အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြစ်သည့် မနာလိုမှုကို ဖြေရှင်းခြင်း

07:08
အခြားသူများ၏ အောင်မြင်မှုကို သည်းမခံနိုင်ခြင်းမှသည် မိမိတွင်ထိုသို့ဖြစ်လျှင် ကောင်းမည်ဟု ဖြစ်လိုစိတ်အထိ မနာလိုမှုအမျိုးမျိုး ရှိပါသည်။ အခြားသူထံတွင် ရှိသောအရာကို တပ်မက်ကာ မိမိကိုယ်တိုင် ပိုင်ဆိုင်လိုသည်။ သူတို့ထံတွင် မရှိစေလိုသောစိတ်လည်း ပါဝင်နိုင်ပါသည်။ ပြိုင်ဆိုင်မှု ပါဝင်နိုင်သလို မိမိကိုယ်ကို လုံးဝ “အရှုံးသမား” ဖြစ်ပြီး အခြားသူများကို လုံးဝ “အောင်နိုင်သူများ” ဟု နှစ်ခွတွေးတောမှုလည်း ဖြစ်နိုင်ပါသည်။ ဤအရာအားလုံး၏ အကြောင်းခံမှာ မိမိကိုယ်ကို အစွဲကြီးမှုဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် ဤအစိတ်အပိုင်းအားလုံးကို လေ့လာဆန်းစစ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ပယ်ဖျက်ကာ မိမိထံတွင်မရှိအောင် ဖယ်ရှားရှင်းလင်းရန်အတွက် အဆင့်မြင့်နည်းလမ်းများကို ပေးထားပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ (နျို-မုန်၊ သက္ကတဘာသာဖြင့် ကိလေသာ၊ ဒုက္ခပေးသော စိတ်ခံစားချက်များ) ကိုကျွန်ုပ်တို့အားလုံး ကြုံတွေ့ရပါသည်။ ယင်းတို့ရှိနေလျှင် စိတ်ငြိမ်းချမ်းမှု ပျောက်ဆုံးကာ မိမိကိုယ်ကို ထိန်းချုပ်မှုမရအောင် အစွမ်းအစ မဲ့သွားစေပါသည်။ အတွေ့များသော နမူနာများမှာ လောဘ၊ တဏှာ၊ ရန်လိုမှု၊ ဒေါသ၊ ဣဿာမစ္ဆရိယ မနာလိုမှုတို့ ဖြစ်ပါသည်။ ယင်းတို့သည် စိတ်၏စေ့ဆော်မှု (ကံ) အမျိုးမျိုးကို ပေါ်ထွက်စေကာ အပျက်သဘော အပြုအမူ ဖြစ်စေလေ့ရှိပါသည်။ ထိုစေ့ဆော်မှုများသည် အခြားသူများကိုဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ အပျက်သဘောနည်းဖြင့် ပြုမူစေနိုင်ပါသည်။ ထိုအခါ အခြားသူများနှင့် မိမိအတွက်ပါ ပြဿနာများနှင့် ဆင်းရဲဒုက္ခများ မလွှဲမရှောင်သာ ဖန်တီးမိပါတော့သည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များစွာ ရှိပါသည်။ ယဉ်ကျေးမှုတိုင်းက မိမိအသိုင်းအဝိုင်းမှ လူအများစု ကြုံရလေ့ရှိသော စိတ်ခံစားချက် အတွေ့အကြုံများအတွက် စိတ်ဖြင့် မပီပြင်သော ပိုင်းခြားမှု ရှိပါသည်။ ထို့နောက် ၎င်းကိုအမျိုးအစား ဖော်ပြသတ်မှတ်ချက်အချို့ ဆုံးဖြတ်ကာ ထိုအမျိုးအစားကို အမည်ပေးထားပါသည်။ ယဉ်ကျေးမှုတိုင်းသည် အတွ့များသော စိတ်ခံစားချက် အတွေ့အကြုံ အမျိုးမျိုးနှင့် ၎င်းတို့ကိုဖော်ပြရန် သတ်မှတ် လက္ခဏာရပ်များကို ရွေးချယ်ကာ ဤနည်းဖြင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် အမျိုးအစားများ စုစည်းထားပါသည်။

ယဉ်ကျေးမှုအသီးသီးက သတ်မှတ်ထားသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် အမျိုးအစားများသည် တစ်ခုနှင့်တစ်ခု အတိအကျ မတူပါ။ အကြောင်းမှာ စိတ်ခံစားချက်ကို အဓိပ္ပာယ် သတ်မှတ်ချက်က အနည်းငယ် ကွဲပြားသောကြောင့် ဖြစ်ပါသည်။ ဥပမာ၊ သက္ကတဘာသာနှင့် တိဘက်ဘာသာတွင် “မနာလိုမှု” (သက္ကတဘာသာဖြင့် ဣဿာ၊ တိဘက်ဘာသာဖြင့် ဖရန်-ဒုန်) ဟုဘာသာပြန်သော စကားလုံး ရှိပါသည်။ အနောက်တိုင်း ဘာသာစကား အများစုတွင်လည်း စကားလုံးနှစ်မျိုးရှိပါသည်။ အင်္ဂလိပ်ဘာသာတွင် “မနာလိုမှု” နှင့် “အားကျမှု” တို့ရှိသလို ဂျာမန်ဘာသာတွင် ဥပမာအားဖြင့် “Eifersucht” နှင့် “Neid” တို့ရှိပါသည်။ အင်္ဂလိပ်ဘာသာ စကားလုံး နှစ်ခုအကြား ကွာခြားချက်မှာ ဂျာမန်ဘာသာ စကားလုံးနှစ်ခု၏ ကွဲခြားချက်နှင့် အတိအကျမတူပါ။ သက္ကတဘာသာနှင့် တိဘက် ဘာသာတို့တွင်လည်း ထိုဝေါဟာရများသည် အတိအကျ မတူညီပါ။ အနောက်တိုင်းသားများအနေနှင့် ကျွန်ုပ်တို့သည် မိမိကိုယ်ပိုင် ယဉ်ကျေးမှုနှင့် ဘာသာစကားများက သတ်မှတ်သော အမျိုးအစားများဖြင့် ချမှတ်သည့် ဤယေဘုယျ အမျိုးအစားတွင် စိတ်ခံစားချက် ပြဿနာများ ကြုံရပါက ယင်းတို့ကိုကျော်လွှားရန် ဗုဒ္ဓဘာသာ နည်းလမ်းများကို လေ့လာနိုင်ပါသည်။ ယင်းတို့ကို ဗုဒ္ဓဘာသာတွင် သတ်မှတ်သည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် အမျိုးမျိုး ပေါင်းစုမှုအဖြစ် ယူဆပုံဖော်ရင်း မိမိစိတ်ခံစားချက်များကို ဝေဖန်ပယ်ရှားရန် လိုနိုင်ပါသည်။

