တရားရှုမှတ်ရာတွင် လိုအပ်သော စိတ်လက္ခဏာရပ်များ

လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်း

တရားရှုမှတ်ရာတွင် ယေဘုယျအားဖြင့် အဆင့်နှစ်ဆင့်ရှိပါသည်။ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းနှင့် တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းတို့ ဖြစ်ပါသည်။ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းတွင် တွေးတောသည့်အလုပ်ကဲ့သို့ မိမိကိုယ်တိုင် ရင်းနှီးအောင် ကြိုးစားနေသော စိတ်အခြေအနေ တည်ဆောက်နိုင်အောင် အဆင့်ဆင့်တက်သွားခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်မှု အစီအစဉ်ဖြင့် ဆောင်ရွက်ပါသည်။ ကရုဏာနှင့် ပတ်သက်လျှင် ကိုယ်တိုင် ဆင်းရဲဒုက္ခများကို စဉ်းစားကာ စတင်ပါသည်။ ထို့နောက် အနီးဝန်းကျင်ရှိ သက်ရှိဦးရေများစွာကို ဤအခြေခံဖြင့် စိတ်ကူးကြည့်သည်။ ပထမတွင် လူတိုင်းထံသို့ စိတ်နှလုံးကိုဖွင့်ထားသည်။ တွယ်တာမှု၊ တွန်းကန်မှု၊ အလေးမထားမှုတို့ကို ဖယ်ရှားထားသည်။ ထို့နောက် ထိုသက်ရှိအားလုံးအပေါ်တွင် အာရုံစိုက်လျှက်ပင် ၎င်းတို့အားလုံးနှင့် အပြန်အလှန် ဆက်သွယ်မှု၊ အပြန်အလှန် မှီခိုမှုတို့ကို စတင် အမှတ်ရကာ အစဉ်အတိုင်း ဆောင်ရွက်ပါသည်။

ထို့နောက် ထိုသက်ရှိအားလုံးအပေါ်တွင် အာရုံစိုက်လျှက်ပင် ၎င်းတို့ကြုံတွေ့ရသော ဆင်းရဲဒုက္ခ အားလုံးကို ပြန်အမှတ်ရပါသည်။ သူတို့သည် မကြာခဏဆိုသလို မပျော်ရွှင်ပါ။ စိတ်ရှုပ်ကြပါသည်။ သူတို့တွင် ပျော်ရွှင်မှုတစ်ခုခု ရှိပါကလည်း တာရှည်မခံဘဲ စိတ်ကျေနပ်မှုလည်း မရှိကြပါ။ သူတို့သည် ပျော်ရွှင်ရန် ကြိုးစားကြသော်လည်း သူတို့ဘာသာ ပျော်ရွှင်အောင် မည်မျှပင် ကြိုးစားသည်ဖြစ်စေ အလုပ်မဖြစ်ပါ။ ဥပမာ၊ သူတို့၏ ရုပ်အဆင်း သို့မဟုတ် ပစ္စည်းများစွာ ဝယ်ယူခြင်းတို့ဖြစ်ပါသည်။ ယင်းတို့ကြောင့် သူတို့မှာ ပြဿနာသာ ပိုဖြစ်လာပါသည်။ ကျွန်ုပ်တို့ အားလုံးသည် တူညီသောအခြေအနေတွင် အတူတကွ ရှိနေပြီး အချင်းချင်း အကူအညီ လိုသည်ကိုလည်း ပြန်သတိပေးရပါမည်။ အကြောင်းမှာ လူတိုင်း တစ်ကိုယ်ကောင်းဆန်နေပါက အားလုံး ဆင်းရဲဒုက္ခ ရောက်ကုန်ပါလိမ့်မည်။

ဤနည်းဖြင့် ကရုဏာ ထားနိုင်သည်အထိ မိမိကိုယ်ကို တည်ဆောက်သွားပါသည်။ သက်ရှိအရေအတွက် များစွာအပေါ် ထိုကရုဏာဖြင့် အာရုံစိုက်ပါသည်။ သူတို့သည် ဆင်းရဲဒုက္ခမှ ညီတူညီမျှ လွတ်ကင်းပါစေဟု ဆန္ဒပြုပါသည်။ ထို့ပြင် သူတို့၏ ပြဿနာများ ဖယ်ရှားနိုင်အောင်လည်း ကိုယ်တိုင်ကိုယ်ကျ တစ်ခုခုကူညီလိုသော ရည်ရွယ်ချက်လည်း ထားရှိပါသည်။

ထို့နောက် ကျွန်ုပ်တို့သည် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းနှင့်အတူ ဤသက်ရှိများစွာအပေါ်၌ ကရုဏာဖြင့် ဆက်လက် အာရုံစိုက်ပါသည်။ တစ်ချိန်တည်းမှာပင် ကရုဏာထားရှိနိုင်သည်အထိ ဖြတ်သန်းသွားသော အသေးစိတ် အဓိကအချက်အားလုံးကို သိရှိသတိပြုမိသည့်သဘောဖြင့် လေ့လာဆန်းစစ်ပါသည်။ ဤအတွက် ကျွန်ုပ်တို့၏ ကရုဏာ ထားရှိသော စိတ်အခြေအနေသည် ခြုံငုံ သိရှိမှုနှင့် သိမ်မွေ့သော လေ့လာဆန်းစစ်မှု အချက်များ ပါဝင်နေပါသည်။ ခြုံငုံ သိရှိမှုဖြင့် ကျွန်ုပ်တို့သည် သတိပြုမိရုံသာရှိပြီး အာရုံစိုက်နေသောအရာ၏ ယေဘုယျအကျဆုံး အချက်ကိုသာ သိရှိပါသည်။ ဤနေရာတွင် သူတို့သည် ဆင်းရဲဒုက္ခရောက်နေသည်ဆိုသောအချက် ဖြစ်သည်။ သိမ်မွေ့သော လေ့လာဆန်းစစ်မှုဖြင့် ကျွန်ုပ်တို့သည် သူတို့ကြုံတွေ့ရသော ဆင်းရဲဒုက္ခ အမျိုမျိုး၏ အသေးစိတ်အားလုံးကို ခွဲခြားသိရှိပါသည်။ ထိုနှစ်ချက် ပေါင်းစပ်ကာ ကျွန်ုပ်တို့သည် အရာဝတ္ထု၏ အဆိုပါအချက်အားလုံးကို သိမြင်ပြီး အသိအမှတ်ပြုပါသည်။ စိတ်အခြေအနေတစ်ခုအဖြစ် စုပေါင်းထုတ်လုပ်ကာ အသေးစိတ် နားလည်သဘောပေါက်မှု ဖြစ်ပါသည်။ သို့သော် တစ်ခုချင်း လေ့လာခြင်း သို့မဟုတ် စိတ်ထဲတွင် စကားလုံးဖြင့် ပြောဆိုခြင်းတို့ မပါဝင်ပါ။ ဤအသေးစိတ်အချက်များကို ကျွန်ုပ်တို့၏ သိရှိမှုနှင့် လေ့လာဆန်းစစ်မှုသည် အားနည်းလာပါက ထိုအချက်အားလုံးကို တစ်ခုချင်း ထပ်မံ လေ့လာပါသည်။ ထို့နောက် ကရုဏာကို နောက်တစ်ကြိမ် ထားရှိပါသည်။ ခြုံငုံ သိရှိမှု၊ သိမ်မွေ့သော လေ့လာဆန်းစစ်မှုနှင့် အာရုံစူးစိုက်မှုတို့ ပါဝင်ပါသည်။

တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်း

လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းပြီးလျှင် တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်း လာပါသည်။ ယခုအခါ ဤသို့များပြားသော သက်ရှိများအပေါ် ကရုဏာဖြင့်ပင် ဆက်လက်အာရုံ စိုက်ပါသည်။ သို့သော် ယခုတစ်ကြိမ်တွင် ၎င်းတို့၏ ဆင်းရဲဒုက္ခကို ခြုံငုံ သိရှိမှုနှင့် သိမ်မွေ့သော လေ့လာဆန်းစစ်မှုတို့ မပါဝင်ပါ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဆင်းရဲဒုက္ခ ကြုံနေသည်ဟု မှန်ကန်သော စဉ်းစားမှု ရှိနေရင်း ထိုအချက်ကို နှလုံးသွင်းနေပါသည်။

ဤသည်မှာ တရားရှုမှတ်ခြင်းအလုပ် ဖြစ်ပါသည်။ တစ်ခုခုကို ပေါင်းစည်းပုံ၊ ကိုယ်တိုင် အလေ့အထဖြစ်အောင် ပြုလုပ်ပုံ ဖြစ်ပါသည်။ ထို့ပြင် အရာဝတ္ထု တစ်ခုကို အာရုံစိုက်ရသည့် တရားရှုမှတ်နည်း အမျိုးအစားအကြောင်း ပြောနေခြင်းလား။ စိတ်အခြေအနေတစ်ခုကို ထိန်းထားရသည့် တရားရှုမှတ်နည်း အမျိုးအစားလား။ နှစ်ခုစလုံး ပေါင်းစပ်ခြင်းလား။ ဤလုပ်ထုံးလုပ်နည်း၊ ဤအသေးစိတ် အချက် အားလုံးနှင့် ပတ်သက်လျှင် အတိအကျ အတူတူပင် ဖြစ်ပါသည်။

လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းနှင့် တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းတို့ကို ခွဲခြားပုံ

လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းနှင့် တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းတို့၏ ခြားနားချက်ကို ဒလိုင်းလားမား ဆရာတော်ကြီးက သင့်စိတ်၏ဆောင်ရွက်ချက် စွမ်းအားအနေနှင့် ရှင်းပြထားပါသည်။ ဤသည်မှာ ထိုနှစ်မျိုးကို အလွန်သိမ်မွေ့ပြီး အလွန်အနုစိတ်သည့် ခွဲခြားမှု ဖြစ်ပါသည်။ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းတွင် သင်အာရုံ စိုက်နေသော စွမ်းအင်သည် အပြင်သို့ သွားပါသည်။ တစ်ခုခုကို အသေးစိတ် လေ့လာဆန်းစစ်ပါသည်။ တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းတွင် သင်အာရုံ စိုက်နေသော စွမ်းအင်သည် အတွင်းသို့ လာပါသည်။ အာရုံစိုက်မှုမှာ စိတ်ခံစားမှု သို့မဟုတ် နားလည်သဘောပေါက်မှုကို စိမ့်ဝင်စေခြင်း ဖြစ်သည်။ ထိုအတွက် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းမှ ရရှိလာသည့် အဓိကအချက်များကို နှလုံးသွင်းမှုတွင် အခြေခံပါသည်။ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းကဲ့သို့ စွမ်းအင်ကို အသေးစိတ် မဖြန့်ကျက်ဘဲ အဓိကအချက်ကို ပိုမိုကျဉ်းမြောင်းစွာ အနုစိတ်ပါသည်။

တစ်စုံတစ်ယောက်ကို ကရုဏာဖြင့် အသေးစိတ်အချက်အားလုံးဖြင့် ထုတ်လွှတ်သော စွမ်းအင်ကို လေ့လာဆန်းစစ်မှုနှင့် ထိုကရုဏာကို တည်ငြိမ်အောင်ထားကာ စွမ်းအင်ကို ပိုပြီး အာရုံစူးစိုက်မှု အကြား ခွဲခြားသိနိုင်စွမ်းမှာ အလွန်အဆင့်မြင့်ပါသည်။ ဤသည်မှာ စိတ်ကို တည်ငြိမ်အောင်ထားခြင်းမှ ထွက်ပေါ်လာသော အကျိုးကျေးဇူးတစ်ခု ဖြစ်ပါသည်။ သင့်ခေါင်းထဲသို့ ဝင်လာသော (အမြဲတမ်း စကားပြောခြင်း၊ အမြဲတမ်း ဝေဖန်ခြင်း၊ သင့် iPod မှ သီချင်း အမြဲတမ်း ဖွင့်ခြင်း) အသံအားလုံး ငြိမ်သွားအောင် အနည်းဆုံး အချို့အဆင့်အထိ အောင်မြင်သွားပါက သင့်စွမ်းအင်ကို စတင် အသိရှိလာပြီး သင့်စိတ်၏ စွမ်းအင်က မည်သည့်အခြေအနေ ဖြစ်သည်ကို ပြောနိုင်လာပါသည်။

