ကံအကြောင်း နားလည်အောင်လေ့လာခြင်း
နေ့စဉ်ဘဝတွင် ကံ၏ ဆီလျော်သော အခန်းကဏ္ဍအကြောင်းကို ယနေ့ဟောပြောလိုပါသည်။ ထိုအတွက် ကံ၏အဓိပ္ပာယ်ကို အရင်ဆုံး နားလည်ရန် လိုပါသည်။ ယေဘုယျ ဖြေရှင်းချက်နှစ်မျိုး ရှိပါသည်။ တစ်ခုမှာ ကံသည် ကျွန်ုပ်တို့ ရှိနေသော တွန်းအားပေးသည့် စေ့ဆော်မှုကို ဆိုလိုပါသည်။ ကိုယ်၊ နှုတ်၊ စိတ် တစ်ခုခုဖြင့် ဆောင်ရွက်ချက် အမျိုးမျိုး ဖြစ်အောင် စေ့ဆော်သောအရာ ဖြစ်ပါသည်။ ဒုတိယဖြေရှင်းချက်မှာ ကိုယ်နှင့်နှုတ် ဆောင်ရွက်ချက်များနှင့် ပတ်သက်သော ပြောကြားချက် အမျိုးမျိုး ဖြစ်ပါသည်။ ထိုဆောင်ရွက်ချက်များအတွက် ကံဆိုသည်မှာ ကျွန်ုပ်တို့၏ ကိုယ်ကာယ ဆောင်ရွက်ချက်များ၏ စိတ်လိုက်မာန်ပါ ပုံစံ၊ နှုတ်ဖြင့်ပြောဆိုမှုများ၏ စိတ်လိုက်မာန်ပါ အသံ၊ ထိုဆောင်ရွက်ချက် နှစ်မျိုးစလုံးနှင့် တွဲနေပြီး စိတ်အစဉ်နှင့် ဆက်လက်တွဲပါသွားသော နူးညံ့သိမ်မွေ့သည့် တွန်းအားစွမ်းအင် ဖြစ်ပါသည်။ တိဘက် အရပ်သုံးဝေါဟာရတွင် ကံဆိုသည်မှာ ‘‘ဆောင်ရွက်ချက်များ’’ ဟု ဆိုလိုသော်လည်း ထိုရှင်းပြချက်နှစ်ခုအရ ကံဆိုသည်မှာ အမှန်တကယ် ဆောင်ရွက်ချက်များကိုယ်တိုင် မဟုတ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။
ဤသို့စိတ်လိုက်မာန်ပါ ကံမြောက်သည့် အပြုအမူများဖြင့် ဆောင်ရွက်လိုက်သည်နှင့် စိတ်အစဉ်တွင် ကံ၏အကျိုးဆက် အချို့ ကျန်ရစ်ခဲ့ပါသည်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှု အရှိဆုံး ဖြစ်သော အပြုသဘော သို့မဟုတ် အပျက်သဘော ကံအစွမ်းအစများနှင့် ကံမြောက်စေမှုများ အကြောင်းကို ဆွေးနွေးကြပါစို့။ ထိုနှစ်ချက်အကြားတွင် အနည်းငယ် ခြားနားချက် ရှိသော်လည်း ပညာရပ်ဆိုင်ရာ အသေးစိတ်ကို ယခုလေ့လာရန် မလိုပါ။ ထိုကံအစွမ်းအစများနှင့် ဖြစ်စေမှုများ၏ အစိတ်အပိုင်းတစ်ခုမှာ လုံလောက်သော အခြေအနေများ ရှိလာသောအခါ အကျိုးဆက် သို့မဟုတ် ရလဒ် ဖြစ်စေနိုင်စွမ်း ဖြစ်ပါသည်။ ပညာရပ်ဝေါဟာရဖြင့် ပြောရလျှင် သစ်သီးတစ်လုံး ‘‘ရင့်မှည့်’’ လာခြင်းနှင့် တူပါသည်။
ကံအစွမ်းအစများနှင့် ကံမြောက်စေမှုများမှ ရင့်ကျက်လာသောအရာ
ဤကဲ့သို့ ကံအစွမ်းအစများနှင့် ကံမြောက်စေမှုများမှ ပေါ်ထွက်လာသော ရလဒ်အမျိုးမျိုး ရှိပါသည်။ ယေဘုယျအကျဆုံး တစ်ခုမှာ ကျွန်ုပ်တို့ အတွေ့အကြုံ အခိုက်အတန့်တိုင်းတွင် တွဲပါနေသော ပျော်ရွှင်မှု၊ မပျော်ရွှင်မှုအချို့ကို ခံစားလာရခြင်း ဖြစ်ပါသည်။ မပျော်ရွှင်မှု ဖြစ်ပါက အပျက်သဘော အပြုအမူ၏ ရလဒ် ဖြစ်ပြီး ပျော်ရွှင်မှု ဖြစ်ပါက အပြုသဘော အပြုအမူ၏ ရလဒ်ဖြစ်ပါသည်။ ထို့ပြင် ယခင်ဆောင်ရွက်ချက်မျိုးကို ထပ်ဆောင်ရွက်လိုစိတ်လည်း ရှိပါသည်။ ကံ ဆိုသည်မှာ ကံ၏အကျိုးဆက်မှ တိုက်ရိုက် ရင့်ကျက်မလာပါ။ ပထမဦးစွာ ခံစားချက် ပေါ်လာသည်။ တစ်စုံတစ်ယောက်ကို အော်ဟစ်လိုခြင်း၊ ပွေ့ဖက်လိုခြင်းကဲ့သို့ ခံစားချက် ဖြစ်ပါသည်။ ထိုခံစားချက်တွင် အခြေခံကာ ထိုဆောင်ရွက်ချက်ထဲသို့ တွန်းပို့သည့် အမှန်တကယ် ဆောင်ရွက်လိုစိတ် ရှိလာပါမည်။ ခံစားချက်နှင့် စေ့ဆော်မှုကြားတွင် သိသာသော ကွာခြားချက် ရှိပါသည်။ တစ်ခုခု ဆောင်ရွက်လိုသော ခံစားချက်သည် ၎င်းကို ဆောင်ရွက်လိုစိတ် ဖြစ်ပါသည်။ သို့သော် ‘‘ခံစားချက်’’ သည် အနည်းဆုံးတော့ အင်္ဂလိပ်ဘာသာတွင် အလိုရှိမှုထက် ပိုပြီး သရုပ်ပေါ်သည်ဟု ထင်ပါသည်။ တမင်သက်သက် ဆောင်ရွက်ခြင်း မဟုတ်ဖို့များသည်။ ကျွန်ုပ်တို့သည် ယခင်က ပြုခဲ့သောအရာနှင့် ဆင်တူသော အရာကို ထပ်ဆောင်ရွက်လိုစိတ် ရှိပြီး ထိုအခြေအနေမျိုးနှင့် ဆင်တူသော အရာထဲသို့လည်း ပါဝင်ပတ်သက်လိုပါသည်။ သို့သော် အခြားသူများကို ကျွန်ုပ်တို့ ပြုမူသည့်နည်းအတိုင်း သူတို့က ကျွန်ုပ်တို့အား ပြန်လည်ပြုမူသည်မှာ ကျွန်ုပ်တို့၏ ကံအစွမ်းအစနှင့် ဖြစ်လိုစိတ်များ၏ ရလဒ်မဟုတ်မှန်း ကျိန်းသေပါသည်။ ရှင်းအောင်ပြောရလျှင် သူတို့၏ ကံအစွမ်းအစများနှင့် ကံမြောက်စေမှုများ ရင့်ကျက်လာခြင်းဖြစ်ပြီး ကျွန်ုပ်တို့ထံမှ ရင့်ကျက်လာခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ထံမှ တစ်ခုတည်းသော ရင့်ကျက်လာသည့်အချက်မှာ ထိုအခြေအနေတွင် ပါဝင်ပတ်သက်ရန်၊ ထိုသူနှင့် တွေ့ဆုံရန် စသည့် ကျွန်ုပ်တို့၏ ခံစားချက် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ကံမြောက်သော အစွမ်းအစများမှ နောက်ထပ် ရင့်ကျက်လာသောအချက်မှာ အမှန်တကယ် ရရှိသည့် ဘဝပုံသဏ္ဌာန်၊ ခန္ဓာ၊ စိတ်၏ ဆောင်ရွက်ချက်တို့ ဖြစ်ပါသည်။ ဥပမာ၊ ခွေးတစ်ကောင်၏ ဦးနှောက်နှင့် လူသား ဦးနှောက်တွင် စိတ်၏ စွမ်းဆောင်ရည်မှာ ကြုံတွေ့ရပုံချင်း မတူညီပါ။ နို့တိုက်သတ္တဝါအဖြစ် ပြန်လည်မွေးဖွားမှုတွင် ကံမြောက်သော အစွမ်းအစများမှာ၊ သီးသန့်မိဘနှစ်ပါး၏ သုက်ပိုးနှင့် မျိုးဥတို့ ချိတ်ဆက်ရန် စိတ်အစဉ် အမှန်တကယ် ဖြစ်စေသောအရာ ဖြစ်ပါသည်။
လက်ရှိဘဝတွင် ကံ၏ရင့်ကျက်မှုများသည် အတိတ်ဘဝများက ဆောင်ရွက်ချက်များကြောင့် အများဆုံးဖြစ်လာပါသည်
နေ့စဉ်ဘဝတွင် ကျွန်ုပ်တို့၏ အတွေ့အကြုံများကို လေ့လာသောအခါ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု မည်သည့် ခံစားချက်မဆို၊ တစ်ခုခု ပြောဆိုဆောင်ရွက်ရန် မည်သည့်ခံစားချက်မဆို ယင်းတို့သည် ယခုဘဝ အစောပိုင်းက ယခင်ဆောင်ရွက်ချက် များမှ ကံအစွမ်းအစများနှင့် ဖြစ်လိုစိတ်များ ရင့်ကျက်လာခြင်း ဖြစ်ပါသည်။ သို့သော် ကံမြောက်သော အပြုအမူ အချို့သာလျှင် ဤဘဝတွင် အစွမ်းအစနှင့် ဖြစ်လိုစိတ်များ ရင့်ကျက်စေနိုင်ပါသည်။ ထိုအထဲတွင် မိဘ၊ ဆရာကဲ့သို့ မိမိအပေါ် အလွန်အမင်း ကြင်နာသူများထံ အထူးသဖြင့် ဦးတည်ပါက အလွန်ခိုင်မာစွာ စိတ်အားထက်သန်သည့် အပျက်သဘောနှင့် အပြုသဘော အပြုအမူများ ပါဝင်ပါသည်။ ရင့်ကျက်သောအရာ အများစုနှင့် ဤဘဝတွင် ရင့်ကျက်မှုအဖြစ် ကြုံတွေ့ရသောအရာများမှာ ယခင်ဘဝများက ဆောင်ရွက်ချက်များ စုပေါင်းမိလာသည့် ကံအစွမ်းအစများနှင့် ဖြစ်လိုစိတ်များ၏ ရလဒ်ဖြစ်ပါသည်။
