မှန်ကန်သော အားထုတ်မှု၊ နှလုံးသွင်းမှုနှင့် စူးစိုက်မှု

သုံးသပ်ချက်

ကျွန်ုပ်တို့သည် လေ့ကျင့်မှု သုံးရပ်နှင့်တကွ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ကို ကျင့်သုံးမှုမှတစ်ဆင့် နေ့စဉ်ဘဝတွင် ယင်းတို့က အထောက်အကူ ပြုပုံကို ယခုလေ့လာနေပါသည်။ သင်ကြားမှု သုံးရပ်တွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ကျင့်ဝတ်သီလ
  • စူးစိုက်မှု သမာဓိ
  • ခွဲခြားသိရှိသော ပညာ။

ကျွန်ုပ်တို့သည် ကျင့်ဝတ်သီလ ရှိစေရန် မှန်ကန်သော စကား၊ ဆောင်ရွက်ချက်၊ အပြုအမူ၊ အသက်မွေးမှုတို့ကို ပြုလုပ်ရပါသည်။ ယခုအခါ မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော နှလုံးသွင်းမှုနှင့် မှန်ကန်သော စူးစိုက်မှုတို့ ပါဝင်သည့် စူးစိုက်မှု သမာဓိ ရရှိအောင် လေ့ကျင့်ခြင်းအကြောင်း လေ့လာကြပါမည်။
မှန်ကန်သော အားထုတ်မှု သည် အပျက်သဘော အတွေးများ ဖယ်ရှားခြင်းနှင့် တရားရှုမှတ်ရာတွင် အထောက်အကူပြုသည့် စိတ်အခြေအနေများ ရရှိစေခြင်း ဖြစ်ပါသည်။

နှလုံးသွင်း ရှုမှတ်မှု သည် တစ်ခုခုကို မေ့လျော့မသွားအောင် ကာကွယ်ပေးသည့် တစ်စုံတစ်ခု လွတ်ထွက်မသွားအောင် ထိန်းပေးသည့် ကော်စေးနှင့် တူသော စိတ်အစဉ်ဖြစ်ပါသည်-

  • ကျွန်ုပ်တို့ ခန္ဓာကိုယ်၊ ခံစားချက်၊ စိတ်၊ စိတ်ပိုင်းဆိုင်ရာအချက်များကို ကျွန်ုပ်တို့အား ပျံ့လွင့်မှု မရှိစေရန် မမေ့လျော့ခြင်း
  • ကျင့်ဝတ်စည်းကမ်း၊ သီလ အမျိုးမျိုး သို့မဟုတ် စောင့်ထိန်းမှုများ ရှိပါက ယင်းတို့ကို မကျိုးပေါက်စေခြင်း
  • အာရုံစူးစိုက်သည့်အရာဝတ္ထုမှ လွတ်မသွားခြင်း၊ မေ့လျော့ မသွားခြင်း။

ထို့ကြောင့် တရားရှုမှတ်နေပါက အာရုံစူးစိုက်နေသော အရာဝတ္ထုမှ လွတ်မသွားအောင် သတိရှိမှု လိုအပ်ပါသည်။ တစ်ယောက်ယောက်နှင့် စကားပြောနေပါက ထိုသူကို အာရုံစိုက်ပြီး သူတို့ဘာပြောနေသည်ကို အလေးထားရန် လိုပါသည်။

စူးစိုက်မှုသမာဓိ ကိုယ်တိုင်က အာရုံစိုက်နေသော အရာဝတ္ထုအပေါ်တွင် စိတ်ကိုထားရှိခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တစ်ယောက်ယောက် ပြောတာကို နားထောင်နေသောအခါ သူတို့ပြောနေသောအချက်၊ သူတို့ အမူအရာ၊ ဆောင်ရွက်ချက် စသည်တို့အပေါ်တွင် အာရုံစူးစိုက်နေသည်ဟု ဆိုလိုပါသည်။ သတိရှိမှုဖြင့် အာရုံစူးစိုက်ထားနိုင်သည်။ ကော်စေးနှင့်တူသော စိတ်မျိုး ထားခြင်းဖြင့် ပျင်းရိခြင်း၊ ပျံ့လွင့်ခြင်း မရှိတော့ပါ။

အားထုတ်မှု

ဤသည်မှာ စူးစိုက်မှုသမာဓိ ရရှိအောင် အထောက်အကူပြုသည့် မဂ္ဂင်ရှစ်ပါး လမ်းကြောင်းတွင် ပထမအချက် ဖြစ်ပါသည်။ စူးစိုက်မှုအတွက် အကျိုးမပြုသည့် အနှောင့်အယှက်ပေးသော အတွေးများ၊ စိတ်ခံစားချက် အခြေအနေများကို ဖယ်ရှားရန် အားထုတ်ပါသည်။ ထို့ပြင် အရည်အသွေးကောင်းများ ရရှိအောင်လည်း ကြိုးစားအားထုတ်ပါသည်။ ယေဘုယျအားဖြင့် ဘဝတွင် တစ်ခုခု အောင်မြင်ပြီးမြောက်လိုပါက အားထုတ်မှု လိုအပ်ပါသည်။ ဘာမှ မပြုလုပ်ဘဲ ဘာမှ ဖြစ်မလာပါ။ လွယ်ကူသည်ဟုလည်း မည်သူမျှ မပြောထားပါ။ သို့သော် အခြားသူများနှင့် ပြုမူ၊ ပြောဆို၊ ဆက်ဆံပုံတွင် ကျင့်ဝတ်စည်းကမ်းဖြင့် ဆောင်ရွက်သည့် ခွန်အားအနည်းငယ် ရရှိလာပါက ကျွန်ုပ်တို့၏ စိတ်နှင့် စိတ်ခံစားချက် အခြေအနေများအတွက် ကြိုးစားအားထုတ်ရန် ခွန်အား ရရှိလာပါသည်။ 


မှားယွင်းသော အားထုတ်မှု

မှားယွင်းသော အားထုတ်မှုသည် ကျွန်ုပ်တို့၏ စွမ်းအင်ကို အန္တရာယ်ရှိသော အပျက်သဘော အတွေးများဆီသို့ လွှတ်ပေးခြင်း ဖြစ်သည်။ အာရုံစူးစိုက်၍ မရအောင်၊ ခက်ခဲအောင် စိတ်ပျံ့လွင့်စေသော အတွေးများ ဖြစ်ပါသည်။ အပျက်သဘော အတွေးများတွင် အောက်ပါအတိုင်း အဓိကအမျိုးအစားသုံးရပ် ရှိပါသည်-

  • လိုချင်သောစိတ်ဖြင့် တွေးခြင်း
  • သူတစ်ပါးကို ပျက်စီးစေလိုသောစိတ်ဖြင့် တွေးခြင်း
  • ရန်ညှိုးဖြင့် တစ်ဖက်စောင်းနင်း တွေးခြင်း။

လိုချင်သောစိတ်ဖြင့် တွေးခြင်း

လိုချင်သောစိတ်ဖြင့် တွေးခြင်းဆိုရာတွင် အခြားသူများ ရရှိထားသောအရာ သို့မဟုတ် သူတို့ခံစားနေသော သာယာမှုနှင့် ရုပ်ဝတ္ထုပစ္စည်းများကို မနာလိုစိတ်ဖြင့် တွေးခြင်း ပါဝင်ပါသည်။ ‘‘ငါလည်းဒါကို ဘယ်လိုရနိုင်မလဲ။’’ ဟု စဉ်းစားခြင်း ဖြစ်သည်။ ဒါက တဏှာစိတ်ကြောင့် ဖြစ်သည်။ အောင်မြင်မှု၊ လှပသော အိမ်ထောင်ဖက်၊ ကားသစ်တစ်စီး စသည်ဖြင့် ဘာမဆိုဖြစ်နိုင်သည့် ကိုယ်မရှိသောအရာတစ်ခု အခြားတစ်ယောက်တွင် ရှိသည်ကို ကျွန်ုပ်တို့ မခံမရပ်နိုင်ပါ။ ထိုအကြောင်း အမြဲတွေးနေကာ အလွန် အနှောင့်အယှက် ပေးသော စိတ်အခြေအနေ ဖြစ်ပါသည်။ ဤအချက်ကြောင့်ပင် စူးစိုက်မှု လုံးဝမရှိအောင် တွန်းထုတ်လိုက်သည် မဟုတ်ပါလား။

အရာရာ ပြီးပြည့်စုံလိုခြင်းမှာလည်း ဤခေါင်းစဉ်အောက်တွင် ပါဝင်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို အနိုင်ယူရမည်ကို ကျွန်ုပ်တို့အမြဲ ကြည့်နေပါသည်။ မိမိဘာသာ မနာလိုဖြစ်ခြင်းဟုပင် ဆိုနိုင်ပါသည်။

