တန်ဖိုးရှိသော လူ့ဘဝကို အကောင်းဆုံး အသုံးချခြင်း
တန်ဖိုးရှိသော လူသားဘဝနှင့် တန်ဖိုးရှိသော လူသားခန္ဓာကို ကျွန်ုပ်တို့အားလုံး ရရှိထားရာ ဘာသာရေးဆိုင်ရာ တိုးတက်မှု အကြီးကျယ်ဆုံး ဖြစ်နိုင်ခြေ ရှိပါသည်။ ယခုလို လူသားအဖြစ် ရရှိထားခြင်းထက် ဉာဏ်အလင်းရရှိနိုင်သည့် အခွင့်အလမ်း ပိုကောင်းတာ မရှိပါ။ နတ်တို့၏ဘုရင် အိန္ဒြာအဖြစ် ပြန်လည် ဖွားမြင်လျှင်ပင် ယခုထက် ဉာဏ်အလင်း ရရှိနိုင်သည့် အခွင့်အလမ်း ပိုမကောင်းပါ။
ယခုရှိနေသောအရာထက် ပိုကောင်းအောင် ကြိုးစားနိုင်သည့်အရာ မရှိသောကြောင့် ယင်းကို အကောင်းဆုံး အသုံးချရန် နည်းစနစ်အားလုံး သိရှိဖို့ အရေးကြီးပါသည်။ ဘာသာရေးဆိုင်ရာ တိုးတက်ရန် အကောင်းဆုံး နည်းလမ်းမှာ မိမိကိုယ်ကို နွေးထွေးကြင်နာသော နှလုံးသား ပို၍ပို၍ ရှိလာအောင် ပြုလုပ်ရန် ဖြစ်ပါသည်။ နွေးထွေးသော နှလုံးသားကို အခြေခံကာ ဗောဓိစိတ္တ ရည်မှန်းချက်ဖြင့် တစိုက်မတ်မတ်ရှိသော နှလုံးသားမျိုး ရှိအောင် ဆက်လက် ကြိုးစားသွားရပါမည်။ ဤသည်မှာ ဉာဏ်အလင်း ရရှိလိုစိတ် ဖြစ်သည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ အားနည်းချက်များ ဖယ်ရှားလိုစိတ်၊ အပြည့်ဝဆုံး အစွမ်းအစ ရရှိလိုစိတ်၊ အားလုံးကို အကောင်းဆုံး အကျိုးပြုလိုစိတ် ဖြစ်ပါသည်။ မိမိနှလုံးသားကို အခြားသူများအတွက်၊ ဉာဏ်အလင်း ရရှိမှုအတွက် ဦးစားပေးလိုက်သောအခါ မိမိ၏တန်ဖိုးရှိသော လူသားဘဝကို အကောင်းဆုံး အသုံးချခြင်း ဖြစ်ပါသည်။
အတိတ်ဘဝက အပြုသဘော အစွမ်းအစများသည် ယခုဘဝ၏ အောင်မြင်မှုအတွက် အကြောင်းခံဖြစ်သည်
လူအမျိုးမျိုး စိတ်အထွေထွေ ရှိပါသည်။ ဉာဏ်အလင်း ရရှိရေးကို မဆိုထားနှင့်။ မိမိ၏ နောင်ဘဝ အကျိုးကို စိတ်ဝင်စားသူမျိုး ရှာတွေ့ရန်မှာ အတော်ရှားပါသည်။ လူအများစုက ဤဘဝတစ်ခုတည်းအတွက် ပျော်ရွှင်မှု ရှာဖွေရန်ကိုသာ စိတ်ဝင်စားကြပါသည်။ မည်သို့ဆိုစေ လူတိုင်းသည် ပျော်ရွှင်လိုကြပြီး မည်သူမျှ ပြဿနာများ မခံစား၊ မကြုံတွေ့လိုသည့်အချက်မှာ တူညီကြပါသည်။
ဤဘဝ ပျော်ရွှင်မှုကို အာရုံစိုက်သူတို့အတွက် ရုပ်ပျော်ရွှင်မှုနှင့် စိတ်ပျော်ရွှင်မှု ဆိုပြီး ပျော်ရွှင်မှု နှစ်မျိုးရှိပါသည်။ လူအများစုက ရုပ်ပျော်ရွှင်မှု တစ်ခုခုကိုသာ အာရုံစိုက် ကန့်သတ်ထားပါသည်။ သို့သော် ရုပ်ပျော်ရွှင်မှုနှင့် ပတ်သက်လျှင်ပင် ဘဝတွင် အဆင့်တစ်ဆင့်အထိ ကြိုးစားအောင်မြင်ထားသည့်တိုင် ကျွန်ုပ်တို့ အများစုသည် မည်သို့လုပ်ရမည်ကို အမှန်ပင် မသိကြပါ။ ဥပမာ၊ စားဝတ်နေရေးနှင့် ရာထူးအခြေအနေနောက် လိုက်သူများက အပြစ်မဲ့သူများအား လူသတ်မှု၊ လုပ်ကြံမှု၊ သတ်ဖြတ်မှုတို့ ပြုလုပ်ကြသည်။ အချို့က ခိုးယူမှု၊ လိမ်လည်မှု၊ ဖောက်ထွင်းမှုတို့တွင် ပါဝင်သည်။ ထိုသူတို့သည် ပျော်ရွှင်မှုနှင့် ရုပ်ချမ်းသာမှု တစ်ခုခု ရရှိရန် ထိုသို့ပြုလုပ်ကြပါသည်။ သို့သော် မည်သို့ကြိုးစားသည်ဖြစ်စေ ထိုချမ်းသာမှုမျိုး သင့်တော်သောနည်းဖြင့် ရရှိအောင် မည်သို့ပြုလုပ်ရမည်ကို မသိကြပါ။ ပျော်ရွှင်မှုအစား မိမိအတွက် ပြဿနာများသာ ပိုဖန်တီးမိကြပါသည်။
တစ်ဖက်တွင်မူ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ပညာရေး၊ အနုပညာ စသည့် နယ်ပယ်များတွင် ရိုးရိုးသားသား အကောင်းဆုံးကြိုးစားကာ အသက်မွေးသူများကို အုပ်စုနှစ်စု ခွဲနိုင်ပါသည်။ အောင်မြင်ပြီး ကြွယ်ဝချမ်းသာသွားသူများနှင့် မအောင်မြင်ဘဲ လုံးဝကျရှုံးသွားသူများ ဖြစ်ကြပါသည်။ တစ်ချို့ အောင်မြင်ပြီး တစ်ချို့ကျရှုံးရသည့် ဤကိစ္စအတွက် ဘာကတာဝန်ရှိသလဲဟု မေးလျှင် အတိတ်ဘဝတွင် သူတို့ စုဆောင်းခဲ့သော မျိုးစေ့နှင့် ဖြစ်နိုင်ခြေများကြောင့် ဖြစ်ပါသည်။ အတိတ်က အပျက်သဘော ရှိခဲ့သူများက အပျက်သဘော ဖြစ်နိုင်ခြေများစွာ စုဆောင်းမိကာ အကျိုးဆက်အားဖြင့် ယခုဘဝမှာ ကျရှုံးပါသည်။ အတိတ်ဘဝက အပြုသဘော ပြုမူခဲ့သူများက အပြုသဘော ဖြစ်နိုင်ခြေများ စုဆောင်းမိကာ ဤဘဝ အောင်မြင်ပျော်ရွှင်မှုအတွက် အကြောင်းခံ ဖြစ်လာပါသည်။
အချို့လူများ အောင်မြင်ပြီး အချို့ကျရှုံးရသည့်အကြောင်းရင်းအတွက် ဤဖြေရှင်းချက်ကို လက်မခံပါက ဤသို့သော မညီမျှမှုမျိုး ဖြစ်နေသည့် အကြောင်းပြချက်မျိုး မရှိသင့်ကြောင်း စဉ်းစားကြည့်ပါ။ တူညီသော အားထုတ်မှုနှင့် စွမ်းရည်ဖြင့် ကြိုးစားကြပါက တူညီသော အောင်မြင်မှု ရသင့်ပါသည်။ အောင်မြင်မှုဆိုသည်မှာ ယခုဘဝတွင် အသက်မွေးမှုအတွက် လုပ်သောအလုပ် အမျိုးအစား၏ ရလဒ်ဖြစ်သည်ဟု အချို့က ထင်ကြပါသည်။ ဥပမာ၊ စီးပွားရေး သို့မဟုတ် ကူးသန်းရောင်းဝယ်ရေး ဖြစ်သည်။ သို့သော် ထိုအချက်ကြောင့် လုံးဝမဟုတ်ပါ။ အောင်မြင်မှု၏ တကယ့် အကြောင်းရင်းများ မှာ အတိတ်ဘဝများတွင် အပြုသဘော ဆောင်ရွက်ချက်များ စုစည်းထားသည့် ဖြစ်နိုင်ခြေများ ဖြစ်ပါသည်။ ဤဘဝတွင် ပြုလုပ်သည့် အလုပ်နှင့် ဆောင်ရွက်ချက်များက ထိုအကြောင်းရင်းများ ရင့်ကျက်ခွင့်ရစေသည့် အခြေအနေများ သို့မဟုတ် အနေအထားများ အဖြစ် ပြုမူပါသည်။