ဤနေရာတွင် “မနာလိုမှု” ဆိုသည့် ဗုဒ္ဓဘာသာ ဝေါဟာရသည် အစဉ်အလာ အဓိပ္ပာယ်နှင့် ပိုမိုနီးစပ်သည့်အတွက် ယင်းကိုလေ့လာပါမည်။ ဆက်ဆံရေးတွင် မနာလိုမှု အကြောင်းကို “အရေးကြီးအချက်များ” ကဏ္ဍတွင် သီးခြားဆွေးနွေးထားပါသည်။ 

မနာလိုမှု ဆိုတာဘာလဲ။

“မနာလိုမှု” သည် ရန်လိုမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဗုဒ္ဓဘာသာကျမ်းစာများတွင် အမျိုးအစားခွဲခြားပါသည်။ မိမိ၏ပိုင်ဆိုင်မှု သို့မဟုတ် မိမိရရှိသော လေးစားခံရမှုတို့ကို အလွန်အကျွံ တွယ်တာသည့်အတွက် “အခြားသူ၏ အရည်အသွေးကောင်းများ၊ ပိုင်ဆိုင်မှု သို့မဟုတ် အောင်မြင်မှုများစသည့် ဆောင်ရွက်ချက်များကို အာရုံစိုက်သည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်” ဟု အဓိပ္ပာယ်သတ်မှတ်ထားပါသည်။

တွယ်တာမှုဆိုသည်မှာ ဤနေရာတွင် မိမိမှာမရှိဘဲ အခြားသူများ ရရှိထားသော ဘဝနယ်ပယ်အချို့ကို အာရုံစိုက်သည်ဟု ဆိုလိုကာ ယင်း၏အပြုသဘောအပိုင်းများကို ချဲ့ကားလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့စိတ်တွင် ဤနယ်ပယ်သည် ဘဝ၏အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လာကာ ယင်းအပေါ် မိမိ၏တန်ဖိုးထားမှုကို အခြေခံပါသည်။ “ငါ” ဟုစွဲလမ်းတွယ်တာသည့် အစွဲကြီးမှုဟု နားလည်နိုင်ပါသည်။ ထို့ကြောင့် ဤနယ်ပယ်တွင် “မိမိ၏ပိုင်ဆိုင်မှု သို့မဟုတ် မိမိရရှိသော လေးစားခံရမှုကို တွယ်တာပါသည်”။ ဥပမာအားဖြင့် မိမိမှာရှိသည့် ငွေကြေး သို့မဟုတ် မိမိ၏ရုပ်အဆင်းကို အစွဲကြီးနိုင်ပါသည်။ ရန်လိုမှုအပိုင်းအနေနှင့် ဤတွယ်တာမှုတွင် မနာလိုမှုက ဤနယ်ပယ်၌ အခြားသူများ ရရှိထားမှုကို အပြင်းအထန် နောင်တရမှု ပေါင်းထည့်လိုက်ပါသည်။ ဤသည်မှာ သူတို့ရရှိထားသည်ကို ပျော်ရွှင်ကြည်နူးမှု ခံစားရခြင်း၏ ဆန့်ကျင်ဘက် ဖြစ်ပါသည်။

မနာလိုမှုတွင် မိမိထက်သာသည်ဟု ယုံကြည်သူ တစ်ယောက်ကို ရန်လိုမှုအပိုင်းလည်း တစ်ခါတစ်ရံ ပါဝင်တတ်ပါသည်။ အသာစီးရမှုမှာ မှန်ချင်မှ မှန်နိုင်သော်လည်း မည်သို့ဖြစ်စေကာမူ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုနှင့် မိမိမှာ မရှိသောအရာကို အစွဲကြီးနေမိပါသည်။

ထို့ပြင် ဗုဒ္ဓဘာသာတွင် သတ်မှတ်ထားသည့် မနာလိုမှုတွင် အင်္ဂလိပ်စာလုံး “အားကျမှု” ၏ တစ်စိတ်တစ်ပိုင်း ပါဝင်ပါသည်။ အင်္ဂလိပ်အယူအဆက အနည်းငယ် ပိုနေသည်မှာ ဗုဒ္ဓဘာသာမှ  “တပ်မက်မှု” ကိုပေါင်းထည့်ထားပါသည်။ တပ်မက်မှုသည် “အခြားတစ်ယောက်ယောက်က ပိုင်ဆိုင်သော တစ်ခုခုကို စွဲလမ်းလိုချင်မှု” ဖြစ်ပါသည်။ ထို့ကြောင့် အင်္ဂလိပ်ဘာသာမှ “အားကျမှု” ဆိုသည့် အဓိပ္ပာယ်သည် “အခြားတစ်ယောက်က ခံစားနေရသော အားသာမှုကို နာကျင်စွာ သို့မဟုတ် နောင်တရစွာ သတိထားမိပြီး ထိုခံစားမှုမျိုး ခံစားလိုစိတ် ပါဝင်ပါသည်။” တစ်နည်းဆိုသော် မနာလိုမှုဆိုသည်မှာ ဗုဒ္ဓဘာသာက ထောက်ပြသည့်အတိုင်း ဘဝနယ်ပယ်တစ်ခု၏ အရေးပါမှုကို ပုံကြီးချဲ့မိသော အခြားသူမျာ၏ အောင်မြင်မှုကို မမြင်ရက်နိုင်သည့်အပြင် ထိုအောင်မြင်မှုများကို မိမိလည်းရရှိလိုစိတ် ရှိနေပါသည်။ ဤနယ်ပယ်တွင် မိမိက အားနည်းနိုင်၊ ချို့တဲ့နိုင်သလို ယင်းကို လုံလောက်အောင် ရှိနေနိုင်၊ သာမန်ထက် ကျော်လွန်နေနိုင်ပါသည်။ မနာလိုဖြစ်ပြီး ပိုမိုလိုချင်ပါက ကျွန်ုပ်တို့၏ တပ်မက်မှုသည် လောဘဖြစ်လာပါသည်။ မနာလိုမှုသည် အမြဲတမ်းမဟုတ်သော်လည်း တစ်ခါတစ်ရံ အခြားသူများကို သူတို့ရရှိထားသည်များ ပပျောက်စေလိုပြီး သို့မှသာမိမိက ရရှိနိုင်မည်ဆိုသည့် နောက်ထပ်ဆန္ဒလည်း ပါဝင်တတ်ပါသည်။ ဤသို့ဆိုလျှင် ပျက်စီးစေလိုမှုဆိုသည့် နောက်ထပ်စိတ်ခံစားချက်ပင် ရှိနိုင်ပါသည်။

