ဗုဒ္ဓမြတ်စွာသည် မည်သူနည်း။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်ကအိန္ဒိယနိုင်ငံတွင် နေထိုင်ကာ တရားဓမ္မဟောကြားခဲ့သော ကြီးမြတ်လှသည့် မြတ်ဗုဒ္ဓ အကြောင်းကို ကျွန်ုပ်တို့အားလုံးကြားဖူးကြပါသည်။ သို့သော် စကြမုနိဗုဒ္ဓမြတ်စွာဟုခေါ်သည့် ရာဇဝင်ထဲကဗုဒ္ဓသည် တစ်ဆူတည်းသောဗုဒ္ဓမဟုတ်ပါ။ ဗုဒ္ဓဘာသာတွင် မရေမတွက်နိုင်သော ဗုဒ္ဓဘုရားများရှိပါသည်။ တကယ်တော့ဗုဒ္ဓဘာသာ၏ အဓိကသင်ကြားမှုတစ်ခုမှာ စကြဝဠာထဲမှသက်ရှိတိုင်းသည် ကိုယ်တိုင်ဗုဒ္ဓဖြစ်ရန် အစွမ်းအစရှိကြသည် ဆိုသောအချက် ဖြစ်ပါသည်။
Who is buddha 01

ရာဇဝင်ထဲက ဗုဒ္ဓမြတ်စွာအကြောင်း

အစဉ်အလာ အတ္ထုပ္ပတ္တိများအရ နောင်တွင်ဗုဒ္ဓဖြစ်လာမည့်အမျိုးသားကို ခရစ်တော်မပေါ်မီ ၅ ရာစု၌ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ မြင့်မြတ်သော စကြာနွယ်ဝင်မိသားစုတွင် ဖွားမြင်ပါသည်။ သိဒ္ဓတ္ထဂေါတမဟု အမည်တွင်ပြီး မွေးဖွားသည့် အထိမ်းအမှတ်ကျင်းပချိန်တွင် အဇိတ ပညာရှိရသေ့က ဤသူငယ်သည် ကြီးမြတ်သောမင်းတစ်ပါး သို့မဟုတ် ကြီးမြတ်သောဘာသာရေးဆရာတစ်ဆူ ဖြစ်လတ္တံ့ဟု ဟောခဲ့သည်။ သိဒ္ဓတ္ထ၏ခမည်းတော် သုဒ္ဓေါဓနမင်းကြီးသည် စကြာနွယ်ဝင်မိသားစု၏ အကြီးအကဲဖြစ်ပြီး အဖေ့ခြေရာအတိုင်း သားကိုနင်းစေချင်သည့်အတွက် သားတော်ကို ဘုရင်ဖြစ်စေမည့်လမ်းကြောင်းမှ သွေဖီစေမည့်အရာမှန်သမျှကို သားတော်မမြင်စေရန် တားဆီးခဲ့သည်။ 

သိဒ္ဓတ္ထမင်းသား ငယ်ရွယ်စဉ်တွင် မိသားစုနန်းတော်ထဲ၌ တစ်ဦးတည်းထားရှိပြီး ကျောက်သံပတ္တမြား၊ လှပသော အမျိုးသမီးများ၊ ကြာကန်များနှင့် နှစ်လိုဖွယ် အိမ်မွေးတိရစ္ဆာန်များစသည့် စည်းစိမ်ဥစ္စာမှန်သမျှ ပေးထားသည်။ စိတ်ညစ်ဖွယ်ရာ သို့မဟုတ် ဘေးဒုက္ခတို့ကို သူမမြင်ရအောင် ကာကွယ်ထားပြီး အိုမင်းသူ၊ ဖျားနာသူများကို နန်းတော်ထဲသို့ ဝင်ခွင့်မပေးပေ။ အချိန်ကြာလာသောအခါ သိဒ္ဓတ္ထမင်းသားသည် ပညာနှင့်အားကစားတွင် ထူးချွန်ပြီး ယသော်ဓရာနှင့် ထိမ်းမြားကာ ရာဟုလာဆိုသည့် သားတော်တစ်ပါး ဖွားမြင်ခဲ့ပါသည်။ 

