ဗုဒ္ဓမြတ်စွာ၏ တရားဦး
ဘုရားရှင်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓဂါယာတွင် သဗ္ဗညုတဉာဏ်တော်ရရှိသောအခါ တရားဓမ္မ ဟောကြားရန် အရင်ဆုံးတွန့်ဆုတ်ခဲ့ပါသည်။ အလွန်နက်နဲပြီး နားလည်ရခက်မည် သို့မဟုတ် လောကီအာရုံတို့ဖြင့် စွဲလမ်းနေသည့်လူတို့က စိတ်မဝင်စားမည်ကို စိုးရွံ့ခဲ့သည်။ ရှေးဦးကျမ်းဂန်များတွင် ဆိုထားသည်မှာ စကြဝဠာ၏ဖန်ဆင်းရှင် ဗြဟ္မာကြီးက ဘုရားရှင်ရှေ့တော်၌ပေါ်လာပြီး ဉာဏ်အလင်းရရှိနိုင်စွမ်းရှိသူအချို့ ကျိန်းသေရှိလာမည်ဖြစ်သည့်အတွက် သတ္တဝါများအကျိုးအလို့ငှာ ဓမ္မဟောကြားတော်မူရန် တောင်းပန်လျှောက်ထားခဲ့သည်။ ဤသို့ဖြင့် ဗုဒ္ဓမြတ်စွာသည် မိဂဒါဝုန်တွင် သစ္စာလေးပါးအကြောင်း တရားဦးကို ဟောကြားတော်မူပါသည်။ ယင်းမှာ ဗုဒ္ဓဘာသာလမ်းကြောင်းတစ်ခုလုံး၏ မူဘောင်ဖြစ်ပြီး ယနေ့ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာအစဉ်အလာအားလုံး၏ အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေပါသည်။
ဘုရားရှင်ဟောကြားသည့် ပထမသစ္စာမှာ ဘဝသည်အမြဲတမ်း စိတ်မကျေနပ်မှုရှိနေပါသည်။ တစ်ချိန်ချိန်တွင် မည်မျှပင် ပျော်ရွှင်စေကာမူ ဤပျော်ရွှင်မှုအခြေအနေသည် မတည်ငြိမ်သလို မတည်မြဲပါ။ ဤအချက်သည် အားလုံးနှင့်ဆိုင်ပါသည်။ ကျွန်ုပ်တို့အားလုံး ဘဝတွင် ထိုသို့ကြုံတွေ့ပါသည်။ မည်သည့်ပျော်ရွှင်မှုကို ရရှိသည်ဖြစ်စေ ထာဝရမတည်မြဲဘဲ မပျော်ရွှင်မှုအဖြစ်သို့ အချိန်မရွေး ပြောင်းလဲသွားနိုင်ပါသည်။ ဒုတိယသစ္စာမှာ ကျွန်ုပ်တို့၏မပျော်ရွှင်မှုသည် ကျွန်ုပ်တို့၏ ပြင်ပမှ လာခြင်းမဟုတ်ဘဲ မိမိလိုချင်သောအရာကို ရရှိလိုသည့် မိမိ၏တွယ်တာမှုကြောင့်၊ ထိုထက်ပို၍ အရာရာ လက်တွေ့တည်ရှိနေပုံကို သတိမပြုမိသောကြောင့် ဖြစ်လာပါသည်။ တတိယသစ္စာအရ ဆင်းရဲဒုက္ခနှင့်ပြဿနာအားလုံးမှ လွတ်မြောက်နိုင်သည်ဟု ဖော်ပြကာ စတုတ္ထသစ္စာတွင် ကျွန်ုပ်တို့လိုက်နာပါက ပြဿနာအားလုံးမှ ထာဝရ လွတ်မြောက်စေမည့် လမ်းကြောင်းကို ဖော်ပြထားပါသည်။
ဗုဒ္ဓတရားတော်များ၏ ရည်မှန်းချက်သည် ဆင်းရဲဒုက္ခကိုဖယ်ရှားရန်ဖြစ်သည်
ဘုရားရှင်ပွင့်တော်မူသောကာလက တရားဓမ္မအားလုံးကို နှုတ်ဖြင့်ဟောကြားကာ မှတ်ဉာဏ်ဖြင့်စွဲမှတ်ထားကြပါသည်။ ဤနည်းအတိုင်းမျိုးဆက်များစွာ လက်ဆင့်ကမ်းခဲ့ပြီးနောက် ကျမ်းစာများအဖြစ်သို့ စုစည်းခဲ့သည်။ ယခုအခါ ရာထောင်ချီသည့် သုတ္တန်များ၊ သံဃာတော်တို့အတွက်စည်းကမ်းချက်များနှင့် ဒဿနဆိုင်ရာတရားများကို