သင့်စွမ်းအင်ကို သိရှိအောင် အကောင်းဆုံး စတင်နည်းမှာ သင့်စွမ်းအင်သည် မတည်မငြိမ် ဖြစ်နေသလား၊ တည်ငြိမ်နေသလား အာရုံစိုက်ရန်ဖြစ်သည်။ ဥပမာ၊ လောဘ၊ ဒေါသ၊ မောက်မာမှု၊ ကြောက်ရွံ့မှု၊ စိုးရိမ်သောက စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုအောက်တွင် ရှိ၊ မရှိ သိရှိရန်အတွက် သင့်စွမ်းအင်၏ တည်ငြိမ်မှုကို လေ့လာနိုင်ပါသည်။ တစ်ယောက်ယောက်ကို စကားပြောနေသောအခါ သင့်ဝမ်းထဲတွင် တင်းကျပ်နေပါက သင့်စွမ်းအင်သည် အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်ကို ဖော်ပြပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် တစ်ခုခု ပါဝင်နေသည်ဆိုသည့် အလွန်ကောင်းသော သဲလွန်စ ဖြစ်ပါသည်။ ထိုသူက အထင်ကြီးအောင် သင်ကြိုးစားနေခြင်း၊ သူတို့ကို တစ်ခုခု ယုံကြည်အောင် ကြိုးစားနေခြင်း သို့မဟုတ် အခြား ရန်လိုမှုတစ်ခုခု ရှိနေခြင်း ဖြစ်နိုင်ပါသည်။ သင့်စိတ်တွင် အနှောင့်အယှက်ပေးသော အရာတစ်ခုခု ရှိနေသည်ဟု ထိုအရာများက ဖော်ပြပါသည်။ တစ်ခုခုမှားနေသည်ဟု သတိပြုမိလိုက်သည်နှင့် သင့်တွေးတောမှုအလုပ်ကို ပြန်လည်စတင်ခွင့် ရလာပါသည်။ တစ်နည်းဆိုသော် သင့်စိတ်ကို ပြန်လှုပ်နှိုးပြီး သင့်အပြန်အလှန်ဆက်သွယ်မှု နောက်ကွယ်မှ စိတ်ခံစားချက်ကို ပြောင်းလဲကာ ပိုပြီးပြည့်စုံသော စိတ်ခံစားချက်များဖြင့် အစားထိုးပါ။ အထူးသဖြင့် တစ်ယောက်ယောက်နှင့် အပြန်အလှန် ဆက်သွယ်သောအခါ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို သိရှိနိုင်ရန် အမှန်ပင် လိုအပ်ပါသည်။

အလေ့အကျင့်ရပြီး အချိန်ကြာလာသောအခါ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်း၏ ပြင်ပသို့သွားသော စွမ်းအင်နှင့် တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်း၏ အတွင်းသို့စုစည်းပြီးသွားသော စွမ်းအင်တို့ကို ခွဲခြားနိုင်စွမ်း ရှိလာပါမည်။

စူးစိုက်မှု သမာဓိ ရရှိအောင် လိုအပ်သောအချက်များ

စူးစိုက်မှုသမာဓိ ရရှိအောင် လိုအပ်သော အချက်များမှာ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းရော၊ တည်ငြိမ်အောင် ထားသော တရားရှုမှတ်ခြင်းနှင့်ပါ ဆိုင်ပါသည်။ ရှန်တီဒေဝက ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း ကျမ်းတွင် ယင်းတို့ကို ကျင့်ဝတ်စည်းကမ်း ရရှိမှုနှင့် ဆက်စပ်ပြီး ဆွေးနွေးထားပါသည်။ ထို့ကြောင့် ပထမဦးစွာ ကျွန်ုပ်တို့ ပြုမူ၊ ပြောဆိုသော ယေဘုယျအပြုအမူများ၌ ထိုနည်းလမ်းများ ရရှိရန် လိုပါသည်။ ထို့နောက် ယင်းတို့ကို စိတ်အတွက် အသုံးချရပါမည်။

သတိဖြင့်ရှုမှတ်မှု နှစ်မျိုးစလုံးတွင် လိုအပ်ပြီး အသုံးပြုရမည့် အဓိက စိတ်၏အချက်မှာ စိတ်၏ကော်စေးနှင့်တူပြီး စိတ်အခြေအနေ သို့မဟုတ် ပြုမူပုံနည်းလမ်းတွင် ကပ်နေရပါမည်။ ဤသည်မှာ ‘‘အမှတ်ရနေရန်’’ ဆိုသည့်စကားနှင့် တူသော်လည်း မှတ်ဉာဏ်တစ်နေရာမှ ထုတ်ယူပြီး ပြန်သတိရခြင်းဆိုသည့် သဘောမျိုး ပြောခြင်း မဟုတ်ပါ။ ထိုသို့ မဟုတ်ပါ။ အမှတ်ရကာ တစ်ခုခုကို ကပ်ထားခြင်း ဖြစ်ပါသည်။ မိမိအာရုံစိုက်နေသာ အရာအပေါ် စိတ်က ဆက်စပ်နေသည့် ပုံစံဖြင့် ၎င်းအပေါ် စိတ်၏ကော်စေးဖြင့် ကပ်ထားရန် လိုပါသည်။