ဤအချက်သည် ကျွန်ုပ်တို့ အများစုအတွက် နားလည်ရန် အလွန်ခက်ခဲနိုင်ပါသည်။ ကျွန်ုပ်တို့ အများစုသည် အနောက်တိုင်းသားများအဖြစ် ရှေးဘဝ၊ နောက်ဘဝတို့ကို အားလုံးမယုံကြည်ကြပါ။ ထိုအချက်က သီးခြားကိစ္စ ဖြစ်ပါသည်။ ကံမကောင်းချင်တော့ ရှေးဘဝ၊ နောက်ဘဝ အကြောင်း လေ့လာရန်နှင့် ယင်းတို့ကို ယုံကြည်လာပုံ အကြောင်း ယခုလေ့လာရန် အချိန်မရှိပါ။ သို့သော် ပြန်လည်မွေးဖွားမှုကို မယုံကြည်လျှင်လည်း ကံအကြောင်း ဆွေးနွေးမှု တစ်ခုလုံးသည် မိမိဘဝနှင့် မိမိအား ဖြစ်လာသောအရာများအား ရင်ဆိုင်ဖြေရှင်းပုံတို့နှင့် အလွန်ခိုင်မာစွာ ဆီလျော်မှု ရှိနိုင်ပါသည်။
ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါ အပြုအမူအတွက် အာရုံစိုက်မှု၊ နှလုံးသွင်းမှုနှင့် ခွဲခြားသိရှိသောပညာတို့ ရရှိခြင်း
ဘဝတွင် ကြုံတွေ့ရသောအရာကို စတင်ဖြေရှင်းရန်အတွက် အာရုံစိုက်မှု ရှိရန် လိုပါသည်။ အာရုံစိုက်မှု သို့မဟုတ် အလေးဂရုပြုမှု ဆိုသည်မှာ ကျွန်ုပ်တို့၏ စိတ်ဆောင်ရွက်ချက်ကို သီးသန့်ရည်ရွယ်ချက်တစ်ခု ထားရှိပေးသည့် စိတ်၏ အစိတ်အပိုင်း ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်ကို အချိန်တိုင်း ကျွန်ုပ်တို့ကြုံတွေ့ရသည့်အရာ ဖြစ်သည်။ အနောက်တိုင်းတွင် ယင်းကို ‘‘သတိရှိမှု’’ ဟု ခေါ်ပါသည်။ သို့သော်လည်း ထိုစိတ်၏ အစိတ်အပိုင်းဖြစ်သည့် ‘‘သတိရှိမှု’’ သည် ဗုဒ္ဓဘာသာ၏ အဓိပ္ပာယ် မဟုတ်ပါ။ ကျွန်ုပ်တို့၏ စိတ်နှင့် စိတ်ခံစားချက်တွင် ဖြစ်နေသောအရာကို အာရုံစိုက်လာသောအခါ သတိရှိမှုသည် ထိုအာရုံစိုက်မှု ပျောက်ဆုံးမသွားအောင် ကာကွယ်ပေးသည့် စိတ်၏ကော်စေးကဲ့သို့ စိတ်၏ အစိတ်အပိုင်း ဖြစ်ပါသည်။ ပိုပြီး အာရုံစိုက်လာနိုင်သောအခါ တစ်ခုခု ပြုမူ၊ ပြောဆိုမည်ကြံလိုက်တိုင်း ပိုပြီးသတိထားမိလာပါသည်။ ထိုသို့ဖြစ်လာသောအခါ သိရှိနိုင်ပြီး တစ်ခုခု ဆောင်ရွက်မည်ကြံသောအချိန်နှင့် ထိုအပြုအမူကို အမှန်တကယ် ဆောင်ရွက်လိုသော တွန်းအားပေး စေ့ဆော်မှုကို ကြုံတွေ့ချိန်ကြားတွင် နေရာလွတ်တစ်ခုကို သတိထားမိလာပါသည်။
အင်္ဂလိပ်ဘာသာတွင် စကားပြောအနေနှင့် မစဉ်းစားဘဲ ခေါင်းထဲအရင်ဆုံး ဝင်လာသောအချက်ကို ပြောလိုက်သည့် အနေနှင့် လူအချို့ကို ဖော်ပြကြပါသည်။ သူတို့ ပြောဆို၊ ဆောင်ရွက်သောအရာနှင့် ပတ်သက်ပြီး ကိုယ်ထဲ၌ ဆင်ဆာဖြတ်ခြင်း မရှိပါ။ ဘာပေါ်လာသည်ဖြစ်စေ စိတ်လိုက်မာန်ပါ ပြုမူ၊ ပြောဆိုလိုက်ပါသည်။ သို့သော် ခံစားချက် ပေါ်ထွက်လာချိန်နှင့် ထိုခံစားချက်ကိုအခြေခံပြီး ပြုမူသောအချိန်ကြားတွင် နေရာလွတ် ရှိသည်ကို သတိထားမိသောအခါ ထိုခံစားချက်အတိုင်း ဆောင်ရွက်မလား၊ မဆောင်ရွက်ဘူးလား ဆုံးဖြတ်ရန် ‘‘ခွဲခြားသိရှိသောပညာ’’ ဟုခေါ်သည့်အရာကို အသုံးပြုခွင့်ရလာပါသည်။ ဆောင်ရွက်ချက်တစ်ခုသည် အထောက်အကူပြုသလား၊ ပြဿနာများစွာ ဖြစ်စေသလားကို ခွဲခြားလိုက်ပါသည်။ ပြဿနာများစွာ ဖြစ်စေမည်ဆိုပါက အပျက်သဘောဟု နားလည်လိုက်ပြီး ထုတ်ဖော်မဆောင်ရွက် တော့ပါ။ ဥပမာ၊ ‘‘ခင်ဗျားဝတ်ထားတာ အကြည့်ရဆိုးလိုက်တာ’’ ဟု ပြောစရာမလိုပါ။ ထိုသို့ပြောပါက အထောက်အကူ မပြုဘူး မဟုတ်ပါလား။
အဓိကအချက်မှာ ဤသို့ တစ်နည်းနည်းဖြင့် ပြုမူ၊ ပြောဆိုလိုသော ခံစားချက်များသည် အလေ့အထများကြောင့် ပေါ်ထွက်လာသည်ကို ကျွန်ုပ်တို့ နားလည်ရပါမည်။ ကံအစွမ်းအစများနှင့် ဖြစ်လိုစိတ်များအတွက် ယေဘုယျ ဝေါဟာရအဖြစ် ‘‘အလေ့အထများ’’ ဟု သုံးနှုန်းခြင်း ဖြစ်ပါသည်။ ထိုအလေ့အထများသည် ယခုဘဝတွင် ပေါ်ထွက်လာသလား၊ အတိတ်ဘဝက ပေါ်ထွက်လာသလား ဆိုသည်မှာ မသက်ဆိုင်ပါ။ အရေးကြီးသည်မှာ ယခင် ပုံစံ၊ ယခင် အလေ့အထများတွင် စိတ်လိုက်မာန်ပါ အခြေခံကာ ပြုမူနေခြင်း ဖြစ်ပြီး ယင်းတို့၏ ခိုင်းစေမှု မခံရရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူသားများ ဖြစ်သည့်အတွက် အသိဉာဏ် ရှိပါသည်။ ဆိုလိုသည်မှာ အထောက်အကူ ပြုသောအရာနှင့် အန္တရာယ် ပြုသောအရာကို ခွဲခြားနိုင်စွမ်း ရှိပါသည်။ အတိတ်ဘဝ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလေ့အထဆိုးများအတိုင်း ပြုမူခြင်းသည် အမှန်တကယ် မိုက်မဲခြင်း ဖြစ်သည်ကို မြင်နိုင်ပါသည်။ ယင်းသည် ပြဿနာများ ပို၍သာဖြစ်စေပါသည်။ ထို့ပြင် မိမိကိုယ်ကို ပြဿနာများ ပရမ်းပတာ မဖြစ်စေလိုသည့်အတွက် အလေ့အထဆိုးများအတိုင်း စိတ်လိုက်မာန်ပါ ပြုမူခြင်းကို ကြိုးစားကျော်လွှားကြရပါသည်။
ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါ အပြုအမူများသည် မူးယစ်စွဲလမ်းမှုပမာ အဖန်ဖန်ဖြစ်နေသော ပုံစံကို တစ်နည်းနည်းဖြင့် လေ့လာရန်လိုပါသည်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတို့ကို ကျွန်ုပ်တို့စွဲနိုင်ပါသည်။ သို့သော် လောင်းကစား၊ လိင်ကိစ္စ၊ လူတို့ကို အော်ငေါက်ခြင်းကဲ့သို့ ဆောင်ရွက်ချက်များကိုလည်း စွဲနိုင်ပါသည်။ ဗုဒ္ဓဘာသာရော အခြားဘာသာရော ထိုစွဲလမ်းမှုများကို ကျော်လွှားရန် နည်းလမ်းများစွာ ရှိပါသည်။ ထိုနည်းလမ်းများကို သိစိတ်ဖြင့် အသုံးချရန် လိုပါသည်။ ထိုသို့မဟုတ်ပါက အထိန်းအကွပ်မဲ့ပြီး ပြဿနာများသာ ပိုဖြစ်လာပါလိမ့်မည်။
စွဲလမ်းမှု ဖြတ်တောက်ရေး အစီအစဉ်တိုင်းတွင် ပထမအဆင့်မှာ ကျွန်ုပ်တို့သည် စွဲလမ်းနေသူများဖြစ်ကြောင်း သိရှိဝန်ခံရန် ဖြစ်သည်။ ဤအချက်က မဖြစ်မနေ လိုအပ်ပါသည်။ ပြဿနာကို ဖယ်ရှားရန် မကြိုးစားမီ ယင်းကိုသိရှိရန် လိုပါသည်။ သို့သော် အချို့သော စွဲလမ်းမှု ဖြတ်တောက်ရေး အစီအစဉ်များကြောင့် လူတို့ကို စွဲလမ်းမှုသည် သူတို့၏ မပြောင်းလဲသော အမှတ်အသားအစစ် ဖြစ်ကြောင်း၊ စွဲလမ်းနေမှုကို မည်သူမျှ အမှန်တကယ် မကျော်လွှားနိုင်ကြောင်း၊ စွဲလမ်းသော အပြုအမူကို အမှန်တကယ် လုံးဝ ရပ်တန့်နိုင်မည် မဟုတ်ကြောင်း ယုံကြည်သွားစေနိုင်ပါသည်။ သို့သော ဗုဒ္ဓဘာသာရှုထောင့်အရ စွဲလမ်းမှုအားလုံးကို ကျွန်ုပ်တို့ အမှန်တကယ် ရပ်တန့်နိုင်ပါသည်။ ထိုအထဲတွင် မိမိကိုယ်ကို ပျက်စီးစေသော အပြုအမူများကို စွဲလမ်းမှုများ နောက်တစ်ကြိမ် လုံးဝ ပြန်ပေါ်မလာအောင် ရပ်တန့်ခြင်းလည်း ပါဝင်ပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ ကျင့်ကြံသူများအဖြစ် ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်ပါသည်။
