ကြောက်ရွံ့မှုကို ဖြေရှင်းရန် အရေးပေါ်နည်းလမ်း
တိဘက်ဗုဒ္ဓဘာသာတွင် အမျိုးသမီးဗုဒ္ဓပုံတော် တာရာသည် ကျွန်ုပ်တို့အား ကြောက်ရွံ့မှုမှ ကာကွယ်ပေးသည့် ဘုရားအနေနှင့် ကိုယ်စားပြုပါသည်။ တာရာသည် အမှန်တကယ်တွင် ခန္ဓာကိုယ်နှင့် အသက်ရှူမှု၏ စွမ်းအင်ပိုင်းကို ကိုယ်စားပြုပါသည်။ သန့်ရှင်းနေပါက ကျွန်ုပ်တို့ရည်မှန်းချက်ကို ဆောင်ရွက်အောင်မြင်နိုင်စွမ်းကိုလည်း ကိုယ်စားပြုသည်။ ဤသင်္ကေတအရ အသက်ရှူမှုအတွက် အရေးပေါ် နည်းလမ်းများနှင့် ကြောက်ရွံ့မှုကို ဖြေရှင်းရန် သိမ်မွေ့သောစွမ်းအင်များကို အကြံပြုထားပါသည်။
အရေးပေါ်နည်းလမ်းများသည် ကျွန်ုပ်တို့ တရားတော်များကို ရှုမှတ်၊ လေ့လာ၊ နာယူခြင်း မပြုမီ ဆောင်ရွက်သည့် ကြိုတင်ပြင်ဆင် ကျင့်ကြံမှုများ (အကြိုဆောင်ရွက်ချက်များ) မှ ဆင်းသက်လာပါသည်။ ဤကျင့်ကြံမှုများက အရေးပေါ် အခြေအနေများတွင် အလွန်ကြောက်လန့်ခြင်း သို့မဟုတ် စတင်အကြောက်လွန်ခြင်း ဖြစ်သောအခါ ကျွန်ုပ်တို့ကို တည်ငြိမ်စေပါသည်။ ၎င်းတို့သည် ပိုမိုနက်ရှိုင်းသော နည်းလမ်းများကို အသုံးမချမီ ပထမအဆင့် အနေနှင့်လည်း ဆောင်ရွက်ပါသည်။ အောက်ပါအစီအစဉ်အတိုင်း တစ်ခုကိုဖြစ်စေ၊ ငါးခုစလုံးကိုဖြစ်စေ ကျင့်ကြံနိုင်ပါသည်-
- မျက်စိမှိတ်ပြီး ဝင်လေထွက်လေ ရေတွက်ပါ။ ဝင်လာသောလေ၏ အထိအတွေ့၊ ဝမ်းဗိုက်ထဲသို့ လေဝင်ပြီး ဖောင်းလာကာ လေပြန်ထွက်ပြီး ပြန်ပိန်သွားခြင်းကို အာရုံစိုက်ပါ။
- မျက်စိ အနည်းငယ်ဖွင့်ပြီး ဝင်လေထွက်လေ ရေတွက်ပါ။ ကြမ်းပြင်ကို ငုံ့ကြည့်ကာ အနည်းငယ် အာရုံစိုက်ပါ။ လေထွက်ခြင်း၊ ခဏနားခြင်း၊ လေဝင်ခြင်းဖြစ်စဉ်ကို အထက်ပါအတိုင်း အာရုံစိုက်ပါ။ ခဏကြာလျှင် တင်ပါးက ကြမ်းပြင်ပေါ်မှခုံနှင့် ထိနေသည့် အထိအတွေ့ကို သတိဖြင့်ပေါင်းစပ်ရှုမှတ်ပါ။
- မိမိအောင်မြင်လိုသောအရာနှင့် ဘာကြောင့်အောင်မြင်လိုသည်ကို စိတ်ဓာတ်စေ့ဆော်မှု သို့မဟုတ် ရည်မှန်းချက် (ပိုပြီး တည်ငြိမ်လာရန်) အတည်ပြုပါ။
- စိတ်နှင့် စွမ်းအင်ကို ကင်မရာမှန်ဘီလူးကဲ့သို့ အာရုံစိုက်ပြီး စိတ်ကူးကြည့်ပါ။
- ဝင်လေထွက်လေကို မရေတွက်ဘဲ အသက်ရှူစဉ် ဗိုက်ဖောင်းလာပြီး ပြန်ပိန်သွားသည်ကို အာရုံစိုက်ကာ ခန္ဓာကိုယ်၏ စွမ်းအင်အားလုံး ညီညွတ်မျှတစွာ စီးဆင်းနေသည်ဟု ခံစားပါ။
ကြောက်ရွံ့မှုဆိုတာဘာလဲ။
