သည်ကို သတိပြုပါ။ တစ်ခုခုအကြောင်း တွေးတောခြင်းကဲ့သို့ တွန်းအားပေးသည့် စိတ်၏ စေ့ဆော်မှုလည်း ရှိနေနိုင်ပါသည်။ ကိုယ်ထိလက်ရောက် ပြောဆို ဆောင်ရွက်လိုက်မှသာ မဟုတ်ပါ။ တစ်ခုခု တွေးနေခြင်း၊ တစ်ခုခု ပြောနေခြင်း၊ တစ်ခုခု ကိုယ်ထိလက်ရောက် ပြုမူခြင်း အားလုံးသည် စိတ်၏ စေ့ဆော်မှု တစ်ခုခု ပါဝင်ပတ်သက်နေပါသည်။

ကံမြောက်သော အပြုအမူ၏ အကျိုးသက်ရောက်မှုများ

ဗုဒ္ဓဘာသာသည် သိပ္ပံပညာလိုပင် အကြောင်းအကျိုးနှင့် ပတ်သက်၍ များစွာဟောကြား ထားပါသည်။ ထို့ကြောင့် စေ့ဆော်မှု ကံ က ဆွဲဆောင်ပါက ကာယကံ၊ ဝစီကံ၊ မနောကံများ ပြုမိကာ အကျိုးရလဒ် ပေါ်ထွက်လာပါလိမ့်မည်။ ကံသည် အခြားသူများအပေါ် မိမိအပြုအမူ၏ သက်ရောက်မှုအကြောင်း များစွာ မပြောထားပါ။ သို့သော် အခြားသူများအပေါ်တွင် သက်ရောက်မှုရှိသည်မှာ မှန်ပါသည်။ ထို့ကြောင့်လည်း အခြားသူများအပေါ် ကျွန်ုပ်တို့ ပြုလုပ်သည့် အကျိုးဆက်သည် သူတို့နှင့်သာ အဓိကသက်ဆိုင်ပါသည်။ သူတို့ကို ကျွန်ုပ်တို့ ပြုမူလိုက်သည့် အကျိုးဆက် အချို့မှာ ရုပ်ပိုင်းဆိုင်ရာ အချက်များ ဖြစ်ပါသည်။ ဥပမာ၊ သင်တစ်ယောက်ယောက်ကို ရိုက်နှက်ပါက အရေပြား ဖူးယောင်လာခြင်းမျိုး ဖြစ်သည်။ ဤသည်မှာ ကာယ အကြောင်းအကျိုး ဖြစ်သည်။ ကံနှင့်ပတ်သက်၍ ထိုအချက်ကို မပြောပါ။ သို့သော် ကျွန်ုပ်တို့၏ ပြုမူ၊ ပြောဆိုမှုက တစ်ဖက်လူအပေါ် သက်ရောက်မှုသည် သူတို့အပေါ်တွင် မူတည်သည် မဟုတ်ပါလား။ ကျွန်ုပ်တို့သည် တစ်ယောက်ယောက်ကို အလွန်ရက်စက်စွာ ပြောလိုက်ပါက သူတို့ရင်ထဲတွင် နာကျင်ခံစားရနိုင်သည်။ အလွန်ဝမ်းနည်းသွားနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် လုံးဝမိုက်မဲတုံးအသူ ဖြစ်သည်ဟုလည်း တွေးနိုင်ပြီး ကျွန်ုပ်တို့ကို ယုံကြည်ခြင်းမရှိဘဲ အလေးအနက်လည်း မထားဘဲ ဖြစ်နိုင်ပါသည်။ သို့မဟုတ် ကျွန်ုပ်တို့ ပြောသည်ကို မကြားခြင်း၊ လွဲမှားစွာ ကြားခြင်းလည်း ဖြစ်နိုင်ပါသည်။ ဥပမာ၊ သူတို့စိတ်တွင် အခြားတစ်ခုခု လွှမ်းမိုးနေနိုင်ပါသည်။ ထို့ကြောင့် ထိုသူကိုစိတ်နာကျင်စေလိုသည့် ဆိုးရွားသော ရည်ရွယ်ချက် ရှိခဲ့လျှင်ပင် ထိုသို့ ဖြစ်မည်ဟု အာမခံနိုင်ခြင်း မရှိပါ။ သို့သော် ကျွန်ုပ်တို့သည် မည်သူ့ကိုမဆို နာကျင်အောင်မလုပ်ရန် ဗုဒ္ဓဘာသာက သိသာထင်ရှားစွာ ဟောကြားထားပါသည်။ ဤနေရာတွင် ကံအကြောင်း မပါဝင်ပါ။

တစ်ခုခုအတွက် ကံအကျိုးဆက်အကြောင်း ပြောသောအခါ ဤစေ့ဆော်မှု၊ စိတ်လိုက်မာန်ပါ၊ ကံမြောက်သောစိတ်ဖြင့် ပြုမူသည့် အကျိုးဆက်ကြောင့် ကျွန်ုပ်တို့လည်း ကြုံတွေ့ရမည်မှာ ထိုကံ၏ အကျိုးဆက် ဖြစ်ပါသည်။

ကျွန်ုပ်တို့ထံတွင်ရော မည်သည့်အကျိုးဆက်များ ဖြစ်လာပါသလဲ။ အကျိုးဆက်တစ်ခုမှာ ကျွန်ုပ်တို့သည် တစ်နည်းနည်းဖြင့် တွေးတော၊ ပြုမူ၊ ပြောဆိုအောင် မိမိကိုယ်ကို ဖန်တီးလိုက်သည့်အတွက် ထိုပြုမူပုံအတိုင်း ထပ်မံဆောင်ရွက်မိလာပါသည်။ ဤသည်မှာ အနောက်တိုင်း သိပ္ပံပညာက ပြောသည်နှင့်ဆင်တူပါသည်။ ထိုသို့ ထပ်မံ၍ ဆောင်ရွက်လိုစိတ်သာမက ထိုဆောင်ရွက်ချက်ကို ထပ်မံဆောင်ရွက်နိုင်ခြေ ကြောင့်ပါ ဖြစ်နိုင်ခြေနှင့် ဖြစ်လိုစိတ်တို့အကြား ခွဲခြားထားပါသည်။ သို့သော်လည်း ထိုအတွက် အသေးစိတ် လေ့လာစရာ မလိုပါ။ ထိုအကျိုးဆက်ကြောင့် ထိုဆောင်ရွက်ချက်ကို အထပ်ထပ် ဆောင်ရွက်မိပါလိမ့်မည်။

၎င်းက ထုတ်လုပ်လိုက်သောအရာသည် ဖြစ်နိုင်ခြေလား။ ဖြစ်လိုစိတ်လား။ ဖြစ်လိုစိတ်သည် ခံစားချက် ဖြစ်စေပါသည်။ ဥပမာ၊ သင့်ထံသို့လာပြီး ပွေ့ဖက်လိုသည့် ခံစားချက် သို့မဟုတ် သင့်ဆီလာပြီး မကောင်းတာတစ်ခုခု ပြောလိုသည့် ခံစားချက် ဖြစ်ပါသည်။ ထို့နောက် ထိုသို့ဆောင်ရွက်လိုသောအခါ လုပ်မလား၊ မလုပ်ဘူးလား ဆိုသည့် ရွေးချယ်မှု ရှိပါသည်။ ဤအချက်က အလွန်အရေးကြီးပါသည်။ လုပ်ချင်စိတ် ရှိသောအရာကို အမှန်တကယ် လုပ်မလား၊ မလုပ်ဘူးလား ရွေးချယ်စရာရှိသည်ကို သဘောပေါက်ရန် လိုပါသည်။ သို့သော် ထိုသို့လုပ်ဆောင်မည်ဟု ဆုံးဖြတ်ပါက သို့မဟုတ် လုပ်မလား၊ မလုပ်ဘူးလား စဉ်းတောင်မစဉ်းစားပါက ထိုသို့ လုပ်လိုက်ပါသည်။ နောက်တစ်ဆင့်မှာ ကံနှင့် သက်ဆိုင်လာပါသည်။ ကံ ဟူသည် စေ့ဆော်မှု၊ တိုက်တွန်းမှု၊ တွန်းပို့မှု ဖြစ်ပြီး ထိုစိတ်ဖြင့် ကျွန်ုပ်တို့ အမှန်တကယ် ပြုမူပါတော့သည်။

ထို့နောက် ထိုဖြစ်လိုစိတ်များမှ ရင့်ကျက်လာသော အခြားအရာများစွာ ရှိပါသည်။ တစ်ခုမှာ ကျွန်ုပ်တို့ ကြုံတွေ့ရသောအရာ၏ အကြောင်းရပ် ဖြစ်သည်။ ‘‘အကြောင်းရပ်’’ ဆိုသည်မှာ စကားလုံး ကြီးသွားပါသည်။ ပိုပြီး အသေးစိတ်ဖြစ်ရမည်ဟု ယူဆမိပါသည်။ ဥပမာ၊ ဤနေရာတွင် ပုဂ္ဂိုလ်နှင့် တွေ့ဆုံခြင်းဖြစ်ပြီး ထို ပုဂ္ဂိုလ်နှင့် တွေ့ဆုံခြင်း မဟုတ်ပါ။ လူတို့က ကျွန်ုပ်တို့အပေါ် ပြုမူပုံနှင့်လည်း ဆိုင်ပါသည်။ ပိုပြီး တိကျရန်အတွက် မည်သို့ ပြောဆိုသည်ကို အတော်လေး သတိထားရပါမည်။ ကျွန်ုပ်တို့၏ ကံသည် တစ်ဖက်လူက ကျွန်ုပ်တို့အား အော်ဟစ်အောင် မပြုလုပ်ပါစေနှင့်။ သူတို့က အခြားသူများကို အော်ဟစ်လိုစိတ် ရှိသည့်အတွက် အော်ဟစ်ကြပါသည်။ သို့သော် အခြားသူများက ကျွန်ုပ်တို့အား အော်ငေါက်သည်ကို ကြုံတွေ့ရသည်မှာ ကျွန်ုပ်တို့၏ ကံ တွင် တာဝန်ရှိပါသည်။

