ဗုဒ္ဓဘာသာအကြောင်း၊ နေ့စဉ်ဘဝတွင် ဗုဒ္ဓဘာသာကို အသုံးချပုံအကြောင်း နားလည်လိုပါက ဓမ္မဆိုသည့် ဗုဒ္ဓဘာသာတရားတော်နှင့် ကျင့်ကြံမှုအတွက် အစဉ်အလာအရ အသုံးပြုသော အကြံပြုချက်စကားကို လေ့လာကြည့်သင့်ပါသည်။ ‘‘ဓမ္မ’’ သည် သက္ကတ ဘာသာ စကားလုံးဖြစ်ပြီး ‘‘ကာကွယ်သော နည်းလမ်း’’ ဟု ဆိုလိုပါသည်။ ပြဿနာများ မဖြစ်အောင် ရှောင်ရှားရန် ပြုလုပ်သောအရာ ဖြစ်ပါသည်။ ထိုသို့နားလည်ပါက ဘုရားရှင် ဟောကြားခဲ့သော တရားအားလုံး၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာပါသည်။
ကာကွယ်သောနည်းလမ်းများ ဆောင်ရွက်ရန် စိတ်ဝင်စားဖို့အတွက် ဘဝတွင် ပြဿနာများ ရှိသည်ကို မြင်ရန်လိုပါသည်။ ထိုအခါ ရဲစွမ်းသတ္တိ များစွာရှိလာပါသည်။ လူအများစုက မိမိကိုယ်ကိုဖြစ်စေ၊ မိမိဘဝကိုဖြစ်စေ အလေးအနက် သဘောမထားကြပါ။ တစ်နေ့လုံး အလွန်အလုပ်ကြိုးစားပြီး ပင်ပန်းသည့်အတွက် ညနေခင်းတွင် ဖျော်ဖြေရေး စသည်တို့ဖြင့် အာရုံပြောင်းပါသည်။ ဘဝပြဿနာများကို အတွင်းကျကျ တကယ်မလေ့လာပါ။ ပြဿနာများကို ကြည့်လျှင်လည်း သူတို့ဘဝသည် စိတ်ဓာတ်ကျစရာ ကောင်းလှသည့်အတွက် စိတ်ကျေနပ်ဖွယ် မရှိကြောင်း အသိအမှတ် မပြုလိုကြပါ။ ဘဝအရည်အသွေးကို သေချာစစ်ဆေးရန်နှင့် စိတ်ကျေနပ်ဖွယ် မရှိကြောင်း တွေ့ရှိသောအခါ ရိုးသားစွာ ဝန်ခံရန် အတွက် သတ္တိရှိဖို့လိုပါသည်။
မနှစ်သက်ဖွယ် အခြေအနေများနှင့် ယင်းတို့၏ အကြောင်းရင်းများ
စိတ်မကျေနပ်မှု အဆင့်များစွာ ရှိသည်မှာမှန်ပါသည်။ ‘‘တစ်ခါတလေ စိတ်မပါဘူး။ တစ်ခါတလေ အဆင်ပြေတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ ဘဝဆိုတာ ဒီလိုပဲ။’’ ဟု ပြောနိုင်ပါသည်။ ထိုသို့ ကျေနပ်ပါက ကောင်းပါသည်။ အချို့ကိစ္စများကို နည်းနည်းပိုကောင်းအောင် ပြုလုပ်နိုင်သည်ဟု မျှော်လင့်ပါက ထိုသို့ပြုလုပ်နည်းကို ရှာဖွေမိလာပါသည်။ ကျွန်ုပ်တို့ ဘဝအရည်အသွေး ပိုကောင်းစေမည့် နည်းလမ်းများ ရှာဖွေရန်အတွက် ကျွန်ုပ်တို့ပြဿနာများ၏ ရင်းမြစ်ကို ဖော်ထုတ်ဖို့လိုပါသည်။ လူအများစုက သူတို့ပြဿနာများ၏ ရင်းမြစ်ကို ပြင်ပတွင် ရှာဖွေကြသည်။ ‘‘တို့ဆက်ဆံရေးမှာ မင်းကြောင့် အခက်အခဲ ဖြစ်နေတယ်။ မင်းက ငါပြောသလို မလုပ်ဘူး။’’ ဟုပြောသည်။ ကျွန်ုပ်တို့ပြဿနာများအတွက် နိုင်ငံရေး၊ စီးပွားရေး အခြေအနေပေါ်တွင်လည်း အပြစ်ပုံချသည်။ စိတ်ပညာတွေးခေါ်မှုပုံစံအချို့အရ ကလေးဘဝ ဒဏ်ရာရခဲ့သော အဖြစ်အပျက်များကြောင့် ပြဿနာများ ပေါ်ပေါက်လာစေသည်ဟု ဆိုပါသည်။ ကျွန်ုပ်တို့ မပျော်ရွှင်မှုအတွက် အခြားသူများကို အပြစ်တင်ရန် အလွန်လွယ်ကူပါသည်။ အခြားသူများ သို့မဟုတ် လူမှုရေး၊ စီးပွားရေး အချက်များကို အပြစ်ပုံချခြင်းမှာ တကယ်တော့ အဖြေရှာနိုင်မည် မဟုတ်ပါ။ ဤသို့သော အယူအဆ မူဘောင်မျိုး ရှိနေပါက ခွင့်လွှတ်ပေးနိုင်သလို ထိုအခါ အကျိုးကျေးဇူးအချို့ ရှိလာနိုင်ပါသည်။ သို့သော် ထိုသို့ပြုလုပ်ပါက သူတို့၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာနှင့် မပျော်ရွှင်မှုတို့ကို သက်သာစေခြင်း မရှိလှကြောင်း လူအများစုက ယူဆပါသည်။
အခြား လူများ၊ အသိုင်းအဝိုင်းများ စသည်တို့ကြောင့် ကျွန်ုပ်တို့ ပြဿနာများ ဖြစ်လာသည်ဟု ဗုဒ္ဓဘာသာက ဆိုထားသော်လည်း ယင်းတို့မှာ အနက်ရှိုင်းဆုံး တကယ့်အရင်းအမြစ်များ မဟုတ်ကြပါ။ ကျွန်ုပ်တို့ အခက်အခဲများ၏ အနက်ရှိုင်းဆုံး ရင်းမြစ်ကို တွေ့ရှိရန်အတွက် ကိုယ်တွင်း၌ပြန်ကြည့်ရပါမည်။ တကယ်တော့ ဘဝတွင် မပျော်မရွှင် ဖြစ်နေပါက ကျွန်ုပ်တို့၏ အခြေအနေကို တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါသည်။ အခြေအနေတစ်ခုတည်းကိုပင် လူအမျိုးမျိုးက ပုံစံအမျိုးမျိုး တုံ့ပြန်ကြပါသည်။ မိမိကိုယ်ကို ပြန်ကြည့်လိုက်ရုံနှင့် အခက်အခဲများကို တစ်နေ့နှင့်တစ်နေ့ မတူကွဲပြားစွာ တုံ့ပြန်သည်ကို တွေ့ရပါမည်။ ပြဿနာ၏ ရင်းမြစ်က ပြင်ပအခြေအနေဆိုပါက တစ်ပုံစံတည်း အမြဲတမ်း တုံ့ပြန်သင့်သော်လည်း ထိုသို့မဟုတ်ပါ။ ကျွန်ုပ်တို့ တုံ့ပြန်ပုံကို သက်ရောက်သော အချက်များ ရှိပါသည်။ ဥပမာ၊ အလုပ်တွင် သာယာသော နေ့တစ်နေ့ ဖြစ်သည်။ သို့သော် ထိုအချက်များမှာ အပေါ်ယံ အကြောင်းခံအချက်များသာ ဖြစ်ပါသည်။ လုံလောက်အောင် နက်နဲမှု မရှိကြပါ။
