မှန်ကန်သော စကား၊ အပြုအမူနှင့် အသက်မွေးမှု

သုံးသပ်ချက်

ကျင့်ဝတ်သီလ၊ စူးစိုက်မှုသမာဓိနှင့် ခွဲခြားသိမြင်သောပညာစသည့် လေ့ကျင့်မှု သုံးရပ်သည် ကျွန်ုပ်တို့ကြုံတွေ့ရသည့် ပြဿနာများ၊ ဆင်းရဲဒုက္ခများကို ကျော်လွှားနိုင်အောင် ကူညီပါသည်။ ထိုအတွက် နည်းစနစ်မှာ ကျွန်ုပ်တို့ အခက်အခဲများ၏ အကြောင်းရင်းကို သိရှိရန်နှင့် ထိုအကြောင်းရင်းများကို ဖယ်ရှားနိုင်အောင် ထိုသုံးချက်ကို အသုံးချရန် ဖြစ်ပါသည်။

လေ့ကျင့်မှု သုံးရပ်သည် ကျွန်ုပ်တို့နေ့စဉ်ဘဝ၌ အခြားသူများနှင့် ဆက်ဆံရာတွင် ကျင့်သုံးပါကလည်း အလွန်ပင် အကျိုးပြုပါသည်။

  • ကျင့်ဝတ် သီလ - အခြားသူများအပေါ် ကျွန်ုပ်တို့ ပြုမူပြောဆိုပုံကို လေ့လာရန် အရေးကြီးပါသည်။ အန္တရာယ်ရှိပြီး ပျက်စီးစေတတ်သော အရာများ မပြုလုပ်မိအောင် ရှောင်ရှားရန် ကျင့်ဝတ်သီလ လိုပါသည်။
  • စူးစိုက်မှုသမာဓိ - အခြားသူများနှင့် အပြန်အလှန် ဆက်သွယ်သောအခါ စူးစိုက်နိုင်စွမ်း ရှိရပါမည်။ သို့မှသာ သူတို့တွင် ဖြစ်ပျက်နေသောအရာနှင့် သူတို့၏ လိုအပ်ချက်များကို သိလာပါမည်။ ကျွန်ုပ်တို့စိတ်သည် ပျံ့လွင့်နေပြီး အမြဲတမ်း ဖုန်းကိုကြည့်နေပါက အခြားသူများနှင့် ဆက်သွယ်မှု အတော်ခက်ခဲလာပါမည်။
  • ခွဲခြားသိရှိသောပညာ - တစ်ဖက်လူကို သေချာနားထောင်ပါက သင့်တော်သလို တုံ့ပြန်နိုင်သည့် ခွဲခြားသိမြင်သောပညာကို အသုံးချနိုင်စွမ်းရှိလာပါမည်။ ထိုအခါ အခြားသူများအတွက် သင့်တော်သလို တွေးခြင်း၊ ပြုမူခြင်းနှင့် ပြောဆိုခြင်းတို့ ဖြစ်လာပါသည်။

လေ့ကျင့်မှု သုံးရပ်သည် အတူယှဉ်တွဲရှိနေပြီး တစ်ခုနှင့်တစ်ခု အားဖြည့်ပေးပါသည်။ ထို့ကြောင့်လည်း ယင်းတို့အားလုံးကို တစ်ပြိုင်နက် အသုံးချရန် လိုပါသည်။ အခြားသူများနှင့် မရှိသောအချိန်များတွင် လေ့ကျင့်မှု သုံးရပ်သည် မိမိကိုယ်တိုင် အတွက်လည်း အောက်ပါအတိုင်း အကျိုးပြုပါသည်-

  • ယင်းတို့သည် ကျွန်ုပ်တို့ကို မိမိဘာသာ ပျက်စီးစေမှု မဖြစ်အောင် ကာကွယ်ပေးပါသည်။
  • ကျွန်ုပ်တို့၏ စိတ်သည် အာရုံစူးစိုက်နေသည့်အတွက် မိမိဆောင်ရွက်ပြီးစီးလိုသောအရာကို ဘာမဆို ဆောင်ရွက်နိုင်ပါသည်။
  • သင့်တော်တာနှင့် မသင့်တော်တာကို ခွဲခြားသိရှိရန် အခြေခံ အသိပညာကို ကျွန်ုပ်တို့ အသုံးပြုပါသည်။

ထိုနည်းဖြင့် ယင်းတို့သည် ကျွန်ုပ်တို့ နေ့စဉ်ဘဝ၌ အသုံးချနိုင်သော အခြေခံစည်းမျဉ်းများ ဖြစ်ပါသည်။ ကိုယ်ရေးကိုယ်တာ အခြေအနေရော လူမှုရေး အပြန်အလှန် ဆက်သွယ်မှုများတွင်ပါ အသုံးချနိုင်ပါသည်။

မဂ္ဂင်ရှစ်ပါး

လေ့ကျင့်မှု သုံးရပ်ကို လေ့ကျင့်အသုံးချသောအခါ ဆောင်ရွက်ရန် နည်းလမ်းတစ်ခုမှာ ‘‘မဂ္ဂင်ရှစ်ပါး’’ ဖြင့် တင်ဆက်ခြင်း ဖြစ်သည်။ အပိုင်းသုံးပိုင်း ရရှိလာအောင် လေ့ကျင့်ရသော ကျင့်သုံးမှု ရှစ်မျိုး ဖြစ်ပါသည်။

ကျင့်ဝတ်သီလ စောင့်ထိန်းရန် အတွက် အောက်ပါအတိုင်း ကျင့်သုံးမှု သုံးရပ် ရှိပါသည်-

  • မှန်ကန်သော စကား - ဆက်သွယ်ပြောဆိုပုံ
  • မှန်ကန်သော အပြုအမူ ကန့်သတ်ချက်များ - ပြုမူဆောင်ရွက်ပုံ
  • မှန်ကန်သော အသက်မွေးမှု - အသက်မွေးဝမ်းကျောင်းပုံ။

စူးစိုက်မှုသမာဓိ စောင့်ထိန်းရန် အတွက်လည်း အောက်ပါအတိုင်း သုံးချက် ရှိပါသည်-

  • မှန်ကန်သော အားထုတ်မှု - အပျက်သဘော အတွေးများ စိတ်တွင်မရှိအောင် ဖယ်ရှားပြီး တရားရှုမှတ်ရာတွင် အထောက်အကူပြုသည့် စိတ်အခြေအနေများ ရရှိစေခြင်း
  • မှန်ကန်သော နှလုံးသွင်းမှု - ကျွန်ုပ်တို့ အာရုံစိုက်သောအရာနှင့် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုတို့ကို လွတ်မသွားရန်
  • မှန်ကန်သော စူးစိုက်မှု - အပြုသဘော အရာတစ်ခုခုတွင် မပြတ်အာရုံစိုက်နေရန်။

ခွဲခြားသိရှိသော ပညာကို လေ့ကျင့် ရာတွင် အောက်ပါအတိုင်း နှစ်ချက်ရှိပါသည်-

  • မှန်ကန်သော အမြင် - အမှန်နှင့် အမှား၊ အန္တရာယ်ရှိသောအရာနှင့် အကူအညီ ပေးသောအရာကို မှန်ကန်စွာ ခွဲခြားသိမြင်မှု၌ အခြေခံကာ မှန်သောအရာကို ယုံကြည်ရန်
  • မှန်ကန်သော ကြံစည်ရည်ရွယ်ချက် (မှန်ကန်သော စိတ်အားထက်သန်သည့်အတွေး) - မှန်ကန်သော အမြင်က ဦးဆောင်သည့် အပြုသဘော စိတ်အခြေအနေ။

အကျယ်ချဲ့ဆိုရပါက ကျင့်သုံးမှု ရှစ်ခုသည် မှားယွင်းသော အသုံးချမှုကို ကျွန်ုပ်တို့ စွန့်ပယ်ရမည်ဖြစ်ပြီး မှန်ကန်သော အသုံးချမှုကို ကျွန်ုပ်တို့ လက်ခံကျင့်သုံးရပါမည်။


စကားပြောဆိုမှု

အခြားသူများကို ကျွန်ုပ်တို့ စကားပြောဆိုပုံက ကျွန်ုပ်တို့၏ စိတ်အခြေအနေကို ထင်ဟပ်ပါသည်။ အခြားသူများ ခံစားရပုံ၊ ကျွန်ုပ်တို့အား အပြန်အလှန်အားဖြင့် သဘောထား ပြုမူပုံတို့အပေါ်တွင်လည်း သက်ရောက်မှု ရှိပါသည်။ ထို့ကြောင့် မည်သည့်ပြောပုံဆိုပုံက အထောက်အကူရပြီး မည်သည်က အန္တရာယ် ဖြစ်စေသည်ကို သိထားရန်လိုပါသည်။