ဤအချက်ကို နားလည်ဖို့ မလွယ်သည်မှာ မှန်သော်လည်း နားလည်စေနိုင်မည့် နည်းလမ်းတစ်ခုမှာ ဥပမာဖြင့် ကြည့်ရမည်ဟု ထင်ပါသည်။ ကလေးတစ်ယောက် အနှီးပတ်ထားပြီး အနှီးထဲတွင် အညစ်အကြေး စွန့်ပါက ထိုကလေးသည် အညစ်အကြေးနှင့် နေရပါမည်။ သူစွန့်သော အညစ်အကြေးဖြင့် နေထိုင်ရပါသည်။ တစ်ယောက်ယောက်က ကလေးအနှီး လဲပေးခြင်း ရှိမ၊ မရှိ ဆိုသည့်အချက်ကို ဘေးဖယ်ထားကြပါစို့။ ဤနေရာတွင် အရေးကြီးသည်မှာ သင်က အညစ်အကြေး စွန့်သည်။ ၎င်းကို သင်ကြုံတွေ့ရပါသည်။ ဘဝတွင် ကျွန်ုပ်တို့ အညစ်အကြေး စွန့်ပြီးနောက် ဘဝက ဆက်သွားပါသည်။ အညစ်အကြေးများ ပိုပိုများလာသည်။ အခြေခံအားဖြင့် ထိုနည်းအတိုင်း ဖြစ်ပါသည်။ ပိုပြီးအတိအကျ ပြောရလျှင် အခြားသူများကို နည်းလမ်းတစ်ခုခုဖြင့် ပြုမူရာ ထိုသူတို့က အလားတူနည်းဖြင့် ကျွန်ုပ်တို့ကို ပြန်လည် ပြုမူပါသည်။ သို့သော် ဤနေရာတွင် ကံနှင့်ပတ်သက်သည့် နောက်ထပ် အလွန်အရေးကြီးသော စည်းမျဉ်းတစ်ခုမှာ ချက်ချင်း အကျိုးမပေးပါ။ တစ်ယောက်ယောက်ကို အလွန်ညင်သာနူးညံ့စွာ စကားပြောလိုက်ပါက သူတို့သည် အလွန်စိတ်ဆိုးနေပြီး ဒေါသဖြင့် ပြန်အော်နိုင်ပါသေးသည်။

ထို့ကြောင့်လည်း ကံအကြောင်း အမှန်တကယ် နားလည်ရန်အတွက် ပြန်လည်မွေးဖွားမှုအကြောင်း အပြည့်အစုံ ဆွေးနွေးရန် လိုလာပါသည်။ အကျိုးဆက်တစ်ခု ဖြစ်ပေါ်ရန် အချိန်အလွန်အမင်း ကြာမြင့်တတ်ကြောင်း၊ ယခုဘဝတွင် အကျိုးသက်ရောက်မှု မပေါ်ထွက်နိုင်ကြောင်း သိရှိရန် လိုပါသည်။ တကယ်တော့ များသောအားဖြင့် အကျိုးမဖြစ်ပေါ်ပါ။ ထိုအချက်က အနောက်တိုင်းသားများ လက်ခံရန် အတော်မလွယ်ပါ။ အချို့လူများအတွက် ဗုဒ္ဓဘာသာက ‘‘ယခုဘဝ ကောင်းအောင်နေ။ နောင်ဘဝမှာ ကောင်းကင်ဘုံ ရောက်လိမ့်မယ်။ ဆိုးခဲ့ရင်တော့ နောင်ဘဝမှာ ငရဲကျလိမ့်မယ်’’ ဟုဆိုနေသလို ထင်ကုန်ပါသည်။

ဤအချက်ကို အသေအချာ လေ့လာရပါမည်။ ဗုဒ္ဓဘာသာက ထိုသို့ဆိုထားသလား။ အခြားတစ်နည်းဖြင့် ဆိုထားသလား။ ဤသည်မှာ အလွန်လွယ်ကူသော အကြောင်းရပ် မဟုတ်ပါ။ ရှုပ်ထွေးပါသည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းအကျိုးကို အမှန်တကယ် နားလည်ရန်အတွက် ပြန်လည်မွေးဖွားမှုကို နားလည်ရန် လိုပါသည်။ ဗုဒ္ဓဘာသာမဟုတ်သော ပြန်လည်မွေးဖွားမှု အယူအဆ မဟုတ်ပါ။ ဗုဒ္ဓဘာသာမှ အယူအဆကို ဆိုလိုပါသည်။ ကံအကြောင်း ဖန်တီးသူက မည်သူဖြစ်ပြီး ကံအကျိုး ကြုံတွေ့ရသူက မည်သူဖြစ်ပါသလဲ။ ဆုပေး၊ ဒဏ်ပေး ခံရနိုင်သည့် ‘‘ငါ’’ ဆိုသောအရာ ရှိပါသလား။

သို့သော် ပြန်လည်မွေးဖွားမှုနှင့် ၎င်းကို ကြုံတွေ့ရသူတို့အကြောင်း ဖယ်ထားလိုက်ပါက အစတွင် ပြောခဲ့သလိုပင် ဗုဒ္ဓဘာသာသည် နိယာမကို နာခံမှုတွင် အခြေခံသည့် ဆုပေး၊ ဒဏ်ပေးစနစ်အကြောင်း မပြောထားပါ။ ဗုဒ္ဓဘာသာသည် ဤဘဝသည် စမ်းသပ်မှုတစ်ခု ဖြစ်ပြီး စမ်းသပ်မှု ရလဒ်ကို နောင်ဘဝတွင် ရရှိမည်ဟု မဆိုထားပါ။ အကျိုးဆက်များ ပေါ်ထွက်ရန် အချိန်အလွန်ကြာမြင့်သည်ဟုသာ ပြောထားပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်လျှင် ထိုသို့မြင်နိုင်ပါသည်။ တစ်နည်းနည်းဖြင့် ပြုမူသောအခါ မိမိဘဝသက်တမ်းမှာပင် အကျိုးသက်ရောက်မှုအချို့ ပေါ်ထွက်လာပါသည်။ ထိုမျှသာမက နောင်မျိုးဆက်များ၏ သက်တမ်းတွင် အလွန်များပြားလှသော အကျိုးသက်ရောက်မှုများ ပေါ်ထွက်စေပါမည်။ ထိုအတိုင်း ခပ်ဆင်ဆင် တူပါသည်။

ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု

ကံ အကျိုးပေးချိန် တန်လာခြင်း၊ တစ်နည်းဆိုသော် ထိုကံမြောက်သော အမှုများမှ ရလဒ် ပေါ်ထွက်လာခြင်းနှင့် ပတ်သက်သော လုံးဝခြားနားချက်မှာ ဤဟောပြောမှုအစတွင် ပြောခဲ့သည့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့နှင့် ဆိုင်ပါသည်။ အချို့သော အပြုအမူများ အထပ်ထပ် လုပ်ဆောင်ခြင်းဖြင့် မိမိတွင် အချို့အရာများ ဖြစ်လာသည်ကို ကြုံတွေ့ရပါသည်။ လူတို့က မိမိကို အချို့သော အပြုအမူများဖြင့် ပြုမူလာခြင်း သို့မဟုတ် တောင်စောင်းမှ ကျောက်တုံးကြီး ခေါင်းပေါ်သို့ ပြုတ်ကျလာခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုအရာများကို ကျွန်ုပ်တို့သည် ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ဖြင့် ကြုံတွေ့ရသည်။ ထိုသို့ တွေးကြည့်လိုက်ပါ။ အချို့လူများက ပိုးဟပ်တစ်ကောင် တက်နင်းမိသောအခါ ဒီလိုဆိုးရွားတဲ့အကောင်ကို မိပြီဟု အလွန် ပျော်ရွှင်ပါသည်။ အချို့ကမူ ပိုးဟပ်ကို တက်နင်းမိသောအခါ စိတ်ပျက်သွားပြီး မပျော်မရွှင် ဖြစ်ပါသည်။ အချို့မှာ တစ်ယောက်ယောက် လာရိုက်ခြင်း သို့မဟုတ် လာအော်ဟစ်ခြင်းတို့ ကြုံရပါက အလွန်မပျော်မရွှင်ဖြစ်ပြီး ဝမ်းနည်းပါသည်။ အချို့ကမူ ‘‘မှန်ပါတယ်။ ငါဟာ အပြစ်သားပဲ။ ငါကမကောင်းဘူး။ ဆိုးတယ်။ ငါ့ကို အော်တာ၊ ရိုက်တာနဲ့ ထိုက်တန်ပါတယ်’’ ဟု ပျော်ရွှင်မိပါသည်။

မက္ကဆီကိုမှ လာသည့် ဆိုရိုးစကားတစ်ခုလား။ တစ်ယောက်ယောက်က ဇာတ်လမ်းလုပ်ပြီး ပြောသလား မသေချာပါ။ ‘‘ငါ၏ခင်ပွန်း ငါ့အားရိုက်ပါက သူတကယ်ချစ်လို့ ဖြစ်ပါတယ်။ သူမရိုက်ပါက သူကဂရုမစိုက်လို့ ဖြစ်ပါတယ်’’ ဟု ဆိုထားပါသည်။

ဤသို့ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုသည် ခြားနားသည့်အမြင်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ အမြင်တစ်ခုအရ ကျွန်ုပ်တို့ စိတ်လိုက်မာန်ပါ အဖန်ဖန်အကျင့်ဖြစ်ပြီး ဆောင်ရွက်မိခြင်း၊ ကြုံတွေ့ရခြင်း၊ အဖြစ်အပျက်များ ပေါ်လာခြင်း ဖြစ်သည်။ အခြား အမြင်တစ်ခုမှာ ယင်းကို ကျွန်ုပ်တို့သည် ပျော်ရွှင်မှု၊ မပျော်ရွှင်မှုဖြင့် အမှန်တကယ် ကြုံတွေ့ရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသော ထိုကိစ္စများ၊ ထိုအမြင်နှစ်မျိုးသည် အတိတ်က ကံမြောက်သော လုပ်ဆောင်ချက်များ ရင့်မှည့်လာခြင်း ဖြစ်ပါသည်။ သို့သော် တူညီမှုတော့ မရှိပါ။ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုဆိုသည့် အမြင်ဖြင့် ကြည့်ပါက အလွန်ယေဘုယျကျသောအမြင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အပျက်သဘော ပြုမူသလား၊ အပြုသဘော ပြုမူသလား ဆိုသည့်အချက်မှ လာပါသည်။ အပျက်သဘော ပြုမူပါက မပျော်ရွှင်မှု ကြုံရပါမည်။ အပြုသဘော ပြုမူပါက ထိုအတွက် ရလဒ်မှာ ပျော်ရွှင်မှု ဖြစ်ပါသည်။

