ဓမ္မကျင့်ကြံမှု မပြုလုပ်မီ ဓမ္မအကြောင်း နားလည်ရေးဓမ္မသည် ဘဝပြဿနာများ ဖြေရှင်းရန်အတွက်ဖြစ်သည်
ဓမ္မကျင့်ကြံမှုတွင် ကိုယ်တိုင်ပါဝင်ရန် ပထမဆုံး လိုအပ်သောအချက်မှာ ဘဝတွင် ဖြစ်လာသည့် ပြဿနာ သို့မဟုတ် အခက်အခဲ အမျိုးမျိုးကို အသိအမှတ်ပြုရန် ဖြစ်ပါသည်။ နောက်တစ်ဆင့်မှာ ဓမ္မကျင့်ကြံမှုသည် ဤပြဿနာများ ဖယ်ရှားနိုင်အောင် ကျွန်ုပ်တို့ကို ကူညီရန် ရည်ရွယ်ပါသည်။
ဓမ္မကျင့်ကြံမှုသည် စိတ်ခံစားချက် ကောင်းမွန်ရန် သို့မဟုတ် ဝါသနာကောင်းတစ်ခု ထားရှိရန် သို့မဟုတ် အများကြိုက် လုပ်ရန် စသည့်အရာမျိုး မဟုတ်ပါ။ ဓမ္မကျင့်ကြံမှုသည် ကျွန်ုပ်တို့၏ ပြဿနာများ ကူညီဖယ်ရှားနိုင်ရန် ရည်ရွယ်ပါသည်။ ဆိုလိုသည်မှာ လက်တွေ့ ဓမ္မကျင့်ကြံရသည်မှာ သာယာပျော်ရွှင်ဖွယ် လုပ်ငန်းစဉ် မဟုတ်သည်ကို သဘောပေါက်ရန် လိုပါသည်။ ဘဝ၏ မနှစ်မြို့ဖွယ် အရာများ၊ ရှိနေသော အခက်အခဲများကို ကြည့်ရှုပြီး အမှန်တကယ် ရင်ဆိုင်ရပါမည်။ ရှောင်ပြေး၍မရပါ။ သို့သော် ယင်းတို့ကို ဖြေရှင်းမည့် သဘောထားဖြင့် ရင်ဆိုင်ရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ပြဿနာများမှာ ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါသည်။ အများစုကို အားလုံး ရင်းနှီးနေပါသည်။ ကျွန်ုပ်တို့သည် လုံခြုံမှု မရှိပါ။ အခြားသူများနှင့် ဆက်ဆံရေးတွင် အခက်အခဲများ ရှိကြသည်။ သစ္စာဖောက်ခံရသည်။ မိမိ၏ စိတ်ခံစားချက်များနှင့် ပတ်သက်သော အခက်အခဲများ ရှိကြသည်။ အားလုံးတွင် ဤအရာများ ရှိကြပါသည်။ မိသားစု၊ မိဘများနှင့် ဆက်ဆံရာတွင် အခက်အခဲများ ရှိကြသည်။ သူတို့သည် ဖျားနာပြီး အိုမင်းလာကြသည်။ မိမိကိုယ်တိုင် နာမကျန်းမှု၊ အိုမင်းမှုတို့ကို ဖြေရှင်းရာ၌လည်း အခက်အခဲ ရှိကြသည်။ လူငယ်ဆိုလျှင်လည်း ဘဝတွင် ဘာလုပ်ရမည်၊ စားဝတ်နေရေး မည်သို့ ရပ်တည်မည်၊ မည်သည့်လမ်းကြောင်းအတိုင်း သွားမည် စသည်တို့ကို တွက်ချက်ရာတွင် အခက်အခဲများ ရှိနေပါသည်။ ဤအရာအားလုံးကို ကြည့်ကြဖို့ လိုပါသည်။
ရှုပ်ထွေးမှု
ဗုဒ္ဓဘာသာတွင် အရေးအကြီးဆုံး အချက်တစ်ချက်မှာ ကျွန်ုပ်တို့ ကြုံတွေ့ရသည့် ဤပြဿနာ အားလုံးသည် အကြောင်းတရားများကြောင့် ပေါ်ထွက်လာကြောင်း သဘောပေါက်ရန် ဖြစ်ပါသည်။ ယင်းတို့သည် အကြောင်းရင်းမရှိဘဲ ဖြစ်လာသည်မဟုတ်ပါ။ ဤပြဿနာများ၏ ရင်းမြစ်သည် မိမိကိုယ်တွင်းမှာပင် ဖြစ်သည်။ ဤသည်မှာ ကြီးမားသော အသိအမြင်တစ်ခုဖြစ်ပြီး လူအများစုက လက်ခံရန် မလွယ်ကူပါ။ ကျွန်ုပ်တို့ အများစုက ပြဿနာများကို အခြားသူများ၊ ပြင်ပ အခြေအနေများပေါ်၌ အပြစ်ပုံချတတ်ပါသည်။ ‘‘မင်းလုပ်လို့ ငါဝမ်းနည်းရတယ်။ မင်းဖုန်းမဆက်ဘူး။ ငါ့ကို စွန့်ပစ်တယ်။ ငါ့ကို မချစ်ဘူး။ ဒါအားလုံး မင်းအပြစ်ပဲ။’’ ဟု ခံစားရပါသည်။ သို့မဟုတ် မိဘများအပေါ် အပြစ်ပုံချပါသည်။ ကျွန်ုပ်တို့ ငယ်စဉ်က မိဘများ ဆောင်ရွက်ခဲ့သောအရာ၊ မဆောင်ရွက်ခဲ့သောအရာကို အပြစ်တင်သည်။ သို့မဟုတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အခြေအနေများအပေါ် အပြစ်ပုံချပါသည်။ ယခုအခါ ဤအချက်အားလုံးသည် ကျွန်ုပ်တို့၏ ဘဝတွင် ကြုံတွေ့ရမှုနှင့် သက်ဆိုင်သည်မှာ မှန်ပါသည်။ ဗုဒ္ဓဘာသာက ထိုအချက်ကို မငြင်းပယ်ပါ။ သို့သော် အဓိကအကြောင်းရင်းဖြစ်သည့် ကျွန်ုပ်တို့ ပြဿနာများ၏ ပိုမိုနက်ရှိုင်းသော အကြောင်းရင်းမှာ မိမိကိုယ်တွင်း၌ ဖြစ်ပါသည်။ မိမိ၏ သဘောထား၊ အထူးဖြင့် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကြောင့် ဖြစ်ပါသည်။
နေ့စဉ်ဘဝ၌ ဗုဒ္ဓဘာသာကို ကျင့်ကြံမှုနှင့် ပတ်သက်သော ဗုဒ္ဓဘာသာ သဘောထားကို ရှင်းလင်းစွာသတ်မှတ်သည့် အချက်တစ်ချက်ကို သိရှိလိုပါက ဤအချက်ကို ကျွန်ုပ်ထောက်ပြရပါမည်။ အခက်အခဲများ ရင်ဆိုင်ရသောအခါ အရင်းအမြစ်ကို ရှာဖွေရန် မိမိကိုယ်တွင်းမှာ ကြည့်ရပါသည်။ ရှာတွေ့လိုက်သည်နှင့် ကိုယ်တွင်းမှ အခြေအနေကို ပြောင်းလဲကြည့်ရပါသည်။ ကိုယ်တွင်းမှာ ကြည့်ပြီး ပြဿနာများ၏ရင်းမြစ် ရှာဖွေရမည်ဟု ပြောရာတွင် ငါသည်လူဆိုးဖြစ်သည်၊ ငါသည် လူကောင်းဖြစ်အောင် ပြောင်းလဲရမည် ဆိုသော ကိုယ်ကျင့်တရား အကဲဖြတ်ချက် ပြုလုပ်မှုတွင် အခြေခံသည် မဟုတ်ပါ။ ဗုဒ္ဓဘာသာတွင် ကိုယ်ကျင့်တရား အကဲဖြတ်ချက် မပြုလုပ်ပါ။ ကျွန်ုပ်တို့ ပြဿနာများ၏ ရင်းမြစ်ကို ရှာဖွေကြည့်သည်မှာ ကျွန်ုပ်တို့သည် ဒုက္ခကြုံရပြီး မိမိပြဿနာများ၊ ဝမ်းနည်းမှုများကို ဖယ်ရှားလိုသောကြောင့် ဖြစ်ပါသည်။ ယင်းတို့၏ အဓိကရင်းမြစ်မှာလည်း ကျွန်ုပ်တို့၏ သဘောထား ဖြစ်ပါသည်။ အတိအကျ ပြောရလျှင် ကျွန်ုပ်တို့ ပြဿနာများနှင့် ဆင်းရဲဒုက္ခ၏ အနက်ရှိုင်းဆုံး အကြောင်းရင်းသည် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာက ဟောကြားထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လုပ်ရမည်မှာ ဖြစ်နေသောအရာ၊ ယင်းကို မှန်ကန်သော နားလည်မှုဖြင့် ပြုပြင်နိုင်ပုံတို့ကို တွေ့ရှိရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရှုပ်ထွေးနေသည့်အရာက ဘာလဲ။ ထိုကိစ္စမှာ များစွာရှိပါသည်။ တစ်ခုမှာ အကြောင်းနှင့် အကျိုးဖြစ်သည်။ ကျွန်ုပ်တို့ တစ်နည်းနည်းဖြင့် ပြုမူပါက မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်ဟု ထင်ကြပါသည်။ ဥပမာ၊ ‘‘ငါနောက်ကျနိုင်တယ်။ မင်းကို မေ့သွားနိုင်တာမျိုး ဖြစ်နိုင်တယ်။ ဒါအရေးမကြီးပါဘူး။’’ ဟု တွေးမိသည်။ ထိုအချက်မှာ မမှန်ပါ။ ရှုပ်ထွေးမှု ဖြစ်နေပါသည်။ သို့မဟုတ် ကျွန်ုပ်တို့ ပြုမူဆောင်ရွက်ချက် တစ်ခုခုသည် ဆိုးရွားသော သက်ရောက်မှု တစ်ခု ရှိလာပြီး ဖြစ်လာနိုင်ခြေတော့ မရှိပါဟု ထင်တတ်ကြသည်။ ဥပမာ၊ ‘‘မင်းအပေါ် ငါကောင်းတယ်။ ဒါကြောင့် ငါ့ကိုပြန်ချစ်ရမယ်။ လက်ဆောင်ကောင်းကောင်း ဝယ်ပေးတယ်။ ဒါကြောင့် အခုပြန်ချစ်ပါတော့လား။’’ ဆိုပြီး တွေးမိသည်။ ဤအတွေးများဖြင့် ကျွန်ုပ်တို့သည် မိမိအပြုအမူနှင့် ဆောင်ရွက်ချက်တို့က မဖြစ်နိုင်သော သက်ရောက်မှု ရှိလာမည် သို့မဟုတ် ကျွန်ုပ်တို့က ပုံကြီးချဲ့သည်ဟု ထင်မိနိုင်ပါသည်။ ဖြစ်နိုင်ခြေရှိသောအရာထက် ပိုမိုသည့် သက်ရောက်မှုမျိုး ဖြစ်လာမည်ဟု ထင်နေပါသည်။ ထို့ပြင် အချို့အရာများက အကျိုးသက်ရောက်မှု တစ်မျိုးသာ ဖြစ်စေမည်ဟု ထင်နိုင်ပါသည်။ တကယ်တော့ လုံးဝခြားနားသောအရာ ဖြစ်လာပါသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ပျော်ရွှင်လိုကြပြီး ပျော်ရွှင်လာစေမည့်နည်းမှာ အမြဲသောက်စားနေရန်ဟု ထင်ကြပါသည်။ သို့သော် ထိုအခါ ပျော်ရွှင်မှုထက် ပြဿနာများ ပိုဖြစ်လာပါသည်။
ကျွန်ုပ်တို့ ရှုပ်ထွေးကြသည့် နောက်တစ်ချက်မှာ ကျွန်ုပ်တို့ တည်ရှိပုံ၊ အခြားသူများ တည်ရှိပုံ၊ လောကကြီး တည်ရှိပုံနှင့် ဆိုင်ပါသည်။ ဥပမာ၊ ကျွန်ုပ်တို့ ဆင်းရဲဒုက္ခရောက်ပြီး အိုမင်း၊ ဖျားနာလာသည်ကို မပျော်ရွှင်နိုင်ကြပါ။ သို့သော် လူသားတို့အနေနှင့် ဘာကိုများ မျှော်လင့်နိုင်ပါသနည်း။ လူသားတိုင်း ဖျားနာသည်။ အိုမင်းသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မသေပါက ထိုကိစ္စများမှာ အံ့ဩစရာ မဟုတ်ပါ။ မှန်ထဲတွင် ဆံပင်ဖြူ တွေ့လာသည်နှင့် ဝမ်းနည်းလာပြီး ထိတ်လန့်လာ ပါသည်။ ဤသည်မှာ လက်တွေ့မကျသလို လောကကြီး တည်ရှိပုံ၊ ကျွန်ုပ်တို့ တည်ရှိပုံကို ရှုပ်ထွေးနေခြင်း ဖြစ်ပါသည်။
အိုမင်းလာသည့်အတွက် ပြဿနာ ရှိသည်ဟု ဆိုကြပါစို့။ ထိုအရာအတွက် အမှန်တရားကို လက်မခံဘဲ ရှုပ်ထွေးနေသောကြောင့် အပျက်သဘော ခံစားချက်၊ သဘောထားများ၏ လွှမ်းမိုးမှုဖြင့် အပျက်သဘော ပြုမူဆောင်ရွက်ပါသည်။ ဥပမာ၊ နုပျိုပြီး ဆွဲဆောင်မှုရှိအောင် စိတ်လိုက်မာန်ပါ ကြိုးစားပါသည်။ လုံခြုံမှု ရှိစေမည်ဟု မျှော်လင့်ထားသော အရာများကို တမ်းတပြီး ကိုးစားကြည့်ပါသည်။ အခြားသူများ၏ အာရုံစိုက်မှု၊ ချစ်ခင်မှုတို့ တောင့်တပါသည်။ အထူးသဖြင့် ဆွဲဆောင်မှုရှိသည်ဟု ထင်ရသော ပို၍ငယ်ရွယ်သူများ ဖြစ်ပါသည်။ ဤရောဂါနောက်ကွယ်တွင် များသောအားဖြင့် ရှိနေတတ်သည်မှာ မိမိသည် လောကတွင် အရေးအပါဆုံး၊ မိမိသည် စကြဝဠာ၏ ဗဟိုချက်၊ ထို့ကြောင့် လူတိုင်း မိမိကို အာရုံစိုက်သင့်သည် ဆိုသော ရှုပ်ထွေးမှု ဖြစ်ပါသည်။ မိမိပုံစံ မည်သို့ ဖြစ်စေကာမူ လူတိုင်းက မိမိကို ချောမောသည်ဟု ထင်ပြီး နှစ်သက်သင့်သည်။ တစ်ယောက်ယောက်က မိမိကို ဆွဲဆောင်မှု မရှိကြောင်း၊ မနှစ်သက်ကြောင်း သိရှိသောအခါ ဒေါသထွက်ပါသည်။ သူတို့က လျစ်လျူရှုသွားသောအခါ ပို၍ပင် ဒေါသထွက်ပါသည်။ ကျွန်ုပ်တို့က အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာမဟုတ်လျှင်တောင် တစ်နည်းနည်းဖြင့် ဆွဲဆောင်မှုရှိသည်ဟု သူတို့ကို ထင်စေချင်သော်လည်း သူတို့က အာရုံမစိုက်သောအခါ ထိုသို့ ဖြစ်ပါသည်။ သို့သော် စကြမုနိ ဗုဒ္ဓမြတ်စွာကိုပင် လူတိုင်းမနှစ်သက်ကြပါ။ သို့ဆိုလျှင် လူတိုင်း မိမိကို နှစ်သက်စေလိုသော မျှော်လင့်ချက် မရှိနိုင်တော့ပါ။