သတိဖြင့် တရားရှုမှတ်နေသောအခါ စိတ်၏တည်ငြိမ်မှုကို စောင့်ကြည့်ရပါသည်။ ဆုန်ခပ က ဤနေရာတွင် ကျွန်ုပ်တို့၏ စိတ်အခြေအနေက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၊ စိတ်ပျံ့လွင့်မှု သို့မဟုတ် စိတ်ထွေပြားမှုတို့၏ လွှမ်းမိုးမှု ခံနေရသလား ယေဘုယျအားဖြင့် ခြုံငုံ သိရှိမှု ဆိုသည့် စိတ်အချက်အလက်ကို အသုံးချရမည်ဟု ရှင်းပြပါသည်။ သူက သိမ်မွေ့သော လေ့လာဆန်းစစ်မှုကို မဟုတ်ဘဲ ခြုံငုံသိရှိမှုကို သီးသန့်ပြောနေသည်မှာ ထင်ရှားပါသည်။ သိမ်မွေ့သော လေ့လာဆန်းစစ်မှုသည် အသေးစိတ်ကျစွာ စစ်ဆေးနေသည့်အတွက် ကျွန်ုပ်တို့၏ အာရုံစိုက်မှုသည် အာရုံစိုက်နေသော အရာပေါ်တွင် အဓိကအားဖြင့် မရှိတော့ပါ။ ထိုအရာကို လွတ်သွားပြီး စိတ်စတင်ပျံ့လွင့်လာမည်ကို အကြောက်လွန်နေပါက တောင့်တင်းမွန်းကျပ်လာနိုင်သည်မှာ တရားရှုမှတ်ခြင်း၏ အန္တရာယ်ကြီးတစ်ခု ဖြစ်ပါသည်။ ဤသို့ဖြစ်လျှင် ပြဿနာမသေးပါ။ တစ်ဖက်တွင်လည်း အလွန်သက်သောင့်သက်သာ ပျင်းရိနေ၍ မရပါ။ ထိုသို့ပြုပါကလည်း အထောက်အကူ လုံးဝမဖြစ်ပါ။

ထို့ကြောင့် နှိုးစက်စနစ်ကဲ့သို့ နိုးကြားမှု လိုအပ်ပါသည်။ ရှုမှတ်နေသောအရာကို လွတ်သွားသည်ဟု သိလိုက်သောအခါ ပြုပြင်ရမည့်အရာ ဖြစ်သည်ဟူ၍ နိုးကြားမှုက လှုပ်နှိုးပါသည်။ ထိုအခါ သတိ လေးထားပြီး အာရုံပြန်စိုက်လိုက်ပါသည်။

ပြုပြင်ရန်လိုအပ်သော အမှားများ

ကျွန်ုပ်တို့ ဖယ်ရှားရန် ကြိုးစားရမည့် အမှားနှစ်ချက်မှာ- ‘‘စိတ်ပျံ့လွင့်ခြင်း’’ နှင့် ‘‘စိတ်ထွေပြားခြင်း’’ ဟူ၍ နှစ်မျိုး ရှိပါသည်။ စိတ်ပျံ့လွင့်ခြင်းမှာ တွယ်တာမှု သို့မဟုတ် အာသာဆန္ဒကြောင့် စိတ်ပျံ့လွင့်ခြင်း ဖြစ်သည်။ စကားလုံးများဖြင့် တွေးခြင်း သို့မဟုတ် စိတ်၏အသံများ ပုံစံဖြင့် လာနိုင်ပါသည်။ ရိုးရာအစဉ်အလာ ကျမ်းစာအများစုတွင် ဤပျံ့လွင့်မှုကို လိင်ပိုင်းဆိုင်ရာ တွယ်တာမှုဖြင့် ဆွေးနွေးထားပါသည်။ ဖြစ်နိုင်သည်မှာ ထိုအချိန်က အဓိကပရိသတ်သည် မေထုန်မမှီဝဲသော သံဃာနှင့် သီလရှင်များ ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ တွယ်ငြိမှုကို ကျော်လွှားရေးမှာ အဓိကကျပါသည်။ သို့သော် အစားအသောက်၊ သီချင်း သို့မဟုတ် တစ်ခုခုကို တွယ်ငြိမှု ဖြစ်နိုင်ပါသည်။ သို့ရာတွင် စိတ်ပျံ့လွင့်မှုသည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၊ အတွေး၊ အသံ သို့မဟုတ် အခြားအာရုံနှောင့်ယှက်မှု တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါသည်။ ပို၍ ယေဘုယျကျစွာ ပြောရလျှင် စိတ်ပျံ့လွင့်မှုကို ‘‘စိတ်အနှောင့်အယှက်’’ ဟုလည်း ခေါ်နိုင်ပါသည်။

စိတ်ပျံ့လွင့်မှု အဆင့်များစွာ ရှိပါသည်။ ယင်းတို့သည် အရာဝတ္ထု သို့မဟုတ် ခံစားချက်အပေါ် အာရုံထားရှိမှုနှင့် သက်ဆိုင်ပါသည်။

  • ခြုံငုံ ပျံ့လွင့်မှု - အရာဝတ္ထုပေါ်၌ အာရုံ လုံးဝမကပ်တော့ဘဲ ရှိသမျှအရာအားလုံးကို စတင်တွေးတောပါသည်။ စိတ်၏ကော်စေးဖြစ်သည့် သတိရှိမှုက အလွန်အားနည်းသည့်အတွက် အရာဝတ္ထုကို သင်လုံးဝ မေ့သွားပါသည်။
  • သိမ်မွေ့သော ပျံ့လွင့်မှု - အရာဝတ္ထုကို လုံးဝ မလွှတ်ပေးသော်လည်း တစ်ချိန်တည်းမှာပင် အရာဝတ္ထုကို ဆုပ်ကိုင်ထားကာ အခြားအရာတစ်ခုခုကို တစ်စွန်းတစ်စ တွေးနေပါသည်။
  • အသိမ်မွေ့ဆုံး ပျံ့လွင့်မှု - ဤသို့ တစ်စွန်းတစ်စ တွေးရုံသာမက အရာဝတ္ထုကို လွှတ်ပေးလိုစိတ်မျိုး ဖြစ်လာပြီး အခြားအရာတစ်ခုကို တွေးပါသည်။ စိတ်ကို အလွန်တင်းကျပ်စွာ ထိန်းချုပ်သောအခါ ဤသို့ အမှန်ပင် ဖြစ်လာနိုင်ပါသည်။

စိတ်ထွေပြားခြင်း သည် အရာဝတ္ထုကို ရှင်းလင်းမှုနှင့် ဆိုင်ပြီး ပုံရိပ်ဖော်မှု ဆိုပါက ပုံပန်းသဏ္ဌာန် ဖြစ်နိုင်ပြီး ကရုဏာကဲ့သို့ စိတ်အခြေအနေဆိုပါက ခံစားချက် ဖြစ်နိုင်ပါသည်။

