အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြစ်သည့် တွယ်တာမှုတဏှာကို ဖြေရှင်းခြင်း

တစ်စုံတစ်ယောက်ကို တွယ်တာမှုဆိုသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်သည် ကျွန်ုပ်တို့ထံတွင် စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှုတို့ကို ပျောက်ဆုံးစေပါသည်။ ကျွန်ုပ်တို့သည် တွယ်တာမှုရှိနေပါက တစ်ယောက်ယောက်၏ ရုပ်အဆင်းစသည့် အရည်အသွေးကောင်းများကို ပုံကြီးချဲ့မိကာ ထိုသူကို တွယ်တာမိသော၊ လက်မလွှတ်လိုသော အရာဝတ္တုတစ်ခုကဲ့သို့ ဖန်တီးလိုက်ပါသည်။ သို့သော် ကျွန်ုပ်တို့၏တွယ်တာမှုကို တရားရှုမှတ်နည်း အမျိုးမျိုးဖြင့် ကျော်လွှားကာ ထိုသူနှင့် ကောင်းမွန်သော ဆက်ဆံရေး ဖန်တီးနိုင်ပါသည်။

အမှန်မသိမှုသည် ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ သဘောထားများ၏ အနက်ရှိုင်းဆုံး အကြောင်းရင်းဇစ်မြစ် ဖြစ်ပါသည်။ ထို့ပြင် အမှန်မသိမှုသည် မိမိအပြုအမူ၏ အကျိုးဆက်ဆိုသည့် အကြောင်းနှင့် အကျိုးကိုဖြစ်စေ၊ အမှန်တရားနှင့် ပတ်သက်၍ဖြစ်စေ မသိခြင်းဖြစ်နိုင်ပါသည်။ အပြုအမူဆိုင်ရာ အကြောင်းနှင့် အကျိုးအပေါ် အမှန်မသိမှုသည် အပျက်သဘော ပြုမူခြင်းနှင့် မှားယွင်းသောအရာကို ဆောင်ရွက်ခြင်းအတွက် တာဝန်ရှိသည်ဟု ဖော်ပြလေ့ရှိပါသည်။ သို့သော် အမှန်တရားနှင့် အခြေအနေများအကြောင်းကို အမှန်မသိမှုမှာမူ အပြုသဘောဖြစ်စေ၊ အပျက်သဘောဖြစ်စေ သံသရာလည်စေသော အပြုအမူတစ်ခုခု၏ အကြောင်းရင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ အနှောင့်အယှက်ပေးသော သဘောထားများ၏ နောက်ကွယ်မှ အမှန်မသိမှုကို တွေ့ရှိလိုပါက အခြေအနေများအကြောင်း အမှန်မသိမှု၊ အမှန်တရားအကြောင်း အမှန်မသိမှု အနေနှင့် ပို၍လေ့လာရန် လိုပါသည်။

ယခုဆိုလျှင် “အမှန်တရား” ဆိုသည့်စကားလုံးက ပေါ့ပျက်ပျက် ဖြစ်နေပါသည်။ အဓိပ္ပာယ် အယူအဆလည်း များစွာ ရှိနိုင်ပါသည်။ အသုံးများသော စကားလုံးတစ်လုံးမှာ တစ်ခုခုနှင့်ပတ်သက်၍ စစ်မှန်မှုဆိုသည့် “သစ္စာတရား” ဖြစ်သည်။ အရာရာတိုင်းအတွက် မှန်ကန်မှုနှစ်မျိုး ရှိပါသည်။ တစ်စုံတစ်ခုကို နှိုင်းရဖြစ်သော၊ အစဉ်အလာအတိုင်း သို့မဟုတ် အပေါ်ယံသစ္စာဖြင့် မြင်တွေ့ရမှုနှင့် တစ်စုံတစ်ခု တည်ရှိနေပုံနှင့်ပတ်သက်၍ အနက်ရှိုင်းဆုံး သစ္စာတို့ ဖြစ်ပါသည်။ သစ္စာ၏ “အဆင့်” ဆိုသည့် စကားလုံးအရ သစ္စာတစ်ခုက အခြားတစ်ခုထက် ပိုပြီးမှန်သည်ဟု မဆိုလိုပါ။ နှစ်ခုစလုံး မှန်ပါသည်။ ထိုနှစ်ခုအနက်မှ ဒုတိယသစ္စာနှင့် ပတ်သက်၍ “အလုံးစုံ” ဆိုသည့်စကားကို မသုံးလိုပါ။ အကြောင်းမှာ အလုံးစုံဟူသည် အခြားတစ်ခုထက် ပိုမှန်နေသည်ဟု ထင်ရပါသည်။ “အနက်ရှိုင်းဆုံး” ဆိုသည့်စကားကို ပိုနှစ်သက်ပါသည်။ ထိုအခါ သစ္စာနှစ်ချက်သည် တစ်စုံတစ်ခု ဖြစ်ပေါ်မှု၏ အပေါ်ယံသစ္စာနှင့် ၎င်း၏တည်ရှိပုံအပေါ် အနက်ရှိုင်းဆုံးသစ္စာ ဖြစ်ပါသည်။

တွယ်တာမှု ဆိုတာဘာလဲ။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် ဆက်စပ်၍ သစ္စာနှစ်ချက်ကို အနည်းငယ်ပို၍ ရှင်းလင်းသွားအောင် လေ့လာကြည့်ကြပါစို့။ တွယ်တာမှု သို့မဟုတ် လိုချင်သောဆန္ဒ ဆိုသည်မှာ အဘယ်နည်း။ တစ်စုံတစ်ခု၏ အပြုသဘော အရည်အသွေးများကို ပုံကြီးချဲ့သည့် အနှောင့်အယှက် စိတ်အခြေအနေဖြစ်ကာ အဓိကအားဖြင့် နှစ်မျိုးရှိပါသည်။ လိုချင်သောဆန္ဒသည် မိမိမှာမရှိသောအရာကို ရည်မှန်းပြီး စိတ်ခံစားချက်က “ဒါကိုပိုင်ဆိုင်ရမယ်။ ငါ့မှာရှိရမယ်” ဟူ၍ဖြစ်ပါသည်။ တွယ်တာမှုသည် မိမိမှာရှိပြီးသားအရာကို ရည်မှန်းပြီး “လက်မလွှတ်နိုင်ဘူး” ဟု ခံစားရပါသည်။ ထိုနှစ်မျိုးစလုံးသည် တစ်စုံတစ်ခု၏ အပြုသဘော အရည်အသွေးများ သို့မဟုတ် အပြုသဘော အရည်အသွေးဟု တွေးထင်ထားသည်များကို ပုံကြီးချဲ့မှုတွင် အခြေခံပါသည်။ တတိယတစ်မျိုးမှာ လောဘဖြစ်ပြီး မိမိမှာရှိသောအရာကိုပင် ရည်မှန်းကာ ဘယ်တော့မှ ကျေနပ်ခြင်းမရှိဘဲ အမြဲထပ်လိုချင်နေပါသည်။

ဤစိတ်များကြောင့် ကျွန်ုပ်တို့သည် တစ်စုံတစ်ခု၏ တကယ့်အမှန်တရား၊ တကယ့်သစ္စာကို အမှန်မသိတော့ပါ။ တစ်နည်းဆိုသော် တစ်ခုခု၏ အပြုသဘော အရည်အသွေးများ သို့မဟုတ် ကောင်းသောအချက်များကို မမြင်တော့ဘဲ ယင်းတို့ကို ပုံကြီးချဲ့ခြင်း၊ မရှိသော အရည်အသွေးကောင်းများ ပေါင်းထည့်ခြင်းတို့ ပြုလုပ်ပါသည်။ ထို့အတူ အားနည်းချက်များ သို့မဟုတ် အပျက်သဘော အစိတ်အပိုင်းများကိုလည်း လျှော့ပြောခြင်း၊ လုံးဝလျစ်လျူရှုခြင်းတို့ ပြုလုပ်လေ့ ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်စုံတစ်ခု၏ လက်တွေ့ အရည်အသွေးကောင်းများနှင့် လက်တွေ့ အားနည်းချက်များကို အမှန်မသိတော့ပါ။ ထို “တစ်စုံတစ်ခု” သည် ဥပမာ၊ မိမိနှင့်သိသော၊ ဆွဲဆောင်မှုရှိပြီး သဘောကောင်းသော လူတစ်ယောက် ဖြစ်နိုင်သလို ရေခဲမုန့်ကဲ့သို့ အရာဝတ္ထု တစ်ခုလည်း ဖြစ်နိုင်ပါသည်။

လိုချင်သောဆန္ဒနှင့် တွယ်တာမှုရှိနေသူတစ်ယောက်ကို ကြည့်ကြပါစို့။ ဥပမာ၊ ကျွန်ုပ်တို့သည် ထိုသူ၏ရုပ်အဆင်း သို့မဟုတ် ဆွဲဆောင်မှုရှိသည်ဟု တွေ့ရသော အရည်အသွေးတိုင်းကို ပုံကြီးချဲ့ပါသည်။ ထိုသူသည် မိမိမြင်ဖူးသမျှထဲတွင် အချောလှဆုံး ဖြစ်သည် စသည်ဖြင့် ပုံကြီးချဲ့ပါသည်။ ထို့ပြင် ထိုသူ၏ အားနည်းချက်များကို အမှန်ပင် လျစ်လျူရှုမိ တတ်ပါသည်။ ယင်းတို့အကြောင်းကိုလည်း အမှန်ပင် မတွေးချင်ပါ။ ဥပမာအားဖြင့် ထိုသူက စိတ်ပျက်ဖွယ်ကောင်းခြင်း သို့မဟုတ် စားသောက်ရာတွင် ရယ်စရာကောင်းခြင်း သို့မဟုတ် အိပ်ရင်းဟောက်တတ်ခြင်းတို့ ဖြစ်ပါသည်။ ယခုဆိုလျှင် ထိုသူသည် အတော်လေး ချောမောလှပပြီး ကျွန်ုပ်တို့က သူ့ကို အလွန်ချောလှသည်ဟု မြင်ချင်မြင်နိုင်ပါသည်။ ထိုအချက်ကို မငြင်းလိုသော်လည်း ထိုလက္ခဏာရပ်ကို ချဲ့ကားခြင်းဖြင့် လိုချင်သောဆန္ဒနှင့် တွယ်တာမှု ဖြစ်စေကာ ထိုသူ၏ အားနည်းချက်များကို လျစ်လျူရှု၊ လျှော့ပေါ့ခြင်း ဖြစ်စေပါသည်။ ဤစိတ်အခြေအနေမျိုးက နောက်ဆုံးတွင် ထိုစိတ်စွဲလမ်းမှု ပပျောက်သွားသည့်အတွက် အဆုံးတွင် ပြဿနာ ဖြစ်စေပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ မေတ္တာ၊ တွယ်တာမှုတို့သည် ထိုသူ၏ အားနည်းချက်များ စတင်ပေါ်ပေါက်လာသည်နှင့် ထိုသူကို အမှန်တကယ် စိတ်အနှောင့်အယှက် ပေးသောအရာနှင့် ဒေါသထွက်စရာအဖြစ် အလွယ်တကူ ပြောင်းလဲသွားနိုင်ပါသည်။

