သည်းခံခြင်း ခန္တီပါရမီ

“သည်းခံခြင်းသည် အောင်မြင်ခြင်းဖြစ်သည်” ဟု ဆိုရိုးစကား ရှိပါသည်။ ထို့ကြောင့် အရာရာကို အံကြိတ်ပြီး သည်းခံလိုက်ပါမည်လား။ ဗုဒ္ဓဘာသာတွင် သည်းခံခြင်းဆိုသည်မှာ အားကောင်းသော ကျင့်ကြံမှုဖြစ်ပြီး ကျွန်ုပ်တို့က အရာရာကို သည်းခံလိုက်ရမည်ဟု မဆိုလိုဘဲ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ သားကောင်ဘဝ မရောက်စေရန် မိမိစိတ်ကို တက်ကြွစွာ အားထုတ်ကြိုးစားခြင်း ဖြစ်ပါသည်။ သည်းခံခြင်းသည် မိမိရော အခြားသူများကိုပါ အကျိုးရှိအောင် ခွန်အားကိုပေးပါသည်။ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုဆီ တွန်းပို့သော အချက်တစ်ချက်လည်း ဖြစ်ပါသည်။

နိဒါန်း

သာမန်ထက်ထူးသော သဘောထား (ပြီးပြည့်စုံခြင်း) ခြောက်ရပ်တွင် တတိယအချက်မှာ ဒေါသမထွက်ဘဲ အခက်အခဲနှင့် ဆင်းရဲဒုက္ခမျိုးစုံကို တောင့်ခံနိုင်သော စိတ်အခြေအနေ ဖြစ်ပါသည်။ အခြားသူများထံမှ အန္တရာယ်အမျိုးမျိုး ရင်ဆိုင်ရနိုင်သော်လည်း ယင်းမှာကျွန်ုပ်တို့ကို မနှောင့်ယှက်နိုင်ပါ။ ကျွန်ုပ်တို့အား ထိခိုက်နာကျင်စေမည့် ရန်သူ သို့မဟုတ် တစ်စုံတစ်ယောက် မရှိတော့ဘူးဟု မဆိုလိုပါ။ ကျွန်ုပ်တို့သည် ဒေါသထွက်ခြင်း၊ စိတ်ရှုပ်ခြင်း၊ စိတ်ပျက်ခြင်း သို့မဟုတ် သူတို့ကိုကူညီရန် လက်တွန့်ခြင်းတို့ မရှိတော့ဘူးဟု ဆိုလိုပါသည်။ အမြဲတမ်း စိတ်တိုနေပါက အခြားသူများကို မည်သို့လျှင် ကူညီနိုင်ပါမည်နည်း။ ဤသဘောထားနှင့် ပတ်သက်၍ အောက်ပါအတိုင်း သည်းခံမှုသုံးမျိုး ရှိပါသည်-

အမှန်တကယ် အန္တရာယ်ပေးသူများကြောင့် ဝမ်းမနည်းခြင်း

ပထမမြောက် သည်းခံခြင်းအမျိုးအစားမှာ အန္တရာယ် ပေးလာသူများကို ဒေါသထွက်ခြင်း သို့မဟုတ် စိတ်မကောင်းခြင်း မဖြစ်ရန် ဖြစ်ပါသည်။ အပျက်သဘော ဆောင်ရွက်သူများသာမက ကျွန်ုပ်တို့အပေါ် အမှန်တကယ် စော်ကားသူ၊ ဆိုးရွားစွာ ပြုမူဆက်ဆံသူ၊ ကိုယ်ရောစိတ်ပါ အမှန်ပင် ဒုက္ခပေးသူတို့လည်း ပါဝင်ပါသည်။ ကျွန်ုပ်တို့အား ကျေးဇူးမတင်သူ သို့မဟုတ် တန်ဖိုးမထားသူတို့လည်း ပါဝင်ပါသည်။ အထူးသဖြင့် အခြားသူများကို ကူညီနေပါက မိမိအကြံဉာဏ်ကို သူတို့လက်မခံခြင်း၊ ၎င်းသည် အလုပ်မဖြစ်ခြင်း ရှိပါကလည်း သူတို့ကို ဒေါသမထွက်ရန် အရေးကြီးပါသည်။ အကူအညီပေးရန် အလွန်ပင် ခက်ခဲသူများ ရှိပါသည်။ ထို့ကြောင့် စိတ်မရှည်မည့်အစား သက်ဆိုင်ရာ အခက်အခဲအားလုံးကို သည်းခံဖို့ လိုပါသည်။

