တတိယသစ္စာ- ဆင်းရဲဒုက္ခများ၏ မှန်ကန်သောချုပ်ငြိမ်းမှု

ဘဝတွင် ကျွန်ုပ်တို့ကြုံတွေ့ရသည့် မှန်ကန်သော ဆင်းရဲဒုက္ခများကို သိရှိပြီး ယင်းတို့၏ မှန်ကန်သော အကြောင်းရင်းများကို ဖော်ထုတ်လိုက်ပြီးနောက် ယင်းတို့ကို အမှန်တကယ် ဖယ်ရှားလိုပါက ယင်းတို့ လုံးဝထပ်မံ မဖြစ်ပေါ်အောင် တားဆီးရန် လိုပါသည်။ ဗုဒ္ဓမြတ်စွာ၏ ကိုယ်ပိုင်အတွေ့အကြုံအရ သိမြင်ဟောကြားတော်မူသည့် တတိယသစ္စာမှာ ဆင်းရဲဒုက္ခအားလုံးနှင့် ယင်းတို့၏အကြောင်းရင်းများကို ထပ်မံမဖြစ်ပေါ်အောင် အမှန်တကယ် ရပ်တန့်၍ရနိုင်ပါသည်။ စိတ်၏ သဘောသဘာဝမှာ ဖြူစင်သောကြောင့် ထိုသို့ရပ်တန့်၍ ရနိုင်ခြင်း ဖြစ်ပါသည်။

မှန်ကန်သော ဆင်းရဲဒုက္ခများနှင့် ဤဆင်းရဲဒုက္ခများ၏ မှန်ကန်သော အကြောင်းရင်းများ

ဘဝတွင် ကျွန်ုပ်တို့တစ်ဦးချင်း ရင်ဆိုင်ရသည့် ပြဿနာများစွာ ရှိသော်လည်း မှန်ကန်သော ဆင်းရဲဒုက္ခမှာ ဆင်းရဲဒုက္ခများ ထပ်မံပေါ်ထွက်အောင် ကျွန်ုပ်တို့ကဖြစ်ပေါ်စေခြင်း ဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ပါသည်။ မပျော်ရွှင်မှုနှင့် စိတ်မကျေနပ်ဖွယ် ပျော်ရွှင်မှုတို့ ထိန်းချုပ်မရစွာ အတက်အကျဖြစ်ပြီး ကျွန်ုပ်တို့က ဆက်လက်ကြုံတွေ့စေသည်။ ဤစိတ်ခံစားချက် အတက်အကျများ ကြုံတွေ့ရန် အခြေခံအဖြစ် ဘဝတိုင်း ဘဝတိုင်းတွင် အကန့်အသတ်ရှိသော ကိုယ်နှင့်စိတ်ကို ကျွန်ုပ်တို့ဆက်လက်ရရှိစေသည်။ ဤသို့ဆက်လက်ဖြစ်ပေါ်စေသည့် မှန်ကန်သော အကြောင်းရင်းမှာ ကျွန်ုပ်တို့စိတ်ထဲတွင် ရှိနေသည်ဟုလည်း ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူပါသည်။

ကျွန်ုပ်တို့၏စိတ်သည် မိမိနှင့်အခြားသူများအပေါ် မိမိ၏အပြုအမူ၏ သက်ရောက်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ မိမိ၊ အခြားသူများနှင့် ဖြစ်စဉ်များအားလုံး တည်ရှိပုံနှင့် ပတ်သက်၍ လည်းကောင်း မှားယွင်းသော အမှန်တရားကို မှန်းဆလိုက်ပါသည်။ ကျွန်ုပ်တို့သည် “ငါ” ဆိုသည့် အခိုင်အမာ၊ ကိုယ်တိုင်ထိန်းချုပ်နိုင်သည့် အကောင်အထည်အနေနှင့် တည်ရှိသည်ဟု မှားယွင်းယူဆထားပါသည်။ ကျွန်ုပ်တို့၏စိတ်သည် ခေါင်းထဲတွင် အခိုင်အမာ အကောင်အထည် ရှိနေသည်ဟုလည်း မှားယွင်းယူဆထားပါသည်။ ခေါင်းထဲမှအသံသည် စိတ်ထဲမှလာသလို ဖြစ်သည့်အတွက် ဖြစ်ပါသည်။ သို့မဟုတ် အကြောင်းရပ်များ နားလည်ရန်နှင့် တွေးတောရန် အသုံးပြုသည့် ကိရိယာကဲ့သို့ စိတ်ကို တစ်နည်းနည်းဖြင့် သဘောထားသည့်အတွက် ဖြစ်ပါသည်။ ဤမှန်းဆချက်နှစ်ခုစလုံးသည် အမှန်တရားနှင့် မသက်ဆိုင်သည်ကို ကျွန်ုပ်တို့ သတိမပြုမိသလို သက်ဆိုင်သည်ဟုပင် ယုံကြည်နေသည်ကား ပိုဆိုးပါသည်။