ဒေါသ သို့မဟုတ် စိတ်အနှောင့်အယှက် ပေးသောအရာသည် ထိုအချက်နှင့် ပြောင်းပြန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု၏ အပျက်သဘော အရည်အသွေးများ၊ အားနည်းချက်များကို ပုံကြီးချဲ့ကာ ကောင်းသောအချက်များကို လျစ်လျူရှုပါသည်။ ဥပမာအားဖြင့် သူတို့အခန်းကို သပ်သပ်ရပ်ရပ် မထားခြင်း၊ ရှုပ်ပွနေခြင်း၊ ပန်းကန်များ သေချာမဆေးခြင်း စသည်ဖြင့် တစ်ခုခုကို ကျွန်ုပ်တို့က ပုံကြီးချဲ့ပါသည်။ ယင်းကို လိုသည်ထက်ပိုပြီး ပုံကြီးချဲ့မိကာ ဒေါသထွက် ဝမ်းနည်းလာပါသည်။ တစ်ချိန်တည်းမှာပင် ထိုသူ၏ ကောင်းသောအချက်များကို လျစ်လျူရှုမိတတ်ပါသည်။ သူတို့သည် အလွန်ကြင်နာတတ်ကြောင်း၊ အလွန် တာဝန်ယူတတ်ကြောင်း၊ အလွန်တည်ငြိမ်ကြောင်း စသည်တို့ကို မျက်ခြေပြတ်သွားတတ်ပါသည်။ တစ်ခုတည်းသော ထင်ရှားနေသည့်အချက်မှာ “မလျှော်ရသေးတဲ့ ခြေအိတ်တွေ ကြမ်းပြင်ပေါ်မှာ ထားခဲ့တာ သည်းမခံနိုင်ဘူး” ဆိုသည့်စိတ် ဖြစ်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ဒေါသထွက်လာပါသည်။

အနက်ရှိုင်းဆုံးသစ္စာ

ဤဥပမာများလိုပင် ကျွန်ုပ်တို့၏ တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ သူတို့၏အပြုသဘောနှင့် အပျက်သဘော၊ သို့မဟုတ် အားသာချက်နှင့် အားနည်းချက်များ၏ အပေါ်ယံ နှိုင်းရသစ္စာကို အမှန်မသိမှုသည် ကျွန်ုပ်တို့၏ တွယ်တာမှုနှင့် ဒေါသတို့၏နောက်ကွယ်တွင် ရှိနေပါသည်။ ကျွန်ုပ်တို့ မသိ၍ဖြစ်စေ၊ လျစ်လျူရှုမိ၍ဖြစ်စေ၊ ပုံကြီးချဲ့မိ၍ဖြစ်စေ၊ မှားယွင်းစွာ သိမြင်၍ဖြစ်စေ ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ တွယ်တာမှု၊ ဒေါသတို့နောက်ကွယ်၌ ပိုမိုနက်ရှိုင်းသောအဆင့်တွင် ၎င်းတို့တည်ရှိပုံနှင့် ပတ်သက်၍ အမှန်မသိမှု အနက်ရှိုင်းဆုံးသစ္စာ ရှိနေပါသည်။

ဤအချက်ကို အလွန်ရှုပ်ထွေး သိမ်မွေ့သောအဆင့်တွင် ဆွေးနွေးနိုင်သော်လည်း ယခုညနေခင်း၏ ရည်ရွယ်ချက်မှာ ပိုမိုလွယ်ကူသောအဆင့်တွင် ဆွေးနွေးရန်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့အမြင်တွင် ဤလူကို ခိုင်မာပြီး ထင်ရှားသော စည်းခြားထားသော အရာမျိုးကဲ့သို့ တည်ရှိနေသည်ဟု မြင်ပါသည်။ သူတို့ကို ပလတ်စတစ်နှင့် ထုပ်ထားသလို၊ မိမိရှေ့တွင်ရှိနေသည့် ရုပ်ငြိမ်ဓာတ်ပုံထဲ၌ မတုန်မလှုပ် တည်ရှိနေသလို ထင်နေပါသည်။ ဤသို့ အယူအဆ လွဲမှားမှုကြောင့် သူတို့သည် အကြောင်းတရား၊ အခြေအနေများ၊ လွှမ်းမိုးမှုများ စသည်တို့အပေါ် မမှီခိုဘဲ ၎င်းတို့ကိုယ်တိုင် မပြောင်းမလဲ၊ ထာဝရ တည်ရှိနေသူ ခိုင်မာသောအရာကဲ့သို့ ထင်လာပါသည်။ ဤသည်မှာ အလွန်ပင် ရှုပ်ထွေးမှားယွင်းမှု ဖြစ်ပါသည်။ သူတို့၏ စိတ်အခြေအနေသည် အမြဲပြောင်းနေခြင်း၊ သူတို့ခန္ဓာကိုယ်သည် အမြဲပြောင်းလဲနေခြင်း၊ သူတို့၏စိတ်ခံစားချက် အခြေအနေသည် အမြဲပြောင်းလဲနေခြင်း ရှိသည့်အတွက် ထိုသို့ထင်သည်မှာ မမှန်ပါ။ ပလတ်စတစ်နှင့် ထုပ်ထားသလို၊ ထာဝရ တည်ရှိနေသည့်အလား ခိုင်မာသောအရာ တစ်ခုမှ မရှိပါ။

ခိုင်မာပြီး ထာဝရတည်ရှိသည့် “သင်” အနေနှင့် လွဲမှားယူဆမှုတွင် အခြေခံကာ “သင်ကအမြဲ ဒီလိုပဲ။ ကြမ်းပြင်ပေါ်မှာ ခြေအိတ်ကို အမြဲထားခဲ့တယ်” စသည်ဖြင့် တွေးပါသည်။ အမှန်တရားနှင့် မသက်ဆိုင်သော ဤသို့လွဲမှားယူဆခြင်းနှင့် မိမိ၏အမှန်မသိမှုတို့သည် မိမိနှင့် တစ်အိမ်တည်းနေသည့် ဤ “လူ” ၏ အပျက်သဘော အရည်အသွေးများကို ချဲ့ကားမှု၏ အခြေခံ ဖြစ်ပါသည်။ ၎င်းတို့တည်ရှိပုံကို မိမိ၏အမှန်မသိမှုသည် ဤပုဂ္ဂိုလ်အား ခိုင်မာသည့် စိတ်ချမ်းသာစရာ “လူ” ကဲ့သို့ အရည်အသွေးကောင်းများကိုလည်း ချဲ့ကားမိစေပါသည်။ ထို့နောက် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုသည် ထိုသူကို စိတ်လိုက်မာန်ပါ ထိတွေ့စေပါသည်။ သူကအလွန် ဆွဲဆောင်မှု ရှိသည့်အတွက် လက်မလွှတ်နိုင်တော့ပါ။ အလွန် တွယ်တာမိပြီး မစွန့်လွှတ်နိုင်တော့သလို ထိုသူကို အိပ်စက်ခွင့် မပေးလိုတော့ပါ။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် ခိုင်မာပြီး ထာဝရတည်ရှိသည်ဟု ထင်မြင်မှုနှင့်အတူ ဤသို့အမှန်မသိမှု နှစ်မျိုးကို ဖယ်ရှားနိုင်ပါက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ပေါ်ထွက်မလာတော့ပါ။ ထိုသူက အမြဲတမ်း ပြောင်းလဲနေကြောင်း သဘောပေါက်လာပြီး၊ ပလတ်စတစ်ဖြင့် ထုပ်ထားသော ခိုင်မာသည့်အရာလို မဟုတ်တော့ဘဲ ပြောင်းလဲရန် လမ်းဖွင့်ထားပါသည်။ ထိုသို့နားလည်သောအခါ ဤအရာကို ပလတ်စတစ်ဖြင့် ထုပ်ထားသလို ချဲ့ကား ပုံဖော်ထားမိသော အရည်အသွေးကောင်းများ ထာဝရရှိနေသည်ဟု မတွေးတော့ပါ။ သူတို့၏ အမှန်တကယ် အကောင်းနှင့် အဆိုး အရည်အသွေးများကို တွေ့မြင်ရန် လမ်းဖွင့်ထားပြီး လူတိုင်းမှာ ကောင်းကွက်၊ ဆိုးကွက်များရှိသည်ကို နားလည်လာပါမည်။ သူတို့ကို မချဲ့ကားသလို ငြင်းပယ်ခြင်းလည်း မပြုတော့ပါ။ ထိုအခြေခံဖြင့် ကျွန်ုပ်တို့သည် ရင့်ကျက်သော၊ ချစ်ခင်ကြင်နာသော၊ ခံနိုင်ရည်ရှိသော၊ သည်းခံနားလည်သော ပုံစံဖြင့် ဆက်စပ်လာနိုင်ပါသည်။ တွယ်တာမှု၊ စိတ်အနှောင့်အယှက် ဖြစ်မှုတို့လည်း မရှိတော့ပါ။

စက်ပစ္စည်းများနှင့် ပတ်သက်သည့် တွယ်တာမှုနှင့် ဒေါသ

အသံဖမ်းစက်နှင့် ပတ်သက်လျှင်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။ ထိုစက်ကို တွယ်တာမှု၊ ဒေါသထွက်မှုတို့သည် ဘာကြောင့်ဖြစ်ပေါ်လာပါသနည်း။ ပထမဦးစွာ “ဒါကို ငွေအများကြီးပေးပြီး ဝယ်ထားရတယ်” ဟုတွေးကာ အခိုင်အမာ သတ်မှတ်ပြီး ယင်းကိုခိုင်မာသော တည်ရှိမှုဖြင့် စည်းခြားထားလိုက်သည်။ ထို့နောက် “တရားတော်တွေ အသံဖမ်းဖို့ လုံးဝစိတ်ချရတယ်” ဆိုပြီး ၎င်း၏အရည်အသွေးကောင်းများကို ပုံကြီးချဲ့မိကာ ယင်းကိုမှီခိုလာပါသည်။ သင်ကြားမှုကို အမှန်တကယ် ဂရုမစိုက်တော့သလို မှတ်စုလည်း မရေးတော့ပါ။ အသံဖမ်းစက်က မမှားနိုင်သလို ထာဝရရှိနေပြီး အဆင်ပြေမည်ဟု ထင်ပါသည်။ ထို့နောက် အဆင်မပြေဖြစ်လာရာ အလွန်ဒေါသထွက်မိပါတော့သည်။

တကယ်တော့ ၎င်းသည် စက်တစ်လုံးသာ ဖြစ်ပါသည်။ အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားပြီး အစိတ်အပိုင်းများက ယိုယွင်းတတ်ပါသည်။ ဘယ်အရာမှ မမြဲပါ။ ကောင်းစွာ အသံဖမ်းနိုင်သည်မှာ မှန်သော်လည်း တစ်ခါတစ်ရံ ချို့ယွင်းတတ်ပါသည်။ စက်ဖြစ်သည့်အတွက် ဓာတ်ခဲအားကုန်ခြင်းမျိုး ဖြစ်နိုင်ပါသည်။ ထိုသို့နားလည်ပါက ဓာတ်ခဲအားကုန်သွားပါကလည်း ရေးကြီးခွင်ကျယ် မပြုမိတော့ပါ။ အသုံးမပြုမီ တာဝန်သိစွာ ပြုမူပြီး စက်ကောင်းစွာ အလုပ်လုပ်သလား၊ ဓာတ်ခဲအားပြည့်သလား စသည်တို့ကို စစ်ဆေးပါသည်။ သို့သော် တစ်ခုခုဖြစ်လာပြီး အဆင်မပြေပါက ဝမ်းမနည်းပါ။ မှတ်စုလည်း ရေးပါသည်။ ဤအသံဖမ်းကိရိယာ တစ်ခုတည်းအပေါ်၌ မှီခိုမနေတော့ပါ။