ပျက်စီးစေလိုသောစိတ်ဖြင့် တွေးခြင်း

ပျက်စီးစေလိုသောစိတ်ဖြင့် တွေးခြင်းသည် တစ်စုံတစ်ယောက်ကို အန္တရာယ် ပေးလိုစိတ်နှင့် ဆိုင်သည်။ ‘‘ဒီလူပြောတာ၊ လုပ်တာတွေ ငါမကြိုက်ဘူး။ ကလဲ့စားချေမယ်။’’ ဆိုသောစိတ် ဖြစ်သည်။ ထိုသူနှင့် နောက်တစ်ကြိမ်ဆုံလျှင် ကိုယ်ဘာပြောမည်၊ ဘာလုပ်မည်ကို တွေးနိုင်ပါသည်။ ကျွန်ုပ်တို့ကို သူတို့ တစ်ခုခု ပြောလိုက်စဉ်က ဘာမျှ ပြန်မပြောမိသည်ကို နောင်တရချင်လည်း ရနိုင်သည်။ ဒါကို ခေါင်းထဲက ထုတ်မရတော့ဘဲ အလွန်အကျွံ တွေးနေမိပါသည်။

ရန်ညှိုးဖြင့် တစ်ဖက်စောင်းနင်း တွေးခြင်း

တစ်ဖက်စောင်းနင်း ရန်ညှိုးဖြင့် တွေးခြင်းမှာ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သူတို့ကိုယ်သူတို့ တိုးတက်ရန် သို့မဟုတ် အခြားသူများကို ကူညီရန် ကြိုးစားနေသောအခါ ‘‘တုံးလိုက်တာ။ အကျိုးမရှိတာကို လုပ်နေတယ်။ သူတစ်ပါးကို ကူညီဖို့ကြိုးစားတယ်ဆိုတာ ဟာသပဲ။’’ ဟု တွေးမိခြင်းဖြစ်သည်။

အချို့သူများက အားကစား မနှစ်သက်ပါ။ ဘောလုံးကန်သူများ၊ တီဗီတွင် ဘောလုံးပွဲကြည့်သူများ၊ ဘောလုံးပွဲ သွားကြည့်သူများကို အရူးတွေဟု ထင်ကြပါသည်။ သို့သော် အားကစား ဝါသနာပါသည်မှာ အန္တရာယ် မရှိပါ။ ရူးနေသည်၊ အချိန်ဖြုန်းနေသည်ဟု တွေးခြင်းမှာ အလွန်ပင် ရန်ညှိုးထားသည့် စိတ်အခြေအနေ ဖြစ်ပါသည်။

သို့တည်းမဟုတ် တစ်စုံတစ်ယောက်သည် သူတောင်းစား တစ်ယောက်ကို ငွေကြေးပေးကမ်းနေသောအခါ ‘‘အို။ ဒီလိုလုပ်တာ တကယ်ရူးနေတာပဲ။’’ ဟုသင်ကတွေးသည်။ အခြားသူများ ရူးနေကြောင်း၊ သူတို့လုပ်သမျှ ကျိုးကြောင်း မဆီလျော်ကြောင်း အမြဲတမ်း တွေးနေသောအခါ ကျွန်ုပ်တို့သည် စူးစိုက်၍ မရတော့ပါ။ ဤစိတ်များမှာ ဖယ်ရှားရမည့် အတွေးများ ဖြစ်ပါသည်။

မှန်ကန်သော အားထုတ်မှု

မှန်ကန်သော အားထုတ်မှု ဆိုသည်မှာ ကျွန်ုပ်တို့၏ စွမ်းအင်ကို အန္တရာယ်ရှိပြီး၊ အပျက်သဘော အတွေးများ မတွေးမိအောင်နှင့် အကျိုးပြု အရည်အသွေးများ ရရှိအောင် အားထုတ်ခြင်း ဖြစ်သည်။ ထိုအတွက် ပါဠိဘာသာအရ ‘‘မှန်ကန်သော အားထုတ်မှုလေးရပ်’’ ဟုခေါ်ပါသည်။ သက္ကတဘာသာနှင့် တိဘက်စာပေတွင် ယင်းတို့ကို မှန်ကန်သော ဖယ်ရှားမှု ရရှိရေးအတွက် အချက်လေးချက် ဟု ခေါ်ပါသည်။ တစ်နည်းဆိုသော် ‘‘မှန်ကန်သော စွန့်လွှတ်ခြင်း လေးရပ်’’ ဟုခေါ်သည့် ကျွန်ုပ်တို့၏ အားနည်းချက်များကို ဖယ်ရှားခြင်း ဖြစ်ပါသည်-

  1. ပထမဦးစွာ မရရှိသေးသော အပျက်သဘော အရည်အသွေးများ ပေါ်ထွက်မလာအောင် ကာကွယ်ရန် အားထုတ်ပါသည်။ ဥပမာ၊ အလွန်အစွဲအလမ်းကြီးသော ကိုယ်ရည်ကိုယ်သွေးမျိုး ရှိပါက အွန်လိုင်း ရုပ်ရှင် ထုတ်လွှင့်သော ဝန်ဆောင်မှုထဲ ဝင်ကြည့်ခြင်းကို ရှောင်သင့်ပါသည်။ တစ်နေ့လုံး တစ်ကားပြီးတစ်ကား ကြည့်နေမိပါလိမ့်မည်။ ဒါက အတော်လေး ပျက်ယွင်းစေပြီး အာရုံစူးစိုက်မှု လျော့နည်းစေပါသည်။
  2. ထို့နောက် ရှိပြီးသား အပျက်သဘော အရည်အသွေးများ ဖယ်ရှားရန် အားထုတ်ပါသည်။ တစ်ခုခုကို စွဲလမ်းနေပါက ယင်းကိုကန့်သတ်ဖို့ ကြိုးစားသင့်ပါသည်။ ဥပမာ၊ iPod နားထောင်ရန် စွဲလမ်းနေသူများက သီးချင်းနားမထောင်ဘဲ ဘယ်မှမသွားနိုင်တော့သည်ကို တွေ့ရပါမည်။ သူတို့သည် တိတ်ဆိတ်မှုကို ထိတ်လန့်နေသယောင်၊ တစ်ခုခု စဉ်းစားတွေးခေါ်ဖို့ ကြောက်နေသယောင် ထင်ရပါသည်။ ထို့ကြောင့် အမြဲတမ်း သီချင်းနားထောင်နေပါတော့သည်။ ကျယ်လောင်သော တေးသံသည် ခရီးဝေး ကားမောင်းသောအခါ အိပ်မငိုက်အောင်၊ အားကစားလုပ်သောအခါ ခြေလှမ်းမှန်အောင် အသုံးတည်ပါသည်။ နူးညံ့သောတေးသံကြောင့် အလုပ်လုပ်သောအခါ တည်ငြိမ်မှု ရရှိစေနိုင်ပါသည်။ သို့သော် တေးဂီတသည် တစ်စုံတစ်ယောက် စကားပြောနေသည်ကို အာရုံစိုက်မရအောင် ကျိန်းသေနှောင့်ယှက်ပါသည်။ စိတ်ပျံ့လွင့်စေသည်မှာ သေချာပါသည်။
  3. ထို့နောက် ကျွန်ုပ်တို့သည် အပြုသဘော အရည်အသွေးများ ရရှိအောင် အားထုတ်ရပါမည်။
  4. ထို့နောက် ရရှိပြီးသော အပြုသဘော အရည်အသွေးများကို ထိန်းသိမ်းတိုးမြှင့်ရန် အားထုတ်ပါသည်။

ဤအချက်များကို လေ့လာပြီး လက်တွေ့ အသုံးချကြည့်လျှင် အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ကိုယ်တွေ့ နမူနာတစ်ခုမှာ ကျွန်ုပ်၏ ဝက်ဘ်ဆိုက်နှင့် ပတ်သက်လျှင် ကျွန်ုပ်ထံတွင် အလွန်ဆိုးသောအကျင့်တစ်ခု ရှိပါသည်။ ထိုဝက်ဘ်ဆိုက်အတွက် အလုပ်လုပ်နေသူ ၁၁၀ ခန့် ရှိပါသည်။ ဘာသာပြန်ထားသောစာများ၊ တည်းဖြတ်ထားသောစာများဖြင့် တစ်ချိန်လုံး အီးမေးလ်များ ပို့နေပါသည်။ နေ့စဉ်အီးမေးလ်များစွာ ရရှိပါသည်။ ကျွန်ုပ်၏ မကောင်းသောအကျင့်မှာ အားလုံးကို ဖိုဒါ တစ်ခုတည်းသို့ ဒေါင်းလုတ်ယူခြင်းဖြစ်သည်။ ကျွန်ုပ်၏လက်ထောက်ရော ကျွန်ုပ်ပါ အလွယ်တကူ ရှာနိုင်အောင် သင့်တော်သော ဖိုဒါများထဲ ဖိုင်များမထည့်မိပါ။ ပြောရလျှင် အတော်ဆိုးသည့် အကျင့်ဖြစ်ပါသည်။ အကြောင်းမှာ ကျွန်ုပ်၏ အလုပ်မထိရောက်မှုကြောင့် ထိုဖိုင်များဖြင့် အလုပ်လုပ်ရာတွင် ကျွန်ုပ်တို့အလုပ်အပေါ် အာရုံစူးစိုက်၍ မရအောင် တားဆီးပါသည်။ ပြန်ရှာပြီး စီစဉ်ရသည်မှာ အချိန်များစွာ ကုန်ပါသည်။ ထို့ကြောင့် အပြုသဘော အရည်အသွေးမှာ ဤနေရာတွင် ဘာကိုဆိုလိုပါသလဲ။ တစ်ခုခု ရောက်လာသည်နှင့် မှန်ကန်သော ဖိုဒါထဲ ချက်ချင်းထည့်ပေးသည့် စနစ်တစ်ခု တည်ဆောက်ရန် ဖြစ်ပါသည်။ ထိုအခါ ပျင်းရိပြီး အရာရာ ပြန့်ကျဲအောင် မထားမိတော့ဘဲ အစကတည်းကပင် သင့်တော်သော နေရာတွင် အမြဲတမ်း ထားတတ်သည့်အကျင့် ရှိလာပါမည်။