အပြုသဘောနှင့် အပျက်သဘော ပြုမူခြင်းများ

ယခုအခါ အပြုသဘောနှင့် အပျက်သဘောကို ဗုဒ္ဓဘာသာက မည်သို့ဆိုထားသည်ကို လေ့လာလျှင် အလွန်စိတ်ဝင်စားစရာ ကောင်းလာပါသည်။ သဘာဝအားဖြင့် ထိုအတွက် ရှင်းပြချက်များစွာ ရှိပါသည်။ သို့သော် ဆိုခဲ့သည့်အတိုင်း တစ်ယောက်ယောက်အပေါ် အကျိုးသက်ရောက်မှု ရှိသည့်ပုံစံဖြင့် ဆောင်ရွက်ချက်တစ်ခု၏ သဘောသဘာဝကို အမှန်ပင် သတ်မှတ်၍မရနိုင်ပါ။ အကြောင်းမှာ မည်သည့် အကျိုးဆက်မှန်း မသိနိုင်ပါ။ ပါဝင်ပတ်သက်သော အခြားအချက်များစွာ ရှိပါသည်။ ထို့ကြောင့် အပြုသဘောနှင့် အပျက်သဘောသည် ဆောင်ရွက်လိုက်သည့် စိတ်အခြေအနေနှင့် ဆိုင်ပါသည်။ ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်က လောဘ၊ ဒေါသ၊ တဏှာတို့ အပေါ် မူတည်ပါက သို့မဟုတ် လုံးဝမသိနားမလည်ပါက အပျက်သဘော ဖြစ်ပါသည်။ တစ်ဖက်တွင်မူ ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်က လောဘ၊ ဒေါသ၊ တဏှာတို့ ကင်းမဲ့ပြီး မသိနားမလည်မှုလည်း မရှိပါက အပြုသဘော ဖြစ်ပါသည်။ ထိုထက်ပို၍ ပြောရလျှင် မေတ္တာ၊ ကရုဏာ၊ စေတနာ စသည်တို့အပေါ် အခြေခံပါကလည်း အပြုသဘော ဖြစ်နေသည်မှာ ရှင်းပါသည်။

အခြားအချက်များလည်း ရှိပါသေးသည်။ ဆောင်ရွက်ချက်တစ်ခုကို အပြုသဘော သို့မဟုတ် အပျက်သဘော ဖြစ်စေသော အခြားအချက်များကို လေ့လာကြည့်လျှင်လည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ အချက်တစ်ချက်မှာ ကျင့်ဝတ်ဆိုင်ရာ ကိုယ်ကျင့်သိက္ခာ သို့မဟုတ် ကိုယ်ကျင့်တရား ဖြစ်သည်။ ဤသည်မှာ မိမိ၏ပုံရိပ်နှင့် မိမိကိုယ်ကို လေးစားမှုတို့နှင့် ဆိုင်ပါသည်။ မိမိကိုယ်ကို မလေးစားပါက မိမိအပြုအမူက အခြားသူများအပေါ် သက်ရောက်မှုကိုလည်း အလေးထားတော့မည် မဟုတ်ပါ။ ‘‘ဘာပဲဖြစ်ဖြစ်’’ ဆိုသည့် သဘောထား ဖြစ်ပါသည်။ ထိုသို့သော မိမိကိုယ်ကို တန်ဖိုးမထားမှုဖြင့် အပျက်သဘော ပြုမူဆောင်ရွက်မိပါသည်။ တစ်နည်းဆိုသော် မိမိကိုယ်ကို အပြုသဘော တွေးပါက၊ မိမိကိုယ်ကို လူသားတစ်ယောက်ဟု လေးစားမှုရှိပါက မိုက်မဲသူတစ်ယောက်လို ပြုမူတော့မည် မဟုတ်ပါ။ မိမိကိုယ်ကို ဘာလုပ်နိုင်မလဲဆိုသည့်အပေါ် ပိုပြီးမြင့်မားသော ထင်မြင်ချက် ရှိလာပါသည်။ ဤအချက်ကို ယခု ပြောနေခြင်း ဖြစ်ပါသည်။ ကျင့်ဝတ်ဆိုင်ရာ ကိုယ်ကျင့်သိက္ခာ ရှိခြင်း၊ မရှိခြင်း ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် အပြုသဘော ပြုမူသလား၊ အပျက်သဘော ပြုမူသလား ဆိုသည်ကို ဆုံးဖြတ်ရာတွင် အလွန်အရေးပါပါသည်။

နောက်တစ်ချက်မှာ မိမိအပြုအမူက အခြားသူများအပေါ် မည်သို့ထင်ဟပ်သည်ကို အလေးထားခြင်း ဖြစ်ပါသည်။ ဒါက ဘာကိုပြောပါသလဲ။ ကျွန်ုပ်သည် ဆိုးရွားသောနည်းဖြင့် ပြုမူပါက ထိုအပြုအမူသည် မိမိ၏ မိသားစုအပေါ် မည်သို့ ထင်ဟပ်ပါသလဲ။ မိမိနိုင်ငံအပေါ် မည်သို့ ထင်ဟပ်ပါသလဲ။ ကျွန်ုပ်သည် ဆိုးရွားသောနည်းဖြင့် ပြုမူပါက မက္ကဆီကို လူမျိုးများအပေါ် လူတို့က မည်သို့ထင်မလဲ။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင် ဖြစ်ပါက၊ အပြင်ထွက် မူးယစ်ပြီး ခိုက်ရန်ဖြစ်ပါက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်များအပေါ် မည်သို့ ထင်ဟပ်မလဲ။ မိမိ၏ မိသားစု၊ ဘာသာတရား၊ နိုင်ငံ၊ မြို့တော် ဘာပဲဖြစ်ဖြစ် မိမိအဖွဲ့အပေါ် လေးစားသည့်အတွက် မိမိအပြုအမူ၏ သက်ရောက်မှုနှင့် မိမိအပြုအမူက အခြားသူများအပေါ် ထင်ဟပ်ပုံတို့ကို အလေးထားစိတ် ရှိပါသည်။ ထိုအခါ အပျက်သဘော မပြုမိအောင် ရှောင်ရှားပါလိမ့်မည်။ ထိုသို့မဟုတ်ပါက အပျက်သဘော ပြုမူပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ထူးခြား နက်ရှိုင်းသော အသိအမြင် ဖြစ်ပါသည်။ အရေးကြီးသော အချက်က ဘာလဲ။ မိမိကိုယ်ကို တန်ဖိုးထားမှု၊ မိမိကိုယ်ကျင့်သိက္ခာနှင့် မိမိအသိုင်းအဝိုင်းအတွက် လေးစားသောစိတ်တို့ ဖြစ်ပါသည်။

ထိုအချက်က အကြမ်းဖက်မှုကို ဖြေရှင်းမှုနှင့် ပတ်သက်လျှင် ထည့်သွင်းစဉ်းစားစရာ အချက်အချို့အတွက် အသိအမြင် များစွာပေးပါသည်။ လူတစ်ယောက်နှင့် သူ့အသိုင်းအဝိုင်းအား မိမိကိုယ်ကျင့်သိက္ခာ ပျောက်ဆုံးစေခြင်း၊ သူတို့ဘဝများ အမှန်ပင် ဆိုးရွားအောင် ပြုလုပ်ခြင်း၊ သူတို့နှင့် ပတ်သက်ပြီး ဆိုးရွားသောအရာများ စဉ်းစားခြင်းတို့ ရှိပါက သင်ဘာကို ပြုလုပ်ရန် ကြိုးစားသည်ဖြစ်စေ အရေးမကြီးဟု သူတို့အနေနှင့် ခံစားရပါသည်။ ကိုယ်တိုင် တန်ဖိုးထားမှု၊ အသိုင်းအဝိုင်းအပေါ် တန်ဖိုးထားမှုတို့ သူတို့မှာ မရှိပါက အပြင်ထွက်ပြီး အဖျက်လုပ်ရပ် ဆောင်ရွက်ပေတော့မည်။ သူတို့မှာ ဆုံးရှုံးစရာ ဘာမျှမရှိဟု ခံစားရသည်။ ဤသည်မှာ အခြားသူများနှင့် ဆက်ဆံပုံ၊ အထူးသဖြင့် ကမ္ဘာပေါ်မှ ပြဿနာဖြစ်နေသော အခြေအနေများနှင့် ပတ်သက်လျှင် အထောက်အကူပြုအောင် သတိပြုရမည့် အချက်ဟု ထင်ပါသည်။ တစ်စုံတစ်ယောက်ကို မိမိကိုယ်ကျင့်သိက္ခာ သို့မဟုတ် သူတို့အသိုင်းအဝိုင်း၏ တန်ဖိုးရှိမှုကို ဆုံးရှုံးအောင် လုံးဝ မပြုလုပ်ရန် အရေးကြီးပါသည်။

ဤသည်တို့မှာ ဆောင်ရွက်ချက်တစ်ခုကို အပျက်သဘော သို့မဟုတ် အပြုသဘော ဖြစ်စေသော အရာနှင့် ပတ်သက်သော စိတ်၏ အစိတ်အပိုင်းအချို့ ဖြစ်ပါသည်။ အခြားသူများအပေါ် ကျွန်ုပ်တို့၏ ပြုမူဆောင်ရွက်ပုံက သူတို့ကို သက်ရောက်မှု ရှိသည့်အချက်ကို လေးနက်စွာ စဉ်းစားဖို့လည်း ဖြစ်ပါသည်။ ထောက်ထားစာနာမှု သို့မဟုတ် အလေးထားမှု ရှိခြင်းကို ဆိုလိုပါသည်။ ‘‘ဂရုစိုက်သော သဘောထား’’ ဟု ခေါ်လိုပါသည်။ သို့သော် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ အလွန် မသိနားမလည်ဘဲ သင့်အပေါ် မည်သို့ပြောဆိုသည်ဖြစ်စေ အရေးမကြီးပါဟု ထင်တတ်ကြသည်။ သင့်ခံစားချက်ကို အမှန်ပင် အလေးအနက် မထားတော့ပါ။ ထိုအခါ ဂရုစိုက်သော သဘောထား မရှိတော့ပါ။

လောဘ၊ ဒေါသ၊ မိမိကိုယ်ကို တန်ဖိုးမထားမှု၊ မိမိအပြုအမူက အခြားသူများအပေါ် သက်ရောက်မှုကို ထည့်မစဉ်းစားမှု၊ ဂရုမစိုက်မှု၊ မိမိအပြုအမူက မိမိနှင့် အခြားသူများအပေါ် သက်ရောက်သည်ကို အလေးအနက် မထားမှု စသည့် စိတ်၏ အစိတ်အပိုင်းများဖြင့် ကျွန်ုပ်တို့ ပြုမူပါက မည်သည့် ရလဒ် ဖြစ်ပေါ်လာမည်နည်း။ မပျော်ရွှင်မှု ဖြစ်လာပါသည်။ ဤမပျော်ရွှင်မှုသည် ဒဏ်ခတ်မှုတော့ မဟုတ်ပါ။