ဘဝအပေါ်၊ မိမိကိုယ်တိုင်နှင့် မိမိ၏အခြေအနေများအပေါ် ကျွန်ုပ်တို့၏ သဘောထားများက ကျွန်ုပ်တို့ မည်ကဲ့သို့ ခံစားရသည်အပေါ် များစွာသက်ဆိုင်မှု ရှိသည်ကို တွေ့ရပါမည်။ ဥပမာ၊ မိမိကိုယ်ကို တစ်ချိန်လုံး ဝမ်းနည်းခြင်း ဖြစ်မနေပါ။ သာယာသော နေ့တစ်နေ့ ရှိသလိုပင် ဖြစ်ပါသည်။ သို့သော် သာယာသောနေ့ မဟုတ်ပါက ကိုယ့်ကိုယ်ကို သနားမှု ပြန်ဖြစ်လာပါသည်။ ဘဝအပေါ် ကျွန်ုပ်တို့၏ အခြေခံ သဘောထားများက ဘဝတွင် ကျွန်ုပ်တို့တွေ့ကြုံရမှုအပေါ် များစွာပုံဖော်ပေးပါသည်။ ပိုမိုလေးနက်စွာ လေ့လာပါက ကျွန်ုပ်တို့၏ သဘောထားများသည် ရှုပ်ထွေးမှုအပေါ် အခြေခံထားသည်ကို တွေ့ရပါမည်။
ပြဿနာများ၏ အရင်းအမြစ်ဖြစ်သော ရှုပ်ထွေးမှုအကြောင်း
ရှုပ်ထွေးမှုကို လေ့လာပါက အစိတ်အပိုင်း တစ်ခုမှာ အပြုအမူဆိုင်ရာ အကြောင်းအကျိုးနှင့်ပတ်သက်သော ရှုပ်ထွေးမှု ဖြစ်သည်။ ဘာလုပ်ရမည်၊ ဘာပြောရမည်၊ အကျိုးဆက်အားဖြင့် ဘာဖြစ်လာမည်ကို ကျွန်ုပ်တို့ရှုပ်ထွေးနေပါသည်။ ဘယ်အလုပ်မျိုး ရှာရမလဲ၊ အိမ်ထောင်ပြုရမလား၊ သားသမီး ယူရမလား စသည်တို့နှင့်ပတ်သက်ပြီး အလွန်ရှုပ်ထွေး နိုင်ပါသည်။ လူတစ်ယောက်နှင့် လက်တွဲမိသောအခါ ဘာဖြစ်လာမလဲ။ မသိပါ။ ကျွန်ုပ်တို့ရွေးချယ်မှုများမှ ဖြစ်လာမည့် အရာကို တွေးထားမှုများမှာ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပါသည်။ လိုချင်သည့်အတွေး သို့မဟုတ် ကြောက်ရွံ့မှု၊ အကြောက်လွန်မှုတို့တွင်လည်း အခြေခံနိုင်ပါသည်။ တစ်ယောက်ယောက်နှင့် နက်ရှိုင်းစွာ လက်တွဲမိပါက နတ်သမီးပုံပြင် ထဲကလို ယခင်ထက်ပို၍ ပျော်ရွှင်စွာ နေရမည်ဟု ထင်ချင်ထင်နိုင်ပါသည်။ သို့မဟုတ် သူတို့က ကျွန်ုပ်တို့ကို စွန့်ပစ်သွားမည်ကို ကြောက်နေနိုင်ပါသည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာအရ ခပ်ခွာခွာနေပါသည်။ အခြေအနေတစ်ခုတွင် ဝမ်းနည်းမိပါက အော်ဟစ်ခြင်းမှာ ပိုအဆင်ပြေစေမည်ဟု ထင်ကြပါသည်။ ကျွန်ုပ်တို့ လုပ်သမျှကို တစ်ဖက်လူက မည်သို့တုံ့ပြန်မည်ကို အလွန်ရှုပ်ထွေးသော စိတ်ကူး ရှိနေပါသည်။ အော်ဟစ်ပြီး စိတ်ထင်တိုင်း ပြောလိုက်ပါက နေထိုင်ကောင်းသွားပြီး အရာရာ အဆင်ပြေမည်ဟု ထင်ပါသည်။ သို့သော် အရာရာက အဆင်ပြေမလာပါ။ ဘာဖြစ်မည်ကို ကျွန်ုပ်တို့ သိချင်ကြပါသည်။ ဗေဒင်ကို အသည်းအသန် မေးသည်။ အပြောင်းအလဲ ရှေ့ဖြစ်ဟောကျမ်း (I Ching) အတွက် ခေါင်းပန်းလှန်ပါသည်။ ထိုသို့ ဘာကြောင့် လုပ်ရသလဲ။ ဖြစ်လာသောအရာကို ကျွန်ုပ်တို့ ထိန်းချုပ်လိုကြပါသည်။
ပိုမိုနက်ရှိုင်းသော ရှုပ်ထွေးမှုဆိုသည်မှာ ကျွန်ုပ်တို့နှင့် အခြားသူများ တည်ရှိပုံ၊ လောကကြီး တည်ရှိပုံအကြောင်း ရှုပ်ထွေးနေခြင်း ဖြစ်သည်ဟု ဗုဒ္ဓဘာသာက ဆိုထားပါသည်။ ထိန်းချုပ်မှုဆိုသည့် ကိစ္စကြီး တစ်ခုလုံးအပေါ် ကျွန်ုပ်တို့ ရှုပ်ထွေးနေပါသည်။ ကျွန်ုပ်တို့ထံ ဖြစ်လာသမျှကို အပြည့်အဝ ထိန်းချုပ်နိုင်သည်ဟု ထင်နေကြပါသည်။ ဥပမာ၊ အခြားသူများကို ကျွန်ုပ်တို့ကွန်ပျူတာ ပေးမသုံးသောအခါ လုံးဝစက်မပျက်နိုင်ဟု ထင်ပါသည်။ ထို့ကြောင့် ကိုယ်မျှော်လင့်သလို ဖြစ်မလာသောအခါ စိတ်ရှုပ်လာကြပါသည်။ အမြဲတမ်း ထိန်းချုပ်နေရန်မှာ မဖြစ်နိုင်ပါ။ ယင်းမှာ အမှန်တရား မဟုတ်ပါ။ အမှန်တရားက အလွန်အနုစိတ်ပါသည်။ ဖြစ်လာသောအရာအပေါ် ကျွန်ုပ်တို့ ဆောင်ရွက်သမျှသာ လွှမ်းမိုးခြင်း မဟုတ်ဘဲ ကိစ္စများစွာက လွှမ်းမိုးပါသည်။ ကျွန်ုပ်တို့ ပြင်ပအားများကို ထိန်းချုပ်၍ လုံးဝမရခြင်း သို့မဟုတ် လွှမ်းမိုးခံရခြင်း မဟုတ်ပါ။ ဖြစ်လာသောအရာသည် ကျွန်ုပ်တို့ကြောင့် ဖြစ်သော်လည်း ထိုအရာအတွက် ဆုံးဖြတ်သည်မှာ ကျွန်ုပ်တို့ တစ်ဦးတည်းမဟုတ်ပါ။
ကျွန်ုပ်တို့၏ ရှုပ်ထွေးမှု၊ မလုံခြုံမှုတို့ကြောင့် အပျက်သဘော အပြုအမူမှန်း မသိဘဲနှင့်လည်း အပျက်သဘောဆန်စွာ ပြုမူတတ်ကြပါသည်။ ဤသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၊ အနှောင့်အယှက်ပေးသော သဘောထား၊ အကျင့်ပါနေသော အပြုအမူအတိုင်း စိတ်လိုက်မာန်ပါပြုမူမှုတို့ လွှမ်းမိုးထားသည့်အတွက်ကြောင့် ဖြစ်ပါသည်။ အခြားသူများကိုသာ အပျက်သဘောဆန်စွာ ပြုမူသည်မဟုတ်ပါ။ ကိုယ်တိုင် ပျက်စီးစေသောနည်းများဖြင့်လည်း အဓိကအားဖြင့် ပြုမူကြပါသည်။ တစ်နည်းဆိုရသော် မိမိကိုယ်တိုင်အတွက် ပြဿနာများ ပို၍ဖန်တီးကြပါသည်။ ပြဿနာ နည်းလိုလျှင်ဖြစ်စေ၊ ပြဿနာများမှ လွတ်မြောက်လိုလျှင်ဖြစ်စေ၊ ထိုထက်ပို၍ အခြားသူများကိုလည်း ပြဿနာများမှ လွတ်ကင်းအောင် ကူညီလိုလျှင်ဖြစ်စေ၊ ကျွန်ုပ်တို့ကန့်သတ်ချက်များ၏ အရင်းအမြစ်ကို အသိအမှတ်ပြုရန် လိုပါသည်။
ရှုပ်ထွေးမှုမရှိအောင် ဖယ်ရှားခြင်း
