အပျက်သဘော အပြုအမူ၏ အဓိပ္ပာယ်
ကျင့်ဝတ်စနစ်တိုင်းတွင် လက်ခံနိုင်သော စိတ်ကူးနှင့် လက်မခံနိုင်သော စိတ်ကူးအမျိုးမျိုးတွင် အခြေခံသော အပျက်သဘော အပြုအမူများစွာ ရှိကြပါသည်။ ဘာသာရေးနှင့် ပြည်သူ့ရေးရာ စနစ်များသည် ကောင်းကင်နိုင်ငံ အရှင်သခင်၊ နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် ဥပဒေအချို့ဖြင့် ချမှတ်သည့် ဥပဒေများပေါ်တွင် အခြေခံပါသည်။ မလိုက်နာပါက အပြစ်ရှိပြီး ပြစ်ဒဏ်ကျခံရန် လိုပါသည်။ လိုက်နာသောအခါ ကောင်းကင်ဘုံသို့ရောက်ခြင်း၊ လုံခြုံစိတ်ချပြီး ညီညွတ်သော အသိုင်းအဝိုင်းတွင် နေထိုင်ရခြင်း စသည်ဖြင့် ချီးမြှောက်ခံရပါသည်။ လူသားချင်း စာနာသော စနစ်များသည် အခြားသူများကို အန္တရာယ် မပေးရန် အာရုံစိုက်ပါသည်။ သို့သော် ဒါက ပြဿနာ ရှိပါသည်။ အခြားတစ်ယောက်အတွက် အန္တရာယ် ရှိသောအရာ၊ အထောက်အကူ ပြုသောအရာကို အမြဲတမ်း အမှန်တကယ် သိရှိနိုင်ပါမည်လား။ ဥပမာ၊ တစ်ယောက်ယောက်ကို အော်ငေါက်ခြင်းမှာ သူတို့ကိုစိတ်ထိခိုက်စေနိုင်သလို အန္တရာယ် ရှောင်ရှားနိုင်အောင်လည်း ကူညီနိုင်ပါသည်။
ဗုဒ္ဓဘာသာ ကျင့်ဝတ်သီလသည် မိမိကိုယ်တိုင် ပျက်စီးစေသော အပြုအမူမှ ရှောင်ရှားရန် အလေးထားပါသည်။ အထူးသဖြင့် ရေရှည်တွင် အန္တရာယ် ဖြစ်စေမည့်ပုံစံဖြင့် မပြုမူရန် ဖြစ်ပါသည်။ လမ်းပေါ်တွင် ကျော်တက်ရန် ကြိုးစားနေသော ယာဉ်မောင်းကို အော်ဟစ်ပါက ခဏတာမျှ မိမိစိတ်ကို ကျေနပ်စေသော်လည်း စိတ်ကို မတည်မငြိမ် ဖြစ်ကာ စွမ်းအင်များ ယုတ်လျော့စေပါသည်။ စိတ်ငြိမ်းချမ်းမှု ပျောက်ဆုံးသွားစေပါသည်။ အော်ဟစ်တတ်သည့်အကျင့် ရှိသောအခါ အဆင်မပြေမှု တစ်ခုခုကြုံတိုင်း ဝမ်းနည်းနေရပါမည်။ ထိုအခါ အခြားသူများနှင့် ဆက်ဆံရေးကိုသာမက မိမိကျန်းမာရေးကိုလည်း ထိခိုက်စေပါသည်။
