သစ္စာလေးပါး အကျဉ်းချုပ်

08:53
ဘဝတွင် လူတိုင်း ပြဿနာများနှင့် မပျော်ရွှင်မှုတို့ကို ကြုံတွေ့ရပါသည်။ သမိုင်းတစ်လျှောက်တွင် ဆင်းရဲဒုက္ခကို တိုက်ဖျက်ရန် နည်းလမ်းအမျိုးမျိုးကို အဆိုပြုခဲ့ကြပါသည်။ ယနေ့ကမ္ဘာတွင် အင်တာနက်သည် အတွေးအခေါ်ပေါင်း များစွာကို အချိန်မဆိုင်း ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့ ဘာကြောင့် ဆင်းရဲဒုက္ခ ကြုံရသည်၊ ဘဝတွင်ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတို့ မည်သို့မည်ပုံ ရှာဖွေရမည် စသည့်အချက်နှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓမြတ်စွာ ကျင့်သုံးခဲ့သည့် ထူးခြားသောနည်းလမ်းကို ယခုလေ့လာကြပါမည်။

နိဒါန်း

ဗုဒ္ဓဘာသာကို အရင်ဆုံး လေ့လာသောအခါ သစ္စာလေးပါးကို လေ့လာသင့်ပါသည်။ ဘုရားရှင်၏ တရားဦး ဖြစ်သောကြောင့်လည်း ထိုသို့လေ့လာရန် သင့်တော်ပါသည်။ ဘုရားရှင်လက်ထက်တော်အခါက ဘာသာတရားနှင့် တွေးခေါ်မှုစနစ်များစွာ ရှိနှင့်ပြီး ဖြစ်ပါသည်။ ယခုအခါ ရင်ဆိုင်နေရသည့် ဘာသာတရား သင်ကြားမှုများမှာ ပို၍ပင် များပြားလာပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်လျှင် ဗုဒ္ဓဘာသာ၏ ထူးခြားသော နည်းလမ်းကို သိရှိအောင် ကြိုးစားလေ့လာရန် အရေးကြီးပါသည်။ သဘာဝအားဖြင့် ဗုဒ္ဓဘာသာသည် အခြားဘာသာတရား သင်ကြားမှုများနှင့် အတော်များများ ဆင်တူပါသည်။ ချစ်ခင် ကြင်နာတတ်ရန်၊ မည်သူ့ကိုမျှ အန္တရာယ် မပေးရန် စသည်တို့ ဖြစ်ပါသည်။ ဘာသာတရားနှင့် တွေးခေါ်မှုတိုင်းနီးပါးတွင် ဤအစိတ်အပိုင်းများကို မြင်နိုင်ပါသည်။ ယင်းတို့ကို လေ့လာရန် ဗုဒ္ဓဘာသာကို လေ့လာစရာ မလိုပါ။ သို့သော် ဗုဒ္ဓဘာသာတွင် ကြင်နာမှု၊ မေတ္တာနှင့် ကရုဏာ ထားရှိရန် နည်းစနစ်အတော်များပါသည်။ ဗုဒ္ဓဘာသာ တရားတော်များတွင် အခြားအချက်များ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ထိုနည်းစနစ်များမှ အကျိုးကျေးဇူး ရနိုင်ပါသည်။

သို့သော် ‘‘ဗုဒ္ဓဘာသာ၏ သီးသန့်ထူးခြားမှုကဘာလဲ’’ ဟု မေးပါက သစ္စာလေးပါးကို လေ့လာရန်လိုပါသည်။ ယင်းတို့ကို ဆွေးနွေးရာတွင် အခြားစနစ်များနှင့်လည်း တူညီမှုများစွာ ရှိသည်ကို တွေ့ရပါမည်။

‘‘မြင့်မြတ်သော သစ္စာ’’ ဟုဆိုသော်လည်း ထူးခြားသော ဘာသာပြန်ထားမှု ဖြစ်ပါသည်။ ‘‘မြင့်မြတ်သော’’ ဆိုသည်မှာ ရှေးခေတ် သက်ဦးဆံပိုင် စနစ်ကို သတိရစေပါသည်။ သို့သော် အမှန်ပင် တရားပေါက်သွားသူများကိုလည်း ခေါ်လေ့ရှိပါသည်။ ထို့ကြောင့် သစ္စာလေးပါးဆိုသည်မှာ အယူအဆသဘောအရ မဟုတ်ဘဲ အမှန်တရားကို တွေ့ရှိသွားသူများက သစ္စာအနေနှင့် တွေ့ရှိထားသည့် အချက်လေးချက် ဖြစ်ပါသည်။ သစ္စာလေးချက် ဆိုသော်လည်း လူအများအပြားက နားမလည်ပါ။ လူအများစုမှာ သတိပင် မပြုမိကြပါ။


ပထမသစ္စာ

ပထမသစ္စာကို ‘‘ဆင်းရဲဒုက္ခ’’ ဟုခေါ်လေ့ရှိသည်။ ကျွန်ုပ်တို့ ဘဝတွင် ဒုက္ခဆင်းရဲများ ပြည့်နေကြောင်း၊ ပုံမှန်ပျော်ရွှင်မှုဟု ကျွန်ုပ်တို့ ယူဆထားသည့်အရာပင်လျှင် ယင်းနှင့် ဆက်စပ်သည့် ပြဿနာပေါင်းများစွာ ရှိနေကြောင်း ဗုဒ္ဓမြတ်စွာက ဟောကြားပါသည်။ ‘‘ဆင်းရဲဒုက္ခ’’ ဟုဘာသာပြန်ထားသည့် စကားလုံးမှာ သက္ကတဘာသာတွင် ‘‘ဒုက္ခ’’ ဟုခေါ်သည်။ ကျွန်ုပ်တို့တွင် ပျော်ရွှင်မှု သုခ၊ ဝမ်းနည်းမှု ဒုက္ခ တို့ ရှိပါသည်။ ဘာသာဗေဒအခေါ်အဝေါ်အရ သည် နေရာလွတ်၊ ဒု သည် မနှစ်သက်မှု၊ မနှစ်မြို့မှုကို ဖော်ပြသည့် ရှေ့ဆက်စကား ဖြစ်သည်။ ‘‘ဆိုးသည်’’ ဆိုသည့် အကဲဖြတ်ချက်ပါသော စကားများ မသုံးသင့်သော်လည်း ထိုလမ်းကြောင်းအတိုင်း သွားနေပါသည်။ ဒုက္ခ ဆိုသည်မှာ ဤ နေရာလွတ်တွင် တစ်ခုခုမှားနေသည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့၏ စိတ် နေရာလွတ်နှင့် ဘဝ၏ နေရာလွတ်ကို ယေဘုယျအားဖြင့် ရည်ညွှန်းပါသည်။ ဤသည်မှာ မနှစ်မြို့ဖွယ် အခြေအနေ ဖြစ်ပါသည်။