သိဒ္ဓတ္ထမင်းသားသည် နှစ်ပေါင်း ၃၀ ခန့် စည်းစိမ်ဥစ္စာများဖြင့် နေထိုင်ခဲ့သော်လည်း နန်းတော်နံရံပြင်ပတွင် မည်သို့ရှိမည်ကို ပို၍စူးစမ်းလိုစိတ်ဖြစ်လာခဲ့သည်။ “ဤနိုင်ငံသည်ငါ့နိုင်ငံဖြစ်လျှင် ငါ့နိုင်ငံနှင့်ပြည်သူများကို ငါမြင်တွေ့သင့်ပေသည်” ဟုစိတ်အကြံဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သုဒ္ဓေါဓနမင်းကြီးသည် သားတော်ကို နန်းတော်အပြင်ဘက် လေ့လာရေးခရီး လှည့်လည်ရန် စီစဉ်ခဲ့သည်။ လမ်းများကိုသန့်ရှင်းထားပြီး သူအို၊ သူနာများကို ပုန်းကွယ်ခိုင်းထားသည်။ သိဒ္ဓတ္ထမင်းသားသည် မြင်းထိန်းဖြစ်သူ ဆန္ဒနှင့်အတူ လမ်းမများပေါ်တွင် မောင်းနှင်သွားလာရာ ပြည်သူများက လက်ဝှေ့ရမ်းပြုံးပြကြသည်။ သို့သော် လူအုပ်ထဲတွင် လမ်းဘေးနား၌ ခါးကိုင်းပြီး ပါးရေတွန့်နေသူတစ်ဦးကို မင်းသားသတိပြုမိသွားသည်။ သူထိတ်လန့်အံ့ဩပြီး ထိုသနားစဖွယ်ပုဂ္ဂိုလ်ကို ဘာဖြစ်သွားလို့လဲဟု မေးမြန်းပါသည်။ “ရှေ့မှာတွေ့ရတာက သူအိုတစ်ယောက်ဖြစ်ပြီး အကျွန်ုပ်တို့အားလုံးကို စောင့်ကြိုနေတဲ့ဖြစ်ရပ်ပါပဲ” ဟု ဆန္ဒကဖြေသည်။ ဆက်လက်၍ သိဒ္ဓတ္ထမင်းသားသည် သူနာနှင့် သူသေကို တွေ့မြင်မိပြီးနောက် ဤသည်ကား ပကတိအမှန်တရားဖြစ်သလို သူလည်းနောက်ဆုံးတွင် ရင်ဆိုင်ရမည့် ရှောင်လွှဲမရသည့် ဘဝအစိတ်အပိုင်းများအကြောင်း သိမြင်မိပါတော့သည်။

နောက်ဆုံးတွင် သူသည် ဆင်းရဲဒုက္ခမှလွတ်မြောက်ကြောင်း ရှာဖွေနေသည့် သူတော်စင်တစ်ပါးကို ဆုံတွေ့ပါသည်။ ပထမမြင်ကွင်းသုံးရပ်ကြောင့် သိဒ္ဓတ္ထသည် ဆင်းရဲဒုက္ခအားလုံးမမြင်ရအောင် ကာရံထားသည့် နန်းတော်ထဲကသူ့ဘဝကို သဘောပေါက်လာသည်။ သူတော်စင်ကိုမြင်တွေ့မှုကြောင့် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရာလမ်းကို ရှာဖွေ၍ရနိုင်ကြောင်း အသိအမြင်ထူး ရရှိခဲ့ပါသည်။

