ကျင့်ဝတ်သီလပြီးပြည့်စုံခြင်း သီလပါရမီ

စည်းကမ်းကျင့်ဝတ်။ ဤစကားလုံးသည် အချို့အတွက် ကျောင်းတွင် ထိန်းသိမ်းခံရခြင်း၊ အချို့အတွက် အစားအသောက် ရှောင်ရှားခြင်းဆိုသည့် ပုံရိပ်များ မြင်ယောင်စေနိုင်ပါသည်။ ဗုဒ္ဓဘာသာတွင် ကျင့်ဝတ်သီလဖြင့် ကျွန်ုပ်တို့သည် မိမိနှင့် အခြားသူများအပေါ် မိမိ၏ အပြုအမူက သက်ရောက်မှုရှိပုံကို သတိထားမိလာပါသည်။ ကျင့်ဝတ်သီလ စောင့်ထိန်းပါက မိမိကိုယ်ကို ထိန်းချုပ်ခြင်း ဆိုသည်ထက် မိမိနှင့် မိမိအနီးမှလူများကို လွတ်လပ်စွာ အကောင်းဆုံး အကျိုးပြုလာနိုင်ပါသည်။

နိဒါန်း

သာမန်ထက်ထူးသော သဘောထား (ပါရမီ) ခြောက်ပါးအနက် ဒုတိယတစ်ခုမှာ ကျင့်ဝတ်သီလ ဖြစ်ပါသည်။ ဤသည်မှာ ဂီတတူရိယာတစ်ခု သင်ယူရန် သို့မဟုတ် အားကစားထူးချွန်ရန် လိုအပ်သော စည်းကမ်းမျိုးသာမက မိမိ၏ကျင့်ဝတ်နှင့်ညီသော အပြုအမူနှင့်လည်း သက်ဆိုင်ပါသည်။ ဤသည်မှာ အခြားသူများကို စောင့်ကြည့်ခြင်း၊ အိမ်ကခွေးကလေးကို လေ့ကျင့်ပေးခြင်း သို့မဟုတ် စစ်တပ်ထဲတွင် လူအများကို ထိန်းချုပ်ခြင်း တို့နှင့်လည်း မသက်ဆိုင်ပါ။ မိမိကိုယ်တိုင် စည်းကမ်းတကျရှိရေးကို ပြောခြင်းသာ ဖြစ်ပါသည်။ ထိုအထဲတွင် အမျိုးအစားသုံးမျိုး ပါဝင်ပါသည်။

အပျက်သဘော ဆောင်ရွက်ချက်များမှ ရှောင်ရှားခြင်း

ကျင့်ဝတ်သီလ ပထမအမျိုးအစားမှာ အပျက်သဘော ဆောင်ရွက်ချက်များ မပြုလုပ်ရန် ကာယကံ၊ ဝစီကံ၊ မနောကံတို့မှ ရှောင်ရှားခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လိမ်ပြောခြင်းစသည့် အပျက်သဘော ဆောင်ရွက်ချက် ဆယ်မျိုးကို ရှောင်ရှားပါသည်။ ကျွန်ုပ်တို့၏ ဘာသာရေးဆိုင်ရာ တိုးတက်မှုကို အဟန့်အတား ဖြစ်စေမည့် အပြုအမူများ ရှောင်ရှားရန် ကတိပြုမှုများ ခံယူထားပါက ထိုကတိများကို စောင့်ထိန်းပါသည်။