သို့ဖြစ်ရာ အောင်မြင်မှုဆိုသည်မှာ အကြောင်းတရားများနှင့် အခြေအနေများ အတူပေါ်ထွက်လာခြင်းပေါ်တွင် မူတည်ပါသည်။ အကြောင်းတရားများမှာ အတိတ်ဘဝမှ ဖြစ်နိုင်ခြေများ စုစည်းထားရာမှ ပေါ်ထွက်လာသည်။ အခြေအနေများမှာ ယခုဘဝအတွင်း အချိန်နှင့် အားထုတ်မှုပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်ပါသည်။ ထိုနှစ်ချက် အတူတကွ ဖြစ်ပေါ်လာရပါမည်။
နောင်ဘဝအတွက် အလေးထားခြင်း
ယခုဘဝတွင် မည်မျှကြွယ်ဝချမ်းသာသည်ဖြစ်စေ၊ မည်မျှပင် တောက်ပြောင်နေပါစေ၊ မည်သူမျှ မိမိရရှိထားသောအရာကို စိတ်ကျေနပ်မှု မရှိတတ်ကြပါ။ ‘‘ဒီလောက်ဆိုတော်ပြီ။ နောက်ထပ် မလိုတော့ဘူး’’ ဟု မည်သူမျှ မပြောကြပါ။ သူတို့ ရှိထားသောအရာနှင့် ရောင့်ရဲမနေကြပါ။ ပို၍လိုချင်နေပါသည်။ သူတို့တစ်ဘဝလုံးကို အလုပ်အတွက် အသုံးပြုပါသည်။ သို့သော် သူတို့အလုပ်က ဘယ်တော့မှ ပြီးဆုံးပြီဟူ၍ မရှိပါ။
ဤသည်မှာ အစဉ်ပြန်ဖြစ်နေသော သံသရာ ဖြစ်သည်။ တစ်နှစ်ပတ်လုံး ရာသီအလိုက် စိုက်ပျိုး၊ ထွန်ယက်၊ ရိတ်သိမ်းကာ လုပ်ကိုင်နေသော လယ်သမားနှင့် တူပါသည်။ နွေဦးရာသီတွင် ထပ်စိုက်ပြီး ထိုသံသရာကို တစ်ဖန်စတင်ပြန်ပါသည်။ ဤသည်မှာ အလုပ်ကို ဆက်လက်လုပ်ကိုင်နေပုံကို နမူနာပြောခြင်း ဖြစ်ပါသည်။
ယခုဘဝ၏အလုပ်များ ပြီးဆုံးပြီဟု လုံးဝမတွေးမိသော်လည်း ထိုသို့ ပြီးဆုံးမည့်အချိန်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်ုပ်တို့ သေဆုံးချိန်တွင် အမှန်တကယ် ရောက်လာပါမည်။ ထိုအခါ ပျော်ရွှင်သည့် အခြေအနေမဟုတ်ဘဲ ဝမ်းနည်းပူဆွေးမှုဖြင့် အဆုံးသတ်ရပါတော့သည်။
ထို့ကြောင့် ဝတ်ခြင်း၊ စားခြင်းနှင့် ယခုဘဝအတွက် အသိအမှတ်ပြုခံရမှု အတွက်မျှသာ အလုပ်လုပ်နေသူတို့သည် တကယ်တော့ မိမိကိုယ်ကို လိမ်နေခြင်းဖြစ်ပါသည်။ အကြောင်းမှာ သူတို့သည် ရုပ်ချမ်းသာမှုကို ရှာဖွေနိုင်သော်လည်း စိတ်ချမ်းသာမှုကို မရှာနိုင်ကြပါ။ စိတ်ချမ်းသာမှု မရှိပါက သူတို့ဘဝသည် မပြည့်ဝဘဲ မပျော်ရွှင်သော စိတ်ဖြင့် ကွယ်လွန်ကြရပါသည်။
ထို့ကြောင့် ပိုပြီးရေရှည်ခံသော၊ စိတ်အခြေခံသည့် ပျော်ရွှင်မှုအတွက် ကြိုးစားကြည့်ရန် အရေးကြီးပါသည်။ ယခုဘဝတွင် ရရှိနိုင်သော ရုပ်ချမ်းသာမှုသည် ရေရှည်တည်တံ့သောအရာ မဟုတ်ပါ။ တကယ်တည်တံ့သော ပျော်ရွှင်မှုကို လိုအပ်ပါက နောင်ဘဝအတွက် ထည့်စဉ်းစားရပါမည်။ အကြောင်းမှာ ထိုသို့ ထည့်စဉ်းစားလိုက်သောအခါ အမှန်ပင် ရေရှည်ခံသော ပျော်ရွှင်မှုအတွက် ကြိုးစားလာနိုင်ပါသည်။
နောင်ဘဝများအတွက် ပျော်ရွှင်မှု ရရှိအောင် ကြိုးစားပါက ဓမ္မကို ဘာသာရေးအရ ကျင့်ကြံသည့် ဘာသာရေးလိုက်စားသူ တစ်ယောက်၏ မူလအဓိပ္ပာယ်အတိုင်း ပြည့်ဝလာပါသည်။ ပျက်စီးနိုင်သောအရာများအတွက်၊ ယခုဘဝအတွက်သာ ကန့်သတ်ပြီး အလေးထားပါက လောကီရုပ်ဝတ္ထု အလေးထားသူမျှသာ ဖြစ်လာပါသည်။ နောင်ဘဝအတွက်ပါ စတင် အလေးထား အားထုတ်မှသာ ဘာသာရေးဆန်သောပုဂ္ဂိုလ် ဖြစ်လာပါမည်။
အပျက်သဘော အပြုအမူများမှ ရှောင်ရှားခြင်းသည် နောင်ဘဝများတွင် ပျော်ရွှင်စေမည့်နည်းလမ်း ဖြစ်သည်
နောင်ဘဝ ပျော်ရွှင်မှုရရှိစေသည့်နည်းမှာ ဓမ္မ၏ ‘‘အကာအကွယ်ပေးသော နည်းလမ်း’’ အချို့ကို လိုက်နာမှုလည်း ပါဝင်ပါသည်။ ဆိုလိုသည်မှာ အပျက်သဘော အပြုအမူများ မကျူးလွန်မိအောင် ရှောင်ရှားခြင်း ဖြစ်ပါသည်။ အပျက်သဘော ဆောင်ရွက်ချက် ဆယ်ခုရှိပါသည်။ ကာယကံသုံးမျိုး၊ ဝစီကံလေးမျိုးနှင့် မနောကံ သုံးမျိုး ဖြစ်ပါသည်။ ထိုနည်းလမ်းတစ်ခုခုဖြင့် အပျက်သဘော မပြုမူမိအောင် စောင့်ထိန်းကာကွယ်သောအခါ နောင်ဘဝများ၌ ပျော်ရွှင်မှုကို ရရှိစေပါသည်။
အပြုသဘောဖြင့် ပြုမူပါက ယခုဘဝရော နောင်ဘဝပါ အရာရာကောင်းစေမည့် ဘာသာရေး ကျင့်ကြံမှု၏ အစဖြစ်သည်ကို ယခုသိရှိလာကြပါပြီ။ ဤသို့သော အပြုသဘော ဆောင်ရွက်ချက်တွင် ဥပမာအားဖြင့် တိရစ္ဆာန် သို့မဟုတ် အင်းဆက်တစ်ကောင်ကို တမင်သတ်ဖြတ်ခြင်း သို့မဟုတ် တမင် ခိုးယူခြင်းကို ကြည့်ကာ ထိုမှနေ၍ လိုက်ပါလာမည့် ဆိုးကျိုးနှင့် အပျက်သဘော ရလဒ်များကို မြင်ခြင်းလည်း ပါဝင်ပါသည်။ ထိုသို့သိရှိကာ သတ်ဖြတ်၊ ခိုးယူမှု မပြုရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။ ထိုဆုံးဖြတ်ချက်မျိုး ချမှတ်သောအခါ အပြုသဘောဖြင့် သင့်တော်စွာ ပြုမူရန် စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့တို့ ထားရှိရန် မလိုအပ်တော့ပါ။ ကိုယ်တိုင် စောင့်ထိန်းသော ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များဖြင့် အပျက်သဘော အပြုအမူများမှ ရှောင်ရှားလာကြပါသည်။
