“ဘာမှမထူးခြားဘူး” ဆိုသည့်သဘောထားက ဘဝတွင် အလုပ်ဖြစ်နိုင်ပါသလား။

မေးခွန်း- “ဘာမှမထူးခြားဘူး” သဘောထားဆိုသည့် စိတ်ကူးကို သဘောကျမိပါသည်။ ထိုသဘောထားဖြင့် အခြားသူများအားလုံးကို ရင်ဆိုင်သောအချိန်အတွက် စဉ်းစားမိပါသည်။ ဥပမာဆိုရလျှင် အခြားသူများနှင့်အတူ အလုပ်လုပ်ရာတွင် တစ်ခုခုမှားသွားသောအခါ ဤသဘောထားမျိုး ရှိသည်ဆိုပါစို့။ “ကောင်းပြီ။ ဘာမှမထူးခြားဘူး။ ဖြစ်တတ်တာပဲ။” ထိုအခါ အခြားလူများက သင့်ကိုအလေးအနက် မထားဘူးဟု ထင်လာနိုင်ပါသည်။

ဒေါက်တာဘာဇင်း- ဘာမှမထူးခြားသော သဘောထားကို နားလည်မှုမလွဲစေလိုပါ။ ၎င်းသည် ဘာတစ်ခုမှ မလုပ်ရခြင်းဟု မဆိုလိုပါ။ “ဘာပဲဖြစ်ဖြစ်” ဂရုမစိုက်သော လျစ်လျူရှုမှု သဘောထားလည်း မဟုတ်ပါ။ “ဘာမှမထူးခြားဘူး” ဆိုသည်မှာ ပျော်ရွှင်သည်ဖြစ်စေ၊ မပျော်ရွှင်သည်ဖြစ်စေ စိတ်မပျက်ဘဲ ယင်းကိုပုံကြီးမချဲ့ခြင်းကို ဆိုလိုပါသည်။ မိမိလုပ်သမျှ အရာတိုင်းကို ကျိုးကြောင်းဆီလျော်ပြီး တည်ငြိမ်စွာ ဖြေရှင်းလိုက်ပါသည်။ ဝမ်းနည်းခြင်းမရှိဘဲ လုပ်ရမည့်အရာကို လုပ်လိုက်ခြင်း ဖြစ်ပါသည်။

အခြားသူများက စိတ်ပျက်သွားလျှင် ဘယ်လိုလုပ်မလဲ။

သူတို့စိတ်မကောင်းဖြစ်ပါက သင့်တည်ငြိမ်မှုဖြင့် သူတို့ကို ကူညီနိုင်ပါသည်။ ရှေးရိုးနမူနာတစ်ခု ပြရလျှင်- သင်က ကွန်ပျူတာမှာ စာတစ်ပုဒ်ရေးနေပြီး ခလုတ်မှားနှိပ်ရာ ထိုစာကိုဖျက်မိသွားပါသည်။ ထိုသို့ဖြစ်တတ်ပါသည်။ ဝမ်းနည်းနေ၍ အကျိုးမရှိပါ။ ပြန်လည်ပယ်ဖျက်သည့် ခလုတ် မပါဝင်သည့်အတွက် ပြန်မပြင်နိုင်တော့ပါက ပျောက်ပျက်သွားပါတော့သည်။ ထိုအတွက် ငိုကြွေးနေခြင်းဖြင့် ပြန်ရမည် မဟုတ်ပါ။ ထိုအတွက် ဝမ်းနည်းနေပြီး စိတ်ညစ်နေ၍ ဘာမှအထောက်အကူ မပြုပါ။ အတားအဆီးတစ်ခု ဖြစ်လာပါလိမ့်မည်။ “အိုကေ” ဟုပြောပြီး ထပ်ရေးရုံသာရှိပါသည်။ ဘာရေးထားသည်ကို မှတ်မိလောက်အောင် လေ့ကျင့်ထားပါက ပြန်ရေးနိုင်ပြီး ဒုတိယအကြိမ်သည် ပိုကောင်းနိုင်ပါသည်။ ထိုနည်းဖြင့် ဖြေရှင်းလိုက်ပါသည်။ ကိစ္စတစ်ခုလုံးကို ဇာတ်လမ်း ခင်းမနေတော့ပါ။ လုပ်ငန်းအဖွဲ့တစ်ခုတွင် ပါဝင်ပြီး ထိုစာရွက်သည် အဖွဲ့အတွက် ဖြစ်ပါက ကျွန်ုပ်တို့၏ တည်ငြိမ်မှုသည် သူတို့ကိုလည်း တည်ငြိမ်သွားစေပါလိမ့်မည်။

ပျော်ရွှင်မှု၊ မပျော်ရွှင်မှု ခံစားရသည့်အကြောင်း ပြောနေသည်မှာ အခြေအနေတစ်ခုကြောင့် ဖြစ်သောခံစားချက်လား။ ယေဘုယျအနေနှင့်လား။