ကျွန်ုပ်တို့ ပြဿနာများ၏ ရင်းမြစ်မှာ ရှုပ်ထွေးမှုဖြစ်သည်ကို သဘောပေါက်နိုင်ပြီ ဆိုပါစို့။ ဒါကမခက်လှပါ။ လူအများစုက ‘‘ငါအရမ်း ရှုပ်ထွေးနေတယ်။ အကုန် ရှုပ်ကုန်ပြီ။’’ ဟု ပြောမိမတတ် ဖြစ်ကြပါသည်။ ထို့နောက်တွင် ဘာဖြစ်လာပါသလဲ။ ယခုသင်တန်း သို့မဟုတ် ထိုအနားယူမှုအတွက် ငွေကြေးလာရောက် မသုံးစွဲမီ ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားနိုင်ခြေ ရှိသည်ကို တကယ်ယုံကြည်သလားဆိုသည်ကို အလွန်လေးနက်စွာ စဉ်းစားရန် လိုပါသည်။ ရှုပ်ထွေးမှုကို ဖယ်ရှားနိုင်ခြေ မရှိကြောင်း ထင်နေပါက ဘာကြောင့် ကြိုးစားနေမည်နည်း။ ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားနိုင်ခြေ ရှိသည်ဟု မျှော်လင့်ရုံဖြင့်သာ သွားပါက သိပ်တည်ငြိမ်မည် မဟုတ်ပါ။ ဖြစ်ချင်နေသည့်အတွေးသာ ဖြစ်ပါသည်။
လွတ်လပ်မှုသည် နည်းလမ်းမျိုးစုံဖြင့် ပေါ်လာတတ်သည်ဟု ကျွန်ုပ်တို့ ထင်ကြပါသည်။ တစ်ယောက်ယောက် ကျွန်ုပ်တို့ကို ကယ်တင်မည်ဟု ထင်ချင်ထင်နိုင်ပါသည်။ ထိုသူသည် ဘုရားသခင်ကဲ့သို့ မြင့်မြတ်သော နတ်ဒေဝါ ဖြစ်နိုင်သည့်အတွက် ကျွန်ုပ်တို့သည် ထပ်မံမွေးဖွားမှုကို ယုံကြည်သူ ဖြစ်လာပါသည်။ အခြားတစ်နည်းမှာ ဘာသာရေးဆရာ၊ အိမ်ထောင်ဖက် သို့မဟုတ် ကျွန်ုပ်တို့ ရှုပ်ထွေးမှုမှ ကယ်တင်မည့် အခြားသူတစ်ယောက်ယောက်ကို ဆည်းကပ်ခြင်း ဖြစ်သည်။ ထိုအခြေအနေများတွင် တစ်ဖက်လူအပေါ် အလွယ်တကူ မှီခိုလာတတ်ပြီး မရင့်ကျက်စွာ ပြုမူနိုင်ပါသည်။ ကယ်တင်မည့်သူ တစ်ယောက်ယောက်ကို အသည်းအသန် ရှာဖွေလေ့ရှိသောကြောင့် မိမိအားကိုးမိသူအပေါ်တွင် ခွဲခြားဝေဖန်မှု မပြုတော့ပါ။ သူကိုယ်တိုင် ရှုပ်ထွေးမှုမှ မလွတ်မြောက်သေးသူကိုလည်း ရွေးချယ်နိုင်သလို သူတို့၏ အနှောင့်အယှက် စိတ်ခံစားချက်၊ သဘောထားများကြောင့် ကျွန်ုပ်တို့၏ မသိနားမလည်သော မှီခိုမှုကို အခွင့်ကောင်းယူသွားကြပါသည်။ ဤနည်းဖြင့် တည်တည်ငြိမ်ငြိမ် ဆက်လက်ဆောင်ရွက်၍ မရပါ။ မိမိ၏ရှုပ်ထွေးမှုအားလုံး ရှင်းလင်းသွားအောင် ဘာသာရေးဆရာ သို့မဟုတ် အချစ်ရေးကို အားကိုး၍မရနိုင်ပါ။ ကိုယ်ပိုင်ရှုပ်ထွေးမှုကို ရှင်းလင်းပစ်ရပါမည်။
ဘာသာရေးဆရာ သို့မဟုတ် အိမ်ထောင်ဖက်နှင့် ဆက်ဆံရေးသည် အကျိုးပြုသော အခြေအနေများ ဖန်တီးပေးနိုင် သော်လည်း ထိုဆက်ဆံရေး ကောင်းမွန်မှသာ ဖြစ်နိုင်ပါသည်။ မကောင်းမွန်ပါက ပိုဆိုးလာပါတော့သည်။ ပိုပြီး ရှုပ်ထွေးလာစေပါသည်။ အစ၌ ထိုဆရာသည်လည်းကောင်း၊ အိမ်ထောင်ဖက်သည် လည်းကောင်း ပြီးပြည့်စုံမည်ဟု ထင်ပြီး အရာရာမျက်စိမှိတ်ထားနိုင်ပါသည်။ သို့သော် နောက်ဆုံးတွင် ကျွန်ုပ်တို့၏ မသိနားမလည်မှုတို့ လျော့ပါးသွားသည်။ တစ်ဖက်လူထံတွင် အားနည်းချက်ကို စတင်မြင်တွေ့လာသောအခါ၊ တစ်ဖက်လူသည် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုအားလုံးမှ ကယ်တင်နိုင်မည် မဟုတ်ကြောင်း သိလာသောအခါ ကျွန်ုပ်တို့ ကြေကွဲရပါသည်။ သစ္စာဖောက်ခံရပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်မှုသစ္စာတရားကို သစ္စာဖောက်ခံလိုက်ရပါသည်။ ဤခံစားချက်မှာ အတော်ဆိုးရွားပါသည်။ ထိုသို့မဖြစ်အောင် အစကတည်းက ကြိုးစားရှောင်ရှားရန် အလွန်အရေးကြီးပါသည်။ အကာအကွယ် နည်းလမ်းများ ပြုလုပ်ရန်လိုပါသည်။ ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာကို နားလည်ရန် လိုပါသည်။ ဘာသာရေးဆရာ လုပ်နိုင်သောအရာနှင့် သူမလုပ်နိုင်သောအရာက ဘာလဲ။ မကြေကွဲရအောင် အကာအကွယ် ယူထားရပါမည်။
ကျွန်ုပ်တို့သည် ရှုပ်ထွေးမှုကင်းသော စိတ်အခြေအနေ ရရှိရန်လိုပါသည်။ ရှုပ်ထွေးမှု၏ ဆန့်ကျင်ဘက်ဖြစ်သည့် နားလည်သဘောပေါက်မှုက ရှုပ်ထွေးမှု ပေါ်မလာအောင် တားဆီးပေးပါသည်။ ဗုဒ္ဓဘာသာ၏ အလုပ်မှာ မိမိကိုယ်တွင်း၌ ဆန်းစစ်ပြီး ကျွန်ုပ်တို့သဘောထား၊ အနှောင့်အယှက် စိတ်ခံစားချက်၊ ဒေါသအလျှောက်၊ စိတ်လိုက်မာန်ပါ သို့မဟုတ် စိုးရိမ်တကြီး အပြုအမူတို့ကို သတိပြုအာရုံစိုက်ရန် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ ပုံမှန်အားဖြင့် လက်မခံသည့် နှစ်လိုဖွယ်မရှိသောအရာများကို မိမိဘာသာ ဆန်းစစ်လိုစိတ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ပြဿနာများ ဖြစ်စေသော၊ ကျွန်ုပ်တို့ ပြဿနာများ၏ လက္ခဏာရပ်များ ဖြစ်သော အရာများကို သတိပြုမိသောအခါ ဆန့်ကျင်ဘက်အချက်များဖြင့် ယင်းတို့ကို ကျော်လွှားရန် အသုံးချရပါမည်။ ဤအရာအားလုံးမှာ လေ့လာမှုနှင့် တရားရှုမှတ်မှုတွင် အခြေခံပါသည်။ အနှောင့်အယှက် စိတ်ခံစားချက်များ၊ သဘောထားများနှင့် ၎င်းတို့ထွက်ပေါ်လာသောနေရာကို သိရှိအောင်လေ့လာရပါမည်။