သို့ဆိုလျှင် တင်းကျပ်သော ကျင့်ဝတ်စောင့်ထိန်းမှု ဆိုသည်မှာ ပျော်ရွှင်သော စိတ်အခြေအနေဖြင့် ကွယ်လွန်နိုင်အောင် ဆောင်ရွက်ရသည့် အကာအကွယ် နည်းလမ်းများ ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက စိုးရိမ်သောကကြီးစွာဖြင့် သေဆုံးကြရပါလိမ့်မည်။ သို့သော် ထိုသို့ ကျင့်ဝတ်လျော်ညီစွာ နေထိုင်သည့် ဤအကာအကွယ် နည်းလမ်းများ လိုက်နာပါက သေဆုံးချိန်တွင် ဘာကိုမျှစိုးရိမ်စရာ ရှိမည်မဟုတ်ပါ။ လူသားအဖြစ် သို့မဟုတ် အိန္ဒြာ အစရှိသည့် နတ်ဘုံလောကသားအဖြစ် ပြန်လည်မွေးဖွားမည်ကို စိတ်ချထားနိုင်ပါသည်။
ဘဝအားလုံးတွင် ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြဿနာများ
လူသားအဖြစ် သို့မဟုတ် နတ်သိကြားအဖြစ် ပြန်မွေးဖွားလာလျှင်ပင် ဘဝတွင် ပြဿနာများ ကြုံရပါဦးမည်။ ဘယ်နေရာတွင် ဘယ်လိုပြန်လည်မွေးဖွားသည်ဖြစ်စေ ထိန်းချုပ်မရအောင် ပြန်ဖြစ်နေသော ပြဿနာများ ရှိပါသည်။ ထို့ကြောင့် အပျက်သဘော ဆောင်ရွက်ချက်များ မပြုမိအောင် ရှောင်ရှားခြင်းဖြင့် ပိုဆိုးသည့် ပြန်လည်မွေးဖွားမှု မဖြစ်အောင် ကာကွယ်ပေးလိုစိတ်မျှသာရှိပါက ထိုသို့ ရှောင်ရှားနေစရာ မလိုပါ။ အကြောင်းမှာ ဘယ်နေရာတွင် ဘယ်လိုပြန်လည်မွေးဖွားသည်ဖြစ်စေ ပြဿနာများ ရှိနေမည့်အတွက်ကြောင့် ဖြစ်ပါသည်။
ဤအချက်က ပိုပြီးကျယ်ပြန့်သောရှုထောင့် လိုအပ်သည်ကို ဖော်ပြပါသည်။ ဥပမာ၊ သက္ကတဘာသာအရ ‘‘သမထ’’၊ တိဘက်ဘာသာအရ ‘‘ရှီနေ’’ ဆိုသည့် ခိုင်ခံ့တည်ငြိမ်သော စိတ်အခြေအနေ ရရှိထားပါက ထိုအကျိုးဆက်ကြောင့် ပိုအဆင့်မြင့်သောဘုံတစ်ခုတွင် နတ်အဖြစ် ပြန်လည်ဖွားမြင်နိုင်ပါသည်။ ဒြပ်မဲ့ရှင်သန်သူများ၏ ဆန်းကြယ်သောဘုံ သို့မဟုတ် ပုံစံမျိုး ဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် ထိုသို့ပြန်လည်မွေးဖွားမှုမျိုး၏ အကျိုးကျေးဇူးအားလုံး ရရှိနိုင်ပါမည်။ သို့သော် ထိုသို့ ပိုအဆင့်မြင့်သောဘုံတစ်ခုတွင် မွေးဖွားအသက်ရှင်လျှင်လည်း ထူးခြားမှု မရှိပါ။ မိုးမျှော်တိုက်ကြီး၏ အပေါ်ဆုံးထပ်တွင် ရှိနေသလိုသာ ဖြစ်ပြီး ထိုနေရာရောက်သည်နှင့် ထပ်သွားစရာမရှိဘဲ အောက်ပြန်ဆင်းလာရပါသည်။
ဘုရားရှင်၏ တရားတော်များတွင် ယုံကြည်ခြင်း
ထို့ကြောင့် ဘယ်နေရာတွင် ပြန်လည်မွေးဖွားသည်ဖြစ်စေ မိမိတို့၏ ပြဿနာများကို ကြိုးစားဖယ်ရှားကာ ဆက်သွားရန် လိုအပ်ပါသည်။ ထိုအတွက် ပြဿနာနှင့် ဆင်းရဲဒုက္ခတို့၏ ဇစ်မြစ်အထိ ရောက်ရှိဖို့လိုပါသည်။ ထိုအတွက် အမှန်တရားနှင့် စိတ်ကူးယဉ်မှုအကြား ရှင်းလင်းစွာ ခွဲခြားသိရှိစေမည့် ခွဲခြားသိရှိသော ပညာဖြင့် သွားရပါမည်။ ထိုအခါ ဘာမှမရှိခြင်းကို နောက်ဆုံးတွင် သဘောပေါက်လာပါသည်။ ဆိုလိုသည်မှာ မဖြစ်နိုင်သော တည်ရှိမှုနည်းလမ်းများ မရှိခြင်း ဖြစ်ပါသည်။ ဤသို့ အမှန်တရားကို ရှင်းလင်းစွာ နားလည်သဘောပေါက်ပါက ကျွန်ုပ်တို့၏ မှားယွင်းသော မှန်းဆချက်များ ဖယ်ရှားပေးပါသည်။ ထိုနည်းဖြင့် မည်သည့်ဘဝမှာမဆို ကြုံရနိုင်သည့် ပြဿနာနှင့် ဆင်းရဲဒုက္ခများ အားလုံးကို ထာဝရ ဖယ်ရှားလိုက်ပါသည်။ ယင်းသည် ထာဝရ တည်တံ့သော ပျော်ရွှင်မှုကို ရရှိစေကာ ကျွန်ုပ်တို့ ရရှိနိုင်သောအရာလည်း ဖြစ်ပါသည်။
ဘာမှမရှိခြင်းအကြောင်း တရားတော်များကို ဘုရားရှင်၏တရားအတိုင်း ထိန်းသိမ်းထားသည့် ရှေးကျမ်းစာများမှနေ၍ လေ့လာနိုင်ပါသည်။ သို့သော် ဘာမှမရှိခြင်းနှင့်သာမက ထိုကျမ်းစာများတွင် ဘုရားရှင် ဟောကြားသမျှ အချက်အားလုံးနှင့် ပတ်သက်၍ ထိုကျမ်းစာများ၏ မှန်ကန်မှုကို မည်ကဲ့သို့ ယုံကြည်နိုင်မည်နည်း။ ယုတ္တိနှင့် ဝေဖန်ဆန်းစစ်မှုတို့ဖြင့် ၎င်းတို့၏ မှန်ကန်မှုကို ယုံကြည်နိုင်ပါသည်။ ဥပမာ၊ ဘာမှမရှိခြင်းကို ကြည့်ပါ။ ယုတ္တိဖြင့် ကျိုးကြောင်းဆီလျော်မှုတွင် မူတည်ကာ ဘာမှမရှိခြင်း၏ မှန်ကန်မှုကို သိနိုင်ပါသည်။ ထို့ပြင် အာရုံစူးစိုက်မှု၊ ခိုင်ခံ့တည်ငြိမ်သော စိတ်အခြေအနေတို့ ရရှိစေမည့် တရားတော်များကို လက်တွေ့ကျင့်ကြံမှု၊ ထိုစိတ်အခြေအနေများ အမှန်တကယ် ကိုယ်တိုင်ရရှိခြင်းတို့ဖြင့် သက်သေပြနိုင်ပါသည်။ ထို့ပြင် ထိုကျင့်ကြံမှုများမှတစ်ဆင့် ဤသို့စူးစိုက်မှု ရရှိခြင်း၏ ဘေးထွက်အကျိုးများဖြစ်သော အဆင့်မြင့်သည့် အပိုအာရုံခံသိရှိမှု အမျိုးမျိုးကိုပါ အမှန်တကယ် ရရှိနိုင်ကြောင်း ကိုယ်တိုင်ကြုံတွေ့နိုင်ပါသည်။ ဗုဒ္ဓမြတ်စွာ ဟောကြားထားသော အဓိကအချက်အမျိုးမျိုးကို ကိုယ်ပိုင် အတွေ့အကြုံဖြင့် မှန်ကန်ကြောင်း သက်သေပြနိုင်ပါသည်။
ထို့အတူ ယုတ္တိနှင့် ကိုယ်တိုင်အတွေ့အကြုံဖြင့် သက်သေပြနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဘုရားရှင် ဟောကြားထားသောအချက်ကို အကောင်အထည် ပေါ်အောင် ကိုယ်တိုင်ကြိုးစားအားထုတ်မှုတွင် အခြေခံကာ ဘုရားရှင်၏ တရားစကားများကို ယေဘုယျ မှန်ကန်ကြောင်း ယုံကြည်မှုတည်ဆောက် နိုင်ပါသည်။ ထိုယုံကြည်မှုမှ ရရှိသော လုံခြုံစိတ်ချမှုနှင့်အတူ ဗုဒ္ဓမြတ်စွာ ဟောကြားထားသည့် အခြားပို၍နက်နဲသော အကြောင်းအရာများ၏ ခိုင်မာမှုကို နက်ရှိုင်းစွာ ယုံကြည်လာနိုင်ပါသည်။