အပျက်သဘော အပြုအမူအချို့ကို ရှောင်ရှားရမည်ဆိုရာတွင် နှစ်မျိုးနှစ်စား ရှိပါသည်။ တစ်မျိုးမှာ သဘာဝအလျှောက် အပျက်သဘော အပြုအမူဖြစ်သည်။ ဥပမာ၊ သတ်ဖြတ်ခြင်းနှင့် ခိုးယူခြင်းတို့လို နားလည်ရ လွယ်ကူသော အရာများ ဖြစ်ပါသည်။ ထို့နောက် ၎င်းတို့ကိုယ်တိုင်က အပျက်သဘော ဟုတ်ချင်မှဟုတ်မည့် အပြုအမူများ ရှိပါသည်။ ယင်းတို့သည် အချို့သူများအတွက် အချို့သော အချိန်များတွင် ရှောင်ရှားလျှင် ပိုကောင်းသည်ဟု ဘုရားရှင်က ဟောကြားထားပါသည်။ ဥပမာ၊ သံဃာတော်များနှင့် သီလရှင်များသည် ညစာမစားရပါ။ သို့သော် ဤသည်မှာ လူတိုင်းနှင့် မသက်ဆိုင်ပါ။ ဤစည်းကမ်းချက်သည် ညဘက်နှင့် မနက်ခင်းတွင် တရားရှုမှတ်ရန် စိတ်ကြည်လင်ရှင်းလင်းလိုပါက ညဘက် အစာမစားလျှင် ပိုကောင်းသည် ဆိုသောအချက်မှ လာပါသည်။ နောက်ထပ်ဥပမာတစ်ခုမှာ သံဃာတော်နှင့် သီလရှင်တို့သည် ဆံပင်ရှည်မထားရန် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ထားပါက မိမိအလှအပကို ပိုမိုတွယ်တာမိနိုင်သလို နေ့စဉ်ဖြီးလိမ်းရသည်မှာလည်း အချိန်ကုန်သောကြောင့် ဖြစ်ပါသည်။ ဤသတ်မှတ်ချက်သည် လူတိုင်းအတွက် မဟုတ်ဘဲ သံဃာတော်နှင့် သီလရှင်များအတွက်သာ ဖြစ်သည်မှာ ရှင်းနေပါသည်။

အပြုသဘော ဆောင်ရွက်ချက်များကို ပြုမူခြင်း

ကျင့်ဝတ်သီလ ဒုတိယအမျိုးအစားမှာ ကောင်းမွန်သည့် အပြုသဘော ဆောင်ရွက်ချက်များ ပြုလုပ်ရန် ဖြစ်သည်။ ဤသည်မှာ ဉာဏ်အလင်းရရှိမှုအတွက် လိုအပ်သော အပြုသဘော အင်အားများ စုစည်းခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ တရားတော်များ သင်ယူလေ့လာရန် သွားရောက်ခြင်း၊ ဓမ္မကို စဉ်းစားတွေးတော ရှုမှတ်ခြင်းနှင့် ရှိခိုးခြင်း၊ ကပ်လှူခြင်း စသည့် ငွန်ဒရို (အဆင့်မြင့် မန္တရား ကျင့်ကြံမှုအတွက် အကြိုဆောင်ရွက်ချက်များ) ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

ဤနေရာတွင်လည်း ကျင့်ဝတ်သီလဆိုသည်မှာ တကယ့်အပြုအမူထက် စိတ်အခြေအနေသာ ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့စိတ်ထဲမှ လာပြီး ကျွန်ုပ်တို့ ပြုမူပုံကို ပုံဖော်သော စည်းကမ်းဖြစ်သည်။ အပြုသဘောကိစ္စများတွင် ပါဝင်ပြီး အပျက်သဘော မသင့်တော်သည့် အပြုအမူများမှ ရှောင်ရှားစေရန်အတွက် ဖြစ်ပါသည်။ ဤစည်းကမ်း မချမှတ်ပါက ကျွန်ုပ်တို့သည် အထိန်းအကွပ်မဲ့ကာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှု အလွယ်တကူခံရနိုင်ပါသည်။

ကျင့်ဝတ်သီလသည် ခွဲခြားသိမှုနှင့် ခွဲခြားသိရှိသောပညာတွင် အခြေခံပါသည်။ အပျက်သဘော မပြုမူမိရန်အတွက် အပျက်သဘော ပြုမူခြင်း၏ ဆိုးကျိုးများကို ခွဲခြားသိပြီး ဆုံးဖြတ်ချက်ချထားရပါသည်။ အပြုသဘော ဆောင်ရွက်ချက်များဖြင့် ကျွန်ုပ်တို့သည် တရားရှုမှတ်ခြင်း၏ အကျိုးကျေးဇူး၊ ကြိုတင်ပြင်ဆင် ကျင့်ကြံမှုများ စသည်တို့ကို ခွဲခြားသိလာပါသည်။ ဤသို့ခွဲခြားသိမြင်မှုဖြင့် ကျွန်ုပ်တို့သည် ဘယ်လိုပြုမူရမည်ကို အလိုလိုသိလာပြီး ယင်းအတွက်လည်း မိမိကိုယ်ကို ယုံကြည်မှုရှိလာပါသည်။