ကျွန်ုပ်တို့သည် ဆရာသမား ဖြစ်ပါက မိမိကျောင်းသားများကို မည်မျှပင် လေးလံပြီး ဉာဏ်ထိုင်းသည်ဖြစ်စေ လုံးဝစိတ်မရှည်ခြင်း မဖြစ်သင့်ပါ။ ကျွန်ုပ်တို့သည် ဓမ္မဖြစ်စေ၊ အခြားတစ်ခုခုဖြစ်စေ သင်ကြားနေပါက သည်းခံပြီး စိတ်ပျက်လက်လျှော့ မဖြစ်ရန်မှာ ကျွန်ုပ်တို့အပေါ်တွင် မူတည်ပါသည်။ ကလေးတစ်ယောက်ကို သင်ကြားသလိုပင် ကျွန်ုပ်တို့သည် ကျွမ်းကျင်ဖို့လိုပါသည်။ ကလေးတစ်ယောက်ကို လူကြီးများလို ချက်ချင်းသင်ယူတတ်မြောက်မည်ဟု မျှော်လင့်၍မရပါ။

ဆင်းရဲဒုက္ခကို သည်းခံခြင်း

ဒုတိယမြောက် သည်းခံခြင်းအမျိုးအစားမှာ ရှန်တီဒေဝက များစွာဟောကြားခဲ့သည့်အရာဖြစ်သော မိမိ၏ ဆင်းရဲဒုက္ခကို လက်ခံပြီး သည်းခံရန် ဖြစ်သည်။ ဖြေရှင်း၍ရသော ပြဿနာတစ်ခုရှိပါက ဒေါသဖြစ်နေစရာ၊ ဝမ်းနည်းပြီးစိုးရိမ်နေစရာ မလိုကြောင်း သူကပြောပါသည်။ ဖြေရှင်းစရာကိုသာ ဆောင်ရွက်လိုက်ပါ။ သို့သော် အခြေအနေအတွက် ဘာမှမဆောင်ရွက်နိုင်ပါက ဘာကြောင့်များ ဒေါသထွက်နေပါမည်နည်း။ အထောက်အကူ မဖြစ်ပါ။ အေးနေလျှင် အနွေးထည် လိုသကဲ့သို့ပင် ဖြစ်ပါသည်။ အေးနေသည်ကို ဘာကြောင့်အပြစ်တင်ပြီး ဒေါသထွက်ပါမည်နည်း။ နောက်ထပ် အဝတ်အထည်အချို့ ဝတ်လိုက်နိုင်ပါသည်။ အနွေးထည် မရှိပါကလည်း ဒေါသထွက် ဝမ်းနည်းနေရုံဖြင့် နွေးထွေးလာမည် မဟုတ်ပါ။

မိမိတို့ကြုံရသော ဆင်းရဲဒုက္ခကို အပျက်သဘော အတားအဆီးများ လုံးပါးပါးသွားသကဲ့သို့ ကြည့်နိုင်ပါသည်။ မကောင်းသောကံများက နောင်တွင်ပိုဆိုးမည့် အခြေအနေဖြင့် မဟုတ်ဘဲ ယခုရင့်ကျက်လာသည်ကို ပျော်ရွှင်နိုင်ပါသည်။ တစ်နည်းဆိုသော် ပေါ့ပေါ့ပါးပါး လွှတ်ချလိုက်ခြင်း ဖြစ်ပါသည်။ စားပွဲကို ခြေထောက်နှင့် တိုက်မိပြီး အတော်လေး နာကျင်သွားလျှင် ခြေထောက်မကျိုးသည့်အတွက် တော်ပါသေးသည်။ ဤသို့တွေးခြင်းဖြင့် ဒေါသမထွက်အောင် ကူညီပေးနိုင်ပါသည်။ တကယ်တော့ ခြေထောက်နာကျင်သောအခါ ခုန်ပေါက်ပြီး ရေးကြီးခွင်ကျယ် လုပ်သည်မှာ အနည်းငယ်မျှပင် အထောက်အကူ မပြုပါ။ မိမိ၏မိခင် ရောက်လာပြီး အနမ်းဖြင့်နှစ်သိမ့်လိုက်သည့်တိုင် အနာသက်သာလာမည် မဟုတ်ပါ။