ဤဥပမာတွင် လုပ်ငန်းမတွင်သည့် အလေ့အထဆိုးဖြစ်သော အပျက်သဘော အရည်အသွေးကိုသာမက အပြုသဘော အရည်အသွေးကိုလည်း တွေ့ရှိထားပါသည်။ ထို့ကြောင့် အပျက်သဘော အရည်အသွေးကို ရှောင်ရှားကာ ထိုအတိုင်း ဆက်မဖြစ်အောင် သင့်တော်သော ဖိုင်စနစ်ကို ဖန်တီးဖို့ အားထုတ်ရပါမည်။ အလွန်ရိုးရှင်းသော ကျင့်သုံးမှု အဆင့်တစ်ဆင့်အကြောင်း ပြောနေခြင်း ဖြစ်ပါသည်။

စူးစိုက်မှု သမာဓိအတွက် အဟန့်အတားဖြစ်သော အတားအဆီးငါးခုကို ကျော်လွှားခြင်း

မှန်ကန်သော အားထုတ်မှု ဆိုရာတွင် စူးစိုက်မှု သမာဓိမရရှိအောင် ဟန့်တားသော အတားအဆီးငါးခုကို ကျော်လွှားရန် ကြိုးစားခြင်းလည်း ပါဝင်ပါသည်။ ၎င်းတို့မှာ-

နှစ်လိုဖွယ် အာရုံခံစားလိုသော အရာ ငါးမျိုးအနက်မှ တစ်ခုခုကို လိုက်စားလိုစိတ်ရှိခြင်း

နှစ်လိုဖွယ် အာရုံခံစားလိုသောအရာ ငါးမျိုးမှာ လှပသော အဆင်း၊ အသံ၊ အနံ့၊ အရသာနှင့် ကိုယ်ကာယ အထိအတွေ့တို့ ဖြစ်သည်။ တစ်ခုခုကို အာရုံစိုက်နေသောအခါ ဥပမာ၊ အလုပ်တွင် ဤအတားအဆီးကို ကျွန်ုပ်တို့ ကြိုးစားကျော်လွှား ရပါမည်။ သို့သော် ‘‘ရုပ်ရှင်ကြည့်ချင်တယ်’’ သို့မဟုတ် ‘‘ရေခဲသေတ္တာနား သွားချင်တယ်’’ စသည့် အတွေးများက ဝင်နှောင့်ယှက်တတ်ပါသည်။ ထို့ကြောင့် အာရုံခံ သာယာမှု သို့မဟုတ် ဆန္ဒများ ဖြစ်ပေါ်နေပါက၊ ဥပမာ၊ တစ်ခုခု စားလိုခြင်း၊ သီချင်းနားထောင်ခြင်း စသည်တို့ ဖြစ်ပါသည်။ အဆိုပါ ခံစားချက်များ ပေါ်လာသောအခါ အာရုံစိုက်မှု မပျက်အောင် ယင်းတို့ကို မလိုက်စားမိအောင် အားထုတ်ရန် လိုအပ်ပါသည်။

မကောင်းသည့်စိတ်ဖြင့် တွေးခြင်း

ဤစိတ်သည် တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုသော အတွေး ဖြစ်သည်။ ‘‘ဒီလူ ငါ့ကို နာကျင်အောင်လုပ်တယ်။ သူ့ကို မနှစ်သက်ဘူး။ ဘယ်လို လက်စားချေရင်ကောင်းမလဲ။’’ ဆိုပြီး မကောင်းသည့်စိတ်ဖြင့် အမြဲတွေးပါက အာရုံစူးစိုက်မှု အတွက် အတားအဆီးကြီးတစ်ခု ဖြစ်လာပါသည်။ အခြားသူများကိုရော မိမိကိုယ်ကိုပါ မကောင်းသည့် အန္တရာယ် ဖြစ်စေသော အတွေးများ မတွေးမိအောင် ကြိုးစားရှောင်ရှားရန် လိုပါသည်။

စိတ်ညစ်ညူးခြင်းနှင့် အိပ်ငိုက်ခြင်း

ဤသည်မှာ မြူကဲ့သို့ မရှင်းလင်းသော စိတ်ကို ဆိုလိုပြီး ကျွန်ုပ်တို့စိတ်သည် လွင့်မျောကာ ရှင်းလင်းစွာ မတွေးနိုင်တော့ပါ။ အိပ်ငိုက်ခြင်းဆိုသည်မှာလည်း လူတိုင်းသိပါသည်။ ထိုသို့မဖြစ်အောင် ကြိုးစားတိုက်ထုတ်ရပါမည်။ ကော်ဖီသောက်ခြင်း၊ လေကောင်းလေသန့် ရှူရှိုက်ခြင်းတို့ ဆောင်ရွက်နိုင်ကာ ဤသို့သောစိတ်ညစ်နွမ်းမှုကို အလျှော့မပေးရန် ကြိုးစားရပါမည်။ သို့သော် စူးစိုက်ရန် အလွန်ပင် ခက်ခဲလာပါက ကန့်သတ်ချက် ထားရန် လိုပါသည်။ အိမ်တွင် အလုပ်လုပ်ပါက ‘‘မိနစ် နှစ်ဆယ် ခဏအိပ်မယ်။ နားမယ်’’ ဟု သတ်မှတ်နိုင်သည်။ ရုံးတွင် အလုပ်လုပ်ပါက ‘‘ကော်ဖီသောက်ဖို့ ဆယ်မိနစ် နားလိုက်မယ်။’’ ဟုဆိုနိုင်သည်။ ကန့်သတ်ချက် ချမှတ်ကာ သင့်အလုပ်ပြန်လုပ်ပါ။

စိတ်ပျံ့လွင့်ခြင်းနှင့် နောင်တရခြင်း

စိတ်မတည်ငြိမ်ခြင်းမှာ ကျွန်ုပ်တို့စိတ်သည် Facebook သို့မဟုတ် YouTube သို့မဟုတ် အခြားတစ်ခုခုဆီ ရောက်ရောက်သွားခြင်း ဖြစ်သည်။ နောင်တရခြင်းမှာ စိတ်သည် ‘‘ဒါကို လုပ်မိတာ စိတ်မကောင်းလိုက်တာ။’’ ဆိုပြီး အပြစ်ရှိသကဲ့သို့ ခံစားရခြင်း ဖြစ်သည်။ ထိုစိတ်များမှာ အလွန် အနှောင့်အယှက်ပေးကာ စူးစိုက်မှုသမာဓိ မရအောင် အမှန်ပင် တားဆီးပါသည်။

ဆောက်တည်ရာမဲ့ တွေးခြင်းနှင့် သံသယဝင်ခြင်း

နောက်ဆုံးကျော်လွှားရန် ကြိုးစားရမည့် အတားအဆီးမှာ စိတ်ပျံ့လွင့်ခြင်းနှင့် သံသယဖြစ်ခြင်းတို့ ဖြစ်ပါသည်။ ‘‘ဘာလုပ်ရင် ကောင်းမလဲ။’’ ‘‘နေ့လည်စာ ဘာစားရမလဲ။ ဒါစားရင် ကောင်းမလား။ ဟိုဟာ စားရင် ကောင်းမလား။’’ စိတ်ကို မဆုံးဖြတ်နိုင်ခြင်းသည် အလွန်ပင် အချိန်ကုန်ပါသည်။ သံသယနှင့် မဆုံးဖြတ်နိုင်ခြင်းများ ပြည့်နေပါက အာရုံမစိုက်နိုင်ဘဲ အရာရာကိုလည်း မဆောင်ရွက်နိုင်တော့ပါ။ ထို့ကြောင့် ထိုသို့မဖြစ်အောင် ကြိုးပမ်းရပါမည်။

အတိုချုပ်အားဖြင့် မှန်ကန်သော အားထုတ်မှုသည် အောက်ပါတို့ကို ကြိုးပမ်းခြင်း ဖြစ်ပါသည်-