ပိဋကတ်သုံးပုံအဖြစ် တစ်စုတစ်စည်းတည်း ခေါ်ဝေါ်ကြပါသည်။ အစဉ်အလာစကားအရ မကြာခဏဆိုလေ့ရှိသည်မှာ ဘုရားရှင်သည် တရားဓမ္မစုစုပေါင်း ၈၄၀၀၀ ဟောကြားခဲ့ကာ ထိုတရားဓမ္မများသည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ပေါင်း ၈၄၀၀၀ ကို ကျော်လွှားနိုင်အောင် ကူညီပါသည်။ ဤသည်မှာ အရေအတွက်အတိအကျ ဟုတ်ချင်မှဟုတ်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့ကြုံတွေ့ရသည့် ပြဿနာ၊ စိတ်ညစ်စရာနှင့် ဆင်းရဲဒုက္ခအမျိုးမျိုး မည်မျှများပြားကြောင်းနှင့် ယင်းတို့အားလုံးကိုတိုက်ဖျက်ရန် ဘုရားရှင်ဟောကြားခဲ့သော တရားများ၏ကျယ်ပြန့်ပုံတို့ကို ဖော်ပြနေပါသည်။
တကယ်တော့ ဗုဒ္ဓဓမ္မအားလုံးသည် ဆင်းရဲဒုက္ခကျော်လွှားနိုင်ရေး ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသည် ရုပ်လွန်ပညာဖြင့် မှန်းဆမှုများကို စိတ်မဝင်စားပါ။ အတ္တအကြောင်း၊ စကြဝဠာအကြောင်းနှင့် ပတ်သက်သော မေးခွန်းအချို့ကိုပင် မဖြေဆိုခဲ့သည်အထိ ဖြစ်ပါသည်။ အကြောင်းမှာ ထိုကိစ္စရပ်များ တွေးတောရုံဖြင့် လွတ်မြောက်မှုဆီသို့ ချဉ်းကပ်နိုင်မည် မဟုတ်သောကြောင့်ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသည် လူသားအခြေအနေကို ရှုမြင်ကာ ကျွန်ုပ်တို့အားလုံးသည် ဆင်းရဲဒုက္ခကြုံရသည်ကို တွေ့မြင်ပြီး ထိုအတွက်အဖြေကို ရှာတွေ့ခဲ့ပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာသည် ဆရာဝန်နှင့်တူပြီး တရားဓမ္မတို့သည် ဆေးဝါးနှင့်တူသည်ဟု တစ်ခါတစ်ရံခိုင်းနှိုင်းကြပါသည်။ ဤဓမ္မဆေးဝါးသည် ကျွန်ုပ်တို့၏ပြဿနာအားလုံးကို ထာဝရဖြေရှင်းပေးလိုက်ပါသည်။
ဘုရား၊ တရား၊ သံဃာစသည့် ရတနာသုံးပါးရှိရာတွင် ဓမ္မတရားသည် အမှန်တကယ်ခိုလှုံအားထားရာ ဖြစ်ပါသည်။ ဘုရားရှင်တို့သည် ဓမ္မတရားဟောကြားခဲ့သည်မှန်သော်လည်း လက်ဖျောက်တစ်ချက် တီးခြင်းဖြင့် ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခကို ဆန်းကြယ်စွာဖယ်ရှားပေးနိုင်သည် မဟုတ်ပါ။ သံဃာတော်တို့သည် ကျွန်ုပ်တို့အား ပံ့ပိုးတိုက်တွန်းမှု ပြုလုပ်နိုင်သော်လည်း ဓမ္မကိုအတင်းကျင့်ကြံခိုင်း၍ မရနိုင်ပါ။ ကျွန်ုပ်တို့ကိုယ်တိုင် ဓမ္မကို အမှန်တကယ်လေ့လာကျင့်ကြံရပါမည်။ ယင်းမှာ ဆင်းရဲဒုက္ခမှလွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လိုရင်းမှာ မိမိကိုယ်သာကိုးကွယ်ရာ ဖြစ်ပါသည်။
ဓမ္မ၏ အရည်အသွေးများ
ဓမ္မတွင် များလှစွာသော အရည်အသွေးများရှိသော်လည်း အောက်ပါအချက်များက အဓိကအရည်အသွေးများဖြစ်သည်ဟု ဆိုနိုင်ပါသည်-