သိဒ္ဓတ္ထသည် ထိုမတိုင်မီက သူအို၊ သူနာများနှင့် လုံးဝမတွေ့ခဲ့ရသည်မှာ မဖြစ်နိုင်သလိုရှိသော်လည်း ဤအချက်သည် ကျွန်ုပ်တို့အားလုံး တကယ်တော့ ဆင်းရဲဒုက္ခကို လျစ်လျူရှုပြီး နေထိုင်လေ့ရှိပုံကို ထင်သာမြင်သာ ပြသနေပါသည်။ နန်းတော်သို့ပြန်ရောက်သောအခါ သိဒ္ဓတ္ထသည် မလွန်မသက်မသာခံစားရသည်။ သူသည် ချစ်ခင်သူများ ခြံရံပြီး စည်းစိမ်အပြည့်နှင့် နေထိုင်နေရသော်လည်း တစ်နေ့တွင် သူရော၊ ထိုသူအားလုံးပါ အို၊ နာ၊ သေဘေး ရင်ဆိုင်ရမည်ဟု အသိတရားရလာသည့်အတွက် မည်သို့လျှင် စည်းစိမ်ခံစားနိုင်ပါတော့မည်နည်း။ သူသည် အားလုံးအတွက် လွတ်မြောက်ရာလမ်းကို ရှာဖွေလိုစိတ်ပြင်းပြစွာဖြင့် တစ်ညတွင် နန်းတော်မှထွက်ကာ ခြိုးခြံစွာ လှည့်လည်သွားသူအဖြစ် နေထိုင်ခဲ့ပါသည်။

ဘုရားလောင်းသိဒ္ဓတ္ထသည် ဆရာသမားကြီးများနှင့် တွေ့ဆုံခဲ့သည်။ ထိုဆရာများလမ်းညွှန်မှုဖြင့် တရားရှုမှတ်ကာ အာရုံစူးစိုက်မှု အလွန်အဆင့်မြင့်မားစွာ ရရှိခဲ့သော်လည်း ထိုရှုမှတ်သော အခြေအနေများဖြင့် ဆင်းရဲဒုက္ခကို အဆုံးမသတ်နိုင်သည့်အတွက် သူစိတ်ကျေနပ်ခြင်းမရှိခဲ့ပေ။ သူသည် ခြိုးခြံစွာကျင့်ကြံမှုများဘက်သို့ လှည့်ပြီး အစာရေစာနှင့် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုများအားလုံး စွန့်လွှတ်ကာ အချိန်အများစုကို တရားကျင့်ကြံခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။ ဤကျင့်ကြံမှုများဖြင့် ခြောက်နှစ်တိုင်သောအခါ သူ့ခန္ဓာကိုယ်သည် ပိန်လှီပြီး အရိုးပေါ်အရေတင်သည့် အရိုးစုနှင့်ပင် ဆင်တူလာပါသည်။

တစ်နေ့တွင် မြစ်ကမ်းဘေး၌ ထိုင်ရင်း ဆရာတစ်ယောက်သည် ကလေးငယ်တစ်ယောက်အား တူရိယာတီးခတ်ပုံအကြောင်း သင်ပေးနေသည်ကို သူကြားမိလိုက်သည်။ “ကြိုးတွေကို အရမ်းမလျှော့ရဘူး။ အဲဒီလို ကြိုးလျော့နေရင် တီးလို့မရဘူးကွယ့်။ အဲဒီလိုပဲ အရမ်းတင်းလို့လည်း မရဘူး။ တင်းလိုက်ရင် ပြတ်သွားလိမ့်မယ်။” ဤသို့ဖြင့် သိဒ္ဓတ္ထသည် မိမိ၏ နှစ်ပေါင်းများစွာ ခြိုးခြံစွာကျင့်မှုသည် မထိရောက်ကြောင်း သဘောပေါက်ခဲ့သည်။ နန်းတော်ထဲမှ စည်းစိမ်အပြည့်နှင့် ဘဝလိုပင် ခြိုးခြံစွာကျင့်ကြံမှုများသည် ဆင်းရဲဒုက္ခကို မကျော်လွှားနိုင်သည့် အစွန်းတစ်ဖက် ဖြစ်နေပါသည်။ ထိုအစွန်းနှစ်ခုကြားမှ အလယ်အလတ်လမ်းစဉ်သည်သာလျှင် အဖြေဖြစ်ရမည်ဟု သူစိတ်အကြံဖြစ်ခဲ့သည်။

