အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဆိုတာဘာလဲ။

ကျွန်ုပ်တို့စိတ်တွင် လောဘ၊ ဒေါသ၊ တဏှာ၊ တစ်ကိုယ်ကောင်းဆန်မှု သို့မဟုတ် တို့ကြောင့် အနှောင့်အယှက် ဖြစ်နေပါက ကျွန်ုပ်တို့၏စွမ်းအင်များသည်လည်း အနှောင့်အယှက် ဖြစ်ကုန်ပါသည်။ မသက်မသာ ဖြစ်လာပြီး စိတ်မတည်ငြိမ်တော့ပါ။ စိတ်ကူးများ ထွေပြားကုန်ပါသည်။ နောင်အခါ နောင်တရမည့် အရာများကို ပြောဆို၊ လုပ်ကိုင်မိပါသည်။ ကျွန်ုပ်တို့၏စိတ်နှင့် စွမ်းအင်များကို ရုတ်တရက် အနှောင့်အယှက် ဖြစ်သည်ကို သတိထားမိပါက ဤသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်အချို့ကြောင့် ဖြစ်သည်မှာ သေချာပါသည်။ ထိုသို့ ဖြစ်ဖြစ်ချင်း သိရန်နှင့် မေတ္တာ၊ ကရုဏာစသည့် ဆန့်ကျင်ဘက် စိတ်အခြေအနေကို အသုံးချရန် အရေးကြီးပါသည်။ သို့မှသာ ဒုက္ခပေးသည့် စိတ်ခံစားချက်ကို အရှုံးပေးပြီး ထိုအတိုင်း လိုက်ပါဆောင်ရွက်မိပါက ဖြစ်လာမည့် ပြဿနာများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

“အနှောင့်အယှက်ပေးသော စိတ်ခံစားချက်” ဆိုတာဘာလဲ။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက် ဆိုသည်မှာ ကျွန်ုပ်တို့၏ စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှုတို့ကို ဆုံးရှုံးစေသော စိတ်အခြေအနေ ဖြစ်ပါသည်။

စိတ်ငြိမ်းချမ်းမှု ဆုံးရှုံးသွားသည့်အတွက် အနှောင့်အယှက် ပေးပါသည်။ စိတ်ကို မငြိမ်းချမ်းအောင် နှောင့်ယှက်ပါသည်။ စိတ်ငြိမ်းချမ်းမှု မရှိသည့်အခါ အနှောင့်အယှက် ဖြစ်လာသောကြောင့် ကျွန်ုပ်တို့၏ အတွေးများ သို့မဟုတ် ခံစားချက်များတွင် အမှန်တကယ် မကြည်လင်တော့ပါ။ ထိုသို့ မကြည်လင်ရာမှ မိမိကိုယ်ကို ထိန်းချုပ်ရန်လိုအပ်သော ခွဲခြားသိရှိနိုင်စွမ်းကို ဆုံးရှုံးသွားပါသည်။ ကျွန်ုပ်တို့သည် သီးခြားအခြေအနေများ၌ အကျိုးပြုသောအရာနှင့် အကျိုးမပြုသောအရာ၊ သင့်တော်သောအရာနှင့် မသင့်တော်သောအရာကို ခွဲခြားနိုင်စွမ်းရှိရန် လိုပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် အပြုသဘော စိတ်အခြေအနေများနှင့်လည်း တွဲဖက်နိုင်သည်

အနှောင့်အယှက်ပေးသော စိတ်ခံစားချက် နမူနာများမှာ တွယ်တာမှု သို့မဟုတ် လိုချင်သောဆန္ဒ၊ ဒေါသ၊ မနာလိုမှု၊ မာန၊ မောက်မာမှု စသည်တို့ ဖြစ်နိုင်ပါသည်။ ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်အချို့သည် ကျွန်ုပ်တို့ကို အပျက်သဘော ပြုမူစေသော်လည်း ထိုသို့အမြဲတမ်း ဖြစ်စရာမလိုပါ။ ဥပမာအားဖြင့် တွယ်တာမှု သို့မဟုတ် လိုချင်သောဆန္ဒသည် ကျွန်ုပ်တို့ကို အပြင်ထွက်ပြီး တစ်ခုခု ခိုးယူခြင်းကဲ့သို့ အပျက်သဘော ပြုမူမိစေနိုင်ပါသည်။ ထို့ပြင် ချစ်ခင်မှု ရရှိလိုပြီး ယင်းကို တွယ်တာသည့်အတွက် အခြားသူများ၏ ချစ်ခင်မှုကို ရရှိအောင် သူတို့ကို ကူညီခြင်းလည်း ဖြစ်နိုင်ပါသည်။ အခြားသူများကို ကူညီသည်မှာ အပျက်သဘော မဟုတ်ပါ။ အပြုသဘော ဖြစ်ပါသည်။ သို့သော် ထိုနောက်ကွယ်၌ “ငါ့ကို ချစ်ခင်စေလိုတယ်။ ဒါကြောင့် ပြန်ချစ်ဖို့ တောင်းပန်တယ်” ဆိုသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် ရှိနေပါသည်။