ဤအချက်ကို အတော်လေးလေးနက်နက် စဉ်းစားရန် လိုပါသည်။ ဤအပျက်သဘောများ ရှိနေသည့် စိတ်အခြေအနေသည် ပျော်ရွှင်သော စိတ်အခြေအနေ ဖြစ်နိုင်ပါမည်လား။ ကျွန်ုပ်တို့ကို ပျော်ရွှင်မှု ပေးနိုင်ပါမည်လား။ သို့မဟုတ် မပျော်ရွှင်မှုကိုသာ ဖြစ်စေနိုင်မည်လား။ ထိုအချက်ကို ပို၍တွေးလေလေ၊ ထိုစိတ်အခြေအနေ၊ ထိုအပျက်သဘော စိတ်အခြေအနေသည် မပျော်ရွှင်မှု ဖြစ်လာစေမည်ကို အမှန်ပင် သိမြင်လာပါသည်။ ဆန့်ကျင်ဘက် စိတ်အခြေအနေ ရှိပါက၊ လောဘ၊ ဒေါသနှင့် အလားတူ အခြားအချက်များ မရှိပါက ပျော်ရွှင်မှု ရရှိလာပါမည်။ ထို့ကြောင့် ဤသို့သော အပြုသဘောနှင့် အပျက်သဘော အထွေထွေ အပြုအမူ အမျိုးအစားများ ရှိပါသည်။ ထို့ပြင် ယင်းတို့သည် ကျွန်ုပ်တို့ထံတွင် ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုတို့ ကြုံတွေ့ရအောင် ရလဒ်ထွက်ပေါ်လာစေပါသည်။

ထို့ပြင် တစ်ယောက်ယောက်ကို အော်ငေါက်ခြင်း၊ တစ်ယောက်ယောက်ကို ကြင်နာခြင်း စသည်ဖြင့် ကျွန်ုပ်တို့၏ သီးသန့် ဆောင်ရွက်ချက်များ ရှိပါသည်။ ယင်းတို့သည်လည်း အကျိုးဆက်များ ရှိပါသည်။ ထိုအပြုအမူနှင့် ဖြစ်လိုစိတ်များကို အဖန်ဖန် ဆောင်ရွက်ပါက အခြားသူများကလည်း ကျွန်ုပ်တို့အပေါ် ထိုနည်းအတိုင်း ဆောင်ရွက်သည့် အခြေအနေများ ဖြစ်စေပါသည်။

ကံမြောက်သော အပြုအမူ၏ နောက်ထပ် ရလဒ်တစ်ခုမှာ မည်သည့် ပြန်လည်ဝင်စားမှုမျိုး ဖြစ်မည် ဆိုသည့်အချက်နှင့် ဆိုင်ပါသည်။ ဤနေရာတွင် အသေးစိတ် လေ့လာစရာတော့ မလိုပါ။ ဥပမာ၊ ကျွန်ုပ်တို့သည် ခွေးတစ်ကောင်၏ ကိုယ်နှင့် စိတ်ဖြင့် ပြန်မွေးလာမလား။ ပိုးဟပ်တစ်ကောင် အနေနှင့်လား။ လူသားအနေနှင့်လား။ ကျွန်ုပ်တို့ထံ ဖြစ်လာသော ကိစ္စအချို့နှင့် ကျွန်ုပ်တို့၏ ပြုမူပုံ အချို့နှင့် ဆက်စပ်ပြီး မည်သည့် ကိုယ်နှင့်စိတ်မျိုးကို ရရှိလာပါမည်နည်း။ ဤနေရာတွင် အခြားသော အသေးစိတ် ပြောစရာများ ရှိသော်လည်း ဤမိတ်ဆက် ဟောပြောမှုတွင် ယေဘုယျ အကျဆုံး စည်းမျဉ်းများကိုသာ အကျဉ်းမျှ ပြောလိုပါသည်။

ပြဋ္ဌာန်းခံဝါဒ သို့မဟုတ် လွတ်လပ်သောစိတ်

တစ်ဖက်တွင် အချို့သော အပြုအမူများ ကြုံတွေ့ကာ တစ်ခုခု ဖြစ်လာပါသည်။ အခြားတစ်ဖက်တွင် ဤအရာအားလုံးကို ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျများဖြင့် ကြုံတွေ့ရပါသည်။ တစ်ခါတစ်ရံ မိမိအပြုအမူနှင့် ကိုက်ညီပြီး တစ်ခါတစ်ရံ မကိုက်ညီဟု ထင်ရပါသည်။ ထို့ပြင် ဤအရာအားလုံးသည် အမြဲတမ်း အတက်အကျ ရှိနေပါသည်။ နောက်တစ်ကြိမ် ဘာဖြစ်မည်ကို မသိနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသမျှသည် ကျွန်ုပ်နှင့် ကျွန်ုပ်၏ကံ သက်သက်ကြောင့် ဖြစ်ပေါ်လာသည် မဟုတ်ပါ။ စကြဝဠာရှိ လူတိုင်းတွင် ဖြစ်ပျက်သမျှနှင့် သူတို့၏ကံ၊ သူတို့ ဆောင်ရွက်နေသောအရာ၊ ရုပ်ပိုင်းဆိုင်ရာ လောကတွင် ဖြစ်ပျက်နေသောအရာများဖြစ်သည့် ရာသီဥတု၊ မြေငလျင် စသည်တို့ကြောင့်လည်း သက်ရောက်မှု ရှိပါသည်။ ထို့ကြောင့် နောက်တစ်ကြိမ် ကျွန်ုပ်တို့ ဘာကြုံရမည်ကို ခန့်မှန်းရန် အလွန်ခက်ပါသည်။ သက်ရောက်မှု ရှိသည့် အချက်များမှာ အလွန့်အလွန် ရှုပ်ထွေးပါသည်။ တကယ်တော့ ဗုဒ္ဓမြတ်စွာက ဤသည်မှာ နားလည်ရန် အရှုပ်ထွေးဆုံးသော အချက်ဖြစ်သည်ဟု ဟောကြားထားပါသည်။

ကျွန်ုပ်တို့သည် ဤနေရာတွင် အတော်ရှင်းလင်းရန် လိုပါသည်။ အကြောင်းမှာ လူအတော်များများက ကံအကြောင်း မေးထားပါသည်။ ဆုံးဖြတ်ပြဋ္ဌာန်းပြီးသားလား။ စိတ်ဆန္ဒအလျောက် ရွေးချယ်နိုင်သလား။ ထိုနှစ်ချက်စလုံး မမှန်ပါ။ နှစ်ချက်စလုံးမှာ အစွန်းမလွတ်ပါ။ ဆုံးဖြတ်ပြဋ္ဌာန်းခြင်းမှာ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ ပြုလုပ်မည့်အရာ၊ ကျွန်ုပ်တို့ ကြုံတွေ့မည့်အရာကို ဆုံးဖြတ်ပေးထားသည်ဟု ဆိုလိုရာ ရောက်သည်။ ပြင်ပမှ ပုဂ္ဂိုလ်၊ ပိုပြီး အဆင့်မြင့်သော ပုဂ္ဂိုလ် စသည်ဖြင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာက ထိုသို့မဟုတ်ကြောင်း ပြောထားပါသည်။ အခြားတစ်ယောက်က ကျွန်ုပ်တို့ ပြုလုပ်မည့်အရာကို ဆုံးဖြတ်ထားပြီး ကျွန်ုပ်တို့က ရုပ်သေးရုပ်လို ဖြစ်နေခြင်း မဟုတ်ပါ။ အခြားတစ်ယောက်က ကျွန်ုပ်တို့အတွက် ရေးထားသော ပြဇာတ်တွင် ကပြနေရခြင်း မဟုတ်ပါ။

တစ်ဖက်တွင်မူ ဆန္ဒအလျှောက် လွတ်လပ်မှုရှိခြင်း ဆိုသည်မှာ စားသောက်ဆိုင်ထဲတွင် ထိုင်ပြီး စားပွဲပေါ်ရှိ မီနူးကို ကိုင်ကာ ဘာမှာရမလဲ ဆုံးဖြတ်နေသူတစ်ယောက်နှင့် အနည်းငယ် ဆင်တူပါသည်။ ဘဝသည် ထိုသို့မဟုတ်ပါ။ ဘဝသည် ထိုသို့ဖြစ်မည်ဟု တွေးပါက မမှန်ကြောင်း၊ ရှုပ်ထွေးမှု ဖြစ်ကြောင်း ဗုဒ္ဓဘာသာက ဆိုထားပါသည်။ သီးခြား ‘‘ငါ’’ ဟူ၍လည်းကောင်း၊ ဘဝမှသီးခြားဖြစ်နေခြင်း၊ တွေ့ကြုံမှုသီးခြားဖြစ်နေခြင်းနှင့် ဆင်တူပါသည်။ လက်ရှိ ဖြစ်ပျက်နေသော အရာ၏ ပြင်ပမှနေ၍ မည်သူကများ ဘဝကို မီနူးတစ်ခုလိုကြည့်ပြီး အမျိုးအစား ရွေးချယ်နိုင်ပါမည်နည်း။ ဘဝ ရှင်သန်မှုနှင့် ခွဲခြားထားသော ‘‘ငါ’’ ဟူ၍မရှိပါ။ သို့မဟုတ် အတွေ့အကြုံနှင့် ခွဲခြားမထားပါ။ ကျွန်ုပ်တို့ ကြုံရမည့် အရာသည် မီနူးပေါ်မှ ရွေးချယ်နိုင်သည့် အမျိုးအစားများကဲ့သို့ ကြိုတင်ရှိနှင့်နေသည့်အလား တည်ရှိနေခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့က ခလုတ်နှိပ်ပြီး စားစရာ ရောင်းသောစက်ထဲမှ ထွက်လာခြင်း သို့မဟုတ် ထိုပုံစံမျိုးဖြင့် တည်ရှိနေခြင်း မဟုတ်ပါ။ ထိုသို့တွေးကြည့်သည်မှာ အလွန် မိုက်မဲရာရောက်မည် ထင်ပါသည်။ ကြုံတွေ့မှုများသည် စားစရာ ရောင်းသောစက်ထဲမှ သကြားလုံးများလို လိုချင်တာရွေးပြီး ခလုတ်နှိပ်၊ ပိုက်ဆံထည့်လိုက်လျှင် ထွက်ကျလာသလိုမျိုး တည်ရှိနေခြင်း မဟုတ်ပါ။ ဘဝသည် ထိုသို့ မဟုတ်ပါ။ ‘‘ဒီနေ့ ပျော်ရွှင်မှု ကြုံရမယ်။ လူတိုင်း ငါ့ကို ကောင်းကောင်း ဆက်ဆံတာ ကြုံရမယ်’’ ဟု ကြိုတင် ဆုံးဖြတ်ထား၍ မရပါ။ ထို့နောက် ဘဝဆိုသည့်စက်ထဲသို့ ပိုက်ဆံထည့်ကာ ကိုယ်ရွေးထားတာ ထွက်ပေါ်လာခြင်းမျိုး ဖြစ်ပါသည်။ ဆန္ဒအလျှောက် လွတ်လပ်မှုဆိုသည်မှာ ထိုသဘောအတိုင်း မဟုတ်ပါလား။ ကျွန်ုပ်တို့ ကြုံရမည့်အရာ၊ ကျွန်ုပ်တို့ ဆောင်ရွက်မည့်အရာကို ဆန္ဒအလျှောက် လွတ်လပ်မှုက ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ ကြုံရသည့်အရာသည် ထိုသို့ ဆုံးဖြတ်ပြဋ္ဌာန်းမှု သို့မဟုတ် ဆန္ဒအလျှောက် လွတ်လပ်မှုဆိုသည့် အစွန်းနှစ်ဖက်ထက် ပိုပြီးနူးညံ့သိမ်မွေ့ကာ အဆင့်မြင့်မားပါသည်။

