ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ ဘဝနှင့်ပတ်သက်သောအမြင်

နေ့စဉ်ဘဝတွင် အရေးအကြီးဆုံးမှာ ဖျက်ဆီးတတ်သော အပြောအဆို၊ အပြုအမူနှင့် အတွေးများအားလုံးကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ အပြုသဘော အကောင်းမြင်တတ်အောင် တတ်နိုင်သမျှကြိုးစားရန်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် အမှန်တရားနှင့် အကြောင်း၊ အကျိုးဆက်စပ်နေသော အပြုအမူများကို ရှုပ်ထွေးမှုမရှိအောင် ဖယ်ရှားခြင်းဖြင့် စိတ်ဖြူစင်ရန် လိုပါသည်။ ဘဝကို ဤနည်းဖြင့်နေထိုင်သွားပါက ဘဝတွင် ဗုဒ္ဓဘာသာဝင်တစ်ယောက်၏အမြင် ရှိလာပြီ ဖြစ်ပါသည်။

ကျွန်ုပ်တို့ခေါင်းစဉ်ဖြစ်သည့် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ ဘဝနှင့်ပတ်သက်သောအမြင် သည် ဗုဒ္ဓဘာသာ တရားတော်များကို နေ့စဉ်ဘဝတွင် အသုံးချပုံအကြောင်း ဖြစ်ပါသည်။ ထိုတရားတော်များက ကျွန်ုပ်တို့အတွက် အမှန်တကယ် ဘာကိုဆိုလိုပါသလဲ။ ဒါက အလွန်ပင် အရေးကြီးပါသည်။ တရားတော်များကို လေ့လာမှတ်သားပြီး နေ့စဉ်တရားရှုမှတ်ကျင့်ကြံသော်လည်း ယင်းတို့ကို နေ့စဉ်ဘဝတွင် ဘယ်လို ဆက်စပ်မလဲဆိုသည်မှာ သိပ်မရှင်းလင်းပါ။ လက်တွေ့ကျကျ ဘာကိုဆိုလိုပါသလဲ။ ဘဝကို ဘယ်လို ပြောင်းလဲစေသလဲ သို့မဟုတ် တစ်ဦးချင်းအနေနှင့် ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။ ဗုဒ္ဓဘာသာကျင့်ကြံမှုသည် ဝါသနာ သို့မဟုတ် ဘဝအခက်အခဲများမှ ထွက်ပေါက်အနေနှင့် အပိုဆောင်ရွက်ရသောအရာ တစ်ခုလား။ ကောင်းမွန်လှပသော ပုံရိပ်ဖော်မှု သို့မဟုတ် စိတ်ကူးယဉ်မှုတစ်ခုခုကို မျှော်ကြည့်ရမှာလား။ သို့တည်းမဟုတ် ကျွန်ုပ်တို့၏ကျင့်ကြံမှုက အလွန်အသုံးဝင်သော အရာတစ်ခုဖြစ်ပြီး ဘဝတွင် အမှန်ပင် အထောက်အကူ ပြုမှာလား။ မည်သို့ဆိုစေ ဗုဒ္ဓဘာသာ တရားတော်များ၏ ဦးတည်ချက်မှာ ထိုအတိုင်းဖြစ်ပြီး ကျွန်ုပ်တို့ဘဝတွင် ဆင်းရဲဒုက္ခနှင့် ပြဿနာများ ကျော်လွှားနိုင်စေရန် ဖြစ်ပါသည်။


အထောက်အကူပြုသော လမ်းညွှန်ချက်

နေ့စဉ်ဘဝတွင် တရားတော်များ အသုံးချရန်အတွက် အထောက်အကူပြု လမ်းညွှန်အနေနှင့် တိုတောင်းသည့် ဆုတောင်းစကား တစ်ခုဖြင့် တွေ့မြင်နိုင်ပါသည်။ စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် ကျင့်ကြံမှုသုံးရပ် ဟု ခေါ်ပါသည်။ တရားတော်အများစု မစတင်မီ ရွတ်ဖတ်လေ့ ရှိပါသည်။ ထိုဆုတောင်းစကား စာသားမှာ-

အပျက်သဘော တစ်ခုမျှ မကျူးလွန်နှင့်။ အပြုသဘောကို ခိုင်မာစွာ ဆောင်ရွက်ပါ။ စိတ်ကို အပြည့်အဝ ဖြူစင်အောင် ထားပါ။ ဤသည်မှာ ဘုရားရှင်၏ဩဝါဒ ဖြစ်ပါသည်။

ဤစကားမှာ ဗုဒ္ဓဘာသာ တရားတော်များ၏ အဓိကအရေးအကြီးဆုံး အချက်သုံးချက် ဖြစ်ပါသည်။ ပထမစာကြောင်း ဖြစ်သည့် အပျက်သဘော တစ်ခုမျှ မကျူးလွန်နှင့် ဆိုရာတွင် အပျက်သဘော ဆိုသည်မှာ မိမိကိုယ်ကို ပျက်စီးစေသော အရာ၊ အခြားသူများကို ပြဿနာများ၊ ဝမ်းနည်းမှုများ ဖြစ်စေပြီး ရေရှည်တွင် ကျွန်ုပ်တို့ကို ဖြစ်စေသော အရာကို ဆိုလိုပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကျင့်ကြံမှုအတွက် ပထမအချက်သည် အခြားသူများနှင့် မိမိကိုယ်ကို အန္တရာယ် မပေးရန် ဖြစ်သည်။ ဒုတိယစာကြောင်းဖြစ်သည့် အပြုသဘောကို ခိုင်မာစွာ ဆောင်ရွက်ပါ ဆိုရာတွင် အပြုသဘော ဆိုသည်မှာ အခြားသူများနှင့် ကျွန်ုပ်တို့အတွက် အကောင်းများဖြစ်စေပြီး ပျော်ရွှင်စေသော အရာကို ဆိုလိုပါသည်။

ထိုသို့ပြုလုပ်ရန်အတွက် တတိယစာကြောင်းက စိတ်ကို အပြည့်အဝ ဖြူစင်အောင် ထားပါ ဟု ဆိုပါသည်။ ဤအချက်က ကျွန်ုပ်တို့၏ အပျက်သဘောနှင့် အပြုသဘော ဆောင်ရွက်ချက်များ၏ ရင်းမြစ်ကို ဖော်ပြနေပါသည်။ မကောင်းတာ ရှောင်ရှားပြီး ကောင်းတာ ဆောင်ရွက်ရန်အတွက် ကိုယ်တိုင် ကြိုးစားအားထုတ်ရပါမည်။ ကျွန်ုပ်တို့၏ သဘောထားများ၊ စိတ်ခံစားချက်များ၊ စိတ်မှပေါ်ထွက်လာသော အရာများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သဘောထားများနှင့် စိတ်ခံစားချက်များသည် အခြားသူများကို ကျွန်ုပ်တို့က ဆက်စပ်ပုံ၊ ဘဝတွင် ကျွန်ုပ်တို့ ပြုမူ၊ ပြောဆို၊ တွေးတောပုံတို့ အပေါ်၌ သက်ရောက်မှု ရှိလာပါမည်။ ထို့ကြောင့် နောက်ဆုံးစာကြောင်းက ဤသည်မှာ ဘုရားရှင်၏ဩဝါဒ ဖြစ်ပါသည် ဟု ဆိုထားပါသည်။

အမှန်တရားကို နားလည်သဘောပေါက်ခြင်း

ပို၍နက်နဲစွာ လေ့လာပါက ကျွန်ုပ်၏ ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါး မိန့်ကြားသလိုပင် ဗုဒ္ဓဘာသာတွင် အခြေခံ နည်းလမ်းမှာ အမှန်အတိုင်း လက်တွေ့ကျရန် ဖြစ်ပါသည်။ အမှန်တရားကို သိရှိကာ လက်တွေ့ကျသောနည်းဖြင့် ဖြေရှင်းခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် ကျွန်ုပ်တို့၏ အပြုအမူနှင့် အရာရာအပေါ် နားလည်မှုတို့ကို အမှန်တရားပေါ်၌ အခြေခံရန် လိုပါသည်။

အမှန်တရား ဆိုတာဘာလဲ။ အမှန်တရား ဆိုသည်မှာ အကြောင်းနှင့် အကျိုး သို့မဟုတ် ‘‘မှီပြီးဖြစ်ပေါ်လာခြင်း’’ ဟု ခေါ်ဆိုလေ့ ရှိပါသည်။ အရာရာသည် အကြောင်းနှင့် အကျိုးဆက်စပ်မှုအရ မှီခိုပြီး ဖြစ်ပျက်ပေါ်ထွက်လာပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ အပျက်သဘော သို့မဟုတ် အပြုသဘော ဆောင်ရွက်ချက်များသည် အကြောင်းတရား များကြောင့် ပေါ်ပေါက်လာပါသည်။ ကျွန်ုပ်တို့၏ အပြုအမူကို လေ့လာပါက ပြဿနာ ဖြစ်စေခြင်း သို့မဟုတ် ပိုမိုပျော်ရွှင်စေကာ မိမိကိုယ်ကိုရော အခြားသူများကိုပါ အကျိုးဖြစ်ထွန်းစေခြင်း ရှိသည်ကို တွေ့ရပါသည်။ သို့သော် မိမိ၏ အပြုအမူကို အကဲဖြတ်မှုမပါဘဲ ကြည့်ရန်လိုပါသည်။ အကဲဖြတ်မှုမပါဘဲဆိုသည်မှာ ဘဝတွင် ဖြေရှင်းသည့်ပုံစံနှင့် ပတ်သက်လျှင် အလွန်အရေးကြီးပါသည်။

ဗုဒ္ဓဘာသာကျင့်ဝတ်စည်းကမ်းသည် နတ်ဒေဝါအချို့ကို သတ်မှတ်ထားသော ဥပဒေအတိုင်း လိုက်နာရခြင်းမျိုး မဟုတ်ပါ။ ဥပဒေပညာရှင် သို့မဟုတ် အစိုးရက သတ်မှတ်ပေးထားခြင်းလည်း မဟုတ်ပါ။ အဆိုပါဥပဒေများပေါ်တွင် အခြေခံသော ကျင့်ဝတ်စည်းကမ်းများ ဖြစ်ပါက အကဲဖြတ်မှုများ ရှိနေပါမည်။ ဥပဒေစည်းကမ်းများ လိုက်နာပါက လူကောင်းဟု သတ်မှတ်ခံရပြီး သူကောင်းပြုခံရသည်။ မလိုက်နာပါက၊ တစ်နည်းဆိုသော် ဥပဒေချိုးဖောက်ပါက လူဆိုးဟု သမုတ်ကာ အပြစ်ဒဏ်နှင့် ထိုက်တန်ပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာကျင့်ဝတ်စည်းကမ်း သို့မဟုတ် ဘဝတွင် ဗုဒ္ဓဘာသာပုံစံဖြင့် နေထိုင်ခြင်း မဟုတ်ပါ။ မိမိကိုယ်ကို အကဲဖြတ်မိသည်ကို သတိပြုမိသောအခါ ဤအချက်ကို သဘောပေါက်ရန် အရေးကြီးပါသည်။ ထို့ပြင် မိမိကိုယ်ကို အကဲဖြတ်မှုကို ရပ်တန့်ရန် ကြိုးစားထားရှိရမည့် သဘောထားပိုင်းဆိုင်ရာ နက်ရှိုင်းသော အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ဆိုးသည်၊ လူကောင်းမဟုတ်ပါ၊ သိပ်မကောင်းပါ သို့မဟုတ် ဆိုးရွားသောအရာကို လုပ်ခဲ့မိသည် စသည်ဖြင့် တွေးမိခြင်း ဖြစ်ပါသည်။

ထိုသို့မဟုတ်ဘဲ အကြောင်းအကျိုးနှင့် ဆက်စပ်ပြီး ဘဝတွင် ရှုမြင်ဖြေရှင်းရန် လိုပါသည်။ ပြဿနာ ဖြစ်လာပြီး ရှုပ်ထွေးသွားပါက အကြောင်းတရားနှင့် အခြေအနေများကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ဆိုးသောကြောင့် မဟုတ်ပါ။ ပိုလေးနက်စွာ လေ့လာပါက အခြေအနေနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ ရှုပ်ထွေးနေသည်ကို တွေ့ရပါမည်။ နားလည်သဘောပေါက်မှုလည်း မရှိပါ။ တကယ်တော့ အားလုံးမှာ မှန်းဆချက်များ ဖြစ်နေပါသည်။ အရာရာကို ကျွန်ုပ်တို့ ပုံကြီးချဲ့လိုပြီး အဓိပ္ပာယ် မရှိသောအရာအားလုံးဖြင့် မိမိကိုယ်ကိုရော၊ အနီးဝန်းကျင်မှ လူများရော၊ အခြေအနေများကိုပါ မှန်းဆပါသည်။ ထို့နောက် ထိုမှန်းဆချက်များက အမှန်တရားနှင့် ဆိုင်သည်ဟု ယုံကြည်လာတတ်ပါသည်။ တကယ်တော့ ထိုသို့မသက်ဆိုင်ပါ။ ကိုယ့်ကိုယ်ကိုယ် လေ့လာဆန်းစစ်ကာ ဘာကြောင့် အပျက်သဘော ပြုမူသည်ကို ကြည့်ပါက အခြေအနေတွင် ပါဝင်သောအရာတိုင်းအတွက် အဓိပ္ပာယ် မရှိသော မှန်းဆချက်များ ရှိထားကြောင်း၊ ထိုမှန်းဆချက်များအတိုင်း တုန့်ပြန်မိကြောင်း တွေ့ရလေ့ရှိပါသည်။

သစ္စာနှစ်ချက်

ဒလိုင်းလားမားဆရာတော်ကြီးက လူတို့၏ဘဝ ပြဿနာနည်းသွားအောင် သူတို့ကို ကူညီနိုင်မည့် အတွင်ကျယ်ဆုံး နည်းကို မကြာသေးမီက အများကြီး ဟောကြားထားပါသည်။ ဆရာတော်က ဗုဒ္ဓဘာသာ ပရိသတ်ကိုသာ ကန့်သတ်ဟောကြားခြင်း မဟုတ်ဘဲ သူ၏အလေးထားမှုအတိုင်း အားလုံးနှင့် သက်ဆိုင်အောင် ဟောပါသည်။ ဆရာတော်က ကျွန်ုပ်တို့သည် သစ္စာနှစ်ချက်ကို စတင်နားလည်ရမည်ဟု ဆိုပါသည်။ ဒါက အခြေခံ အကျဆုံးဖြစ်သည်။ သစ္စာနှစ်ချက်ကို အလွန်အဆင့်မြင့်စွာ ကြည့်ရန်မလိုပါ။ လူတိုင်းဆက်စပ်နိုင်မည့် ပိုပြီး အခြေခံကျသောနည်းဖြင့် ကြည့်ရန်ဖြစ်ပါသည်။ တစ်ဖက်တွင် ပုံကြီးချဲ့မှုကို အခြေခံသည့် ကျွန်ုပ်တို့၏ မှန်းဆချက်များ သို့မဟုတ် ထင်ရာမြင်ရာ စိတ်ကူးမှုများ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်မူ အမှန်တရား ရှိနေသည်။ ဤနှစ်ချက်မှာ သစ္စာ နှစ်ချက် ဖြစ်ပါသည်။

