ဘဝပြဿနာများ
မိမိဘဝတွင် ပြဿနာအချို့ရှိသည်ဟု လူတိုင်းနီးပါး ခံစားကြရပါသည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်လိုကြပါသည်။ ပြဿနာ တစ်ခုခု မရှိလိုကြသော်လည်း အခက်အခဲအမျိုးမျိုးကို အမြဲတမ်း ရင်ဆိုင်နေရပါသည်။ ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ စိတ်ဓာတ်ကျသည်။ အလုပ်တွင် အခက်အခဲများ ရင်ဆိုင်ရပြီး စိတ်ပျက်မိသည်။ လူမှုရေး အနေအထားများ၊ စားဝတ်နေရေးနှင့် မိသားစု အခြေအနေများကိုလည်း စိတ်ပျက်မိကြပါသည်။ မိမိလိုချင်တာကို မရသောကြောင့် ပြဿနာများ ဖြစ်လာပါသည်။ ကျွန်ုပ်တို့သည် အောင်မြင်လိုကြသည်။ မိမိ၏ မိသားစုနှင့် လုပ်ငန်းများတွင် ကောင်းသောအရာများသာ ဖြစ်စေလိုသော်လည်း ထိုသို့အမြဲတမ်း ဖြစ်မလာပါ။ ထိုအခါ ဤပြဿနာများ ရှိလာချိန်တွင် ကျွန်ုပ်တို့ စိတ်ဆင်းရဲလာပါသည်။ ဖျားနာခြင်း၊ အသက်ကြီးလာသောအခါ အလွန်အားနည်းလာခြင်း သို့မဟုတ် အမြင်၊ အကြားအာရုံများ ချို့တဲ့လာခြင်း စသည့် ကျွန်ုပ်တို့ မဖြစ်စေချင်သောအရာများ တစ်ခါတစ်ရံ ဖြစ်လာပါသည်။ မည်သူမျှ ထိုသို့မဖြစ်လိုသည်မှာ သေချာပါသည်။
ကျွန်ုပ်တို့သည် အလုပ်တွင် ပြဿနာများ ရှိပါသည်။ တစ်ခါတစ်ရံ အဆင်မပြေမှုများဖြင့် ကျွန်ုပ်တို့လုပ်ငန်းများ နှေးကွေးခြင်း၊ ကျဆုံးခြင်းများ ရှိပါသည်။ ကျွန်ုပ်တို့သည် ထိုသို့သောအဖြစ်မျိုးကို မဖြစ်စေလိုသည်မှာ ရှင်းပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ အန္တရာယ် ကြုံရသည်။ မိမိကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်မိသည်။ မတော်တဆမှုများ ဖြစ်ကြသည်။ ဖျားနာကြသည်။ ဤအရာအားလုံးကို ကျွန်ုပ်တို့ရင်ဆိုင်ရသော ပြဿနာများအဖြစ် တွေ့ကြုံနေကြရပါသည်။
ထို့ပြင် ကျွန်ုပ်တို့သည် စိတ်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများစွာကိုလည်း ရင်ဆိုင်ရပါသည်။ ကျွန်ုပ်တို့သည် ဤကိစ္စမျိုးကို အခြားသူများနှင့် မဆွေးနွေးချင်သလို မပြောပြလိုပါ။ သို့သော် ကျွန်ုပ်တို့၏ သားသမီးများအပေါ် မျှော်လင့်ချက်များ သို့မဟုတ် ကျွန်ုပ်တို့၏ စိုးရိမ်သောကများနှင့် ပတ်သက်ပြီး အနှောင့်အယှက်ပေးသော အရာများရှိသည်ကို တွေ့ရပြီး အခက်အခဲများစွာ ဖြစ်စေပါသည်။ ယင်းတို့ကို “ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော အခြေအနေများ သို့မဟုတ် ပြဿနာများ၊ သက္ကတဘာသာဖြင့် သံသရာ” ဟုခေါ်ပါသည်။
ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသောပြဿနာများကို သံသရာဟုခေါ်သည်
ကျွန်ုပ်၏ နောက်ကြောင်းနှင့် သင်ကြားလေ့ကျင့်မှု နယ်ပယ်သည် ဘာသာပြန်သူ ဖြစ်ပါသည်။ ဘာသာပြန်သူ တစ်ယောက်အနေနှင့် ဗုဒ္ဓဘာသာအကြောင်း ဘာသာပြန်ကာ သင်ကြားပို့ချရင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းများစွာသို့ ခရီးသွားခဲ့ပါသည်။ ထိုအခါ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ နားလည်မှုများစွာ လွဲမှားနေသည်ကို တွေ့ရပါသည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အများစု နားလည်မှုလွဲမှားကြသည်မှာ မူရင်းဝေါဟာရနှင့် အတွေးအခေါ်များကို ဘာသာပြန်ရာတွင် ရွေးချယ်သော အင်္ဂလိပ်စကားလုံးများကြောင့် ဖြစ်ဟန်တူပါသည်။ ဤစကားလုံး အများစုကို ပြီးခဲ့သောရာစုနှစ်က ဝိတိုရိယခေတ် သာသနာပြုအဖွဲ့များက ရွေးချယ်ခဲ့ကြပြီး အာရှဘာသာစကားများတွင် ရှိသည့် မူရင်းစကားလုံးများ၏ ဆိုရင်းနှင့်အဓိပ္ပာယ် မဟုတ်သော အတော်ပြင်းထန်သည့် ဆိုလိုရင်းများ ရှိပါသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ပြဿနာများအကြောင်း ပြောနေပါသည်။ ယင်းကိုများသောအားဖြင့် “ဆင်းရဲဒုက္ခ” ဟု ဘာသာပြန်ပါသည်။ ဆင်းရဲဒုက္ခအကြောင်း ပြောသောအခါ လူအများစုက ဗုဒ္ဓဘာသာသည် အလွန်အဆိုးမြင်သော ဘာသာဖြစ်သည်ဟု ယူဆကုန်ပါသည်။ အကြောင်းမှာ လူတိုင်း၏ဘဝမှာ ဆင်းရဲဒုက္ခများ ပြည့်နေသည်ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့မှာ ပျော်ရွှင်ခွင့် မရှိဘူးဟု ဆိုနေသလို ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သည် အဆင်ပြေနေပြီး ကြွယ်ဝချမ်းသာပါက သူတို့ကို “ခင်ဗျားဘဝက ဆင်းရဲဒုက္ခအပြည့်ပဲ” ဟုသွားပြောလျှင် အတော်လေး လက်ခံမည် မဟုတ်ပါ။ “ဘာကိုဆိုလိုတာလဲ။ ကျုပ်မှာ ဗီဒီယို ရိုက်တဲ့စက် ရှိတယ်။ ကားကောင်းကောင်းရှိတယ်။ ချစ်စရာမိသားစုလေး ရှိတယ်။ ဆင်းရဲဒုက္ခ မရောက်ပါဘူး” ဟု သူတို့က ပြန်ငြင်းပါလိမ့်မည်။
ပြင်းထန်သော စကားလုံးဖြစ်သည့် “ဆင်းရဲဒုက္ခ” ဆိုသည့်စကားကြောင့် သူတို့၏ တုံ့ပြန်မှုကလည်း မမှားပါ။ အကယ်၍သာ “ပြဿနာများ” ဆိုသည့် ဗုဒ္ဓဘာသာအယူအဆအတိုင်း ဘာသာပြန်ကာ တစ်စုံတစ်ယောက်အား “အသင်သည် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပင် ချမ်းသာချမ်းသာ၊ သားသမီး မည်မျှပင်ရှိရှိ၊ အားလုံးသည် ဘဝတွင် ပြဿနာအချို့ ရှိနေပါတယ်” ဟု ပြောလိုက်လျှင် လူတိုင်းလက်ခံနိုင်လောက်သောအချက် ဖြစ်ပါသည်။ ထို့ကြောင့် ဤသို့ ဗုဒ္ဓဘာသာဆိုင်ရာ ဖြေရှင်းချက်များကို ပုံမှန်အသုံးပြုနေသော စကားရပ်များနှင့် အနည်းငယ်ကွဲပြားစွာဖြင့် တိဘက်ရိုးရာ အစဉ်အလာမှနေ၍ ဆွေးနွေးသွားပါမည်။
ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြဿနာများကို သံသရာ ဟုခေါ်ပါသည်။ နားလည်အောင် ပြောရလျှင် “သံသရာ” ဆိုသည်မှာ မိမိတို့မထိန်းချုပ်နိုင်သော၊ ပြန်ပြန်ဖြစ်နေသော အခြေအနေများ ဖြစ်ပါသည်။ ဥပမာ၊ အမြဲတမ်း စိတ်ပျက်ခြင်း သို့မဟုတ် အမြဲတမ်း စိုးရိမ်သောကပွားနေခြင်းတို့ ဖြစ်ပါသည်။ သို့ဆိုလျှင် ယင်းတို့အတွက် စစ်မှန်သော အကြောင်းရင်း များသည် အဘယ်နည်း။ ဗုဒ္ဓမြတ်စွာက ယင်းတို့သည် ကျွန်ုပ်တို့ရင်ဆိုင်ရသည့် စစ်မှန်သော ပြဿနာများ ဖြစ်ရုံသာမက ယင်းတို့၏ စစ်မှန်သော အကြောင်းရင်းများလည်း ရှိပြီး ထိုအကြောင်းရင်းများကိုပါ ရပ်တန့်၍ရနိုင်သည်ဟု ဟောကြားထားပါသည်။ ထိုပြဿနာများကို စစ်မှန်သော ရပ်တန့်မှု ရရှိစေရန်အတွက် စစ်မှန်သော လမ်းကြောင်း အတိုင်း လိုက်နာရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ အကြောင်းရင်းများကို ဖယ်ရှားပေးသော နားလည်သဘောပေါက်မှု နည်းလမ်းများဖြစ်သည့် စစ်မှန်သော စိတ်၏လမ်းကြောင်းများ ရရှိရေး ဖြစ်ပါသည်။ အကြောင်းရင်းများကို ဖယ်ရှားလိုက်သည်နှင့် ပြဿနာကို ဖယ်ရှားမိပြီးသား ဖြစ်ပါသည်။
ခိုင်မာသော သတ်မှတ်ချက်ကို တွယ်တာခြင်းဆိုသည့် ပြဿနာများ၏ ဇစ်မြစ်
ဤသို့ ဘဝတွင် ကျွန်ုပ်တို့ရင်ဆိုင်ရသည့် ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြဿနာများ၏ စစ်မှန်သော အကြောင်းတရားမှာ ကျွန်ုပ်တို့သည် အမှန်တရားကို မသိသောကြောင့် ဖြစ်ပါသည်။ မိမိသည် အမှန်တကယ် မည်သူဖြစ်ကြောင်း၊ အခြားသူများက အမှန်တကယ် မည်သူဖြစ်ကြောင်း၊ ဘဝအဓိပ္ပာယ်မှာ ဘာကိုဆိုလိုကြောင်း၊ လောကတွင် ဘာကအမှန်တကယ် ဖြစ်ပျက်နေကြောင်း သတိမပြုမိကြပါ။ “လျစ်လျူရှုမှု” မဟုတ်ဘဲ “သတိမရှိမှု” ကို သုံးနှုန်းထားပါသည်။ “လျစ်လျူရှုမှု” သည် တစ်ယောက်ယောက်က သင့်ကိုတုံးအမိုက်မဲပြီး နားလည်သဘောပေါက်မှု မရှိကြောင်း ပြောနေသည်နှင့် ဆင်တူပါသည်။ အမှန်တကယ်မှာ ကျွန်ုပ်တို့သည် သတိမရှိခြင်းသာ ဖြစ်ပါသည်။ သတိမရှိသည့်အတွက် စိတ်ပညာအဆင့်တွင် ဤအချက်ကို မလုံခြုံမှုအနေနှင့် ကြုံတွေ့ပါသည်။ ဤသို့မလုံခြုံမှုကြောင့် “ငါ” ဆိုသည့်အရာ တစ်ခုကို ခိုင်မာသော သတ်မှတ်ချက်တစ်ခုအဖြစ် တွယ်တာမိလာပါသည်။ ကျွန်ုပ်မည်သူဖြစ်သည် သို့မဟုတ် ကျွန်ုပ်မည်သို့ တည်ရှိသည်ကို မသိသောကြောင့် ကျွန်ုပ်နှင့်ပတ်သက်ပြီး တစ်ခုခုကို မှန်သည်ဖြစ်စေ၊ စိတ်ကူးယဉ်သည်ဖြစ်စေ ဆုပ်ကိုင်ကာ ဤသည်မှာ ငါဖြစ်ကြောင်း၊ ဤသည်မှာ အမှန်တကယ် ငါဖြစ်ကြောင်း ပြောလာပါသည်။
ဥပမာပြရလျှင် ဖခင်ဖြစ်သည်ဆိုသည့် သတ်မှတ်ချက်ကို တွယ်တာနိုင်ကာ “ငါက ဖခင်ဖြစ်တယ်။ မိသားစုက ငါ့ကိုလေးစားရမယ်။ ငါ့သားသမီးတွေက ငါ့ကိုလေးစားလိုက်နာဖို့ သဘောထားအချို့ ရှိရမယ်” ဟုတွေးပါသည်။ ဘဝတွင် ရှုမြင်မှုတစ်ခုလုံးသည် ဖခင်အနေနှင့် ဖြစ်နေပါက ဤအချက်က အခက်အခဲအချို့ ဖြစ်လာစေပါသည်။ အကြောင်းမှာ မိမိသားသမီးများက ထိုအချက်ကို မလေးစားလျှင် ပြဿနာရှိလာပါသည်။ ကျွန်ုပ်တို့ ရုံးခန်းတွင်ရှိနေသောအခါ လူတို့က “ဖခင်” အနေနှင့်ရော၊ ထိုသို့သောလေးစားမှု ပေးထိုက်သူအနေနှင့်ပါ မရှုမြင်ကြပါ။ ထိုသည်မှာလည်း အလွန် စိတ်အနှောင့်အယှက် ဖြစ်ပါသည်။ မိသားစုတွင် ကျွန်ုပ်သည် အုပ်ချုပ်သူဖြစ်သော်လည်း ရုံးရောက်သောအခါ အခြားရုံးသူရုံးသားများက မိမိအား အထင်သေးခြင်း၊ နှိမ့်ချဆက်ဆံခြင်းတို့ပြုကာ မိမိက သူတို့ကို လေးစားမှု ပြသရမည်ဆိုပါက ဘာဖြစ်မည်နည်း။ ဖခင်ဖြစ်ခြင်းနှင့် လေးစားခံရမည်ဆိုခြင်း သတ်မှတ်ချက်ကို အလွန်ဆုပ်ကိုင် ထားပါက ရုံးတွင်အခြားသူများက ထိုနည်းဖြင့် မဆက်ဆံသောအခါ ကျွန်ုပ်တို့ အလွန်ဝမ်းနည်းမိနိုင်ပါသည်။