မိမိကိုယ်တိုင် ဖြေရှင်းရန် ပြောနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မပျော်ရွှင်ပါက သို့မဟုတ် ပျော်ရွှင်ပါက ဘဝကို ရှေ့ဆက်ကာ ထိုအတွက် ပုံကြီးမချဲ့တော့ပါ။ အခြားတစ်ယောက်က ပျော်ရွှင်မှု သို့မဟုတ် မပျော်ရွှင်မှု ခံစားရပါက ဘာဖြစ်မည်နည်း။ ဥပမာ၊ ကလေးတစ်ယောက် ငိုနေခြင်းမျိုး ဖြစ်သည်။ ဘာကိုမျှော်လင့်ထားရမည်နည်း။ သူသည် ကလေးဖြစ်သည်။ “မဖြစ်ဘူး။ ကလေးငိုနေပြီ” ဟု ဝမ်းနည်းမနေရပါ။ ယင်းကို ရေးကြီးခွင်ကျယ် မလုပ်ဘဲ ကလေးငယ်ကို ဂရုစိုက်လိုက်ရပါသည်။ ကလေးဘာကြောင့် ငိုသလဲ။ တစ်ခုခု လုပ်ပေးရမည်ဆိုက လုပ်ပေးပါ။ ထိုနည်းပဲ ရှိပါသည်။

ရှန်တီဒေဝက “လူတို့သည် ကလေးဆန်သည်” ဟူ၍ ပြောထားသည်မှာ နှစ်သက်ဖွယ် ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် ဝမ်းနည်းတတ်ကြပါသည်။ ကလေးငိုသကဲ့သို့ပင် ဖြစ်သည်။  ဘာကိုမျှော်လင့်ထားရမည်နည်း။ ယင်းကို ရေးကြီးခွင်ကျယ် မလုပ်ဘဲ သူတို့ကို တည်ငြိမ်သွားအောင်၊ အမှန်တရားနှင့် ပိုမိုကိုက်ညီသွားအောင် ကြိုးစားပေးရပါသည်။

စိတ်ပျက်ခြင်းသည် တစ်ခုခု၏ တည်ရှိမှုကို ချဲ့ကားပြီး ရေးကြီးခွင်ကျယ် လုပ်ခြင်းဖြစ်ပါသည်။ ဘာမှ မရှိခြင်းဆိုသည်မှာ ထိုအချက်နှင့်ဆိုင်ပါသည်။ ရေးကြီးခွင်ကျယ် လုပ်စရာမရှိသလို ထိုသို့ပြုလုပ်ပါက အမှန်တရားနှင့် မသက်ဆိုင်ပါ။ အရာရာ ဖြစ်ပျက်နေသည်သာ ဖြစ်ပါသည်။ ယင်းတို့ကို ဖြေရှင်းကြရမည်။ စိတ်ခံစားချက်များ ပါနေသလား။ မှန်ပါသည်။ မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်း စသည့် အပြုသဘော စိတ်ခံစားချက်များက ကောင်းပါသည်။ သို့သော် ဒေါသ၊ သည်းမခံခြင်း၊ စိတ်မရှည်ခြင်းစသည့် အပျက်သဘော စိတ်ခံစားချက်များက လုံးဝအထောက်အကူ မပြုသည့်အတွက် ယင်းတို့၏လွှမ်းမိုးမှုဖြင့် မပြုမူရပါ။

ဒါကို နောက်တစ်ဆင့် တက်လိုပါက လိုဂျုန် စိတ်လေ့ကျင့်နည်း တရားတော်အတိုင်း ဖြစ်မည်ဟု ထင်ပါသည်။ ကျွန်ုပ်တို့၏ ပြဿနာများကို ပိုမိုနက်နဲသော အသိအမြင် ရရှိစေမည့် အဆင့်တစ်ဆင့်အဖြစ် အသုံးပြုခြင်းဖြင့် ထိုပြဿနာများမှနေ၍ အမှန်တကယ် သင်ယူနိုင်ပါသည်။

မှန်ပါသည်။

ဤစိတ်လေ့ကျင့်နည်းက လက်တွေ့မကျဘူးဟု ထင်ပါသလား။ ဘာမှမထူးခြားဘူးဆိုပြီး ရေးကြီးခွင်ကျယ် မလုပ်ဘဲ ကြိုးစားသည်မှာ ပိုပြီးလက်တွေ့ကျနိုင်ပါသလား။

ကျွန်ုပ်တို့၏ သဘောထားများကို ပြောင်းလဲရန် လိုဂျုန်စိတ်လေ့ကျင့်နည်းများ ရှိပါသည်။ ဥပမာအားဖြင့် အပျက်သဘော အခြေအနေများကို အပြုသဘော အခြေအနေများလို ရှုမြင်နိုင်ပါသည်။ ယင်းမှာအလွန်ကောင်းသောနည်းလမ်းများ ဖြစ်သော်လည်း ထိုသို့မပြောင်းလဲမီ မိမိခံစားနေရသည်ကို မချဲ့ကားရန်နှင့် တကယ့်အခြေအနေကိုမြင်ရန် လိုသည်ဟု ထင်ပါသည်။ “အို၊ ဒုက္ခပါပဲ။ ကလေးက  အနှီးကို ညစ်ပတ်အောင် လုပ်ပြန်ပြီ” ဆိုပြီး ယင်းကိုတကယ့် ဘေးဒုက္ခကြီး တစ်ခုလို ချဲ့ကားလိုက်သောအခါ ပြောင်းလဲရန် အလွန်ခက်ခဲသွားပါသည်။ “အားလုံးရဲ့ အနှီးတွေ ငါ့ဆီလာပို့ပါစေ။ အားလုံးကို အနှီးလဲပေးမယ်” ဆိုပြီး မပြောင်းလဲနိုင်မီ ပိုပြီးလက်တွေ့ကျသော ရှုထောင့်ရှိရန် လိုပါသည်။