တရားရှုမှတ်ခြင်း
တရားရှုမှတ်ခြင်းဆိုသည်မှာ ထိန်းချုပ်ထားသော အခြေအနေတွင် ဆန့်ကျင်ဘက် အမျိုးမျိုးကို အသုံးချနိုင်အောင် လေ့ကျင့်ခြင်းဖြင့် ယင်းတို့ကို အသုံးချပုံနှင့် ရင်းနှီးလာစေရေး၊ ထို့နောက် လက်တွေ့ဘဝတွင် ထိုသို့အသုံးချခြင်း ဖြစ်သည်။ ဥပမာ၊ အခြားသူများက ကျွန်ုပ်တို့ ပြုမူစေလိုသည့်အတိုင်း ပြုမူခြင်း မရှိသောအခါ ဒေါသထွက်လာပါက ဤအခြေအနေများကို တရားရှုမှတ်မှုဖြင့် ကျွန်ုပ်တို့ တွေးကြည့်ကာ မတူညီသော ရှုထောင့်မှ လေ့လာကြည့်ခြင်း ဖြစ်ပါသည်။ တစ်ဖက်လူက အကြောင်းရင်း မျိုးစုံကြောင့် အငြင်းပွားစရာ နည်းများဖြင့် ပြုမူနေပါသည်။ သူက ရန်ငြိုးဖြင့် ပြုမူနေခြင်း မဟုတ်ပါ။ အကြောင်းမှာ သူက ကျွန်ုပ်တို့ကို ချစ်ခင်မှု မရှိပါ။ တရားရှုမှတ်ရာတွင် ကျွန်ုပ်တို့သည် ‘‘ငါ့သူငယ်ချင်းက ငါ့ကိုမခင်တော့ဘူး။ သူက ဖုန်းမဆက်တော့ဘူးလေ။’’ ဆိုသည့် အဆိုပါသဘောထားများကို ချေဖျက်ကြည့်ပါသည်။
ဤအခြေအနေမျိုးကို ကျွန်ုပ်တို့သည် ပိုပြီးသက်သာသည့်၊ နားလည်မှုရှိသည့်၊ သည်းခံသည့် စိတ်အခြေအနေဖြင့် လေ့ကျင့်ကျော်ဖြတ်နိုင်ပါက ထိုသူက တစ်ပတ်လုံး ဖုန်းမဆက်သည့်တိုင် ကျွန်ုပ်တို့ ဝမ်းမနည်းတော့ပါ။ စတင်ဝမ်းနည်းလာသည်နှင့် ထိုသူက အလွန်အလုပ်များကြောင်း၊ သူ့ဘဝတွင် ကျွန်ုပ်တို့က အရေးအကြီးဆုံး ဖြစ်ရမည်ဟု တွေးခြင်းမှာ အတ္တကြီးကြောင်း အမှတ်ရလိုက်ပါ။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်ခံစားချက် ဝမ်းနည်းမှုကို အေးဆေးသက်သာ စေလာပါသည်။
ဗုဒ္ဓဘာသာ ကျင့်ကြံမှုသည် အချိန်ပြည့်အလုပ်တစ်ခုဖြစ်သည်
ဗုဒ္ဓဘာသာ ကျင့်ကြံမှုသည် ဝါသနာမဟုတ်ပါ။ အားကစား သို့မဟုတ် အပန်းဖြေစရာအဖြစ် ဆောင်ရွက်စရာ မဟုတ်ပါ။ ဗုဒ္ဓဘာသာ ကျင့်ကြံမှုသည် အချိန်ပြည့်အလုပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့တာဝန်မှာ ဘဝတွင် အရာရာအပေါ် ကျွန်ုပ်တို့၏ သဘောထားများကို အားထုတ်ရန်ဖြစ်ပါသည်။ ဥပမာ၊ သတ္တဝါအားလုံးအတွက် မေတ္တာရှိအောင် ကြိုးစားနေပါက ကျွန်ုပ်တို့၏ မိသားစုတွင် ဒါကိုအရင် အသုံးချရပါမည်။ လူအများစုက မေတ္တာဘာဝနာပွားကာ အခန်းထဲတွင် ထိုင်နေသော်လည်း မိဘ၊ အိမ်ထောင်ဖက်တို့နှင့် အဆင်မပြေပါ။ ဤသည်မှာ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။
အစွန်းတရားများ ရှောင်ရှားခြင်း
ဗုဒ္ဓဘာသာ တရားတော်များကို အိမ်နှင့် အလုပ်ရှိ တကယ့်ဘဝအခြေအနေများတွင် အသုံးချနိုင်အောင် ကြိုးစားရာ၌ အစွန်းလွတ်ရန် လိုပါသည်။ အစွန်းတစ်ဖက်မှာ အခြားသူများကို လုံးဝအပြစ်ပုံချခြင်းဖြစ်သည်။ အခြားတစ်ဖက်မှာ မိမိကိုယ်ကို လုံးဝအပြစ်ပုံချခြင်း ဖြစ်သည်။ ဘဝတွင် ဖြစ်ပျက်သမျှသည် အလွန်ပွေလီလှပါသည်။ နှစ်ဖက်စလုံး သက်ဆိုင်သည်။ အခြားသူများ သက်ဆိုင်သလို ကျွန်ုပ်တို့လည်း သက်ဆိုင်ပါသည်။ အခြားသူများကို သူတို့အပြုအမူနှင့် သဘောထားများ ပြောင်းလဲအောင် ကြိုးစားခိုင်းနိုင်သော်လည်း ပုဂ္ဂိုလ်ရေး အတွေ့အကြုံအရ လွယ်တော့မလွယ်လှကြောင်း ကျွန်ုပ်တို့အားလုံး သိနေပါသည်။ အထူးသဖြင့် မိမိကိုယ်တိုင် မှန်ကန်မှု၊ မြင့်မြတ်သောနည်းလမ်းဖြင့် ဆောင်ရွက်ပြီး အခြားသူများကို အပြစ်သားလို စွပ်စွဲသောအခါ ဖြစ်ပါသည်။ ကိုယ်တိုင် ပြုပြင်ပြောင်းလဲကြည့်ခြင်းက များစွာပိုမိုလွယ်ကူပါသည်။ အခြားသူများက လက်ခံနိုင်စွမ်း ရှိ၊ မရှိ သူတို့ကို အကြံပြုနိုင်သော်လည်း ကျွန်ုပ်တို့ အကြံပြုချက်များကြောင့် သူတို့ပို၍ အားစိုက်လာခြင်း မရှိပါက အဓိကအလုပ်မှာ မိမိကိုယ်တိုင် ဖြစ်ပါသည်။
မိမိကိုယ်တိုင် ကြိုးစားရာတွင် အခြားအစွန်း နှစ်ဖက်ကို သတိထားရပါမည်။ မိမိခံစားချက်များကို အပြည့်အဝ စိုးရိမ်မိခြင်း သို့မဟုတ် အခြားသူများကို လုံးဝ သတိမပြုမိခြင်းတို့ ဖြစ်သည်။ ပထမအစွန်းမှာ တစ်ကိုယ်ကောင်းဆန်သည့် စိုးရိမ်မှုဖြစ်သည်။ ကိုယ့်ခံစားချက်ကိုသာ အလေးထားနေပါသည်။ အခြားသူများ မည်သို့ခံစားရသည်ကို လျစ်လျူရှုမိ တတ်သည်။ ကျွန်ုပ်တို့ ခံစားရသောအရာက အခြားသူများ ခံစားရသောအရာထက် များစွာပိုအရေးကြီးသည်ဟု ထင်တတ်ပါသည်။ တစ်ဖက်တွင်မူ ကျွန်ုပ်တို့၏ ခံစားချက်များကို မေ့ဆေးထိုးလိုက်သည့်အလား မိမိခံစားချက်များကို လုံးဝသတိမပြုမိခြင်း သို့မဟုတ် လုံးဝမခံစားမိခြင်း ရှိနိုင်ပါသည်။ ထိုအစွန်းများကို ရှောင်ရှားရန်မှာ အလွန်နူးညံ့သော ညီမျှမှုရှိရပါမည်။ မလွယ်ကူလှပါ။