- ဓမ္မသည် ကွဲပြားခြားနားသော စရိုက်လက္ခဏာများနှင့် ကိုက်ညီမှုရှိပါသည်။ ဗုဒ္ဓဘာသာသည် ထိုင်း၊ တိဘက်၊ သီရိလင်္ကာ၊ ဂျပန်စသည့် နေရာဒေသများတွင် ထင်ရှားသည့်ခြားနားချက်ပုံစံများဖြင့် တည်ရှိသော်လည်း ထိုအစဉ်အလာအားလုံးတွင် ပင်မဗုဒ္ဓတရားတော်များ ပါဝင်ပြီး လွတ်မြောက်မှုရရှိရေးကို ရည်မှန်းထားပါသည်။
- ဓမ္မသည် ယုတ္တိကျမှုတွင် အခြေခံပါသည်။ ကျွန်ုပ်တို့၏စိတ်နှင့် တွေ့ကြုံသော အရာတိုင်းကို လက်တွေ့ကျစွာ ရှုမြင်သုံးသပ်ခိုင်းပါသည်။ နတ်ဘုရားများကို ယုံကြည်ရသည့် တရားသေဝါဒ မဟုတ်ဘဲ အရာရာကို ယုတ္တိကျစွာ မေးခွန်းထုတ်ခိုင်းပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးသည် သိစိတ်နှင့် စိတ်ကဲ့သို့သော အဓိက ဗုဒ္ဓဘာသာ အယူအဆများကို သိပ္ပံပညာရှင်များနှင့်အတူ နှစ်ပေါင်းများစွာ လေ့လာလျက်ရှိသလို ဗုဒ္ဓဘာသာဝင်များနှင့် သိပ္ပံပညာရှင်များသည် အပြန်အလှန် သင်ယူနေကြပါသည်။
- ဓမ္မသည် ပြဿနာတစ်ရပ်တည်းကိုသာ ဦးတည်ခြင်းမဟုတ်ဘဲ ပြဿနာအားလုံး၏ဇစ်မြစ်ကို ဦးတည်ပါသည်။ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ခေါင်းကိုက်ဝေဒနာခံစားရပါက အက်စ်ပရင်ဆေး မှီဝဲ၍ရပါသည်။ ထိုအခါ ခေတ္တမျှ သက်သာသွားမည်ဆိုသော်လည်း ခေါင်းကိုက်ဝေဒနာ ပြန်ဖြစ်လာပါလိမ့်မည်။ အမြဲတမ်း ခေါင်းမကိုက်တော့အောင် သက်သာစေမည့်ဆေးဝါးရှိပါက ကျွန်ုပ်တို့ကျိန်းသေမှီဝဲမည်သာဖြစ်သည်။ ဓမ္မသည် ထိုကဲ့သို့ပင်ဖြစ်သည်။ အကြောင်းမှာ ခေါင်းကိုက်ဝေဒနာကိုသာမက ပြဿနာနှင့် ဆင်းရဲဒုက္ခအားလုံးကို ထာဝရသက်သာစေသောကြောင့် ဖြစ်ပါသည်။
အကျဉ်းချုပ်
ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခကို ဖော်ထုတ်ကာ ဓမ္မဆိုသည့် အကောင်းဆုံးဆေးဝါးကို ပေးအပ်သည့် အလွန်ကျွမ်းကျင်သောဆရာဝန်နှင့် တူပါသည်။ သို့သော် ဆေးမှီဝဲရန် သို့တည်းမဟုတ် ဓမ္မကိုကျင့်သုံးရန်မှာ ကျွန်ုပ်တို့အပေါ်တွင် မူတည်ပါ၏။ မည်သူမျှ တိုက်တွန်း၍မရနိုင်ပါ။ သို့သော် ဓမ္မကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် စိတ်ငြိမ်းချမ်းမှုကိုလည်းကောင်း၊ ဓမ္မသည် ကျွန်ုပ်တို့၏ ပြဿနာများ၊ စိတ်ညစ်စရာများနှင့် ဆင်းရဲဒုက္ခများကို လက်တွေ့ကူညီဖယ်ရှားပေးသည်ကိုလည်းကောင်း အမှန်တကယ်မြင်တွေ့လာသောအခါ ကျွန်ုပ်တို့သည် မိမိအကျိုး အတွက်ရော၊ အခြားသူအားလုံးအကျိုးအတွက်ပါ တရားဓမ္မကို ဝမ်းမြောက်ဝမ်းသာ အားထုတ်ကျင့်ကြံလာပါလိမ့်မည်။