ပြန်လည်ဝင်စားမှုကို ဘယ်လို နားလည်သဘောပေါက်နိုင်မလဲ။
တစ်ခုခုအမှန်ဖြစ်ကြောင်း မည်ကဲ့သို့ မှန်ကန်စွာ သိနိုင်ပါမည်နည်း။ ဗုဒ္ဓဘာသာ တရားတော်များအရ အကြောင်းကိစ္စ များကို နည်းလမ်းနှစ်သွယ်ဖြင့် မှန်ကန်စွာ သိနိုင်ပါသည်။ ယင်းတို့မှာ တဲ့တိုး သိရှိမှုနှင့် ကောက်ချက်ချမှု ဖြစ်ပါသည်။ ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်မှု ပြုလုပ်ခြင်းဖြင့် တဲ့တိုးသိရှိမှုမှတစ်ဆင့် တစ်ခုခု တည်ရှိမှုကို သက်သေပြနိုင်ပါသည်။ ဥပမာ၊ အဏုကြည့်မှန်ပြောင်းမှ ကြည့်ပြီး ရေကန်ထဲက ရေတစ်စက်တွင် သေးငယ်သော ပိုးမွှားများစွာ ရှိသည်ကို ကျွန်ုပ်တို့၏ အာရုံသိမှုများမှတစ်ဆင့် မှန်ကန်ကြောင်း သိရှိနိုင်ပါသည်။
သို့ရာတွင် အချို့အရာများကို တဲ့တိုး သိရှိမှုဖြင့် မသိရှိနိုင်ပါ။ ယုတ္တိ၊ ကျိုးကြောင်းဆီလျော်မှုနှင့် ကောက်ချက်ချမှုတို့ အပေါ်တွင် တည်မှီရပါသည်။ ဥပမာ၊ သံလိုက်စက်ကွင်း ရှိမှုကို သံလိုက်တုံးနှင့် အပ်ချောင်းတို့၏ အပြုအမူမှတစ်ဆင့် ကောက်ချက်ချနိုင်ပါသည်။ ပြန်လည်ဝင်စားမှုသည် တဲ့တိုး အာရုံ သိရှိမှုဖြင့် သက်သေပြရန် အလွန်ခက်ခဲပါသည်။ သို့သော် မိမိအတိတ်ဘဝကို မှန်မိသူများစွာ နမူနာရှိပါသည်။ သူတို့၏ ကိုယ်ပိုင်ပစ္စည်းများကို ဖော်ထုတ်နိုင်သလို ယခင်က သိထားသူများကိုလည်း ဖော်ထုတ်နိုင်ပါသည်။ ထိုမှတစ်ဆင့် ပြန်လည်ဝင်စားမှုကို ကောက်ချက်ချနိုင်ပါသည်။ သို့သော် အချို့လူများက ဤသို့ ကောက်ချက်ချမှုကို သံသယဝင်နိုင်ပြီး လှည့်စားမှုဟု သံသယဖြစ်နိုင်ပါသည်။
အတိတ်ဘဝ မှတ်ဉာဏ်များကို ဘေးဖယ်ထားပါက ပြန်လည်ဝင်စားမှုကို ယုတ္တိဗေဒအားဖြင့် ကြည့်နိုင်ပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက အချို့အချက်များသည် အမှန်တရားနှင့် မဆက်စပ်ပါက ယင်းတို့ကို ဗုဒ္ဓဘာသာမှ ဖယ်ရှားလိုသည်ဟု ပြောထားပါသည်။ ပြန်လည်ဝင်စားမှုအတွက်လည်း ထိုအတိုင်း သက်ဆိုင်ပါသည်။ တကယ်တော့ မူလက ထိုအဆက်အစပ်ဖြင့် ဤသို့ပြောခဲ့ပါသည်။ ပြန်လည်ဝင်စားခြင်း မရှိကြောင်း သိပ္ပံပညာရှင်များက သက်သေပြနိုင်လျှင် ယင်းကို မှန်ကန်သည်ဟု ကျွန်ုပ်တို့မယုံကြည်တော့ပါ။ သို့သော် သိပ္ပံပညာရှင်များက မှားသည်ဟု သက်သေမပြနိုင်ပါက သူတို့သည် အကြောင်းရပ်အသစ်များ လွတ်လပ်စွာ နားလည်နိုင်စေမည့် ယုတ္တိနှင့် သိပ္ပံနည်းကျ နည်းလမ်းများအတိုင်း ဆောင်ရွက်သည့်အတွက် ၎င်းသည်ရှိ၊ မရှိ သူတို့ စုံစမ်းစစ်ဆေးရပါမည်။ ပြန်လည်ဝင်စားမှု မရှိကြောင်း သက်သေပြရန်အတွက် ၎င်း၏မတည်ရှိမှုကို သူတို့ရှာဖွေရပါမည်။ ‘‘မိမိမျက်စိဖြင့် မမြင်ရလို့ ပြန်လည်ဝင်စားမှု မရှိဘူး’’ ဟု ပြောနေရုံဖြင့် ပြန်လည်ဝင်စားမှု မရှိခြင်းကို ပြနိုင်မည်မဟုတ်ပါ။ သံလိုက်စက်ကွင်းနှင့် မြေဆွဲအားကဲ့သို့ မျက်စိဖြင့် မမြင်နိုင်ဘဲ တည်ရှိနေသောအရာများစွာ ရှိပါသည်။
ပြန်လည်ဝင်စားမှု ရှိ၊ မရှိ စုံစမ်းလေ့လာရန် အကျိုးသင့် အကြောင်းသင့် နည်းလမ်းများ
ပြန်လည်ဝင်စားမှု မရှိကြောင်း သိပ္ပံပညာရှင်များအနေနှင့် သက်သေမပြနိုင်ပါက ပြန်လည်ဝင်စားမှု တကယ်ရှိသလား ဆိုသည်ကို စုံစမ်းစစ်ဆေးရန် ဖြစ်လာပါသည်။ သိပ္ပံနည်းကျနည်းလမ်းမှာ အချက်အလက် အချို့ကို အခြေခံကာ ယင်းတို့ကို မှန်ကြောင်းပြခြင်းဖြင့် သီအိုရီတစ်ခု ထုတ်ဖော်ရန် ဖြစ်ပါသည်။ ထို့ကြောင့် အချက်အလက်ကို ကြည့်ရပါသည်။ ဥပမာ၊ မွေးကင်းစကလေးငယ်များသည် ဘာမှမပါသောအခွံအဖြစ် မွေးလာခြင်း မဟုတ်ကြောင်း သတိပြုမိပါသည်။ သူတို့ထံတွင် အလွန်ငယ်ရွယ်စဉ်ကပင် အလေ့အထအချို့နှင့် ကိုယ်ရည်ကိုယ်သွေး လက္ခဏာရပ်အချို့ တွေ့ရှိနိုင်ပါသည်။ ထိုအရာများ ဘယ်နေရာမှ ရောက်လာပါသလဲ။
မိဘများ၏ သုက်ပိုးနှင့် မျိုးဥဆိုသည့် ရုပ်အရာဝတ္ထုများ၏ ယခင်ဆက်စပ်မှုအရ ဖြစ်ပေါ်လာသည်ဟု ပြောလျှင် အဓိပ္ပာယ် မရှိပါ။ ဝမ်းထဲတွင် ဆုံတွေ့သည့် သုက်ပိုးနှင့် မျိုးဥတိုင်း သန္ဓေသားဖြစ်လာသည် မဟုတ်ပါ။ ကလေး ဖြစ်လာချိန်နှင့် မဖြစ်လာသောအချိန်အကြား ကွာခြားချက်ကဘာလဲ။ ကလေးတစ်ယောက်၏ အလေ့အထနှင့် ပင်ကိုသိစိတ် အမျိုးမျိုးကို ဘာကဖြစ်စေသလဲ။ ဒီအင်အေနှင့် မျိုးဗီဇကြောင့်ဟု မပြောနိုင်ပါ။ ဤသည်မှာ ရုပ်နှင့်ဆိုင်သောအခြမ်း ဖြစ်သည်။ ဤသည်မှာ ကလေးတစ်ယောက် လူဖြစ်လာသည့် ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်း ဖြစ်သည်ကို မည်သူမျှ မငြင်းပါ။ မည်သို့ဆိုစေ လေ့လာစမ်းသပ်မှုအခြမ်းတွင် မည်သို့ရှိပါသလဲ။ စိတ်အတွက် ဘာကို ကိုယ်စားပြုမလဲ။