အခြားသူများကို အကျိုးပြုနိုင်အောင် ကြိုးစားခြင်း

ကျင့်ဝတ်သီလ တတိယအမျိုးအစားမှာ အခြားသူများကို အမှန်တကယ် အကျိုးရှိအောင် ကြိုးစား ကူညီရန်ဖြစ်ပါသည်။ ဤနေရာတွင် အခြားသူများအား ကူညီခြင်းနှင့် သူတို့ကို မကူညီဘဲ မနေနိုင်သလို သာမန်လူတစ်ယောက်ကဲ့သို့ မဖြစ်လိုခြင်းကြောင့် သူတို့ကို ကူညီခြင်း၏ အကျိုးကျေးဇူးကို ခွဲခြားသိရှိပါသည်။

အခြားသူများကို ကူညီရာတွင် အစိတ်အပိုင်းများစွာ ရှိပါသည်။ ယေဘုယျ ပြောရမည်ဆိုလျှင် “မိမိ၏အပြုသဘော လွှမ်းမိုးမှုဖြင့် အခြားသူများကို စုစည်းရန် နည်းလမ်းလေးသွယ်” တွင် ဆောင်ရွက်ရန် စည်းကမ်းချမှတ်ထားရပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့သည် အခြားသူများက မိမိကိုပိုပြီးလက်ခံလာစေကာ သူတို့ကို နောက်ထပ်ပိုမိုနက်နဲသော အရာများ သင်ကြားပေးနိုင်မည့်နည်းလမ်းများဖြင့် ပြုမူရန် ဖြစ်ပါသည်။

ထိုနည်းလမ်းလေးသွယ်မှာ-

  1. ရက်ရောခြင်း
  2. နှစ်လိုဖွယ် အမူအရာဖြင့် စကားပြောခြင်း
  3. အခြားသူများကို သူတို့ရည်မှန်းချက် အောင်မြင်အောင် လှုံ့ဆော်ခြင်း
  4. ဤရည်မှန်းချက်များ တစ်သမတ်တည်းရှိနေခြင်း။

သာမန်ထက်ထူးခြားသော သဘောထားခြောက်ရပ်အကြောင်း တရားတော်များတွင် ကျွန်ုပ်တို့က အထူးသဖြင့် ကြိုးစားကူညီကာ အကျိုးပြုရမည့် လူအမျိုးအစား ၁၁ မျိုးကို ဖော်ပြထားပါသည်။ ဤသည်မှာ စာရင်းတစ်ခု အနေနှင့်သာ မယူဆဘဲ ထိုသူတို့နှင့် ဆုံတွေ့သောအခါ သူတို့ကို လျစ်လျူမရှုဘဲ အမှန်တကယ် ကူညီရန် အထူးသီးသန့် ညွှန်ကြားချက်ဟု မှတ်ယူသင့်ပါသည်။

  1. ဆင်းရဲဒုက္ခ ရောက်နေသူများ
  2. ကိုယ့်ကိုယ်ကို ဘယ်လိုပြုစုပျိုးထောင်ရမှန်း မသိဘဲ ဝေခွဲမရသူများ
  3. မိမိကို ကူညီဖူးသူများ
  4. ကြောက်ရွံ့နေသူများ
  5. စိုးရိမ်သောက ပွားနေသူများ
  6. ဆင်းရဲမွဲတေပြီး လိုအပ်ချက် ရှိနေသူများ
  7. ကျွန်ုပ်တို့နှင့် ဆက်စပ်နေသူများ
  8. ၎င်းတို့၏ဆန္ဒနှင့်အညီ ကျွန်ုပ်တို့က ကူညီပေးနိုင်သူများ
  9. ဖြောင့်မတ်သော ဘဝဖြင့် နေထိုင်သူများ
  10. အပျက်သဘော နေထိုင်မှုဖြင့် နေထိုင်သူများ
  11. ကျွန်ုပ်တို့မှာ ရှိနိုင်သည့် ထူးကဲသော အရည်အချင်းတစ်ခုခု အသုံးပြုပေးရန် လိုအပ်သူများ။