ကြောက်ရွံ့မှုသည် မိမိအလိုရှိသလို ထိန်းချုပ်ဖြေရှင်း အောင်မြင်နိုင်စွမ်း မရှိကြောင်း သိရှိထားသည့်အရာ သို့မဟုတ် မသိရှိထားသည့်အရာ တစ်ခုကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်မှု ဖြစ်ပါသည်။ ကြောက်ရွံ့သော အရာကို ဖယ်ရှားပစ်လိုသောကြောင့် ပြင်းထန်သော မုန်းတီးမှု ဖြစ်ပါသည်။ ကြောက်ရွံ့မှုသည် ကြောက်ရွံ့သော သီးခြားအရာတစ်ခု မဟုတ်သည့် အထွေထွေ စိုးရိမ်မှုဖြစ်လျှင်လည်း မသတ်မှတ်ထားသော “တစ်စုံတစ်ခု” ကို အပြင်းအထန် ဖယ်ရှားလိုစိတ် ရှိနေပါသည်။
ကြောက်ရွံ့မှုသည် ဒေါသ သက်သက်မျှသာ မဟုတ်ပါ။ မည်သို့ဆိုစေ ဒေါသကဲ့သို့ပင် မိမိကြောက်ရွံ့သော အရာ၏ အပျက်သဘော အရည်အသွေးများကို ချဲ့ကားမှုနှင့် “ငါ” ကို ချဲ့ကားမှုတို့ ပါဝင်ပါသည်။ ကြောက်ရွံ့မှုတွင် ဒေါသအပြင် အခြေအနေကို မိမိမထိန်းချုပ်၊ မဖြေရှင်းနိုင်သည်ကို ခွဲခြားသော (အသိအမှတ်ပြုသော) စိတ်၏ အစိတ်အပိုင်းလည်း ပါဝင်ပါသည်။ ထို့နောက် ထိုသို့ခွဲခြားသည့်ပုံစံဖြင့် ကျွန်ုပ်တို့သည် ကြောက်ရွံ့သောအရာနှင့် မိမိကိုယ်ကို အာရုံစိုက်ပါသည်။ ထိုသို့ခွဲခြားသည့်ပုံစံနှင့် အာရုံစိုက်မှုသည် တိကျမှုရှိနိုင်သလို မတိကျဘဲလည်း ရှိနိုင်ပါသည်။
ကြောက်ရွံ့မှုတွင် အမှန်မသိမှု ပါဝင်နေခြင်း
ကြောက်ရွံ့မှုတွင် အမှန်တရားနှင့် ကွဲလွဲသည့်ပုံစံကို မသိ၍ဖြစ်စေ၊ သိလျှက်နှင့်ဖြစ်စေ အမှန်တရားအပေါ် အမှန်မသိမှု (လျစ်လျူရှုမှု၊ ရှုပ်ထွေးမှု) သည် အမြဲ ပါဝင်နေပါသည်။ ထိုသို့ဖြစ်နိုင်သော အမျိုးအစားခြောက်မျိုးကို လေ့လာကြပါစို့-
(၁) အခြေအနေတစ်ခုကို ထိန်းချုပ်ကိုင်တွယ်နိုင်ခြင်း မရှိကြောင်း ကြောက်လာသောအခါ ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုတွင် အကြောင်းအကျိုးနှင့် အရာရာတည်ရှိပုံကို အမှန်မသိခြင်းတို့ ပူးတွဲပါနေပါသည်။ မိမိနှင့် မိမိကြောက်ရွံ့သောအရာကို အာရုံစိုက်သော အယူအဆဖြင့် ကြောက်ရွံ့သည့် နည်းလမ်းမှာ-
- ခိုင်မာစွာ တည်ရှိသော “ငါ” - ဥပမာအားဖြင့်မိမိသားသမီးကို အန္တရာယ် မဖြစ်အောင် အရာရာကို တစ်ကိုယ်တည်းအစွမ်းဖြင့် ထိန်းချုပ်ထားသင့်သော တစ်စုံတစ်ယောက်
- ခိုင်မာစွာ တည်ရှိသော “အရာဝတ္ထု” - မည်သည့်အရာကမှ မလွှမ်းမိုးဘဲ သီးသန့်တည်ရှိသော တစ်စုံတစ်ခု။ ယင်းကို ကျွန်ုပ်တို့၏ အစွမ်းအစသက်သက်ဖြင့် ထိန်းချုပ်ထားသင့်သော်လည်း ပုဂ္ဂိုလ်ရေး မလုံလောက်မှုအချို့ကြောင့် ထိုသို့မပြုလုပ်နိုင်ပါ။
ဤသည်မှာ မဖြစ်နိုင်သော နည်းလမ်းများဖြင့် တည်ရှိမှု၊ မဖြစ်နိုင်သောနည်းလမ်းများဖြင့် အကြောင်းအကျိုး ဖြစ်တည်မှု ဖြစ်ပါသည်။