‘‘စိတ်’’ ဆိုသည့် အင်္ဂလိပ်စကားလုံးတွင် သက္ကတနှင့် တိဘက်ဘာသာမှ အဓိပ္ပာယ်များနှင့် ဘာသာပြန်ဆိုမှု မတူညီပါ။ မူရင်းဘာသာတွင် ‘‘စိတ်’’ ဆိုသည်မှာ စိတ်၏ဆောင်ရွက်ချက် သို့မဟုတ် စိတ်အဖြစ်အပျက်ကို ဆိုလိုပါသည်။ ထိုဆောင်ရွက်ချက် ပြုလုပ်သည့်အရာကို မဆိုလိုပါ။ ဆောင်ရွက်ချက် သို့မဟုတ် အဖြစ်အပျက်သည် အတွေး၊ အမြင်၊ အသံ၊ စိတ်ခံစားချက်၊ ခံစားချက် စသည့် အချို့အရာများက သိစိတ်တွင် ယင်းတို့နှင့် သိမှုဆိုင်ရာ ပတ်သက်မှု ဖြစ်သည့် မြင်ခြင်း၊ ကြားခြင်း၊ နားလည်ခြင်း၊ နားမလည်ခြင်းတို့နှင့်အတူ ပေါ်လာခြင်း ဖြစ်ပါသည်။
လူတစ်ဦးတွင် သိမှုဆိုင်ရာများနှင့် ပေါ်ထွက်ကာ ပတ်သက်မှုရှိသည့် ဤစိတ်၏ဆောင်ရွက်ချက်က ဘယ်ကပေါ်လာ ပါသလဲ။ ဤနေရာတွင် ခန္ဓာဘယ်က ပေါ်လာသလဲဟု ပြောနေခြင်း မဟုတ်ပါ။ အကြောင်းမှာ မိဘများထံမှ ပေါ်လာခြင်းဖြစ်မှန်း ရှင်းနေပါသည်။ မှတ်ဉာဏ် စသည်တို့ကိုလည်း ပြောနေခြင်း မဟုတ်ပါ။ အကြောင်းမှာ ဤသည်မှာ မျိုးဗီဇအခြေခံကြောင့်ဟု ဆိုနိုင်ပါသည်။ သို့သော် ချောကလက် ရေခဲမုန့် ပိုကြိုက်သူ တစ်ယောက်အတွက် မိဘ၏မျိုးဗီဇထံမှလာသည် ဆိုခြင်းမှာ ချဲ့ကားလွန်းရာ ရောက်ပါသည်။
ကျွန်ုပ်တို့၏ စိတ်ပါဝင်စားမှု အချို့ကို မိသားစု သို့မဟုတ် စီးပွားရေး၊ လူမှုရေး ပါဝင်ပတ်သက်မှုများက လွှမ်းမိုးနိုင်သည်ဟု ဆိုနိုင်ပါသည်။ ထိုအချက်များက လွှမ်းမိုးသည်မှာ မှန်ပါသည်။ သို့သော် ထိုနည်းအတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်သမျှအရာတိုင်းကို အတိအကျ ရှင်းပြရန် ခက်ပါသည်။ ဥပမာ၊ ကျွန်ုပ်သည် ကလေးဘဝတွင် ယောဂ လေ့ကျင့်မှုကို ဘာကြောင့် စိတ်ဝင်စားပါသလဲ။ မိသားစု၊ အသိုင်းအဝိုင်းတွင် မည်သူမျှ စိတ်မဝင်စားပါ။ ကျွန်ုပ်နေထိုင်သော ဒေသတွင် စာအုပ်အချို့ ရှိပါသည်။ အသိုင်းအဝိုင်းမှ လွှမ်းမိုးမှုအချို့ ရှိမည်ဟု ပြောနိုင်သော်လည်း ကျွန်ုပ်သည် ထို ဟဿယောဂ စာအုပ်တစ်အုပ်ကိုသာ ဘာကြောင့် စိတ်ဝင်စားပါသလဲ။ ထိုစာအုပ်ကို ဘာကြောင့် ကောက်ယူမိပါသလဲ။ ဒါက နောက်ထပ်မေးစရာ ဖြစ်ပါသည်။ အရာရာ မတော်တဆ ဖြစ်လာပြီး ကံကောင်းခြင်းက ပါဝင်လာပါသလား။ သို့မဟုတ် အရာရာကို ရှင်းပြနိုင်ပါသလား။
စိတ်၏ဆောင်ရွက်ချက်တိုင်း ဘယ်ကနေ ပေါ်လာပါသလဲ။