ကံ၏အရင်းအမြစ်ဖြစ်သော ရှုပ်ထွေးမှု

ဗုဒ္ဓဘာသာ၏ အတော်လေး ထူးခြားသည့် အချက်မှာ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျကို ကျွန်ုပ်တို့ အမြဲ ကြုံတွေ့ရသည့် အကြောင်းရင်းနှင့် မဖြစ်စေလိုသောအရာများ ဖြစ်လာခြင်း၊ ယင်းတို့ကို ထိန်းချုပ်၍ မရခြင်းတို့ကို ဘုရားရှင်က ဟောကြားထားသည့် အချက်ဖြစ်ကြောင်း ဟောပြောပွဲ အစောပိုင်းက ပြောခဲ့ပါသည်။ အကြောင်းရင်း ဆိုသည်မှာ ကျွန်ုပ်တို့ ကြုံတွေ့ရမှု၏ အခိုက်အတန့်အားလုံး ဖြစ်ပြီး ဤရှုပ်ထွေးမှု၏ အကြောင်းရင်းဆိုသည့် ရောဂါ လက္ခဏာစု တစ်ခုလုံးကို ဆက်ဖြစ်စေပါသည်။ ထိုမျှသာမက ရှုပ်ထွေးမှုဖြင့် အပျက်သဘောဖြစ်စေ၊ အပြုသဘောဖြစ်စေ ပြုမူသောအခါ ‘‘အမြဲတမ်း အလေ့အထ’’ ဆိုသည့်အရာကို အားဖြည့်ပေးပါသည်။ ရှုပ်ထွေးမှုဖြင့် မပြတ်တမ်း ပြုမူနေသည့် အလေ့အထ ဖြစ်ပါသည်။ ထိုအခါ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် ရှုပ်ထွေးမှုဖြင့် ဆက်လက်ဆောင်ရွက် နေပါတော့သည်။

ဤရှုပ်ထွေးမှုက ဘာလဲ။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် အလွန်နက်နဲသော အကြောင်းရပ် ဖြစ်သည်။ သို့သော် အမှန်တကယ် ရိုးရှင်းစွာ ပြောရပါက ကျွန်ုပ်၏တည်ရှိပုံ၊ သင်တို့၏တည်ရှိပုံ၊ လူတိုင်း၏ တည်ရှိပုံအကြောင်းအပေါ် ရှုပ်ထွေးနေခြင်းကို ဆိုလိုပါသည်။ ဥပမာ၊ ကျွန်ုပ်သည် စကြဝဠာ၏ အလယ်ဗဟို ဖြစ်သည်၊ ကျွန်ုပ်သည် အရေးအကြီးဆုံး ဖြစ်သည်၊ ကျွန်ုပ်ကို အမြဲတမ်း လမ်းဖယ်ပေးရမည်၊ ကျွန်ုပ်သည် အမြဲတမ်း မှန်သည်၊ လူတိုင်း ကျွန်ုပ်ကို အမြဲတမ်း အချိန်ပေးသင့်သည်ဟု ကျွန်ုပ်တို့ ထင်မြင်ကြပါသည်။ ကျွန်ုပ်တို့၏ လက်ကိုင်ဖုန်းများနှင့် ပတ်သက်၍ ဤသဘောထားကို သတိပြုနိုင်ပါသည်။ မည်သူ့ကိုမဆို သူတို့ဘာလုပ်နေနေ၊ အချိန်မရွေး ဖုန်းခေါ်ပြီး နှောင့်ယှက်နိုင်သည်၊ သူတို့သည် ကျွန်ုပ်တို့အတွက် အသင့်ရှိနေသင့်သည်၊ အကြောင်းမှာ ကျွန်ုပ်ပြောမည့်အရာက သူတို့ယခုလုပ်နေသော ဘယ်အရာထက်မဆို ပိုအရေးကြီးသောကြောင့် ဖြစ်သည်ဟု ကျွန်ုပ်တို့ခံစားရပါသည်။ ဤရှုပ်ထွေးမှုတွင် အခြေခံကာ ကျွန်ုပ်တို့သည် တစ်စုံတစ်ယောက်ကို အော်ငေါက်ခြင်း၊ ရက်စက်မိခြင်း စသည်ဖြင့် အပျက်သဘော ပြုမူမိနိုင်ပါသည်။ သူတို့သည် ကျွန်ုပ်တို့ ပြုမူစေလိုသည့်အတိုင်း မပြုမူသည့်အတွက် သို့မဟုတ် ကျွန်ုပ်တို့ မနှစ်သက်သောအရာကို ပြုမူနေသည့်အတွက် ထိုသို့ လုပ်မိပါသည်။ ကျွန်ုပ်လိုချင်သောအရာက သူတို့လိုချင်သော အရာထက် သိသိသာသာ ပိုအရေးကြီးသည့်အတွက် သူတို့က ကျွန်ုပ်လုပ်စေချင်သည့်အတိုင်း လုပ်သင့်ပါသည်။ သို့မဟုတ် ထိုရှုပ်ထွေးမှုတွင် အခြေခံကာ တစ်စုံတစ်ယောက်အတွက် ချစ်ခင်ကြင်နာခြင်းစသည်ဖြင့် ကောင်းတာ တစ်ခုခု လုပ်ပေးနိုင်ပါသည်။ အကြောင်းမှာ သူတို့က မိမိကို နှစ်သက်စေလိုပြီး မိမိနှင့်ရှိလျှင် ပျော်ရွှင်စေလိုသောကြောင့် ဖြစ်ပါသည်။ တစ်ယောက်ယောက် လိုအပ်သည်ဟုထင်သော အရာကို သူတို့အား ပြုလုပ်ပေးသည့်အတွက် သူတို့က မိမိကို လိုအပ်စေချင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်၏သမီးကို သားသမီး မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်၊ အိမ်ကို ဘယ်လို အုပ်ထိန်းရမည် စသည်တို့ ပြောပြမိပါသည်။ ဤသည်မှာ အထောက်အကူ ပြုသည် မဟုတ်ပါလား။ ထို့ပြင် သမီးဖြစ်သူက မိမိအကြံဉာဏ်နှင့် အကူအညီကို မလိုအပ်လည်း အကြောင်းမဟုတ်ပါ။ သို့သော် ကျွန်ုပ်သည် အရေးအကြီးဆုံးဟု ထင်မြင်ပြီး မိမိကို လိုအပ်စေချင်ပါသည်။ သမီးထက်စာလျှင် ကျွန်ုပ်က သားသမီးမည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်ကို ပိုသိသည့်အတွက် သူက ကျွန်ုပ်ထံမှ ကြားသိရန် လိုအပ်သည်မှာ ထင်ရှားနေပါသည်။

ထို့ကြောင့် ဤရှုပ်ထွေးမှုသည် အပျက်သဘောနှင့် အပြုသဘော အပြုအမူတို့ နောက်ကွယ်တွင် ရှိနေပါသည်။ ဤရှုပ်ထွေးမှုကြောင့်ပင် ကျွန်ုပ်တို့သည် ဤသို့သော အတက်အကျ သံသရာ ဆက်ဖြစ်နေပါသည်။ ထို့ကြောင့် ယင်းကိုမည်ကဲ့သို့ ဖယ်ရှားရမည်ကို လေ့လာရပါတော့မည်။


ရှုပ်ထွေးမှုမရှိအောင် ဖယ်ရှားခြင်း

ကံ၏ ဖြစ်လိုစိတ်နှင့် အလေ့အထများ၊ အထူးသဖြင့် ဖြစ်လိုစိတ်များ ရင့်ကျက်လာသည့် ဖြစ်စဉ်ကို လေ့လာသောအခါ ကျွန်ုပ်တို့ ကြုံတွေ့ရသည့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျအပေါ် ကျွန်ုပ်တို့၏ သဘောထားနှင့်သာ သက်ဆိုင်ပါသည်။ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုကို ကျွန်ုပ်တို့ ကြုံတွေ့ရမှုနှင့်အတူပါလာသော စိတ်၏ အစိတ်အပိုင်းနှစ်ရပ် ရှိပြီး ယင်းတို့မှာ ဤနေရာတွင် သိသာထင်ရှားပါသည်။ ပထမတစ်ခုကို ‘‘တပ်မက်မှု’’ ဟုခေါ်သည်။ ပျော်ရွှင်မှု ကြုံရသောအခါ ထိုနေရာမှ ခွဲခွာမသွားအောင် တပ်မက်ပါသည်။ ဆိုလိုသည်မှာ အလွန် ပြင်းပြသော ဆန္ဒ ရှိလာပါသည်။ တစ်ယောက်ယောက်နှင့် အတူရှိနေသည်ကို နှစ်သက်မိသောအခါ ‘‘ထွက်မသွားပါနဲ့။ ငါနှင့်အတူ အမြဲ နေပါ။ ဒီထက် ပိုကြာအောင် နေနိုင်မလား။’’ ဆိုသည် အတွေးမျိုး ဖြစ်ပါသည်။ သို့မဟုတ် ချောကလက်ကိတ် စားရသည်ကို နှစ်သက်ပျော်ရွှင်ပါက ထိုပျော်ရွှင်မှုနှင့် ခွဲခွာလိုခြင်း မရှိပါ။ ထို့ကြောင့်လည်း ထပ်ထပ်ပြီး စားနေသည် မဟုတ်ပါလား။ ဤသည်မှာ တပ်မက်မှု ဖြစ်သည်။ ထို့နောက် မပျော်ရွှင်မှု ကြုံလာသောအခါ ထိုနေရာမှ အမြန်ဆုံး ခွဲခွာသွားရန် တပ်မက်ပါသည်။ ထိုနှစ်ချက်စလုံးတွင် အောက်ခံအကြောင်းရင်းမှာ ဒုတိယမြောက် စိတ်၏ အစိတ်အပိုင်း ဖြစ်သည်။ မိမိကြုံတွေ့ရသောအရာနှင့်အတူ ‘‘ငါ’’၊ ခိုင်မာသော ‘‘ငါ’’ ဟု သိရှိသည့် ခိုင်မာသော သဘောထား ဖြစ်ပါသည်။ ငါ သည် ဤပျော်ရွှင်မှုကိုလည်းကောင်း၊ ငါ့အား ပျော်ရွှင်စေသောအရာ မှန်သမျှကိုလည်းကောင်း ရကိုရရမည်။ ခွဲခွာမသွားစေရ။ ငါ မနှစ်သက်သော အရာမှ ခွဲခွာသွားရမည်။ သင်ပြောသည့်အချက်ကို ငါ မနှစ်သက်ပါ။ ထို့ကြောင့် သင့်ပါးစပ်ကို မပိတ်ထားလျှင် သင့်ကို အော်ဟစ်မိပါတော့မည်။