ထိုအခိုက်အတန့်တွင် သုဇာတာအမည်ရှိ သူငယ်မသည် အနီးမှဖြတ်သွားရင်း သိဒ္ဓတ္ထအား ဃနာနို့ဆွမ်း ဆက်ကပ်ရာ သူ့အတွက် ခြောက်နှစ်အတွင်း ပထမဆုံး သင့်တင့်သောအာဟာရ ဖြစ်ခဲ့သည်။ သူ့နောက်လိုက် မိတ်ဆွေများ ထိတ်လန့်မိစေအောင် ဆွမ်းဘုဉ်းပေးပြီးနောက် သဖန်းပင်အောက်တွင် သီတင်းသုံးနေထိုင်သည်။ ထိုနေရာတွင် “သဗ္ဗညုတဉာဏ် မရမချင်း ဤနေရာမှ မထတော့ပါ” ဟု ဆုံးဖြတ်လိုက်သည်။ ယခုအခါဗောဓိပင်ဟု ခေါ်ကြသည့် ဤအပင်အောက်တွင် သိဒ္ဓတ္ထသည် သဗ္ဗညုတဉာဏ်တော်ရရှိကာ နိုးကြားသိမြင်သူဆိုသည့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

သဗ္ဗညုတဉာဏ်ရရှိပြီးနောက် ဗုဒ္ဓမြတ်စွာသည် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါး တရားတော်များ ဟောကြားခဲ့သည်။ နောက်ထပ် နှစ်ပေါင်း ၄၀ ကြာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လွင်ပြင်ဒေသများသို့ ကြွချီပြီး မိမိသိမြင်ရရှိခဲ့သည့်တရားများ ဟောကြားခဲ့ပါသည်။ သူသည် သံဃာဆိုသည့် ကျောင်းတိုက်အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး သံဃာတော်များသည် ဗုဒ္ဓတရားတော်များကို အိန္ဒိယတစ်ခွင်၊ အာရှတစ်ခွင်နှင့် တစ်ကမ္ဘာလုံးသို့ ပြန့်ပွားအောင် ဆက်လက်ဆောင်ရွက်ကြပါသည်။

ဗုဒ္ဓမြတ်စွာသည် သက်တော် ၈၀ ခန့်၌ ကုသိနာဂရတွင် ပရိနိဗ္ဗာန်စံတော်မူပါသည်။ ထိုမတိုင်မီ ဘုရားရှင်သည် သံဃာတော်တို့အား ယုံမှားသံသယတစ်ခုခု သို့မဟုတ် တရားတော်များထဲမှ ရှင်းလင်းစရာလိုသည့် အချက်တစ်ခုခု ရှိသလားဟု မေးတော်မူသည်။ ဓမ္မနှင့် ကျင့်ဝတ်သီလမြဲမြံရန် နောက်ပါသံဃာများအား ဟောကြားပြီးနောက် “ရဟန်းတို့။ ယခုသင်တို့အား နောက်ဆုံးမှားထားရစ်ခဲ့မည်။ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ ကိုယ်တိုင်လွတ်မြောက်အောင် အားထုတ်ကြကုန်လော့” ဟုနောက်ဆုံး မြွက်ကြားတော်မူပါသည်။ ထို့နောက် ညာဘက်သို့စောင်း၍လဲလျောင်းကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။