စိတ်လိုက်မာန်ပါ အပြုအမူ ပုံစံများကို စွန့်ပယ်ခြင်း
ဤနေရာတွင် စိတ်လိုက်မာန်ပါ အပြုအမူကို ကျွန်ုပ်တို့၏ စွဲလမ်းမှုပုံစံများ ကျော်လွှားရန်အတွက် စွန့်ပယ်ရန် လိုလာပါသည်။ စွန့်ပယ်ခြင်း ဆိုသည်မှာ တစ်ခုခုမှ လွတ်ကင်းလိုသော ဆုံးဖြတ်ချက်နှင့် ယင်းကို စွန့်လွှတ်လိုစိတ်တို့ ဖြစ်ပါသည်။ ထိုအတွက် ပါဝင်နေသော စိတ်ခံစားချက်မှာ လုံးဝ စိတ်ပျက်ခြင်းနှင့် ငြီးငွေ့ခြင်း ဖြစ်သည်။ မိမိ၏ အပြုအမူ စွဲလမ်းမှုများကို၊ ယင်းတို့သည် မိမိကိုယ်ကို ပျက်စီးစေသော စွဲလမ်းမှုများဖြစ်စေ၊ စိုးရိမ်တကြီး အပြုသဘော စွဲလမ်းမှုများ ဖြစ်စေ၊ ငြီးငွေ့ခြင်း ဖြစ်ပါသည်။ ဥပမာ၊ အမြဲတမ်း စိတ်တိုပြီး အော်ငေါက်နေခြင်းကို ငြီးငွေ့ပါသည်။ သို့မဟုတ် လက်ကို စိတ်အစွဲလွန်ပြီး ခဏခဏဆေးနေခြင်းကို ငြီးငွေ့ပါသည်။ ထို့ကြောင့် အော်ငေါက်လိုစိတ် သို့မဟုတ် ဆေးပြီးသားလက်ကို ထပ်ဆေးလိုစိတ် ဖြစ်လာသောအခါ ထိုစိတ်မျိုး ထပ်မဖြစ်အောင် ဖယ်ရှားရန် မိမိ၏ ဆုံးဖြတ်ချက်ကို ပြန်သတိရလိုက် ပါသည်။ ပထမအဆင့်အဖြစ် အနည်းဆုံးတော့ ထိုခံစားချက်များအတိုင်း မပြုမူရန် မိမိဆုံးဖြတ်ချက်ကို ပြန်သတိရ ပြီးနောက် မိမိကိုယ်ကို ထိန်းချုပ်ကာ ထိုသို့မဆောင်ရွက်တော့ပါ။ သို့သော် မိမိကိုယ်ကို ထိန်းချုပ်မှုသည် ပထမအဆင့်သာ ဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါ အပြုအမူ၏ အနက်ရှိုင်းဆုံး အကြောင်းရင်းကို ဖယ်ရှားရန် ထိုထက်ပို၍ လေးနက်ဖို့လိုပါသည်။
ကံနှင့်ပတ်သက်ပြီး လွဲမှားသည့် နားလည်မှုများ
ကံအကြောင်း တရားတော်ကို နေ့စဉ်ဘဝတွင် အသုံးချရန် ကြိုးစားရာ၌ ကျွန်ုပ်တို့၏ကံ ရင့်ကျက်လာခြင်းကြောင့် ဘာပဲကြုံရကြုံရ တစ်နည်းနည်းနှင့် ထိုက်တန်သည်ဟု နားလည်မှုလွဲမှားခြင်းကို သတိပြုရန် လိုပါသည်။ ကျွန်ုပ်တို့သည် အတိတ်က ဆိုးသွမ်းခဲ့သော ကောင်ကလေး သို့မဟုတ် ကောင်မလေး တစ်ယောက် ဖြစ်ခဲ့ပြီး ယခုအခါ ပြစ်ဒဏ်အနေနှင့် ဖြစ်လာသမျှကို ထိုက်တန်သည်ဟု ထိုကဲ့သို့ လက်လျှော့သည့် သဘောထားဖြင့် တွေးမိပါသည်။ ရှန်တီဒေဝထံမှ တရားတော်များတွင် ကျွန်ုပ်တို့သည် ပစ်မှတ်ကို မသတ်မှတ်ထားပါက ယင်းကို မည်သူမျှ မြားဖြင့် လာပစ်မည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။ အတိတ်က အပျက်သဘော မပြုမူထားပါက ယခုအခါ လူတို့က မိမိအား ဒေါသဖြင့် ဆိုးဆိုးရွားရွား ဆက်ဆံခြင်း စသည်တို့ ပြုလုပ်လိမ့်မည် မဟုတ်ပါ။ ရှန်တီဒေဝ၏ ဆိုလိုရင်းမှာ တစ်ဖက်လူကို အပြစ်မတင်ရန်နှင့် မိမိကိုယ်ကို အပြစ်တင်ရန် ဖြစ်သည်။ သို့သော် ဤအချက်က ကျွန်ုပ်တို့သည် ဤမျှ ဆိုးရွားသူတစ်ယောက် ဖြစ်သည့်အတွက် ဖြစ်လာသော ဆင်းရဲဒုက္ခနှင့် ထိုက်တန်ကြောင်း၊ ထို့ကြောင့် ပါးစပ်ပိတ်ကာ ဘာမျှမပြောဘဲ ပြစ်ဒဏ်လက်ခံသင့်ကြောင်း အစွန်းရောက် ခံစားချက်မျိုး ဖြစ်မသွားရန် လိုပါသည်။ ဤသည်မှာ ကံအကြောင်း တရားတော်နှင့် ပတ်သက်၍ ကောင်းမွန်သော နည်းလမ်းဟု မထင်သလို ယင်းကို လက်တွေ့ ကျင့်ကြံရန် မှန်းထားသော နည်းလမ်းလည်း မဟုတ်ပါ။
ဤသို့ လက်သင့်ခံသည့် ရှုထောင့်မျိုးမဟုတ်ဘဲ ကံအကြောင်း တရားတော်များ၏ အခြားရှုထောင့်များကို နေ့စဉ်ဘဝတွင် မည်ကဲ့သို့ အကျိုးရှိမည်ကို သိလာအောင် စူးစမ်းလေ့လာရန် လိုပါသည်။ ယခု မိမိတို့၌ တစ်ခုခု ဖြစ်လာသည်ကို ကြုံတွေ့သောအခါ အတိတ်က အပြုအမူသည် အကြောင်းခံ ဖြစ်သည်ဟု ကံအကြောင်း တရားတော်များမှနေ၍ ကောက်ချက်ချနိုင်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့သောအရာနှင့် အတိတ်က အပြုအမူအကြား ဆက်စပ်မှုကို တရားတော် အများအပြားက အသေးစိတ် ဖော်ပြထားပါသည်။ ဥပမာ၊ ရေရှည်မတည်တံ့သော ဆက်ဆံရေးများ အမြဲကြုံနေရပါက၊ ချစ်ခင်သူများနှင့် ဆက်လက်အတူမရှိနိုင်ပါက သို့မဟုတ် အခြားသူများက ကျွန်ုပ်တို့ကို အမြဲတမ်း ခွဲခွာသွားပါက ဤသည်မှာ အခြားသူများကို သွေးခွဲစကား ပြောခဲ့ခြင်း၏ ရလဒ် ဖြစ်ပါသည်။ အခြားသူများကို သူတို့မိတ်ဆွေများ၏ မကောင်းကြောင်း ပြောကာ သူတို့ကို လမ်းခွဲအောင် ပြုလုပ်ခဲ့ပါသည်။ မိမိကိုယ်တိုင် သူငယ်ချင်းများက လမ်းခွဲသည်ကို ကြုံရသောအခါ ထိုသို့ပြုခဲ့သည့် ကျွန်ုပ်တို့၏ကံက ရင့်ကျက်လာခြင်း ဖြစ်သည်။ အခြားသူများက မိမိပြုခဲ့သည့် အခြေအနေများအတိုင်း မိမိကကြုံတွေ့ရခြင်း ဖြစ်ပါသည်။
သွေးခွဲစကား ပြောကြားမှုမှ ရင့်ကျက်လာသော နောက်ထပ်တစ်ခုမှာ ဤအပြုအမူမျိုး ထပ်မံဆောင်ရွက်လိုစိတ် ဖြစ်သည်။ သို့ဆိုလျှင် ကံအကြောင်း နားလည်မှုကို အပြုသဘောနည်းလမ်း ဖြစ်အောင် ပြုလုပ်ရန်အတွက် မိမိကိုယ်ကို ရိုးသားစွာ စူးစမ်းလေ့လာဖို့ လိုပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို သူတို့အား နှစ်သက်သော၊ သူတို့နှင့်အတူ အလုပ်လုပ်သော၊ စာသင်သော သို့မဟုတ် ရင်းနှီးသော သူများ၏ မကောင်းကြောင်းများကို ပြောဆိုခြင်း၊ ဝေဖန်ခြင်းများ ပြုလုပ်လိုစိတ် ရှိပါသလား။ ကျွန်ုပ်တို့သည် အလွန်အမင်း ဝေဖန်တတ်သည်ကို တွေ့ချင်တွေ့ရနိုင်ပါသည်။ အခြားသူများ၏ ကောင်းကြောင်းကို ပြောလေ့မရှိဘဲ မကောင်းကြောင်းကိုသာ ပြောတတ်ပါသည်။ ထိုသို့ အဖြစ်များတတ်သည် မဟုတ်ပါလား။ အခြားသူများ၏ အားနည်းချက်ကို အမှန်ပင် စိတ်လှုပ်ရှားစွာ ထောက်ပြတတ်ပြီး လူတိုင်းကို ထိုအကြောင်း လိုက်ပြောကာ တိုင်တန်းတတ်ပါသည်။ သို့သော် အခြားသူများ၏ အရည်အသွေးကောင်းများကို အကြိမ်ရေမည်မျှ အာရုံစိုက်ဖူးပါသလဲ။ ထိုအကြောင်း အခြားသူများကို ချီးကျူးပြောပြဖူးပါသလား။ ကျွန်ုပ်တို့အများစုအဖို့ ထိုသို့ပြုလုပ်သည်မှာ အလွန်ရှားပါသည်။