တစ်ဖက်တွင်မူ ကျွန်ုပ်တို့၏ အပြုအမူက အခြားသူများအတွက် မေတ္တာ၊ ကရုဏာ၊ နားလည်မှုတို့ဖြင့် အမှန်တကယ် အလေးထားသည့်စိတ် ပါဝင်နေပါက အော်ဟစ်လိုစိတ် ဖြစ်လာလျှင်လည်း ထိုသို့မပြုမိအောင် အလိုလို ရှောင်ရှားမိလာပါသည်။ စောစောက ယာဉ်မောင်းကို ဝမ်းမြောက်ဝမ်းသာ ကျော်တက်ခွင့် ပေးလိုက်ပါသည်။ ရလဒ်မှာ ထိုယာဉ်မောင်းက ဝမ်းသာသွားသလို ကျွန်ုပ်တို့လည်း တည်ငြိမ်ပြီး ငြိမ်းချမ်းသည့်အတွက် အကျိုးရှိပါသည်။ ဤသည်မှာ ပျော်ရွှင်သော စိတ်အခြေအနေအတွက် အခြေခံဖြစ်ပါသည်။ အော်ဟစ်လိုစိတ်ကို ချိုးနှိမ်ခြင်း မရှိဘဲ စိတ်အနှောင့်အယှက် ဖြစ်ခြင်းမျိုး မရှိတော့ပါ။ လမ်းပေါ်ကလူတိုင်း သူတို့သွားလိုရာကို အမြန်ဆုံး ရောက်လိုသည်ကို မြင်လာပြီး မိမိခရီးသည် ကားမောင်းပြိုင်ပွဲလို အဓိပ္ပာယ်မဲ့ ဖြစ်သွားမည်ကို နားလည်လာပါသည်။

ဗုဒ္ဓဘာသာ၌ အပျက်သဘော အပြုအမူဆိုသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ အပျက်သဘော အလေ့အထများ၏ လွှမ်းမိုးမှုအောက်တွင် စိတ်လိုက်မာန်ပါ ပြုမူခြင်းဟူ၍ အဓိပ္ပာယ် သတ်မှတ်ထားပါသည်။ ကျွန်ုပ်တို့သည် အန္တရာယ် ရှိသောအရာနှင့် အကူအညီပေးသောအရာကို မှန်ကန်စွာ မခွဲခြားနိုင်ပါ။ ထိုသို့ဖြစ်သည်မှာ အကောင်းဆုံး ဖြစ်မည့်အရာကို မသိခြင်း သို့မဟုတ် ထိုသို့သိသော်လည်း မိမိကိုယ်ကို ထိန်းချုပ်မှု လုံးဝမရှိခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အဓိက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များမှာ လောဘ၊ ဒေါသ၊ မိမိအပြုအမူ၏ အကျိုးဆက် အကြောင်း မသိနားမလည်မှု၊ ထိုသို့ဒုက္ခပေးသည့် စိတ်ခံစားချက်များဖြင့် ပြောဆိုမှု၊ တွေးတောမှုတို့ ဖြစ်ပါသည်။ ထို့ပြင် မိမိကိုယ်ကို တန်ဖိုးမထားတော့ဘဲ မိမိအပြုအမူ ဘယ်လိုရှိမည်ကို ဂရုမစိုက်တော့ပါ။ ဘာပဲဖြစ်ဖြစ် ဆိုသည့် သဘောထား ရှိလာပါသည်။ ထိုအခါ ဝတ်စားဆင်ယင်ပုံ၊ ဆံပင်ပုံစံ၊ အပေါင်းအသင်းများစသည့် အပေါ်ယံကိစ္စအနည်းငယ်မှအပ မည်သည့်အရာမျှ အရေးမပါတော့ပါ။ ကျွန်ုပ်တို့၏ အပြုအမူက ကျွန်ုပ်တို့၏ မျိုးဆက်တစ်ခုလုံး သို့မဟုတ် ကျား၊ မ၊ လူမျိုး၊ ဇာတိနိုင်ငံ၊ ကိုးကွယ်သည့်ဘာသာ၊ သို့မဟုတ် သတ်မှတ်နိုင်သည့် အုပ်စုတစ်ခုခု အပေါ် မည်သို့သက်ရောက် မည်ကို အမှန်တကယ် လုံးဝဂရုမစိုက်တော့ပါ။ မိမိကိုယ်ကို ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို လေးစားမှု မရှိတော့ပါ။