“ဘယ်သူမှငါ့ကို မချစ်ဘူး။ ဘယ်သူမှငါ့ကို မလိုအပ်ဘူး” ဟု တွေးမိပြီး ဝမ်းနည်းဖူးပါသလား။ သို့မဟုတ် “ဒါကို မလုပ်နိုင်တော့ဘူး။ ပင်ပန်းလွန်းတယ်” ဟုတွေးကာ လုံးဝစိတ်ဖိစီးဖူးပါသလား။ ယင်းတို့သည် ပျော်ရွှင်သော စိတ်အခြေအနေ ဟုတ်ပါသလား။ မဟုတ်ပါ။ မိမိကိုယ်ကိုသနားခြင်းနှင့် မပျော်ရွှင်မှုတို့တွင် လူးလှိမ့်နေသော်လည်း ထိုခံစားချက်များ ပျောက်ပျက်သွားစေချင်ပါသည်။ ဤအခြေအနေကို ကျွန်ုပ်တို့ရှုမြင်ပုံက ပြဿနာဖြစ်ပါသည်။ ဤသည်မှာ ရောင်စုံစာအုပ် တစ်အုပ်နှင့် တူပါသည်။ မပျော်ရွှင်မှုက အမဲရောင်တိမ်တိုက်ဖြစ်ပြီး၊ ၎င်း၏ပတ်လည်မှ အနားသတ်မျဉ်းဖြင့် မိမိဘာသာ ကန့်သတ်ကာ “ငါ” အပေါ်တွင် ဆွဲချိတ်ထားသလို အနားသတ်မျဉ်းထဲတွင်လည်း မိမိဘာသာ ကန့်သတ်ပါသည်။ ဤလှည့်ဖြားပုံဖော်မှုသည် အမှန်တရားဖြစ်ကြောင်း ထိုသို့ခံစားရသည့်အတွက် ထိုသို့ယုံကြည်မှုတွင် အခြေခံကာ တစ်ယောက်ယောက်က မိမိအား ချစ်ခင်စေလိုခြင်း သို့မဟုတ် တစ်ယောက်ယောက်က ချစ်ခင်မှုမပြသောအခါ ထိုသူကို ဒေါသထွက်ခြင်းစသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖြစ်လာပါသည်။ ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များက တွန်းပို့သော ကံစေ့စော်မှု ဖြစ်စေကာ တစ်ယောက်ယောက်ကို မိမိနှင့်အတူရှိပေးရန်နှင့် ချစ်ခင်မှု ပြသရန် မသင့်တော်သော တောင်းဆိုမှု ပြုလုပ်ပါသည်။ ထိုတောင်းဆိုမှုကို တစ်ယောက်ယောက်က လက်ခံလျှင်ပင် ကျွန်ုပ်တို့ကြုံရသည့် ရေတိုပျော်ရွှင်မှုတိုင်းသည် မလုံလောက်ပါ။ ထပ်မံ၍ လိုချင်လာပြီး မပျော်ရွှင်မှု အခြေအနေကို ဆက်ဖြစ်စေပါသည်။