“ငါက အောင်မြင်တဲ့ လုပ်ငန်းရှင်ပဲ။ ဒါကငါ့ပုံစံပဲပေါ့။ ဒီအတိုင်းပဲ ဖြစ်နေရမယ်” ဟူ၍ အောင်မြင်သော လုပ်ငန်းရှင်ဆိုသည့် သတ်မှတ်ချက်မျိုး ထားရှိနိုင်ပါသည်။ သို့သော် မိမိလုပ်ငန်း ကျရှုံးခြင်း၊ အလုပ်အကိုင် အလွန်အဆင်မပြေခြင်းတို့ ရှိလာပါက ကျွန်ုပ်တို့လုံးဝတုန်လှုပ်မိပါတော့သည်။ အချို့လူများက သူတို့လုပ်ငန်း ကျရှုံးသောအခါ သူတို့ဆုပ်ကိုင်ထားသော ခိုင်မာသည့် သတ်မှတ်ချက်မပါဘဲ ဘဝကိုဆက်သွားရန် အတော်လေး မမှန်းဆနိုင်တော့သည့်အတွက် သေကြောင်းကြံစည်ခြင်း၊ ဆိုးရွားသော ကိစ္စများ ပြုလုပ်ခြင်းတို့ ရှိလာပါသည်။
သို့တည်းမဟုတ် ကျွန်ုပ်တို့သည် “ငါကဒီပုံစံပဲ။ ကျားကျားလျားလျား ရှိတယ်။ ရုပ်ချောပြီး ဆွဲဆောင်မှုရှိတယ်” ဟု ကျားကျားလျားလျားရှိသည့် သတ်မှတ်ချက်ကို အခြေခံနိုင်ပါသည်။ သို့သော် အသက်ကြီးလာပြီး သန်မာမှုများ လျော့ပါးလာသည်နှင့် ကျွန်ုပ်တို့လည်း ရူးသွပ်သွားနိုင်ပါသည်။ အချို့မှာ ယင်းသည် သူတို့ကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်နေပါက လုံးဝထိခိုက်သွားနိုင်ပါသည်။ ဘဝတွင် အရာရာပြောင်းလဲနေပြီး ဤသတ်မှတ်ချက်က ထာဝရ မဟုတ်သည်ကို သူတို့မမြင်လိုကြပါ။
ကျွန်ုပ်တို့သည် ရှေးရိုးစွဲပုဂ္ဂိုလ်ဖြစ်သောကြောင့် အရာအားလုံးက အစဉ်အလာအတိုင်း ဖြစ်ရမည်ဟုလည်း ခံစားမိနိုင်ပါသည်။ လူမှုအသိုင်းအဝိုင်းများ ပြောင်းလဲကာ လူငယ်များက ကျွန်ုပ်တို့သတ်မှတ်ချက်ကို အခြေခံထားသည့် အစဉ်အလာများအား မလိုက်နာတော့သောအခါ ကျွန်ုပ်တို့သည် အလွန်ဒေါသထွက်၊ အလွန်ဝမ်းနည်းကာ အလွန်နာကျင်ရနိုင်ပါသည်။ ကျွန်ုပ်တို့၏ အစဉ်အလာတရုတ်ရိုးရာဓလေ့ထုံးစံများ၊ ကျွန်ုပ်တို့ ကြီးပြင်းခဲ့သော အစဉ်အလာနည်းလမ်းများကို မလိုက်နာသည့် ကမ္ဘာလောကတွင် မည်သို့နေထိုင်ရမည်ကို လုံးဝမမှန်းဆနိုင်ပါ။
တစ်ဖက်တွင်မူ လူငယ်တစ်ယောက်အနေနှင့် ကျွန်ုပ်တို့သည် “ငါက ခေတ်မီတယ်။ ဒီအစဉ်အလာတန်ဖိုးတွေ မလိုဘူး” ဟူ၍ ခေတ်မီသူတစ်ယောက်၏ သတ်မှတ်ချက်ကို အခြေခံနိုင်ပါသည်။ ဤသို့ အလွန်ဖက်တွယ်ထားမိပါလျှင် မိမိ၏မိဘများက အစဉ်အလာတန်ဖိုးများအတိုင်း လိုက်နာကာ သူတို့ကို အစဉ်အလာပုံစံအတိုင်း ဆက်ဆံရမည်ဟု အတင်းအကျပ် တောင်းဆိုလာပါက ခေတ်မီလူငယ်ဆိုသော ကျွန်ုပ်တို့သည် အလွန်မောက်မာပြီး အလွန် ဒေါသထွက်လာနိုင်ပါသည်။ ဒါကိုထုတ်မပြောသည့်တိုင် စိတ်ထဲတွင်တော့ မိမိသည် ခေတ်မီသူဖြစ်သောကြောင့် တရုတ်နှစ်သစ်ကူးနေ့တွင် မိဘများထံ သွားလည်ရန် မလိုကြောင်း၊ ဤအစဉ်အလာ အားလုံးကို ပြုလုပ်ရန်မလိုကြောင်း ခံစားရပြီး ထိုအခါတွင်လည်း ပြဿနာများစွာ ရှိလာပါလိမ့်မည်။
ကျွန်ုပ်တို့၏ အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်၍လည်း သတ်မှတ်ချက်များ ရှိနိုင်ပါသည်။ ထိုအခါ ကျွန်ုပ်တို့လုပ်ငန်း ကျရှုံးပြီး မိမိမှာရှိသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုတည်းအနေနှင့်သာ တွေးပါက ကျွန်ုပ်တို့သည် ပြုလွယ်ပြင်လွယ် မရှိတော့ပါ။ ယခင်ကလုပ်သည့်အလုပ်ကို မလုပ်နိုင်တော့ပါက ကမ္ဘာပျက်သလို ခံစားရပါသည်။ နောက်ထပ် အသက်မွေးဝမ်းကျောင်း တစ်ခုထဲ ဝင်နိုင်သလို လုပ်ငန်းတစ်ခုတည်းကိုသာ အမြဲလုပ်ဆောင်နေရမည်လည်း မဟုတ်ကြောင်း မမြင်နိုင်တော့ပါ။
ဤသို့သတ်မှတ်ချက် အမျိုးမျိုးကို မိမိအတွက်လုံခြုံမှု ရစေရန် ဆွဲကိုင်ပါသည်။ မိမိသည် ဘယ်သူဖြစ်ကြောင်း၊ ဘယ်လိုစည်းမျဉ်းများကို လိုက်နာကြောင်း၊ ဘဝတွင် ဘာတွေကိုလိုချင်ကြောင်း စိတ်ကူးအချို့ကို ကျွန်ုပ်တို့ ဆုပ်ကိုင်ထားပါသည်။ ၎င်းသည် အမြဲတည်တံ့ကြောင်း၊ အားလုံးခိုင်မာကြောင်း၊ စစ်မှန်သော ငါ ဖြစ်ကြောင်း တွေးတတ်ကြပါသည်။ မိမိကိုယ်ကို ဤသို့သိမြင်မှု၊ ဤသို့ အတ္တပုံဖော်မှုတွင် အခြေခံရာမှတစ်ဆင့် ကျွန်ုပ်တို့ထံတွင် ထိုသတ်မှတ်ချက်ကို ပံ့ပိုးရန် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များစွာ ပေါ်ထွက်လာပါသည်။ ဤသို့ဖြစ်ရသည်မှာ ထိုသတ်မှတ်ချက်အတွက် မလုံခြုံမှု ခံစားနေရသေးသည့်အတွက် ယင်းကိုသက်သေပြပြီး ဖော်ထုတ်ရမည်ဟု ခံစားရပါသည်။
ဥပမာအားဖြင့် ကျွန်ုပ်တို့သည် “မိသားစုမှာ ငါကဖခင်ပဲ” ဟု ခံစားရပါက မိသားစုတွင် ဖခင်ဖြစ်သည်ဟု ခံစားရရုံနှင့် မလုံလောက်ဘဲ ထိုလုပ်ပိုင်ခွင့်ကို ဖော်ထုတ်ရပါသေးသည်။ မိသားစုအပေါ် မိမိ၏အာဏာကို သက်ရောက်ကာ အားလုံးကို မိမိအား ဦးညွှတ်ခိုင်းသည်။ အကြောင်းမှာ ဖခင်ဖြစ်သည်ဟု အားလုံးကို သက်သေပြရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့သိရုံမျှဖြင့် မလုံလောက်သေးပါ။ ဤသတ်မှတ်ချက်ကို ခြိမ်းခြောက်ခံရပြီဟု ခံစားရပါက ကျွန်ုပ်တို့သည် အလွန် ခုခံလိုစိတ် ဖြစ်လာပါသည်။ သို့မဟုတ် တစ်ခုခုသက်သေပြနိုင်အောင် အလွန်ပင် ထိပ်တိုက်တွေ့ခြင်း၊ အကြမ်းဖက်ခြင်းတို့ ရှိလာနိုင်ပါသည်။ “ငါဘယ်သူဆိုတာ ပြရမယ်။ ငါကသန်မာပြီး ဆွဲဆောင်မှုရှိသေးတယ်ဆိုတာ ပြရမယ်” ဟုဆိုကာ နောက်ထပ်အိမ်ထောင်ပြုပါမည်။ သို့တည်းမဟုတ် မိမိဘယ်သူဖြစ်ကြောင်း၊ မိမိတည်ရှိပုံအကြောင်း သက်သေပြရန် ငယ်ရွယ်သောအမျိုးသမီးတစ်ယောက်နှင့် ချစ်ကြိုက်ပါမည်။ ဤသို့ ရပ်တည်ရမည်ဟု ခံစားလာရပါသည်။
အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် စိတ်သဘောထားများ
ဆွဲဆောင်မှုနှင့် လိုချင်သောဆန္ဒ
အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများသည် ကျွန်ုပ်တို့က ခိုင်မာသောသတ်မှတ်ချက်ကို သက်သေပြရန် သို့မဟုတ် ထိန်းသိမ်းရန် ကြိုးစားရာမှ ပေါ်ထွက်လာသော စိတ်အခြေအနေများ ဖြစ်ပါသည်။ ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် အမျိုးအစားများစွာ ရှိပါသည်။ ဥပမာအားဖြင့် ဆွဲဆောင်မှုရှိခြင်းနှင့် လိုချင်သောဆန္ဒတို့ ဖြစ်သည်။ လိုချင်သောဆန္ဒသည် ထိုသတ်မှတ်ချက်ကို လုံခြုံအောင်ပြုလုပ်ရန် ကျွန်ုပ်တို့အနီးတွင် တစ်ခုခုရရှိလိုသောအခါတွင် ပေါ်ထွက်လာပါသည်။ နမူနာပြရလျှင် ကျွန်ုပ်၏သတ်မှတ်ချက်မှာ ဖခင် သို့မဟုတ် မိသားစု၏ အိမ်ဦးနတ် အနေနှင့်ဆိုလျှင် “ငါ့ကိုလေးစားရမယ်။ နှစ်သစ်ကူးချိန်မှာ ငါ့ဆီကို သားသမီးတွေလာပြီး ငါပြောသမျှ နာခံရမယ်” ဟု တွေးမိနိုင်ပါသည်။ လုံလောက်သော လေးစားမှုရရှိနိုင်ပါက ကျွန်ုပ်သည်အလွန်ပင် လုံခြုံမှုရှိလိမ့်မည်ဟု တစ်နည်းနည်းဖြင့် ခံစားရပါသည်။ ထို့ပြင် ထိုသို့လေးစားမှု မရရှိပါက ကျွန်ုပ်သည် ထိခိုက်နာကျင်ကာ အလွန်ပင် ဒေါသထွက်လာနိုင်ပါသည်။
ထို့ပြင် ကျွန်ုပ်၏သတ်မှတ်ချက်မှာ “ငါအမြဲတမ်း ကံကောင်းရမယ်။ မာကျောက်ကစားရင် အမြဲနိုင်ရမယ်” ဆိုပြီး ကံကောင်းသူကဲ့သို့ တွေးနိုင်ပါသည်။ ဤသည်မှာ မိမိ၏သတ်မှတ်ချက် ဖြစ်ပါက မာကျောက်ကစား၍ အမြဲတမ်းနိုင်လျှင်၊ လောင်းကစားနည်း အမျိုးမျိုးကို အမြဲတမ်း နိုင်လျှင် လုံခြုံမှုခံစားရပါသည်။ သို့မဟုတ် ဗေဒင်ဆရာထံ အမြဲသွားခြင်း သို့မဟုတ် တရုတ်ဗုဒ္ဓဘာသာ ဘုရားကျောင်းများတွင် ဗေဒင်မေးသော သစ်သားချောင်းများပစ်ကာ သင့်တော်သော ဟောစာတမ်းများ ရယူခြင်းတို့ အမြဲပြုလုပ်ကာ ကျွန်ုပ်သည် အဆင်ပြေ အောင်မြင်ကြောင်း အတည်ပြုပါသည်။ ကျွန်ုပ်သည် ကိုယ်ပိုင်လုပ်ငန်း စွမ်းဆောင်ရည်တွင် အောင်မြင်တော့မည်ဟု မခံစားရဘဲ မလုံခြုံမှု ဖြစ်လာပါက နတ်ဒေဝါများထံမှ အချက်ပြလက္ခဏာများ သို့မဟုတ် မိမိအား လုံခြုံစေမည့်သူ တစ်ဦးဦးထံမှ နောက်ထပ် အချက်ပြလက္ခဏာများ ရလာအောင် ဤသို့ အမြဲစိတ်လိုက်မာန်ပါ ကြိုးစားနေရပါသည်။
ကျွန်ုပ်တို့သည် “ငါ၏လုပ်ငန်း၌ ငါသည် အခွင့်အာဏာရှိသူဖြစ်သည်။ လုပ်ပိုင်ခွင့်ကို ငါသည်တွယ်တာပြီး လုပ်ပိုင်ခွင့်ကြောင့် လုံခြုံသည်ဟု ခံစားရလိမ့်မည်” ဟုလည်း ခံစားရနိုင်ပါသည်။ ထိုသဘောထားမျိုးသည် စိတ်ပညာဆိုင်ရာ ကန့်သတ်ချက် များစွာမှနေ၍ ပေါ်ထွက်လာနိုင်ပါသည်။ ယင်းမှာ ကျွန်ုပ်သည် အခွင့်အာဏာရှိသူ ဆိုသော ခံစားချက် သို့မဟုတ် အခွင့်အာဏာ မရှိသူ ဖြစ်သော်လည်း ကျွန်ုပ်ကိုပံ့ပိုးရန် ထိုအခွင့်အာဏာ လိုအပ်သည် ဆိုသော ခံစားချက်ပေါ်တွင် အခြေခံနိုင်ပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် “ရုံးကလူအားလုံး ငါ့ကိုနာခံအောင် လုပ်နိုင်ရင်၊ ငါခိုင်းတဲ့အတိုင်း လုပ်ကြရင် အဲဒါက ငါ့ကိုလုံခြုံစေမှာပဲ” ဟု ခံစားရပါသည်။ သို့တည်းမဟုတ် အိမ်မှာအစေခံများရှိပါက ကျွန်ုပ်သည် လုပ်ပိုင်ခွင့်ရှိသူနေရာတွင် ရှိသည်ကို သက်သေပြရန်အတွက် မိမိခိုင်းသည့်အတိုင်း သူတို့လုပ်သင့်သည် ဆိုသောစိတ်ကူးကို အမြဲတွယ်တာ မိနေကာ မည်သူက ထိန်းချုပ်မှုရှိသည်ကို သူတို့အား သက်သေပြဖို့အတွက် မလိုအပ်သော အရာများကိုပင် စတင်ခိုင်းစေလာနိုင်ပါသည်။
အာရုံစိုက်မှုနှင့် ပတ်သက်၍လည်း စိတ်တွင်အစွဲရှိနိုင်ပါသည်။ လူငယ်တစ်ယောက် အနေနှင့်ဆိုလျှင် “ငါက ခေတ်မီပြီး ဖက်ရှင်ကျကျ ဝတ်စားတတ်တဲ့ လူငယ်ဖြစ်တယ်။ နောက်ဆုံးပေါ် ဖက်ရှင်၊ နောက်ဆုံးပေါ် ဗီဒီယို၊ နောက်ဆုံးပေါ် စီဒီ၊ ဖက်ရှင်မဂ္ဂဇင်းတွေထဲ ပါလာမယ့် နောက်ဆုံးပေါ်တွေချည်းပဲ အမြဲသုံးနေရမယ်။ ဒါမှ ငါ့သတ်မှတ်ချက်ဟာ လုံခြုံမှုရှိမှာပေါ့” ဟု ခံစားရနိုင်ပါသည်။