(၂) အခြေအနေတစ်ခုကို မိမိမထိန်းချုပ်နိုင်ကြောင်း ကြောက်လာသောအခါ စိတ်၏သဘောသဘာဝနှင့် မမြဲခြင်းကို အမှန်မသိမှု ပါဝင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် မိမိ၏စိတ်ခံစားချက်များ သို့မဟုတ် ချစ်ခင်သူတစ်ယောက် ဆုံးရှုံးမှုအပေါ် မထိန်းချုပ်နိုင်မည်ကို ကြောက်ရွံ့ပါသည်။ နာကျင်မှုနှင့် ဝမ်းနည်းမှုတို့ ကြုံရခြင်းသည် အသွင်အပြင်ကို သိမှုကြောင့်သာ ပေါ်ထွက်လာသည်ကို ကျွန်ုပ်တို့သည် အမှန်မသိပါ။ ယင်းတို့သည် သွားဆရာဝန်က မိမိသွားကို လွန်ဖြင့်ဖောက်သည့် နာကျင်မှုကဲ့သို့ မမြဲခြင်းသဘောရှိပြီး ကွယ်ပျောက်သွားမည် ဖြစ်ပါသည်။
(၃) အခြေအနေတစ်ခုကို မကိုင်တွယ်နိုင်သည့် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုသည် မိမိကိုယ်တိုင် မဖြေရှင်းနိုင်သည့် ကြောက်ရွံ့မှုဖြစ်နိုင်ပါသည်။ အထီးကျန်ပြီး တစ်ကိုယ်တည်း ဖြစ်သည်ကို ကြောက်ရွံ့မှုလည်း ပါဝင်နိုင်ပါသည်။ ထိုအခြေအနေကို ဖယ်ရှားပေးနိုင်သည့် အခြားတစ်ယောက်ကို ရှာဖွေနိုင်မည်ဟု ထင်နေပါသည်။ ဤနေရာတွင် အယူအဆဆိုင်ရာ အချက်များမှာ
- ခိုင်မာစွာတည်ရှိသော “ငါ” - မကျွမ်းကျင်သော၊ မလုံလောက်သော၊ သိပ်မတော်သော၊ ဘယ်တော့မှ မသင်ယူနိုင်သော တစ်စုံတစ်ယောက်
- ခိုင်မာစွာတည်ရှိသော “အခြားတစ်ယောက်” - မိမိထက် ပိုတော်ပြီး မိမိအားကယ်တင်နိုင်သော တစ်စုံတစ်ယောက်။
ဤသည်မှာ မိမိနှင့် အခြားသူများ တည်ရှိပုံကို အမှန်မသိမှု၊ အကြောင်းအကျိုးကို အမှန်မသိမှု နောက်ထပ်ပုံစံတစ်မျိုး ဖြစ်ပါသည်။ မိမိ၏ ကားပျက်သွားခြင်းကဲ့သို့ တစ်ခုခုကို ယခုဖြေရှင်းရန် လုံလောက်သော အသိပညာမရှိခြင်းနှင့် အခြားတစ်ယောက်က ထိုအသိပညာရှိပြီး ကူညီနိုင်ခြင်းမှာ တိကျမှုရှိနိုင်ပါသည်။ သို့သော် ယင်းမှာ အကြောင်းနှင့်အကျိုး ဆောင်ရွက်ပုံမှတစ်ဆင့် ကျွန်ုပ်တို့သည် မသင်ယူနိုင်ဘူးဟု မဆိုလိုပါ။
(၄) မိမိအလုပ်ရှင်ကဲ့သို့ တစ်စုံတစ်ယောက်ကို ကြောက်ရွံ့သောအခါ ကျွန်ုပ်တို့သည် သူတို့၏ အစဉ်အလာ သဘောသဘာဝကို အမှန်မသိခြင်း ဖြစ်ပါသည်။ မိမိအလုပ်ရှင်သည် လူသားများဖြစ်ပြီး မိမိတို့ကဲ့သို့ပင် ခံစားချက်ရှိပါသည်။ သူတို့သည် ပျော်ရွှင်လိုသည်။ ဝမ်းမနည်းလိုကြပါ။ နှစ်သက်ခံရလိုပြီး မုန်းတီးမခံလိုပါ။ ရုံးအပြင်ဘက်တွင်လည်း သူတို့၏ဘဝ ရှိနေပြီး ယင်းမှာ သူတို့စိတ်အခြေအနေကို လွှမ်းမိုးပါသည်။ မိမိအလုပ်ရှင်ကို လူသားအနေနှင့် ဆက်စပ်နိုင်ပါက ကျွန်ုပ်တို့၏ ရာထူးအသီးသီးကို သတိထားနေရင်း ကြောက်ရွံ့မှု လျော့ပါးလာပါမည်။