အခြားသူများနှင့် ရှိနေစဉ် မိမိကိုယ်ကို အမြဲသတိပြုမိနေပါက စိတ်ကူးဖြင့် နှစ်ခွဖြစ်မှုကို ဖန်တီးလိုက်ပါသည်။ မိမိကိုယ်တိုင်နှင့် မိမိခံစားမှု သို့မဟုတ် ပြုမူမှုတို့ ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ယောက်နှင့် ဆက်စပ်ရန် သို့မဟုတ် တစ်ယောက်ယောက်နှင့် ရှိနေရန် တကယ်စိတ်မရောက်တော့ပါ။ ကျွန်ုပ်တို့ အာရုံစိုက်မှု တစ်စိတ်တစ်ပိုင်းမှာ မိမိ၏ စိတ်ဓာတ်တွန်းအားနှင့် သဘောထား ဖြစ်နေရင်း သဘာဝအတိုင်း ရိုးသားစွာ ဆက်စပ်ပြီး ပြုမူရန်မှာ တကယ့် အနုပညာ ဖြစ်ပါသည်။ သို့သော် တစ်ဖက်လူနှင့် ရှိမနေကြောင်း ဤသို့ ခွဲထွက်ပြုမူနည်းမျိုး မဖြစ်စေဘဲ ဒါကိုကြိုးစားကြည့်ရန် လိုပါသည်။ တစ်ယောက်ယောက်နှင့် ဆက်စပ်နေစဉ် ကျွန်ုပ်တို့၏ စိတ်ဓာတ်တွန်းအားနှင့် ခံစားချက်များကို ကြည့်နေပါက ထိုသူကို ပြောပြလိုက်ခြင်းက တစ်ခါတစ်ရံ အထောက်အကူ ပြုပါသည်။ သို့သော် ထိုသူကို ပြောရမည်ဟု ခံစားရခြင်းမှာ တစ်ကိုယ်ကောင်းဆန်ရာ ရောက်ပါသည်။ အခြားသူများက ကျွန်ုပ်တို့ ခံစားနေရသောအရာကို တစ်ခါတစ်ရံ စိတ်မဝင်စားပါ။ သူတို့ကို သိစေချင်သည်ဟု ခံစားရခြင်းမှာ မိမိကိုယ်ကို အလွန် ရှေ့တန်းတင်ရာ ရောက်ပါသည်။ တစ်ကိုယ်ကောင်းဆန်စွာ စတင်ပြုမူသည်ဟု သတိပြုမိသောအခါ ရပ်တန့်လိုက်ရပါမည်။ ဒါကိုကြေညာနေရန် မလိုပါ။
အခြားအစွန်းနှစ်ဖက်မှာ ကျွန်ုပ်တို့သည် အားလုံးဆိုးသည် သို့မဟုတ် အားလုံးကောင်းသည် ဆိုသောအချက်နှစ်ချက် ဖြစ်ပါသည်။ မိမိအခက်အခဲ၊ ပြဿနာ၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို အလွန်အလေးအနက်ထားပါက မိမိကိုယ်ကို ဆိုးသွမ်းသောသူဟု စတင်ခံစားလာရနိုင်ပါသည်။ ထိုအခါ အပြစ်ရှိသောအဆင့်သို့ အလွယ်တကူ လျှောကျသွားပါသည်။ ‘‘ငါလေ့ကျင့်သင့်တယ်။ မလေ့ကျင့်ရင် လူဆိုးပဲ။’’ ဟုတွေးခြင်းမှာ လေ့ကျင့်ရန် ထိတ်လန့်နေခြင်း ဖြစ်ပါသည်။
အခြားအစွန်းကိုလည်း ရှောင်ရှားရန်လိုပါသည်။ ယင်းမှာ မိမိ၏ အပြုသဘောဘက်ကို အလွန်အလေးထားခြင်းဖြစ်သည်။ ‘‘တို့အားလုံး ပြီးပြည့်စုံတယ်။ အားလုံး ဘုရားဖြစ်ရမယ်။ အရာရာ မင်္ဂလာရှိတယ်။’’ ဆိုပြီးတွေးပါက အလွန်အန္တရာယ် များပါသည်။ အကြောင်းမှာ တစ်ခုခုကို စွန့်လွှတ်စရာ မလိုကြောင်း ယူဆနိုင်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ လုပ်ရမည်မှာ မိမိ၏ အခြေခံ အရည်အသွေးကောင်းများကို မြင်ရန်ဖြစ်သောကြောင့် အပျက်သဘော တစ်ခုခုကို ရပ်တန့်စရာ မလိုပါ။ ‘‘ငါကအရမ်းတော်တယ်။ ပြီးပြည့်စုံတယ်။ ငါ့ရဲ့ အပျက်သဘောတွေကို ရပ်တန့်ဖို့မလိုဘူး။ ဘုရားဖြစ်နေပြီ။’’ ဟုတွေးပါက ချိန်ညှိမှု လိုအပ်နေပါသည်။ မိမိကိုယ်ကို အထင်သေးနှိမ့်ချလွန်းပါက အားနည်းချက်အားလုံး ဖယ်ရှားရန်နှင့် ဘုရားဖြစ်ရန် ဆိုသော အစွမ်းအစဖြင့် မိမိကိုယ်ကို ပြန်သတိပေးရန်လိုပါသည်။ အလွန် အေးဆေးသက်သာသလို ခံစားနေရပါက မိမိ၏အပျက်သဘောဘက်ခြမ်းကို အလေးထားကြည့်ရန် လိုပါသည်။
တာဝန်ယူမှုရှိခြင်း
ကျွန်ုပ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျွန်ုပ်တို့ပြဿနာများ ဖယ်ရှားရန်အတွက် အခြေခံအားဖြင့် မိမိကိုယ်တိုင် တာဝန်ယူရန် လိုပါသည်။ အကူအညီလိုအပ်သည်မှာ မှန်ပါသည်။ ဒါကို ကိုယ်တိုင်ဆောင်ရွက်ရန် မလွယ်ကူပါ။ ဘာသာရေး ဆရာတော်များ သို့မဟုတ် ဘာသာရေး အသိုင်းအဝိုင်းမှနေ၍ အကူအညီရနိုင်ပါသည်။ ထိုသူတို့သည် စိတ်တူကိုယ်တူ၊ သူတို့ကိုယ်တိုင် ကြိုးစားနေပြီး သူတို့ ပြဿနာများအတွက် အချင်းချင်း အပြစ်မတင်ကြသူများ ဖြစ်ပါသည်။ ထို့ကြောင့်လည်း မိတ်ဖက်ဖြစ်မှုတွင် သဘောထား တူညီမှုရှိရန်၊ ပေါ်လာသည့် ပြဿနာ တစ်ခုခုအတွက် တစ်ဖက်လူကို အထူးသဖြင့် အပြစ်မတင်ရန် အရေးကြီးပါသည်။ နှစ်ဦးနှစ်ဖက်က အချင်းချင်း အပြစ်တင်နေပါက အလုပ်မဖြစ်တော့ပါ။ တစ်ဖက်လူက စွပ်စွဲနေသော ဆက်ဆံရေးတွင် ပါဝင်နေသော်လည်း ကျွန်ုပ်တို့သည် ဘာကို ဖြည့်ဆည်းပေးနိုင်မလဲ လေ့လာနေပါက လမ်းခွဲရန် လိုအပ်သည်ဟု မဆိုလိုပါ။ သို့သော် ခက်ခဲမှုတော့ ပိုရှိလာပါမည်။ ဤဆက်ဆံရေးတွင် ‘‘ဒါကို သည်းခံဇွဲရှိမယ်။ အရမ်း ခက်ခဲတယ်။’’ ဆိုပြီး သူရဲကောင်းမလုပ်မိအောင် ရှောင်ရှားရန်လိုပါသည်။ ကိစ္စတစ်ခုလုံး အလွန် ထိတ်လန့်စရာ ကောင်းနိုင်ပါသည်။
စိတ်ဓာတ်တွန်းအား ရရှိခြင်း