သို့ဆိုလျှင် ဘာကမနှစ်မြို့ဖွယ် ဖြစ်နေပါသလဲ။ ပထမဦးစွာ နာကျင်မှု၊ မပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုစသည့် အထွေထွေ ဆင်းရဲဒုက္ခ ကြုံနေရပါသည်။ ဒါကို အားလုံး နားလည်နိုင်ပါသည်။ လူတိုင်း၊ သတ္တဝါတိုင်း ဒါကို ရှောင်ရှားလိုပါသည်။ နာကျင်မှု၊ မပျော်ရွှင်မှုတို့သည် မနှစ်သက်ဖွယ် အခြေအနေဖြစ်ပြီး ဖယ်ရှားပစ်လျှင်ပိုကောင်းသည်ဟု ဗုဒ္ဓဘာသာက ထင်ထင်ရှားရှား ဆိုထားပါသည်။ ဒုတိယဒုက္ခ အမျိုးအစားမှာ အပြောင်းအလဲ ဒုက္ခ ဖြစ်သည်။ ပုံမှန်ကြုံတွေ့နေရသော နေ့စဉ်မပျော်ရွှင်မှုကို ဆိုလိုပါသည်။ ဤသို့သော မပျော်ရွှင်မှုအတွက် ဘာပြဿနာ ရှိပါသလဲ။ ပြဿနာမှာ ထိုအပြောင်းအလဲက ရေရှည်မခံပါ။ အမြဲတမ်း ပြောင်းနေပါသည်။  ပုံမှန် ပျော်ရွှင်မှုသည် စစ်မှန်သော ပျော်ရွှင်မှုဟု ယူဆပါက ပိုပြီးရရှိလေ၊ ပိုပြီးပျော်ရွှင်လေ ဖြစ်ပါမည်။ ထိုအခါ ချောကလက် စားပြီး ပျော်ရွှင်ပါက ပိုပြီးစားလေ နာရီပေါင်းများစွာ ပိုပျော်ရွှင်လေ ဖြစ်ပါမည်။ ဤသည်မှာ အရေးကြီးသည့်အချက် မဟုတ်ကြောင်း အလိုလို သိကြပါသည်။ သို့မဟုတ် ချစ်ခင်ရသူ တစ်ဦးက သင့်လက်ကို နာရီပေါင်းများစွာ ဆုပ်ကိုင်ထားသည်ဟု စိတ်ကူးကြည့်ပါ။ နှစ်သက်ဖွယ် ခံစားချက်သည် မကြာမီပင် နာကျင်မှု၊ ထူးဆန်းသော ခံစားချက် ဖြစ်လာပါမည်။ ဤသည်မှာ ပုံမှန် ပျော်ရွှင်မှု ပြောင်းလဲလာသည့် အချက်ကြောင့် ဖြစ်ပါသည်။ ထို့ပြင် ယင်းကို တင်းတိမ်မှု မရှိကြပါ။ စိတ်ကျေနပ်မှု လုံးဝမရကြပါ။ ချောကလက် ပိုစားလေ ချက်ချင်းမဟုတ်သည့်တိုင် ခဏမျှကြာလျှင် ပိုပြီးစားချင်လေ ဖြစ်ပါသည်။

 ‘‘ပျော်ရွှင်ဖို့အတွက် အနှစ်သက်ဆုံး အစားအသောက်ကို ဘယ်လောက်စားရမလဲ။’’ ဟု တွေးကြည့်ပါက စိတ်ဝင်စားဖွယ် ကောင်းပါသည်။ အနည်းငယ် တစ်ကိုက်ကိုက်လျှင် လုံလောက်သော်လည်း နောက်ထပ်အများကြီး အမြဲတမ်း လိုအပ်နေပါသည်။ ယခုအခါ ဤပြဿနာကို ကျော်လွှားရန် လောကီပျော်ရွှင်မှုသည် ဗုဒ္ဓဘာသာ သီးသန့် ရည်မှန်းချက်လည်း မဟုတ်ပါ။ လောကီသာယာမှုများထက် ကျော်လွန်ရန်၊ ထာဝရ ပျော်ရွှင်မှုရှိသည့် ကောင်းကင်ဘုံ ပုံစံကို ရှာဖွေရန် ဘာသာတရားများစွာက သင်ကြားထားပါသည်။

တတိယမြောက် ဆင်းရဲဒုက္ခ အမျိုးအစားမှာ ဗုဒ္ဓဘာသာနှင့် သီးသန့်သက်ဆိုင်ပြီး ‘‘အားလုံး ပျံ့နှံ့နေသော ဆင်းရဲဒုက္ခ’’ ဟု ခေါ်သည်။ ‘‘အားလုံး ပျံ့နှံ့နေသော ပြဿနာ’’ ဟုလည်း ခေါ်နိုင်ပါသည်။ ဤဆင်းရဲဒုက္ခမှာ ကျွန်ုပ်တို့ ကြုံတွေ့သမျှ အရာရာတွင် စိမ့်ဝင်နေပါသည်။ ပြန်လည်မွေးဖွားမှုကို ထိန်းချုပ်မရစွာ ပြန်လည်ရရှိခြင်းကို ဆိုလိုပြီး ယင်းမှာ နေ့စဉ်ဘဝ၏ အတက်၊ အကျများအတွက် တကယ့်အခြေခံ ဖြစ်ပါသည်။ တစ်နည်းဆိုသော် ရရှိထားသည့် ခန္ဓာနှင့် စိတ် အမျိုးအစားများဖြင့် အဖန်ဖန် ပြန်လည် မွေးဖွားခြင်းသည် ဆင်းရဲဒုက္ခ ပထမအမျိုးအစား နှစ်ခုအတွက် အခြေခံ ဖြစ်သည်။ နောက်ပိုင်းတွင် လေ့လာနိုင်သော ပြန်လည်မွေးဖွားမှုအကြောင်းကို အနည်းငယ် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ပြန်လည်မွေးဖွားမှုအကြောင်း ဟောကြားထားသည့် အိန္ဒိယ အတွေးအခေါ် စနစ်များစွာ ရှိတာမှန်ပါသည်။ ဤသည်မှာ ဗုဒ္ဓမြတ်စွာအတွက် အထူးအဆန်း မဟုတ်ပါ။ သို့သော် ပြန်လည်မွေးဖွားမှု ဖြစ်စဉ်အကြောင်းကို နားလည် သဘောပေါက်က ထိုအချိန်က အခြားအတွေးအခေါ်များ၊ ဘာသာများက ရှင်းပြထားသည်ထက် ပိုမိုနက်ရှိုင်းစွာ ဟောကြားတော်မူခဲ့ပါသည်။ ဘုရားရှင်သည် ပြန်လည်မွေးဖွားမှု ဖြစ်ပေါ်ပုံ၊ နာကျင်မှု၊ မပျော်ရွှင်မှု၊ သာမန် ပျော်ရွှင်မှုတို့၏ အတက်၊ အကျကို စိတ်နှင့်ခန္ဓာက ကြုံတွေ့ပုံတို့ကို အသေအချာ ရှင်းပြခဲ့ပါသည်။