ရှုပ်ထွေးနေသောစိတ်တွင် ထိုမှန်းဆချက်များကို အမှန်ဟု ထင်ရပါသည်။ ‘‘ငါက အရှုံးသမားပဲ။ မကောင်းဘူး။ ဘယ်သူမှ ငါ့ကိုမချစ်ဘူး။’’ သို့မဟုတ် ဟင်းချက်ရင်း တူးသွားသောအခါဖြစ်စေ၊ စားသောက်ဆိုင်တွင် စားချင်သောအစားအစာ ကုန်သွားလျှင် ဖြစ်စေ၊ ကားလမ်းပိတ်ပြီး အိမ်ပြန်မရောက်တော့ဘူးဟု တွေးမိလျှင် ဖြစ်စေ ‘‘ဒါဟာ ကမ္ဘာမှာ အဆိုးဆုံး ဘေးအန္တရာယ်ပဲ’’ စသည်တို့ ဖြစ်ပါသည်။ ဤသည်မှာ ဖြစ်လာသမျှ အဆိုးရွားဆုံးအရာများဟု ပုံကြီးချဲ့ကာ မှန်းဆသည်။ ဥပမာ၊ ကားလမ်းပိတ်ခြင်းက ထာဝရ ဖြစ်နေမည်ဟု ထင်နေပါသည်။ ကျွန်ုပ်တို့သည် ထိုမှန်းဆချက်များကို အမှန်ဟုယူဆပါသည်။ ရှုပ်ထွေးနေသောစိတ်က မှားယွင်းစွာ အမှန်ဟု ယူဆချက်သည် အစဉ်အလာသစ္စာ ဖြစ်နေပါသည်။

ထို့နောက် အမှန်တရားဆိုသည့် အနက်ရှိုင်းဆုံး သစ္စာ ရှိပါသည်။ အမှန်တရားမှာ ကားလမ်းပိတ်ခြင်းသည် အကြောင်းတရားနှင့် အခြေအနေများကြောင့် ဖြစ်သည်။ လူသွားလူလာ များချိန်ဖြစ်နေပြီး အားလုံးက အိမ်ပြန်ရောက်ချင်နေကြသည်။ ဘာကို ကျွန်ုပ်တို့ မျှော်လင့်မလဲ။ ဆောင်းရာသီတွင် အေးသည်ဟု ငြီးတွားသည်နှင့် တူပါသည်။ ဘာကိုများ မျှော်လင့်နေမလဲ။ ဆောင်းရာသီက ဤသို့ပင် ဖြစ်နေပါသည်။

သစ္စာနှစ်ချက်အကြား ခွဲခြားနိုင်စွမ်း ရှိရန်လိုပါသည်။ ပုံကြီးချဲ့ပြီး အဓိပ္ပာယ် မရှိသောအရာကို မှန်းဆနေသည်ဟု သတိပြုမိသောအခါ ဤအဓိပ္ပာယ် မရှိသောအရာကို ပယ်ဖျက်ရပါမည်။ လိုရင်းပြောရလျှင် ဘဝတွင် ဖြစ်ပျက်သမျှကို နားလည်ရန်အတွက် သစ္စာနှစ်ချက်အကြား ကွဲပြားမှုကို နားလည်ရန်နှင့် ဤနားလည်မှုကို ဘဝတွင် ပေါင်းစပ်ရန် လိုပါသည်။ ဤအချက်က အထူးအရေးကြီးပါသည်။

အထက်ပါ ဆုတောင်းစကား၏ နောက်စာကြောင်းတွင် ဤအချက်ကို ဖော်ပြထားပါသည်-

ကြယ်တာရာများ၊ ပုံရိပ်ယောင်၊ (ဝှေ့ရမ်းနေသော) မီးတုတ်၊ ထင်ယောင်ထင်မှားဖြစ်မှု၊ နှင်းစက်များ၊ ရေပွက်၊ အိပ်မက်၊ လျှပ်ပြက်ခြင်း သို့မဟုတ် မိုးတိမ်များလိုပင် သက်ဆိုင်ရာ အဖြစ်အပျက်ကို သဘောထားလိုက်ပါ။

ဘဝတွင် ပုံကြီးချဲ့ပြီး မှန်းဆမိသောအခါ၊ မပြောပလောက်သောအရာ သို့မဟုတ် ဘာမှမဟုတ်သောအရာကို ရေးကြီးခွင်ကျယ် လုပ်မိသောအခါ သတိပြုမိရန် လိုပါသည်။ အလွန်မှန်သည်ဟု ထင်ရသောအရာက ထင်ယောင်ထင်မှား ဖြစ်မှု၊ အိပ်မက်၊ ရေပွက် စသည်နှင့်တူသည်ကို သတိပြုမိရန် လိုပါသည်။ တကယ်မြင်ရသောအရာကဲ့သို့ အမှန်မဟုတ်ပါ။ ထို့ကြောင့် အမှန်တရားနှင့် သက်ဆိုင်သည်ဟု မယုံကြည်တော့ပါ။ ထိုသို့မယုံကြည်သည်မှာ ကျွန်ုပ်တို့၏ စိတ်ကူးယဉ်မှု ပူဖောင်းကို ဖောက်လိုက်သည်နှင့် တူပါသည်။

မှန်းဆချက်

အခြေခံအားဖြင့် မှန်းဆချက် နှစ်မျိုးရှိပါသည်။ အချို့မှာ အသုံးဝင်ပြီး အချို့မှာ ပျက်စီးစေပါသည်။ မည်သည့် မှန်းဆချက်များက အသုံးဝင်ပါသနည်း။ ကျွန်ုပ်တို့ထံတွင် အပြုသဘော သို့မဟုတ် မည်သည့်ဘက်မှမလိုက်သော ကြံရွယ်ချက် ရှိနိုင်ပါသည်။ ဥပမာ၊ ခရီးတစ်ခုသွားရန် ကြံစည်ထားနိုင်ပါသည်။ ဤနေရာမှ ထိုနေရာသို့ ခရီးသွားပြီး ရှေ့ဆက်ရန် တွေးပါသည်။ ဤသည်မှာ မှန်းဆချက်ဖြစ်သည်။ ဤအရာ သို့မဟုတ် ထိုအရာ ဆောင်ရွက်မည်။ ဤပစ္စည်း သို့မဟုတ် ထိုပစ္စည်းကို ယူမည်။ ကြိုတင်မှာထားမည် စသည်တို့ ဖြစ်ပါသည်။ ဤသို့သော မှန်းဆချက်မျိုးသည် လုပ်ရိုးလုပ်စဉ်အလုပ် သို့မဟုတ် စတိုးဆိုင်ထဲ သွားဝယ်မည့် ဈေးဝယ်ရန်စာရင်းတို့နှင့် တူပါသည်။ တစ်ခုခု ပြုလုပ်ရန် ကြံရွယ်သော၊ တစ်ခုခု ဆောင်ရွက်ပုံအတွက် အစီအစဉ်စသည်တို့မှာ မှန်းဆချက်များ ဖြစ်ပါသည်။ အလုပ်တွင် ယခုနှစ်အတွက် ဆောင်ရွက်မည့်အရာကို အစီအစဉ်ချသောအခါ တစ်ခါတစ်ရံ ထို့သို့ ပြုလုပ်တတ်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ မှန်းဆထားသော အစီအစဉ်သည် အိပ်မက်နှင့်တူသည်ကို သဘောပေါက်ရန် လိုပါသည်။ လက်တွေ့ အဆင့်တွင် ထိုအချက်က ဘာကိုဆိုလိုပါသလဲ။ ပြုလွယ်ပြင်လွယ်ရှိရန် ဆိုလိုပါသည်။ ဤသည်မှာ ဆုတောင်းစာထဲမှ သက်ဆိုင်ရာ အဖြစ်အပျက် ဖြစ်ပါသည်။ အကြောင်းတရားနှင့် အခြေအနေများကြောင့် သက်ဆိုင်ပါသည်။ ‘‘ချမှတ်ထားသော အဖြစ်အပျက်’’ ဟု တစ်ခါတစ်ရံခေါ်ပါသည်။ အရာရာသည် အကြောင်းတရားနှင့် အခြေအနေများပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် အစီအစဉ်တစ်ခု ဆွဲသောအခါ အကြောင်းတရားနှင့် အခြေအနေများက အခြေအနေကို သက်ရောက်ပါသည်။ အပြောင်းအလဲ ရှိနိုင်ပါသည်။ ပြောင်းလဲမှု နမူနာတစ်ခုမှာ သတ်မှတ် လေယာဉ်ခရီးစဉ်တစ်ခုတွင် ထိုင်ခုံမရှိတော့ခြင်းမျိုး ဖြစ်သည်။ ထိုလေယာဉ်ကို စီးရန်စီစဉ်ထားသော်လည်း ကျွန်ုပ်တို့၏ အစီအစဉ်ကို ပြောင်းရန်လိုပါသည်။ ငြီးတွားပြီး ဝမ်းနည်းနေမည့်အစား အမှန်တရားကို လက်ခံလိုက်ရုံ ဖြစ်ပါသည်။ ဤအတိုင်းဖြစ်ရန် လေ့ကျင့်ထားရပါမည်။ မူလအစီအစဉ်တွင် အခက်အခဲ ရှိလာပြီး မူလအစီအစဉ်သည် ထင်ယောင်ထင်မှားဖြစ်မှု သို့မဟုတ် ဆုတောင်းစာထဲရှိ ရေပွက် သို့မဟုတ် အခြားနမူနာပေးထားမှုများနှင့် ဆင်တူကြောင်း ပြုလွယ်ပြင်လွယ်ရှိစွာ သဘောမပေါက်ပါက ယင်းကို ကျွန်ုပ်တို့ အခိုင်အမာဖက်တွယ်ထားမိပါသည်။
 
ထိုအခါ ဘာဖြစ်လာပါသလဲ။ မပျော်ရွှင်သော စိတ်အခြေအနေကို ဖြစ်လာစေပါသည်။ အလွန် ဒေါသထွက်လာသည်။ သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်လာသည်။ ကျွန်ုပ်တို့ကို သနားစရာ ဖြစ်လာအောင်လုပ်ပြီး အခြေအနေကို တစ်ခုမှ မပြောင်းလဲတော့ပါ။ ကားလမ်းပိတ်သောအခါ ဆဲဆိုနေပါက အကျိုးမရှိပါ။ ဟွန်းတီးနေလည်း ဘာမှဖြစ်မလာပါ။ တစ်ခုတည်းသော အထောက်အကူမှာ ကျွန်ုပ်တို့ မျှော်လင့်ထားသော အခြေအနေ ပြောင်းလဲသွားပြီဆိုသည့် အမှန်တရားကို လက်ခံရန် ဖြစ်ပါသည်။ ဥပမာ၊ သတ်မှတ်ချိန်တွင် ရောက်ရန် စီစဉ်ထားသည်။ ရထား မမီခြင်း သို့မဟုတ် ရထားနောက်ကျခြင်းတို့ ဖြစ်သည်။ ထိုအတွက် ကျွန်ုပ်တို့ ဘာမှမလုပ်နိုင်ပါ။ ဤသည်မှာ တရားတော်ကို ဘဝတွင် အသုံးဝင်သောပုံစံဖြင့် အသုံးချနည်း ဖြစ်ပါသည်။
 
အရာရာကိုစဉ်းစားရာတွင် မှန်သောနည်းနှင့် မှားသောနည်း ရှိသည်ကို နားလည်ရန်လိုပါသည်။ မှားသောတွေးနည်းမှာ အခြေအနေ အပြာင်းအလဲများနှင့် အမြဲတမ်း သက်ဆိုင်သောအရာ တစ်ခုခုကို တည်ငြိမ်ပြီး ပုံသေဖြစ်သည်ဟု တွေးမိခြင်း ဖြစ်သည်။ ပြုလုပ်ရမည့် အချို့အစီအစဉ်များလို ထင်မိခြင်း ဖြစ်သည်။ ထိုသို့တွေးမိသည်မှာ အဖြစ်များပါသည်။ အစီအစဉ်များကို ပြောင်းလဲရန် လိုအပ်ပြီး စီစဉ်ထားသလို ဖြစ်မလာသောအခါ ကျွန်ုပ်တို့၏ အစီအစဉ်များကို အသင့်ပြောင်းလဲရန် လိုပါသည်။ ကားလမ်း ပိတ်မိနိုင်သည် သို့မဟုတ် ချိန်းထားသူများက အစီအစဉ် ဖျက်နိုင်သည် စသည်ဖြင့် ဖြစ်ပါသည်။ ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း တွင် ရှန်တီဒေဝက ဤအတွက် အောက်ပါအတိုင်း အကောင်းဆုံး အကြံဉာဏ် ပေးထားပါသည်-

ကုစား၍ရနိုင်ပါက တစ်ခုခုအတွက် ဘာကြောင့်များ စိတ်ဆင်းရဲခံနေပါမည်နည်း။ ကုစား၍မရနိုင်ပါကလည်း ထိုအတွက် စိတ်ဆင်းရဲ၍ ဘာများအကျိုးထူးပါမည်နည်း။

ထိုအကြံဉာဏ်သည် အမှန်ပင် အခြေခံကျပါသည်။ ဘဝတွင် ရင်ဆိုင်ဖြေရှင်းနည်းတစ်ခုအဖြစ် ကျေညက်စွာ အသုံးချရန် လိုပါသည်။ ဘဝတွင် အခက်အခဲတစ်ခု ကြုံပြီး ပြောင်းလဲ၍ရနိုင်လျှင် ပြောင်းလဲလိုက်ပါ။ ပြောင်းလဲ၍မရသလို ဘာမှလည်း မတတ်နိုင်တော့ပါက ဝမ်းနည်းနေရန်မလိုပါ။ ဥပမာ၊ ခရီးသွားရင်း ခရီးဆောင်အိတ် ပျောက်သွားသည်။ တစ်ရက်၊ နှစ်ရက် ကြာသည်အထိလည်း ပြန်မရတော့ပါ။ ထိုအမှန်တရားကို လက်ခံလိုက်ရုံသာ ရှိပါသည်။