အဆင့်ဆင့် ဆောင်ရွက်ရန်မှာ- ပထမဦးစွာ ကလေးငယ်သည် သူ့ကိုယ်သူ ညစ်ပေစေသည်။ ထိုအခါ ဘာဖြစ်သလဲ။ သူက ကလေးဖြစ်ပါသည်။ မိမိက အနှီးလဲပေးသည်။ ယခုအခါ မိမိသည် အနှီးလဲပေးရင်း ၎င်းသည်အနံ့အသက် မကောင်းသည့်အတွက် ဤသည်မှာ နှစ်လိုဖွယ် အထိအတွေ့မဟုတ်ကြောင်း သိထားပါသည်။ ထိုအခါ လိုဂျုန် ကျင့်ကြံမှုကို ဤသို့အသုံးပြုနိုင်ပါသည်။ “ကလေးကို သန့်ရှင်းရေး လုပ်ပေးရင်း လူတိုင်းရဲ့ ညစ်ပေစွန်းထင်းမှု အားလုံးကို ငါသည်သန့်ရှင်းပေးနိုင်ပါစေ။ ထိုသို့ပြုရင်း အားလုံးကို သန့်ရှင်းပေးနိုင်သူဖြစ်ရန် အကြောင်းတရား ဖြစ်ပေါ်ပါစေ။” သို့သော် ပထမဦးစွာ ယင်းကိုဘေးဒုက္ခတစ်ခုကဲ့သို့ မယူဆမိရန် လိုပါသည်။ အဆင့်ဆင့် ပြုလုပ်ရပါသည်။

အားလုံးအတွက် အနှီးလဲပေးဖို့အကြောင်း တွေးရတာ ဘယ်လောက်ခေါင်းရှုပ်လိုက်မလဲ။

မှန်ပါသည်။ တစ်လောကလုံး၏ အမှိုက်များ စုပုံယူပေးရမည်ဆိုပါက မည်သူမျှ ဘုရားမဖြစ်လိုတော့သည်မှာ မှန်ပါသည်။ ယေဘုယျစည်းမျဉ်းမှာ အရာရာကို ဟာသအနေနှင့် အသုံးပြုနိုင်ပါက ပျင်းစရာနမူနာများ အသုံးပြုခြင်းထက် ပိုမိုနက်နဲသော ယူဆချက် ဖြစ်စေသည် မဟုတ်ပါလား။

နေ့စဉ်ဘဝအဆင့်တွင် အပျက်သဘော ဆက်ဆံရေး သို့မဟုတ် မနှစ်မြို့စရာ တစ်ခုခု ကြုံရသောအခါ ဤအချက်ကို ဘယ်လိုပေါင်းစပ်ထည့်သွင်းရမလဲ။

အပျက်သဘော ဆက်ဆံရေး ကြုံတွေ့နေပြီး အရာရာ အဆင်မပြေ ဖြစ်နေပါက “အင်း၊ ဒါကသံသရာပဲ” ဟု ပြောနေ၍ မရပါ။ ဒလိုင်းလားမား ဆရာတော်ကြီးပြောထားသောကျွန်ုပ်တို့၏ “အံ့အားသင့်ဖွယ် လူသားဉာဏ်ရည်” ဟုခေါ်သည့် ခွဲခြားသိရှိသောပညာကို အသုံးပြုရပါမည်။ အခြေအနေသည် အထောက်အကူပြုသလား၊ အန္တရာယ်ရှိသလား ဆိုသည်ကို ခွဲခြားသိရှိနိုင်စွမ်း ရှိဖို့လိုပါသည်။ ဤဆက်ဆံရေးတွင် ရှိနေသော မိမိနှင့် တစ်ဖက်လူအတွက် အကျိုးပြုသလား။ အကျိုးမပြုဘူးလား။ အကျိုးမပြုပါက၊ နှစ်ဦးနှစ်ဖက် အန္တရာယ်ရှိပါက ယင်းကိုအဆုံးသတ်ရပါသည်။ အဓိကအချက်မှာ ရှင်းလင်းစွာ တွေးတောဆင်ခြင်နိုင်ရန် ဖြစ်သည်။ ဖြစ်ပျက်နေသောအရာကို အမှန်တရားနှင့် မသက်ဆိုင်ဘဲ ချဲ့ကားမှုနှင့် မှန်းဆမှုများ အခြေခံဖြင့် မစဉ်းစားရပါ။ လမ်းခွဲခြင်းဖြင့် တစ်ခါတစ်ရံ ပိုပြီးအဆင်ပြေသွားပါသည်။ သို့သော် ထိုဆုံးဖြတ်ချက်ကို ရှင်းလင်းသော တွေးခေါ်မှု၊ ရှင်းလင်းသော ဆန်းစစ်မှုတွင် အခြေခံရပါသည်။

