တရားမရှုမှတ်မီ သိသင့်သောအချက်များ

မိမိ၏ဆောင်ရွက်နိုင်စွမ်းကို နားလည်ခြင်း

ဤအရာအားလုံးကို ရရှိနိုင်သလား၊ ဤအရာကို ကျွန်ုပ် ရရှိနိုင်စွမ်း ရှိသလား ဆိုသည်ကို အများကြီး မပြောရသေးပါ။ ဤသည်မှာ ဗုဒ္ဓ သဘောသဘာဝကို ဆွေးနွေးမှုထဲတွင် ပါဝင်ပြီး ဘုရားအဖြစ်သို့ ကူးပြောင်းရန် ခွင့်ပြုသော ကျွန်ုပ်တို့ အားလုံး၌ ရှိသည့် အချက်အားလုံးနှင့် အခြေခံအားဖြင့် သက်ဆိုင်ပါသည်။ စိတ်၏ လက္ခဏာရပ်များနှင့် အဓိက သက်ဆိုင်ပါသည်။

အရာရာကို ကျွန်ုပ်တို့ နားလည်နိုင်စွမ်း ရှိပါသလား။ ရှိပါသည်။ တစ်ခုခုကို အမြဲတမ်း သတိရှိနေနိုင်စွမ်း ရှိပါသလား။ တစ်ခုခုကို အချိန်တစ်ခုအထိ သတိရှိနေနိုင်ပါသည်။ ထို့ကြောင့် အချိန်အတိုင်းအတာကို တိုးမြှင့်နိုင်ပါသလား။ ရပါသည်။ တရားရှုမှတ်မှုနှင့် ရင်းနှီးအောင် ပြုလုပ်မှု နည်းလမ်းများဖြင့် တိုးမြှင့်နိုင်ပါသည်။ သို့သော် အခြေခံ အကျဆုံးအဖြစ် ဤအရာတွင် အောင်မြင်ရန်မှာ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုနှင့် စိတ်ဓာတ်တွန်းအားပေါ် မူတည်ပါသည်။ ကျွန်ုပ်တို့အတွက် အရေးကြီးပြီး ဆီလျော်မှု ရှိရပါမည်။

စျေးဝယ်ထွက်သောအခါ သင့်မှာ ငွေမည်မျှ ရှိသည်ကို သတိရှိခြင်းနှင့် တူပါသည်။ အကြောင်းမှာ ထိုထက်ပို၍ သင်သုံးစွဲ၍ မရသောကြောင့် ဖြစ်ပါသည်။ အခြားအချိန်များတွင် အိမ်မှာ ထိုင်နေသောအခါ သင့်အိတ်ကပ်ထဲ ငွေမည်မျှ ရှိသည်မှာ ဘာမှမထူးခြားပါ။ မဆီလျော်သလို သင်ကလည်း ဂရုမစိုက်ပါ။ ထို့အတူ တရားတော်များအကြောင်း စဉ်းစားသောအခါ ကျွန်ုပ်တို့အတွက် ဆီလျော်မှု ရှိရပါမည်။ ဆီလျော်မှု ရှိသည်ဟု ခံစားမိရန်အတွက် ယင်းတို့၏ လုပ်ဆောင်ချက်နှင့် ဘာကြောင့် အရေးကြီးသည်တို့ကို နားလည်ရန် လိုပါသည်။ ‘‘ဂရုစိုက်သော သဘောထား’’ ဟုခေါ်သည့် အခြေခံ စိတ်အခြေအနေ အထိ လျှော့ချနိုင်ပါသည်။ မိမိကိုယ်ကိုရော၊ မိမိထံ ဖြစ်လာသမျှရော၊ မိမိကြုံတွေ့ရသည့် အရာကိုပါ အလေးထားခြင်း ဖြစ်ပါသည်။

မိမိကိုယ်ကို ဂရုစိုက်ခြင်း

ဤသို့ ဂရုစိုက်သော သဘောထားကို အခြားသူများထံ ဦးတည်သောအခါ ပိုမိုလွယ်ကူစွာ နားလည်လာနိုင်ပါသည်။ အခြားသူများကို ဂရုမစိုက်ပါက မိမိ လုပ်သမျှ၊ ပြောသမျှ၊ သူတို့နှစ်သက်မှု ရှိရှိ၊ မရှိရှိ တကယ်အရေးမပါတော့ပါ။ သို့သော် သူတို့ကို အရေးကြီးသည်ဟု ယူဆလိုက်ပါက မိမိအပြုအမူက သူတို့အား မည်သို့သက်ရောက်မည်ကို အလေးထားလာ ပါသည်။ မိမိကိုယ်ကို အလေးထား ဂရုစိုက်မှုအတွက်လည်း ဤအတိုင်း ဖြစ်ရပါမည်။ အချိန်ဖြုန်းနေပြီး တန်ဖိုးရှိသော လူ့ဘဝကို အကျိုးရှိစွာ မသုံးပါက တစ်ချိန်ချိန်တွင် ဤဆုံးရှုံးမှုအတွက် မယုံနိုင်လောက်သော နောင်တဖြင့် သေဆုံးရ ပါလိမ့်မည်ဟု အလေးထားရပါမည်။

နေ့စဉ်ဘဝ၏ ပုံမှန်ကိစ္စများတွင်လည်း ဤအချက်ကို ဦးတည်နိုင်ပါသည်။ ကျွန်ုပ်သည် သားသမီးများကို မည်သို့ပြုစုပျိုးထောင်မည်၊ အလုပ်ကို မည်သို့လုပ်မည် တို့ကို ဂရုစိုက်ပါသည်။ ကိုယ်၊ စိတ်ချမ်းသာရေး အထွေထွေ အခြေအနေကို ဂရုစိုက်ပါသည်။ ဤသဘောထားကြောင့် တရားတော်များက ကျွန်ုပ်တို့အတွက် အရေးကြီးသည်ဟု ယူဆပါသည်။ တရားတော်များကို စိတ်တွင် တဖြည်းဖြည်း စွဲမှတ်ရင်း ပြန်အမှတ်ရလာနိုင်ပါသည်။ အမြဲတမ်း မဟုတ်သည့်တိုင် အချိန်အများစုတွင် အမှတ်ရနိုင်ပါသည်။ တရားရှုမှတ်ခြင်းသည် တရားတော်များကို အပြန်ပြန်အလှန်လှန် ရင်းနှီးစေသည့် နည်းစနစ် ဖြစ်ပါသည်။ ထိုနည်းဖြင့် တရားတော်များကို စိတ်တွင် သဘာဝအလျှောက် ကိန်းအောင်းကာ ပြန်အမှတ်ရအောင် တမင် အားထုတ်နေစရာ မလိုတော့ပါ။

ဤအသိအမြင်များ ရရှိနိုင်စွမ်း ရှိသည်ဟု ယုံကြည်ပါက ထိုသို့ရရှိအောင် အပြည့်အဝ စိတ်နှစ်ပြီး ကြိုးစားရပါမည်။ မယုံကြည်ပါက လက်ကိုတောင်ပံခတ်သလို ခတ်နေခြင်းနှင့်တူပြီး ဘာကြောင့် အလုပ်ရှုပ်ခံ နေပါမည်နည်း။ အစတွင် လွတ်မြောက်မှု၊ ဉာဏ်အလင်း ရရှိမှုတို့ကို မသိနိုင်သော်လည်း ဒါကိုနားလည်အောင် ရေရှည် ရည်မှန်းထားကာ ထိုအတွက် အားထုတ်ပါသည်။ တစ်ချိန်တည်းမှာပင် ဘဝကို အချိန်မဖြုန်းရန် မရဏ သတိရှိမှုက အထောက်အကူ ပြုနေပါသည်။

ကရုဏာ တရားရှုမှတ်ခြင်း

ယခုအခါ ဤအလုပ်၏ တတိယအဆင့်ဖြစ်သည့် တရားရှုမှတ်ခြင်းကို လေ့လာရန် အသင့်ဖြစ်နေပါပြီ။ ဤအကြောင်းအရာကို မိတ်ဆက်ရန်အတွက် တိဘက် ဗုဒ္ဓဘာသာ ဆရာတော်ကြီး ဆုန်ခပ၏ အလွန်ကောင်းသည့် အကြံဉာဏ်တစ်ခု ရှိပါသည်။ သုတ္တန်နှင့် မန္တရားအတွက် လက်တွေ့အကြံဉာဏ် ပေးစာ တွင် သူက တရားရှုမှတ်ရန် အတွက် ကျွန်ုပ်တို့သည် ‘‘ရရှိအောင် ကြိုးစားနေသော စိတ်အခြေအနေအတွက် အကြောင်းတရားများကို သိရှိ’’ ရန်လိုအပ်ကြောင်း ရေးသားထားသည်။ ထို့ကြောင့် ဥပမာအားဖြင့် ကရုဏာ ထားရှိလိုပါက ထိုသို့ ရရှိစေမည့် အကြောင်းတရားများကို သိရှိရန် လိုပါသည်။

