တရားမရှုမှတ်မီ ကြိုတင်လိုအပ်ချက်များ

Week%203%20preliminaries%20to%20meditation%20%281%29

တရားရှုမှတ်ရန် ထောက်ပံ့သော ပတ်ဝန်းကျင်

အမှန်တကယ် တရားရှုမှတ်ရန်အတွက် ထိုသို့ရှုမှတ်မှုကို အားပေးသည့် အခြေအနေများ လိုအပ်ပါသည်။ တရားရှုမှတ်ရန် အားပေးမည့် အချက်အလက်များစွာ ရှိသော်လည်း တရားစခန်းဝင်နေသည့် အဆက်အစပ်ဖြင့် ဆွေးနွေးတင်ပြလေ့ ရှိပါသည်။ တကယ်တော့ ကျွန်ုပ်တို့အများစုမှာ အိမ်တွင် တရားရှုမှတ်နေကြပါသည်။

အိမ်မှာပင်လျှင် အနှောင့်အယှက် မရှိပါက အကောင်းဆုံး ဖြစ်ပါမည်။ ပတ်ဝန်းကျင်သည် တတ်နိုင်သလောက် တိတ်ဆိတ်ရမည်။ ကျွန်ုပ်တို့အများစုမှာ ယာဉ်အသွားအလာရှိသည့် ဆူညံသောလမ်းမများတွင် နေထိုင်ပါသည်။ ထို့ကြောင့် ယာဉ်အသွားအလာနည်းသည့် နံနက်ခင်း သို့မဟုတ် ညဉ့်နက်ချိန်တွင် တရားရှုမှတ်ပါက ပိုကောင်းပါသည်။ ထို့ပြင် ပတ်ဝန်းကျင်တွင် သီချင်းသံ၊ ဘေးအခန်းမှ တီဗီဖွင့်သံများ မရှိသင့်ပါ။ ထိုသို့ဖြစ်ရန် အတော် အရေးကြီးပါသည်။ တိတ်ဆိတ်သော ပတ်ဝန်းကျင် မရရှိနိုင်ပါက နားကြပ်တပ်ထားကြည့်ပါ။ အသံအားလုံး ပိတ်ဆို့စရာ မလိုသော်လည်း တိုးတိတ်သွားအောင်တော့ ပြုလုပ်နိုင်မှာ သေချာပါသည်။

ကျွန်ုပ်တို့အများစုမှာ သီးခြားတရားရှုမှတ်ရန်အခန်း မထားရှိနိုင်ကြပါ။ ရှိသည့်နေရာကို ဘာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါသည်။ လိုအပ်ပါက အိပ်ရာပေါ်တွင် တရားရှုမှတ်ပါကလည်း ပြဿနာ မရှိပါ။ အိန္ဒိယနိုင်ငံရှိ တိဘက်လူမျိုး အများစုသည် အိပ်ရာပေါ်တွင် တရားရှုမှတ်ပါသည်။

နောက်ထပ် အတော်လေး အရေးကြီးသည့် အချက်မှာ သန့်ရှင်းသပ်ရပ်သောအခန်း ဖြစ်သည်။ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေပါက စိတ်လည်း သန့်ရှင်းသပ်ရပ်နေစေပါသည်။ အခန်းက ပွေလီရှုပ်ပွပြီး ညစ်ပေနေပါက စိတ်လည်း ထိုအတိုင်း ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် တရားမရှုမှတ်မီ လိုအပ်ချက်အဖြစ် အမြဲဖော်ပြသည့် ကြိုတင်ပြင်ဆင်မှု တစ်ခုမှာ တရားရှုမှတ်မည့်အခန်းကို သန့်ရှင်းရန် ဖြစ်သည်။ ရေတစ်ခွက်ပင်ဖြစ်စေ ဆက်ကပ်မှုအချို့ ပြုလုပ်ရန် ဖြစ်သည်။ မိမိ ဆောင်ရွက်နေသောအရာကို လေးစားမှုပြသလိုပါက၊ ဘုရားရှင်များနှင့် ဗောဓိသတ္တများ ကြွရောက်ရန် ဖိတ်ခေါ်ကြောင်း စဉ်းစားထားပါက မရှုပ်ပွဘဲ သန့်ရှင်းနေသော အခန်းသို့ ဖိတ်ခေါ်ချင်မည် ဖြစ်ပါသည်။ မိမိပြုလုပ်နေသော အရာကို လေးစားရန်နှင့် အထူးသီးသန့် သဘောထားရန်မှာ ပုံမှန် စိတ်ပညာအဆင့်မှာပင် အရေးကြီးပါသည်။ ‘‘အထူးသီးသန့်’’ ဆိုရာတွင် ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ဟောလိဝုဒ် ရုပ်ရှင်ရိုက်ကွင်းကဲ့သို့ တန်ဆာဆင်ထားသော ပတ်ဝန်းကျင်မျိုး မဟုတ်ပါ။ ရိုးရှင်း သပ်ရပ် သန့်ရှင်းပြီး လေးစားဖွယ်ကောင်းအောင် ထားရှိခြင်းကို ဆိုလိုပါသည်။

ကိုယ်နေဟန်ထား

အာရှယဉ်ကျေးမှု များစွာတွင် တရားထိုင်ရန် အသုံးပြုသည့် ကိုယ်နေဟန်ထား ကွဲပြားကြပါသည်။ အိန္ဒိယ/တိဘက်/တရုတ်/ဂျပန် တို့မှ တရားထိုင်သော ပုံစံနှင့် ထိုင်းနိုင်ငံမှ ပုံစံတို့မှာ မတူညီကြပါ။ ထို့ကြောင့် မည်သည့် ကိုယ်နေဟန်ထားတစ်ခုသာ မှန်ကန်သည်ဟု မဆိုနိုင်ပါ။ အိန္ဒိယနှင့် တိဘက် လူမျိုးများက ခြေနှစ်ချောင်း ကန့်လန့်ဖြတ် ချိတ်ပြီး ထိုင်သည်။ ဂျပန်နှင့် အချို့တရုတ်လူမျိုးများက ခြေထောက်နှစ်ချောင်း ကွေးပြီး ဖိထိုင်သည်။ ထိုင်းလူမျိုးတို့က ခြေထောက်များ ဘေးချပြီး ထိုင်သည်။ မန္တရား ကျင့်ကြံမှုတွင် ခန္ဓာကိုယ်၏ စွမ်းအင်များဖြင့် အားထုတ်သည့်အတွက် သေချာ တင်ပျဉ်ခွေထိုင်ရန် လိုပါသည်။ သို့သော် ကျွန်ုပ်တို့အများစုမှာ ကျင့်ကြံမှု ထိုအဆင့်အထိ မရောက်သေးပါ။ ထိုသို့ ကျင့်ကြံနည်းမျိုး ပြုလုပ်နိုင်အောင် ဆန္ဒရှိပါက စတင်လိုက်သည့် အချိန်ကတည်းက သေချာ တင်ပျဉ်ခွေ ထိုင်ရန် အလေးအနက် ထောက်ခံပါသည်။ အကြောင်းမှာ နောက်ပိုင်းအသက်ကြီးလာလျှင် ထိုပုံစံဖြင့် စပြီးထိုင်ရန် အလွန်ခက်ခဲလာသည့်အတွက် ဖြစ်ပါသည်။ အနောက်တိုင်းသားများအတွက် ထိုသို့သော အာရှတိုက်သားတို့၏ အစဉ်အလာ ပုံစံတစ်ခုခုအတိုင်း ထိုင်နိုင်ပါက အလွန်ကောင်းပါသည်။ ထိုသို့မဟုတ်ပါက ထိုင်ခုံပေါ်ထိုင်လည်း ရပါသည်။ အရေးအကြီးဆုံးအချက်မှာ ခါးကို ဖြောင့်ဖြောင့်ထားရန် ဖြစ်ပါသည်။