မိမိ၏မသိစိတ် ခံစားချက်များကို သတိထားပြီး ရိုးသားစွာဖော်ပြရန် ကြိုးစားသည်မှာ အပြုသဘော ဖြစ်နိုင်ပါသလား။

တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အနောက်တိုင်း အခေါ်အဝေါ်ဖြစ်သည့် မသိစိတ်အဆင့်တွင် စိတ်ခံစားချက်များ တွေ့ကြုံရပါသည်။ မေးစရာ ရှိသည်မှာ အချို့အခြေအနေများတွင် ယင်းတို့ကိုဖော်ပြလိုက်လျှင် ပိုကောင်းပါသလား။ လေ့လာစရာ မတူညီသော ဖြစ်ရပ်နှစ်ခုကို တွေးမိပါသည်။ တစ်ခုမှာ အပျက်သဘော စိတ်ခံစားချက်ဖြစ်ပြီး နောက်တစ်ခုမှာ အပြုသဘော ဖြစ်ပါသည်။ ဥပမာပြရလျှင် ဒေါသ သို့မဟုတ် မေတ္တာကို လေ့လာကြပါစို့။ တစ်စုံတစ်ယောက်ကို မသိစိတ်မှ ရန်လိုမှုရှိပါက ယင်းကို သတိပြုမိလိုမည်မှာ သေချာပါသည်။ သတိပြုမိခြင်း ဆိုသည်မှာ မိမိ၏ရန်လိုမှုကို ထိုသူအားပြသရမည်ဟု မဆိုလိုပါ။ ထို့ပြင် ဖြစ်ပျက်နေသောအရာ၏ အစိတ်အပိုင်း အမျိုးမျိုးကို ဝေဖန်ဆန်းစစ် ခွဲခြားရန်လည်း လိုပါသည်။

ကျွန်ုပ်သည် မိတ်ဆွေများနှင့် စကားပြောဆိုသောအခါ “နေကောင်းလား။ ဘာတွေလုပ်နေလဲ” ဆိုပြီးအမြဲ မေးသည် ဆိုပါစို့။ သို့သော် ကျွန်ုပ်နေကောင်းသလား သို့မဟုတ် ဘာလုပ်နေလဲဟု သူတို့က လုံးဝမမေးကြပါ။ ထိုသို့လုံးဝမမေးတော့ သူတို့သည် အတ္တကြီးပြီး ကျွန်ုပ်ဘာလုပ်နေသလဲ မေးဖို့သတိမရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါသည်။ ယခုအခါ ဤနေရာတွင် ထိုသို့မဟုတ်တော့ပါ။ ယင်းကို မသိစိတ်မှ ရန်လိုနေပါသလား။ ဖြစ်နိုင်ပါသည်။ သို့သော် ထိုသို့ဖော်ပြပြီး သူတို့ကို ဒေါသထွက်ပါက အခြေအနေအတွက် အထောက်အကူ မဖြစ်ပါ။ “ခင်ဗျားအရမ်း တစ်ကိုယ်ကောင်းဆန်တယ်။

တော်တော်ဆိုးတယ်” ဟုပြောခြင်းဖြင့် အပျက်သဘော စိတ်လိုက်မာန်ပါ ပြုမူကာ သူတို့ကို အော်ဟစ်မိပါမည်။ ယင်းမှာ အခြေအနေကို အထောက်အကူ မပြုပါ။ “ဘာကြောင့် နေကောင်းလားလို့ မမေးတာလဲ။ တစ်ခုခု မှားနေသလိုပဲ” ဟုပြောခြင်းသည် လုံးဝ အထောက်အကူ မပြုပါ။ ဤသို့သောအရာတစ်ခုခုကို ရန်လိုနေသည်ဟု မိမိဘာသာ သတိပြုမိပါက မဖော်ပြမိအောင် အမှန်ပင် ဂရုစိုက်ဖို့လိုပါသည်။ အကြောင်းမှာ ဖော်ပြမိပါက မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်ဆုံးကာ အပျက်သဘော ပြုမူမိပါတော့သည်။