လူတိုင်း၏ နှစ်သက်မှု ခံယူလိုသော ကျွန်ုပ်တို့၏ ဆန္ဒမှာ လက်တွေ့မကျသော မျှော်မှန်းချက် ဖြစ်ပါသည်။ အမှန်တရား မဟုတ်ပါ။ လူတိုင်း မိမိကို ချောမောသည်ဟု ထင်ပြီး အာရုံစိုက်သင့်သည် ဆိုသော ရှုပ်ထွေးမှု၊ တပ်မက်သော ဆန္ဒ၊ တွယ်တာမှု တို့ပေါ်၌ အခြေခံပါသည်။ ထိုနောက်ကွယ်တွင် မသိနားလည်မှုဆိုသည့် အနှောင့်အယှက်ပေးသော သဘောထား ရှိပါသည်။ ကျွန်ုပ်တို့သည် အရမ်း အရေးကြီးပြီး နှစ်သက်ဖွယ် ကောင်းသည့်အတွက် လူတိုင်း နှစ်သက်သင့်သည်၊ ထို့ကြောင့် ဤပုဂ္ဂိုလ်က မိမိကို မနှစ်သက်သောအခါ သူတစ်ခုခု မှားနေခြင်း ဖြစ်မည်ဟု ထင်ကြပါသည်။ ထိုထက်ဆိုးသည်မှာ မိမိကိုယ်ကို သံသယ ဝင်လာပြီး ‘‘ဒီလူက ငါ့ကို မနှစ်သက်တာ ငါတစ်ခုခု မှားနေလို့ပဲ။’’ ဟု တွေးကာ စိတ်မကောင်းဖြစ်ပြီး အပြစ်ရှိသူဟု ခံစားရပါသည်။ ဤအရာအားလုံး မသိနားမလည်မှု ဖြစ်ပါသည်။
ထိုအခါ အဓိကအချက်သည် ကိုယ်တိုင်ကြိုးစားရန် ဖြစ်ပါသည်။ ဓမ္မကျင့်ကြံမှုကလည်း ဤအတိုင်းပင် ဖြစ်ပါသည်။ အခက်အခဲ ရှိနေခြင်း၊ မလုံခြုံခြင်း စသည်ဖြင့် အခြေအနေ မည်သို့ ဖြစ်စေကာမူ ဖြစ်ပျက်နေသောအရာကို မြင်အောင် မိမိကိုယ်ထဲတွင် လေ့လာရန် လိုပါသည်။ ဤအနှောင့်အယှက်ပေးသော ခံစားချက်များ နောက်ကွယ်တွင် မည်သည့် ရှုပ်ထွေးမှု ရှိနေပါသလဲ။ သို့သော် ပြဿနာ ဖြစ်လာသော ဆက်ဆံရေးတစ်ခုကို လေ့လာပါက ရှုပ်ထွေးမှုရှိနေသည်မှာ ကျွန်ုပ်တို့ တစ်ဦးတည်းမဟုတ်ကြောင်း သဘောပေါက်ဖို့ လိုပါသည်။ တစ်ဖက်လူမှာလည်း ရှုပ်ထွေးမှု ရှိနေသည်မှာ ရှင်းနေပါသည်။ အရေးကြီးသည်မှာ ‘‘မင်းက ပြောင်းလဲရမယ်။ ငါလုပ်သမျှ အားလုံးက ကောင်းမွန်ပြည့်စုံတယ်။ မင်းကပဲ ပြောင်းရမယ်။’’ ဟု ပြောနေ၍ မရပါ။ တစ်ဖက်တွင်လည်း မိမိတစ်ဦးတည်းကသာ ပြောင်းလဲရမည်ဟု ပြောနေ၍လည်း မရပါ။ အကြောင်းမှာ ထိုအခါ အာဇာနည်ကဲ့သို့ အထင်ရောက် ဆိုးရွားသွားနိုင်ပါသည်။ အရာရာကို တစ်ဖက်လူနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ရပါမည်။ ထိုသူက ဤသို့ပြုလုပ်သည်ကို လက်ခံနိုင်ဖို့တော့ လိုပါသည်။ နှစ်ဦးစလုံး ရှုပ်ထွေးမှု ဖြစ်နေသည်ကို လက်ခံရန်လိုပါသည်။ ကျွန်ုပ်တို့၏ ဆက်ဆံရေးတွင် ဖြစ်နေသောအရာကို နားလည်သဘောပေါက်မှုနှင့် ပတ်သက်၍ နှစ်ဦးစလုံးတွင် ပြဿနာ ရှိနေပါသည်။ ထို့ကြောင့် နှစ်ဦးစလုံး၏ ရှုပ်ထွေးမှုကို ရှင်းလင်းကြည့်ကြပါစို့။ ဤသည်မှာ ဆက်သွားရမည့် လက်တွေ့အကျဆုံး ဓမ္မနည်းလမ်း ဖြစ်နေပါသည်။
ဓမ္မကျင့်ကြံမှု မပြုလုပ်မီ ဓမ္မအကြောင်း နားလည်ရေး
ဗုဒ္ဓဘာသာဝင်တို့၏ ကျင့်ကြံမှုနည်းလမ်း အမျိုးအစားများစွာ ရှိပါသည်။ နည်းစနစ်အချို့ ဆောင်ရွက်နည်းကို လေ့လာခြင်းကဲ့သို့ ယင်းတို့ကို မည်သို့ ဆောင်ရွက်ရန် ညွှန်ကြားချက်များ ရယူရုံနှင့် မလုံလောက်ပါ။ မည်သည့် ကျင့်ကြံမှုမဆို အခက်အခဲများ ကျော်လွှားနိုင်အောင် ကျွန်ုပ်တို့ကို မည်သို့ကူညီမည်ကို နားလည်ရန် အလွန် အရေးကြီးပါသည်။ ကျင့်ကြံမှုကို ဘယ်အချိန်၊ ဘယ်လို အသုံးချရန် လေ့လာဖို့ လိုသည်သာမက ယင်း၏နောက်ကွယ်မှ ယူဆချက်ကိုလည်း သိရန် လိုပါသည်။ ဆိုလိုသည်မှာ အဆင့်မြင့် ကျင့်ကြံမှုများဖြင့် စတင်ရန် မလိုပါ။ အခြေခံမှ စတင်ပြီး တဖြည်းဖြည်း တည်ဆောက်ရပါသည်။ ထိုနည်းဖြင့် ကျင့်ကြံမှုတိုင်းတွင် ဖြစ်ပျက်နေသည့်အရာ၊ ဓမ္မတရားတော်များ ဖွဲ့စည်းထားပုံအစီအစဉ်ကို သိရှိလာပါသည်။