သို့တည်းမဟုတ် ဒေါသအနေနှင့် စဉ်းစားကြည့်ပါ။ ဒေါသဖြင့် အပြင်ထွက်ပြီး တစ်ယောက်ယောက်ကို နာကျင်စေခြင်း၊ သတ်ဖြတ်မိခြင်း စသည်ဖြင့် ဒေါသအလျှောက် အပျက်သဘော ပြုမူမိနိုင်ပါသည်။ ထို့ကြောင့် ယင်းမှာ အနှောင့်အယှက် ပေးသော စိတ်ခံစားချက် ဖြစ်ပါသည်။ သို့သော် စနစ်တစ်ခု သို့မဟုတ် အခြေအနေတစ်ခု၏ မတရားမှုကို ဒေါသထွက်သည် ဆိုပါစို့။ ယင်းကို အလွန်ဒေါသထွက်သည့်အတွက် ပြောင်းလဲရန် တစ်ခုခု အမှန်တကယ် ကြိုးစားပါတော့သည်။ အကြမ်းဖက်မှုမျိုး ဖြစ်စရာမလိုပါ။ အပြုသဘော သို့မဟုတ် ကောင်းတာလုပ်ရာမှာပင် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြင့် စေ့ဆော်နေသည့်အချက်က အဓိကကျပါသည်။ ကျွန်ုပ်တို့မှာ စိတ်ငြိမ်းချမ်းမှု မရှိသည့်အတွက် ထိုအပြုသဘော ဆောင်ရွက်ချက် ပြုလုပ်သောအခါ ကျွန်ုပ်တို့၏ စိတ်နှင့်ခံစားချက်များက မရှင်းလင်းဘဲ စိတ်ခံစားချက် အခြေအနေသည် အတော်လေး မတည်ငြိမ်တော့ပါ။

ဤနေရာတွင် လိုချင်သောဆန္ဒ သို့မဟုတ် ဒေါသဖြင့် ကျွန်ုပ်တို့သည် တစ်ဖက်လူက ချစ်ခင်စေလိုခြင်း သို့မဟုတ် မတရားမှု အဆုံးသတ်စေလိုခြင်း ရှိနေပါသည်။ ယင်းမှာ တည်ငြိမ်သောစိတ်၊ တည်ငြိမ်သော စိတ်ခံစားချက် အခြေအနေများ မဟုတ်ပါ။ တည်ငြိမ်သောစိတ်၊ တည်ငြိမ်သော စိတ်ခံစားချက် အခြေအနေများ မရှိသည့်အတွက် မိမိရည်မှန်းသလို ဘာလုပ်ရမည်၊ ဘယ်လိုလုပ်ရမည်ကို တွေးတောရာတွင် အလွန်မကြည်လင်တော့ပါ။ ထိုအခါ မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်သွားပါသည်။ ဥပမာအားဖြင့် တစ်ယောက်ယောက်ကို တစ်ခုခုကူညီရန် ကြိုးစားသော်လည်း သူတို့ဘာသာ ဆောင်ရွက်စေသည်မှာ ပိုကောင်းသည့် ကူညီနည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့မှာ အရွယ်ရောက်ပြီးသော သမီးတစ်ယောက်ရှိကာ သူ့ကို ချက်ပြုတ်ခြင်း၊ ကလေးထိန်းခြင်း၊ အိမ်မှုကိစ္စ ပြုလုပ်ခြင်းတို့ ကူညီဆောင်ရွက် စေချင်သော်လည်း ဤသည်မှာ အတော်အနှောင့်အယှက် ဖြစ်ပါသည်။ သမီးလုပ်သူက ဘယ်လိုချက်ရမည်၊ ကလေးဘယ်လိုထိန်းရမည် စသည်တို့ ပြောခြင်းကို အမှန်ပင် တန်ဖိုးမထားခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် ချစ်ခင်မှု ရရှိလိုပြီး အသုံးဝင်သည်ဟု ခံစားလိုပါသည်။ ထို့ကြောင့် သူ့ကို ဖိအားပေးပါသည်။ အပြုသဘော ဆောင်ရွက်ခြင်း ဖြစ်သော်လည်း ထိုသို့ဆောင်ရွက်ရာတွင် မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်ဆုံးပြီး “ငါတိတ်တိတ်နေပြီး ထင်မြင်ချက်တွေ မပေးဘဲ အကူအညီ မပေးတော့ရင်ကောင်းမယ်” ဟု တွေးမိလာပါမည်။

တစ်ဖက်လူကို ကူညီရန် သင့်တော်သည့် အခြေအနေမှာ ကူညီလျှင်ပင် တစ်ခုခု ပြန်မျှော်လင့်နေသည့်အတွက် စိတ်သက်သာရာ မရပါ။ ကျွန်ုပ်တို့သည် ချစ်ခင်မှု ခံရလိုသည်။ မိမိကို လိုအပ်စေချင်သည်။ တန်ဖိုးထားစေချင်သည်။ စိတ်ထဲတွင် ဤသို့သော လိုချင်မှုဆန္ဒများ သတ်မှတ်ထားသဖြင့် သမီးဖြစ်သူက မိမိဖြစ်စေချင်သလို မတုံ့ပြန်သောအခါ အလွန်ဝမ်းနည်း လာပါတော့သည်။

စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်ဆုံးစေသည့် ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် ဖြစ်စဉ်သည် မတရားမှုကို တွန်းလှန်သောအခါတွင် ပို၍ပင် သိသာပါသည်။ ယင်းကို အလွန်စိတ်အနှောင့်အယှက် ဖြစ်သည့်အတွက် ကျွန်ုပ်တို့ အမှန်ပင် ဝမ်းနည်းလာပါသည်။ ဝမ်းနည်းမှု အခြေခံဖြင့် ပြုမူဆောင်ရွက်ပါက ဘာလုပ်ရမည်ကို အလွန်ရှင်းလင်းစွာ မတွေးနိုင်တော့ပါ။ ဖြစ်ချင်သော အပြောင်းအလဲ ဖြစ်လာစေမည့် အကောင်းဆုံး လုပ်ဆောင်ချက်ကို တစ်ခါတစ်ရံ မလိုက်နာမိတော့ပါ။

လိုရင်းပြောရလျှင် ကျွန်ုပ်တို့ အပျက်သဘောဖြစ်စေ၊ အပြုသဘောဖြစ်စေ ဆောင်ရွက်ပါက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့် တွဲပြီး ယင်းကစေ့ဆော်နေလျှင် ကျွန်ုပ်တို့၏ အပြုအမူကြောင့် ပြဿနာများ ဖြစ်လာပါမည်။ အခြားသူများအတွက် ပြဿနာဖြစ်၊ မဖြစ်ကို အတိအကျ မမှန်းဆနိုင်သော်လည်း မိမိအတွက်တော့ အဓိက ပြဿနာ ဖြစ်လာပါမည်။ ဤပြဿနာများမှာ ချက်ချင်းဖြစ်လာရန် မလိုပါ။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြင့် ပြုမူခြင်းဖြင့် ထိုသို့အထပ်ထပ် ပြုမိသည့် အလေ့အထအဖြစ် စုစည်းမိလာသဖြင့် ရေရှည်ပြဿနာများ ဖြစ်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များအပေါ် အခြေခံသည့် စိတ်လိုက်မာန်ပါ အပြုအမူသည် ပြဿနာဖြစ်စေသည့် ပြုမူမှုများကို ရေရှည်တွင် စုစည်းမိလာပါသည်။ စိတ်ငြိမ်းချမ်းမှုလည်း လုံးဝမရတော့ပါ။

ထိုအတွက် ရှင်းလင်းသောနမူနာတစ်ခုမှာ မိမိကအချစ်ခံလိုပြီး တန်ဖိုးထားခံလိုသည့်အတွက် အခြားသူများကို ကောင်းတာကူညီလုပ်ကိုင်ပေးရန် ဆန္ဒရှိခြင်း ဖြစ်ပါသည်။ ထိုနောက်ကွယ်တွင် ကျွန်ုပ်တို့သည် အခြေခံအားဖြင့် မလုံခြုံပါ။ သို့သော် ဤသို့သောစိတ်မျိုးဖြင့် ဆက်လက်ပြုမူပါက ဘယ်တော့မှ ကျေနပ်မှုမရဘဲ “ကောင်းပြီ။ အခု အချစ်ခံရတယ်။ လုံလောက်သွားပြီ။ ထပ်မလိုတော့ဘူး” ဟု လုံးဝမခံစားရပါ။ ထိုသို့မခံစားရပါ။ ထို့ပြင် ကျွန်ုပ်တို့၏ အပြုအမူက “ငါ့ကို ချစ်ရမယ်။ ငါကအရေးကြီးတယ်လို့ ခံစားရမယ်။ ငါ့ကို တန်ဖိုးထားစေရမယ်” ဆိုသည့် စိတ်လိုက်မာန်ပါ ခံစားချက် အလေ့အထကို ဆက်လက်အားဖြည့်ပေးပါသည်။ အချစ်ခံရရန် မျှော်လင့်ကာ ပိုပြီးပေးဆပ်သော်လည်း အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်ပါသည်။ တစ်ယောက်ယောက်က ကျေးဇူးတင်ကြောင်း ပြောလာလျှင်ပင် “သူတကယ်ပြေတာ မဟုတ်ဘူး” ဆိုသည့် အတွေးမျိုးကြောင့် စိတ်ပျက်မိပါသည်။ ထို့ကြောင့် စိတ်ငြိမ်းချမ်းမှု မရပါ။ ထို့ပြင် ထိုရောဂါစုသည် အကြိမ်ကြိမ် ပြန်ဖြစ်သောကြောင့် အခြေအနေ ပိုဆိုးလာပါသည်။ ယင်းမှာ “သံသရာ” ဆိုသည့် ထိန်းချုပ်မရစွာ ပြဿနာပြန်ဖြစ်သည့် အခြေအနေ ဖြစ်ပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဖြင့် ကျွန်ုပ်တို့ အပျက်သဘော ဆိုးရွားစွာ ပြုမူစေသည့် ဤသို့သော ရောဂါစုမျိုးကို သတိပြုမိရန် သိပ်မခက်ပါ။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် အမြဲ စိတ်အနှောင့်အယှက် ဖြစ်နေပြီး အသေးအဖွဲများကို စိတ်ဆိုးဒေါသထွက်သည့်အတွက် အခြားသူများနှင့် ဆက်ဆံရေးမှာ အမြဲ ကြမ်းတမ်းစွာပြောခြင်း၊ နာကျင်အောင်ပြောခြင်းတို့ ရှိလာပါမည်။ ထို့ပြင် မည်သူမျှ မိမိကို မနှစ်သက်ဘဲ တွဲသွားတွဲလာ မလုပ်လိုတော့သည့် အတွက် ကျွန်ုပ်တို့ဆက်ဆံရေးတွင် ပြဿနာများစွာ ဖြစ်စေပါသည်။ ထိုသို့ဖြစ်သည်မှာ အလွယ်တကူ သတိပြုမိရန် လွယ်ပါသည်။ သို့သော် မိမိက အပြုသဘော ဆောင်ရွက်မှု နောက်ကွယ်တွင် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် ရှိနေသောအခါ ယင်းကိုသတိပြုမိရန် မလွယ်ပါ။ အခြေအနေ နှစ်မျိုးစလုံးတွင်တော့ သတိပြုမိရန် လိုအပ်ပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၊ သဘောထား သို့မဟုတ် စိတ်အခြေအနေက လွှမ်းမိုးနေသောအခါ သတိထားပုံ

မေးစရာရှိသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် သဘောထား၏ လွှမ်းမိုးမှုအောက်တွင် ပြုမူနေသည်ဟု ဘယ်လိုသိနိုင်မလဲ။ ၎င်းသည် စိတ်ခံစားချက်မျှသာ ဖြစ်နေသည် မဟုတ်ပါ။ ဘဝအပေါ် သဘောထား သို့မဟုတ် မိမိကိုယ်ကို သဘောထားလည်း ဖြစ်နိုင်ပါသည်။ ထိုအတွက် ကျွန်ုပ်တို့သည် အနည်းငယ် မိမိဘယ်လိုခံစားနေရသည်ကို သတိရှိပြီး ကိုယ့်ကိုယ်ကိုဆန်းစစ်ကာ သတိပြုရန် လိုပါသည်။ ထိုသို့ဆောင်ရွက်ရန် အတွက် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် အနှောင့်အယှက်ပေးသော သဘောထား ဆိုသည်မှာ ကျွန်ုပ်တို့ကို စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှုတို့ ပျောက်ဆုံးစေခြင်းဖြစ်သည် ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်က အလွန်အထောက်အကူ ပြုပါသည်။

တစ်ခုခု ပြုမူ၊ ပြောဆိုမည်ကြံသောအခါ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေမိပါက ကျွန်ုပ်တို့သည် လုံးဝ သက်သာမှု မရှိပါ။ ဤသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် ရှိနေသည့် လက္ခဏာ ဖြစ်ပါသည်။

ယင်းမှာ မသိစိတ်တွင် ဖြစ်နိုင်သလို တစ်ခါတစ်ရံတွင် မသိစိတ်ဆိုသော်လည်း နောက်ကွယ်မှ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်အချို့ ရှိနေပါသည်။

ကျွန်ုပ်တို့သည် တစ်ယောက်ယောက်ကို တစ်ခုခု ရှင်းပြရန် ကြိုးစားသည် ဆိုပါစို့။ ထိုသူကို စကားပြောနေစဉ် စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သည်ကို သတိထားမိပါက ထိုနောက်ကွယ်တွင် ဥပမာအားဖြင့် မာနအချို့ ရှိနေသည်ဟု ဖော်ပြပါသည်။ “ငါက အရမ်းတော်တယ်။ ငါနားလည်တယ်။ သင်နားလည်အောင် ကူညီမယ်” ဟု ခံစားရပါသည်။ တစ်ဖက်လူကို တစ်ခုခု ရှင်းပြခြင်းဖြင့် သူတို့ကို ရိုးသားစွာ ကူညီချင်သော်လည်း စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်နေပါက မာနအချို့ ရှိနေပါသည်။ မိမိ၏ အောင်မြင်မှုများ သို့မဟုတ် မိမိ၏ အရည်အသွေးကောင်းများအကြောင်း ပြောသောအခါတွင် ထိုသို့ဖြစ်တတ်ပါသည်။ ကျွန်ုပ်တို့သည် ထိုသို့အနည်းငယ် မသက်မသာ ဖြစ်မှုကို မကြာခဏ ကြုံရလေ့ရှိပါသည်။

သို့မဟုတ် အနှောင့်အယှက်ပေးသော သဘောထား အနေနှင့် ကြည့်ပါက “လူတိုင်းငါ့ကို အာရုံစိုက်သင့်တယ်” ဆိုသော သဘောထားမျိုး ဆိုပါစို့။ ထိုသို့ ကျွန်ုပ်တို့ မကြာခဏ ရှိတတ်ပါသည်။ မိမိအပေါ် အလေးမထားခြင်းကို မနှစ်သက်ပါ။ မည်သူမျှ လျစ်လျူရှု မခံလိုပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် “လူတွေငါ့ကို အာရုံစိုက်ပြီး ငါပြောတာနားထောင်သင့်တယ်” စသည်ဖြင့် ခံစားရပါသည်။ တကယ်တော့ ယင်းမှာလည်း စိတ်ထဲတွင် စိုးရိမ်မှုအချို့ တွဲနေပါသည်။ အထူးသဖြင့် လူတို့က မိမိကို အာရုံမစိုက်သောအခါတွင် ဖြစ်တတ်ပါသည်။ သူတို့က ကျွန်ုပ်တို့ကို ဘာကြောင့်အာရုံစိုက်သင့်ပါသနည်း။ ထိုသို့တွေးကြည့်သောအခါ အကြောင်းပြချက်ကောင်းကောင်း မရှိပါ။