ဤသည်မှာ ကံအကြောင်း ဤတရားတော်များမှနေ၍ လေ့လာနိုင်ပြီး နေ့စဉ်ဘဝ၌ အသုံးချနိုင်သော အသုံးအဝင်ဆုံး အချက်တစ်ချက် ဖြစ်ပါသည်။ မိမိကြုံတွေ့ရသော ကိစ္စရပ်နှင့် အညီ မိမိ၏ ပုံမှန် အပြုအမူ ပုံစံများကို မြင်နိုင်ပါသည်။ ထို့နောက် ‘ငါသည် အတိတ်က ဆိုးရွားပြီး အခြားသူများကို ဝေဖန်ခဲ့သောကြောင့် ဒါနှင့် ထိုက်တန်သည်’ ဆိုသော လက်လျှော့သည့် သဘောထားများ မဖြစ်စေဘဲ မိမိ၏လက်ရှိ အပြုအမူကို ပြုပြင်ရန် အာရုံစိုက်နိုင်ပါသည်။ အခြားတစ်ယောက်အကြောင်း မကောင်းပြောချင်စိတ် ဖြစ်လာသောအခါ ထိုနေရာမှနေ၍ သူတို့၏ အရည်အသွေးကောင်းများအကြောင်း ပိုတွေးပေးပြီး ချီးကျူးပေးလိုက်ပါ။
ကျွန်ုပ်တို့ သိရှိနိုင်သော ကံနှင့်ဆိုင်သော ရောဂါလက္ခဏာစု အမျိုးမျိုးအတွက် နမူနာများစွာ ရှိပါသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ဆင်းရဲချင်ဆင်းရဲနေနိုင်ပါသည်။ လေ့လာကြည့်သောအခါ ကျွန်ုပ်တို့သည် အခြားသူများကို အသာစီးယူခြင်း၊ သူတို့ပစ္စည်းများ သုံးစွဲခြင်း၊ အမြတ်ထုတ်ခြင်း၊ အခြားတစ်ယောက်အတွက် တစ်ခါမျှ ငွေကြေး မစိုက်ထုတ်ခြင်း၊ သူတို့ကသာ မိမိအတွက် ပေးသင့်သည်ဟု အမြဲမျှော်လင့်နေခြင်း စသည့်အရာများကို အမြဲ ပြုလုပ်နေသည်ကို တွေ့ရနိုင်ပါသည်။ အခြားသူများ ပိုင်ဆိုင်သောအရာကို ခွင့်မတောင်းဘဲ သုံးစွဲခြင်းကို သီးသန့် ပြောနေခြင်း ဖြစ်ပါသည်။ ဥပမာ၊ သူတို့ရေခဲသေတ္တာထဲမှ အစားအသောက်များကို မမေးမြန်းဘဲ ယူခြင်းကဲ့သို့ ကိစ္စများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသောအရာများတွင် အလားတူ နည်းများဖြင့် ကျွန်ုပ်တို့ ဆောင်ရွက်လိုသောစိတ်၊ ဆောင်ရွက်လိုသော ခံစားချက်များနှင့် ထိုဆက်စပ်မှုများကို သတိပြုနိုင်ပါသည်။ အိန္ဒိယ ဆရာတော်ကြီး ဓမ္မအကိဿ က သူ၏ ထက်မြက်သောလက်နက်များစက်ဝန်း ဆိုသည့် စိတ်လေ့ကျင့်နည်းကျမ်းစာတွင် ထိုဆက်စပ်မှုများကို ထောက်ပြထားပါသည်။
ထို့ပြင် ရလဒ်များသည် အကြောင်းရင်း တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း သဘောပေါက်ရန် လိုပါသည်။ ရေပုံးတစ်ပုံးသည် ပထမဆုံး ရေတစ်စက် သို့မဟုတ် နောက်ဆုံး ရေတစ်စက်ကြောင့် ပြည့်လာခြင်း မဟုတ်ကြောင်း ဘုရားရှင်က ဟောကြားခဲ့ပါသည်။ ရေစက်အားလုံး စုစည်းမှုကြောင့် ပြည့်လာခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသမျှ ဆင်းရဲဒုက္ခတိုင်းသည် အတိတ်က ကျွန်ုပ်တို့ပြုခဲ့သည့် ဆိုးရွားသောအရာတစ်ခုကြောင့် သို့မဟုတ် အတိတ်က ပြုခဲ့သည့် ဆိုးရွားသောအရာ များစွာ စုပုံလာသောကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ မရေမတွက်နိုင်သည့် အကြောင်းတရားနှင့် အခြေအနေများ အတူစုပေါင်းမိပြီး ကျွန်ုပ်တို့ တစ်ခုခုကြုံတွေ့ရစေပါသည်။
ကျွန်ုပ်တို့သည် ယာဉ်တိုက်ခံရသည် ဆိုပါစို့။ ဤသည်မှာ ကျွန်ုပ်တို့က တစ်ယောက်ယောက်ကို ကားပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထိခိုက်စေခဲ့ခြင်းကြောင့် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ကို အမှန်တကယ် တိုက်မိသူ၏ ကံအစွမ်းအစ အားလုံးလည်း ပါဝင်ပါသည်။ ထို့အပြင် ရာသီဥတု၊ ယာဉ်ကြောအခြေအနေနှင့် ထိုအချိန်၌ အပြင်ထွက်မိသော အကြောင်းရင်းများလည်း ရှိပါသည်။ လမ်းကို တည်ဆောက်ခဲ့သူ ရှိပါသည်။ ကားတိုက်ခံရသည့် အမှန်တကယ် တွေ့ကြုံမှု ဖြစ်လာအောင် အတူတကွ စုပေါင်းမိသော အကြောင်းတရားနှင့် အခြေအနေ မြောက်မြားစွာ ရှိပါသည်။
အကြောင်းနှင့်အကျိုးအပေါ် ကျွန်ုပ်တို့၏ ရှုမြင်ပုံကို ချဲ့ထွင်ကာ သီးသန့်ရလဒ်တစ်ခုခု ပေါ်ထွက်ရန် အကြောင်းတရားနှင့် အခြေအနေများစွာ စုစည်းရသည်ကို နားလည်လာသောအခါ ဤသို့ဖြစ်ခြင်းအတွက် မိမိနှင့် ထိုက်တန်ပြီး မိမိအပေါ် လုံးဝအပြစ်ပုံချသည့် ‘‘ငါ’’ ဟုခိုင်မြဲနေမှုကို စတင်ဖြိုဖျက်လိုက်ပါသည်။ ကျွန်ုပ်တို့မှာ တာဝန်ရှိသည် မှန်သော်လည်း မိမိအပြုအမူအတွက် တစ်ဖက်တွင် တာဝန်ယူမှုနှင့် အခြားတစ်ဖက်တွင် ခိုင်မြဲစွာတည်ရှိသော ‘‘ငါ’’၊ ဖြစ်လာသမျှအတွက် အပြစ်ရှိသူ၊ ဆိုးရွားသူအဖြစ် သတ်မှတ်မှု အကြားတွင် ကွာဟမှု ကြီးမားလှပါသည်။
ကံနှင့်ဆက်စပ်၍ ဘာမှမရှိမှုကို နားလည်အောင်လေ့လာခြင်း
အကြောင်းနှင့်အကျိုးအပေါ် ရှုမြင်ပုံကို ချဲ့ထွင်လိုက်ရာတွင် ‘‘စက်ဝန်းသုံးခု’’ ပါဝင်ပတ်သက်နေမှုကို ဖြိုခွဲရန် လိုပါသည်။ ဤစက်ဝန်းများကို ပုံသေနည်းထုတ်ရန် နည်းလမ်းများစွာ ရှိသော်လည်း ကံ၏ရင့်ကျက်မှုဆိုသည့် သဘောဖြင့် ယင်းတို့ကို ကံရင့်ကျက်မှုကို ကြုံတွေ့သော ‘‘ငါ’’ ဟု သတ်မှတ်နိုင်ပါသည်။ ယခုကြုံတွေ့ရသော ကံမှ ရင့်ကျက်လာသော အရာ၊ ရင့်ကျက်လာသောအရာအတွက် အတိတ်က ပြုခဲ့သော ကံအကြောင်းတရား ဖြစ်ပါသည်။ စက်ဝန်းသုံးခုသည် အချင်းချင်းအမှီပြုပြီး ပေါ်ထွက်လာကြောင်း၊ ယင်းတို့သည် မှီခိုမှုဖြင့် ပေါ်ထွက်လာသည့် အရာရာအပေါ် မှီခိုခြင်းမရှိဘဲ မိမိကိုယ်ကို ဖြစ်တည်မှု မရှိကြောင်း နားမလည်ပါက အခိုင်အမာ တည်ရှိသည့် ‘‘ငါ’’ အပေါ် အတိတ်တွင် အလွန်ဆိုးခဲ့သူ ဖြစ်သည့်အတွက် ယခုကြုံတွေ့ရသည့်အရာနှင့် ထိုက်တန်သည်ဟု စိတ်ဖြင့်ပုံဖော်ပြီး တွယ်တာမိပါသည်။ တစ်နည်း ဆိုသော် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ခံရသူ ဖြစ်လာပါသည်။ သို့မဟုတ် ပြစ်ဒဏ် ကျခံရသည့် ရာဇဝတ်သား ဖြစ်လာပါသည်။ ထိုသို့ခိုင်မာသည်ဟုထင်ရသော အမှတ်အသားပေါ်တွင် ကပ်ငြိနေပါသည်။ ဤသည်မှာ အလွန် ဝမ်းနည်းဖွယ် စိတ်အခြေအနေပင် မဟုတ်ပါလား။ ယခုကြုံတွေ့နေရသောအရာသည် အလွန်ဆိုးသည်ဟု ပုံဖော်သလို အတိတ်ကလည်း ဆိုးဆိုးရွားရွား ပြုမူခဲ့သည်ဟု ပုံဖော်ပါသည်။ ကိစ္စတစ်ခုလုံးသည် အပြစ်ရှိမှု၊ မိမိကိုယ်ကို စိတ်မကောင်းဖြစ်မှုတို့ဖြင့် ပြည့်နေပါသည်။ ဤအရာအားလုံးကြောင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ ကြုံတွေ့ရမှုကို ပိုပိုပြီး ဆိုးရွားစေပါသည်။
ထို့ကြောင့် ဘာမှမရှိခြင်းအကြောင်း အနည်းငယ် နားလည်ရန် အလွန်အရေးကြီးပါသည်။ ထိုသို့နားမလည်ပါက အလွန် ခေါင်းမာလာကာ အလွယ်တကူ အစွန်းရောက်သွားနိုင်ပါသည်။ ထိုအခါ ဖော်ပြခဲ့သည့် ပြဿနာများနှင့် ဆင်းရဲဒုက္ခများ ပိုဖြစ်စေပါသည်။ သို့သော် ဘာမှမရှိခြင်းအကြောင်း နားမလည်လျှင်လည်း ကျွန်ုပ်တို့၏ ကာယကံ၊ ဝစီကံ၊ မနောကံ တို့သည် ကံအကျိုးဆက်များ ရှိလာမည်ကို စိတ်တွင်စွဲမှတ်ကာ ဆောင်ရွက်ရန် လိုပါသည်။ ထိုသို့မှတ်ထားပါက အပျက် သဘော နည်းလမ်းများဖြင့် မပြုမူအောင် ရှောင်ရှားကာ အပြုသဘောပုံစံဖြင့် ပြုမူရန် လိုပါသည်။ ထိုအတိုင်းသာ ပြုမူလိုက်ပါ။