ဒုတိယသစ္စာ

ဒုတိယသစ္စာသည် ကျွန်ုပ်တို့ ကြုံတွေ့ရသည့် ဤမပျော်ရွှင်မှု အားလုံး၏ အကြောင်းရင်းအမှန်ကို ကြည့်ပါသည်။ ပြန်လည်မွေးဖွားမှုကဲ့သို့ အရာများကို ဤနေရာတွင် ထည့်မပြောသေးပါ။ ဗုဒ္ဓမြတ်စွာက ရှင်းလင်းယုတ္တိကျသော နည်းဖြင့် ရှင်းပြထားသည်ကို နားလည်အောင် ကြိုးစားရပါမည်။ ဒုက္ခဆင်းရဲနှင့် သာမန် ပျော်ရွှင်မှုအကြောင်း ပြောရာတွင် ယင်းတို့သည် အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာပါသည်။ သို့သော် ဗုဒ္ဓမြတ်စွာက ‘‘စစ်မှန်သော အကြောင်းရင်း’’ များကို စိတ်ဝင်စားပါသည်။ ပျော်ရွှင်မှုနှင့် နာကျင်မှုသည် ဆုပေး၊ ဒဏ်ပေး ပုံစံဖြင့် ကျွန်ုပ်တို့ထံ ရောက်လာသည်ဟု ထင်ချင်ထင်နိုင်ပါသည်။ ဗုဒ္ဓမြတ်စွာကမူ အပျက်သဘောနှင့် အပြုသဘော အပြုအမူများကို စစ်မှန်သော အကြောင်းရင်းများအဖြစ် ဟောကြားခဲ့ပါသည်။

အပျက်သဘော အပြုအမူဆိုသည်မှာ အဘယ်နည်း။ အန္တရာယ် ဖြစ်စေသောအရာကို ဆိုလိုပါသည်။ အန္တရာယ် ဖြစ်စေသည်ဟု ဆိုရာတွင် အခြားသူများအားဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ အန္တရာယ် ပေးခြင်း ဖြစ်နိုင်ပါသည်။ မိမိ၏ အပြုအမူက အခြားသူများအပေါ် အန္တရာယ်ပေးသလား၊ အကူအညီ ပေးသလား ဆိုသည်ကို အကျိုးသက်ရောက်ပုံကို သိရှိရန် တကယ်တော့ အလွန်ခက်ခဲပါသည်။ ဥပမာ၊ လူတစ်ယောက်ကို ငွေကြေးများစွာ ပေးလိုက်ပြီး ထိုငွေကို ခိုးယူလိုသူ အခြားတစ်ယောက်က သူ့ကိုသတ်ဖြတ်သွားနိုင်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ သူတို့ကို ကူညီရန်ဖြစ်သော်လည်း အမှန်တွင်မူ အာမခံချက် မရှိပါ။ မိမိကိုယ်ကို ပျက်စီးစေသော အပြုအမူ အမျိုးအစားအချို့မှာ အဘယ်နည်း။ ယင်းကို ဗုဒ္ဓမြတ်စွာက အပျက်သဘော အပြုအမူ၊ မိမိကိုယ်ကို ပျက်စီးစေမှုဟု ဆိုပါသည်။

ဤအချက်က ဆိုလိုသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုဖြင့် ပြုမူ၊ ပြောဆို၊ တွေးတောခြင်း ဖြစ်ပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များက အနှောင့်အယှက်ပေးပါသည်။ စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုတို့ ဆုံးရှုံးစေပါသည်။ ဤသည်မှာ လောဘ၊ ဒေါသ၊ တဏှာ၊ ဣဿာမစ္ဆရိယ၊ မောက်မာမှု၊ မောဟ အစရှိသည့်အချက်များ ဖြစ်ပါသည်။ ထိုစိတ်ခံစားချက်တစ်ခုတွင် ကျွန်ုပ်တို့ အတွေးလမ်းဆုံးနေပါက ယင်း၏ လွှမ်းမိုးမှုဖြင့် ပြုမူ၊ ပြောဆိုပါသည်။ ကိုယ်တိုင်မပျော်ရွှင်မှု ရရှိလာပါတော့သည်။ ချက်ချင်း မဟုတ်သည့်တိုင် ရေရှည်တွင် မပျော်ရွှင်မှုကို ဖန်တီးလာပါသည်။ အကြောင်းမှာ ထိုအတိုင်း ဆက်ဖြစ်လာအောင် စုစည်းလာတတ်ခြင်းကြောင့် ဖြစ်ပါသည်။

တစ်ဖက်တွင်မူ အပြုသဘော အပြုအမူဆိုသည်မှာ ထိုသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှု မရှိသော အပြုအမူ ဖြစ်ပြီး မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းစသည့် အပြုသဘော စိတ်ခံစားချက်များကြောင့် စိတ်အားထက်သန်မှုပင် ရှိလာနိုင်ပါသည်။

အပြုသဘော ပြုမူဆောင်ရွက်ခြင်းသည် ပျော်ရွှင်မှု ဖြစ်စေပါသည်။ ကျွန်ုပ်တို့၏ စိတ်သည် အေးအေးဆေးဆေး ဖြစ်လာကာ ယေဘုယျအားဖြင့် တည်ငြိမ်လာပါသည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ပိုရှိလာသောကြောင့် ပြဿနာ ဖြစ်စေနိုင်သည့် မိုက်မဲသော အပြုအမူ၊ အပြောအဆိုများ မရှိတော့ပါ။ ထို့ပြင် ထိုအကျိုးဆက်သည် ချက်ချင်း ပေါ်မလာသော်လည်း ရေရှည်တွင် ပျော်ရွှင်မှု ဖြစ်စေပါသည်။ သို့သော် ကျွန်ုပ်တို့ တည်ရှိပုံ၊ အခြားသူများ တည်ရှိပုံနှင့် အရာအားလုံး၏ အမှန်တရားအပေါ် မသိနားမလည်မှုက အကြောင်းခံ ဖြစ်နေပါသည်။

ကျွန်ုပ်တို့၏ သာမန် ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုတို့သည် ပြင်ပမှ အကဲဖြတ်သည့် ပုဂ္ဂိုလ်အချို့၏ ဆုပေး၊ ဒဏ်ပေးကြောင့် မဟုတ်ပါ။ ယင်းတို့သည် ရူပဗေဒ သဘောတရားနီးပါး ဆင်တူပါသည်။ အကြောင်း၊ အကျိုး အပြုအမူများက မည်သည့် အခြေခံပေါ်တွင် မူတည်ပါသလဲ။ ကျွန်ုပ်တို့၏ ရှုပ်ထွေးမှု၊ အထူးသဖြင့် မိမိကိုယ်ကို ရှုပ်ထွေးနေမှုက အခြေခံအချက် ဖြစ်ပါသည်။ ‘‘ငါက အရေးအကြီးဆုံးလူ ဖြစ်တယ်။ ကိုယ့်လမ်းကိုယ်သွားရမယ်။ စူပါမားကတ်ထဲမှာ ရှေ့ဆုံးအတန်းမှာ နေသင့်တယ်။ အရင်ဆုံး ဖြစ်သင့်တယ်။’’ ဟု တွေးလာပါသည်။ ပထမဆုံးဖြစ်ရန် လောဘတက်လာသောကြောင့် ကိုယ့်ရှေ့ရောက်နေသူများကို ဒေါသထွက်ာလပါသည်။ ကိုယ့်ရှေ့မှလူက အရမ်းနှေးပြီး အချိန်အလွန် ကြာသည့်အတွက် သည်းမခံနိုင် ဖြစ်လာကာ စိတ်တွင် သူတို့နှင့်ပတ်သက်သော မပျော်ရွှင်သည့် အတွေးမျိုးစုံ ပြည့်လာပါသည်။ အပြုသဘော နည်းဖြင့် ပြုမူလျှင်လည်း ထိုလွှမ်းခြုံမှုအောက်ရှိ ‘‘ငါ’’ ဆိုသည့် ရှုပ်ထွေးမှုများစွာ ရှိနေပါသည်။ ဥပမာ၊ အခြားသူများက ချစ်ခင်လာအောင် သူတို့ကို ကူညီနိုင်သည်။ သို့မဟုတ် တစ်ခုခု ပြန်လိုချင်သည့်အတွက် တစ်ခုခု လုပ်ပေးသည်။ သို့မဟုတ် မိမိကို အခြားသူများက လိုအပ်စေချင်ပါသည်။ အနည်းဆုံးတော့ ကျေးဇူးတင်ခံချင်ပါသည်။