ယခုအခါ ‘‘ဆေးတစ်လက် ရရှိထားပါက ဘယ်လို အလုပ်လုပ်သည်ကို မေးမနေပါနှင့်။ ဆေးကိုသာ သောက်လိုက်ပါ။’’ ဆိုသော တရားကဲ့သို့ပင် ယခုအခါ မှန်ကန်နေပါသည်။ ဤသည်မှာ အကြံဉာဏ်ကောင်းတစ်ရပ် ဖြစ်သော်လည်း အစွန်းမရောက်အောင် သတိပေးထားသည်ကို နားလည်ရန် လိုပါသည်။ အစွန်းတစ်ဖက်မှာ တရားတော်များကို လေ့လာပြီး နားလည်ရုံသာ ကြိုးစားသော်လည်း လက်တွေ့ကျင့်ကြံရန် တစ်ခုခုမပြုလုပ်ခြင်း ဖြစ်ပါသည်။ ထိုအစွန်းကို ရှောင်ရပါမည်။ ထို့ပြင် အခြားအစွန်းတစ်ဖက်မှာ ကျွန်ုပ်တို့ အားလုံး ရှောင်ရှားရန် လိုပါသည်။ ယင်းမှာ ကျင့်ကြံမှု အချို့အတွက် ဓမ္မ ညွှန်ကြားချက်အချို့ ကြားသိသောအခါ မျက်ကန်း ယုံကြည်ချက်ဖြင့် ဘာကိုပြုလုပ်သည်၊ ဘာကြောင့်ပြုလုပ်သည်ကို နားမလည်ဘဲ လုပ်ဆောင်မိပါသည်။ ထိုအစွန်းမှ ပေါ်ပေါက်လာသည့် အဓိက ပြဿနာသည် ကျင့်ကြံမှုကို နေ့စဉ်ဘဝ၌ မည်သို့ အသုံးချရမည်ကို လုံးဝနားမလည်ခြင်း ဖြစ်ပါသည်။ ကျင့်ကြံမှုတိုင်း၏ နောက်ကွယ်မှ အဓိကအချက်ကို နားလည်ပါက၊ ယင်း၏ လုပ်ဆောင်ပုံ၊ ယင်း၏ ရည်ရွယ်ချက်တို့ကို နားလည်ပါက နေ့စဉ်ဘဝတွင် မည်သို့ အသုံးချရမည်ကို တစ်ယောက်ယောက်က လာပြောနေရန်ပင် မလိုတော့ပါ။ မည်သို့အသုံးချရမည်ကို မိမိကိုယ်တိုင် နားလည်သိရှိလာပါသည်။
ကျွန်ုပ်တို့၏ ပြဿနာများ ဖယ်ရှားရေးကို ပြောသည့်အခါ ပုဂ္ဂိုလ်ရေး ပြဿနာများ ဖယ်ရှားရေးကိုသာ ပြောခြင်း မဟုတ်ဘဲ အခြားသူများကို ကူညီရာတွင် ကြုံရသည့် အခက်အခဲများ ဖယ်ရှားရေးကိုပါ ပြောခြင်း ဖြစ်ပါသည်။ ‘‘ပျင်းတာ၊ တစ်ကိုယ်ကောင်းဆန်တာ တွေ၊ အရမ်း အလုပ်များတာတွေကြောင့် တခြားလူတွေကို ကူညီရာမှာ ငါက ပြဿနာ ရှိနေတယ်။’’ သို့မဟုတ် ‘‘မင်းပြဿနာကို ငါနားမလည်ဘူး။ ဘယ်လို ကူညီရမှန်း မသိဘူး။’’ ဟု ပြောမိပါသည်။ ဤသည်မှာ ကြီးမားသော အခက်အခဲ ဖြစ်နေသည် မဟုတ်ပါလား။ အခြားသူများကို ကူညီရာ၌ ဤသို့သော အခက်အခဲအားလုံးမှာလည်း ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကြောင့် ဖြစ်ရပါသည်။ ဥပမာ၊ တန်ခိုးရှင်နတ်ဘုရားလို ငါဖြစ်သင့်တယ်။ တစ်ခုပဲ လုပ်ဖို့လိုတယ်။ အဲဒါက သင့်ပြဿနာတွေ ဖြေရှင်းပေးဖို့ပဲ။ သင့်ပြဿနာတွေ မဖြေရှင်းပေးရင် သင်တစ်ခုခု မှားနေလို့ပဲ။ သင်မှန်တာ မလုပ်လို့ သင့်မှာ အပြစ်ရှိတယ်။ သို့မဟုတ် သင့်ပြဿနာတွေ ငါဖြေရှင်းပေးနိုင်သော်လည်း မဖြေရှင်းတဲ့အတွက် ငါ့မှာ အပြစ်ရှိတယ်။ ဒါကြောင့် ငါကမကောင်းဘူး ဟု ရှုပ်ထွေးမှု ဖြစ်ပါသည်။ ဤရှုပ်ထွေးမှုမှာလည်း အကြောင်းအကျိုးနှင့် ဆိုင်နေပြန်ပါသည်။
ဓမ္မ၌ ယုံကြည်ခြင်း
နောက်တစ်ချက်မှာ နေ့စဉ်ဘဝ၌ ဓမ္မကို ထိတ်လန့်မှုမပါဘဲ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် ကျွန်ုပ်တို့ ပြဿနာများ အမှန်တကယ် ဖယ်ရှားနိုင်သည်ဟု ယုံကြည်ချက် ရှိရန်လည်း လိုပါသည်။ တစ်ခုခု ဖယ်ရှားလိုပါက ယင်းကိုဖြစ်စေသော အကြောင်းရင်းများအား ဖယ်ရှားရန်လိုသည် ဆိုသည့် အခြေခံ ဗုဒ္ဓဘာသာနည်းကို လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားနိုင်ပါသည်။ သို့သော် ရှုပ်ထွေးမှုအားလုံး ပြန်မပေါ်အောင် ဖယ်ရှားနိုင်သည်ဆိုသည့် နက်ရှိုင်း ခိုင်မာသော ယုံကြည်ချက် ရရှိရန် အလွန်ခက်သည်မှာ မှန်ပါသည်။ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့ ရရှိနိုင်သည်ဟု ခိုင်မာသော ယုံကြည်ချက် ရှိရန်လည်း ခက်ပါသည်။ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု ဆိုသည်ကို နားပင် မလည်သောအခါ ဤသို့ယုံကြည်ရန် ပို၍ပင် ခက်ပါသည်။ ထို့ကြောင့် ယင်းကိုရရှိရန် ဖြစ်နိုင်၊ မဖြစ်နိုင် မည်ကဲ့သို့ အမှန်တကယ် စဉ်းစား ရမည်နည်း။ ယင်းသို့ရရှိရန် မဖြစ်နိုင်ဟု ထင်ပါက ရှိသည်ဟုပင် မထင်သောအရာအတွက် ယင်းကို ရရှိရေး ရည်မှန်းထားသည်မှာ အနည်းငယ် မှားယွင်းနေနိုင်ပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ ဓမ္မကျင့်ကြံမှုသည် အစစ်အမှန် မဟုတ်ကြောင်း၊ မိမိ ဆောင်ရွက်နေသောအရာကို ရူးနှမ်းမှုကဲ့သို့ ဖြစ်လာပါသည်။
အမှန်ပင် ယုံကြည်ချက် ရှိရန် လိုပါသည်။ ထိုအတွက် လေ့လာမှုနှင့် နားလည်သဘောပေါက်မှု များစွာလိုအပ်ပါသည်။ နက်ရှိုင်းစွာ တွေးတောမှုနှင့် တရားရှုမှတ်မှုတို့လည်း လိုပါသည်။ လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့ ဖြစ်နိုင်သည်ဟု ယုံကြည်ရပါမည့်အပြင် ယင်းတို့ကို မိမိကိုယ်တိုင် ရရှိနိုင်သည်ဟုလည်း ယုံကြည်ရပါမည်။ စကြမုနိဘုရားရှင်သာ ယင်းတို့ကို ရရှိခြင်းမဟုတ်ဘဲ မိမိလည်း ရရှိနိုင်ပါသည်။ ထို့ပြင် မိမိလည်း ယင်းတို့ကို ရရှိနိုင်သည်။ လူတိုင်းလူတိုင်းလည်း ယင်းတို့ကို ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားရန် ထားရှိရမည့်အရာကို နားလည်ရပါမည်။ ၎င်းကို တကယ်ဖယ်ရှားလိုက်ပါက ဘာဖြစ်မည်နည်း။ ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားသည့်အရာမှာ မှန်ကန်သော နားလည်သဘောပေါက်မှု ဖြစ်ပါသည်။ ထို့ကြောင့် မှန်ကန်သော နားလည်သဘောပေါက်မှုက ရှုပ်ထွေးမှုကို ချေဖျက်ပြီး ပြန်မပေါ်အောင် ဖယ်ရှားနိုင်ပုံကို နားလည်ရပါမည်။ ဤအကျိုးဆက်ကြောင့် ဓမ္မကျင့်ကြံမှု၏ တကယ့် အလုပ်ခွင်သည် နေ့စဉ်ဘဝဖြစ်ကြောင်း မြင်လာပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ပြဿနာများ၊ ရှုပ်ထွေးမှုများ၊ အချိန်နှင့်အမျှ ဘဝအခက်အခက်ခဲများကို ဖြေရှင်းခြင်း ဖြစ်ပါသည်။