အပျက်သဘော အပြုအမူမှ ရှောင်ရှားခြင်း
ဗုဒ္ဓဘာသာ ကျမ်းစာများတွင် ဟောကြားထားသည့် အပျက်သဘော အပြုအမူတစ်ခုခုမှ ရှောင်ရှားရန် အကြောင်းရင်းမှာ ထိုသို့ဆောင်ရွက်မှု၏ ဆိုးကျိုးများအကြောင်း တွေးရန်ဖြစ်ပါသည်။ ထိုအပြုအမူ၏ ဆင်းရဲဒုက္ခ အကျိုးဆက်ကို မကြုံတွေ့လိုသည့်အတွက် အပျက်သဘော တစ်ခုခု ပြုလုပ်၊ ပြောဆိုလိုစိတ် ဖြစ်လာသောအခါ မလုပ်မိအောင် ရှောင်ရှားလိုက်ပါသည်။ သို့သော် အခါများစွာပင် ထိုပုံစံအတိုင်း အမှန်တကယ် မတွေးမိကြပါ။ အပျက်သဘော တစ်ခုခု မပြုလုပ်သည်မှာ မှန်ကန်သည်ဟု ခံစားရသောကြောင့် ရှောင်ရှားခြင်း မဟုတ်ပါ။ လိမ်လည်ခြင်း၊ ရမ်းကားခြင်းကဲ့သို့ မှန်ကန်သည်ဟု မခံစားရသော အပျက်သဘော အပြုအမူအချို့ ရှိနေသည့်အတွက် ထိုသို့ဖြစ်သည်မှာ တကယ်တော့ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ထိုသို့ဖြစ်နေသည် ဆိုပါက ရပါသည်။ ဆိုးကျိုးများအကြောင်း တက်ကြွစွာ မစဉ်းစားမိသော်လည်း ထိုအပြုအမူများ မပြုလုပ်မိအောင် ရှောင်ရှားလိုက်ပါသေးသည်။
သို့သော် ခြင်ရိုက်မိခြင်းက မည်သို့ရှိမည်နည်း။ အခြားသူများအကြောင်းတော့ မသိပါ။ ကျွန်ုပ်ကိုယ်တိုင်တော့ ထိုသို့ကြုံဖူးပါသည်။ ခြင်ရိုက်သည်မှာ သို့မဟုတ် အာဖရိကတွင် တောလည်ထွက်သလို လှည့်ပတ်ကြည့်ရှုပြီး အခန်းထဲတွင် တစ်ညလုံး အိပ်မရအောင်လုပ်သော ခြင်ကို လိုက်ရှာပြီး နောက်ဆုံး သတ်မိသည်မှာ မှန်ကန်သည်ဟု ခံစားရပါသည်။ သင့်တော်သည်ဟု ခံစားရပါသည်။ ဤခြင်အတွက် တောလည်ထွက်သလို သွားနေရသည်မှာ ရယ်စရာကောင်းသည်ဟု သဘောပေါက်သော်လည်း ဆက်လက်ပြီး တောလည်ထွက်နေသေးသည် မဟုတ်ပါလား။ ဤနေရာတွင် ခပ်ကြောင်ကြောင် နမူနာများအကြောင်း တွေးကြည့်ခြင်းက အတော်လေး အထောက်အကူပြုပါသည်။
ဤသို့သော အပျက်သဘော အပြုအမူအတွက် ခြင်သတ်မိပြီး သည်းမခံမှုမှ ဖြစ်လာမည့် ဆိုးကျိုးများအကြောင်းကို တွေးကြည့်ရန် လုံးဝလိုအပ်ပါသည်။ ခြင်ကို သွေးလှူရမည်ဟု မဆိုလိုသော်လည်း ခြင်ကိုဖြေရှင်းရန် ငြိမ်းချမ်းသော နည်းလမ်း ကြိုးစားရှာကြံရပါမည်။ နံရံတွင် ခြင်နားသောအခါ ခွက်တစ်ခု အုပ်လိုက်ပြီး အောက်တွင် စက္ကူတစ်ရွက်ခံကာ အခန်းထဲမှ သယ်ထုတ်လိုက်နိုင်ပါသည်။ ဒါက လက်တွေ့နည်းလမ်း ဖြစ်သော်လည်း တောလည်ထွက်မနေမိအောင် သတိထားရပါမည်။ ခွက်နှင့်စက္ကူကို အသုံးပြုနေစဉ် စိတ်ထဲက တောလည်ထွက်နေနိုင်ပါသေးသည်။
တကယ်တော့ ဤအခြေအနေကို ဝေဖန်ဆန်းစစ်ထိုက်ပါသည်။ ခြင်ကို အခန်းထဲမှ ဖယ်ထုတ်သည်မှာ ခြင်ကိုက်ပြီး ယားယံမှု မဖြစ်လိုခြင်းကြောင့်လား။ ခြင်းအတွက် တွေးမိသောကြောင့်လား။ ခြင်ကို အစာငတ်အောင် လုပ်လိုက်သည်ကတော့ သိသာပါသည်။ ခြင်၊ ယင် သို့မဟုတ် တစ်ခုခုကို အမြဲတမ်း သတ်နေလျှင်တော့ စဉ်းစားစရာ ဖြစ်လာပါသည်။ ထိုအခါ မည်သို့သော အလေ့အထ စုစည်းလာမည်နည်း။ စုစည်းလာမည့် အလေ့အထမှာ မိမိကို အနှောင့်အယှက် ပေးသောအရာတိုင်းအတွက် ပထမဆုံး တုံ့ပြန်မှုမှာ သတ်ပစ်ရန် ဖြစ်လာပါသည်။ ဖြစ်လိုစိတ်မှာ အနှောင့်အယှက်ကို ဖယ်ရှားရန် ငြိမ်းချမ်းသောနည်းလမ်း ကြိုးစားအသုံးပြုရမည့်အစား အကြမ်းဖက်သော နည်းကို အသုံးပြုလာပါသည်။ ထို့ကြောင့် ခွက်နှင့်စက္ကူသုံးပြီး ခြင်လိုက်ဖမ်းသောအခါ အနည်းဆုံးတော့ ခြင်းအတွက် အမုန်းတရားဖြင့် မပြုလုပ်သင့်ပါ။ ၎င်းသည် လက်မခံနိုင်သော ဘဝပုံစံဖြစ်ပြီး မိမိနေရာကို ကျူးကျော်သည့်အတွက် ရှင်းလင်းပစ်ရမည်ဟု မတွေးသင့်ပါ။
ထိုအခါ ဤခြင်သည် အတိတ်ဘဝများစွာက မိမိ၏ မိခင် ဖြစ်ခဲ့ဖူးသည်ဟု မြင်ခြင်းကဲ့သို့ ပိုပြီးအဆင့်မြင့်သော ကျင့်ကြံမှုကိုလည်း အသုံးပြုနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့ အများစုအတွက်တော့ ထိုသို့ရိုးသားစွာ ဆောင်ရွက်ရန် အတော်ခက်ပါသည်။ အဓိကအချက်မှာ အချို့အရာများအတွက် အပျက်သဘော မဆောင်ရွက်ရန် မှန်ကန်သည်ဟု ခံစားရသော်လည်း အချို့အရာများအတွက် မိမိ၏ စိတ်ဓာတ်တွန်းအားကို သိစိတ်ဖြင့် ပြန်လည်အတည်ပြုရန် အမှန်ပင် လိုအပ်ပါသည်။
ကံကြောင့်ဖြစ်လိုစိတ်နှင့် အစွမ်းအစများကို နှိုးဆွသောအချက်များ
ယခုဖော်ပြလိုသည့် နောက်တစ်ချက်မှာ ကျွန်ုပ်တို့၏ ကံကြောင့်ဖြစ်လိုစိတ်နှင့် အစွမ်းအစများကို နှိုးဆွပြီး ရင့်ကျက်စေသော သီးသန့်အချက်များနှင့် ဆိုင်ပါသည်။ ၎င်းတို့ကို မှီခိုမှုဖြင့် ပေါ်ထွက်သည့် ဆက်သွယ်မှု ဆယ့်နှစ်ချက် အကြောင်း တရားတော်တွင် ဆွေးနွေးထားပါသည်။ သေဆုံးချိန်၌ ကံအစွမ်းအစများ နှိုးဆွပေးသည့် အချက်များအဖြစ် ဆွေးနွေးထားခြင်း ဖြစ်ပါသည်။ ထိုအချက်များက ကျွန်ုပ်တို့၏ စိတ်အစဉ်ကို အနာဂတ် ပြန်လည်မွေးဖွားမှုထဲသို့ ‘‘ပစ်ထည့်’’ လိုက်ပါသည်။
ထိုအချက်များအနက် ပထမတစ်ချက်မှာ တပ်မက်မှု အချိတ်အဆက် ဖြစ်ပါသည်။ ‘‘တပ်မက်မှု’’ ဆိုသည်မှာ ဤချိတ်ဆက်မှုအတွက် တိဘက်ဘာသာစကားဖြင့် ဘာသာပြန်ထားခြင်း ဖြစ်သော်လည်း မူရင်းသက္ကတ ဘာသာ စကားလုံးမှာ ‘‘ဆာလောင်ခြင်း’’ ဟု ဆိုလိုပါသည်။ နောက်တစ်ချက်ကို ‘‘တွယ်တာမှု’’ ဟု ဘာသာပြန်လေ့ ရှိပါသည်။ ဤသည်မှာ အရှင်းလင်းဆုံး ဘာသာပြန်ထားခြင်း မဟုတ်ပါ။ အကြောင်းမှာ အခြားဝေါဟာရများကိုလည်း ‘‘တွယ်တာမှု’’ ဟု ဘာသာပြန်လေ့ ရှိသောကြောင့် ဖြစ်ပါသည်။ ဥပမာ၊ ‘‘စစ်မှန်သော တည်ရှိမှုကို တွယ်တာခြင်း’’ ဖြစ်သည်။ ဤသည်မှာ အခြားဝေါဟာရများနှင့် မတူပါ။ ဤနေရာတွင် ပြောလိုသည့် စကားလုံးမှာ ‘‘တစ်ခုခု ရယူရန်’’ သို့မဟုတ် ‘‘တစ်ခုခု ရရှိရန်’’ ဟု အတိအကျဆိုလိုပါသည်။ ‘‘ရယူသူ’’ ဆိုသော စကားကို ကျွန်ုပ်က ပိုမိုနှစ်သက်ပါသည်။ ထိုသို့ဖြစ်လာပါက ရယူသူ၏ ခံစားချက် သို့မဟုတ် ရယူသူ၏ သဘောထား ဖြစ်လာပြီး ကျွန်ုပ်တို့အတွက် နောင်ဘဝ ပြန်လည်မွေးဖွားမှုကို ရယူပေးပါမည် သို့မဟုတ် ရရှိစေပါမည်။ ချိတ်ဆက်မှု ဆယ့်နှစ်ချက်အရ နောင်ဘဝ ပြန်လည်မွေးဖွားမှုအတွက် ပစ်ထည့်လိုက်သော ကံကိုနှိုးဆွမည်ဟူ၍ ထိုအချက်များကို ရှင်းပြထားသော်လည်း အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့၏ ကံကြောင့်ဖြစ်လိုစိတ်များနှင့် အစွမ်းအစများကို နှိုးဆွသည့် အခြား ဖော်ပြချက်များလည်း ရှိပါသေးသည်။