သို့သော် ထိုရန်လိုမှုကို သတိပြုမိသောအခါ ထိုအခြေအနေကို ဒေါသမဖြစ်ဘဲ ကုစားရန် ကြိုးစားနိုင်ပါသည်။ များသောအားဖြင့် ကျွန်ုပ်သည် နောက်ပြောင်လိုက်ပါသည်။ ဟာသဆိုသည်မှာ အခြေအနေကို လျော့ပါးစေမည့် အလွန်အကူအညီပေးသော နည်းလမ်းဖြစ်သည်ဟု တွေ့ရပါသည်။ သူတို့ဘာလုပ်နေသလဲ အပြည့်အစုံ ပြောပြီးသောအခါ ခေါင်းစဉ်ပြောင်းရန်ကြံပြီး ကျွန်ုပ်အကြောင်း လုံးဝမမေးသောအခါ ကျွန်ုပ်က မိမိကိုယ်ကို “ကဲ၊ နေကောင်းလား အဲလက်စ်။ အို၊ ခုလိုမေးတာ ကျေးဇူးပါပဲ” ဟုပြောလိုက်ပါမည်။ ထိုအခါ ဟာသနှောသလို ဖြစ်ပြီး ထိုသူက အပြန်အလှန် မေးဖို့လိုသည်ကို သဘောပေါက်ကာ နေကောင်းလားဟု မေးလာပါသည်။ ထိုသို့ဆိုက ရန်လိုမှုလည်း မရှိပါ။

ဤသို့ရန်လိုမှုအခံ ရှိနေခြင်းကို သတိပြုမိလာပါက အထောက်အကူပြုပါသည်။ ယင်းက မိမိအတွက် အနှောင့်အယှက် မဖြစ်ပါက ဘာဖြစ်မည်နည်း။ မိမိဘာလုပ်နေသလဲဟု သူတို့က မေးမေး၊ မမေးမေး ဂရုမစိုက်ပါ။ သက်ဆိုင်ခြင်း မရှိပါ။ မိမိဘာလုပ်နေကြောင်း၊ ဘယ်လိုဖြစ်ကြောင်း သူတို့ကို ပြောပြစရာလိုပါသလား။ မလိုပါ။ သူတို့ကို ပြောပြလိုပါက ပြောလိုက်လျှင် ရပါသည်။ ဤသည်မှာ အရွယ်ရောက်ပြီးသော သားသမီးများ၊ မြေးများက ဖုန်းမဆက်ဘဲ နေသကဲ့သို့ ဖြစ်နေပြီး သူတို့အကြောင်း သိချင်ပါက သင်ကိုယ်တိုင် ဖုန်းဆက်ရပါသည်။ သို့သော် သူတို့သင့်ကို ဖုန်းမဆက်သည့် အတွက် ရန်လိုမှု၊ သူတို့ကိုအပြစ်တင်မှုတို့ မရှိဘဲ ပြုလုပ်ပါ။

အပြုသဘော စိတ်ခံစားချက်က မည်သို့ရှိပါသလဲ။ ၎င်းကို ယခုလေ့လာပါမည်။ ယခင်က ထိုသို့မဆန်းစစ်ဖူးသောကြောင့် ကြုံသလိုဆန်းစစ်မှု ဖြစ်နေပါမည်။ ကျွန်ုပ်တို့မှာ မဖော်ပြမိသော မေတ္တာ ရှိနိုင်ပါသည်။ ယင်းမှာဘာကို ဆိုလိုပါသလဲ။ တစ်ယောက်ယောက်အပေါ် ဖုံးကွယ်သိုဝှက်ထားသော တဏှာနှင့် စိတ်ဝင်စားမှုဆိုသည့် အပျက်သဘော စိတ်ခံစားချက် အကြောင်း ပြောမည်မဟုတ်ပါ။ “အတူတူအိပ်ချင်တယ်” ဆိုသည့်အရာမျိုး မဟုတ်ပါ။ အမှန်တကယ် အပြုသဘော ဖြစ်သည့် စိတ်ခံစားချက်အကြောင်းကို ယခုပြောပါမည်။ ဥပမာအားဖြင့် လူတိုင်း မိမိ၏သားသမီးကို ချစ်ကြသည် မဟုတ်လား။ သားသမီးကို ချစ်သော်လည်း ထိုသို့ချစ်ကြောင်း ဘယ်နှခါဖော်ပြဖူးပါသလဲ။ ယင်းကို ပိုပြီးဖော်ပြသော အဆင့်သို့ ရောက်စေလိုပါသလား။ မှန်ပါသည်။ ယင်းမှာအထောက်အကူ ဖြစ်နိုင်ပါသည်။

ထို့နောက် သားသမီးကို မွန်းကျပ်ခြင်း မဖြစ်စေလိုသည့်အတွက် ကျွန်ုပ်တို့က ခွဲခြားသိရှိသောပညာကို အသုံးပြုရပါမည်။ ဥပမာအားဖြင့် ဆယ်ကျော်သက်ရွယ် သားသမီးက သူ့သူငယ်ချင်းများနှင့် ရှိနေရာ မိခင်အနေနှင့် “အို၊ အရမ်းချစ်တယ်ကွယ်” ဆိုပြီး ပွေ့ဖက်နမ်းရှုတ်ပါက သူ့သူငယ်ချင်းများရှေ့တွင် မျက်နှာပူစေပြီး လုံးဝမသင့်တော်ပါ။ နောက်ထပ်ဥပမာတစ်ခုမှာ သူတို့အပြင်သွားသောအခါ မပြတ်တမ်း ဖုန်းဆက်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်းမျိုး ဖြစ်ပါသည်။ “အို၊ မဟုတ်သေးဘူး။ အမေခေါ်ပြန်ပြီ။ အဆင်ပြေလားပဲ မေးနေတယ်။”