(၅) ထိုအတူ မြွေနှင့် အင်းဆက်များကို ကြောက်ရွံ့သောအခါ ၎င်းတို့သည်လည်း မိမိတို့ကဲ့သို့ ခံစားချက်ရှိသော သက်ရှိများဖြစ်ပြီး ပျော်ရွှင်လိုကာ ဝမ်းမနည်းလိုကြသည်ကို ကျွန်ုပ်တို့ အမှန်မသိပါ။ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကျွန်ုပ်တို့သည် ၎င်းတို့အား မျိုးစိတ်တစ်ခုခု အနေနှင့် ပင်ကိုသတ်မှတ်ချက် မရှိသည့် တစ်ဦးချင်း စိတ်အစဉ်အရ လက်ရှိဖော်ပြမှုအနေနှင့် သတိမပြုမိပါ။ အတိတ်ဘဝများက ၎င်းတို့သည် မိမိ၏မိခင်ပင် ဖြစ်နိုင်သည်ကို ကျွန်ုပ်တို့ အမှန်မသိပါ။
(၆) ကျရှုံးမှု၊ ဖျားနာမှုတို့ကို ကြောက်ရွံ့သောအခါ ကျွန်ုပ်တို့သည် အကန့်အသတ်ရှိသော သံသရာဘဝများအဖြစ် မိမိ၏ အစဉ်အလာ သဘောသဘာဝကို အမှန်မသိပါ။ ကျွန်ုပ်တို့သည် ပြီးပြည့်စုံခြင်း မရှိဘဲ အမှားပြုလုပ်တတ်သလို တစ်ခါတစ်ရံ ကျရှုံးမှု သို့မဟုတ် ဖျားနာမှုတို့ ဖြစ်ပါသည်။ "သံသရာမှ ဘာကိုများ မျှော်လင့်မည်နည်း။”
စိတ်ချရသော ခံစားချက်
ဗုဒ္ဓဘာသာ ရှုထောင့်အရ စိတ်ချရသော ခံစားချက်တွင် အောက်ပါတို့ မပါဝင်ပါ-
- ကျွန်ုပ်တို့အား ကာကွယ်ပေးမည့် အရာရာစွမ်းဆောင်နိုင်သူအဖြစ် ပြောင်းလဲခြင်း။ အရာရာ စွမ်းဆောင်နိုင်သူ ဆိုသည်မှာ မဖြစ်နိုင်ပါ
- စွမ်းအားရှိသူတစ်ဦးက ကျွန်ုပ်တို့အား တစ်နည်းနည်းဖြင့် ကယ်တင်နိုင်လျှင်ပင် ထိုအကာအကွယ်၊ အကူအညီ ရရှိရန် ကပ်လှူမှု သို့မဟုတ် စတေးမှုတို့ဖြင့် ထိုပုဂ္ဂိုလ်အား ကျေနပ်အောင်လုပ်ရန် လိုပါသည်
- မိမိကိုယ်တိုင် အရာရာစွမ်းဆောင်နိုင်သူ ဖြစ်လာခြင်း။
စိတ်ချရစေရန်အတွက် အောက်ပါအစီအစဉ်အတိုင်း လိုအပ်ပါသည်-
- မိမိကြောက်သောအရာကို သိရှိကာ ယင်း၏နောက်ကွယ်မှ ရှုပ်ထွေးမှုနှင့် အမှန်မသိမှုတို့ကို သိရှိရန်
- မိမိကြောက်သောအရာကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ အထူးသဖြင့် နောက်ခံ ရှုပ်ထွေးမှု မရှိအောင် ဖယ်ရှားမှုနှင့် ပတ်သက်၍ လက်တွေ့ကျသော အမြင်ရှိရန်
- မိမိကြောက်သောအရာကို လက်ရှိတွင်ရော ရေရှည်အတွက်ပါ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို အကဲဖြတ်ရန်။ မိမိကိုယ်ကို ပိုတွက်ခြင်း၊ လျှော့တွက်ခြင်း မရှိဘဲ မိမိ၏လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို လက်ခံရန်
- မိမိယခု ဆောင်ရွက်နိုင်တာကို အကောင်အထည်ဖော်ရန်၊ ထိုသို့ဆောင်ရွက်နေပါက ပီတိဖြစ်ရန်နှင့် မဆောင်ရွက်သေးပါက လက်ရှိအစွမ်းအစဖြင့် အကောင်းဆုံး ဆောင်ရွက်ရန်နှင့် လက်တွေ့ကြိုးစားကြည့်ရန်
- ယင်းကို ယခုလုံးဝ မကိုင်တွယ်နိုင်သေးပါက ယင်းကို အပြည့်အဝ ကိုင်တွယ်နိုင်မည့် အချိန်အထိ မည်သို့တိုးတက်အောင် ပြုလုပ်ရမည်ကို သိရှိရန်
- ထိုဖွံ့ဖြိုးမှု အဆင့်သို့ရောက်အောင် ရည်မှန်းကြိုးစားရန်
- စိတ်ချရသောဦးတည်ရာအတိုင်း သွားနေကြောင်း သိမြင်ခံစားမိရန်။