သီတင်းပတ် အနည်းငယ်အကြာက အလွန်စိတ်ဝင်စားစရာတစ်ခု ကြုံရပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက ဟောကြားသည့် ဟော်လန်ကို ကျွန်ုပ်သည် ခရီးသွားနေချိန် ဖြစ်သည်။ အမ်စတာဒမ်ကိုသွားရန် လေဆိပ်သို့ သွားပြီး အထဲဝင်ရန် တန်းစီစောင့်ဆိုင်းနေပါသည်။ ကွန်ပျူတာစနစ်က ချို့ယွင်းပြီး လူတန်းအရှည်ကြီး ဖြစ်နေသည်။ လူတိုင်းက လေယာဉ်ခရီးစဉ်ကို အချိန်မီ အထဲမဝင်နိုင်မည်ကို စိုးထိတ်နေကြပါသည်။ တစ်နေရာတွင် ကျွန်ုပ်ရှေ့မှလူများ သူတို့ လက်မှတ်များ၊ နိုင်ငံကူးလက်မှတ်များ ထုတ်ယူပါသည်။ ကျွန်ုပ်လည်း ထိုအတိုင်း လိုက်လုပ်ရာ ကျွန်ုပ်မှာ နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့သည်ကို သိလိုက်ပါသည်။ နိုင်ငံကူးလက်မှတ် မပါဘဲ အထဲဝင်မရနိုင်သလို ဂျာမနီ မှတ်ပုံတင်ကဒ်လည်း မရှိပါ။
 
ထိုသို့ဖြစ်သည်မှာ ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်ပါသည်။ ကျွန်ုပ်ဘာလုပ်သနည်း။ လေဆိပ်တွင် ရှိနေသည့်အတွက် တိုက်ခန်းကို ပြန်ပြီး နိုင်ငံကူးလက်မှတ် ယူကာ လေယာဉ်ခရီးစဉ်အမီ လေဆိပ်ကို ပြန်လာရန် လုံးဝမဖြစ်နိုင်တော့ပါ။ ထိုကိစ္စမျိုးအတွက် ကျွန်ုပ်ဝမ်းနည်းမိပါသလား။ ဝမ်းနည်းပါက အထောက်အကူ မဖြစ်ပါ။ ဒေါသထွက်မိသလား။ ဒါလည်း အထောက်အကူ မဖြစ်ပါ။ စုံစမ်းရေးစားပွဲကိုသွားပြီး နောက်လေယာဉ် ခရီးစဉ် ရှိ၊ မရှိမေးရာ ထိုလေဆိပ်မှ နောက်ထပ်ခရီးစဉ် မရှိပါ။ သို့သော် မြို့၏အခြားတစ်ဖက်ရှိ အခြားလေဆိပ်မှ ထိုနေ့ညတွင် နောက်ထပ်ခရီးစဉ်တစ်ခု ရှိပါသည်။ သို့ဆိုလျှင် ကျွန်ုပ်တက်ရောက်ရန် စီစဉ်ထားသည့် အခမ်းအနားကို မီချင်မှ မီပါတော့မည်။ ဘာလုပ်ရမလဲ။ ကျွန်ုပ်အိမ်ပြန်ပြီး အခြားခရီးစဉ်ကို ကြိုမှထားလိုက်သည်။ ထိုနေ့ညနေခင်းတွင် သွားလိုက်ပါတော့သည်။
 
ဤသို့ကြုံတွေ့ရမှုများမှာ ဘဝတွင် တရားတော်များကို ဘယ်လိုပေါင်းစပ်လိုက်သလဲဆိုသည့်အချက်ကို စမ်းသပ်ပါသည်။ ကိစ္စတစ်ခုလုံးအတွက် ဝမ်းနည်းပြီး ထိတ်လန့်နေမလား။ ဒေါသထွက်ပါကလည်း ကိုယ်တိုင်နာကျင်စေပြီး သနားစရာ ဖြစ်စေပါသည်။ အခြေအနေ အမှန်တရားကို ချက်ချင်းလက်ခံရန် လိုပြီး လုပ်ရမည့်အလုပ်ကို အာရုံစိုက်ရပါမည်။ ထိုနည်းဖြင့် လက်တွေ့အဆင့်တွင် ဘုရားရှင်၏ မမြဲခြင်း တရားတော်များကို ပေါင်းစည်းအသုံးချရန် လိုအပ်ပါသည်။ မှန်းဆချက်များဖြင့် စွဲလမ်းမနေသင့်ပါ။ ဥပမာ၊ လေယာဉ်ခရီးစဉ်တစ်ခု စီစဉ်ထားခြင်း၊ အမ်စတာဒမ် လေဆိပ်မှ ရိုတာဒမ်ကို ရထားဖြင့်သွားခြင်း၊ ညနေခင်း အခမ်းအနားကိုသွားခြင်း ဖြစ်ပါသည်။ ဤသည်မှာ အိပ်မက်တစ်ခုလို ဖြစ်နေပြီး ထိုသို့ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ယခုအခါ အခြားအစီအစဉ်တစ်ခု ပြုလုပ်ရပါသည်။

ဤသည်မှာ တရားရှုမှတ်မှုအတွက် အလွန်အခြေခံကျသော ညွှန်ကြားချက်နှင့် ဆိုင်ပါသည်။ မျှော်လင့်ချက် မထားရှိဘဲ တရားရှုမှတ်ရန် လိုပါသည်။

မျှော်လင့်ချက် မထားသောအခါ စိတ်ညစ်စရာများ မရှိလာတော့ပါ။ ထိုအချက်သည် ဗုဒ္ဓဘာသာကို လက်တွေ့အသုံးချရန် အလွန်အခြေခံကျသောအချက် ဖြစ်ပါ၏။

ကျွန်ုပ်၏အစ်မတွင် သားနှစ်ယောက်၊ မြေးလေးယောက် ရှိပါသည်။ သူ့သားများ သို့မဟုတ် မြေးများက သူ့ကို ဖုန်းဆက်မည်ဟု မျှော်လင့်မထားရန် သူ့ကိုအမြဲ တိုက်တွန်းရပါသည်။ ထိုသို့မျှော်လင့်ပါက သူတို့ကခေါ်မှာလည်း မဟုတ်သည့်အတွက် ကျွန်ုပ်တို့စိတ်ညစ်လာပါမည်။ တစ်ယောက်ယောက်နှင့် စကားပြောလိုပါက ကျွန်ုပ်တို့သည် သူတို့ကို ဖုန်းဆက်၍ရပါသည်။ အမှန်တရားကို လက်ခံလိုက်ပါက ရိုးရှင်းလှပါသည်။ ပြောင်းလဲနိုင်လျှင် ပြောင်းလဲပါ။ မပြောင်းလဲနိုင်ပါက ပြောင်းလဲ၍မရပါ။ ပျောက်သွားသော ခရီးဆော်ငအိတ်ကို ရောက်လာမည့်အချိန်ထက် စောပြီးလည်း ပြန်ရမည် မဟုတ်ပါ။ ထိုသို့ လက်ခံလိုက်ရပါသည်။
 
ထပ်ပြောရမည်ဆိုလျှင် မှန်းဆချက်နှစ်မျိုးရှိပါသည်။ တစ်ခုမှာ အထောက်အကူပြုပြီး အစီအစဉ်အချို့ ရေးဆွဲရန် မလိုပါ။ တစ်နေရာရာ သွားလိုပါက လေယာဉ်လက်မှတ်ကြိုမှာစရာ မလိုပါ။ သို့သော် အခြားကိစ္စများမှာ အထောက်အကူ မဖြစ်ရုံသာမက ပျက်စီးမှု ဖြစ်စေပါသည်။

ဆင်ခြင်သုံးသပ်ခြင်းနှင့် လက်တွေ့အသုံးချခြင်း

ပျက်စီးစေသော မှန်းဆချက်များကို မကြည့်မီ ကျွန်ုပ်တို့၏ အခြေအနေကို ခဏလောက် ဆင်ခြင်သုံးသပ်သင့်ပါသည်။ ကျွန်ုပ်တို့ မည်မျှ ပြုလွယ်ပြင်လွယ် ရှိပါသနည်း။ စီစဉ်ထားသည့်အတိုင်း အရာရာ ဖြစ်မလာသောအခါ မည်မျှဝမ်းနည်းပါသနည်း။ တစ်ခုခု ဖြစ်လာရန် ပုံသေအစီအစဉ်တစ်ခုတွင် မည်မျှ ပိတ်မိနေပါသနည်း။ ဥပမာ၊ ဤအလုပ်ကို ဤအချိန်တွင် အတိအကျ ပြီးရမည်။ သို့မဟုတ် စားသောက်ဆိုင်သွားပါက နှစ်သက်သော အစားအသောက်ကို အတိအကျ ရှိနေပြီး အမြန် ရရှိနိုင်ရမည်။ အစီအစဉ်နှင့် မျှော်လင့်ချက်အချို့တွင် ကျွန်ုပ်တို့ မည်မျှ တွယ်ငြိနေပါသနည်း။ စိတ်ပျက်မိသောအခါ မည်မျှ မနှစ်မြို့ဖွယ်ကောင်းသည်ကို သတိထားကြည့်ပါ။ ကျွန်ုပ်တို့၏ မျှော်လင့်ချက်များကြောင့် စိတ်ပျက်ရပါသည်။ ကျွန်ုပ်တို့ အစီအစဉ်သည် အရာရာ အမှန်တကယ် ဖြစ်လာသည့်ပုံစံ အမှန်တရားနှင့် ကိုက်ညီရပါမည်။

သို့သော် အရာရာသည် အကြောင်းတရားနှင့် အခြေအနေများပေါ်၌ မူတည်ပါသည်။ စားသောက်ဆိုင်များက ကိုယ်စားချင်သောအရာ မရှိတော့တာ ဖြစ်နိုင်ပါသည်။ ဤသည်မှာ အကြောင်းတရားနှင့် အခြေအနေများ ဖြစ်ပါ၏။ သင်မည်မျှ ပြုလွယ်ပြင်လွယ် ရှိသည်ကို မိနစ်အနည်းငယ် လေ့လာကြည့်ပါ။ ထိုအချက်ကို သင်ကြိုးစားရန် လိုပါသလား။ မမြဲခြင်းအကြောင်း လေ့လာရုံ၊ ဝင်လေထွက်လေကို အာရုံစိုက်ပြီး ထိုလေသည် မမြဲကြောင်း သဘောပေါက်ရုံမျှနှင့် မလုံလောက်ပါ။ ထိုသို့သဘောပေါက်သည်မှာ အလွန် ကောင်းသော်လည်း ဘဝတွင် ထိုအချက်ကို မည်ကဲ့သို့ အသုံးချပါသနည်း။ ထိုအချက်သည် မမြဲခြင်းအကြောင်း နားလည်သဘောပေါက်ရန် မရှိမဖြစ် အရေးပါလှပါသည်။
 
ပန်းကန်ပြားတစ်ချပ် ကျကွဲသွားသည့် လက်တွေ့ နမူနာကို စဉ်းစားကြည့်ပါ။ ထိုအတွက် သင့်စိတ်ခံစားချက်အရ တုံ့ပြန်မှုက ဘာလဲ။ ညစာချက်နေတုန်း တူးသွားသည်။ ထိုကိစ္စကို စိတ်ခံစားချက်အရ မည်သို့ဖြေရှင်းမည်နည်း။ ထိုအခါမျိုးတွင် ကျွန်ုပ်တို့၏ တိုးတက်မှု ပေါ်လွင်လာပါသည်။ ကွန်ပျူတာ သို့မဟုတ် ဖုန်းပေါ်တွင် တစ်ခုခု ကြိုးစားနေစဉ် အလုပ်မဖြစ်ပါ။ အခြားတစ်ခုကို ကြိုးစားကြည့်မလား။ သို့တည်းမဟုတ် ဝမ်းနည်းမိသလား။ ဆဲဆိုမိသလား။

ဤသည်မှာ တရားတော်များကို လက်တွေ့အသုံးချခြင်း ဖြစ်ပါသည်။ ထိုအခြေအနေများတွင် ကျွန်ုပ်တို့ ဝမ်းနည်းမိပြီး ဒုတိယ အစီအစဉ်ကို မပြောင်းလဲလိုက်နိုင်ပါက ဝမ်းနည်းလာပါသည်။ ဖုန်း၊ ကွန်ပျူတာ စသည်တို့တွင် တစ်ခုခု ဆောင်ရွက်ရန် အခြားနည်းလမ်းများ အမြဲရှိနေပါသည်။ ထိုသို့ဝမ်းနည်းလာပါက ထိုနယ်ပယ်များတွင် ကျွန်ုပ်တို့ ကြိုးစားရန်လိုနေသည်ကို ဖော်ပြနေပါသည်။

ပျက်စီးစေသော မှန်းဆချက်များ

ဖော်ပြခဲ့သည့်အတိုင်း မှန်းဆချက်နှစ်မျိုး ရှိပါသည်။ တစ်မျိုးမှာ အစီအစဉ်ဆွဲရန်အတွက် အသုံးဝင်ပြီး ကျန်တစ်ခုမှာ ပျက်စီးစေပါသည်။ ‘‘ငါကအရှုံးသမားပဲ။ ငါ့ကို ဘယ်သူမှ မကြိုက်ဘူး။ ဒီလူက အတော်ဆိုးတဲ့လူပေါ့ စသည်ဖြင့်’’ စိတ်ကူးခြင်းမှာ ပျက်စီးစေပါသည်။ သို့မဟုတ် ဟင်းတူးသွားခြင်း၊ ရထားအချိန် နောက်ကျခြင်းကို တကယ့်အန္တရာယ်လို တွေးခြင်းဖြစ်သည်။ အဆိုပါ ပျက်စီးစေသော မှန်းဆချက်များသည် ပုံကြီးချဲ့မှုအပေါ်တွင် အခြေခံထားပါသည်။
 
တစ်ခုခု၏ အပျက်သဘော အရည်အသွေးများကို ဒေါသဖြင့် ပုံကြီးချဲ့ကာ ဖောင်းပွအောင်လုပ်ပါသည်။ မြေအောက်ရထား သို့မဟုတ် မြို့ပတ်ရထားတွင် လှေကားအောက် ဆင်းသွားနေတုန်း ရထားက ပလက်ဖောင်းမှ ထွက်သွားခြင်းကို လူအတော်များများ ကြုံဖူးကြပါသည်။ ဒါကို မည်ကဲ့သို့ ဖြေရှင်းမည်နည်း။ ကျိန်ဆဲနေပါသလား။ ငါးမိနစ်၊ ဆယ်မိနစ် ထပ်စောင့်ရသည်မှာ ကမ္ဘာ့အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခု မဟုတ်ပါ။ သို့သော် ပုံကြီးချဲ့မိပြီး ဒေါသဖြင့် တုံ့ပြန်ကာ ဝမ်းနည်းလာပါသည်။ ထိုအခါ မပျော်ရွှင်မှု ဖြစ်စေပြီး အထောက်အကူလည်း မဖြစ်တော့ပါ။