ရက်ရှည်တရားစခန်းဝင်ခြင်း၊ အခြားသူများကို ကူညီရန် ခရီးသွားခြင်း သို့မဟုတ် ဓမ္မလုပ်ငန်းအချို့အတွက် လုပ်ကိုင်ခြင်း စသည့် အလွန်အပြုသဘောဖြစ်ပြီး ကောင်းမွန်သောအလုပ်ကို ကြိုးစားလုပ်ကိုင်သောအခါ သိထားရမည့် နောက်တစ်ချက် ရှိပါသည်။ အစတွင် အခက်အခဲ၊ အတားအဆီးများစွာ ရှိပါက အမှန်ပင် ကောင်းပါသည်။ ထိုအခါ အတားအဆီးအားလုံး လျော့ပါးသွားကာ နောက်ထပ်ကြိုးပမ်းမှုများ အဆင်ပြေသွားနိုင်ပါသည်။ နောင်အခါမှ ပြဿနာကြီးလာသည်ထက် ယခုပင် လုံးပါးပါးသွားသည်ကို ပျော်ရွှင်သင့်ပါသည်။

ရှန်တီဒေဝက ဆင်းရဲဒုက္ခနှင့် ပြဿနာများတွင်လည်း အရည်အသွေးကောင်းများ ရှိသည်ဟု ဆိုပါသည်။ အပြင်ထွက်ပြီး မိမိကိုယ်ကို ညှဉ်းဆဲရန်အတွက် ပြဿနာများ မရမက လိုက်ရှာရမည်ဟု မဆိုလိုပါ။ ဆင်းရဲဒုက္ခ ကြုံသောအခါ ကျွန်ုပ်တို့ တန်ဖိုးထားနိုင်သည့် အရည်အသွေးကောင်းများစွာ ရှိပါသည်။ ဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့၏ မောက်မာမှုကို လျှော့ချကာ ပိုပြီးနှိမ့်ချစေပါသည်။ အလားတူပြဿနာ ခံစားနေရသူများအတွက် ကရုဏာလည်း ထားရှိလာနိုင်ပါသည်။ မိမိတွင် ရောဂါတစ်ခုခုဖြစ်လာပါက မိမိနှင့်အတူ ခံစားရသူများအတွက် အလိုလို တန်ဖိုးထားပြီး ကရုဏာရှိလာပါသည်။ အသက်ကြီးလာသောအခါ ဇရာ၏နာကျင်မှုကို အမှန်ပင် နားလည်လာပါသည်။ အဘိုးအဘွားများကို မိမိ အသက် ၁၆ နှစ်အရွယ်က ကရုဏာထားလေ့ မရှိသည်မှာ အသက် ၇၀ အရွယ်တွင် မည်သို့ရှိမည်ကို မတွက်ဆနိုင်သောကြောင့် ဖြစ်ပါသည်။ ကိုယ်တိုင်အသက်ကြီးလာပြီး ထိုသို့ကြုံရမှသာ သက်ကြီးရွယ်အိုများအတွက် ကရုဏာနှင့် နားလည်မှုများစွာ ထားရှိလာနိုင်ပါသည်။

ထို့ပြင် ကံဆိုသည့် အပြုအမူဆိုင်ရာ အကြောင်းနှင့်အကျိုးကို အတန်အသင့် နားလည်ပါက ဆင်းရဲဒုက္ခကြုံသောအခါ အပျက်သဘော မပြုမူမိအောင် သတိပေးပါသည်။ ဘာကြောင့်လဲ။ အပျက်သဘော ပြုမူခြင်းသည် ဆင်းရဲဒုက္ခ၏ အကြောင်းရင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ ပျော်ရွှင်မှု၏ အကြောင်းရင်းဖြစ်သော အပြုသဘော ဆောင်ရွက်ချက်များကို ပိုပြီးအားကောင်းစွာ ဆောင်ရွက်ရန် ကျွန်ုပ်တို့ကို အားပေးပါသည်။