ဓမ္မကျင့်ကြံမှုသည် မိမိကိုယ်ထဲ၌ဆန်းစစ်လေ့လာရန် လိုအပ်သည်
ဓမ္မကျင့်ကြံမှုသည် ဘဝတွင် ခဏနားချိန်၊ တိတ်ဆိတ်ကောင်းမွန်သော တရားရှုမှတ်သည့် ဂူတစ်ခုထဲ သို့မဟုတ် မိမိအခန်းထဲ သွားခြင်း၊ ဘဝတွင် ဖြေရှင်းစရာများမှ အနားယူရန် ခုံပေါ်တွင် ထိုင်လိုက်ခြင်း မဟုတ်ပါ။ အနားယူမှုသည် ဓမ္မကျင့်ကြံမှု၏ အာရုံစိုက်မှု မဟုတ်ပါ။ တရားရှုမှတ်ရန် တိတ်ဆိတ်သော နေရာတစ်ခုသို့ သွားသောအခါ ဘဝ ပြဿနာများကို ဖြေရှင်းရန် လိုအပ်သော ကျွမ်းကျင်မှုများ ပွားများအောင် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ အဓိက အာရုံစိုက်မှုမှာ ဘဝ ဖြစ်ပါသည်။ ထိုင်ပြီး တရားရှုမှတ်သည့် အိုလံပစ် ဆုတံဆိပ် ရရှိအောင် အာရုံစိုက်ခြင်း မဟုတ်ပါ။ ဓမ္မကျင့်ကြံမှုသည် ဘဝတွင် ဓမ္မကို အသုံးချရေး ဖြစ်ပါသည်။
ထို့ပြင် ဓမ္မကျင့်ကြံမှုသည် ကိုယ်တွင်း၌ ပြန်ကြည့်ရပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်ခံစားချက် အခြေအနေများ၊ စိတ်ဓာတ်တွန်းအားများ၊ သဘောထားများ၊ စိတ်လိုက်မာန်ပါ အပြုအမူ ပုံစံများကို အာရုံစိုက်ရပါသည်။ အထူးသဖြင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို သတိထားရန် လိုပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် သဘောထား၏ သိသာသော လက္ခဏာရပ်မှာ ယင်းတို့ ပေါ်ထွက်လာသည့်အခါ မိမိနှင့် အခြားသူများကို မသက်မသာ ဖြစ်စေခြင်း ဖြစ်ပါသည်။ စိတ်ငြိမ်းချမ်းမှု ပျောက်ကွယ်ပြီး ထိန်းချုပ်မရ ဖြစ်လာပါသည်။ ဤသည်မှာ အလွန် အထောက်အကူပြုသော အဓိပ္ပာယ် သတ်မှတ်ချက် ဖြစ်ပါသည်။ အကြောင်းမှာ ထိုသို့သိထားပါက ယင်းတို့၏ လွှမ်းမိုးမှု တစ်ခုခုကြောင့် ပြုမူမိသောအခါ သတိပြုမိအောင် ကူညီပါသည်။ မသက်မသာ ခံစားရပါက စိတ်ထဲတွင် အနှောင့်အယှက် တစ်ခုခု ရှိနေသည်ကို သိရှိနိုင်ပါသည်။ ဤအချိန်မျိုးတွင် ကိုယ်ထဲ၌ ဘာဖြစ်နေသည်ကို စစ်ဆေးပြီး ယင်းကို ပြုပြင်ရန် တန်ပြန်အချက်များ အသုံးချဖို့ လိုပါသည်။
ဤအတွက် ကိုယ်ထဲ၌ ဘာဖြစ်နေသည်ကို အလွန်ပင် အာရုံခံသိရှိဖို့ လိုပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ စိတ်ခံစားချက် အခြေအနေ ပြောင်းလဲရန် တစ်ခုခု လုပ်ဆောင်ဖို့အတွက် ၎င်းသည် အနှောင့်အယှက်ပေးသည်ဟု တွေ့ရှိပါက ကျွန်ုပ်တို့သည် အနှောင့်အယှက် ဖြစ်နေသော ပုံစံဖြင့် ပြုမူပါက မိမိရော၊ အခြားသူများပါ မပျော်ရွှင်မှု များစွာ ဖြစ်လာတော့မည်ကို သိရှိရန် လိုပါသည်။ ထိုသို့ မဖြစ်စေလိုပါ။ ထိုသို့ အများကြီးကြုံခဲ့ပြီးပါပြီ။ ထို့ပြင် ကျွန်ုပ်တို့ ဝမ်းနည်းပါက မည်သူ့ကိုများ ကူညီပေးနိုင်ပါဦးမည်နည်း။
ပြုလွယ်ပြင်လွယ်ရှိခြင်း
ဓမ္မကျင့်ကြံမှုသည် ဆန့်ကျင်ဘက် အား တစ်ခု၊ နှစ်ခုသာမဟုတ်ဘဲ အမျိုးအစားများစွာနှင့် ရင်းနှီးဖို့ လိုပါသည်။ ဘဝသည် အလွန်ထွေပြားပြီး ဆန့်ကျင်ဘက်အရာ တစ်ခုတည်းနှင့် အမြဲတမ်း အလုပ်မဖြစ်ပါ။ ကျင့်ကြံမှုတစ်ခုမှာ အခြေအနေတိုင်းအတွက် အထိရောက်ဆုံး ဖြစ်နိုင်မည် မဟုတ်ပါ။ နေ့စဉ်ဘဝတွင် လက်တွေ့အမှန်အကန် အသုံးချနိုင်ရန်အတွက် ပြုလွယ်ပြင်လွယ်မှု များစွာနှင့် နည်းစနစ်မျိုးစုံ လိုအပ်ပါသည်။ ဤနည်းဖြင့် အလုပ်မဖြစ်လျှင် ထိုနည်းကို ကြိုးစားကြည့်သည်။ ထိုနည်းလည်း အလုပ်မဖြစ်ပါက နောက်တစ်နည်း ကြိုးစားကြည့်ပါသည်။