တစ်ခုခုသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးအရာတစ်ခု ဖြစ်သည်ဟုလည်းကောင်း၊ အနှစ်သက်ဆုံးလူနှင့် ရှိနေသည်ဟုလည်းကောင်း ကျွန်ုပ်တို့သည် လောဘနှင့် တဏှာတို့ဖြင့် တွေးကြပါသည်။ ပုံကြီးချဲ့ကာ ချစ်ကျွမ်းဝင်ပြီး ထိုသူ၏ ပုံကြီးချဲ့မိသော ကောင်းကွက်များကိုသာ မြင်ပါသည်။ ထိုသူက ကျွန်ုပ်တို့၏ ပုံကြီးချဲ့ထားသည့်အတိုင်း နေလိမ့်မည်ဟု မျှော်လင့်သော်လည်း ဘယ်သူမှ မနေပါ။ ထို့နောက်တွင် ကျွန်ုပ်တို့စိတ်ပျက်လာပါတော့သည်။

အဆိုပါ သဘောထားများမှာ ပြဿနာ ဖြစ်စေပါသည်။ တစ်ခါတစ်ရံ ဖြစ်လာသည်မှာ ကျွန်ုပ်တို့သည် အရာရာကို အလွန်ကျဉ်းမြောင်းသော ရှုထောင့်မှ ကြည့်မိပါသည်။ ဥပမာ ဘဝတွင် အခက်အခဲအချို့ ကြုံရသောအခါ သို့မဟုတ် တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို လက်မခံသောအခါ သို့မဟုတ် တစ်ယောက်ယောက်က ကျွန်ုပ်တို့ မနှစ်သက်တာ ပြုလုပ်သောအခါ ထိုသို့ဖြစ်တတ်သည်။ ကျွန်ုပ်တို့နှင့် ပေါင်းသင်းဆက်ဆံနေသူက ကျွန်ုပ်တို့ မနှစ်သက်တာ ပြုလုပ်သည်။ ကျွန်ုပ်တို့မွေးနေ့တွင် ဖုန်းဆက်ခြင်းမရှိ။ သို့မဟုတ် ကျွန်ုပ်တို့ကို ဒေါသတကြီး အော်ငေါက်သည်။ သို့မဟုတ် ဘာမဆို တစ်ခုခုဖြစ်နိုင်ပါသည်။ ထိုအဖြစ်အပျက်တစ်ခုတည်းကိုသာ ကျွန်ုပ်တို့ အာရုံစိုက်မိသည်။ ပေါင်းသင်းဆက်ဆံမှု တစ်ခုလုံးကို အမြင်ကျယ်စွာ မမြင်တော့ပါ။ ကျဉ်းမြောင်းသောအမြင်ဖြင့်သာ ကြည့်လိုက်ပြီး အလွန်ဒေါသထွက်လာပါသည်။

ကျွန်ုပ်တို့တွင် အခက်အခဲ သို့မဟုတ် နာမကျန်း ဖြစ်သောအခါ ‘‘သနားဖို့ ကောင်းလိုက်တာ။ ဒီလိုခံစားရတာ ငါတစ်ယောက်တည်းပဲ။’’ ဟု တွေးချင်တွေးမိပါသည်။ ဤသည်မှာလည်း အလွန်ကျဉ်းမြောင်းသောအမြင် ဖြစ်ပါသည်။ ပိုပြီးအမြင်ကျယ်ကျယ် မမြင်နိုင်သည့် မှန်းဆချက်ပေါ်တွင် အခြေခံထားပါသည်။ ဥပမာ၊ ‘‘ဘယ်သူမှ ငါ့ကိုမကြိုက်ဘူး။’’ ဟုထင်ကြသည်။ ဘဝတစ်ခုလုံးကို လေ့လာကြည့်ပါက တစ်ဘဝလုံးမှာ ဘယ်သူမှ မကြိုက်ခဲ့ဘူးလား။ မွေးထားသည့် ခွေးက ကျွန်ုပ်တို့ကို မနှစ်သက်ဘူးလား။ ဘယ်သူမှ ကျွန်ုပ်တို့ကို မကောင်းခဲ့ဘူးလား။ သို့မဟုတ် ဂရုမစိုက်ခဲ့ဘူးလား။ နောက်ဥပမာ တစ်ခုမှာ ‘‘ငါက အရှုံးသမားပဲ။’’ ဟုတွေးခြင်းဖြစ်သည်။ ဒါလည်း မှန်ပါရဲ့လား။ အရာရာ တစ်ခါမှ မအောင်မြင်ခဲ့သည်မှာ မှန်ပါသလား။ လမ်းလျှောက်သင်ခြင်း၊ အိမ်သာသွားတတ်အောင် လေ့ကျင့်ခြင်းတို့ကို အောင်မြင်ခဲ့ပါသည်။ ထို့ကြောင့် တစ်ခုခုတော့ ကျိန်းသေအောင်မြင်ထားကြပါသည်။

ဤနေရာမှာလည်း ကျွန်ုပ်တို့၏ မှန်းဆချက်သည် အမှန်တရားနှင့် မသက်ဆိုင်ပါ။ သို့သော် ယင်းတို့ကို သက်ဆိုင်စေချင် သည့်အတွက် သက်ဆိုင်သည်ဟုသာ ယုံကြည်နေပါသည်။ ကျွန်ုပ်တို့၏ ကြင်ယာဖက်သည် ကမ္ဘာပေါ်တွင် ချစ်စရာ အကောင်းဆုံး၊ အထူးသီးသန့်လူတစ်ယောက် ဖြစ်စေချင်သည်။ နမူနာကောင်း တစ်ခုမှာ အန္တာတိကတိုက်ရှိ ပင်ဂွင်းများ ဖြစ်ပြီး သူတို့တွင် တစ်ဘဝလုံး မိတ်လိုက်သည့်အကောင် တစ်ကောင်သာ ရှိကြပါသည်။ ကျွန်ုပ်တို့ အတွက်တော့ ပင်ဂွင်းအားလုံး အတူတူထင်ရသော်လည်း သူတို့အတွက်မူ အားလုံးထဲက ဤတစ်ကောင်သာ အထူးသီးသန့် ဖြစ်နေပါသည်။ သေချာသည်မှာ ပင်ဂွင်းငှက်တို့၏ အမြင်ဖြင့်ကြည့်ပါက လူသားတို့မှာလည်း တစ်ပုံစံတည်း ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့အတွက်မူ အခြားတစ်ယောက်ယောက် ကျွန်ုပ်တို့ကို ချစ်လာလျှင်လည်း ကိစ္စမရှိပါ။ သင် တစ်ယောက်တည်း၊ အထူးသီးသန့်အဖြစ်ဆုံး သင် တစ်ယောက်သာ ကျွန်ုပ်ကို ချစ်ပါသည်။ ဤသို့သော ချဲ့ကားမှုမှာ အလွန်ပင် အထောက်အကူ မပြုလှပါ။

အမှန်တရားကို ငြင်းပယ်ခြင်း

ပျက်စီးစေသော နောက်ထပ် မှန်းဆချက်မှာ အမှန်တရားကို ငြင်းပယ်ခြင်းဖြစ်ပြီး အခြားသူများ၏ အမှန်တရားကိုမမြင်ဘဲ ငြင်းပယ်ခြင်း ဖြစ်သည်။ လူတို့ကို အရုပ်တစ်ရုပ်လို ဆက်ဆံပြီး ခံစားချက်ရှိသည့် လူသားများကဲ့သို့ မယူဆသောအခါ ထိုသို့ ဖြစ်တတ်ပါသည်။ ဗုဒ္ဓဘာသာတွင် အလွန်ထင်ရှားသော အဆိုတစ်ခုမှာ- ‘‘လူတိုင်း ပျော်ရွှင်လိုကြပြီး မည်သူမျှ ဝမ်းမနည်းလိုပါ။’’ အခြားသူများနှင့် ပတ်သက်လျှင် ဤအချက်ကို မည်မျှလေးနက်စွာ သဘောထားပါသလဲ။ ထိုအချက်ကို ကျွန်ုပ်တို့ မကြာခဏ လျစ်လျူရှုကာ တစ်ယောက်ယောက်ကို ဆက်ဆံပုံ၊ အခြားသူများကို ပြောဆိုပုံက အရေးမကြီးသည့်အလား ပြုမူနေကြပါသည်။ အကြောင်းအကျိုးက ဤနေရာနှင့် မသက်ဆိုင်သည့်အလား၊ မည်သူ့မှာမျှ ခံစားချက်မရှိသည့်အလား ဖြစ်နေပါသည်။

ဥပမာ ရုံးမှတစ်စုံတစ်ယောက်သည် အလွန် မခံရပ်နိုင်စရာ၊ မနှစ်မြို့စရာ ဖြစ်နေသည် ဆိုပါစို့။ သို့သော် ထိုသူလည်း ပျော်ရွှင်လိုပြီး ဝမ်းနည်းမှု မဖြစ်လိုပါ။ သူတို့သည် အခြားသူများ၏ နှစ်သက်မှု ခံယူလိုပြီး လူတို့က မနှစ်သက်သည်ကို အလိုမရှိပါ။ သူတို့ ပျော်ရွှင်မည့်အရာနှင့် ပတ်သက်ပြီး အလွန်ရှုပ်ထွေးနေသည့်အတွက် သူတို့က မနှစ်မြို့ဖွယ် ပြုမူ ဆောင်ရွက်ပါသည်။ ဤနေရာတွင်လည်း အကဲမဖြတ်သည့်ကိစ္စကို ပြန်ပြောရပါမည်။ ရှန်တီဒေဝ ပြောခဲ့သလိုပင် ကျွန်ုပ်တို့သည် ပျော်ရွှင်မှုကို ရန်သူအလား ဖျက်ဆီးမိပါသည်။ တစ်နည်းဆိုရသော် မပျော်ရွှင်မှု၏ အကြောင်းရင်းများနှင့် ဝင်တိုးမိကြပါသည်။

တစ်ယောက်ယောက်က တစ်ကိုယ်ကောင်းဆန်လှစွာ ပြုမူနေပါက လူတိုင်းသူတို့ကို ငြင်းပယ်ကြပါသည်။ မည်သူမျှ သူတို့ဆောင်ရွက်သည်ကို မနှစ်သက်သော်လည်း ထိုသူက ထိုနည်းဖြင့် သူပျော်ရွှင်မည်ဟု ထင်နေပါသည်။
 
အခြားသူများနှင့် ဆုံသောအခါ ‘‘သင်လည်း ကျွန်ုပ်လိုပဲ ပျော်ရွှင်ချင်တယ်။ သင့်မှာလည်း ကျွန်ုပ်လိုပဲ ခံစားချက်ရှိတယ်။ သင်လည်း ကျွန်ုပ်လိုပဲ မပျော်ရွှင်မှုကို မလိုချင်ဘူး။ ချစ်ခင်နှစ်သက်ခံရမှုကို လိုချင်တယ်။’’ ဆိုသည်ကို နားလည်အောင် ကြိုးစားရန် အလွန်အရေးကြီးပါသည်။ ဘတ်စ်ကားပေါ်တွင်ဖြစ်စေ၊ ကားလမ်းပေါ်တွင်ဖြစ်စေ ထိုသို့ကျင့်သုံးပါက အလွန်အထောက်အကူ ပြုပါသည်။ ကျွန်ုပ်တို့လူပင် လူတိုင်းက မိမိဦးတည်ရာကို သွားလိုကြပြီး မျှသူမျှ ကားလမ်းပိတ်ပြီး ထိုင်မနေချင်ပါ။ အခြားသူများကို ဒေါသထွက်နေစရာအကြောင်း မရှိပါ။ လူတိုင်းတွင် ကျွန်ုပ်တို့လိုပင် ခံစားချက်ရှိကြပါသည်။
 
အထောက်အကူအပြုဆုံး စာသားမှာ- ‘‘လူတိုင်း ဘုရားမဟုတ်ပါ။ ထို့ကြောင့် လူတိုင်း ကျွန်ုပ်တို့ကို နှစ်သက်မည်ဟု ဘာကြောင့် မျှော်လင့်နေမလဲ။’’ သို့မဟုတ် ‘‘သူတို့ သခင်ယေရှုကို ကွပ်မျက်ခဲ့ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ဘာကိုမျှော်လင့်နေမလဲ။’’ ဖြစ်ပါသည်။ လူတိုင်း ကျွန်ုပ်တို့ကို နှစ်သက်မည်ဟု မျှော်လင့်ပါသလား။ တစ်ယောက်ယောက် ကျွန်ုပ်တို့ကို မနှစ်သက်သောအခါ သို့မဟုတ် ကျွန်ုပ်တို့ ဖြစ်စေချင်သည့် အပြုသဘောဖြင့် မတုံ့ပြန်သောအခါ ဤစာသားက အလွန်အထောက်အကူပြုပါသည်။ ကျွန်ုပ်တို့၏ လက်တွေ့မကျသော မျှော်လင့်ချက်များ၊ မှန်းဆချက်များကို တိုက်ထုတ်ရန် ဤစာသားများကို ဘဝတွင် လက်တွေ့ကျင့်သုံးလျှင် အလွန်အထောက်အကူ ပြုနိုင်ပါသည်။ ‘‘ငါကအမြဲ မှန်တဲ့အတွက် လူတိုင်းငါ့ကို နားထောင်ရမယ်။’’ ဟု ထင်တတ်ကြသော်လည်း သူတို့က ဘာကြောင့်များ ထိုသို့နားထောင်ရပါမည်နည်း။  

ကျွန်ုပ်တို့သည် အမှန်တရားနှင့် အမှန်တရားမဟုတ်သောအရာတို့အကြား ခွဲခြားမှုပြုနေသည်ကို မမေ့ပါနှင့်။ ပိုကောင်းအောင်လုပ်ရန်၊ ပိုမိုတိုးတက်ရန်၊ ပိုပြီးအာရုံစိုက်ရန် စသည့်အရာများအတွက် ကျွန်ုပ်တို့ ရည်ရွယ်ထားနိုင်ပါသည်။ တကယ်တော့ တတ်နိုင်သောအခါ ပိုအောင်းအောင်လုပ်သည်မှာ လက်တွေ့ကျသော မျှော်မှန်းချက် ဖြစ်ပါသည်။ သို့သော် ‘‘မင်းဘဝမှာ ငါက အရေးအကြီးဆုံးလူ အမြဲဖြစ်သင့်တယ်။ ငါ့အတွက် အမြဲ အသင့်ရှိနေသင့်တယ်။’’ ဟု တွေးကာ ကျွန်ုပ်တို့အိမ်ထောင်ဖက်က အလုပ်မှအိမ်ပြန်လာသောအခါ တစ်နေ့တာလုံး သူ့ဘဝတွင် ဘာမှ မထူးခြားသည့်အလား၊ သူတို့သည် အလိုလိုရောက်လာသည့်အလား ထင်မှတ်ပြီး၊ ကျွန်ုပ်တို့အတွက် ယခုအခါ လုံးဝ အသင့်ရှိနေသင့်သည် ဆိုသည်မှာ လက်တွေ့မကျသော မျှော်မှန်းချက် ဖြစ်နေသည် မဟုတ်ပါလား။

လက်တွေ့မကျသော မျှော်မှန်းချက်များ ရှိသည့်အချိန်ကို ခဏစဉ်းစားကြည့်ကြပါစို့။ ထိုသို့ လက်တွေ့မကျသော မျှော်မှန်းချက်များ မည်မျှရှိပြီး ယင်းတို့ကို ဘယ်လိုသတိပြုနိင်ပါမည်နည်း။ ယင်းတို့ကို ယုံကြည်မိသောအခါ ကျွန်ုပ်တို့ကို ပျက်စီးစေပြီး အန္တရာယ်ပေးနိုင်သည်ကို သတိထားမိပါသလား။ ယင်းတို့ကြောင့် စိတ်ဒဏ်ရာမည်မျှဖြစ်စေသည်ကို မြင်ပါသလား။ ဘုန်းတော်ကြီး ဒလိုင်းလားမားက ယင်းတို့ကို ကျွန်ုပ်တို့၏ ကိုယ်တွင်းမှ ဒုက္ခပေးသောအရာများဟု ခေါ်ပါသည်။

အနောက်တိုင်းရှိ လူအများစုသည် အနောက်တိုင်းမှ အကဲဖြတ်မှုအသားပေးသော ဒဿနများ လွှမ်းမိုးခံရပါသည်။ ကျွန်ုပ်တို့ အများစုအတွက် ဒုက္ခအပေးဆုံး အတွေးတစ်ခုမှာ ကျွန်ုပ်တို့ လုံလောက်အောင် မကောင်းမွန်ကြောင်း တွေးမိခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ပင် အကဲဖြတ်မှု ပါဝင်ပါသည်။ မည်သူမျှ ကျွန်ုပ်တို့ကို အကဲဖြတ်နေခြင်း မရှိကြောင်း သတိပြုရန် လိုပါသည်။ ကိုယ့်ကိုယ်ကိုယ် အကဲမဖြတ်မိရန် ကျိန်းသေလိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ရှုပ်ထွေးမှု ရှိနေနိုင်သော်လည်း ထိုအချက်က ကျွန်ုပ်တို့သည် ချို့တဲ့နေကြောင်း သို့မဟုတ် ဆိုးရွားကြောင်း မဆိုလိုပါ။ ဤသည်မှာ အလွန်ပင် မိမိကိုယ်ကို ဖျက်ဆီးတတ်သော မှန်းဆချက် ဖြစ်ပါသည်။  

သစ္စာနှစ်ချက်ကို ခွဲခြားသိရှိနိုင်ရန် အထူးအရေးကြီးပါသည်။ ကျွန်ုပ်တို့အတွက် မှန်သည်ဟု ထင်ရသောအရာ၊ ဥပမာ၊ ကျွန်ုပ်တို့ လုံလောက်အောင် မကောင်းမွန်ခြင်း ဆိုသည်မှာ တကယ်တော့ မှားနေပါသည်။ ထိုသို့ယုံကြည်စရာအကြောင်း မရှိပါ။ ထို့ကြောင့် ယင်းကို မယုံကြည်ရန် လိုပါသည်။ ဘဝတွင် အကြောင်းအကျိုးအတိုင်း နေထိုင်ရန် လိုပါသည်။ တစ်ခုခု ဆောင်ရွက်လိုသောအခါ အကြောင်းတရားများ လုပ်ဆောင်ရန် လိုပါသည်။ ထိုသို့ဖြစ်နိုင်ပါက လုပ်လိုက်ပါ။ မဖြစ်နိုင်ပါက အမှန်တရားကို လက်ခံလိုက်ပါ။ ဥပမာ၊ အလုပ်ကောင်းကောင်း ရချင်လျှင် ရှာဖွေရန်လိုပါသည်။ မိုးပေါ်က တစ်ခုခုကျလာရန်၊ တစ်ယောက်ယောက်က လာပေးရန် စောင့်မနေပါနှင့်။ အကြောင်းနှင့် အကျိုးရှိပါသည်။ ဖြစ်နိုင်ခြေများကို လက်ခံရန်နှင့် ယင်းတို့ကို အသုံးချရန် လိုပါသည်။ အခြေအနေတစ်ခု အလွန်ဆိုးရွားသည်ဟုထင်ပြီး ပိတ်မိမနေပါနှင့်။ ရှေ့ရောက်မည် မဟုတ်ပါ။ ထိုနည်းဖြင့် ဘာမှမဆောင်ရွက်နိုင်ပါ။ ဤသို့တွေးခြင်းမှာ အလွန်ပင် အပျက်သဘော ဆန်ပါသည်။ ဆုတောင်းစကားလိုပင်- မည်သည့် အပျက်သဘောကိုမျှ လုံးဝမဆောင်ရွက်ပါနှင့်။ ဤသည်မှာ အပြုအမူ၊ အပြောအဆိုသာ မကပါ။ အတွေးလည်း ပါပါသည်။ မိမိကိုယ်တိုင်ရော၊ အခြားသူများကိုပါ ရှုမြင်ပုံ ပါဝင်ပါသည်။

သစ္စာလေးပါး

ဤသည်မှာ မှန်းဆချက်နှင့် အမှန်တရားတို့အကြား ခွဲခြားရာ၌ ဘဝတွင် သစ္စာလေးပါးကို ကျင့်သုံးသည့်နည်းလမ်း ဖြစ်ပါသည်။ ဆရာတော်ကြီးက အလေးထားပြောကြားသလို သစ္စာနှစ်ချက်မှ သစ္စာလေးချက်သို့ သွားရန်လိုပါသည်။ ပထမသစ္စာအရ ကျွန်ုပ်တို့၏ ပြဿနာများသည် ဒုတိယသစ္စာဖြစ်သည့် အကြောင်းတရားများမှ ဖြစ်လာပါသည်။ ဤမှန်းဆချက်များ ရှိနေသည့်အပြင် ယင်းတို့သည် အမှန်တရားနှင့် မသက်ဆိုင်သော အချက်ကိုပါ မသိခြင်း၊ လျစ်လျူရှုခြင်းလည်း ရှိနေပါသည်။ တတိယသစ္စာအတိုင်း ဒါကို ရပ်တန့်လိုပါက စတုတ္ထသစ္စာဖြစ်သည့် အမှန်တရားကို နားလည်ရန်လိုပြီး စိတ်ကူးယဉ်ခြင်း ပူဖောင်းကို ဖောက်ပစ်ရန် လိုပါသည်။
 
ဤသို့အသုံးချရန် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့မလိုပါ။ ဘုန်းတော်ကြီး ဒလိုင်းလားမား မိန့်ကြားသလိုပင် ဤသည်မှာ အားလုံးနှင့်ဆိုင်သော နည်းလမ်းဖြစ်ပြီး သစ္စာလေးပါးအနေနှင့်သာ ပြောဆိုနေရန် မဟုတ်ပါ။ နာမည်တစ်ခုခု ပေးနေရန် မလိုပါ။ ဤနည်းမှာ ရတနာသုံးပါးထံ အမှန်ပင် ရောက်ရှိစေပြီး သူတို့ဘာဖြစ်သည်ကို ပြောနေရန်ပင် မလိုပါ။ ကျွန်ုပ်တို့ပြဿနာများ၏ အကြောင်းရင်းကို ဖယ်ရှားလိုက်ပါက ပြဿနာများ ပျောက်သွားမည်ကို နားလည်ရန် လိုပါသည်။ အကြောင်းတရားနှင့် ပြဿနာအားလုံး မရှိတော့သည့် အခြေအနေနှင့်တကွ ၎င်းကြောင့် ရရှိလာသည့် နားလည်မှုတို့သည် ဓမ္မရတနာ ဖြစ်ပါသည်။ ဤသည်မှာ တတိယနှင့် စတုတ္ထသစ္စာ ဖြစ်ပါသည်။ ဘုရားရှင်တို့သည် ထိုအချက်ကို အပြည့်အဝ ဆောင်ရွက်ပြီးစီးကာ သံဃာတော်တို့မှာ တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ပြီးစီးသူများ ဖြစ်ပါသည်။
 
ဤနည်းဖြင့် ကျွန်ုပ်တို့မှာ သစ္စာနှစ်ချက်၊ သစ္စာလေးပါးနှင့် ရတနာသုံးပါးတို့ ရှိလာပြီး ထိုအတွက် ဗုဒ္ဓဘာသာဝင် ဖြစ်ရန်ပင် မလိုပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်ရန် ခြားထားသောစည်းမှာ နောင်ဘဝတွင် ပိုကောင်းအောင်ရည်ရွယ်ပြီး ကြိုးစားခြင်း ဖြစ်ပါသည်။ သို့သော် ဤနည်းလမ်းသည် အတိတ်နှင့် အနာဂတ်ဘဝများ ရှိသည်ဆိုပြီး ယုံကြည်ရန် မလိုပါ။ ဆရာတော်ကြီး ဟောကြားသလိုပင် အတိဿခေတ်တွင် တိဘက်၌မိတ်ဆက်ပေးခဲ့သည့် ကျွန်ုပ်တို့၏ အစဉ်အလာ သုတ္တန်နည်းဖြင့် ချဉ်းကပ်မှုမှာ လမ်-ရင်း သို့မဟုတ် စိတ်ဓာတ်စေ့ဆော်မှု အဆင့်သုံးဆင့် ဖြစ်ပါသည်။ ယင်းတို့သည် နောင်ဘဝ ကောင်းစားရေး၊ သံသရာမပြတ်သည့် နောင်ဘဝများကို ထိန်းချုပ်မရမှုမှ လွတ်မြောက်ရေးနှင့် အခြားသူများကို နောင်ဘဝတစ်ဖန်မဖြစ်အောင် လွတ်မြောက်စေရန် အကောင်းဆုံးကူညီနိုင်မည့် ဉာဏ်အလင်း ရရှိရေး ဖြစ်ပါသည်။ ဤပုံစံတစ်ခုလုံးသည် နောင်ဘဝနှင့် ပြန်လည်မွေးဖွားမှုတို့ပေါ်တွင် မူတည်ပါသည်။ စိတ်ကို ဓမ္မဘက်သို့ ရောက်စေသည့် စဉ်းစားမှုလေးမျိုးနှင့်အတူ ပြန်လည်မွေးဖွားမှုမှာ တူညီပါသည်။ လမ်းကြောင်း တစ်ခုလုံးသည် ပြန်လည်မွေးဖွားမှုကဲ့သို့ ကိစ္စမျိုး ရှိသည်ဟု ယုံကြည်ခြင်းအပေါ်၌ အခြေခံပါသည်။
 
အနောက်တိုင်းသားများအတွက် သို့မဟုတ် ပိုပြီးယေဘုယျကျသော နည်းလမ်းအတွက် သစ္စာနှစ်ချက်၊ သစ္စာလေးပါး၊ ရတနာသုံးပါးဖြင့် စတင်လျှင်ပိုကောင်းပါသည်။ ထို့နောက်တွင် အကြောင်းအကျိုးကို စတင်ဆွေးနွေးနိုင်ပါသည်။ သို့သော် အကြွင်းမဲ့စတင်မှု ရှိပါက အကြောင်းအကျိုးက အဓိပ္ပာယ် မရှိတော့ပါ။ ထိုအခါ အစမရှိသောစိတ် ဖြစ်လာပါသည်။ အစမရှိသောစိတ်ကို နားလည်ပါက ပြန်လည်မွေးဖွားမှုကို နားလည်ပါသည်။ ဤနေရာတွင် နောင်ဘဝတွင် ရိုးသားစွာ အကျိုးရှိလိုပြီး မထိန်းချုပ်နိုင်သည့် ပြန်လည်မွေးဖွားမှု သံသရာမှ လွတ်မြောက်နိုင်ပါသည်။ လမ်-ရင်း အဆင့်လိုက်လမ်းကြောင်းတွင် ကျွန်ုပ်တို့က ပြန်လည်မွေးဖွားမှုဆိုသည့် ယုံကြည်ချက်တစ်ခုတွင်သာ အခြေခံပါက မတည်ငြိမ်ပါ။ ဤသည်မှာ ဤအခြေခံဖြင့် လမ်-ရင်း ကျင့်ကြံမှုက အသုံးမဝင်ကြောင်း မဆိုလိုပါ။ သို့သော် ပြန်လည်မွေးဖွားမှုတွင် ယုံကြည်ခြင်းကဲ့သို့ တိဘက်လူမျိုးများ အစဉ်အလာအရ စတင်သည့်နေရာကို လိုက်မီနိုင်ပါက ပိုပြီးတည်ငြိမ်မည်ဟု ဆိုလိုပါသည်။

ဤသို့ သစ္စာနှစ်ချက်စသည့် အစီအစဉ်သည် တရားတော်များကို ဘဝတွင် ပေါင်းစည်းနိုင်မည့် နည်းလမ်းကိုလည်း ဖော်ပြပါသည်။ ကျွန်ုပ်တို့၏ မှန်းဆချက်များနှင့် အမှန်တရားအကြား ခြားနားခြင်း၊ မှန်းဆချက် ပြုလုပ်မိသောအခါ သတိပြုမိခြင်း၊ ထိုမှန်းဆချက်များကို လွဲမှားစွာ ယုံကြည်ခြင်းတို့ဖြင့် စတင်ပါသည်။ ဤအရာအားလုံးကို အကဲဖြတ်မှု မပါဘဲ ဆောင်ရွက်နိုင်ရန် လိုပါသည်။ ဥပမာ၊ ‘‘ဒါကို ခင်ဗျားက ကူညီမယ်လို့ထင်ခဲ့တာ မကူညီပါလား။’’ သို့မဟုတ် ‘‘ဒါကို မင်းကမှန်အောင်လုပ်မယ်လို့ ထင်တာ မလုပ်ပါလား။’’ စသည်ဖြင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အလုပ်တွင် တစ်ယောက်ယောက်ကို အလုပ်တစ်ခု ကောင်းကောင်းလုပ်မည်ထင်ပြီး ခိုင်းမိလိုက်သော်လည်း သူတို့မလုပ်ပါ။ ထိုအခါ ဘာလုပ်ရမလဲ။ ကိုယ်တိုင် လုပ်ရပါသည်။ ထိုသူကို ဒေါသထွက်မိပါသလား။ ဒါက အကျိုးမရှိပါ။ နောင်တွင် သူတို့ကို ထိုအလုပ်မျိုး မခိုင်းတော့ပါနှင့်။ သို့မဟုတ် မှန်ကန်စွာ လုပ်ပုံလုပ်နည်းကို သင်ပေးပါ။ အမှန်တရားနှင့် ဖြေရှင်းပါ။ ထိုသူကို လမ်းညွှန်ပေးစရာမလိုဘဲ မှန်ကန်စွာ ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်သည့်အတွက် ကျွန်ုပ်တို့ ဝမ်းနည်းရပါသည်။ သူတို့ထိုသို့လုပ်လိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။ ဒါက မတူပါ။ မျှော်လင့်ချက်မပါဝင်ပါက စိတ်မပျက်မိတော့ပါ။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ

မည်သည့်အပျက်သဘောကိုမျှ လုံးဝ မဆောင်ရွက်နှင့် ဆိုသောစာသားကို လိုက်နာရာတွင် အပြုအမူ၊ အပြောအဆိုနှင့် အတွေးများသည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ လွှမ်းမိုးခံနေရသောအခါ သတိပြုမိရန် လိုပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၏ အဓိပ္ပာယ်မှာ ထိုသို့သောစိတ် ဖြစ်ပေါ်လာပါက စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှုတို့ ပျောက်ဆုံးစေပါသည်။ ဒေါသထွက်လာပါက စိတ်ငြိမ်းချမ်းမှု မရှိတော့ပါ။ နောင်အခါ နောင်တရမည့် အရာများကို ပြောဆို၊ ပြုမူမိပါသည်။ လောဘကြီးခြင်း၊ တစ်ယောက်ယောက်ကို တွယ်ငြိခြင်း ဖြစ်သောအခါ စိတ်ငြိမ်းချမ်းမှု မရရှိဘဲ နောင်အခါ လှောင်ရယ်စရာဟုထင်ရမည့် အရာများကို ပြောဆိုမိပါသည်။ တစ်ခါတစ်ရံတွင်လည်း တောင်းဆိုမှု၊ တွယ်ငြိမှု များလွန်းသည့်အတွက် တစ်ဖက်လူကို တွန်းထုတ်လိုက်ပြန်ပါသည်။
 
အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ လွှမ်းမိုးခံရချိန်တွင် ပြုမူသောအခါ သတိပြုမိရန် လိုပါသည်။ ကိုယ်ပိုင်စွမ်းအင်ကို အနည်းငယ် အထိမခံ ဖြစ်လာပါက မူလကတည်းက ရန်လိုမှု သို့မဟုတ် လောဘကြီးမှုတို့ ရှိနေသောအခါ အနည်းငယ် တုန်လှုပ်မိသည်ကို ခံစားရနိုင်ပါသည်။ အပျက်သဘော အနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များသည် ကျွန်ုပ်တို့၏ လျစ်လျူရှုမှု၊ သတိကင်းမဲ့မှုတို့မှ ပေါ်ထွက်လာပါသည်။ အကြောင်းအကျိုးကို သတိမပြုမိတော့ပါ။ ဤသည်မှာ မိုက်မဲမှု မဟုတ်ပါ။ အရာရာသည် အကြောင်းနှင့်အကျိုးမှ ပေါ်ထွက်လာသည်ကို သတိမပြုမိခြင်း၊ ကျွန်ုပ်တို့၏ မှန်းဆချက်များက အမှန်တရားနှင့် မသက်ဆိုင်သည်ကို သတိမပြုမိခြင်း ဖြစ်ပါသည်။
 
စိတ်လေ့ကျင့်နည်း ခုနစ်ဆင့် အကျဉ်းချုပ်-

မိမိကိုယ်ကို ချစ်ခင်မြတ်နိုးခြင်းဆိုသည့် အချက်ပေါ်တွင် အပြစ်ပုံချလိုက်ပါ။

ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် အရာရာ ကိုယ့်ပုံစံအတိုင်းဖြစ်ရန်၊ ဖြစ်စေချင်သောပုံစံအတိုင်း ဖြစ်ရန် အမြဲ လောဘကြီးနေပါသည်။ ‘‘အရာရာကို မှန်းဆထားချက်နှင့် မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသင့်သည်’’ ဆိုခြင်းမှာ ‘‘အတ္တဦးစားပေး’’ သဘောထား ဖြစ်သည်။ အဆိုပါ သဘောထားများပေါ်တွင် ကျွန်ုပ်တို့ ပြဿနာများကို အပြစ်ပုံချ လိုက်ခြင်းမှာ အလွန် အထောက်အကူပြုသော အကြံဉာဏ် ဖြစ်ပါသည်။ နမူနာပြောရလျှင်- ‘‘ဒီစားသောက်ဆိုင်ကို အကောင်းဆုံး ဖြစ်စေချင်တယ်’’ သို့မဟုတ် ‘‘ဒီညနေခင်းကို အကောင်းဆုံး ဖြစ်စေချင်တယ်’’ သို့မဟုတ် ‘‘ငါ့အပေါ် မင်းက ဒီလိုပြုမူစေချင်တယ်’’ စသည်တို့ ဖြစ်ပါသည်။ ဤသည်မှာ ‘‘ငါ၊ ငါ၊ ငါ’’ ဆိုပြီး ဖြစ်လာပါသည်။ ကိုယ့်အကြောင်းသာ တွေးပြီး သင့်အကြောင်း မတွေးတော့ပါ။ တစ်ယောက်ယောက်သည် အဆင်မပြေသောနေ့တစ်နေ့ ရှိနိုင်ကြောင်း၊ အခြားတစ်ခုခုနှင့် စိတ်ထဲစွဲထင်နေတတ်ကြောင်း မတွေးမိပါ။ ‘‘ငါ’’ နှင့် ကိုယ်ဖြစ်ချင်သောအရာသာ ကြည့်ပါသည်။ ဤသည်မှာ နေ့စဉ်ဘဝတွင် အာရုံစိုက်ပြီး ပြောင်းလဲရမည့် အရေးကိစ္စများ ဖြစ်ပါသည်။ ဘဝတွင် ဗုဒ္ဓဘာသာ၏ အမြင်မှာ ကျွန်ုပ်တို့၏ ပြဿနာအားလုံးအတွက် အပြစ်ပုံချခြင်းသည် မိမိကိုယ်ကို ချစ်ခင်မြတ်နိုးခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အတ္တဗဟိုပြုခြင်း ဖြစ်သည်။ ဤသည်မှာ မိမိလိုအပ်ချက်များကို လုံးဝ လျစ်လျူရှုရန် အကြံပေးခြင်း မဟုတ်ပါ။ မိမိလိုအပ်ချက်များကို တစ်ခုတည်းသော အရေးကြီးကိစ္စလို သဘောထားကာ အခြားသူများ၏ လိုအပ်ချက်ကို လျစ်လျူရှုခြင်းမျိုး မပြုလုပ်ရန် ဖြစ်ပါသည်။ ဤသည်မှာ အလွန်အခြေခံကျသော နည်းလမ်းဖြစ်ပါသည်။

အပြုသဘောဆန်သောအရာကို ထင်ရှားစွာ ဆောင်ရွက်ရေး ဆိုသည်မှာ နားလည်မှုဖြင့် ပြုမူပြီး လောဘ၊ ဒေါသ၊ တောင်းဆိုမှုတို့ မပါဘဲ ပြုမူရန်ဖြစ်သည်။ အတည်ပြုချက် ရယူလိုသူတစ်ယောက်၊ အမြဲတမ်း အာရုံစိုက်ခံလိုသူ တစ်ယောက်ကို ကျွန်ုပ်တို့ ရှောင်ရှားကြပါသည်။ ထိုသဘောထားများ လွှမ်းမိုးပြီး ပြုမူသောအခါ ပြဿနာများ ဖြစ်ပေါ်လာရသည် မဟုတ်ပါလား။ အခြားသူများအပေါ် လက်တွေ့မဆန်သော တောင်းဆိုမှုများ ပြုလုပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရသည်။ အပြုသဘောဖြင့် ပြုမူရန်ဆိုသည်မှာ ထိုတောင်းဆိုမှုများမပါဘဲ ပြုမူရန်ဖြစ်ပါသည်။ ဤသည်မှာ ဤသို့ အနှောင့်အယှက် ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများ အမှန်တကယ် ရပ်တန့်နိုင်သည့် အနက်ရှိုင်းဆုံး အဆင့်ကို ပြောခြင်းမဟုတ်ပါ။ ၎င်းတို့၏ ပြင်းထန်သောလွှမ်းမိုးမှုဖြင့် မပြုမူနိုင်ရေးသာ ဖြစ်ပါသည်။

ဘဝသည် ကျွန်ုပ်တို့၏လေ့ကျင့်ကွင်း ဖြစ်သည်

ကျွန်ုပ်တို့သည် ထုံထိုင်းပြီး အခြားသူများ၏ အရည်အသွေးကို မသိသူများ မဟုတ်ကြပါ။ ကျွန်ုပ်တို့ထံတွင် ခံစားချက်ရှိသလို အခြားသူများမှာလည်း ရှိသည်ကို အသိအမှတ်ပြုဖို့ လိုပါသည်။ ကျွန်ုပ်တို့သည် ငြင်းပယ်ခြင်း၊ လျစ်လျူရှုခြင်း မခံချင်သလို အခြားသူများလည်း လျစ်လျူရှုခြင်း၊ ငြင်းပယ်ခြင်းတို့ မခံချင်ပါ။ ဤသည်မှာ ကျွန်ုပ်တို့ဘဝတွင် အသုံးချရန်လိုသည်ကို သဘောပေါက်မှု ဖြစ်ပါသည်။ ထိုသို့ဖြစ်ရန်အတွက် ဆုတောင်းစကား တတိယစာကြောင်းတွင် ပါရှိသည့်အတိုင်း ကျွန်ုပ်တို့စိတ်ကို အပြည့်အဝ ကြည်လင် အောင်ထားရပါမည်။
 
ဘဝကို လေ့ကျင့်ကွင်းကဲ့သို့ ရှုမြင်ပါက များစွာအထောက်အကူ ပြုပါသည်။ ဤကား လေ့ကျင့်မှု၏ အဓိကအချက်ပင် ဖြစ်ပါသည်။ ဖယောင်းတိုင်၊ အမွှေးတိုင်တို့ဖြင့် လှပတင့်တယ်ပြီး အော်ငိုနေသော ကလေးများ မရှိသည့်ပတ်ဝန်းကျင်တွင် ထိုင်ခုံပေါ်၌ ငြိမ်သက်စွာ ထိုင်နေခြင်းမျှသာ မဟုတ်တာသေချာပါသည်။

ကျွန်ုပ်သည် တပည့်တစ်ယောက်က ဆရာလုပ်နေသော ဗုဒ္ဓဘာသာစင်တာတစ်ခုသို့ တစ်ခါကသွားရာတွင် လူတစ်ယောက်က နှစ်နှစ်အရွယ်ကလေးကို ခေါ်လာပါသည်။ စာသင်နေချိန်တွင် စာသင်ခန်းထဲတွင် နှစ်နှစ်သားလေးက လျှောက်သွားနေပါသည်။ နှစ်နှစ်သား ကလေးတစ်ယောက်ထံမှ ဘာကို မျှော်လင့်ထားနိုင်ပါမည်နည်း။ တစ်နာရီခွဲကြာ လုံးဝငြိမ်သက်စွာ ထိုင်နေပါမည်လား။ စာသင်ခန်းကို လေးဘက်ထောက်အရွယ် ကလေးတစ်ယောက် ခေါ်လာသည်မှာ ဘာမှမဖြစ်ကြောင်း ဆရာက ထောက်ပြပါသည်။ ကျွန်ုပ်တို့ တရားရှုမှတ်ဖို့ကြိုးစားနေစဉ် ပြေးလွှားပြီး ဆူညံနေသော ဤကလေးငယ် ရှိနေသည်မှာ တကယ်ကောင်းသည့် စိန်ခေါ်မှုဟု ဆိုပါသည်။ ဤသည်မှာ တကယ့်လေ့ကျင့်မှု ဖြစ်သည်။ ကျွန်ုပ်တို့သည် လေ့ကျင့်နိုင်မလား။ ဝမ်းမနည်း၊ စိတ်မညစ်ဘဲ ရှိနိုင်မလား။ မိဘက ကလေးငယ် ထိခိုက်မှုမဖြစ်အောင် ဂရုမစိုက်ဘူးဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် ပြင်ပမှ ဆူညံသောကားသံများ သို့မဟုတ် ကားလမ်းပိတ်နေစဉ်မှာပင် လေ့ကျင့်နိုင်သည် မဟုတ်ပါလား။

ဘဝဆိုသည်မှာ ဤအတိုင်းဖြစ်ပါသည်။ ဘဝတွင် လေ့ကျင့်ရန်နေရာ လိုပါသည်။ ကျွန်ုပ်တို့ မသိမှု၊ သတိမရှိမှုနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် တိုက်ပွဲဝင်ရန် နေရာ ဖြစ်ပါသည်။ ဘုရားလောင်း၏ ရတနာ့ပန်းကုံး တွင် အတိဿက ထိုအချက်ကို ဤသို့ ရှင်းလင်းစွာဖော်ပြထားပါသည်-

ရှုပ်ထွေးနေမှုများအကြားတွင် ရှိသောအခါ မိမိ၏စကားကို စောင့်ထိန်းပါသည်။ တစ်ဦးတည်း ရှိသောအခါ မိမိ၏စိတ်ကို စောင့်ထိန်းပါမည်။

ဤစကားသည် အလွန်အထောက်အကူ ပြုပါသည်။ အခြားသူများနှင့် ရှိနေသောအခါ သူတို့နှင့် စကားပြောဆိုပုံကို စောင့်ကြည့်ပါ။ စကားလုံးများသာမက အသံအနိမ့်အမြင့်၊ ယင်းတို့နောက်ကွယ်ရှိ စိတ်ခံစားချက်၊ သဘောထားတို့လည်း ပါပါသည်။ ရန်လိုမှု၊ မောက်မာမှုတို့ဖြင့် စကားပြောနေသောအခါ သတိပြုလိုက်ပြီး အသံကိုနှိမ့်ပြောပါ။ တစ်ကိုယ်တည်း ရှိနေသောအခါ စိတ်ထားတတ်ရန်မှာလည်း ထိုအတိုင်းဖြစ်ပါသည်။ ‘‘သနားစရာကောင်းလိုက်တာ။ ဘယ်သူမှငါ့ကို တန်ဖိုးမထားဘူး။’’ ဆိုသောရောဂါဖြင့် တွေးနေသောအချက်ကို သတိထားပါ။
 