ဥပမာ၊ ကျွန်ုပ်တို့သည် အပြုသဘောဖြင့် ပြုမူဆောင်ရွက်ပါက လူ သို့မဟုတ် နတ်အဖြစ် ပိုကောင်းသော ပြန်လည် မွေးဖွားမှု တစ်ခုခုကို ရရှိလိမ့်မည်ဟု ဘုရားရှင်က ဟောကြားထားပါသည်။ တစ်ဖက်တွင်မူ အပျက်သဘောဖြင့် ပြုမူပါက ငရဲဘုံ၊ ‘‘ဆာလောင်နေသော’’ ပြိတ္တာဘုံ သို့မဟုတ် တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားရပါသည်။ ဤသည်မှာ အပြုအမူ ဆိုင်ရာ အကြောင်းအကျိုး ဖော်ပြချက်များ ဖြစ်ပါသည်။ ယင်းတို့ကို ကိုယ်ပိုင်အတွေ့အကြုံ သို့မဟုတ် ယုတ္တိဗေဒ သက်သက်ဖြင့် မှန်ကန် ခိုင်မာကြောင်း သက်သေပြရန် ခက်ခဲပါသည်။ သို့သော် ကျမ်းစာတွင် မျက်ကန်းယုံကြည်မှုကို အခြေခံပြီး ထိုအချက်များကို လက်ခံစရာ မလိုပါ။ အကြောင်းမှာ အာရုံစူးစိုက်မှု၊ ဘာမှမရှိခြင်းကို မှန်ကန်စွာ နားလည်မှုတို့နှင့် ပတ်သက်ပြီး ဘုရားရှင် ဟောကြားထားသောအရာ၏ မှန်ကန်မှုကို ယုတ္တိနှင့် အတွေ့အကြုံအရ ဖော်ပြနိုင်ပါက အပြုအမူနှင့် ယင်း၏အကျိုးဆက်တို့အကြောင်း ဘုရားရှင် ဟောကြားထားသည့်အရာကိုလည်း လုံးဝ ကျိုးကြောင်းဆီလျော်စွာ လက်ခံလာနိုင်ပါသည်။
အကျိုးဆက်အားဖြင့် ဘာမှမရှိခြင်းအကြောင်း၊ အမှန်တရားအကြောင်း၊ မဖြစ်နိုင်သည့် တည်ရှိမှု နည်းလမ်းများ လုံးဝမရှိခြင်းအကြောင်း ဘုရားရှင်ဖော်ပြထားသည့် အချက်များကို အလွန်ဂရုတစိုက် တွေးကြည့်ရန်လိုပါသည်။ ယင်းတို့မှန်ကန်သည်ဟု သိရှိလာပါက ဘုရားရှင်၏ နောက်ထပ်ဖော်ပြချက်များကို စဉ်းစားကြည့်ရပါမည်။ ယင်းတို့မှာ အပြုသဘော ဆောင်ရွက်မှု၏ ရလဒ်က ပျော်ရွှင်မှု ဖြစ်ကြောင်း၊ အပျက်သဘော ဆောင်ရွက်မှု၏ ရလဒ်က ဆင်းရဲဒုက္ခဖြစ်ကြောင်း ဖြစ်ပါသည်။ ထိုအခါ ထိုဖော်ပြချက်များသည်လည်း မှန်ကန်ကြောင်း ယုံကြည်မှု ရှိလာပါသည်။ ထိုအချက်ကို အခြေခံကာ မိမိအပြုအမူကို သင့်တော်သလို ပြုပြင်ရန် ခိုင်မာစွာဆုံးဖြတ်နိုင်ပါသည်။ ပျော်ရွှင်မှု အလိုရှိပါက ထိုသို့ဖြစ်စေမည့်နည်းအတိုင်း ပြုမူရန် လိုပါသည်။ ဆိုလိုသည်မှာ အပြုသဘောနှင့် အကောင်းမြင်စိတ်ဖြင့် ပြုမူရန်လိုပါသည်။
ပြဿနာအားလုံးမှ လွတ်မြောက်ရန် ဆုံးဖြတ်ချက်ဖြစ်သော စွန့်ပယ်ခြင်း
ယခုအခါ ကျွန်ုပ်တို့ ရရှိထားသည့် လူသားအဖြစ် ကောင်းမွန်စွာ ပြန်လည်မွေးဖွားမှုကို အခြေခံခြင်းနှင့်တကွ ၎င်း၏ ဘာသာရေးဆိုင်ရာ တိုးတက်မှု အခွင့်အလမ်းများ အားလုံးသည် အလိုလို ပေါ်ထွက်လာခြင်း မဟုတ်ပါ။ အတိတ်ဘဝ များစွာက စုစည်းခဲ့သည့် များပြားလှသော အပြုသဘော စွမ်းဆောင်ရည်များကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အလွန်ပင် အပြုသဘောဆန်စွာ ဆောင်ရွက်ခဲ့၍သာ ယခုကဲ့သို့ ပြန်လည်မွေးဖွားမှုနှင့် အခွင့်အလမ်းများ ရရှိလာခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဤအခွင့်အရေးကို အလဟဿ မဖြုန်းတီးပစ်ရပါ။ ယခုဘဝတွင် အစားအသောက်၊ အဝတ်အထည်၊ နာမည်ကြီးမှု၊ ကျော်ကြားမှုတို့လောက်သာ လုံးဝပါဝင်ပတ်သက်နေပါက လူ့ဘဝသည် အလကား ဖြစ်သွားပါမည်။ ယင်းတို့ကိုသာ အလေးထားပါက ဤသို့ သတ်မှတ်ချက်ကြောင့် ဤဘဝတစ်ခုတည်းကိုသာ လုံးဝစိတ်စွဲနေမှုမှ လွတ်မြောက်သွားနိုင်မည် မဟုတ်ပါ။
တစ်ဖက်တွင်မူ အိန္ဒြာကဲ့သို့ နတ်တစ်ပါးအဖြစ် နောင်ဘဝများတွင် ပြန်လည်မွေးဖွားသည့် ပျော်ရွှင်မှု ရရှိအောင် ကြိုးပမ်းအားထုတ်ပါကလည်း ထိုအတွက် ပြဿနာများ ရှိပါသည်။ နတ်သားတစ်ဦးအနေနှင့် ရရှိသောဘဝကို လေ့လာကြည့်ပါ။ ထိုနတ်တွင် ပျော်ရွှင်မှု အကြီးအကျယ် ရှိပြီး ယာယီ အပေါ်ယံ ပြဿနာများ မရှိပါ။ သို့သော် နတ်သက်ကြွေချိန်တွင်မူ ထိုနတ်တွင် ကြီးစွာသော နောင်တပူဆွေးမှု ဖြစ်လာပါသည်။ အဘယ်ကြောင့်ဆိုသော် ပျော်စရာဘဝကြီးတစ်ခုလုံး အိပ်မက်မျှသာ ဖြစ်ကုန်ပါတော့မည်။ သူသေဆုံးချိန်တွင် ကြီးစွာသော ဆင်းရဲဒုက္ခနှင့် ဝမ်းနည်ခြင်းတို့ ဖြစ်ပေါ်လာတော့မည်။ ထို့ကြောင့် ထိုသို့သော ပြန်လည်မွေးဖွားမှုကို ရရှိအောင် ရည်ရွယ်ခြင်းသည် ကျွန်ုပ်တို့ပြဿနာများအားလုံးအတွက် အဖြေမဟုတ်ပါ။
ထို့ပြင် တန်ဖိုးရှိသော လူသားဘဝအဖြစ် ရရှိထားသော ဤကြိုးပမ်းအားထုတ်မှု အခြေခံကို အပြည့်အဝ အသုံးချရပါမည်။ အကြောင်းမှာ ယင်းသည်လည်း ပျောက်ဆုံးသွားမည့်အရာ ဖြစ်ပါသည်။ မွေးဖွားလာပြီးနောက် မသေဆုံးသူဟူ၍ မရှိပါ။ သေခြင်းတရားသည် အားလုံးထံသို့ ကျိန်းသေ ရောက်လာပါမည်။ အနှေးနှင့်အမြန်သာ ကွာပါသည်။ မည်သူမျှ ဘယ်အချိန်သေရမည်ကို တပ်အပ်မသိနိုင်ပါ။ ဤအမှန်တရားများကို တွေးတောပါက ကျွန်ုပ်တို့သည် အသက်ရှင် ကျန်းမာနေချိန် လက်ရှိရရှိထားသော အခွင့်အလမ်းများကို အပြည့်အဝ ရယူအသုံးချလိုစိတ် ဖြစ်လာစေပါသည်။
ထို့ကြောင့် ဤဘဝအကျိုးအတွက်သာ လုံးဝစွဲလမ်းနေမှုကို ဖြတ်တောက်ရန် လိုပါသည်။ ထိုအတွက် ဤဘဝ၏ ထိခိုက်လွယ်သော အရာများစွာသည် ရေရှည်အနှစ်သာရ လုံးဝမရှိပုံကို ပြန်သုံးသပ်နိုင်ပါသည်။ ဤနည်းဖြင့် ယခုဘဝအကျိုးအတွက်သာ စွဲလမ်းနေမှုမှ ရှောင်ရှားပြီး ထိုစွဲလမ်းမှုမျိုးတွင် အခြေခံသည့် ပြဿနာများမှ လွတ်ကင်းအောင် ဆုံးဖြတ်ချက်ချနိုင်ပါမည်။ ဤသို့သော လွတ်မြောက်ရန် ဆုံးဖြတ်ချက်မျိုး ‘‘စွန့်ပယ်ခြင်း’’ ဟု ခေါ်ပါသည်။