ဦးတည် စိုက်ကြည့်ရန် နေရာ

မျက်လုံးနှင့်ပတ်သက်လျှင် အချို့တရားထိုင်သူများက မျက်စိမှိတ်ပြီး ရှုမှတ်သည်။ အချို့က မျက်စိဖွင့်ထားသည်။ အချို့က မျက်လွှာချထားသည်။ အချို့က အပေါ်ကို မော့ကြည့်ပါသည်။ တရားရှုမှတ်မှုအပေါ်တွင် မူတည်ပါသည်။ ယေဘုယျ အားဖြင့် တိဘက်လူမျိုးများက မျက်စိမှိတ်ပြီး တရားရှုမှတ်ခြင်းကို အားမပေးပါ။ မျက်စိမှိတ်ထားသောအခါ ပိုပြီးအိပ်ပျော်နိုင်သည့်အပြင် တရားရှုမှတ်ရန် မျက်စိမှိတ်ထားဖို့လိုသည်ဟု ခံစားရသည့် စိတ်အတားအဆီးတစ်ခုလည်း ဖြစ်လာတတ်ပါသည်။ ထိုသို့ခံစားလာရပါက လက်တွေ့ဘဝထဲသို့ တရားရှုမှတ်မှုမှ ရရှိသောအရာကို ပေါင်းစည်းရန် ပို၍ခက်ခဲလာပါသည်။ ဥပမာ၊ တစ်ယောက်ယောက်နှင့် စကားပြောနေပါက မေတ္တာ ထားရှိနိုင်ရန် မျက်စိမှိတ်လိုက်ရမည် ဆိုပါက ထူးဆန်းနေပါမည်။ ထို့ကြောင့် တိဘက်ရိုးရာ အစဉ်အလာတွင် တရားရှုမှတ်မှု အများစုအတွက် မျက်လုံးကို မပွင့်တပွင့်ထားကာ ကြမ်းပြင်ဆီသို့ မျက်လွှာချပြီး အနည်းငယ် အာရုံစိုက်နေရပါသည်။

အောက်ခံကူရှင်

ခြေနှစ်ချောင်း ကန့်လန့်ဖြတ် ချိတ်ပြီး ထိုင်ပါက သင့်တော်သော ထိုင်စရာကူရှင်ကို ရွေးချယ်ရန် အရေးကြီးပါသည်။ အချို့လူများက ကြမ်းပြင်ပေါ်တွင် သက်သာစွာ ထိုင်နိုင်ပါသည်။ ခြေထောက်လည်း မညောင်းကြပါ။ ဥပမာ၊ ဒလိုင်းလားမား ဆရာတော်ကြီးက တရားဟောသောအခါ ပလ္လင်ထက်တွင် ထိုကဲ့သို့ ထိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အများစုအတွက်တော့ ကူရှင်မပါဘဲ ထိုင်ပါက ခြေထောက်များ ခဏလေးနှင့် ညောင်းလာပါသည်။ ထို့ကြောင့် ထိုပြဿနာမျိုး သင်ကြုံရပါက တင်ပါးသည် ဒူးခေါင်းထက် ပိုမြင့်အောင် တင်ပါးအောက်တွင် ကူရှင်ဖြင့် ထိုင်ကြည့်ပါ။ အထူအပါး၊ အပျော့အမာ စသည်ဖြင့် မိမိအတွက် အသင့်တော်ဆုံး ကူရှင် အမျိုးအစားကို ရွေးပါ။ တစ်ယောက်နှင့် တစ်ယောက် မတူနိုင်ပါ။ အရေးအကြီးဆုံး အချက်မှာ သက်သောင့်သက်သာ ရှိရန်နှင့် ကူရှင်က ခြေထောက် မညောင်းအောင် ကာကွယ်ရန် ဖြစ်ပါသည်။ ထိုသို့ ညောင်းလာပါက အလွန်မနှစ်မြို့စရာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ စင်တာအများအပြားတွင် ထူပြီး အဝိုင်း သို့မဟုတ် လေးထောင့် ကူရှင်များ ရှိကြသည်။ သို့သော် ဇင် ဗုဒ္ဓဘာသာ ကျင့်ကြံသော ထိုကူရှင်များမှာ ဂျပန်ထိုင်ကဲ့သို့ ခြေထောက် အောက်မှာထားပြီး ထိုင်ရန်အတွက် ဖြစ်သည်။ အချို့လူများက ထိုသို့ ခြေထောက်ချိတ်ပြီး သက်သာစွာ ထိုင်နိုင်ပါမည်။ သို့သော် လူအများစုအတွက် အလွန်မြင့်နေခြင်း၊ အလွန်ထူနေခြင်း ဖြစ်နေပါသည်။ သင့်စင်တာက ထူထဲသော ကူရှင်များသာ ပေးပါက၊ သင်ကလည်း ခြေထောက်ချိတ်ပြီး ထိုင်ပါက ကိုယ်ပိုင်ကူရှင် ယူလာဖို့လိုပါမည်။