ကျွန်ုပ်တို့၏ အပြုသဘော စိတ်ခံစားချက်ကို ဘယ်အချိန်မှာ ဘယ်လိုဖော်ပြရမည်ကို ခွဲခြားသိရှိသောပညာ သုံးဖို့လိုပါသည်။ နှစ်နှစ်သားလေးကို ဖော်ပြသည့်နည်းက ဆယ့်ငါးနှစ်ကလေးကို ဖော်ပြပုံနှင့် ကွာခြားပါသည်။ အပြုသဘော စိတ်ခံစားချက်များကို ဖော်ပြနိုင်သော်လည်း ဇာတ်လမ်းဆင်ပြီး ပြဇာတ်တစ်ပုဒ်လို မပြုလုပ်ရပါ။ ပိုပြီးနူးညံ့သိမ်မွေ့မည်ဆိုလျှင် အဆင်ပြေပါသည်။

ငွေကြေးအမျိုးအစားနှင့်တူသော စိတ်ခံစားချက်

ယခုအခါ အလွန်အထောက်အကူပြသည့် နောက်ထပ်ခေါင်းစဉ်တစ်ခုကို ရောက်လာပါသည်။ ကျွန်ုပ်၏သူငယ်ချင်း တစ်ယောက်သည် စိတ်ရောဂါကုဆရာဝန်ဖြစ်ပြီး သူ့ယူဆချက်ကို စီးပွားရေးပုံစံဖြင့် ထောက်ပြပါသည်။ လူတို့တွင် ငွေကြေး အမျိုးမျိုး ရှိကြပြီး ထိုငွေကြေးဖြင့် ပေးချေလာမည်ကို ကျွန်ုပ်တို့လက်ခံတတ်ဖို့ လိုပါသည်။ သူတို့၏ ငွေကြေးကို လက်ခံနိုင်အောင် သင်ယူဖို့လိုပါသည်။ ဥပမာအနေနှင့် အချို့က သူတို့၏ချစ်ခင်မှုကို ပွေ့ဖက်နမ်းရှုတ်ကာ အထိအတွေ့ဖြင့် ဖော်ပြကြသည်။ အချို့က ကျွန်ုပ်တို့အား ဂရုစိုက်ခြင်းဖြင့် သူတို့၏ချစ်ခင်အလေးထားမှုကို ဖော်ပြသည်။ သူတို့သည် အထိအတွေ့ဖြင့် မချစ်ခင်သော်လည်း ဂရုစိုက်ပြီး အကာအကွယ် ပေးနေပါသည်။

ရှေးရိုးနမူနာတစ်ခုမှာ ဘိုးဘွားများထံမှဖြစ်ပြီး ဖခင်သည် သားသမီးများကို အရမ်းကာရော မချစ်ခင်တတ်ပါ။ သို့သော် ဖခင်သည် အပြင်ထွက် အလုပ်လုပ်ခြင်း၊ ငွေကြေးရှာဖွေခြင်း၊ သားသမီးအတွက် အားလုံးစီစဉ်ပေးခြင်းဖြင့် သားသမီး များအား ချစ်ခင်မှု ပြသပါသည်။ ဤသည်မှာ ဖခင်ကပေးသော ငွေကြေးအမျိုးအစား ဖြစ်သည်။ ကလေးဘဝနှင့် နောက်ပိုင်းလူကြီးဖြစ်လာလျှင်လည်း ထိုအချက်ကို သဘောပေါက်ဖို့ လိုပါသည်။ “အဖေက ငါ့ကိုချစ်တယ်။ အလေးထား ဂရုစိုက်တယ်။ ငါနှစ်သက်တဲ့ ငွေကြေးမျိုးနဲ့ ပွေ့ဖက်တာ၊ ချစ်တယ်လို့ပြောတာမျိုးတွေနဲ့ ပေးဆပ်တာ မဟုတ်ပေမယ့် ချစ်ခင်မှုကို တကယ်ပြသခဲ့တယ်။” ဟု တွေးရပါမည်။ ငွေကြေးအမျိုးမျိုးကို လက်ခံတတ်ရပါမည်။ ဒိန်းမတ်နိုင်ငံတွင် ကရိုနာငွေဖြင့် ပေးမည်ဖြစ်ပြီး ယူရိုဖြင့် မပေးပါ။ ငွေသည် အတူတူဖြစ်ပါသည်။ လူအမျိုးမျိုးက သူတို့၏ချစ်ခင်မှုကို နည်းအမျိုးမျိုးဖြင့် ပြသပါသည်။

