စူးစိုက်မှုဈာနပါရမီ

01:57
ကျွန်ုပ်တို့၏စိတ်သည် အမြဲပျံ့လွင့်နေပါသည်။ တစ်ခုခုကို ကြိုးစားအာရုံစိုက်နေစဉ်မှာပင် စမတ်ဖုန်းများမှ အဆက်မပြတ် အသိပေးချက်များ သို့မဟုတ် အနာဂတ်အတွက် အစီအစဉ်ဆွဲနေမှုများကြောင့် အမြဲစိတ်ပျံ့လွင့်နေပါသည်။ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များက အတက်အကျ ဖြစ်နေသလို စိတ်တွင် စိုးရိမ်သောကနှင့် ကြောက်ရွံ့မှုများ ပြည့်နေချိန်မျိုးတွင် တစ်ခုခုကို တည်တည်ငြိမ်ငြိမ် အာရုံစိုက်မရအောင် တားဆီးပါသည်။ စူးစိုက်မှု ပါရမီ ရှိပါက စိတ်နှင့် စိတ်ခံစားချက် တည်ငြိမ်မှု ရရှိကာ မည်သည့်အပြုသဘော အလုပ်ကိုမဆို အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်း ရှိလာပါသည်။

နိဒါန်း

သာမန်ထက်ထူးသော သဘောထား (ပြီးပြည့်စုံမှု) ခြောက်ရပ်တွင် ငါးခုမြောက်မှာ စူးစိုက်မှု သို့မဟုတ် စိတ်တည်ငြိမ်မှု ဖြစ်ပါသည်။ ထိုသို့ပြည့်စုံပါက ကျွန်ုပ်တို့သည် မည်သည့်အရာကိုမဆို နှစ်သက်သလောက် အချိန်အတိုင်းအတာအထိ အပြုသဘော စိတ်ခံစားချက်နှင့် နက်ရှိုင်းသော နားလည်မှုတို့ဖြင့် အကောင်းဆုံး အာရုံစိုက်ထားနိုင်ပါသည်။ ကျွန်ုပ်တို့စိတ်သည် (အထူးသဖြင့် လိုချင်သောအရာအပေါ် စွဲလမ်းမှုကြောင့်ဖြစ်သော) အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ သို့မဟုတ် စိတ်ထွေပြားမှုများကြောင့် စိတ်ပျံ့လွင့်ခြင်း၊ လေလွင့်ခြင်း အစွန်းတရားများမှ လုံးဝလွတ်ကင်းနေပါသည်။ ထက်မြက်သောစိတ် ရှိပါက ကျွန်ုပ်တို့၏ စွမ်းအားများ စုစည်းတည်ငြိမ်လာပြီး ကိုယ်ထဲ၌ ပြန့်ကျဲမနေတော့ပါ။ အလွန်ပင်ပီတိဖြာပြီး ငြိမ်းချမ်းသော ကိုယ်ရောစိတ်ပါက ခံစားချက်ကို ကြုံတွေ့လာရပါသည်။ စိတ်တွင် အနှောင့်အယှက်ပေးသော အတွေးများ သို့မဟုတ် အရေးမပါသော စိတ်ခံစားချက်များ ကင်းလွတ်သောအခါ ဖြစ်လာသည့် ထူးခြားသော စိတ်ကြည်လင်မှုကို ကြုံတွေ့လာရပါသည်။ ဤသို့ရှင်းလင်းကြည်လင်ပြီး ဝမ်းမြောက်သော အခြေအနေကို မတွယ်တာဘဲ ကျွန်ုပ်တို့သည် အလိုရှိရာ အပြုသဘော ရည်မှန်းချက်တိုင်း ပြည့်မီအောင် ယင်းကိုအသုံးပြုနိုင်ပါသည်။

သာမန်ထက်ထူးသော စိတ်အခြေအနေကို ခွဲခြားရန် နည်းလမ်းများစွာ ရှိပါသည်။ သဘောသဘာဝ အားဖြင့်လည်းကောင်း၊ အမျိုးအစား ဖြင့်လည်းကောင်း၊ လုပ်ဆောင်ချက် အရလည်းကောင်း ခွဲခြားပါသည်။

စူးစိုက်မှု သဘောသဘာဝအားဖြင့် ခွဲခြားမှုများ

သာမန်ထက်ထူးသော စိတ်အခြေအနေ၏ အနေအထားအမျိုးမျိုးကို ခွဲခြားနည်းတစ်နည်းမှာ ယင်းကိုရရှိထားသူ တစ်ယောက်၏ အောင်မြင်မှုအဆင့်အတိုင်း ခွဲခြားခြင်းဖြစ်ပါသည်။ အောက်ပါတို့၏ စူးစိုက်မှုပါရမီကို ခွဲခြားနိုင်ပါသည်။