ဤသည်မှာ မှီခိုမှုအဆို ဖြစ်ပါသည်။ အခြားသူများကို ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ၏ အကြောင်းတရားများမှ လွတ်ကင်းစေလိုသော ဆန္ဒ (ဗုဒ္ဓဘာသာတွင် ကရုဏာ၏ အဓိပ္ပာယ်) ထားရှိရန်အတွက် ကျွန်ုပ်တို့သည် သူတို့နှင့် အပြန်အလှန် ဆက်သွယ်မှုရှိကြောင်း အသိအမှတ်ပြုရန် လိုပါသည်။ ထိုသို့မဟုတ်ပါက သူတို့ကို ဂရုစိုက်တော့မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ တည်ရှိမှု တစ်ခုလုံးသည် ကျွန်ုပ်တို့အတွက် အစားအသောက် ထုတ်လုပ်သူများ၊ လမ်းဖောက်သူများ စသည်ဖြင့် လူတိုင်း၏ ကြိုးစားအားထုတ်မှုနှင့် မေတ္တာတို့အပေါ် တည်မှီနေသည်ကို ထည့်သွင်းစဉ်းစားရန် လိုပါသည်။ ကျွန်ုပ်တို့၏ဘဝ အဆင်ပြေအောင် သူတို့ဆောင်ရွက်ထားသမျှအားလုံးကို အမှတ်ရလျှက် ကျေးဇူးတရားနှင့် တန်ဖိုးထားမှု ရှိလာပါသည်။ ရိုးသားနက်ရှိုင်းစွာ ခံစားမိပါက ကျေးဇူးတရားမှနေ၍ သဘာဝအားဖြင့် လှိုက်လှဲသောမေတ္တာဓာတ် ပေါ်ထွက်လာပါသည်။ ထိုအခါ သူတို့ကို အလွန်တန်ဖိုးထားပြီး သူတို့တွင် ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်ပါက စိတ်မကောင်းဖြစ်လာပါသည်။ သို့သော် သူတို့မပျော်ရွှင်ဘဲ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေသည်ကို တွေ့ရပါက ကရုဏာသက်မိပါသည်။ ကရုဏာ ထားရှိမှုသည် ထိုသို့ သင့်တော်သော အစဉ်အဆက်ဖြင့် အဆင့်ဆင့် ကျော်ဖြတ်မှုတွင် အခြေခံပါသည်။

ကရုဏာသည် စွန့်လွှတ်ငြင်းပယ်မှု အပေါ်တွင်လည်း မူတည်ပါသည်။ ဤသည်မှာ မိမိ၏ ဆင်းရဲဒုက္ခများကို အသိအမှတ်ပြုခြင်း၊ ယင်းတို့မှ လွတ်မြောက်ရန် ဆုံးဖြတ်ထားခြင်း၊ အခြားသူတိုင်း အလားတူ ဆင်းရဲဒုက္ခများနှင့် အလားတူဆန္ဒမျိုး ရှိသည်ကို သဘောပေါက်ခြင်းကို ဆိုလိုပါသည်။ စွန့်လွှတ်ငြင်းပယ်မှုသည် အတိအကျ ဆိုရလျှင် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ဆုံးဖြတ်ချက် ဖြစ်ပါသည်။ အခြားသူများ၏ ဆင်းရဲဒုက္ခကို ဦးတည်သည့် အလားတူ ဆုံးဖြတ်ချက်ဖြစ်သော ကရုဏာသည် မိမိကိုယ်ကို ဦးတည်သည့် အလားတူ ဆုံးဖြတ်ချက်မျိုး ဦးစွာ ထားရှိမှုအပေါ်တွင် မူတည်နေသည်မှာ ရှင်းနေပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့ တရားရှုမှတ်မှုတွင် ကရုဏာစိတ်ထားရှိလိုပါက ဤသို့ မှီခိုမှုရှိနေသည့် အချက်က အထူးအရေးကြီးပါသည်။ အကြောင်းမှာ နောက်ဆုံးတွင် များစွာလေ့ကျင့်ရင်းနှီးလာပါက ချက်ချင်း ကရုဏာ ထားနိုင်သော်လည်း အစတွင် ရိုးသားစွာ အမှန်တကယ် ခံစားမိသောအဆင့်အထိ မိမိကိုယ်ကို အဆင့်ဆင့် တည်ဆောက်သွားရပါမည်။ ထို့ကြောင့် ကရုဏာဖြင့် အမှန်တကယ် တရားရှုမှတ်ရန်အတွက် ယင်း၏မှီခိုမှုရှိသော အဆင့်များ သို့မဟုတ် အကြောင်းရင်းများကို သိရှိရန်လိုပါသည်။