ကျင့်ဝတ်သီလနှင့်ပတ်သက်၍ ရှန်တီဒေဝ၏ဆွေးနွေးချက်

ရှန်တီဒေဝ က ကျင့်ဝတ်သီလကို ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း ကျမ်းစာတွင် အခန်းနှစ်ခန်းဖြင့် ဆွေးနွေးထားပါသည်။ ပထမအခန်းမှာ “ဂရုစိုက်သော သဘောထား” ဖြစ်ပြီး ကျင့်ဝတ်သီလအတွက် အခြေခံ ဖြစ်ပါသည်။ မိမိအပြုအမူ၏ သက်ရောက်မှုကို အလေးထားကာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှု မခံရအောင် ဂရုစိုက်ခြင်း ဖြစ်ပါသည်။ အခြားသူများမှာလည်း ခံစားချက်ရှိကြောင့်၊ မိမိကသာ အပျက်သဘောဖြင့် ပြုမူပါက သူတို့ကိုနာကျင်စေမည်ဖြစ်ကြောင်း အလေးအနက်ထားပါသည်။ မိမိအပြုအမူ၏ အနာဂတ် အကျိုးဆက်များကို ဂရုစိုက်ပါသည်။ ဤအရာအားလုံးက ကျင့်ဝတ်သီလအတွက် အခြေခံကို ဖန်တီးပေးပါသည်။ အခြားသူများကိုဖြစ်စေ၊ မိမိအနာဂတ်ကိုဖြစ်စေ အမှန်တကယ် အလေးမထားပါက ကျင့်ဝတ်နှင့်အညီ ပြုမူရန် လိုအပ်သည်ဟု မခံစားရတော့ပါ။

ဘာသာစကားများစွာတွင် ဤသို့သော အလေးထားသည့် သဘောထားကို ဘာသာပြန်ရန် အလွန်ခက်ခဲပါသည်။ ထိုစကားမှာ ဂရုစိုက်ခြင်း ပါဝင်သောကြောင့် မိမိပြုမူပုံကို ဂရုစိုက်ခြင်း ဖြစ်သော်လည်း ထိုမှနောက်ဆက်တွဲများ၊ မိမိအပြုအမူက မိမိနှင့် အခြားသူများအပေါ် သက်ရောက်မှုကို အလေးအနက် ထားမှုများလည်း ပါဝင်ပါသည်။