မှားယွင်းသော စကား

မှားယွင်းသော စကားဆိုသည်မှာ ဝမ်းနည်းမှုနှင့် ပြဿနာများ ဖြစ်ပေါ်စေသော အောက်ပါစကားမျိုးဖြစ်သည်-

  • လိမ်လည်ခြင်း - မှားယွင်းသော၊ အခြားသူများကို လှည့်ဖြားသော စကားကိုပြောခြင်း။ ကျွန်ုပ်တို့သည် မိမိပြောသမျှတွင် အခြားသူများကို လိမ်လည်လှည့်ဖျားသူဟု လူသိများနေပါက မည်သူမျှ ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချတော့မည် မဟုတ်ပါ။ ပြောသမျှကိုလည်း နားထောင်တော့မည် မဟုတ်ပါ။ ဤသည်မှာ ဝမ်းနည်းဖွယ် အခြေအနေဖြစ်ပါသည်။
  • သွေးခွဲစကားပြောခြင်း - လူတို့မကောင်းကြောင်းကို သူတို့၏ မိတ်ဆွေ သူငယ်ချင်း၊ အပေါင်းအဖော်များအား ပြောဆိုပြီး ချစ်ခင်ရင်းနှီးမှု ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်း။ ထိုအခါ လူတို့က သူတို့ကွယ်ရာတွင်လည်း ဘာအပြောခံရမည်ကို စဉ်းစားပြီး ကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးပါ ပျက်ယွင်းလာပါသည်။
  • ကြမ်းတမ်းစွာ ပြောခြင်း - အခြားသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ပြောခြင်း၊ အော်ဟစ်ခြင်း၊ ကျိန်ဆဲခြင်း။ အခြားသူများကို နှုတ်ဖြင့် စော်ကားသောအခါ ကျွန်ုပ်တို့ကိုလည်း အစတွင် ထိုနည်းအတိုင်း ပြန်ပြောပါလိမ့်မည်။ ထို့နောက် သူတို့သည် သူတစ်ပါးနာကျင်မှု၌ သာယာသူမဟုတ်လျှင် သူတို့ကို အမြဲအော်ဟစ်နေသော ကျွန်ုပ်တို့လို လူမျိုးအနီးအနားတွင် နေချင်ကြမည် မဟုတ်တော့ပါ။
  • အတင်းအဖျင်း ပြောခြင်း - အမြဲတမ်း ‘‘ဘာဘာညာညာ’’ ပြောနေခြင်း၊ အခြားသူများကို ကြားဖြတ်ပြောခြင်း၊ အဓိပ္ပာယ် မရှိသော အရာများ၊ အတင်းအဖျင်းများ ပြောဆိုခြင်း။ ထိုအတွက် ရလဒ်မှာ မည်သူမျှ ကျွန်ုပ်တို့ကို အလေးအနက် မထားတော့ပါ။ ကျွန်ုပ်တို့နှင့် ပေါင်းသင်းရသည်ကို စိတ်နာလာပါမည်။ မိမိအချိန်ရော၊ အခြားသူတို့၏ အချိန်ကိုပါ ဖြုန်းတီးခြင်း ဖြစ်ပါသည်။

မှန်ကန်သော စကား

အပြုသဘော စကားသည် ကျွန်ုပ်တို့ကို အထက်ပါ မှားယွင်းသော စကားလေးမျိုးမှ ရှောင်ရှားနိုင်အောင် ကူညီပါသည်။ စောင့်ထိန်းမှု ပထမအဆင့်မှာ မမှန်သောစကားတစ်ခုခု ပြောလိုခြင်း၊ တစ်ယောက်ယောက်ကို အော်ငေါက်ခြင်း သို့မဟုတ် အကျိုးမရှိ ပြောဆိုခြင်းတို့ ပြုလုပ်လိုသည့်အခါ ယင်းသည်အပျက်သဘော ဖြစ်သည်၊ ဝမ်းနည်းမှု ဖြစ်စေသည်၊ ရှောင်ကြဉ်ရမည့် အရာ ဖြစ်သည်ဟု သဘောပေါက်ရပါမည်။

တကယ်တော့ ထိုသို့သိရန်မလွယ်ကူပါ။ အကြောင်းမှာ ထိုသို့ပြောချင်စိတ် ရှိလာသည့်ခဏတွင် ထိုအတိုင်း စိတ်လိုက်မာန်ပါ မပြောမိခင် သင့်ကိုယ်သင် သိရှိရန် လိုပါသည်။ ဤသည်မှာ ကိတ်မုန့်စားချင်စိတ်နှင့် တူပါသည်။ တစ်ခါတစ်ရံ ကိတ်မုန့် နောက်တစ်ခု ထပ်စားခွင့် ရှိသော်လည်း ယူမစားမီ ‘‘စားချင်ပေမယ့် တကယ်စားဖို့ မလိုပါဘူး။ ဒီကိတ်မုန့်ကို မလိုအပ်ပါဘူး။ အဆီတွေ များတယ်။ ကိုယ်အလေးချိန် ကျဖို့လိုနေတယ်။’’ ဟု စဉ်းစားနိုင်ပါသည်။ ဤသည်မှာ စည်းကမ်းနှင့် ပတ်သက်ပြီး ဆိုလိုခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ ပြုမူချင်စိတ်များ ရှိလာသောအခါ ရှေးခေတ် အိန္ဒိယဆရာတော်ကြီး ရှန်တီဒေဝက သစ်သားတုံးတစ်ခုကဲ့သို့ ကျင့်ရမည်ဟု အကြံပေးထားပါသည်။ အော်ငေါက်ခြင်း၊ မနှစ်သက်ဖွယ် တစ်ခုခု ပြောခြင်းတို့ ပြုလုပ်လိုသော်လည်း သင်ရော ကျွန်ုပ်ပါ ဝမ်းနည်းရမည်ကို သဘောပေါက်လာပြီး မပြောဖြစ်တော့ပါ။ သစ်သားတုံးကဲ့သို့ နေလိုက်ပါသည်။ အကျိုးမရှိသော ပျက်လုံးတစ်ခုပြောလိုခြင်း၊ အနှစ်မဲ့သော မှတ်ချက်တစ်ခု ပေးလိုခြင်းတို့ ရှိလာပါက ယင်းသည် အကျိုးမဲ့ အတင်းအဖျင်းပဲဟု သဘောပေါက်ပြီး ဘာမှမပြောတော့ပါ။ ထိုသို့ဆိုလိုပါသည်။

စောင့်ထိန်းမှု ဒုတိယအဆင့်မှာ အပြုသဘော တစ်ခုခုကို အစားထိုး ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အကျိုးရှိသော စကား ပြောခြင်း ဖြစ်ပါသည်။ ဤသည်မှာ ထိုသို့ပြောပါက ပျော်ရွှင်မှု ဖြစ်စေသည်၊ အခြေအနေတိုင်းကို ပိုပြီးညီညွတ်စေသည်ဟု သဘောပေါက်၍ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဆောင်ရွက်ရမည်မှာ အကြောင်း၊ အကျိုးနှင့်အညီ တွေးခေါ်ခြင်း ဖြစ်သည်။

မှန်ကန်သော စကား ပြောဆိုခြင်းသည် သိစိတ်ဖြင့် အထူးအားထုတ်မှု တကယ်လိုအပ်ပါသည်။ မှန်သောစကား၊ သိမ်မွေ့သောစကား၊ ကြင်နာသောစကားကို သင့်တော်သော အချိန်တွင် သင့်တော်သောနည်းလမ်းဖြင့် အောက်ပါအတိုင်း အဓိပ္ပာယ်ရှိသောအရာကိုသာ ပြောဆိုမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားရန်လည်း လိုပါသည်-

  • လူတို့ကို အမြဲ ကြားဝင်နှောင့်ယှက်ခြင်း သို့မဟုတ် အဆက်မပြတ် ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့ခြင်းတို့ မပြုလုပ်ရန် ကြိုးစားသင့်သည်။ မနက်စာ ဘာစားလဲ သို့မဟုတ် အခြား အတင်းအဖျင်း စကားများကဲ့သို့ အသေးအဖွဲ အကြောင်းအရာများကို အထူးသဖြင့် မပြောသင့်ပါ။ ဤသည်မှာ အခြားသူများကို အနှောင့်အယှက်ပေးသည့် အဓိပ္ပာယ်မဲ့ ပြောဆိုခြင်းဖြစ်ပါသည်။
  • သင့်တော်သော နည်းလမ်းမှာ အခြားသူများကို စကားပြောပါက အထူးသဖြင့် သူတို့က ကျွန်ုပ်တို့ကို သဘောတူညီပြီး ဖြစ်ပါက အလွန်အကျူးပြောခြင်း သို့မဟုတ် အချို့ကိစ္စများအတွက် ယုံကြည်အောင် အလွန်အမင်း ပြောဆိုခြင်းတို့ မပြုလုပ်ပါ။