ဆုန်ခပ က ကျွန်ုပ်တို့သည် ‘‘ရှုထောင့်များကို သိရှိရန်’’ လည်း လိုအပ်သည်ဟု ဆက်ပြောပါသည်။ ဆိုလိုသည်မှာ ကရုဏာတရား ထားရှိလိုပါက လူတိုင်းကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုပါက ဆင်းရဲဒုက္ခ၏ ရှုထောင့်အမျိုးမျိုး၊ ဆင်းရဲဒုက္ခ အကြောင်းရင်း၏ ရှုထောင့်အမျိုးမျိုးကို သိရှိရန်လိုပါသည်။ ဤသည်မှာ သူတို့ကို အလုပ်ရှာပေးခြင်း အစားအသောက်ကောင်း ကျွေးမွေးခြင်းတို့မျှသာ မဟုတ်ပါ။ ထိန်းချုပ်မရအောင် ပြန်ဖြစ်နေသော ပြန်လည်မွေးဖွားမှု (သံသရာ) တွင် အရာအားလုံး ဆင်းရဲဒုက္ခ၊ သံသရာကျင်လည်မှု ဖြစ်ပေါ်စေသော အမှန်တရား အခြေခံအကျဆုံး မသိနားမလည်မှု၊ ရှုပ်ထွေးမှုတို့အကြောင်း ပြောနေခြင်း ဖြစ်ပါသည်။ မေတ္တာနှင့် ကရုဏာဖြင့် တရားရှုမှတ်ရန်အတွက် တရားထိုင်ပြီး ‘‘အင်း လူတိုင်းကို မေတ္တာထားတာ ကောင်းတယ်’’ ဟု တွေးနေရုံ မဟုတ်ပါ။ ထိုနည်းမှာ ရှင်းလင်းမှု မရှိပါ။ ကျွန်ုပ်တို့ ရရှိလိုသော စိတ်အခြေအနေမှာ သီးသန့်ထူးခြားပါသည်။ ဆုန်ခပ က ကျွန်ုပ်တို့ အားထုတ်လိုသည့် စိတ်အခြေအနေကို သတ်မှတ်ဖော်ပြထားနိုင်အောင် စွမ်းဆောင်ပေးမည့် အရာအားလုံးကို ဖော်ပြထားပါသည်။

ထို့နောက် ထိုစိတ်အခြေအနေ ရရှိအောင် ကြိုးစားသောအခါ အာရုံစိုက်နေသောအရာကို သိရှိရန် အလွန် အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ စိတ်တွင် ဘာပေါ်လာပါသလဲ။ ကျွန်ုပ်တို့သည် အခြားသူများနှင့် ၎င်းတို့၏ ဆင်းရဲဒုက္ခကို ကရုဏာဖြင့် အာရုံစိုက်နေပါသည်။ ဤနေရာတွင် ကရုဏာမျှသာ မဟုတ်ဘဲ လူတိုင်းဆီသို့ အညီအမျှ ဦးတည်သော ‘‘မဟာ ကရုဏာ’’ ဖြစ်ပါသည်။ ထို့ပြင် သက်ရှိများစွာ ရှိသည့်အတွက် လူတိုင်း ကို ဆိုလိုပါသည်။ ‘‘လောကမှာရှိတဲ့ အင်းဆက်အားလုံးကို ကူညီမယ်’’ ဟုတွေးပါက မယုံနိုင်လောက်အောင် အတိုင်းအတာ ကြီးမားပါသည်။ လူတိုင်း၏ စိတ်အစဉ်ကို ဤနေရာတွင် ပြောခြင်း ဖြစ်ပါသည်။ သူတို့၏ကံတရားကြောင့် ယခု အင်းဆက်ဘဝတွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ သူတို့သည် အမြဲတမ်း အင်းဆက်မဟုတ်ပါ။ ယခုဘဝတွင် အင်းဆက်ဖြစ်နေသော်လည်း ယခင်ဘဝက မိခင် ဖြစ်ချင်ဖြစ်နေနိုင်သော သက်ရှိသတ္တဝါကို လွတ်မြောက်စေခြင်း ဖြစ်ပါသည်။ ထို့ပြင် ယခင်ဘဝက ပိုးကောင်ဖြစ်ချင် ဖြစ်နေနိုင်ပြီး ယခုဘဝတွင် မိခင်ဖြစ်နေသူအား လွတ်မြောက်စေပါမည်။

သက်ရှိတစ်ဦးချင်း ကို မြင်ယောင်ကြည့်ရန် မလွယ်သော်လည်း စိတ်ထားကျယ်ပြန့်သော မဟာယာန ဗုဒ္ဓဘာသာ ကျင့်ကြံမှုတွင် ကျွန်ုပ်တို့ ကျင့်ကြံနေစဉ် အနီးအနားမှ သက်ရှိ ပရိသတ်များစွာကို စိတ်ကူးကြည့်ပြီး လူတိုင်းကို ဆင်းရဲဒုက္ခမှ ဖယ်ရှားပေးနေသည်ဟု မြင်ယောင်နိုင်ပါသည်။ မဟာယာန သုတ္တန်များစွာ၏ အစတွင် အနီးဝန်းကျင်ရှိ သန်းပေါင်း ထောင်နှင့်ချီသော သက်ရှိများကို ဖော်ပြပြီး အတိုင်းအတာ မည်မျှရှိသည်ကို စိတ်ကူးရစေပါသည်။