ဓမ္မအတွက် အကျပ်အတည်းများကို သည်းခံခြင်း

သည်းခံမှု တတိယ အမျိုးအစားမှာ ဓမ္မကိုလေ့လာကျင့်ကြံမှုတွင် ကြုံရသော အကျပ်အတည်းကို သည်းခံရန်ဖြစ်ပါသည်။ ဉာဏ်အလင်းရရှိမှုအတွက် ကြိုးစားအားထုတ်မှု မြောက်မြားစွာ လိုအပ်ပါမည်။ ကျွန်ုပ်တို့သည် စိတ်မပျက်သွားစေရန် ဤအချက်ကို လက်တွေ့ကျဖို့လိုပါသည်။ မိမိကိုယ်ကို သည်းခံရန် လိုပါသည်။

သံသရာ၏ သဘောသဘာဝသည် အတက်အကျရှိကြောင်း၊ ပိုကောင်းသော သို့မဟုတ် ပိုဆိုးသော ပြန်လည်မွေးဖွားမှု သာမက ယေဘုယျအားဖြင့် အချိန်တိုင်း ထိုသို့ဖြစ်နေကြောင်း နားလည်လက်ခံရန် အရေးကြီးပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ ကျင့်ကြံမှုက အဆင်ပြေပြီး တစ်ခါတစ်ရံ အဆင်မပြေပါ။ ဘာကိုများ မျှော်လင့်ပါမည်နည်း။ တကယ်တော့ သံသရာသာ ဖြစ်ပါသည်။ တစ်နေ့ပြီးတစ်နေ့ ပို၍ကောင်းလာမည် မဟုတ်ပါ။ ထို့ကြောင့် သည်းခံရန်လိုပြီး တစ်နေ့တလေ စီစဉ်ထားသလို ဖြစ်မလာသည့်အတွက် လက်မလျှော့ရန်လိုပါသည်။ ကျွန်ုပ်တို့သည် ဒေါသကို ထိန်းချုပ်ပြီးနောက် ဒေါသထပ်မဖြစ်တော့ပါဟု ထင်ချင်ထင်နိုင်သော်လည်း ရုတ်တရက် တစ်ခုခုဖြစ်လာမှ စိတ်မရှည်ဖြစ်လာပါသည်။ ထိုသို့ ဖြစ်တတ်ပါသည်။ ကျွန်ုပ်တို့သည် ရဟန္တာအဖြစ် လွတ်မြောက်မှု မရမချင်း ဒေါသကို အလုံးစုံပယ်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သည်းခံခြင်းသာ အဓိကဖြစ်ပါသည်

ခန္တီတရားထားရှိရန် ရှန်တီဒေဝ၏အဆို

သည်းခံနိုင်စေရန် နည်းလမ်းများစွာကို ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း ၌ ရှန်တီဒေဝက ရှင်းပြထားပါသည်။ နမူနာအချို့ကို လေ့လာကြပါစို့-

မီးပုံ သို့မဟုတ် မီးဖိုပေါ်တွင် လက်အပူလောင်ပါက မီးကိုပူသည်ဆိုပြီး ဒေါသထွက်၍ မရနိုင်ပါ။ ယင်းမှာမီး၏ သဘောသဘာဝ ဖြစ်ပါသည်။ ထို့အတူ သံသရာမှနေ၍ ကျွန်ုပ်တို့ ဘာကိုမျှော်လင့်နိုင်ပါမည်နည်း။ လူတို့က မိမိအား စိတ်ညစ်အောင်လုပ်ကြမည်။ ထိခိုက်နာကျင်စေမည်။ ကိစ္စရပ်များ ခက်ခဲလာနိုင်ပါသည်။ တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ခိုင်းပါက သူတို့သည် မှားယွင်းစွာလုပ်ဆောင်မည်ဟု မျှော်လင့်သင့်ပါသလား။ မိမိဖြစ်စေချင်သလို သူတို့မလုပ်ပါက မည်သူ့အပြစ်နည်း။ မိမိကိုယ်တိုင် ပျင်းရိပြီး မလုပ်ဘဲနေကာ သူတို့ကိုခိုင်းသည့်အတွက် မိမိအပြစ်သာ ဖြစ်ပါသည်။ လူတိုင်းကို ဒေါသထွက်နေပါက မိမိ၏ ပျင်းရိမှုကို ဒေါသထွက်သင့်ပါသည်။