တရားရှုမှတ်ရန် အချိန် ရွေးချယ်ခြင်း

လူအများစုအတွက် တရားရှုမှတ်ရန် အကောင်းဆုံးအချိန်သည် မနက်ခင်း အစောဆုံး သို့မဟုတ် ညဉ့်နက်ချိန် ဖြစ်ပါသည်။ သို့မှသာ နေ့စဉ်လုပ်ငန်းများ၏ အနှောင့်အယှက် နည်းမည်ဖြစ်သည်။ ‘‘မနက်ခင်းလူသား’’ နှင့် ‘‘ညလူသား’’ ဆိုသည့်အတိုင်း အချို့လူများက မနက်ခင်းတွင် ပိုမိုလန်းဆန်းပြီး အချို့က ညဘက်တွင် ပိုမိုလန်းဆန်းပါသည်။ သင့်အကြောင်း၊ သင့်နေထိုင်မှုဘဝအကြောင်း အခြားသူများထက် သင်ပိုသိပြီး တစ်နေ့တာ အကောင်းဆုံး အချိန်ကို ဆုံးဖြတ်နိုင်ပါသည်။

အိပ်ငိုက်သောအခါ တရားမထိုင်ရန် အကြံပြုလိုပါသည်။ ညဘက်တွင် အိပ်ငိုက်သော်လည်း အိပ်ရာမဝင်မီ တရားရှုမှတ်ကြည့်ပါက ရှုမှတ်နေရင်းမှာပင် အိပ်ပျော်သွားနိုင်ပါသည်။ ဤသည်မှာ လုံးဝ အထောက်အကူ မဖြစ်ပါ။ ထို့အတူ မနက်စောစောတွင် အိပ်ချင်မူးတူး ဖြစ်နေပါကလည်း သင့်တရားရှုမှတ်ခြင်းက သိပ်ပြီးမထိရောက်တော့ပါ။ သင့်အတွက် အကောင်းဆုံးကို မိမိဘာသာ အကဲဖြတ်ပါ။ မနက်ခင်း တရားမရှုမှတ်မီ ကော်ဖီ၊ လက်ဖက်ရည် သောက်ခြင်းမှာ ပြဿနာ မရှိပါ။ သို့သော် တိဘက်လူမျိုး အများစုတွင်တော့ ထိုအလေ့အကျင့်မျိုး မရှိကြပါ။

ကျွန်ုပ်၏ဆရာတော် ဇန်ဟဗ်ဆခုန် ယင်းပိုချီသည် ဒလိုင်းလားမား ဆရာတော်ကြီး၏ ဆရာတော်တစ်ပါး ဖြစ်ပါသည်။ သူက တိဘက်ရှိ သူသင်ကြားလေ့ကျင့်ခဲ့သော တန္တရကောလိပ် ကျောင်းတိုက်များတွင် မည်ကဲ့သို့ တရားရှုမှတ်သည်ကို ဖော်ပြထားပါသည်။ သံဃာအားလုံး တရားရှုမှတ်ခန်းတွင် ထိုင်ပြီး မိမိနေရာတွင်ထိုင်ခြင်း၊ ဦးခေါင်းသည် အနီးရှိ တစ်ဦး၏ ပေါင်ပေါ်တွင် မှီထားခြင်း စသည်ဖြင့် ထိုနေရာမှာပင် အိပ်ပျော်ကုန်ပါသည်။ တိဘက်လူမျိုးများတွင် လူချင်း ထိတွေ့မှုက ပြဿနာ မရှိပါ။ မနက်ခင်း အစောကြီး အိပ်ရာထရန် ခေါင်းလောင်းသံ မြည်ပါသည်။ မတ်မတ်ထိုင်ပြီး စတင် တရားရှုမှတ်ရပါသည်။ ဘုရားစာရွတ်ရပါသည်။ သို့သော် ညဘက်ကြီး နိုးလာပြီး ချက်ချင်းအိပ်ရာထကာ ခွဲစိတ်မှုတစ်ခုခု ပြုလုပ်ရန် အကျင့်ရနေသည့် ဆရာဝန် မဟုတ်ပါက အိပ်ရာနိုးသည်နှင့် တရားရှုမှတ်ရန် အတော်လေး ခက်ခဲပါလိမ့်မည်။

တရားရှုမှတ်ရန် ကြာချိန်

တရားရှုမှတ် ကျင့်ကြံမှု စတင်နေသောအခါ သင်၏ တရားရှုမှတ်ချိန်သည် တိုတောင်းပြီး မကြာခဏ ဖြစ်ရန်လည်း အရေးကြီးပါသည်။ စတင်ခါစတွင် တစ်ကြိမ်လျှင် နာရီပေါင်းများစွာ တရားထိုင်ရန်မှာ စွန့်စားခန်းကြီး ဖြစ်နေပါသည်။ အချို့နေရာများတွင် အချိန်ဇယားအတိုင်း လိုက်နာရပါသည်။ သို့သော် ယေဘုယျအားဖြင့် တိဘက်လူမျိုးများက အားမပေးပါ။ အကြောင်းမှာ တရားရှုမှတ်မှုသည် စွန့်စားခန်းကြီးဖြစ်နေပါက ဆောင်ရွက်ချင်စိတ် ရှိတော့မည် မဟုတ်ပါ။ ရှုမှတ်ချိန် မြန်မြန်ပြီးရန် မျှော်လင့်နေပါလိမ့်မည်။ ထို့ကြောင့် အစတွင် ငါးမိနစ်ဝန်းကျင် တရားရှုမှတ်လျှင် လုံလောက်သည်။ ထေရဝါဒ ကျောင်းတိုက်များတွင် တရားထိုင်ခြင်းနှင့် စင်္ကြန်လျှောက်ခြင်းကို တစ်လှည့်စီ ဆောင်ရွက်စေသည်။ ထိုအခါ ကျင့်ကြံမှု တစ်ခုတည်းကို အလွန်ကြာမြင့်စွာ မဆောင်ရွက်မိတော့ပါ။

တိဘက်လူမျိုးတို့ အသုံးပြုသည့် နမူနာမှာ မိတ်ဆွေတစ်ယောက် လာလည်ပြီး အချိန်ကြာမြင့်စွာ နေပါက ထိုသူပြန်မည့်အချိန်ကို သင်က စိတ်မရှည်နိုင်အောင် ဖြစ်လာပါသည်။ ထို့ပြင် သူထွက်သွားပြီးလျှင်လည်း နောက်တစ်ခါ ထပ်တွေ့ရန် အရမ်းစိတ်အားထက်သန်မည် မဟုတ်တော့ပါ။ သို့သော် သင်က ဆက်လက်တွေ့ဆုံလိုစိတ် ရှိနေချိန်တွင် ထိုမိတ်ဆွေ ထွက်သွားပါက နောက်တစ်ကြိမ် ထပ်မံဆုံတွေ့ရန် အလွန်ဝမ်းသာနေပါမည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့၏ တရားရှုမှတ်သည့် ကိုယ်နေဟန်ထား၊ တရားထိုင်သောခုံနှင့် တရားရှုမှတ်သည့်ကြာချိန် အားလုံးမှာ သက်သောင့်သက်သာ ရှိသင့်ပါသည်။ သို့မှသာ မိမိ၏ကျင့်ကြံမှုကို စိတ်အားထက်သန်မှု ရှိနေပါမည်။