မိမိအနီးမှ အရာအားလုံးကို ရရှိနိုင်ပြီး အလုံအလောက် ရရှိပါက၊ ငွေကြေး လုံလောက်ပါက၊ ပိုင်ဆိုင်မှု လုံလောက်ပါက၊ လုပ်ပိုင်ခွင့် လုံလောက်ပါက၊ အာရုံစိုက်ခံရမှု လုံလောက်ပါက သို့မဟုတ် ချစ်ခင်မှု လုံလောက်ပါက မိမိကိုလုံခြုံစေမည်ဟု အာရုံစိုက်ကာ ခံစားမိစေနိုင်သော အရာများစွာ ရှိပါသည်။ ထိုသို့ မဖြစ်နိုင်ပါ။ တကယ်တော့ ထိုသို့ဖြစ်မည်ဆိုလျှင် တစ်ချိန်ချိန်တွင် ကျွန်ုပ်တို့သည် လုံလောက်ပြီဟု ခံစားရကာ အပြည့်အဝ စိတ်ကျေနပ်သွားပါမည်။ သို့သော် ဘယ်တော့မှ လုံလောက်သည်ဟု မခံစားရဘဲ အမြဲထပ်လိုနေပါသည်။ မရပါက ဒေါသထွက်ပါသည်။ ဒေါသဆိုသည်မှာ နည်းလမ်းများစွာဖြင့် ထွက်ပေါ်နိုင်ပါသည်။
မုန်းတီးမှုနှင့် မောက်မာမှု
ခိုင်မာသည်ဟုထင်ရသော သတ်မှတ်ချက်ဖြစ်အောင် ကြိုးစားရာတွင် အသုံးပြုသော နောက်တစ်နည်းမှာ မုန်းတီးခြင်း၊ မောက်မာခြင်းနှင့် ဒေါသထွက်ခြင်း ဖြစ်သည်။ “ငါ့သတ်မှတ်ချက်ကို ခြိမ်းခြောက်နေတဲ့ ငါမနှစ်သက်တာတွေကို ငါ့နားကဖယ်ထုတ်နိုင်ရင် ငါ့ကိုလုံခြုံစေမှာပဲ” ဟုခံစားမိသည်။ ထို့ကြောင့် မိမိသတ်မှတ်ချက်ကို မိမိ၏နိုင်ငံရေးအမြင် သို့မဟုတ် လူမျိုးရေး သို့မဟုတ် ယဉ်ကျေးမှုအပေါ်တွင် အခြေခံပြီး “အမြင်မတူတဲ့သူ၊ အသားအရောင် မတူတဲ့သူ၊ ဘာသာမတူတဲ့သူတွေကို ဘေးဖယ်ထားနိုင်ရင် ငါ့ကိုလုံခြုံစေမှာပဲ” ဟုခံစားလာရသည်။ သို့တည်းမဟုတ် အစေခံများက မိမိဖြစ်စေချင်သည့်အရာနှင့် မတူအောင်လုပ်လျှင်ဖြစ်စေ၊ မိမိရုံးမှလူများက မိမိဖြစ်စေချင်သည့်အရာနှင့် ကွဲပြားအောင် ပြုလုပ်လျှင်ဖြစ်စေ “သူတို့ကို အမှားပြင်ပေးနိုင်ရင်၊ အဲဒါကို ပြောင်းပေးနိုင်ရင် ငါ့ကိုလုံခြုံစေမှာပဲ” ဟုခံစားရပါသည်။ ကျွန်ုပ်သည် စားပွဲပေါ်တွင် စာရွက်များကို ပုံစံတစ်မျိုးဖြင့် ထားသည်ကို ကြိုက်နှစ်သက်ပါသည်။ သို့သော် ရုံးမှလူတစ်ယောက်က အခြားတစ်နည်းဖြင့် ထားလိုက်သည်။ “ငါလုပ်သလို သူတို့ကိုလုပ်ခိုင်းရင် ငါ့ကိုလုံခြုံစေမှာပဲ” ဆိုပြီး ထိုအချက်က ခြိမ်းခြောက်ခံရသလို ခံစားရပါသည်။ ထိုအတွက် ဘာများကွဲပြားသွားပါသနည်း။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် မိမိအားခြိမ်းခြောက်နေသောအရာတိုင်းကို ဘေးဖယ်ပစ်ရန် အခြားသူများအပေါ် မိမိ၏မောက်မာမှုကို ဦးတည်လိုက်ပါသည်။
သို့တည်းမဟုတ် ကျွန်ုပ်တို့၏ သတ်မှတ်ချက်သည် အမြဲတမ်းမှန်နေသူတစ်ယောက် ဖြစ်ရန် အခြေခံထားပါက တစ်ယောက်ယောက်က သဘောကွဲလွဲခြင်း၊ ဝေဖန်ခြင်း ပြုလာသောအခါ အလွန်ပင် ငြင်းခုန်လိုပြီး မောက်မာကာ ဒေါသထွက်ပါသည်။ ဤပုဂ္ဂိုလ်၏ ဝေဖန်မှုက မိမိအားဖွံ့ဖြိုးတိုးတက်စေသည်ကို လည်းကောင်း သို့မဟုတ် သူတို့၏ဝေဖန်မှုက မတရားလျှင်ပင် ကျွန်ုပ်တို့သည် မပေါ့လျော့၊ မမှားယွင်းကြောင်း သေချာအောင် မိမိကိုယ်ကို စစ်ဆေးခွင့် ရရှိသည်ကို လည်းကောင်း ကျေးဇူးတင်လက်ခံရမည့်အစား ထိုသူကို ကြမ်းတမ်းစွာ တုံ့ပြန်ပါသည်။ သို့မဟုတ် ထိုသူကို လျစ်လျူရှုကာ စကားမပြောဘဲနေခြင်းဖြင့် မတုံ့ပြန်သည့် မောက်မာသောပုံစံဖြင့် ပြုမူပါသည်။ ကျွန်ုပ်တို့သည် အတော်လေး မလုံခြုံဘဲ ခြိမ်းခြောက်ခံရသည်ဟု ခံစားရသောကြောင့် ဤနည်းဖြင့် ပြုမူမိပါသည်။ ထိုသူက အမြဲတမ်း မှန်နေသော “ငါ့” ကို ငြင်းပယ်သည်ဟု ထင်ပါသည်။ ထို့ကြောင့် ဤခိုင်မာသော “ငါ” ကိုကာကွယ်ရန် ထိုသူကို ကျွန်ုပ်တို့ ငြင်းပယ်လိုက်ပါသည်။
စိတ်တံခါးကို ပိတ်ထားသော မသိမှု
နောက်တစ်နည်းမှာ စိတ်ကိုတံခါးပိတ်ထားသော မသိမှုဖြစ်ပြီး “တစ်ခုခု ငါ့ကိုခြိမ်းခြောက်ရင်၊ ငါ့သတ်မှတ်ချက်ကို ခြိမ်းခြောက်ရင် အဲဒါကို မရှိသလို ဟန်ဆောင်နေလိုက်မယ်” ဆိုပြီး မိမိအနီးတွင် အတားအဆီးများ ချမှတ်လိုက်ပါသည်။ ကျွန်ုပ်တို့သည် မိသားစုနှင့် အခက်အခဲများ၊ အလုပ်မှ အခက်အခဲများ ရှိပါသည်။ အိမ်ပြန်ရောက်သောအခါ ဘာမှမဖြစ်သကဲ့သို့ မျက်နှာထားတင်းမာနေလိုက်ပါသည်။ ထိုအကြောင်းကို မဆွေးနွေးလိုပါ။ တီဗီဖွင့်ကာ ထိုပြဿနာ မရှိသလို ဟန်ဆောင်လိုက်ပါသည်။ ဤသည်မှာ စိတ်ကိုပိတ်ထားသော သဘောထားဖြစ်သည်။ မိမိ၏သားသမီးများက သူတို့ပြဿနာများ လာဆွေးနွေးလိုသော်လည်း သူတို့ကို မောင်းထုတ်လိုက်ပါသည်။ “ငါ့သတ်မှတ်ချက်က ငါ့မိသားစုမှာ ဘာပြဿနာမှ မရှိဘူး။ ငါ့မိသားစုက ပြီးပြည့်စုံတယ်။ ရိုးရာအစဉ်အလာ တန်ဖိုးတွေအားလုံးကို လိုက်နာတယ်။ ဟန်ချက်ညီညီနဲ့ အဆင်ပြေနေတာကို ပြဿနာ ရှိနေတယ်ဆိုပြီး ဝမ်းနည်းအောင် ဘာကြောင့် လာပြောရတာလဲ” ဟုတွေးပါသည်။ ပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းမှာ ပြဿနာမရှိသလို ဟန်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ခံစားရပါသည်။ ဤသို့သော သဘောထားမျိုးကို စိတ်ကိုတံခါးပိတ်ထားသော မသိမှုဟု ခေါ်ပါသည်။
စိတ်တွင်ပေါ်လာသော နှိုးဆွမှုများသည် ကံ၏ဖော်ပြချက်များဖြစ်သည်
ဤကဲ့သို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ရှိလာသောအခါ နောက်ထပ်ဖြစ်လာသည်မှာ မိမိစိတ်တွင် နှိုးဆွမှုအမျိုးမျိုး ဖြစ်လာပါသည်။ ထိုအချက်ကို ကံဟုခေါ်ဆိုခြင်းဖြစ်သည်။ “ကံ” ဆိုသည်မှာ အကြောင်းတိုက်ဆိုင်မှု သို့မဟုတ် ကြိုတင်သတ်မှတ်ချက်ဟု မဆိုလိုပါ။ သို့သော် လူအများစုက ထိုအတိုင်း ထင်နေကြပုံရပါသည်။ တစ်ယောက်ယောက် လုပ်ငန်းပျက်သွားသောအခါ သို့မဟုတ် ကားတိုက်ခံရသောအခါ “အင်း၊ ကံဆိုးတာပဲ၊ သူတို့ကံပဲလေ” ဟု ပြောတတ်ကြပါသည်။ ဤသည်မှာ “ဒါက ဘုရားသခင် အလိုတော်ပါပဲ” ဟု ဆိုသည်နှင့် သိပ်မကွာလှပါ။
ကံအကြောင်းဆွေးနွေးရာတွင် ဘုရားသခင် အလိုတော် သို့မဟုတ် ကြိုတင်သတ်မှတ်ချက်အကြောင်း မပြောလိုပါ။ စိတ်၏နှိုးဆွမှုများအကြောင်း၊ တစ်ခုခု ဆောင်ရွက်အောင် စိတ်ထဲသို့ရောက်လာသော နှိုးဆွမှုအမျိုးမျိုးအကြောင်းကို ပြောပါမည်။ ဥပမာ၊ မိမိလုပ်ငန်းတွင် ဆုံးဖြတ်ချက် တစ်ခုခုချမိအောင် စိတ်ထဲသို့ဝင်လာသော နှိုးဆွမှုကြောင့် ဆုံးဖြတ်ချက် မှားသွားခြင်းမျိုး ဖြစ်ပါသည်။ သို့တည်းမဟုတ် မိမိသားသမီးများကို မိမိအား လေးစားမှုပြစေလိုသော နှိုးဆွမှုဖြစ်သည်။ သို့မဟုတ် ရုံးအလုပ်သမားများကို သူတို့လုပ်ချင်သလိုမဟုတ်ဘဲ မိမိခိုင်းသလိုသာ လုပ်ရမည်ဟု အော်ဟစ်လိုသည့် နှိုးဆွမှုဖြစ်သည်။ နောက်ထပ် သတိရမိသည့် နှိုးဆွမှုတစ်ခုမှာ မျက်နှာထားတင်းကာ တီဗီဖွင့်ပြီး မည်သူ့ကိုမျှ နားမထောင်ခြင်းမျိုး ဖြစ်သည်။ ဤသို့သော ကံ၏ နှိုးဆွမှုများက ကျွန်ုပ်တို့စိတ်ထဲ ရောက်လာကာ စိတ်လိုက်မာန်ပါ ပြုမူမိပြီး ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြဿနာများ ဖော်ထုတ်မိပါတော့သည်။ ဤသို့သော ဖြစ်စဉ်မျိုး ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အလုပ်တွင် မိမိရာထူးအတွက် အမြဲစိုးရိမ်သောကရောက်နေသော ပြဿနာ သို့မဟုတ် မိသားစုမှ ပြဿနာများ ရှိနိုင်ပါသည်။ “ငါက အောင်မြင်ရမယ်။ အောင်မြင်ပြီးတော့ မိဘတွေကို ဒါမှမဟုတ် အသိုင်းအဝိုင်းကို စိတ်ချမ်းသာစေရမယ်” ဆိုသည့် ခိုင်မာသော သတ်မှတ်ချက်ကို တွယ်တာမိရာမှ စိုးရိမ်သောက ပြဿနာ ရှိသည်ကို ငြင်းပယ်ခြင်းဖြင့် ထိုသတ်မှတ်ချက်ကို ခုခံရန် ကြိုးစားပါသည်။ ကျွန်ုပ်တို့သည် စိတ်တံခါးရော နှလုံးသားတံခါးပါ ပိတ်ထားလိုက်ပါသည်။ ထို့နောက် မိသားစု သို့မဟုတ် အလုပ်တွင် အခက်အခဲများစွာ ဖြစ်နေသော်လည်း လူသိရှင်ကြား ဖြစ်မလာဘဲ အားလုံးက ပြုံးရွှင်သောမျက်နှာမျိုး ပြုမူပါသည်။ စိတ်ထဲမှာတော့ ဤစိုးရိမ်သောက တင်းကျပ်မှုများကြောင့် နောက်ပိုင်းတွင် နှိုးဆွမှုအဖြစ် ပေါက်ကွဲထွက်ကာ အကြမ်းဖက်မှု ဖြစ်လာပါသည်။ တစ်ခါတစ်ရံ ထိုကိစ္စတွင် မပတ်သက်သော မိသားစုထဲမှ သို့မဟုတ် အလုပ်မှ တစ်ယောက်ယောက်ကို ဦးတည်မိပါသည်။ ထိုအခါ ပြဿနာကြီးမားစွာ ဖြစ်လာစေပါသည်။
ဤသည်တို့မှာ ကျွန်ုပ်တို့၏ ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြဿနာများ ဖြစ်ပေါ်စေသည့် နည်းလမ်းများ ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ စိတ်ခံစားချက်အမျိုးမျိုးကို ဖြေရှင်းမှု ဖြစ်သည်ကို မြင်နိုင်ပါသည်။ မေးစရာရှိသည်မှာ စိတ်ခံစားချက် အားလုံးက ပြဿနာ ဖြစ်စေပါသလား။ စိတ်ခံစားချက်အားလုံးသည် ကျွန်ုပ်တို့အား ပြဿနာများ ပေးနေပါသလား။
အပြုသဘော စိတ်ခံစားချက်များ
ကျွန်ုပ်တို့သည် မေတ္တာ၊ နွေးထွေးမှု၊ ချစ်ခင်မှု၊ အားတင်းမှု၊ သည်းခံမှု၊ ကြင်နာမှုစသည့် အပြုသဘော ကောင်းမွန်သော စိတ်ခံစားချက်အချို့ကို လိုချင်တပ်မက်မှု၊ ရန်လိုမှု၊ စိတ်တံခါး ပိတ်ထားမှု၊ မာန၊ မောက်မာမှု၊ မနာလိုမှုစသည့် အပျက်သဘော မကောင်းသည့် စိတ်ခံစားချက်များနှင့် ခွဲခြားရန်လိုပါသည်။ ပါဠိ၊ သက္ကတ သို့မဟုတ် တိဘက်ဘာသာတို့တွင် စိတ်ခံစားချက်အတွက် စကားလုံး မရှိပါ။ ကောင်းသောစိတ်ခံစားချက် သို့မဟုတ် ဆိုးသော စိတ်ခံစားချက်များအကြောင်း ပြောနေသော်လည်း ထိုနှစ်ခုစလုံးကို ခြုံငုံမိသော ယေဘုယျ စကားလုံးမှာ အင်္ဂလိပ်ဘာသာမှာကဲ့သို့ မရှိပါ။