ထိုကွင်းဆက်ထဲတွင် ကျွန်ုပ်တို့စိတ်သည် ရှုပ်ထွေးကာ မှိုင်းမိနေပါသည်။ ဖြောင့်တန်းစွာ မစဉ်းစားနိုင်တော့ပါ။ အပြုအမူက ထိန်းချုပ်မရတော့ပါ။ သို့သော် ရှုပ်ထွေးမှုသည် စိတ်၏သဘောသဘာဝတစ်ခု ဟုတ်ပါသလား။ ဤမေးခွန်းကို ဖြေရန်အတွက် ဗုဒ္ဓဘာသာကဆိုလိုသည့် “စိတ်” ဆိုသည့်အဓိပ္ပာယ်ကို သိရှိရန်လိုပါသည်။ စိတ်သည် မိမိဘာသာကန့်သတ်ထားသော ခေါင်းထဲမှ “အရာဝတ္ထု” မဟုတ်ဘဲ စိတ်၏ဆောင်ရွက်ချက်ကို ဆိုလိုပါသည်။ အရာရာကို တွေ့ကြုံသည့် တစ်ဦးချင်းနှင့်သက်ဆိုင်သည့် စိတ်၏ဆောင်ရွက်ချက် ဖြစ်သည်။ အခြေအနေအမျိုးမျိုးတွင် တွေ့ကြုံမှုအမျိုးမျိုး ရှိသည့်အတွက် ၎င်းသည်အမြဲ ပြောင်းလဲနေပါသည်။ သို့သော် မူလပင်ကိုသဘာဝမှာ အမြဲတမ်းတူညီပါသည်။ စိတ်၏အနက်ရှိုင်းဆုံး သဘောသဘာဝသည်လည်း အမြဲတူညီပါသည်။ မဖြစ်နိုင်သော နည်းလမ်းအချို့ဖြင့် တည်ရှိခြင်း မဟုတ်ပါ။

ကျွန်ုပ်တို့၏စိတ် တည်ရှိပုံကို မှားယွင်းစွာ ယူဆသည့် မဖြစ်နိုင်သောနည်းလမ်းများစွာ ရှိပါသည်။ ဥပမာ၊ စိတ်သည် အခိုင်အမာတည်ရှိသည့် “ငါ” ဆိုသော သတ်မှတ်ချက် သို့မဟုတ် အဆိုပါ “ငါ” ဖြင့်အသုံးပြုသည့်အရာဟု တွေးထင်ခြင်း ဖြစ်သည်။ ဤမှားယွင်းသောအမြင် နှစ်ခုစလုံးသည် စိတ်၏ပင်ကို သဘောသဘာဝနှင့် မကိုက်ညီပါ။ စိတ်ကူးယဉ်မှု မျှသာဖြစ်ပြီး စိတ်၏သဘောသဘာဝလည်း မဟုတ်ပါ။ ထို့ကြောင့် ဤမှားယွင်းသောအမြင်များကို အခြေခံသည့် စိတ်အခြေအနေအားလုံးသည်လည်း စိတ်၏သဘောသဘာဝ မဟုတ်ပါ။ ဤစိတ်အခြေအနေများထဲတွင် “ငါ” ဟူ၍ ကျွန်ုပ်တို့မှားယွင်းယူဆမှု၊ ထို “ငါ” ကိုလုံခြုံအောင် ကြိုးစားရာမှပေါ်ထွက်လာသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ ထို “ငါ” ကိုထောက်ပံ့ရန် အကျိုးမဲ့ဆောင်ရွက်ချက်များ ပြုလုပ်အောင် တွန်းပို့သည့် စေ့ဆော်မှုများ ပါဝင်ပါသည်။ ယင်းတို့အားလုံးသည် စိတ်၏သဘောသဘာဝ မဟုတ်သလို ထိုသဘောသဘာဝအပေါ် လွဲမှားယူဆမှုတွင် အခြေခံသည့်အတွက် ထိုမှားယွင်းယူဆချက်များကို မှန်ကန်သောနားလည်မှုဖြင့် အစားထိုးလိုက်ပါက ယင်းတို့ကို ထာဝရဖယ်ရှားနိုင်ပါသည်။ မေတ္တာနှင့် ကရုဏာကဲ့သို့ အပြုသဘော စိတ်ခံစားချက်များသည်ကား စိတ်၏ သဘောသဘာဝအပေါ် မှားယွင်းယူဆမှုတွင် အခြေမခံပါ။ ထိုသို့ ကြီးမားသည့်ကွဲပြားမှုကြောင့် မှန်ကန်သော နားလည်မှုသည် ယင်းတို့ကိုမဖယ်ရှားပါ။