  • အနှောင့်အယှက် ပေးပြီး အပျက်သဘော အတွေးများ မဖြစ်ပေါ်အောင် ရှောင်ရှားခြင်း
  • အကျင့်ဆိုးများနှင့် အားနည်းချက်များ ရှိပါက ဖယ်ရှားခြင်း
  • ရှိပြီးသား အရည်အချင်းများနှင့် ချို့တဲ့သော အရည်အချင်းများ ပိုမိုတိုးတက်အောင် အားထုတ်ခြင်း
  • စူးစိုက်မှုသမာဓိကို အနှောင့်အယှက် ပေးသောအရာများ ဖယ်ရှားခြင်း။

နှလုံးသွင်း ရှုမှတ်ခြင်း

မဂ္ဂင်ရှစ်ပါး၏ နောက်တစ်ချက်မှာ အောက်ပါအတိုင်း မှန်ကန်သော နှလုံးသွင်းမှုနှင့် ဆိုင်ပါသည်။

  • နှလုံးသွင်းမှု သည် အခြေခံအားဖြင့် ကော်စေးနှင့်တူသောစိတ် ဖြစ်သည်။ စူးစိုက်မှု ရှိနေသောအခါ သင့်စိတ်သည် အရာဝတ္ထုတစ်ခုပေါ်တွင် တည်နေပါသည်။ ထိုသို့ တည်နေသော နှလုံးသွင်းရှုမှတ်နေခြင်းသည် သင့်စိတ်လွတ်မသွားအောင် ကာကွယ်ပါသည်။
  • ထိုစိတ်သည် သတိရှိမှု နှင့် တွဲနေတတ်ပြီး သင်၏ အာရုံစူးစိုက်မှု ပျံ့လွင့်နေသလား၊ အိပ်ငိုက် ထုံထိုင်းနေသလားဆိုသည်ကို ထောက်လှမ်းသိရှိပါသည်။
  • ထို့နောက် အာရုံစိုက် နေသောအရာကို စဉ်းစားပုံ သို့မဟုတ် သဘောထားပုံ ဆိုသည့် ကျွန်ုပ်တို့၏ စူးစိုက်မှု သမာဓိကို အသုံးပြုပါသည်။

ဤနေရာတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်၊ ခံစားချက်၊ စိတ်နှင့် စိတ်ပိုင်းဆိုင်ရာ အချက်များစွာအပေါ် ကျွန်ုပ်တို့ မည်သို့ သဘောထားသည်ကို အာရုံစိုက်ရပါမည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်နှင့် ခံစားချက်များအပေါ် မှားယွင်းသောနည်းများဖြင့် သဘောထားခြင်းကို ဆုပ်ကိုင်မထားရန်၊ စွန့်လွှတ်ရန် လိုပါသည်။ အကြောင်းမှာ ထိုသို့မစွန့်လွှတ်ပါက စိတ်ညစ်ညူးပြီး စူးစိုက်၍မရတော့ပါ။ ထို့ကြောင့် နှလုံးသွင်းမှု အမှား၊ အမှန် ပုံစံများကို တစ်လှည့်စီ လေ့လာကြည့်ကြပါစို့။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အပေါ် သဘောထားပုံ

မိမိခန္ဓာကိုယ်အကြောင်း ပြောသောအခါ တကယ့် ခန္ဓာကိုယ်နှင့် ရုပ်ထိတွေ့ခံစားမှုများ သို့မဟုတ် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ယေဘုယျအားဖြင့် ဆိုလိုပါသည်။ ခန္ဓာနှင့် ပတ်သက်ပြီး မှားယွင်းသော သဘောထားမှုမှာ သဘာဝအရ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် သာယာဖွယ် သို့မဟုတ် လှပ သန့်ရှင်းဖွယ် ဖြစ်သည်ဟု ယူဆပါသည်။ မိမိရုပ်အလှ၊ ဆံပင်၊ မိတ်ကပ်၊ ဝတ်စားပုံ စသည်တို့နှင့် ပတ်သက်၍ စိတ်ပျက်ခြင်း၊ စိုးရိမ်ခြင်းတို့ဖြင့် အချိန်များစွာ ကုန်ဆုံးခဲ့ကြပါသည်။ သန့်ရှင်းပြီး ရှုချင်စဖွယ် ဖြစ်သည်မှာ ကောင်းမွန်သော်လည်း ခန္ဓာကိုယ်သည် သာယာမှု၏ ရင်းမြစ်ဖြစ်ပြီး အမြဲတမ်း ပြီးပြည့်စုံရမည်၊ သို့မှသာ ဆွဲဆောင်မှုရှိမည်ဟု အစွန်းရောက် တွေးခေါ်မိသောအခါ ပိုပြီး အဓိပ္ပာယ်ရှိသော အရာများအပေါ် အာရုံစူးစိုက်ရန် အချိန်သိပ်မရတော့ပါ။

ခန္ဓာကို လက်တွေ့ကျကျ လေ့လာကြည့်ကြပါစို့။ အချိန်အကြာကြီး ထိုင်နေပါက ညောင်းညာလာပြီး လှုပ်ရှားရပါသည်။ လှဲနေပါက တစ်ပုံစံတည်းဆိုလျှင် ညောင်းလာပြီး နောက်တစ်ပုံစံလည်း ထိုအတိုင်း ဖြစ်ပါသည်။ ခန္ဓာသည် ဖျားနာသလို အသက်အရွယ်လည်း အိုမင်းလာပါသည်။ ခန္ဓာကိုယ်ကို ဂရုစိုက်ရန်၊ အားကစားနှင့် အစားအသောက် ကောင်းများဖြင့် ကျန်းမာရေးကောင်းအောင် နေထိုင်ရန် အရေးကြီးပါသည်။ သို့သော် ခန္ဓာသည် အမြဲတမ်း သာယာဖွယ် ဖြစ်နေရမည် ဆိုသောအချက်ကို အလွန်အကျွံ အာရုံစိုက်ပါက ပြဿနာ ဖြစ်လာပါသည်။

ဤသို့သော မှားယွင်း နှလုံးသွင်းမှုကို ကျွန်ုပ်တို့ ဖယ်ရှားရပါမည်။ ဆံပင်သည် အမြဲတမ်း အရေးကြီးသည်၊ အမြဲတမ်း အရောင်လိုက်ဖက်အောင် ဝတ်ဆင်ရမည် ဆိုသည့်စိတ်မျိုးကို စွန့်ပယ်လိုက်လျှင် ပျော်ရွှင်မှု ရရှိလာပါမည်။ ဒါကို စွန့်လွှတ်လိုက်ပြီး ‘‘မိမိဆံပင်နှင့် အဝတ်အစားသည် ပျော်ရွှင်စေသော အကြောင်းရင်း အစစ်အမှန် မဟုတ်ပါ။ ဒါကို အရမ်းတွေးနေပါက အချိန်ကုန်သလို ပိုပြီး အဓိပ္ပာယ်ရှိသော အရာတစ်ခုခုကို အာရုံစိုက်၍ မရအောင် တားဆီးပါသည်’’ ဟု မှန်ကန်စွာ နှလုံးသွင်းရပါမည်။

ကျွန်ုပ်တို့၏ ခံစားချက်များနှင့် ပတ်သက်၍

ပျော်ရွှင်မှု၊ ဝမ်းနည်မှု ခံစားချက်များ အကြောင်း ပြောနေခြင်း ဖြစ်ပြီး ယင်းတို့သည် ဆင်းရဲဒုက္ခများ၏ မူလရင်းမြစ်နှင့် နောက်ဆုံးတွင် ဆက်စပ်နေပါသည်။ မပျော်ရွှင်သောအခါ ‘‘ဆာလောင်မှု’’ ဆိုသည့်အရာ ဖြစ်လာပြီး ထိုမပျော်ရွှင်မှု၏ မူလရင်းမြစ် အဆုံးသတ်သွားအောင် ဆာလောင်လာပါသည်။ ထို့အတူ အနည်းငယ် မပျော်ရွှင်သောအခါ နောက်ထပ်ပို၍ ဆာလောင်လာပါသည်။ ဤသည်မှာ ပြဿနာများ၏ အခြေခံကျသော ရင်းမြစ်ဖြစ်ပါသည်။