ဤနည်းဖြင့် လူတို့ကို ကူညီသည်မှာ ကျွန်ုပ်တို့ကို ပျော်ရွှင်စေသော်လည်း နောက်ခံအကြောင်းမှာ အလွန်မသက်မသာ ဖြစ်နေပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရတတ်သည့် ဤပျော်ရွှင်မှုသည် ရေရှည်မခံပါ။ မနှစ်မြို့ဖွယ် တစ်ခုခုအဖြစ် ပြောင်းလဲသွားပါသည်။ ဘဝတွင် ဤနည်းဖြင့် ဆက်ဆက်သွားနေပါသည်။ ဗုဒ္ဓဘာသာရှုထောင့်အရ နောင်ဘဝများအထိ ဆက်သွားပါသည်။

ပိုပြီးအသေးစိတ် လေ့လာသောအခါ အရာရာကို ကျွန်ုပ်တို့ရှုပ်ထွေးနေကြောင်း မြင်လာပါသည်။ ဥပမာ၊ တစ်စုံတစ်ယောက်ကို အလွန်ချစ်မြတ်နိုးသောအခါ သူတို့၏ အရည်အသွေးကောင်းများကို လုံးဝပုံကြီးချဲ့မိပါသည်။ သို့မဟုတ် တစ်စုံတစ်ယောက်ကို အလွန်မနှစ်သက်သောအခါ သူတို့၏ အပျက်သဘော အရည်အသွေးများကို ပုံကြီးချဲ့ကာ သူတို့တွင် အကောင်းတစ်ကွက်မှ မမြင်တော့ပါ။ ပိုပြီးလေ့လာလေ၊ မိမိကြုံတွေ့ရသော အရာရာ၏ နောက်ကွယ်တွင် ပိုပြီး ရှုပ်ထွေးမှုများ တွေ့ရလေ ဖြစ်ပါသည်။

ပိုမိုနက်ရှိုင်းစွာ လေ့လာပါက ဤအတွက် အခြေခံသည် ကျွန်ုပ်တို့ကိုယ်ပိုင် ကန့်သတ်ချက်ဖြစ်သည်ကို တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့ ရရှိထားသည့် ဤစိတ်နှင့် ခန္ဓာဖြင့် ကန့်သတ်ချက်များ ရှိပါသည်။ မျက်စိမှိတ်လိုက်သောအခါ တစ်လောကလုံး မရှိတော့ဘဲ ကိုယ်တစ်ဦးတည်း ရှိသလို ခံစားရပါသည်။ ကျွန်ုပ်တို့ခေါင်းထဲတွင် ‘‘ငါ’’ ဟုထင်ရသောအသံကို ကြားရပြီး မိမိခန္ဓာထဲတွင် မိမိရှိနေသလို ဖြစ်ပါသည်။ ဒါက အတော်လေး ထူးဆန်းပါသည်။ သို့သော် ‘‘ငါရှေ့ဆက်ရမယ်။ ဒါကိုလုပ်ရမယ်။’’ ဆိုပြီး အမြဲပြောနေသောကြောင့် ယင်းကို သိရှိလာခြင်း ဖြစ်ပါသည်။ အမြဲတမ်းလည်း စိုးရိမ်နေ ပါသည်။ ကျွန်ုပ်တို့ ခေါင်းထဲရှိ ဤအသံသည် ထူးခြားပြီး သီးသန့်ဖြစ်ကာ အခြားသူများနှင့် အမှီအခိုကင်းစွာ ရှိနေသည်ဟု ထင်ရပါသည်။ အကြောင်းမှာ မျက်လုံးမှိတ်လိုက်သောအခါ ‘‘ငါ’’ ကလွဲ၍ အခြားမရှိတော့သောကြောင့် ဖြစ်ပါသည်။

ဤသည်မှာ အလွန်ရှုပ်ထွေးသော စဉ်းစားနည်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အခြားသူများနှင့် အမှီအခိုကင်းစွာ ရှိနေခြင်း မဟုတ်ပါ။ အားလုံးတွင် သီးသန့်ထူးခြားမှု မရှိပါ။ အားလုံး လူသားများ ဖြစ်ပါသည်။ ရေခဲနေသော အန္တာတိကတိုက်တွင် ပင်ဂွင်းငှက်ထောင်သောင်းချီပြီး ပူးကပ်နေသည်ဟု စဉ်းစားကြည့်ပါ။ တစ်ကောင်နှင့်တစ်ကောင် ဘာများပိုထူးခြားပါသလဲ။ တကယ်တော့ အားလုံး အတူတူဖြစ်ပါသည်။ ကျွန်ုပ်တို့လည်း ထိုအတိုင်း ဖြစ်ပါသည်။ ပင်ဂွင်းငှက်များအတွက်လည်း လူသားများမှာ အားလုံးအတူတူ ဖြစ်ပါသည်။ မည်သို့ဆိုစေ ‘‘ငါက တခြားသူတွေထက် အရမ်းထူးခြားပြီး အမှီအခိုကင်းတယ်’’ ဆိုသော ဤတွေးခေါ်မှု အခြေခံဖြင့် ကိုယ်လမ်းကိုယ် သွားပါက ထိုသို့မဟုတ်လျှင် စိတ်ဆိုးဒေါသထွက်လာပါတော့သည်။

အခြေခံအားဖြင့် ကျွန်ုပ်တို့စိတ်နှင့် ခန္ဓာ၏ ရုပ်အထည်သည် ဤရှုပ်ထွေးမှုဖြစ်အောင် လှုံ့ဆော်နေပါသည်။ ဆန်းကြယ်သည်ဟု ထင်ရသော်လည်း ကျွန်ုပ်တို့ ဦးခေါင်းရှေ့ဘက်မှ အပေါက်နှစ်ပေါက်မှတစ်ဆင့် လောကကို အဓိကအားဖြင့် ကြုံတွေ့ရပါသည်။ ကိုယ့်နောက်ကအရာကို မမြင်နိုင်ပါ။ ရှိနေသော အရာကိုသာ မြင်နိုင်ပါသည်။ ယခင်က ဖြစ်သောအရာ၊ နောင်ဖြစ်မည့်အရာတို့ကို မမြင်နိုင်ပါ။ အကန့်အသတ် အတော်ရှိပါသည်။ ထို့ပြင် အသက်ကြီးလာသောအခါ ကောင်းစွာ မကြားရတော့ပါ။ တစ်ယောက်ယောက် တစ်ခုခု ပြောလာသောအခါ မှန်မှန်ကန်ကန် မကြားတော့ပါ။ တခြားတစ်ခု ပြောသည်ဟုထင်ပြီး ဒေါသထွက်လာပါသည်။ ထိုအကြောင်း စဉ်းစားမိလျှင် အတော် သနားစရာ ကောင်းပါသည်။