ဗုဒ္ဓဘုရားရှင်များဆိုသည်မှာ အဘယ်နည်း။

ရာဇဝင်ထဲက ဗုဒ္ဓမြတ်စွာအကြောင်းကို သိရှိခဲ့ကြပါပြီ။ သို့သော် ဗုဒ္ဓဆိုသည်မှာ ဘာကိုအမှန်တကယ် ဆိုလိုပါသနည်း။

ရိုးရှင်းစွာပြောရလျှင် ဗုဒ္ဓဆိုသည်မှာ သိမြင်နိုးကြားသူဖြစ်ပါသည်။ နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာသူများဖြစ်သည်။ ဤသည်မှာ တစ်ညလုံးပါတီဆင်နွှဲပြီးနောက် နှစ်ခြိုက်စွာ အိပ်မောကျခြင်းမျိုး မဟုတ်ပါ။ မိမိတို့ဘဝ၏ အခိုက်အတန့်တိုင်း၌ လွှမ်းမိုးထားသည့် ရှုပ်ထွေးနေမှု၊ မိမိအမှန်တကယ် တည်ရှိနေပုံ၊ အရာရာ အမှန်တကယ် တည်ရှိနေပုံတို့နှင့်ပတ်သက်၍ ရှုပ်ထွေးမှုကြောင့် အိပ်မောကျနေခြင်းကို ဆိုလိုပါသည်။

ဗုဒ္ဓဘုရားရှင်တို့သည် နတ်ဘုရားများ မဟုတ်သလို ဖန်ဆင်းရှင်လည်း မဟုတ်ပါ။ ဗုဒ္ဓဘုရားရှင်တို့သည် ကျွန်ုပ်တို့လိုပင် စတင်ခဲ့ပြီး ရှုပ်ထွေးမှု၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် ပြဿနာများစွာ ရှိခဲ့ပါသည်။ သို့သော် ကရုဏာနှင့် ပညာလမ်းကြောင်းကို တဖြည်းဖြည်းလိုက်နာရင်း၊ ထိုအပြုသဘော အရည်အသွေးများရှိလာအောင် ကြိုးစားရင်း မိမိအတွက် ဉာဏ်အလင်းရရှိရန် ဖြစ်နိုင်လာပါသည်။

ဗုဒ္ဓဘုရားရှင်တို့၏ အဓိကအရည်အသွေး သုံးရပ်မှာဤသို့ဖြစ်သည်-

  1. ပညာ – ဗုဒ္ဓဘုရားတွင် စိတ်၏အတားအဆီးများ မရှိသောကြောင့် အရာအားလုံး၊ အထူးသဖြင့် အခြားသူများအား မည်သို့ကူညီရမည်ကို အပြည့်အဝ မှန်မှန်ကန်ကန် သိရှိနားလည်ပါသည်။
  2. ကရုဏာ – အထက်ပါပညာဖြင့် ကျွန်ုပ်တို့အားလုံး အချင်းချင်း ဆက်စပ်နေသည်ကို မြင်တွေ့သည့်အတွက် ဗုဒ္ဓဘုရားရှင်တို့တွင် မဟာကရုဏာတော်ရှိပြီး အားလုံးကို ကူညီနိုင်စွမ်းရှိပါသည်။ ကရုဏာမပါသည့် ပညာသည် တစ်စုံတစ်ယောက်ကို အလွန်ပညာတတ်စေနိုင်သော်လည်း လူ့အသိုင်းအဝိုင်းအတွက် များစွာအသုံးဝင်မည်မဟုတ်ပေ။ ကရုဏာရှိမှသာ အားလုံးကောင်းကျိုးအတွက် အားထုတ်လာစေပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဘုရားရှင်တို့သည် ကျွန်ုပ်တို့အားလုံးနှင့်ဆက်စပ်ရန် ဤဒုတိယ အရည်အသွေးကို ရရှိထားပါသည်။
  3. စွမ်းဆောင်ရည်များ – ဆင်းရဲဒုက္ခကို မည်သို့ဖယ်ရှားရန်၊ အခြားသူများကို ပြင်းပြသောဆန္ဒဖြင့် ကူညီရန်ဆိုသည့် အရည်အသွေးနှစ်ခုနှင့်အတူ ဗုဒ္ဓဘုရားရှင်တို့သည် ကျွမ်းကျင်သော နည်းလမ်းများစွာဖြင့် ကျွန်ုပ်တို့ကို ဉာဏ်အလင်း ရရှိစေမည့်လမ်းကြောင်းများ သင်ကြားပေးကာ အခြားသူများအပေါ် အမှန်တကယ် အကျိုးရှိစေနိုင်သည့် လက်တွေ့အစွမ်းနှင့် စွမ်းဆောင်ရည်များ ရှိကြပါသည်။