ဤအသံဖမ်းစက် သို့မဟုတ် ယနေ့ခေတ် ကွန်ပျူတာများကဲ့သို့ စက်များအပေါ်တွင် ယခုလို အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ထားရှိသည်မှာ အတော်လေး အံ့အားသင့်မိပါသည်။ ထိုအရာက ကျွန်ုပ်တို့ ဖြစ်စေချင်သလို မဆောင်ရွက်သောအခါ အလွန်ဒေါသထွက်ပါသည်။ “သူ့မှာလည်း စိတ်ရှိတယ်” ဟုထင်မိပါသည်။ တကယ်တော့ ရယ်စရာကောင်းပါသည်။ “စက်ရှိမှတော့ အလုပ်ဖြစ်သင့်တာပေါ့” ဟုတွေးကာ ပြီးပြည့်စုံမည်ဟု ယူဆပါသည်။ သို့သော် စက်တစ်လုံးသာ ဖြစ်ပြီး အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားပါသည်။ ထို့ပြင် အမှားလုပ်တတ်သော၊ အရာရာ ပြီးပြည့်စုံစွာ မည်သို့လုပ်ရမည်ကို မသိသော လူတို့က ယင်းကို ပြုလုပ်ထားပါသည်။ သို့သော် ကွန်ပျူတာ သို့မဟုတ် အသံဖမ်းစက်တို့ကို မသုံးရဘူးဟု မဆိုလိုပါ။ အလွန်အထောက်အကူ ပြုသည့်အတွက် သုံးပါသည်။ သို့သော် အလုပ်အဆင်ပြေးပါက ယင်းကို မတွယ်တာပါ။ လုပ်စေချင်သလို မလုပ်သောအခါတွင်လည်း ဒေါသမဖြစ်ပါ။ ဤနည်းဖြင့် မျှတပြီး ကောင်းမွန်သော သဘောထားကို ထားရှိနိုင်ပါသည်။ တန်ဖိုးကြီးသော စက်များဆိုပါက ဤစိတ်မျိုးထားရန် မလွယ်ကူလှပါ။

တစ်စုံတစ်ဦးအပေါ် လိုချင်သောဆန္ဒနှင့် တွယ်တာမှုတို့ကို ဖြေရှင်းရန် ယာယီ နည်းလမ်း

ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ဖြေရှင်းရန်အတွက် ဗုဒ္ဓဘာသာတွင် အသုံးပြုသော နည်းလမ်းနှစ်ဆင့် ရှိပါသည်။ အရာရာအပေါ် နှိုင်းရသစ္စာကို အခြေခံအားဖြင့် မှန်ကန်စွာ မြင်စေသော ခဏတာ ယာယီ နည်းလမ်းများနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်က ဦးတည်သည့်အရာအပေါ် အနက်ရှိုင်းဆုံး သစ္စာကို နားလည်စေသော အဆုံးစွန် အနက်ရှိုင်းဆုံး နည်းလမ်းများ ဖြစ်ပါသည်။ အနက်ရှိုင်းဆုံး နည်းလမ်းများကို များစွာ လေ့လာစဉ်းစားရန် လိုသော်လည်း ခဏတာ ယာယီနည်းလမ်းများမှာ နားလည်သဘောပေါက်ပြီး အသုံးချရန် ပိုမို လွယ်ကူသည့်အတွက် ယင်းတို့ကိုအရင်ဆုံး လေ့ကျင့်အသုံးချပါမည်။ ဤယာယီနည်းလမ်းများအတွက် နမူနာအချို့ကို လေ့လာကြပါစို့။

ခန္ဓာကိုယ်ထဲတွင် ရှိသောအရာကို တွေးတောခြင်း

တစ်စုံတစ်ယောက်ကို တွယ်တာပြီး လိုချင်သောဆန္ဒ ရှိလာပါက၊ အထူးသဖြင့် ထိုသူ၏ခန္ဓာကိုယ်အလှ၏ အရည်အသွေးများကို အလွန်စွဲလမ်းပြီး ပုံကြီးချဲ့မိပါက သို့မဟုတ် မိမိခန္ဓာကိုယ်အပေါ် တွယ်တာမိပါက “ခန္ဓာကိုယ်၏ အကျည်းတန်မှု” ဟုခေါ်လေ့ရှိသည့်အရာကို တရားရှုမှတ်ရန် လိုပါသည်။ တကယ်တော့ “အကျည်းတန်” ဆိုသည့် စကားလုံး အသုံးပြုခြင်းဖြင့် အနည်းငယ်တုံ့ဆိုင်းသွားစေပါသည်။ ယင်းမှာ မနှစ်သက်ဖွယ် စကားလုံးဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် “အကျည်းတန်” ဆိုသည့် စကားလုံးသာမက တစ်ခါတစ်ရံ အသုံးပြုတတ်ကြသည့် “ညစ်ပေသော” ဆိုသည့်စကားလုံးကိုလည်း မထည့်သွင်းဘဲ ကြိုးစားရှုမြင်ကြည့်ပါမည်။ မိမိကိုယ်ကို တန်ဖိုးမထားမှု အဖြစ်များလွန်းသည့် လက်ရှိကာလ အသိုင်းအဝိုင်းများတွင် ထိုစကားနှစ်လုံးက အလွန်ပင် မကောင်းသော ဆိုလိုရင်း ဖြစ်နေပါသည်။ သို့သော် ကျွန်ုပ်တို့က မိမိမှာဖြစ်စေ၊ အခြားသူများမှာဖြစ်စေ တစ်စုံတစ်ခု၏ နှိုင်းရသစ္စာဆိုသည့် ယခုဆွေးနွေးနေသော အမြင်မှသာ လူ့ခန္ဓာကိုယ်ကို ကြည့်ပါမည်။

လက်ဆောင်ထုပ်တစ်ထုပ်ကို ဤနေရာတွင် နမူနာယူနိုင်ပါသည်။ လက်ဆောင်ထုပ်သည် စာရွက်ဖြင့် ထုပ်ပိုးထားပြီး အပြင်ဘက်မှကြည့်လျှင် လက်ဆောင်ကဲ့သို့ဖော်ပြသည် ဆိုပါစို့။ အထဲတွင်လည်း အရာဝတ္ထုများ ရှိပါသည်။ ထို့အတူ ကျွန်ုပ်တို့ ခန္ဓာကိုယ်ဖြစ်စေ၊ အခြားတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်စေ အပြင်ဘက်တွင် အရေပြားဖြင့် ထုပ်ပိုးထားပြီး ယင်းကိုပုံမှန်အားဖြင့် မြင်တွေ့ရပါသည်။ ထိုအခါ အရေပြားသည် အလွန်လှပသော ထုပ်ပိုးမှုနှင့် တူပါသည်။ လက်ဆောင်ထုပ်ကို တန်ဖိုးကြီးလှပသော စက္ကူ၊ ဖဲကြိုးများဖြင့် ထုပ်ပိုးနိုင်သလို ခန္ဓာကိုယ်ကိုလည်း ပိုပြီးဆွဲဆောင်မှု ရှိအောင် တန်ဖိုးကြီးလှပသော အဝတ်အစားများဖြင့် ဝတ်စားထားနိုင်ပါသည်။ သို့သော် အဝတ်အထည်က ထုပ်ပိုးမှုသာ ဖြစ်ပါသည်။ စတိုးဆိုင်မှ ကုန်ပစ္စည်းတစ်ခု ပိုပြီးအာရုံစိုက်ခံရအောင် ဆွဲဆောင်ဖို့အတွက် ထုတ်လုပ်သူများက ထိုပစ္စည်းအတွက် ထုပ်ပိုးမှုဒီဇိုင်းနှင့် မျက်စိကျစရာ ကြော်ငြာတို့ဖြင့် ဒုက္ခခံကြိုးပမ်းထားကြပါသည်။ ထို့အတူ မိမိအရေပြားကို ပိုပြီးဆွဲဆောင်မှုရှိအောင် မိတ်ကပ်၊ လှပသော ဆံပင်ပုံစံ၊ ရေမွှေး သို့မဟုတ် ပိုပြီးမျက်စိကျစရာ ဖြစ်အောင် ဆေးမင်ကြောင်နှင့် ခန္ဓာကိုယ်ထွင်းဖောက်သော အဆင်တန်ဆာများဖြင့်ပါ အတော်များများ ကြိုးစားဆင်ယင်တတ်ကြပါသည်။

သို့သော် ထုပ်ပိုးမှုသည် အပေါ်ယံ ဖုံးလွှမ်းမှုမျှသာ မဟုတ်ဘဲ အထဲမှာလည်း အရာဝတ္ထုများ ပါဝင်ပါသည်။ ခန္ဓာကိုယ်၏ အထဲမှအရာများမှာ အရိုး၊ ကြွက်သား၊ ကိုယ်အင်္ဂါ စသည်တို့ ဖြစ်ပါသည်။ အစာအိမ်ထဲမှအရာများ ပြန်ထွက်လာပါက အန်ဖတ်များ ဖြစ်ပါမည်။ အူထဲတွင် မစင်နှင့် ဆီးအိတ်ထဲတွင် ဆီးများ ရှိသလို သွေးပြန်ကြောနှင့် သွေးလွှတ်ကြောများ ထဲတွင် သွေးများ ရှိပါသည်။ ယင်းမှာအမှန်တရား ဖြစ်ပါသည်။ ဤအရေပြား ထုပ်ပိုးမှုထဲမှ ရှိနေသော အရာများ၏သစ္စာ ဖြစ်သည်။ ယင်းကိုလုံးဝ ငြင်းမရပါ။ ထို့ပြင် အစာအိမ်ထဲမှ အန်ဖတ်အားလုံးနှင့် ပါးစပ်ထဲမှ တံတွေးအားလုံး၊ နှာခေါင်းထဲမှ အချွဲအားလုံးနှင့် အူများထဲမှ မစင်အားလုံး၊ ဆီးအိတ်ထဲမှ ဆီးအားလုံးနှင့် သွေးကြောများထဲမှ သွေးအားလုံး ထုတ်ယူကာ အရေပြားတစ်ခုသာ ထားလိုက်ပါကလည်း ကျွန်ုပ်တို့ ချစ်ခင်သူ ဖြစ်နေရဦးမည် မဟုတ်ပါလား။ ချစ်ခင်သူဆိုသည့် အမှန်တရားမှာ သူသည် ထုပ်ပိုးမှုတစ်ခုလုံး ဖြစ်ပါသည်။ သဘာဝသမိုင်း ပြတိုက်မှာ ပြသထားသောအရာများကဲ့သို့ ဝါဂွမ်း သို့မဟုတ် တစ်ခုခု အစာသွပ်ထားသည့် မိမိချစ်ခင်သူ၏ အရေပြားကိုသာ အလိုရှိခြင်း မဟုတ်ပါ။ ထိုသူကို အသက်ရှင်စေ လိုပါသည်။ ထို့ကြောင့် ဤသည်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ထုပ်ပိုးမှုထဲက အမှန်တရား ဖြစ်နေပါသည်။