ထို့အတူ အနာဂတ်ဘဝများနှင့် ကျွန်ုပ်တို့ ပြန်လည်မွေးဖွားနိုင်သည့် အခြေအနေ အမျိုးမျိုးတို့ကို လေ့လာရန်လိုပါသည်။ နောင်ဘဝပြန်လည်မွေးဖွားမည့် လူ၊ နတ်အနေနှင့် ရရှိမည့် ခမ်းနားထည်ဝါမှု၊ ပျော်ရွှင်မှုများအကြောင်း စဉ်းစားသောအခါ ယင်းတို့တွင်လည်း ပြဿနာများ ရှိသည်ကို သတိရရန်လိုပါသည်။ မည်မျှပင် ကြွယ်ဝချမ်းသာပါစေ။ ပြဿနာများက ထိန်းချုပ်မရစွာ ပြန်ဖြစ်နေပါသည်။ ထို့ကြောင့် နောင်ဘဝများအတွက် ယင်းတို့ကို တွယ်တာစွဲလမ်းနေမှုကိုလည်း ကျောခိုင်းထားရန်လိုပါသည်။ ဆုံးဖြတ်ချက် ဒုတိယတစ်မျိုး ထားရှိကာ ယင်းသို့ ကြိုးပမ်းနိုင်ပါသည်။ ဆိုလိုသည်မှာ နောင်ဘဝများတွင် ထိုစွဲလမ်းမှုများဖြင့် ပေါ်လာမည့် ပြဿနာများမှ ကင်းလွတ်စေရေးအတွက် ဆုံးဖြတ်ချက် ဖြစ်ပါသည်။
ထို့ကြောင့် ကင်းလွတ်ရမည့် ဆုံးဖြတ်ချက် နှစ်မျိုး ရှိပါသည်။ ယခုဘဝ၏ ပြဿနာများမှ ကင်းလွတ်ရန် ဆုံးဖြတ်ချက်နှင့် နောင်ဘဝများတွင် ကြုံရမည့် ပြဿနာများမှ ကင်းလွတ်ရန် ဆုံးဖြတ်ချက်တို့ ဖြစ်ပါသည်။
မမြဲခြင်း
ဘာသာရေးဆိုင်ရာ ကျင့်ကြံသူဆိုသည်မှာ ဘဝ၏ မည်သည့်အခြေအနေမျှ အမြဲတမ်း တစ်သမတ်တည်း မဟုတ်သည်ကို နှလုံးသွင်းထားသူ၊ မမြဲခြင်းနှင့် သေခြင်းတရားအကြောင်း နှလုံးသွင်းထားသူ၊ မိမိ၏ ပြဿနာများ၊ ဘဝတွင် ကြုံရသည့် ပြဿနာများအားလုံးကို နှလုံးသွင်း သတိပြုမိသူ ဖြစ်ပါသည်။ ဤသည်မှာ ထိုကျင့်ကြံသူအတွက် ထိုပြဿနာ အားလုံးကို ရှောင်ရှားရန် အကာအကွယ် နည်းလမ်းအမျိုးမျိုး ဆောင်ရွက်ရန် တွန်းအားများဖြစ်ပါသည်။ မမြဲခြင်းနှင့် ပြဿနာများကို မေ့လျော့ခြင်း၊ သေခြင်းတရားကို မေ့လျော့ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယင်းတို့ကို တွန်းလှန်နိုင်ပါက အလွန်ကောင်းပါသည်။ တကယ်ကောင်းပါသည်။ သို့သော် အမှန်တရားမှာ ထိုသို့ မဖြစ်နိုင်ပါ။ သေဆုံးမည့်အချက်နှင့် ဘဝတွင် ပြဿနာများရှိသည့်အချက်ကို လျစ်လျူရှုရုံဖြင့် ယင်းတို့ကို မဖျောက်ဖျက်နိုင်ပါ။ ထို့ကြောင့် ပြဿနာများကို သတိပြုမိလျှင်၊ ယင်းတို့ကို လက်တွေ့ကျကျ ရင်ဆိုင်လျှင်၊ ယင်းတို့ကို ဖယ်ရှားရန် နည်းလမ်းအမျိုးမျိုးဆောင်ရွက်လျှင် အများကြီးပိုကောင်းပါသည်။ ဤသည်မှာ ဘာသာရေး ကျင့်ကြံမှုတွင် ပါဝင်နေသည့်အချက် ဖြစ်ပါသည်။
ဘုရားရှင် ကိုယ်တော်တိုင်လည်း ထိုနည်းလမ်းများအကြောင်း ပထမအကြိမ် ဟောကြားသောအခါ မမြဲခြင်းအကြောင်း၊ မည်သည့်အရာမျှ ပုံသေမဟုတ်ကြောင်းတို့ကို ဟောကြားခဲ့ပါသည်။ ဘုရားရှင်၏ ဘာသာရေး အသိအမြင် ရှာဖွေရေးသည် မမြဲခြင်းကို သဘောပေါက်ရာမှ စတင်ခဲ့ပါသည်။ ထို့အတူ ပရိနိဗ္ဗာန် စံတော်မူသောအခါတွင်လည်း လူတိုင်းအား မမြဲခြင်းအကြောင်း ဖော်ထုတ်ပြသသည့် အနေနှင့် ဆောင်ရွက်တော်မူခဲ့ပါသည်။
သစ္စာလေးပါး
ထို့ပြင် ပြဿနာများသည် အလိုလို ပေါ်လာသည် မဟုတ်ပါ။ အကြောင်းရင်းလုံးဝမရှိဘဲ ဖြစ်လာကြသည် မဟုတ်ပါ။ တကယ့်ပြဿနာများ၊ ဝမ်းနည်းမှုများသည် တကယ့်အကြောင်းရင်းများကြောင့် ပေါ်ထွက်လာပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါ အပြုအမူနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၊ သဘောထားများ ဖြစ်ပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ ကံနှင့် ကျွန်ုပ်တို့၏ လွဲမှားထင်မြင်မှုများ ဖြစ်ပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများဖြင့် စိတ်လိုက်မာန်ပါ ပြုမူသောအခါ ပြဿနာများ ပေါ်ထွက်လာပါတော့သည်။
ယခုအခါ ကျွန်ုပ်တို့ ပြဿနာအားလုံး၏ ဤအကြောင်းရင်း နှစ်ချက်အနက် စိတ်လိုက်မာန်ပါ အပြုအမူသည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများတွင် အမြစ်တွယ်နေသည်ကို မြင်နိုင်ပါသည်။ ဗုဒ္ဓဘာသာကျမ်းစာများ၌ ဖော်ပြထားသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားပေါင်း ၈၄၀၀၀ ကို လေ့လာပါက အားလုံးသည် တစ်ခုတည်းသော အရင်းအမြစ်မှ လာသည်ကို တွေ့ရပါသည်။ ယင်းမှာ လျစ်လျူရှုမှု သို့မဟုတ် မသိမှု ဖြစ်ကာ အမှန်တကယ် အခိုင်အမာ တည်ရှိမှုအတွက်ရော၊ အမှန်တကယ် အခိုင်အမာ သတ်မှတ်မှုများအတွက်ပါ တွယ်တာမိစေပါသည်။
သို့ရာတွင် မိမိကိုယ်တိုင်ဖြစ်စေ၊ တစ်ခုခုအတွက်ဖြစ်စေ၊ အမှန်တကယ် အခိုင်အမာ သတ်မှတ်ချက်ဆိုသည်မှာ မရှိပါ။ သို့သော် အမှန်တကယ် အခိုင်အမာ သတ်မှတ်ချက် သို့မဟုတ် တည်ရှိမှု ဖြစ်နေသည့်အလား အရာရာကို ကျွန်ုပ်တို့ တွယ်တာပါသည်။ ထို့ကြောင့် အမှန်တကယ် အခိုင်အမာ သတ်မှတ်ချက်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း သဘောပေါက် ခွဲခြားနိုင်စွမ်း ရှိလာပါက ထိုသတ်မှတ်ချက်မျိုးဖြင့် အရာရာ တွယ်တာမှုကို ဖယ်ရှားရန် ဖြေဆေး ဖြစ်လာပါသည်။