အထက်ပါ အဆင့်ခုနစ်ဆင့်သည် ဗုဒ္ဓဘာသာတွင် “စိတ်ချရသောလမ်းကြောင်းအတိုင်း သွားခြင်း” (ကိုးကွယ် အားထားခြင်း) ဆိုသည့်အရာကို ဖော်ပြထားပါသည်။ ယင်းမှာ အပြုခံအခြေအနေမဟုတ်ဘဲ ဘဝတွင် စိတ်ချရသော လမ်းကြောင်းကို တက်တက်ကြွကြွ ချမှတ်သည့် အခြေအနေ ဖြစ်ပါသည်။ မိမိ၏ ကြောက်ရွံ့မှုများ ဖယ်ရှားရန် လက်တွေ့ကျသောပုံစံဖြင့် ကြိုးစားသည့် ဦးတည်ရာ ဖြစ်ပါသည်။ အကျိုးဆက်အားဖြင့် ကျွန်ုပ်တို့သည် ဘဝတွင် အပြုသဘော မှန်ကန်သည့် လမ်းကြောင်းဖြင့် သွားနေသည်ဟု သိထားသည့်အတွက် စိတ်ချလက်ချ နေနိုင်ကာ အကာအကွယ် ရရှိပါသည်။ ယင်းက ပြဿနာနှင့် အခက်အခဲအားလုံးကို နောက်ဆုံးတွင် ဖယ်ရှားပေးပါလိမ့်မည်။
ကြောက်ရွံ့ဖွယ် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနည်းအကြောင်း လက်တွေ့ကျသောရှုထောင့်
အောက်ပါတို့ကို မှတ်သားရန်လိုပါသည်-
- မိမိချစ်ခင်သူများကိုဖြစ်စေ၊ မိမိကိုဖြစ်စေ ဖြစ်လာသမျှသည် တစ်ဦးချင်း ကံအစွမ်းများ၏ ကြီးမားသော ဆက်နွှယ်မှုက ရင့်ကျက်လာခြင်းနှင့် သမိုင်းကြောင်း၊ လူမှုရေးနှင့် စီးပွားရေး အင်အားများကြောင့် ဖြစ်ပါသည်။ မတော်တဆမှုများနှင့် မလိုချင်သောကိစ္စများ ဖြစ်လာတတ်ပြီး မိမိချစ်ခင်သူများ ထိုသို့မဖြစ်အောင် ကျွန်ုပ်တို့က မည်မျှပင် သတိထားပြီး သူတို့ကိုလည်း သတိထားရန် မည်မျှပင် အကြံပေးစေကာမူ မကာကွယ်နိုင်ပါ။ ကျွန်ုပ်တို့ စွမ်းနိုင်သမျှမှာ သင့်တော်သော အကြံဉာဏ်ပေးရန် ကြိုးစားပြီး စေတနာကောင်း ထားရန်သာ ဖြစ်ပါသည်။
- မတော်တဆမှုများနှင့် ကြောက်ရွံ့မှုကို ကျော်လွှားရန်အတွက် ဘာမှမရှိမှုကို အယူအဆ မပါသော သိမှုရရှိဖို့ လိုပါသည်။ သို့သော် ဘာမှမရှိမှုတွင် လုံးဝနစ်မြုပ်နေသောအခါ မြေကြီးထဲတွင် ဦးခေါင်းကိုဝှက်ပြီး နေခြင်းမျိုး မဟုတ်ပါ။ ကြောက်ရွံ့မှုမှ ရှောင်ပြေးခြင်းမဟုတ်ဘဲ မလိုချင်သော ကိစ္စများအဖြစ် ကံကို ရင့်ကျက်စေသော၊ ကြောက်ရွံ့မှု ဖြစ်ပေါ်စေသော အမှန်မသိမှုနှင့် ရှုပ်ထွေးမှုတို့ကို ဖယ်ရှားသည့်နည်းလမ်းသာ ဖြစ်ပါသည်။
- မိမိ၏ကံကို သန့်ရှင်းစေရန် ဘာမှမရှိမှုကို အယူအဆမပါသော သိမှုအတွက် ကြိုးစားအားထုတ်ရာတွင် သံသရာမှလွတ်မြောက်မှုအဆင့် (ရဟန္တာ) အထိ တစ်လျှောက်လုံးတွင် မတော်တဆမှုများနှင့် ကြောက်ရွံ့မှုတို့ ကြုံတွေ့ရပါသေးသည်။ ဤသည်မှာ သံသရာသည် အတက်အကျ ရှိသည့် သဘာဝကြောင့် ဖြစ်ပါသည်။ တိုးတက်မှုသည် ပုံသေမဟုတ်ပါ။ တစ်ခါတစ်ရံ အဆင်ပြေပြီး တစ်ခါတစ်ရံ အဆင်မပြေပါ။