ဤသည်မှာ ကျွန်ုပ်တို့၏ အားလုံး ပျံ့နှံ့နေသော ပြဿနာမှာ ဤစိတ်နှင့်ခန္ဓာ အမျိုးအစားဖြင့် အဖန်ဖန် ပြန်လည်မွေးဖွားနေကာ ဤရှုပ်ထွေးမှုကို ပိုဆိုးစေပါသည်။ ဤရှုပ်ထွေးမှု အခြေခံအရ ကျွန်ုပ်တို့သည် အပျက်သဘော သို့မဟုတ် ပုံမှန် အပြုသဘောနည်းဖြင့် ပြုမူပါသည်။ ထိုအခါ မပျော်ရွှင်မှုနှင့် သာမန် ပျော်ရွှင်မှုတို့ကို ကြုံတွေ့လာရပါသည်။

ထိုထက်နက်နဲစွာ လေ့လာပါက ရှုပ်ထွေးကုန်မည် ဖြစ်သည့်အတွက် ယခုအခါ မလေ့လာသေးပါ။ သို့သော် ဤသို့ မထိန်းချုပ်နိုင်အောင် ပြန်လည်မွေးဖွားမှုကို ဖြစ်စေသည်မှာ ထိုရှုပ်ထွေးမှု ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ ပြဿနာ အစစ်များ၏ တကယ့်အကြောင်းရင်း ဖြစ်ပါသည်။ ဤရှုပ်ထွေးမှု၊ မသိနားမလည်မှုကို တစ်ခါတစ်ရံ ‘‘လျစ်လျူရှုမှု’’ ဟု ဘာသာပြန်ပါသည်။ ဤစကားလုံးကို ကျွန်ုပ်မသုံးလိုပါ။ ဤစကားက ကျွန်ုပ်တို့ မိုက်မဲသည်ဟု ဆိုလိုရာရောက်ပါသည်။ သို့သော် ဒါက တကယ့်ပြဿနာ မဟုတ်ပါ။ ကျွန်ုပ်တို့ လိုချင်သော ဆက်စပ်အဓိပ္ပာယ် မဟုတ်ပါ။ မသိနားမလည်မှု ဆိုသည်မှာ ကျွန်ုပ်တို့ဖြစ်စေ၊ ဖြစ်စဉ်များဖြစ်စေ မည်သို့ တည်ရှိသည်ကို မသိခြင်း ဖြစ်ပါသည်။ ဤသဘောကို ကျွန်ုပ်တို့ သတိမပြုမိပါ။ ကျွန်ုပ်တို့သည် စကြဝဠာ၏ အလယ်ဗဟိုကဲ့သို့ အရေးအကြီးဆုံးဟု ထင်နေသလို ဖြစ်ပါသည်။ ဤသည်မှာ အမှန်တရားနှင့် လုံးဝဆန့်ကျင်ပါသည်။ အမှန်တရားမှာ ကျွန်ုပ်တို့အားလုံး ဤနေရာတွင် အတူရှိနေပါသည်။ မိုက်မဲခြင်း မဟုတ်သော်လည်း ခန္ဓာနှင့် စိတ်က ထိုနည်းအတိုင်း တွေးမိအောင်ပြုလုပ်ပါသည်။

ထို့ကြောင့်လည်း ‘‘မြင့်မြတ်သော သစ္စာ’’ ဟု ခေါ်ခြင်း ဖြစ်ပါသည်။ အမှန်တရားကို မြင်သူများက အခြားသူများ မြင်ပုံနှင့် ခြားနားစွာ မြင်ပါသည်။ ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုနှင့် မှန်းဆချက်များက အမှန်တရားနှင့် ဆိုင်သည်ဟု အမှန်ပင် ယုံကြည်ကြပါသည်။ ယင်းတို့ကို အမှန်ဖြစ်စေချင်ပါသည်။ ထိုအကြောင်းကို စဉ်းစားမိခြင်းပင် မရှိပါ။ အကြောင်းမှာ ပင်ကိုသိစိတ်အရ ‘‘ငါက အရေးအကြီးဆုံး။ ငါ့ပုံစံအတိုင်း သွားရမယ်။ လူတိုင်းငါ့ကို ချစ်ခင်ရမယ်။’’ ဟု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ သို့မဟုတ် အချို့ကလည်း ‘‘လူတိုင်း ငါ့ကိုမုန်းသင့်တယ်။ ငါက မကောင်းဘူး။’’ ဟု ပြောင်းပြန် ယုံကြည်ကြပါသည်။ ခေါင်းနှင့် ပန်းကဲ့သို့ အတူတူပင် ဖြစ်ပါသည်။ ဤသည်မှာ တကယ့် အကြောင်းရင်း ဖြစ်နေပါသည်။

တတိယသစ္စာ

တတိယသစ္စာကို ‘‘မှန်ကန်သော ရပ်တန့်မှု’’ ဟုခေါ်နိုင်ပါသည်။ ‘‘မှန်ကန်သော ချုပ်ငြိမ်းမှု’’ ဟုလည်း ဘာသာပြန်လေ့ ရှိပါသည်။ ဤရှုပ်ထွေးမှုကို နောက်တစ်ဖန် ထပ်မဖြစ်အောင် ရပ်တန့် ဖယ်ရှား၍ ရနိုင်ကြောင်း ဆိုလိုပါသည်။ တကယ့်အကြောင်းရင်း ဖြစ်သည့် ဤရှုပ်ထွေးမှုကို ဖယ်ရှားလိုက်ပါက တကယ့် ပြဿနာများ၊ အတက်အကျများ၊ အခြေခံအဖြစ် ထိန်းချုပ်မရသည့် အဖန်ဖန် ပြန်လည်မွေးဖွားမှုတို့ကို ဖယ်ရှားလိုက်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ပါက ‘‘လွတ်မြောက်မှု’’ ကို ရရှိလာပါသည်။ ထိန်းချုပ်မရသည့် အဖန်ဖန် ပြန်လည်မွေးဖွားမှုကို သက္ကတဘာသာ စကားလုံး ‘‘သံသရာ’’ နှင့် လွတ်မြောက်မှုကို ‘‘နိဗ္ဗာန်’’ ဟု ခေါ်သည်ကို မြင်ဖူးမည် ထင်ပါသည်။

ဘုရားရှင် လက်ထက်တွင် သံသရာမှ လွတ်မြောက်ကြောင်း ပြောဆိုသည့် အခြားသော အိန္ဒိယ စနစ်များ ရှိပါသည်။ ဤသည်မှာ အိန္ဒိယနိုင်ငံ၏ အများနှင့် ဆိုင်သည့် လမ်းကြောင်း ဖြစ်ပါသည်။ သို့သော် အခြားစနစ်များသည် တကယ့် အကြောင်းရင်းကို သိရှိအောင် လုံလောက်သော နက်နဲမှု မရှိကြောင်း ဘုရားရှင်က မြင်ပါသည်။ ထိုသို့ ထိန်းချုပ်မရသည့် အဖန်ဖန် ပြဿနာများမှ ခဏတာ အနားရနိုင်ပါသည်။ ဥပမာ နှစ်ပေါင်းမြောက်မြားစွာ သင့်စိတ်က ဟာနေသော ကောင်းကင်ဘုံလိုနေရာ အချို့တွင် သင်က မွေးဖွားလာနိုင်ပါသည်။ သို့သော် ထိုနေရာတွင်လည်း အဆုံးသတ်ရပါမည်။ ဤသို့သော အခြားစနစ်များတွင် တကယ့်လွတ်မြောက်မှု မရှိခဲ့ပါ။

