ပြဿနာများ ကင်းဝေးအောင်နေထိုင်ခြင်းဖြင့် ပျော်ရွှင်မှု ရရှိစေခြင်း

သတင်းအချက်အလက်ခေတ်တွင် စိတ်ဖိစီးမှုကို ဖြေရှင်းရန်အတွက် ကျွန်ုပ်တို့သည် အင်တာနက်၊ လူမှုကွန်ရက် မီဒီယာ၊ မက်ဆေ့ချ်ပို့ခြင်း စသည်တို့ အသုံးပြုပုံကို လေ့လာဖို့ လိုပါသည်။ ကျွန်ုပ်တို့ကို ဆက်လက်စိတ်ဖိစီးစေသော မိမိကိုယ်ကို အလျှော့ပေးသည့် အလေ့အထများကို သိရှိသည်နှင့် ကျွန်ုပ်တို့မပျော်ရွှင်မှု၏ ရင်းမြစ်သည် ကျွန်ုပ်တို့၏ စိတ်ထဲတွင် ဖြစ်ကြောင်း အသိအမှတ်ပြုရန် လိုပါသည်။ စိတ်မဖိစီးအောင် နေထိုင်မည်ဟူသော ဆုံးဖြတ်ချက်နှင့်အတူ မိမိကိုယ်တိုင် စည်းကမ်းရှိမှု၊ စူးစိုက်မှု၊ သတိရှိမှု၊ ခွဲခြားသိရှိသော ဉာဏ်ပညာ တို့နှင့်အတူ ခေတ်သစ်ဘဝ၏ စိန်ခေါ်မှုများကို ပိုမိုရှင်းလင်းပြီး တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းလာနိုင်ပါမည်။

မြို့ကြီးများတွင်ဖြစ်စေ၊ မြို့ငယ်များတွင်ဖြစ်စေ၊ ကျေးလက်တောရွာမှာဖြစ်နေ ကျွန်ုပ်တို့အားလုံးသည် ခေတ်သစ် လောက၏ ပြဿနာများကို ရင်ဆိုင်ကြရပါသည်။ လူအများစုက ယင်းတို့ကို “စိတ်ဖိစီးမှု” ဟု စုပေါင်းခေါ်ဝေါ်ပါသည်။ ကျွန်ုပ်တို့သည် သတင်းအချက်အလက်၊ ရုပ်ရှင်၊ တီဗီလိုင်း၊ သီချင်း၊ လူမှုကွန်ရက် သတင်းများ၊ ချက်ချင်းစာပို့စနစ်၊ အွန်လိုင်းကုန်စည်များ စသည်တို့ကို ပိုမို၍ အချိန်မဆိုင်း ရရှိလာသည်နှင့်အမျှ ပို၍ အလိုရှိနေကြပါသည်။ အပေါ်ယံတွင် ယင်းတို့သည် ကျွန်ုပ်တို့ဘဝကို တိုးတက်စေသည်ဟု ထင်ရသော်လည်း အထူးသဖြင့် ရွေးချယ်စရာများစွာ ရှိနေသောအခါ ပိုမိုရှုပ်ထွေးကာ စိတ်ဖိစီးစေပါသည်။ ကျွန်ုပ်တို့သည် တီဗီအစီအစဉ်ကဲ့သို့ တစ်ခုခုကို လွတ်မသွားလိုပါ။ လွတ်သွားသော အစီအစဉ်ထက် ပိုကောင်းသောအရာများ ရှိနေနိုင်သည်ကို သံသယများ ပြည့်နေပါတော့သည်။