ထိုအခါ အလွန်စိတ်ဝင်စားစရာ ကောင်းလာပါသည်။ ဘာကို လှပသည်ဟုထင်ပြီး ဘာကို အကျည်းတန်သည်ဟု ထင်ပါသနည်း။ ဘာကသန့်ရှင်းပြီး ဘာကညစ်ပတ်ပါသနည်း။ အရေပြားသည် အလွန်လှပြီး အရိုးက အကျည်းတန်သည်ဟု အချို့ကထင်ပါသည်။ သို့သော် အရိုးမှာ ဘာက အကျည်းတန်ပါသနည်း။ အရိုးတစ်ချောင်းသာ ဖြစ်ပါသည်။ ဆေးရုံက ခွဲစိတ်မှုကိုသာ တွေ့ရမည်ဆိုလျှင် ခန္ဓာကိုယ်ထဲက အရာအားလုံး မြင်ရမည်ဖြစ်ရာ ထိုအတွက် အကျည်းတန်ပြီး ရွံရှာစရာကောင်းသည့်အချက်သည် အဘယ်နည်း။ ကျွန်ုပ်တို့၏ သဘောထားသာ ဖြစ်နေသည် မဟုတ်ပါလား။ ခွဲစိတ်ကုသပေးနေသော ဆရာဝန်များက အရိုးဆိုသည်မှာ အကျည်းတန်ပြီး ရွံရှာစရာဟု မမြင်သည်မှာ သေချာပါသည်။ ၎င်းသည် ကိုယ်တွင်းအင်္ဂါ တစ်ခုသာ ဖြစ်ပါသည်။

အလှအပကဲ့သို့ အရည်အသွေးကောင်းများကို ပုံကြီးမချဲ့မိအောင် ရှောင်ရှားခြင်း

အဓိကအချက်မှာ အရည်အသွေးကောင်းများကို ပုံကြီးမချဲ့မိရန် ဖြစ်ပါသည်။ အရည်အသွေးကောင်းများသည်လည်း နှိုင်းရဖြစ်သလို အခြေအနေပေါ် မူတည်ပါသည်။ ဥပမာ၊ တစ်ယောက်ယောက်ကို ကျွန်ုပ်က လှပသည်ဟုထင်သော်လည်း သင်ကလုံးဝမလှပကြောင်း ထင်နိုင်ပါသည်။ သို့မဟုတ် ကျွန်ုပ်က ရုပ်ဆိုးသည်ဟု ထင်သူကိုလည်း သင်က အလွန်လှပသည်ဟု မြင်နိုင်ပါသည်။ ဤသည်မှာ ရှုမြင်မှုပေါ်တွင် လုံးဝမူတည်ပါသည်။ ထို့ကြောင့် ထိုသူ၏အရေပြားနှင့် ခန္ဓာကိုယ်ပုံစံကို ဆွဲဆောင်မှုရှိသည်ဟု မြင်ပါက ကျွန်ုပ်တို့အတွက် လှပနေသောကြောင့် ထိုအချက်က ဘာမှ အမှားအယွင်း မရှိပါ။ အရေးကြီးသည်မှာ ယင်းကိုပုံကြီးမချဲ့ရန် ဖြစ်ပါသည်။ ထိုသူကိုမြင်ရလျှင် စိတ်ချမ်းသာသည် ဆိုသောအချက်က ဘာမှပြောစရာမရှိပါ။ သူတို့၏အဆင်းကို နှစ်သက်ပါသည်။ ထိုသို့မြင်ရသည်ကို ပျော်ရွှင်ပါသည်။ ပုံကြီးချဲ့လိုက်ပြီး “သူ့ခန္ဓာကိုယ်နဲ့ အမြဲတမ်း ထိတွေ့ချင်တယ်။ မြင်လိုက်တိုင်းမှာ ပွေ့ဖက်ချင်တယ်။ သူ့ကိုအမြဲတမ်း ဘေးနားမှာ ရှိစေချင်တယ်” ဟုခံစားရသောအခါ ဒုက္ခ ဖြစ်စေပါသည်။ ယင်းမှာ ပြဿနာဖြစ်သည်။ လူတိုင်းက သူ့ကိုတပ်မက်သောစိတ်ဖြင့် ကြည့်ပါက “သူနဲ့ သူ့ခန္ဓာကိုယ်က ငါ့ဟာပဲ” ဆိုပြီး ကျွန်ုပ်တို့ဝမ်းနည်းပါသည်။ လမ်းပေါ်တွင် အလွန်လှပသူများကို မြင်နေရပါသည်။ “ဒီလူကို ထိတွေ့ချင်လိုက်တာ။ ဒီလူနဲ့ တစ်ခုခုဆောင်ရွက်ချင်လိုက်တာ” ဟု စိတ်လိုက်မာန်ပါ တွေးမိလျှင်သာ အနှောင့်အယှက် ဖြစ်လာပါသည်။ ထိုအခါ စိတ်ခံစားချက်အရ အလွန်ပင် အနှောင့်အယှက် ဖြစ်စေပါတော့သည်။

ထိုသူ၏ရုပ်အဆင်း ဆိုသည့် ထုပ်ပိုးမှုကို အမှန်တကယ် စတင်ပုံကြီးချဲ့မိပါက ဓာတ်မှန်ကဲ့သို့ ထိုသူ၏အရိုးစုကို ရှုမြင်ပါက အလွန်အထောက်အကူ ပြုပါသည်။ အထူးသဖြင့် အရိုးစုက မည်သို့ရှိမည်ကို သိထားပါက ထိုသို့ရှုမြင်ရန် မခက်လှပါ။ ယင်းမှာ ခန္ဓာဗေဒ သင်ခန်းစာ မဟုတ်သလို ပြီးပြည့်စုံရန် မလိုပါ။ သို့သော် မျက်နှာနှင့်ဦးခေါင်း အရေပြားအောက်မှ ဦးခေါင်းခွံကို စိတ်ကူးနိုင်ပါသည်။ ထိုအခါ သက်သာရာ ရစေနိုင်ပါသည်။ သို့မဟုတ် တစ်ယောက်ယောက်၏ ဝမ်းဗိုက်ကို ပုတ်ကြည့်ပြီး “အရမ်းကောင်းတယ်” ဟုတွေးမိပါက အရေပြားအောက် သုံးစင်တီမီတာ၊ လေးစင်တီမီတာခန့် ဝင်ပြီး ပုတ်ကြည့်လျှင် ဘာဖြစ်မည်ကို အနည်းငယ် သတိထားကြည့်လိုက်ပါ။ ကျွန်ုပ်တို့သည် မုန်းတီးရမည်ဟု မဆိုလိုပါ။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို ပုတ်ကြည့်ရာမှ ရရှိသော ပျော်ရွှင်မှုတစ်ခုခုကို ပုံကြီးမချဲ့ရန်သာ ဆိုလိုပါသည်။ ဤနည်းလမ်းများ အသုံးချပါက စိတ်ခံစားချက်အရ ပိုပြီးမျှတလာပါသည်။

ယခုဖော်ပြခဲ့သော နည်းလမ်းများမှာ ယာယီသာ ဖြစ်ပြီး လိုချင်သောဆန္ဒ သို့မဟုတ် တွယ်တာမှုကို မဖယ်ရှားပေးပါ။ သို့သော် အချို့အခြေအနေများ၌ ထိုအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ပေါ်လာသောအခါ ယာယီအားဖြင့် လျှော့ချပေးပါသည်။ ယင်းတို့ကို အမှန်တကယ် ဖယ်ရှားရန်အတွက် လူတစ်ဦး အမှန်တကယ် မည်သို့တည်ရှိသည်ကို သေချာနားလည်ရန်နှင့် ထိုသူကို “အရာ” တစ်ခုမပြုလုပ်ရန် လိုပါသည်။ သို့သော် ဤသည်မှာ အလွန်ခက်ခဲပြီး အဆင့်မြင့်ပါသည်။ ထို့ကြောင့် ပထမဦးစွာ ဤသို့သော ယာယီနည်းလမ်းများကို အသုံးချရပါသည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် နာယူခြင်း၊ စဉ်းစားတွေးတောခြင်းနှင့် တရားရှုမှတ်ခြင်း စသည့် အဆင့်သုံးဆင့် လိုအပ်ပါသည်။

နည်းစနစ်ကို နာယူပြီး တွေးတောဆင်ခြင်ခြင်း

ကျွန်ုပ်တို့သည် ပထမဦးစွာ နည်းစနစ်မည်သို့ရှိမည်ကို နာယူရန်လိုပါသည်။ တစ်ယောက်ယောက်ကို သူတို့၏ခန္ဓာ၊ သူတို့၏ရုပ်အဆင်းကြောင့် အလွန်တွယ်တာမိနေပါက ဤနည်းလမ်းမှာ အရိုးစုနှင့် ဝမ်းဗိုက်ထဲရှိအရာများကဲ့သို့ အရေပြားအောက်ရှိအရာကို ရှုမြင်ရန် ဖြစ်ပါမည်။ ဤနည်းလမ်းကို နာယူပြီးသောအခါ နားလည်အောင် တွေးတောဖို့ လိုပါသည်။ ထို့ပြင် ထုပ်ပိုးမှုကိုသာမက ထုပ်ပိုးမှုထဲမှအရာကို မြင်နိုင်ပါက ထိုသူကို လိုချင်သောဆန္ဒနှင့် တွယ်ငြိမှု တို့ကြောင့် အနှောင့်အယှက် ဖြစ်တော့မည်မဟုတ်ကြောင်း ယုံကြည်လာရန် လိုပါသည်။ ထိုသူနှင့်ပတ်သက်၍ ပြဿနာ နည်းသွားပြီး မိမိ၏ စိတ်ခံစားချက် ပုံဖော်မှုတွင်လည်း ပြဿနာများ နည်းသွားပါမည်။

အဆိုလေးရပ်ကို အသုံးချခြင်း

နာကြားဖူးသော ဤအချက်များကို တွေးတောရန်အတွက် “အဆိုလေးရပ်” ဆိုသည့်ရှုထောင့်ဖြင့် လေ့လာဆန်းစစ်ရန် လိုပါသည်။ ယင်းတို့မှာ တစ်ခုခုကို ခိုင်မြဲစွာယုံကြည်လာစေမည့် နည်းလေးသွယ် ဖြစ်ပါသည်။

ကျိုးကြောင်းဆီလျော်မှုဖြင့် တည်ရှိသော အဆို

ပထမအဆိုအရ တရားတော်များကို ကျိုးကြောင်းဆီလျော်ပြီး ယုတ္တိကျသလား သိရှိရန် စစ်ဆေးပါသည်။ ဤနေရာတွင် လူတို့သည် သူတို့၏အရေပြားမျှသာ မဟုတ်သည်မှာ အတော်လေး ရှင်းပါသည်။ ယင်းကို သက်သေပြရန် မလိုပါ။ သို့သော် ဤအချက်ကို ယုတ္တိရှိ၊ မရှိ စစ်ဆေးပါက အရေပြားဖုံးလွှမ်းထားသည့်အောက်တွင် အရိုးစုဖြင့် မထိန်းထားပါက ရပ်တည်၍ မရနိုင်ပါ။ ထမင်းစားပါက ဝမ်းဗိုက်နှင့် အူထဲတွင် တစ်ခုခုရှိနေရပါမည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်သည် အရေပြားထဲတွင် တစ်ခုခု ရှိနေသည့်အတွက် အရေပြားမျှသာ မဟုတ်သည်မှာ လုံးဝယုတ္တိကျပါသည်။