ရည်ရွယ်ချက် သတ်မှတ်ခြင်း

တရားမရှုမှတ်မီ ရည်မှန်းချက် သတ်မှတ်ရန် အရေးကြီးပါသည်။ တကယ်တော့ သင့်ရည်မှန်းချက် သတ်မှတ်ခြင်းသည် မနက်မိုးလင်းလင်းချင်း မျက်စိဖွင့်လိုက်သည်နှင့် ဆောင်ရွက်မည့်အရာ ဖြစ်ရန် လိုပါသည်။ အိပ်ရာနိုးသည်နှင့် အိပ်ရာထဲမှမထသေးမီ တစ်နေ့တာ ရည်မှန်းချက်ကို သတ်မှတ်နိုင်ပါသည်။ ‘‘ဒီနေ့ ဒေါသမထွက်အောင် ကြိုးစားမယ်။ ပိုပြီးသည်းခံနိုင်အောင် ကြိုးစားမယ်။ တခြားလူတွေကို ပိုပြီး အပြုသဘော ခံစားချက်တွေ ထားကြည့်မယ်။ ဒီနေ့ကို ပိုပြီးအဓိပ္ပာယ်ရှိတဲ့နေ့ ဖြစ်အောင်လုပ်မယ်။ အချိန်မဖြုန်းဘူး။’’ စသည်ဖြင့် တွေးနိုင်ပါသည်။

ကျွန်ုပ်အနှစ်သက်ဆုံး ဇင်ဗုဒ္ဓဘာသာ၏ ဆိုရိုးစကားတစ်ခုမှာ- ‘‘သေဆုံးမှုက အချိန်မရွေး လာနိုင်သည်။ စိတ်အေးအေးထားပါ။’’ ဟူ၏။ ထိုအချက်ကို တွေးကြည့်ပါက အလွန်နက်နဲသောအချက် ဖြစ်ပါသည်။ အချိန်မရွေး သေနိုင်သည်ကို သင်အရမ်း တင်းကျပ်နေပါက၊ အရမ်း စိုးရိမ်ပြီး ဝမ်းနည်းနေပါက တစ်ခုမှ ဆောင်ရွက်နိုင်မည် မဟုတ်တော့ပါ။ ‘‘ငါလုပ်တာ မလုံလောက်သေးဘူး။ ငါသိပ်ပြီး မလိမ္မာသေးဘူး။’’ စသည်ဖြင့် တွေးနေနိုင်ပါသည်။ သို့သော် သေဆုံးမှု အချိန်မရွေး လာနိုင်သည်ကို သိပါက ထိုအတွက် သင်အေးအေးဆေးဆေး နေပါက တတ်နိုင်တာဘာမဆို လုပ်ပါလိမ့်မည်။ အဓိပ္ပာယ် ရှိပြီး လက်တွေ့ကျသောနည်းဖြင့်၊ စိုးရိမ်သောက သို့မဟုတ် တင်းကျပ်မှု မရှိဘဲ ဆောင်ရွက်ပါလိမ့်မည်။ ထို့ကြောင့် သေဆုံးမှုက အချိန်မရွေး လာနိုင်သည်။ စိတ်အေးအေးထားပါဆိုသည့်အချက်ကို သတိရနေရန် ကြိုးစားကြည့်ပါ။

တရားမရှုမှတ်မီ ‘‘ငါသည် ‘x’ မိနစ်ကြာအောင် တရားထိုင်မယ်။ စူးစိုက်မှုရှိအောင် ကြိုးစားမယ်။ အိပ်ပျော်တာကို သတိထားမိတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်နှိုးမယ်။ စိတ်ပျံ့လွင့်တဲ့အခါ ပြန်ခေါ်နိုင်အောင် ကြိုးစားမယ်။’’ ဟု ရည်မှန်းထားပါ။ ဤသို့ စကားလုံးများအဖြစ်သာ မဟုတ်ဘဲ အလေးအနက်ထားပါ။ သင့်ရည်မှန်းချက်ကို စိတ်ထဲစွဲနေအောင် ထားပြီး လိုက်နာပါ။ သင့်ရည်မှန်းချက်အတိုင်း လိုက်နာရန် အလွန်ခက်ခဲနိုင်ပါသည်။ တရားရှုမှတ်ချိန်တွင် အခြားအကြောင်းများတွေးတတ်သည့် အလေ့အထဆိုး ရှိလာပါက အခြားသော ဓမ္မအယူအဆများ ဖြစ်နေလျှင်ပင် ထိုအကျင့်ကို ဖျောက်ဖျက်ရန် အလွန်ခက်ပါသည်။ ထိုအကျင့်ကိုဖျောက်ရန် အလွန်ခက်ခဲသည် ဆိုသည်မှာ ကျွန်ုပ်၏ အတွေ့အကြုံအရ ပြောခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တရားရှုမှတ်ချိန် မစတင်မီ မှန်ကန်သော ရည်မှန်းချက် ချမှတ် ပြီးနောက် လိုက်နာ ကြည့်ပါ။