ဗုဒ္ဓဘာသာလမ်းကြောင်းသည် မလွယ်ကူပါ။ ဘဝ၏ အကျည်းတန်မှုများကို ဖြေရှင်းရပါသည်။ ဆက်သွားရန်အတွက် ခွန်အားအချို့ လိုပါသည်။ စိတ်ဓာတ်တွန်းအား တည်တည်ငြိမ်ငြိမ် ရရန် လိုပါသည်။ ကျွန်ုပ်တို့ ရရှိသည့် စိတ်ဓာတ်တွန်းအား ရင်းမြစ်သည် စိတ်ဝင်စားဖွယ် ဇာတ်လမ်းများနှင့် သူတို့အကြောင်း၊ ဗုဒ္ဓဘာသာရာဇဝင်ထဲမှ အခြားသူများအကြောင်း စသည့် အကြောင်းရပ်များ ပြောပြသည့် ဆရာတော်များ ဖြစ်ပါက တကယ်တည်ငြိမ်သော စိတ်ဓာတ်တွန်းအားရင်းမြစ် မဟုတ်ပါ။ ယင်းမှာတကယ် စိတ်လှုပ်ရှားဖွယ် ဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့ အပေါ် မည်သို့ သက်ရောက်သည်ကို လေ့လာဖို့လိုပါသည်။ လူအများစုတွင် ယင်းသည် ဆန်းကြယ်မှုများမှတစ်ဆင့် ကယ်တင်ခံရန် ဆန္ဒ ရှိနေသည့် စိတ်ကူးယဉ်ကမ္ဘာကို ဖြစ်လာစေပါသည်။ မှော်ဆရာကြီး တစ်ဦးက သူ့မှော်အစွမ်းများဖြင့် ကျွန်ုပ်တို့ကို ကယ်တင်မည်ဟု ထင်လာပါသည်။ သို့မဟုတ် ထိုမှော်အစွမ်းများကို မိမိကိုယ်တိုင် ရုတ်တရက် ဖန်တီးလာနိုင်မည်ဟု ထင်လာပါသည်။ ထိုစိတ်ကူးယဉ် ဇာတ်လမ်းများနှင့် ပတ်သက်၍ အလွန်သတိထားရပါမည်။ ၎င်းတို့က ကျွန်ုပ်တို့၏ ယုံကြည်မှုစသည်ကို အားဖြည့်ပေးနိုင်ပြီး အထောက်အကူ ပြုနိုင်သော်လည်း တည်ငြိမ်သော စိတ်ဓာတ်တွန်းအား ရင်းမြစ်မဟုတ်ပါ။ ကျွန်ုပ်တို့က တည်ငြိမ်သောပုံစံကို လိုအပ်ပါသည်။
ထိုအတွက် အကောင်းဆုံးနမူနာမှာ ဘုရားရှင်ကိုယ်တော်တိုင် ဖြစ်ပါသည်။ ဘုရားရှင်က လူတို့ကို အံ့အားသင့်ဖွယ် ဇာတ်လမ်းများ ပြောပြကာ ‘‘စိတ်ဓာတ်တွန်းအား’’ မပေးသလို အထင်ကြီးအောင်လည်း မလုပ်ပါ။ လှည့်လည်သွားလာပြီး မကြွားဝါသလို လူတို့ကို ကောင်းချီးပေးခြင်းကဲ့သို့သော ကိစ္စများ မပြုလုပ်ပါ။ ဘုရားရှင် အသုံးပြုပြီး ဗုဒ္ဓဘာသာ တရားတော်များတွင် အထပ်ထပ် ပြောထားသည့် နမူနာမှာ ဘုရားရှင်သည် နေမင်းကြီးနှင့် တူပါသည်။ နေမင်းကြီးသည် လူတို့ကို အနွေးဓာတ်ပေးရန် မကြိုးစားပါ။ သဘာဝအားဖြင့် နေ၏ တည်ရှိပုံအရ လူတိုင်းကို တစ်ပြိုက်နက် အနွေးဓာတ်ပေးပါသည်။ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ် ကြား၍ဖြစ်စေ၊ ဦးခေါင်းကို ရုပ်ထုနှင့်ထိ၍ဖြစ်စေ၊ လည်ပင်းတွင်ပတ်ထားရန် ကြိုးနီတစ်ချောင်း ရရှိ၍ဖြစ်စေ စိတ်အားတက်ကြွနိုင်သော်လည်း ၎င်းသည်မတည်ငြိမ်ပါ။ စိတ်အားတက်ကြွရန် တည်ငြိမ်သော ရင်းမြစ်မှာ ဆရာက တစ်ပြိုင်နက် သဘာဝအတိုင်း သူ၏ ကိုယ်ကျင့်တရား၊ ဗုဒ္ဓတရားတော်များ ကျင့်ကြံသည့် ရလဒ်ကြောင့် သူ့ပုံစံအတိုင်း ရှိနေပုံ ဖြစ်ပါသည်။ ဤအချက်က စိတ်ဓာတ်တွန်းအား ပေးပါသည်။ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို ဖျော်ဖြေရန် ပြုလုပ်သော ဆောင်ရွက်ချက်အချို့ မဟုတ်ပါ။ ဤသည်မှာ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကဲ့သို့ စိတ်လှုပ်ရှားစရာ မကောင်းနိုင်သော်လည်း တည်ငြိမ်သော စိတ်ဓာတ်တွန်းအား ပေးပါလိမ့်မည်။
ကျွန်ုပ်တို့ တိုးတက်လာသည်နှင့်အမျှ မိမိ၏တိုးတက်မှုမှနေ၍ ကိုယ်တိုင် စိတ်အားတက်ကြွ နိုင်ပါသည်။ မှော်အစွမ်း ရရှိမှုမှမဟုတ်ဘဲ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားများ တဖြည်းဖြည်း ပြောင်းလဲလာပုံကြောင့် ဖြစ်ပါသည်။ တရားတော်များက ကိုယ်ပိုင် အပြုသဘော ဆောင်ရွက်ချက်များကို ကြည်နူးရန် အမြဲအလေးထား ပြောကြားပါသည်။ တိုးတက်မှုသည် ပုံသေမဟုတ်သည်ကို သတိပြုရန်တော့ အလွန်အရေးကြီးပါသည်။ နေ့တိုင်း ပိုပြီး ကောင်းလာရုံမျှ မဟုတ်ပါ။ ဘဝ၏ လက္ခဏာရပ်တစ်ခုမှာ ကျွန်ုပ်တို့၏ စိတ်အခြေအနေများသည် ထိန်းချုပ်မရသော အဖန်ဖန် ပြန်ဖြစ်သည့် ပြဿနာများမှ လုံးဝလွတ်လပ်သည်အထိ အတက်အကျ ရှိနေပါဦးမည်။ ဤသည်မှာ မယုံနိုင် လောက်အောင် အဆင့်မြင့်သော အခြေအနေ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ပျော်ရွှင်ပြီး တစ်ခါတစ်ရံ ဝမ်းနည်းမည်ကို မျှော်လင့်ထားရပါမည်။ တစ်ခါတစ်ရံ အပြုသဘော ပြုမူနိုင်စွမ်း ရှိသော်လည်း ကျန်အချိန်များတွင် ထိတ်လန့်သော အလေ့အထများက အားကောင်းနေနိုင်ပါသည်။ အတက်အကျ ရှိနေပါလိမ့်မည်။ မှော်အစွမ်းများက ပုံမှန်အားဖြင့် မဖြစ်ပေါ်လာပါ။