လုပ်ဆောင်ချက် အဆို

ထို့နောက် တရားတော်တစ်ပုဒ်သည် ရည်ရွယ်သော ရလဒ်ဖြစ်ပေါ်အောင် မည်သို့ဆောင်ရွက်သည်ကို စစ်ဆေးပါသည်။ ဥပမာအားဖြင့် ထိုသူ၏ကိုယ်ခန္ဓာ အတွင်းနှင့်အပြင်တွင် ဘာတွေရှိသည်ကို အညီအမျှ သိရှိသောအခါ ထိုသို့နားလည် သဘောပေါက်မှုသည် ကျွန်ုပ်တို့အား တစ်ခုကို ပုံကြီးချဲ့ပြီး တစ်ခုကို လျစ်လျူမရှုမိအောင် ကူညီပါသည်။

တစ်စုံတစ်ယောက်သည် အလွန်လှပပြီး ဆွဲဆောင်မှုရှိပါက သူတို့အရေပြားကိုသာ ဘာကြောင့် အရမ်းလှသည်ဟု မြင်ရသည့်အချက်ကိုပါ လေ့လာဆန်းစစ်နိုင်ပါသည်။ သူတို့အစာအိမ်မှ အန်ဖတ်သည်လည်း လှပသည်ဟု ဘာကြောင့် မမြင်သင့်ပါသနည်း။ ထိုသို့မမြင်သည်မှာ ရှင်းနေပါသည်။ ထို့ကြောင့် သူတို့ခန္ဓာကိုယ်၏ အတွင်းနှင့်အပြင် ရှုထောင့်နှစ်မျိုးကို သိရှိခြင်းဖြင့် သူတို့၏အပြင်ပန်းအလှကို မတွေ့အောင် သို့မဟုတ် သူတိုအလှကို မခံစားအောင် တားဆီးလိုက်ခြင်း မဟုတ်ပါ။ ယင်းမှာ ကျွန်ုပ်တို့၏ ခံစားမှုကို ထောင့်စေ့သွားစေပါသည်။ ထိုသူ၏ ခန္ဓာကိုယ်သည် အပြင်တွင် လှပနိုင်သော်လည်း အခြားသူအားလုံးကဲ့သို့ပင် အတွင်းမှအရာများလည်း ရှိပါသည်။

သူတို့အကြောင်းတွေးကာ ခိုင်မြဲစွာယုံကြည်အောင် ကြိုးစားခြင်းဖြင့် ဤအချက်များကို လေ့လာသောအခါ အလွန် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ယင်းတို့ကို အမှန်တကယ် ယုံကြည်လေ့ မရှိသည်က များပါသည်။ ထိုသူ၏ အစာအိမ်နှင့် အူလမ်းကြောင်းထဲတွင် ရှိသောအရာကို တွေးရန် စိတ်ခံစားချက်အရ လက်မခံလိုပါ။ ထိုသို့လေ့လာရသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ သို့သော် အဓိကအချက်မှာ ၎င်းသည် အမှန်တရား ဖြစ်ပါသည်။ သစ္စာတရား ဖြစ်ပါသည်။ တိဘက်လူမျိုးများက အလွန်ပေါ်လွင်ပြီး ရှင်းလင်းသောရုပ်ပုံများကို နှစ်သက်ကြ ပါသည်။ သင့်မှာ မစင်ပုံအကြီးကြီးတစ်ခုရှိပြီး ယင်းကို ဝတ်လစ်စလစ်ခန္ဓာကိုယ်တစ်ခု လှပစွာ ထုဆစ်ပုံဖော်ကာ အသားအရောင်အတိုင်း ဆေးဆိုးလိုက်ပါက မည်မျှလှပသည်ဖြစ်စေ မစင်ပုံသာ ဖြစ်နေမည်ဟု သူတို့က ပြောပါသည်။

ဤသို့နားလည် သဘောပေါက်မှု၏ ဆောင်ရွက်ချက်မှာ တစ်စုံတစ်ယောက် ခန္ဓာကိုယ်၏ အတွင်းနှင့်အပြင်ကို သတိပြုမိပါက ထိုခန္ဓာကိုယ်အား လိုချင်သောဆန္ဒနှင့် တွယ်တာမှုတို့ မရှိအောင် ဆောင်ရွက်ပေးပါသည်။ ဤသည်မှာ တစ်ခုကို ငြင်းပယ်ပြီး တစ်ခုကို ပုံကြီးချဲ့ခြင်း မဟုတ်ပါ။ ထို့ကြောင့် ဤသို့နားလည်မှုသည် စိတ်စွဲလမ်းမှုနှင့် မကိုက်ညီပါ။ ဤနားလည်မှုအရ မည်သည့်ခန္ဓာမဆို အိုမင်းလာပါက ဖြစ်ပျက်လာသောအရာကို ရိုးသားသော မေတ္တာနှင့် သည်းခံမှု သဘောထားဖြင့် ထိုသူအား တည်ငြိမ်သော ရေရှည် ကတိကဝတ်ပြုမှု ထားရှိရမည် ဖြစ်ပါသည်။ ထိုသူ၏လက်ရှိ အလှအပကို ပုံကြီးချဲ့ကာ သူတို့အိုမင်းမစွမ်းဖြစ်လာပြီး ထိုအလှအပ ပျောက်ဆုံးသွားသောအခါ ပိုပြီးဆွဲဆောင်မှုရှိသည်ဟု ထင်ရသူတစ်ယောက်ကို ကျွန်ုပ်တို့ ရှာဖွေမိနိုင်ပါသည်။ သို့သော် အတွင်းရော အပြင်ပါ ပြောင်းလဲမည်ဆိုသည့် အမှန်တရားကို နားလည်လက်ခံပါက ထိုအသိအမြင်သည် ထိုသူနှင့် တည်ငြိမ်ပြီး ချစ်ခင်သော ဆက်ဆံရေးရှိစေပါလိမ့်မည်။

အရာရာ သဘာဝအတိုင်းဖြစ်နေသည့် အဆို

အချို့လူများက အပြင်ပန်းတွင် လှပသော်လည်း အတွင်းမှာ အရိုးစု၊ မစင်၊ အန်ဖတ်တို့ ရှိနေသေးသည်မှာ ဘာကြောင့်နည်း။ တကယ်တော့ သဘာဝအရ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သက်ရှိများ ဖြစ်သောကြောင့် ဤသို့ခန္ဓာကိုယ်က ဖွဲ့စည်းထားပါသည်။ ထိုအမှန်တရားကို လက်ခံရုံမှတစ်ပါး အခြားရွေးစရာ မရှိပါ။ ခန္ဓာကိုယ်၏ ဆောင်ရွက်ချက်က ထိုအတိုင်း ဖြစ်နေပါသည်။

မှီခိုမှုအဆို

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ဤစိတ်အခြေအနေ၊ ဤသို့နားလည်သဘောပေါက်မှု ဖြစ်လာရန်အတွက် မည်သည့်အရာကို မှီခိုကြောင်း လေ့လာပါမည်။ အရေးအကြီးဆုံးအချက်မှာ ကျွန်ုပ်တို့ထံတွင် မိမိကိုယ်ကို ထိန်းချုပ်မှုအချို့ လိုအပ်ပါသည်။ ထိုသူကိုမြင်သောအခါ မိမိလက်ဖြင့် သူ့တစ်ကိုယ်လုံးကို စမ်းသပ်လိုသည့် စိတ်လိုက်မာန်ပါ စေ့ဆော်မှုကို ထိန်းချုပ်ရန်လိုပါသည်။ ခဏနားပြီး ဝေဖန်ဆန်းစစ်ကာ စိတ်ကိုစစ်ဆေးရန်အတွက် မိမိကိုယ်ကို ထိန်းချုပ်မှု လိုအပ်ပါသည်။ ဤသို့ မိမိကိုယ်ကို ထိန်းချုပ်မှုဖြင့် ကျွန်ုပ်တို့သည် ပိုပြီးရှင်းလင်းနက်နဲစွာ မြင်လာနိုင်ပါသည်။

ထို့ပြင် ထိုသို့ဆောင်ရွက်လိုစိတ်နှင့် ပွင့်လင်းမှုလည်း ရှိရန်လိုပါသည်။ ထိုသူကို အလွန်မုန်းတီးပြီး မဆက်ဆံနိုင်လောက်သည်အထိ ဖြစ်လာမည်ကို ကြောက်နေစရာလည်း မလိုပါ။ ဤနည်းစနစ်ကို မှန်ကန်စွာ အသုံးချမှုသည် ဤအချက်အားလုံးပေါ်တွင် မူတည်ပါသည်။ ဤသို့ကြိုတင်နားလည်ထားပါက ဘာကိုကြိုပြင်ထားရမည်ကို သိလာပါသည်။

တရားရှုမှတ်ခြင်း

ဤသို့ တရားတော်ကို နားလည်သဘောပေါက်မှုသည် အထောက်အကူပြုကြောင်းနှင့် မိမိလည်း ထိုသို့ဖြစ်လိုကြောင်း ယုံကြည်လာခြင်းဆိုသည့် တွေးတောဆင်ခြင်မှုအဆင့်ကို ကျော်သွားသည်နှင့် ၎င်းအပေါ် "တရားရှုမှတ်ခြင်း" ဆိုသည့် အဆင့်ကို ရောက်လာပါသည်။ တရားရှုမှတ်ခြင်းဆိုသည်မှာ နားလည်ယုံကြည်ထားသော တရားကို မိမိဘဝတွင် ပေါင်းစည်းခြင်းဆိုသည့် နည်းလမ်း ဖြစ်ပါသည်။ တရားတော်က ညွှန်ကြားထားသည်နှင့်အညီ အဖန်ဖန် တွေးတောကာ ပြုမူခြင်းဖြင့် အကျိုးပြုအလေ့အထအဖြစ် တည်ဆောက်ကာ ပေါင်းစည်းပါသည်။