ကျွန်ုပ်တို့သည် အသိုင်းအဝိုင်းနှင့် နေချင်ကြသည်။ သူငယ်ချင်းအုပ်စုထဲတွင် ပါဝင်ချင်သည်။ လူမှုကွန်ရက်ပေါ်တွင် ကိုယ်တင်သမျှကို “နှစ်သက်မှု” ခံရလိုသည်။ သို့မှသာ မိမိကိုလက်ခံသည်ဟု ခံစားရပါသည်။ ကျွန်ုပ်တို့သည် မတည်ငြိမ်ပါ။ ရသမျှ “နှစ်သက်မှု” အရေအတွက်ကို ဖြစ်စေ၊ အင်တာနက်ပေါ်၌ ဖတ်ရှုသော အချက်အလက် များကိုဖြစ်စေ လုံးဝစိတ်ကျေနပ်မှု မရနိုင်ပါ။ ဖုန်းထဲသို့ မက်ဆေ့ရောက်လာသည်ဟု ဖော်ပြမည်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေပါသည်။ နောက်ထပ် နှစ်သက်မှုများ ရလေမလားဟု Facebook ထဲဝင်ကြည့်နေရပါသည်။ သတင်း စိတ်ဝင်စားပါကလည်း တစ်ခုခု အသစ်ဖြစ်သလား သိရအောင် သတင်းများ နောက်ထပ်ကြည့်မိနေပါသည်။ ဘာကိုမှ လွတ်မသွားချင်ပါ။ သို့သော် ဘယ်တော့မှလည်း မကျေနပ်နိုင်သလို ထပ်၍သာ လိုချင်နေပါသည်။

တစ်ဖက်တွင်မူ မိမိပတ်ဝင်းကျင်ရှိ အခြေအနေကြောင့် စိတ်ပျက်မိလာပါသည်။ မြေအောက်ရထားပေါ်တွင် ဖြစ်စေ အနီးအနားတွင် လမ်းလျှောက်နေလျှင်ဖြစ်စေ မိုဘိုင်းဖုန်းကို ကြည့်ပြီး ကြိုးစားထွက်ပေါက်ရှာပါသည်။ သို့မဟုတ်လည်း သီချင်း နားထောင်ပါသည်။ မိမိအနီးမှ အမှန်တရားကို တံခါးပိတ်ထားကာ ကိုယ်ပိုင် တကယ်မဟုတ်သော လောကထဲသို့ ထွက်ပေါက်ရှာပါသည်။ အမြဲတမ်း ဖျော်ဖြေခံရရန်လည်း စိတ်လိုက်မာန်ပါ ခံစားရပါသည်။ တစ်ဖက်တွင် ကျွန်ုပ်တို့သည် ငြိမ်းချမ်းတည်ငြိမ်မှုကို တောင့်တပြီး အခြားတစ်ဖက်တွင် အချက်အလက်၊ သီချင်း စသည်တို့ လစ်ဟာသွားမည်ကို စိုးရွံ့နေပါသည်။ ပြင်ပလောက၏ စိတ်ဖိစီးမှုမှ လွတ်ကင်းရန် ဆုံးဖြတ်ထားသောကြောင့် ယင်းကိုလက်လွှတ်ကာ အင်တာနက် ဆိုသည့် တကယ်မဟုတ်သော လောကထဲသို့ ခိုလှုံလိုက်ပါသည်။ ထိုနေရာမှာလည်း အပေါင်းအဖော် ရှာဖွေကာ လူမှုကွန်ရက်ပေါ်မှ “သူငယ်ချင်းများ” ဆိုသူတို့၏ အတည်ပြုချက်ကို ရလိုပါသည်။ လုံခြုံမှုလည်း လုံးဝမခံစားရပါ။ သို့သော် မိုဘိုင်းဖုန်းများထဲသို့ ခိုလှုံခြင်းသည် အဖြေတစ်ခု ဟုတ်ပါရဲ့လား။

ကျွန်ုပ်တို့သည် ဤသို့အကျင့်ပါနေသော အစဉ်အလာများတွင် ပိတ်မိသောအခါ ကြုံရသည့် မပျော်ရွှင်မှုကို အသိအမှတ်ပြုကာ ယင်း၏အကြောင်းရင်းများကို ဖော်ထုတ်ရန်လိုပါသည်။ ထို့နောက် ဤမပျော်ရွှင်မှုမှ လွတ်မြောက်အောင် ဆုံးဖြတ်ရန်လိုပါသည်။ ယင်း၏အကြောင်းရင်းများ မရှိအောင် ဖယ်ရှားပေးမည့် နည်းလမ်းများနှင့် ထိုနည်းလမ်းများက အလုပ်ဖြစ်ကြောင်း ယုံကြည်မှုတို့တွင် အခြေခံရပါမည်။ သို့သော် မကောင်းဆိုးရွားတစ်ကောင်လို ဘာမှ မခံစားရခြင်းမျိုးကို အလိုမရှိပါ။ ကျွန်ုပ်တို့သည် ပျော်ရွှင်လိုပါသည်။ ပျော်ရွှင်မှုသည် မပျော်ရွှင်မှု ပျောက်ကွယ်ခြင်းမျှသာ မဟုတ်ပါ။ မပျော်ရွှင်မှုကို ဖယ်ရှားထားသည့် ဘာမှ မခံစားရသော အခြေအနေထက် ပိုပါသည်။