စိတ်ဓာတ်စေ့ဆော်မှု

နောက်တစ်ခုမှာ စိတ်ဓာတ်စေ့ဆော်မှု ဖြစ်ပါသည်။ တိဘက်ဗုဒ္ဓဘာသာအရ ပြောရလျှင် စိတ်ဓာတ်စေ့ဆော်မှုတွင် နှစ်ပိုင်းပါဝင်ပါသည်။ ပထမတစ်ခုမှာ ရည်မှန်းချက် ဖြစ်သည်။ ဘာကို ဆောင်ရွက်ရန် ကြိုးစားနေပါသလဲ။ ပုံမှန် ရည်မှန်းချက်များကို ‘‘အဆင့်အလိုက် လမ်းကြောင်း’’ (လမ်-ရင်း) တွင် ဖော်ပြထားပါသည်။ လမ်-ရင်း တွင် ဖော်ပြထားသည့်အတိုင်း ရည်မှန်းချက်များမှာ- (က) နောင်ဘဝ ပိုမိုကောင်းမွန်ရေး၊ (ခ) ပြန်လည်မွေးဖွားမှုမှ လုံးဝလွတ်မြောက်ခြင်းနှင့် (ဂ) အားလုံး ပြန်လည်မွေးဖွားမှုမှ လုံးဝလွတ်မြောက်အောင် ကူညီနိုင်ရန် ဉာဏ်အလင်း ရရှိခြင်း စသည်တို့ ဖြစ်ပါသည်။ ဒုတိယအပိုင်းမှာ ထိုရည်မှန်းချက်သို့ ရောက်အောင် တွန်းပို့သော စိတ်ခံစားချက် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ စိတ်ဓာတ်စေ့ဆော်မှုကို စဉ်းစားသောအခါ မိမိကိုယ်ကို ရိုးသားရန် အရေးကြီးပါသည်။ ပြန်လည်မွေးဖွားမှုကို မိမိ တကယ်ယုံကြည်သလား။ ကျွန်ုပ်တို့ အများစုက မယုံကြည်ပါ။ ထို့ကြောင့် ‘‘နောင်ဘဝမှာ တန်ဖိုးရှိတဲ့ နောက်ထပ် လူ့ဘဝအဖြစ် ပြန်မွေးဖွားအောင် ဒါကို လုပ်နေတယ်’’ သို့မဟုတ် ‘‘ပြန်လည်မွေးဖွားတာကနေ လုံးဝ လွတ်မြောက်အောင် ဒါကိုလုပ်နေတယ်’’ သို့မဟုတ် ‘‘လူတိုင်း ပြန်လည်မွေးဖွားမှုကနေ လွတ်မြောက်ဖို့အတွက် ကူညီနိုင်အောင် ဒါကိုလုပ်နေတယ်’’ ဟု ပြောနိုင်ရန်အတွက် ပြန်လည်မွေးဖွားမှုကို သင်မယုံကြည်ပါက အဓိပ္ပာယ်မဲ့ စကားလုံးများ ဖြစ်နေပါမည်။

ထို့ကြောင့် တရားရှုမှတ်မှုကို ပြန်လည်မွေးဖွားမှု မရှိသော ဗုဒ္ဓဘာသာဖြစ်သည့် “အကျဉ်းချုပ်ဓမ္မ” ဟု ကျွန်ုပ်ခေါ်ဆိုသည့် အစိတ်အပိုင်း တစ်ခုအဖြစ် ကျင့်ကြံနေပါက လုံးဝအဆင်ပြေပါသည်။ မည်သူ့ကိုမျှ ပြောပြစရာမလိုပါ။ သို့သော် သင့်စိတ်ဓာတ်စေ့ဆော်မှုအတွက် ‘‘ဒီဘဝမှာ ငါ့အခြေအနေ တိုးတက်ဖို့ ဒါကိုလုပ်နေတယ်။’’ ဟု သင့်ဘာသာ ရိုးသားရပါမည်။ ဤသည်မှာ မိမိကိုယ်ကို ရိုးသားနေသမျှ မှန်ကန်သော စိတ်ဓာတ်စေ့ဆော်မှု ဖြစ်နေပါသည်။ တစ်ဖက်တွင် “လက်တွေ့ဓမ္မ” ဟု ကျွန်ုပ်ကခေါ်ထားသည့် စစ်မှန်သော ရေရှည် ရည်မှန်းချက်ကို လေးစားရန် အရေးကြီးပါသည်။ ဗုဒ္ဓဘာသာကို ကျင့်ကြံမှုသည် ယခုဘဝ တိုးတက်မှုအတွက်သာ ဖြစ်သည်ဟု မတွေးရပါ။

ရည်မှန်းချက် ရောက်ရှိအောင် တွန်းပို့သော စိတ်ခံစားချက်ဆိုသည့် ကျွန်ုပ်တို့၏ စိတ်ဓာတ်စေ့ဆော်မှု ဒုတိယအပိုင်း အဖြစ် စစ်မှန်သော စိတ်ဓာတ်စေ့ဆော်မှု ပထမအဆင့်သည် ‘‘နောင်ဘဝမှာ တန်ဖိုးရှိတဲ့ လူသားဘဝ ပြန်လည်မွေးဖွားဖို့ ရည်မှန်းထားတယ် (ရည်မှန်းချက်)။ ဘာကြောင့်လဲဆိုတော့ ယင်ယောင်၊ ပိုးဟပ်၊ တခြား အဆင့်နိမ့်တဲ့ ဆိုးရွားတဲ့ ပြန်လည်မွေးဖွားမှုတွေကို ကြောက်မိတယ် (စိတ်ခံစားချက်)။ ဒီလို အနာဂတ်ကို ရှောင်ရှားချင်တယ်။ ဒါကိုရှောင်ရှားဖို့ နည်းလမ်းရှိတယ်လို့ ယုံကြည်မိတယ်။’’ ဤအတွက် အကျဉ်းချုပ်ဓမ္မ အမျိုးအစားမှာ ‘‘ဘဝမှာ နောက်ပိုင်းကျရင် ကောင်းကောင်းမွန်မွန် ဆက်သွားနိုင်ဖို့နဲ့ ပိုပြီး ကောင်းမွန်ဖို့ ရည်မှန်းထားတယ် (ရည်မှန်းချက်)။ ဘာကြောင့်လဲဆိုတော့ အရာရာ ပိုဆိုးလာရင် စိတ်ပျက်စရာဖြစ်လာမှာကို ကြောက်မိတယ် (စိတ်ခံစားချက်)။ ဒါမျိုးမဖြစ်အောင် ရှောင်ရှားနိုင်မယ့် အပြုသဘော ကိစ္စတွေ ရှိမှန်းသိတယ်။’’ ဟူ၍ ဖြစ်ပါမည်။ မည်သည့်ကိစ္စမဆို ဤသည်မှာ ‘‘အခြေအနေက မျှော်လင့်ချက် မရှိဘူး။ ကံဆိုးပါပြီ။’’ ဆိုသည့် အကြောက်လွန်သော ကြောက်စိတ်မျိုး မဟုတ်ပါ။ ‘‘ဒါကို အလိုမရှိဘူး။ ဒါကို ရှောင်ရှားနိုင်တဲ့နည်းကို မြင်ထားတယ်။’’ ဆိုသည့် ကောင်းမွန်သော စိတ်မျိုး ဖြစ်ပါသည်။ ကားမောင်းနေစဉ် မတော်တဆမှု ဖြစ်မည်ကို ကြောက်စိတ်လိုပင် မိမိသည် ပိုသတိရှိရမည်။ လုံးဝ ကားမမောင်းရဲလောက်အောင် အကြောက်လွန်ခြင်းမျိုး မဟုတ်ပါ။