ခွဲခြားသိမြင်မှုကို အသုံးပြုရန်တော့ လိုပါသည်။ ဥပမာ၊ မှန်ကန်သောစကား ပြောခြင်းတွင် တစ်စုံတစ်ယောက်က အကြည့်ရဆိုးသော အင်္ကျီအဝတ်အစား ဝတ်ထားပြီး သူတို့စိတ်ထိခိုက်မည် ဆိုပါက ‘‘အင်း။ ကြည့်ရတာ ဆိုးလိုက်တာနော်’’ ဟု သင်ကမပြောမိတော့ပါ။ တစ်ခါတစ်ရံ သတိထားရန် လိုသော်လည်း တစ်ဖက်လူပေါ်တွင် မူတည်ပါသည်။ ကျွန်ုပ်၏အစ်မ လာရောက်လည်ပတ်တုန်းက ကျွန်ုပ်တို့ အပြင်ထွက်သောအခါ သူဝတ်သောအင်္ကျီက ပွနေပါသည်။ သို့သော် အစ်မဖြစ်နေသည့်အတွက် အကြည့်ရ ဆိုးသည်ဟု ကျွန်ုပ်က ပွင့်ပွင့်လင်းလင်း ပြောနိုင်သည်။ သို့သော် သင့်မိသားစုဝင် မဟုတ်ပါက အခြားသူများကို ထိုသို့ပြောဖို့ ခက်ပါသည်။ ‘‘မင်းဝတ်ထားတဲ့ အင်္ကျီက မလှဘူး။ တခြားဟာ ဝတ်ပါလား။’’ ဟု အမှန်တရား ဖြစ်သည့်တိုင် သင့်ချစ်သူအသစ်ကို သင်ပြောမည် မဟုတ်ပါ။

ကြမ်းတမ်းသော စကားနှင့် ပတ်သက်၍ ခိုင်မာသောစကား တစ်ခုခု ပြောရန် တစ်ခါတစ်ရံ လိုပါသည်။ သင့်သားသမီးက မီးခြစ်များနှင့် သို့မဟုတ် မီးတောက်နိုင်တာ တစ်ခုခုနှင့် ကစားနေပါက သင်ကပြတ်ပြတ်သားသား ပြောရန်လိုပါသည်။ ဤသည်မှာ ကြမ်းတမ်းသောစကားဟု မဆိုလိုပါ။ အကြောင်းမှာ သင်ကဒေါသ စေ့ဆော်မှုဖြင့် ပြောခြင်းမဟုတ်ပါ။ ထို့ကြောင့် စေ့ဆော်မှုက အဓိကအရေးကြီးပါသည်။

မှားယွင်းသော စကားနှင့်ပတ်သက်သည့် အခြားနမူနာများ

ဤအပျက်သဘော ပြောဆိုမှုများထဲတွင် အခြားသူများအား ပြောဆိုမှုသာမက မိမိကိုယ်ကို ပြောဆိုမှုများလည်း ပါဝင်သင့်ပါသည်။ ဤအပျက်သဘော ပြောဆိုမှုများအကြောင်းကို ကျွန်ုပ်တို့ ပိုမိုကျယ်ပြန့်စွာ စဉ်းစားနိုင်ပါသည်။

လိမ်လည်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့ မည်သို့ခံစားနေရသည် သို့မဟုတ် အခြားသူများအား ကျွန်ုပ်တို့ မည်သို့ ရည်ရွယ်သည်ကို လိမ်ပြောခြင်းလည်း ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် တစ်ယောက်ယောက်ထံမှ ငွေကြေး သို့မဟုတ် တစ်စုံတစ်ရာ အလိုရှိသောအခါ သူတို့အပေါ် အလွန်သဘောကောင်းပြီး သူတို့ကို ချစ်ခင်သည်ဟု မိမိကိုယ်တိုင်လည်း ထိုသို့လှည့်ဖြား ယုံကြည်ကာ ပြောချင်ပြောနိုင်ပါသည်။ တစ်နည်းဆိုသော် ဒါကလှည့်ဖြားမှု ဖြစ်သည်။ ‘‘ခင်ဗျားဆီက ငွေကိုလိုချင်တာပါ။ ခင်ဗျားကိုတော့ မနှစ်သက်ပါဘူး’’ ဟု သွားပြောလျှင်တော့ သိပ်မသင့်တော်သည်မှာ မှန်ပါသည်။ သို့သော် မိမိစိတ်ခံစားချက်နှင့် ရည်ရွယ်ချက်များအပေါ် မှန်ကန်မှုရှိသလား မိမိကိုယ်ကို လေ့လာစူးစမ်းရန် လိုပါသည်။

သွေးခွဲသောစကားမှာ အလွန်မခံမရပ်နိုင်သော စကားမျိုး ပြောခြင်းဖြစ်ပြီး ထိုစကားကြောင့် နီးကပ်သော သူငယ်ချင်းများပင် စွန့်ခွါသွားစေပါသည်။ အချို့သူများက အမြဲတမ်း ညည်းတွားပါသည်။ သို့မဟုတ်လည်း အမြဲတမ်း အပျက်သဘောဆောင်ပါသည်။ ထိုအခါ သူတို့အနီးတွင် မည်သူမျှ မရှိတော့ပါ။ ထိုသို့ဖြစ်နေပါက ကျွန်ုပ်တို့အနီးတွင် မည်သူမျှ နေချင်မည်မဟုတ်ပါ။ သို့မဟုတ် တစ်ဖက်လူက တစ်ခွန်းမှ ဝင်ပြောခွင့် မရအောင် အဆက်မပြတ် ပြောနေခြင်းကြောင့်လည်း တစ်ဖက်လူက ဖယ်ခွါသွားပါသည်။ ထိုသို့သောပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ မကြာခဏ ဆုံတွေ့လိုခြင်း ရှိမည်မဟုတ်ပါ။ အခြားသူများ၏ ကောင်းကြောင်းကို ပြောသင့်ပါသည်။ တတ်နိုင်သလောက် အပြုသဘော ဆောင်သင့်ပါသည်။

ကြမ်းတမ်းသောစကား ဆိုသည်မှာ အခြားသူများကို စော်ကားခြင်းမျှသာမက မိမိကိုယ်ကို ညှဉ်းဆဲခြင်းလည်း ပါဝင်ပါသည်။ အခြားသူများကို ငတုံး၊ ငဖျင်းဟု ပြောသောအခါ ကြမ်းတမ်းသည်မှာ မှန်ပါသည်။ ထို့အတူ မိမိကိုယ်ကို ထိုသို့ပြောလျှင်လည်း ကြမ်းတမ်းပါသည်။ ထိုသို့ပြောသည့်အတွက် ကျွန်ုပ်တို့ မပျော်ရွှင်တော့တာ သေချာပါသည်။ ထို့ကြောင့် မိမိကိုယ်ကို ထားရှိသော သဘောထား၊ မိမိကိုယ်ကို ပြောဆိုဆက်ဆံပုံ၊ စိတ်ထဲမှနေ၍ မိမိကိုယ်ကို ပြောဆိုပုံတို့ ကောင်းမွန်ရန် အရေးကြီးပါသည်။

အဓိပ္ပာယ်မဲ့ ပြောဆိုမှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေး ကိစ္စများ၊ သံသယများ၊ စိုးရိမ်မှုများ စသည်တို့ကို အခြားသူများအား အဆင်ခြင်မဲ့စွာ မပြောသင့်ပါ။ အခြားသူများနှင့် မပြောသင့်၊ မပြောထိုက်သော ကိစ္စအချို့ ရှိပါသည်။ ဥပမာ၊ တစ်စုံတစ်ယောက်က သင့်ကို ယုံကြည်ပြီး သူတို့သည် မိန်းမရှာဖြစ်ကြောင်း သို့မဟုတ် ကင်ဆာရောဂါ ရှိကြောင်း ပြောထားကာ လျှောက်မပြောရန် မှာထားပါက သင်လျှောက်မပြောသင့်ပါ။ လူတို့၏ယုံကြည်မှုကို သစ္စာဖောက်ခြင်းသည် အဓိပ္ပာယ်မဲ့ ပြောဆိုမှုများမှ ပေါ်ထွက်လာပါသည်။

မှန်ကန်သော စကားဆိုသည်မှာ သင့်တော်သော အချိန်တွင်၊ သင့်တော်သော အခြေအနေများ၌ သင့်တော်သလို ပြောဆိုခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ စနစ်ကျစွာ ပြောဆိုရန် လိုပြီး တစ်ခါတစ်ရံ ကြုံသလို ပြောရပါသည်။ လူတို့ အနေအထိုင် မခက်အောင် ပြောတတ်ဖို့ လိုပါသည်။ ကလေးတစ်ယောက်ကို တစ်ခုခု ရှင်းပြသောအခါ သူတို့နားလည်သောနည်းဖြင့် ရှင်းပြရန် လိုပါသည်။ သို့သော် လူကြီးများ၊ ယဉ်ကျေးမှု မတူသူများ စသူတို့နှင့် ပတ်သက်လျှင်လည်း ထိုအတိုင်း ဖြစ်ပါသည်။