မပျော်ရွှင်မှု၏ အကြောင်းရင်းသည် မိမိတို့၏စိတ် ဖြစ်သည်

ပြင်ပအရာဝတ္ထုများနှင့် အခြေအနေများသည် ကျွန်ုပ်တို့ ကြုံတွေ့ရသည့် မပျော်ရွှင်မှု၊ ဆင်းရဲဒုက္ခနှင့် စိတ်ဖိစီးမှုတို့၏ အကြောင်းရင်း မဟုတ်ပါ။ ထိုသို့ဖြစ်ပါက ယင်းတို့ကို ကြုံတွေ့ရသူတိုင်း အလားတူခံစားရပါလိမ့်မည်။

ကျွန်ုပ်တို့ မပျော်ရွှင်မှု၏ ရင်းမြစ်သည် ကျွန်ုပ်တို့၏ စိတ်နှင့်တကွ သဘောထားများနှင့် စိတ်ခံစားချက်များ၊ ခေတ်သစ်ဘဝ၏ အမှန်တရားများကို ကျွန်ုပ်တို့၏ ရှုပ်ထွေးစွာ ကိုင်တွယ်ဖြေရှင်းမှုများပင် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မိမိကိုယ်ကို ပျက်စီးစေသော အားကောင်းသည့် အလေ့အထများ ရှိပါသည်။ ထိုအလေ့အထများသည် မလုံခြုံမှု၊ တွယ်တာမှု၊ မုန်းတီးမှု၊ ကြောက်ရွံ့မှု စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများကြောင့် ဖြစ်ပေါ်လာပါသည်။ ယင်းတို့သည် နောက်ထပ် စိတ်ဖိစီးမှုနှင့် ပြဿနာများ ဖြစ်လာစေမည့် ပုံစံဖြင့် ပြုမူစေပါသည်။ ထိုအခါ ထပ်ကျော့သံသရာကဲ့သို့ ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများကို ဆက်လက်၍ အားဖြည့်ပေးပါတော့သည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများသည် အမှန်မသိမှုပေါ်တွင် အခြေခံပါသည်။ မိမိအပေါ်တွင် မိမိအပြုအမူ၏ သက်ရောက်မှုကို မသိခြင်း၊ မိမိကြုံရသည့် အခြေအနေများအကြောင်း လက်တွေ့ မကျခြင်း သို့မဟုတ် ယင်းတို့ကို မှားယွင်းစွာ သိနားလည်ခြင်း ဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် “နှစ်သက်မှုများ” ပိုရခြင်းဖြင့် ကျွန်ုပ်တို့ကို ပို၍လုံခြုံစေမည် မဟုတ်ကြောင်း အမှန်မသိကြပါ။ ထင်ထားသည့်အတိုင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်သာ ဖြစ်ပါသည်။ ထိုအခါ နောက်ထပ် “နှစ်သက်မှုများ” ပိုလိုချင်လာပါသည်။ ရရှိသော အရေအတွက်ကို အမြဲစစ်ဆေးကြည့်ကာ ဘယ်တော့မှ စိတ်မကျေနပ်သလို စိတ်ငြိမ်းချမ်းမှုလည်း မရသည့် မလုံခြုံမှု ဖြစ်လာပါသည်။ သို့မဟုတ် ကွန်ပျူတာဂိမ်း ကစားသည့် တကယ်မဟုတ်သော လောကထဲသို့ ထွက်ပေါက်ရှာခြင်းသည် ဘဝမှာ ရင်ဆိုင်ရသော ပြဿနာတိုင်းကို ပျောက်ကွယ်သွားစေမည်ဟု မသိနားမလည်စွာ တွေးမိပါသည်။ ဤသို့ အမှန်မသိမှုနှင့် မသိနားမလည်မှုနှင့် ယင်းတို့ကြောင့် ဖြစ်ပေါ်သည့် တွယ်တာမှုကဲ့သို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ အားလုံးသည် ကျွန်ုပ်တို့၏ မိမိကိုယ်ကို ပျက်စီးစေသည့် အပြုအမူနှင့် အနှောင့်အယှက်ပေးသော စိတ်အခြေအနေ ဖြစ်သည့် အပျက်သဘော အလေ့အထများကို အားဖြည့်ပေးပါသည်။