ဤသည်မှာ ကံအကြောင်း တရားတော်များက နေ့စဉ်ဘဝနှင့် ဆီလျော်မှုရှိပုံဆိုသည့် ကျွန်ုပ်တို့၏ ခေါင်းစဉ်နှင့် အတော်လေး ဆီလျော်ပါသည်။ ပထမဦးစွာ တပ်မက်မှုဆိုတာဘာလဲ။ ဆာလောင်မှုဆိုတာဘာလဲ။ ဤသည်မှာ ကျွန်ုပ်တို့ ခံစားရသည့် ပျော်ရွှင်မှု သို့မဟုတ် မပျော်ရွှင်မှု အတိုင်းအတာတစ်ခုအထိကို ရည်ရွယ်ပြီး ယင်းကို ပုံကြီးချဲ့သော စိတ်၏ အစိတ်အပိုင်း ဖြစ်သည်။ ပျော်ရွှင်မှုကို အာရုံစိုက်သောအခါ ယင်းကို မပြီးဆုံးစေလိုသည့် ဆာလောင်မှု ရှိပါသည်။ မပျော်ရွှင်မှု သို့မဟုတ် ဆင်းရဲဒုက္ခနှင့် ပတ်သက်လျှင် ပြီးသွားပါစေဟု ဆာလောင်ပါသည်။ မည်သို့မျှ မခံစားရမှု ဆိုသည်မှာ လုံးဝ စူးစိုက်မှုရှိသည့် အဆင့်ပိုမြင့်သော အခြေအနေတွင် ရှိသောအခါ ကြုံတွေ့ရမှုကို ဆိုလိုပါသည်။ ဈာန ဟုခေါ်ပါသည်။ ထိုအခြေအနေများတွင် ဘာမျှမခံစားရမှုကို တိမ်းစောင်းမသွားအောင် ဆာလောင်ပါသည်။ ကျွန်ုပ်တို့မှာ ရှိသည့် ဆာလောင်မှု၊ တွယ်ငြိမှုတို့ကို အဆင့်ခွဲခြားမှု အမျိုးမျိုး ရှိနိုင်သည်မှာ ထင်ရှားပါသည်။
ရယူသူဆိုသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများကို ရည်ညွှန်းပါသည်။ ယင်းတို့ တစ်ခုနှင့်အထက် ရှိပြီး ဆာလောင်မှုနှင့် ပေါင်းစပ်လိုက်ပါက ကျွန်ုပ်တို့၏ ကံအစွမ်းအစများနှင့် ဖြစ်လိုစိတ်များကို နှိုးဆွလိုက်ပါသည်။ ထိုစာရင်းထဲမှ အထင်ရှားဆုံးတစ်ချက်မှာ မိမိကိုယ်ကို အမှန်တကယ် တည်ရှိသော ‘‘ငါ’’ ဟု ယူဆခြင်းဖြစ်သည်။ မိမိ၏ ခန္ဓာ၊ စိတ်၊ စိတ်ခံစားချက် စသည့် အစုအဖွဲ့အတွင်းတွင် ကြုံတွေ့ရသော တစ်ခုခုနှင့် ထပ်တူညီခြင်း သို့မဟုတ် ‘‘ငါ့ဟာ’’ ဟူ၍ ပိုင်ဆိုင်မှုအဖြစ် အမှန်တကယ် တည်ရှိသည့် ပိုင်ဆိုင်သူအနေနှင့် ယူဆပါသည်။
အနှစ်ချုပ်ရလျှင် ဆာလောင်မှုသည် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု ခံစားချက်အချို့ပေါ်တွင် အာရုံစိုက်ပါသည်။ ထို့နောက် ရယူသူ သဘောထားက ယင်းကိုကြုံတွေ့သော ‘‘ငါ’’ အပေါ်၌ အာရုံစိုက်ပါသည်။ ခံစားချက်များ၏ ဘာမှမရှိခြင်းနှင့် ‘‘ငါ’’ ဟူ၍ မရှိခြင်းကို နားလည်ခြင်းမရှိလျှင်လည်း ကျွန်ုပ်တို့၏ ကံအစွမ်းအစများ နှိုးဆွပေးသည့်အရာအပေါ် ဤသို့ ဆန်းစစ်ချက်ကို နေ့စဉ်ဘဝတွင် အသုံးချနိုင်ပါသေးသည်။ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အချို့ကို ခံစားနေရပါသည်။ ဥပမာ၊ ‘‘လောကီဓမ္မရှစ်ချက်’’ ဟုခေါ်သည့် တရားတော်များကို ယင်းတို့အပေါ်တွင် အသုံးချနိုင်ပါသေးသည်။
‘‘လောကီဓမ္မ’’ ဆိုသည့်စကားတွင် ‘‘လောကီ’’ ဟု တိဘက်ဘာသာသို့ ပြန်ဆိုထားသော စကားလုံးဖြစ်သည့် ကျစ်ထန် (’jig rten) တွင် အသံနှစ်သံ ပါဝင်ပါသည်။ ထန် ဆိုသည်မှာ အခြေခံ၊ ကျစ် ဆိုသည်မှာ တစ်စစီဖြစ်နေပြီး ပျက်စီးသွားသောအရာဟု ဆိုလိုပါသည်။ လောကီဓမ္မရှစ်ချက် သို့မဟုတ် လောကီ ရေးရာ အလေးထားမှု ရှစ်ချက် ဆိုသည်မှာ ဘဝတွင် ဖြစ်ပေါ်သည့် ပျက်စီးမှုအခြေခံသော အရာများအပေါ် သဘောထားကို ဆိုလိုပါသည်။ ဘဝတွင် ဖြစ်ပေါ်သည့် အရာများကို ကျွန်ုပ်တို့သည် အလွန်အကျွံ ပီတိဖြစ်ခြင်း သို့မဟုတ် လုံးဝ စိတ်ဓာတ်ကျခြင်း ဖြစ်လာပြီး တည်ငြိမ်သော အခြေခံ ကင်းမဲ့သည့်အတွက် တိုတောင်းလှပါသည်။
ကံအစွမ်းအစများအပေါ် ထိုနှိုးဆွမှုများနှင့် ပတ်သက်လျှင် ဆီလျော်သော လောကီဓမ္မများမှာ ပျော်ရွှင်မှုကို အလွန်အကျွံ ခံစားခြင်းနှင့် မပျော်ရွှင်မှုကို အမှန်ပင် စိတ်ဓာတ်ကျခြင်း ဖြစ်ပါသည်။ ထိုသို့ဖြစ်ပါက မတည်ငြိမ်သော အခြေအနေ ရှိသည်ဆိုခြင်းမှာ အဘယ်နည်း။ ယင်းမှာ ကျွန်ုပ်တို့ ခံစားရသည့် ပျော်ရွှင်မှု သို့မဟုတ် မပျော်ရွှင်မှုပင် ဖြစ်ပါသည်။ တည်ငြိမ်သော အခြေခံ မရှိသည့်အတွက် ယာယီဟု ပြောပါသည်။ သို့သော် ကျွန်ုပ်တို့သည် ယင်းတို့ကို အခိုင်အမာ တည်ရှိကာ ထာဝရ တည်တံ့မည်ဟု ပုံကြီးချဲ့သည့်အတွက် ထိုသို့ဖြစ်လာသောအခါ အလွန်ပျော်ခြင်း သို့မဟုတ် အလွန်စိတ်ဓာတ်ကျခြင်းဖြင့် အလွန်အကျွံ တုံ့ပြန်မိပါသည်။ ရေတစ်စက် သောက်လိုက်ရသည့် ရေဆာနေသူကဲ့သို့ ပျော်ရွှင်မှုအရသာတစ်ခု ရလာသည်နှင့် အလွန်ပျော်ရွှင်ကာ လုံးဝ အဆုံးရှုံး မခံလိုတော့ပါ။ ထို့ပြင် ရေလုံးဝ မသောက်ရသည့် ဆာလောင်သူကဲ့သို့ မပျော်ရွှင်မှု ခံစားရသောအခါ စိတ်ဓာတ်ကျပြီး ပျောက်သွားပါစေဟု တောင့်တမိပါသည်။
ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု ခံစားချက်များအပေါ် ဥပေက္ခာပြုခြင်း
ဤသဘောထားများကို ကလေးဆန်သည်ဟု အိန္ဒိယဆရာတော်ကြီး ရှန်တီဒေဝက ရည်ညွှန်းပါသည်။ ဤသို့သော ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့အပေါ် ကလေးဆန်သည့် အလွန်အကျွံ တုံ့ပြန်မှုများ ခံစားမိခြင်းကို ကျော်လွှားရန် လိုပါသည်။ ထိုအတွက် ဥပက္ခော ထားရှိရန်လိုပါသည်။ ‘‘ဥပေက္ခာ’’ ဆိုသည်မှာ ပျော်ရွှင်မှု စသည့် မည်သည့်ခံစားချက်ကိုမဆို အလွန်အကျွံ မတုံ့ပြန်ရန် ဆိုလိုပါသည်။ အကြောင်းမှာ ရှင်းအောင်ပြောရလျှင် သံသရာ၏ သဘောသဘာဝသည် အတက်အကျ ရှိသောကြောင့် ဖြစ်ပါသည်။ တစ်ခါတစ်ရံ ပျော်ရွှင်မည်ဖြစ်ပြီး တစ်ခါတစ်ရံ ဝမ်းနည်းမှုဖြစ်ပါမည်။ ဤသည်မှာ သဘာဝဖြစ်သည်။ ထို့ပြင် ဘယ်အချိန် ပျော်ရွှင်မည်၊ ဘယ်အချိန် ဝမ်းနည်းမည်ကို ခန့်မှန်း၍မရပါ။ ကျွန်ုပ်တို့၏ စိတ်အခြေအနေက အကြောင်းမည်မည်ရရမရှိဘဲ ချက်ချင်းဆိုသလို ပြောင်းလဲနိုင်ပါသည်။ ကြုံရသည့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတိုင်းအတာသည် ထင်ရှားစရာမလိုပါ။ အနည်းငယ် မျှသာလည်း ဖြစ်နိုင်ပါသည်။ ဤနေရာတွင် အဓိကဆိုလိုသည်မှာ မည်သည့်ခံစားချက်မျိုးဖြစ်စေ ၎င်းသည် ‘‘ထူးခြားမှု မရှိပါ’’။