ဆောင်ရွက်မှု (အပြုအမူ) ကန့်သတ်ချက်များ

မဂ္ဂင်ရှစ်ပါးတွင် ဒုတိယအချက်မှာ မှန်ကန်သော ပြုမူဆောင်ရွက်မှု ကန့်သတ်ချက်များအကြောင်း ဖြစ်သည်။ ဤသည်မှာ ပညာရပ်စကားလုံး ဖြစ်သည်။ ကန့်သတ်ချက်များအကြောင်း ပြောသောအခါ ‘‘ဒီကန့်သတ်ချက်အထိပဲ ပြုမူဆောင်ရွက်မယ်။ ဒါကိုကျော်ပြီး မလုပ်ဘူး။’’ ဆိုသော ကန့်သတ်ချက်မျိုးကို ဆိုလိုပါသည်။

မှားယွင်းသော အပြုအမူ

ကန့်သတ်ချက်ထက် ကျော်လွန်သည် ဆိုရာတွင် အောက်ပါအတိုင်း အပျက်သဘော အပြုအမူသုံးမျိုးကို ဆိုလိုပါသည်-

  • သတ်ဖြတ်ခြင်း - သူတစ်ပါးအသက်ကို သတ်ခြင်း
  • မပေးသောအရာကို ယူခြင်း - ကိုယ်မပိုင်သောအရာကို ယူခြင်း၊ ခိုးဝှက်ခြင်း
  • မှားယွင်းသော လိင်မှုကိစ္စ ကျူးလွန်ခြင်း။

သတ်ဖြတ်ခြင်း

ဤသည်မှာ သူတစ်ပါးအသက်ကို သတ်ခြင်းဖြစ်သည်။ လူ့အသက် သတ်ခြင်းသာမက တိရစ္ဆာန်များ၊ ငါးများ၊ အင်းဆက်များ စသည်တို့အားလုံး ပါဝင်ပါသည်။

ကျွန်ုပ်တို့ အများစုအတွက် အမဲလိုက်ခြင်း၊ ငါးမြားခြင်းတို့ကို စွန့်လွှတ်ရန်မှာ ဘာမှမခက်ဟု ထင်ပါသည်။ အချို့မှာမူ အင်းဆက်များကို မသတ်ဘဲနေခြင်းသည် အတော်ခက်ပါမည်။ ‘‘ဒီယင်ကောင်ဟာ ငါ့အရင်ဘဝက မိခင်ပဲ’’ ဟု အတိတ်နှင့် အနာဂတ် ဘဝများကို မစဉ်းစားဘဲ ဒါကိုဖြေရှင်းရန် နည်းလမ်းများ ရှိပါသည်။ အဓိက အလေးထားရမည်မှာ ကျွန်ုပ်တို့ စိတ်အနှောင့်အယှက် ပေးသောအရာ တစ်ခုခုရှိပါက ချက်ချင်း အလိုလို တုံ့ပြန်မှုအဖြစ် သတ်ဖြတ်ခြင်းကို မပြုလုပ်ရန် ဖြစ်ပါသည်။ ကိုယ်မနှစ်သက်တာ တစ်ခုခုကို အကြမ်းဖက် ဖျက်ဆီးလိုသည့် အကျင့်ပါသွားပြီး မျက်နှာအနီး ဝဲနေသည့် ယင်ကောင်ထက် ကျော်လွန်သွားနိုင်ပါသည်။ ထိုသို့ ပြုလုပ်မည့်အစား စိတ်အနှောင့်အယှက် ပေးသောအရာ တစ်ခုခုကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် ရှာဖွေကြည့်ရပါမည်။ ခြင်၊ ယင်များဆိုပါက နံရံတွင် နားနေသောအခါ သူတို့ကို စက္ကူခံပြီး ဖန်ခွက်ဖြင့် အုပ်နိုင်သည်။ ထို့နောက် အပြင်သို့ လွှင့်ပစ်နိုင်သည်။ အခြေအနေများစွာတွင် တစ်ခုခု မနှစ်သက်သည်ကို ဖြေရှင်းရန်အတွက် ပို၍ ငြိမ်းချမ်းပြီး အကြမ်းမဖက်သော နည်းလမ်းကို ရှာဖွေနိုင်ပါသည်။

ကျွန်ုပ်ကဲ့သို့ အိန္ဒိယနိုင်ငံတွင် နေထိုင်ပါက အင်းဆက်များနှင့် နေတတ်ပါလိမ့်မည်။ အိန္ဒိယနိုင်ငံတွင် အင်းဆက်အားလုံး ရှင်းလင်းဖယ်ရှား၍ မရနိုင်ပါ။ ‘‘အင်းဆက်တွေကို သဘောကျရင် အိန္ဒိယနိုင်ငံကို သဘောကျမှာပါ။’’ ဆိုသော ကြော်ငြာ လှုပ်ရှားမှု တစ်ခုကို ခရီးသွားအေဂျင်စီများ အတွက်ပင် ကျွန်ုပ်စိတ်ကူးမိဖူးပါသည်။ အိန္ဒိယနိုင်ငံကို ပထမဆုံး ရောက်တုန်းက အင်းဆက်များကို ကျွန်ုပ်လုံးဝ မနှစ်သက်ခဲ့ပါ။ သို့သော် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများကို ကျွန်ုပ်အလွန် နှစ်ခြိုက်ပါသည်။ အဝေးက ဂြိုဟ်တစ်ခုဆီ ခရီးသွားပြီး ထိုအရပ်မှ သက်ရှိများက ဤသို့သော အင်းဆက်လိုမျိုး ဖြစ်နေပါက အတော်ရွံစရာကောင်းပြီး တွေ့တာနှင့် ဖိညှစ်ပစ်မိနိုင်သည်ဟု စိတ်ကူးမိပါသည်။ အင်းဆက်တစ်ကောင် နေရာတွင် သင်စတင် ကိုယ်ချင်းစာမိပါက သူတို့အလုပ် သူတို့လုပ်နေခြင်း ဖြစ်ပါသည်။ ထိုအခါ သက်ရှိတစ်မျိုးအဖြစ် သူတို့ကို သင်စတင်လေးစားလာပါတော့သည်။

အန္တရာယ်ရှိသော လူများ ရှိသလိုပင် အန္တရာယ်ရှိသော အင်းဆက်များ ရှိသည်မှာ မှန်ပါသည်။ ယင်းတို့ကို တင်းကျပ်သော နည်းလမ်းများဖြင့် ထိန်းချုပ်ရန် တစ်ခါတစ်ရံ အကြံပြုကြပါသည်။ သို့သော် လူအချင်းချင်း ပဋိပက္ခကိုဖြစ်စေ၊ ပုရွက်ဆိတ်၊ ပိုးဟပ်များ ပြည့်နေသော အိမ်တစ်အိမ်အတွက် ဖြစ်စေ ငြိမ်းချမ်းသောနည်းကို အရင်ဆုံး ရှာဖွေလျှင် အကောင်းဆုံး ဖြစ်ပါသည်။

သို့သော် သင်စိုက်ပျိုးထားသော သီးနှံများကို ကျိုင်းကောင်များက စားသုံးပစ်သည်ဟု တွေးကြည့်ပါ။ စိတ်၏စေ့ဆော်မှုက များစွာအရေးပါပါသည်။ ဗုဒ္ဓမြတ်စွာ၏ ဘဝဟောင်း တစ်ခုကို နမူနာ ကြည့်နိုင်ပါသည်။ ထိုစဉ်က ဘုရားလောင်းသည် သင်္ဘောပဲ့ကိုင်ရှင်ဖြစ်သည်။ သင်္ဘောပေါ်မှ လူတစ်ယောက်က ပါလာသည့်လူအားလုံးကို သတ်ရန် ကြံစည်နေသည်။ ဤသို့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ငြိမ်းချမ်းသောနည်းဖြင့် တား၍မရနိုင်ကြောင်း ဘုရားလောင်းက သိရှိသည်။ တစ်ခုတည်းသော နည်းလမ်းမှာ ထိုသို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုသူကို သတ်ပစ်ရန်ဖြစ်သည်။ ထို့ကြောင့်ဘုရားလောင်းသည် ထိုသူကို သတ်ပစ်သည်။ သို့သော် ကရုဏာ၏ စေ့ဆော်မှု ပါဝင်ပါသည်။ ခရီးသည်များ၏ ဘဝကို ကယ်တင်ရန်၊ ထိုသူတွင် ကံဆိုးများ အဆမတန် များပြားမလာအောင် ကာကွယ်ရန် ဖြစ်သည်။ ဒေါသ သို့မဟုတ် ကြောက်စိတ်ဖြင့် သတ်ခြင်း မဟုတ်ပါ။ သို့သော် မိမိသူတစ်ပါးကို သတ်ခဲ့ကြောင်း၊ စေ့ဆော်မှု မည်သို့ရှိစေကာမူ အပျက်သဘော ဆောင်ရွက်ချက်ဖြစ်ကြောင်း ဘုရားလောင်းက အသိအမှတ်ပြုသည်။ ထို့ကြောင့် ‘‘အခြားသူများကို ကယ်တင်ရန် ငါကိုယ်တိုင် ဤကံ၏ အကျိုးဆက်များကို လက်ခံရန် ဆန္ဒရှိပါ၏။’’ ဟု ဆုံးဖြတ်ခဲ့ပါသည်။