တပ်မက်မှုနှင့်အတူ မနာလိုမှုသည် ယှဉ်ပြိုင်မှု ဖြစ်လာပါသည်။ ထို့ကြောင့် ထရွန်ပ ယင်းပိုချီက မနာလိုမှုသည် ကျွန်ုပ်တို့အား အလွန်ပြိုင်ဆိုင်မှု ဖြစ်စေပြီး အခြားသူများ သို့မဟုတ် မိမိကိုယ်ကို အရူးအမူး သာလွန်အောင် ဆောင်ရွက်စေသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြစ်သည်ဟု ဆွေးနွေးထားပါသည်။ ၎င်းသည် “ကံမိသားစု” ဆိုသည့် အားကောင်းသော ဆောင်ရွက်ချက်နှင့် ဆက်စပ်ပါသည်။ အခြားသူများ ရရှိထားသည်ကို မနာလိုမှုဖြစ်သည့်အတွက် မိမိလက်အောက်မှ အခြားသူများကို ပိုမို၍ တွန်းအားပေးပါသည်။ ဥပမာအားဖြင့် စီးပွားရေး သို့မဟုတ် အားကစားတွင် အလွန်အမင်း ပြိုင်ဆိုင်မှုမျိုး ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတွင် မနာလိုမှု ဆိုသည်မှာ မြင်းတစ်ကောင်နှင့်တူသည်ဟု ဆိုပါသည်။ ၎င်းသည် အခြားမြင်းများကို မနာလိုမှုဖြင့် ယှဉ်ပြိုင်ပါသည်။ အခြားမြင်းတစ်ကောင်က ပိုမြန်အောင် ပြေးသည်ကို မမြင်တွေ့လိုပါ။

မနာလိုမှုနှင့် ပြိုင်ဆိုင်မှု

ဗုဒ္ဓဘာသာတွင် မနာလိုမှုသည် ပြိုင်ဆိုင်မှုဖြစ်စေသည်ဟု မဆိုလိုသော်လည်း ပြိုင်ဆိုင်မှုနှင့် အလွန်နီးကပ်စွာ ဆက်စပ်နေသည်မှာ မှန်ပါသည်။ တစ်စုံတစ်ယောက်သည် အခြားသူများကို မနာလိုမှုဖြစ်ပြီး မိမိကိုယ်ကို တန်ဖိုးထားမှု နည်းသဖြင့် ပြိုင်ဆိုင်ရန် မကြိုးစားဘဲရှိနိုင်ပါသည်။ ထို့အတူ အပြိုင်အဆိုင်ကြောင့် မနာလိုမှုဖြစ်စေသည်မဟုတ်ပါ။ အချို့သူများက အားကစားတွင် အပန်းဖြေရန်နှင့် အခြားသူများကို လိုက်ပါဆောင်ရွက်ရန် အမှတ်ယူလိုစိတ်ပင် မရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်လိုကြပါသည်။

ဗုဒ္ဓဘာသာတွင် မနာလိုမှုနှင့် ပြိုင်ဆိုင်မှုကို ခြားနားစွာ ဆက်သွယ်ထားပါသည်။ ဥပမာအားဖြင့် ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း တွင် အိန္ဒိယဆရာတော်ကြီး ရှန်တီဒေဝက မနာလိုမှုမှာ အနေအထားမြင့်မားသူများနှင့် လည်းကောင်း၊ ပြိုင်ဆိုင်မှုသည် တန်းတူဖြစ်သူများနှင့် လည်းကောင်း၊ မောက်မာမှုသည် အနေအထား နိမ့်ကျသူများနှင့် လည်းကောင်း ဖြစ်ပေါ်သည်ဟု ဆွေးနွေးထားပါသည်။ သူ၏ဆွေးနွေးချက်မှာ သက်ရှိအားလုံးကို တန်းတူရှုမြင်ရန် သင်ယူရမည့် အဆက်အစပ်ဖြင့် ဖြစ်ပါသည်။

ဤနေရာတွင် ဗုဒ္ဓဘာသာက ဖြေရှင်းပေးသည့် ပြဿနာမှာ ထိုသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သုံးခုစလုံး၏ အကြောင်းခံဖြစ်သော “ငါ” က သီးသန့်ထူးခြားသည်ဆိုသည့် ခံစားချက်ဖြစ်သည်။ ဘဝတွင် ရှေ့ရောက်ခြင်းကဲ့သို့ သီးခြားကိစ္စတစ်ခုကို “ငါ” တစ်ဦးတည်းကသာ ဆောင်ရွက်ဖို့ထိုက်တန်သည်ဟု တွေးတော ခံစားမိပါက တစ်ယောက်ယောက် အောင်မြင်သွားပါက မနာလိုမှုဖြစ်ပြီး ပြိုင်ဆိုင်လိုစိတ် ဖြစ်လာပါသည်။ ကျွန်ုပ်တို့သည် အတော်အသင့် အောင်မြင်နေသည့်တိုင် ထိုသူထက် သာလွန်ရမည်ဟု ခံစားရသည်။ ဤနေရာတွင် မနာလိုမှုသည် “ငါ” ဆိုသည့် ပြင်းထန်သော ခံစားချက်ဖြစ်ပြီး မိမိတစ်ဦးတည်းကိုသာ ပြင်းထန်စွာ အစွဲကြီးမှု ဖြစ်ပါသည်။ အခြားသူများကို မိမိကဲ့သို့ ထည့်မစဉ်းစားတော့ပါ။ မိမိသာလျှင် အထူးသီးသန့် ဖြစ်သည်ဟု တွေးလာပါသည်။