သက္ကတဘာသာဖြင့် “ကိလေသာ”၊ တိဘက်ဘာသာဖြင့် “နျိုမုန်” ဆိုသည့်ဝေါဟာရကို ဤနေရာတွင် “အနှောင့်အယှက် ပေးသော စိတ်ခံစားချက်” သို့မဟုတ် “အနှောင့်အယှက်ပေးသော သဘောထား” ဟု ဘာသာပြန်ထားသည်မှာ အလွန်ခက်ခဲသောစကားလုံး ဖြစ်ပါသည်။ ယင်း၏ အချို့အစိတ်အပိုင်းမှာ စိတ်ခံစားချက် သို့မဟုတ် သဘောထား ဆိုသည့်အမျိုးအစားထဲတွင် ကွက်တိမဝင်သောကြောင့် ဖြစ်ပါသည်။ ဥပမာ၊ မသိနားမလည်မှု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများအပေါ်တွင်ဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ မိမိအပြုအမူ၏ အကျိုးသက်ရောက်မှုအကြောင်း အလွန်ပင် မသိနားမလည်ကြပါ။ သို့မဟုတ် အခြေအနေတစ်ခု၊ ဖြစ်ပျက်နေသောအရာ၏ အမှန်တရားကို မသိခြင်းလည်း ဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် တစ်ယောက်ယောက် နေမကောင်းခြင်း သို့မဟုတ် ဝမ်းနည်းနေခြင်းကို မသိဘဲရှိနိုင်ပါသည်။ ဤအခြေအနေများတွင် သူတို့ကို တစ်ခုခုပြောလိုက်ခြင်း၏ ရလဒ်နှင့် ပတ်သက်ပြီး မသိဘဲရှိနိုင်ပါသည်။ ကျွန်ုပ်တို့က စိတ်ကောင်းထားလိုက်သော်လည်း သူတို့က အလွန်စိတ်အနှောင့်အယှက် ဖြစ်ချင်ဖြစ်သွားနိုင်ပါသည်။

ထိုသို့ အနှောင့်အယှက်ပေးသော စိတ်အခြေအနေမျိုး ရှိသောအခါ စိတ်ထဲတွင် မသက်မသာ ဖြစ်စရာ မလိုပါ။ သို့သော် လေ့လာခဲ့သည့်အတိုင်း စိတ်ငြိမ်းချမ်းမှု ပျောက်ဆုံးသောအခါ စိတ်တွင် မကြည်လင်မှု ဖြစ်လာပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် မသိနားမလည်သည့်အခါ စိတ်တွင် မကြည်လင်ဘဲ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် ရှိနေပါသည်။ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် ရှိနေသောကြောင့် အခြေအနေတစ်ခု၏ အကျိုးပြုသောအရာနှင့် အကျိုးမပြုသောအရာ၊ သင့်တော်သောအရာနှင့် မသင့်တော်သောအရာကို ခွဲခြားမသိတော့ပါ။ ထိုသို့ မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်ဆုံးသွားပါသည်။ ထိုသို့ခွဲခြားမသိသည့်အတွက် သင့်တော်မှန်ကန်စွာ မပြုမူတော့ပါ။ တစ်နည်းဆိုရလျှင် မှန်မှန်ကန်ကန် ပြုမူနိုင်ပြီး မသင့်တော်တာကို မပြုမူမိအောင် တားဆီးမည့် မိမိကိုယ်ကို ထိန်းချုပ်မှု မရှိတော့ပါ။ ထိုနည်းဖြင့် မသိနားမလည်မှုသည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ဆိုသည့် အဓိပ္ပာယ်တွင် ပါဝင်နေပါသည်။ သို့သော် မသိနားမလည်မှုကို စိတ်ခံစားချက် သို့မဟုတ် သဘောထားအဖြစ် တွေးကြည့်လျှင် မလွယ်ကူပါ။ ဆိုခဲ့သည့်အတိုင်း “ကိလေသာ” ဆိုသည်မှာ ကောင်းစွာ ဘာသာပြန်ရန် အလွန်ခက်ခဲသည့် ဝေါဟာရဖြစ်ပါသည်။