ဤအချက်အားလုံးကို ဖယ်လိုက်ကာ အဓိကမေးခွန်းဆီ ပြန်သွားကြပါစို့။ သိမှုအရာများ ပေါ်ထွက်လာခြင်းနှင့် ထိုအရာများတွင် သိမှု၏ ပါဝင်ပတ်သက်ခြင်း ဆိုသည့် ဆောင်ရွက်ချက်များ ဘယ်က ပေါ်ထွက်လာပါသနည်း။ ဤသို့ သိရှိနိုင်စွမ်းသည် ဘယ်က ပေါ်လာပါသနည်း။ ဘဝ၏ နှိုးဆွမှုသည် ဘယ်က လာပါသနည်း။ ဤသို့ သုက်ပိုးနှင့် မျိုးဥ ပေါင်းစပ်မှုမှ အမှန်တကယ် အသက်ရှိလာအောင် ဘာက ဆောင်ရွက်ပါသလဲ။ လူသားဖြစ်လာအောင် ဘာက ဆောင်ရွက်ပါသလဲ။ ဦးနှောက်၏ ဓာတုနှင့် လျှပ်စစ် လှုပ်ရှားမှုဖြစ်သည့် လေ့လာနေဆဲ အပိုင်းဖြစ်သည့် အတွေးများ၊ အမြင်များ၊ ယင်းတို့တွင် သိမှုဆိုင်ရာ ပါဝင်စေသော အရာများကို ဘာက ဖြစ်လာစေပါသလဲ။
မွေးကင်းစအရွယ် စိတ်ဆောင်ရွက်ချက်သည် မိဘများထံမှ လာသည်ဟု ပြောရန်ခက်ပါသည်။ အကြောင်းမှာ ထိုသို့လာပါက မိဘထံမှ မည်ကဲ့သို့ ပေါ်လာပါသလဲ။ နည်းစနစ်အချို့ ပါဝင်နေရပါမည်။ အကြောင်းရပ်များကို သတိပြုမိမှုဖြင့် သတ်မှတ်သည့် ထိုဘဝ၏အစသည် သုက်ပိုးနှင့် မျိုးဉတို့နည်းအတိုင်း မိဘများထံမှ ပေါ်လာပါသလား။ လိင်ကိစ္စ အထွတ်အထိပ်ခံစားမှုနှင့် ပေါ်လာသလား။ မျိုးဉကြွေခြင်းနှင့်လား။ သုက်ပိုးထဲတွင်လား။ မျိုးဥထဲတွင်လား။ ၎င်းသည် မိဘများထံမှ ဘယ်အချိန်တွင် ပေါ်လာသည်ကို ယုတ္တိကျသော သိပ္ပံနည်းကျ ဖော်ပြချက် မရရှိနိုင်ပါက နောက်ထပ် အဖြေတစ်ခု ရှာရပါမည်။
ယုတ္တိသက်သက်ဖြင့် ကြည့်ပါက အားလုံးသည် သူတို့ကိုယ်ပိုင် အစဉ်အဆက်များမှ၊ အတိတ်က ထိုဖြစ်စဉ်မျိုးကဲ့သို့ အခိုက်အတန့်များမှ လာသည်ဆိုသည့် အခြေခံဖြစ်စဉ်ကို မြင်လာပါသည်။ ဥပမာ၊ ဒြပ် သို့မဟုတ် စွမ်းအင် စသည့် ရုပ်ဖြစ်စဉ်သည် ထို ဒြပ် သို့မဟုတ် စွမ်းအင်၏ ယခင်အခိုက်အတန့်မှ လာပါသည်။ အစဉ်အဆက် ဖြစ်နေခြင်း ဖြစ်ပါသည်။
နောက်ဥပမာတစ်ခုကိုကြည့်ပါ။ ဒေါသထွက်သောအခါ ရုပ်စွမ်းအင် ခံစားရပုံကို ပြောနိုင်ပါသည်။ သို့သော် ထိုအချက်အပြင် ဒေါသထွက်နေစဉ် စိတ်ဆောင်ရွက်ချက်ကို ကြည့်ပါ။ စိတ်ခံစားချက် ပေါ်ထွက်မှု၊ ယင်းကို သိစိတ်၊ မသိစိတ်တို့ဖြင့် သိရှိမှုတို့ ကြုံတွေ့ရမှု ဖြစ်ပါသည်။ ဒေါသကို တစ်ဦးခြင်း ကြုံတွေ့မှုသည် ယခုဘဝမှာပင် ယခင်က အစဉ်အဆက် ဖြစ်နေသော အခိုက်အတန့်များ ရှိပါသည်။ သို့သော် ထိုမတိုင်ခင်က မည်သည့်နေရာမှ ရောက်လာပါသလဲ။ မိဘများထံမှ ရောက်လာခြင်း ဖြစ်ရမည်ဆိုလျှင် ထိုသို့ဖြစ်လာပုံကို