ထို့ကြောင့် သီးနှံများကို ကယ်တင်ရန်အတွက် ကျိုင်းကောင်ကဲ့သို့ ဖျက်ဆီးတတ်သောအကောင်များကို သတ်ဖြတ်ရန် လိုပါက ဒေါသ၊ ကြောက်စိတ်၊ သီးနှံရောင်းချပြီး ငွေကြေးများစွာ ရရှိလိုစိတ်တို့ကြောင့် မဟုတ်ဘဲ ကရုဏာကြောင့် ဖြစ်ရပါမည်။ ထိုအခါ အကျိုးဆက်သည် ဒေါသကြောင့် ဆောင်ရွက်မှုထက် နည်းပါးသွားပါမည်။ သို့သော် ဗုဒ္ဓမြတ်စွာကဲ့သို့ပင် ဤသည်မှာ အပျက်သဘော ဖြစ်ကြောင်း၊ ယင်းမှ ပေါ်ထွက်လာသော မည်သည့် အကျိုးဆက်ကိုမဆို လက်ခံကြောင်း အသိအမှတ်ပြုရန် အရေးကြီးနေပါသည်။

ခိုးယူခြင်း

လူအများစုက သူတို့၏ပိုင်ဆိုင်မှုထက် သူတို့အသက်ကို ပိုပြီး တွယ်တာမှု ရှိပါသည်။ သို့သော် တစ်စုံတစ်ယောက်၏ ပိုင်ဆိုင်မှုကို သင်ယူလိုက်ပါက နှစ်ဦးနှစ်ဖက်တွင် ဝမ်းနည်းဖွယ် များစွာ ဖြစ်စေပါသည်။ အထူးသဖြင့် ခိုးယူသူက ‘‘ငါ့ကိုဖမ်းမိသွားလေမလား။’’ ဟု မပြတ်စိုးရိမ်နေရပါသည်။

ယခုအခါ မိမိအတွက် ပြဿနာမဖြစ်အောင် ရှောင်ရှားရန် ဖြစ်သည်။ ငါးတစ်ကောင်၊ အင်းဆက်တစ်ကောင်ကို သတ်လိုက်ပါက သူတို့အတွက် ပြဿနာ ဖြစ်သည်မှာရှင်းပါသည်။ သို့သော် ကျွန်ုပ်တို့မှာလည်း ပြဿနာ ရှိပါသည်။ အကြောင်းမှာ အင်းဆက်များကြောင့် ကျွန်ုပ်တို့ အလွန်အနှောင့်အယှက် ဖြစ်ပါက အခန်းထဲ ခြင်ဝင်မည်ကို အမြဲစိုးရိမ်နေသည်။ ခြင်ရိုက်ရန် ညဉ့်နက်သန်းခေါင် ထရှာရသည်။ ဤသည်မှာ စိတ်မငြိမ်းချမ်းမှု ဖြစ်သည်။ ထိုကိစ္စများအတွက် ငြိမ်းချမ်းသောနည်းကို ယေဘုယျအားဖြင့် အသုံးပြုပါက ကျွန်ုပ်တို့ စိတ်သည် ပို၍ သက်သာရာ ရနိုင်ပါသည်။

ခိုးယူမှုသည်လည်း ထိုသဘောအတိုင်း ဖြစ်သည်။ ခိုးကြောင်ခိုးဝှက် ဖြစ်နေပါက လူမိသွားမည်ကို စိုးရိမ်နေရပါသည်။ ဤသည်မှာ အလွန်အားကောင်းသော ဆန္ဒတွင် အခြေခံပါသည်။ အခြားတစ်ယောက်ထံမှ ခိုးယူရန်အတွက် တစ်ခုခုရအောင်လုပ်ဖို့ သည်းခံစောင့်ဆိုင်းရသည်။ 

ဆန့်ကျင်ဘက် စေ့ဆော်မှုများဖြင့် သတ်ဖြတ်ခြင်း၊ ခိုးယူခြင်း နမူနာများလည်း ရှိပါသေးသည်-

  • သား၊ ငါး၊ တိရစ္ဆာန်တို့ကို အမှန်တကယ် စားချင်သည့်အတွက် လောဘ၊ တဏှာတို့ဖြင့် သတ်ဖြတ်ခြင်း ဖြစ်နိုင်ပါသည်။ စားစရာ တစ်ခုမှ မရှိခြင်းနှင့် ရွေးချယ်စရာများ ရှိနေခြင်းတို့မှာ မတူညီပါ။
  • တစ်စုံတစ်ယောက်ကို နာကျင်စေလိုသည့်အတွက် သူတို့ပိုင်ဆိုင်သောအရာ တစ်ခုခုကို ယူသည့်အတွက် ဒေါသဖြင့် ခိုးယူခြင်း ဖြစ်နိုင်ပါသည်။

မှားယွင်းသော လိင်မှုကိစ္စ ကျူးလွန်ခြင်း

ဤသည်မှာ ကျွန်ုပ်တို့ အများစုအတွက် ပြောရခက်သော အကြောင်းရပ် ဖြစ်ပါသည်။ လိင်စိတ်ပြင်းထန်မှု၏ နောက်ကွယ်တွင် အာသာဆန္ဒ ပါဝင်နေပါသည်။ ဗုဒ္ဓဘာသာအရ ရှောင်ရှားရန် အခြေခံ လမ်းညွှန်ချက်များမှာ-

  • ကျွန်ုပ်တို့၏ လိင်မှုကိစ္စဖြင့် အန္တရာယ် ဖြစ်စေခြင်း။ မုဒိမ်းမှုနှင့် အခြားသူများကို အကြမ်းဖက်မှုတို့ ပါဝင်သည်
  • မိမိ၏အိမ်ထောင်ဖက် အပါအဝင် အခြားသူတို့ကို စိတ်ဆန္ဒမပါဘဲ လိင်မှုကိစ္စဆောင်ရွက်ရန် ဖိအားပေးခြင်း
  • အခြားသူတစ်ယောက်၏ အိမ်ထောင်ဖက်နှင့် လိင်မှုကိစ္စဆောင်ရွက်ခြင်း။ သို့မဟုတ် မိမိတွင် အိမ်ထောင်ဖက် ရှိပါက အခြားသူတစ်ဦးနှင့် လိင်မှုကိစ္စဆောင်ရွက်ခြင်း။ ကျွန်ုပ်တို့ မည်မျှပင် သတိရှိစေကာမူ အမြဲတမ်း ဒုက္ခဖြစ်စေမည် မဟုတ်ပါလား။

မသင့်တော်သော လိင်မှုကိစ္စ ကျူးလွန်ခြင်းအတွက် အခြားအစိတ်အပိုင်းများစွာ ရှိပါသည်။ သို့သော် အဓိက အချက်မှာ တိရစ္ဆာန်များလို မပြုမူရေး ဖြစ်ပါသည်။ တိရစ္ဆာန် တစ်ကောင်သည် အခြားတစ်ကောင်ပေါ်သို့ စိတ်အလိုရှိတိုင်း အနီးအနားရှိ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ခုန်တက်ပါမည်။ သူတို့သည် ဆန္ဒ၊ တဏှာတို့၏ ခြယ်လှယ်မှု အပြည့်အဝ ခံနေရပါသည်။ ထိုသို့မဖြစ်အောင် ကျွန်ုပ်တို့ ရှောင်ရှားရပါမည်။