အနှောင့်အယှက် မပေးသော စိတ်ခံစားချက်များ

သက္ကတဘာသာနှင့် တိဘက် ဘာသာတို့တွင် “စိတ်ခံစားချက်” ဆိုသော စကားလုံး မရှိပါ။ ဤဘာသာစကားများတွင် စိတ်၏ အစိတ်အပိုင်းများဟု ဆိုထားပြီး ယင်းမှာ ကျွန်ုပ်တို့ စိတ်အခြေအနေ၏ အခိုက်အတန့်တိုင်းကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်း အမျိုးမျိုး ဖြစ်ပါသည်။ သူတို့က စိတ်၏ အစိတ်အပိုင်းများကို အနှောင့်အယှက်ပေးသောအရာနှင့် အနှောင့်အယှက် မပေးသောအရာဟုလည်းကောင်း၊ အပြုသဘောနှင့် အပျက်သဘောဟုလည်းကောင်း ခွဲထားပါသည်။ ထိုအတွဲနှစ်တွဲမှာ အချင်းချင်း လုံးဝထပ်တူမကျပါ။ ထို့ပြင် ဤအမျိုးအစားများထဲတွင် မပါဝင်သည့် စိတ်၏ အစိတ်အပိုင်း များလည်း ရှိပါသည်။ ထို့ကြောင့် အနောက်တိုင်းတွင်ခေါ်သည့် “စိတ်ခံစားချက်” အနေနှင့်ဆိုလျှင် အချို့မှာ အနှောင့်အယှက်ပေးပြီး အချို့မှာ အနှောင့်အယှက် မပေးပါ။ စိတ်ခံစားချက်အားလုံးကို ဖယ်ရှားရန် ကျွန်ုပ်တို့သည် ဘုရားဖြစ်ရမည်ဟု လုံးဝမဆိုလိုပါ။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကိုသာ ဖယ်ရှားပါသည်။ ထိုအတွက် အဆင့်နှစ်ဆင့် ရှိပါသည်။ ပထမအဆင့်မှာ ယင်းတို့၏ထိန်းချုပ်မှုအောက်သို့ မရောက်ရန်နှင့် ဒုတိယအဆင့်မှာ ယင်းတို့ပေါ်ထွက်မလာအောင် ဖယ်ရှားပစ်ရန် ဖြစ်ပါသည်။

အနှောင့်အယှက် မပေးသော စိတ်ခံစားချက်များမှာ အဘယ်နည်း။ တကယ်တော့ “မေတ္တာ” သို့မဟုတ် “ကရုဏာ” သို့မဟုတ် “သည်းခံခြင်း” သည် အနှောင့်အယှက် မပေးသော စိတ်ခံစားချက်ဖြစ်ကြောင်း တွေးနိုင်ပါသည်။ သို့သော် ဤစကားလုံးများကို ကျွန်ုပ်တို့၏ ဥရောပ ဘာသာစကားများတွင် လေ့လာဆန်းစစ်သောအခါ ဤစိတ်ခံစားချက်တိုင်းတွင် အနှောင့်အယှက် ပေးသည့်အပိုင်းနှင့် မပေးသည့်အပိုင်းတို့ ပါဝင်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အနည်းငယ် ဂရုစိုက်ဖို့ လိုပါသည်။ မေတ္တာဆိုရာတွင် “မင်းကို အရမ်းချစ်တယ်။ မင်းကို လိုအပ်တယ်။ ခွဲမသွားပါနဲ့” ဆိုသည့် ခံစားချက်မျိုး ဖြစ်ပါက ဤမေတ္တာမျိုးသည် အတော်လေး အနှောင့်အယှက်ပေးသော စိတ်အခြေအနေ ဖြစ်ပါသည်။ ထိုသူက မိမိကို ပြန်မချစ်လျှင် သို့မဟုတ် မလိုအပ်လျှင် ကျွန်ုပ်တို့ အလွန်ဝမ်းနည်းလာသည့်အတွက် ယင်းမှာအနှောင့်အယှက် ပေးသည်ဟု ဆိုခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အလွန်ဒေါသထွက်ကာ “မင်းကိုလုံးဝ မချစ်တော့ဘူး” ဟု စိတ်ခံစားချက် ရုတ်တရက် ပြောင်းလဲသွားတတ်ပါသည်။

ထို့ကြောင့် စိတ်အခြေအနေတစ်ခုကို လေ့လာဆန်းစစ်သောအခါ စိတ်ခံစားချက်နှင့် ဆိုင်သည်ဟု ယူဆကာ “မေတ္တာ” ဟုခေါ်ဆိုပါက ဤစိတ်အခြေအနေသည် စိတ်၏ အစိတ်အပိုင်းများ ရောစပ်နေမှုသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စိတ်ခံစားချက်ချည်းသက်သက် မကြုံရပါ။ ကျွန်ုပ်တို့၏ စိတ်ခံစားချက် အခြေအနေများသည် အမြဲတမ်း ရောစပ်နေပြီး အစိတ်အပိုင်းများစွာ ရှိပါသည်။ “ချစ်တယ်။ မင်းမရှိရင် မနေနိုင်လို့ပါ” ဟု ခံစားရသည့် မေတ္တာမျိုးမှာ မှီခိုမှုတစ်မျိုး ဖြစ်နေပြီး အတော်လေး အနှောင့်အယှက် ဖြစ်သည်မှာ ရှင်းပါသည်။ သို့သော် အနှောင့်အယှက် မပေးသော မေတ္တာမျိုးလည်း ရှိပါသည်။ ယင်းမှာ အခြားသူများကို သူတို့ဘာလုပ်သည်ဖြစ်စေ၊ ပျော်ရွှင်စေလိုပြီး ပျော်ရွှင်ခြင်း အကြောင်းတရားများ ရရှိစေလိုသောစိတ် ဖြစ်ပါသည်။ သူတို့ထံမှ ဘာကိုမျှ ပြန်မမျှော်လင့်ပါ။