ဒုတိယ စစ်မှန်သော အဆင့်မှာ ‘‘ပြန်လည်မွေးဖွားမှုနဲ့ ဆိုင်တဲ့ ဆင်းရဲဒုက္ခ အားလုံးကို လုံးဝ စိတ်ပျက်တယ်။ ပျင်းတယ်။ စိတ်ကုန်တယ်။ (စိတ်ခံစားချက်) နောက်ပြီး လွတ်မြောက်လိုတယ်။ (ရည်မှန်းချက်)’’ စွန့်ပယ်ခြင်း၏ နောက်ကွယ်မှ စိတ်ခံစားချက် အနှစ်သာရမှာ ‘‘နောက်တစ်ခါ ကလေးတစ်ယောက် ပြန်ဖြစ်ရမှာ ဘယ်လောက် ပျင်းစရာကောင်းမလဲ။ အားလုံး အစကပြန်သင်ရမယ်။ ပညာပြန်သင်ရမယ်။ စားဝတ်နေရေး ပြန်လေ့လာရမယ်။ ဖျားနာတာ၊ အိုမင်းလာတာတွေနဲ့ ရင်ဆိုင်ရမှာ ငြီးငွေ့စရာ ကောင်းတယ်။ ကြည့်မကောင်းတဲ့ ရုပ်ရှင်ကို ထပ်ထပ် ကြည့်နေရသလိုပါပဲ။ ဘယ်လောက် ပျင်းဖို့ကောင်းလိုက်မလဲ။ တော်ပါပြီ။’’ ဟူ၍ ဖြစ်ပါသည်။

အဆင့်အမြင့်ဆုံး စိတ်ဓာတ်စေ့ဆော်မှုသည် ဉာဏ်အလင်းရရှိရန် (ရည်မှန်းချက်) ဗောဓိစိတ္တဖြင့် ရည်မှန်းကာ ဤသို့သော ကရုဏာ (စိတ်ခံစားချက်) ဖြင့် တွန်းအားပေးပါသည်- ‘‘လူတိုင်း ဆင်းရဲဒုက္ခများနေတာ မကြည့်ရက်ဘူး။ လူတိုင်း ဆင်းရဲဒုက္ခ ကျော်လွှားနိုင်မယ့် အခြေအနေတစ်ခုရောက်နိုင်ရမယ်။’’

စိတ်ဓာတ်စေ့ဆော်မှုတွင် ကျွန်ုပ်တို့ ရည်မှန်းချက်သို့ ရောက်သည်နှင့် ဘာလုပ်ရမည် ဆိုသောအချက် ပါဝင်ပါသည်။ မဟာယာန အစဉ်အလာတွင် ကျင့်ကြံနေသောအခါ စိတ်ဓာတ်စေ့ဆော်သည့် အဆင့်တိုင်းသည် အဆုံးစွန် ဉာဏ်အလင်းရရှိမှုအတွက် ကြိုးစားသည့်ပုံစံဖြင့် ဖြစ်ပါသည်။ ရည်မှန်းချက်သို့ ရောက်သည်နှင့် လုပ်ဆောင်ရမည့် အရာသည် ဉာဏ်အလင်းရရှိရေး ဖြစ်ပါသည်။

အကျဉ်းချုပ်ဓမ္မ အဆင့်တွင် ယခုဘဝမှာပင် ဉာဏ်အလင်း ရရှိရေးအတွက် တတ်နိုင်သလောက် တိုးတက်မှု ရရှိလိုပါသည်။ လွယ်ကူသည်ဟု မသိနားမလည်စွာ ထင်မိပြီးနောက် သေဆုံးချိန် ရောက်သောအခါ ဉာဏ်အလင်း မရရှိသေးသည့်အတွက် စိတ်ပျက်၊ စိတ်ဓာတ်ကျခြင်းမျိုး မရှိရပါ။

  • စိတ်ဓာတ်စေ့ဆော်မှု လက်တွေ့ အဆင့် သုံးဆင့်အနက် ပထမအဆင့်မှာ ‘‘ဉာဏ်အလင်း ရရှိရေး လမ်းကြောင်းမှာ ဆက်လျှောက်နိုင်ဖို့ တန်ဖိုးရှိတဲ့ လူသားအဖြစ် ပြန်လည်မွေးဖွားမှု နောက်ထပ် ရရှိလိုတယ်။ ဘာကြောင့်လဲဆိုတော့ ရည်မှန်းချက် ရောက်ရှိဖို့ ဘဝများစွာ လိုလိမ့်မယ်။’’ ဟူ၍ ဖြစ်ပါသည်။
  • ဒုတိယအဆင့်မှာ ‘‘ကံနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်တွေကနေ လွတ်မြောက်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ဒေါသထွက်လာရင် ဒါမှမဟုတ် စိတ်လိုက်မာန်ပါ ပြုမူမိရင် သူတို့ကို မကူညီနိုင်တော့ဘူး။ မာနကြီးပြီး မောက်မာနေရင် တခြားလူတွေကို တကယ် မကူညီနိုင်တော့ဘူး။ ဒါကြောင့် ကိုယ်တိုင် လွတ်မြောက်ဖို့ လိုတယ်။’’ ဟူ၍ ဖြစ်ပါသည်။
  • အမြင့်ဆုံး စိတ်ဓာတ်စေ့ဆော်မှုမှာ ‘‘တစ်ဦးချင်းကို အကောင်းဆုံး ကူညီနိုင်မယ့်နည်းကို ပြည့်ပြည့်စုံစုံ သိအောင် ဉာဏ်အလင်း ရရှဖို့လိုတယ်။’’ ဟူ၍ဖြစ်ပါသည်။ စိတ်ဓာတ်စေ့ဆော်မှုက အလွန် အရေးကြီးပါသည်။ ဆုန်ခပ က စိတ်ဓာတ်စေ့ဆော်မှုသည် တရားရှုမှတ်ချိန် အစတွင်သာမဟုတ်ဘဲ တစ်နေ့လုံး ထားရရှိရမည့် အရာဖြစ်သည်ဟု အလေးအနက် ပြောထားပါသည်။ ထို့ပြင် စိတ်ဓာတ်စေ့ဆော်မှုသည် စကားလုံးလှလှလေးများသာ မဟုတ်ဘဲ တကယ့် ဆိုလိုရင်း ဖြစ်သင့်ပါသည်။ ထို့ပြင် ‘‘ဆိုလိုရင်း’’ သည် ဘာကိုဆိုလိုပါသလဲ။ ကျွန်ုပ်တို့သည် စိတ်ဓာတ်စေ့ဆော်မှုကို ကိုယ်တွင်း၌ တရားရှုမှတ် ကျင့်ကြံမှုမှတစ်ဆင့် သေချာစေ့စပ်စွာ ရရှိထားပြီး နေ့စဉ်ဘဝတွင် နေထိုင်မှု၏ တစ်သားတည်း အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ဟု ဆိုလိုပါသည်။