သို့ဆိုလျှင် ကျွန်ုပ်တို့ ဆောင်ရွက်ရမည့်အချက်မှာ ကန့်သတ်ချက်အချို့ သတ်မှတ်ကာ ထိုကန့်သတ်ချက် ဘောင်ကို မကျော်လွန်စေဘဲ ကျွန်ုပ်တို့၏ လိင်မူကိစ္စကို ဆုံးဖြတ်ကန့်သတ်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့ သတ်မှတ်ထားသော ထိုကန့်သတ်ချက်များတွင် အကြိမ်ရေ၊ လိင်မှုကိစ္စ အမျိုးအစား၊ လိင်မှုကိစ္စ အနေအထားများ၊ စသည်စသည် ပါဝင်နိုင်ပါသည်။ အဓိက အချက်မှာ ကျွန်ုပ်တို့၏ လိင်မှုဘဝ ပြုမူဆောင်ရွက်ပုံအတွက် လမ်းညွှန်ချက်အချို့ ချမှတ်ရန် ဖြစ်သည်။ တိရစ္ဆာန်များကဲ့သို့ ကိုယ်စိတ်ထင်ရာအတိုင်း အချိန်၊ နေရာမရွေး၊ မည်သူနှင့်မဆို မပြုလုပ်ရန် ဖြစ်ပါသည်။ ဤသည်မှာ ကိုယ်ပိုင်ကျင့်ဝတ်စည်းကမ်းနှင့် ပတ်သက်လျှင် အလွန်ပင် အရေးကြီးပါသည်။ ကိုယ်ပိုင်စည်းကမ်းသည် ကိုယ်တိုင် သတ်မှတ်ထားသော ကန့်သတ်ချက်များထက် မကျော်လွန်အောင် ရှောင်ရှားရန် ဖြစ်သည်။ အကြောင်းမှာ ကျော်လွန်ပါက တဏှာရာဂတွင် အခြေခံပြီး တဏှာရာဂသည် ပြဿနာပေါင်း သောင်းခြောက်ထောင်၏ အကြောင်းရင်း ဖြစ်နေပါသည်။

အရက်သေစာ သောက်စားခြင်း

အရက်သေစာ သောက်စားခြင်းသည် ဤအပျက်သဘော အပြုအမူများထဲတွင် မပါဝင်သော်လည်း ယင်းတို့ကို စွန့်လွှတ်ခြင်းမှာ ကျွန်ုပ်တို့ တိုးတက်မှုအတွက် အလွန်အရေးကြီးပါသည်။

ကျွန်ုပ်တို့သည် စူးစိုက်မှု ရရှိလိုသည်။ စည်းကမ်းရှိလိုသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့မူးယစ်လာသောအခါ စည်းကမ်းအားလုံး ဖောက်ဖျက်မိသည် မဟုတ်ပါလား။ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ ဆေးခြောက်များ မှီဝဲကာ အာရုံစူးစိုက်မှု အကုန်လုံး ပျောက်ဆုံးသွားပါသည်။ ကျွန်ုပ်တို့ စိတ်တွင် စိတ်ပျံ့လွင့်မှု၊ စိတ်ကူးယဉ်မှုတို့သာ ပြည့်လာပါသည်။ မူးယစ်ဆေး အမျိုးမျိုး သို့မဟုတ် အရက်၏ အာနိသင်များကို ကြည့်ပြီး ပုဂ္ဂိုလ်ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ ဆောင်ရွက်လိုသော အရာနှင့် နှိုင်းယှဉ်ကြည့်ပါက မူးယစ်ဆေးသုံးခြင်း၊ အရက်မူးခြင်းသည် ဆန့်ကျင်ဘက် ဖြစ်သည်ကို တွေ့ရပါမည်။ အရက်မူးနေချိန် ကာလအတွက်သာ ထိုအတားအဆီးများ ရှိနေခြင်း မဟုတ်ဘဲ နောက်ဆက်တွဲ အာနိသင်များ ရှိနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အသုံးပြုလိုပါက အကန့်အသတ် ပုံစံအချို့ ချမှတ်လျှင် အမှန်ပင် ကောင်းမွန်ပါသည်။ လုံးဝစွန့်လွှတ်လျှင်ကား အကောင်းဆုံး ဖြစ်ပါ၏။

မှန်ကန်သော ဆောင်ရွက်မှု ကန့်သတ်ချက်များ (မှန်ကန်သော အပြုအမူ)

ကိုယ်ပိုင် စည်းကမ်း တစ်ချက်မှာ အပျက်သဘော အပြုအမူများကို မပြုလုပ်ဘဲ ရှောင်ရှားခြင်း ဖြစ်သည်။ နောက်တစ်ချက်မှာ အပျက်သဘော အပြုအမူများ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းကို ‘‘မှန်ကန်သော အပြုအမူ’’ ဟု ခေါ်ပါသည်။

ထို့ကြောင့် အခြားသူများကို သတ်မည့်အစား အသက်ကယ်တင်ရန် တက်ကြွစွာ ဆောင်ရွက်ရပါမည်။ ထိုထက် ကျယ်ပြန့်စွာ အသုံးချနည်းမှာ သဘာဝ ပတ်ဝန်းကျင်ကို မဖျက်စီးဘဲ ကြည့်ရှုစောင့်ရှောက်ရန် ဖြစ်ပါသည်။ ထိုအခါ တိရစ္ဆာန်များနှင့် ငါးများ လွတ်လပ်စွာ ရှင်သန်နိုင်ပါမည်။ ဝက်များ မွေးထားပါက ဝက်စာကျွေးပါက ဝလာပြီး ပေါ်စားရန် မဟုတ်ဘဲ အသက်ကယ်တင်ရန် ရှင်သန်ကြီးထွားဖို့ ကျွေးသင့်ပါသည်။ ခွေးကိုအစာကျွေးသည်မှာ အသက် ကယ်တင်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ နာမကျန်းသူများအား ပြုစုစောင့်ရှောက်ခြင်း သို့မဟုတ် ထိခိုက် နာကျင်သူများအား ကူညီခြင်း စသည့် ကိစ္စမျိုးလည်း ပါဝင်ပါသည်။

သင့်အခန်းထဲ လာဝဲနေသည့် ယင်ကောင် သို့မဟုတ် ပျားတစ်ကောင်ကို ကြည့်ပါ။ သူလည်း ဝင်ချင်၍ ဝင်လာသည် မဟုတ်ပါ။ အပြင်ထွက်ချင်သော်လည်း မထွက်တတ်သည့်အတွက် ဖြစ်ပါသည်။ ထို့ကြောင့် သင့်အခန်းထဲ မှားဝင်လာရုံကလေးနှင့် သူ့ကိုသတ်လိုက်ပါက မသင့်တော်ဘူး မဟုတ်လား။ ‘‘ရှူး’’ ဆိုသည့်အသံဖြင့် အော်ပြီး ပြတင်းပေါက်ဖွင့်ကာ အပြင်ထွက်နိုင်အောင် ကူညီပေးနိုင်ပါသည်။ ဤသည်မှာ အသက်ကယ်တင်ခြင်း ဖြစ်ပါသည်။ ပျားတစ်ကောင်ကလည်း အသက်ရှင်ချင်ပါသည်။ သင့်အခန်းထဲ ငှက်တစ်ကောင် မှားဝင်လာပါက သေနတ် ပြေးယူပြီး ပစ်လိုက်မည် မထင်ပါ။ ပျားနှင့် ငှက်တွင် ကွာခြားချက်မှာ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် ပေါ်ထွက်သောအသံတို့ ဖြစ်ပါသည်။ သင့်အခန်းထဲ ယင်ကောင်မဝင်စေချင်ပါက ပြတင်းပေါက် မဖွင့်ဘဲ ယင်လုံဇကာ တပ်ထားပါ။

ခိုးယူခြင်းမှ ရှောင်ရှားရာတွင် မှန်ကန်သော အပြုအမူမှာ အခြားသူများ၏ ပိုင်ဆိုင်မှုကို ကာကွယ်ခြင်း ဖြစ်ပါသည်။ တစ်ယောက်ယောက် သင့်ကို တစ်ခုခုချေးငှားပါက မပျက်စီးအောင် အတတ်နိုင်ဆုံး ကာကွယ်ရပါမည်။ အခြားသူများတွင် နှစ်သက်စရာ ပစ္စည်းများရှိအောင် ကူညီရပါမည်။

မှားယွင်းသော လိင်မှုကိစ္စတွင် အခြားသူများနှင့် လိင်ဆက်ဆံမှုသာမက သင့်ဘာသာလိင်မှုအာသာဖြေခြင်းလည်း ပါဝင်ပြီး လိင်ပိုင်းဆိုင်ရာအရ နူးညံ့ကြင်နာ ရန် လိုပါသည်။ ထကြွနေသော ခွေးတစ်ကောင်လို မဖြစ်သင့်ပါ။

မှန်ကန်သော အပြုအမူ၊ မှားယွင်းသော အပြုအမူတို့နှင့် ပတ်သက်သော အခြား နမူနာများ

ဆက်လက်ဆွေးနွေးမည်ဆိုပါက ထိုအပြုအမူ သုံးမျိုးနှင့် ပတ်သက်သော အခြားအစိတ်အပိုင်းများစွာ ရှိသည်ကို မြင်နိုင်ပါသည်။