မည်သည့်အရာမျှ အမှန်တကယ် အခိုင်အမာ တည်ရှိမှု၊ အမှန်တကယ် အခိုင်အမာ သတ်မှတ်ချက် မရှိကြောင်း နားလည်သဘောပေါက်လာပါက ‘‘စစ်မှန်သော စိတ်၏လမ်းကြောင်း’’၊ ‘‘စစ်မှန်သော လမ်းကြောင်း’’ ဟုခေါ်သည့် သစ္စာလေးပါးအနက်မှ တစ်ချက်ကို နားလည်လာပါသည်။ ဤသည်မှာ အလွန်အဆင့်မြင့်သည့်ဉာဏ် ရရှိထားသော ‘‘ရဟန္တာ’’ တို့က လွတ်မြောက်မှု သို့မဟုတ် ဉာဏ်အလင်း ရရှိမှုသို့ ရောက်ရှိစေသည်ဟု အမှန်အတိုင်းမြင်သည့် လမ်းကြောင်း ဖြစ်ပါသည်။
မည်သည့်အရာမျှ အမှန်တကယ် အခိုင်အမာ သတ်မှတ်ချက် မရှိကြောင်း စိတ်၏ စစ်မှန်သော လမ်းကြောင်း ရှိထားသောအခါ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် သဘောထားများ မရှိတော့ပါ။ အကြောင်းမှာ ထိုသို့ လွဲမှားထင်မြင်မှုများသည် မဖြစ်နိုင်သော တည်ရှိမှု နည်းလမ်းများကို မှန်းဆယုံကြည်မှုအပေါ်၌ အခြေခံသောကြောင့် ဖြစ်ပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် သဘောထားများ မရှိတော့လျှင် စိတ်လိုက်မာန်ပါ မပြုမူတော့ပါ။ စိတ်လိုက်မာန်ပါ မပြုမူတော့လျှင် မိမိအတွက် ပြဿနာများ မဖန်တီးမိတော့ပါ။ မိမိအတွက် ပြဿနာများ ထပ်မပေါ်တော့သည့် အခြေအနေကို ‘‘စစ်မှန်သော ရပ်တန့်မှု’’၊ ‘‘စစ်မှန်သော ရုပ်သိမ်းမှု’’ ဟု ခေါ်ပါသည်။
ဤသည်မှာ အဆင့်မြင့်အသိဉာဏ် ရရှိထားသည့် ရဟန္တာများက အစစ်အမှန်ဟု မြင်သော အချက်လေးချက်ကို တင်ပြခြင်းဖြစ်ပါသည်။ ယင်းတို့မှာ သစ္စာလေးပါး ဖြစ်ပါသည်။ ပထမသစ္စာ နှစ်ချက်သည် အနှောင့်အယှက်ပေးသော အရာနှင့် သက်ဆိုင်ပြီး စစ်မှန်သော ပြဿနာနှင့် ယင်းတို့၏ စစ်မှန်သော အကြောင်းရင်းများ ဖြစ်ပါသည်။ ယင်းတို့မှာ စိတ်လိုက်မာန်ပါ အပြုအမူနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများ ဖြစ်သည်။ နောက်ဆုံး သစ္စာနှစ်ချက်ကို အာရုံစိုက်ပါက ယင်းတို့သည် လွတ်မြောက်မှုနှင့် သက်ဆိုင်ပါသည်။ ထို့နောက် ပြဿနာအားလုံး၏ အကြောင်းရင်းများကို ထာဝရ ဖယ်ရှားခြင်းအားဖြင့် ယင်းတို့ကို စစ်မှန်သော ရပ်တန့်မှု ရရှိလိုပါသည်။ ထို့ပြင် ထိုသို့ဆောင်ရွက်ရန် နည်းလမ်းမှာ စိတ်၏ စစ်မှန်သောလမ်းကြောင်းများ ရရှိရန်လိုပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် အဆင့်မြင့်အသိဉာဏ် ရရှိထားသူတို့က အစစ်အမှန်ဟု မြင်သော ဤအချက်လေးချက်ကို သိရှိသဘောပေါက်လာပါသည်။
တန်ဖိုးရှိသော လူသားဘဝတွင် ရရှိထားသည့် ကောင်းမွန်သော အခြေခံတွင် တည်ဆောက်ကာ ကျွန်ုပ်တို့သည် ဤသစ္စာလေးပါးကို သဘောပေါက်အောင် အစွမ်းကုန် အားထုတ်ရန် လိုပါသည်။ ထိုသို့ဆောင်ရွက်သောအခါ ဤသို့ပြန်လည်မွေးဖွားမှုဖြင့် ရရှိထားသော အခွင့်အလမ်းများကို သင့်တော်စွာ အသုံးချလာပါမည်။ အမှန်တကယ် ခိုင်မာသော တည်ရှိမှုမျိုး မရှိကြောင်း အမြဲတမ်းတည်ငြိမ်စွာ သဘောပေါက်လာခြင်းဖြင့် စိတ်၏ အကျိုးပြုသော အလေ့အထအနေနှင့် စုစည်းလာသောအခါ ကျွန်ုပ်တို့၏ ပြဿနာအားလုံးကို ထာဝရ အပြီးတိုင် ဖယ်ရှားပစ်ပါလိမ့်မည်။
ကရုဏာ ထားရှိခြင်း
ယခုအခါ မိမိတစ်ဦးတည်းအတွက် ပြဿနာအားလုံး ဖယ်ရှားခြင်းမှာ အလွန်ကောင်းသော်လည်း မလုံလောက်ပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် တစ်ဦးတည်းဖြစ်နေသော်လည်း မရေမတွက်နိုင်သူများလည်း ရှိနေပါသည်။ အခြားသက်ရှိများ မည်မျှရှိမည်ကို လုံးဝမသိနိုင်ပါ။ သူတို့အားလုံးတွင် ပြဿနာများ ရှိပါသည်။ သူတို့သည် ဆင်းရဲဒုက္ခများ တစ်နည်းမဟုတ်တစ်နည်း ကြုံရပါသည်။ ထို့ကြောင့် မိမိအတွက်သာ ကြိုးစားခြင်းမှာ မတရားပါ။ အားလုံးအတွက် အဖြေရှာရပါမည်။
တွေးကြည့်ပါက အကန့်အသတ် စိတ်များ ရှိနေသည့် အခြားသက်ရှိအားလုံးသည် ကျွန်ုပ်တို့အပေါ် အလွန်ကြင်နာမှု ရှိသည်မှာ ရှင်းနေပါသည်။ တကယ်တော့ အခြားသူများထက် ပို၍ကြင်နာသူ မရှိပါ။ ဘုရားရှင်တို့၏ ကြင်နာမှု၊ အကန့်အသတ် ရှိသူများ၏ ကြင်နာမှုတို့ကို တွေးကြည့်ပါက အတူတူပင်ဖြစ်သည်ကို သိရပါမည်။ ဥပမာ၊ ပျားရည်ကို ကြိုက်လျှင် ထိုပျားရည် ဘယ်ကလာသည်ကို တွေးကြည့်ရန် လိုပါသည်။ ပျားကောင်ရေ များစွာထံမှ လာပါသည်။ ပျားရည်ဖြစ်ဖို့ ထိုပျားများက များစွာကြိုးစားရပါသည်။ ပန်းပွင့်များစွာဆီသို့ ပျံသန်းကာ ဝတ်မှုန် စုဆောင်းပြီး ပျားလပို့ထဲတွင် ပျားရည်များ စွန့်ထုတ်စုစည်းရပါသည်။ ပျားရည်ကို ကြိုက်နှစ်သက်ရန် မျှော်လင့်ချက်တစ်ခုခု ထားပါက ထိုအင်းဆက်ပိုးလေးများ၏ အားထုတ်မှုနှင့် ကြင်နာမှုအပေါ် တည်မှီရပါသည်။ ထို့အတူ အချို့စားသုံးသည့် အသားငါးတို့ကို စဉ်းစားနိုင်ပါသည်။ ဥပမာ ကျွန်ုပ်တို့ ဖျားနာပြီးအားနည်းနေသောအခါ အားဖြစ်စေမည့် အစားအသောက်များ လိုအပ်ပါက ထိုအားသည် ဘယ်ကရောက်လာပါသလဲ။ ကျွန်ုပ်တို့အတွက် ခွန်အားနှင့် အာဟာရ ပေးနိုင်အောင် အသက်စွန့်သွားသည့် တိရစ္ဆာန်များထံမှ လာပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ ပြဿနာအားလုံးမှ လွတ်မြောက်ရန် အခိုင်အမာ ဆုံးဖြတ်ထားလိုက်သည်နှင့် ထိုသဘောထားကို အခြားသူများအပေါ် လွှဲပြောင်းလိုက်ရန်လိုပါသည်။ မိမိပြဿနာများမှ လွတ်မြောက်ရန် ဆုံးဖြတ်သလိုပင် အားလုံးအတွက်လည်း သူတို့၏ပြဿနာများမှ လွတ်မြောက်စေလိုစိတ်ကို ယခုအခါ ထားရှိရန် လိုပါသည်။ ထိုသို့သော သဘောထားကို ‘‘ကရုဏာ’’ ဟု ခေါ်ပါသည်။