ဤသည်မှာ အဆင့်နှစ်ဆင့် ပါဝင်ပါသည်။ ပထမဦးစွာ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်း ပြုလုပ်ပါသည်။ တစ်ခါတစ်ရံ “ဝေဖန်ဆန်းစစ်သော တရားရှုမှတ်ခြင်း” ဟုခေါ်ပါသည်။ တစ်နည်းဆိုသော် ထိန်းချုပ်ထားသော အခြေအနေတွင် ထိုင်နေပြီး မိမိရှေ့မှပုဂ္ဂိုလ်နှင့် မဟုတ်ဘဲ တွယ်တာမှုရှိနေသူ တစ်ယောက်ယောက်နှင့် ရှုမှတ်ပါသည်။ ဥပမာ၊ ထိုသူ၏ရုပ်အဆင်းကို တွယ်တာသောဆန္ဒကို ရှုမှတ်ပါသည်။ ထိုသူ၏ဓာတ်ပုံ သို့မဟုတ် ထိုသူကိုတွေးခြင်းဖြင့် ရှုမှတ်ပြီးနောက် “ဟုတ်တယ်။ သူ့မှာအရိုးစုရှိတယ်။ ဟုတ်တယ်။ သူ့ဗိုက်ထဲမှာ အဲဒါတွေရှိတယ်” ဟုစစ်ဆေးပါသည်။ ထိုသူတို့၏ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်ရသည်ဟု စိတ်ကူးပါသည်။ သူတို့၏အရိုးစု၊ သူတို့ဗိုက်ထဲမှအရာများ စသည့် သူတို့အရေပြားအောက်မှ အရာကို စိတ်ကူးကြည့်ကာ သူတို့ခန္ဓာကိုယ်တွင် ယင်းတို့ပါဝင်နေသည်ကို လေ့လာ ဆန်းစစ်ပါသည်။ ဤနည်းဖြင့် ဤမြင်ယောင်မှုသည် မှန်ကန်ကြောင်း ကိုယ်တိုင်သိမြင်လာပါသည်။ ဤသည်မှာ ဓာတ်မှန်ရိုက်ပြီးကြည့်သည်နှင့် တူသော်လည်း ထိုသူ၏ အမှန်တကယ် လှချင်လှနေနိုင်သည့် ပြင်ပရုပ်အဆင်းကိုလည်း မျက်ခြေမပြတ်ပါ။ သူတို့ခန္ဓာကိုယ်အတွင်းကို မြင်ခြင်းသည် ပြင်ပမှ အစဉ်အလာသတ်မှတ်ချက်အရ အလှကို ငြင်းပယ်ခြင်း မဟုတ်ပါ။

အချိန်ကာလတစ်ခုအထိ ဝေဖန်ဆန်းစစ်သော တရားရှုမှတ်ခြင်းဖြင့် စိတ်၏စွမ်းအားကို ပြင်ပသို့၊ တစ်နည်းဆိုသော် အာရုံစိုက်သောအရာဖြစ်သည့် ထိုသူ၏ခန္ဓာကိုယ်ထံသို့ စေလွှတ်ပြီးသောအခါ တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်း သို့ ပြောင်းလိုက်ပါသည်။ ဤဒုတိယအဆင့်တွင် ကျွန်ုပ်တို့၏ စိတ်စွမ်းအားကို အတွင်းသို့ ပြန်လည် ဦးတည်ကာ တက်ကြွစွာဝေဖန်ဆန်းစစ်ပြီးသောအရာကို စိမ့်ဝင်စေပါသည်။ “ဟုတ်တယ်။ ဒါက အမှန်တရားပဲ။ ဒီပုဂ္ဂိုလ်ရဲ့ ခန္ဓာကိုယ်က အပြင်ကနေ အတွင်းအထိ ဒါဟာအမှန်ပဲ။ တကယ့် အမှန်တရားပဲ” ဟု အမှန်တကယ် ကြိုးစားကြည့်ပါသည်။ ထိုသူ၏ ခန္ဓာကိုယ်ဖြင့် သီးသန့် ရှုမှတ်နေပါက ထိုသူမှာလည်း စိတ်၊ စိတ်ခံစားချက် စသည်တို့ ရှိသည်ကို မိမိကိုယ်ကို သတိပေးရပါသည်။ သို့သော် ဤသည်မှာ တရားရှုမှတ်ခြင်း နောက်ထပ်ခေါင်းစဉ်တစ်ခု ဖြစ်သွားပါသည်။

ဤနည်းလမ်းကို နေ့စဉ်ဘဝတွင် အသုံးချခြင်း

လိုချင်သောဆန္ဒနှင့် တွယ်တာမှုတို့ကို ဤနည်းဖြင့် ဖြေရှင်းရာတွင် အနည်းငယ် ရင်းနှီးလာသည်နှင့်၊ ယင်းကို အလေ့အထတစ်ခုအဖြစ် စတင်တည်ဆောက်မိသည်နှင့် ဤနည်းလမ်းများကို လက်တွေ့ဘဝ အခြေအနေများတွင် စတင်အသုံးချရပါသည်။ တွယ်တာမှုနှင့် လိုချင်သောဆန္ဒ ခံစားချက်များ ပြင်းထန်လာသောအခါ ယင်းတို့ကို ငြိမ်သက်သွားအောင် လိုအပ်သောအချိန်တွင် ဤနည်းလမ်းများ အသုံးချပါသည်။ ကျွန်ုပ်တို့၏ စေ့ဆော်မှုများကို စစ်ဆေးသောအခါ ဥပမာအားဖြင့်၊ ထိုသူကို မိမိလက်ဖြင့် ပုတ်လိုသည်မှာ သူတို့က အညောင်းအညာ ပြေလို၍ မဟုတ်ဘဲ ကျွန်ုပ်တို့က အလွန်တွယ်တာနေသောကြောင့် ထိတွေ့ချင်လိုစိတ် ခံစားရသည်ကို သဘောပေါက်လာပါသည်။ ထိုအဆင့်ရောက်လျှင် သူတို့ခန္ဓာကိုယ်ကို တရားရှုမှတ် လေ့ကျင့်စဉ်ကအတိုင်း လေ့လာဆန်းစစ်မှု လက်တွေ့ပြုလုပ်ရပါသည်။ အရိုးစုနှင့် ဝမ်းထဲမှအန်ဖတ်များ ရှိခြင်းသည် ယင်းတို့၏အမှန်တရား ဖြစ်သည်ကို လေ့လာဆန်းစစ်ပြီး ဤသည်မှာ မှန်ကန်သောအချက်ဖြစ်သည်ဟု ကြိုးစားရှုမှတ်ပါသည်။

ထိုအခါ ဤအခြေအနေတွင် သင့်တော်သောအရာနှင့် မသင့်တော်သောအရာကို မြင်နိုင်စွမ်းရှိသော ပိုပြီး စိတ်ကြည်လင်မှု ရရှိလာသည်ကို တွေ့ရပါသည်။ မည်သို့ဆိုစေ ကျွန်ုပ်တို့သည် ဤနေရာတွင် ခဏတာ ယာယီနည်းလမ်းဖြင့် ကြိုးစားနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုသူကို၊ သူ၏လက်ကို သို့မဟုတ် တစ်ခုခုကို ထိတွေ့လိုစိတ် ရှိနေသေးပါက ယင်းမှာ မိမိကိုပျော်ရွှင်စေသောကြောင့် ဖြစ်သည်ဟု သဘောပေါက်လာပါသည်။ ထိုသူက ယင်းကိုလိုအပ်သောကြောင့် မဟုတ်ပါ။ သို့သော် ဤတရားရှုမှတ်မှုကို ထိုအချိန်တွင် အသုံးချခြင်းအားဖြင့် ကျွန်ုပ်တို့သည် မိမိဆောင်ရွက်နေသည်ကို ပုံကြီးမချဲ့ပါ။ ယင်းမှာတစ်ဖက်လူကို စိတ်သက်သာရာရစေသလား၊ မိမိဤသို့ ဆောင်ရွက်သည်ကို သူက အဆင်ပြေပါသလားဟုလည်း ကျွန်ုပ်တို့က စစ်ဆေးလာနိုင်ပါသည်။ ထို့ပြင် အဆင်မပြေပါက ထိုသူကို မထိတွေ့ရန် မိမိကိုယ်ကို ထိန်းချုပ်မှု ပိုမိုကျင့်သုံးလာနိုင်ပါသည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ပုံကြီးမချဲ့သော၊ မတွယ်တာသော ဤသို့မျှတချင့်ချိန်သောနည်းဖြင့် သဘာဝအလျှောက် အလိုလို ပြုမူမိလာပါသည်။ အကျိုးဆက်အားဖြင့် တစ်ဖက်လူက ကျွန်ုပ်တို့အပေါ် အနည်းငယ် အမြင်စူးရှပါက ထိုအချက်ကို ခံစားရပါသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် မလုံခြုံဘဲ အထီးကျန်သောကြောင့် သူ၏လက်ကိုအမြဲ ထိတွေ့ကြောင်း၊ သူ့လက်ကို တစ်နည်းနည်းဖြင့် ကိုင်ထားခြင်းဖြင့် မိမိအားပျော်ရွှင်စေပြီး ထိုအခါ မိမိပြဿနာများကို ပြေလည်စေ သည်ဟု ထင်ကြောင်း၊ ထို့နောက် ကျွန်ုပ်တို့နှင့် ဤတွယ်တာမှုနှင့်ပတ်သက်၍ ဤသို့ အနှောင့်အယှက် ဖြစ်စေသော အရှိန်အဟုန် ရှိလာပါသည်။ ယင်းမှာ တစ်ဖက်လူအတွက် မသက်မသာဖြစ်စေပါသည်။ ထိုသူက အနည်းငယ် အမြင်စူးရှိပါက ထိုအချက်ကို သိနိုင်ပါသည်။ သို့သော် ရုပ်အထိအတွေ့၏ သာယာမှုကို ကျွန်ုပ်တို့ ပုံကြီးမချဲ့ပါက “ကောင်းပြီ၊ သူ့လက်ကို ကိုင်လိုက်တယ်။ အထိအတွေ့ ကောင်းတယ်။ သူ့လက်အတွင်းထဲမှာ အရိုးနဲ့ တခြားဟာတွေရှိတာကို ငါသိတယ်” ဟုခံစားရကာ “အိုး။ ဒါက အရမ်းကောင်းတာပဲ” ဟုမခံစားရတော့ပါ။ “ဒါက ကောင်းတယ်။ စိတ်ထဲမှာ နည်းနည်းပျော်သွားတယ်။ ဒါပေမယ့် လောကကြီးမှာ ငါ့ပြဿနာတွေအားလုံးကို ဒါကဖြေရှင်းပေးမှာ မဟုတ်ဘူး” ဟု သဘောပေါက်မိပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် ယင်းအတွက် ပို၍သက်သာရာ ရလာပါသည်။ ထိုအတွက် ရည်မှန်းခြင်း ဖြစ်ပါသည်။ “မည်သူ့ကိုမျှ မထိရ။ လူတိုင်းသည် မစင်အိတ်သာ ဖြစ်သည်” ဆိုပြီး ရည်မှန်းခြင်း မဟုတ်ပါ။ ဤနေရာတွင် ဟန်ချက်ညီအောင် ရည်မှန်းခြင်းဖြစ်ပြီး ထိုနည်းဖြင့် အခြားသူများကို အကျိုးပြုနိုင်အောင် အမှန်ပင် ဆက်လက်ကြိုးစားသွားနိုင်ပါသည်။