ဝမ်းနည်းမှုသည် လောကတွင် အဆိုးရွားဆုံး အရာဖြစ်သည်ဟု ယူဆသောအခါ အာရုံစူးစိုက်မှုအတွက် ပြဿနာများ ဖြစ်ပေါ်လာပါသည်။ မည်သို့ ဖြစ်ပေါ်ပါသနည်း။ ‘‘နည်းနည်း ညောင်းလာပြီ’’ သို့မဟုတ် ‘‘သိပ်စိတ်မပါဘူး’’ သို့မဟုတ် ‘‘မပျော်ဘူး’’ ဆိုသည့်အခါ ဘာဖြစ်သနည်း။ လုပ်နေသောအလုပ်ကို ဆက်လုပ်လိုက်သည်။ သင်စိတ်မပါခြင်းသည် လောကတွင် အဆိုးရွားဆုံး အရာဟု တကယ်ထင်မြင်နေပြီး ထိုအတိုင်း ဆုပ်ကိုင်ထားပါက သင်လုပ်နေသော မည့်သည့်အရာကိုမဆို အာရုံစူးစိုက်၍ မရအောင် အသေအချာ တားဆီးပါလိမ့်မည်။
မပျော်ရွှင်သောအခါ စိတ်မညစ်သင့်ပါ။ ပျော်ရွှင်မှုသည် ပိုများလာပြီး ထာဝရ ပျော်နေမည်ဟု မထင်သင့်ပါ။ တရားရှုမှတ်သောအခါ ထိုစိတ် ဝင်လာတတ်ပြီး သင်အလွန် စိတ်ကြည်လင်လာပါသည်။ အလွန် စိတ်ချမ်းသာဖွယ် ကောင်းမည်ဟု စိတ်ပျံ့လွင့်လာပါသည်။ သို့မဟုတ် သင်နှစ်သက်သောသူနှင့် အတူရှိနေလျှင်ဖြစ်စေ၊ အရသာရှိသော အစားအသောက်တစ်ခုခု စားနေလျှင် ဖြစ်စေ မှားယွင်းသော နှလုံးသွင်းမှုမှာ ‘‘ဒါအရမ်းကောင်းတယ်’’ ဆိုပြီး ဆုပ်ကိုင်မိကာ စိတ်ပျံ့လွင့်ပါသည်။ ၎င်းကိုအရှိအတိုင်း နှစ်သက်ခံစားနိုင်သော်လည်း ထိုအတွက် အလွန်အကျွံ နှလုံးမသွင်းပါနှင့်။

ကျွန်ုပ်တို့၏ စိတ်နှင့် ပတ်သက်၍

ကျွန်ုပ်တို့စိတ်ကို သူ့သဘောအတိုင်း ဒေါသ၊ မသိနားမလည်မှု သို့မဟုတ် လျစ်လျူရှုမှုတို့ဖြင့် သဘောထားကာ ကျွန်ုပ်တို့စိတ်သည် မွေးကတည်းက တစ်ခုခု မှားယွင်းချွတ်ချော်နေကြောင်း ယူဆပါက အာရုံစူးစိုက်ရန် ခက်ခဲပါလိမ့်မည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို အားမရမှု ရှိတတ်ပါသည်။ ‘‘ငါက ဒါမတတ်ဘူး။ ဟိုလိုလည်း မဟုတ်ဘူး။ တန်ဖိုးမဲ့တဲ့လူပါပဲ။’’ သို့မဟုတ် တစ်ခုခု မကြိုးစားမီ ‘‘နားကိုမလည်ဘူး။’’ ဟု တွေးမိတတ်သည်။ ဤစိတ်ကူးများ တွယ်ငြိနေပါက မျှော်လင့်ချက် အတော်လေးမရှိတော့ပါ။ မှန်ကန်သော နှလုံးသွင်းမှု ရှိပါက ‘‘အင်း။ ခဏတော့ နားမလည်ဘဲ နေမှာပဲလေ။ ခဏတော့ ရှုပ်ထွေးဦးမှာပေါ့။ ဒါပေမယ့် ဒါကငါ့စိတ်ရဲ့ သဘောသဘာဝ မဟုတ်ပါဘူး။’’ ဟု စဉ်းစားနိုင်သည်။ ထိုအခါ အာရုံစူးစိုက် ဆောင်ရွက်ရန် ယုံကြည်မှု ရှိလာပါသည်။

ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ အချက်များနှင့် ပတ်သက်၍

စတုတ္ထအချက်မှာ ဉာဏ်ရည်၊ ကြင်နာမှု၊ သည်းခံမှု စသည့် စိတ်ပိုင်းဆိုင်ရာ အချက်များနှင့် ပတ်သက်ပါသည်။ မှားယွင်းနှလုံးသွင်းမှုက ယင်းတို့သည် ပုံသေဖြစ်သည်ဟု ယူဆသည်။ ‘‘ဒါငါ့ပုံစံပဲ။ လူတိုင်း လက်ခံရမှာပါ။ ဒါကို ငါပြောင်းလဲဖို့၊ ပြုပြင်ယူဖို့ မဖြစ်နိုင်ပါဘူး။’’ ဟုတွေးမိသည်။ မှန်ကန်သော နှလုံးသွင်းမှုမှာ ထိုအချက်အားလုံးသည် အဆင့်တစ်ဆင့်တွင် ပုံသေဖြစ်နေခြင်း မဟုတ်ပါ။ တိုးတက်ကောင်းမွန်အောင် မွေးမြူနိုင်သည်။ တစ်နည်းဆိုသော ဆက်လက် အာရုံစိုက်၍ ရပါသည်။

မိမိကိုယ်ကို ထိန်းချုပ်ခြင်း

အမှန်ပင် စိတ်ပါဝင်စားမှု မရှိသောအခါ မည်ကဲ့သို့ ဖြေရှင်းကြောင်း မိမိကိုယ်ကို ဆန်းစစ်သောအခါတွင် ဖြစ်စေ၊ အပြစ်ရှိသည်ဟု ခံစားရသော အခါတွင်ဖြစ်စေ၊ ထိုစိတ်အခြေအနေကို ကျွန်ုပ်တို့ ဆုပ်ကိုင်ထားပြီး ပိတ်မိနေသည်ဟု တွေ့ရှိရသည်။ ဤသည်မှာ ထူးဆန်းပါသည်။ သို့မဟုတ် အမှားပြုလုပ်မိပါက အပြစ်ရှိသောစိတ်ဖြင့် အမှားကို ဆုပ်ကိုင်မိပါသည်။ တကယ်တော့ လူသားများ ဖြစ်သည့်အတွက် အမှားမကင်းကြပါ။ မှားယွင်းသော နှလုံးသွင်းမှုမှာ ယင်းကို ဆုပ်ကိုင်ပြီး မလွှတ်ချသောအခါနှင့် မိမိကိုယ်ကို အလွန်ဆိုးရွားသည်ဟု နှိပ်ကွပ်သောအခါ ဖြစ်ပါသည်။ မှန်ကန်သော နှလုံးသွင်းမှုမှာ စိတ်အခြေအနေ ပြောင်းလဲသည်ကို သိရှိခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းနှင့် အကျိုးကြောင့် ထိုစိတ်များ ဖြစ်ပေါ်ပြီး အမြဲ ပြောင်းလဲနေသည့်အတွက် တစ်ခုတည်း ထာဝရ တည်နေသည် မဟုတ်ပါ။

ဗုဒ္ဓဘာသာ တရားတော်များထဲတွင် တွေ့ရှိရသည့် အလွန်အထောက်အကူပြုသော အကြံပေးချက် တစ်ခုမှာ အခြေခံအားဖြင့် ‘‘သင့်ကိုယ်သင် ထိန်းချုပ်ရန်’’ ဖြစ်ပါသည်။ ဤသည်မှာ မနက်အိပ်ရာနိုးပြီး အိပ်ရာထဲတွင် လှဲနေခြင်းနှင့် တူသည်။ အလွန်ဇိမ်ကျပြီး အိပ်ငိုက်နေသည့်အတွက် အိပ်ရာ မထချင်သေးသောကြောင့် ဖြစ်ပါသည်။ သို့သော် သင့်ကိုယ်သင် ထိန်းချုပ်ကာ အိပ်ရာထရသည် မဟုတ်ပါလား။ ထိုသို့ ဆောင်ရွက်နိုင်စွမ်း ရှိကြပါသည်။ ထိုသို့မရှိပါက မည်သူမျှ မနက်အိပ်ရာ ထကြမည် မဟုတ်ပါ။ စိတ်အခြေအနေ မကောင်းသည့်အချိန် သို့မဟုတ် စိတ်မပါသည့် အချိန်ကလည်း ထိုသဘောအတိုင်း ဖြစ်သည်။ ‘‘စလိုက်ကြမယ်။ ဆက်လုပ်မယ်။’’ ဆိုပြီး ကျွန်ုပ်တို့ မိမိကိုယ်ကို ထိန်းချုပ်နိုင်ပါသည်။ လက်မလျှော့သင့်ပါ။ လုပ်စရာရှိတာကို လုပ်ရန်သာ လိုပါသည်။

နှလုံးသွင်း ရှုမှတ်ခြင်း၏ အခြားအစိတ်အပိုင်းများ

ယေဘုယျအားဖြင့် နှလုံးသွင်းမှုမှာ အမှန်ပင် အရေးကြီးပါသည်။ မေ့လျော့ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးသည်။ လုပ်စရာအလုပ်များ ရှိပါက မှန်ကန်သော နှလုံးသွင်းမှုဖြင့် ယင်းကိုအာရုံစိုက်နိုင်ပါသည်။ နှလုံးသွင်းမှုသည် မှတ်မိခြင်းနှင့်လည်း ဆိုင်သည့်အတွက် သင်နှစ်သက်သော ရုပ်သံအစီအစဉ် ယနေ့ညပြမည်ကို မှတ်မိခြင်း ဖြစ်ပါသည်။ သို့သော် ဒါက အရေးသိပ်မကြီးသောအရာကို စွဲနေခြင်းဖြစ်ပြီး အခြားပိုအရေးကြီးသော အရာများကို မေ့လျော့သွားစေနိုင်ပါသည်။