တရားမရှုမှတ်မီ တည်ငြိမ်စေခြင်း

သင့်တော်သော ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် ဖန်တီးပြီး ရည်ရွယ်ချက်နှင့် စိတ်ဓာတ်စေ့ဆော်မှု ဖန်တီးလိုက်သည်နှင့် ငြိမ်သက်အောင်ပြုလုပ်ဖို့ လိုပါသည်။ ဝင်လေထွက်လေ တရားရှုမှတ်မှုဖြင့် ဥပမာ၊ အသက်ရှူသောအကြိမ်ကို ရေတွက်ခြင်းဖြင့် တစ်ခါတစ်ရံ ထိုသို့ ဆောင်ရွက်ပါသည်။ အသက်ရှူခြင်းနှင့် ပတ်သက်ပြီး နောက်ထပ် အသေးစိတ် လေ့ကျင့်နိုင်သော အရာများ ရှိသော်လည်း ပုံမှန်အတိုင်း နှာခေါင်းဖြင့် အသက်ရှူကာ ဝင်လေနှင့် ထွက်လေကို ဆယ့်တစ်ကြိမ်စီ အကြိမ်ရေအနည်းငယ် ရေတွက်လိုက်လျှင် ပြည့်စုံသွားလေ့ရှိပါသည်။ ဤနည်းဖြင့် စိတ်ကို တည်ငြိမ်စေခြင်းမှာ ယခုအထိ ကျွန်ုပ်တို့ ဆောင်ရွက်နေသောအရာနှင့် နောက်တစ်ဆင့် ဆောင်ရွက်မည့် တရားရှုမှတ်မှုတို့အကြား တည်ငြိမ်သော နေရာ ဖန်တီးပေးပါသည်။ ထိုသို့သော နေရာ ဖန်တီးခြင်းဖြင့် ကျွန်ုပ်တို့၏ အလုပ်များသော ဘဝနှင့် တရားရှုမှတ်မှုတို့အကြား အကူးအပြောင်း ပြုလုပ်ပေးနိုင်ပါသည်။


အဆင့် ခုနစ်ဆင့် ကျင့်ကြံမှု

ရှုမှတ်ချိန် အစတွင် အပြုသဘော စွမ်းအင်အချို့ တည်ဆောက်ရန် တစ်ခါတစ်ရံ အကြံပြုပါသည်။ ထိုသို့ တည်ဆောက်နိုင်အောင် ‘‘ဆုတောင်းမှု ခုနစ်ဆင့်’’ သို့မဟုတ် ‘‘ကျင့်ကြံမှု ခုနစ်ဆင့်’’ အဖြစ် သိထားသည့်အတိုင်း အသုံးချနိုင်ပါသည်။ ဤနေရာတွင် ‘‘အဆင့်’’ ကို ဆိုလိုပါသည်။

(၁) ဝတ်ပြုကိုးကွယ်မှုနှင့် ဗောဓိစိတ္တဖြင့် ကန်တော့ခြင်း

ပထမအဆင့်မှာ ကန်တော့ခြင်း ဖြစ်ပြီး ဉာဏ်အလင်း ရရှိပြီးသူများကို လေးစားမှု ပြသခြင်း၊ နောင်တွင် မိမိကိုယ်တိုင် ဗောဓိစိတ္တဖြင့် ရရှိအောင် ရည်မှန်းထားသည့် ဉာဏ်အလင်း ရရှိမှုကို လေးစားမှု ပြုသခြင်းနှင့် ထိုရည်မှန်းချက်သို့ ရောက်စေမည့် မိမိ၏ ဗုဒ္ဓ သဘောသဘာဝကို လေးစားမှု ပြသခြင်းဟု ဆိုလိုပါသည်။ ထို့ကြောင့် ကန်တော့ခြင်းကို ဝတ်ပြုကိုးကွယ်မှု စိတ်ချရသော ဦးတည်ချက် သတ်မှတ်ရန်နှင့် ဘဝတွင် ဗောဓိစိတ္တ ရည်မှန်းချက် ထားရရှိရန် ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ သွားရောက်လိုသည့် စိတ်ချရသော ဦးတည်ချက်ကို ဘုရားရှင်များ၊ သူတို့၏ ဓမ္မ တရားတော်များ၊ အောင်မြင်မှုများနှင့် လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှု ရရှိမည့် လမ်းကြောင်းပေါ် ကောင်းစွာ ရောက်ရှိနေသော သံဃာတော်များက ညွှန်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဗောဓိစိတ္တ ရည်မှန်းချက်ဖြင့် ကိုယ်တိုင် ဘုရားဖြစ်ရန် စိတ်နှလုံး သတ်မှတ်လိုက်ပါသည်။

(၂) ဆက်ကပ်ခြင်း

ဒုတိယအဆင့်မှာ ဆက်ကပ်မှု ပြုလုပ်ခြင်း ဖြစ်ပြီး လေးစားမှု ပြသခြင်း ဖြစ်ပါသည်။

(၃) အားနည်းချက်များ ဝန်ခံခြင်း

နောက်တစ်ဆင့်မှာ မိမိ၏ အမှားများ၊ အားနည်းချက်များကို ပွင့်လင်းစွာ ဝန်ခံခြင်း ဖြစ်သည်။ မိမိအမှားများအတွက် အပြစ်ရှိသော ခံစားချက်မျိုးကို မဆိုလိုပါ။ အပြစ်ရှိသော ခံစားချက်မှာ မသင့်တော်ပါ။ အပြစ်ရှိသော ခံစားချက်သည် ဆောင်ရွက်ပြီးသော ကိစ္စတစ်ခုနှင့် ထိုသို့ ပြုလုပ်ထားသော မိမိကိုယ်ကို ဆုပ်ကိုင်ပြီး မကောင်းဘူးဟု သမုတ်ကာ ခွင့်မလွှတ်တော့ခြင်း ဖြစ်ပါသည်။ ဤသည်မှာ အမှိုက်ပစ်ခြင်းနှင့် မတူပါ။ အိမ်ထဲတွင် ထည့်ထားပြီး ‘‘ဒီအမှိုက်က အရမ်းဆိုးတယ်။ အနံ့လည်း ဆိုးတယ်။’’ ဟု တွေးနေခြင်း ဖြစ်သည်။ အပြစ်ရှိသော စိတ်ခံစားချက် ထားမည့်အစား တတိယအဆင့်မှာ ‘‘ငါ့ဆောင်ရွက်ချက်တွေကို နောင်တရတယ်။ ထပ်မလုပ်ဖို့ အကောင်းဆုံး ကြိုးစားမယ်။ အားနည်းချက်တွေ ပြင်နိုင်အောင် အကောင်းဆုံး ကြိုးစားမယ်။’’ ဟူ၍ မိမိအမှားများကို နောင်တရခြင်း ဖြစ်ပါသည်။