  • ခြုံငုံပြီး စိတ်ထွေပြားခြင်း - သင့်စိတ်၏ ‘‘ပုံသဏ္ဌာန် ပေါ်စေသော’’ ဆောင်ရွက်ချက်သည် အလွန်အားနည်းသည့် အတွက် ပုံရိပ် သို့မဟုတ် ခံစားချက် တစ်ခုခု လုံးဝဖြစ်မလာတော့ပါ။ ထိုအခါ ကိုယ်နှင့်စိတ်တွင် လေးလံနေသော ‘‘မြူကဲ့သို့ စိတ်’’ သို့မဟုတ် အိပ်ငိုက်ခြင်း၊ အိပ်ပျော်ခြင်း စသည့် အခြားအချက်နှစ်ချက် လိုက်ပါလာပါသည်။
  • သိမ်မွေ့သော စိတ်ထွေပြားခြင်း - ပုံသဏ္ဌာန် ရှိသော်လည်း ၎င်းကိုဆုပ်ကိုင်ထားမှုမှာ လုံလောက်အောင် မတင်းကျပ်ဘဲ ပြတ်သားရှင်းလင်းမှု မရှိပါ။ ပုံရိပ်တစ်ခု၏ အသေးစိတ်ကို ပြတ်သားစွာ အာရုံစိုက်မှုအကြောင်း ပြောနေခြင်း မဟုတ်ပါ။ အာရုံလွတ်သွားနိုင်သည့် ကရုဏာကဲ့သို့သော စိတ်ခံစားချက်ကို ပြောခြင်းဖြစ်ပါသည်။ ဤသည်မှာ အလွန်မသိသာသော ခံစားချက် ဖြစ်နိုင်သည်။ ‘‘မေတ္တာ၊ ငြိမ်းချမ်းရေး၊ လူတိုင်းကို မေတ္တာ ထားတယ်’’ စသည့် သင်ဖော်ထုတ်နေသော ခံစားချက် ဖြစ်သည်။ သို့သော် လူတိုင်း ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ အကြောင်းတရားများ ကင်းဝေး စေလိုသော ဆန္ဒဆိုသည့် သီးသန့်အာရုံစိုက်မှု မရှိပါ။ ကျွန်ုပ်တို့ ရရှိလိုသော စိတ်အခြေအနေ၏ အသေးစိတ် အချက်၊ အသေးစိတ် အစိတ်အပိုင်းတိုင်းသည် အလွန်သီးသန့်ဖြစ်ပြီး မထင်မရှား မဟုတ်ကြောင်း သတိရရန် လိုပါသည်။
  • အသိမ်မွေ့ဆုံး စိတ်ထွေပြားခြင်း - စိတ်က အရာဝတ္ထုကို ကပ်လိုက်သောအခါ ထင်ရှားသော အာရုံစိုက်မှု ရရှိသော်လည်း ထိန်းထားရန် အလွန် မခိုင်မာသည့်အတွက် လတ်ဆတ်ခြင်း၊ ထင်ရှားခြင်း၊ ထက်မြက်ခြင်း မရှိပါ။ ၎င်းသည် အချိန်တိုင်း လတ်ဆတ်နေရပါမည်။ အလွန် ဟောင်းနွမ်းပြီး မာကျောကာ စားမကောင်းတော့သော ပျက်စီးနေသည့် ပေါင်မုန့်ကဲ့သို့ မဟုတ်ရပါ။

 ‘‘လွတ်ထွက်သွားခြင်း’’ အကြောင်း ပြောသောအခါ အထက်ပါ အမှားအားလုံးနှင့် ဆိုင်ပြီး ယင်းတို့ပေါ်ထွက်လာပါက သိရှိနိုင်ဖို့ လိုပါသည်။ ပထမဦးစွာ အရာဝတ္ထု သို့မဟုတ် စိတ်အခြေအနေ အပေါ် စိတ်ကို ကပ်ထားပါသည်။ ထို့နောက် စိတ်၏ကော်စေးဖြစ်သော သတိဖြင့်ရှုမှတ်ကာ လွတ်ထွက် မသွားတော့ပါ။

ဤသည်မှာ တရားရှုမှတ်ခြင်း အောင်မြင်ရန် အရေးအကြီးဆုံးအချက် ဖြစ်သည်။ အရမ်း တင်းကျပ်စွာ၊ အရမ်း လျော့ရဲစွာ ဆုပ်ကိုင်ထားပါ။ ဥပမာ၊ သင် အစားအသောက် ဆင်ခြင်နေစဉ်တွင် မုန့်ဆိုင်ကို ဖြတ်လျှောက်သွားပါက ပြသထားသည့် လှလှပပ ကိတ်မုန့်အားလုံး တွေ့နေရသည်။ သင်က သင့် အစားအသောက် အစီအစဉ်ကို ဆုပ်ကိုင်ပါသည်။ လွှတ်မပစ်ရပါ။ ဆိုင်ထဲဝင်ပြီး ချောကလက်ကိတ်မုန့် သွားမဝယ်ပါ။ သို့မဟုတ် ဧည့်ခံပွဲတွင် လူတိုင်းကို ရေခဲမုန့် ဧည့်ခံနေစဉ် သင်က သင့် အစားအသောက် အစီအစဉ်ကို ဆုပ်ကိုင်ပြီး ‘‘မစားတော့ဘူး။ ဆင်ခြင်နေလို့ပါ။ ကျေးဇူးတင်ပါတယ်။’’ ဟု ပြောလိုက်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ပျံ့လွင့်နေသလား သိရှိအောင် ထောက်လှမ်းဖို့ လိုပါသည်။ ‘‘အရာဝတ္ထုပေါ်မှာ စိတ်တည်ငြိမ်ပြီး ကပ်ထားနိုင်အောင် ကြိုးစားရာမှာ အမှားရှိနေသလား။ အရာဝတ္ထု ဒါမှမဟုတ် ခံစားချက် ဖြစ်လာစေတဲ့ မိမိစိတ်မှာ တစ်ခုခုမှားနေသလား။’’ ဟု ကြည့်ပါ။ အမှားတစ်ခုခု တွေ့ပါက နိုးကြားမှုသည် ကိုယ်တွင်း အချက်ပေးသံ ထွက်ပေါ်လာပြီး အာရုံစိုက်မှုက အာရုံကို ပြန်ဆွဲခေါ်ပါသည်။ တစ်ချိန်တည်းမှာပင် ထိုအတွက် အကြောက်လွန်သော ရဲတစ်ယောက်လို မဖြစ်သင့်ပါ။ ထိုအခါ စောင့်ကြည့်သည့် ရဲတစ်ယောက် ဆိုသည့် ‘‘ငါ’’ နှင့် တရားရှုမှတ်နေသော ‘‘ငါ’’ အကြားတွင် နှစ်ခွဖြစ်နေပါမည်။ ထိုသို့နှစ်ခွဖြစ်ခြင်းကို ရှောင်ရှားရန် အတ္တ၏ ဘာမှမရှိခြင်း (အနတ္တ) ကို အနည်းငယ် နားလည်ရန် လိုပါသည်။ ဤသို့ မဖြစ်နိုင်သော နှစ်ခွဖြစ်ခြင်းမျိုးမှ ကျွန်ုပ်တို့ လုံးဝကင်းရှင်းနေပါသည်။