ဤသို့သော အားလုံးနှင့်ဆိုင်သည့် ကရုဏာမျိုး လူတိုင်းအတွက် ထားရှိမှုမှာ တကယ်တော့ ဆန်းကြယ်ပါသည်။ ထိုအတွက် အခြေခံမှာ ဥပေက္ခာတရား ဖြစ်ပြီး အခြားသူများအား ကျွန်ုပ်တို့၏ စိတ်ကို ဖွင့်ထားပေးခြင်း ဖြစ်သည်။ ကရုဏာဖြင့် သေချာတရားရှုမှတ်နိုင်အောင် ဤအရာအားလုံး သိရှိဖို့ လိုပါသည်။

ထို့ပြင် စိတ်က ကျွန်ုပ်တို့ အာရုံစိုက်နေသောအရာနှင့် မည်သို့ဆက်စပ်သည်ကို သိရှိရန် လိုပါသည်။ ကရုဏာဖြင့် တရားရှုမှတ်နေပါက သူတို့သည် ဆင်းရဲဒုက္ခမှ လွတ်ကင်းစေရန်နှင့် သူတို့၏ ဆင်းရဲဒုက္ခ အကြောင်းရင်းအားလုံး ချုပ်ငြိမ်းစေရန် ဆန္ဒရှိပါသည်။ အခြား တစ်ယောက်က သူတို့ကို ဝင်ကူညီစေလိုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခသည် ယေဘုယျအားဖြင့် ပပျောက်သွားခြင်း မဟုတ်ဘဲ သူတို့က ကျော်လွှားနိုင်အောင် ကျွန်ုပ်တို့ကိုယ်တိုင် ကြိုးပမ်းပေးခြင်း ဖြစ်ပါသည်။

ဆက်လက်၍ ဆုန်ခပ က ကျွန်ုပ်တို့သည် အကျိုးရှိမည့်အရာ၊ ကရုဏာ ရှိအောင် ကူညီမည့်အရာနှင့် ပျက်စီးပြီးအန္တရာယ် ရှိစေမည့်အရာတို့ကို သိရှိရမည်ဟု ထောက်ပြပါသည်။ ကရုဏာ ထားရှိရန် ကူညီရုံသာမက လုံးဝအရေးကြီးသည့် အရာမှာ လူတိုင်း ဆင်းရဲဒုက္ခမှ ကင်းဝေးရန် အမှန်ပင် ဖြစ်နိုင်သည်ဟု ယုံကြည်ရန် ဖြစ်ပါသည်။ ထိုသို့မဖြစ်နိုင်ဟု ထင်နေပါက ထိုအတွက် မည်သို့လျှင် ဆန္ဒရှိပြီး ကြိုးစားနိုင်ပါမည်နည်း။ ဤအတွက် အခြေခံအချက်မှာ ကျွန်ုပ်၏ ဆင်းရဲဒုက္ခမှ လွတ်ကင်းနိုင်သည်၊ အခြားသူများကိုလည်း သူတို့၏ ဆင်းရဲဒုက္ခမှ ကျော်လွှားအောင် ကူညီပေးနိုင်သည်ဟု မိမိကိုယ်ကို စိတ်ချယုံကြည်မှု ဖြစ်ပါသည်။ ထိုအတွက် ကျွန်ုပ်တို့ စွမ်းဆောင်နိုင်သောအရာ၊ ဘုရားရှင်က ဆောင်ရွက်နိုင်သောအရာကို လက်တွေ့ကျစွာ နားလည်သဘောပေါက်ရန် လိုပါသည်။ ကရုဏာရှိရေးတွင် ပျက်စီးစေသောအရာမှာ အတ္တဗဟိုပြုခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း သာမက တားဆီးနှောင့်ယှက်ခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်းတို့ ဖြစ်ပါသည်။ မည်သို့ဆိုစေ တစ်စုံတစ်ယောက်၏ ခြေဖဝါးမှ စူးနေသောဆူးကို ဖယ်ရှားသလို ဆင်းရဲဒုက္ခကို ဖယ်ရှား၍ မရနိုင်ကြောင်း ဘုရားရှင် ဟောကြားထားပါသည်။ ဘုရားရှင်ကိုယ်တော်တိုင်ပင် နည်းလမ်းသာ ပြနိုင်ပါသည်။ အခြားသူများက ကိုယ်တိုင် အားထုတ်ကြိုးစားရန် လိုပါသည်။ ဘုရားထက်ကျော်လွန်၍ မည်သူကများ ဆောင်ရွက်နိုင်ပါမည်နည်း။