နေကောင်းလားလို့ မမေးတဲ့ မိတ်ဆွေတွေအကြောင်း ပြောသွားတာကြားရပါတယ်။ ဒေါသမထွက်ပေမယ့် တွယ်တာမှု ရှိနေရင် ဒါမှမဟုတ် မိမိ နေကောင်းလားလို့ သူတို့က ထည့်စဉ်းစားစေချင်ရင် ဘယ်လိုလုပ်မလဲ။ ဒေါသထွက်နေတာ မဟုတ်ပါဘူး။ မအော်ဟစ်ချင်ပါဘူး။ သိပ်အချစ်မခံရလို့ နည်းနည်းဝမ်းနည်းရုံပါပဲ။ ဒါကို ပြောပြနိုင်ပေမယ့် သင့်ရဲ့စေတနာအကြံပြုချက်ကို သူတို့က မရယူဘူး၊ မပြောင်းလဲဘူးဆိုရင် အဲဒီ ဝမ်းနည်းမှုကို ဘယ်လိုဖြေရှင်းမလဲ။ ဒါတွေ တွယ်တာမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ကျော်လွှားနိုင်အောင် ကြိုးစားရမှာလား။

ဒီအခြေအနေမှာ ဝမ်းနည်းတာနှစ်မျိုး ရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ဝမ်းနည်းမှုက- “သူတို့ငါ့ကို အရေးမစိုက်တဲ့အတွက် ဝမ်းနည်းလိုက်တာ။ ဒေါသမထွက်ပေမယ့် ငါ့ကိုအရေးတော့ စိုက်သင့်တာပေါ့။” ယင်းမှာ “ငါ၊ ငါ၊ ငါ” ဆိုပြီးတွေးမှုအပေါ်တွင် အခြေခံပါသည်။ ဤသည်မှာ မပျော်ရွှင်မှုတစ်မျိုး ဖြစ်ပါသည်။ သို့သော် သူတို့က အတ္တဗဟိုပြုလွန်းသည့်အချက်ကိုလည်း စိတ်မကောင်း ဖြစ်လို့ရပါသည်။ သို့သော် ပုဂ္ဂိုလ်ရေးအရ မယူဆပါ။ ဤနေရာတွင် သူတို့မှာထိုပြဿနာ ရှိသည်ကို ကျွန်ုပ်တို့ ဝမ်းနည်းမိသည်။ ထိုအခါ သူတို့ကို ကရုဏာဖြစ်စေပါသည်။ ထို့နောက် သူတို့ကို ကူညီနိုင်မည့်နည်းများ တွေးတောနိုင်ပါသည်။

ကျွန်ုပ်တို့၏ ဝမ်းနည်းမှုသည် “လူတွေကငါ့ကို အလေးမထားတာကို ဝမ်းနည်းတယ်” ဆိုပြီး မိမိအတွက် အလေးထားမှုတွင်သာ အခြေခံပါက ထိုအချက်ကို အမှန်ပင် ဖြေရှင်းရပါမည်။ လူတို့က မိမိအား အလေးထားလျှင်လည်း မိမိက ဘာကိုလိုချင်သလဲ။ မိမိကို သွားလေရာ ဓာတ်ပုံလိုက်ရိုက်သော သတင်းထောက်များ ဝိုင်းနေစေချင်ပါသလား။ ထိုမျှ အလေးထားခံရရန် လိုအပ်နေပါသလား။ ဆိုလိုသည်မှာ ဤအချက်က စိတ်ကျေနပ်မှု ဖြစ်စေမည်မဟုတ်ပါ။ မိမိအလိုအတိုင်း အခြားသူများက အလေးထားလျှင်ပင် ယင်းမှာသာမန်ပျော်ရွှင်မှုဖြစ်ပြီး တာရှည်မခံပါ။ တစ်ဖက်တွင်မူ အလွန်အကျွံ အုပ်ထိန်းသောမိဘကဲ့သို့ပင် တစ်စုံတစ်ယောက်က အလွန်ဂရုစိုက်ပြီး ငါးမိနစ်တစ်ခါ “နေကောင်းလား။ အဆင်ပြေလား” သို့မဟုတ် “အားလုံးအဆင်ပြေလား” ဟု မေးနေသည့် နမူနာကဲ့သို့ ဖြစ်ပါသည်။ 

ကျွန်ုပ်၏ ဆက်ဆံရေးတွင် ပြဿနာမရှိဘူးဟု ထင်သော်လည်း တစ်ဖက်လူက ထိုသို့မထင်ပါ။ “ငါကဒီလို၊ မင်းကဒီလို” ဆိုပြီး ငွေကြေးအမျိုးအစားများအကြောင်း ပြောလာပါမည်။ ကျွန်ုပ်တို့သည် တစ်ယောက်ကိုတစ်ယောက် သတိပြုမိလာပါသည်။ တစ်ဖက်လူ၏ ကြိုက်ခြင်း၊ မကြိုက်ခြင်းများကို ကြိုးစားသိရှိနိုင်ပါသည်။ ထိုအကြောင်းကို ပြောဆိုမိပြီး ထိုအကြောင်းကို သတိပြုမိခြင်းသည် ကောင်းပါသည်။