ဖော်ပြသော နည်းလမ်း ရှိပုံမရပါ။ သို့မဟုတ် ဖန်ဆင်းသည့် ဘုရားသခင်ထံမှ ရောက်လာခြင်း ဖြစ်ရမည်။ သို့သော် အချို့လူများအတွက် အရာရာ ဖန်ဆင်းနိုင်သူ တစ်ဦးက ဖန်တီးပုံကို ရှင်းပြရာတွင် ယုတ္တိမကျမှုများကြောင့် ပြဿနာ ရှိပါသည်။ ထိုပြဿနာများ ရှောင်ရှားရန် နောက်တစ်နည်းမှာ တစ်စုံတစ်ယောက်၏ ဘဝတွင် ဒေါသပထမဆုံး ထွက်ချိန်သည် ၎င်း၏ ယခင်အစက်အဆက်မှ ပေါ်ထွက်လာပါသည်။ ပြန်လည်ဝင်စားမှု သီအိုရီက ဒါကိုရှင်းပြထားပါသည်။
ရုပ်ရှင်ကဲ့သို့ နမူနာ
ပြန်လည်ဝင်စားမှုကို ရုပ်ရှင်ကဲ့သို့ နမူနာဖြင့် နားလည်အောင် ကြိုးစားနိုင်ပါသည်။ ရုပ်ရှင်သည် ရိုက်ကွင်းရိုက်ကွက်များ ဆက်စပ်ထားသကဲ့သို့ပင် ကျွန်ုပ်တို့၏ စိတ်အစဉ်များ သို့မဟုတ် စိတ်အမျှင်တန်းများသည် ယခုဘဝမှာရော၊ ဘဝတစ်ခုမှ နောက်တစ်ခုသို့ ဖြစ်ပျက်မှုကို သတိပြုမိသည့် အမြဲပြောင်းလဲ နေသော အခိုက်အတန့်များ၏ အဆက်အစပ် ဖြစ်ပါသည်။ ပြန်လည်မွေးဖွားသည့် ‘‘ငါ’’ သို့မဟုတ် ‘‘ငါ၏စိတ်’’ ကဲ့သို့ အခိုင်အမာ သိရှိနိုင်သော အရာမျိုး မရှိပါ။ ပြန်ဝင်စားမှုသည် ပစ္စည်းပတ်လမ်းတွင် ချထားသည့် ရုပ်တုလေးတစ်ခု ဘဝတစ်ခုမှ တစ်ခုသို့ သွားနေခြင်းကဲ့သို့ မဟုတ်ပါ။ ရုပ်ရှင်နှင့် ပိုတူပါသည်။ အမြဲတမ်း ပြောင်းလဲနေသည့်အရာ ဖြစ်ပါသည်။ ပြကွက်တိုင်းသည် မတူညီသော်လည်း အဆက်အစပ် ရှိနေပါသည်။ တစ်ကွက်နှင့် တစ်ကွက် ဆက်စပ်ပါသည်။ ထို့အတူ ဖြစ်စဉ်ကို သတိပြုမိသော အမြဲပြောင်းနေသည့် အခိုက်အတန့်များ ရှိပါသည်။ အချို့ အခိုက်အတန့်များမှာ မသိစိတ်မှလည်း ဖြစ်နိုင်ပါသည်။ ထို့ပြင် ရုပ်ရှင်ဆိုသော်လည်း ရုပ်ရှင်အားလုံး တစ်ပုံစံတည်း မဟုတ်သလိုပင် စိတ်အစဉ်များ သို့မဟုတ် ‘‘စိတ်များ’’ မှာ တစ်စိတ်တည်း မဟုတ်ပါ။ ဖြစ်စဉ်ကို သတိပြုမိသော အစဉ်အဆက် တစ်ခုချင်း မရေမတွက်နိုင်အောင် ရှိပြီး ထိုတစ်ခုချင်းကို ကိုယ်ပိုင်ရှုထောင့်မှနေ၍ ‘‘ငါ’’ ဟု အမည်တပ်နိုင်ပါသည်။
ပြန်လည်ဝင်စားမှုအကြောင်း မေးစရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့ စတင်စုံစမ်းနေသည့် ကျိုးကြောင်းဆီလျော်မှု အခြင်းအရာများ ရှိပါသည်။ သီအိုရီတစ်ခု ယုတ္တိကျပါက ဤသို့အတိတ်ဘဝများကို မှတ်မိသူများ ရှိသည့်အချက်ကို ပို၍အလေးအနက်ထားကာ လေ့လာနိုင်ပါသည်။ ဤနည်းဖြင့် ပြန်လည်ဝင်စားမှု ရှိခြင်းကို ကျိုးကြောင်းဆီလျော်သော ချဉ်းကပ်မှုဖြင့် လေ့လာနိုင်ပါသည်။
