အခြားသူများနှင့်ပတ်သက်၍ အတ္တကို ညီမျှစေခြင်းနှင့် ဖလှယ်ခြင်း

ဇန်ဟဗ်ဆခုန် ယင်းပိုချီသည် မကွယ်လွန်မီ နှစ်လအလိုတွင် ဤတရားကို ဒေါက်တာဘာဇင်းအား ဟောကြားကာ တစ်လုံးချင်း စာဖြင့်လိုက်ရေးစေပြီး မိမိ၏ အရေးအကြီးဆုံးတရားအဖြစ် ထိန်းသိမ်းထားခိုင်းပါသည်။ ဤတရားထဲတွင် ကျွန်ုပ်တို့၏ မပျော်ရွှင်မှုနှင့် ပြဿနာများ၏ အကြီးမားဆုံး ရင်းမြစ်ဖြစ်သော မိမိကိုယ်ကို တန်ဖိုးထားသည့် သဘောထားကို ကျော်လွှားရေးနှင့် ပျော်ရွှင်မှု အားလုံး၏ ရင်းမြစ်ဖြစ်သော အခြားသူများကို ရိုးသားစွာ တန်ဖိုးထားသည့် သဘောထားကို ထားရှိရေးအတွက် တရားရှုမှတ်ခြင်းအကြောင်းကို အသေးစိတ် ရှင်းပြထားပါသည်။

အခြားသူများအတွက် အပြည့်အဝ အလေးထားကာ သူတို့ကို တတ်နိုင်သမျှ အကျိုးပြုနိုင်အောင် ဉာဏ်အလင်းရရှိရေးအတွက် စိတ်ထားဖြစ်သော ဗောဓိစိတ္တ ရရှိရန် အစဉ်အလာ နှစ်ခုရှိပါသည်။ အဆင့်ခုနစ်ဆင့် အကြောင်းအကျိုး အစဉ်အလာနှင့် မိမိရော၊ အခြားသူများအတွက်ပါ မိမိသဘောထားကို ညီမျှစေပြီး ဖလှယ်သော အစဉ်အလာတို့ ဖြစ်ပါသည်။ နှစ်နည်းစလုံးတွင် ကြိုတင်ထားရှိရမည့် ဥပေက္ခာ အတွက် သီးခြားကွဲပြားသော နည်းလမ်းတစ်ခုစီ ရှိပါသည်။ နှစ်နည်းစလုံးတွင် ဥပေက္ခာဟု ဆိုသော်လည်း ထားရှိသည့် ဥပေက္ခာ အမျိုးအစားမှာ မတူညီကြပါ။

  1. အဆင့်ခုနစ်ဆင့် အကြောင်းအကျိုး တရားရှုမှတ်မှုတွင် အားလုံးကို ကျွန်ုပ်တို့၏ မိခင်ကဲ့သို့ အသိအမှတ်မပြုမီ ထားရှိရသော ဥပေက္ခာဆိုသည်မှာ မိတ်ဆွေ၊ ရန်သူ၊ သူစိမ်းတို့ကို မြင်ယောင်ကြည့်ပြီး တွယ်တာမှု၊ ငြင်းပယ်မှု ခံစားချက်များ ရပ်တန့်ပစ်သော ဥပေက္ခာ ဖြစ်ပါသည်။ တကယ်တော့ ထိုအတွက်အမည်တစ်ခုမှာ “မိတ်ဆွေ၊ ရန်သူနှင့် သူစိမ်းများအား တွယ်တာမှု၊ မနှစ်မြို့မှု မရှိအောင် ရပ်တန့်လိုက်သော သာမန်ဥပေက္ခာ” ဖြစ်ပါသည်။ သာမန် ဟု ဆိုသည့်အတွက် နောက်ထပ်လာဦးမည့် ဒုတိယနည်းလမ်း ရှိနေသေးသည်ဟု ဆိုလိုပါသည်။

    ပထမ ဥပေက္ခာအမျိုးအစားအတွက် နောက်ထပ်အမည်မှာ “သာဝကများနှင့် ပစ္ဆေကဗုဒ္ဓများတွင် ရှိသည့် ဥပေက္ခာ ထားရှိမှုနည်းလမ်း ဖြစ်သည့် သာမန်ဥပေက္ခာ” ဖြစ်ပါသည်။ သာဝကများ (နာယူသူများ) နှင့် ပစ္ဆေကဗုဒ္ဓများ (ကိုယ်တိုင်တိုးတက်သိရှိသူများ) မှာ ဟိနာယာန (သာမန်လမ်းစဉ်) ဗုဒ္ဓဘာသာ၏ တရားတော်များကို ကျင့်ကြံသူ နှစ်မျိုး ဖြစ်ပါသည်။ ဤနေရာတွင် သာမန် ဆိုသည်မှာ ဤသို့သော ဥပေက္ခာမျိုး၌ တစိုက်မတ်မတ်ဖြစ်သော ဗောဓိစိတ္တ နှလုံးသား မရှိသလို မပါဝင်ပါ။
  2. သည့် ဥပေက္ခာ ထားရှိမှုနည်းလမ်း ဖြစ်သည့် သာမန်ဥပေက္ခာ” ဖြစ်ပါသည်။ သာဝကများ (နာယူသူများ) နှင့် ပစ္ဆေကဗုဒ္ဓများ (ကိုယ်တိုင်တိုးတက်သိရှိသူများ) မှာ ဟိနာယာန (သာမန်လမ်းစဉ်) ဗုဒ္ဓဘာသာ၏ တရားတော်များကို ကျင့်ကြံသူ နှစ်မျိုး ဖြစ်ပါသည်။ ဤနေရာတွင် သာမန် ဆိုသည်မှာ ဤသို့သော ဥပေက္ခာမျိုး၌ တစိုက်မတ်မတ်ဖြစ်သော ဗောဓိစိတ္တ နှလုံးသား မရှိသလို မပါဝင်ပါ။
  3. မိမိရော၊ အခြားသူများအတွက်ပါ မိမိသဘောထားကို ညီမျှပြီး ဖလှယ်သော ကြိုတင်ထားရှိရမည့် ဥပေက္ခာသည် အထက်ပါ ဥပေက္ခာ အမျိုးအစားမျှသာ မဟုတ်ပါ။ အကန့်အသတ်ရှိသော သက်ရှိအားလုံးကို ကူညီအကျိုးပြုကာ သူတို့၏ ပြဿနာများ ဖယ်ရှားပေးရန် အတွေးများ၊ အပြုအမူများတွင် နီးစပ်သော သို့မဟုတ် ဝေးကွာသော ခံစားချက်များ မရှိသည့် ဥပေက္ခာ ဖြစ်ပါသည်။ ဤသည်မှာ အထူးသဖြင့် ထူးခြားပြီး သီးသန့်ဖြစ်သော မဟာယာန (ကျယ်ပြန့်သောလမ်းစဉ်) နည်းလမ်းမှ ဥပေက္ခာ ဖြစ်ပါသည်။ 


သာမန်ဥပေက္ခာ

အဆင့်ခုနစ်ဆင့် အကြောင်းအကျိုး တရားရှုမှတ်မှုတွင် အားလုံးကို ကျွန်ုပ်တို့၏ မိခင်ကဲ့သို့ အသိအမှတ် မပြုမီ ထားရှိရသော ဥပေက္ခာ ဖော်ထုတ်နည်းကို သိရှိလိုပါက အောက်ပါအဆင့်များ ပါဝင်ပါသည်။

ပုဂ္ဂိုလ်သုံးဦးကို မြင်ယောင်ခြင်း

ပထမဦးစွာ ပုဂ္ဂိုလ်သုံးဦးကို မြင်ယောင်ကြည့်ပါသည်။ ထိုသူတို့မှာ လုံးဝဆိုးသွမ်းကာ မနှစ်မြို့ဖွယ် ကောင်းပြီး ကျွန်ုပ်တို့က မနှစ်သက်သော သို့မဟုတ် ရန်သူဟု သတ်မှတ်သောသူ၊ အလွန်ချစ်ခင်မြတ်နိုး တန်ဖိုးထားသူ သို့မဟုတ် မိတ်ဆွေနှင့် ဤသို့သော ခံစားချက်များ မရှိသည့် ကြားနေပုဂ္ဂိုလ်တစ်စုံတစ်ယောက် ဖြစ်ပါသည်။ ထိုသုံးဦးစလုံးကို အတူတကွ မြင်ယောင်ကြည့်ပါသည်။

တစ်ဦးချင်းကို ဆက်လက်၍ တစ်လှည့်စီ အာရုံစိုက်သောအခါ မည်သို့သော သဘောထားက ပုံမှန်အားဖြင့် ပေါ်ပေါက်လာပါသနည်း။ မနှစ်သက်သူနှင့် ပတ်သက်၍ မသာယာမှု၊ မသက်မသာဖြစ်မှု၊ မနှစ်မြို့မှု စသည့် ခံစားချက် ပေါ်ထွက်လာပါသည်။ ချစ်ခင်တန်ဖိုးထားသော မိတ်ဆွေအပေါ်တွင် နှစ်သက်တွယ်တာမှု ခံစားချက် ပေါ်ထွက်လာပါသည်။ ထိုသို့မဟုတ်သူ တစ်ယောက်အပေါ်၌ နှစ်သက်မှု၊ မနှစ်မြို့မှု မရှိသည့် သူစိမ်းဖြစ်သည့်အတွက် ကူညီလိုစိတ် သို့မဟုတ် အန္တရာယ်ပြုလိုစိတ် မရှိသည့် လျစ်လျူရှုမှု ခံစားချက် ပေါ်ထွက်လာပါသည်။

မိမိမနှစ်သက်သူအား မနှစ်မြို့မှုကို ရပ်တန့်ခြင်း

ဆွေးနွေးရာတွင် လွယ်ကူအောင် ဤသို့မြင်ယောင်သော ထိုသုံးဦးစလုံးကို အမျိုးသမီးဟု ယူဆပါမည်။ ပထမဦးစွာ မနှစ်သက်သူ၊ ရန်သူဟုပင် သဘောထားသူ တစ်ယောက်နှင့် ပတ်သက်၍ လေ့လာကြည့်ပါမည်။