အနှစ်ချုပ်ဆိုရလျှင် ကရုဏာကဲ့သို့ စိတ်အခြေအနေအချို့ ဖော်ထုတ်ရန် သတ်မှတ်ချက်များကို နားမလည်ပါက သိပ်ခရီးရောက်မည် မဟုတ်ပါ။ ဤနည်းဖြင့် တရားရှုမှတ်ခြင်းသည် မည်မျှ တိကျပြီး အဆင့်မြင့်သည်ကို စတင်တန်ဖိုးထားနိုင်ပါသည်။ ‘‘စိတ်၏သိပ္ပံပညာ’’ ဟုပင် ခေါ်ဆိုနိုင်ပါသည်။

တရားရှုမှတ်ချိန် တစ်ခုနှင့်တစ်ခုကြား ကာလ

ဆုန်ခပ က တရားရှုမှတ်ချိန် တစ်ခုနှင့်တစ်ခု၏ ကြားကာလသည်လည်း အလွန်အရေးကြီးသည်ဟု ထောက်ပြထားပါသည်။ ကျွန်ုပ်တို့ တရားရှုမှတ်နေသောအရာနှင့် ပတ်သက်သော ဘာသာရေးစာပေ အမျိုးမျိုးကို ဖတ်ရှုရန်လည်း သူကအကြံပေးထားသည်။ ထိုအခါ တစ်ဖက်တွင် ကျွန်ုပ်တို့ ဆောင်ရွက်နေသောအရာသည် ဗုဒ္ဓမြတ်စွာ ဟောကြားထားသောအရာ ဖြစ်ကြောင်း ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို အတည်ပြုပေးပါသည်။ အခြား တစ်ဖက်တွင်လည်း ဆရာတော်ကြီးများ ရရှိထားသောအရာကို ဖတ်ရှုခြင်းဖြင့် စိတ်ဓာတ်တွန်းအား ရရှိပါမည်။ ထိုထက်ပို၍ ဆုန်ခပ က ကျွန်ုပ်တို့သည် စိတ်ကြည်လင်ရေး ကျင့်ကြံမှုဖြင့် အပြုသဘော အင်အားကို တည်ဆောက်ပြီး အပျက်သဘော အင်အားများ ရှင်းလင်းရမည်ဟု ဆိုထားပါသည်။

‘‘ကုသိုလ်’’ ဆိုသည့် စကားလုံး မဟုတ်ဘဲ ‘‘အပြုသဘော အင်အား’’ ဆိုသည့်စကားကို အသုံးပြုထားပါသည်။ ပထမစကားလုံးက မှားနေသည်ဟု ခံစားရပါသည်။ ကုသိုလ် ဆိုသည်မှာ သင်က အမှတ်များများ စုဆောင်းပြီး တစ်ရာပြည့်သောအခါ အနိုင်ရသည့်သဘော ဖြစ်နေပါသည်။ ကျွန်ုပ်တို့ ဆောင်ရွက်နေသည်မှာ အပြုသဘောဓာတ်ကို အမှန်တကယ် တည်ဆောက်နေခြင်း ဖြစ်ပြီး ဆယ်လူလာဖုန်းကဲ့သို့ တစ်ခုခုဆောင်ရွက်ရန် လုံလောက်သော စွမ်းအင် ရရှိခြင်း ဖြစ်ပါသည်။ ထို့ကြောင့် စိတ်၏အဟန့်အတားများကို ကျော်လွှားရန် ကျွန်ုပ်တို့၏ စိတ်ဖြင့် စိတ်ကြည်လင်ရေး ကျင့်ကြံမှုများ အသုံးပြုရန်လည်း လိုပါသည်။ အရာအားလုံးကို သင်နားလည်နိုင်မည် မဟုတ်ကြောင်း ခံစားရပါသည်။ စိတ်ခံစားချက် အဟန့်အတားများလည်း ရှိနိုင်ပါသည်။ အပြုသဘော အင်အား တည်ဆောက်ကာ စိတ်ကြည်လင်ရေး ကျင့်ကြံမှု အမျိုးမျိုး ဆောင်ရွက်ပါက ထိုအဟန့်အတားများ ကျော်လွှားနိုင်ပြီး အသိအမြင်နှင့် နားလည်သဘောပေါက်မှုများ ရရှိလာနိုင်ပါသည်။