ပြန်လည်ဝင်စားမှု ဖြစ်စေသောအရာ။
ဗုဒ္ဓဘာသာအရ ပြန်ဝင်စားမှု နမူနာမှာ လည်ပတ်နေသော လမ်းကြောင်းတွင် ဘဝတစ်ခုမှ တစ်ခုသို့ သွားနေသော ခိုင်မာသည့် ရုပ်တုငယ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ဝိညာဉ်လိုမျိုး မဟုတ်ပါ။ လည်ပတ်နေသော လမ်းကြောင်းသည် အချိန်ကို ကိုယ်စားပြုပြီး ၎င်းကဖော်ပြသည့်သဏ္ဌာန်မှာ ခိုင်မာသောအရာတစ်ခု၊ အချိန်ကို ဖြတ်သန်းနေသော ‘‘ငါ’’ ဟုခေါ်သည့် ပုံသေကိုယ်ရည်ကိုယ်သွေး သို့မဟုတ် ဝိညာဉ် ဖြစ်သည်။ ‘‘ငါ အခု ငယ်သေးတယ်။ ငါ အခု အသက်ကြီးပြီ။ ငါ အခု ဒီဘဝမှာ၊ ငါ အခု ဟိုဘဝမှာ။’’ စသည်ဖြင့် သွားနေခြင်း ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာအယူအဆအရ ပြန်လည်မွေးဖွားမှု မဟုတ်ပါ။ ရုပ်ရှင်တစ်ကား၏ နမူနာနှင့် ပိုတူပါသည်။ ရုပ်ရှင် တစ်ကားတွင် အစဉ်အဆက် ရှိနေပါသည်။ ပြကွက်များက ဆက်စပ်နေပါသည်။
ငါသည် သင်ဖြစ်လာသည် သို့မဟုတ် ကျွန်ုပ်တို့အားလုံးသည် တစ်ခုတည်းဖြစ်သည်ဟု ဗုဒ္ဓဘာသာက မဆိုထားပါ။ ကျွန်ုပ်တို့အားလုံး တစ်ခုတည်းဆိုပါက၊ ငါသည် သင်ဖြစ်သည် ဆိုပါက၊ အကယ်၍ နှစ်ဦးစလုံး ဆာလောင်နေသည် ဆိုလျှင် မိမိသွားစားနေတုန်း သင်ကားထဲမှာ ထိုင်စောင့်နေနိုင်ပါမည်။ တကယ်တော့ ထိုသို့ မဟုတ်ပါ။ ကျွန်ုပ်တို့ အားလုံးတွင် ကိုယ်ပိုင်အစဉ်အဆက် အမျှင်တန်းများ ရှိပါသည်။ ကျွန်ုပ်၏ ရုပ်ရှင်ထဲမှ အစဉ်အဆက်သည် သင့်ရုပ်ရှင်ထဲသို့ ပြောင်းမသွားသော်လည်း ကျွန်ုပ်တို့၏ ဘဝများက အခိုင်အမာ ပုံသေမဟုတ်သော ပုံစံဖြင့် ရုပ်ရှင်ကဲ့သို့ ဆက်သွားနေပါသည်။ ဘဝသည် ပြကွက်တစ်ခုမှ တစ်ခုသို့ ဆက်သွားနေပါသည်။ ကံနှင့်အညီ လိုက်နာပြီး အစဉ်အဆက်အတိုင်း ဖွဲ့စည်းလိုက်ပါသည်။
အစဉ်အဆက်တိုင်းသည် တစ်စုံတစ်ယောက် ဖြစ်ပြီး ‘‘ငါ’’ ဟုခေါ်နိုင်ပါသည်။ မည်သူမျှမဟုတ်သည့် အစဉ်အဆက် မဟုတ်ပါ။ သို့သော် ရုပ်ရှင်ဇာတ်လမ်းအမည်သည် ရုပ်ရှင်တစ်ခုလုံးနှင့် ထိုထဲမှပြကွက်တိုင်းကို ညွှန်းဆိုသလိုပင် ပြကွက်တစ်ခုစီမှ တစ်စုံတစ်ရာအနေနှင့် မတွေ့မြင်နိုင်ပါ။ ထို့အတူ ‘‘ငါ’’ ဆိုသည်မှာ စိတ်အစဉ်တစ်ခုချင်းနှင့် ထိုအထဲမှ အခိုက်အတန့်တိုင်းကို ရည်ညွှန်းပါသည်။ သို့သော် မည်သည့်အခိုက်အတန့်မဆိုတွင် တွေ့နိုင်သောအရာ တစ်ခုခု မဟုတ်ပါ။ မည်သို့ဆိုစေ အစဉ်အလာအရဖြစ်သော ‘‘ငါ’’၊ ‘‘အတ္တ’’ ရှိပါသည်။ ဗုဒ္ဓဘာသာသည် အဆိုးမြင်စနစ် မဟုတ်ပါ။