လေ့ကျင့်မှုအချို့ ပြုလုပ်နေပါက ယင်းကိုစွဲမြဲစေရန် မှန်ကန်သော နှလုံးသွင်းမှု ရှိပါသည်။ အားကစား လုပ်ပါက နေ့စဉ် အားကစားလုပ်ရန် စွဲမြဲဖို့ လိုပါသည်။ အာဟာရ ဆင်ခြင်စားသုံးနေပါက ကိတ်မုန့်ချကျွေးတိုင်း ယူစားမိတာမျိုး မဖြစ်အောင် နှလုံးသွင်း စွဲမှတ်ဖို့ လိုပါသည်။

နှလုံးသွင်းမှုသည် ကိုယ်လုပ်သည့်အရာကို စွဲမြဲခြင်း ဖြစ်ပြီး အနီးအနားမှ အရေးမကြီးသော အရာအားလုံးကြောင့် စိတ်မထွေပြားရန် ဖြစ်ပါသည်။

မိသားစုနှင့် ရှိနေသောအခါ နှလုံးသွင်းတတ်ခြင်း

လူအများအပြားသည် မိသားစုနှင့် ရှိနေသောအခါ မိတ်ဆွေများ၊ သူစိမ်းများနှင့် ရှိနေချိန်ထက်ပိုပြီး ကျင့်ဝတ် စောင့်ထိန်းရန် ပိုခက်သည်ဟု ဆိုပါသည်။ ထိုသို့ဖြစ်နေပါက ယေဘုယျ အကြံပေးရလျှင် အစတွင် အလွန်ခိုင်မာသော ရည်မှန်းချက် ထားရှိပါ။ သင့်ဆွေမျိုးများကို တွေ့တော့မည်ဆိုလျှင် ‘‘စိတ်မဆိုးအောင် နေမယ်။ သူတို့ငါ့အပေါ် အတော်ကြင်နာတာကို သတိရနေမယ်။ ငါ့နားမှာ သူတို့ရှိရင် သူတို့ကိုဆက်ဆံပုံက သူတို့ရဲ့ခံစားချက်တွေအပေါ် သက်ရောက်လိမ့်မယ်။’’ ဟု ရည်မှန်းချက် ချမှတ်ထားပါ။ အစတွင် အလွန်အရေးကြီးပါသည်။

သူတို့လည်း လူသားများဖြစ်သည်ကို မိမိကိုယ်ကို သိပေးရန်လည်း လိုပါသည်။ သူတို့ကို မိခင်၊ ဖခင်၊ ညီမ၊ အစ်ကို သို့မဟုတ် မည်သည့်တော်စပ်မှုမျိုးမဆို ထိုသို့ တော်စပ်သည်ဟူ၍သာ မသတ်မှတ်ထားသင့်ပါ။ နေရာတစ်ခုပေးပြီး စွဲမှတ်ထားပါက မိခင်၊ ဖခင်အနေနှင့် သူတို့ဆောင်ရွက်သည်ကို သူတို့၏ နောက်ကြောင်း၊ မျှော်လင့်ချက်များ၊ စိတ်ပျက်စရာများ အားလုံးတွင် ကျွန်ုပ်တို့၏ မှန်းဆချက်များဖြင့် တုံ့ပြန်မိတတ်ပါသည်။ သူတို့ကို လူသား တစ်ဦးနှင့်တစ်ဦးအဖြစ် ဆက်စပ်လျှင် ပိုကောင်းပါသည်။ ဒါကို သူတို့ သတိမထားမိဘဲ ကျွန်ုပ်တို့ကို ကလေးတစ်ယောက်လို ဆက်ဆံပါက ကလေးလို ပြုမူသည့်ပုံမျိုး ကျွန်ုပ်တို့ အဖြစ်မခံတော့ပါ။ သူတို့သည် လူသားဖြစ်သည့်အတွက် အပြန်အလှန် ဝင်မပါတော့ပါ။ လက်ခုပ်ဆိုသည်မှာ နှစ်ဖက်တီးမှ မြည်ပါသည်။

ကျွန်ုပ်၏အစ်မသည် မကြာသေးမီက တစ်ပတ်ကြာ လာလည်ပါသည်။ သူသည် ညဘက်စောစော အိပ်တတ်ပြီး ကျွန်ုပ်၏ မိခင်အလား ‘‘အိပ်တော့လေ။’’ ဟုပြောသည်။ သို့သော် ကျွန်ုပ်သည် ကလေးလိုပြုမူပြီး ‘‘စောသေးတယ်။ မအိပ်ချင်သေးဘူး။ နိုးနိုးကြားကြား နေနေတာ။ ဘာလို့ အိပ်ခိုင်းနေတာလဲ။’’ ဟု ပြောပါက အပြန်အလှန် ဝင်ပါလိုက်ခြင်း ဖြစ်ပါသည်။ ထိုအခါ နှစ်ဦးစလုံး ဝမ်းနည်းရပါတော့မည်။ ထို့ကြောင့် သူက ကျွန်ုပ်ကို ဂရုစိုက်သည့်အတွက် အကြံပေးနေခြင်း ဖြစ်ပြီး စိတ်ဆိုးအောင်လုပ်နေခြင်း မဟုတ်ကြောင်း မိမိကိုယ်ကို သတိပေးလိုက်ပါသည်။ ကျွန်ုပ်စောစော အိပ်လျှင်ကောင်းမည်ဟု သူကထင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့စိတ်ကူးများဖြင့် မှန်းဆခြင်းထက် လက်တွေ့ ဖြစ်ပျက်နေသည်ကို ပို၍လက်တွေ့ကျစွာ ရှုမြင်ကြည့်ရပါမည်။

ထို့ကြောင့် မိသားစုဝင်များနှင့် မတွေ့မီ ကျွန်ုပ်တို့၏ စိတ်ဓာတ်စေ့ဆော်မှု ကို အောက်ပါအတိုင်း သတိရှိရန် လိုပါသည်-

  • ကျွန်ုပ်တို့၏ ရည်မှန်းချက်- မိမိက စောင့်ရှောက်သော၊ မိမိအား ပြန်လည်စောင့်ရှောက်သော မိသားစုနှင့် ကောင်းမွန်သော အပြန်အလှန် ဆက်ဆံရေးထားရှိရန် ရည်မှန်းပါသည်။
  • တစ်ပြိုင်နက် ထားရှိရမည့် စိတ်ခံစားချက်- ကျွန်ုပ်တို့၏ မိသားစုကို လူသားများအနေနှင့် ဂရုစိုက်ခြင်း။

နောက်တစ်နည်းဖြင့် ကြည့်ပါက မနှစ်မြို့ဖွယ် ကိစ္စဟု တွေးမည့်အစား ‘‘စိတ်ဆိုးဒေါသထွက်ခြင်း မရှိဘဲ မိသားစုနှင့် ညစာစားနိုင်မလား။’’ ဆိုပြီး စိန်ခေါ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းအဖြစ် ရှုမြင်ရန် ဖြစ်ပါသည်။
သင့်မိသားစုဝင်များက ဥပမာ၊ မိဘများ ပြောတတ်သည့်ပုံစံအတိုင်း ‘‘အိမ်ထောင် မပြုသေးဘူးလား။ ဘာကြောင့် အလုပ်ကောင်းကောင်း မရှာတာလဲ။ ခုထိ ကလေးမယူသေးဘူးလား။’’ (ကျွန်ုပ်၏အစ်မ ကျွန်ုပ်ကိုစတွေ့သည်နှင့် ‘‘ခေါင်းရိတ်ဖို့လိုပြီ။’’ ဟု ပြောသည်) စသည်ဖြင့် စတင်ပြစ်တင်လာသောအခါ သူတို့သည် ကျွန်ုပ်တို့ကို အလေးထားသောကြာင့် ထိုကိစ္စများ မေးနေသည်ဟု အသိအမှတ်ပြုပါ။ ‘‘အလေးထားတဲ့အတွက် ကျေးဇူးတင်တယ်။’’ ဟုသာ ပြောလိုက်ရုံပါပဲ။