လက်တွေ့အဆင့်တွင် ထိုအချက်က ဘာကို ဆိုလိုပါသလဲ။ အလုပ်မှာပင်လျှင် တစ်ခုခုကို နားလည်အောင် ကြိုးစားပြီး နားမလည်သောအခါ ခဏနားလိုက်သည်ဟု လက်တွေ့အဆင့်တွင် ဆိုလိုပါသည်။ အခြားသူများကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ကူညီရန် တစ်ခုခုသွားလုပ်လိုက်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးနောက် ပြန်လာသောအခါ သင့်စိတ်က ပိုပြီး အပြုသဘောဆန်ကာ တက်ကြွလာပါသည်။ စိတ်ရှုပ်မှု မဖြစ်တော့ဘဲ မိမိကိုယ်ကို တန်ဖိုးထားမှု ပိုရှိလာပါသည်။ ထိုအခါ အနည်းငယ်ပို၍ နားလည်သဘောပေါက်နိုင်စွမ်း ရှိလာပါသည်။ ထို့ကြောင့် မည်သူပင် ဖြစ်စေကာမူ အခြားသူများ အကျိုးရှိမည့်အရာတွင် ပါဝင်ဆောင်ရွက်နိုင်သော အချို့အရာများ ရှိရပါမည်။ ကလေးများနှင့်အတူ အချိန်ပေးခြင်း၊ အထီးကျန်ပြီး ဖျားနာအိုမင်းနေသော ဆွေမျိုးတစ်ယောက်ထံ သွားလည်ခြင်း စသည်ဖြင့် ဘာပဲဖြစ်ဖြစ် ရပါသည်။ အပြုသဘော တစ်ခုခုဖြစ်ရန်မှာ အလွန်အရေးကြီးပါသည်။ ဝတ်ပြုကိုးကွယ်မှု အစဉ်အလာများစွာ ဆောင်ရွက်နိုင်သော်လည်း လက်တွေ့ဘဝ ကျင့်ကြံမှုက ပို၍ခိုင်မာပါသည်။

တိုးတက်မှုကို စစ်ဆေးခြင်း

ကျွန်ုပ်တို့ အများစုသည် မိမိတိုးတက်မှုကို စစ်ဆေးပေးနိုင်သော တစ်ဦးချင်းဆရာများ မရှိကြပါ။ သို့သော် လိုဂျုန်း သို့မဟုတ် စိတ်ကို လေ့ကျင့်သော တရားတော်များက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင်၏ အကောင်းဆုံး သက်သေဖြစ်သည်ဟု အမြဲပြောထားပါသည်။ ကောင်းစွာ အာရုံစိုက်နိုင်စွမ်း ရှိသလား၊ အများကြီး စိတ်ပျံ့လွင့်နေသလား မိမိကိုယ်ကို ပြန်မေးရန် လိုပါသည်။ မည်သူကမျှ ဒါကိုအကဲဖြတ်ပေးနိုင်ခြင်း မရှိပါ။ တရားတော်နှင့် ကျင့်ကြံမှု အားလုံးသည် ကျွန်ုပ်တို့၏ စိတ်ခံစားချက် အခြေအနေ တိုးတက်အောင်၊ မိမိကိုယ်တိုင် ကြိုးစားအောင် ရည်ရွယ်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တကယ်ပဲ ဒေါသထွက်နေသလား၊ ဒေါသ လျော့နည်းသွားသလား စသည်ဖြင့် သိနိုင်အောင် အကောင်းဆုံး အကဲဖြတ်နိုင်ပါသည်။

အမှတ်ရနေရန်လိုသည့် စည်းမျဉ်းမှာ ဘဝသည် အတက်အကျ ရှိနေပြီး တိုးတက်မှုသည် တစ်သမတ်တည်း မဟုတ်ပါ။ တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာခြင်းမျိုး မဟုတ်ပါ။ လွတ်မြောက်သူတစ်ဦး ဖြစ်လာမှသာ အတက်အကျ မရှိတော့မှာ ဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ ကျင့်ကြံပြီး ပုံမှန်အားဖြင့် ဒေါသမထွက်တော့လျှင်လည်း တစ်ခါတစ်ရံ ဒေါသထွက်နိုင်ပါသေးသည်။ သို့သော် ဤအချက်က အားလျော့စရာ မဟုတ်ပါ။ တစ်ဖက်တွင် မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားရမည်။ အခြားတစ်ဖက်တွင် တစ်ခုခုချွတ်ချော်ပါက မိမိကိုယ်ကို အပြစ်ပေးခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း မဖြစ်ရန် လိုပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက ကျွန်ုပ်တို့သည် ရရှိထားသော တိုးတက်မှုကို ခန့်မှန်းသောအခါ တစ်ပတ်တာကို မကြည့်ဘဲ ငါးနှစ်တာကာလကို ကြည့်ရန်လိုသည်ဟု မိန့်ကြားပါသည်။ ယခုနှင့် လွန်ခဲ့သော ငါးနှစ်ကို နှိုင်းယှဉ်ကာ အရာရာကို ကျွန်ုပ်တို့ ဖြေရှင်းဆောင်ရွက်ပုံကို ကြည့်ပါက ရရှိထားသည့် တိုးတက်မှုကို ရှင်းလင်းစွာ မြင်လာပါလိမ့်မည်။