  1. သူသည် မနှစ်မြို့ဖွယ်ကောင်းသူဟု ခံစားရစေပြီး မုန်းတီးမှု ဖြစ်လာပါသည်။ ထိုသို့ ရှင်းလင်းစွာ ပေါ်ထွက်လာသောအခါ
  2. နောက်ထပ် ခံစားချက်များ ပေါ်ထွက်လာသည်ကို သတိထားမိပါသည်။ ယင်းတို့မှာ သူ့ကိုမကောင်းတာ တစ်ခုခုဖြစ်သွားရင် သို့မဟုတ် သူမဖြစ်စေချင်သော အရာတစ်ခုခု ကြုံတွေ့သွားရင် ကောင်းမှာပဲ ဆိုသည့်အတွေး ဖြစ်သည်။
  3. ထို့နောက် ဤမကောင်းသော ခံစားချက်နှင့် ဆန္ဒများ ပေါ်ထွက်လာရသည့် အကြောင်းရင်းများကို လေ့လာစူးစမ်းပါသည်။ များသောအားဖြင့် ယင်းမှာ သူက ကျွန်ုပ်တို့ကို ထိခိုက်နာကျင်စေခြင်း၊ အန္တရာယ်တစ်ခုခု ပေးခဲ့ခြင်း၊ ကျွန်ုပ်တို့ကိုဖြစ်စေ၊ ကျွန်ုပ်တို့၏ သူငယ်ချင်းများကိုဖြစ်စေ မကောင်းတာတစ်ခုခု ပြုလုပ်ခဲ့ခြင်း၊ ပြောခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ကို တွေ့ရပါသည်။ ထို့ကြောင့်လည်း သူ့ကို မကောင်းတာတစ်ခုခု ဖြစ်စေလိုခြင်း သို့မဟုတ် သူလိုချင်တာ မရရှိစေလိုခြင်း ဖြစ်ပါသည်။
  4. ယခုအခါ မိမိ အလွန်မနှစ်သက်သော ဤအမျိုးသမီးကို မကောင်းတာတစ်ခုခု ဖြစ်စေလိုသည့် အကြောင်းရင်းကို တွေးကြည့်ကာ ယင်းမှာ အကြောင်းပြချက်ကောင်းတစ်ခု ဟုတ်၊ မဟုတ် စစ်ဆေးကြည့်ပါသည်။ အောက်ပါတို့ကို ထည့်သွင်းစဉ်းစားပါသည်-
    • အခြားနမူနာများလည်း လေ့လာနိုင်ပါသည်။ ဥပမာ၊ ကျွန်ုပ်အား ငွေကြေးများစွာ ပေးနိုင်စွမ်းရှိသည့် ဘဏ်အရာရှိ သို့မဟုတ် လူချမ်းသာ တစ်ယောက်က ထိုသို့ပေးချင်သော စိတ်ဆန္ဒလည်း ရှိသလို အတိတ်ကလည်း အနည်းငယ် ပေးဖူးပါသည်။ ထိုသူက တစ်နေ့တွင် စိတ်တိုဒေါသထွက်ကာ ကျွန်ုပ်ကိုပါးရိုက်ပါသည်။ ကျွန်ုပ်သည် ဒေါသထွက်ကာ ပေါက်ကွဲလိုက်မည် ဆိုပါက သူကနောက်ထပ် ငွေကြေးထပ်ပေးလိုစိတ် ကုန်သွားစေနိုင်ပါသည်။ သူစိတ်ပြောင်းသွားကာ အခြားတစ်ယောက်ကို ငွေများပေးနိုင်သည့် အန္တရာယ်ပင် ရှိပါသည်။ တစ်ဖက်တွင်မူ အရိုက်ခံလိုက်ကာ၊ မျက်လွှာချပြီး ပါးစပ်ပိတ်ထားပါက ကျွန်ုပ်ဝမ်းမနည်းသည့်အတွက် သူကနောက်ပိုင်းတွင် ကျွန်ုပ်ကိုပို၍ပင် နှစ်သက်လာပါလိမ့်မည်။ မူလက ရည်မှန်းထားသည်ထက်ပင် ငွေများပို၍ ပေးချင်ပေးနိုင်ပါသည်။ သို့သော် ကျွန်ုပ်သာဒေါသထွက်ပြီး ရေးကြီးခွင်ကျယ် ပြုလုပ်ပါက တိဘက်ဆိုရိုး စကားတစ်ခုအတိုင်း “ပါးစပ်ထဲမှာ အစာရောက်နေပြီးမှ လျှာက တွန်းထုတ်လိုက်သလို” ဖြစ်နေပါမည်။
    • ထို့ကြောင့် မိမိမနှစ်သက်သော ဤလူနှင့် ရေရှည်ကို စဉ်းစားရပါမည်။ အကန့်အသတ်ရှိသော သတ္တဝါ အားလုံးနှင့် ပတ်သက်လျှင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ရေရှည်တွင် သူတို့၏ အကူအညီက ၁၀၀% သေချာပါသည်။ ထို့ကြောင့် တစ်ယောက်ယောက်က ပြုလုပ်လာနိုင်သည့် အသေးအဖွဲ အန္တရာယ်လောက်အတွက် ဒေါသကို ကိုင်စွဲထားရန် လုံးဝမသင့်တော်ပါ။
    • ထို့နောက် ကင်းမြှီးကောက်၊ တောရိုင်းတိရစ္ဆာန် သို့မဟုတ် တစ္ဆေတစ်ကောင်သည် အနည်းငယ်မျှ ဆွပေးလိုက်လျှင်ပင် ချက်ချင်းရန်တုံ့ပြန်တတ်ပုံကို စဉ်းစားကြည့်ပါ။ ထို့နောက် မိမိကိုယ်ကို ပြန်စဉ်းစားသောအခါ ထိုသတ္တဝါများကဲ့သို့ ပြုမူသည်မှာ မသင့်တော်လှကြောင်း မြင်လာပါသည်။ ဤနည်းဖြင့် မိမိတို့ဒေါသကို ဖြေလျှော့ရပါသည်။ ဤလူသည် မိမိအား မည်သို့သော အန္တရာယ် ပေးစေကာမူ မိမိသည် စိတ်ဆိုးဒေါသထွက်မည် မဟုတ်ကြောင်း၊ ထိုသို့ဖြစ်ပါက တောရိုင်းတိရစ္ဆာန် သို့မဟုတ် ကင်းမြှီးကောက်တစ်ကောင်ထက် ဘာမျှမခြားနားကြောင်း စဉ်းစားရန် လိုပါသည်။
  1. အချုပ်အားဖြင့် ဤအချက်အားလုံးကို ယုတ္တိကျကျ ကောက်ချက်ချမှုပုံစံထဲ ထည့်လိုက်ရပါမည်။ အခြားသူများက ကျွန်ုပ်အား အန္တရာယ် တစ်ခုခု ပေးသည့်အကြောင်းကြောင့် သူတို့ကို ဒေါသမထွက်အောင် အောက်ပါအကြောင်းရင်းများဖြင့် ရပ်တန့်ပါမည်-
  2. အတိတ်ဘဝများစွာက ဤရန်သူဆိုသောလူသည် မိမိ၏ မိခင်၊ ဖခင်အဖြစ်သာမက မိမိ၏ ဆွေမျိုး၊ အပေါင်းအသင်းလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပါသည်။ သူက မိမိကို အကြိမ်ရေ မရေမတွက်နိုင်အောင် များစွာ ကူညီခဲ့ဖူးပါသည်။
  3. ယခုဘဝတွင် ဘာဖြစ်မည်မှန်း မသေချာပါ။ သူသည် များစွာအထောက်အကူ ဖြစ်လာနိုင်သလို ယခုဘဝနောက်ပိုင်းတွင်လည်း မိတ်ဆွေကောင်း ဖြစ်လာနိုင်ပါသည်။ ဤသို့သောအရာများက အလွန်ပင် ဖြစ်နိုင်ပါသည်။
  4. မည်သို့ဆိုစေ၊ သူနှင့် ကျွန်ုပ်သည် အကန့်အသတ်မဲ့ နောင်ဘဝများ ရှိပါဦးမည်။ တစ်ချိန်ချိန်တွင် သူသည် ကျွန်ုပ်၏မိခင် သို့မဟုတ် ဖခင် ကျိန်းသေဖြစ်လာပါဦးမည်။ သို့ဖြစ်ရာ သူက အများကြီး ကူညီပါလိမ့်မည်။ သူ့အပေါ်တွင် မျှော်လင့်ချက်အားလုံး ထားရှိရပါမည်။ ထို့ကြောင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွင် သူက မရေမတွက် နိုင်သောနည်းလမ်းများစွာဖြင့် ကူညီခဲ့၊ ကူညီဆဲ၊ ကူညီလိမ့်မည် ဖြစ်သောကြောင့် ယခုဘဝတွင် အနည်းငယ် ထိခိုက်နာကျင်စေခြင်းကဲ့သို့ မပြောပလောက်သော အကြောင်းရင်းအတွက် သူ့ကိုရန်သူဟု သဘောထားကာ မကောင်းတာဖြစ်စေလိုပါက သင့်တော်မည် မဟုတ်ပါ။
    • အတိတ်ဘဝများတွင် သူတို့သည် မိမိ၏ မိဘများ ဖြစ်ကြသည်။
    • ယခုဘဝ နောက်ပိုင်းတွင် သူတို့သည် မိမိ၏ အချစ်ဆုံးမိတ်ဆွေများ ဖြစ်မလာနိုင်ဘူးဟုလည်း တပ်အပ် မပြောနိုင်ပါ။
    • အနာဂတ်တွင် သူတို့သည် တစ်ချိန်ချိန်၌ မိမိ၏ မိဘများအဖြစ် ပြန်လည်မွေးဖွားကာ များစွာ အကူအညီ ပေးပါဦးမည်။ ထို့ကြောင့် သုံးကြိမ်စလုံးတွင် သူတို့သည် မိမိအား အထောက်အကူ ပြုကြပါသည်။
    • သူတို့ကို ပြန်ပြီးဒေါသထွက်ပါက မိမိသည် တောရိုင်းတိရစ္ဆာန်နှင့် မခြားနားတော့ပါ။ ထို့ကြောင့် ယခုဘဝတွင် သူတို့ပြုလာသည့် အသေးအဖွဲ အန္တရာယ်အတွက် မိမိသည် ဒေါသမထွက်တော့ပါ။