မိမိ၏ပြဿနာများအကြောင်းနှင့် ယင်းတို့ကို မရှိစေလိုသည့်အကြောင်း အလေးအနက် မတွေးပါက၊ ထို့ပြင် ယင်းပြဿနာများမှ လွတ်မြောက်ရန် ဆုံးဖြတ်ချက် မထားရှိပါက အခြားသူများ၏ ပြဿနာများကိုလည်း အလေးအနက်ထားရန် အလွန်ခက်ခဲပါမည်။ အခြားသူများကို သူတို့၏ဒုက္ခများမှ လွတ်ကင်းစေလိုသော ရိုးသားသည့် ကရုဏာ ထားရှိနိုင်မည် မဟုတ်ပါ။ ဥပမာ၊ အလုပ်တွင် အများကြီး ဒုက္ခရောက်ခဲ့သော အရာရှိတစ်ယောက် ရာထူးမြင့်သွားပါက ထိုသူသည် အခြားသူများ၏ ပြဿနာအတွက် စာနာမှုနှင့် ကရုဏာ ရှိပါလိမ့်မည်။ ဒုက္ခရောက်ခြင်းအကြောင်း လုံးဝမသိဘဲ ဘဝတစ်ခုလုံး သက်သာစွာ နေထိုင်ခဲ့သည့် အရာရှိတစ်ယောက်ထက်စာလျှင် ထိုသူသည် အခြားသူများကို ကူညီရန် အများကြီး ပိုပြီး သင့်တော်ပါမည်။
ဗောဓိစိတ္တ
အခြားသူများကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုသော သဘောထားကို ‘‘ကရုဏာ’’ ဟု ခေါ်ပါသည်။ အားလုံးကို ပျော်ရွှင်စေလိုသော သဘောထားကို ‘‘မေတ္တာ’’ ဟုခေါ်ပါသည်။ အားလုံးသည် ပျော်ရွှင်လိုပြီး ပြဿနာများ ကင်းဝေးလိုသည့် ဆန္ဒ ရှိသည်ကို ထည့်စဉ်းစားပါက၊ အားလုံးသည် ကျွန်ုပ်တို့အပေါ် ကြင်နာသည့်အတွက် ထိုသို့ ဆုံးဖြတ်ထားပါက ထိုအတွက် တစ်ခုခုဆောင်ရွက်ရပါမည်။ အပေါ်ယံအဆင့်သာမဟုတ်ဘဲ သူတို့၏ပြဿနာအားလုံးမှ လွတ်မြောက်အောင် ကူညီရပါမည်။ ဤသို့သော တာဝန်ယူမှုကို ‘‘ခြွင်းချက်မရှိ ဆုံးဖြတ်ချက်’’ ဟု ခေါ်ပါသည်။
မိမိတစ်ကိုယ်တည်းအတွက် အလေးထားမှုဖြင့်သာ ပိတ်မိနေပါက သိမြင်မှုတစ်ခုခု ရရှိရန် သို့မဟုတ် ဘုရားရှင်ကဲ့သို့ အရည်အသွေးကောင်းများ ဖော်ထုတ်နိုင်မည် မဟုတ်ပါ။ သို့သော် တစ်ကိုယ်ကောင်း ဆန်မှုမှ ခွဲထွက်ကာ အခြားသူများ၏ ဒုက္ခကို အလေးထားလိုက်ပါက ထိုအချက်သည် ကျွန်ုပ်တို့အတွက် ဉာဏ်အလင်းရရှိသော ဘုရားဖြစ်လာနိုင်သည့် အခြေခံ ဖြစ်ပါသည်။ တစ်ကိုယ်ကောင်း ဆန်သည့်အတွက်သာ ကိုယ်တိုင် ပိုမိုကြွယ်ဝလာအောင် လူသတ်မှု၊ ခိုးမှု စသည်တို့တွင် ပါဝင်နေကြခြင်း ဖြစ်ပါသည်။ ထိုသို့ မကျွမ်းကျင်သော နည်းလမ်းများကြောင့် ပြဿနာများ ပိုဖြစ်ပါသည်။ ထိုအရာအားလုံး၏ ဇစ်မြစ်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်ပါသည်။
စကြမုနိဗုဒ္ဓမြတ်စွာသည် ဤဉာဏ်အလင်းရရှိမှုကို ရယူနိုင်ပါသည်။ အခြားသူများ၏ သာယာဝပြောရေးအတွက်သာ အလေးထားသည့် ရလဒ်ကြောင့် လုံးဝ ကြည်လင်သောစိတ်၊ အပြည့်အဝ အဆင့်မြင့်သည့်ဉာဏ်ကို ရရှိခဲ့ပါသည်။ တကယ်တော့ ဘုရှားရှင်အားလုံးသည် အခြားသူများအတွက် အလေးထားမှုတွင် အခြေခံကာ သူတို့၏အစွမ်းအစကို အပြည့်အဝ ပေါ်ထွက်သည့် ဤအခြေအနေကို ရရှိအောင်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လက်တွေ့ကျပါက ‘‘အားလုံးကို ပျော်ရွှင်စေပြီး သူတို့၏ ပြဿနာများမှ လွတ်ကင်းစေရန်’’ ခြွင်းချက်မရှိ ဆုံးဖြတ်ထားသော်လည်း၊ မည်မျှပင် ဆန္ဒရှိသည်ဖြစ်စေ၊ ထိုသို့ ဆောင်ရွက်နိုင်စွမ်းမရှိသည်ကို တွေ့ရပါမည်။ ဘုရားရှင်သာလျှင် လူတိုင်းကို ပြဿနာများမှ ကျော်လွှားကာ ပျော်ရွှင်မှု ရရှိအောင် ကူညီနိုင်စွမ်း ရှိပါသည်။
ထို့ကြောင့် အခြားသူများ အကျိုးအတွက်၊ ဘုရားရှင်၏ ဉာဏ်အလင်းရရှိသောအခြေအနေကို ရရှိရန်အတွက် ကျွန်ုပ်တို့နှလုံးသားများကို တစိုက်မတ်မတ် ထားရန် လိုပါသည်။ သို့မှသာ ယင်းသို့အတတ်နိုင်ဆုံး ဆောင်ရွက်နိုင်ပါမည်။ ဤသည်ကို ‘‘ဗောဓိစိတ္တ ရည်မှန်းချက်’’ ဟု ခေါ်ပါသည်။
ထိုသို့ အားစိုက်ထားသော နှလုံးသားဖြင့် ဗောဓိစိတ္တ ရည်မှန်းချက် ရှိထားပါက ပန်းတစ်ပွင့်လှူခြင်းကဲ့သို့ ရိုးရှင်းသော အလှူတစ်ခုကို နမူနာ ကြည့်ပါစို့။ ထိုအလှူမျိုး၏ ရည်မှန်းချက်မှာ အားလုံးအကျိုးအတွက်၊ ဉာဏ်အလင်းရရှိမှုအတွက်၊ ယင်းသို့ အတတ်နိုင်ဆုံး ကြိုးစားနိုင်ရန်အတွက် ဖြစ်ပါက ထိုရိုးရှင်းသော ဆောင်ရွက်ချက်မှု စုစည်းလာသည့် အပြုသဘော စွမ်းအားက ကြီးမားလှပါသည်။ တကယ်တော့ အားလုံးကို အကျိုးပြုနိုင်အောင် ရည်မှန်းထားပါက ရည်မှန်းချက်အတိုင်း အကျိုးဖြစ်ထွန်းပါလိမ့်မည်။ ၎င်းသည် သက်ရှိအရေအတွက်ကဲ့သို့ပင် ကျယ်ပြန့်ပါသည်။ ဤနည်းဖြင့် ရိုးသားဖြူစင်စွာ ကျွန်ုပ်တို့နှလုံးသားကို အားစိုက်လိုက်သည့် အကျိုးကျေးဇူးသည် တစ်ကမ္ဘာလုံးရှိ ရွှေငွေကျောက်သံ ပတ္တမြား အားလုံးကို ဘုရားရှင်အား လှူဒါန်းလိုက်သည့် အကျိုးထက် များစွာပိုကြီးမားပါသည်။ စကြဝဠာထဲမှ သက်ရှိအားလုံးကို အစာကျွေးမွေးရသည့် အကျိုးနှင့် နှိုင်းယှဉ်လျှင်ပင် ဗောဓိစိတ္တ ရည်မှန်းချက်ဖြင့် အားစိုက်ထားသည့် ထိုနှလုံးသားမျိုး အခိုက်အတန့်မျှသာ ထားရှိလိုက်သည့် အကျိုးကျေးဇူးက ပိုကြီးပါသည်။