အကျဉ်းချုပ်

တရားရှုမှတ်ရန် အထူးသီးသန့်နေရာ မလိုအပ်ပါ။ အတော်လေး တိတ်ဆိတ် သန့်ရှင်းသော တစ်နေရာရာဆိုလျှင် ရပါသည်။ ထိုသို့ မဖြစ်နိုင်ပါကလည်း စိတ်မပူပါနှင့်။ ကျွန်ုပ်၏ သူငယ်ချင်းတစ်ယောက်သည် သူ့မိခင်နှင့်အတူ တိုက်ခန်းကျဉ်းလေး တစ်ခုတွင် နေထိုင်ပါသည်။ အခန်းတစ်ခန်းသာ ပါသည်။ အခန်းထဲတွင် မိခင်၏ ရုပ်မြင်သံကြားနှင့် ရေဒီယို ထည့်ထားသည်။ သူတရားရှုမှတ်ရန်၊ တစ်ခုခုလုပ်ရန် ကြိုးစားပါက သူ့မိခင်က ဝမ်းနည်းတတ်ပါသည်။ သူ့အတွက် တရားရှုမှတ်ရန် တစ်ခုတည်းသော နည်းမှာ အိမ်သာတက်ရင်း ထိုင်နေတုန်း ဖြစ်ပါသည်။ ထိုအတိုင်း သူနေ့စဉ် လေ့ကျင့်ရာ အဆင်ပြေပါသည်။ အမွှေးတိုင်၊ ဖယောင်းတိုင် စသည့်အရာများ မလိုပါ။ ယင်းတို့သည် ‘‘အရာဝတ္ထုများ’’ သာ ဖြစ်သည်။ အထူးအရေးကြီးသည်မှာ ကျွန်ုပ်တို့၏ စိတ်နှင့် လုပ်ဆောင်သောအရာ ဖြစ်သည်။ တရားရှုမှတ်ခြင်းသည် စိတ်အခြေအနေအချို့ကို လေ့ကျင့်ခြင်း ဖြစ်သည်။ အချိန်မရွေး၊ နေရာမရွေး ဆောင်ရွက်နိုင်ပါသည်။ အချို့ စိတ်အခြေအနေများက မြေအောက်ရထား၊ ဘတ်စ်ကားပေါ်တွင် ရှိနေသောအခါ ပို၍ ထားရှိရလွယ်ကူပါသည်။ သည်းခံမှု ရှိလိုသောအခါ၊ အားလုံးသည် ပျော်ရွှင်လိုပြီး ဝမ်းနည်းခြင်း အလိုမရှိကြောင်း မြင်ရန်မှာ လူပြည့်နေသော ဘတ်စ်ကားထက် ပိုကောင်းသောနေရာ မရှိပါ။ အခန်းထဲတွင် တစ်ကိုယ်တည်းထိုင်ပြီး လူတို့ကို စိတ်ကူးနေခြင်းထက် ပိုကောင်းပါသည်။

တရားရှုမှတ် ကျင့်ကြံမှုအတွက် အရေးကြီးသည်မှာ နေ့စဉ် မပျက်မကွက် ဆောင်ရွက်ရပါသည်။ သွားတိုက်ခြင်း၊ အိမ်သာတက်ခြင်းတို့ကို မမေ့သလို တရားရှုမှတ်ရန် မမေ့သင့်ပါ။ ဘဝ၏ တည်မြဲသော အစိတ်အပိုင်းတစ်ခုပမာ သဘောထားရပါမည်။ တစ်နေ့လျှင် ငါးမိနစ်ဆိုလည်း ရပါသည်။ ကျွန်ုပ်တို့သည် မည်သူပင် ဖြစ်စေကာမူ မနက်ခင်းတွင် ငါးမိနစ် စောပြီး အိပ်ရာထနိုင်ပါသည်။ စွန့်စားရမှုကဲ့သို့ မဖြစ်သင့်ဘဲ များစွာ တည်ငြိမ်မှု ဖြစ်စေနိုင်ပါသည်။ တစ်နေ့တာ မည်မျှ ပျင်းစရာ ကောင်းသည်ဖြစ်စေ မပျက်မကွက် လုပ်ဆောင်ရန် ဤအချိန်ကလေး အမြဲထားရှိနိုင်ပါသည်။

Top