ရှန်တီဒေဝက ဤအကြောင်းကို ဖော်ပြသည့် ဒုတိယ အခန်းတွင် သတိဖြင့် ရှုမှတ်မှုနှင့် နိုးကြားမှုတို့ကို ဖော်ပြပါသည်။ သတိဖြင့် ရှုမှတ်မှု ဆိုသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များဆီ မရောက်ဘဲ စိတ်ကို စည်းကမ်းတကျ ထိန်းထားသည့် စိတ်အခြေအနေ ဖြစ်ပါသည်။ ၎င်းသည် စည်းကမ်းအတိုင်း လိုက်နာသော စိတ်၏ကော်စေး ဖြစ်သည်။ ဥပမာ ကျွန်ုပ်တို့ အစားအသောက် ဆင်ခြင်နေချိန်တွင် ကိတ်မုန့်တိုက်ရှေ့မှ ဖြတ်သွားပြီး အနှစ်သက်ဆုံး ကိတ်မုန့်ကို မြင်မိသော်လည်း စိတ်ကို တစ်နည်းနည်းဖြင့် ထိန်းထားလိုက်ခြင်းမျိုး ဖြစ်ပါသည်။ မိမိ၏ အစားအသောက် ဆင်ခြင်မှုကို မပျက်ကွက်စေဘဲ “လောဘတဏှာလွှမ်းမိုးပြီးတော့ ဒီကိတ်မုန့်ကို မဝယ်တော့ဘူး” ဟု ဆိုလိုက်နိုင်ပါသည်။ ဤသည်မှာ သတိဖြင့် ရှုမှတ်ခြင်းကြောင့်ဖြစ်ပြီး ကျင့်ဝတ်သီလအတွက်လည်း အလွန်အရေးကြီးပါသည်။ နိုးကြားမှု ဆိုသည်မှာ မိမိ၏ အစားအသောက် ဆင်ခြင်မှုမှ စတင်လမ်းလွဲသောအခါ “အင်း၊ ကိတ်မုန့်လေး တစ်လုံးတည်းပါ” ဟု ဖြစ်လာလျှင် သတိထား စောင့်ကြည့်ပါသည်။ ကျွန်ုပ်တို့၏ နိုးကြားမှုသည် ကိုယ်တွင်းသတိပေးချက် ထုတ်လွှတ်ကာ ကျွန်ုပ်တို့ မိမိကိုယ်ကို ထိန်းချုပ်နိုင်အောင် စောင့်ထိန်းနိုင်စေပါသည်။ ဤအရာများကို ကျွန်ုပ်တို့သည် စောင့်ကြည့်ရန် လိုပါသည်။ သတိဖြင့်ရှုမှတ်မှုနှင့် နိုးကြားမှုတို့သည် ကျင့်ဝတ်သီလအတွက် ပံ့ပိုးမှုများ ဖြစ်ပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့ကို စည်းကမ်း စောင့်ထိန်းနိုင်စေကာ နောက်ပိုင်းတွင် စူးစိုက်မှုရရှိအောင် အသုံးပြုနိုင်မည့် နည်းစနစ်များဖြစ်ပါသည်။

နောက်ဆုံးတွင် ရှန်တီဒေဝက သတိဖြင့်ရှုမှတ်မှုကို ရရှိထိန်းသိမ်းနိုင်စေမည့် အချက်သုံးချက်ကို ဖော်ပြလိုက်ပါသည်။

  • ကျွန်ုပ်တို့၏ ဘာသာရေး ဆရာများနှင့်အတူ နေထိုင်ခြင်း။ ထိုသို့ မနေနိုင်ပါက သူတို့ရှေ့မှောက်တွင် ရောက်နေသည်ဟု တွေးကြည့်နိုင်ပါသည်။ သူတို့ရှေ့မှောက်တွင် ရှိနေပါက သူတို့အားလေးစားသည့်အတွက် မိုက်မဲစွာ သို့မဟုတ် အပျက်သဘောဆန်စွာ ပြုမူမည် မဟုတ်တော့ပါ။ “ငါ၏ဆရာရှေ့တွင် ဤသို့ ပြုမူ၊ ပြောဆိုပါမည်လား” ဟု တွေးကြည့်သင့်ပါသည်။ ထိုသို့ မရှိနိုင်ပါက ကျွန်ုပ်တို့သည် “သစ်တုံးကဲ့သို့ နေသင့်သည်” ဟု ရှန်တီဒေဝက အကြံပြုပါသည်။ ထိုသို့ မလုပ်ဘဲ နေလိုက်ပါ။ မိမိဆရာနှင့်အတူ ထမင်းစားနေပါက ကိတ်မုန့်ကို အငမ်းမရ မစားသလို တစ်စုံတစ်ယောက်ကိုလည်း အော်ငေါက်မိမည် မဟုတ်ပါ။ ထိုသို့ သတိရှိနေအောင် ကူညီပါသည်။
  • ကျွန်ုပ်တို့ဆရာ၏ အကြံဉာဏ်နှင့် ညွှန်ကြားချက်အတိုင်း လိုက်နာခြင်း။ သူတို့ပြောတာကို ကြိုးစားအမှတ်ရခြင်းဖြင့် သတိရှိနေအောင် ကူညီပါသည်။
  • သတိမရှိခြင်း၏ အကျိုးဆက်များကို ထိတ်လန့်ခြင်း။ အကြောက်လွန်ရမည်ဟု မဆိုလိုသော်လည်း မိမိဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို တန်ဖိုးထားမှုတွင် အခြေခံပြီး သတိမရှိခြင်း၏ အကျိုးဆက်များကို မကြုံတွေ့လိုပါ။ လောဘ၊ ဒေါသ စသည်တို့လွှမ်းမိုးမှုဖြင့် ပြုမူကာ ကံဆိုးမိုးမှောင် မကျလိုတော့ပါဟု အပြုသဘောနည်းလမ်းဖြင့် မိမိကိုယ်ကို ပြန်တွေးဆပါသည်။