ဘဝတွင် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျကို တပ်မက်မှု၊ ဖြစ်နေသောအရာအပေါ် ရှုပ်ထွေးမှု၌ အခြေခံသည့် ခိုင်မာသော ‘‘ငါ’’ ဟု သတ်မှတ်မှုဖြင့် ကြုံတွေ့ရသောအခါ ကံကြောင့်ဆောင်ရွက်မှုများ ရင့်ကျက်လာစေပါသည်။ ထိုနည်းဖြင့် မိမိ၏ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျကို ဆက်ဖြစ်စေကာ အတိတ်က အပြုအမူများ ရင့်ကျက်လာပါသည်။ အကြောင်းမှာ ထိုသို့ဖြစ်လိုစိတ်များမှ ရင့်ကျက်လာသောကြောင့် ဖြစ်ပါသည်။ မကောင်းသည့် အချက်မှာ ဤရှုပ်ထွေးမှုသည် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အခိုက်အတန့်တိုင်းတွင် ရှိနေပါသည်။ ထို့ပြင် ၎င်းသည် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု နောက်ထပ် အခိုက်အတန့်များ ဆက်ဖြစ်စေကာ ယင်းတို့မှာလည်း ရှုပ်ထွေးမှုကြောင့်ပင် ဖြစ်ပါသည်။ ယခု မိမိတို့ကြုံတွေ့ရသည့် ရှုပ်ထွေးမှုသည် အတိတ်က ပျော်ရွှင်မှု၊ မပျော်ရွှင်မှုများ ကြုံတွေ့ရစဉ်က မိမိတို့၏ ရှုပ်ထွေးမှု ရလဒ်ကြောင့် ဖြစ်ပါသည်။
ဤကဲ့သို့ ထိန်းချုပ်မရအောင် ပြန်ဖြစ်နေသော သံသရာ၊ ဤကဲ့သို့ မိမိကိုယ်တိုင် ဆက်ဖြစ်အောင်လုပ်နေသော စက်ဝန်းကို ဗုဒ္ဓဘာသာ၌ ‘‘သံသရာ’’ ဟု ခေါ်ပါသည်။ ဤရှုပ်ထွေးမှုကို ဖယ်ရှားနိုင်ပါက ကံ၏စနစ်တစ်ခုလုံး ပြိုကွဲပြီး သံသရာမှ လွတ်မြောက်သွားပါမည်။ ထိုအချက်က ဘာဆိုလိုသည်ကို အသေးစိတ် မပြောလိုသော်လည်း ယေဘုယျ ပြောရမည်ဆိုလျှင် ရှုပ်ထွေးမှုကို မှန်ကန်သော နားလည်သဘောပေါက်မှုဖြင့် အစားထိုးလိုက်ပါက ဤကဲ့သို့ ခိုင်မာသော ‘‘ငါ’’ ဟု ဖြစ်လာစရာ မရှိတော့ပါ။ ‘‘ဒါကိုရရမယ်။ ဟိုဟာကို မလိုချင်ဘူး’’ ဟု ဖြစ်မလာတော့ပါ။ တပ်မက်မှု မရှိတော့ပါ။ ထို့ကြောင့် ဤဖြစ်လိုစိတ်နှင့် အလေ့အထများ နှိုးဆွပေးစရာ မရှိတော့ပါ။ ထို့ပြင် ဤဖြစ်လိုစိတ်နှင့် အလေ့အထများကို နှိုးဆွပေးစရာ မရှိတော့ပါက ဖြစ်လိုစိတ်နှင့် အလေ့အထများ ရှိနေသေးသည်ဟု မဆိုနိုင်တော့ပါ။

နမူနာတစ်ခု ပြောကြည့်ပါမည်။ ဒိုင်နိုဆောများကို မြင်တွေ့လိုစိတ် ရှိပါက ဒိုင်နိုဆောများ မျိုးတုံးသွားချိန်၌ တောထဲတွင် သင်လမ်းလျှောက်သွားသောအခါ ဒိုင်နိုဆောများကို ထပ်ပြီး မြင်တွေ့လိုစိတ် ရှိတော့မည် မဟုတ်ပါ။ ကျွန်ုပ်တောထဲတွင် သွားလာနေသောအခါ ဒိုင်နိုဆောများကို အမြဲတွေ့ရသည် ဆိုသည့် ဖြစ်လိုစိတ်က ယခင်က ရှိခဲ့ဖူးပါသည်။ ယခုအခါ ဒိုင်နိုဆောများ မရှိတော့ပါ။ ထို့ကြောင့် ဒိုင်နိုဆော ကြည့်လိုစိတ်လည်း မရှိတော့ပါ။ ထိုနမူနာအတိုင်းပင် ဖြစ်လိုစိတ်တစ်ခု ရင့်ကျက်လာစေမည့်အရာ၊ သင့်ရှေ့မှာ ဒိုင်နိုဆောတစ်ကောင် ဖြတ်လျှောက်ခြင်း၊ ဒိုင်နိုဆော ကြည့်လိုစိတ် ရင့်ကျက် လာစေခြင်း မရှိတော့လျှင် ထိုဖြစ်လိုစိတ်လည်း သင့်မှာ မရှိတော့ပါ။ ထို့ပြင် ဖြစ်လိုစိတ်များ မရှိတော့သည့်အတွက် ကံ၏ဆောင်ရွက်လိုစိတ်များ ရင့်ကျက်မလာတော့ပါက ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျများကို ထပ်မံကြုံတွေ့ ရတော့မည် မဟုတ်ပါ။ ထိုအခါ ၎င်းကို ရှုပ်ထွေးမှုလည်း ရှိတော့မည် မဟုတ်ပါ။

ဤသည်မှာ ဤသံသရာလည်နေသော အခြေအနေတစ်ခုလုံးမှ လွတ်မြောက်သည့်နည်း ဖြစ်ပါသည်။ ဤကဲ့သို့ မနှစ်မြို့ဖွယ်၊ မလုံခြုံသော ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျကို ထပ်မကြုံရတော့ပါ။ သို့သော် အလွန်ခြားနားသော ပုံစံဖြင့် အလွန်ခြားနားသော ပျော်ရွှင်မှုကို အလွန်တည်ငြိမ်စွာ ကြုံတွေ့ရပါမည်။ ရှုပ်ထွေးမှုနှင့် ရောနေသော ပျော်ရွှင်မှုမျိုး မဟုတ်ပါ။ ‘‘ဂိမ်းဆော့တာနိုင်လို့ ဒီမှာ ဆုတွေရပြီ’’ ဆိုသည့် ပျော်ရွှင်မှုမျိုး မဟုတ်ပါ။ ခက်ခဲသော အခြေအနေတစ်ခုမှ လွတ်မြောက်မှုကြောင့် ပျော်ရွှင်မှုမျိုး ဖြစ်ပါသည်။ ရိုးရှင်းပြီး အတိအကျ မတူနိုင်သော နမူနာတစ်ခုမှာ တစ်နေ့တာ ကုန်ဆုံးချိန်၌ ကျပ်နေသော ဖိနပ်ကို ချွတ်လိုက်ရသည့် ပျော်ရွှင်မှုမျိုးဟု ဆိုနိုင်ပါသည်။ ဤသို့သော နာကျင်မှုမှ လွတ်လပ်ပြီးဆိုသည့် ပီတိဖြင့် သက်သာရာရလိုက်ခြင်း ဖြစ်ပါသည်။

ထို့ပြင် လွတ်မြောက်မှုနှင့်အတူ ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များကို တစ်နည်းနည်းဖြင့် ဆောင်ရွက်သည့်၊ တစ်ခုခုကို ကြုံတွေ့ရသည့် ကံကြောင့် စိတ်လိုက်မာန်ပါ စေ့ဆော်မှုကလည်း တွန်းအား မပေးတော့ပါ။ လွတ်မြောက်မှုထက် ကျော်လွန်ပြီး ဘုရားဖြစ်ရန် ကြိုးစားနေပါက ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်ကို တွန်းအားပေးသည်မှာ ကရုဏာ ဖြစ်ပါသည်။ အခြားသူများကို သူတို့၏ ဆင်းရဲဒုက္ခနှင့် ထိုဆင်းရဲဒုက္ခ၏ အကြောင်းရင်းများမှ လွတ်မြောက်စေလိုသည့် ဆန္ဒ ဖြစ်ပါသည်။

နိဂုံးချုပ်စကား

ဤသည်မှာ ကံနှင့် သက်ဆိုင်သော စည်းမျဉ်းအချို့ကို အခြေခံ မိတ်ဆက်တင်ပြခြင်း ဖြစ်ပါသည်။ နောက်ထပ် ပြောစရာ၊ ရှင်းပြစရာ အများကြီး ရှိပါသေးသည်။ အချို့ကို ယေဘုယျ စည်းမျဉ်းအချို့ဖြင့် ရှင်းပြထားပါသည်။ ဥပမာ၊ ဤဆောင်ရွက်ချက်မျိုးက ဤသက်ရောက်မှုမျိုး ရှိသည်၊ ဤအချက် ရှိနေလျှင် ရလဒ်က ပိုကြီးမားမည်၊ တစ်ခုခုကို တမင် ဆောင်ရွက်ခြင်းထက် မတော်တဆ ဆောင်ရွက်မိခြင်းမျိုးကဲ့သို့ ထိုအချက်မျိုး မရှိပါက အကျိုးဆက်သည် ခြားနားလိမ့်မည် စသည်ဖြင့် ဖြစ်ပါသည်။ ထိုအတွက် အသေးစိတ်အချက်များစွာ ရှိပါသည်။