တကယ်တော့ ထိုအချက်မှာ အလွန်လေးနက်ပါသည်။ ‘‘ထူးခြားမှုမရှိပါ’’ ဆိုရာတွင် အံ့ဩစရာမရှိ၊ သာမန်ထက်ထူးတာမရှိ ဟု ဆိုလိုသည်။ ကျွန်ုပ်တို့သည် ဘာကိုမျှော်လင့်ပါသလဲ။ အရာရာ အတက်၊ အကျ ရှိနေမည်မှာ မှန်ပါသည်။ ထို့ကြောင့် ဒါကိုပုံကြီးချဲ့ရန် မလိုပါ။ ဘဝတွင် ဘာကြုံရသည်ဖြစ်စေ၊ တစ်ခါတစ်ရံ ပျော်ရွှင်ပြီး တစ်ခါတစ်ရံ ဝမ်းနည်းပါသည်။ မပျော်ရွှင်မှုသည် အပျက်သဘော ပြုမူမှုကြောင့် ဖြစ်လာပြီး ပျော်ရွှင်မှုသည် အပြုသဘော ပြုမူမှုကြောင့် ဖြစ်လာသည် စသည်ဖြင့်ကျွန်ုပ်တို့ အသေအချာ သဘောပေါက်ပါသည်။ သို့သော် မိမိခံစားရသောအရာကို အလွန်ကောင်းသည် သို့မဟုတ် အလွန်ဆိုးသည်ဟု မတွယ်တာမိရန် လိုပါသည်။ ထို့ပြင် ‘‘ငါအရမ်းပျော်တယ်’’ သို့မဟုတ် ‘‘ငါက သနားစရာပဲ။ အရမ်းဆိုးတယ်’’ စသည်ဖြင့် အခိုင်အမာ ‘‘ငါ’’ ဟု မတွယ်မိရန် ကျိန်းသေလိုအပ်ပါသည်။
အစဉ်အလာအားဖြင့် ကျွန်ုပ်တို့သည် ပျော်ရွှင်လိုပြီး ဝမ်းမနည်းလိုကြသည်မှာ ရှင်းပါသည်။ ထို့ပြင် အစဉ်အလာအားဖြင့် ဗုဒ္ဓဘာသာ ကျင့်ကြံမှုများသည် လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့ကို ရည်မှန်းပါသည်။ မပျော်ရွှင်မှုနှင့် ဆင်းရဲဒုက္ခတို့မှ လွတ်မြောက်ရာ ဖြစ်ပါသည်။ သို့သော် ယင်းကို ပုံကြီးမချဲ့တော့ပါ။ ထိုအချက်က အဓိက ကျပါသည်။ ၎င်းသည် နေ့စဉ်ဘဝ၌ ကံအကြောင်း ယခုတရားတော်များ၏ ဆီလျော်မှုနှင့် စိတ်ငြိမ်းချမ်းမှု ပေးမည့်အရာကို ဖော်ပြပါသည်။ စိတ်ငြိမ်းချမ်းမှုသည် နေ့စဉ်ဖြတ်သန်းရာတွင် စိတ်အပြောင်းအလဲများကို ဥပေက္ခာ ထားရှိမှုမှ ပေါ်ထွက်လာပါသည်။ အကြောင်းမှာ သဘာဝအားဖြင့် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ ပျော်ရွှင်ပြီး တစ်ခါတစ်ရံ မပျော်ရွှင်ပါ။ ဤသည်မှာ သံသရာဖြစ်သလို မျှော်လင့်ထားရမည့်အရာ ဖြစ်ပါသည်။ မည်သည့် ဓမ္မကျင့်ကြံမှုမျိုးဖြင့် ဖြစ်စေ ဆက်သွားရပါမည်။ တစ်ချိန်ချိန်တွင် အလွန် မပျော်ရွှင်မှု ဖြစ်လာပါက ဘာလုပ်မည်နည်း။
ဘဝ၏ အတက်အကျများ
ထိုသို့ဆိုသော်လည်း ခံစားချက်တစ်ခုမျှ မရှိရန် ရပ်တန့်သင့်သည်၊ ပျော်ရွှင်မှု သို့မဟုတ် မပျော်ရွှင်မှု မဖြစ်အောင် ရပ်တန့်သင့်သည်၊ ခံစားချက် လုံးဝမရှိသူ ဖြစ်လာရမည်ဟု မဆိုလိုပါ။ ထိုသို့ လုံးဝမဟုတ်ရပါ။ ပျော်ရွှင်မှု သို့မဟုတ် မပျော်ရွှင်မှု ဖြစ်လို့ရပါသည်။ ကောင်းတာ တစ်ခုခု ဖြစ်လာသောအခါ ပျော်ရွှင်ပါသည်။ မကောင်းတာ တစ်ခုခု ဖြစ်လာသောအခါ သိပ်မပျော်ရွှင်ပါ။ ဥပမာ၊ စားသောက်ဆိုင်ကိုသွားပြီး အကြိုက်ဆုံး ဟင်းလျာကို မှာလိုပါသည်။ သို့သော် သူတို့ဆိုင်မှာ မရှိတော့ပါ။ ဟင်းလျာ ကုန်နေသည့်အတွက် ကျွန်ုပ်တို့ သိပ်မပျော်ရွှင်ပါ။ ဝမ်းနည်းမိသော်လည်း ဒါကို ပုံကြီးမချဲ့ပါ။ မပျော်ရွှင်မှု ခံစားရသည်မှာ မှန်သော်လည်း ယင်းခံစားချက်ကို ဆုပ်ကိုင်ပြီး မကောင်းသော စိတ်အခြေအနေတွင် ပိတ်မိမနေရပါ။
ဤဥပမာက အသေးအဖွဲ ဖြစ်နေနိုင်ပါသည်။ ပိုပြီးဆီလျော်သော ဥပမာမှာ ချစ်ခင်သူတစ်ယောက် ဆုံးပါးသွားခြင်း ဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် ဝမ်းနည်းပြီး မပျော်ရွှင်မှု ဖြစ်တော့မည်မှာ သဘာဝကျပါသည်။ ဒါက အမှားမဟုတ်ပါ။ တကယ်တော့ မပူဆွေးသည်က ပို၍ပင်ဆိုးပါသည်။ သို့သော် ဝမ်းနည်းခြင်းသည် အလွန်ဆိုးရွားသည့် အခိုင်အမာရှိနေသော ‘‘ငါ’’ ဟု သတ်မှတ်ပြီး မှန်ကန်သည်ဟူ၍ ယင်းကို တွယ်တာမနေပါနှင့်။ နောက်ထပ် ရှုထောင့်တစ်ခုအရ တစ်ယောက်ယောက်နှင့် ရှိနေချိန်တွင် ‘‘ငါအရမ်းပျော်တယ်။ တို့တွေ အရမ်းပျော်နေတယ် မဟုတ်လား’’ ဟု အမြဲပြောနေသောအခါ စိတ်အခြေအနေ တစ်ခုလုံးကို ပျက်ယွင်းသွားစေသည် မဟုတ်ပါလား။ ဘဝ၏ အတက်အကျများကို ကြုံတွေ့လိုက်ရုံသာ ဖြစ်ပါသည်။ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ အထူးတလည် မဟုတ်ပါ။ ဘာမှမထူးခြားပါ။
ဤသို့ ဥပေက္ခာ ထားရှိမှုနှင့်အတူ မပျော်ရွှင်ဘဲ အရာရာ ဆိုးရွားနေသောအခါ ကျွန်ုပ်တို့ မွေးမြူရမည့် အခြားသော သဘောထားနှင့် ရှုထောင့်တို့မှာ ထိုအတွက် ကံအကြောင်းတရား ဘာဖြစ်နိုင်သည်ကို လေ့လာရန် ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ထိုပုံစံကို မြင်အောင် စူးစမ်းလေ့လာနိုင်ပါသည်။ ထိုနည်းလည်းကောင်း ပြန်ပြန် ဖြစ်နေပုံကို မြင်လာကာ ထိုအချက်ကို ကြိုးစားရှုမြင်နိုင်ပါသည်။
လမ်-ရင်း အဆင့်လိုက်တရားတွင် စိတ်ဓာတ်စေ့ဆော်မှု အဆင့်သုံးဆင့်
နောက်ထပ် ဖော်ပြလိုသောအချက်မှာ အဆင့်လိုက်လမ်းကြောင်းဖြစ်သည့် လမ်-ရင်း ၌ ဖော်ပြထားသော စိတ်ဓာတ်စေ့ဆော်မှု အဆင့်သုံးဆင့်နှင့် ဆိုင်ပါသည်။ ယေဘုယျအားဖြင့် ကံအကြောင်း တရားတော်များကို စိတ်ဓာတ်စေ့ဆော်မှု ကနဦး နယ်ပယ်ထဲတွင် တင်ဆက်ထားပါသည်။ ကျွန်ုပ်တို့သည် အပျက်သဘော မပြုမူရန် ရှောင်ရှားပါသည်။ အကြောင်းမှာ ထိုသို့မရှောင်ရှားပါက ကြုံတွေ့ရမည့် ဆင်းရဲဒုက္ခ အကျိုးဆက်များကို ကြောက်ရွံ့သောကြောင့် ဖြစ်ပါသည်။ မိမိအပြုအမူ၏ ရလဒ်ကြောင့် အခြားသူများ မည်သို့ကြုံတွေ့ရမည်ကို မသိပါ။ ထိုအကျိုးဆက်များ သူတို့အပေါ် ရှိမည်ကို အာမ မခံနိုင်ပါ။ သို့သော် မိမိဘက်ကနေ၍ မိမိ၏အပျက်သဘော အပြုအမူမှ ပေါ်ထွက်လာမည့် ဆင်းရဲဒုက္ခနှင့် မပျော်ရွှင်မှုတို့ကို အမှန်ပင် မကြုံတွေ့လိုပါ။ ထိုအချက်ကို ကြောက်ရွံ့ပါသည်။ သို့သော် ကောင်းမွန်သောပုံစံဖြင့် ထိုသို့ ဆောင်ရွက်ပါသည်။ ပြစ်ဒဏ်ခံရသည့် ကြောက်ရွံ့မှုမျိုးကို ပြောနေခြင်း မဟုတ်ပါ။ ဆင်းရဲဒုက္ခနှင့် မပျော်ရွှင်မှုတို့ကို အမှန်တကယ် ရှောင်ရှားလိုခြင်းသာ ဖြစ်ပါသည်။ ပို၍အတိအကျ ပြောရလျှင် နောင်ဘဝများ၌ ဆင်းရဲဒုက္ခနှင့် မပျော်ရွှင်မှုတို့ကို ရှောင်ရှားလိုပါသည်။ ဤသည်မှာ စိတ်ဓာတ်စေ့ဆော်မှု ကနဦးနယ်ပယ် ဖြစ်ပါသည်။
အလယ်အလတ် အဆင့်၌ ကျွန်ုပ်တို့သည် စိတ်လိုက်မာန်ပါ ကံမြောက်သော အပြုအမူကို ရှောင်ရှားလိုပါသည်။ အကြောင်းမှာ လွတ်မြောက်မှု ရရှိလိုသောကြောင့် ဖြစ်ပါ၏။ လွတ်မြောက်မှု မရရှိပါက ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျ သံသရာသည် ထာဝရ ဆက်ဖြစ်နေပါတော့မည်။ အလွန် ဆိုးရွားပါလိမ့်မည်။