တရားရှုမှတ်ရာတွင် လေ့ကျင့်ထားသော စွမ်းရည်များကို လက်တွေ့အသုံးချခြင်း

အရာဝတ္ထုကို သတိရှိမှု၊ စူးစိုက်မှုဖြင့် အာရုံစိုက်ထားနိုင်စွမ်းသည် နေ့စဉ်ဘဝ၌ လိုအပ်သောအချက် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရရှိထားသည့် အကျိုးပြု အလေ့အထများကို ဘဝတွင် အသုံးချနိုင်အောင် တရားရှုမှတ် ကျင့်ကြံရခြင်း ဖြစ်ပါသည်။ ဥပမာ၊ တစ်ယောက်ယောက်နှင့် စကားပြောသောအခါ သို့မဟုတ် နားထောင်သောအခါ စူးစိုက်ဖို့ လိုပါသည်။ အာရုံစိုက်ထားရပါသည်။ နေ့လည်စာအကြောင်း မစဉ်းစားရသလို ‘‘မပြောနဲ့တော့။ ထွက်သွား။’’ ဟူ၍ စိတ်ထဲမှ မပြောဆိုရပါ။ ထို့ကြောင့် တစ်ဦးချင်း အပြန်အလှန် ဆက်သွယ်မှု၊ အလုပ်၊ ပညာသင်ကြားမှု စသည်တို့သည် စူးစိုက်မှု လေ့ကျင့်ရန် အလွန်ကောင်းသောအရာများ ဖြစ်ပါသည်။

အထောက်အပံ့ လေးရပ်

ကျွန်ုပ်တို့ တရားရှုမှတ်ရာတွင် စူးစိုက်မှု ရရှိအောင် ကြိုးစားသောအခါ ရရှိရမည့်အချက်နှစ်ချက်မှာ အားသန်မှု (‘‘ဇွဲလုံ့လ’’ ဟုတစ်ခါတစ်ရံခေါ်သည်) နှင့် သည်းခံမှုတို့ ဖြစ်သည်။ အားသန်မှုသည် အပြုသဘော တစ်ခုခုကို ဆောင်ရွက်ရန်အတွက် ခိုင်မာပြီး သူရဲကောင်းကဲ့သို့ ရဲစွမ်းသတ္တိနှင့် အားထုတ်မှုဖြစ်ပါသည်။ သည်းခံမှုမှာ စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်း မရှိဘဲ အကျပ်အတည်း၊ အခက်အခဲ အားလုံးကို တောင့်ခံနိုင်စွမ်း ဖြစ်သည်။ ရှန်တီဒေဝက ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း ကျမ်းတွင် အားသန်မှု ရှိလာအောင် ကူညီသော အချက်ခြောက်ချက်ကို ရှင်းပြထားပါသည်။ ယင်းတို့မှာ အထောက်အပံ့ လေးရပ်နှင့် အားအင် နှစ်ရပ် ဖြစ်ပြီး သိရှိအားထုတ်လျှင် အထောက်အကူ ပြုပါသည်။

ပထမတစ်ချက်မှာ တည်မြဲသော ယုံကြည်မှု သို့မဟုတ် တည်မြဲသော စိတ်ဆန္ဒ ဟု ခေါ်ပါသည်။ ‘‘စိတ်ဆန္ဒ’’ သည် ဆန္ဒရှိမှုအတွက် ခွန်အားရှိသော စကားလုံးဖြစ်ပြီး ရည်မှန်းချက်အောင်မြင်မှု၏ အားသာချက်များ၊ မအောင်မြင်ခြင်း၏ အားနည်းချက်များကို ခိုင်မာစွာ ယုံကြည်ခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။ သို့ဖြစ်ရာ ယင်းကိုရရှိလိုသော စိတ်ဆန္ဒသည် မယိုင်လဲသလို နောက်ပြန်မလှည့်ပါ။ ဗုဒ္ဓဘာသာ ကျင့်ကြံမှုဖြင့် ရရှိလိုသော စိတ်၏ အခြေအနေအမျိုးမျိုးအကြောင်း ဖတ်ရှုသောအခါ ပထမဦးစွာ ယင်းကို အောင်မြင်သည့် အားသာချက်များနှင့် မအောင်မြင်သည့် အားနည်းချက်များ အကြောင်းကို အမြဲတမ်းနီးပါး တင်ဆက်ပြောကြားထားပါသည်။ ထိုအချက်များကို လေ့လာရန် အရေးကြီးပါသည်။ ရှန်တီဒေဝသည် သူ၏ကျမ်းစာတွင် ဤပုံစံအတိုင်း ဖော်ပြထားသည်။ ပထမအခန်းတွင် ဗောဓိစိတ္တအကြောင်း ဖြစ်သည်။ ဤစိတ်အခြေအနေ ရရှိခြင်း၏ အကျိုးကျေးဇူးများကို ကျွန်ုပ်တို့ ယုံကြည်လာပါသည်။ ထိုအခါ ကျွန်ုပ်တို့ကို ခွန်အားဖြစ်စေပြီး ထိုအတွက် ကြိုးစားရသည်ကို ပျော်ရွှင်လာပါသည်။ စိတ်ပျက်မိသောအခါတိုင်း ကျွန်ုပ်တို့ အောင်မြင်လိုသောအရာ၏ အကျိုးကျေးဇူးများဖြင့် ပြန်လည်သတိပေးသင့်ပါသည်။