ကျွန်ုပ်တို့အား မသက်မသာဖြစ်စေသည့် စိတ်ခံစားချက် သို့မဟုတ် သဘောထား အချို့အကြောင်း ပြောနေပါက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ သို့မဟုတ် အနှောင့်အယှက်ပေးသော သဘောထားများကို ပြောနေသည်ဟု ယူဆရပါမည်။ ဥပမာအားဖြင့် တစ်ခုခု သို့မဟုတ် တစ်ယောက်ယောက်ကို စိတ်စွဲလမ်းမှု ရှိနေနိုင်ပြီး ယင်းမှာ ကျွန်ုပ်တို့ကို အလွန်မသက်မသာ ဖြစ်စေပါသည်။ လေးစားမှု ရရှိရန် အလွန်စိတ်လှုပ်ရှားနိုင်ပါသည်။ သို့မဟုတ် တစ်ယောက်ယောက် ထံမှ မေတ္တာ၊ အာရုံစိုက်မှု၊ အသိအမှတ်ပြုမှုကို တွယ်တာပါသည်။ အကြောင်းမှာ ထိုသူကို တွယ်တာနေပြီး မိမိ၏ ထိုက်တန်လုံခြုံမှု ခံစားချက် ရရှိအောင် သူ၏အသိအမှတ်ပြုမှု စသည်ကို တွယ်တာသောကြောင့် ဖြစ်ပါသည်။ ယင်းတို့မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၊ လိုချင်သောဆန္ဒအနေနှင့် ပေါ်ထွက်လာသည့် အခက်အခဲများ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ရန်လိုသည့်အခါတိုင်း အလွန်မသက်မသာ ဖြစ်ရပါသည်။ သို့မဟုတ် စိတ်တံခါး ပိတ်ထားပါကလည်း မသက်မသာ ခံစားရပါသည်။ ဤသဘောထားအားလုံးမှာ ပြဿနာ ဖြစ်စေပါသည်။ ထို့ကြောင့် မေတ္တာကဲ့သို့ အပြုသဘော စိတ်ခံစားချက်များကို အပျက်သဘော စိတ်ခံစားချက်များနှင့် ခွဲခြားထားရပါမည်။
မေတ္တာဆိုသည်မှာ ဗုဒ္ဓဘာသာ အစဉ်အလာအရ အခြားသူများကို ပျော်ရွှင်မှုနှင့် ပျော်ရွှင်မှုအကြောင်းရင်းများ ရရှိစေလိုသော အပြုသဘော စိတ်ခံစားချက်ဟူ၍ သတ်မှတ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အားလုံးသည် တူညီကြပြီး အားလုံးသည် အညီအမျှ ပျော်ရွှင်လိုကာ မည်သူမျှ ပြဿနာများ မရှိလိုသည့် ကျိုးကြောင်းဆီလျော်မှုတွင် အခြေခံထားပါသည်။ အားလုံးတွင် ပျော်ရွှင်ပိုင်ခွင့် ရှိပါသည်။ အခြားသူများကို မိမိလိုပင် တန်ဖိုးထားဂရုစိုက်ခြင်းမှာ မေတ္တာတရားဖြစ်ပါသည်။ အခြားသူများကို သူတို့ဆောင်ရွက်ချက်ပေါ် မူတည်ခြင်းမရှိဘဲ ပျော်ရွှင်စေလိုသည့် အလေးထားမှု ဖြစ်ပါသည်။ မိမိရင်သွေးက မိမိအဝတ်များကို ညစ်ပေစေခြင်း၊ မိမိအပေါ် အန်ခြင်း ပြုလုပ်သည်ကို မေတ္တာမပျက်ချစ်ခင်သော မိခင်၏ မေတ္တာနှင့် တူပါသည်။ ရင်သွေးငယ်က ဖျားနာခြင်း၊ မိမိအဝတ်များကို လွှင့်ပစ်ခြင်းတို့ ပြုသော်လည်း အရေးမစိုက်ဘဲ ချစ်ခင်မြဲချစ်ခင်ပါသည်။ တစ်ခါတစ်ရံ မေတ္တာဆိုသည်မှာ မှီခိုမှု သို့မဟုတ် လိုအပ်မှုကို ဖော်ပြချက်ဟု ခေါ်ဆိုတတ်ကြပါသည်။ “ချစ်တယ်” ဆိုသည်မှာ “လိုအပ်တယ်။ ခွဲမသွားပါနဲ့။ မင်းမရှိဘဲ မနေတတ်လို့ပါ။ ဒါတွေ၊ ဒါတွေ ဆောင်ရွက်ပါ။ ဇနီးကောင်း ဒါမှမဟုတ် ခင်ပွန်းကောင်း ဖြစ်အောင်နေပါ။ ချစ်သူများနေ့ရောက်တိုင်း ပန်းတွေ လက်ဆောင်ပေးပါ။ ငါ့ကိုပျော်အောင်ထားပါ။ ဒါမှမဟုတ်ရင် ငါဖြစ်ချင်တာကို မလုပ်တဲ့အတွက်၊ ငါလိုအပ်ချိန်မှာ အသင့်မရှိတဲ့အတွက် အခုမုန်းလိုက်တော့မယ်” စသည်ဖြင့် ဆိုလိုပါသည်။
ဤသဘောထားမျိုးမှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြစ်ပြီး ဗုဒ္ဓဘာသာကဆိုလိုသော မေတ္တာ မဟုတ်ပါ။ မေတ္တာဆိုသည်မှာ တစ်စုံတစ်ယောက်က ပန်းစည်းပို့သည်ဖြစ်စေ၊ မပို့သည်ဖြစ်စေ၊ မိမိကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိအပေါ် ချစ်ခင်ကြင်နာမှု၊ ဆိုးရွားစွာပြုမူမှု၊ ငြင်းပယ်မှုတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလေးထားမှု ဖြစ်ပါသည်။ သူတို့ကို ပျော်ရွှင်စေရန် အလေးထားပါသည်။ မေတ္တာနှင့် အလားတူ စိတ်ခံစားချက် များအကြောင်း ပြောသောအခါ အပြုသဘောရော အပျက်သဘောပါ ရှိနိုင်သည်ကို သဘောပေါက်သင့်ပါသည်။
ဒေါသဆိုသည်မှာ အမြဲတမ်း အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြစ်သည်
ယခုအခါ ဒေါသအကြောင်း ဆွေးနွေးရန် ဖြစ်လာပါသည်။ ဒေါသဆိုသည်မှာ ဘာမှားနေပါသနည်း။ ဒေါသသည် အမြဲတမ်း အနှောင့်အယှက် ပေးပါသည်။ ဒေါသထွက်ခြင်းဖြင့် မည်သူ့ကိုမျှ မပျော်ရွှင်စေပါ။ ဒေါသဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့၏ စိတ်အခြေအနေ ပိုကောင်းမလာပါ။ ကျွန်ုပ်တို့၏ အစားအသောက်များကိုလည်း ပိုပြီးအရသာရှိအောင် မလုပ်ပေးပါ။ စိတ်တိုဒေါသထွက်ပါက သက်သောင့်သက်သာ မရှိတော့သလို အိပ်မရတော့ပါ။ ရေးကြီးခွင်ကျယ် အော်ဟစ်နေစရာပင် မလိုပါ။ သို့သော် ရုံးမှာ၊ အိမ်မှာ ဖြစ်ပျက်သမျှကို စိတ်ထဲက အလွန်ဒေါသထွက်နေလျှင် အစာမကျေခြင်း၊ အစာအိမ်အနာဖြစ်ခြင်း သို့မဟုတ် ညဘက် အိပ်မရခြင်းတို့ စတင်ဖြစ်ပေါ်လာနိုင်ပါသည်။ ဒေါသကို ချုပ်တည်းထားသည့် အတွက် အခက်အခဲများစွာ ကြုံလာရပါသည်။ အမှန်တကယ် ဒေါသပေါက်ကွဲကာ အခြားသူများအပေါ် ရန်လိုသော အကြည့်၊ ရန်လိုသော အငွေ့အသက်များ ပြလိုက်ပါက ခွေးနှင့်ကြောင်များပင်လျှင် ကျွန်ုပ်တို့အနီးတွင် မနေကြတော့ပါ။ ဒေါသဖြင့် ကျွန်ုပ်တို့ရှိနေသည်ကို သူတို့ မသက်မသာ ဖြစ်သောကြောင့် ဖြည်းဖြည်းချင်း လျှိုထွက်သွားကြပါလိမ့်မည်။
ဒေါသသည် လုံးဝအကျိုးမရှိပါ။ ဒေါသအလွန် ပြင်းထန်ကာ စိတ်ရှုပ်ထွေးလာပြီး တစ်နည်းနည်းဖြင့် ထွက်ပေါက်ပေးရန်၊ တစ်ယောက်ယောက်ကို ဆဲဆိုရန်၊ သူတို့ကို ကျိန်စာတိုက်ရန် ဖြစ်လာပါက မိမိကိုရော စိတ်ချမ်းသာစေပါသလာ။ အခြားတစ်ယောက် ထိခိုက်ဝမ်းနည်းသည်ကို မြင်ရသည်မှာ ပျော်ရွှင်မိပါသလား။ သို့မဟုတ် အလွန်ဒေါသထွက်ကာ နံရံကိုလက်သီးနှင့် ထိုးပစ်ချင်လာသည်။ ထိုသို့နံရံကို ထိုးမိပါကလည်း နေရထိုင်ရ ကောင်းလာပါသလား။ လုံးဝ မကောင်းပါ။ နာကျင်ပါသည်။ တကယ်တော့ ဒေါသဆိုသည်မှာ မည်သည့်နည်းနှင့်မှ ကောင်းကျိုးမပေးပါ။ ကားလမ်း ပိတ်ပြီး အလွန်ဒေါသထွက်ကာ ဟွန်းသံတညံညံ ပေးကာ လူတိုင်းကို အော်ဟစ်ဆဲဆိုနေပါက ဘာကောင်းကျိုး ရှိပါမည်နည်း။ စိတ်ချမ်းသာသွားပါသလား။ ထိုအခါ ကားတွေပိုပြီး မြန်မြန် မောင်းနိုင်ပါသလား။ မဟုတ်ပါ။ အခြားသူများရှေ့မှာ မျက်နှာပျက်စရာသာ ဖြစ်လာပါမည်။ “ဒီလောက် ဟွန်းတီးနေတာ ဘယ်က လူမိုက်လဲ” ဟုပြောကြပါမည်။ ဤသည်မှာ ထိုအခြေအနေကို အထောက်အကူမဖြစ်သည်မှာ ရှင်းနေပါသည်။
ဒေါသကို ကြုံတွေ့ရန် လိုပါသလား။
ဒေါသနှင့် ဒေါသအခြေခံသော စိတ်လိုက်မာန်ပါ အပြုအမူများ၊ တစ်ယောက်ယောက်ကို အော်ငေါက်ခြင်း သို့မဟုတ် တစ်ယောက်ယောက်ကို ရန်လိုပြီး မဆက်ဆံခြင်း၊ ငြင်းပယ်ခြင်းများ စသည်တို့ကဲ့သို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်းများ ဖြစ်ပါက ယင်းတို့နှင့် အမြဲဒုက္ခရောက်နေ ပါမည်လား။ ဒါမျိုးကို ကျွန်ုပ်တို့အမြဲ ကြုံနေရပါမည်လား။ မဟုတ်ပါ။ ထိုသို့ မဟုတ်ပါ။ အကြောင်းမှာ အနှောင့်အယှက် ပေးသော စိတ်ခံစားချက်များသည် စိတ်၏ သဘောသဘာဝ မဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ဖြစ်နေပါက ကျွန်ုပ်တို့စိတ်သည် အမြဲတမ်း အနှောင့်အယှက် ဖြစ်နေပါမည်။ အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသူများပင်လျှင် ဒေါသကြောင့် အနှောင့်အယှက် မဖြစ်သော အခိုက်အတန့်များ ရှိပါသည်။ ဥပမာ၊ အိပ်ပျော်သွားသောအခါ ဒေါသကို မခံစားရတော့ပါ။
ထို့ကြောင့် ဒေါသ၊ ရန်လိုမှုနှင့် မုန်းတီးမှုစသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ မရှိသောအချို့ အခိုက်အတန့်များရှိသည်မှာ ဖြစ်နိုင်ပါသည်။ ဤအချက်က ထိုအပျက်သဘော စိတ်ခံစားချက်များသည် မတည်မြဲကြောင်း သက်သေပြပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့စိတ်၏ သဘောသဘာဝ မဟုတ်သောကြောင့် ဖယ်ရှား၍ ရနိုင်ပါသည်။ မိမိဒေါသ၏ အကြောင်းရင်းများကို အပေါ်ယံမဟုတ်ဘဲ အနက်ရှိုင်းဆုံး အဆင့်အထိ ရပ်တန့်လိုက်ပါက မုန်းတီးမှုကို ကျော်လွှားကာ စိတ်ငြိမ်းချမ်းမှု ကျိန်းသေရရှိနိုင်ပါသည်။
ဤသည်မှာ ကျွန်ုပ်တို့သည် စိတ်ခံစားချက်များနှင့် ခံစားချက်အားလုံးကို ဖယ်ရှားကာ စတားထရက် ဇာတ်ကားထဲမှ စပေါ့ကဲ့သို့ မည်သည့် စိတ်ခံစားချက်မှ မရှိသည့် စက်ရုပ် သို့မဟုတ် ကွန်ပျူတာနှင့်တူသော လူတစ်ယောက်လို နေထိုင်သင့်သည်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့ဖယ်ရှားရမည်မှာ ရှုပ်ထွေးမှုအပေါ်တွင် အခြေခံသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ အနှောင့်အယှက်ပေးသော သဘောထားများနှင့် မိမိကိုယ်ကို အမှန်အတိုင်း မသိမှုတို့ကို ဖယ်ရှားရန် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ တရားတော်များတွင် ထိုသို့ဆောင်ရွက်ရန် နည်းလမ်းများစွာ ရှိပါသည်။
ဒေါသကို ကျော်လွှားခြင်းနှင့် ဘဝအရည်အသွေးကို ပြောင်းလဲခြင်း
ပထမဦးစွာ မိမိ၏ဒေါသနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ သဘောထားများ အားလုံးကို ဖယ်ရှားရန် ကိုယ်တိုင်ကြိုးစားအောင် စေ့ဆော်ပေးသည့် စေ့ဆော်မှု သို့မဟုတ် အခြေခံအချို့ကို ရရှိရန်လိုပါသည်။ ထိုသို့ ဆောင်ရွက်ရန် အကြောင်းရင်း မရှိပါက ထိုသို့ဆောင်ရွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် စိတ်ဓာတ်စေ့ဆော်မှုရှိရန် အရေးကြီးပါသည်။
“ငါသည် ပျော်ရွှင်လိုပြီး ပြဿနာများ မရှိလိုပါ။ ငါ၏ဘဝအရည်အသွးကို တိုးတက်ကောင်းမွန်လိုပါသည်။ ငါသည် အမြဲတမ်း စိတ်ထဲမှ မုန်းတီးကာ ရန်လိုနေသည့်အတွက် မသာယာပါ။ တစ်ခါတစ်ရံ ဒေါသထွက်လာပါသည်။ ဒါကိုမဖော်ပြသော်လည်း ဒေါသရှိနေသည့်အတွက် တစ်ချိန်လုံး အလွန်ပင် သနားစဖွယ်၊ အလွန်ဝမ်းနည်ဖွယ် ခံစားရပါသည်။ ကောင်းမွန်သော ဘဝအရည်အသွေး မဟုတ်ပါ။ နောက်ပြီး အစာမကျေခြင်း၊ ဖျားနာခြင်းတို့လည်း ဖြစ်စေပါသည်။ ကိုယ်ကြိုက်တဲ့ အစားအစာကိုတောင် မစားနိုင်တော့ပါ” ဟုတွေးပြီး အထက်ပါ စိတ်ဓာတ်စေ့ဆော်မှုမျိုး စတင်ထားရှိနိုင်ပါသည်။