ဤရောဂါစုများကို ဖြေရှင်းရန်အတွက် ကျွန်ုပ်တို့သည် မိမိကြုံတွေ့နေသည့် ပင်ပန်းသော အလုပ်ကိုလုပ်ရခြင်းကဲ့သို့ အခြေအနေများအပေါ် ခွဲခြားသိရှိသောပညာ လိုအပ်ပါသည်။ ယင်းကို ဖြေရှင်းရန်သည် အမှန်တရား ဖြစ်ပါသည်။ တတ်နိုင်သလောက်သာ ဖြေရှင်းနိုင်ပါသည်။ ဤသို့ မိမိအခြေအနေ၏ အမှန်တရားနှင့် မိမိကန့်သတ်ချက်များ၏ အမှန်တရားကို လက်ခံကာ ထိုအခြေအနေသည် ဆိုးရွားသော သတ္တဝါကဲ့သို့ ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ပြီးပြည့်စုံရမည်ဟု ထင်သည့်အတွက် လုံလောက်အောင် မစွမ်းဆောင်နိုင်ကြောင်း မမှန်းဆရန် လိုပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် မိမိရင်ဆိုင်နေရသော အမှန်တရားကို ချဲ့ကားခြင်း သို့မဟုတ် လျှော့တွက်ခြင်း မရှိဘဲ သတိရှိနေအောင် စူးစိုက်မှုနှင့် အချက်အလက်များကို မျက်ခြေမပြတ် အာရုံစိုက်နိုင်အောင် နိုးကြားမှုတို့ ထားရှိရန် လိုပါသည်။ ထို့ပြင် မိမိကိုယ်ကို ပျက်စီးစေသော အလေ့အထများအတိုင်း မပြုမူမိအောင် ရှောင်ရှားရန် ကိုယ်ပိုင်စည်းကမ်း ရှိရပါမည်။

ကျွန်ုပ်တို့သည် ကိုယ်ပိုင်စည်းကမ်းဖြင့် စတင်ပါသည်။ အသေးအဖွဲများဖြင့် စတင်ပါသည်။ စိတ်ဖိစီးလာပါက ကော်တီဆော ဟော်မုန်း (ဖိစီးမှုဖြစ်စေသော ဟော်မုန်း) များလာသောကြောင့် သက်သာရာ ရှာဖွေပါသည်။ ဥပမာ၊ ဆေးလိပ်သောက်ခြင်း၊ လူမှုကွန်ရက် မီဒီယာ ကြည့်ခြင်း သို့မဟုတ် အင်တာနက်ပေါ်တွင် စိတ်ဝင်စားစရာ တစ်ခုခု ရှာဖွေခြင်းတို့ ပြုလုပ်ပါသည်။ ထိုအခါ စိတ်ခံစားချက် ကောင်းလာမည်ဟု မျှော်လင့်သည့် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ကို ခံစားရပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ ဒိုပါမင်း ဟော်မုန်း (ဆုလာဘ်ကို မျှော်လင့်သည့် ဟော်မုန်း) များလာပါသည်။ သို့သော် ဆေးလိပ် သို့မဟုတ် အင်တာနက်ကြည့်ခြင်း ပြီးသွားသောအခါ စိတ်မကျေနပ်သောကြောင့် ဖိစီးမှု ပြန်ဝင်လာပါသည်။

ဆေးလိပ်သည် ပြဿနာကို ဖြေရှင်းပေးမည် သို့မဟုတ် “နှစ်သက်မှုများ” သည် ပြဿနာကို ဖြေရှင်းပေးမည် သို့မဟုတ် နောက်ဆုံးသတင်းများ ဖတ်ခြင်းသည် ပြဿနာကို ဖြေရှင်းပေးမည်ဟု လွဲမှားယူဆယုံကြည်သည့် ဆိုးကျိုးကို ခွဲခြားသိမြင်ရန် လိုပါသည်။ ထိုအခါ လွတ်မြောက်ရန် ဆုံးဖြတ်ချက် ချမှတ်လာနိုင်ပါသည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ရပါသည် သို့မဟုတ် အီးမေးလ် သို့မဟုတ် မက်ဆေ့ချ် သို့မဟုတ် သတင်း သို့မဟုတ် လူမှုကွန်ရက် မီဒီယာများ ကြည့်ချိန်ကို သတ်မှတ်ရပါသည်။ ဆေးလိပ်သောက်လိုစိတ် သို့မဟုတ် အင်တာနက် ကြည့်လိုစိတ်တို့ ပေါ်လာသောအခါ စိတ်လိုက်မာန်ပါ မဆောင်ရွက်တော့ဘဲ ရှောင်ရှားရပါမည်။