(၄) ပီတိဖြစ်ခြင်း

စတုတ္ထ အဆင့်မှာ မိမိနှင့် အခြားသူများ ပြုလုပ်ထားသော အပြုသဘောကိစ္စများကို ပီတိဖြစ်ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် မိမိကိုယ်ကိုရော အခြားသူများကိုပါ အပြုသဘောထား ပိုရှိလာပါသည်။

(၅) တရားတောင်းခြင်း

ထို့နောက် ဆရာတော်များနှင့် ဘုရားရှင်များကို သင်ပြပေးရန် ‘‘အမြဲတမ်း သင်ပေးတော်မူပါ။ အကျွန်ုပ်သည် ပွင့်လင်းပြီး နာခံပါမည်။’’ ဟု တောင်းခံပါသည်။

(၆) ဆရာတော်များ စွန့်ခွာမသွားအောင် တောင်းပန်ခြင်း

နောက်တစ်ဆင့်မှာ- ‘‘ထွက်မသွားပါနဲ့။ ကျော်မသွား ပါနဲ့။ အကျွန်ုပ်သည် သင်ယူမှုကို အလွန်အလေးအနက် ထားပါသည်။ မိမိတို့နှင့်အတူ ရှိနေရန် တောင်းပန်အပ်ပါသည်။’’ ဟူ၍ ဖြစ်ပါသည်။

(၇) တစိုက်မတ်မတ် အားထုတ်ခြင်း

နောက်ဆုံးတွင် တစိုက်မတ်မတ် အားထုတ်ခြင်း လာပါပြီ။ တစိုက်မတ်မတ် အားထုတ်ခြင်း ဆိုသည်မှာ စွမ်းအင်ကို နည်းလမ်းတစ်မျိုးဖြင့် ဦးတည်ပေးခြင်း ဖြစ်သည်။ ‘‘အပြုသဘော အားမှန်သမျှ၊ ရရှိလာတဲ့ နားလည်သဘောပေါက်မှု မှန်သမျှ ကျွန်ုပ်၏ ရည်မှန်းချက်သို့ရောက်အောင် ကူညီပါစေသေား။’’ ဟု တွေးပါသည်။ ဤနေရာတွင် ဖော်ပြခိုင်းနှိုင်းလိုသည်မှာ ကွန်ပျူတာထဲတွင် အလုပ်များသိမ်းခြင်း ဖြစ်သည်။ ဖိုဒါ သီးသန့်ထားပြီး ‘‘လွတ်မြောက်ခြင်း’’ သို့မဟုတ် ‘‘ဉာဏ်အလင်း ရရှိခြင်း’’ ဟူ၍ မသိမ်းပါက မူလအတိုင်း သတ်မှတ်ချက်မှာ ကျွန်ုပ်တို့၏ အလုပ်ကို ‘‘သံသရာတွင် တိုးတက်ခြင်း’’ ဖိုဒါထဲသို့ အလိုအလျောက် သိမ်းပါလိမ့်မည်။ ကျွန်ုပ်တို့၏ အလုပ်ကို ‘‘သံသရာတွင် တိုးတက်ခြင်း’’ ဖိုဒါထဲတွင် သိမ်းသည်မှာ ပြဿနာ မရှိသော်လည်း ဤသည်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက် မဟုတ်ပါ။ လွတ်မြောက်ခြင်း သို့မဟုတ် ဉာဏ်အလင်း ရရှိခြင်းအတွက် သတ်မှတ် ကြိုးစားလိုပါက ‘‘လွတ်မြောက်ခြင်း’’ သို့မဟုတ် ‘‘ဉာဏ်အလင်း ရရှိခြင်း’’ ဖိုဒါထဲတွင် ရည်ရွယ်ချက်ဖြင့် သိမ်းရန်လိုပါသည်။ ဤသည်မှာ တစိုက်မတ်မတ် အားထုတ်ခြင်း ဖြစ်သည်။ ထို့ပြင် အမှန်တကယ် ဆိုလိုပါသည်။ စကားလုံးသက်သက် မျှသာ မဟုတ်ပါ။ အပြုသဘော စွမ်းအင်ကို စိတ်ခံစားချက်အချို့ ထားရှိပြီး ကရုဏာ စသည်တို့နှင့်တကွ တစိုက်မတ်မတ် အားထုတ်ပါသည်။

အဆင့်ခုနစ်ဆင့် ဆုတောင်းမှု အပြီးတွင် အမှန်တကယ် တရားရှုမှတ်ပါသည်။ တရားရှုမှတ် အပြီးတွင် နောက်ထပ် တစိုက်မတ်မတ် အားထုတ်ပါသည်။

အကျဉ်းချုပ်

တရားရှုမှတ်မှုသည် အလွန်အဆင့်မြင့်သောအလုပ် ဖြစ်ပြီး မည်သို့ရှုမှတ်ရန် ညွှန်ကြားချက်များမှာ အတော်လေး တိကျပါသည်။ အထွေထွေ ညွှန်ကြားချက်များကို ယခုတင်ဆက်လိုက်ပါသည်။ တရားရှုမှတ်မှု တိုင်းသည် သီးခြား ညွှန်ကြားချက်များ ရှိပါသည်။ သို့သော် ရှုမှတ်မှုတိုင်းတွင် မိမိဘာကိုလုပ်နေကြောင်း၊ ဘယ်လိုလုပ်နေကြောင်း၊ ဘာကြောင့်လုပ်နေကြောင်း သိရှိရန် အလွန်အရေးကြီးပါသည်။

ဇင် ဗုဒ္ဓဘာသာကဲ့သို့ အချို့သော ဗုဒ္ဓဘာသာ အစဉ်အလာများတွင် ‘‘ထိုင်ပြီး တရားရှုမှတ်ရင် ရှုမှတ်နေရင်းနဲ့ သဘောပေါက်လာလိမ့်မယ်။’’ ဟုသာ ပြောပါသည်။ ဤသည်မှာ လူအချို့အတွက် အဆင်ပြေနိုင်သော်လည်း အချို့အတွက် အတော်လေး ခက်ခဲနိုင်ပါသည်။ ထိုနည်းလမ်းမှာ လူအများစုအတွက် အလွန်ခက်ခဲနေသောကြောင့် ယခုတင်ဆက်ထားသော အချက်များမှာ အန္ဒိယ-တိဘက်အစဉ်အလာ ဖြစ်ပါသည်။

Top