- ရဟန္တာအဖြစ် လွတ်မြောက်မှု ရရှိလိုက်သည်နှင့် ကျွန်ုပ်တို့သည် မဖြစ်စေလိုသော မတော်တဆမှုများနှင့် ကိစ္စများကို ကြုံရနိုင်ပါသေးသည်။ သို့သော် နာကျင်မှု၊ ခံစားမှုတို့မပါဘဲ ကြုံတွေ့လာပါမည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများမှ လွတ်ကင်းပြီး ကြောက်ရွံ့မှု မရှိတော့သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ဤသို့ ရဟန္တာအဆင့်ရောက်မှသာ ကျွန်ုပ်တို့၏ ကြောက်ရွံ့မှု အားလုံးကို အနက်ရှိုင်းဆုံးပုံစံဖြင့် အပြည့်အဝ ကိုင်တွယ်ဖြေရှင်းလာနိုင်ပါသည်။
- ဉာဏ်အလင်းရရှိသောအခါမှသာ မတော်တဆမှုများ သို့မဟုတ် မဖြစ်စေလိုသော အရာများ မကြုံတွေ့ရ တော့ပါ။ ဘုရားရှင်သာလျှင် အောက်ပါတို့ကို ကြောက်ရွံ့မှုမရှိဘဲ ရရှိပါသည်-
- အရည်အသွေးကောင်းများနှင့် ကျွမ်းကျင်မှုများကို ကိုယ်တိုင် သိမြင်မှု
- လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့ကို တားဆီးသည့်အရာအားလုံးမှ မိမိကိုယ်တိုင် စစ်မှန်သော ရပ်တန့်မှု
- အခြားသူများက လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့အတွက် ဖယ်ရှားရန် လိုအပ်သော အတားအဆီးများ
- အခြားသူများက သူတို့မှာ မရှိအောင် ဖယ်ရှားရန် အားထားဖို့လိုသည့် ဆန့်ကျင်ဘက် အားများ။
ကြောက်ရွံ့မှုကို ဖြေရှင်းရန် ယာယီနည်းလမ်းများ
- ဘဝတွင် စိတ်ချရသော လမ်းကြောင်းဖြင့် အထက်ဖော်ပြပါ အဆင့်ခုနစ်ဆင့်အတိုင်း သွားနေကြောင်း အတည်ပြုပါ။
- ကင်ဆာရောဂါ စစ်ဆေးခြင်းကဲ့သို့ ကြောက်ရွံ့ဖွယ် အခြေအနေကို ရင်ဆိုင်ရသောအခါ ဖြစ်လာမည့် အဆိုးဆုံးကို စိတ်ကူးပြီး ထိုအခါ ဘာဖြစ်နိုင်သလဲ၊ မည်သို့ ဖြေရှင်းမလဲ စိတ်ကူးကြည့်ပါ။ ထိုအခါ မသိနိုင်သည့်အရာကို ကြောက်ရွံ့မှုအား ဖယ်ရှားပေးပါသည်။
- လေယာဉ်ခရီးစဉ်မီအောင် လေဆိပ်ကို အချိန်မီသွားခြင်းကဲ့သို့ တစ်ခုခု မဆောင်ရွက်မီ အခက်အခဲတစ်ခုခု ဖြစ်ပါက ရည်မှန်းချက် အောင်မြင်နိုင်မည့် အခြားနည်းလမ်း မရှိသည့် ကြောက်လန့်ဖွယ် အဖြစ်မျိုးမကြုံရအောင် ဖြေရှင်းနည်းများစွာ ကြိုတင်ပြင်ဆင်ထားပါ။
- ရှန်တီဒေဝ ဟောကြားသည့်အတိုင်း ကြောက်လန့်ဖွယ် အခြေနေတစ်ခုရှိနေပြီး ယင်းကိုမိမိက တစ်ခုခုဆောင်ရွက်နိုင်ပါက စိုးရိမ်မနေဘဲ ဆောင်ရွက်လိုက်ပါ။ ဘာမှ မဆောင်ရွက်နိုင်ပါက စိုးရိမ်နေလည်း အထောက်အကူ မပြုပါ။
- လွတ်မြောက်မှုသို့ သွားရာလမ်းတွင် ကြောက်ရွံ့မှုနှင့် မပျော်ရွှင်မှုတို့ ကြုံကြရမည် ဖြစ်သည့်အတွက် မိမိစိတ်သည် ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်းကျယ်ပြန့်သည်ဟု အာရုံစိုက်ရန် လိုပါသည်။ ကြောက်ရွံ့မှုနှင့် မပျော်ရွှင်မှုတို့ ဖြစ်လာပါက ပင်လယ်ထဲက ရေပွက်ပမာ မေ့ပျောက်လိုက်ပါ။ ရေပွက်သည် ပင်လယ်၏ တည်ငြိမ်သော ရေပြင်အနက်ကို နှောင့်ယှက်၍မရပါ။