ကိုယ်ခန္ဓာ အဝလွန်မှုကို ဖယ်ရှားဖို့ အစားအသောက် ဆင်ခြင်ရန် လိုအပ်သလိုပင် စိတ်အဝလွန်မှုကို ဖယ်ရှားဖို့ သတင်းအချက်အလက် ဆင်ခြင်ရန် လိုပါသည်။

ကျွန်ုပ်တို့သည် အစားအသောက် စားသုံးမှု လျှော့ချသကဲ့သို့ပင် သတင်းအချက်အလက်၊ မက်ဆေ့ချ်၊ သီချင်း စသည်တို့ကို လျှော့ချရယူရန် လိုပါသည်။

စွဲနေသော မိမိကိုယ်ကို ပျက်စီးစေသည့် အလေ့အထများကို ရှောင်ရှားခြင်းသည် ပထမတွင် ခန္ဓာကိုယ်မှ ကော်တီဆော ဟော်မုန်းပမာဏ များစေပြီး ဖိစီးစေပါသည်။ အကြောင်းမှာ မကောင်းသည့် အကျင့်ဟောင်းများက ခိုင်မာလွန်း သောကြောင့် ဖြစ်ပါသည်။ ဤသည်မှာ ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် အင်တာနက်၊ မိုဘိုင်းဖုန်း၊ သီချင်းတို့ကို ဖြတ်ခြင်းနှင့် တူပါသည်။ သို့သော် ဖြတ်လိုက်သည့် စိတ်ဖိစီးမှုသည် နောက်ဆုံးတွင် လျော့ပါးသွားကာ စိတ်ငြိမ်းချမ်း တည်ငြိမ်မှု ခံစားရလာရပါမည်။ ကျွန်ုပ်တို့သည် လူသားထု၏ အစိတ်အပိုင်းဖြစ်ပြီး အားလုံး အပြန်အလှန် ဆက်သွယ်နေ သောကြောင့် ကျွန်ုပ်တို့၏ သာယာဝပြောမှုသည် အခြားသူအားလုံးအပေါ်တွင် တည်မှီနေကြောင်း သဘောပေါက်ခြင်း ကဲ့သို့ မကောင်းသည့် အကျင့်များကို ကောင်းသည့် အကျင့်များဖြင့် အစားထိုးပါက အခြားသူများနှင့် ချိတ်ဆက် နှောင်တွယ်လိုစိတ် လိုအပ်ချက်ကို ကျေနပ်စေပါလိမ့်မည်။ အင်တာနက် လူမှုကွန်ရက်ဖြင့် အမှန်တကယ် မရရှိနိုင်သည့် အရာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အောက်ဆီတိုစင် ဟော်မုန်း (တွယ်တာမှု ဟော်မုန်း) များလာပြီး ပိုမိုပျော်ရွှင်မှုနှင့် လုံခြုံမှုတို့ကို ခံစားလာရပါမည်။

မိမိကိုယ်ကို ပျက်စီးစေသော အကျင့်များကို ဖယ်ရှားခြင်း

အနှစ်ချုပ်အားဖြင့် ကျွန်ုပ်တို့သည် မကောင်းသော အကျင့်ဟောင်းများကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်သည်နှင့် ကိုယ်ပိုင်စည်းကမ်း၊ စူးစိုက်မှုနှင့် ခွဲခြားသိရှိသောပညာ စသည့် “လေ့ကျင့်မှုသုံးရပ်” ဖြင့် လေ့ကျင့်ပေးရန် လိုပါသည်။ ဤသုံးချက်သည် အတူဆောင်ရွက်ရန် လိုသော်လည်း သေချာ ရရှိရန်အတွက် ယင်းတို့ကို နှောင့်ယှက်သော အချက်များ မရှိအောင် အောက်ပါအတိုင်း ဖယ်ရှားထားဖို့ လိုပါသည်-