စိတ်ဓာတ်စေ့ဆော်မှု အဆင့်မြင့် အပိုင်းတွင် ကျွန်ုပ်တို့သည် စိတ်လိုက်မာန်ပါ ကံမြောက်သော အပြုအမူ အားလုံးကို ရှောင်ရှားလိုပါသည်။ အကြောင်းမှာ အခြားသူများကို ကူညီနိုင်စွမ်း မရှိအောင် နှောင့်ယှက်သောကြောင့် ဖြစ်သည်။ အမြဲတမ်း အတက်အကျ ဖြစ်နေပြီး မနှစ်မြို့ဖွယ် အရာများ အမြဲကြုံတွေ့နေရပါက အခြားသူများကို မည်သို့လျှင် ကူညီပေးနိုင်ပါမည်နည်း။ ကျွန်ုပ်တို့၏ အဓိကအတွေးမှာ ဤအချက်သည် အခြားသူများအပေါ် မိမိ၏ ကူညီနိုင်စွမ်းကို အပျက်သဘော ဖြစ်စေပါလိမ့်မည်။ အခြားသူများကို ထိခိုက်နာကျင်စေသည့် လူသားချင်းစာနာသောပုံစံဖြင့် အမှန်တကယ် တွေးနေခြင်း မဟုတ်ပါ။ သူတို့ကို မိမိက ကူညီနိုင်စွမ်းအပေါ် အနှောင့်အယှက်များအကြောင်းကိုသာ တွေးနေခြင်း ဖြစ်ပါသည်။
ကျင့်ဝတ်နှင့်ညီသော အပြုအမူအတွက် ဗုဒ္ဓဘာသာ၏ သဘောထားနှင့် ‘‘မိမိပြုသမျှ မည်သူ့ကိုမျှ မထိခိုက်နေသမျှ ကာလပတ်လုံး ဘာမှမဖြစ်ပါ’’ ဆိုသည့် အနောက်တိုင်း လူသားချင်းစာနာသော ချဉ်းကပ်မှုကြားတွင် များစွာ ကွာခြားပါသည်။ ထိုချဉ်းကပ်မှုသည် မမှားပါ။ သို့သော် အခြားသူများအပေါ် မိမိအပြုအမူ၏ သက်ရောက်မှုကို အမှန်တကယ် အာမခံပေးနိုင်ခြင်း မရှိပါ။ ဥပမာ၊ တစ်ယောက်ယောက်ထံမှ တစ်ခုခုခိုးယူလိုက်ရာ သူတို့ အလွန် ပျော်ရွှင်သွားကြသည်။ အကြောင်းမှာ ထိုသို့ ဆိုးရွားသည့် အခြေအနေကြောင့် သူတို့အာမခံကြေး ရနိုင်ပါသည်။ တစ်ဖက်တွင်မူ တစ်ယောက်ယောက်ကို သင်ငွေအများကြီး ပေးမိရာ သူတို့ကို ဓါးပြတိုက်ခံရပြီး အသတ်ခံသွားရနိုင်ပါသည်။ ဗုဒ္ဓဘာသာတွင် မေတ္တာနှင့် ကရုဏာ ထားရှိရမည်မှာ မှန်ပါသည်။ အခြားသူများကို မထိခိုက်ရပါ။ သို့သော် စိတ်ဓာတ် စေ့ဆော်မှု အဆင့်မြင့် အပိုင်းတွင် အဓိက အလေးထားမှုမှာ အခြားသူများအား မိမိ၏ ကူညီနိုင်စွမ်းကို ကန့်သတ်မည့် အရာမှန်သမျှ မပြုလုပ်ရပါ။ ဤသို့သော စိတ်ဓာတ်စေ့ဆော်မှုသည် ဉာဏ်အလင်းရရှိရေးအတွက် ကြိုးစားသည့် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးလမ်းကြောင်းနှင့် အခြားသူများကို တတ်နိုင်သလောက် ကူညီနိုင်အောင် ကြိုးစားမှုနှင့် အံဝင်ခွင်ကျ ဖြစ်ပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ကံအကြောင်း ဆွေးနွေးမှု၏ အဓိကအလေးပေးပြောကြားချက် ဖြစ်ပါသည်။
နေ့စဉ်အပြုအမူနှင့် ပတ်သက်လျှင် ဤမဟာယာန ဗုဒ္ဓဘာသာအရ စိတ်ဓာတ်စေ့ဆော်မှုမှာ ကျွန်ုပ်တို့၏ ကျင့်ဝတ်သီလကို အားဖြည့်ပေးပါသည်။ အပျက်သဘောဖြင့်သာ ပြုမူမည်ဆိုလျှင် အခြားသူများကို မည်သို့လျှင် အမှန်တကယ် ကူညီနိုင်ပါမည်နည်း။ ဥပမာ၊ အခြားသူများကို အမြဲတမ်း ကြွားဝါလိမ်ညာနေပါက မည်သူမျှ ကျွန်ုပ်တို့ကို မယုံကြည်တော့ပါ။ ထိုအခါ လူတိုင်းကို မည်သို့လျှင် အမှန်တကယ် ကူညီနိုင်ပါမည်နည်း။ ပိုပြီးအတိအကျ ပြောရလျှင် ကျွန်ုပ်တို့သည် သင်တန်းဆရာများအနေနှင့် မိမိကျောင်းသားများ ထွက်ခွာသွားမည့် ပုံစံဖြင့် ကံရင့်ကျက်မှုကို ကြုံတွေ့ရပါက သူတို့ကို မည်သို့လျှင် အမှန်တကယ် ကူညီနိုင်ပါမည်နည်း။ ယခင်ဥပမာအတိုင်းပင် ဖြစ်ပါသည်။ ကျောင်းသားများက ထွက်သွားမည်သာ ဖြစ်ပါသည်။ ဤအချက်က အခြားသူများကို ဝေဖန်ခြင်း စသည်တို့ မပြုလုပ်ရန်၊ အခြားသူများ၏ အရည်အသွေးကောင်းများကိုသာ ပြောရန် ကျွန်ုပ်တို့က တွန်းအားပေးနေသည်မှာ ရှင်းပါသည်။
အပြုသဘော အပြုအမူက ဖော်ပြသည့် စိတ်၏အစိတ်အပိုင်းနှစ်မျိုး
နောက်ဆုံးအဓိကတစ်ချက် ရှိပါသေးသည်။ အထူးအသိပညာ အကြောင်းအရပ်များ၏ ရတနာသိုက် ဆိုသည့် အဘိဓမ္မာကျမ်း တွင် အိန္ဒိယ ဆရာတော်ကြီး ဝါသုဗန္ဒု က အပြုသဘော ဆောင်ရွက်ချက်နှင့် အမြဲတွဲနေသော စိတ်၏ အစိတ်အပိုင်းနှစ်ရပ် ရှိသည်ဟု ဖော်ပြထားပါသည်။ အသင်္ဃ သည် သူ၏ကျမ်းစာတွင် ထိုစိတ်၏ အစိတ်အပိုင်းများကို အခြားနည်းဖြင့် အဓိပ္ပာယ် ဖွင့်ထားသော်လည်း ဝါသုဗန္ဒု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုလည်း နားလည်ရန် လိုပါသည်။ ထိုအထဲမှ ပထမတစ်ချက်မှာ အရည်အသွေးကောင်းများနှင့် ထိုအရည်အသွေးကောင်း ရှိသူများကို လေးစားရန် ဖြစ်သည်။ ဒုတိယတစ်ချက်မှာ အရှက်မဲ့စွာ အပျက်သဘော မပြုရန် ဖြစ်သည်။ ‘‘အရှက်မဲ့စွာ’’ ဆိုရာတွင် အလေးမထားခြင်းကို ဆိုလိုပါသည်။ မိမိကိုယ်ကို ထိန်းချုပ်မှု လုံးဝမရှိတော့ပါ။ အလေးမထားပါက အပျက်သဘော အရာအားလုံးကို မရှောင်ရှားတော့ပါ။ လုပ်ချင်ရာ လုပ်ကုန်ပါတော့သည်။
အပြုသဘော အပြုအမူဖြင့် ဆန့်ကျင်ဘက် သဘောထား ရှိလာပါသည်။ အပြုသဘော အရည်အသွေးများနှင့် ထိုအရည်အသွေး ရှိသူများကို လေးစားပါသည်။ မိမိကိုယ်ကို ထိန်းချုပ်မှု ရှိပါသည်။ မိမိအပြုအမူသည် အရှက်မဲ့စွာ အပျက်သဘော မဖြစ်တော့ပါ။ မိမိပြောဆိုလုပ်ကိုင်သမျှကို အလေးထားပါသည်။ ဤအချက်က ‘‘မှန်ကန်တဲ့ ခံစားချက်ဖြစ်တယ်’’ ဟုသတိပေးနေပါသည်။
ဤအချက်က နေ့စဉ်ဘဝတွင် အလေးထားရမည့်အရာနှင့် မိမိကိုယ်ကို အမြဲသတိပေးနေရမည့်အရာကို ဖော်ပြပါသည်။ သည်းခံခြင်း၊ ကြင်နာခြင်းကဲ့သို့ အရည်အသွေးကောင်းများနှင့် ထိုအရည်အသွေး ရှိသူများကို ကောင်းစွာ လေးစားရန်လိုပါသည်။ ယင်းတို့သည် ကြီးမားသော စိတ်ဓာတ်တွန်းအား ရင်းမြစ်များ ဖြစ်ပါသည်။ ထို့ပြင် မိမိကိုယ်ကို ထိန်းချုပ်လိုစိတ် ရှိပြီး မိမိပြောဆိုလုပ်ကိုင်သမျှကို အလေးထားရန်၊ အပျက်သဘော ဆိုးရွားစွာ လုံးဝမပြုမူရန် အတည်ပြုရပါမည်။
နိဂုံးချုပ်မှတ်ချက်
ကံနှင့်ပတ်သက်ပြီး များစွာ ပြောခဲ့ပါသည်။ နေ့စဉ်ဘဝတွင် ဤတရားတော်များနှင့်အညီ ဆီလျော်အောင် နေထိုင်နိုင်ပုံ ကိုလည်း ပြောခဲ့ပါသည်။ ဤအချက်နှစ်ချက်ကို ခဏလောက် ပြန်နွှေးကြည့်ကြပါစို့။ အနှစ်ချုပ်အားဖြင့် အပြုသဘော ဆောင်ရွက်ချက် ဆိုရာတွင် လူကောင်းတစ်ယောက် ဖြစ်လိုသည့် အခြေခံမျှဖြင့် ပြုလုပ်ခြင်း မဟုတ်ပါ။ ဤသည်မှာ အခြေခံအချက် မဟုတ်ပါ။ အရည်အသွေးကောင်းများနှင့် ထိုအရည်အသွေး ရှိသူများအား လေးစားသည့် အခြေခံဖြင့် အပြုသဘော ပြုမူပါသည်။ မိမိကိုယ်ကို ထိန်းချုပ်မှုမရှိဘဲ သိသာသောအပျက်သဘောများ ဆောင်ရွက်မှုကို ရှောင်ရှားသည်မှာ မှန်ကန်သော ခံစားချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုအတိုင်း ပြုလုပ်ဆောင်ရွက်ရန် လိုပါသည်။