သို့ဆိုလျှင် ဆင်းရဲဒုက္ခ၏ မှန်ကန်သောချုပ်ငြိမ်းမှုသည် ကျွန်ုပ်တို့၏စိတ်များ ချုပ်ငြိမ်းမှု မဟုတ်ပါ။ ကျွန်ုပ်တို့၏စိတ်သည် မေတ္တာ၊ ကရုဏာ၊ မှန်ကန်သောနားလည်မှုစသည့် အရည်အသွေးကောင်းများဖြင့် ဘဝတစ်ခုမှတစ်ခုသို့ ဆက်သွားနေပါသည်။ အဆုံးသတ်သွားသည်မှာ မသိနားမလည်မှု၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် တွန်းပို့သော ကံစေ့ဆော်မှုများ ထိန်းချုပ်ခံရသည့် အကန့်အသတ်ရှိသော ကိုယ်နှင့်စိတ်ဖြင့် ကျွန်ုပ်တို့၏ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု ဖြစ်ပါသည်။

မှန်ကန်သောချုပ်ငြိမ်းမှုများ၏ အစိတ်အပိုင်းလေးရပ်

မှန်ကန်သောချုပ်ငြိမ်းမှုဖြစ်သည့် တတိယသစ္စာတွင် အစိတ်အပိုင်းလေးရပ် ရှိပါသည်။

  • ပထမအချက်မှာ ဆင်းရဲဒုက္ခအားလုံး ဆက်လက်ဖြစ်ပေါ်စေသည့် မှန်ကန်သော အကြောင်းရင်းများကို အမှန်တကယ် ရပ်တန့်လိုက်ခြင်းဖြစ်သည်။ အကြောင်းတရားနှင့် အခြေအနေများကြောင့် ဖြစ်ပေါ်သည့် အရာတိုင်းသည် မတည်မြဲဘဲ ကျိန်းသေချုပ်ငြိမ်းရသည့်အတွက် ဆင်းရဲဒုက္ခ အခြေအနေမှန်သမျှသည် အလိုလိုနိဂုံးချုပ်သွားပါမည်။ သို့သော် “မှန်ကန်သော ရပ်တန့်ခြင်း” ဆိုသည်မှာ ထိုအခြေအနေများ လုံးဝထပ်မဖြစ်ပေါ်ခြင်းကို ဆိုလိုပါသည်။ စိတ်၏သဘောသဘာဝသည် သန့်ရှင်းကြည်လင်ကာ ထိုမှန်ကန်သော အကြောင်းရင်းများ လုံးဝကင်းစင်သည့်အတွက် ဤအချက်ကိုနားလည်ခြင်းဖြင့် မှန်ကန်သော ဆင်းရဲဒုက္ခများ ဆက်လက်မပေါ်ထွက်အောင် ဖယ်ရှားနိုင်သည့်နည်းလမ်း မရှိကြောင်း လွဲမှားယူဆချက်ကို တွန်းလှန်ပစ်ပါသည်။
  • ဒုတိယအချက်မှာ မှန်ကန်သော ရပ်တန့်မှုသည် ငြိမ်းချမ်းသော အခြေအနေဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် အနှောင့်အယှက်ပေးသည့် စိတ်၏အစိတ်အပိုင်းအားလုံး ငြိမ်သက်သွားသောကြောင့်ဖြစ်သည်။ ထိုအခါ အားပြင်းသည့် အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ဘာကိုမျှ မခံစားတော့ခြင်းကဲ့သို့ နက်ရှိုင်းစွာ စူးစိုက် နှစ်မြှုပ်သည့် အခြေအနေရရှိပါက ပြဿနာအားလုံး အမှန်အကန် ရပ်တန့်လိမ့်မည်ဟု မှားယွင်းသိမြင်မှုကို ပယ်ဖျက်လိုက်ပါသည်။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခကင်းသည့် ထိုအခြေအနေများတွင် မည်မျှကြာအောင် ရှိနေသည်ဖြစ်စေ ကျွန်ုပ်တို့ပြဿနာများ၏ မှန်ကန်သော အကြောင်းရင်းများကို မဖယ်ရှားပါ။ ခဏတာ ရပ်တန့်ခြင်းမျှသာ ဖြစ်ပါသည်။ စူးစိုက်မှု အဆုံးသတ်သွားခြင်း၊ ဆေးအရှိန်ကုန်သွားခြင်း ဖြစ်သောအခါ ကျွန်ုပ်တို့ပြဿနာများ ပြန်ပေါ်လာပါသည်။
  • တတိယအချက်မှာ မှန်ကန်သော ရပ်တန့်မှုသည် အဆင့်မြင့်အခြေအနေ ဖြစ်ပါသည်။ လောကီနယ်ပယ်မှ အောင်မြင်မှုတစ်ခုခုထက် သာလွန်ပါသည်။ အစစ်အမှန်မဟုတ်သော လောကတွင် ဖန်တီးအနားယူခြင်းမှာ မည်မျှငြိမ်းချမ်းသည်ဖြစ်စေ ထိုသို့ခိုလှုံခြင်းဖြင့် မှန်ကန်သော ဆင်းရဲဒုက္ခများနှင့် ၎င်းတို့၏ မှန်ကန်သော အကြောင်းရင်းများမှ ပြေးမလွတ်နိုင်ပါ။ “အစစ်အမှန် လောက” ထဲမှ ကျွန်ုပ်တို့ပြဿနာများက ပျောက်ပျက်မသွားပါ။
  • နောက်ဆုံးအချက်မှာ မှန်ကန်သော ရပ်တန့်မှုသည် မှန်ကန်သော ဆင်းရဲဒုက္ခများနှင့် ၎င်းတို့၏ မှန်ကန်သော အကြောင်းရင်းများမှ ကျိန်းသေပေါ်ထွက်လာပြီး တစ်စိတ်တစ်ပိုင်း၊ ယာယီ ပေါ်ထွက်မှုမျိုး မဟုတ်ပါ။ မိမိ၊ အခြားသူများနှင့် အရာရာတည်ရှိပုံတို့နှင့် ပတ်သက်၍ မသိမှုနှင့် လွဲမှားယူဆမှုတို့သည် အလေ့အထ၊ အမူအကျင့်များအဖြစ် နက်နဲစွာစွဲမြဲနေသည့်အတွက် ဤပေါ်ထွက်မှုသည် အလွှာလိုက်၊ အဆင့်လိုက် ဖြစ်ပေါ်သော်လည်း ယင်းတို့ကို လုံးဝထပ်မဖြစ်အောင် အပြီးတိုင် ဖယ်ရှား၍ရနိုင်ပါသည်။ ထို့ကြောင့်လည်း ယင်းတို့သည် စိတ်၏သဘောသဘာဝများ မဟုတ်ပါ။ ပင်ကိုအရ စိတ်သည် သန့်ရှင်းကြည်လင်သည့်အတွက် ယင်းတို့သည် ယာယီအရောင်ဆိုးမှုမျှသာ ဖြစ်ပါသည်။

အကျဉ်းချုပ်    

ကျွန်ုပ်တို့၏ မှန်ကန်သော ဆင်းရဲဒုက္ခများ ဆက်ဖြစ်စေသည့် မှန်ကန်သော အကြောင်းရင်းများကို ထာဝရ ဖယ်ရှား၍ ရနိုင်ပါက ၎င်းတို့ကို လျော့နည်းအောင် သို့မဟုတ် ယာယီဖိနှိပ်နိုင်အောင် ဘာကြောင့် ကြိုးစားနေမည်နည်း။ ယင်းတို့ကို ထာဝရချုပ်ငြိမ်းအောင် ကြိုးစားရာတွင် ယင်းတို့၏ အကြိမ်ရေနှင့် ပြင်းထန်မှုကို အမြဲလျှော့ချရန် လိုသော်လည်း မှန်ကန်သောချုပ်ငြိမ်းမှု ရရှိနိုင်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့ပါသည်။ ထိုထက်လျော့၍ ဘာကြောင့်များ ရည်မှန်းနေပါမည်နည်း။

Top