  • သာမန်ပုဂ္ဂိုလ် - မမြဲခြင်း (ဘာမှမရှိခြင်း) ကို အယူအဆမပါဘဲ သိရှိမှု မရရှိသေးသူတစ်ယောက်
  • သာမန်ထက်လွန်သောပုဂ္ဂိုလ် - ဘာမှမရှိခြင်းကို အယူအဆမပါဘဲ သိရှိထားသော အဆင့်မြင့် သိမြင်သူ (“အရိယာ”)။

ဘာမှမရှိခြင်းကို အယူအဆမပါဘဲ အနည်းငယ်မျှပင်ဖြစ်စေ သိရှိထားသူများသည် သူတို့စိတ်တွင် အနှောင့်အယှက်ပေးသော သဘောထားအချို့ ဖယ်ရှားထားပါသည်။ ထို့ကြောင့် စိတ်ခံစားချက် အနှောင့်အယှက်ကြောင့် သာမန်ထက်ထူးသော စူးစိုက်မှုကို နေ့စဉ်အသုံးမချနိုင်သည့် အန္တရာယ် ပိုမိုလျော့နည်းပါသည်။

စူးစိုက်မှု အမျိုးအစားအပေါ်မူတည်ပြီး ခွဲခြားမှုများ

ဤသို့ခွဲခြားမှုမှာ သာမန်ထက်ထူးသော စိတ်တည်ငြိမ်မှု ရရှိအောင် ကြိုးစားနေစဉ် ရရှိအောင်ကြိုးစားသောအရာကို ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ စူးစိုက်မှုကို အောက်ပါတို့ ရရှိအောင် ဦးတည်ပေးနိုင်ပါသည်-

  • သမထ - အေးဆေးတည်ငြိမ်သော စိတ်အခြေအနေဖြစ်ပြီး ပျံ့လွင့်မှု၊ ထုံထိုင်းမှုတို့ လုံးဝ ကင်းဝေးကာ အပြုသဘော အခြေအနေကို အလိုရှိသော အချိန်အတိုင်းအတာအထိ အာရုံစိုက်နိုင်သော ကိုယ်၊ စိတ် ဝမ်းမြောက်ပီတိဖြစ်သော ကြံ့ခိုင်သည့်အခြေအနေ။ ဤစိတ်သည် ဥပမာ၊ အကန့်အသတ်ရှိသော သတ္တဝါတစ်ခုနှင့် အထက်ဖြစ်စေ၊ ကရုဏာ သို့မဟုတ် ခွဲခြားသိရှိသောပညာဖြင့် ဖြစ်စေ အချို့အရာကို အပြုသဘော စိတ်အခြေအနေဖြင့် တစ်ခုတည်းသော အာရုံစိုက်မှု ဖြစ်ပါသည်။
  • ဝိပဿနာ - ထူးခြားစွာသိမြင်သော စိတ်အခြေအနေ။ မည်သည့်အရာကိုမဆို အသေးစိတ်အားလုံးကို ရှင်းလင်းသော နားလည်မှုဖြင့် သိမြင်နိုင်သည့် ကိုယ်၊ စိတ် ဝမ်းမြောက်ပီတိဖြစ်သော ကြံ့ခိုင်သည့်အခြေအနေ။ သမထ ကျင့်ကြံမှုလိုပင် အချို့အရာကို ကရုဏာကဲ့သို့ အပြုသဘော စိတ်အခြေအနေဖြင့် တစ်ခုတည်းသော အာရုံစိုက်မှု ပြုသော်လည်း ထိုအရာ၏ မမြဲခြင်း သို့မဟုတ် ဆင်းရဲဒုက္ခ သဘောသဘာဝကဲ့သို့ ယေဘုယျ လက္ခဏာရပ်များကို အထွေထွေ သိရှိမှု၊ သက်ရှိအားလုံး ဖြတ်သန်းရသည့် ဆင်းရဲဒုက္ခအမျိုးအစား အားလုံးကဲ့သို့ ထိုအရာ၏ အသေးစိတ်အချက်အားလုံးကို သိမ်မွေ့စွာ သိမြင်မှုတို့ ပါဝင်ပါသည်။
  • သမထနှင့် ဝိပဿနာ ပူးတွဲခြင်း - သမထစိတ်အခြေအနေ အပြည့်အဝ ရရှိသည်နှင့် ဝိပဿနာစိတ်အခြေအနေနှင့် ပေါင်းစပ်ရန် အားထုတ်ရပါသည်။ ဝိပဿနာ၏ တကယ့်အခြေအနေမှာ သမထရရှိပြီးသော အခြေခံဖြင့်သာ ရရှိနိုင်ပါသည်။ နှစ်ခုတွဲစပ်သောအခါ ဝမ်းမြောက်ပီတိဖြစ်သော ခံစားချက် နှစ်မျိုးစလုံး ရရှိပါသည်။ အလိုရှိသောအရာကို အာရုံစိုက်ထားနိုင်ပြီး ယင်း၏အသေးစိတ်အချက်အားလုံး သိရှိနိုင်သည့် ကြံ့ခိုင်မှုသာမက ထိုအသေးစိတ် အချက်အားလုံးကို ယေဘုယျ သိရှိမှုနှင့် သိမ်မွေ့စွာ သိမြင်မှုကိုပါ ရရှိနိုင်ပါသည်။