  • နောင်တသည် ကိုယ်ပိုင်စည်းကမ်းကို နှောင့်ယှက်ပါသည်။ ဥပမာ၊ အင်တာနက်မကြည့်မိသည်ကို လည်းကောင်း၊ မက်ဆေ့ချ် သို့မဟုတ် အီးမေးလ်ကို ချက်ချင်းမပြန်မိသည်ကို လည်းကောင်း နောင်တရပါသည်။ အကျိုးပြု မဟာဗျူဟာမှာ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းမှ အသိပေးချက်မြည်သံ သို့မဟုတ် ဖော်ပြချက်ကို ပိတ်ထားရန်နှင့် ပုံသေ သတ်မှတ်ထားသော အချိန်တွင်သာ စစ်ဆေးရန်နှင့် အရေးကြီးသောအရာများကိုသာ ဖတ်ပြီးပြီးချင်း အကြောင်းပြန်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အလုပ် နည်းသောအချိန် သို့မဟုတ် စာပြန်ရန် သတ်မှတ်ထားသော တစ်နေ့တာ ပုံမှန်အချိန်တွင်သာ အခြားသူများကို အချိန်ပေးရန် ကိုယ်ပိုင်စည်းကမ်း လိုအပ်ပါသည်။
  • အိပ်ငိုက်ခြင်း၊ ထုံထိုင်းခြင်းနှင့် ပျံ့လွင့်ခြင်းသည် စူးစိုက်မှုကို နှောင့်ယှက်ပါသည်။ ယင်းတို့ ရှိနေပါက မက်ဆေ့ချ်များ အမြဲစစ်ဆေးနေမှုကို ရှောင်ရှားခြင်းဖြင့် ဘဝသည် ရှုပ်ထွေးမှု လျော့ပါးသွားမည် ဆိုသည့်အချက်ကို သတိမပြုမိတော့ပါ။
  • မပြတ်သားသော တွေဝေမှုသည် ခွဲခြားသိရှိသော ပညာကို နှောင့်ယှက်ပါသည်။ ကျွန်ုပ်တို့၏ မက်ဆေ့ချ်များကို သတ်မှတ်ချိန်တွင်သာ စစ်ဆေးခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ် မပြတ်မသား ဖြစ်နေပါသည်။ မစစ်ဆေးအောင် ရှောင်ရှားရသည်မှာ ခက်ခဲပြီး စိတ်ဖိစီးသောကြောင့် ထိုသို့သံသယများ ဖြစ်လာပါသည်။ ဤသံသယများကို ဖြေရှင်းရန်အတွက် မိမိအပြုအမူများ ပြောင်းလဲမှု၏ အားသာချက်များကို မိမိဘာသာ သတိပေးရန် လိုပါသည်။