ကျွန်ုပ်၏ဆရာတော် ဇန်ဟဗ်ဆခုန် ယင်းပိုချီက ဘဝတွင် တစ်ခုခုလုပ်ရန် ကြိုးစားသောအခါ မတူညီသောအစီအစဉ် နှစ်ခု၊ သုံးခု အမြဲရှိထားပါဟု ပြောလေ့ရှိပါသည်။ ထိုအခါ အစီအစဉ် က သည် အလုပ်မဖြစ်ပါက သင်လက်မလျှော့မိတော့ပါ။ အကြောင်းမှာ နောက်ထပ် အစီအစဉ် ခ၊ ဂ တို့ ရှိနေသောကြောင့် ဖြစ်ပါသည်။ တစ်ခုခုက နောက်ဆုံးတွင် အလုပ်ဖြစ်လာပါမည်။ ဤအကြံဉာဏ်က ကျွန်ုပ်အတွက် အလွန် အထောက်အကူ ပြုပါသည်။ ဓမ္မတွင်လည်း ထိုနည်း၎င်း ဖြစ်သည်။ နည်းလမ်း က သည် အချို့အခြေအနေတွင် အလုပ်မဖြစ်ပါက နောက်ထပ် အစီအစဉ်တစ်ခု အမြဲရှိနေပါသည်။ အခြားအရာများဘက် လှည့်နိုင်ပါသည်။ ဤအရာအားလုံးမှာ လေ့လာမှု၊ နည်းစနစ် မျိုးစုံနှင့် တရားရှုမှတ်မှုများကို သင်ယူမှု အပေါ်၌ အခြေခံပါသည်။ ထို့နောက် ကာယ လေ့ကျင့်ခန်း လုပ်သလိုပင် ကြိုတင်ပြင်ဆင်ပြီး ကျင့်ကြံပါသည်။ ဤနည်းစနစ်များကို လိုအပ်ပါက နေ့စဉ်ဘဝတွင် အမှန်တကယ် အသုံးချနိုင်အောင် ယင်းတို့နှင့် ရင်းနှီးစေရန် ကြိုးစားလေ့ကျင့်ပါသည်။ ဤအတွက် ဓမ္မကျင့်ကြံမှုကို ဝါသနာမျှသာ မဟုတ်ဘဲ အချိန်ပြည့် သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်မှုဟု မြင်ရန်လိုပါသည်။
အစွန်းတရားများ ရှောင်ကြဉ်ခြင်း
ဓမ္မကျင့်ကြံမှုကို ကျွန်ုပ်တို့၏ မိသားစုထဲတွင် အသုံးချနိုင်ပါသည်။ မိဘ၊ သားသမီး၊ အလုပ်ခွင်မှ လူများနှင့် ဆက်ဆံရာတွင် အသုံးချနိုင်ပါသည်။ ထိုအခါ အစွန်းတရား အမျိုးမျိုးကို ရှောင်ရှားရန် လိုပါသည်။ ဤအကြောင်းကို အနည်းငယ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြဿနာများကို အခြားသူများပေါ်သို့ အပြစ်ပုံချခြင်း သို့မဟုတ် မိမိကိုယ်ကို လုံးဝအပြစ်တင်ခြင်းဆိုသည့် အစွန်းမျိုး ရှောင်ရှားရပါမည်။ နှစ်ဦးနှစ်ဖက်ကြောင့် ဖြစ်လာရပါသည်။ အခြားသူများကို ပြောင်းလဲခိုင်းကြည့်နိုင်သော်လည်း ကိုယ်တိုင် ပြောင်းလဲခြင်းက ပိုမိုလွယ်ကူပါသည်။
ထိုအခါ ကိုယ်တိုင် တိုးတက်အောင် ပြုလုပ်ခြင်းက အဓိကကျပါသည်။ သို့သော် ဤသို့ဖြစ်ရန်အတွက် တစ်ကိုယ်ကောင်း ဆန်သော အတ္တကြီးမှု အစွန်းကို ရှောင်ရှားကြည့်ရပါမည်။ အတ္တကြီးနေပါက ကိုယ့်ကိုယ်ကိုယ်သာ အမြဲကြည့်နေပြီး အခြားမည်သူ့ကိုမျှ အာရုံမစိုက်တော့ပါ။ ထိုအခါ ကျွန်ုပ်တို့သည် စကြဝဠာ၏ ဗဟိုချက်ဖြစ်သည်ဟု ခံစားလာရပြီး ကျွန်ုပ်တို့ ပြဿနာများက လောကတွင် အရေးအကြီးဆုံးဟု ခံစားလာရပါသည်။ မည်သူ့ ပြဿနာမျှ အရေးကြီးသည်၊ ထိခိုက်နာကျင်သည်ဟု မခံစားရတော့ပါ။
နောက်ထပ်အစွန်းတစ်ဖက်မှာ ကျွန်ုပ်တို့သာလျှင် အားလုံး ဆိုးရွားခြင်း သို့မဟုတ် အားလုံး ကောင်းမွန်ခြင်းဟု တွေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခက်ခဲသောဘက်ကို တိုးတက်အောင် ကြိုးစားရမည်ကို အသိအမှတ်ပြုရန် လိုသည်မှာ မှန်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ အပြုသဘော ဘက်၊ အပြုသဘော အရည်အချင်းများ ကိုလည်း သတိပြုရန် လိုပါသည်။ သို့မှသာ ယင်းတို့ကို ပို၍ပွားများစေနိုင်ပါမည်။ ကျွန်ုပ်တို့ အနောက်တိုင်းသား အများစုမှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့နည်းပါသည်။ ဤသည်မှာ အဓိကအချက် မဟုတ်တော့ပါ။
ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို သတိပြုစောင့်ကြည့်ရန် လိုအပ်သလိုပင် ကျွန်ုပ်တို့၏ အရည်အသွေးကောင်းများကို အမှတ်ရပြီး ချိန်ညှိဖို့လည်း လိုပါသည်။ အရက်စက်ဆုံး လူများပင်လျှင် အရည်အသွေးကောင်းအချို့ ရှိကြပါသည်။ သူတို့သည် ခွေးကလေး၊ ကြောင်ကလေး ပေါင်ပေါ်တင်ထားခြင်း၊ ပုတ်ပေးခြင်း၊ အနည်းငယ် နွေးထွေးမှုပေးခြင်းတို့ ပြုလုပ်ဖူးမည်မှာ ယုံမှားဖွယ် မရှိပါ။ လူတိုင်းနီးပါးတွင် ထိုအတွေ့အကြုံမျိုးတော့ အနည်းဆုံး ရှိကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤကဲ့သို့ နွေးထွေးမှုမျိုး ပေးနိုင်စွမ်း ရှိသည်ကို အသိအမှတ် ပြုရပါမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ အပြုသဘောဘက်ကိုလည်း မြင်လာပါသည်။ ဓမ္မကျင့်ကြံမှုသည် ကျွန်ုပ်တို့၏ အပျက်သဘောဘက်ကိုသာ ပြုပြင်ယူခြင်း မဟုတ်ဘဲ မျှတမှု ရှိရပါမည်။ ကျွန်ုပ်တို့၏ အပြုသဘောဘက်ကိုလည်း အားဖြည့်ပေးရန် ကြိုးစားဖို့လိုပါသည်။