“သံသရာမှနေ၍ ဘာကိုမျှော်လင့်နိုင်ပါမည်နည်း" ဆိုသည်မှာ ကျွန်ုပ်တို့ ထားရှိမည့် သည်းခံခြင်း အမျိုးမျိုးအတွက် မမေ့ရမည့်စကားရပ် ဖြစ်ပါသည်။ ဘဝသည် အဆင်ပြေပြီး အရာရာ အမြဲတမ်း၊ ထာဝရ ပြေလည်သွားမည်ဟု ထင်နေပါသလား။ ဘဝအခိုက်အတန့် အားလုံး၏ သဘောသဘာမှာ သံသရာဖြစ်ပြီး ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ဆင်းရဲဒုက္ခနှင့် ပြဿနာများ ဖြစ်ပါသည်။ ထို့ကြောင့် အရာရာ မိမိဖြစ်စေချင်သလို မဖြစ်သောအခါ သို့မဟုတ် လူတို့က မိမိအား နာကျင်စေခြင်း၊ စိတ်ပျက်စေခြင်း ပြုသောအခါ မအံဩပါနှင့်။ နောက်ထပ် ဘာများ မျှော်လင့်နိုင်ပါသနည်း။ ထို့ကြောင့်လည်း သံသရာမှ လွတ်မြောက်လိုခြင်း ဖြစ်ပါ၏။

ဤသည်မှာ ဆောင်းရာသီက အလွန်အေးပြီး မှောင်မိုက်သည်ဟု အပြစ်ဖို့သလို ဖြစ်နေပါသည်။ တကယ်တော့ ဆောင်းရာသီမှ အခြားဘာများ မျှော်လင့်နိုင်ပါသနည်း။ နှစ်သက်ဖွယ် နွေးထွေးကာ နေစာလှုံနိုင်မည်ဟု ထင်ပါသလား။ မီးတောက်၏ သဘောသဘာဝက ပူသည့်အတွက် မီးထဲသို့ လက်ကိုထိုးထည့်ပါက လက်အပူလောင်သလိုပင် ဆောင်းရာသီက မှောင်မိုက်ပြီး အေးမြပါမည်။ ဒေါသထွက်နေစရာ အကြောင်းမရှိပါ။

ရှန်တီဒေဝက အကြံပေးသည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ အခြားသူများကို ရူးနှမ်းသူများ သို့မဟုတ် ကလေးများကဲ့သို့ ရှုမြင်ရန် ဖြစ်ပါသည်။ ရူးနေသူ သို့မဟုတ် အရက်မူးနေသူတစ်ယောက် မိမိကို အော်ငေါက်ပါက ကျွန်ုပ်တို့သည် ပြန်အော်မိပါက ပို၍ပင်ရူးနှမ်းသွားမည် မဟုတ်ပါလား။ အိမ်က နှစ်နှစ်အရွယ် ကလေးက ကျွန်ုပ်တို့ တီဗီပိတ်ကာ သူ့ကိုအိပ်ရာထဲသို့ ပို့လိုက်သောအခါ “မုန်းလိုက်တာ” ဟု အော်ဟစ်ပါက မိမိရင်သွေးက မုန်းသည့်အတွက် အလေးအနက်ထားကာ ဒေါသထွက်ပြီး ဝမ်းနည်းနေမည်လား။ မဟုတ်ပါ။ အကြောင်းမှာ ကလေးဖြစ်နေသည့်အတွက် ဖြစ်ပါသည်။ အခြားသူများကို ရှုမြင်ရာတွင် အထိမခံသောကလေးငယ် သို့မဟုတ် ရူးနှမ်းနေသူကဲ့သို့ ဆိုးဆိုးရွားရွား ပြုမူသည်ဟု သဘောထားလိုက်ပါက သူတို့ကို ဒေါသမထွက်ရန် အမှန်ပင် အထောက်အကူ ပြုပါသည်။