တကယ်တော့ ကျွန်ုပ်တို့၏ ဘဝအရည်အသွေးသည် ကျွန်ုပ်တို့လက်ထဲမှာသာ ရှိပါသည်။ ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည့် အထင်ရှားဆုံး သတင်းစကား တစ်ခုမှာ ကျွန်ုပ်တို့သည် ကိုယ့်ဘဝအရည်အသွေးကို ကိုယ်တိုင်ဆောင်ရွက်နိုင်ပါသည်။ ဘဝတွင် အမြဲတမ်း သနားစဖွယ် နေထိုင်ရမည်ဟု သတ်မှတ်ခံထားရခြင်းမရှိပါ။ တိုးတက်ကောင်းမွန်အောင် တစ်ခုခုလုပ်နိုင်ပါသည်။
ထိုအခါ ကျွန်ုပ်တို့သည် “ငါ၏ဘဝအရည်အသွေးကို ယခု၊ လက်ရှိအခိုက်အတန့်၊ ရေတိုကာလအတွက်သာမက ရေရှည်အတွက် တိုးတက်အောင် ဆောင်ရွက်လိုပါသည်။ အရာရာ ပိုဆိုးလာအောင် ခွင့်မပြုလိုပါ။ ဘာကြောင့်လဲဆိုတော့ ဥပမာအားဖြင့် ငါ၏ ရန်လိုမှု၊ မုန်းတီးမှုတို့ကို ယခုမဖယ်ရှားဘဲ စိတ်ထဲတွင် သိမ်းထားပါက ပိုဆိုးလာကာ အနာရောဂါ ရလာနိုင်ပါသည်။ ငါသည် ပေါက်ကွဲမိပြီး တစ်ယောက်ယောက်ကို ဆဲရေးတိုင်းထွာမိခြင်း၊ သူတို့ကို ဖျက်ဆီးရန် ကြိုးစားခြင်းကဲ့သို့ ဆိုးရွားသောအရာတစ်ခုခု လုပ်မိနိုင်ပါသည်။ ထိုအခါ တစ်ဖက်လူက ငါနှင့် ငါ့မိသားစုအပေါ် ကျိန်စာတိုက်၍ လက်စားချေကာ ဗီဒီယိုရုပ်ရှင်တွေထဲကလို ကမ္ဘာမကျေရန်သူတွေ ဖြစ်ကုန်ပါတော့မည်” ဟုတွေးနိုင်ပါသည်။
ဤသို့ကျွန်ုပ်တို့ မဖြစ်စေလိုကြောင်း ကြိုတင်တွေးထားပါက ပြဿနာများ ပိုဆိုးမလာအောင် မိမိဒေါသကို ကြိုးစားပြီး ဖယ်ရှားရပါမည်။ ထို့ပြင် မိမိပြဿနာများကို လျှော့ချလိုစိတ်သာမက ပြဿနာအားလုံးကိုပါ ဖယ်ရှားလိုစိတ် ရှိရပါသည်။ အကြောင်းမှာ ရန်လိုမှုနှင့် မုန်းတီးမှု အနည်းငယ် ခံစားရခြင်းသည်ပင်လျှင် စိတ်ချမ်းသာဖွယ် မရှိသည့်အတွက် “ပြဿနာအားလုံးကနေ လွတ်ကင်းအောင် ဆုံးဖြတ်ချက် ခိုင်မာရမယ်” ဟု တွေးရပါမည်။
လွတ်မြောက်လိုသော ဆုံးဖြတ်ချက်
“လွတ်မြောက်လိုသော ဆုံးဖြတ်ချက်” ဆိုသည့်အချက်ကို “စွန့်ပယ်ခြင်း” ဆိုသည့် အတော်လေး အယူအဆမှားနိုင်သော ဘာသာပြန်မှုဖြင့် ဘာသာပြန်လေ့ ရှိပါသည်။ ထိုအခါ အားလုံးကို စွန့်လွှတ်ပြီး တောထဲတွင် သွားနေရမည်ဟု အဓိပ္ပာယ် ကောက်လာနိုင်ပါသည်။ ဤနေရာတွင် ထိုသို့ပြောလိုခြင်း မဟုတ်ပါ။ ယခုဆွေးနွေးနေသည်မှာ မိမိပြဿနာများကို ရိုးသားပြီး ရဲဝံ့စွာ လေ့လာရန်ဖြစ်သည်။ ယင်းတို့နှင့်အတူ နေရသည်မှာ အလွန်မိုက်မဲသည်ဟု မြင်လာပြီး “ဒါကို ဆက်မဖြစ်လိုတော့ဘူး။ တော်လောက်ပြီ။ ဒါတွေကို ငြီးငွေ့ပြီ။ စိတ်ကုန်လာပြီ။ ထွက်ပေါက်ရှာရမယ်” ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
ဤသို့ထားရှိရမည့် သဘောထားမှာ လွန်မြောက်ရန် ဆုံးဖြတ်ချက်ဖြစ်သည်။ ထို့အတူ မိမိ၏ဟောင်းနွမ်းနေသော အနှောင့်အယှက်ပေးသည့် ကာယကံ၊ ဝစီကံ၊ မနောကံ တို့ကိုလည်း စွန့်လွှတ်လိုစိတ် ရှိရပါမည်။ ဒါက အရေးအကြီးဆုံး ဖြစ်သည်။ အမှန်တကယ် စိတ်ဓာတ်မခိုင်မာပါက ထိုအတွက် အားစိုက်မည်မဟုတ်ပါ။ ထိုအတွက် အပြည့်အဝ အားစိုက်တော့မှသာ လွတ်မြောက်လိုသော ကျွန်ုပ်တို့၏ အားထုတ်မှုသည် ရဲရင့်ပြတ်သားပြီး အောင်မြင်လာပါလိမ့်မည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်မှု ရရှိလိုသော်လည်း မကောင်းသော အပြုအမူနှင့် စိတ်ခံစားချက်များကဲ့သို့ တစ်ခုခု စွန့်လွှတ်လိုစိတ် မရှိလျှင် လုံးဝမအောင်မြင်ပါ။ ထို့ကြောင့် ပြဿနာများ ရပ်တန့်ကာ ယင်းတို့နှင့် ယင်းတို့၏ အကြောင်းတရားများကို စွန့်လွှတ်ရန် စိတ်ပိုင်းဖြတ်ထားသည့် အလွန်ခိုင်မာသော ဆုံးဖြတ်ချက် ရှိရန် အထူးအရေးကြီးပါသည်။
နောက်တစ်ဆင့်တက်လျှင် ကျွန်ုပ်တို့သည် “ငါ၏ပျော်ရွှင်မှုအတွက်သာမက အနီးဝန်းကျင်မှ အားလုံးအကျိုးအတွက် ငါ၏ဒေါသကို ဖယ်ရှားရမည်။ ငါ့မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် အသိုင်းအဝိုင်းအတွက် ငါ၏ဒေါသကို ဖယ်ရှားရမည်။ အခြားသူများကို ထည့်စဉ်းစားကာ ဒါကို ကျော်လွှားရမည်။ သူတို့ကို ဒုက္ခမဖြစ်စေလိုပါ။ စိတ်မဆင်းရဲစေလိုပါ။ ငါသည်ဒေါသထွက်မိပါက ငါ့အားမျက်နှာပျက်စေရုံသာမက ငါ့မိသားစု တစ်ခုလုံးအတွက် အရှက်ရစရာဖြစ်ပါမည်။ ငါနှင့်ပတ်သက်သူအားလုံးကိုလည်း အရှက်ရစေပါမည်။ ထို့ကြောင့် သူတို့ကိုငဲ့ညှာပြီး စိတ်မတိုအောင် ထိန်းချုပ်ဖြေရှင်းနိုင်ရန် ကြိုးစားဖယ်ရှားရပါမည်” ဟုတွေးရပါမည်။
ပိုပြီးခိုင်မာသော စိတ်ဓာတ်စေ့ဆော်မှုမှာ “ဤဒေါသသည် အခြားသူများအား မကူညီနိုင်အောင် တားဆီးသည့်အတွက် ဖယ်ရှားပစ်ရမည်။ ငါ၏သားသမီးများ၊ အလုပ်မှလူများ သို့မဟုတ် ငါ၏မိဘများ စသည့် အခြားသူများက ငါ့အကူညီလိုအပ်ပါက၊ ငါသည် ဒေါသ၊ ရန်လိုမှုတို့ကြောင့် လုံးဝ အနှောင့်အယှက်ဖြစ်ပြီး စိတ်တိုနေပါက သူတို့ကို ဘယ်လိုကူညီနိုင်ပါမည်နည်း” ဟုဆင်ခြင်ရန် ဖြစ်ပါသည်။ ယင်းမှာ အဓိက အတားအဆီးတစ်ခုဖြစ်သောကြောင့် ဤသို့ စိတ်ဓာတ်စေ့ဆော်မှု အဆင့်ဆင့်ကို ရိုးသားစွာရရှိအောင် ကိုယ်တိုင်ကြိုးစားရန် အလွန်အရေးကြီးပါသည်။
ဒေါသကိုဖြေရှင်းရန် နည်းလမ်းမှာ မည်မျှပင် အဆင့်မြင့်သည်ဖြစ်စေ၊ ယင်းကိုအသုံးချရန် ခိုင်မာသော စိတ်ဓာတ်စေ့ဆော်မှု မရှိပါက လက်တွေ့ဆောင်ရွက်တော့မည် မဟုတ်ပါ။ ထို့ပြင် သိရှိထားသော နည်းလမ်းများကို အသုံးမချပါက ဘာအဓိပ္ပာယ် ရှိပါမည်နည်း။ ထို့ကြောင့် ပထမအဆင့်မှာ စိတ်ဓာတ်စေ့ဆော်မှုအားဖြင့် တွေးကြည့်ရန် ဖြစ်ပါသည်။
ဒေါသကို ကျော်လွှားရန် နည်းလမ်းများ
ဒေါသမဖြစ်အောင် တားဆီးနိုင်သော လက်တွေ့နည်းလမ်းများက ဘာတွေလဲ။ ဒေါသဆိုသည်မှာ သက်ရှိ၊ သက်မဲ့ တစ်ခုခုအပေါ် အကြမ်းဖက်မှု ဖြစ်ပေါ်လိုသော စိတ်လှုပ်ရှားမှုအခြေအနေဟူ၍ အဓိပ္ပာယ် သတ်မှတ်ထားပါသည်။ လူ၊ တိရစ္ဆာန်၊ အခြေအနေ သို့မဟုတ် အရာဝတ္ထု တစ်ခုခုကို အာရုံစိုက်ကာ ယင်းကိုမနှစ်သက်ပါက၊ ယင်းကို အကြမ်းဖက်မှု၊ စိတ်မရှည်မှုတို့ ဖော်ပြလိုပါက၊ ယင်းကို ကြမ်းတမ်းသောနည်းဖြင့် ပြောင်းလဲစေလိုပါက ဤသည်မှာ ဒေါသစိတ် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါသဆိုသည်မှာ စိတ်မရှည်မှု၊ သည်းမခံမှု အခြေအနေဖြစ်ပါသည်။ မိမိသည်းမခံနိုင်သော ဘာကိုပဲဖြစ်ဖြစ် အန္တရာယ် ပေးလိုသောစိတ်နှင့်လည်း ပူးတွဲနေပါသည်။ တစ်ဖက်တွင်မူ ယင်း၏ဆန့်ကျင်ဘက်မှာ သည်းမခံခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော သည်းခံခြင်းနှင့် အခြားတစ်ဖက်တွင် မေတ္တာ ဖြစ်ပါသည်။ မေတ္တာသည် တစ်စုံတစ်ယောက်ကို ပျော်ရွှင်စေလိုသောစိတ် ဖြစ်သည့်အတွက် မေတ္တာသည် သူတို့ကိုအန္တရာယ် ပေးလိုစိတ်၏ ဆန့်ကျင်ဘက် ဖြစ်ပါသည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိမဖြစ်စေလိုသော အခြေအနေတစ်ခုခု ဖြစ်လာသောအခါ ဒေါသထွက်ပါသည်။ အခြားသူများက မိမိပြုမူစေချင်သလို မပြုမူကြပါ။ ဥပမာ၊ သူတို့က မိမိအား မလေးစားပါ။ အလုပ်တွင် အမိန့်ကို မလိုက်နာပါ။ သို့တည်းမဟုတ် အလုပ်တွင် တစ်ခုခုလုပ်မည်ဟု ကတိပေးထားပြီး မလုပ်ကြပါ။ သူတို့သည် မိမိမျှော်လင့်ထားသလို မလုပ်သည့်အတွက် သူတို့အပေါ် အလွန်ဒေါသထွက်ပါသည်။ နောက်ထပ်ဥပမာတစ်ခုမှာ တစ်ယောက်ယောက်က မိမိခြေမကို တက်နင်းသွားရာ ထိုသို့မဖြစ်စေလိုသည့်အတွက် သူ့ကို ဒေါသထွက်မိပါသည်။ သို့သော် အဆိုပါအခြေအနေများကို ဒေါသမထွက်ဘဲ ဖြေရှင်းနိုင်သော နည်းလမ်းများစွာ ရှိပါသည်။
သည်းခံခြင်းရရှိအောင် ရှန်တီဒေဝ၏ အကြံပေးစကား
ရှစ်ရာစုနှစ်က အိန္ဒိယ ဗုဒ္ဓဘာသာဆရာတော်ကြီး ရှန်တီဒေဝက အထောက်အကူပြုသော အတွေးများစွာ ပေးခဲ့ပါသည်။ သူရေးထားသည်ကို ပြန်ပြောရမည်ဆိုပါက- “ခက်ခဲသော အခြေအနေတစ်ခုတွင် ယင်းကိုပြောင်းလဲဖို့ တစ်ခုခု လုပ်နိုင်ပါက ဘာကြောင့် စိုးရိမ်ပြီး ဒေါသထွက်နေမည်နည်း။ ပြောင်းလဲလိုက်ပါ။ ဘာမှ မလုပ်နိုင်ပါကလည်း ဘာကြောင့် စိုးရိမ်ပြီး ဒေါသထွက်နေမည်နည်း။ ယင်းကို ပြောင်းလဲ၍မရပါက ဒေါသထွက်နေလည်း အထောက်အကူမပြုပါ။”
ဥပမာအားဖြင့် ပီနန်မှ စင်ကာပူသို့ လေယာဉ်စီးသွားလိုသော်လည်း လေဆိပ်ရောက်သောအခါ ခရီးစဉ် လူပြည့်သွားသည်ကို ကြုံရပါသည်။ ထိုအတွက် ဒေါသထွက်နေ၍မရပါ။ ဒေါသကြောင့် လေယာဉ်ပေါ် ရောက်သွားမည် မဟုတ်ပါ။ သို့သော် ထိုအခြေအနေကို ပြောင်းလဲရန် တစ်ခုခုဆောင်ရွက်နိုင်ပါသည်။ နောက်လေယာဉ် စီးသွားရန်ဖြစ်သည်။ ဘာကြောင့် ဒေါသထွက်မည်နည်း။ နောက်လေယာဉ်ကို လက်မှတ်မှာပြီး စင်ကာပူက သူငယ်ချင်းများကို ဖုန်းဆက်ကာ နောက်ကျမည်ဟု အသိပေးလိုက်လျှင် ပြေလည်သွားပါသည်။ ဤသည်မှာ ပြဿနာကို ဖြေရှင်းနိုင်မည့်နည်း ဖြစ်ပါသည်။ အိမ်က ရုပ်မြင်သံကြား ပျက်သွားလျှင် ဘာကြောင့် ဒေါသထွက်ပြီး ဆောင့်ကန်ကာ ဆဲဆိုနေမည်နည်း။ ပြုပြင်လိုက်ပါ။ ယင်းမှာ အလွန်သိသာထင်ရှားပါသည်။ ကျွန်ုပ်တို့ ပြောင်းလဲနိုင်သော အခြေအနေဆိုပါက ဒေါသထွက်စရာမလိုဘဲ ပြောင်းလဲလိုက်ပါ။
အခြေအနေကို ပြောင်းလဲရန် ဘာမှမလုပ်နိုင်ပါက၊ ဥပမာအားဖြင့် ရုံးသွားချိန်ကားလမ်း ပိတ်မိနေပါက ယင်းကိုလက်ခံလိုက်ရပါမည်။ မိမိရှေ့မှ ကားအားလုံးကို ဖျက်ဆီးပစ်ဖို့ မိမိကားရှေ့မှာ လေဆာသေနတ် မရှိသလို ဂျပန်ကာတွန်းအချို့ထဲကလို ကားတွေအပေါ်မှ မိုးပေါ်ပျံသွား၍လည်း မရနိုင်ပါ။ ထို့ကြောင့် ယင်းကို တင့်တယ်စွာ လက်ခံပြီး "ကားလမ်းတော့ ပိတ်နေပြီ။ ရေဒီယို ဖွင့်လိုက်မယ်။ ကက်ဆက်ဖွင့်ပြီး ဗုဒ္ဓတရားတော်တွေ နာလိုက်မယ်။ ဒါမှမဟုတ် ကြိုက်တဲ့သီချင်းတွေ ဖွင့်လိုက်မယ်” ဟုတွေးလိုက်ပါ။ အချိန်အများစုတွင် ကျွန်ုပ်တို့သည် ဘယ်အချိန် ရုံးတက်ရုံးဆင်း ကားလမ်းပိတ်မည်ကို သိပါသည်။ ထို့ကြောင့် နားထောင်ရန် တိပ်ခွေကို အသင့်ထည့်ပြီး ကြိုတင်ပြင်ဆင်ထားနိုင်ပါသည်။ ထိုသို့ကားလမ်းပိတ်စဉ် ကားမောင်းသွားရမည်ဟု သိနေပါက ထိုအချိန်ကို အကောင်းဆုံး အသုံးချနိုင်ပါသည်။ ရုံးကဖြစ်စေ၊ မိသားစုထဲကဖြစ်စေ ပြဿနာအချို့ သို့မဟုတ် တစ်ခုခုအကြောင်းကို စဉ်းစားကာ ထိုအတွက် ကောင်းမွန်သောအဖြေ ရလာအောင် ကြိုးစားနိုင်ပါသည်။