မိမိနှစ်သက်သူအား တွယ်တာမှုကို ရပ်တန့်ခြင်း

  1. ကျွန်ုပ်တို့ ကနဦး မြင်ယောင်ထားသော ရန်သူ၊ မိတ်ဆွေ၊ သူစိမ်း အုပ်စုထဲမှ မိတ်ဆွေ သို့မဟုတ် ချစ်ခင်သူ တစ်ယောက်ကို အာရုံစိုက်ပါသည်။
  2. သူ့အပေါ်တွင် ချစ်ခင်တွယ်တာမှု ခံစားချက် ပေါ်ထွက်ပါသည်။
  3. ဤတစ်ယောက်နှင့် အတူရှိချင်စိတ်က မိမိစိတ်တွင် ပို၍ပြင်းထန်လာပါသည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည်
  4. ဤသို့မြတ်နိုးတွယ်တာမှု ရှိရသည့် အကြောင်းရင်းများကို လေ့လာပါသည်။ ထိုအခါ သူကယခုဘဝမှာ အနည်းငယ် အကူအညီ ပေးခဲ့ခြင်း၊ စိတ်ချမ်းသာစေခြင်း သို့မဟုတ် ထို့သို့သောအရာ တစ်ခုခုကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူ့ဆီစိတ်ရောက်ပြီး တွယ်တာမိပါသည်။
  5. ယခုအခါ ဤသို့သော ခံစားချက် ရှိခြင်းအတွက် သင့်တော်သော အကြောင်းရင်း ဟုတ်၊ မဟုတ် လေ့လာပါမည်။ ဤသည်မှာလည်း အောက်ပါအကြောင်းများကြောင့် ကောင်းမွန်သော အကြောင်းရင်း မဟုတ်ပါ-
    • ကျွန်ုပ်သည် ယခုဘဝမှာ မိမိအတွက် တစ်ခုခုကောင်းတာ
      လုပ်ပေးသည့် အသေးအဖွဲ အကြောင်းရင်းလေး တစ်ခုအတွက် သူ့ကိုမြတ်နိုးတွယ်တာမိပါသည်။ ထိုအခါ ကျွန်ုပ်သည်လူသားစားသော လူရိုင်းအမျိုးသမီးများ၏ သီချင်းဖြင့် ဖြားယောင်းခံရသော အမျိုးသားများနှင့် မခြားနားတော့ပါ။ ထိုသီချင်းသံများက အလွန်သာယာနာပျော်ဖွယ်ဖြစ်ကာ အမျိုးသားများကို သူတို့အလိုသို့ ဆွဲဆောင်ပြီးနောက် ဝါးမြိုစားသုံးပစ်ပါသည်။
    • ဤနည်းဖြင့် ယခုဘဝတွင် တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို အသေးအဖွဲ ကောင်းတာတစ်ခုခု ပြုလုပ်သည့်အတွက် ဘယ်တော့မှ မတွယ်တာမိရန် ဆုံးဖြတ်ချက်ချလိုက်ပါသည်။
    • အတိတ်ဘဝများတွင် သူက ကျွန်ုပ်၏ရန်သူဖြစ်ခဲ့ကာ ထိခိုက်နာကျင် စေခဲ့ခြင်း၊ ကျွန်ုပ်အသားကိုစားပြီး အသွေးကိုသောက်ခဲ့ခြင်းပင် ရှိမည်မှာ ယုံမှားဖွယ်မရှိပါ။

  1. ယခုဘဝ နောက်ပိုင်းတွင် သူသည် ကျွန်ုပ်၏အဆိုးဆုံးရန်သူ ဖြစ်မလာဘူးဟုလည်း တပ်အပ်မပြောနိုင်ပါ။
  2. နောင်ဘဝများတွင်လည်း သူသည် ကျွန်ုပ်ကိုထိခိုက်နာကျင်စေပြီး တစ်ချိန်ချိန်တွင် ကျွန်ုပ်ကို မကောင်းတာတစ်ခုခု ပြုလုပ်မှာ သေချာပါသည်။

မည်သို့မျှ မခံစားရသူအား လျစ်လျူပြုမှုကို ရပ်တန့်ခြင်း

တတိယအချက်မှာ ရန်သူလည်းမဟုတ်၊ မိတ်ဆွေလည်းမဟုတ်သော သူစိမ်းဆိုသည့် ကြားနေပုဂ္ဂိုလ် အပေါ်တွင်လည်း ထိုနည်း၎င်း လိုက်နာကျင့်သုံးရပါသည်။

  1. ထိုသို့သောပုဂ္ဂိုလ်ကို မြင်ယောင်ကြည့်ပြီး သူ့ကိုအာရုံစိုက်ပါသည်။
  2. အန္တရာယ်ပေးလိုစိတ် သို့မဟုတ် ကူညီလိုစိတ်မရှိအောင်၊ ဤလူကို ဖယ်ရှားလိုစိတ် သို့မဟုတ် အတူရှိလိုစိတ် မရှိအောင်၊ ဘာမှ မခံစားရအောင်နေပါသည်။
  3. သူ့ကိုလျစ်လျူရှုရန် ဆက်လက် ရည်ရွယ်ခံစားလိုက်ပါသည်။
  4. ဤနည်းဖြင့် ခံစားရမှုအတွက် မိမိ၏ အကြောင်းရင်းကို လေ့လာရပါသည်။ ဤသည်မှာ သူက မိမိအား ကူညီခြင်း၊ အန္တရာယ်ပေးခြင်း တစ်ခုခု မပြုလုပ်ထားသောကြောင့် သူနှင့် ဆက်စပ်ပတ်သက်မှု မရှိသောကြောင့် ဖြစ်ပါသည်။
  5. ဤနည်းဖြင့် ခံစားရန် မှန်ကန်သော အကြောင်းရင်း ဟုတ်၊ မဟုတ် ဆက်လက်လေ့လာသောအခါ သူသည် အလုံးစုံသူစိမ်းတစ်ယောက် မဟုတ်ကြောင်း မြင်လာပါသည်။ အကြောင်းမှာ မရေမတွက်နိုင်သော အတိတ်ဘဝများ၊ လက်ရှိဘဝနောက်ပိုင်းနှင့် နောင်ဘဝများတွင် သူသည် နီးစပ်လာပြီး မိတ်ဆွေစသည်တို့ ဖြစ်လာပါဦးမည်။

ဤနည်းဖြင့် ကျွန်ုပ်တို့သည် ရန်သူ၊ မိတ်ဆွေ၊ သူစိမ်းများအပေါ် လောဘ၊ ဒေါသ၊ လျစ်လျူရှုမှု ခံစားချက်အားလုံးကို ရပ်တန့်နိုင်လာပါမည်။ ဤသည်မှာ သာဝကများနှင့် ပစ္ဆေကဗုဒ္ဓများတွင် တွေ့ရလေ့ရှိသည့် သာမန်ဥပေက္ခာ ထားရှိရန်နည်းလမ်း ဖြစ်ပါသည်။ တစိုက်မတ်မတ်ဖြစ်သော ဗောဓိစိတ္တ နှလုံးသားရရှိအောင် အဆင့်ခုနစ်ဆင့် အကြောင်းအကျိုး တရားရှုမှတ်မှုတွင် အားလုံးကို ကျွန်ုပ်တို့၏ မိခင်ကဲ့သို့ အသိအမှတ် မပြုမီ ထားရှိရသော ဥပေက္ခာ ဖြစ်ပါသည်။

မိမိ၏သဘောထားများကို ညီမျှအောင်ထားပြီး ဖလှယ်ရန် အကြိုအဆင့်ဖြစ်သည့် မဟာယာနလမ်းစဉ် သီးသန့်ဥပေက္ခာ

မိမိရော၊ အခြားသူများအတွက်ပါ မိမိသဘောထားကို ညီမျှအောင်ထားပြီး ဖလှယ်သော ကြိုတင်ထားရှိရမည့် မဟာယာနလမ်းစဉ် သီးသန့်ဥပေက္ခာ ရရှိရန် နည်းလမ်းကို ဤသို့ခွဲခြားထားပါသည်-

  • နှိုင်းရ ရှုထောင့်အပေါ်တွင် မူတည်သည့် ဥပေက္ခာ ရရှိစေမည့်နည်းလမ်း
  • အနက်ရှိုင်းဆုံး ရှုထောင့်အပေါ်တွင် မူတည်သည့် ဥပေက္ခာ ရရှိစေမည့်နည်းလမ်း။

နှိုင်းရ ရှုထောင့်အပေါ်တွင် မူတည်သော နည်းလမ်းကို ဤသို့ခွဲခြားထားပါသည်-

  • မိမိကိုယ်ပိုင် ရှုထောင့်အပေါ်တွင် မူတည်သည့် ဥပေက္ခာ ရရှိစေမည့်နည်းလမ်း
  • အခြားသူများ၏ ရှုထောင့်အပေါ်တွင် မူတည်သည့် ဥပေက္ခာ ရရှိစေမည့်နည်းလမ်း။