ဥပမာ၊ သူတစ်ပါးအသက် မသတ်ခြင်းဆိုသည်မှာ အကျယ်ချဲ့ပါက အခြားသူများကို ကြမ်းတမ်းသော အပြုအမူဖြင့် မဆက်ဆံရန် ဖြစ်ပါသည်။ ဤအထဲတွင် ရိုက်နှက်ခြင်း မပြုလုပ်ရန်သာမက မတန်တဆ ခိုင်းခြင်း၊ ခန္ဓာကိုယ် အန္တရာယ် တစ်ခုခု ဖြစ်စေနိုင်သော အလုပ်များလုပ်ရန် အတင်းအကျပ် ခိုင်းစေခြင်းတို့ မပြုလုပ်ရန်လည်း ပါဝင်ပါသည်။ မိမိကိုယ်တိုင်လည်း ဤအချက်ကို အသုံးချနိုင်ပါသည်။ ကိုယ်တိုင် အလုပ်အလွန်အကျွံ လုပ်ခြင်းဖြင့် မညှဉ်းဆဲသင့်သလို အစားအသောက်နည်းပြီး အအိပ်နည်းခြင်းမျိုး မဖြစ်သင့်ပါ။ မိမိအပြုအမူကို အခြားသူများအနေနှင့် တစ်ခါတစ်ရံ စဉ်းစားသင့်ပါသည်။ သို့သော် မိမိကိုယ်တိုင်လည်း ယင်းကို အသုံးချရန် အရေးကြီးပါသည်။

ခိုးယူခြင်းနှင့် ပတ်သက်လျှင် အခြားသူများ၏ ပိုင်ဆိုင်မှုကို မယူရုံသာ မဟုတ်ပါ။ အခြားသူများ၏ပစ္စည်းကို အရင်မတောင်းဆိုဘဲ အသုံးပြုခြင်းလည်း ပါပါသည်။ ဥပမာ၊ တစ်ယောက်ယောက်၏ ဖုန်းကိုယူပြီး စျေးကြီးသော ခေါ်ဆိုမှု ပြုလုပ်ခြင်း သို့မဟုတ် ခွင့်မတောင်းဘဲ အခြားသူများ၏ ရေခဲသေတ္တာထဲမှ အစားအသောက်များ ယူစားခြင်းတို့ ဖြစ်ပါသည်။ လက်မှတ်မဝယ်ဘဲ ရုပ်ရှင်ရုံထဲ ဝင်ကြည့်ခြင်း သို့မဟုတ် အခွန် မဆောင်ခြင်း။ ဤအချက်ကို နားမခံသာ ဖြစ်ချင်ဖြစ်နိုင်ပါသည်။ ယင်းတို့မှာ ခိုးယူခြင်း ဖြစ်ပါသည်။ ‘‘စစ်ပွဲတွေအတွက် ငွေကြေး ထောက်ပံ့ဖို့၊ လက်နက်တွေ ဝယ်ဖို့ ဖြစ်တာကြောင့် အခွန်မဆောင်ချင်ပါဘူး။’’ ဟု ငြင်းချင်ငြင်းနိုင်ပါသည်။ သို့သော် အမှန်တရားမှာ လမ်းဖောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်း ဆောက်ခြင်း စသည်တို့ထဲသို့လည်း အသုံးပြုပါသည်။ ထိုအရာများ အသုံးပြုလိုပါက အခွန်အနည်းငယ် ဆောင်ရန်လိုပါသည်။

လိုင်စင်မရှိသော၊ ခိုးကူးထားသော ဆော့ဖ်ဝဲများ၊ ဗီဒီယိုများ ဒေါင်းလုတ်ယူခြင်းမှာ ခိုးယူခြင်း ဖြစ်ပါသလား။ အထူးသဖြင့် ‘‘အခကြေးငွေ မပေးဘဲ ဒေါင်းလုတ် မယူပါနှင့်’’ ဟု အတိအလင်း ရှင်းလင်းစွာ ဖော်ပြထားပါက ခိုးယူခြင်း ဖြစ်သည်ဟု ထင်ပါသည်။ ခိုးယူခြင်း မဟုတ်ပါဟု မည်သို့မျှ မဆိုနိုင်ပါ။ သို့သော် စည်းကမ်းချက်မှာ ကန့်သတ်ချက် ထားရှိဖို့ ဖြစ်ပါသည်။ အကျိုးဆက်ကို မစဉ်းစားဘဲ တစ်ခုခု ပြုလုပ်ခြင်းနှင့် လုံးဝ မပြုလုပ်ခြင်းမှာ ကွာခြားပါသည်။ ခိုးခြင်းနှင့် ပတ်သက်လျှင် ‘‘ဘဏ်ကို ဓါးပြ မတိုက်ဘူး။ စတိုးဆိုင်ကနေ မခိုးဘူး။ ဒါပေမယ့် အခကြေးငွေ မပေးဘဲ ဒေါင်းလုတ်ယူ၍ ရမလား။ ယခုအခါ ဒါကို ရှောင်ရှား၍ မရနိုင်ပါ။’’ ဟု ပြောနိုင်ပါသည်။ အနည်းဆုံးတော့ ထိုသို့ကန့်သတ်ချက် ထားရှိနိုင်ပါသည်။ သို့သော် အခကြေးငွေ မပေးဘဲ ဒေါင်းလုတ်ယူသည်မှာ ခိုးခြင်းဖြစ်သည်ကို အသိအမှတ်ပြုရန် အရေးကြီးပါသည်။ ပေးစရာငွေ ရှိသော်လည်း မပေးဘဲ ဒေါင်းလုတ်ဆွဲခြင်းနှင့်လည်း အတော်ကွာခြားမှု ရှိပါသည်။ ပေးနိုင်သော်လည်း စျေးသက်သာရန် သို့မဟုတ် အကျင့်ယုတ်ကာ မပေးသောအခါ ပိုအလေးအနက်ထားရမည့် ကိစ္စ ဖြစ်ပါသည်။ ရှောင်ရှားသင့်သည့် ကိစ္စလည်း ဖြစ်ပါသည်။

ခိုးယူခြင်းနှင့် ပတ်သက်လျှင် ဤနေရာတွင် မိမိကိုယ်ကို ကြည့်နိုင်ပါသည်။ အသေးအဖွဲများအတွက် ငွေမဖြုန်းသင့်ပါ။ ဥပမာ၊ လောင်းကစားခြင်းသည် ကိုယ်ပိုင်ပစ္စည်း အလွဲသုံးခြင်း ဖြစ်ပါသည်။ ကိုယ်တိုင် သုံးနိုင်စွဲနိုင်သည့်တိုင် ကပ်စေးနှဲခြင်းမှာလည်း မပြုလုပ်သင့်ပါ။ သင့်တော်သော အာဟာရစားရန်၊ အစားအသောက်ကောင်းများ ဝယ်ယူရန် ငွေရှိသော်လည်း ချွေတာနေကာ စျေးအပေါဆုံး၊ အရည်အသွေး အညံ့ဆုံး အစားအသောက်ကို ဝယ်လိုက်သည်။ ဤသည်မှာ သင့်ကိုယ်သင် ခိုးယူလိုက်ခြင်းနှင့် ဆင်တူပါသည်။

မှားယွင်းသော လိင်မှုကိစ္စနှင့် ပတ်သက်လျှင် အခြားသူများ သို့မဟုတ် သူတို့အိမ်ထောင်ဖက်များအပေါ် ကျွန်ုပ်တို့က ကျူးလွန်ခြင်းသာမက ကျွန်ုပ်တို့၏ ကိုယ်၊ စိတ် ကျန်းမာရေး ထိခိုက်စေနိုင်သော လိင်ကိစ္စများတွင် မပတ်သက်ရန်လည်း လိုပါသည်။ ဥပမာအားဖြင့် သင်အလွန် သဘောကျသူတစ်ယောက်နှင့် တွေ့သောအခါ ထိုသူနှင့်လိင်ကိစ္စ ပျော်ပါးလိုစိတ် တစ်ဖက်တွင် ဖြစ်လာသည်။ သို့သော် ပြဿနာမှာ သူတို့တွင် စိတ်ခံစားချက် ပြဿနာများ၊ အခြား အခက်အခဲများ ရှိနေပါသည်။ သူတို့နှင့် သင်ပတ်သက်ပါက ရှေ့လျှောက်ဒုက္ခရောက်တော့မည်ဟု သင်သဘောပေါက်လိုက်သည်။ ထို့ကြောင့် သင့်ကျန်းမာရေးအတွက် မပတ်သက်တော့ပါ။ တစ်စုံတစ်ယောက် ချောမောလှပသည့်အတွက် ကျွန်ုပ်တို့၏ တပ်မက်မှုနောက်ကို မလိုက်သင့်ပါ။

သတ်မှတ်ထားသော ကန့်သတ်ချက်များ ကျော်လွန်မိသောအခါ ဘာလုပ်မလဲ

ကျွန်ုပ်တို့ အပြုအမူအတွက် ချမှတ်ထားသော ကန့်သတ်ချက်များကို မကြာခဏ ဆိုသလို မလွှဲမရှောင်သာ ကျော်သွားမိတတ်ပါသည်။ ထို့ကြောင့် အဆိုပါ အခြေအနေများကို ဖြေရှင်းရန် တန်ပြန်မှုများကို ဗုဒ္ဓဘာသာတွင် ပေးထားပါသည်-