ဤသို့သော မနာလိုမှု၊ ပြိုင်ဆိုင်မှုနှင့် မောက်မာမှု အမျိုးအစားများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် မပျော်ရွှင်မှုတို့အတွက် ဗုဒ္ဓဘာသာက ပေးထားသည့်ဖြေဆေးမှာ “ငါ” နှင့် “သင်” ဆိုသည့် နောက်ခံမှားယွင်းမှုကို ကုစားဖို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အားလုံးကို တူညီသည်ဟု သဘောပေါက်ဖို့ လိုပါသည်။ အားလုံးမှာ အခြေခံ အစွမ်းအစများ အတူတူ ရှိကြပြီး တစ်နည်းဆိုသော် အားလုံးမှာ ဉာဏ်အလင်းရရှိမှုအတွက် အစွမ်းအစများဖြစ်သည့် ဗုဒ္ဓသဘောသဘာဝ ရှိကြပါသည်။ ထို့ပြင် အားလုံးမှာ အောင်မြင်ပျော်ရွှင်လိုပြီး ကျရှုံးဝမ်းနည်းခြင်း မဖြစ်လိုသည်မှာ တူညီပါသည်။ အားလုံးမှာ ပျော်ရွှင်ခွင့်၊ အောင်မြင်ခွင့် ရှိပြီး ဝမ်းနည်းမှု၊ ကျရှုံးမှုတို့ မဖြစ်ပိုင်ခွင့်လည်း ရှိပါသည်။ ဤအတွက်ကြောင့် “ငါ” နှင့်ပတ်သက်၍ ဘာမှမထူးခြားတော့ပါ။ ဗုဒ္ဓဘာသာက အားလုံးကို အညီအမျှ ပျော်ရွှင်စေလိုသည့် မေတ္တာကိုလည်း သင်ကြားထားပါသည်။

အားလုံးကို ဗုဒ္ဓသဘောသဘာဝနှင့် မေတ္တာတို့ဖြင့် ညီတူညီမျှ ရှုမြင်တတ်လာသောအခါ ကျွန်ုပ်တို့သည် မိမိထက်ပိုပြီး အောင်မြင်သူ၊ မိမိမအောင်မြင်သလို အောင်မြင်သူတစ်ယောက်ယောက်ကို ဆက်စပ်ပုံမှာ ပွင့်လင်းလာပါသည်။ ကျွန်ုပ်တို့သည် အားလုံးကို ပျော်ရွှင်စေလိုသည့်အတွက် သူ၏အောင်မြင်မှုကို ပီတိဖြစ်လာပါသည်။ တန်းတူဖြစ်သူ များကိုလည်း သူတို့နှင့် ယှဉ်ပြိုင်ကာ အနိုင်ယူဖို့ ကြိုးစားမည့်အစား သူတို့အောင်မြင်အောင် ကြိုးစားကူညီလာပါသည်။ မိမိလောက် မအောင်မြင်သူများကိုလည်း သူတို့ထက် သာသည့်အတွက် ကျေနပ်ကာ မောက်မာမည့်အစား သူတို့အဆင်ပြေအောင် ကြိုးစားကူညီလာပါသည်။

မနာလိုမှုနှင့် ပြိုင်ဆိုင်မှုကို ယဉ်ကျေးမှုအရ အားဖြည့်ခြင်း

ကျွန်ုပ်တို့၏ အလိုလိုပေါ်လာသည့် မနာလိုမှုနှင့် ပြိုင်ဆိုင်မှုများကို အနောက်တိုင်း ယဉ်ကျေးမှု တန်ဖိုးအချို့က ခိုင်မာအောင် တန်ဖိုးထား အားဖြည့်ပေးသည့်အခါ ယခုအကြံပြုထားသော ဗုဒ္ဓဘာသာ နည်းစနစ်များမှာ အလွန်ပင် အဆင့်မြင့်ပြီး အထူးခက်ခဲပါသည်။ တကယ်တော့ ကလေးအားလုံးနီးပါသည် အလိုလို အောင်မြင်လိုကြပြီး ရှုံးနိမ့်သောအခါ ငိုကြွေးကြပါသည်။ သို့သော် ထိုမျှသာမက အနောက်တိုင်း ယဉ်ကျေးမှုများက အရင်းရှင်စနစ်ကို ဒီမိုကရေစီလူ့အသိုင်းအဝိုင်း၏ သဘာဝအရ အကောင်းဆုံးပုံစံ ဖြစ်သည်ဟု သင်ကြားထားပါသည်။ ထိုနောက်ခံ အကြောင်းရင်းမှာ အကြံ့ခိုင်ဆုံးသူက ရှင်သန်နိုင်မှု သီအိုရီဖြစ်ပြီး ရှင်သန်မှုအတွက် အခြေခံတွန်းအားမှာ ဥပမာအားဖြင့် မေတ္တာနှင့် ကရုဏာမဟုတ်ဘဲ ပြိုင်ဆိုင်မှုဖြစ်သည်ဟု သတ်မှတ်လိုက်ပါသည်။ ထို့ပြင် အနောက်တိုင်း ယဉ်ကျေးမှုများတွင် အောင်မြင်မှုနှင့် အနိုင်ရရှိမှု အရေးကြီးပုံကို အပြိုင်အဆိုင် အားကစားများကို စွဲလမ်းမှု၊ အတော်ဆုံး အားကစားသမားများမှင့် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူများကို ဂုဏ်ပြုမှုတို့ဖြင့် အားဖြည့်ပေးထားပါသည်။