မိမိကိုယ်ပိုင်ရှုထောင့်ပေါ်တွင် မူတည်သော ဥပေက္ခာ အကောင်အထည် ဖော်ရမည့်နည်းလမ်း

ဤနေရာတွင် အချက်သုံးချက် ပါဝင်ပါသည်-

  1. အကန့်အသတ်ရှိသော သက်ရှိအားလုံးသည် မရေမတွက်နိုင်သော ဘဝများ၌ ကျွန်ုပ်တို့၏ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေများ ဖြစ်ခဲ့သည့်အတွက် အချို့ကနီးစပ်ပြီး အချို့က ဝေးကွာသည်ဟု လည်းကောင်း၊ ဤတစ်ယောက်က မိတ်ဆွေ၊ ထိုတစ်ယောက်က ရန်သူဟုလည်းကောင်း၊ အချို့ကို ကြိုဆိုပြီး အချို့ကို ငြင်းပယ်ရန် လည်းကောင်း ခံစားရန် မသင့်တော်ပါ။ တကယ်တော့ မိမိ၏ မိခင်ကို ဆယ်မိနစ်၊ ဆယ်နှစ်၊ ဆယ်ဘဝ မတွေ့လျှင်လည်း သူက မိမိ၏ မိခင်ဖြစ်နေသေးသည်ဟု တွေးမိရန်လိုပါသည်။
  2. သို့သော် ဤသက်ရှိများက မိမိကို ကူညီခဲ့ဖူးသလို တစ်ခါတစ်ရံ အန္တရာယ်လည်း ပေးဖူးသည်မှာ ဖြစ်နိုင်ပါသည်။ သူတို့ ကူညီခဲ့သော အကြိမ်အရေအတွက်၊ သူတို့ကူညီခဲ့သော ပမာဏနှင့် နှိုင်းယှဉ်ပါက သူတို့ပေးသည့်အန္တရာယ်မှာ အသေးအဖွဲ ဖြစ်ပါသည်။ ထို့ကြောင့် တစ်ဦးကို နီးစပ်ပြီး ကြိုဆိုကာ အခြားတစ်ဦးကို ဝေးကွာပြီး ငြင်းပယ်သည်မှာ မသင့်တော်ပါ။
  3. ကျွန်ုပ်တို့သည် မလွဲမသွေ ကွယ်လွန်ကြရမည် ဆိုသော်လည်း မိမိသေဆုံးမည့်အချိန်ကို အတိအကျ မသိရပါ။ ဥပမာ၊ မနက်ဖြန် သေဒဏ်ပေးခံရသည် ဆိုပါစို့။ မိမိ၏ နောက်ဆုံးနေ့ကို တစ်ယောက်ယောက်အား ဒေါသထွက်၊ အန္တရာယ်ပေးပြီး ကုန်ဆုံးလျှင် မိုက်မဲပါလိမ့်မည်။ အသေးအဖွဲ တစ်ခုခုကို ရွေးချယ်ပါက မိမိ၏နောက်ဆုံးနေ့တွင် အပြုသဘော၊ အဓိပ္ပာယ် ရှိသောအရာ တစ်ခုခု ဆောင်ရွက်ရန် အခွင့်အရေးကို လက်လွတ်သွားပါမည်။ ဥပမာ၊ တစ်ခါက အရာရှိကြီး တစ်ယောက်သည် တစ်စုံတစ်ယောက်ကို ဒေါသပေါက်ကွဲပြီး သူ့ကိုနောက်တစ်နေ့ ပြင်းထန်စွာ အပြစ်ပေးရန် စဉ်းစားပါသည်။ ထိုနေ့တစ်နေ့လုံး ယင်းကိုစီစဉ်နေပြီး နောက်တစ်နေ့ မနက်တွင် သူဘာမှမလုပ်နိုင်သေးခင် ရုတ်တရက် ကွယ်လွန်သွားလေသည်။ သူ့ဒေါသက လုံးဝမိုက်မဲပါသည်။ ထို့အတူ တစ်ဖက်လူကလည်း နောက်တစ်နေ့တွင် ကွယ်လွန်ရလိမ့်မည် ဆိုပါက သူ့ကိုယနေ့ အန္တရာယ် ပေးသည်မှာ အဓိပ္ပာယ် မရှိတော့ပါ။

အခြားသူများ၏ ရှုထောင့်ပေါ်တွင် မူတည်သော ဥပေက္ခာ အကောင်အထည် ဖော်ရမည့်နည်းလမ်း


ဤနေရာတွင်လည်း အချက်သုံးချက် ပါဝင်ပါသည်။

  1. ဤသို့စဉ်းစားရန် လိုပါသည်။ မိမိအတွက်ဆိုလျှင် အိပ်မက်ထဲမှာပင် ဆင်းရဲဒုက္ခ မရောက်လိုပါ။ ပျော်ရွှင်မှု မည်မျှရသည်ဖြစ်စေ လုံလောက်သည်ဟု မခံစားရပါ။ အခြားသူအားလုံးအတွက်လည်း ထိုအတိုင်း မှန်ကန်ပါသည်။ သေးငယ်သော ပိုးကောင်များမှအစ အကန့်အသတ်ရှိသော သက်ရှိအားလုံးသည် ပျော်ရွှင်လိုကြပြီး ဆင်းရဲဒုက္ခ သို့မဟုတ် ပြဿနာများ လုံးဝမကြုံတွေ့လိုပါ။ ထို့ကြောင့် အချို့ကိုငြင်းပယ်ပြီး အချို့ကို ကြိုဆိုရန်မှာ မသင့်တော်ပါ။
  2. အိမ်ကို သူတောင်းစား ဆယ်ယောက် လာသည် ဆိုပါစို့။ အချို့ကို အစားအသောက်ပေးပြီး ကျန်လူများကို မပေးပါက လုံးဝမသင့်တော်ပါ။ သူတို့အားလုံး ဆာလောင်ပြီး စားအသောက် လိုအပ်သည်မှာ တူညီပါသည်။ ထို့အတူ ရှုပ်ထွေးမှု မပါဝင်သော ပျော်ရွှင်မှုနှင့် ပတ်သက်လျှင် မည်သူ့မှာ ရှိပါသနည်း။ ရှုပ်ထွေးမှု ပါဝင်သော ပျော်ရွှင်မှုသည်လည်း အကန့်အသတ် ရှိသော သက်ရှိအားလုံးအတွက် လုံလောက်ခြင်း မရှိပါ။ အားလုံးက ရှာဖွေလိုစိတ် ပြင်းပြနေသည့်အရာသာ ဖြစ်ပါသည်။ ထို့ကြောင့် အချို့ကို အဝေးမှာထားပြီး ငြင်းပယ်ကာ အချို့ကို အနီးကပ် ကြိုဆိုသည်မှာ မသင့်တော်ပါ။
  3. နောက်ထပ် ဥပမာတစ်ခုအဖြစ် ဖျားနာသူဆယ်ယောက် ရှိသည်ဆိုပါစို့။ သူတို့အားလုံး သနားစဖွယ် စိတ်ဆင်းရဲနေသည်မှာ တူညီပါသည်။ ထို့ကြောင့် အချို့ကို မျက်နှာသာပေးပြီး ကုသပေးကာ ကျန်လူနာများကို မေ့ထားပါက မမျှတပါ။ ထို့အတူ အကန့်အသတ်ရှိသော သတ္တဝါအားလုံးသည် ထိန်းချုပ်မရစွာ ပြန်လည်ဖြစ်တည်မှု သံသရာ၏ တစ်ဦးချင်း ဒုက္ခများနှင့် အထွေထွေ ပြဿနာများဖြင့် သနားစရာဖြစ်နေသည်မှာ တူညီပါသည်။ ထိုအချက်ကြောင့် အချို့ကို အဝေးမှာထားပြီး ငြင်းပယ်ကာ အချို့ကို အနီးကပ် ကြိုဆိုသည်မှာ မမျှတသလို မသင့်တော်ပါ။