ထိုအခါ စိတ်လေ့ကျင့်နည်း ခုနစ်ဆင့် ၏ အဓိကအချက်သို့ ရောက်လာပါသည်။ ထိုနည်းမှာ ခက်ခဲသောအရာသုံးခု ရှိသည်ဟု ဆိုပါသည်။ ဆန့်ကျင့်ဘက်အရာများကို သတိပြုရန်၊ ယင်းတို့ကို အသုံးချရန်နှင့် ထိန်းသိမ်းနိုင်အောင် သတိပြုရန် ဖြစ်ပါသည်။ သတိပြုရန် ဆိုသည်မှာ အမှတ်ရနေရန် ဆိုလိုပါသည်။ ဤသည်မှာ သတိပြုရန်အတွက် အခက်ခဲဆုံးနှင့် အရေးအကြီးဆုံး ဖြစ်ပါသည်။ သတိဖြင့်ရှုမှတ်လေ့ကျင့်မှုအကြောင်း ကျွန်ုပ်တို့ ကြားဖူးကြပါသည်။ သို့သော် ပစ္စုပ္ပန် အခိုက်အတန့်တွင်သာ ရှိနေရမည်ဟု အနောက်တိုင်းပုံစံဖြင့် နားလည်သည့်အတိုင်း မဆိုလိုပါ။ ‘‘သတိရှိရန်’’ ဆိုသည့်စကားမှာ အမှတ်ရနေရန် ဆိုလိုပါသည်။ ကျွန်ုပ်တို့ မှန်းဆနေသော အရာသည် အဓိပ္ပာယ်မရှိကောင်း အမှတ်ရနေရန် လိုပါသည်။ ထို့နောက် ဤသဘောပေါက်မှုကို အသုံးချကာ ထိန်းသိမ်းထားရပါမည်။ ဤကား နေ့စဉ်ဘဝတွင် တကယ်အသုံးချခြင်း ဖြစ်ပါသည်။

အယူအဆမပါသော အခြေအနေနှင့် အယူအဆပါသော အခြေအနေ

အယူအဆ မပါခြင်းနှင့် အယူအဆ မစွဲခြင်းအကြောင်း ဗုဒ္ဓဘာသာ၏ အကြံဉာဏ်ကို ကျွန်ုပ်တို့အားလုံး ကြားဖူးပါသည်။ ဒါက ဘာကိုဆိုလိုပါသလဲ။ နည်းစနစ်ပိုင်းဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ဆန်းစစ်ချက်ကို ကျွန်ုပ်တို့ ရွတ်ဆိုနိုင်သည်မှာ မှန်ပါသည်။ သို့သော် လက်တွေ့အဆင့်တွင် ကြည့်ပါက ကျွန်ုပ်တို့ ရည်မှန်းထားသည်မှာ ယင်းတို့ကို အသုံးချနိုင်အောင် မတွေးမိရန် ဖြစ်ပါသည်။ လေယာဉ်ခရီးစဉ် သို့မဟုတ် ရထားအချိန် လွဲချော်ခြင်း အခြေအနေတွင် ရည်မှန်းချက်မှာ မမြဲခြင်းအကြောင်း တွေးရန်မဟုတ်ဘဲ အရာရာကို အကြောင်းတရားနှင့် အခြေအနေများက သက်ရောက်ပုံကို တွေးရန်နှင့် ဒေါသထွက်ပါက အထောက်အကူမပြုသည့်အကြောင်းကိုတွေးရန် ဖြစ်ပါသည်။ ပထမအဆင့်အနေနှင့် ထိုအချက်များကို တွေးရန်လိုအပ်နိုင်ပါသည်။ သို့သော် ထိုသို့အလိုအလျောက်ဖြစ်စေလိုပါသည်။ ဒါကို စဉ်းစားနေရန် မလိုဘဲ အလိုလိုရောက်လာရပါမည်။ အလွန်အကျွံ မတုံ့ပြန်ဘဲ ပြုလွယ်ပြင်လွယ်ရှိရန် အလိုအလျောက် ဖြစ်နေရပါမည်။
 
ဤကဲ့သို့ ကျွန်ုပ်တို့ ရည်မှန်းထားရပါမည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ် အခြေအနေ မဟုတ်ပါ။ အယူအဆမပါသော လုံးဝနက်ရှိုင်းသည့် အခြေအနေ ဟုတ်ချင်မှတော့ ဟုတ်ပါမည်။ သို့သော် နည်းစနစ်ပိုင်းမပါဝင်သော ကျွန်ုပ်တို့ လေ့ကျင့်ပြီး အောင်မြင်လိုသည့်အရာ ဖြစ်ပါသည်။ ဤတရားတော် အားလုံးကို ဘဝတွင် ပေါင်းစည်းနိုင်စွမ်းရှိအောင် လေ့ကျင့်ရပါမည်။ ထိုနည်းဖြင့် ကိုယ်တိုင်ရော အခြားသူများကိုပါ ဆင်းရဲဒုက္ခများပို၍ မဖန်တီးမိအောင် ရှောင်ရှားနိုင်လာပါမည်။ ဤအချက်မှာ အဓိကဆိုလိုရင်း ဖြစ်ပါသည်။

မေးခွန်းများ

အစီအစဉ်အတိုင်း လိုက်နာသောအခါ ဘယ်အချိန်တွင် ပြုလွယ်ပြင်လွယ် ရှိရမလဲ

မိမိကိုယ်ကို ပြုလွယ်ပြင်လွယ်သူ ဖြစ်ချင်ပါသည်။ အမှန်တရားကို ရင်ဆိုင်လိုပါသည်။ သို့သော် အမြဲတမ်း ထိုသို့မဖြစ်ပါ။ အမှန်တရားကို သိအောင်ကြိုးစားရာတွင် ပြဿနာတစ်ခုမှာ အစီအစဉ်တစ်ခုကို ဘယ်အချိန် စွန့်လွှတ်ပြီး ဘယ်အချိန် ဆုပ်ကိုင်ထားရမလဲဆိုသောအချိန် ဖြစ်ပါသည်။ ဘာကိုပြောင်းလဲနိုင်ပြီး ဘာကို ပြောင်းလဲ၍မရပါသလဲ။ ဥပမာ၊ ရထားအချိန်နောက်ကျပြီး ရှောင်ထွက်ကာ တက္ကစီငှားလိုက်ရာ နောက်ဘူတာတွင် ရထားကို မီပါသည်။ မိမိတို့အစီအစဉ်ကို ဆုပ်ကိုင်ထားလျှင် ဘယ်အချိန်အသုံးတည့်မည်ကို သိနိုင်ပါမလား။

အစီအစဉ်တစ်ခု လိုက်နာခြင်း၊ စွန့်လွှတ်ခြင်းနှင့် ပတ်သက်လျှင် သက်ဆိုင်သောအချက်များစွာ ရှိပါသည်။ ဥပမာပေးထားသည့်အတိုင်း တက္ကစီငှားပြီး နောက်ဘူတာတွင် ရထားကို မီလိုက်ခြင်းကဲ့သို့ အစားထိုးစရာများ ရှိ၊ မရှိ၊ ပြောင်းလဲ၍ ရ၊ မရ ကြည့်ရန်လိုပါသည်။ တက္ကစီတစ်စီးမှ မရှိပါက စွန့်လွှတ်ရပါမည်။ ဒါက လက်တွေ့အဆင့် နမူနာဖြစ်ပါသည်။ သို့သော် နောက်တစ်ဆင့်တွင် ကျောင်းဝင်ခွင့်ရရန် လျှောက်ထားပြီး ယခုနှစ်အတွက် ငြင်းပယ်ခံရပါသည်။ စွန့်လွှတ်မလား။ နောက်နှစ်မှာ ထပ်လျှောက်မလား။ အကဲဖြတ်ရပါမည်။ အခြားတစ်နေရာက လက်မခံပါက နောက်နှစ်တွင် လျှောက်ထားသည်မှာ အပျက်သဘော မဟုတ်ပါ။ ထိုအခါ လက်တွေ့ကျသောအရာနှင့် ပတ်သက်ပြီး အခြေအနေကို ဆန်းစစ်ရန်လိုလာပါသည်။ ကျွန်ုပ်တို့အစွမ်းအစနှင့် ပညာအရည်အချင်းများကို ပုံကြီးချဲ့မှု ရှိနေပါသလား။ အခြားသူတို့၏ ထင်မြင်ချက်ကို မေးရန်လည်း လိုပါသည်။
 
တစ်ဦးချင်း ရွေးချယ်မှုကို လေ့လာဆန်းစစ်ဖို့ လိုပါသည်။ အရာရာခြုံငုံမိသည့် မှတ်ပုံတင်ထားသောအဖြေဟူ၍ မရှိပါ။ ကျွန်ုပ်တို့ရည်မှန်းချက် အောင်မြင်မှုက ဘာကိုတည်မှီနေသလဲ လေ့လာဖို့ လိုသည်။ အကြောင်းမှာ အရာရာသည် အကြောင်းတရားနှင့် အခြေအနေများကြောင့် ပေါ်ပေါက်လာပါသည်။ ထိုအကြောင်းတရားနှင့် အခြေအနေများကို ကိုက်ညီနိုင်မလား။ ယခုမကိုက်ညီပါက နောင်တွင် ကိုက်ညီမည့် အလားအလာရော ရှိပါသလား။ အစားထိုးစရာများ ရှိပါသလား။ ဤဆုံးဖြတ်ချက်၊ အပြောင်းအလဲများကို အလွန် ကျိုးကြောင်းဆီလျော်စွာ ချဉ်းကပ်ရန်လိုပါသည်။

အလွန် စိတ်လှုပ်ရှားလွယ်သူတစ်ယောက်

ဆင်းရဲဒုက္ခ စက်ကွင်းထဲတွင် မိမိကိုယ်ကို မြင်ရပုံမှာ အသစ်အဆန်း ဖြစ်ပါသည်။ မိမိ၏မှန်းဆချက်များက ကျိုးကြောင်းမဆီလျော်ကြောင်း အမှတ်ရနေရန် ကြိုးစားသော်လည်း ခံစားချက်များက မတူညီဘဲ ကြိုးစား၍မအောင်မြင်ပါ။ အမှတ်ရနေအောင် လုပ်ရသည်မှာ ယခုခက်ခဲသည့်အတွက် မိမိကိုယ်ကို တန်ဖိုးလျော့အောင် ကျင့်သုံးရန် ဘာလုပ်နိုင်မလဲ။

တစ်ခါတစ်ရံ ဘာက အထောက်အကူပြုပြီး ဘာကအကောင်းဆုံး ဖြစ်မည်ကို သိပါသည်။ သို့သော် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များက အလွန်ခိုင်မာသည့်အတွက် ထိုအတိုင်း အမှန်တကယ် တစ်ခုခုလုပ်ရန် ခက်ပါသည်။ ဒါက အလွန်အတွေ့များသော အဖြစ်အပျက် ဖြစ်ပါသည်။ ပို၍ ဆုံးဖြတ်ချက်ပြတ်သားအောင် ကြိုးစားရပါမည်။ ဆိုလိုသည်မှာ ကျွန်ုပ်သည် အလွန်စိတ်လှုပ်ရှားလွယ်ခြင်း၊ ဝမ်းနည်းခြင်း စသည်တို့ ရှိသော်လည်း ဒါကို အရမ်းအလေးအနက် ထားရမည့်အရာ မဟုတ်ကြောင်း ယုံကြည်ရန် ဖြစ်ပါသည်။
 
ဤအချက်၏ ဆိုလိုရင်းကို နားလည်မှုမလွဲရန် အရေးကြီးပါသည်။ ကျွန်ုပ်တို့ အလွန်ဝမ်းနည်းခြင်း၊ တစ်ခုခုကြောင့် စိတ်လှုပ်ရှားခြင်းတို့ ဖြစ်နိုင်ပါသည်။ သို့သော် ထိုအရာများက ပျောက်ကွယ်သွားပါသည်။ စိတ်အခြေအနေနှင့် စိတ်ခံစားချက်များက ပျောက်သွားတတ်သလို ပြောင်းလဲသွားတတ်ပါသည်။ ယင်းတို့ကို ဆုပ်ကိုင်မထားရန်၊ အသိအမှတ်မပြုရန် လိုပါသည်။ ဥပမာ၊ ‘‘ငါကအမှားထပ်လုပ်မိတဲ့အတွက် အရမ်းဝမ်းနည်းတယ်။ တွက်ထားတဲ့အတိုင်း မကိုက်ညီပါလား။ ငါကမကောင်းပါဘူး။’’ ဟု မတွေးသင့်ပါ။ ထိုသို့တွေးရင်း စိတ်အခြေအနေကို အသိအမှတ်ပြုလိုက်ကာ ဆုပ်ကိုင်ထားပါတော့သည်။ အရမ်း အရေးကြီးရန်၊ အရေးပါရန် ခံစားရသောအရာကို တွက်ထားပြီး ထိုသို့မဖြစ်ပါ။ ဤသည်မှာ ခဏတာပေါ်လာသော စိတ်အခြေအနေ ဖြစ်ပါသည်။ ဒါက ကျွန်ုပ်တို့တကယ် လိုချင်သောအရာ မဟုတ်ကြောင်း ယုံကြည်ပေးရန် လိုပါသည်။ ဤစိတ်အခြေအနေသည် ပျောက်သွားမည်ဟု ယုံကြည်ထားကာ အပျောက်ခံလိုက်ရပါမည်။ လက်တွေ့မကျသော မျှော်လင့်ချက်ဖြစ်သည်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လာပါသည်။ ကျွန်ုပ်တို့ နာကျင်သော်လည်း ထိုနာကျင်မှုက ပျောက်သွားပါလိမ့်မည်။ ထိုနာကျင်မှုကို ကမ္ဘာပျက်သည့်အလား အလွန် အလေးအနက်မထားရပါ။

အစဉ်အလာအားဖြင့် စိတ်အခြေအနေသည် မိုးပေါ်ကတိမ်လိုပင်ဖြစ်ပြီး ပျောက်ကွယ်သွားပါလိမ့်မည်။ ဒီအချက် တစ်ခုတည်းဖြင့်သာ စတင်ဖြေရှင်း၍ရပါသည်။ ထို့ပြင် စိတ်ခံစားချက်များက အတက်၊ အကျရှိသည်ကို သဘောပေါက်ရန် လိုပါသည်။ အချို့က အခြားသူများထက်ပိုပြီး စိတ်လှုပ်ရှားလွယ်ပါသည်။ သို့ဆိုလျှင် ဒါကို အကဲဖြတ်မှုမပါရန် လိုပါသည်။ ဒါက အမှန်တရားကို လက်ခံခြင်းဖြစ်သည်။ အမှန်တရားမှာ ယခုလက်ရှိရောက်နေသည့်နေရာ ဖြစ်သည်။ ကျွန်ုပ်တို့ အလွန်စိတ်လှုပ်ရှားလွယ်ပြီး ဝမ်းနည်းလွယ်နိုင်ပါသည်။ သို့သော် ထိုအတိုင်း ဆုပ်ကိုင်မထားပါနှင့်။ အမှန်တရားကို ယုံကြည်လာအောင် ပိုပြီးကြိုးစားအားထုတ်ပါ။
 