ကျွန်ုပ်တို့၏ဘဝများ ပိုမိုပျော်ရွှင်အောင် လက်ခံကျင့်သုံးရမည့် အခြားမဟာဗျူဟာများလည်း ရှိပါသည်။ ဥပမာအားဖြင့် ခရီးသည်များပြားသော မြေအောက်ရထားပေါ်တွင် ရှိနေသောအခါ မိမိကိုယ်ကို ပိုမိုအာရုံစိုက်ကာ မိမိကိုယ်ကို ကာကွယ်ပြီး မိုဘိုင်းဖုန်းထဲသို့ ထွက်ပေါက်ရှာလိုစိတ် ပိုရှိလေ ပိုပြီးထွက်ပေါက်ပိတ်လေ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စွမ်းအင်သည် ကျုံ့သွားပြီး ပိုမိုတင်းကျပ်လာပါသည်။ အန္တရာယ်၏ ခြိမ်းခြောက်မှု ခံစားနေရသောကြောင့် မသက်မသာ ဖြစ်လာပါသည်။ ဖုန်းဖြင့် ဂိမ်းကစားနေခြင်း သို့မဟုတ် iPod ဖြင့် သီးချင်းကျယ်လောင်စွာ နားထောင်ခြင်းဖြင့် အတော်လေး နှစ်မြှုပ်ထားသည့်တိုင် မိမိကိုယ်ကို နံရံခြားထားပြီး အနှောင့်အယှက် အပေးမခံလို သောကြောင့် ခုခံမှု ဖြစ်နေပါသည်။ တစ်ဖက်တွင်မူ မိမိကိုယ်ကို မြေအောက်ရထားပေါ်မှ လူအုပ်ကြီး၏ အစိတ်အပိုင်း ကဲ့သို့ ရှုမြင်ကာ မိမိကဲ့သို့ အခြေအနေမျိုး ကြုံရသူတိုင်းအတွက် အလေးထားမှုနှင့် ကရုဏာတို့ ထားရှိပါက ကျွန်ုပ်တို့၏ စိတ်နှလုံးများ ပွင့်လင်းလာပါသည်။ အန္တရာယ်ကို နိုးကြားနေနိုင်သော်လည်း မိမိအတွက်သာ အာရုံစိုက်သည့် အကြောက်လွန်မှု မပါဝင်တော့ပါ။ အားလုံးကို လုံခြုံစိတ်ချစေလိုပါသည်။ အခြားသူအားလုံးကို မကြားရအောင် သီချင်း သို့မဟုတ် ဂိမ်းဖြင့် အခြားသူများထံမှ သီးခြားခွဲနေရန် မကြိုးစားတော့ပါ။ ဤနည်းဗျူဟာမျိုးသည် အထီးကျန်မှုသာ ပိုဖြစ်စေပါသည်။ ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ရှိလူတိုင်း၏ အစိတ်အပိုင်းဖြစ်သည်ဟု ခံစားရပါက အုပ်စုထဲမှ သတ္တဝါကဲ့သို့ ပို၍ လုံခြုံမှုခံစားရပါသည်။ သို့သော် ဤမဟာဗျူဟာကို ထိရောက်စွာ အသုံးချရန်အတွက် ကိုယ်ပိုင်စည်းကမ်း၊ စူးစိုက်မှုနှင့် ခွဲခြားသိရှိသောပညာ စသည့် လေ့ကျင့်မှုသုံးရပ် လိုအပ်ပါသည်။

ကျွန်ုပ်တို့ လက်ခံကျင့်သုံးနိုင်သည့် နောက်ထပ် မဟာဗျူဟာမှာ အလုပ်မှ အနားယူရန် လိုအပ်သောအခါ ဖုန်းဖြင့်ကြည့်ရှုစစ်ဆေးမှု ပြုလုပ်မည့်အစား ဖြစ်နိုင်လျှင် အခန်းထဲတွင် လမ်းထလျှောက်ရန် ဖြစ်ပါသည်။ အင်တာနက် သို့မဟုတ် ဖုန်းဖြင့် မဟုတ်ဘဲ နှိုးဆွမှုနည်းသော အရာများဖြင့် ဖြေရှင်းလိုက်ပါ။

အကျဉ်းချုပ်

လွတ်လပ်ရန် ဆုံးဖြတ်ချက်ဖြင့် မိမိကိုယ်ကို ပျက်စီးစေသော အလေ့အထများကြောင့် စိတ်ဖိစီးမှုကို လျှော့ချရန် ဤသို့ လေ့ကျင့်မှုသုံးရပ် နည်းလမ်းများ အသုံးချပါက အလုပ်အကိုင်၊ မိသားစု၊ စီးပွားရေးအခြေအနေ စသည့် ဖိအားများကို ဖြေရှင်းရာတွင် စိတ်အခြေအနေ ပိုမိုတည်ငြိမ်လာပါမည်။ ထိုအခါ သတင်းအချက်အလက် စွဲလမ်းပြီး အင်တာနက်၊ လူမှုကွန်ရက်နှင့် သီချင်း စသည်တို့ဖြင့် ထွက်ပေါက်ရှာမှုကြောင့် ဖြစ်လာသည့် ခေတ်သစ်ဘဝ၏ ရှုပ်ထွေးမှုများကို ဖြေရှင်းရာတွင် အထူးသဖြင့် ထိရောက်လာပါမည်။ ကျွန်ုပ်တို့သည် အင်တာနက်ကို ရှောင်ရှားကာ မိုဘိုင်းဖုန်းများကို လွှင့်ပစ်ရမည်ဟု မဆိုလိုဘဲ ယင်းတို့ကို အကျိုးရှိပြီး ကောင်းမွန်သောနည်းဖြင့် အသုံးပြုရန် ပိုကောင်းသော အလေ့အထများ ထားရှိရန်သာ လိုအပ်ပါသည်။

Top