အနက်ရှိုင်းဆုံး ရှုထောင့်ပေါ်တွင် မူတည်သော ဥပေက္ခာ အကောင်အထည် ဖော်ရမည့်နည်းလမ်း

ဤနေရာတွင်လည်း တွေးစရာသုံးရပ် ရှိပါသည်။

  1. ၁။ မိမိအား မိတ်ဆွေစစ်အနေနှင့် ကူညီပြီး သဘောကောင်းခဲ့သူ သို့မဟုတ် တကယ့်ရန်သူအနေနှင့် ထိခိုက်နာကျင်စေသူ တစ်ယောက်ယောက်အား ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကြောင့် နာမည်တပ်ပုံကို စဉ်းစားပါသည်။ သို့ရာတွင် သူတို့ကို နာမည်တပ်သည့်နည်းအတိုင်း အမှန်တကယ် တည်ရှိဖြစ်တည်နေပါက ထိုသို့ရှင်သန်ခဲ့သော ဗုဒ္ဓမြတ်စွာ ကိုယ်တိုင်လည်း သူတို့ကို ထိုကဲ့သို့ မြင်ရန်လိုပါသည်။ သို့သော် ဘုရားရှင်က ထိုသို့မမြင်ပါ။ ရှင်းလင်းစွာ သိမြင်သောစိတ်အကြောင်း (သက္ကတဘာသာဖြင့် ပရမနဝါတိက) မှတ်စုများ (ဒိနာဂ၏ စာပေါင်းချုပ်) တွင် ဓမ္မကာတိ ဆိုထားသည့်အတိုင်း “ဘုရားရှင်သည် မိမိခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းကို ရေမွှေးဖြင့် ဆွတ်သူ တစ်ယောက်နှင့် ကျန်တစ်ဖက်ကို ဓားဖြင့်မွှန်းသူ တစ်ယောက်အပေါ်တွင် တူညီစွာသဘောထားပါသည်။” 
  2. ဘုရားရှင်က ဝမ်းကွဲညီအစ်ကိုတော်သူ အမြဲတမ်း မနာလိုမှုဖြင့် အန္တရာယ်ပေးရန် ကြိုးစားသော ရှင်ဒေဝဒတ်အား ပြုမူပုံတွင် ဤသို့ ဘက်မလိုက်မှုကို နမူနာအနေနှင့် မြင်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခြားသူများအား အမည်ပေးကာ အမျိုးအစား ခွဲခြားသည့်အတိုင်း တည်ရှိနေသည်ဟု ရှုပ်ထွေးမှုဖြင့် စဉ်းစားပြီး ဘက်လိုက်ခြင်း မဖြစ်အောင် ရှောင်ရှားရန် လိုပါသည်။ မည်သူမျှ ထိုနည်းဖြင့် မတည်ရှိကြပါ။ အမှန်တကယ် တည်ရှိမှုအတွက် မိမိ၏တွယ်တာမှုကို ကြိုးစားရပ်တန့်ရန် လိုပါသည်။ ဤတွယ်တာမှုသည် မမှန်ကန်သော နည်းလမ်းများဖြင့် အရာရာ ထင်မြင်မိသော ကျွန်ုပ်တို့၏ ရှုပ်ထွေးသည့်စိတ်ကြောင့် ဖြစ်ပါသည်။
  1. ၂။ ထို့ပြင် အကန့်အသတ်ရှိသော သက်ရှိများသည် ကျွန်ုပ်တို့က သူတို့ကို တွယ်တာသည့်အတိုင်း ရန်သူ၊ မိတ်ဆွေ အမျိုးအစားဖြင့် အမှန်တကယ် တည်ရှိနေပါက သူတို့သည် အမြဲတမ်း ထိုသို့ ဖြစ်နေရပါမည်။ ဥပမာ၊ ကျွန်ုပ်တို့ အမြဲပတ်သော လက်ပတ်နာရီက အချိန်မှန်သည်ဟု ဆိုပါစို့။ တစ်ခါတစ်ရံတွင် ၎င်းအခြေအနေက ပြောင်းလဲနိုင်ပြီး နှေးသွားနိုင်သလိုပင် အခြားသူတို့၏ အနေအထားမှာလည်း ပုံသေမဟုတ်ဘဲ ပြောင်းလဲနိုင်ပါသည်။ 
  2. ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားနေသော သံသရာတွင် မည်သည့်အရာမှ မသေချာသည့် တရားတော်များအကြောင်း စဉ်းစားပါက အဖကို စားသုံးပြီး၊ အမိကို ရိုက်နှက်ကာ ရန်သူကို ထွေးပွေ့သော သားတစ်ယောက်ကို နမူနာကြည့်နိုင်ပါသည်။ ဤဥပမာသည် အဆင့်အလိုက် ဉာဏ်အလင်း ရရှိမှု လမ်းကြောင်း (လမ်-ရင်း) တရားတော်တွင် အလယ်အလတ် စိတ်ဓာတ်စေ့ဆော်မှု ရရှိရေး လမ်းညွှန်ချက်များမှ လာပါသည်။ တစ်ခါက အဆင့်မြင့် အသိဉာဏ် ရရှိပြီးသော အရိယာ ကာယယာနသည် အိမ်တစ်အိမ်သို့ ရောက်လာရာ သားဖြစ်သူသည် ငါးအဖြစ် ပြန်လည်မွေးဖွားသည့် သူ့ဖခင်ကို စားသောက်နေပါသည်။ ထို့နောက် သားဖြစ်သူက သူ့မိခင် ဖြစ်ခဲ့ဖူးသော ခွေးကို သူ့ဖခင်၏ ငါးအရိုးများဖြင့် ရိုက်ပါသည်။ သူ့ရန်သူဖြစ်ခဲ့ဖူးသော ကလေးငယ်ကို ချီထားပါသေးသည်။ ကာယယာနသည် ဤသို့ သံသရာတွင်ကျင်လည်သူများ၏ အခြေအနေ အပြောင်းအလဲများ၏ မိုက်မဲမှုကို ပြုံးရယ်မိလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူတို့ကို ပုံသေသတ်မှတ်ပြီး အမြဲတမ်း ရန်သူ၊ မိတ်ဆွေ အမျိုးအစားထဲထည့်ကာ ထိုအခြေခံဖြင့် တစ်ဦးကိုလက်ခံပြီး တစ်ဦးကို ငြင်းပယ်ခြင်းမျိုး မပြုလုပ်မိရန် ရပ်တန့်ဖို့ လိုပါသည်။
  1. လေ့ကျင့်မှု စာပေါင်းချုပ် (သက္ကတဘာသာဖြင့် သိက္ခာသမုစာရ) တွင် ရှန်တီဒေဝက မိမိနှင့် အခြားသူများ အပြန်အလှန် တည်မှီနေပုံကို ရှင်းပြထားပါသည်။ အဝေးမှတောင်တန်းနှင့် အနီးမှတောင်တန်း ကဲ့သို့ပင် ယင်းတို့သည် အချင်းချင်း နှိုင်းရသတ်မှတ်ချက်များ ဖြစ်ပြီး ထိုသတ်မှတ်ချက်ပေါ်တွင် မူတည်ပါသည်။ ကျွန်ုပ်တို့သည် တောင်တန်းအနီးတွင် ရှိသောအခါ ဤတောင်တန်းက နီးပြီး ထိုတောင်တန်းက ဝေးနေပါသည်။ ထို့အတူ ကျွန်ုပ်တို့သည် ကိုယ်တိုင်ဘက်အခြမ်းမှ “အတ္တ” ဟူ၍ တည်ရှိနေခြင်း မဟုတ်ပါ။ အကြောင်းမှာ အခြားတစ်ယောက်၏ ရှုထောင့်မှ မိမိကိုယ်ကို ပြန်ကြည့်သောအခါ ကျွန်ုပ်တို့သည် “အခြားတစ်ယောက်” ဖြစ်နေပါသည်။ ထို့အတူ ရန်သူ၊ မိတ်ဆွေ ဆိုသည်မှာ လူတစ်ယောက်ကို ရှုမြင်သဘောထားမှု နည်းလမ်းကွဲပြားခြင်းသာ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သည် မိမိ၏ မိတ်ဆွေ၊ အခြားတစ်ယောက်၏ ရန်သူ ဖြစ်နိုင်ပါသည်။ အဝေးမှတောင်တန်းနှင့် အနီးမှတောင်တန်း ကဲ့သို့ပင် ကျွန်ုပ်တို့၏ ရှုမြင်မှုနှင့် သက်ဆိုင်ပါသည်။

ဆုံးဖြတ်ချက်ငါးရပ်

အထက်ပါအချက်များကဲ့သို့ စဉ်းစားဆင်ခြင်မှုများမှနေ၍ အောက်ပါဆုံးဖြတ်ချက် ငါးရပ်ချမှတ်ရန် လိုပါသည်။

ဘက်လိုက်မှု မရှိအောင် ရပ်တန့်ပါမည်

နှိုင်းရအမြင်ဖြင့် ကြည့်သည်ဖြစ်စေ၊ အနက်ရှိုင်းဆုံးအမြင်ဖြင့် ကြည့်သည်ဖြစ်စေ အချို့လူများ သို့မဟုတ် သက်ရှိများကို နီးစပ်ပြီး အချို့ကို ဝေးကွာသည်ဟု ယူဆစရာအကြောင်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘက်လိုက်မှု မရှိအောင် ရပ်တန့်ပါမည်ဟု ခိုင်မာသော ဆုံးဖြတ်ချက် ချမှတ်ရန် လိုပါသည်။ အချို့ကို ငြင်းပယ်ပြီး အချို့ကို ကြိုဆိုသော ဘက်လိုက်မှု ခံစားချက် မရှိအောင် ဖယ်ရှားပါမည်။ မောက်မာမှုနှင့် တွယ်တာမှုတို့သည် မိမိအား ယခုဘဝတွင်ရော နောင်လာမည့် ဘဝများတွင်ပါ၊ ရေတိုရော၊ ရေရှည်ပါ၊ ယာယီဖြစ်စေ၊ အဆုံးစွန်ဖြစ်စေ အန္တရာယ် ဖြစ်စေသောကြောင့် အကျိုးမရှိပါ။ ယင်းတို့သည် ဆင်းရဲဒုက္ခပေါင်းများစွာ၏ အကြောင်းရင်းများ ဖြစ်ပါသည်။ ယင်းတို့သည် သံသရာတွင် ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြဿနာများရှိသည့် အကျဉ်းထောင်ထဲ၌ မိမိကို လှည့်လည်စောင့်ကြည့်နေသော အစောင့်များနှင့် တူပါသည်။

တိဘက်တွင် ၁၉၅၉ ခုနှစ်ဆန္ဒပြပွဲ နောက်ပိုင်းတွင် ကျန်ရစ်သူများကို နမူနာတွေးကြည့်ပါ။ ဘုန်းကြီးကျောင်းတိုက်များ၊ ချမ်းသာကြွယ်ဝမှုများ၊ ပိုင်ဆိုင်မှုများ၊ နေအိမ်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ စသည်တို့ကို တွယ်တာသူများက ယင်းတို့ကို ချန်မထားရစ်ခဲ့နိုင်ပါ။ အကျိုးဆက်အားဖြင့် သူတို့၏တွယ်တာမှုကြောင့် နှစ်ပေါင်း ၂၀ နှင့်အထက် အကျဉ်းကျခြင်း၊ အုပ်စုလိုက်စခန်းများတွင် နေရာချခံရခြင်းတို့ ကြုံရပါသည်။ ဤသို့ဘက်လိုက်မှု ခံစားချက်များမှာ ကျွန်ုပ်တို့အား စိတ်ဆင်းရဲဖွယ် ငရဲဘုံမီးတောက်များထဲသို့ ပို့လိုက်သော ရက်စက်မှုများ ဖြစ်ပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့ကို ညမအိပ်နိုင်အောင် တားဆီးသည့် ကိုယ်ထဲက ဆိုးယုတ်သောမိစ္ဆာများ ဖြစ်ပါသည်။ ၎င်းတို့ကို နည်းလမ်းမျိုးစုံဖြင့် မြေလှန်ဖယ်ရှားရပါမည်။

တစ်ဖက်တွင်လည်း အကန့်အသတ်ရှိသော သက်ရှိအားလုံး ပျော်ရွှင်ပြီး သူတို့၏ ပြဿနာများ၊ ဆင်းရဲဒုက္ခများမှ ကင်းကွာပါစေဆိုသည့် အားလုံးအပေါ် တူညီသော သဘောထားသည် ရေတိုရော၊ ရေရှည်ပါ ရှုထောင့်တိုင်းအတွက် အရေးကြီးပါသည်။ ဤသည်မှာ ဘုရားရှင်များနှင့် ဗောဓိသတ္တများ၏ ရည်မှန်းချက်သို့ ရောက်ရှိအောင် လျှောက်လှမ်းခဲ့သော ပင်မလမ်းကြောင်း ဖြစ်ပါသည်။ ထို့ကြောင့် အကန့်အသတ်ရှိသော သက်ရှိတစ်ဦးဦးက သူတို့ဘက်မှနေ၍ မိမိအား အန္တရာယ် သို့မဟုတ် အကူအညီ မည်သို့ပင် ပေးလာစေကာမူ မိမိဘက်မှ အခြားရွေးစရာ မရှိကြောင်း တွေးရန်လိုပါသည်။ ဒေါသမထွက်သလို တွယ်တာမှုလည်း မဖြစ်တော့ပါ။ အချို့ကို အလှမ်းဝေးပြီး အချို့ကို နီးစပ်သည်ဟု မယူဆပါ။ ထိုနည်းမှတစ်ပါး အခြေအနေများကို ကိုင်တွယ်နိုင်သောနည်းလမ်း မရှိနိုင်ပါ။ မိမိသည် ကျိန်းသေဆုံးဖြတ်ထားပါသည်။ အားလုံးသည် ပျော်ရွှင်လိုပြီး ဆင်းရဲဒုက္ခ လုံးဝမခံစားလိုသောကြောင့် အားလုံးအပေါ်တွင် မိမိတွေးတော၊ ပြုမူပုံသည် တူညီသော သဘောထားမျိုး ရှိစေပါမည်။ အို၊ ဘာသာရေးလမ်းညွှန်ပြသသော ဆရာတော်၊ ဤသို့ အတတ်နိုင်ဆုံး ဆောင်ရွက်နိုင်အောင် စိတ်ဓာတ်ခွန်အား ပေးတော်မူပါ။ ဤကျင့်ကြံမှုနှင့် ဆက်စပ်သည့် ဂုရုပူဇာ - လားမားချော့ပါ တွင် ပထမအပိုဒ်ကို ရွတ်ဆိုနေစဉ် ထားရှိရသော အတွေးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မည်သူမျှ ဆင်းရဲဒုက္ခ အနည်းငယ်မျှပင် အလိုမရှိကြပါ။ ရှိထားသည့် ပျော်ရွှင်မှုနှင့်လည်း ဘယ်တော့မှ မကျေနပ်နိုင်ကြပါ။ အခြားသူများနှင့် ကျွန်ုပ်တို့သည် အတူတူပင်ဖြစ်ကြောင်း တွေးတောခြင်းအားဖြင့် အခြားသူများ၏ အဆင်ပြေ ပျော်ရွှင်မှုကို တိုးမြှင့်ပေးနိုင်အောင် ကျွန်ုပ်တို့အား စိတ်ဓာတ်ခွန်အား ပေးတော်မူပါ။