ရှန်တီဒေဝ၏ ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း ကဲ့သို့ အချို့ဗုဒ္ဓဘာသာကျမ်းစာအချို့တွင် ဤနည်းစနစ်များအကြောင်း ဖော်ပြထားသည်ကို ဖတ်ရှုရသောအခါ ဤအကြောင်းအရာကို ရှန်တီဒေဝကဲ့သို့ ရေးသားသူများက မည်သည့်အဆက်အစပ်ဖြင့် ဆွေးနွေးသည်ကို တန်ဖိုးထား နားလည်ရန် လိုပါသည်။ ယင်းမှာ စိတ်တည်ငြိမ်မှုနှင့် စူးစိုက်မှု ရရှိစေရေးဆိုသည့် ဆက်စပ်မှု ပါဝင်ပါသည်။ တရားရှုမှတ်ရာတွင် အကြီးဆုံး အနှောင့်အယှက်မှာ မိမိလိုချင်သောဆန္ဒရှိပြီး တွယ်တာသူတစ်ယောက်အကြောင်းကို အမြဲတွေးနေခြင်း ဖြစ်ပါသည်။ ဤသည်မှာ အလွန်ကြီးမားသော အနှောင့်အယှက်ဖြစ်ပါသည်။ ထို့ကြောင့် အထူးသဖြင့် တရားရှုမှတ်ကျင့်ကြံမှု တစ်ခုခုတွင် စိတ်တည်ငြိမ်မှုနှင့် စူးစိုက်မှု ရရှိနိုင်ရန်အတွက် ဤသို့ဆွဲဆောင်မှုမျိုး မခံစားရသူနှင့် အတူမရှိချိန်တွင်လည်း ဤနည်းလမ်းကို အသုံးချရန်လိုပါသည်။ ဤသည်မှာ ကျမ်းစာတွင်ရှင်းပြထားသည့် ဤနည်းလမ်းများ၏ အဆက်အစပ် ဖြစ်ပါသည်။

သို့သော် ကျွန်ုပ်တို့ တရားရှုမှတ်ကာ စူးစိုက်မှုရရှိအောင် ကြိုးစားနေသော အခြေအနေများ သာမက အခြား အခြေအနေများတွင်လည်း ဤနည်းလမ်းများကို ကောင်းစွာအသုံးချနိုင်သည်မှာ ရှင်းပါသည်။ အခြားသူများနှင့် သာမန်ဆက်ဆံရေးများတွင် ဤနည်းလမ်းများကို ကောင်းကောင်းကြီး အသုံးချနိုင်ပါသည်။ ထို့ကြောင့် လိုချင်သောဆန္ဒနှင့် တွယ်တာမှုကို ဖြေရှင်းရန် ဤနည်းလမ်းများအကြောင်း ကျမ်းစာထဲတွင် ဖတ်ရှုသောအခါ စူးစိုက်တရားရှုမှတ်ရာတွင် ပျံ့လွင့်မှုကို တန်ပြန်ချေမှုန်းသောအားများအဖြစ် အသုံးချရုံထက်ပိုမိုကျယ်ပြန့်စွာ ဆက်စပ် စဉ်းစားရန်လိုပါသည်။

ထိုကျမ်းစာထဲတွင် ဒေါသ၊ မနာလိုခြင်း စသည့် အခြား အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များအတွက် နည်းလမ်းအမျိုးမျိုးကိုလည်း အသေးစိတ်ဆန်းစစ်ပြီး ဖော်ပြထားပါသည်။ သို့သော် ဤနေရာတွင် ယင်းတို့ကို အချိန်သိပ်မပေးနိုင်တော့ပါ။ ယခုဖော်ပြထားသည့် တစ်စုံတစ်ဦးအပေါ် သူတို့၏အသွင်အပြင်ကို အခြေခံပြီးဖြစ်ပေါ်သော တွယ်တာမှုနှင့် လိုချင်သောဆန္ဒတို့အား ဖြေရှင်းပုံနမူနာက ထိုနည်းလမ်းများအတွက် ကောင်းစွာသိမြင်နိုင်စေလိမ့်မည်ဟု ယူဆပါသည်။

မလုံခြုံမှုကို ဖြေရှင်းခြင်း

ပိုမိုနက်နဲစွာ လေ့လာကြည့်ပါက တစ်စုံတစ်ယောက်ကို ကျွန်ုပ်တို့၏ တွယ်တာမှုနှင့် လိုချင်သောဆန္ဒသည် ကျွန်ုပ်တို့၏ မလုံခြုံမှုတွင် အခြေခံသည်ကို တွေ့ရှိရပါသည်။ လုံခြုံမှု လိုချင်သောအခါ ကျွန်ုပ်တို့သည် ထိုသူနှင့်ဆက်ဆံရေးတွင် တွေ့ရမည်ဟု မျှော်လင့်ပါသည်။ အနှောင့်အယှက်ပေးသော အနက်ရှိုင်းဆုံး စိတ်ခံစားချက်တစ်ခုဖြစ်သည့် မလုံခြုံမှုကို ကြောက်ရွံ့မှု၊ အထီးကျန်မှု စသည်တို့က အားဖြည့်ပါသည်။ ယင်းကို မည်ကဲ့သို့ ဖယ်ရှားကြမည်နည်း။

ထိုအတွက် ကျွန်ုပ်တို့သည် “ငါ” ဆိုသည့် အနက်ရှိုင်းဆုံး အမှန်တရားဖြစ်သည့် အနက်ရှိုင်းဆုံး သစ္စာဆိုသည်မှာ သက်ရှိ၊ သက်မဲ့အားလုံးနှင့် ခွဲခြားပြီး လုံခြုံမှုရှိအောင် ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသည့် ခိုင်မာသော “ငါ” ဟူ၍မရှိကြောင်း အမှန်တကယ် နားလည်ရန် လိုပါသည်။ လုံခြုံအောင်ထိုသို့ ပြုလုပ်နိုင်သောအရာ မရှိပါ။ ကျွန်ုပ်တို့ အမှန်တကယ် တည်ရှိပုံကို ချဲ့ကားပြီး တစ်ခုခုကို လုံခြုံအောင် ကြိုးစားခြင်းဖြစ်ပါသည်။ အမှန်တရားမှာ ကျွန်ုပ်တို့သည် အမြဲမပြတ် ပြောင်းလဲနေပါသည်။ စိတ်အခြေအနေက အမြဲပြောင်းနေသည်။ ခန္ဓာကိုယ်က အမြဲပြောင်းနေသည်။ စိတ်ခံစားချက်များက အမြဲပြောင်းနေပါသည်။ အစဉ်အလာအားဖြင့် ဤအရာအားလုံးကို “ငါ” ဟုအမည်တပ်သော်လည်း အရာအားလုံးနှင့် သီးခြားတည်ရှိကာ ခိုင်မာအောင် ပြုလုပ်ထားရမည့် ခိုင်မာသော “ငါ” ဟူ၍ မရှိပါ။ အမြဲတမ်း အားလုံးပြောင်းလဲ နေပါသည်။

ထို “ငါ” ကိုအစဉ်အလာအရ အမည်တပ်ထားသော အရာတိုင်းသည် အမြဲပြောင်းလဲနေပါက ကျွန်ုပ်တို့သည် ကိုးကွယ်အားထားရာဆိုသည့် မိမိသွားနေသည့် ရှင်းလင်းသော ဦးတည်ချက်၊ စိတ်ချရသော ဦးတည်ချက် ရရှိအောင် ကြိုးစားနိုင်ပါသည်။ ထိုစိတ်ချရသော လမ်းကြောင်းသည် ပိုပြီးအပြုသဘောထားများ ရရှိအောင်၊ မိမိကိုယ်ကို တိုးတက်အောင် စသည်တို့အတွက် လက်တွေ့ကျစွာ ကြိုးစားရန် ဖြစ်ပါသည်။ သို့သော် လုံခြုံအောင် ပြုလုပ်စရာ မရှိပါ။ ခုခံစရာ မရှိပါ။ မည်သည့်အရာမျှ အခြားအရာများ၏ သက်ရောက်မှုမှ ကင်းလွတ်ပြီး သီးခြားတည်ရှိနေခြင်း မရှိပါ။ ထိုအချက်ကို နက်ရှိုင်းစွာ နားလည်ပြီး သေချာယုံကြည်ထားပါက မလုံခြုံမှုနှင့် အထီးကျန်မှု ပြဿနာများက တဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ် သွားပါသည်။ တစ်နည်းဆိုသော် ကြောက်ရွံ့စရာ မရှိတော့ပါ။ သို့သော် ခိုင်မာသော ထာဝရရှိသည့် “ငါ” ကို ဖြိုဖျက်ရာတွင် ကျွန်ုပ်တို့ လုံးဝမတည်ရှိကြောင်း၊ ထို့ကြောင့် မိမိအပြုအမူအတွက် တာဝန်မရှိကြောင်း အစွန်းရောက်နတ္ထိဝါဒထဲ ရောက်မသွားရန် အရေးကြီးပါသည်။ မိမိအပြုအမူ၏ ရလဒ်ကို သေချာမသိနိုင်သော်လည်း အကောင်းဆုံး ကြိုးစားဆောင်ရွက်ရပါသည်။

ယခုအခါ ဤသည်မှာ စိတ်ခံစားချက် မလုံခြုံမှုနှင့် အဓိကသက်ဆိုင်ပါသည်။ ငွေကြေးမလုံခြုံမှုကဲ့သို့ အခြား မလုံခြုံမှု အပိုင်းများလည်း ရှိပါသေးသည်။ ဤနယ်ပယ်များတွင်လည်း ကျွန်ုပ်တို့သည် “ငါ” နှင့် ငါ၏ တာဝန်များအပေါ် နှိုင်းရသစ္စာကို အသိအမှတ်ပြုရန် လိုပါသည်။ စီးပွားရေးဘက်ခြမ်းကိုဖြစ်စေ မိမိအား အစဉ်အလာအရ လုံခြုံမှုအချို့ ပေးသည့် အခြားအစိတ်အပိုင်း တစ်ခုခုကိုဖြစ်စေ ကြိုးစားဂရုစိုက်ဖို့ ကျိန်းသေလိုအပ်ပါသည်။ သို့သော် ထိုသို့ ကြိုးစားရာတွင် စိတ်ခံစားချက်နယ်ပယ်မှာလိုပင် အခြေအနေ၏ အမှန်တရားကို ပုံကြီးမချဲ့ဖို့ လိုပါသည်။ ကျွန်ုပ်တို့စီးပွားရေး အခြေအနေ၏ အမှန်တရားမှာ လုံးဝထိန်းချုပ်၍ မရပါ။ တစ်ကမ္ဘာလုံး၏ စီးပွားရေးအခြေအနေက မိမိ၏ ငွေကြေးလုံခြုံမှု၊ လူမှုရေးစနစ် စသည်တို့အပေါ် သက်ရောက်ပါလိမ့်မည်။ ဥပမာ၊ ကွန်မြူနစ်စနစ် ပြိုလဲသွားပြီး အစိုးရနှင့် လူမှုစနစ်ပုံစံသစ်များရှိလာပါက အရာရာ ပြောင်းလဲသွားပါမည်။ ထို့ပြင် ကျွန်ုပ်တို့အား တည်ငြိမ်မှုနှင့် လုံခြုံမှု ပေးသည့်တစ်ခုတည်းသောအရာမှာ မိမိသွားနေသည့် စိတ်ချရသောလမ်းကြောင်း ရှိမှုနှင့် ဘာပဲဖြစ်ဖြစ် ပေါ်ထွက်လာသော အရာတိုင်းကို ဖြေရှင်းနိုင်သော နည်းစနစ်များစွာ ရယူထားရန် ဖြစ်ပါသည်။ ဘဝသည် လုံးဝတည်ငြိမ်ပြီး ဘယ်တော့မှ မပြောင်းလဲတော့မှသာ ကျွန်ုပ်တို့ လုံခြုံနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာဖြစ်လာမည်ကို သိထားနိုင်သောကြောင့် ဖြစ်ပါသည်။ သို့သော် ထိုသို့ ဖြစ်လာမည် မဟုတ်ပါ။