ထို့ပြင် ဒီမိုကရေစီနှင့် မဲပေးမှု နိုင်ငံရေးစနစ်တစ်ခုလုံးက ပြိုင်ဆိုင်မှုပါဝင်ပြီး အုပ်ချုပ်ရန်အတွက် ယှဉ်ပြိုင်သူများသည် မိမိက ပြိုင်ဘက်များထက် မည်မျှကောင်းမွန်သည်ကို လူသိများအောင် ကမ်းလှမ်း၊ အဆိုပြုကြရပါသည်။ အနောက်တိုင်းတွင် ကျင့်သုံးလေ့ရှိသည့်အတိုင်း မဲဆွယ်မှုသည် ပြိုင်ဘက်ယှဉ်ပြိုင်သူများ၏ အားနည်းချက်မှန်သမျှကို အပြင်းအထန် ကြိုးစားရှာဖွေကာ သူတို့၏ပုဂ္ဂိုလ်ရေးဘဝကိုလည်း အချိုးအစားမမျှအောင် ပုံကြီးချဲ့ပြီး ထိုသူအား အမှတ်လျော့သွားအောင် ကျယ်ကျယ်ပြန့်ပြန့် လူသိများဖို့ ပြုလုပ်ပါသည်။ မနာလိုမှု၊ ပြိုင်ဆိုင်မှုတို့တွင် အခြေခံသည့် ဤအပြုအမူမျိုးကို အားပေးထိုက်ပြီး မျှတသည်ဟု အတော်များများကလည်း ရှုမြင်ပါသည်။ ဤနေရာတွင် “မလိုမုန်းထားမှု” ကို ဗုဒ္ဓဘာသာအရ ဘာသာပြန်ထားသည်မှာ “မနာလိုမှု” ထက် ပိုမိုသင့်တော်ပါသည်။ စိတ်ခံစားချက်ပုံစံကတော့ အတူတူပင် ဖြစ်ပါသည်။

တစ်ဖက်တွင်မူ အခြားသူများကို တန်ဖိုးမထားဘဲ မိမိကသူတို့ထက် သာသည်ဟု ပြောသူများကို တိဘက်အသိုင်းအဝိုင်းက ရှုတ်ချပါသည်။ အပျက်သဘော စရိုက်လက္ခဏာ ဖြစ်သည်ဟု ယူဆပါသည်။ တကယ်တော့ ဗောဓိသတ္တ ကတိကဝတ် ပထမအချက်မှာ မိမိကိုယ်ကို လုံးဝမချီးကျူးရန်နှင့် မိမိထက် နိမ့်ကျသူများကို သေးသိမ်အောင် မပြုလုပ်ရန်ဖြစ်ပြီး ဤနေရာတွင် မဲပေးသူများအား အဆိုပါစကားလုံးများဖြင့် ကြော်ငြာခြင်း ပါဝင်နိုင်ပါသည်။ ထိုအတွက် စိတ်ဓာတ် စေ့ဆော်မှုမှာ ပြောဆိုသူများဘက်မှဆိုလျှင် အကျိုးအမြတ်၊ ချီးမွမ်းမှု၊ ချစ်ခင်မှု၊ လေးစားမှု စသည်တို့ ရလိုမှု ဖြစ်ပြီး ပြောဆိုခံရသူများဘက်ကို မနာလိုမှု ဖြစ်ပါသည်။ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ပြောဆိုပါက ထိုအတိုင်း အတူတူပင် ဖြစ်ပါသည်။ သို့သော် မိမိကိုယ်ကို ပြောဆိုသောအခါ “ကျွန်တော့်မှာ အရည်အချင်းကောင်း မရှိပါဘူး။ ဘာမှလည်း မသိပါဘူး” ဟု အလွန်အကျွံ နှိမ့်ချ ပြောဆိုသည်ကို အားပေးထိုက်သည်ဟု ယူဆပါသည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် မဲဆွယ်မှုမှာ ပုံမှန်အနောက်တိုင်းပုံစံဖြင့် ကျင့်သုံးပါက တိဘက်အသိုင်းအဝိုင်းတွင် လုံးဝအစိမ်းသက်သက်ဖြစ်ကာ အလုပ်မဖြစ်ပါ။

အစိုးရဖွဲ့ရန် ယှဉ်ပြိုင်လိုသည်ဟု ပြောလျှင်ပင် မောက်မာပြီး အများအကျိုးဆောင်လိုစိတ် မပါသော သံသယဖြစ်ဖွယ် လက္ခဏာဟု ယူဆရပါသည်။ တစ်ခုတည်းသော ညှိနှိုင်းမှုမှာ ယှဉ်ပြိုင်သူများ၏ ကိုယ်စားလှယ်များသာ ဖြစ်နိုင်ပြီး ယှဉ်ပြိုင်သူများကိုယ်တိုင် မဖြစ်နိုင်ပါ။ ယှဉ်ပြိုင်သူများ၏ ကိုယ်စားလှယ်များက ယှဉ်ပြိုင်သူများ၏ အရည်အသွေး ကောင်းများနှင့် အောင်မြင်မှုများကိုသာပြောဆိုပြီး အစိုးရဖွဲ့နိုင်အောင် ပြိုင်ဘက်များ၏ အောင်မြင်မှုများနှင့် မနှိုင်းယှဉ်ဘဲ သူတို့အကြောင်းကို မကောင်းမပြောခြင်း ဖြစ်ပါသည်။ သို့သော် ဤသို့ဆောင်ရွက်လေ့ မရှိပါ။ မြင့်မြတ်သော မိသားစုများ သို့မဟုတ် ပြန်ဝင်စားသော လားမားများစသည့် နာမည်ကြီး ယှဉ်ပြိုင်သူများကို များသောအားဖြင့် အမည်စာရင်း တင်သွင်းကြပြီး သူတို့ယှဉ်ပြိုင်လိုသလား ဆိုသည်ကိုပင် မေးမနေကြပါ။ သူတို့ကအစိုးရဖွဲ့ရန် မယှဉ်ပြိုင်လိုကြောင်း ပြောပါက နှိမ့်ချသည့်လက္ခဏာဟု ယူဆပါသည်။ အကြောင်းမှာ ချက်ချင်း “ဟုတ်ကဲ့” ဟုပြောပါက အာဏာအတွက် မောက်မာမှုနှင့် လောဘရှိသည်ကို ဖော်ပြသည့်အတွက် ဖြစ်ပါသည်။  အမည်စာရင်း တင်သွင်းခံရသူ တစ်ယောက်က ငြင်းပယ်ရန် မဖြစ်နိုင်သလောက် ဖြစ်ပါသည်။ ထို့နောက် မဲဆွယ်မစည်းရုံးကြဘဲ မဲပေးကြပါသည်။ နာမည်အကြီးဆုံးလူကို မဲပေးကြလေ့ ရှိပါသည်။