စူးစိုက်မှုဖြင့် ဆောင်ရွက်ချက်အလိုက် ခွဲခြားမှုများ

သာမန်ထက်ထူးသော စိတ်တည်ငြိမ်မှုကို ရရှိလိုက်သည်နှင့် ရလဒ်များစွာ ပေါ်ထွက်လာပါသည်။ ယင်းတို့ကို အဆိုပါစူးစိုက်မှုက ဆောင်ရွက်သော ဆောင်ရွက်ချက်အနေနှင့် ပြောဆိုပါသည်။ စူးစိုက်မှုသည် အောက်ပါတို့ကို ဆောင်ရွက်ပါသည်-

  • ကျွန်ုပ်တို့၏ ကိုယ်နှင့်စိတ်ကို ယခုဘဝတွင် ပီတိဖြစ်သော အခြေအနေ၌ထားခြင်း - ကိုယ်၊ စိတ် ဝမ်းမြောက် ပီတိဖြစ်သော ကြံ့ခိုင်မှုနှင့် ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ယာယီ တည်ငြိမ်မှုကို ကြုံတွေ့သည့် အခြေအနေ
  • အရည်အသွေးကောင်းများ ဖော်ထုတ်ခြင်း - ကိုယ်တိုင် လွတ်မြောက်မှုအတွက်သာ ကြိုးစားနေသူများနှင့် တူညီသည့် အောင်မြင်မှုများ။ ဥပမာ သာမန်ထက် အာရုံသိရှိနိုင်သော မျက်လုံးနှင့် အဆင့်မြင့် သတိရှိမှု၊ ထုတ်လွှတ်မှုစွမ်းအားများ၊ စိတ်တည်ငြိမ်မှု အဆင့်မြင့်သော အခြေအနေများ (“ဈာန်”)။ ရှုပ်ထွေးမှုနှင့် ရောစပ်နေသော ခံစားချက်များမှ ခဏတာ ကင်းလွတ်ခြင်းနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ကုန်ခမ်းသွားခြင်း။
  • ဆင်းရဲဒုက္ခကြုံနေသူများကို အကျိုးပြုနိုင်စေခြင်း - ကူညီရမည့် လူ ၁၁ မျိုးအကြောင်းကို သာမန်ထက်ထူးသော ကျင့်ဝတ်သီလနှင့် ဇွဲလုံ့တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးထားပါသည်။

အကျဉ်းချုပ်

အမြဲတမ်း မထင်ရှားသည့်တိုင် ဖိနပ်ကြိုးချည်ခြင်းကဲ့သို့ အသေးအဖွဲ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရန်ပင် စူးစိုက်မှု လိုအပ်ပါသည်။ ကျွန်ုပ်တို့အများစုသည် ပိုပြီးရှုပ်ထွေးသော အရာများအပေါ်တွင် စူးစိုက်နိုင်စွမ်း ရှိပါသည်။ မိမိ၏ ဘာသာရေး ရည်မှန်းချက် ရရှိအောင် ထိုအရည်အချင်းများကို ပြီးပြည့်စုံစေနိုင်ပါသည်။ အခြားသော သာမန်ထက်ထူးသည့် သဘောထားများနှင့် ပေါင်းစပ်ကာ ဗောဓိစိတ္တ ရည်မှန်းချက်ဖြင့် အားဖြည့်လိုက်သောအခါ ကျွန်ုပ်တို့၏ စိတ်တည်ငြိမ်မှုနှင့် စူးစိုက်မှုသည် ဉာဏ်အလင်းရရှိမှုအထိ ဆောင်ကြဉ်းပေးနိုင်အောင် ခရီးရောက်လာပါတော့သည်။

Top