လူသည်ဘာကြောင့် အမြဲတမ်း လူဝင်စား ပြန်ဖြစ်ပါသလဲ။
ဤနေရာတွင် ပြောနေသည်မှာ စိတ်ဆောင်ရွက်ချက်နှင့် ကျွန်ုပ်တို့၏ စိတ်ဆောင်ရွက်ချက်ကို ဖော်ပြသည့် အထွေထွေ အချက်များ ဖြစ်ပါသည်။ လူ၏စိတ်ဆောင်ရွက်ချက်ကို ဖော်ပြသည်မှာ ဉာဏ်ရည် ဖြစ်ပါသည်။ သိထားသည့်အတိုင်း ထိုဉာဏ်ရည်သည် ‘‘သိပ်ဉာဏ်မကောင်းဘူး’’ မှ ‘‘အရမ်းဉာဏ်ကောင်းတယ်’’ အထိ အတိုင်းအတာ ရှိနိုင်ပါသည်။ သို့သော် စိတ်ဆောင်ရွက်ချက်၏ အခြားအစိတ်အပိုင်းများလည်း ရှိပါသေးသည်။ ဥပမာ၊ ထိုစိတ်ဆောင်ရွက်ချက် များကြောင့် ဖြစ်လာသော လောဘ၊ ဒေါသ၊ တဏှာ၊ စိတ်ညစ်မှု၊ စိတ်လိုက်မာန်ပါ အပြုအမူများ ဖြစ်သည်။ အချို့လူများတွင် ထိုအချက်များက သူတို့၏ စိတ်ဆောင်ရွက်ချက်ကို လွှမ်းမိုးသည့်အတွက် သူတို့သည် လူသား ဉာဏ်ရည်ကို အသုံးမပြုတော့ဘဲ လောဘ၊ ဒေါသ စသည်တို့ကို အများစု အခြေခံပြီး ဆောင်ရွက်နေပါတော့သည်။
ဥပမာ၊ အချို့လူများတွင် လိင်စိတ်ကြီးမားပြီး ဘားဆိုင်များတွင် သွားလာကာ အခြားသူများနှင့်တွေ့ဆုံကာ တွေ့ဆုံသူ အားလုံးနီးပါးနှင့် လိင်မှုကိစ္စ ကျူးလွန်ပါသည်။ ထိုလူမျိုးမှာ ခွေးကဲ့သို့ဖြစ်နေသည်ဟု မထင်မိပါသလား။ ခွေးတစ်ကောင်သည် ၎င်းနှင့်တွေ့သော အခြားခွေးတစ်ကောင်ပေါ် အချိန်မရွေး ခုန်တက်ပါမည်။ မည်သည့် မိမိကိုယ်ကို ထိန်းချုပ်မှုမျှလည်း မရှိပါ။ လူကလည်း ထိုနည်းအတိုင်း ပြုမူပါက တိရစ္ဆာန်စိတ် အလေ့အထများ စုလာပါမည်။ ထို့ကြောင့် ပြန်လည်ဝင်စားမှုအနေနှင့် စဉ်းစားပါက မဆန်းတော့ပါ။ ထိုသူ၏ ဆန္ဒပြင်းပြသောစိတ်က နောင်ဘဝတွင် သူတို့ရလာမည့် အားသာသည့် စိတ်ဆောင်ရွက်ချက် ဖြစ်လာပါသည်။ သူတို့သည် ထိုစိတ်ဆောင်ရွက်ချက်အတွက် သင့်တော်သော အခြေခံဖြစ်မည့် ခန္ဓာတွင် ပြန်လည်ဝင်စားပါမည်။ တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားခြင်းကို ဆိုလိုပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ အပြုအမူကို ‘‘ငါသည် ဤသို့သော သို့မဟုတ် ထိုသို့သော တိရစ္ဆာန်ကဲ့သို့ ပြုမူနေသလား’’ ဟူ၍ လေ့လာမည်ဆိုလျှင် အလွန်အထောက်အကူ ပြုပါသည်။ ယင်ကောင်တစ်ကောင်ကို နမူနာကြည့်ပါ။ ယင်ကောင်၏ စိတ်သည် လုံးဝစိတ်ပျံ့လွင့်ခြင်း ဖြစ်သည်။ ယင်တစ်ကောင်သည် တစ်နေရာတွင် စက္ကန့်အနည်းငယ်ထက် ပိုကြာအောင် မနေနိုင်ပါ။ အမြဲတမ်း ရွေ့လျားစိတ်ပြောင်းနေပါသည်။ ကျွန်ုပ်တို့၏ စိတ်သည် ယင်ကောင်၏စိတ်အတိုင်း ထိုသို့ဖြစ်နေသလား။ ဖြစ်နေပါက နောင်ဘဝတွင် ဘာကိုမျှော်လင့်ပါသလဲ။ မှတ်ဉာဏ်ကောင်းပြီး စူးစိုက်မှု ကောင်းမည်ဟု မျှော်လင့်ပါသလား။
ဤသည်တို့မှာ လူတို့သည် လူအဖြစ် ပြန်လည်ဝင်စားသည် မဟုတ်ကြောင်း နားလည်စေမည့် အတွေးအချို့ ဖြစ်ပါသည်။ ဘဝပုံစံ အမျိုးမျိုးတွင် ပြန်လည်ဝင်စားနိုင်ပါသည်။ အတက်အကျရှိပါသည်။ လူသားအဖြစ် အပြုသဘော အလေ့အထများစွာ စုစည်းထားပါက တိရစ္ဆာန်အနေနှင့် ပြန်လည်မွေးဖွားစေဦးတော့။ ယခင် တိရစ္ဆာန်ကဲ့သို့ အပြုအမူများ လျော့ပါးသွားသည့် ကံအစွမ်း ဖြစ်လာသောအခါ ယခင်ဘဝက အပြုသဘောစွမ်းအားက လွှမ်းမိုးပြီး လူသားအဖြစ် ပြန်လည်မွေးဖွားနိုင်ပါသည်။ အဆင့်နိမ့် ဝင်စားမှုများကို အမြဲတမ်း ရနေမည်မဟုတ်ပါ။
အဓိကအချက်မှာ လူသား စိတ်ဆောင်ရွက်ချက် ဖြစ်စေသော သို့မဟုတ် ယောက်ျား၊ မိန်းမ စသည်ဖြင့် ဖြစ်စေသော စိတ်ဆောင်ရွက်ချက်တွင် ပင်ကိုသဘောသဘာဝ မရှိကြောင်း နားလည်ရန် ဖြစ်ပါသည်။ ထိုစိတ်ဆောင်ရွက်ချက်သာ ရှိနေပါသည်။ ထို့ပြင် ကျွန်ုပ်တို့ ရရှိသည့် ပြန်လည်ဝင်စားမှုသည် ကံအပေါ်တွင်လည်းကောင်း၊ စိတ်လိုက်မာန်ပါ အပြုအမူဖြင့် စုစည်းမိသော အလေ့အထ အမျိုးမျိုးတွင်လည်းကောင်း မူတည်ပါသည်။ နောင်ဘဝများတွင် ထိုအလေ့အထများအတိုင်း ပြုမူရန် သင့်တော်သော အခြေခံအနေနှင့် ဆောင်ရွက်မည့် ခန္ဓာကို ရရှိလာပါမည်။
အကျဉ်းချုပ်
ပြန်လည်ဝင်စားမှုကို ဗုဒ္ဓဘာသာအရ တင်ဆက်မှုကို အကျိုးအကြောင်းဖြင့် လေ့လာသောအခါ စိတ်အစဉ်တစ်ခုချင်းကို ဆက်ဖြစ်စေသော အကြောင်းတရား ဖြစ်စဉ်ကို လေ့လာရန် လိုပါသည်။ လုံးဝယိုယွင်းသွားမည် မဟုတ်သည့် စိတ်ဆောင်ရွက်ချက် တစ်ခုချင်းဆက်ဖြစ်နေမှု ဖြစ်ပါသည်။ ဘဝတစ်ခုကို ပုံဖော်သည့် ယခင်က စုစည်းခဲ့သော အပြုအမူ အလေ့အထများဖြင့် အစမရှိသော ပြန်လည်မွေးဖွားမှု ဆိုသည့်အချက်ဖြင့် နိဂုံးချုပ်ရမည် ဖြစ်ပါသတည်း။