ခက်ခဲသော အခြေအနေတစ်ခုကို ပြောင်းလဲအောင် ကျွန်ုပ်တို့ဘာမှ မလုပ်နိုင်ပါက ယင်းကိုအကောင်းဆုံး ဖြစ်အောင်သာ ကြိုးစားကြည့်လိုက်ပါ။ အမှောင်ထဲတွင် ခြေမကို ထိခိုက်သွားပါက ခုန်ပေါက်ပြီး အော်ဟစ်နေလည်း ပြန်ကောင်းလာမည် မဟုတ်ပါ။ အမေရိကန် ဗန်းစကားတစ်ခုတွင် “နာကျင်စွာကခုန်သည်” ဟုခေါ်ပါသည်။ အလွန်နာကျင်သည့်အတွက် ခုန်ပေါက်ပြီး ကခုန်သော်လည်း ပြန်ကောင်းလာတော့မည် မဟုတ်ပါ။ ထိုအတွက် လုပ်ပေးနိုင်တာ သိပ်မရှိပါ။ တစ်ခုတည်းသော လုပ်စရာမှာ ဘာပဲလုပ်နေသည်ဖြစ်စေ ဆက်လုပ်ရုံသာ ဖြစ်ပါသည်။ နာကျင်မှုသည် မမြဲပါ။ ကွယ်ပျောက်သွားမည့်အရာသာ ဖြစ်ပါသည်။ ထာဝရ မနာသလို ခုန်ပေါက်အော်ဟစ်ခြင်းဖြင့် နေထိုင်ကောင်းလာမည် မဟုတ်ပါ။ ကျွန်ုပ်တို့ ဘာကိုအလိုရှိပါသလဲ။ လူတိုင်းပြေးလာပြီး “အို၊ သနားစရာ၊ ခြေထောက် နာသွားပြီ” ဟုပြောစေလိုပါသလား။ ကလေးငယ်တစ်ယောက် ထိခိုက်မိသွားပါက သူ့အမေပြေးလာကာ အနမ်းဖြင့် နှစ်သိမ့်လိုက်ပါသည်။ ထို့ကြောင့် အခြားသူများက မိမိအား ကလေးတစ်ယောက်လို ဆက်ဆံမှုကို ကျွန်ုပ်တို့ ရရှိလိုပါသလား။
ဘတ်စ်ကားရရန် တန်းစီပြီး အလှည့်ကျ စောင့်ဆိုင်းနေစဉ် မမြဲခြင်းအကြောင်းကို တွေးပါက မိမိသည် တန်းစီနေသူများထဲတွင် အမြဲတမ်း နံပါတ် ၃၂ သို့မဟုတ် နံပါတ် ၉ ဖြစ်နေမည် မဟုတ်ပါ။ နောက်ဆုံးတွင် အလှည့်ရောက်လာပါမည်။ ထိုအခါ အခြေအနေကို သည်းခံနိုင်အောင် ကူညီပါလိမ့်မည်။ ထိုအချိန်ကို အခြားတစ်နည်းဖြင့် အသုံးပြုနိုင်ပါသည်။ အိန္ဒိယဆိုရိုးစကားတစ်ခုမှာ “စောင့်ဆိုင်းခြင်းတွင် ပျော်ရွှင်မှုအချို့ ရှိပါသည်။” တန်းစီရာတွင် ဖြစ်စေ၊ ဘတ်စ်ကားစောင့်ရာတွင်ဖြစ်စေ မိမိအလှည့်ကို စောင့်ဆိုင်းနေရသောကြောင့် ထိုအချိန်ကို တန်းစီနေသော၊ ဘတ်စ်ကားမှတ်တိုင်မှ အခြားသူများအား သို့မဟုတ် ရုံးတွင် ဖြစ်ပျက်နေသော အရာများအား သို့မဟုတ် တစ်ခုခုကို သတိထားကြည့်နိုင်ပါသည်။ အခြားသူများကို အလေးထားလိုစိတ်နှင့် ကရုဏာတို့ ဖြစ်ပေါ်အောင် ကူညီပါသည်။ ထိုသို့ရှိနေပါက ထိုအချိန်ကို နာရီဝက်ခန့် ဆဲဆိုကုန်ဆုံးမည့်အစား အပြုသဘော အသုံးပြုနိုင်ပါသည်။
ရှန်တီဒေဝ၏ နောက်ထပ်အကြံပြုချက်မှာ- “တစ်ယောက်ယောက်က တုတ်နဲ့လာရိုက်ရင် ဘယ်သူ့ကို ဒေါသထွက်ကြမလဲ။ အဲဒီလူကိုလား။ ရိုက်တဲ့တုတ်ကိုလား။” ဟုပြောပါသည်။ ယင်းကို ယုတ္တိကျစွာ တွေးကြည့်ပါက ကျွန်ုပ်တို့ဒေါသထွက်သင့်သည်မှာ တုတ်ကို ဖြစ်ပါသည်။ တုတ်ကြောင့် နာကျင်ရသည် မဟုတ်လား။ သို့သော် ယင်းမှာမမှန်ကန်ပါ။ မည်သူမျှ တုတ်ကို ဒေါသမထွက်ပါ။ လူကိုသာ ဒေါသထွက်ပါသည်။ ထိုသူကို ဘာကြောင့် ဒေါသထွက်ပါသနည်း။ အကြောင်းမှာ လူသည် တုတ်ကို ထိန်းချုပ်စီမံသောကြောင့် ဖြစ်ပါသည်။ ထို့အတူ ဆက်လက်တွေးကြည့်ပါက ထိုသူကိုလည်း သူ၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များက ထိန်းချုပ်စီမံပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဒေါသထွက်မည်ဆိုပါက ထိုသူ၏ တုတ်ဖြင့်ရိုက်စေလောက်အောင် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ဒေါသထွက်သင့်ပါသည်။
ထို့နောက် ဤသို့တွေးရပါသည်- “ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်သည် ဘယ်ကလာပါသနည်း။ အလိုလို ဖြစ်ပေါ်လာသည် မဟုတ်ပါ။ ၎င်းတို့ စတင်ဖြစ်ပေါ်စရာ တစ်ခုခုရှိရပါမည်။ တစ်ဖက်လူက မိမိကိုဒေါသထွက်ကာ တုတ်ဖြင့်ရိုက်အောင် မိမိက တစ်ခုခု လုပ်မိရပါမည်။ ထို့အတူ တစ်ယောက်ယောက်ကို မိမိအား တစ်ခုခုဆောင်ရွက်ခိုင်းပြီး သူတို့ကငြင်းပယ်သောအခါ မိမိက ဒေါသထွက်ပါသည်။ ထိုအတွက်ကြောင့် နာကျင်ရပါသည်။ တကယ်တော့ ယင်းကိုတွေးကြည့်ပါက မိမိအမှားသာ ဖြစ်ပါသည်။ မိမိသည် အလွန်ပျင်းရိကာ ကိုယ်တိုင်မလုပ်ချင်ပါ။ ထိုသူကို မိမိကိုယ်စား လုပ်ခိုင်းမိပြီး သူငြင်းဆန်သောကြောင့် ဒေါသထွက်ရပါသည်။ ကိုယ်တိုင် မပျင်းမရိဘဲနေပါက ထိုသူကို လုံးဝစေခိုင်းမိမည် မဟုတ်ပါ။ ပြဿနာ တစ်ခုလုံးသည်လည်း ပေါ်မလာနိုင်တော့ပါ။ ကျွန်ုပ် ဒေါသထွက်ရမည် ဆိုလျှင်လည်း ထိုသူကို ခိုင်းစေရလောက်အောင် မိမိကိုယ်တိုင် အလွန်မိုက်မဲပြီး ပျင်းရိသည်ကို အပြစ်တင်သင့်ပါသည်။”
ဤသည်မှာ မိမိအပြစ် မပါဝင်သည့်တိုင် တစ်ဖက်လူကို ထိန်းချုပ်စီမံသည့် ဥပမာအားဖြင့် တစ်ကိုယ်ကောင်းဆန်ခြင်း ကဲ့သို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်မှ မိမိရော လွတ်ကင်းပါသလားဟု ကြည့်ရန်လိုပါသည်။ “သူငါ့ကို မကူညီခဲ့ဘူး။ အင်း၊ ငါကရော တခြားသူတွေကို ကူညီခဲ့ဖူးသလား။ ငါသည် အခြားသူများကို အမြဲကူညီလိုသူလား။ ချက်ချင်း ကူညီရဲ့လား။ မကူညီပါက အခြားသူများကလည်း ငါ့အတွက် သူတို့အလုပ်ကိုရပ်ပြီး ကူညီမည်ဟု ဘာကြောင့် မျှော်လင့်နေသင့်ပါသလဲ။” ဤသည်မှာ ဒေါသကိုဖြေရှင်းရန်အတွက် နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်ပါသည်။
ဒေါသကို တစ်ဖက်သားအား အော်ငေါက်ခြင်း သို့မဟုတ် ရိုက်ပုတ်ခြင်းဖြင့် အမြဲတမ်းဖော်ပြစရာ မလိုကြောင်း စောစောကပြောခဲ့ပါသည်။ ဒေါသဆိုသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဟု အဓိပ္ပာယ်ရပြီး ဒေါသဖြစ်လာပါက မသက်မသာ ဖြစ်ရပါသည်။ ထို့ကြောင့် ဒေါသကိုမြိုသိပ်ပြီး လုံးဝမဖော်ပြပါကလည်း ဒေါသသည် စိတ်ထဲတွင် အလွန်အပျက်သဘောဆန်စွာ ဖြစ်ပေါ်ပြီး ကျွန်ုပ်တို့ကို ဝမ်းနည်းပူဆွေးစေပါသည်။ နောက်ပိုင်းတွင် အလွန်ဆိုးရွားသော ပုံစံဖြင့် ပေါ်ထွက်လာပါဦးမည်။ ဒေါသကို မဖော်ပြဘဲ ကျွန်ုပ်တို့ကိုယ်ထဲတွင် သိမ်းထားသည်ကို ဖြေရှင်းရန် အတွက်လည်း ယခုရှင်းပြသောနည်းလမ်းများကို အသုံးချရန် လိုပါသည်။ သည်းခံခြင်း ရှိရပါမည်။
သည်းခံခြင်း အမျိုးအစားများ
ဦးတည်ပစ်မှတ်ထားသော သည်းခံခြင်း
သည်းခံခြင်း အမျိုးမျိုး ရှိပါသည်။ ပထမတစ်ခုမှာ ဦးတည်သောအရာကို သည်းခံခြင်း ဖြစ်ပါသည်။ ဤအယူအဆမှာ သင်သည် ဦးတည်ချက် မသတ်မှတ်ထားပါက မည်သူမျှ လာပစ်မည် မဟုတ်ပါ။ အမေရိကန်တွင် ကလေးများဆော့သော ကစားနည်းလေးတစ်ခု ရှိပါသည်။ သူတို့သူငယ်ချင်း၏ ဘောင်းဘီတင်ပါးပေါ်သို့ စက္ကတစ်ရွက် ချိတ်ဖြင့်ချိတ်ခြင်း သို့မဟုတ် ကပ်ပေးခြင်းဖြစ်သည်။ စာရွက်ပေါ်၌ “ကန်ပါ” ဟုရေးထားပြီး “ကန်ပါ” ဆိုင်းဘုတ်ဟု ခေါ်ပါသည်။ ဤကလေးငယ်၏ တင်ပါးတွင် “ကန်ပါ” ဟု တွေ့သူတိုင်းက သူ့ကိုကန်ပါလိမ့်မည်။ ထို့အတူ ဤသည်းခံခြင်း အမျိုးအစားတွင် မိမိ၏အတိတ်က အပျက်သဘော မကောင်းသည့် အပြုအမူများ ဖြစ်သည့် ထိုသို့သော “ကန်ပါ” ဆိုင်းဘုတ်ကို မိမိတင်ပါးတွင် ကပ်ထားသည်ဟု တွေးကြည့်ကာ ထိုနည်းဖြင့် ယခုအခါ မိမိတွင် ပြဿနာပေါင်းစုံ ဖြစ်စေသည်ဟု တွေးနိုင်ပါသည်။
ဥပမာအားဖြင့် ကျွန်ုပ်တို့သည် လမ်းပေါ်တွင် တိုက်ခိုက်ခံရသည်ဆိုပါစို့။ ဤသို့တွေးရပါမည်- “အတိတ်က ဒါမှမဟုတ် အရင်ဘဝက အပျက်သဘော ဆိုးဆိုးရွားရွား ဆောင်ရွက်ခြင်းအားဖြင့် ပစ်မှတ်ကို သတ်မှတ်မထားဘူးဆိုရင် အဲဒီမှောင်မဲတဲ့လမ်းပေါ်ကို ဓါးပြက ငါ့ကို ရိုက်နှက်ပြီး လုယူဖို့စောင့်ဆိုင်းနေတဲ့ အဲဒီအချိန်မှာ သွားဖို့ စေ့ဆော်တဲ့စိတ် ဖြစ်လာမှာ မဟုတ်ဘူး။ များသောအားဖြင့် ဒီလမ်းကို သွားလေ့မရှိပေမဲ့ အဲဒီညက အဲဒီမှောင်မဲတဲ့လမ်းပေါ်ကို သွားဖို့တွေးမိတယ်။ များသောအားဖြင့် အိမ်ကိုစောစော ပြန်တတ်ပေမဲ့ အဲဒီညက သူငယ်ချင်းတွေနဲ့ နည်းနည်းအချိန်ပိုပေးပြီး နေမယ်လို့ စိတ်ကဖြစ်လာတယ်။ နောက်ပြီး ဓါးပြက တစ်ယောက်ယောက်အလာကို စောင့်နေတဲ့အဲဒီအချိန်မှာမှ အဲဒီလမ်းထဲ ဝင်သွားမိတယ်။ အဲဒီနှိုးဆွမှုက ဘာကြောင့်ခေါင်းထဲ ဝင်လာတာလဲ။ အတိတ်က ဒီလူကို နာကျင်အောင် ငါတစ်ခုခု လုပ်ခဲ့လို့ ဖြစ်ရမယ်။ အဲဒါကနေ အကြောင်းအကျိုးအားဖြင့် အခုရင့်ကျက်လာတာ ဖြစ်ရမယ်။”
နှိုးဆွမှုများက ကံ၏ဖော်ပြချက် အနေနှင့် ကျွန်ုပ်တို့စိတ်ထဲ ရောက်လာပါသည်။ ထို့ကြောင့် ဤသို့တွေးနိုင်ပါသည်- “ငါ၏ အတိတ်က မကောင်းသောကံများ ကုန်ဆုံးသွားပါပြီ။ အလွန်ပေါ့ပါးသွားမည် ဖြစ်သည့်အတွက် အလွန်ပျော်ရွှင်သင့်ပါသည်။ ဘာကြောင့်လဲဆိုတော့ ထိုထက်အများကြီး ပိုဆိုးနိုင်ပါသည်။ ဤလူက ဓါးပြတိုက်ရုံသာ ဖြစ်သော်လည်း သေနတ်ဖြင့် ပစ်မသွားပါ။ ထို့ကြောင့် ဤအဆိုးကံသည် ယခု အလွန်မဖြစ်စလောက်နှင့် ရင့်ကျက်ကာ ပြီးသွားသည်ကို အတော်လေး သက်သာရာ ရမိသင့်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် အရမ်း မဆိုးသွားပါ။ ထမ်းထားရသည်ကို လျှော့ချလိုက်ရသည်မှာ ကောင်းပါသည်။ ဤကံကြွေးကို ထပ်မတင်တော့ပါ။”