စကြဝဠာရှိ အားလုံးအတွက် ထမင်းတစ်နပ်သည် လူတို့၏ ဆာလောင်မှုကို တစ်ကြိမ်သာ ဖြည့်ဆည်းပေးသည်ဟု တွေးကြည့်လျှင်ပင် ဤအချက်သည် ယုတ္တိ ရှိနိုင်ပါသည်။ သူတို့သည် မကြာခင် ပြန်ဆာလောင်ကြမည်။ သူတို့၏ ဆာလောင်သော ပြဿနာက အမြဲရှိနေပါမည်။ သို့သော် အားလုံးအတွက် ပြဿနာများ အမြဲတမ်း ဖယ်ရှားပေးလိုသည့် ဗောဓိစိတ္တ ရည်မှန်းချက် ရရှိလိုပြီး ဉာဏ်အလင်း ရရှိရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဟု သန္နိဋ္ဌာန်ချထားပါက အားလုံး၏ ဆာလောင်မှုကို ဖယ်ရှားပေးရုံသာမက သူတို့ပြဿနာများကိုပါ လုံးဝဖယ်ရှားပေးနိုင်စွမ်း ရရှိလာပါမည်။
နိဂုံးချုပ်မှတ်ချက်စကား
ထို့ကြောင့် ဗောဓိစိတ္တ ရည်မှန်းချက် ရရှိရေးအတွက် အဆင့်တစ်ဆင့်အဖြစ် ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ အန္တရာယ် မပေးတော့ပါဟု အခိုင်အမာ ကတိပြုရန် လိုပါသည်။ မည်သူပင်ဖြစ်စေ အခြားသူများကို နာကျင်စေသည့် မကောင်းကျိုးနှင့် အားနည်းချက်များအားလုံးကို မြင်လာကာ ထိုသို့မပြုရန် ကတိပြုထားပါက ကြီးစွာသောအကျိုး ရရှိလာပါသည်။ ထို့ကြောင့် အကျိုးဆက်အားဖြင့် အလွန် ချီးကျူးထိုက်သော အပြုအမူမျိုး ဖြစ်ပါသည်။ မည်သူ့ကိုမဆို ထိခိုက်နာကျင်အောင် မလုပ်ပါဟူသော ခိုင်မာသည့် ကတိပေးခြင်းသည် ယခုချက်ချင်း ကျွန်ုပ်တို့အားလုံး ဆောင်ရွက်နိုင်သော ဘာသာရေးနည်းလမ်း ဖြစ်ပါသည်။ ဘာသာရေး ကျင့်ကြံမှုကို အလွန် အဆင့်မြင့်ပြီး လက်လှမ်းမမီသောအရာဟု မတွေးမိရန် လိုပါသည်။
လိုရင်းပြောရလျှင် ဘာသာရေး ကျင့်ကြံသူ ဖြစ်ရန်အတွက် ထူးခြားလှသော နေထိုင်မှုမျိုးဖြင့် နေထိုင်စရာ မလိုပါ။ ရာဇဝင်တွင် ကြီးကျယ်မြင့်မြတ်သော ဘာသာရေးကျင့်ကြံသူ သာမန်အိမ်ထောင်စုဝင်များ အများကြီး ရှိပါသည်။ ရှေးခေတ်အိန္ဒိယနိုင်ငံမှ အဆင့်မြင့်အောင်မြင်ပြီးသည့် မဟာသိဒ္ဓ ရှစ်ဆယ့်လေးဦး၏ ကိုယ်ရေးအကျဉ်းကို ကြည့်လိုက်လျှင် သာမန်အိမ်ထောင်စုဝင်များစွာ ပါဝင်နေပါသည်။
ကျွန်ုပ်တို့သည် အသက်ကြီးလာပါက ဝမ်းနည်းစရာ မလိုသလို အသက်ကြီးသူများက ဘာသာရေး ကျင့်ကြံသူ မဖြစ်နိုင်ပါဆိုသောအတွေးလည်း မရှိရပါ။ အတိတ်ဇာတ်လမ်းများကို လေ့လာပါက သီရိဇာတိ အမည်ရှိ သာမန်လူ တစ်ယောက်ကို နမူနာကြည့်ပါ။ သူ့အသက် ၈၀ တွင် ဘာသာရေး ကျင့်ကြံသူ ဖြစ်လာပါသည်။ လွတ်မြောက်သူ သို့မဟုတ် ရဟန္တာ အဆင့်ကို ယခုဘဝမှာပင် သူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် အိုမင်းနေပြီဟူ၍ မရှိပါ။
တစ်ဖက်တွင်လည်း ငယ်ရွယ်နေပါက နမော်နမဲ့ မနေသင့်ပါ။ မိမိ၏ဘာသာရေး ကျင့်ကြံမှုတွင် ပြတ်သားရမည့် မည်သည့်စွမ်းအင်ကိုမဆို ရယူအသုံးချသင့်ပါသည်။ ထို့ပြင် အသက်ကြီးမှ ထိုသို့သော အကာအကွယ်ပြုသည့် ဘာသာရေးနည်းလမ်းများ လိုက်စားမည်ဟု ရွှေ့ဆိုင်းရန် မစဉ်းစားသင့်ပါ။ အကြောင်းမှာ ဘယ်အချိန်သေမည်ကို မသိသောကြောင့် ဖြစ်ပါသည်။ ထို့ပြင် အိုမင်းခြင်းသည် ကျွန်ုပ်တို့အချိန်မရွေး ကြုံတွေ့နိုင်သောအရာမျိုး ဖြစ်ပါသည်။ ထိုအချိန်ကျမှ မိမိဘဝသည် လွဲချော်သွားလေပြီဟု ရုတ်တရက် ထင်မှတ်နေမိပါလိမ့်မည်။
ကျွန်ုပ်တို့ ဆောင်ရွက်နိုင်သော ရိုးရိုးရှင်းရှင်း ကိစ္စများစွာ ရှိပါသည်။ ငှက်စာကျွေးရန် ငွေနှင့်အားထုတ်မှု များစွာ အသုံးပြုသော လူများကို အခြားနိုင်ငံများတွင် တွေ့ရပါသည်။ သူတို့အိမ် အပြင်ဘက်တွင် အစာကျွေးသူများ ရှိပြီး နေ့စဉ် အစာကျွေးရန် ထောင်သောင်းချီ အကုန်အကျခံပါသည်။ တကယ်တော့ ငှက်များကို အစာမပြတ်စေလိုသည့်အတွက် သူတို့အလုပ်ကို စွန့်ပယ်ခဲ့ပါသည်။ ဤသည်မှာ တကယ်ကောင်းသည့် ကျင့်ကြံမှု ဖြစ်သည်။ မြင်ရသည်မှာ ကျွန်ုပ်လည်း ပျော်ရွှင်မိသည်။ အကြောင်းမှာ ယင်းသည် ဘုရားလောင်းကျင့်စဉ်မျိုး အမှန်ပင် ဖြစ်သောကြောင့် ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးအဖြစ် သွားရောက်သော တိဘက်လူမျိုး နမူနာများစွာ ရှိပါသည်။ သူတို့သည် ခိုများအတွက် ပေါင်မုန့်၊ ငှက်အမျိုးမျိုးအတွက် ဆန်ကို ကျွေးကြပါသည်။ ဤသည်မှာ အသက်ရှည်စေသည့် အလွန်ကောင်းသော ကျင့်ကြံမှုမျိုး ဖြစ်ပါသည်။
အကျဉ်းချုပ်
ဤဆွေးနွေးပွဲကို အနှစ်ချုပ်ရပါက အဓိကအချက်များမှာ-
- အားလုံးအကျိုးအတွက် အမြဲမပြတ် ကြိုးစားရန် ကြင်နာနွေးထွေးသော နှလုံးသား ထားရှိရေး။
- မည်သူ့ကိုမဆို၊ မည်သည့်အရာကိုမဆို နာကျင်အောင် မပြုလုပ်ရေး။ အန္တရာယ် သို့မဟုတ် ပြဿနာများ မဖြစ်စေရေး။
ဤသည်မှာ အလွန်ကောင်းသည့် ဘာသာရေး ကျင့်ကြံမှုအတွက် အဓိကအချက်များ ဖြစ်ပါသည်။ အလွန်ကောင်းမွန်သော လူသားအဖြစ် မွေးဖွားလာချိန်တွင် အခြားသူများအတွက်၊ ဉာဏ်အလင်းရရှိမှုအတွက် ဗောဓိစိတ္တ ရည်မှန်းချက်ဖြင့် နှလုံးသားများကို အားစိုက်ကြိုးပမ်းခြင်းအားဖြင့် ဤအခြေခံကို အပြည့်အဝ အသုံးချရန် လိုပါသည်။ ဤနည်းဖြင့် လုံးဝကြည်လင်သော စိတ်နှင့် အပြည့်အဝ အဆင့်မြင့်ပြီးသည့် အလုံးစုံ ဉာဏ်အလင်း ရရှိပြီးသော ဘုရားအဖြစ်သို့ အမှန်တကယ် ရရှိနိုင်ပါလိမ့်မည်။