နောက်တစ်ချက်မှာ ခေါင်းမာခြင်း သို့မဟုတ် မိမိကိုယ်ကို ယုံကြည်ခြင်း ဖြစ်သည်။ ‘‘ခေါင်းမာခြင်း’’ ဆိုရာတွင် ကျင့်ကြံမှု၌ တည်ငြိမ်ပြီး ဇွဲရှိရန် ဆိုလိုပါသည်။ ရရှိလိုသော ရည်မှန်းချက်သို့ရောက်အောင် သွားနိုင်သလား စစ်ဆေးခြင်း၊ ရောက်ရှိနိုင်သည်ဟု ယုံကြည်ခြင်းတို့မှတစ်ဆင့် ပေါ်ထွက်လာပါသည်။ မိမိကိုယ်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် အမှန်တရားအတိုင်း ဖြစ်လာတတ်သည့် တိုးတက်မှုအတက်၊ အကျရှိသည့်တိုင် မိမိကိုယ်ကို တည်ငြိမ်စွာ လေ့ကျင့်နိုင်ပါသည်။ အချို့နေ့များတွင် အဆင်ပြေသော်လည်း အချို့နေ့များတွင် စိတ်ပျက်စရာ ကောင်းပါသည်။ အချို့နေ့များတွင် ကျင့်ကြံရန် တက်ကြွနေပြီး အချို့နေ့များတွင် လုံးဝစိတ်မပါတတ်ပါ။ သို့သော် အကျိုးကျေးဇူးများကို ယုံကြည်လာပါက၊ သံချပ်ကာ ဝတ်စုံပမာ ဖော်ပြထားသည့်အတိုင်း ဇွဲရှိပါက ‘‘အရေးမကြီးပါဘူး။ အတက်၊ အကျဖြစ်လည်း ဂရုမစိုက်ဘူး။ နေ့တိုင်း တည်တည်ငြိမ်ငြိမ် ဆက်လေ့ကျင့်ရမယ်။ နောက်ဆုံးမှာ ရည်မှန်းချက်ကို ရောက်မှာသိနေတယ်။’’ ဟု တွေးလာနိုင်ပါသည်။

ကာလရှည်ကြာစွာ ကျင့်ကြံပြီး တိုးတက်မှုရရှိလာပါက ပိုပြီး စူးစိုက်ရန် တဖြည်းဖြည်း စိတ်ပါလာပြီး နောက်ထပ် ပံ့ပိုးမှုတစ်ခုဖြစ်သည့် ပီတိ ကို ရရှိလာပါသည်။ အနည်းငယ် တိုးတက်မှုဖြင့် မကျေနပ်တော့ဘဲ  မိမိကိုယ်ကို ကျေနပ်သောစိတ်ဖြင့် နောက်ထပ် ဆက်လက်တိုးတက်ရန် ပျော်ရွှင်လာပါသည်။ အဓိကအချက်က ဆင်းရဲဒုက္ခ ဖယ်ရှားရန် ဖြစ်သည့်အတွက် ရလဒ်မှာ ပိုမိုပျော်ရွှင်မှု ဖြစ်လာပါသည်။ ကျွန်ုပ်တို့၏ စိတ်က အနှောင့်အယှက် ပိုကင်းပြီး ဝမ်းနည်းမှု၊ အတားအဆီးတို့ လျော့နည်းလာကာ ပိုမိုပျော်ရွှင်လာပါသည်။ ဤသို့မြင်လာပါက ဆက်လက်ကြိုးစားပြီး ပို၍တိုးတက်ရန် အမှန်ပင် စိတ်လှုပ်ရှားလာပါသည်။

စတုတ္ထ ပံ့ပိုးရေးမှာ အနားယူခြင်း ဖြစ်သည်။ ပင်ပန်းလာသောအခါ အနားယူခြင်းကို ဆိုလိုပါသည်။ ဤသည်မှာ ပျင်းရိခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ပြန်လည်လန်းဆန်းစေခြင်း ဖြစ်ပါသည်။ အလွန်အကျွံ အားထုတ်ခြင်းထက် ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုကို ပို၍ဖျက်ဆီးပစ်သောအရာ မရှိပါ။ ငြီးငွေ့မှုလည်း ဖြစ်လာပါသည်။ အလွန်အကျွံ အားထုတ်ခြင်းသည် ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို အမှန်ပင် ယိုယွင်းစေသည်။ ဘောလုံးတစ်လုံးကို ပေါက်ခါနီးအထိ ညှစ်လိုက်သလို ဖြစ်ပါသည်။ မိမိကိုယ်ကို အကဲဖြတ်ကာ နားရန်လိုအပ်ပြီဟု ဆုံးဖြတ်သိရှိနိုင်ရန်လိုပါသည်။ ထိုအတွက် အပြစ်ရှိသလို မခံစားရရန်လည်း လိုပါသည်။ အနားယူရန် ကူညီသောအရာတစ်ခုခု ရွေးချယ်ပြီး အနှောင့်အယှက်ပေးသော စိတ်ခံစားချက် တိုးပွားမလာစေသော အရာကို ရွေးချယ်သင့်ပါသည်။ ဒါက တစ်ယောက်နှင့် တစ်ယောက် မတူနိုင်ပါ။ ဤသည်တို့ကား အားသန်မှုအတွက် ပံ့ပိုးမှုလေးရပ် ဖြစ်ပါသည်။

အားနှစ်ရပ်

ယခုအခါ အားနှစ်ရပ်အကြောင်း ပြောပါမည်။ ပထမတစ်ခုမှာ သဘာဝအတိုင်း လက်ခံခြင်း ဖြစ်ပြီး ရည်မှန်းချက်ရောက်အောင် ကျင်ကြံရန် လိုသောအရာနှင့် မိမိတွင် မရှိအောင် ဖယ်ရှားရန် လိုသောအရာတို့ကို သဘာဝအတိုင်း လက်ခံရန် ဆိုလိုပါသည်။ ကျွန်ုပ်တို့အခြေအနေ၏ အမှန်တရားကို မြင်ရပြီး မိမိတွင် မရှိအောင် ဖယ်ရှားရာတွင် သက်ဆိုင်သည့် အကျပ်အတည်းများ၊ ဥပမာ၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို သဘာဝအတိုင်း လက်ခံရပါသည်။ မည်မျှ ခက်ခဲနိုင်သည့်အချက်နှင့် ပတ်သက်၍ နောင်တွင် နောင်တမရစေရန် အစကတည်းက လက်တွေ့ကျဖို့ လိုပါသည်။