သူတို့ရှင်သန်နေသည့် နောက်ခံဘဝကိုလည်း တွေးကြည့်နိုင်ပါသည်။ သူတို့မိတ်ဆွေများက ‘‘ခင်ဗျားသား ဘာလုပ်နေလဲဗျ။ အစ်မသမီးကော ဘာတွေလုပ်လဲ။’’ စသည်ဖြင့် မေးနေပါမည်။ သူတို့ကလည်း မိတ်ဆွေများနှင့် လူမှုရေးအရ ပေါင်းသင်းဆက်ဆံ ရပါသည်။ သင်အိမ်ထောင်မပြုသည်ကို မကောင်းသည့်စိတ်ဖြင့် မေးခြင်းမဟုတ်ဘဲ သင့်ပျော်ရွှင်မှုကို အလေးထားသောကြောင့် မေးခြင်းဖြစ်သည်။ ပထမအဆင့်မှာ ဒါကိုအသိအမှတ်ပြုပြီး သူတို့ စိုးရိမ်မှုကို တန်ဖိုးထားပါ။ ဖြစ်နိုင်လျှင် သင်ဘာကြောင့် အိမ်ထောင်မပြုသည်ကိုလည်း တည်ငြိမ်စွာ ရှင်းပြနိုင်ပါသည်။

မသင့်တော်သော နှလုံးသွင်းမှုဖြင့် ကျွန်ုပ်တို့သည် အကျိုးမပြုသောအရာများအပေါ် တစ်ခါတစ်ရံ ဆုပ်ကိုင်ထားမိပါသည်။ ‘‘ဒါကို လွန်ခဲ့တဲ့ ဆယ်နှစ်က ဘာကြောင့် မလုပ်ခဲ့တာလဲ။’’ သို့မဟုတ် ‘‘ဒါကို လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ခင်ဗျားပြောခဲ့တယ်။’’ ဆိုသည့် နောက်ကြောင်းပြန်ခြင်း ဖြစ်နိုင်ပါသည်။ ထိုအချက်ကို စွဲကိုင်ပြီး မည်သူ့ကိုမျှ အခွင့်အရေး မပေးသောအခါ သူတို့ ယခုအခါ ဘယ်လိုရှိနေမည်ကို အာရုံစိုက်၍ မရတော့ပါ။ ‘‘ဒါက ဆိုးရွားလာမှာပဲ။ ငါ့မိဘတွေက မေ့သွားမှာပါ’’ ဆိုသည့် ထင်မြင်ချက်ကို ဆုပ်ကိုင်ထားရာ ဆိုးရွားမှု ဖြစ်တော့မည်ဟု ကျွန်ုပ်တို့က ဆုံးဖြတ်ပြီးသား ဖြစ်နေပါသည်။ ထိုအခါ ညစာ မစားမီ တင်းကျပ်မှု ဖြစ်လာပါသည်။ ထို့ကြောင့် မှန်ကန်သော နှလုံးသွင်းမှုဖြင့် ၎င်းကိုပြောင်းပြန်လှန်လိုက်ကာ သူတို့ အခြေအနေကို မြင်ခွင့်ရသည်ဟု လည်းကောင်း၊ ဖြစ်လာသည့် အခြေအနေအတိုင်း ကြိုတင်မှန်းဆချက် မပါဝင်ဘဲ တုံ့ပြန်ခွင့်ရသည်ဟု လည်းကောင်း တွေးပါ။

နှလုံးသွင်းမှု ရှိနေစေရန် လက်တွေ့အကြံဉာဏ်

ခက်ခဲသော အခြေအနေများတွင် ကျွန်ုပ်တို့သည် နှလုံးသွင်းမှု ရှိနေအောင် မည်ကဲ့သို့ ထိန်းသိမ်းမလဲ။ အောက်ပါတို့ ရရှိရန် လိုပါသည်-

  • ရည်ရွယ်ချက် - မေ့လျော့မှု မဖြစ်အောင် ကြိုးစားမည်ဟု အခိုင်အမာ ရည်မှန်းချက်
  • ရင်းနှီးမှု - လုပ်ငန်းတစ်ခုကို အလိုအလျောက် မှတ်မိသည်အထိ အထပ်ထပ် လေ့လာခြင်း
  • သတိရှိမှု - နှလုံးသွင်းမှု လွတ်သွားသောအခါ သိရှိသည့် သတိပေးချက်စနစ်

ဤအချက်အားလုံးသည် ဂရုစိုက်သည့် သဘောထားပေါ်တွင် အခြေခံပါသည်။ သင့်အပြုအမူက သင်နှင့် အခြားသူများ အပေါ် သက်ရောက်ပုံကို အလေးထားခြင်း ဖြစ်သည်။ သင့်ပြုမူပုံကို တကယ် အလေးမထားပါက နှလုံးသွင်းမှု ရှိနေတော့မည် မဟုတ်ပါ။ အကြောင်းမှာ စည်းကမ်း မချမှတ်သောကြောင့် ဖြစ်ပါသည်။ ဘာကြောင့် အလေးထားရန် လိုပါသလဲ။ အဘယ်ကြောင့် ဆိုသော် သင်လည်း လူသားတစ်ယောက် ဖြစ်သောကြောင့် ဖြစ်ပါသည်။ သင့်မိခင်၊ ဖခင်သည်လည်း လူသားများ ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့အားလုံး ပျော်ရွှင်ချင်ကြပါသည်။ မည်သူမျှ ဝမ်းမနည်းချင်ကြပါ။ အခြားသူများအား ကျွန်ုပ်တို့ ပြုမူ၊ ပြောဆိုပုံက သူတို့၏ ခံစားချက်ကို သက်ရောက်သည့်အတွက် မိမိ၏အပြုအမူကို အလေးထားသင့်ပါသည်။

မိမိကိုယ်ကိုရော မိမိ၏ စိတ်အားထက်သန်မှုကိုပါ လေ့လာရန်လိုပါသည်။ အခြားသူများ နှစ်သက်စေရန် ကောင်းမွန်အောင် နေထိုင်လိုပါက အနည်းငယ် ကလေးဆန်ပါသည်။ အနည်းငယ် ဆိုးရွားပါသည်။ သတိရှိရန်၊ သတိမပြတ်အောင် နေထိုင်ရန် အကောင်းဆုံး အကြောင်းရင်းမှာ အခြားသူများကို ဂရုစိုက်သည့် အလေးထားမှု သဘောထားကြောင့် ဖြစ်ပါသည်။

စူးစိုက်မှု သမာဓိ

စူးစိုက်မှု သမာဓိရရှိအောင် ကျွန်ုပ်တို့ အသုံးပြုရသည့် မဂ္ဂင်ရှစ်ပါး၏ တတိယအချက်ကို မှန်ကန်သော စူးစိုက်မှုဟု ခေါ်ပါသည် (စူးစိုက်မှုကိုယ်တိုင် ဖြစ်ပါသည်)။ စူးစိုက်မှုသည် အရာဝတ္ထုတစ်ခုအပေါ် စိတ်အမှန်တကယ် နှစ်မြှုပ်ထားခြင်း ဖြစ်သည်။ အာရုံစိုက်လိုသောအရာတိုင်းကို စူးစိုက်လိုက်သည်နှင့် ၎င်းကိုလွတ်ထွက်မသွားအောင် နှလုံးသွင်းမှုက ထိန်းထားပေးပါသည်။ သို့သော် အရာဝတ္ထုတစ်ခုအပေါ် ဦးစွာစူးစိုက်ရန်သည် စူးစိုက်မှုရှိမှသာ ဖြစ်ပါမည်။

တစ်ခုခုအပေါ် စူးစိုက်လာအောင် အာရုံစိုက်မှုကို အသုံးပြုရပါသည်။ အတိတ်ကာလနှင့် ယှဉ်ပါက ယနေ့ခတ်တွင် ပိုပြီး တွေ့လာရသည်မှာ ကျွန်ုပ်တို့တွင် အာရုံကွဲပြားမှု ရှိလာသောကြောင့် တစ်ခုခုအပေါ် အပြည့်အဝ အာရုံမစိုက်နိုင်ကြ တော့ပါ။ တီဗီသတင်း ကြည့်သောအခါ တစ်နေ့တာ သတင်းကြေညာနေသူက ဖန်သားပြင် အလယ်တွင် ရှိနေသည်။ အောက်ဘက်တွင် အခြားသတင်းများက ရွေ့လျားနေသည်။ ထို့နောက် ထောင့်နားတွင်လည်း အခြားအရာများကို ပြနေပြန်သည်။ ထိုအရာများအပေါ် တစ်ခုမှ အပြည့်အဝ အာရုံမစိုက်နိုင်တော့ပါ။ အလုပ်မျိုးစုံ တစ်ပြိုင်နက် လုပ်ကိုင်နိုင် သည်ဟု ထင်သော်လည်း ဘုရားရှင်မဟုတ်လျှင် မည်သူမျှ အလုပ်မျိုးစုံလုပ်နေသည့် အရာရာအပေါ် ၁၀၀% အာရုံမစိုက်နိုင်ပါ။

ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ တစ်ယောက်ယောက်နှင့် စကားစမြည် ပြောနေသောအခါ စိတ်က လက်ကိုင်ဖုန်းဆီ ရောက်နေပါသည်။ သူတို့က ကျွန်ုပ်တို့ကို စကားပြောနေပြီး ကျွန်ုပ်တို့က အာရုံမစိုက်သည့်အတွက် ဤသို့ဖြစ်သည်မှာ စိတ်စူးစိုက်မှု မှားယွင်းနေပါသည်။ တစ်ခုခုအပေါ် စိတ်စူးစိုက်ထားလျှင်လည်း ကြာရှည်ထိန်းထားဖို့ မလွယ်ပါ။ ကျွန်ုပ်တို့သည် ယခုအခါ အလုပ်ကို တစ်ခုပြီးတစ်ခု ပြောင်းလုပ်လေ့ ရှိလာကာ တစ်ခုပြီးတစ်ခု လိုက်ကြည့်နေသည့် အတွက် အလွယ်တကူ ငြီးငွေ့လာပါသည်။ ထိုသို့သော တစ်ခုကို ခဏအာရုံစိုက်လိုက်၊ နောက်တစ်ခုကို ခဏ အာရုံစိုက်လိုက်ဆိုသည့် စူးစိုက်မှုမျိုးမှာ အတားအဆီးတစ်ရပ် ဖြစ်ပါသည်။ မှားယွင်းသော စူးစိုက်မှု ဖြစ်ပါသည်။ သေချာ စူးစိုက်နိုင်စွမ်း ရှိရန် ဆိုသည်မှာ ငြီးငွေ့ခြင်း မရှိ၊ စိတ်မဝင်စားတော့သည့်အတွက် စိတ်ကူးပြောင်းခြင်း မရှိဘဲ လိုအပ်သော ကာလတစ်လျှောက်လုံး စူးစိုက်နိုင်စွမ်းကို ဆိုလိုပါသည်။

အဓိက အဟန့်အတား တစ်ခုမှာ ကျွန်ုပ်တို့သည် ဖျော်ဖြေခံစားလိုခြင်း ဖြစ်သည်။ ယာယီသာယာမှုကြောင့် နောက်ထပ် ဆာလောင်မှု ဖြစ်လာမည့်အစား စိတ်ကျေနပ်မည်ဟု ထင်ခြင်းမှာ မှားယွင်းသော နှလုံးသွင်းမှုဆီ ပြန်ရောက်သွားပါသည်။ အင်တာနက်ကဲ့သို့ အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေများ ရရှိနိုင်သည့် ကျွန်ုပ်တို့ ကြည့်ရှုလုပ်ဆောင်နိုင်သော ဖြစ်နိုင်ခြေများ ပိုများလာလေ၊ လက်တွေ့တွင် ပိုပြီး ငြီးငွေ့၊ တင်းကျပ်၊ စိတ်ဖိစီးလာလေ ဖြစ်သည်ဟု လူမှုသိပ္ပံပညာရှင်များက တွေ့ရှိထားပါသည်။ တစ်ခုခုကို ကြည့်နေသောအခါ ပိုပြီးဖျော်ဖြေပေးမည့်အရာ ရှိနိုင်သည်ဟု သင်ထင်ပြီး လွတ်သွားမည်ကို စိုးရိမ်လာပါသည်။ ဤနည်းဖြင့် ဆက်ကြည့်ရင်း ဘာကိုမျှ အာရုံမစိုက်တော့ပါ။ သင့်ဘဝကို ရိုးရှင်းအောင် ကြိုးစားကြည့်ရန်မှာ ခက်ခဲသော်လည်း ကောင်းမွန်သည့် အယူအဆဖြစ်ပါသည်။ တစ်ချိန်တည်း အာရုံစိုက်စရာ များစွာလည်း မရှိတော့ပါ။ စူးစိုက်မှု ပိုကောင်းလာသည်နှင့်အမျှ သင်ကိုင်တွယ် ဖြေရှင်းနိုင်သော အတိုင်းအတာလည်း ပိုများလာပါသည်။

သေချာစူးစိုက်မှု ရှိပါက ဤအရာရော ထိုအရာကိုပါ အာရုံစိုက်နိုင်ပါသည်။ သို့သော် တစ်ကြိမ်တွင် တစ်ခုသာ ပျံ့လွင့်မှုမရှိဘဲ စူးစိုက်နိုင်သည်။ တစ်ကြိမ်လျှင် လူနာတစ်ဦးသာကြည့်သော ဆရာဝန်နှင့် တူပါသည်။ ထိုသူကို အပြည့်အဝ အာရုံစိုက်ပြီး ရှေ့လူနာ၊ နောက်လူနာကို တွေးနေခြင်း မဟုတ်ပါ။ ဆရာဝန် တစ်ယောက်သည် တစ်နေ့တာအတွင်း လူနာများစွာ ကြည့်နိုင်သော်လည်း တစ်ကြိမ်လျှင် တစ်ဦးသာ အပြည့်အဝ အာရုံစိုက်ပါသည်။ ဤသည်မှာ စူးစိုက်မှုရရှိရန်အတွက် များစွာပိုကောင်းပါသည်။

သို့သော် အလွန်စိန်ခေါ်မှုတော့ ရှိပါသည်။ ကျွန်ုပ်သည် ဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ အလုပ်အမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုး စသည်တို့ကို များစွာ ဖြေရှင်းရသည်။ တစ်ခုတည်းကို အာရုံစိုက်ရန် အလွန်ခက်ပါသည်။ တစ်ချိန်တည်းတွင် ကိစ္စများစွာ ပေါ်ပေါက်နေပါသည်။ ရှုပ်ထွေးသော လုပ်ငန်းမျိုး လုပ်ကိုင်နေသူတိုင်း ထိုကဲ့သို့ဖြစ်ပါသည်။ သို့သော် စူးစိုက်မှု ရရှိအောင် အဆင့်ဆင့် အားထုတ်နိုင်ပါသည်။

အကျဉ်းချုပ်

စူးစိုက်မှု၏ အဟန့်အတားများ မရှိအောင် မိမိကိုယ်ကို ဖယ်ရှားခြင်းသည် အတော်လေးကျယ်ပြန့်ပါသည်။ ထိုအတွက် ရိုးရှင်းသောနည်းမှာ အလုပ်လုပ်နေစဉ် ဖုန်းပိတ်ထားခြင်း သို့မဟုတ် အီးမေးလ်များစစ်ရန် တစ်နေ့တာ တစ်ချိန်၊ နှစ်ချိန် သတ်မှတ်ရွေးချယ်ထားခြင်း ဖြစ်သည်။ သို့မှသာ လုပ်စရာရှိတာကို အပြည့်အဝ အာရုံစိုက်နိုင်ပါမည်။ ဆရာဝန်၊ ပါမောက္ခတို့၏ ရုံးချိန်လိုပင် ဖြစ်သည်။ သူတို့ဆီကို ကြိုက်သည့်အချိန် လာ၍မရပါ။ သူတို့ရှိသည့် အချို့အချိန်များတွင်သာ လာနိုင်ပါသည်။ ဤနည်းအတိုင်း ကိုယ်တိုင် ကျင့်သုံးခြင်းဖြင့် အာရုံစူးစိုက်မှု ရရှိလာမည်ဖြစ်ပါသည်။ ထိုအတိုင်း ကျင့်သုံးသင့်ပါသည်။

လူမှု ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ စူးစိုက်မှု သမာဓိအတွက် အဓိက အတားအဆီးများမှာ စိတ်ပျံ့လွင့်ခြင်း၊ စိတ်ကူးယဉ်ခြင်း စသည့် ကျွန်ုပ်တို့၏ စိတ်အခြေအနေများပင် ဖြစ်ပါသည်။ ယခုအခါ လက်ကိုင်ဖုန်း၊ Facebook နှင့် အီးမေးလ် စသည့် ပြင်ပ ရင်းမြစ်များတွင် အာရုံစိုက်စရာ အလွန်များပြားလာပါသည်။ အားလုံးကြောင့် စိတ်ထွေပြားမှု မဖြစ်ရန်မှာ တကယ်တော့ ကြိုးစားအားထုတ်ဖို့ လိုပါသည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် ထိုမီဒီယာများ၏ ဖျက်ဆီးတတ်သော လက္ခဏာရပ်များကို သိထားရန် လိုပါသည်။ လူအများအပြားကြုံတွေ့ရသည့် အထင်ရှားဆုံးအချက်မှာ အာရုံစိုက်မှု အတိုင်းအတာသည် ပို၍ တိုတောင်းလာပါသည်။ Twitter သည် အက္ခရာ အကန့်အသတ် ရှိသလို Facebook သတင်းများမှာ အမြဲ အသစ်ဖြစ်နေပါသည်။ ထိုသတင်းများ အသစ်ဖြစ်ပြီး ပြန်များလာသည်မှာ အလွန်မြန်ရကား ဘာကိုမျှ  အာရုံမစိုက်နိုင်တော့သည့်အတွက် အာရုံစူးစိုက်ရန် အနှောင့်အယှက်ပေးသည့် အလေ့အထဆိုး ဖြစ်လာပါသည်။ အရာရာသည် အမြဲတမ်း ပြောင်းလဲနေရပါသည်။ ဤသည်မှာ သတိထားရမည့်အချက် ဖြစ်ပါသည်။

Top