- အပြုသဘော ကံအင်အား (ကုသိုလ်) များ လုံလောက်အောင် စုစည်းထားပါက နောင်ဘဝများတွင် တန်ဖိုးရှိသောလူ့ဘဝ ဆက်လက်ရရှိရန် ယုံကြည်ထားနိုင်ပါသည်။ ကြောက်ရွံ့မှုမှ အကောင်းဆုံး အကာအကွယ်မှာ မိမိကိုယ်ပိုင် ကံတရားဖြစ်ပါသည်။ သံသရာ၏ သဘောသဘာဝသည် အတက်အကျ ရှိသည်ကိုတော့ မမေ့ဖို့လိုပါသည်။
- ကြောက်ရွံ့ဖွယ် အခြေအနေရင်ဆိုင်ရပါက ဓမ္မအကာအကွယ် သို့မဟုတ် တာရာကဲ့သို့ ဗုဒ္ဓရုပ်ပုံ သို့မဟုတ် ဆေးဝါးကုသသော ဗုဒ္ဓတို့၏ အကူအညီကို တောင်းဆိုသည့် အစဉ်အလာ ဆောင်ရွက်ခိုင်းနိုင်သလို ကိုယ်တိုင်လည်း ဆောင်ရွက်နိုင်ပါသည်။ အဆိုပါပုဂ္ဂိုလ်များ ကျွန်ုပ်တို့အား ကယ်တင်နိုင်သော အလုံးစုံစွမ်းဆောင်သူများ မဟုတ်ပါ။ ၎င်းတို့၏ ဉာဏ်အလင်းရရှိသည့် လွှမ်းမိုးမှုကို မိမိကပွင့်လင်းစွာ မတောင်းဆိုပါက ရင့်ကျက်မည်မဟုတ်သော အတိတ်က အပြုသဘော ဆောင်ရွက်ချက်များမှ ကံစွမ်းအားများ ရင့်ကျက်လာရန် အခြေအနေများအဖြစ် ပြုမူဆောင်ရွက်နိုင်ပါသည်။ ပိုပြီးလုံခြုံသော သက်ရောက်မှုမှာ ၎င်းတို့၏ ဉာဏ်အလင်းရရှိသော လွှမ်းမိုးမှုက ထိုသို့မပြုလုပ်ပါက အောင်မြင်မှုကို တားဆီးသည့် ပြင်းထန်သော အတားအဆီးများအဖြစ် ရင့်ကျက်လာမည့် အတိတ်က အပျက်သဘော ဆောင်ရွက်ချက်များမှ ကံစွမ်းအားများက အသေးအဖွဲ အဆင်မပြေမှုများအဖြစ် ရင့်ကျက်လာရန် အခြေအနေများအဖြစ် ပြုမူဆောင်ရွက်နိုင်ပါသည်။ ဤနည်းဖြင့် အခက်အခဲများကို ကြောက်ရွံ့မည့်အစား ယင်းတို့ကို အပျက်သဘော ကံစွမ်းအားများ “ကုန်ဆုံးခြင်း” ဟု ကြိုဆိုလက်ခံနိုင်ပါသည်။
- ကျွန်ုပ်တို့၏ ဗုဒ္ဓသဘောသဘာဝကို ပြန်လည်အမှတ်ရပါ။ ကျွန်ုပ်တို့သည် ခက်ခဲပြီး ကြောက်ရွံ့ဖွယ် အခြေအနေများကို နားလည်ရန် (မှန်ကဲ့သို့ နက်နဲသော သတိရှိမှု)၊ ပုံစံများကို သဘောပေါက်ရန် (နက်နဲသော သတိရှိမှုကို ညီမျှစေမှု)၊ အခြေအနေ တစ်ခုချင်းကို တန်ဖိုးထားရန် (နက်နဲသော သတိရှိမှုကို တစ်ခုချင်းထားရှိမှု) နှင့် မည်သို့ဆောင်ရွက်ရမည်ကို သိရှိရန် (ဘာကိုမှ မဆောင်ရွက်နိုင်ကြောင်း သဘောပေါက်မှုလည်း ပါဝင်နိုင်သည်) (နက်နဲသော သတိရှိမှုကို ရရှိအောင်မြင်မှု) အခြေခံ နက်နဲသော သတိရှိမှုအဆင့်များ ရရှိထားပါသည်။ ကျွန်ုပ်တို့သည် အမှန်တကယ် ဆောင်ရွက်ရန် အခြေခံ စွမ်းအင်ကိုလည်း ရရှိထားပါသည်။