ထို့ပြင် တစ်ယောက်ယောက်ကြောင့် အလွန်စိတ်ညစ်ရပါက သူတို့ကိုမိမိ၏ဆရာကဲ့သို့ ရှုမြင်လျှင် အလွန် အထောက်အကူ ပြုပါသည်။ ထိုသို့အလွန်အမင်း စိတ်အနှောင့်အယှက် ပေးသူမျိုးကို ရှောင်လွှဲမရနိုင်လောက်အောင် ကျွန်ုပ်တို့အားလုံး ကြုံဖူးသည် မဟုတ်ပါလား။ တကယ်တော့ သူတို့နှင့်ရှိစဉ်တွင် “ဒီလူဟာ ငါ့ကိုသည်းခံတတ်အောင် သင်ပေးနေတာပဲ” ဟု တွေးသင့်ပါသည်။ လူတို့က မိမိအား စိတ်အနှောင့်အယှက် မပေးခြင်း သို့မဟုတ် စိတ်မညစ်စေခြင်း ရှိပါက သည်းခံခြင်းကို ဘယ်တော့မှ သင်ယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့မှာ စိန်ခေါ်မှု မရှိသလို ထိုသူတို့မှာ ဤအခွင့်အလမ်းအားလုံးကို အလွန်ကြင်နာစွာ ပေးထားသည်ဟု မြင်နိုင်ပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက တရုတ်ခေါင်းဆောင်များသည် သူ့ဆရာများဖြစ်ပြီး မော်စီတုန်းသည် သူ့ကိုသည်းခံခြင်းအကြောင်း သင်ပေးသည့် အကြီးကျယ်ဆုံး ဆရာတစ်ဦးဖြစ်သည်ဟု အမြဲပြောပါသည်။

အကျဉ်းချုပ်

နေ့စဉ်နေ့တိုင်း သံသရာတွင် ကျင်လည်နေရသော ကျွန်ုပ်တို့သည် ပြဿနာများ၊ စိတ်ပျက်စရာများ တွေ့ကြရပါသည်။ တစ်ခါတစ်ရံ ကိုယ်ဖြစ်ချင်သလို ဖြစ်သော်လည်း တစ်ခါတစ်ရံ ဘဝမှာ ကိုးယိုးကားယား ဖြစ်နေပါသည်။ ကျွန်ုပ်တို့ ဆောင်ရွက်သမျှသည် မှားယွင်းနိုင်ခြေ ရှိပါသည်။ ကျွန်ုပ်တို့မိတ်ဆွေတိုင်းသည် ရန်သူ ဖြစ်လာနိုင်ခြေ ရှိပါသည်။ အချစ်ဆုံးသူငယ်ချင်းကို မည်မျှပင် ကူညီခဲ့သည်ဖြစ်စေ၊ သူတို့က ကျွန်ုပ်တို့နောက်ကွယ်တွင် မကောင်းတာ ပြောလာနိုင်ပါသည်။

ဤအခြေအနေများတွင် ဒေါသထွက်သည်မှာ သဘာဝကျသည်ဟု ထင်ရပြီး မိမိရန်သူကို ချေမှုန်းခြင်းဖြင့် မိမိလိုလား တောင့်တသော စိတ်ငြိမ်းချမ်းမှုကို ရရှိမည်ဟု ယုံကြည်မိစေပါသည်။ ကံမကောင်းချင်တော့ ယနေ့ရန်သူကို ဖျက်ဆီးလိုက်သည့်တိုင် နောက်နေ့နောက်နေ့များတွင် ရန်သူအသစ်များ ပေါ်ထွက်လာပါလိမ့်မည်။ ရှန်တီဒေဝက ကျွန်ုပ်တို့သည် တစ်လောကလုံးကို သားရေဖြင့် ဖုံးအုပ်ရန်ကြိုးစားမည့်အစား မိမိခြေထောက်ကို သားရေဖြင့် ဖုံးအုပ်ထားလိုက်ပါဟု အကြံပေးပါသည်။ တစ်နည်းဆိုသော် မိမိ၏ ပြင်ပရန်သူအားလုံးကို ကျော်လွှားဖို့ ကြိုးစားနေစရာ အကြောင်း မရှိပါ။ ကျွန်ုပ်တို့ လုပ်ရမည်မှာ ဒေါသဆိုသည့် ကိုယ်ပိုင်အတွင်းရန်သူကို ချေမှုန်းရန်သာ ဖြစ်ပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့အတွက် သားရေဖြင့် ဖုံးအုပ်မှုမှာ သည်းခံခြင်းဖြစ်ပြီး အခြားသူများကြောင့် မိမိမှာ ဖြစ်လာသော၊ လွတ်မြောက်ရာလမ်းသို့ သွားရာတွင် တွေ့ကြုံရမည်ဖြစ်သော အကျပ်အတည်းများကို ခံနိုင်ရည်ရှိရန် ဖြစ်ပါသတည်း။

Top