ထို့ကြောင့် အခြားသူများ၏ အောင်မြင်မှုကို ပီတိဖြစ်သည့် ဗုဒ္ဓဘာသာ နည်းလမ်းနှင့် အခြားသူများကို အောင်မြင်မှုပေးပြီး မိမိက ရှုံးနိမ့်မှုကို လက်ခံသည့် ပို၍အားကောင်းသော နည်းတို့သည် အရင်းရှင်စနစ်၏ ကောင်းကျိုးများနှင့် မဲဆွယ်စည်းရုံးသည့် အနောက်တိုင်း ဆန္ဒမဲစနစ်ကို အခိုင်အမာ ယုံကြည်သည့် အနောက်တိုင်းသားများအတွက် အသင့်တော်ဆုံး ထိပ်တန်းကုထုံး မဖြစ်နိုင်ပါ။ ကျွန်ုပ်တို့ အနောက်တိုင်းသားများသည် အလိုအလျောက် ပေါ်ထွက်လာသော ပုံစံများကို မဖြေရှင်းမီ မိမိ၏ယဉ်ကျေးမှု တန်ဖိုးများ၏ မှန်ကန်မှုကို ပထမဦးစွာ ပြန်လည် အကဲဖြတ်ရန်နှင့် ထိုတန်ဖိုးများကို လက်ခံရာမှ ပေါ်ထွက်လာသည့် မလိုမုန်းထားမှု၊ မနာလိုမှုနှင့် ပြိုင်ဆိုင်မှုတို့၏ တရားတော် အခြေခံ ပုံစံများကို ဖြေရှင်းရန် လိုပါသည်။

အနောက်တိုင်း ယဉ်ကျေးမှုကို အခြေခံသည့် မလိုမုန်းထားမှု၊ မနာလိုမှုနှင့် ပြိုင်ဆိုင်မှုတို့၏ နှိုင်းယှဉ်မှုကို မြင်တွေ့နိုင်သည့် နမူနာတစ်ခုမှာ အိန္ဒိယဈေးကွက် ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် အဝတ်အထည် ဈေးကွက်၊ ကျောက်မျက်ရတနာ ဈေးကွက်၊ ဟင်းသီးဟင်းရွက် ဈေးကွက် စသည်ဖြင့် ရှိပါသည်။ ဈေးကွက်တိုင်းတွင် ဈေးတန်းနှင့် ဆိုင်တန်းများစွာ တစ်ခုနှင့်တစ်ခု ကပ်လျှက် ရှိပါသည်။ အားလုံးက တစ်မျိုးတည်းကို ရောင်းနေပါသည်။ ဆိုင်ရှင်အများစုမှာ အချင်းချင်း မိတ်ဆွေဖြစ်ကြပြီး သူတို့ဆိုင်အပြင်ဘက်တွင် လက်ဖက်ရည် အတူသောက်လေ့ရှိပါသည်။ သူတို့၏ သဘောထားမှာ မိမိဈေးဆိုင် ရောင်းကောင်းခြင်း၊ မကောင်းခြင်းမှာ မိမိ၏ကံအတိုင်း ဖြစ်ပါသည်။

မနာလိုမှု၏ နောက်ကွယ်မှ လှည့်ဖြားတတ်သောပုံစံများ

လေ့လာခဲ့သည့်အတိုင်း မနာလိုမှုသည် နယ်ပယ်တစ်ခု၏ အရေးပါမှုကို ပုံကြီးချဲ့မိသော အခြားသူများ၏ အောင်မြင်မှုကို မမြင်ရက်နိုင်ခြင်း ဖြစ်ပါသည်။ ဥပမာ သူတို့၏ ငွေကြေးအောင်မြင်မှု ဖြစ်ပါသည်။ ယင်းကို မနာလိုသည့်အတွက် ကျွန်ုပ်တို့သည် ယင်းကိုရရှိလိုစိတ် ဖြစ်လာပါသည်။ ထိုသို့နောက်တစ်မျိုး ဖြစ်တတ်သည်မှာ တစ်စုံတစ်ယောက်က တစ်ယောက်ယောက်ထံမှ မေတ္တာ၊ ချစ်ခင်မှုစသည့် တစ်ခုခု ရရှိသောအခါ ဖြစ်သည်။ ယင်းကို မိမိလည်း ရရှိလိုစိတ် ဖြစ်လာပါသည်။

ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြစ်သည့် မနာလိုမှုသည် လှည့်ဖြားတတ်သော ပုံစံနှစ်မျိုးမှ ပေါ်ထွက်လာပါသည်။ ရှုပ်ထွေးမှုနှင့် အရာရာတည်ရှိပုံကို မသိမှုကြောင့် ကျွန်ုပ်တို့စိတ်က ဖန်တီးမှန်းဆမှုများ ပြုပါသည်။ ပထမတစ်ခုမှာ နှစ်မျိုး ပေါ်ထွက်မှုဖြစ်ပြီး (၁) တစ်ခုခု အောင်မြင်၊ ရရှိရန် ပင်ကိုအရ ထိုက်တန်သော်လည်း မရရှိသော ခိုင်မာသည်ထင်ရသည့် “ငါ” နှင့် (၂) ယင်းကို ပင်ကိုအရ မထိုက်တန်သော်လည်း ရရှိသော ခိုင်မာသည်ထင်ရသည့် “သင်” ဖြစ်ပါသည်။ မသိစိတ်မှနေ၍ ကျွန်ုပ်တို့သည် လောကကြီးက ကျွန်ုပ်တို့ကို တစ်ခုခု ပေးစရာရှိသည်ဟု ခံစားရပြီး အခြားသူများ ရသွားသည်မှာ မတရားဘူးဟု ထင်ပါသည်။ ကမ္ဘာကြီးကို “ရှုံးနိမ့်သူများ” နှင့် “အောင်နိုင်သူများ” ဆိုပြီး အခိုင်အမာ နှစ်မျိုးနှစ်စား ခွဲလိုက်ပါသည်။ ခိုင်မာသည်ဟု ထင်ရသော ထိုအမျိုးအစားများ၏ အကန့်များထဲတွင် လူတို့သည် အမှန်ပင်တည်ရှိပြီး မြင်တွေ့နိုင်သည်ဟု ယူဆပါသည်။ ထို့နောက် မိမိသည် “ရှုံးနိမ့်သူ” ဆိုသည့် ထာဝရ အမျိုးအစားထဲ ထည့်ကာ တစ်ဖက်လူကို “အောင်နိုင်သူ” ဆိုသည့် ထာဝရ အမျိုးအစားထဲ ထည့်လိုက်ပါသည်။ အောင်နိုင်သူ အကန့်ထဲတွင် မိမိမှလွဲ၍ လူတိုင်းကိုပင် ထည့်နိုင်ပါသည်။ ကျွန်ုပ်တို့သည် နောင်တသာမက ကံဆိုးမိုးမှောင် ကျမှုကိုလည်း ခံစားရပါသည်။ ထိုအခါ “သနားစရာ ငါ” ဆိုသည့် နာကျင်ဖွယ်အတွေး ဖြစ်တည်လာပါသည်။