ဒလိုင်းလားမား ဆရာတော်ကြီးက ‘‘ဗုဒ္ဓဘာသာဟာ လွယ်ကူသက်သာတယ်လို့ ပြောတဲ့ ဗုဒ္ဓဘာသာ ဆရာတော် ဒါမှမဟုတ် လူပုဂ္ဂိုလ်ဆိုရင် သူတို့ကိုရော၊ သူတို့ရဲ့ စိတ်ဓာတ်စေ့ဆော်မှုကိုရော အလွန်သတိထားပေတော့။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လွယ်ကူသက်သာတဲ့အလုပ် မဟုတ်လို့ပါပဲ။ အနှောင့်အယှက်ပေးတဲ့ စိတ်ခံစားချက်တွေနဲ့ အမြဲကြုံနေရတော့ ဒါတွေကို ဆေးသောက်ပြီး ဖယ်လိုက်သလို ဖယ်ရှားဖို့ လွယ်ကူတဲ့နည်းလမ်း မရှိပါဘူး။’’ ဟုပြောပါသည်။ ကျွန်ုပ်၏နောက်ထပ် ဆရာတစ်ဆူဖြစ်သော ဂဲရှိ ငါဝမ် ဒါဂယေ ကလည်း ‘‘ဗုဒ္ဓဘာသာမှာ လွယ်ကူမြန်ဆန်တဲ့လမ်း လိုက်ချင်သူတိုင်းဟာ ပျင်းရိလို့ပါပဲ။ တကယ်တမ်း လိုအပ်တဲ့ ကြိုးစားအားထုတ်မှု မပြုချင်ကြလို့ဖြစ်တယ်။’’ ဟုပြောလေ့ရှိပါသည်။

ဒုတိယအားမှာ ထိန်းချုပ်ခြင်း ဖြစ်ပြီး အောင်မြင်လိုသောအရာကို ထိန်းချုပ်ရန်နှင့် ကိုယ်တိုင် ကျင့်ကြံရန် ဆိုလိုပါသည်။ ထိန်းချုပ်ရန် ပျင်းရိမှု သို့မဟုတ် အခြားအနှောင့်အယှက် ပေးသော စိတ်ခံစားချက်ကို ခွင့်မပြုဘဲ ရည်မှန်းချက် ရောက်ရှိသောဆန္ဒက ထိန်းချုပ်ပါသည်။ ‘‘ကလေးတစ်ယောက်လို မလုပ်ဘူး။ စုစုစည်းစည်းနဲ့ လက်တွေ့လုပ်မယ်။’’ ဟု မိမိကိုယ်ကို ပြောရပါသည်။

ပင်ပန်းတာလား။ ပျင်းတာလား။

ပင်ပန်းမှုနှင့် ပျင်းရိမှုကို မည်သို့ခွဲခြားရမည်ကို စဉ်းစားစရာဖြစ်နိုင်ပါသည်။ ပထမဦးစွာ ပျင်းရိမှု အမျိုးမျိုး ရှိပါသည်။ အသေးအဖွဲများကြောင့် အာရုံပြောင်းသွားခြင်းမျိုး ဖြစ်ပါသည်။ တရားရှုမှတ်ခြင်း၊ စာပေလေ့လာခြင်း သို့မဟုတ် အခြားတစ်ခုခု ဆောင်ရွက်ရန် အလွန်ပျင်းရိပြီး ရုပ်သံအစီအစဉ် သို့မဟုတ် အင်တာနက် ဝင်ကြည့်ခြင်းဖြင့် အာရုံပြောင်းသွားပါသည်။ ထိုအခါ နောက်မှလုပ်တော့မယ်ဟု အလုပ်ကို ရွှေ့ဆိုင်းပြီး ပျင်းရိပါသည်။ အရာရာကို အမြဲတမ်း ရွှေ့ဆိုင်းနိုင်ပါ၏။ ထိုအခါ ‘‘ဒါကို မလုပ်တတ်ဘူး။’’ ဆိုပြီး ဆင်ခြေပေးသည့် ပျင်းရိမှု အမျိုးအစားလည်း ရှိပါသည်။

ပင်ပန်းသောအခါ ‘‘ဒါကို တကယ်လုပ်ချင်တယ်။ ဒါပေမယ့် အခု အရမ်းအိပ်ချင်နေတယ်။ ခဏနားပြီးရင် ပြန်လုပ်မယ်။’’ ဆိုသည့် လုပ်ကိုင်ဦးမည်ဟု ဆန္ဒ ရှိနေသေးသည်။ ဤသည်မှာ ဆင်ခြေမဟုတ်သလို ဂရုမစိုက်ခြင်းလည်း မဟုတ်ပါ။ ပျင်းရိမှုတွင် ဆက်လက်လုပ်ကိုင်လိုသည့် ဤဆန္ဒမျိုး မရှိပါ။

အကျဉ်းချုပ်

တရားရှုမှတ်ခြင်းသည် မလွယ်ကူပါ။ မယုံနိုင်လောက်အောင် တရားပေါက်ရန် မြန်ဆန်သောနည်းများ ရှိသည်ဟု ပြောသူတိုင်းကို သတိထားရန် လိုပါသည်။ ရှင်းရှင်းပြောရလျှင် ထိုသို့ လုံးဝမဖြစ်သောကြောင့် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ တရားရှုမှတ်မှုသည် တက်ကြွစွာ ဆောင်ရွက်ရပါသည်။ ထွေပြားပြီး ပျင်းရိနေသည့်အရာ မဟုတ်ပါ။ နာယူတွေးတောထားသော တရားတော်များကို နက်နက်နဲနဲ နားလည်အောင် လုပ်ရပါသည်။ ထိုသို့ပြုလုပ်နိုင်ပါက တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ကြာလာသောအခါ တရားတော်များက စွဲမြဲပြီး ပြဿနာများ၊ အပျက်စိတ်ခံစားချက်များ ထုံးစံအတိုင်း ပေါ်လာသောအခါ ယင်းတို့ကို သက်သက်သာသာ ဖြေရှင်းနိုင်စွမ်း ရှိလာပါတော့သည်။

Top