  • ဆောင်ရွက်ခဲ့ပြီကို ဝန်ခံပါ။ ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ။
  • ဆောင်ရွက်ချက်ကို ဘာပဲဖြစ်ဖြစ် မပြုလုပ်ခဲ့သင့်ကြောင်း နောင်တရပါ။ ဤသည်မှာ အပြစ်ရှိခြင်းနှင့် မတူပါ။ အပြစ်ရှိခြင်းမှာ သင့်ကိုယ်သင် စက်ဆုပ်ဖွယ်လူတစ်ယောက်ဟု ထင်ပြီး ခွင့်လွှတ်နိုင်ခြင်း မရှိပါ။
  • ထိုဆောင်ရွက်ချက်ကို ထပ်မပြုလုပ်ရန် ဆုံးဖြတ်ချက်ချပါ
  • ကန့်သတ်ချက်ကို ကျော်သွားပါက ဝမ်းနည်းမှု ဖြစ်ကာ ပြဿနာများ ပေါ်လာနိုင်သောကြောင့် ထိုသို့ကျော်မသွားရန် စိတ်အားထက်သန်စွာ ကတိကဝတ်ပြုပါ
  • တန်ပြန်ဆောင်ရွက်ချက် ကျင့်သုံးပါ။ ဥပမာ၊ တစ်ယောက်ယောက်ကို အော်ဟစ်မိပါက စိတ်မကြည်သည့်အတွက် သို့မဟုတ် တစ်ခုခု ရှင်းပြကာ ရိုးရိုးသားသား ပြန်တောင်းပန်နိုင်ပါသည်။

အသက်မွေးမှု

အသက်မွေးမှုနှင့် ပတ်သက်ပြီး အချို့နည်းလမ်းများမှာ ကျင့်ဝတ်နှင့် ကိုက်ညီသော်လည်း အချို့မှာမကိုက်ညီပါ။

မှားယွင်းသော အသက်မွေးမှု

အန္တရာယ်ရှိသော လုပ်ငန်းတစ်မျိုးမျိုးဖြင့် သို့မဟုတ် မိမိရော အခြားသူများပါ အန္တရာယ်ရှိသော နည်းလမ်းဖြင့် ငွေရှာခြင်း မပြုရန် ဆိုလိုပါသည်။ ထိုအထဲတွင် အောက်ပါတို့ပါဝင်ပါသည်-

  • လက်နက် ထုတ်လုပ်ရောင်းချခြင်း
  • တိရစ္ဆာန်များ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ ငါးမြားခြင်းနှင့် အင်းဆက်များ မျိုးတုံးအောင်သတ်ဖြတ်ခြင်း
  • အရက်နှင့် မူးယစ်ဆေး ထုတ်လုပ်၊ ရောင်းချ၊ ဧည့်ခံခြင်း
  • လောင်းကစားရုံ လုပ်ငန်း လုပ်ကိုင်ခြင်း 
  • ညစ်ညမ်းအကြောင်းရပ်များ ထုတ်ဝေဖြန့်ဖြူးခြင်း။

ထိုသို့သော အသက်မွေးနည်းများမှာ အခြားသူများကို အန္တရာယ် ဖြစ်စေပါသည်။ ညစ်ညမ်းအကြောင်းအရာများကို နမူနာကြည့်လျှင် တဏှာရာဂကို တိုးလာအောင် ပြုလုပ်ပါသည်။ ပုံမှန်အလုပ်တစ်ခု လုပ်ကိုင်နေလျှင်ပင် ရိုးသားရန် အရေးကြီးပါသည်။ အောက်ပါကဲ့သို့ မရိုးသားမှုကို ရှောင်ရှားရပါမည်-

  • ဖောက်သည်များကို ငွေကြေးပိုယူခြင်း၊ သူတို့ထံမှ ငွေကြေးကို များနိုင်သမျှ များများယူရန် ကြိုးစားခြင်း
  • ငွေကြေးအလွဲသုံးစား ပြုလုပ်ခြင်း။ ကိုယ်ကျိုးအတွက် လုပ်ငန်းရန်ပုံငွေများ ရယူခြင်း
  • အခြားသူများထံမှ ငွေရအောင် သူတို့ကို ညှဉ်းဆဲခြင်း၊ ခြိမ်းခြောက်ခြင်း
  • အဂတိလိုက်စားခြင်း
  • အခြားသူများကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း
  • လိမ်လည်ကြော်ငြာခြင်း
  • ငွေပိုရအောင် အစားအသောက်နှင့် ထုတ်ကုန်များ မသမာသောနည်းဖြင့်ရောနှောခြင်း။

အသက်မွေးရန် မရိုးသားသောနည်းလမ်းများစွာ ရှိပါသည်။ ဤသို့သော အသက်မွေးဝမ်းကျောင်း မပြုလုပ်မိရန် ကိုယ်ပိုင်စည်းကမ်း ထားရှိကျင့်သုံးရန် လိုပါသည်။

မှန်ကန်သော အသက်မွေးမှု

ရိုးသားပြီး အသိုင်းအဝိုင်းကို အကျိုးပြုသော အသက်မွေးမှုဖြင့်နေထိုင်ရန် ရည်မှန်းသင့်ပါသည်။ ဥပမာ-

  • ဆေးဝါး
  • လူမှုရေးလုပ်ငန်း
  • မျှတသော ကုန်သွယ်ရေး
  • အခြားသူများ အကျိုးရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ရောင်းချခြင်း။

အသိုင်းအဝိုင်း ကောင်းစွာ လုပ်ငန်းဆောင်ရွက်ရန်၊ အခြားသူများ သာယာဝပြောရေးအတွက် ပံ့ပိုးသည့်အရာတိုင်း ကောင်းမွန်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည်-

  • အခြားသူများကို မလိမ်ညာသင့်ပါ။ ငွေကြေး ပိုမယူသင့်ပါ
  • မျှတသောစျေးနှုန်း သတ်မှတ် သင့်ပါသည်။ သို့မှသာ ကျိုးကြောင်းဆီလျော်စွာ အမြတ်ရရှိနိုင်ပါမည်
  • အလုပ်သမားများကို ကောင်းစွာ လုပ်ခပေးပါ။ သူတို့ကို ခေါင်းပုံဖြတ် အမြတ်မထုတ်မိပါစေနှင့်။

လိုအပ်ချက်နှင့် ပတ်သက်ပြီး မေးခွန်းများ မကြာခဏ အမေးခံရတတ်ပါသည်။ ကျွန်ုပ်သည် တိဘက်ဆရာတော် တစ်ပါးကို ဩစတြေးလျနိုင်ငံတွင် တစ်ခါက ဘာသာပြန် ဆောင်ရွက်ပေးဖူးပါသည်။ ထိုနိုင်ငံတွင် ဆိတ်ကောင်ရေ များစွာ ရှိပါသည်။ တစ်ယောက်က ‘‘မိမိနေထိုင်သောမြို့မှာ တစ်ခုတည်းသော အလုပ်က ဆိတ်မွေးတာပါ။ သိုးမွေးနဲ့ အသားအတွက် အသုံးပြုပါတယ်။ ဘာလုပ်ရမလဲ။ တခြားမြို့ကိုလဲ မပြောင်းနိုင်သလို တခြားအလုပ်လဲ ရှာလို့မရပါဘူး။’’ ဟု ပြောလာသည်။ တိဘက်ဆရာတော်က ‘‘အဓိကအချက်ကတော့ သင့်အလုပ်မှာ ရိုးသားဖို့ပါ။ တခြားသူတွေကို မလိမ်ညာပါနဲ့။ ဆိတ်တွေကို မနှိပ်စက်ဘဲ ကြင်နာစွာ ဆက်ဆံပါ။ ကောင်းကောင်းကျွေးပါ။ သေချာ ဂရုစိုက်ပါ။’’ ဟု ပြောပါသည်။ ထို့ကြောင့် အဓိကအလေးထားရမည့် အချက်မှာ ကြင်နာရန်နှင့် ရိုးသားရန် ဖြစ်ပါသည်။


အကျဉ်းချုပ်

မဂ္ဂင်ရှစ်ပါးမှ ရရှိသည့် အကြံဉာဏ်များကို လေ့လာသောအခါ ယင်းတို့သည် ကျွန်ုပ်တို့ကို ထိန်းချုပ်သည့် ဥပဒေမျိုးလို မယူဆသင့်ပါ။ မိမိရော အခြားသူများပါ အန္တရာယ် ဖြစ်စေမည့် အပျက်သဘော အပြုအမူများ မဆောင်ရွက်မိအောင် ကျွန်ုပ်တို့ကို ဖြေလွှတ်ပေးသော ကန့်သတ်ချက်များဖြစ် ရှုမြင်သင့်ပါသည်။ 

Top