အပြုအမူဆိုင်ရာ အကြောင်းနှင့်အကျိုးကို မသိမှုသည် မနာလိုမှုနှင့် တွဲလေ့ရှိပါသည်။ ဥပမာအားဖြင့် ရာထူးတိုးသူ သို့မဟုတ် ချစ်ခင်ခံရသူသည် ထိုအတွက် ထိုက်တန်အောင် သို့မဟုတ် ရရှိအောင် တစ်ခုခု ဘာဆောင်ရွက်ခဲ့သည်ကို နားမလည်သလို ငြင်းပယ်လိုက်ပါသည်။ ထို့ပြင် ယင်းကိုရရှိအောင် တစ်ခုခုဆောင်ရွက်စရာ မလိုဘဲ ကျွန်ုပ်တို့ ရရှိသင့်သည်ဟု ခံစားရပါသည်။ အခြားတစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် များစွာကြိုးစားသော်လည်း ရလဒ်မရရှိကြောင်း ခံစားရပါသည်။ ထိုအခါ ကျွန်ုပ်တို့စိတ်သည် ဒုတိယလှည့်ဖြားမှုပုံစံ တစ်ခုကို ဖန်တီးပြီး မှန်းဆလိုက်ပါသည်။ ကျွန်ုပ်တို့၏ ရှုပ်ထွေးသောစိတ်က အရာရာသည် အကြောင်းရင်း လုံးဝမရှိဘဲ သို့မဟုတ် ကျွန်ုပ်တို့ ဆောင်ရွက်သောအရာကသာ တစ်ခုတည်းသော အကြောင်းရင်းအနေနှင့် ဖြစ်ပေါ်လာသယောင် ပြုလုပ်လိုက်ပါသည်။

လှည့်ဖြားသော ပုံစံများကို ပယ်ဖျက်ခြင်း

ဤသို့လှည့်ဖြားမှုပုံစံနှစ်မျိုးကို ပယ်ဖျက်ဖို့ လိုပါသည်။ ကျွန်ုပ်တို့၏ယဉ်ကျေးမှုများက သက်ရှိလောကတွင် ပင်ကိုတွန်းအားဖြစ်သော စည်းမျဉ်းမှာ အောင်မြင်ရန် တွန်းအား၊ အကြံ့ခိုင်ဆုံးသူသာ ရှင်သန်သည် စသည်ဖြင့် ပြိုင်ဆိုင်မှုဖြစ်သည်ဟု သင်ကြားထားနိုင်ပါသည်။ သို့သော် ထိုအခြေခံချက်က မမှန်ပါ။ မည်သို့ဆိုစေ ကျွန်ုပ်တို့ လက်ခံထားပါက ကမ္ဘာကြီးသည် နိုင်သူနှင့် ရှုံးသူဟု အလုံးစုံ ကွဲပြားမှုဖြင့် ပင်ကိုသဘာဝအရ ခွဲခြားထားသည်ဟု ယုံကြည်လာပါသည်။ ထိုအခါ ကမ္ဘာကြီးကို နိုင်သူနှင့်ရှုံးသူ အယူအဆ ပုံသေခွဲခြားမှုဖြင့် သိမြင်ကာ မိမိကိုယ်ကို ထိုအယူအဆ မူဘောင်ဖြင့် ရှုမြင်လာပါသည်။

ဤသို့ နိုင်သူ၊ ရှုံးသူနှင့် ပြိုင်ဆိုင်မှုဆိုသည့် အယူအဆများမှာ ဆင့်ကဲတိုးတက်မှုကို ဖော်ပြရာတွင် အသုံးဝင်သော်လည်း ယင်းတို့သည် ကြုံသလိုစိတ်ကူး တည်ဆောက်ထားမှုများသာ ဖြစ်သည်ကို သဘောပေါက်ရန်လိုပါသည်။ “နိုင်သူ” နှင့် “ရှုံးသူ” မှာ စိတ်ဖြင့်အမည်တပ်မှုသာ ဖြစ်ပါသည်။ ၎င်းတို့သည် ပြိုင်ပွဲတွင် ပထမဆုံးဝင်လာသူ၊ အလုပ်တွင် အခြားတစ်ယောက်က မဟုတ်ဘဲ မိမိက ရာထူးတိုးခြင်း၊ ဖောက်သည် သို့မဟုတ် ကျောင်းသားကို အခြားတစ်ယောက်ထံ ဆုံးရှုံးသွားခြင်း စသည့် အချို့အခြေအနေများကို အဆင်ပြေအောင် စိတ်တွင်အမျိုးအစား ခွဲခြားမှု ဖြစ်ပါသည်။ “သဘောကောင်းသည်” ကို အဓိပ္ပာယ်သတ်မှတ်ချက်ပေါ် မူတည်ပြီး လူတို့ကို “သဘောကောင်းသူ” နှင့် “သဘောမကောင်းသူ” စသည့် အမျိုးအစားများထဲသို့ အလွယ်တကူ ခွဲထည့်လိုက်နိုင်ပါသည်။