ထို့ပြင် လက်ရှိတွင် အမှန်တကယ် ရင့်ကျက်တော့မည့် အရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့အနီးတွင် ဖြစ်ပျက်နေသော အခြားအရာ အားလုံးက သက်ရောက်မှု ရှိသောကြောင့် စည်းမျဉ်းများနှင့် ယေဘုယျဖော်ပြရန် အလွန်ခက်ခဲပါသည်။ ကျွန်ုပ်တို့ ယခု ကြုံနေသောအရာအတွက် ယေဘုယျ စည်းမျဉ်းများဖြင့် ယင်းတို့ကို ခြုံငုံဖော်ပြ၍မရပါ။ အကြောင်းမှာ လက်ရှိဖြစ်ပျက်နေသော အခြားအရာ အားလုံးက သက်ရောက်မှု ရှိသည့်အတွက် ဖြစ်ပါသည်။ လမ်းပေါ်မှာ ယာဉ်မတော်တဆမှု ဖြစ်ပါက ဘာကြောင့်ဖြစ်သည်ကို တွေးကြည့်လိုက်ပါ။ ထိုလမ်းပေါ်တွင် မိမိယာဉ်ကြောပေါ်သို့ အခြားလူအားလုံး ရောက်ရှိစေခြင်း၊ ယာဉ်ကြော အခြေအနေ၊ ရာသီဥတု၊ လမ်းအခြေအနေတို့မှာ ကံဖြစ်ပါသည်။ ထို့ကြောင့် ယခု ရင့်ကျက်လာသည့် မတော်တဆမှုကို ကိစ္စများစွာက ဖြစ်ပေါ်လာစေပါသည်။

ဤအကြောင်းအရာကို စိတ်ဝင်စားပါက ၎င်း၏ ရှုထောင့်အမျိုးမျိုးကို လေ့လာရန် အများကြီးရှိနေပါသည်။ ကံအကြောင်း ပို၍လေ့လာလေ၊ ကံလွှမ်းမိုးမှုမှ ကျော်လွှားရန် ပို၍အထောက်အကူ ပြုလေ ဖြစ်မည်ဟု ထင်ပါသည်။ ထိုနည်းဖြင့် သံသရာဆင်းရဲဒုက္ခမှ ကိုယ်တိုင် လွတ်မြောက်ရုံသာမက အခြားသူအားလုံးကိုလည်း ကူညီရန် ပိုကောင်းသည့် အနေအထားတွင် ရှိလာပါလိမ့်မည်။

ဘာများ မေးစရာ ရှိပါသလဲ။

မေးခွန်းများ

ဤအဆက်အစပ်အရ အပြစ်ရှိကြောင်း ခံစားရမှုကို ထည့်မပြောဘူးလား။ အပြစ်ရှိကြောင်း ခံစားရမှုသည် ဤနေရာတွင် မပတ်သက်ဘူး မဟုတ်လား။

မှန်ပါသည်။ ကံအကြောင်း ဗုဒ္ဓဘာသာ၏ ရှင်းပြချက်သည် အပြစ်နှင့် မဆိုင်ပါ။ အပြစ်သည် အလွန်ခိုင်မာသော ‘‘ငါ’’ ကို သီးခြားအရာ တစ်ခု၊ မိမိပြုလုပ်သောအရာကို နောက်ထပ် သီးခြား အရာတစ်ခုအဖြစ် စဉ်းစားခြင်းပေါ်၌ အခြေခံပါသည်။ ပင်ပေါင်ဘောလုံး နှစ်လုံးလိုပင် ဖြစ်ပါသည်။ ထို့ပြင် ထို ‘‘ငါ’’ ဆိုသောအရာသည် အလွန်ဆိုးသည့်အတွက် ‘‘ငါပြုလုပ်သောအရာ’’ သည် အလွန်ဆိုးသည်ဟု ယုံကြည်လာပါသည်။ ထို့ကြောင့် ထိုသို့ခိုင်မာသည်ထင်ရသော အရာနှစ်ခုကို အကဲဖြတ်မှု ရှိလာပြီး လက်မလွှတ်တော့ပါ။ ထိုအချက်က အပြစ်ရှိသည့် ခံစားချက် ဖြစ်ပါသည်။ ဤသည်မှာ အမှိုက်ကို သင့်အိမ်ထဲမှ လုံးဝမလွှင့်ပစ်တော့ဘဲ၊ အိမ်ထဲမှာ သိမ်းထားပြီး အလွန်ဆိုးသည်၊ အနံ့ဆိုးသည်၊ ညစ်ပတ်သည် ဟု ပြောနေကာ လက်မလွှတ် သလိုပင် ဖြစ်ပါသည်။

အလွန် ရှင်းလင်းပြီး အလွန်ယုတ္တိကျပါသည်။ စနစ်တစ်ခုလုံးကို နားလည်ပါသည်။ ရှုပ်ထွေးမှု ဖယ်ရှားပုံ၊ စေ့ဆော်မှု၊ ဖြစ်လိုစိတ် စသည့်အရာအားလုံးကိုလည်း နားလည်ပါသည်။ သို့သော် ယခု စိတ်လိုက်မာန်ပါ ပြုမူမှု၊ ကြုံတွေ့ရမှုတို့ကို ဖယ်ရှားရန်မှာ နားလည်နေရုံမျှနှင့် မလုံလောက်ဘူးဟု ထင်ပါသည်။

မှန်ပါသည်။ ထို့ကြောင့်လည်း မိမိကိုယ်ကို ကျင့်ဝတ်သီလ စောင့်ထိန်းရန်လိုသည်ကို အရင်ဆုံး ပြောခဲ့ပါသည်။ ‘‘ဒီနေ့ ခင်ဗျားဝတ်လာတာ အကြည့်ရဆိုးတယ်’’ ဟုပြောလိုသောစိတ် ဖြစ်ပေါ်ချိန်နှင့် အမှန်တကယ် ပြောလိုက်ချိန်အကြားတွင် အနည်းငယ် ဟနေသည်ဟု ဖော်ပြခဲ့သည်ကို ပြန်စဉ်းစားကြည့်ပါ။ ထိုကွာဟချိန်ကို ဖမ်းမိလိုက်ပါက ဤပုဂ္ဂိုလ် ဝတ်ဆင်သောအရာက အကြည့်ရဆိုးသည်ဟု ပြောမိလျှင် ဖြစ်လာမည့် သက်ရောက်မှုကို ဆုံးဖြတ်နိုင်စွမ်း ရှိလာပါသည်။ ထို့ပြင် ထိုသို့ပြောပါက အပြုသဘော ဖြစ်မည်မဟုတ်သည်ကို မြင်လာပြီး မပြောမိတော့ပါ။ ကျင့်ဝတ်သီလနှင့် မိမိကိုယ်ကို ထိန်းချုပ်မှုအကြောင်း ထိုနေရာမှ စပြောရပါမည်။

ထို့ပြင် တစ်ခုခုပြုလုပ်လိုသောအခါ မည်သည့် စိတ်ခံစားချက်မျိုး ရှိသည်ကို လေ့လာနိုင်ပါသည်။ မိမိပြုလုပ်လိုသော အရာသည် လောဘကဲ့သို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၌ မူတည်သလား။ ဒေါသပေါ် မူတည်သလား။ မသိနားမလည်မှုအပေါ် မူတည်သလား။ ခင်ဗျားအဝတ် ကြည့်မကောင်းဘူးဟု ပြောခြင်းသည် ခင်ဗျားအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိဘူးဟု ကျွန်ုပ်တို့ထင်မိပါသလား။ သို့တည်းမဟုတ် တစ်ခုခု ဆောင်ရွက်လိုစိတ်သည် မေတ္တာနှင့် ထိုကဲ့သို့ ပိုပြီးအပြုသဘောဆန်သော အချက်များအပေါ်တွင် အခြေခံပါသလား။ ထို့ကြောင့်လည်း အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် သဘောထားကို အဓိပ္ပာယ်ဖွင့်ဆိုချက်က အလွန် အထောက်အကူပြုပါသည်။ ယင်းမှာ စိတ်အခြေအနေဖြစ်ပြီး ထိုစိတ်ပေါ်ထွက်လာပါက စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှုတို့ ပျောက်ဆုံးသွားစေပါသည်။

သင့်စိတ် ငြိမ်းချမ်းမှု မရှိတော့ပါက သိမြင်နိုင်ပါသည်။ နှလုံးခုန် မြန်လာသည်။ မသက်မသာ ဖြစ်လာသည်။ ထို့ကြောင့် နူးညံ့သိမ်မွေ့သော အချက်များကို ကြိုးစားသတိထားရပါသည်။ ဥပမာ၊ ငါသည် မာနဖြင့် တစ်ခုခု ပြောနေသလားဟု သတိထားရပါသည်။ အကယ်၍ တစ်ယောက်ယောက်က ‘‘နားမလည်ဘူး’’ ဟုပြောသောအခါ သင်က ‘‘အို။ ကျွန်တော် နားလည်တယ်’’ ဟု ပြောပါသည်။ မသက်သာမှု အနည်းငယ်ဖြစ်သည်ကို သတိထားမိပြီး ထိုနောက်ကွယ်တွင် မာနအချို့၊ မောက်မာမှုအချို့ ရှိနေပါသည်။ ထို့ကြောင့် ထိုအချက်ကို သတိပြုရပါမည်။

သို့သော် အမှန်တရားကို နားလည်ရန်အတွက်၊ ဘာမှမရှိခြင်း စသည်တို့ကို နားလည်ရန်အတွက်၊ အလွန့်အလွန် ခက်ခဲပါသည်။ နားလည်ခဲ့လျှင်လည်း ရင်းနှီးအောင် လုပ်ရပါမည်။ သို့မှသာ အမြဲတမ်း ကိုယ်နှင့်မကွာ ရှိနေပါမည်။ ထို့ကြောင့်လည်း အပျက်သဘော မပြုမူအောင် တားဆီးရမည်ဆိုသည့် မိမိကိုယ်တိုင် စောင့်ထိန်းရန် ကျင့်ဝတ်သီလနှင့် စပြောခဲ့ခြင်း ဖြစ်ပါသည်။

အနည်းငယ် မကြားမိလိုက်ပါ။ ဤပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျများ ဆက်ဖြစ်စေသော စိတ်ခံစားချက် နှစ်မျိုးရှိသည်ဟု ပြောသွားသည် ထင်ပါသည်။ တစ်ခုက တပ်မက်မှုဖြစ်ပြီး အခြားတစ်ခုကို မကြားမိလိုက်ပါ။

ကျွန်ုပ်ရှင်းပြခဲ့သည်မှာ ကံကြောင့် ဖြစ်လိုစိတ်ကို နှိုးဆွသော အချက်နှစ်ချက် ဖြစ်ပါသည်။ မှီခိုမှုဖြင့် ပေါ်ထွက်သည့် ချိတ်ဆက်မှု ဆယ့်နှစ်မျိုးဆိုသည့် တရားတော်မှ လာပါသည်။ တစ်ခုမှာ တပ်မက်မှု ဖြစ်ပြီး အခြားတစ်ခုမှာ ရှင်းအောင် ပြောရလျှင် ‘‘ရရှိသူ၏ သဘောထား သို့မဟုတ် စိတ်ခံစားချက်’’ ဟု ခေါ်ရပါမည်။ ယင်းမှာ ဖြစ်နိုင်ခြေ ငါးခုပါဝင်ပါသည်။ ဤသည်မှာ ရလဒ် ရရှိမည့်အရာ ဖြစ်သည့်အတွက် အထင်ရှားဆုံး တစ်ချက်မှာ ကြုံတွေ့ရသောအရာ၊ ဖြစ်ပျက်နေသော အရာတွင် ခိုင်မာသော ‘‘ငါ’’ ဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။