ဥပမာအားဖြင့် ကျွန်ုပ်တို့သည် သားသမီးများအပေါ် အနှောင့်အယှက် မဖြစ်သော မေတ္တာမျိုး ရှိနိုင်ပါသည်။ သူတို့ဆီက ဘာမှပြန်မမျှော်လင့်ပါ။ တကယ်တော့ အချို့မိဘများက ပြန်မျှော်လင့်ပါသည်။ သို့သော် သားသမီးက ဘာလုပ်လုပ် သူ့ကိုချစ်မြဲချစ်ပါသည်။ သူ့ကို ပျော်ရွှင်စေချင်သည်။ သို့သော် ဤသည်မှာ မကြာခဏဆိုသလို အခြားအနှောင့်အယှက် ပေးသော အခြေအနေနှင့် ရောစပ်နေပါသည်။ ယင်းမှာ ကျွန်ုပ်တို့က သူတို့ကိုပျော်ရွှင်အောင် ပြုလုပ်ပေးလိုခြင်း ဖြစ်ပါသည်။ သားသမီးကို ပျော်ရွှင်စေလိုသော ရည်ရွယ်ချက်ဖြင့် တစ်ခုခုပြုလုပ်ပါက၊ ဥပမာအားဖြင့် သူတို့ကို ရုပ်သေးပြပွဲခေါ်သွားခြင်းသည် အလုပ်မဖြစ်ပါ။ သူတို့ကို ပျော်ရွှင်စေမည် မဟုတ်ပါ။ သူတို့က ကွန်ပျူတာဂိမ်း ကစားချင်သည့်အတွက် ကျွန်ုပ်တို့ အလွန်စိတ်ပျက်ပါသည်။ သားသမီး၏ ပျော်ရွှင်မှုသည် ကွန်ပျူတာဂိမ်း မဟုတ်ဘဲ မိမိဖြစ်လိုသည့်အတွက် စိတ်ပျက်ခြင်း ဖြစ်ပါသည်။ သို့သော် ထိုသို့သားသမီးအပေါ် ထားရှိသောခံစားချက်ကို “မေတ္တာ” ဟုခေါ်ဆိုနေပြီး “မင်းကို ပျော်အောင် ကြိုးစားပေးတယ်။ ဒါပေမယ့် မင်းဘဝမှာ ငါကအရေးအကြီးဆုံး ဖြစ်ချင်လို့ပဲ” ဟု ဆိုနေပါသည်။

ထို့ကြောင့် ဤမျှအသေးစိတ် ဆွေးနွေးရသည်မှာ ကျွန်ုပ်တို့သည် မိမိစိတ်ခံစားချက် အခြေအနေကို သေချာလေ့လာရန် လိုအပ်ပြီး စိတ်ခံစားချက် အမျိုးမျိုးကို နာမည်တပ်သည့် စကားလုံးများဖြင့် ပိတ်မိမနေစေရန်အတွက် ဖြစ်ပါသည်။ ကျွန်ုပ်တို့ စိတ်အခြေအနေ၏ မည်သည့်အစိတ်အပိုင်းများက အနှောင့်အယှက်ပေးပြီး စိတ်ငြိမ်းချမ်းမှု ဆုံးရှုံးစေကြောင်း၊ ကြည်လင်မှု ကွယ်ပျောက်စေကြောင်း၊ မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်ဆုံးစေကြောင်း အမှန်ပင် လေ့လာရန်လိုပါသည်။ ထိုအချက်များကို ကြိုးစားအားထုတ်ရန် လိုပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ နောက်ခံအကြောင်းဖြစ်သည့် အမှန်မသိခြင်း

အနှောင့်အယှက်ပေးသော စိတ်အခြေအနေ သို့မဟုတ် စိတ်ခံစားချက် သို့မဟုတ် သဘောထားများကို မိမိတွင်မရှိအောင် ဖယ်ရှားလိုပါက ၎င်းတို့၏ အကြောင်းရင်းဆီ သွားဖို့လိုပါသည်။ ထိုအကြောင်းခံကို ဖယ်ရှားနိုင်ပါက ထိုစိတ်များ မိမိမှာမရှိနိုင်တော့ပါ။ ဤသည်မှာ ကျွန်ုပ်တို့ကို ပြဿနာပေးနေသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ဖယ်ရှားရုံသာ မဟုတ်ပါ။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၏ ဇစ်မြစ်ကိုသွားပြီး အမှန်တကယ် ဖယ်ရှားရန် လိုပါသည်။