ဤသို့တွေးခြင်းမှာ အလွန်အထောက်အကူ ဖြစ်ပါသည်။ တစ်ခါက ကျွန်ုပ်သည် သူငယ်ချင်း တစ်ယောက်နှင့်အတူ ကမ်းခြေတွင် စနေ၊ တနင်္ဂနွေ အားလပ်ရက် ခရီးထွက်ချိန်ကို အမှတ်ရမိပါသည်။ မြို့ကနေ အကြာကြီး ကားမောင်းရပါသည်။ တစ်နာရီခွဲကြာ မောင်းပြီးသောအခါ ကားထဲမှ ဘာမှန်းမသိသောအသံ ထွက်လာသည်။ လမ်းဘေးက စက်ပြင်ဆိုင်မှ စက်ပြင်ဆရာကို သွားပြပါသည်။ သူကကားကို တစ်ချက်ကြည့်ပြီး ဝင်ရိုး အက်နေသည့်အတွက် ဆက်မသွားနိုင်တော့ပါဟု ဆိုလေသည်။ မြို့တော်သို့ ပြန်သွားရန် အခြားကားတစ်စီးဖြင့် လာဆွဲခိုင်းရပါတော့မည်။ သူငယ်ချင်းနှင့် ကျွန်ုပ်က အလွန်ဒေါသထွက် ဝမ်းနည်းမိနိုင်ပါသည်။ စနေ၊ တနင်္ဂနွေ အနားယူရန် ဤမျှသာယာသော ကမ်းခြေကို သွားချင်နေသောကြောင့် ဖြစ်ပါ၏။ သို့သော် ယင်းကို လုံးဝခြားနားသော သဘောထားဖြင့် ရှုမြင်လိုက်သည်မှာ- “ဝိုး၊ တကယ်ကောင်းတာပဲ။ ဆက်သွားမယ်ဆိုရင် ကားမောင်းနေရင်း ဝင်ရိုးကျိုးသွားနိုင်တဲ့အတွက် အခုဒီလိုဖြစ်လာတာ အရမ်းကောင်းတယ်။ ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်လာနိုင်ပြီး နှစ်ယောက်လုံး သေသွားနိုင်တယ်။ အခုလို ရင့်ကျက်လာတာက ဘယ်လောက်ကောင်းလိုက်သလဲ။ လွယ်လွယ်ကူကူ အနားရတာပေါ့။” ထို့ကြောင့် ကျွန်ုပ်တို့စိတ် သက်သာရာရကာ အခြားကားဖြင့် မြို့ကိုပြန်ဆွဲသွားပါသည်။ မြို့ရောက်တော့ ကားနောက်တစ်စီးငှားပြီး အခြားအစီအစဉ်ဖြင့် ဆက်လုပ်ပါသည်။
ဤအခြေအနေမျိုးကို ကျွန်ုပ်တို့ ကြုံတွေနိုင်သည့် နည်းလမ်းများစွာ ရှိသည်ကို မြင်နိုင်ပါသည်။ ဒေါသထွက်ပြီး ဝမ်းနည်းခြင်းသည် လုံးဝအထောက်အကူ မပြုပါ။ “ဒါက ငါ့ရဲ့ အတိတ်က မကောင်းတဲ့ကံကို ချေဖျက်လိုက်ပြီ။ ဒီကံကြွေးက အခုရင့်ကျက်လာပြီ။ ပြီးသွားပြီဆိုတော့ ကောင်းတာပေါ့။ ဒီထက်အများကြီး ပိုမဆိုးခဲ့ဘူး” ဟု ရှုမြင်လိုက်နိုင်လျှင် ယင်းကိုပိုပြီးအသိဉာဏ်ရှိစွာ ဖြေရှင်းလိုက်ခြင်း ဖြစ်ပါသည်။
မေတ္တာ၊ ကရုဏာဖြင့် သည်းခံခြင်း
“မေတ္တာ၊ ကရုဏာဖြင့် သည်းခံခြင်း” ဆိုသည့် သည်းခံခြင်း အမျိုးအစားတစ်ခုလည်း ရှိပါသည်။ ဤသည်းခံခြင်းမှာ ကျွန်ုပ်တို့သည် မိမိအား ဒေါသဖြစ်လာသူ သို့မဟုတ် အော်ဟစ်လာသူ တစ်ယောက်ယောက်ကို ရူးနှမ်းနေသူ၊ စိတ်မူမမှန်သူဟု သဘောထားခြင်း ဖြစ်သည်။ အခြားသူများရှေ့တွင် မိမိအား အရှက်ကွဲစေသော၊ ဝေဖန်ကာ မျက်နှာပျက်အောင်လုပ်သော တစ်ယောက်ယောက်ကိုလည်း သူတို့ကို ဒေါသထွက်လာမည့်အစား ဤသည်းခံခြင်းမျိုးကို အသုံးချနိုင်ပါသည်။ ဥပမာ၊ ကြက်တူရွေး တစ်ကောင်က အခြားသူများရှေ့တွင် ကျွန်ုပ်တို့ကို ဆဲဆိုပါက ကျွန်ုပ်တို့ မျက်နှာပျက်ရမည် မဟုတ်ပါလား။ ထိုငှက်ကို ဒေါသထွက်နေစရာ အကြောင်းမရှိပါ။ ယင်းမှာ မိုက်မဲသော တုံ့ပြန်မှု ဖြစ်သွားပါလိမ့်မည်။ ထို့အတူ ရူးနေသူ တစ်ယောက်က ကျွန်ုပ်တို့အား စတင်အော်ငေါက်လာပါက ထိုအတွက် အမှန်တကယ် မျက်နှာမပျက်ပါ။ ထိုကလေးသည် မကြာခဏ စိတ်ရူးပေါက်တတ်သည်ကို လူတိုင်းသိထားပါသည်။ ထို့အတူ စိတ်ပညာရှင်တစ်ယောက်သည်လည်း လူနာက ဒေါသထွက်လာသောအခါ ပြန်ပြီးဒေါသမထွက်ဘဲ ထိုလူနာအတွက် ကရုဏာ သက်မိပါသည်။
ထို့အတူ ကျွန်ုပ်တို့သည် မိမိအား ဝမ်းနည်းစေသော၊ ဒေါသထွက်စေသော၊ မျက်နှာပျက်စေသော မည်သူ့ကိုမဆို ကရုဏာထားကြည့်ရပါမည်။ တကယ်တော့ သူတို့သာ မျက်နှာပျက်ရမည် မဟုတ်ပါလားဟု သဘောပေါက်ဖို့ လိုပါသည်။ ကျွန်ုပ်တို့က မျက်နှာပျက်ရမည် မဟုတ်ပါ။ ဤလူသည် လုံးဝမိုက်မဲသူကဲ့သို့ ပြုမူသည်ကို အားလုံးက မြင်နေပါသည်။ ထို့ကြောင့် ထိုသူအား ဒေါသထွက်မည့်အစား ကရုဏာထားပေးသင့်ပါသည်။
ထိုအချက်က တစ်ယောက်ယောက် ကျွန်ုပ်တို့ကို ရိုက်နှက်ရန်ကြိုးစားပါက သူ့ကိုမတားဆီးရဘူးဟု မဆိုလိုပါ။ ကျွန်ုပ်တို့ သားသမီးက အော်ဟစ်နေပါက သူ့ကိုငြိမ်သွားအောင် ကြိုးစားရပါသည်။ ကျွန်ုပ်တို့ကိုဖြစ်စေ၊ အခြားသူများကိုဖြစ်စေ၊ သူ့ကိုယ်သူဖြစ်စေ အန္တရာယ် မပေးအောင် တားဆီးရပါမည်။ အဓိကအချက်မှာ ဒေါသဖြင့်မပြုမူရန် ဖြစ်ပါသည်။ သားသမီးက ဆိုးနေပါက သူ့ကိုဒေါသဖြင့် မဟုတ်ဘဲ သူ့အကျိုးအတွက် သွန်သင်ဆုံးမရပါသည်။ ကလေးကို မျက်နှာမပျက်အောင်နှင့် မိမိကလေးကို အခြားသူများက ဆိုးသည်ဟုမမြင်အောင် ကလေးငယ်ကို ကူညီရပါမည်။ ဒေါသဖြင့်မဟုတ်ဘဲ အလေးထားမှုဖြင့် ကလေးငယ်ကို သွန်သင်ဆုံးမရပါသည်။
ဆရာ-တပည့် သည်းခံခြင်း
ထို့နောက်တွင် “ဆရာ-တပည့် သည်းခံခြင်း” ရှိပါသည်။ ဤသည်မှာ တပည့်တစ်ဦးသည် ဆရာမပါဘဲ သင်ယူ၍ မရသောကြောင့် မည်သူမျှ မိမိအား မစမ်းသပ်ပါက သည်းခံခြင်း မထားရှိနိုင်သည့်အချက်ပေါ်တွင် အခြေခံပါသည်။ ဆယ်ရာစုနှစ်တွင် အိန္ဒိယဆရာတော်ကြီး အတိဿအား တိဘက်တွင် ဗုဒ္ဓဘာသာပြန်လည် ထွန်းကားအောင် ကူညီရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဤအိန္ဒိယ ဆရာတော်ကြီး အိန္ဒိယ ထမင်းချက်တစ်ယောက်ကိုလည်း ခေါ်သွားပါသည်။ ထိုထမင်းချက်က ဘယ်တော့မှ မှန်ကန်စွာ တလေးတစား မဆောင်ရွက်ပါ။ လုံးဝမနှစ်မြို့စရာကောင်းသလို အတော်လေး သဘောမကောင်းပါ။ တိဘက်လူမျိုးများက အတိဿကို အလွန်လေးစားသောကြောင့် “ဆရာကြီး၊ ဒီလိုမနှစ်မြို့စရာ ထမင်းချက်ကို ဘာကြောင့်အိန္ဒိယကနေ ခေါ်လာရတာလဲ။ ပြန်ပို့လိုက်ပါလား။ ဆရာကြီးအတွက် ကျွန်ုပ်တို့ သေချာ ချက်ပေးနိုင်ပါတယ်” ဟုပြောပါသည်။ အတိဿက သူတို့ကို “အို၊ သူကငါ့ရဲ့ ထမင်းချက်မျှသာ မဟုတ်ပါဘူး။ ငါ့ကိုသည်းခံခြင်း သင်ပေးနိုင်တဲ့ ဆရာအနေနဲ့ ခေါ်လာတာပါ” ဟုပြန်ပြောလေသည်။
ထို့အတူ ကျွန်ုပ်တို့ရုံးတွင် မနှစ်မြို့စရာ တစ်ယောက်ယောက် ရှိပါက၊ အမြဲတမ်း ကျွန်ုပ်တို့စိတ်အနှောင့်အယှက် ဖြစ်စရာများ ပြောနေပါက ထိုသူကို မိမိ၏သည်းခံခြင်းအကြောင်း လေ့ကျင့်ပေးသော ဆရာကဲ့သို့ ရှုမြင်နိုင်ပါသည်။ လက်ချောင်းကို အမြဲခေါက်နေခြင်းကဲ့သို့ အလွန်စိတ်ဆိုးချင်စရာကောင်းသူအချို့ ရှိပါသည်။ မည်သူမျှ ကျွန်ုပ်တို့ကို မစမ်းသပ်ပါက ကျွန်ုပ်တို့ကိုယ်တိုင် မည်ကဲ့သို့ လေ့ကျင့်နိုင်ပါမည်နည်း။ လေဆိပ် သို့မဟုတ် ဘတ်စ်ကားမှတ်တိုင်၌ အကြာကြီး စောင့်ရခြင်းကဲ့သို့ ခက်ခဲသော အခြေအနေများ ကြုံရပါက ဤသို့သော သည်းခံမှုလေ့ကျင့်ခန်း အတွက် အခွင့်အရေးကောင်း ဖြစ်ပါသည်- “အင်း၊ ဒီလိုလေ့ကျင့်ရတော့မယ်။ သည်းခံခြင်း ရရှိအောင် လေ့ကျင့်နေတာ အခုမှ တကယ်လုပ်နိုင်မလားဆိုတာ လက်တွေ့ကြည့်ရတော့မယ်။” သို့မဟုတ် ရုံးတွင်ဗျူရိုကရေစီစနစ်အရ စာရွက်စာတမ်း အချို့ ရရှိပြီး အခက်အခဲကြုံရပါက မိမိ၏ စိန်ခေါ်မှုအဖြစ် ဤသို့ ယူဆနိုင်ပါသည်။ “သိုင်းပညာ တော်တော်လေး လေ့ကျင့်ထားပြီး နောက်ဆုံးမှာ အရည်အချင်းကို အသုံးချဖို့ အခွင့်အရေးရလာတာနဲ့ တူပါတယ်။ ပျော်လိုက်တာ။” ထို့အတူ သည်းခံစိတ်ရှည်အောင် လေ့ကျင့်နေပါက ထိုသို့သော မနှစ်မြို့ဖွယ် အခြေအနေကို ရင်ဆိုင်ရသောအခါ ပျော်ရွှင်စွာဖြင့် ဤသို့ရှုမြင်ရပါမည်- “အင်း၊ ဒါကစိန်ခေါ်မှုပဲ။ ဒါကို စိတ်မတို၊ ဒေါသမထွက်ဘဲ၊ စိတ်ထဲမှာ နည်းနည်းလေးတောင် ဝမ်းမနည်းဘဲ ဖြေရှင်းနိုင်မလား ကြည့်ရအောင်။”
သည်းခံနိုင်စွမ်း ရှိခြင်းသည် သိုင်းပညာတွင် တွေ့ကြုံရသည်ထက် ပိုမိုကြီးမားသော စိန်ခေါ်မှု ဖြစ်ပါသည်။ အကြောင်းမှာ စိန်ခေါ်မှုကို စိတ်၊ ခံစားချက်တို့ဖြင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး ခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုဖြင့် မဟုတ်ပါ။ အခြားသူများက ကျွန်ုပ်တို့ကို ဝေဖန်ပါက ဤဝေဖန်မှုကို ဒေါသဖြစ်မည့်အစား မိမိ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှုမြင်ခွင့်အနေနှင့် ကြည့်သင့်ပါသည်။ “ငါ့ကို ဝေဖန်နေတဲ့ ဒီလူက ငါသင်ယူနိုင်မယ့် ကိစ္စတစ်ခုခုကို ညွှန်ပြနေတာ ဖြစ်နိုင်တယ်။” ဟုတွေးပါက ဝေဖန်မှုကို သည်းခံနိုင်ကာ မိမိသဘောထားကို ပြောင်းလဲခြင်းအားဖြင့် ဖြေရှင်းပုံကို သင်ယူမိနိုင်ပါသည်။ အလွန်ဝမ်းနည်းမိပါက အရူးတစ်ယောက်က ဝေဖန်အော်ဟစ်သည်ထက်ပို၍ မျက်နှာပျက်စရာ ဖြစ်စေနိုင်ပါသည်။
သဘာဝအတိုင်း သဘောထားသည့် သည်းခံခြင်း
ဒေါသကိုထိန်းချုပ်ကာ သည်းခံတတ်စေမည့် အခြားနည်းလမ်းတစ်ခုမှာ “သဘာဝအတိုင်း သည်းခံခြင်း” ဖြစ်ပါသည်။ ဆိုးရွားရိုင်းစိုင်းစွာ ပြုမူသည်မှာ ကလေးဆန်သူများ၏ သဘောသဘာဝ ဖြစ်ပါသည်။ မီးဆိုလျှင် ပူပြီးလောင်တတ်သည့် သဘာဝ ရှိပါသည်။ မီးထဲသို့ လက်ကိုထိုးထည့်ပြီး အပူလောင်ပါက ဘာကိုမျှော်လင့်နေပါမည်နည်း။ မီးက ပူသည်။ ထို့ကြောင့် အပူလောင်သည်။ နေ့လည်စာအချိန်တွင် မြို့ထဲမှာ ကားမောင်းပါကလည်း ဘာကိုမျှော်လင့်မည်နည်း။ နေ့လည်စာစားချိန် ဖြစ်သည့်အတွက် ယာဉ်အသွားအလာ များသည်မှာ သဘာဝဖြစ်ပါသည်။ ကလေးငယ်လေး တစ်ယောက်ကို လင်ဗန်း သို့မဟုတ် ရေအပြည့်ပါသော ရေနွေးခွက် ယူခိုင်းရာ သူကဖိတ်စင်ကုန်လျှင် ဘာကို မျှော်လင့်မည်နည်း။ ကလေးဖြစ်သည့်အတွက် တစ်ခုခု မဖိတ်စင်ဘူးဟု မျှော်လင့်၍မရပါ။ ထို့အတူ အခြားသူများကို ကျွန်ုပ်တို့လုပ်ငန်းအတွက် တစ်ခုခုလုပ်ခိုင်းရန် သဘောတူထားပြီးမှ သူတို့က ကျောခိုင်းသွားပါက ဘာကို မျှော်လင့်မည်နည်း။ လူတို့သည် ကလေးဆန်ပါသည်။ အခြားသူများကို အပိုင်တွက်၍ မရပါ။ အိန္ဒိယဆရာတော်ကြီး ရှန်တီဒေဝက- “အပြုသဘော ကောင်းတာတစ်ခုခု လုပ်ချင်ရင် ကိုယ်တိုင်လုပ်ပါ။ တခြား တစ်ယောက်ကို အားမကိုးပါနဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့ကို အားကိုးမိရင် သူ့ကြောင့် စိတ်ပျက်ပြီး စိတ်ညစ်ရနိုင်လို့ပဲ” ဟုပြောပါသည်။ ထိုအခြေအနေမျိုးကို ဤသို့ကြည့်နိုင်ပါသည်- “အင်း၊ ဘာကိုမျှော်လင့်ရမလဲ။ တခြားသူတွေ စိတ်ပျက်အောင်လုပ်တာက လူ့သဘာဝဆိုရင် ဒါကိုဒေါသထွက်နေစရာ အကြောင်းမရှိပါဘူး။”