ထို့ကြောင့် ဤပထမအပိုဒ်ဖြင့် အားလုံးကို ပျော်ရွှင်မှု ပေးစွမ်းကာ ဆင်းရဲဒုက္ခ အညီအမျှ ဖယ်ရှားပေးရေးနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏ အတွေးများ၊ အပြုအမူများတွင် အနီး၊ အဝေး ခံစားချက် မရှိသည့် တူညီသော သဘောထားကို ရရှိအောင် ဆုတောင်းပါသည်။ ဤသို့သော ညီမျှသည့် သဘောထားသည် ဤနေရာတွင် ကျွန်ုပ်တို့နှင့် ပတ်သက်သော ဥပေက္ခာ သို့မဟုတ် တူညီသော သဘောထားမျိုး၏ အဓိပ္ပာယ်နှင့် ကိုက်ညီပါသည်။ ထိုသဘောထားကို ရရှိအောင် စတိုးဆိုင်တွင် အလွန်ကောင်းသော ပစ္စည်းတွေ့ရှိသောအခါ ဝယ်ရန်ဆုံးဖြတ်သလိုပင် ခိုင်မာစွာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါသည်။

မိမိကိုယ်ကို တန်ဖိုးထားမှု မရှိအောင် ဖယ်ရှားပါမည်

ဆက်လက်၍ မိမိကိုယ်ကို တန်ဖိုးထားသော သဘောထား ရှိခြင်း၏ အပြစ်များအကြောင်းကို စဉ်းစားပါမည်။ မိမိကိုယ်ကို တန်ဖိုးထားသော တစ်ကိုယ်ကောင်းဆန်မှုကြောင့် ကျွန်ုပ်တို့သည် အပျက်သဘော ပြုမူပါသည်။ အပျက်သဘော ကျူးလွန်မှုဆယ်မျိုး ပြုလုပ်ပါသည်။ အကျိုးဆက်အားဖြင့် ငရဲဘုံတွင် ပြန်လည်မွေးဖွားပါသည်။ ထိုမှနေ၍ ရဟန္တာတို့၏ (လွတ်မြောက်ပြီးသူတို့၏) ဉာဏ်အလင်း ရရှိမှုသို့ မဆိုက်ရောက်တော့သည်အထိ အဆိုပါ တစ်ကိုယ်ကောင်း ဆန်မှုများသည် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတို့ကို ဆိတ်သုဉ်းစေပါသည်။ ဗောဓိသတ္တတို့မှာ ဉာဏ်အလင်းရရှိမှုနှင့် နီးစပ်သော်လည်း အချို့မှာ အခြားသူများထက် ပိုမိုနီးစပ်ပါသည်။ သူတို့၏ ခြားနားချက်မှာ ရှိထားသည့် မိမိကိုယ်ကို တန်ဖိုးထားမှု ပမာဏ ဖြစ်ပါသည်။ နိုင်ငံများအကြား အငြင်းပွားမှုများမှသည် ဘာသာရေး ဆရာတော်များ၊ သာဝကများအကြား၊ မိသားစုများ၊ မိတ်ဆွေများအကြား မညီညွတ်မှုများ အားလုံးသည် မိမိကိုယ်ကို တန်ဖိုးထားမှုမှ ပေါ်ထွက်လာပါသည်။ ထို့ကြောင့် ဤတစ်ကိုယ်ကောင်းဆန်မှုနှင့် မိမိကိုယ်ကို တန်ဖိုးထားမှုကို မိမိကိုယ်ထဲမှ မဖယ်ရှားပါက မည်သည့်ပျော်ရွှင်မှုမျှ ခံစားရတော့မည် မဟုတ်ကြောင်း တွေးတောရန် လိုပါသည်။ ထို့ကြောင့် မိမိကိုယ်ကို တန်ဖိုးထားမှုကို လုံးဝလွှမ်းမိုးခွင့် မပြုတော့ပါ။ အို၊ ဘာသာရေးသင်ပြသော ဆရာတော်၊ တစ်ကိုယ်ကောင်း ဆန်မှုအားလုံး မိမိတွင် ဖယ်ရှားနိုင်အောင် စိတ်ဓာတ်ခွန်အား ပေးသနားပါ။ ဒုတိယစာပိုဒ်နှင့်အတူ ထားရှိရသော အတွေးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မိမိကိုယ်ကို တန်ဖိုးထားမှုဆိုသည့် နာတာရှည်ရောဂါသည် မရှာဖွေဘဲရလာသော ဆင်းရဲဒုက္ခ ဖြစ်စေသည့် အကြောင်းရင်း ဖြစ်ကြောင်း၊ ၎င်းကိုအပြစ်မြင်ရမည့်အရာ၊ တစ်ကိုယ်ကောင်းဆန်မှုဆိုသည့် မကောင်းဆိုးဝါးကဲ့သို့ ဖျက်ဆီးရမည့်အရာဟု မြင်လာအောင် ကျွန်ုပ်တို့အား စိတ်ဓာတ်ခွန်အား ပေးတော်မူပါ။

သို့ဖြစ်ရာ ဒုတိယစာပိုဒ်တွင် မိမိကိုယ်ကို တန်ဖိုးထားသော တစ်ကိုယ်ကောင်းဆန်မှု သဘောထားကို ဖယ်ရှားရန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချပါသည်။

အခြားသူများအား တန်ဖိုးထားခြင်းကို အဓိကထား ကျင့်သုံးပါမည်

ဆက်လက်၍ အခြားသူများကို တန်ဖိုးထားမှု၏ အကျိုးကျေးဇူးများနှင့် အရည်အသွေးကောင်းများကို စဉ်းစားပါမည်။ ယခုဘဝတွင် အရာရာပျော်ရွှင်ပြီး အားလုံးအဆင်ပြေသည်။ နောင်ဘဝများတွင် လူ၊ နတ်အဖြစ် မွေးဖွားသည်။ ယေဘုယျအားဖြင့် ဉာဏ်အလင်း ရရှိမှုအထိ ပျော်ရွှင်မှု အားလုံးသည် အခြားသူများကို တန်ဖိုးထားမှုမှ ပေါ်ထွက်လာပါသည်။ ဤအချက်ကို ဥပမာများစွာဖြင့် သေချာစဉ်းစားရန် လိုပါသည်။ ဥပမာ၊ အများနှစ်သက်ခံရသော အရာရှိတစ်ယောက်၏ ကျော်ကြားမှုသည် သူက အခြားသူများကို တန်ဖိုးထားပြီး အလေးထားမှုကြောင့် ဖြစ်ပါသည်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းတို့မှ ကျင့်ဝတ်သီလဖြင့် ရှောင်ရှားမှုသည် အခြားသူများကို တန်ဖိုးထားမှုမှ ပေါ်ထွက်လာပြီး ဤသည်မှာ လူအဖြစ်ပြန်လည်မွေးဖွားစေသောအရာ ဖြစ်ပါသည်။

ဥပမာ၊ ဒလိုင်းလားမား ဆရာတော်ကြီးက နေရာတိုင်းမှ လူတိုင်း၏ သာယာဝပြောရေးကို အမြဲတွေးပါသည်။ သူ၏ အရည်အသွေးကောင်း အားလုံးသည် အခြားသူများကို တန်ဖိုးထားမှုမှ ပေါ်ထွက်လာပါသည်။ ဗောဓိသတ္တဖြစ်သည့် တော့ဂ်မေ-ဇင်ပို ကို သူ့အားနှောင့်ယှက်ရန်ဖြစ်သည့် တဏှာနတ်ဆိုးဖြစ်သော ကံက အန္တရာယ် မပေးနိုင်ပါ။ ဤတိဘက် ဆရာတော်ကြီးသည် အင်းဆက်တစ်ကောင် မီးပုံထဲ တိုးဝင်သွားလျှင်ပင် မျက်ရည်ကျသူမျိုး ဖြစ်ပါသည်။ အခြားသူ အားလုံးကို ရိုးသားစွာ အလေးထားသောကြောင့် တစ္ဆေများနှင့် အဆိုပါ နှောင့်ယှက်သူများက သူ့ကို အန္တရာယ် မပေးနိုင်ပါ။ ဤသည်မှာ နတ်များကိုယ်တိုင်က ပြောသလိုပင် သူသည် ကျွန်ုပ်တို့ကို အကျိုးပြုကာ တန်ဖိုးထားရန်သာ အတွေးများရှိသည့်အတွက် ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ၏ ဘဝဟောင်းတစ်ခု၌ နတ်တို့၏ဘုရင် အိန္ဒြာအဖြစ် ဖွားမြင်လာပြီး နတ်များနှင့် နတ်ဆိုးများအကြား စစ်ဖြစ်ပါသည်။ နတ်ဆိုးများက အနိုင်ရသောကြောင့် အိန္ဒြာနတ်မင်းသည် ရထားလုံးဖြင့် ထွက်ပြေးရသည်။ လမ်းတွင် ခိုငှက်များစွာ စုရုံးနေသော နေရာတစ်ခုကိုတွေ့ပြီး အချို့ကို တက်နင်းမိမည် စိုးသောကြောင့် ရထားလုံးကို ရပ်လိုက်သည်။ ထိုသို့ရပ်သည်ကို မြင်တွေ့သော နတ်ဆိုးများက သူသည်ရထားလုံးကိုရပ်ကာ ပြန်လှည့်လာပြီး တိုက်ခိုက်မည်ဟုထင်ကာ ထွက်ပြေးကုန်ပါသည်။ ဤအချက်ကို ဆန်းစစ်ပါက သူတို့ထွက်ပြေးမှုသည် အိန္ဒြာ၏ အခြားသူများကို တန်ဖိုးထားသော သဘောထားကြောင့် ဖြစ်သည်ကို တွေ့ရပါသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့သည် အခြားသူများကို တန်ဖိုးထားခြင်း၏ အကျိုးကျေးဇူးများကို ရှုထောင့်အမျိုးမျိုးမှ တွေးရန်လိုပါသည်။