ဤသို့ပြုလုပ်ရန်အတွက် ကျွန်ုပ်တို့၏ အားနည်းချက်နှင့် ကျွန်ုပ်တို့၏ အရည်အသွေးကောင်းများကို ကြည့်ရာ၌ ဘက်ညီမျှတမှု ရှိအောင် ကြိုးစားရာတွင် နောက်ထပ် အစွန်းတစ်စုံကိုလည်း ရှောင်ရှားဖို့လိုပါသည်။ အစွန်းတစ်ဖက်မှာ ‘‘ငါကဆိုးတယ်။ ငါလေ့ကျင့်သင့်တယ်။ မလေ့ကျင့်တဲ့အတွက် ပိုပြီး ဆိုးရွားတယ်။’’ ဆိုပြီး အပြစ်ရှိသည်ဟု ခံစားရခြင်း ဖြစ်သည်။ ဓမ္မကျင့်ကြံမှုကို ရှုမြင်နည်းတွင် ပြုလုပ်သင့်သည် ဆိုသော စကားလုံးကို ဖယ်ရှားရပါမည်။ ‘‘ပြုလုပ်သင့်သည်’’ ဆိုသည့်ကိစ္စ လုံးဝမဟုတ်ပါ။ ရှိနေသော ပြဿနာများ ဖယ်ရှားလိုပြီး နောင်တွင် အလားတူ ပြဿနာများ မဖြစ်အောင် ရှောင်ရှားလိုပါက အကောင်းဆုံး သဘောထားမှာ ‘‘ငါ့ပြဿနာတွေ ဖယ်ရှားချင်ရင် ဒီကျင့်ကြံမှုနဲ့ ရတယ်။’’ ဟု တွေးလိုက်ရုံသာ ဖြစ်ပါသည်။ ယခုအခါ ကျင့်ကြံမှု ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကျွန်ုပ်တို့၏ ရွေးချယ်မှု ဖြစ်ပါသည်။ ‘‘သင်ဒါကို ပြုလုပ်သင့်တယ်။ မပြုလုပ်ရင် လူဆိုးဖြစ်တယ်။’’ ဟု မည်သူမျှ လာမပြောပါ။
သို့သော် အခြားအစွန်းကိုလည်း ရှောင်ရှားရန် လိုပါသည်။ ယင်းမှာ ‘‘တို့အားလုံး ပြီးပြည့်စုံတယ်။ သင့်ရဲ့ ဗုဒ္ဓ သဘောသဘာဝကို ကြည့်လိုက်ရင် အရာရာ ပြည့်စုံနေတယ်။’’ ဆိုသည့်အစွန်း ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့သည် ပြောင်းလဲရန် မလိုကြောင်း၊ ကျွန်ုပ်တို့သည် ပြီးပြည့်စုံနေသည့်အတွက် ကျွန်ုပ်တို့၏ အပျက်သဘောပုံစံတိုင်းကို ရပ်တန့်၊ စွန့်လွှတ်ရန် မလိုကြောင်း သဘောထား ဖြစ်လာစေနိုင်သည့်အတွက် အလွန်အန္တရာယ်ရှိသော အစွန်းတစ်ဖက် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဆိုးရွားသည် သို့မဟုတ် ပြီးပြည့်စုံသည်ဟု ခံစားရသည့် အစွန်းနှစ်ဖက်ကို ရှောင်ရှားရန် လိုပါသည်။ အခြေခံအားဖြင့် မိမိကိုယ်ကို တာဝန်ယူမှု ရှိရပါမည်။ နေ့စဉ်ဘဝ၌ ဓမ္မကို ပေါင်းစည်းရန် ဤသည်မှာ အဓိကအချက် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘဝ အရည်အသွေးနှင့် ပတ်သက်၍ တစ်ခုခုဆောင်ရွက်ရန် မိမိကိုယ်ကို တာဝန်ယူရပါသည်။
စိတ်ဓာတ်တွန်းအား
ကိုယ်တိုင်ကြိုးစားသောအခါ ဘာသာရေး ဆရာတော်များထံမှ စိတ်ဓာတ်တွန်းအား ရနိုင်သလို မိမိနှင့်အတူ ကျင့်ကြံနေသော အခြားသူများအသိုင်းအဝိုင်းမှလည်း ရနိုင်ပါသည်။ သို့သော် လူအများစုအတွက် လွန်ခဲ့သော ရာစုနှစ်များစွာက ဆရာတော်ကြီးများ၏ အံ့အားသင့်ဖွယ် ဇာတ်လမ်းများ လေထဲမှပြန်ကြားရသည်မှာ ဆရာတော်များထံမှ တည်ငြိမ်သော စိတ်ဓာတ်တွန်းအား ရင်းမြစ်တစ်ခု မဟုတ်ပါ။ အကြောင်းမှာ ထိုအရာများကို ဆက်စပ်ရန် အလွန်ပင် ခက်ခဲပြီး မှော်ဆန်သော ခရီးစဉ်ကဲ့သို့ ဖြစ်သွားတတ်ပါသည်။ အကောင်းဆုံးမှာ အမှန်တကယ် အနည်းငယ် မျှလောက်ဖြစ်ဖြစ် အဆက်အသွယ်အချို့ရှိသည့် သက်ရှိထင်ရှား နမူနာများ ဖြစ်ပါသည်။
ဘုရားရှင်များ သို့မဟုတ် အမှန်ပင် အရည်အချင်းပြည့်သော ဆရာတော်များသည် ကျွန်ုပ်တို့ကို အထင်ကြီးအောင် မလုပ်သလို စိတ်အားတက်ကြွမှု ရှိလာအောင်လည်း မလုပ်ပါ။ ဥပမာအနေနှင့် သူတို့သည် နေမင်းကြီးနှင့် တူပါသည်။ နေမင်းကြီးသည် လူတို့ကို နွေးထွေးအောင် မကြိုးစားပါ။ သဘာဝအတိုင်း အခြားအရာများကို နွေးထွေးစေသည့် သဘောသာ ဖြစ်ပါသည်။ ထို့အတူ ထက်မြက်သော ဘာသာရေး ဆရာတော်များလည်း ထိုအတိုင်းဖြစ်ပါသည်။ သူတို့သည် ကျွန်ုပ်တို့ကို ဘဝတွင် သူတို့နေထိုင်ပုံ၊ သူတို့၏ ကိုယ်ကျင့်တရား၊ အရာရာ သူတို့ဖြေရှင်းပုံနည်းလမ်း များမှနေ၍ သဘာဝအတိုင်း တစ်ပြိုင်နက် စိတ်ဓာတ်တွန်းအား ရရှိစေပါသည်။ မှော်ဆန်သော မျက်လှည့်မဟုတ်ပါ။ စိတ်ဓာတ်တွန်းအား အရဆုံးအချက်မှာ ပိုပြီး လက်တွေ့ကျခြင်းပင် ဖြစ်ပါသည်။
ဆရာတော် ဒဗ်ဂျုံ ယင်းပိုချီကို သတိရမိပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူကွယ်လွန်ခဲ့ပါသည်။ ဉာဉ်ဂမ မျိုးဆက်တွင် သူသည် အကြီးအကဲဖြစ်ပြီး ကျွန်ုပ်၏ ဆရာတော်တစ်ပါး ဖြစ်ပါသည်။ သူ၏ ပန်းနာရင်ကြပ်ရောဂါက တော်တော်ဆိုးပါသည်။ ကျွန်ုပ်မှာလည်း ပန်းနာရင်ကြပ် ရှိသည့်အတွက် အသက်ရှူရ မည်မျှခက်သည်ကို နားလည်ပါသည်။ ပုံမှန်အတိုင်း အသက်မရှူနိုင်သောအခါ စာသင်ရာတွင် မည်မျှခက်ခဲသည်ကို သိပါသည်။ အကြောင်းမှာ သင့်စွမ်းအင်အားလုံးကို လေရရှိအောင် ကိုယ်တွင်းသို့ တွန်းပို့နေရသောကြောင့် ဖြစ်ပါသည်။ ထိုအခြေအနေတွင် သင့်စွမ်းအင်ကို အပြင်ထွက်လာအောင်လုပ်ရန် အလွန်ခက်ပါသည်။ သို့သော် ဒဗ်ဂျုံ ယင်းပိုချီသည် ပန်းနာရောဂါဆိုး ရှိနေသော်လည်း စင်ပေါ်တက်ပြီး စာသင်သည်ကို တွေ့ရပါသည်။ ပန်းနာကြောင့် စိုးစဉ်းမျှ အနှောင့်အယှက် မဖြစ်ပါ။ စိတ်ဝင်စားဖွယ် သင်ကြားရင်း မယုံနိုင်လောက်အောင် ရောဂါကို ခံနိုင်ရည် ရှိပါသည်။ ဤသည်မှာ မယုံနိုင်လောက်အောင် စိတ်ဓာတ်တွန်းအား ပေးပါသည်။ အလွန် လက်တွေ့ကျပါသည်။ မျက်လှည့် မဟုတ်ပါ။ ဘဝလက်တွေ့ အခြေအနေများကို ဖြေရှင်းခြင်း ဖြစ်သည့်အတွက် စိတ်ဓာတ်တွန်းအား ဖြစ်စေပါသည်။