ဘဝ၏ အပြောင်းအလဲ ရှစ်ချက်တွင် မသက်သာမှုကို ရှောင်ရှားသော တရားတော်များက အရာရာ အဆင်ပြေသောအခါ ဘဝင်မမြင့်ရန်နှင့် အဆင်မပြေသောအခါ စိတ်ဓာတ်မကျရန် အလေးထားပါသည်။ ဘဝဆိုတာ ထိုအတိုင်းဖြစ်ပါသည်။ ရေတို အကျိုးသက်ရောက်မှုကို မဟုတ်ဘဲ ရေရှည် အကျိုးသက်ရောက်မှုများကို ကြည့်ရန်လိုပါသည်။ ဥပမာ၊ ငါးနှစ်ကြာ ကျင့်ကြံလာသောအခါ လွန်ခဲ့သော ငါးနှစ်ကထက်စာလျှင် များစွာတိုးတက်လာပါသည်။ တစ်ခါတစ်ရံ ဝမ်းနည်းသော်လည်း အခြေအနေများကို ပိုတည်ငြိမ်သော၊ ပိုရှင်းလင်းသော စိတ်နှလုံးဖြင့် ဖြေရှင်းနိုင်လာသည်ကို တွေ့ရပါက တိုးတက်မှုအချို့ ရှိလာသည်ဟု ဖော်ပြနေပါသည်။ ဒါက စိတ်ဓာတ်တွန်းအား ဖြစ်ပါသည်။ ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်စေချင်ပြီး ပြဇာတ်များကြည့်သလို စိတ်ဓာတ် တက်ကြွလိုသော်လည်း ဤသည်မှာ ပြဇာတ်လို မဟုတ်ပါ။ တည်ငြိမ်သော စိတ်ဓာတ်တွန်းအား ဖြစ်ပါသည်။
လက်တွေ့ကျခြင်း
ကျွန်ုပ်တို့သည် အတော်လေး လက်တွေ့ကျရန် လိုပါသည်။ ဥပမာ၊ စိတ်ကြည်လင်ရေး ကျင့်ကြံသောအခါ ကျွန်ုပ်တို့ အပြစ်များကို ခွင့်လွှတ်ပေးမည့် ပြင်ပပုဂ္ဂိုလ်၊ သူတော်စင်ကြီးတစ်ပါးကဲ့သို့ မတွေးရန် အရေးကြီးပါသည်။ ဗုဒ္ဓဘာသာတွင် ကျွန်ုပ်တို့ကို ကယ်တင်ပြီး စိတ်ကြည်လင်မှု ကောင်းချီးပေးမည့် သူတော်စင်များ မရှိပါ။ ထိုအချက်က လုပ်ရမည့် လုပ်ငန်းစဉ် မဟုတ်ပါ။ ကျွန်ုပ်တို့ကို ကြည်လင်စေသည်မှာ စိတ်က သဘာဝအတိုင်း သန့်ရှင်းနေသောအချက်သာ ဖြစ်ပါသည်။ စိတ်သည် ပင်ကိုအားဖြင့် ရှုပ်ထွေးမှုများ ညစ်ပေနေခြင်း မရှိပါ။ ရှုပ်ထွေးမှုကို ဖယ်ရှားပစ်နိုင်ပါသည်။ အပြစ်ရှိမှု ခံစားချက်များ၊ အပျက်သဘော အစွမ်းအစများ စသည်တို့ကို ဖြေလွှတ်လိုက်သော ကိုယ်တိုင် ကြိုးပမ်းရရှိသည့် စိတ်၏ သဘာဝ ကြည်လင်မှုကို အသိအမှတ်ပြုခြင်းဖြင့်သာ ဖယ်ရှားနိုင်ပါသည်။ ထိုအခါ စိတ်ကြည်လင်ရေး လုပ်ငန်းစဉ် အောင်မြင်လာပါသည်။
ထို့ပြင် ဤကျင့်ကြံမှုအားလုံးနှင့် နေ့စဉ်ဘဝတွင် ဗုဒ္ဓတရားတော်များ ပေါင်းစပ်ခြင်းတို့တွင် မိမိရောက်ရှိနေသည့်အဆင့်ကို သိရှိပြီး အသိအမှတ်ပြုရန် လိုပါသည်။ ဟန်မဆောင်ရန် သို့မဟုတ် ယခုထက်ပိုမြင့်သော အဆင့်ကို ရောက်ရမည်ဟု မခံစားမိရန် အထူးအရေးကြီးပါသည်။
ကက်သလစ်ဘာသာ နောက်ခံဖြင့် ဗုဒ္ဓဘာသာကို ချဉ်းကပ်ခြင်း
ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူအချို့က ကက်သလစ်ဘာသာ နောက်ခံရာဇဝင် ရှိကြပါသည်။ ထိုသို့ဆိုလျှင် ဗုဒ္ဓဘာသာကို စတင် ချဉ်းကပ်လေ့လာသောအခါ ကက်သလစ်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာကို ကူးပြောင်းရမည်ဟု ခံစားနေစရာ မလိုပါ။ သို့သော် ကျင့်ကြံမှုနှစ်ခုကို မရောစပ်မိရန် အရေးကြီးပါသည်။ ဘုရားကျောင်းတွင် မထိုင်မီ ဘုရားစင်ရှေ့တွင် ဦးချနေရန် မဟုတ်ပါ။ ထို့အတူ ဗုဒ္ဓဘာသာ ကျင့်ကြံမှု ပြုလုပ်သောအခါတွင် မယ်တော်မာရီကို မြင်ယောင်ခြင်း မဟုတ်ပါ။ ဗုဒ္ဓမြတ်စွာကို မြင်ယောင်ကြည့်ပါသည်။ ဘာသာတစ်ခုချင်း သီးသန့် ကျင့်ကြံပါသည်။ ဘုရားကျောင်းသို့ သွားသောအခါ ဘုရားကျောင်းပဲ သွားပါသည်။ ဗုဒ္ဓဘာသာ တရားရှုမှတ်သောအခါ ဗုဒ္ဓဘာသာ တရားရှုမှတ်မှုကိုပဲ ပြုလုပ်ပါသည်။
မေတ္တာတရား၊ အခြားသူများကို ကူညီခြင်းစသည့် တူညီသောအချက်များစွာ ရှိပါသည်။ အခြေခံအဆင့်တွင် ပဋိပက္ခမဖြစ်ပါ။ မေတ္တာတရား၊ ကုသိုလ်ဖြစ်လုပ်ငန်း၊ အခြားသူများကို ကူညီခြင်းတို့ကို ကျင့်သုံးပါက ကက်သလစ် ဘာသာဝင်ကောင်းရော ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပါ ဖြစ်နေပါသည်။ သို့သော် နောက်ဆုံးတွင် တစ်ခုခု ရွေးချယ်ရပါမည်။ သို့သော် ကြီးမားသော ဘာသာရေး တိုးတက်မှု ဖြစ်လာအောင် အပြည့်အဝ အားထုတ်ဖို့ အသင့်ဖြစ်မှသာ ထိုသို့ရွေးချယ်ရပါမည်။ အဆောက်အအုံ တစ်ခု၏ အပေါ်ဆုံးထပ်ကို သွားလိုပါက တစ်ချိန်တည်းတွင် လှေကားနှစ်ထစ် နင်း၍မရပါ။ ဤဥပမာက အလွန်အထောက်အကူ ပြုပါသည်။ အောက်ထပ်ခန်းမကဲ့သို့ အခြေခံအဆင့်တွင် လုပ်ကိုင်ဆောင်ရွက်နေပါက အဆင်ပြေပါသည်။ စိုးရိမ်နေစရာ မလိုပါ။ နှစ်ခုစလုံးမှနေ၍ အကျိုးရှိနိုင်ပါသည်။
နေရာမှားယွင်းသော သစ္စာရှိမှုကို ရှောင်ရှားခြင်း
ဘဝတွင် ဗုဒ္ဓဘာသာကို အသုံးချရာ၌ ကျွန်ုပ်တို့၏ မူလဘာသာများကို ဆိုးရွားနိမ့်ကျသည်ဆိုပြီး မပယ်ရှားဖို့ သတိထားရန် လိုပါသည်။ ထိုသို့ပြုပါက အမှားကြီးမှားပါသည်။ ထိုအခါ နမူနာအားဖြင့် ကျွန်ုပ်တို့သည် အစွန်းရောက် ဗုဒ္ဓဘာသာဝင်၊ အစွန်းရောက် ကက်သလစ် ဘာသာဝင် ဖြစ်လာနိုင်ပါသည်။ ကွန်မြူနစ်ဝါဒ၊ ဒီမိုကရေစီတို့တွင် ထိုကဲ့သို့ ဖြစ်တတ်ကြပါသည်။ နေရာမှားယွင်းသော သစ္စာရှိမှုဟု ခေါ်သည့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ကြီးစိုးလာပါသည်။ ကျွန်ုပ်တို့မိသားစု၊ နောက်ခံသမိုင်း စသည်တို့ကို သစ္စာရှိလိုစိတ် ရှိနိုင်ပါသည်။ ထို့ကြောင့် ကက်သလစ်ဘာသာကို ပယ်ရှားထားသော်လည်း ထိုဘာသာကို သစ္စာရှိလိုပါသည်။ ကျွန်ုပ်တို့ နောက်ခံသမိုင်းကို သစ္စာမဲ့ပြီး ဆိုးရွားသည်ဟူ၍ ငြင်းပယ်ပါက ကျွန်ုပ်တို့ လုံးဝမကောင်းပါဟု ခံစားလာရပါသည်။ ဤသည်မှာ အလွန်ပင် စိတ်မသက်သာစရာ ဖြစ်သောကြောင့် ကျွန်ုပ်တို့ သစ္စာရှိနိုင်မည့် နောက်ခံသမိုင်းကြောင်းထဲမှ တစ်ခုခုကို ရှာဖွေရမည်ဟု မသိစိတ်က ခံစားရပါသည်။