တရားသူကြီး သို့မဟုတ် အရာရှိတစ်ဦးဦးသည် အလွန်ခန့်ညားစွာ ရုံးထိုင်နေသောအခါ သူ့ရာထူးနှင့်တကွ အဆောင်အယောင် အားလုံးမှာ အခြားသူများ၏ တည်ရှိမှုကြောင့် ဖြစ်ပါသည်။ ဤဥပမာတွင် အခြားသူများ၏ ကြင်နာမှုက သူတို့တည်ရှိသောအချက်နှင့်ပင် ပြည့်စုံနေပါသည်။ သူမှတစ်ပါး အခြားမည်သူမျှ မတည်ရှိပါက သူသည်တရားသူကြီး မဖြစ်နိုင်ပါ။ ဘာမှလုပ်စရာ ရှိမည် မဟုတ်ပါ။ ထို့ပြင် လူတို့တည်ရှိပြီး သူ့ထံသို့ မည်သူမျှ မလာပါကလည်း ဤတရားသူကြီးသည် ထိုင်နေရုံကလွဲလို့ ဘာမှလုပ်စရာ မရှိပါ။ တစ်ဖက်တွင်မူ လူအများအပြား သူ့ထံသို့လာပြီး အမှုအခင်းများ လာရောက်ဖြေရှင်းကြပါက သူတို့ကို တည်မှီရသည့်အတွက် သူသည်ကောင်းမွန်စွာထိုင်ပြီး ဧည့်ခံရပါမည်။ လားမားဘုန်းတော်ကြီးသည်လည်း ထိုအတိုင်း ဖြစ်ပါသည်။ အခြားသူများကို တည်မှီကာ ကောင်းမွန်စွာထိုင်ပြီး သင်ကြားပေးပါသည်။ သူ့ရာထူးအားလုံးမှာ အခြားသူများကို ကူညီရမှုကြောင့် ဖြစ်ပါသည်။ သူတို့ အကျိုးရှိအောင် သူကတရားဓမ္မ သင်ကြားသည်။ သူ့အကူအညီသည် အခြားသူများအပေါ်သူက တည်မှီနေရမှုမှ၊ သူတို့၏ကြင်နာမှုကို သူကအမှတ်ရနေမှုမှ ဖြစ်ပေါ်လာပါသည်။

ထို့အတူ အခြားသူများကို တန်ဖိုးထားသည့် မေတ္တာ၊ ကရုဏာတို့မှနေ၍ ကျွန်ုပ်တို့သည် အလျင်အမြန် ဉာဏ်အလင်းရရှိနိုင်ပါသည်။ ဥပမာ၊ မိမိကို ရန်သူကအန္တရာယ်ပေးပြီး မိမိကသည်းခံလျှင် မိမိသည် ဉာဏ်အလင်းရရှိမှုနှင့် ပိုမိုနီးစပ်လာပါသည်။ ဤသည်မှာ အခြားသူကို တန်ဖိုးထားမှုမှ ပေါ်ထွက်လာပါသည်။ ထို့ကြောင့် အကန့်အသတ်ရှိသော သက်ရှိများ တစ်ဦးမကျန်သည် ပျော်ရွှင်မှု၊ သာယာဝပြောမှု အားလုံး၏ အခြေခံဇစ်မြစ် ဖြစ်သည့်အတွက် သူတို့မိမိအား ဘာလုပ်လုပ်၊ ဘာအန္တရာယ်ပေးပေး အခြားသူများကို အမြဲတန်ဖိုးထားမည်ဟု ဆုံးဖြတ်ထားရန် လိုပါသည်။ အခြားသက်ရှိများသည် ကျွန်ုပ်၏ ဘာသာရေး သင်ကြားပေးသူများ၊ ဘုရားရှင်များ သို့မဟုတ် တန်ဖိုးထားရသော ရတနာများပမာ ဖြစ်သည့်အတွက် သူတို့ကို တန်ဖိုးထားပါမည်။ သူတို့ တစ်ခုခု အတိဒုက္ခရောက်လျှင် မိမိဆုံးရှုံးသလို ခံစားပါမည်။ ဘာပဲဖြစ်ဖြစ် သူတို့ကို လုံးဝမငြင်းပယ်ပါ။ ကျွန်ုပ်သည် သူတို့အပေါ် ကြင်နာနွေးထွေးသော နှလုံးသား အမြဲထားရှိပါမည်။ အို၊ ဘာသာရေးသင်ပြသော ဆရာတော်၊ အခြားသူများအတွက် ဤသို့သော နှလုံးသားနှင့် ခံစားချက်တို့မှ တစ်ခဏတာမျှပင် ဝေးကွာမသွားရအောင် စိတ်ဓာတ်ခွန်အား ပေးသနားပါ။ တတိယစာပိုဒ်၏ အဓိပ္ပာယ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မိမိ၏ မိခင်ကို တန်ဖိုးထားပြီး ကာကွယ်သော စိတ်သည် အနှိုင်းမဲ့ဂုဏ်များ ဖြစ်စေသည့်လမ်းကြောင်း ဖြစ်သောကြောင့် ဤသို့သွားလာနေသာ သက်ရှိများအား သူတို့က ရန်သူအဖြစ် ပေါ်ထွက်လာလျှင်ပင် မိမိအသက်ထက်ပို၍ တန်ဖိုးထားရမည်ဟု မြင်နိုင်အောင် ကျွန်ုပ်တို့အား စိတ်ဓာတ်ခွန်အား ပေးသနားပါ။

ဤနည်းဖြင့် အခြားသူများကို တန်ဖိုးထားသည့် အလေ့အထကို ကျွန်ုပ်တို့၏ အဓိက အာရုံစိုက်မှုဖြစ်စေရန် ဆုံးဖြတ်ချက် ချမှတ်ပါသည်။

မိမိရော၊ အခြားသူများနှင့် ပတ်သက်၍ပါ မိမိသဘောထားများကို ဖလှယ်နိုင်စွမ်း အမှန်ပင် ရှိပါသည်

မိမိကိုယ်ကို တန်ဖိုးထားမှု၏ အပြစ်များစွာနှင့် အခြားသူများကို တန်ဖိုးထားမှု၏ အရည်အသွေးများစွာအကြောင်း တွေးတောမှု လမ်းကြောင်းကို အားထားလျှက် မိမိတန်ဖိုးထားသူ၏ တန်ဖိုးများ ပြောင်းလဲရမည်ဟု ခံစားလာရပြီး ထိုသို့အမှန်တကယ် ပြောင်းလဲနိုင်မလားဟု တွေးမိပါက ကျိန်းသေပြောင်းလဲနိုင်ပါသည်။ ဗုဒ္ဓမြတ်စွာသည် ဉာဏ်အလင်းမရရှိမီက ကျွန်ုပ်တို့လိုပင် ဖြစ်သည့်အတွက် ကျွန်ုပ်တို့သည်လည်း သဘောထားများ ပြောင်းလဲ၍ရနိုင်ပါသည်။ ဗုဒ္ဓမြတ်စွာသည်လည်း သံသရာ၏ ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော အခြေအနေနှင့် ပြဿနာများတွင် ဘဝတစ်ခုမှ တစ်ခုသို့ ကျင်လည်နေခဲ့ရပါသည်။ မည်သို့ရှိစေကာမူ ကြီးမြတ်သော ဗုဒ္ဓမြတ်စွာသည် သူတန်ဖိုးထားသူများအပေါ် သူ့သဘောထားကို ဖလှယ်ခဲ့ပါသည်။ အခြားသူများကို တန်ဖိုးထားရန် လက်ကိုင်ပြုခြင်းအားဖြင့် သူကိုယ်တိုင်ရော အခြားသူများ၏ ရည်မှန်းချက်ကိုပါ ဖြည့်ဆည်းပေးနိုင်သည့် ပန်းတိုင်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ထိုသို့မဟုတ်သည့် ကျွန်ုပ်တို့မှာကား မိမိကိုယ်ကိုသာ တန်ဖိုးထားပြီး အခြားသူများကို ပစ်ပယ်ပါသည်။ အခြားသူများ အကျိုးရှိရာရှိကြောင်း တစ်ခုခု ဆောင်ရွက်ပါက မိမိကိုယ်တိုင် အကျိုးအတွက်လည်း အနည်းငယ်မျှပင် မဆောင်ရွက်နိုင်ပါ။ မိမိကိုယ်ကို တန်ဖိုးထားပြီး အခြားသူများကို လျစ်လျူရှုပါက လုံးဝအကူအညီမဲ့ကာ တကယ် ထူးခြားသည့်အရာ တစ်ခုခုကို မဆောင်ရွက်နိုင်တော့ပါ။ မိမိပြဿနာများမှ လွတ်ကင်းအောင် စစ်မှန်သော စွန့်ပယ်မှု သို့မဟုတ် ဆုံးဖြတ်ချက်ကို မရရှိနိုင်ပါ။ အဆိုးရွားဆုံး ပြန်လည်မွေးဖွားမှု အခြအနေများမှ လွတ်မြောက်အောင်ပင်လျှင် ကိုယ်တိုင် မကာကွယ်နိုင်တော့ပါ။ ဤနည်းဖြင့် မိမိကိုယ်ကို တန်ဖိုးထားခြင်း၏ အပြစ်များနှင့် အခြားသူများကို တန်ဖိုးထားခြင်း၏ အကျိုးကျေးဇူးများကို တွေးကြည့်ရပါမည်။ ဘုရားရှင်က သူ၏သဘောထားများပြောင်းလဲနိုင်ကာ ကျွန်ုပ်တို့လိုပင် စတင်ခဲ့ရသည်ဆိုပါက ကျွန်ုပ်တို့သည်လည်း သဘောထားများ ပြောင်းလဲနိုင်ရပါမည်။