တကယ့် ရပ်တန့်မှုကို ဘုရားရှင်က ဟောကြားထားပါသည်။ ဤရှုပ်ထွေးမှု တစ်ဖန် ပြန်မဖြစ်အောင် အမှန်တကယ် ဖယ်ရှား၍ရသည်ကို နားလည်ပြီးယုံကြည်ဖို့ အရေးကြီးပါသည်။ ထိုသို့မဟုတ်ပါက ယင်းကို ဖယ်ရှားနေရန်ပင် မလိုပါ။ ရှုပ်ထွေးမှုကို အပြီးတိုင် ရပ်တန့်ရန် စိတ်မဝင်စားပါက ပါးစပ်ပိတ်ပြီး အခြေအနေကို လက်ခံကာ အကောင်းဆုံး နေသွားလို့ရပါသည်။ ကုထုံးနည်းလမ်းများစွာက နေတတ်အောင်နေပါ၊ မနေနိုင်ရင် ဆေးသောက်ပါ ဆိုသည့် နည်းကို နောက်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်ပါသည်။

စတုတ္ထသစ္စာ

စတုတ္ထသစ္စာကို ‘‘မှန်ကန်သောလမ်း’’ ဟု ဘာသာပြန်လေ့ ရှိပါသည်။ တတိယသစ္စာကို နားလည်စေရန် အထောက်အကူ ပြုပါသည်။ လွတ်မြောက်မှု ရရှိစေသည့် လမ်းကြောင်း ဖြစ်ပေါ်စေသော စိတ်အခြေအနေကို ဆိုလိုပါသည်။ ‘‘လမ်းကြောင်းမှန်သော စိတ်’’ ဟုလည်း ခေါ်ဆိုနိုင်သော်လည်း ဤစကားရပ်မှာ အခြားဘာသာစကားများသို့ ပြန်ဆိုရန် ခက်ခဲပါသည်။

ကျွန်ုပ်တို့၏စိတ်သည် လုံးဝအဓိပ္ပာယ် မရှိသောအရာများကို မှန်းဆပါသည်။ သို့သော် အဓိပ္ပာယ် မရှိသောအရာတွင်လည်း အဆင့်ဆင့် ရှိပါသည်။ အစွန်းရောက်မှုမှာ စိတ်ကစဉ့်ကလျား ရောဂါ သို့မဟုတ် အကြောက်လွန်ရောဂါတို့ ဖြစ်လာပြီး လူတိုင်းကိုယ့်ကို ဆန့်ကျင်နေသည်ဟု ထင်လာခြင်း ဖြစ်ပါသည်။ ယင်းသည် သိပ်မသိသာသော အစွန်းရောက်မှုလည်း ဖြစ်နိုင်သည်။ ဥပမာ ‘‘ဒါက မြင်ဖူးသမျှ ချောကလက် ကိတ်မုန့်ထဲမှာ အကောင်းဆုံးပဲ။ စားလိုက်ရရင် တကယ် ပျော်ရွှင်မိမှာပဲ။’’ ဆိုသော အတွေးဖြစ်သည်။ ဘူချာရက်စ်မှ လေယာဉ်စီးသွားတုန်းက ဗီယင်နာတွင် တစ်ထောက်နားရ သောအခါ ထိုသို့ ကြုံတွေ့ဖူးပါသည်။ ‘‘အင်း။ ဗီယင်နာက ပန်းသီးအဆာသွတ်ပေါင်မုန့်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်မယ်။’’ ဟု ထင်မိပါသည်။ တစ်ခုမှာသောအခါ အကောင်းဆုံး မဟုတ်ခဲ့ပါ။ ဖြစ်လိမ့်မည်ဟု ကျွန်ုပ်၏ မှန်းဆချက်များက အဓိပ္ပာယ်မရှိပါ။ ပန်းသီးအဆာသွတ်ပေါင်မုန့်က ရှိသော်လည်း ကျွန်ုပ်၏စိတ်မှ မှန်းဆချက်က မရှိပါ။ သို့သော် အဆာသွတ်မုန့် ရှိရမည့် နည်းလမ်း၊ ကျွန်ုပ် တကယ်ပျော်ရွှင်စေမည့် အကောင်းဆုံး အချက်ကို ကျွန်ုပ်၏စိတ်က မှန်းဆခဲ့မိပါသည်။

အလားတူ ကျွန်ုပ်လည်း အသက်ရှင်သည်။ သင်တို့လည်း အသက်ရှင်သည်။ ကျွန်ုပ်တို့ မရှိပါဟူ၍ ဗုဒ္ဓဘာသာက မဆိုထားပါ။ အကြောင်းရင်း အမှန်နှင့် လုံးဝ မသက်ဆိုင်သည့် တည်ရှိမှုမျိုးကို ကျွန်ုပ်တို့က အမှန်တရားဟု မှန်းဆထားသည်ဟူ၍သာ ဆိုထားပါသည်။ ကျွန်ုပ်တို့ထံတွင် အရာရာ သူတို့ဘာသာ အမှီအခိုကင်းစွာ တည်ရှိသည်ဆိုသော အတွေး ရှိကြပါသည်။ ဤသည်မှာ မဖြစ်နိုင်သည့် တည်ရှိမှုပုံစံ ဖြစ်ပါသည်။ အရာရာသည် အကြောင်းတရားနှင့် အခြေအနေများကြောင့် ပေါ်ထွက်လာပါသည်။ အမြဲတမ်း ပြောင်းလဲနေပါသည်။ သို့သော် ကျွန်ုပ်တို့က ဒါကိုမမြင်ပါ။ မျက်တောင်မွေးတစ်ဆုံးကိုသာ မြင်ကြပါသည်။ ဥပမာ၊ တစ်ယောက်ယောက်နှင့် တွေ့ရမည်ဆိုပြီး သူတို့ ပေါ်မလာပါ။ တစ်ဖက်လူက ဆိုးသွမ်းသည်၊ အမြဲတမ်း စိတ်ညစ်အောင်လုပ်သည်၊ ကျွန်ုပ်တို့ကို မနှစ်သက်တော့ဟု ကျွန်ုပ်တို့ ထင်မိပါသည်။ သူတို့ဘဝသည် ယာဉ်ကြောပိတ်ဆို့မှု၊ ရုံးအလုပ် စသည့် မည်သူမျှမသိနိုင်သော အရာများနှင့် အမှီအခိုကင်းစွာ တည်ရှိနေသည်ဟု ကျွန်ုပ်တို့က ထင်နေပါသည်။ သို့သော် အရာရာသည် အကြောင်းတရားနှင့် အခြေအနေများကြောင့် ပေါ်ထွက်လာသည့်အတွက် သူတို့ဘက်တွင် အရာရာ မှီခိုမှုမရှိဘဲ ဆိုးသွမ်းသူ မဖြစ်နိုင်ပါ။ ထို့ပြင် ဤစိတ်ကူးကို ကျွန်ုပ်တို့စိတ်က မှန်းဆပြီး ဆုပ်ကိုင်ထားပါသည်။ ဒေါသထွက်ကာ အပျက်စိတ်ခံစားချက် ဖြစ်လာပါသည်။ ထို့နောက် သူတို့ကို နောက်တစ်ကြိမ် တွေ့သောအခါ သူတို့ကို ခြားနားစွာ ရှုမြင်ပါတော့သည်။ သူတို့ကို ရှင်းပြခွင့်ပင် မပေးဘဲ အော်ဟစ်ပစ်ပါသည်။ ဤအရာအားလုံးတွင် ကျွန်ုပ်တို့သည် အမှန်ပင် သနားစဖွယ်၊ မပျော်ရွှင်သောသူ ဖြစ်နေသည် မဟုတ်ပါလား။