ဆက်ဆံရေး အရှိန်ရနေပြီး တစ်ဖက်လူက လက်ခံလိုစိတ်ရှိပါက ထိုအကြောင်းကို “ငါကတော့ ချစ်ခင်တယ်ဆိုတာ ဒီလိုဖော်ပြတာကြိုက်တယ်” စသည်ဖြင့် ပြောနိုင်ပါသည်။ တက်ဖက်လူက ထိုနည်းဖြင့် ချစ်ခင်မှုပြသသည်ကို ကြိုက်နှစ်သက်ကြောင်း ဖော်ပြနိုင်ပါသည်။ ဤသည်မှာ ပူးပေါင်းသော ဆက်ဆံရေးဖြစ်သော်လည်း မိဘနှင့် သားသမီးဆက်ဆံရေးတွင် သိပ်အလုပ်မဖြစ်ပါ။ မိဘက ကွယ်လွန်သွားပြီး ကျွန်ုပ်တို့က ငယ်ဘဝကို ပြန်လည် စဉ်းစားကြည့်ပါက ထိုသို့ညှိနှိုင်း၍ မရပါ။ ပတ်သက်သူ နှစ်ဦးက သာတူညီမျှ အခြေအနေတူသလား ကြည့်ရန် အရေးကြီးပါသည်။ သူတို့သည် ပြောင်းလဲနိုင်သလား။ ဆက်သွယ်ပြောဆိုမှုကို လက်ခံဖြေရှင်းနိုင်ပါသလား။ အလုပ်ရှင်က အလုပ်သမားတိုင်းကို နေကောင်းလားဟု လုံးဝမမေးခြင်း ဖြစ်နိုင်ပါသည်။ ဤကိစ္စကို အလုပ်ရှင်နှင့် ညှိနှိုင်းမည် မဟုတ်ပါ။ အလုပ်ရှင်နှင့် ပတ်သက်လျှင် “ဆရာပေးထားတဲ့အလုပ်တွေက အရမ်းကို များတယ်နော်။ အဲဒါအတွက် တော်တော်လေး ဝမ်းနည်းတယ်” စသည်ဖြင့် အလုပ်နှင့်ဆိုင်သော ကိစ္စများကို ပိုအလေးထားသင့်ပါသည်။ အခြေအနေကို လေ့လာရန်လိုပြီး ခွဲခြားသိရှိသောပညာဖြင့် ရှုမြင်ဖို့လိုပါသည်။

ဘာမှမရှိသည်ကို အတော်အတန် သတိမရှိသေးပါက ဒေါသထွက်ရန် တကယ့်အကြောင်းရင်းကို မသိသေးဘဲ အကြောင်းရင်းကိုလည်း မချဲ့ကားဘူး ဆိုပါစို့။ ထိုသို့မဖြစ်အောင် ရှောင်ရှားကာ မိမိဒေါသကို မဖော်ပြပါ။ ယင်းကိုပုံကြီးမချဲ့သော်လည်း ယင်းမှာ စိတ်ပိုင်းဆိုင်ရာအရ မကောင်းသောအရာတစ်ခု ပြောင်းသွားနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။

ထိုအခါ ဖိနှိပ်မှုကိစ္စ ပေါ်လာပါသည်။ ဘာမှမရှိခြင်းကို အတိုင်းအတာတစ်ခုအထိ သဘောမပေါက်ပါက ရန်လိုမှုကို ဖိနှိပ်ရင်း ကိုယ်တွင်းသို့ ဦးတည်သွားပါသည်။ ထိုအခါ ပြဿနာမျိုးစုံ ဖြစ်စေနိုင်ပါသည်။ ထိုအတွက် ဘာလုပ်ကြမလဲ။ ဒေါသ သို့မဟုတ် ဝမ်းနည်းမှု ဖော်ပြတော့မည်ဆိုလျှင်၊ ဖော်ပြရမည်ဆိုလျှင် သင့်တော်သောအချိန်ကို ခွဲခြားသိရှိသောပညာဖြင့် ရွေးချယ်ပါ။ တစ်ဖက်လူက အလွန်ဝမ်းနည်းခြင်း သို့မဟုတ် အလွန်အလုပ်များခြင်း ဆိုလျှင် ဒေါသကိုဖော်ပြရမည့်အချိန် မဟုတ်ပါ။ ဒေါသအလွန် အားကောင်းနေချိန်တွင်လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်စေနိုင်သည့်အတွက် မဖော်ပြရပါ။
 
လူတိုင်းသိသော အသိနှင့် ဉာဏ်ပညာကို အသုံးပြုရန် လိုပါသည်။ ယင်းသည် ဘယ်အခါမှာ အကျိုးပြုပါသလဲ။ ဘယ်အချိန်က သင့်တော်သလဲ။ တစ်ဖက်လူက အမှန်တကယ် ပင်ပန်းပြီး အိပ်ချင်နေပါက သို့မဟုတ် အိပ်ချင်မူးတူး ဖြစ်နေပါက သူတို့၏ အထိမခံသောအရာနှင့် ပတ်သက်၍ နက်နဲပြီး အဓိပ္ပာယ်ရှိသော စကားဝိုင်း ဖွဲ့ရမည့်အချိန် မဟုတ်ပါ။ သူတို့က အလွန်ပင် အလုပ်များနေလျှင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ထိုအချိန်မျိုးသည်  မသင့်တော်ပါ။

Top