ထို့ပြင် ကျွန်ုပ်တို့သည် ဘယ်အချိန် တော်လောက်ပြီ ဆိုသည်ကိုသိရန် ရောင့်ရဲမှုရှိရန် လိုပါသည်။ ဒေါ်လာတစ်သန်းရှိပြီး လုံခြုံမှုမရှိသူများကို တွေ့ဖူးပါသည်။ သူတို့က “ကျုပ်မှာ ဒေါ်လာဆယ်သန်း မရှိဘူးဗျာ။ ဒေါ်လာဆယ်သန်းရှိရင် လုံခြုံမှာပဲ” ဟုပြောပါသည်။ ထိုသို့မဖြစ်အောင် ကြိုးစားပါ။ ယင်းမှာ အလွန်မပျော်ရွှင်သောစိတ် ဖြစ်ပါသည်။

အမှန်မသိမှုကို ဖယ်ရှားရန် မျှော်လင့်ချက်ရှိ၊ မရှိ။

သင်တို့က လက်မခံဘဲ ဤသို့ပြောနိုင်ပါသည်။ "မိမိတို့သည် အကန့်အသတ် ရှိပါသည်။ ဘုရားမဟုတ်သည့်အတွက် မိမိအပြုအမူများ၏ အကျိုးဆက်အားလုံးကို မမြင်နိုင်ပါ။ မိမိနှင့် အခြားသူများ၏ အမှန်တရားကို မမြင်နိုင်ပါ။ ထို့ကြောင့် မိမိတို့သည် ဆင်းရဲဒုက္ခဖြစ်ကာ မပျော်ရွှင်ရန် သတ်မှတ်ခံထားရပါသလား။ မိမိတို့၏ အမှန်မသိမှုနှင့် ရှုပ်ထွေးမှုတို့ကို ဖယ်ရှားနိုင်ပါဦးမည်လား။”

ကျွန်ုပ်တို့သည် သတ်မှတ်ခံထားရခြင်း မဟုတ်ပါ။ ထိုအမှန်မသိမှုကို ဖယ်ရှားရန် ဖြစ်နိုင်ပါသည်။ လွယ်ကူမည် မဟုတ်သလို ရှည်ကြာသောလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ သို့သော် စိတ်သည် အရာရာကို နားလည်နိုင်စွမ်း ရှိပြီး အရာအားလုံး စုစည်းနိုင်သော အတိုင်းအတာ ရှိပါသည်။ ထို့ပြင် ကျွန်ုပ်တို့ဆောင်ရွက်ရမည်မှာ မိမိ၏ နားလည်သဘောပေါက်မှုကို ချဲ့ထွင်ရန် ဖြစ်ပါသည်။ အသိအမြင်များ ပိုရအောင်၊ အကြောင်းအရာများ ပိုမို နားလည်အောင် ကြိုးစားခြင်းဖြင့် ပါဝင်ပတ်သက်သည့် အချက်အားလုံးကို မသိသောကြောင့် မိမိအပြုအမူ၏ အကျိုးဆက်ကို အတိအကျ မသိသော်လည်း ပို၍ပို၍ သိလာပါမည်။ ထိုအခြေခံဖြင့် ကျွန်ုပ်တို့သည် မည်သည့် အခြေအနေကိုမဆို ဖြစ်နိုင်ခြေနှင့် အတွေ့အကြုံတို့ အခြေခံကာ ပညာဖြင့် မှန်းဆနိုင်ပါသည်။ ထို့နောက် မိမိကိုယ်ကို တိုးတက်အောင် ဆက်လက်ကြိုးစားသွားနိုင်ပါသည်။

အခြားသူများနှင့် ဆက်ဆံနိုင်စွမ်း တိုးတက်ရန်အတွက် ကျွန်ုပ်တို့သည် တစ်ဖက်လူအကြောင်း၊ အခြေအနေများ အကြောင်း စသည်ကို တတ်နိုင်သလောက် အချက်အလက်များ ကြိုးစားရယူပါသည်။ ဤလူက မည်သည့်ပုံစံဖြင့် တုံ့ပြန်သည် အစရှိသည့် ဖြစ်လေ့ရှိသော ပုံစံများကို ကြိုးစားရှုမြင်ပါသည်။ ထို့ပြင် အခြေအနေတစ်ခုချင်းစီနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီကိုလည်း ထည့်သွင်းစဉ်းစားပါသည်။ ဤအခြေခံဖြင့် ကျွန်ုပ်တို့ထံတွင် ဤလူနှင့် မည်သို့ဆက်စပ်ရမည်၊ ဘာကိုလုပ်ရမည် ဆိုသည်နှင့် ပတ်သက်၍ အနည်းဆုံးတော့ ကြိုးစားကြည့်ရန် စိတ်ကူးရလာပါသည်။

စိတ်သည်ထိုကဲ့သို့ အလုပ်လုပ်သောကြောင့် ကျွန်ုပ်တို့အားလုံးတွင် ဤအစွမ်းအစများ ရှိပါသည်။ သဘာဝအားဖြင့် ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်မှု ခံစားသိရှိမှု အချက်အလက်အားလုံးကို ရယူပါသည်။ အားလုံးကို ဂရုမစိုက်ခြင်း၊ စိတ်မဝင်စားခြင်းတို့ ရှိနိုင်သော်လည်း ထိုသို့ ခံစားသိရှိမှု အချက်အလက်များက ဝင်လာနေပါသည်။ ထို့ပြင် ပုံစံများအဖြစ်လည်း ကောင်းစွာမြင်နိုင်စွမ်း ရှိပါသည်။ ဥပမာ၊ ဤလူ ၃ ယောက်ကိုမြင်ရာတွင် အားလုံး အမျိုးသမီးဖြစ်ကြောင်း၊ ထို့ကြောင့် အရာရာတူညီစွာရှိသည့် ပုံစံကို မြင်နိုင်ပါသည်။ အချက်အလက်များကို ပုံစံများအဖြစ် အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။ မိမိ၏ညာဘက်လက်သည် ဘယ်ဘက်လက် မဟုတ်ကြောင်း သိရှိနိုင်သောကြောင့် အရာရာ တစ်ခုချင်းတည်ရှိမှုကို သတိပြုမိပါသည်။ ထို့ပြင် အရာရာကို မတူကွဲပြားစွာ ခွဲခြားဆက်စပ်နိုင်စွမ်းလည်း ရှိပါသည်။ ကျွန်ုပ်တို့သည် ကလေးတစ်ယောက်ကို စကားပြောဆိုပုံနှင့် လူကြီးတစ်ယောက်ကို စကားပြောဆိုပုံတို့ကို မတူညီမှန်း သိထားပါသည်။ ထိုနှစ်ယောက်ကို တစ်ပုံစံတည်း ပြောမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အမှန်ပင် အသိကင်းလွတ်ခြင်း မရှိပါက ထိုသို့ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိပါသည်။ ထို့ကြောင့် အခြေခံ အချက်အားလုံးက အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့စိတ်၏ နည်းအမျိုးမျိုးဖြင့် အလုပ်လုပ်ပုံသည် “ဗုဒ္ဓ သဘောသဘာဝ” ဆိုသည့် လက္ခဏာရပ်အချို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးတွင် ဉာဏ်အလင်းရရှိသည့် ဘုရားဖြစ်လာစေနိုင်သော ထိုဗုဒ္ဓသဘောဘာဝ အရည်အသွေးများ ရှိပါသည်။ ယင်းတို့ကို အသိအမှတ်ပြုကာ လေ့ကျင့်မှုပေါ်တွင်သာ မူတည်ပါသည်။

အကျဉ်းချုပ်

အနှစ်ချုပ်အားဖြင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ကျွမ်းကျင်သော နည်းလမ်းများ လေ့ကျင့်ခြင်း အားဖြင့် ဖြေရှင်းပုံအကြောင်း ပြောခဲ့ပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်တိုင်းကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိသလို ယင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ၊ အသုံးချလျှင် အလွန်အထောက်အကူ ပြုပါသည်။ အကြောင်းမှာ အချို့အခြေအနေများတွင် နည်းလမ်းတစ်ခုက သိပ်မထိရောက်နိုင်ခြင်း သို့မဟုတ် ယင်းကိုကောင်းစွာ အသုံးမချနိုင်ခြင်းတို့ ရှိသောကြောင့် ဖြစ်ပါသည်။ သို့သော် အခြားနည်းလမ်းအချို့လည်း ရှိထားပါက အချို့သော အခြေအနေများတွင် ယင်းတို့က ပိုပြီးထိရောက်နိုင်ဖွယ် ရှိပါသည်။ သို့တည်းမဟုတ် ဖျားနာခြင်းလိုပင် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ ဆေးများပေါင်းစပ် အသုံးချရန်လိုပါသည်။ ထို့အတူ အထူးသဖြင့် အားကောင်းသည့် အနှောင့်အယှက် ပေးသော စိတ်ခံစားချက်တစ်ခုကို ဖြေရှင်းရန် နည်းလမ်းများစွာ အသုံးချဖို့ လိုနိုင်ပါသည်။ ထို့ကြောင့် ဤနည်းလမ်း များကို ပိုမိုလေ့ကျင့်အသုံးချလေ၊ ပြဿနာဖြစ်လောက်အောင် ခက်ခဲသော အခြေအနေများကို ပိုမိုဖြေရှင်းပြီး ရှောင်ရှားနိုင်လေ ဖြစ်ပါသည်။

ထိုအတွက် ရှန်တီဒေဝ၏ ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း ကျမ်းစာကို ဖတ်ရှုလေ့လာပါက အလွန်အထောက်အကူပြုပါသည်။ အကြောင်းမှာ ဤတင်ဆက်မှု တစ်ခုလုံးက ဤသို့ရည်မှန်းထားသောကြောင့် ဖြစ်ပါသည်။ “ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ဘာကြောင့် ငါ့အားလွှမ်းမိုးခွင့် ပေးရမည်နည်း။ ယင်းတို့ကို မိမိစိတ်တွင် ဘာကြောင့် အလွန်အသားကျနေအောင် ပြုလုပ်ထားရပါသနည်း။ ၎င်းသည် တကယ့်ရန်သူ ဖြစ်သလို သူတို့မှာလည်း အင်အားမရှိပါ။ ယင်းတို့ကို ဖယ်လိုက်တာနှင့်၊ စိတ်ထဲက ထုတ်ပစ်လိုက်တာနှင့် ဘယ်ကိုရောက်သွားပါသနည်း။ တစ်နေရာရာမှာ တည်ရှိမနေနိုင်သလို ပုံမှန်ရန်သူလို မိမိအား ပြန်မတိုက်ခိုက်နိုင်ပါ။ ယင်းတို့သည် အခိုင်အမာ မရှိပါ။” ဤသို့တွေးကာ ထိုအတိုင်း မှန်ကန်ကြောင်း ယုံကြည်လာပါက အလွန်အထောက်အကူ ပြုပါသည်။ ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ကြိုးစားဖယ်ရှားရန်အတွက် ခိုင်မာသော အခြေခံတစ်ခု ရရှိစေပါသည်။ ၎င်းတို့၏ ထိန်းချုပ်မှု မခံရအောင် နေထိုင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိဘဝ၏ အရည်အသွေးအတွက် ပိုပြီးတာဝန်ယူမှု ရှိလာနိုင်ပါလိမ့်မည်။

Top