ထို့ကြောင့် ကျွန်ုပ်တို့ တည်ရှိသော်လည်း အခြားသူများနှင့် သီးသန့် အမှီအခိုကင်းစွာ တည်ရှိသည်ဟု ထင်မြင်ပုံမှာ မှန်းဆချက်လုံးလုံး ဖြစ်နေပါသည်။ အဓိပ္ပာယ်လည်း မရှိပါ။ အရာရာကို အမှန်အတိုင်း မရည်ညွှန်းပါ။ ဗုဒ္ဓဘာသာတွင် ယင်းကို ‘‘ဘာမှမရှိခြင်း’’ ဟုခေါ်ပြီး ‘‘အနတ္တ’’ ဟု တစ်ခါတစ်ရံ ဘာသာပြန်ပါသည်။ သက္ကတဘာသာတွင် ထိုစကားသည် ‘‘သုည’’ နှင့်တူညီကာ စစ်မှန်သောအရာ လုံးဝမပါဝင်သည့် ‘‘မရှိ’’ ဟုဆိုလိုပါသည်။ ချစ်သူအသစ်ကို နတ်သမီး ပုံပြင်ထဲက မြင်းဖြူတစ်စီးနှင့် ပြီးပြည့်စုံသော မင်းသား၊ မင်းသမီးကဲ့သို့ မှန်းဆခြင်းနှင့် တူပါသည်။ မဖြစ်နိုင်သောအရာဟု ဆိုလိုပါသည်။ ထိုအတိုင်း တည်ရှိနေသူ တစ်ဦးတစ်ယောက်မျှ မရှိပါ။ သို့သော် ကျွန်ုပ်တို့က အမြဲလိုက်ရှာနေပါသည်။ ထို့ပြင် ထိုသူက ကျွန်ုပ်တို့မှန်းဆချက်အတိုင်း မဟုတ်သောအခါ စိတ်ပျက်လာပြီး မဖြစ်နိုင်သော အရာကို ရှာနေသည့်အလား နောက်တစ်ယောက် ထပ်ရှာပါသည်။

ထို့ကြောင့် စိတ်၏ သစ္စာလမ်းကြောင်းသည် ထိုအရာအားလုံး အဓိပ္ပာယ်မရှိကြောင်း၊ ကျွန်ုပ်တို့၏ မှန်းဆချက်များအတိုင်း အစစ်အမှန် တစ်ခုမှ မရှိကောင်း နားလည်ခြင်းဖြစ်ပါသည်။ တကယ့် အကြောင်းရင်းကို လေ့လာသောအခါ ဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့၏ မှန်းဆချက်များက တစ်ခုခုကို အစစ်အမှန်ဟု ထင်ရာမှ ပေါ်ထွက်လာပါသည်။ သစ္စာလမ်းကြောင်းမှာ ယင်းသည် အစစ်အမှန်နှင့် မသက်ဆိုင်ကြောင်း နက်ရှိုင်းစွာ နားလည်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ကူးယဉ် မှန်းဆချက်နှင့် အမှန်တရားသည် တစ်ခုနှင့်တစ်ခု မသက်ဆိုင်ပါ။ ထပ်ပြောရလျှင် ရှုပ်ထွေးမှုမှာ ဤမှန်းဆချက်က အစစ်အမှန်နှင့် ဆိုင်သည်ဟုထင်ပြီး မှန်ကန်သော နားလည်မှုမှာ ထိုသို့မဟုတ်ကြောင်း သိရှိခြင်း ဖြစ်ပါသည်။ သက်ဆိုင်သောအရာနှင့် မသက်ဆိုင်သောအရာဟု ဆိုရပါမည်။ အမှန်နှင့် အမှားလို ဖြစ်ပါသည်။ နှစ်ခုစလုံးကို တစ်ချိန်တည်းတွင် မှန်ကန်သည်ဟု စဉ်းစား၍မရနိုင်ပါ။

ကျွန်ုပ်တို့အတွက် ‘‘အမှန်’’ နှင့် ‘‘အမှား’’ မည်သည်က ပိုခိုင်မာသည်ကို ယခုအခါ ကျွန်ုပ်တို့ ဆန်းစစ်နိုင်ပါသည်။ ယုတ္တိကျကျ လေ့လာပါက ‘‘အမှား’’ ဖြစ်ပါသည်။ ‘‘အမှန်’’ က ယုတ္တိနှင့် မကိုက်ညီသောကြောင့် ဖြစ်ပါသည်။ မျက်စိကိုမှိတ်သောအခါ လူတိုင်း မတည်ရှိဘဲ ရပ်တန့်သွားပါသလား။ မဟုတ်ပါ။ လုံးဝမဟုတ်ပါ။ ကျွန်ုပ်သည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်သောကြောင့် အမြဲတမ်း ကိုယ်လုပ်ချင်တာ လုပ်ရမည် ဆိုသည်မှာ မှန်ပါသလား။ မဟုတ်ပါ။ ရယ်စရာကောင်းပါသည်။ ပို၍လေ့လာဆန်းစစ်လေ ကျွန်ုပ်တို့ ခေါင်းထဲရှိ ‘‘ငါ’’ ကလေးကို စတင်ပြီး ပို၍ မေးခွန်းမေးနိုင်လေ ဖြစ်ပါသည်။ ဦးနှောက်ကို စတင်လေ့လာပါက ဦးနှောက်ထဲရှိ မည်သည့်နေရာက ကျွန်ုပ်တို့ ခေါင်းထဲသို့ ‘‘ငါ‘‘ ဟု ပြောဆိုကာ ဆုံးဖြတ်ချက်ချမှတ်နေပါသလဲ။ ဘာက အမှန်တကယ် ဖြစ်ပျက်နေပါသလဲ။ လေ့လာဆန်းစစ်သောအခါ ‘‘ငါ’’ ဟု ခေါ်နိုင်သောအရာ မတွေ့ရှိရပါ။ ကျွန်ုပ်သည် လုပ်ငန်းဆောင်ရွက်သည်။ အလုပ်လုပ်ကိုင်သည်။ စကားပြောပါသည်။ ဒါကို မငြင်းပါ။ ငြင်းနေသည်မှာ ဤသို့ခိုင်မာသော ‘‘ငါ’’ က လုပ်ချင်တာ လုပ်နေခြင်းကို ဖြစ်ပါသည်။ အကြောင်းမှာ ယုတ္တိအရ ထိုအချက်ကို မထောက်ခံပါ။ ကျိုးကြောင်း ဆီလျော်မှုနှင့် လေ့လာဆန်းစစ်မှုအရ ထိုအချက် မရှိကြောင်း မြင်နိုင်ပါသည်။ ထို့ကြောင့် စစ်မှန်သောအရာ တစ်ခုခုနှင့် သက်ဆိုင်ကြောင်း ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို မည်သည့်အရာကမျှ မထောက်ခံထားပါ။