ဥပမာ၊ ‘‘ဒီလို အနားယူလိုက်ရင် အရမ်းကောင်းတဲ့ အာရုံစူးစိုက်မှု ရလာမှာပဲ။ ဒါပေမယ့် စိတ်က အရာရာ ပျံ့လွင့်နေတယ်။’’ ဆိုပါစို့။ ကောင်းပြီ။ သို့ဆိုလျှင် လက်တွေ့မကျသော မျှော်လင့်ချက် ဖြစ်နေပါသည်။ စိတ်က ပျံ့လွင့်မည်မှန်ပါသည်။ ဒါကမကောင်းပါ။ မျှော်လင့်ချက် လျှော့ချပြီး ထိုအတွက် ရိုးသားမှုရှိပါ။ ဥပမာ၊ ‘‘ဒီအမြင့်ဆုံး အဆင့်ကို ငါရောက်နိုင်တယ်။ ဒါပေမယ့် အကြောင်းအကျိုးအပေါ် မူမတည်ဘဲနဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ အလုပ်ကြိုးစားမှရမယ်။’’ ဟူ၍တွေးပါ။

ထို့ပြင် အလွန်စိတ်လှုပ်ရှားလွယ်ပါက ထိုသို့ဖြစ်တတ်သည်ကို ပြောင်းလဲပြီး အပြုသဘော စိတ်ခံစားချက်များ ထွက်လာအောင် အသုံးပြုသင့်ပါသည်။ ထိုကိစ္စတွင် ပိုပြီးခိုင်မာသော မေတ္တာနှင့် ကရုဏာတို့ ရှိနိုင်လာပါသည်။ ဤနည်းဖြင့် စိတ်ခံစားချက် အပြုသဘော ဆောင်လာပါသည်။ တကယ်တော့ အချို့သူများမှာ အလွန်ကျိုးကြောင်း ဆီလျော်ပြီး စိတ်ခံစားချက် တစ်ခုခုရှိရန် အလွန်ခက်ပါသည်။ သူတို့အတွက် မေတ္တာနှင့် ကရုဏာတို့ ခံစားမိရန် အလွန်ခက်ပါသည်။ သင်က အလွန်စိတ်လှုပ်ရှားလွယ်သူဖြစ်ပါက ထိုအချက်တွင်လည်း အပြုသဘောတစ်ခု ပါဝင်ပါသည်။ ယင်းကို ပြောင်းလဲရမည့်ကိစ္စ ဖြစ်ပါသည်။ အကြောင်းအကျိုး သဘောတရားကို အသုံးချပါက ထိုသို့တဖြည်းဖြည်း ဖြစ်လာပါလိမ့်မည်။

အဆင်ပြေသောနေရာ၏ ပြင်ပတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း

ဤလေ့ကျင့်မှုကို အားလုံးပြုလုပ်ရပါသည်။ လူ့အသိုင်းအဝိုင်းရှိ အခြေအနေများစွာတွင် လူတို့က တာဝန်ယူမှုရှိရန် လိုအပ်သည်ကိုလည်း သိပါသည်။ အဆင်ပြေသော နေရာများမှ ထွက်ခွာပြီး ကျွန်ုပ်တို့ကို စိတ်ပိုင်းဆိုင်ရာအရ စိတ်ခေါ်မှုရှိသော ကိစ္စများ ဖြေရှင်းရန် တစ်ဆင့်တက် ဆောင်ရွက်ဖို့အသင့်ရှိ၊ မရှိ ဘယ်အခါသိနိုင်ပါမလဲ။

ဤသည်မှာ အပြုသဘောလား၊ အပျက်သဘောလား ဆိုသည့်အရာနှင့် ဆိုင်ပါသည်။ ဥပမာ၊ ဘားသွားထိုင်ကာ အရက်မူးနေသူများနှင့် တွဲသွားတွဲလာရန်ဆိုပြီး အဆင်ပြေသောနေရာမှ ထွက်ခွာရန်မှာ အပြုသဘော မဆောင်ပါ။ ဘုရားလောင်းသည် ငရဲသို့သွားကာ ထိုနေရာမှသတ္တဝါတို့ကို ကူညီရန်သွားလိမ့်မည်ဟု ပြောချင်ပြောနိုင်သော်လည်း ဒါက ကျွန်ုပ်တို့လိုသာမန်လူတို့အတွက် အနည်းငယ် အစွန်းရောက်ပါသည်။ သို့သော် လမ်းပေါ်က အိမ်ရာမဲ့တစ်ယောက်ကို ကြင်နာသောစကားအချို့ ပြောခြင်းကဲ့သို့ အပြုသဘောဆန်သောအရာကို လုပ်ဆောင်ရန် အဆင်ပြေသောနေရာမှ ထွက်ခွာခြင်းမှာ ခြားနားသည့်ကိစ္စ ဖြစ်ပါသည်။
 
ပထမဆုံး ခွဲခြားရမည့် အချက်မှာ ဆောင်ရွက်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏ အဆင်ပြေသောနေရာ ပြင်ပမှ အခြေအနေက မည်မျှ အထောက်အကူပြုသည်ကို ခွဲခြားရန်လိုပါသည်။ အချို့လူငယ်များက ကလပ်သွားပြီး တက္ကနို တေးသံဖြင့် တစ်ညလုံး မိုးလင်းပေါက် ကချင်ကကြပါသည်။ ကျွန်ုပ်တို့၏ အဆင်ပြေသော နေရာမှ ထွက်ပြီး ထိုသို့လုပ်ရသည်မှာ အကျိုးတစ်ခုခု ရှိပါမည်လား။ ဤသည်မှာ အဆင်ပြေသော နေရာမှထွက်ခြင်း ဖြစ်သော်လည်း အပျက်သဘော အကဲဖြတ်သည့် သဘောထားများကို ကြိုးစားကျော်လွှားခြင်း မပြုပါက မည်သည့် အပြုသဘောမျှ မပါဝင်ပါ။ သို့သော် မနက်အထိ မကဘဲ၊ ဂီတသံကြောင့် နားထိုင်းခြင်းမရှိဘဲ၊ ယင်းတို့ကို ကျော်လွှားရန် ကြိုးစားနိုင်ပါသည်။ သို့သော် ဒုက္ခသည်များနှင့် အလုပ်လုပ်ခြင်းကဲ့သို့ အဆင်ပြေသော နေရာ ပြင်ပမှ အခြားကိစ္စများ ရှိပါသေးသည်။ အဆင်ပြေသော နေရာမှထွက်ပြီး သူတို့နှင့် အလုပ်လုပ်ရန်မှာ အပြုသဘောဖြစ်သလို ရက်ရောမှု တိုးပွားအောင်လည်း အထောက်အကူပြုပါသည်။

ဘာလင်မြို့တွင် အပတ်စဉ် ဆွေးနွေးပွဲသင်တန်းလေးတစ်ခု ရှိပါသည်။ ကျွန်ုပ်တို့အားလုံး မိတ်ဆွေများဖြစ်ပြီး သင်တန်းပြီးလျှင် တစ်ခုခုအတူထွက်စားကြပါသည်။ ဓမ္မသည် သူတို့၏နေ့စဉ်ဘဝ၌ မည်သို့ ကူညီကြောင်း ကျွန်ုပ်ကမေးကြည့်ပါသည်။ သင်တန်းသား တစ်ယောက်က သူအဆင်ပြေသောနေရာမှ ထွက်ရန် ကြိုးစားနေကြောင်း ပြောသလို ရုပ်ချောသူများကို ပိုအာရုံစိုက်မိကာ ပိုနီးစပ်လာတတ်ကြောင်း ရှင်းပြပါသည်။ သူတို့က အခြားသူများထက် ပိုအရေးကြီးသည်ဟု သူကယူဆသည်ဟု ထင်ရပါသည်။ ထို့ကြောင့် အလွန်အဝလွန်နေသူနှင့် အလုပ်တွင် မိတ်ဆွေဖွဲ့ရန် ကြိုးစားသည်။ သူတို့မျက်နှာတွင် အူကြောင်ကြောင် ဖြစ်နေပြီး ဆွဲဆောင်မှု မရှိမှန်း တွေ့ရသည်။ ဤသည်မှာ ပျော်ရွှင်လိုသော၊ ချစ်ခင်မှုရရှိလိုသော၊ မနှစ်သက်မှု၊ လျစ်လျူရှုမှုတို့ကို အလိုမရှိသော လူသားတစ်ယောက် ဖြစ်သည်ကို သူအမှန်ပင် မြင်တွေ့လိုပါသည်။ ထိုသူက ရတနာလို တန်ဖိုးရှိသော မိတ်ဆွေကောင်းတစ်ယောက် အသစ်တိုးလာပါသည်။ ထိုသူကို လျစ်လျူမရှုရန် သူဆုံးဖြတ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အဆင်ပြေသောနေရာများ၏ ပြင်ပသို့ ထွက်ခြင်းနှင့် ပတ်သက်ပြီး အပြုသဘောနမူနာကောင်း တစ်ခု ဖြစ်ပါသည်။ ထိုသို့သော ကိစ္စများမှာ လုပ်ဆောင်ရန် မခက်လှပါ။ ပုံမှန်အကန့်အသတ်များကို ကျော်လွှားတော့မည် ဆိုပါက ဖြစ်နိုင်သောအဆင့်အတိုင်းလုပ်ပြီး လက်လှမ်းမမီသည်ကို မလုပ်ပါနှင့်။

နောက်ထပ်မိတ်ဆွေတစ်ယောက်က အစွန်းရောက်သွားပါသည်။ သူက အဆင်ပြေသောနေရာ ပြင်ပသို့ အမြဲ ထွက်လိုပါသည်။ ဥပမာ၊ ပန်းခြံထဲတွင် မူးယစ်ဆေးရောင်းသော ဆေးစွဲသူများနှင့် တွဲသွားတွဲလာ ပြုလုပ်ပါသည်။ ထိုသူတို့နှင့် အလွန်အဆင်မပြေသောကြောင့် သူထိုသို့ ပြုလုပ်ပါသည်။ ထိုအတွက် အကျိုးတစ်ခုခု ကျွန်ုပ်မမြင်ပါ။ ထိုသို့ပြုလုပ်သည်မှာ ရဲတင်းလှသည်ဟု ပြောရပါမည်။
 
အဆင်ပြေသောနေရာ ပြင်ပသို့ ထွက်ပုံနှင့် အဆင်ပြေသောနေရာ၏ တကယ့်အဓိပ္ပာယ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခု ဖြစ်ပါသည်။ အဆင်ပြေသောနေရာထဲတွင် လုံခြုံမှု ခံစားရသည်ဆိုသော မှန်းဆချက် မည်မျှလိုပါသနည်း။ အဆင်ပြေသောနေရာ ဆိုသည်မှာဘာလဲ။ ဒါကို ကိုယ်တိုင် ဆန်းစစ်ရပါမည်။ မည်သူနှင့်မဆို မည်သည့်အခြေအနေမဆို ကျွန်ုပ်တို့ သက်သောင့်သက်သာ ရှိနိုင်ပါမည်လား။

ထိုအတွက် အဓိကအချက်မှာ မိမိကိုယ်ကို တန်ဖိုးထားခြင်း ဆိုသည့်အချက်ကို အပြစ်တင်လိုက်ရပါမည်။ အခြားသူများ သို့မဟုတ် အခြေအနေများနှင့် အဆင်မပြေသောအခါ ‘‘ငါ၊ ငါ၊ ငါ’’ ဟုတွေးနေသောကြောင့် ဖြစ်ပါသည်။ ဥပမာ၊ ‘‘ငါဒါကို မကြိုက်ဘူး။ ဒါကို မဖြေရှင်းနိုင်ဘူး။’’ ဟုတွေးကာ အခြားသူများအကြောင်း မတွေးတော့ပါ။ ဒါက အခြားသူများကို စိတ်ဝင်စားသည့်ကိစ္စ ဖြစ်သလို အားလုံး လူသားများ ဖြစ်သည်ကို မြင်ပေးခြင်း ဖြစ်ပါသည်။

အကျဉ်းချုပ်

ဤအချက်များမှာ အလွန်အခြေခံကျသော စည်းမျဉ်းများ ဖြစ်ပါသည်။ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တ ဗဟိုပြုမှုကို ရပ်တန့်နိုင်ပါက ပိုပြီး ပျော်ရွှင်လာပါမည်။ အခြားတစ်ယောက်နှင့် ရှိနေသောအခါ မိမိအကြောင်းချည်းသာ ပြောနေမည့် အစား တစ်ဖက်လူကို ရိုးသားစွာ စိတ်ဝင်စားကြောင်း ပြသပြီး သူတို့ဘဝအကြောင်း မေးမြန်းပါက ကျွန်ုပ်တို့ ပို၍ ပျော်ရွှင်လာပါမည်။ တစ်ဖက်လူလည်း ကျိန်းသေ ပို၍ပျော်ရွှင်လာပါမည်။ ဤကား ဘဝတွင် လည်းကောင်း၊ အခြားသူများနှင့် လည်းကောင်း ကိုင်တွယ်ပုံအတွက် အခြေခံလက်တွေ့ကျသော အပြောင်းအလဲများ ဖြစ်ပါသည်။ ဒါကို အမှတ်ရနေရန်မှာ ကျွန်ုပ်တို့ မျှော်မှန်းထားသည့် သတိရှိရေး ဖြစ်ပါသည်။ တစ်ကိုယ်ကောင်း ဆန်သောအခါ၊ ကိုယ့်အကြောင်းသာ တွေးမိနေသောအခါ ဤအကြံဉာဏ်ကို အသုံးချရန် ကြိုးစား အမှတ်ရနေပါမည်။ ဥပမာ၊ တစ်ဖက်လူသည် အလုပ်များပြီး ထွက်သွားချင်နေသော်လည်း ကျွန်ုပ်တို့က စကားဆက်ပြောနေသည်။ ပြောရမည့် အရာက အလွန်အရေးကြီးသည်ဟု ကျွန်ုပ်တို့ ထင်နေပါသည်။ ထိုသူက အမှန်တကယ် ကြားချင်ပါသလား။ မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့က ထိုသို့ဖြစ်မည်ဟု မှန်းဆပါသည်။ ဘဝက ဓမ္မကို အသုံးချရမည့်နေရာ ဖြစ်ပါသည်။

Top