ထိုသို့နှစ်ခွဖြစ်သော အမျိုးအစားများ အားလုံးသည် စိတ်ဖြင့် တည်ဆောက်ထားခြင်းသာဖြစ်သည်ကို သဘောပေါက်သောအခါ ခိုင်မာသော အမျိုးအစားထဲတွင် ပိတ်ထားနိုင်သည့် “ငါ” သို့မဟုတ် “သင်” ဟူ၍ပင်ကိုအရ မရှိကြောင်း စတင်သဘောပေါက်လာပါသည်။ ကျွန်ုပ်တို့သည် အခြေခံအားဖြင့် ပင်ကိုအရှုံးသမားများ မဟုတ်ပါ။ မိမိကိုယ်ကို အရှုံးသမားဟု တွေးရင်း နောက်ဆုံးတွင် တကယ့် “ငါ” သည် အရှုံးသမားဖြစ်သည့် အမှန်တရားကို တွေ့လာပါသည်။ ထိုသို့မဟုတ်ဘဲ အခြားသူတစ်ယောက်ထံ ဖောက်သည် ဆုံးရှုံးခြင်း ဆိုသည့် အရည်အချင်းထက် ပိုကောင်းသည့် အခြားအရည်အသွေးများစွာ ကျွန်ုပ်တို့မှာ ရှိပါသည်။ ထို့ကြောင့် တကယ့် “ငါ” ဆိုသကဲ့သို့ ဘာကြောင့် အစွဲကြီးနေပါမည်နည်း။

ထို့ပြင် “သနားစရာ ‘ငါ’” နှင့် “သိပ်ဆိုးတဲ့ ‘သင်’” ဟုတွေးသည့် အကန့်အသတ် စိတ်နှင့် အစွဲအလမ်းကြောင့်သာ အောင်မြင်မှု၊ ရှုံးနိမ့်မှု၊ ရယူမှု၊ ဆုံးရှုံးမှု တို့သည် အကြောင်းရင်းမရှိဘဲ သို့မဟုတ် မဆီလျော်သော အကြောင်းရင်း များကြောင့် ဖြစ်လာသလို ထင်ရပါသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့ ကြုံရသည့်အရာသည် မတရားကြောင်း တွေးမိပါသည်။ သို့သော် စကြဝဠာထဲတွင် ဖြစ်လာသောအရာများသည် အကြောင်းနှင့်အကျိုး ကွန်ရက်ကြီးကြောင့် ဖြစ်ပေါ်လာပါသည်။ မိမိနှင့် အခြားသူများကို ဖြစ်လာသောအရာများတွင် အကြောင်းရင်းများစွာက သက်ရောက်ပါသည်။ အချက်တိုင်းကို ထည့်သွင်းရန်မှာ ကျွန်ုပ်တို့စိတ်ကူးနှင့် ဉာဏ်မမီပါ။

ဤသို့ လှည့်ဖြားသောပုံစံ (နိုင်သူနှင့် ရှုံးသူ၊ အရာရာသည် ကောင်းမွန်သော အကြောင်းရင်းမရှိဘဲ ဖြစ်လာခြင်း) နှစ်မျိုးကို ပယ်ဖျက်လိုက်ပြီးနောက် ယင်းတို့ကို မှန်းဆမှု မပြုတော့သောအခါ ကျွန်ုပ်တို့၏ တရားမမျှတမှု ခံစားချက်ကို သက်သာရာရစေပါသည်။ ကျွန်ုပ်တို့၏ မနာလိုမှု နောက်ကွယ်တွင် အောင်မြင်သောအရာ၊ ဖြစ်လာသောအရာကိုသာ သတိပြုမိပါတော့သည်။ ကျွန်ုပ်တို့သည် အခြားတစ်ယောက်ထံသို့ ဖောက်သည်ဆုံးရှုံးပြီး ထိုသူက ဖောက်သည်ရ သွားပါသည်။ ဤအချက်က ကျွန်ုပ်တို့ အောင်မြင်ရမည့် ရည်မှန်းချက်ကို သတိပြုမိစေပါသည်။ အခြားတစ်ယောက်က ယင်းကိုရရှိအောင်မြင်သည့်အတွက် အာဃာတ မထားပါက ထိုသူက ထိုကိစ္စ အောင်မြင်သွားပုံကို ကျွန်ုပ်တို့ လေ့လာနိုင်ပါမည်။ ထိုအခါ မိမိလည်း ထိုသို့အောင်မြင်နိုင်ပုံကို မြင်လာပါသည်။ ဤသို့သတိရှိမှုကို နှစ်ခွဖြစ်သောပုံစံနှင့် ခိုင်မာသော သတ်မှတ်ချက်များဖြင့် ဖုံးလွှမ်းလိုက်သည့်အတွက်သာ ကျွန်ုပ်တို့သည် မနာလိုမှုနှင့် မလိုမုန်းထားမှုတို့ ခံစားလာရခြင်းဖြစ်ပါသည်။


အကျဉ်းချုပ်

ဤနည်းဖြင့် ဗုဒ္ဓဘာသာပုံစံ သို့မဟုတ် အနောက်တိုင်းပုံစံဖြင့် မည်သို့ သတ်မှတ်သည်ဖြစ်စေ မနာလိုမှုဆိုသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ကို ဗုဒ္ဓဘာသာက ဖြေရှင်းနည်းများစွာ ပေးထားပါသည်။ အနှောင့်အယှက် ပေးသော စိတ်ခံစားချက်တစ်ခုကြောင့် အခက်ကြုံနေသောအခါ သတ်မှတ်ချက် လက္ခဏာများနှင့် မိမိ၏ ယဉ်ကျေးမှုနောက်ခံတို့ကို မှန်ကန်စွာ အသိအမှတ်ပြုရန် စိန်ခေါ်မှု ရှိပါသည်။ တရားရှုမှတ်ကျင့်ကြံမှုဖြင့် နည်းလမ်းအမျိုးမျိုး လေ့ကျင့်ထားသောအခါ ကျွန်ုပ်တို့ ကြုံရနိုင်သည့် စိတ်ခံစားချက် အခက်အခဲတိုင်းကို ဖြတ်ကျော်နိုင်မည့် သင့်တော်သောနည်းလမ်းကို ရွေးချယ်လာနိုင်ပါတော့သည်။

Top