ဤသို့ မဖြစ်နိုင်သောနည်းဖြင့် ကျွန်ုပ်တို့ တည်ရှိသည်ဟု တွေးသောအခါ ဘာဖြစ်လာပါသလဲ။ ကိုယ့်ကိုယ်ကို သနားစရာ ဖြစ်အောင်လုပ်လိုက်ပါသည်။ ထိုသို့သော တည်ရှိမှု မရှိကြောင်း တွေးသောအခါ ဘာဖြစ်လာပါသလဲ။ ဤပြဿနာ များမှနေ၍ မိမိကိုယ်ကို ဖြေလွှတ်လိုက်ပါသည်။ ‘‘ဒါမျိုး မရှိပါဘူး။ ဒါက အဓိပ္ပာယ်မရှိဘူး။’’ ဟု တွေးသောအခါ စစ်မှန်သောအရာ တစ်ခုခုနှင့် ဆိုသည်ဟု တစ်ချိန်တည်းမှာ တွေးရန် မဖြစ်နိုင်တော့ပါ။ မှန်ကန်သော နားလည် သဘောပေါက်မှုက အားကောင်းလာပြီး မှားယွင်းသော နားလည်သဘောပေါက်မှုကို အစားထိုးလိုက်ပါသည်။ မှန်ကန်သော နားလည်သဘောပေါက်မှုကို အမြဲတမ်း အာရုံစိုက်နိုင်ပါက ရှုပ်ထွေးမှုသည် လုံးဝထပ်ပေါ်မလာတော့ပါ။

ဤနေရာတွင်လည်း မှန်ကန်သော နားလည်သဘောပေါက်မှုက မှားယွင်းသော နားလည်သဘောပေါက်မှုကို အစားထိုးနိုင်ပြီး ဆင်းရဲဒုက္ခနှင့် ပြန်လည်မွေးဖွားမှုတို့မှ လွတ်မြောက်စေကြောင်း ဘုရားရှင်၏ တရားတော်များက အသစ်အဆန်း မဟုတ်ပါ။ အခြား အိန္ဒိယ စနစ်များကလည်း ထိုသို့ပြောကြားထားပါသည်။ ထူးခြားသည်မှာ အမှန်တရားနှင့် ပတ်သက်သော အနူးညံ့ဆုံး အဆင့်အထိ ထာဝရ ဖယ်ရှားနိုင်သော သီးသန့် နားလည်သဘောပေါက်မှု ဖြစ်ပါသည်။ တရားရှုမှတ်ခြင်းဖြင့် အလုံးစုံ စူးစိုက်နိုင်ကာ ဤမှန်ကန်သော နားလည်သဘောပေါက်မှုကို စိတ်ထဲတွင် မျိုးစေ့ချပြီး ရှုပ်ထွေးကို တကယ်ရပ်တန့်နိုင်စေရန်အတွက် ဗုဒ္ဓမြတ်စွာက အိန္ဒိယအစဉ်အလာ အားလုံးနှင့် တူညီသော နည်းလမ်းများ အသုံးပြုပါသည်။ ယင်းတို့မှတစ်ဆင့် တကယ့် အကြောင်းရင်းကို အမှန်ပင် ရပ်တန့်နိုင်ကာ ဆင်းရဲဒုက္ခမှ အမှန်ပင် ရပ်တန့်နိုင်ပါသည်။

ကျွန်ုပ်တို့စိတ်တွင် အမှန်တရားကို မှန်ကန်စွာ နားလည်သဘောပေါက်မှုဖြင့် နေထိုင်နိုင်ရန်၊ အပျက်သဘော စိတ်ခံစားချက်အားလုံးကို ဖြတ်တောက်ရန် ခွန်အားပေးသည်မှာ စိတ်အားထက်သန်မှု ဖြစ်ပါသည်။ မေတ္တာ၊ ကရုဏာစသည်တို့ ပေါ်ထွက်ရာလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး အပြန်အလှန် ချိတ်ဆက်နေပြီး လူတိုင်းသည် မိမိလိုပင် ပျော်ရွှင်လိုသည်ကို မြင်ထားသည့်အတွက် သူတို့ကို အပြည့်အဝ ကူညီနိုင်ရန် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားရန် လိုပါသည်။

ဤသည်မှာ သစ္စာလေးပါး၏ အခြေခံ ဖော်ပြချက် ဖြစ်ပါသည်။ ယင်းတို့ကို ပိုမိုလေးနက်စွာ နားလည်နိုင်ရန်အတွက် စိတ်နှင့် ကံအကြောင်း ဗုဒ္ဓဘာသာဝင်တို့၏ နားလည်မှုအကြောင်း အနည်းငယ် ထပ်လေ့လာရန် လိုပါသည်။


အကျဉ်းချုပ်

ဗုဒ္ဓဘာသာသည် အခြားသော အဓိကဘာသာများ၊ အတွေးအခေါ် စနစ်များနှင့် များစွာတူညီသော်လည်း ဘုရားရှင်၏ တရားဦးမှာ ကျွန်ုပ်တို့ တည်ရှိပုံ၊ ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခ၊ ကျွန်ုပ်တို့ ပြဿနာများ ကျော်လွှားနိုင်ပုံတို့အကြောင်း ထူးခြားစွာ ဖော်ပြထားပါသည်။

ဘုရားရှင်သည် တစ်ခါတစ်ရံ ဆရာဝန်လို ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဖျားနာသည်ဟု ဆရာဝန်က အတည်ပြုသည်။ ဘုရားရှင်သည် နေရာတိုင်းရှိ သတ္တဝါများ ကြုံတွေ့ရသော ဆင်းရဲဒုက္ခ မြောက်မြားစွာကို ထောက်ပြပါသည်။ ဆရာဝန်က ကျွန်ုပ်တို့တို့ ဖျားနာမှု အကြောင်းရင်းကို ရှာဖွေပါသည်။ ဘုရားရှင်က ကျွန်ုပ်တို့ တည်ရှိပုံအကြောင်း ရှုပ်ထွေးမှု ဖြစ်ရသည့် စစ်မှန်သော အကြောင်းရင်းကို ထောက်ပြပါသည်။ ဆရာဝန်များက ရောဂါကို ကုသ၍ ရ၊ မရ ပြောပြကာ တတ်နိုင်လျှင် ဆေးပေးပါသည်။ ထိုနည်းတူစွာ ဘုရားရှင်က စစ်မှန်သော ရပ်တန့်မှုနှင့် ထိုနေရာသို့ ရောက်ရှိနည်းကို သင်ကြားပါသည်။ နောက်ဆုံးတွင် ဆေးသောက်ရန် သို့မဟုတ် မိမိ၏ဆင်းရဲဒုက္ခကို ကျော်လွှားလိုပါက လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းရန် ဆိုသည်မှာ ကျွန်ုပ်တို့အားလုံးနှင့် သက်ဆိုင်ပါသည်။

Top