- ဗုဒ္ဓသဘောသဘာဝ ရှိခြင်းဖြင့် မိမိတွင် အရည်အသွေးကောင်း အားလုံး အပြည့်အစုံရှိသည်ဟု ဆိုလိုကြောင်း ပြန်အမှတ်ရပါ။ အနောက်တိုင်း စိတ်ပညာဝေါဟာရများအရ ဤအရည်အသွေးများသည် သိစိတ်ရော၊ မသိစိတ်ရော ဖြစ်နိုင်ပါသည် (ယင်းတို့ကို သတိရှိနိုင်သလို သတိမရှိဘဲလည်း ဖြစ်နိုင်ပါသည်။ ယင်းတို့သည် အဆင့်အမျိုးမျိုးအထိ မဖွံ့ဖြိုးသေးဘဲ ရှိနိုင်ပါသည်)။ ကျွန်ုပ်တို့သည် မသိစိတ် အရည်အသွေးများကို “အရိပ်” ကဲ့သို့ တစ်ခါတစ်ရံ မှန်းဆပါသည်။ မသိစိတ်ကို မသိနိုင်သည့်အတွက် ယင်းကိုသတိမပြုမိသည့် တင်းကျပ်မှုက မသိသောအရာကို ကြောက်ရွံ့မှုကဲ့သို့ ဖော်ပြပါသည်။ ထိုအခါ မိမိမသိနိုင်သော မသိစိတ် အရည်အသွေးများကို ကြောက်ရွံ့မှုအဖြစ် ဖော်ပြပါသည်။ ဤနည်းဖြင့် မိမိ၏ သိစိတ် အသိဉာဏ်ကို ဖော်ထုတ်နိုင်ပြီး မိမိ၏ မသိစိတ်မှ စိတ်ခံစားချက်ကို ငြင်းပယ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် စိတ်ခံစားချက်ကို အရိပ်တစ်ခုလို မှန်းဆကာ အလွန်စိတ်ခံစားလွယ်သူများကို ကြောက်ရွံ့လာနိုင်ပါသည်။ မိမိ၏ စိတ်ခံစားချက်ဘက်ကို ကြောက်ရွံ့လာပြီး မိမိခံစားချက်များနှင့် အဆက်ပြတ်သွားမည်ကို စိုးရိမ်လာနိုင်ပါသည်။ မိမိ၏ သိစိတ် စိတ်ခံစားချက်ဘက်ကို သိရှိကာ မိမိ၏ မသိစိတ် အသိဉာဏ်ဘက်ကို ငြင်းပယ်ပါက အသိဉာဏ်ဘက်ကို အရိပ်ကဲ့သို့ မှန်းဆပြီး အသိဉာဏ်ရှိသူများကို စိတ်အနှောင့်အယှက် ဖြစ်မိနိုင်ပါသည်။ တစ်ခုခု နားလည်အောင် ကြိုးစားရမည်ကို ကြောက်ရွံ့ပြီး အသိဉာဏ် ထုံထိုင်းည်ကို စိုးရိမ်လာနိုင်ပါသည်။ ထို့ကြောင့် နှစ်ဖက်စလုံးကို မိမိ၏ ဗုဒ္ဓသဘောသဘာဝ အစိတ်အပိုင်းများအဖြစ် မိမိတွင် အပြည့်အစုံရှိသည်ဟု ပြန်အမှတ်ရဖို့ လိုပါသည်။ နှစ်ဘက်စလုံးက အတူတကွ ထွေးပွေ့သည်ကို တန္တရနည်းဖြင့် မြင်ယောင်မှုကဲ့သို့ မြင်ယောင်ကြည့်နိုင်ပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် တစ်ဖက်တည်းသာ မဟုတ်ဘဲ မောင်နှံ နှစ်ဖက်စလုံး ပြည့်စုံသည်ဟု ခံစားလိုက်ပါ။
- ကျွန်ုပ်တို့၏ ဗုဒ္ဓသဘောသဘာဝ အခြားအစိတ်အပိုင်းများကို ပြန်အမှတ်ရပါ။ ယင်းမှာ စိတ်၏ သဘောသဘာဝသည် သဘာဝအားဖြင့် ကြောက်ရွံ့မှု အားလုံးမှ ကင်းလွတ်ပြီး ကြောက်ရွံ့မှု ကြုံရသည်မှာ အပေါ်ယံ ယာယီအခြေအနေသာ ဖြစ်ပါသည်။
- ဗုဒ္ဓသဘောသဘာဝ နောက်ထပ်အစိတ်အပိုင်းတစ်ခုကို ပြန်အမှတ်ရပါ။ ယင်းမှာ ကြောက်ရွံ့ဖွယ် အခြေအနေများကို ရင်ဆိုင်ရန် သတ္တိကို အခြားသူများထံမှ စိတ်ဓာတ်တွန်းအား ရနိုင်ပါသည်။
အကျဉ်းချုပ်
ကြောက်ရွံ့မှု ကြီးစိုးနေသောအခါ ယင်းကိုဖြေရှင်းရန် ဤနည်းလမ်းများကို အမှတ်ရပါက တည်ငြိမ်မှုရရှိလာနိုင်ပြီး ကြောက်ရွံ့ဖွယ်ဟု ထင်ရသော မည်သည့်အခြေအနေကိုမဆို လက်တွေ့ကျသောနည်းဖြင့် ဖြေရှင်းလာနိုင်ပါမည်။