ထိုမျှသာမက လုံလောက်သော ရင်းနှီးမှုရှိလာပါက မိမိကိုယ်ကို ဂရုစိုက်သည့်နည်းတူ အခြားသူများ၏ ခန္ဓာကိုယ်ကိုလည်း တန်ဖိုးထားရန် ဖြစ်နိုင်လာပါသည်။ တကယ်တော့ မိမိ၏မိဘများဆိုသည့် အခြားသူများခန္ဓာကိုယ်မှ သုက်ပိုးနှင့် မျိုးဥများ ရယူပြီး မိမိခန္ဓာကိုယ်ကို တန်ဖိုးထားနေခြင်း ဖြစ်ပါသည်။ မူလက မိမိခန္ဓာကိုယ် မဟုတ်ပါ။ ထို့ကြောင့် မိမိသဘောထားကို ပြောင်းလဲ၍ မဖြစ်နိုင်စရာ အကြောင်းမရှိပါဟု တွေးရန်လိုပါသည်။ မိမိကိုယ်ကိုရော၊ အခြားသူများကိုပါ သဘောထားများ ပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကိုရော၊ အခြားသူများကိုပါ သဘောထားများ မပြောင်းလဲပါက မည်မျှပင် တွေးတောသည်ဖြစ်စေ အကောင်အထည် မပေါ်တော့ပါ။ ဤသည်မှာ မိမိလုပ်နိုင်သောအရာဖြစ်သည်။ မလုပ်နိုင်သောအရာ မဟုတ်ပါ။ ထို့ကြောင့် အို၊ ဘာသာရေးသင်ပြသော ဆရာတော်၊ ထိုသို့ဆောင်ရွက်နိုင်အောင် ကျွန်ုပ်အား စိတ်ဓာတ်ခွန်အား ပေးသနားပါ။ စတုတ္ထစာပိုဒ်တွင် အောက်ပါအတိုင်း ယုံကြည်ချက်ထားရှိပါသည်။

အကျဉ်းချုပ်အားဖြင့် မိမိ၏တစ်ကိုယ်ကောင်း အကျိုးအတွက်သာ မက်မောနေသည့် အရွယ်မရောက်သေးသော သက်ရှိများ၏ ဆိုးပြစ်များနှင့် အခြားသူများအကျိုးအတွက်သာ ဆောင်ရွက်သော သူတော်စင်ကြီးများ၏ ကောင်းကျိုးများအကြား ကွဲပြားမှုကို နားလည်သောစိတ် ရှိအောင်၊ ထိုမှသည် မိမိရော၊ အခြားသူများအတွက်ပါ မိမိ၏ သဘောထားများ ညီမျှပြီး ဖလှယ်နိုင်စွမ်းရှိအောင် ကျွန်ုပ်အား စိတ်ဓာတ်ခွန်အား ပေးသနားပါ။

ဤသို့ဖြင့် ဤနေရာတွင် ချမှတ်သော ဆုံးဖြတ်ချက်မှာ မိမိနှင့် အခြားသူများကို တန်ဖိုးထားမှုနှင့် သက်ဆိုင်သော မိမိသဘောထားများကို ကျိန်းသေပြောင်းလဲနိုင်သည် ဆိုသောအချက် ဖြစ်ပါသည်။

မိမိရော၊ အခြားသူများနှင့် ပတ်သက်၍ပါ မိမိသဘောထားများကို အမှန်ပင် ဖလှယ်ပါမည်

ထပ်မံ၍ မိမိကိုယ်ကို တန်ဖိုးထားခြင်း၏ အပြစ်များနှင့် အခြားသူများကို တန်ဖိုးထားခြင်း၏ အကျိုးကျေးဇူးများကို တွေးကြည့်ရပါမည်။ သို့သော် ယခုတစ်ကြိမ်တွင် နောက်ပုံစံတစ်မျိုးဖြင့် ထိုနှစ်ခုကိုရောစပ်လိုက်ပါမည်။ တစ်နည်းဆိုရလျှင် အပျက်သဘော ဆောင်ရွက်ချက်ဆယ်ချက်နှင့် အပြုသဘော ဆောင်ရွက်ချက်ဆယ်ချက်ကို စာရင်းတစ်ခုစီမှ တစ်ချက်ချင်း ကြည့်ကာ မိမိကိုယ်ကို တန်ဖိုးထားခြင်းနှင့် အခြားသူများကို တန်ဖိုးထားခြင်း အနေနှင့် ရှုမြင်ပါမည်။ ဥပမာ၊ မိမိကိုယ်ကို တန်ဖိုးထားပါက အခြားသူတို့၏အသက်ကို သတ်ဖြတ်ရန် ဝန်မလေးတော့ပါ။ ရလဒ်မှာ မိမိသည် ဆင်းရဲအတိပြီးသော ငရဲတွင် ပြန်လည်မွေးဖွားကာ နောက်ပိုင်းတွင် လူ့ဘုံပြန်မွေးဖွားလျှင်လည်း ဖျားနာပြီး အသက်တိုပါမည်။ တစ်ဖက်တွင်မူ အခြားသူများကို တန်ဖိုးထားပါက သူ့အသက် မသတ်ဖြတ်တော့ဘဲ ထိုရလဒ်အဖြစ် ပိုကောင်းသော အခြေအနေတွင် ပြန်လည်မွေးဖွားပါမည်။ အသက်ရှည်ခြင်း စသည် ကြုံတွေ့ရပါမည်။ ထို့နောက် ခိုးယူခြင်းနှင့် မခိုးယူခြင်း၊ မသင့်တော်သော ကာမဂုဏ် ကျူးလွန်ခြင်းနှင့် ထိုအပြုအမူကို ရှောင်ကြဉ်ခြင်း စသည်စသည်ဖြင့် ထိုနည်းတိုင်း ဆက်လက်ဆောင်ရွက်သွားပါသည်။ အတိုချုပ်အားဖြင့် ပဉ္စမစာပိုဒ်က ဤသို့ဆိုပါသည်-

မိမိကိုယ်ကို တန်ဖိုးထားမှုသည် ပျက်စီးခြင်းအားလုံး ဆိုက်စေပြီး မိမိတို့၏ မိခင်များကို တန်ဖိုးထားခြင်းသည် ကောင်းမှုအားလုံး၏ အခြေခံ ဖြစ်သည့်အတွက် မိမိကိုယ်ကိုမဟုတ်ဘဲ အခြားသူများဖြင့် ဖလှယ်သည့် ပင်မကျင့်ကြံမှုကို ကျင့်ကြံနိုင်အောင် စိတ်ဓာတ်ခွန်အား ပေးသနားပါ။

ပဉ္စမ ဆုံးဖြတ်ချက်သည် မိမိနှင့် အခြားသူများအပေါ် မိမိသဘောထားများကို ကျိန်းသေ ဖလှယ်မည် ဟူ၍ဖြစ်ပါသည်။ ဤသည်မှာ ငါသည်သင်ဖြစ်ပြီး သင်သည်ငါဖြစ်သည်ဟု ဆုံးဖြတ်ခြင်း မဟုတ်ရပါ။ မည်သူ့ကို တန်ဖိုးထားသည် ဆိုသည့်အချက်နှင့် ပတ်သက်သော ရှုထောင့်ကို ဖလှယ်ခြင်းဟု ဆိုလိုပါသည်။ မိမိကိုယ်ကို တန်ဖိုးထားကာ အခြားသူများကို လျစ်လျူရှုမည့်အစား မိမိ၏ တစ်ကိုယ်ကောင်းစိတ်ထားများကို လျစ်လျူရှုကာ အခြားသူ အားလုံးကို တန်ဖိုးထားပါမည်။ ဤသို့ မဆောင်ရွက်နိုင်ပါက ဘာကိုမျှ ရရှိနိုင်တော့မည် မဟုတ်ပါ။ သို့သော် မိမိသဘောထားများ ဤသို့ဖလှယ်မှု အခြေခံကြောင့် မိမိပျော်ရွှင်မှုကို အခြားသူများအား ပေးကာ သူတို့၏ဆင်းရဲဒုက္ခများ ယူလိုက်သည်ဟု လေ့ကျင့် မြင်ယောင်လာနိုင်ပြီး ရိုးသားစွာဂရုစိုက်သော မေတ္တာနှင့် စာနာမှု ကရုဏာတို့ ရရှိလာပါသည်။ ထိုအခြေခံဖြင့် အားလုံး၏ ပြဿနာများ၊ ဆင်းရဲဒုက္ခများကို ဖယ်ရှားကာ ပျော်ရွှင်မှု ယူဆောင်ပေးနိုင်အောင် အကြွင်းမဲ့ ဆုံးဖြတ်ချက် ချလာနိုင်ပါမည်။ ထိုသို့ တတ်နိုင်သမျှ ဆောင်ရွက်နိုင်အောင် ဉာဏ်အလင်းရရှိရေး တစိုက်မတ်မတ် ကြိုးပမ်းသည့် ဗောဓိသတ္တ နှလုံးသားကို ရရှိလာပါမည်။

အကျဉ်းချုပ်

ဤတရားတော်များ၏ ရင်းမြစ်ဖြစ်သော ရှန်တီဒေဝ၏ ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း (သက္ကတဘာသာဖြင့် ဗောဓိစရိယတရား)၊ ကာဒမ်ပ ဆရာတော်များ၏ တရားများ၊ စတုတ္ထမြောက် ပန်ချန်လားမား၏ ဂုရုပူဇာ - လားမား ချော့ပါ တို့ ဖြစ်ပါသည်။ ယင်းတို့ကို ဒလိုင်းလားမား ဆရာတော်ကြီး၏ ကွယ်လွန်သွားပြီဖြစ်သော အငယ်တန်း သင်ကြားရေးမှူး ကျာဂျယ် ထရီဂျန် ဒိုဂျယ်ချန်၏ စာစုများ မှ နံပါတ်တပ်ထားသော အပိုင်းတွင် ဖော်ပြထားပါသည်။ သို့သော် ထိုအထဲမှ စာရင်းနှင့် နံပါတ်စဉ်များကိုသာ အလွန်စိတ်ဝင်စားနေပါက မိမိရှေ့မှ ပေါက်စီခုနစ်လုံးပါသည့် ပန်းကန်ပြားကို မစားဘဲ အခြားသူများကို မြည်းခိုင်းခြင်း၊ ယင်းတို့ပုံသဏ္ဌာန်၏ မူလရင်းမြစ်ကို စမ်းသပ်လေ့လာနေခြင်းနှင့် တူနေပါမည်။ တစ်ခါတည်း ထိုင်ပြီး စားသုံးလိုက်ရပါမည်။

Top