အမှန်တရားရှုထောင့်ဖြင့် သည်းခံခြင်း
ဒေါသကိုတိုက်ဖျက်ရန် နောက်ဆုံးနည်းလမ်းကို “အမှန်တရားရှုထောင့်ဖြင့် သည်းခံခြင်း” ဟုခေါ်ပြီး အမှန်တကယ် ဖြစ်နေသောအရာကို မြင်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မိမိ၊ အခြားသူများနှင့် အရာဝတ္ထုများကို ခိုင်မာသော သတ်မှတ်ချက်အချို့ဖြင့် နာမည်တပ်လေ့ရှိပါသည်။ ယင်းမှာ မိမိပတ်ဝန်းကျင်တွင် စိတ်ကူးဖြင့် စည်းခြားလိုက်သလို ဖြစ်ပြီး ဤသည်မှာ မိမိ၏ခိုင်မာသော သတ်မှတ်ချက်ကဲ့သို့ “ဒါက ငါဖြစ်တယ်။ ငါက အမြဲတမ်း ဒီလိုဖြစ်ရမယ်” ဟု မှန်းဆလိုက်ပါသည်။ ဥပမာ၊ “ငါကလောကအတွက် ဘုရားသခင်ရဲ့ ဆုလာဘ်ပဲ” သို့မဟုတ် “ငါက အရှုံးသမားပဲ” ဟုဖြစ်နိုင်ပါသည်။ သို့မဟုတ် အခြားတစ်ယောက်ကို ခိုင်မာသောစည်းခြားပြီး “သူက ဆိုးရွားတယ်။ မကောင်းဘူး။ ဒုက္ခပေးတဲ့လူ” ဟုဆိုပါသည်။ သို့သော် ထိုသူ၏ စစ်မှန်ခိုင်မာသော သတ်မှတ်ချက်သာ ထိုအတိုင်းဖြစ်ပါက သူကအမြဲတမ်း ထိုနည်းဖြင့် ရှိနေပါလိမ့်မည်။ ကလေးဘဝကတည်းကပင် သူကထိုနည်းဖြင့် တည်ရှိနေပါလိမ့်မည်။ သူက ဆိုးရွားသူတစ်ယောက် ဖြစ်သည့်အတွက် သူ့ဇနီး၊ သူ့ခွေးကလေး၊ သူ့ကြောင်ကလေးနှင့် သူ့မိဘများ စသည့်အားလုံးကိုလည်း ဆိုးရွားသူ ဖြစ်နေပါလိမ့်မည်။
လူတို့သည် သူတို့၏ခိုင်မာစစ်မှန်သော သတ်မှတ်ချက် သို့မဟုတ် သဘာဝကို စည်းခြားသတ်မှတ်ကာ တည်ရှိနေခြင်း မဟုတ်ကြောင်း မြင်လာပါက ကျွန်ုပ်တို့ကို သက်သာရာရစေပြီး သူတို့ကို ဒေါသ မထွက်တော့ပါ။ ဤလူ၏ ဆိုးရွားသောပြုမူမှုသည် မကြာခဏ ဖြစ်နေလျှင်ပင် ဖြစ်တတ်သည့် အဖြစ်အပျက် ဖြစ်ပြီး သူအမြဲတမ်း ထိုသို့ဖြစ်နေသည်ဟု မဆိုလိုကြောင်း မြင်လာပါသည်။
အကျိုးပြု အလေ့အထများ ထားရှိခြင်း
ခက်ခဲသော အခြေအနေများတွင် ဤအချက်အားလုံး အသုံးချရန် မလွယ်ကူနိုင်ပါ။ ဤသို့ ကျိုးကြောင်း ဆင်ခြင်သော နည်းလမ်းများ အားလုံးကို “ကာကွယ်နည်းများ” ဟုခေါ်ပါသည်။ “ဓမ္မ” ကိုဤနည်းအတိုင်း ကျွန်ုပ်ဘာသာပြန်ပါသည်။ “ဓမ္မ” ဆိုသည်မှာ ပြဿနာများကို ကာကွယ်ရန် ဆောင်ရွက်သောနည်းလမ်း ဖြစ်ပါသည်။ ဤသည်းခံခြင်း အမျိုးအစားများကို အကျိုးပြု အလေ့အထများအနေနှင့် မွေးမြူခြင်းဖြင့် ဒေါသမထွက်အောင် ကာကွယ်တားဆီးပါသည်။ ထိုအချက်မှာ “တရားရှုမှတ်ခြင်း” ဖြစ်ပါသည်။ တိဘက်ဘာသာစကားတွင် တရားရှုမှတ်ခြင်း ဆိုသည်မှာ အကျိုးပြုသောအရာ တစ်ခုခုနှင့် ရင်းနှီးစေရန် “အလေ့အထဖြစ်အောင် ပြုလုပ်သည်” ဆိုသည့်စကားမှ လာပါသည်။
ပထမဦးစွာ သည်းခံခြင်း အမျိုးမျိုးအကြောင်း ရှင်းပြထားသည့်အချက်များကို နာယူရန်လိုပါသည်။ ထို့နောက် ယင်းတို့ကိုနားလည်ပြီး အဓိပ္ပာယ် ရှိ၊ မရှိ သိနိုင်အောင် ဆင်ခြင်တွေးတောရန် လိုပါသည်။ အဓိပ္ပာယ်လည်းရှိသည်၊ မိမိကလည်း နားလည်သည်ဆိုလျှင် ယင်းတို့ကို အသုံးချရန် စိတ်ဓာတ်စေ့ဆော်မှု ဖြစ်လာပါသည်။ ထိုအခါ ယင်းတို့ကို ပြင်ဆင်လေ့ကျင့်ခြင်းအားဖြင့် အကျိုးပြုအလေ့အထ အနေနှင့် ကြိုးစားတည်ဆောက်သွားရပါမည်။
ဤအချက်များကို အရင်ဆုံး ပြန်လည်သုံးသပ်ခြင်းအားဖြင့် ထိုသို့ဆောင်ရွက်ရပါသည်။ အရာရာကို ရှုမြင်ခံစားရာတွင် ထိုနည်းအတိုင်း ကြိုးစားရပါသည်။ စိတ်ကူးဖြင့် စိတ်ထဲတွင် အခြေအနေများကို ပုံဖော်ရပါသည်။ ကျွန်ုပ်တို့ ဒေါသထွက်ဝမ်းနည်းသည့် အခြေအနေတစ်ခုကို စိတ်ကူးကြည့်နိုင်ပါသည်။ ဥပမာ၊ ရုံးမှလူတစ်ယောက်က ကျွန်ုပ်တို့မနှစ်သက်သောပုံစံဖြင့် အလုပ်လုပ်နိုင်ပါသည်။ ပထမဦးစွာ ထိုသူသည် ပျော်ရွှင်မှု ရရှိလိုပြီး မပျော်ရွှင်မှု မရရှိလိုသော လူသားတစ်ယောက်အနေနှင့် ရှုမြင်ကြည့်ပါ။ သူအကောင်းဆုံး ကြိုးစားသော်လည်း ကလေးတစ်ယောက်သာဖြစ်ပြီး သူဘာလုပ်နေသည်ကို မသိပါ။ ထိုသူကို ထိုအတိုင်း ရှုမြင်ခံစားကြည့်ကာ အိမ်တွင်ငြိမ်သက်စွာထိုင်ရင်း စိတ်ထဲမှထိုသို့လေ့ကျင့်ပါက ပိုပြီးလေ့ကျင့်လေ၊ ရုံးတွင် ထိုသူက မနှစ်မြို့ဖွယ် ပြုမူလာသောအခါ ပိုပြီးလွယ်ကူစွာ တုံ့ပြန်လာနိုင်လေ ဖြစ်ပါသည်။ သူ့ကို စိတ်လိုက်မာန်ပါ ဒေါသထွက်မည့်အစား ပိုပြီးသည်းခံရန်၊ ပိုပြီးခံနိုင်ရည်ရှိရန်ဆိုသည့် နောက်ထပ်နှိုးဆွမှုအသစ်တစ်ခုက ကျွန်ုပ်တို့စိတ်ထဲသို့ ဝင်ရောက်လာပါလိမ့်မည်။
ထိုသူ၏ ဆိုးသွမ်းသော အပြုအမူကို သည်းခံနိုင်အောင် သူ့အားကလေးတစ်ယောက်လို သဘောထားရှုမြင်တတ်အောင် လေ့ကျင့်ခြင်းဖြင့် နောက်တစ်ဆင့် ထပ်တက်နိုင်ပါသည်။ ဤသို့မနှစ်မြို့ဖွယ်နည်းဖြင့် ပြုမူသောအခါ သူသည် မျက်နှာပျက်ရမည့်သူ ဖြစ်သည်ဟု ကျွန်ုပ်တို့ မြင်နိုင်ပါသည်။ ထို့ကြောင့် သူ့အတွက် ကရုဏာထားရှိပါသည်။ ဤနည်းဖြင့် ရှုမြင်ခံစားမှုကို တရားရှုမှတ်ခြင်းဖြင့် စုစည်းနိုင်ပါသည်။ သည်းခံမှုဖြင့် ရှုမြင်ခံစားသည့် အကျိုးပြုအလေ့အထ ရရှိလာသောအခါ ကျွန်ုပ်တို့နှင့် ပို၍တစ်သားတည်း ဖြစ်လာပါသည်။ ယင်းမှာ ကျွန်ုပ်တို့ရင်ဆိုင်ရသည့် ခက်ခဲသော အခြေအနေများကို သဘာဝအလျှောက် တုံ့ပြန်သောနည်းလမ်း ဖြစ်လာပါသည်။ ဒေါသထွက်လိုစိတ် ပေါ်လာတိုင်း အချိန်ကွာဟချက် ရှိလာပါမည်။ ထိုအတိုင်း ချက်ချင်းမပြုမူဘဲ ပိုပြီးအပြုသဘော နှိုးဆွမှုပေါ်ထွက်လာမှသာ ပိုပြီးအကျိုးရှိသော နည်းဖြင့် ပြုမူပါလိမ့်မည်။
ဗုဒ္ဓဘာသာ သင်ကြားပို့ချချိန်များတွင် စတင်ဟောကြားသည်နှင့် ဝင်လေထွက်လေ သိရှိမှုကို အာရုံစိုက်လေ့ရှိပြီး မိမိဝင်လေထွက်လေကို နှစ်ဆယ့်တစ်အထိ ရေတွက်ပါသည်။ ဤအလေ့အကျင့်မှာ ကျွန်ုပ်တို့ ဒေါသထွက်လာသည်ကို စတင်သတိထားမိချိန်တွင် အလွန်အထောက်အကူ ပြုပါသည်။ ဥပမာ၊ ကြမ်းကြမ်းတမ်းတမ်း တစ်ခုခုပြောလိုသည့် အပျက်သဘောနှိုးဆွမှုအတိုင်း ချက်ချင်း မပြုမူဘဲ အချိန်ကွာဟချက် ဖန်တီးပေးပါသည်။ ထို့နောက် ကျွန်ုပ်တို့ ဒေါသထွက်ဝမ်းနည်းလိုသလား ဆိုသည်ကို ပြန်လည်စဉ်းစားရန် အချိန်ရလာပါသည်။ “ဒီအခြေအနေကို ရေးကြီးခွင်ကျယ် လုပ်ချင်တာလား။ ပိုပြီးကောင်းမွန်စွာ ဖြေရှင်းလိုတာလား” ဟုတွေးပါသည်။ တရားရှုမှတ်ခြင်းနှင့် အကျိုးပြု အလေ့အထများ တည်ဆောက်ခြင်း၏ ရလဒ်အဖြစ် ကျွန်ုပ်တို့သည် အခြေအနေများကို ပိုပြီးသည်းခံမှုဖြင့် မြင်လာကာ ယင်းတို့ကို ပိုပြီးခံနိုင်ရည် ရှိလာပါသည်။ ပိုပြီးအပြုသဘောဆောင်သော နည်းလမ်းများ ခေါင်းထဲဝင်လာပြီး ယင်းတို့ကို အလိုလိုရွေးချယ်မိပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် စိတ်ချမ်းသာလိုပြီး ဤအခြားနည်းလမ်းများက ထိုရလဒ်ကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့သည် စူးစိုက်မှုရှိရန်လိုပါသည်။ ထို့ကြောင့်လည်း စူးစိုက်မှု ရရှိအောင် ဗုဒ္ဓဘာသာတွင် တရားရှုမှတ်နည်းများစွာ ရှိပါသည်။ ဤနည်းလမ်းများမှာ သဘောတရား လေ့ကျင့်မှုအနေနှင့်သာ လေ့လာရခြင်း မဟုတ်ဘဲ လက်တွေ့အသုံးချရန်အတွက်လည်း ဖြစ်ပါသည်။ မည်သို့ အသုံးချရမည်နည်း။ မနှစ်မြို့ဖွယ်လူများ၊ မနှစ်မြို့ဖွယ် အနေအထားများကဲ့သို့ ခက်ခဲသော အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရသောအခါ ယင်းနည်းလမ်းများကို အသုံးချရပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့စိတ်ကို သည်းခံနိုင်အောင် စူးစိုက်မှုရရှိစေပါသည်။
အကျဉ်းချုပ်
ကျွန်ုပ်တို့သည် မိမိကိုယ်ကို ထိန်းချုပ်မှုနှင့် စည်းကမ်းရှိမှုတို့ဖြင့်သာ အပျက်သဘော ဆိုးရွားသော အပြုအမူမှ ရှောင်ရှားခြင်း မဟုတ်ပါ။ မိမိကိုယ်ကို ထိန်းချုပ်မှုနှင့် စည်းကမ်းရှိမှုတို့ဖြင့်သာ ရှောင်ရှားပါက ဒေါသက စိတ်ထဲတွင် ရှိနေပါမည်။ အပြင်ပန်းတွင် အလွန်စိတ်ဓာတ်ခိုင်မာသူလို ပြသနေသော်လည်း စိတ်ထဲတွင် ဒေါသမီး တောက်လောင်ကာ အနာဖြစ်လာစေပါသည်။ သို့သော် ဤနည်းလမ်းများကို မှန်ကန်စွာ အသုံးပြုသောအခါ ဒေါသထွက်မလာတော့ပါ။ ဒေါသကို ထိန်းချုပ်ပြီး စိတ်ထဲမှာ ထားရမည်မဟုတ်ပါ။ စိတ်ထဲတွင်ပေါ်လာသည့် နှိုးဆွမှုများကို အစားထိုးရန်က ပိုအရေးကြီးပါသည်။ အပျက်သဘော နှိုးဆွမှုများထွက်လာပါက စိတ်ထဲမှာထားပြီး ဖြေရှင်းနေရမည့်အစား အပြုသဘော နှိုးဆွမှုများ ပေါ်ထွက်လာပါမည်။
ဤသို့ဆောင်ရွက်နိုင်သည်နှင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်စေ့ဆော်မှုတွင် မူတည်ပြီး လက်ရှိပြဿနာများကို ဖယ်ရှားနိုင်ကာ နောင်တွင်လည်း အရာရာ ပိုဆိုးမလာတော့ပါ။ သို့တည်းမဟုတ် မည်သည့်ပြဿနာမှ ရှိလာတော့မည် မဟုတ်ပါ။ သို့တည်းမဟုတ် အားအကောင်းဆုံးနှင့် အဆင့်အမြင့်ဆုံး စိတ်ဓာတ်စေ့ဆော်မှု ရှိပါက ကျွန်ုပ်တို့သည် မိမိ၏ မိသားစု၊ မိတ်ဆွေ၊ အနီးဝန်းကျင်မှုလူများကို ပြဿနာ မဖြစ်စေတော့ဘဲ အခြားသူများကို အပြည့်ဝဆုံး ကူညီလာနိုင်ပါလိမ့်မည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် ပြဿနာများကြောင့် ကန့်သတ်ထားခြင်း မရှိတော့သည့်အတွက် ထိုသို့ဆောင်ရွက်လာနိုင်ပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အစွမ်းအစအားလုံးကို သိမြင်သဘောပေါက်လာမည် ဖြစ်ပါသတည်း။