ထိုအခါ ဤသို့ အနှောင့်အယှက်ပေးသော စိတ်အခြေအနေများ၏ အနက်ရှိုင်းဆုံး အကြောင်းရင်းက အဘယ်နည်း။ ထိုအခါ “လျစ်လျူရှုမှု” သို့မဟုတ် ထိုထက်ပိုသင့်တော်သည့် “အမှန်မသိမှု” ဆိုပြီးဘာသာပြန်သည့်အရာကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည် တစ်ခုခုကို အမှန်မသိပါ။ နားမလည်ပါ။ လျစ်လျူရှုမှုသည် မိုက်မဲသည့်သဘော ထင်ရပါသည်။ ဤသည်မှာ ကျွန်ုပ်တို့က မိုက်မဲခြင်း မဟုတ်ပါ။ နားမလည်ခြင်း သို့မဟုတ် တစ်ခုခုကို မှားယွင်းစွာ နားလည်ကာ ရှုပ်ထွေးနေခြင်းသာ ဖြစ်ပါသည်။

ကျွန်ုပ်တို့ဘာကို ရှုပ်ထွေးပြီး ဘာကိုအမှန်မသိပါသလဲ။ အခြေခံအားဖြင့် ယင်းမှာ ကျွန်ုပ်တို့ အပြုအမူနှင့် ထိုသို့ပြုမူသည့် အခြေအနေများ၏ သက်ရောက်မှုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တစ်နည်းနည်းဖြင့် ဒေါသထွက်၊ တွယ်တာ၊ ဝမ်းနည်းပြီး အတိတ်က အလေ့အထနှင့် ဖြစ်လိုစိတ်များတွင် အခြေခံကာ စိတ်လိုက်မာန်ပါ ပြုမူမိစေပါသည်။ ဤသည်မှာ အခြေခံအားဖြင့် ကံကို ဆိုလိုပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် သဘောထားတွင် အခြေခံပြီး မိမိကိုယ်ကို ထိန်းချုပ်မှုမရှိသည့်နည်းဖြင့် စိတ်လိုက်မာန်ပါပြုမူခြင်း ဖြစ်ပါသည်။

စိတ်လိုက်မာန်ပါ အပြုအမူ၏ နောက်ကွယ်တွင် အမှန်မသိမှု ရှိပါသည်။ မိမိပြုမူပြောဆိုသမျှ၏ အကျိုးဆက်ကို ကျွန်ုပ်တို့ မသိပါ။ သို့မဟုတ် ရှုပ်ထွေးမှု ဖြစ်နေပါသည်။ ခိုးယူခြင်းဖြင့် ပျော်ရွှင်လိမ့်မည်ဆိုပြီး တွေးမိသော်လည်း မပျော်ရွှင်ရပါ။ သို့မဟုတ် သင့်ကိုကူညီခြင်းဖြင့် ကျွန်ုပ်ကို ချစ်ခင်လိုအပ်လာမည်ဟု ထင်သော်လည်း ထိုသို့မဟုတ်ပါ။ ထို့ကြောင့် ယင်း၏ အကျိုးသက်ရောက်မှုကို မသိပါ။ “ဒီလိုပြောလိုက်ရင် ခင်ဗျားနာကျင်သွားမယ်ဆိုတာ မသိပါဘူး။” သို့မဟုတ် ယင်းကို ရှုပ်ထွေးမှု ဖြစ်နေပါသည်။ “ဒါက အကူအညီဖြစ်မယ်ထင်တာ မဖြစ်ခဲ့ဘူးလေ။” “ဒါကငါ့ကို ပျော်အောင်လုပ်ပေးမယ်လို့ ထင်ခဲ့တာ မဟုတ်ပါလား။” သို့မဟုတ် ၎င်းသည် သင့်ကိုပျော်ရွှင်စေမည်ဟု ထင်သော်လည်း မပျော်ရွှင်စေပါ။ သို့မဟုတ် အခြေအနေများနှင့် ပတ်သက်၍ “ခင်ဗျား အလုပ်များနေတာ မသိဘူး။” သို့မဟုတ် “ခင်ဗျား အိမ်ထောင်ရှိမှန်း မသိဘူး။” သို့မဟုတ် “ခင်ဗျားမှာ အချိန်အများကြီး ရှိမယ်လို့ထင်တယ်။” ဟု ရှုပ်ထွေးနေနိုင်ပါသည်။ သို့သော် သူ့မှာအချိန်မရှိပါ။ “ခင်ဗျားက လူပျိုလူလွတ်ဆိုပြီး ဘယ်သူနဲ့မှ မပတ်သက်ဘူးထင်လို့ အချစ်ရေးပတ်သက်ဖို့ ကြိုးစားခဲ့တာ။” ဟု ဆိုသော်လည်း ယင်းမှာ မသင့်တော်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခြေအနေများကို အမှန်မသိပါ။ ယင်းတို့ကို နားမလည်ခြင်း သို့မဟုတ် မှားယင်းစွာ သိရှိပြီး ရှုပ်ထွေးနေခြင်း ဖြစ်ပါသည်။

ယခုဆိုလျှင် သတိမရှိခြင်းသည် ကျွန်ုပ်တို့ စိတ်လိုက်မာန်ပါ ပြုမူခြင်း၏ ဇစ်မြစ်ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ ဇစ်မြစ်လည်း ဖြစ်ကြောင်း၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များမှာ စိတ်လိုက်မာန်ပါ အပြုအမူနှင့် များစွာဆက်စပ်ကြောင်း မရှင်းလင်းသေးပါ။ ထို့ကြောင့် ဤအချက်များကို သေချာဂရုတစိုက် လေ့လာရန်လိုအပ်ပါသည်။

Top