ထိုသို့ဖြစ်တတ်မှုသည် ကျွန်ုပ်တို့၏ နောက်ခံသမိုင်းမှ အကျိုးသိပ်မရှိသော အစိတ်အပိုင်းအချို့ကို မသိစိတ်မှ သစ္စာရှိရန် ဖြစ်တတ်ပါသည်။ ဥပမာ၊ ကက်သလစ်ဘာသာကို ကျွန်ုပ်တို့ ပယ်ရှားနိုင်သော်လည်း ဗုဒ္ဓဘာသာထဲသို့ ကြီးစွာသော ကြောက်ရွံ့မှု ဖြစ်လာပါသည်။ ကျွန်ုပ်၏သူငယ်ချင်း တစ်ယောက်မှာ အလွန်ကိုင်းရှိုင်းသော ကက်သလစ် ဘာသာဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာသို့ အခိုင်အမာ ပြောင်းလဲလာပါသည်။ ထို့နောက် ‘‘ကက်သလစ် ဘာသာကို စွန့်လွှတ်ခဲ့တယ်။ အခု ကက်သလစ်ဘာသာက ငရဲကို သွားရတော့မယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး ကက်သလစ် ဘာသာကို ပြန်ဝင်ရင်လည်း ဗုဒ္ဓဘာသာက ငရဲကို သွားရလိမ့်မယ်။’’ ဆိုပြီး တည်ရှိမှု အကျပ်အတည်း ဖြစ်လာပါသည်။ ဤသည်မှာ နောက်နေသည်ဟု ထင်ရသော်လည်း သူ့အတွက် အတော် အလေးအနက်ထားရသည့် ပြဿနာ ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ကက်သလစ်ဘာသာမှ ဗုဒ္ဓဘာသာ ကျင့်ကြံမှုထဲသို့ သဘောထား အချို့ကို မကြာခဏ မသိစိတ်မှ ယူလာပါသည်။ အဖြစ်အများဆုံးမှာ အပြစ်ရှိကြောင်း ခံစားရမှု၊ အံ့ဖွယ်အစွမ်းများ ရှာဖွေမှု၊ အခြားသူများ ကယ်တင်မည်ကို ရှာဖွေမှုတို့ ဖြစ်ပါသည်။ မကျင့်ကြံပါက ကျင့်ကြံသင့်သည်ဟု ခံစားရပြီး မကျင့်ကြံပါက အပြစ်ရှိသလိုခံစားရပါသည်။ ဤစိတ်ကူးများမှာ အားလုံး အကျိုးပြုသည်တော့ မဟုတ်ပါ။ ထိုသို့ ပြုလုပ်မိသောအခါ သတိပြုမိရန် လိုပါသည်။ ကျွန်ုပ်တို့၏ နောက်ခံသမိုင်းကို ပြန်ကြည့်ကာ အပြုသဘောများကို အသိအမှတ်ပြုရန် လိုပါသည်။ သို့မှသာ အပျက်သဘောအချက်များထက် အပြုသဘောများကို သစ္စာရှိနိုင်ပါမည်။ ‘‘အပြစ်ရှိမှုနဲ့ အံ့ဖွယ်အစွမ်း ရှာဖွေမှုတို့ ရရှိလာတယ်။’’ ဟု တွေးမနေဘဲ ‘‘ကက်သလစ် အစဉ်အလာအရ မေတ္တာ၊ ကုသိုလ်ဖြစ်လုပ်ငန်း၊ ကံမကောင်းသူတွေကို ကူညီတာတွေ ရရှိလာတယ်။’’ ဟုတွေးနိုင်ပါသည်။
ကျွန်ုပ်တို့မိသားစုများနှင့် ပတ်သက်လျှင်လည်း ထိုနည်းအတိုင်း ပြုလုပ်နိုင်ပါသည်။ သူတို့ကို ငြင်းပယ် နိုင်သော်လည်း သိစိတ်ဖြင့် သူတို့၏ အပြုသဘောများကို သစ္စာရှိရမည့်အစား မသိစိတ်ဖြင့် သူတို့၏ အပျက်သဘော အစဉ်အလာများကို သစ္စာရှိနေပါသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ကက်သလစ် နောက်ခံသမိုင်းက ပေးထားသည့် အချက်များကို အလွန်ကျေးဇူးတင် အသိအမှတ်ပြုပါက ကျွန်ုပ်တို့၏ အတိတ်နှင့် ပဋိပက္ခမဖြစ်ဘဲ၊ ကျွန်ုပ်တို့၏ တိုးတက်မှုကို အမြဲနှောင့်ယှက်မည့် အပျက်သဘော ခံစားချက်များ မပါဝင်ဘဲ ကိုယ်ပိုင်လမ်းကြောင်းကို ဆက်သွားနိုင်ပါသည်။
ဤအချက်၏ စိတ်ပိုင်းဆိုင်ရာ မှန်ကန်မှုကို နားလည်အောင်ကြိုးစားရန် အရေးကြီးပါသည်။ မိသားစု၊ မွေးကတည်းက ကိုးကွယ်သောဘာသာတရား စသည့် ကျွန်ုပ်တို့၏ အတိတ်ကို အပျက်သဘောဟု ပြန်တွေးပါက မိမိကိုယ်ကို အပျက်သဘောထားများ ရှိလာတတ်ပါသည်။ တစ်ဖက်တွင်မူ ကျွန်ုပ်တို့၏ နောက်ခံသမိုင်းနှင့် ကျွန်ုပ်တို့၏ အတိတ်မှ အပြုသဘောများ အသိအမှတ် ပြုနိုင်ပါက မိမိကိုယ်ကို အပြုသဘောထားများ ရှိလာတတ်ပါသည်။ ထိုအခါ မိမိ၏ ဘာသာရေးလမ်းကြောင်းတွင် များစွာပိုမိုတည်ငြိမ်လာပါတော့သည်။
အကျဉ်းချုပ်
ကျွန်ုပ်တို့သည် တဖြည်းဖြည်း အဆင့်ဆင့် လုပ်ဆောင်ရန်လိုပါသည်။ အဆင့်မြင့် တရားတော်များအကြောင်း ဖတ်ရှုကြားသိသောအခါ အတိတ်က ဆရာတော်ကြီးများက ‘‘တရားတစ်ပုဒ်ကို ကြားလိုက်တာနဲ့ ချက်ချင်းလေ့ကျင့်ပါ။’’ ဟု ဆိုထားသည့်တိုင် ကျွန်ုပ်တို့အတွက် အရမ်း အဆင့်မြင့်နေသလား၊ ယခုကျင့်သုံးနိုင်သလား ဆိုသည်ကို ဆုံးဖြတ်ရန် လိုပါသည်။ အရမ်း အဆင့်မြင့်နေပါက ကျင့်သုံးနိုင်အောင် မိမိကိုယ်ကို ပြင်ဆင်ရန်လိုအပ်မည့် အဆင့်များကို ခွဲထုတ်ရပါမည်။ ထို့နောက် ထိုအဆင့်များအတိုင်း လိုက်နာရပါမည်။ အတိုချုပ်အားဖြင့်ဆိုသော် ကျွန်ုပ်၏ဆရာတစ်ပါးဖြစ်သော ဂဲရှိ ငါဝမ် ဒါဂယေ ပြောသလိုပင် ‘‘စိတ်ကူးယဉ် နည်းလမ်းများကို ကျင့်ကြံပါက စိတ်ကူးယဉ် ရလဒ်များ ရပါမည်။ လက်တွေ့နည်းလမ်းများ ကျင့်ကြံပါက လက်တွေ့ရလဒ်များ ရပါမည်။’’ ဖြစ်ပါသတည်း။