ဤသည်မှာ တစ်ခုခုနှင့် ဆက်စပ်နေသည့် ခိုင်မာသော ‘‘ငါ’’ ဟု သတ်မှတ်ခြင်းလား။ ဤနေရာတွင် ရှုပ်ထွေးမှု ရှိသည်မှာ ရှင်းပါသည်။ ထိုရှုပ်ထွေးမှုကို သတိပြုပြီး ဖယ်ရှားရမည်ကိုလည်း ရှင်းပါသည်။ သို့သော် ဘာကို ရှုပ်ထွေးနေပါသလဲ။ ဘာအတွက် ရှုပ်ထွေးနေပါသလဲ။

ဤမေးခွန်းကို အလွယ်တကူ ရိုးရိုးရှင်းရှင်း ဖြေ၍မရနိုင်ပါ။ တည်ရှိနေသော ‘‘ငါ’’၊ အစဉ်အလာအရဖြစ်သော ‘‘ငါ’’ ကို မတည်ရှိသော မှားယွင်းသည့် ‘‘ငါ’’ နှင့် ရှုပ်ထွေးနေကြပါသည်။ ကျွန်ုပ်တို့ လုပ်ရမည်မှာ တည်ရှိနသော အမှန်တကယ် ‘‘ငါ’’ ကို ဖြစ်နိုင်သောနည်းအချို့ဖြင့် စိတ်ကူးကြည့်ရပါမည်။ ချဲ့ကားကြည့်ခြင်း ဖြစ်ပါသည်။ မရှိသောအရာကို ပေါင်းထည့်ခြင်း ဖြစ်ပါသည်။ ဥပမာ၊ ငါသည် ပျော်ရွှင်သည်။ သို့မဟုတ် ငါသည် မပျော်ရွှင်ပါ။ ဤသည်မှာ သင် သည် မပျော်ရွှင်ပါ။ ငါ သည် မပျော်ရွှင်ပါ ဟူ၍ မဟုတ်ပါ။ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ ရှိနေသောအခါ ယင်းကို ငါ ပျော်ရွှင်သည် ဟူ၍ ရည်ညွှန်းကြပါသည်။ ဤသည်မှာ သင် သို့မဟုတ် အခြားတစ်ယောက် ပျော်ရွှင်ခြင်း မဟုတ်ဘဲ ငါ ပျော်ရွှင်ခြင်း ဖြစ်ပါသည်။ ထို ‘‘ငါ’’ သည် အစဉ်အလာအရဖြစ်ပြီး တည်ရှိနေသော ‘‘ငါ’’ ဖြစ်ပါသည်။

ဤအစဉ်အလာဖြစ်သော ‘‘ငါ’’ အတွက် ဥပမာတစ်ခု ပြောလိုပါသည်။ ကျွန်ုပ်တို့သည် ရုပ်ရှင်တစ်ကားကြည့်ပြီး ရုပ်ရှင်က ‘‘လေရူးသုန်သုန်’’ ဖြစ်သည်ဆိုပါစို့။ ရုပ်ရှင်ထဲတွင် ပျော်ရွှင်စရာ ပြကွက်တစ်ခု ပါသည်။ ထို့နောက် ဝမ်းနည်စရာ ပါသည်။ ထို့နောက် ပျော်ရွှင်စရာ ထပ်လာပါသည်။ ထိုအခါ ဘာဖြစ်ပျက်နေပါသလဲ။ ထိုပျော်ရွှင်စရာ ပြကွက်သည် ‘‘လေရူးသုန်သုန်’’ မှ ပြကွက်ဖြစ်ပြီး ဝမ်းနည်းမှုသည်လည်း ‘‘လေရူးသုန်သုန်’’မှ နောက်ထပ်ပြကွက်ဖြစ်သည်။ ‘‘လေရူးသုန်သုန်’’ ဆိုသည်မှာ ကိစ္စတစ်ခုလုံး၊ ပြကွက်အားလုံး၊ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုနှစ်ခုစလုံးကို အစဉ်အလာအရ နာမည်တပ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ‘‘လေရူးသုန်သုန်’’ သည် ခေါင်းစဉ်တစ်ခု၊ အမည်တစ်ခုသာ ဖြစ်သည်။ ‘‘လေရူးသုန်သုန်’’ အကြောင်း ပြောသောအခါ ခေါင်းစဉ်ကိုသာ ပြောနေခြင်း မဟုတ်ပါ။ ခေါင်းစဉ်တပ်ထားသည့် တကယ့်ရုပ်ရှင်ကို ပြောနေပါသည်။ အစဉ်အလာအတိုင်း တည်ရှိနေသော ရုပ်ရှင်ဖြစ်ပါသည်။ ထိုရုပ်ရှင်သည် ထိုပြကွက်တစ်ခုချင်းနှင့် ခွဲခြားထားသည့်အရာ မဟုတ်ပါ။ ထိုပြကွက်များနှင့် ခွဲခြားထားသောရုပ်ရှင်မှာ မှားယွင်းသော ရုပ်ရှင် ဖြစ်ပါလိမ့်မည်။ မတည်ရှိပါ။ အစဉ်အလာအတိုင်း တည်ရှိနေသော ရုပ်ရှင်ကို ပြကွက်များပေါ်တွင် အခြေခံပြီး ခေါင်းစဉ်တပ် အမည်ပေးထားပါသည်။

ထို့အတူ ဘဝတွင်လည်း ပျော်စရာ အခိုက်အတန့်များ၊ ဝမ်းနည်းစရာ အခိုက်အတန့်များ စသည်ဖြင့် ရှိပါသည်။ ယင်းတို့အားလုံးကို မည်သို့ ညွှန်းဆိုပါသလဲ။ အစဉ်အလာ ‘‘ငါ’’၊ တည်ရှိနေသော ‘‘ငါ’’ ဟူ၍ ပြောပါသည်။ သင် မဟုတ်ပါ။ ‘‘ငါ’’ ဖြစ်ပါသည်။ ထို့အတူ ‘‘လေရူးသုန်သုန်’’ ရုပ်ရှင်သည် ‘‘ကြယ်တာရာစစ်ပွဲ’’ ရုပ်ရှင်မဟုတ်ပါ။ သို့သော် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု ကြုံတွေ့သည့် အခိုက်အတန့်များ၊ ထိုအခိုက်အတန့်များကို ကြုံတွေ့နေမှုများနှင့် ခွဲခြားထားသော ‘‘ငါ’’ မရှိပါ။ ယင်းမှာ မှားယွင်းနေသော ‘‘ငါ’’၊ မတည်ရှိသော ‘‘ငါ’’ ဖြစ်ပါမည်။ ထို့ပြင် ‘‘ငါ’’ ဆိုသည်မှာ စကားလုံးမျှသာ ဖြစ်သည်။ ထို့ကြောင့် ‘‘ငါ’’ ဆိုသည်မှာ ဘဝတွင် ကြုံတွေ့မှု အခိုက်အတန့်အားလုံးကို အခြေခံပြီး ရည်ညွှန်းသော စကားလုံးမျှသာ ဖြစ်ပါသည်။

ထိုအခါ ရှုပ်ထွေးမှုဆိုသည်မှာ ဤခန္ဓာထဲတွင် ခွဲခြားထားသော ‘‘ငါ’’ ရှိသည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ခလုတ်နှိပ်နေသော တစ်နည်းနည်းဖြင့် ဆက်စပ်ကာ ခိုအောင်းနေသော ငါ ဟုထင်ခြင်းဖြစ်သည်။ ယခုအခါ ‘‘ငါ’’ သည် ခြေထောက်တွင် နာကျင်မှု ဖြစ်နေသည့်အတွက် လုံးဝ မပျော်ရွှင်ပါ။ မနှစ်သက်ပါ။ ခန္ဓာဆိုသည့် ပြင်ပအရာဝတ္ထုထဲမှ ကြုံတွေ့မှုတစ်ခုလုံးနှင့် ခွဲခြားထားသော ‘‘ငါ’’ ရှိနေသကဲ့သို့ ဖြစ်ပါသည်။ ထိုအခါ ဤခွဲခြားထားသော ‘‘ငါ’’၊ မှားယွင်းသော ‘‘ငါ’’ ကို အစဉ်အလာဖြစ်သော ‘‘ငါ’’ နှင့် ရှုပ်ထွေးမှုကို အခြေခံပါသည်။ ထိုမှားယွင်းသော ‘‘ငါ’’ ဖြင့် တပ်မက်ပြီး ခံစားပါသည်။ ‘‘ဤမပျော်ရွှင်မှုမှ၊ ဤနာကျင်မှုမှ ရုပ်နာကျင်မှု ကြုံတွေ့ရသည့် မပျော်ရွှင်မှုကို ငါ သည် မကြုံချင်ပါ။’’ ဟုတွေးသည်။ ခိုင်မာသော ‘‘ငါ’’ ဆိုသည့် အယူအဆမှားမျိုး မရှိပါက ထိုင်နေပြီး ဆက်လက်နာကျင်နေမည် မဟုတ်ကြောင်း မဆိုလိုပါ။ ခြေထောက်ကို မီးလောင်ပါက ခြေထောက်နှင့် မီးကို ဝေးဝေးထားရပါမည်။ ထိုနောက်ကွယ်မှ ‘‘ငါ’’ အယူအဆက အတော်လေး ခြားနားပါသည်။ အကြောက်လွန်စရာ မရှိပါ။

သို့သော် ဤမှားယွင်းသော ‘‘ငါ’’ နှင့် အစဉ်အလာဖြစ်သော ‘‘ငါ’’ ဆိုသည့် အယူအဆသည် အလွန်ရှုပ်ထွေးပြီး အဆင့်မြင့်ပါသည်။ ထို့ကြောင့် ယခု ဤမျှသာ ထားလိုက်ပါမည်။ အားထုတ်မှုတစ်ခုဖြင့် ယခုညနေခင်းကို ယခုလို အတွေးဖြင့် အဆုံးသတ်ကြပါစို့- မည်သည့် နားလည်သဘောပေါက်မှု၊ မည်သည့် အပြုသဘော အင်အား ထွက်ပေါ်လာသည်ဖြစ်စေ ပို၍နက်ရှိုင်းသွားပါစေ။ ပို၍ခိုင်မာသွားပါစေ။ အားလုံး အကျိုးအတွက် ဉာဏ်အလင်းရရှိမှု တိုင်အောင် အကြောင်းဖန်လာပါစေသတည်း။

Top