ဘာသာရေး လမ်းစဉ်အတိုင်း လိုက်ရင်း တိုးတက်မှု ရလာသောအခါ မိမိကိုယ်တိုင်ပင် စိတ်ဓာတ်တွန်းအား ရရှိနိုင်ပါသေးသည်။ ဤသည်မှာလည်း စိတ်ဓာတ်တွန်းအားအတွက် အရေးကြီးသော ရင်းမြစ်တစ်ခု ဖြစ်ပါသည်။ ကိုယ်ပိုင် တိုးတက်မှုမှနေ၍ စိတ်ဓာတ်တွန်းအား ရပါသည်။ သို့သော် ထိုသို့ပြုလုပ်ရာတွင် အလွန်သိမ်မွေ့ရပါမည်။ လူအများစုက ဤအချက်ကို စိတ်ခံစားချက်အရ မကိုင်တွယ်နိုင်ပါ။ အကြောင်းမှာ အနည်းငယ် တိုးတက်လာလျှင် မောက်မာပြီး မာနကြီးလာတတ်ပါသည်။ ထို့ကြောင့် တိုးတက်မှုဟု ဆိုရာတွင် သေချာအဓိပ္ပာယ် သတ်မှတ်ရပါမည်။
တိုးတက်မှု လမ်းကြောင်း
ပထမဦးစွာ တိုးတက်မှုသည် အမြဲတမ်းပုံသေမဟုတ်ကြောင်း သဘောပေါက်ရပါမည်။ အတက်အကျ ရှိနေပါသည်။ ဤသည်မှာ သံသရာ၏ အဓိက လက္ခဏာရပ်တစ်ခု ဖြစ်ပါသည်။ ပိုကောင်းသော၊ ပိုနိမ့်သော ပြန်လည် မွေးဖွားမှုများအကြောင်းမျှသာ မဟုတ်ပါ။ အတက်အကျ ရှိခြင်းမှာ နေ့စဉ်ဘဝနှင့်လည်း သက်ဆိုင်ပါသည်။ ယခု ပျော်ရွှင်ပြီး ယခု မပျော်ရွှင်ပြန်ပါ။ ကျွန်ုပ်တို့၏ စိတ်အခြေအနေများက အတက်အကျ ရှိပါသည်။ ယခု ကျင့်ကြံလိုစိတ် ရှိပြီး ယခု ကျင့်ကြံလိုခြင်း မရှိတော့ပါ။ အမြဲတမ်း အတက်အကျ ရှိနေသည့်အတွက် အံ့ဩမနေပါနှင့်။ တကယ်တော့ ကျွန်ုပ်တို့ သံသရာမှ လွတ်မြောက်သည့် ရဟန္တာ ဖြစ်မှသာ ထိုသို့ဖြစ်နေခြင်း ရပ်တန့်ပါမည်။ မယုံနိုင်လောက်အောင် အဆင့်မြင့်သည့် ထိုအခြေအနေ မရောက်မီအထိ သံသရာသည် ဆက်လက်၍ အတက်အကျ ရှိနေပါမည်။ ထို့ကြောင့် အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးချိန်တွင် ရုတ်တရက် ပုဂ္ဂိုလ်ရေး အချစ်ရေးဖြင့် အခက်အခဲ ကြုံရလျှင်လည်း စိတ်ပျက်မနေပါနှင့်။ ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းမှု ဖြစ်လာတတ်ပါသည်။ ထိုသို့ဖြစ်သည့်အတွက် ကျွန်ုပ်တို့သည် ကျင့်ကြံမှု အလွန်ညံ့ဖျင်းသူဟု မဆိုနိုင်ပါ။ သံသရာ အခြေအနေအရ အမှန်တရား ဖြစ်နေသည့် သဘာဝအတိုင်း ဖြစ်နေပါသည်။
ဓမ္မကျင့်ကြံမှုတွင် အံ့ဩစရာများက များသောအားဖြင့် ဖြစ်ပေါ်လေ့ မရှိပါ။ နေ့စဉ်ဘဝတွင် ဓမ္မကို အသုံးချလိုပါက အထူးသဖြင့် ကျွန်ုပ်တို့၏ ကျင့်ကြံမှုတွင် အံ့အားသင့်ဖွယ်များကို မမျှော်လင့်ပါနှင့်။ တိုးတက်မှုကို လက်တွေ့ကျစွာ မည်သို့ တိုင်းတာပါသလဲ။ ဒလိုင်းလားမား ဆရာတော်ကြီးက ဓမ္မကျင့်ကြံမှု တစ်နှစ်၊ နှစ်နှစ်လောက်သာ မကြည့်ပါနှင့်ဟု မိန့်ပါသည်။ ငါးနှစ်၊ ဆယ်နှစ်မျှ ကျင့်ကြံမှုကို ကြည့်ရပါမည်။ ‘‘လွန်ခဲ့တဲ့ ငါးနှစ်၊ ဆယ်နှစ်ကထက် ပိုတည်ငြိမ်လာသလား။ ပိုခက်ခဲတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းလာနိုင်သလား။ ဒါတွေကြောင့် ဝမ်းနည်းပူဆွေးမိသလား။’’ ဟု စစ်ဆေးပါ။ ထိုသို့တည်ငြိမ်လာပါက တိုးတက်မှုအချို့ ရှိသည့်အတွက် စိတ်ဓာတ်တွန်းအား ဖြစ်ပါသည်။ ကျွန်ုပ်တို့မှာ ပြဿနာများ ရှိနေသေးသော်လည်း ဤအချက်က ဆက်သွားဖို့ခွန်အား ပေးပါသည်။ အရာရာ အဆင်မပြေသောအခါ ခက်ခဲသည့်အခြေအနေကြောင့် ဝမ်းမနည်းတော့ပါ။ လျင်မြန်စွာ နာလန်ထူနိုင်ပါသည်။
မိမိကိုယ်တိုင် စိတ်ဓာတ်တွန်းအားဖြစ်ကြောင်း ပြောသောအခါ အဓိက အချက်မှာ ဤစိတ်ဓာတ်တွန်းအားဖြင့် ဓမ္မလမ်းကြောင်းကို ဆက်လျှောက်ရန် ခွန်အားပေးပါသည်။ အဘယ်ကြောင့် ဆိုသော် မှန်ကန်သောလမ်းအတိုင်း သွားနေသည်ဟု ယုံကြည်လာသောကြောင့် ဖြစ်ပါသည်။ ထို့ပြင် ထိုလမ်းကြောင်းမှန်အတိုင်း သွားသည့် လက်တွေ့အဓိပ္ပာယ်ကို သိရှိမှသာလျှင် ထိုလမ်းကြေင်းကို ယုံကြည်မှု ရှိလာပါသည်။ ထိုယေဘုယျလမ်းကြောင်းအတိုင်း သွားနေစဉ် အမြဲတမ်း အတက်အကျ ရှိနေမည်ကိုလည်း သိရှိလာပါသည်။
နေ့စဉ်ဘဝ၌ ဓမ္မကျင့်ကြံမှုကို ပေါင်းစည်းပုံနှင့် ပတ်သက်သော အထွေထွေ စိတ်ကူးအချို့ကို တင်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျေးဇူးတင်ပါသည်။