အထက်ပါအချက်များနှင့်အတူ ကျွန်ုပ်တို့၏ ဘာသာရေး ဆရာများအပေါ်တွင် လေးစားမှုထားရှိရန် လိုပါသည်။ “လေးစားမှု” သည် ခက်ခဲသော စကားလုံးတစ်လုံး ဖြစ်ပါသည်။ မိမိ၏ဘာသာရေး ဆရာက မိမိအားအပြစ်တင်မှာကို အမြဲကြောက်ရွံ့နေရမည်ဟု မဆိုလိုပါ။ လေးစားမှုဆိုရာတွင် မိမိ၏ဘာသာရေးဆရာများနှင့် ဗုဒ္ဓဘာသာကို အထူး လေးစားရမည်ဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ အပျက်သဘော အပြုအမူက သူတို့အပေါ် ဆိုးရွားစွာ ထင်ဟပ်ပါက ကျွန်ုပ်တို့ အလွန်စိတ်မကောင်း ဖြစ်ရပါမည်။ ကျွန်ုပ်တို့ကြောင့် လူအများက “အို၊ ဒီဆရာရဲ့တပည့်တွေက ဒီလိုလုပ်ပါလား” သို့မဟုတ် “ခင်ဗျားက ဗုဒ္ဓဘာသာ ဖြစ်ရမှာ။ ဒါပေမဲ့ မူးယစ်ရမ်းကားပြီး ဒေါသတွေ ထွက်နေတယ်” ဟု ထင်ကုန်ကြပါမည်။ လေးစားဂါရဝထားမှုဖြင့် ကျွန်ုပ်တို့သည် သတိဖြင့်ရှုမှတ်မှုကို ထိန်းထားကာ ကျင့်ဝတ်သီလနှင့်အညီ ပြုမူရပါမည်။

အကျဉ်းချုပ်

ကျွန်ုပ်တို့ဘဝတွင် တိုးတက်မှုရရှိရန် ကျင့်ဝတ်စည်းကမ်းသည် မရှိမဖြစ် အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး ကြုံဖူးကြပါသည်။ အက္ခရာစာလုံးများ သင်ယူခြင်း၊ စာမေးပွဲအတွက် စာကျက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန် လျှော့ချခြင်း စသည်ဖြင့် မည်သည့်အရာမဆို စည်းကမ်းမရှိပါက တိုးတက်မှုရဖို့ ခက်ခဲလှပါသည်။

ဗုဒ္ဓဘာသာ ကျင့်ကြံမှုတွင်လည်း ထိုနည်းအတိုင်း ဖြစ်ပြီး တိုးတက်မှုလမ်းကြောင်းအတွက် ကျွန်ုပ်တို့အပြုအမူတွင် ကျင့်ဝတ်စည်းကမ်း ရှိဖို့လိုပါသည်။ မိမိနှင့် အခြားသူများကို အလေးထားပါက ကျင့်ဝတ်သီလသည် အလှမ်းဝေးသော ကိစ္စတစ်ခု မဟုတ်တော့ဘဲ သဘာဝအတိုင်း အလိုလိုသိလာသည့်ကိစ္စ ဖြစ်လာပါသည်။ အပြုသဘော ပြုမူမှုများကို ဂရုတစိုက် ပြုစုပျိုးထောင်ကာ အခြားသူများကို အန္တရာယ် မပေးမိအောင် အတတ်နိုင်ဆုံး ကြိုးစားခြင်းအားဖြင့် ယခုရော မနက်ဖြန်ပါ ပိုမိုပျော်ရွှင်စေမည့် အခြေခံနှင့် အကြောင်းတရားများကို ဖန်တီးလိုက်ပြီ ဖြစ်ပါသတည်း။

Top