ဗုဒ္ဓဘုရားရှင်တို့သည် မိမိတို့ကိုယ်တိုင် ဆင်းရဲဒုက္ခကို အလိုမရှိသလိုပင် မည်သူမျှ ပြဿနာများကို အလိုမရှိကြောင်း သိမြင်ပါသည်။ လူတိုင်းသည် ပျော်ရွှင်လိုကြသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်တို့သည် မိမိအတွက်သာမက စကြဝဠာထဲမှ သက်ရှိတိုင်းအတွက်ပါ ကြိုးစားအားထုတ်ပါသည်။ မိမိကိုယ်ကို အလေးထားသလို အခြားသူများကိုလည်း အလေးထားပါသည်။

အံ့ဖွယ်ကြီးမားသည့်ကရုဏာတော်ကြောင့် ဗုဒ္ဓဘုရားရှင်တို့သည် ဆင်းရဲဒုက္ခအားလုံး ဖယ်ရှားရန်နည်းလမ်းကို ဟောကြားပါသည်။ ယင်းမှာ လက်တွေ့နှင့် စိတ်ကူးယဉ်မှုကို မှန်ကန်စွာ ခွဲခြားနိုင်သည့် စိတ်ကြည်လင်မှု ဉာဏ်ပညာဖြစ်သည်။ ဤပညာဖြင့် ကျွန်ုပ်တို့သည် ရှုပ်ထွေးမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ အပျက်သဘော စိတ်ခံစားချက်များစသည့် မကောင်းသည့်အချက်များအားလုံးကို နောက်ဆုံးတွင် ဖယ်ရှားပစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည်လည်း ကြိုးစားကဘုရားဖြစ်နိုင်သလို အလုံးစုံစိတ်ငြိမ်းချမ်းမှုကို ကြုံတွေ့ရရှိနိုင်ပါသည်။

အကျဉ်းချုပ်

ဗုဒ္ဓဘုရားရှင်တို့သည် ကျွမ်းကျင်သောနည်းလမ်းများဖြင့် ကျွန်ုပ်တို့အား မည်သို့ကူညီရမည်ကို အတိအကျသိရှိသည့် ပြီးပြည့်စုံသောဆရာများ ဖြစ်ပါသည်။ သူတို့သည် ကရုဏာရှိပြီး ကျွန်ုပ်တို့ကို လမ်းမှန်ပေါ်တင်ပေးရန် ကူညီလိုစိတ် အမြဲအသင့်ရှိပါသည်။ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း လောကဆင်းရဲဒုက္ခများကို တစ်ခါတစ်ရံ မျက်စိမှိတ်ထားပါသည်။ သို့သော် ထိုသို့မည်မျှပင် ကြိုးစားရှောင်လွှဲသော်လည်း အို၊ နာ၊ သေမှုများ ကျွန်ုပ်တို့အားလုံးထံသို့ ရောက်လာပါမည်။ ဗုဒ္ဓဝင်ဖြစ်စဉ်က ကျွန်ုပ်တို့အား ဘုရားလောင်းသည် ဆင်းရဲဒုက္ခ၏ လက်တွေ့အမှန်တရားကို ရင်ဆိုင်နားလည်ခြင်းဖြင့် ယင်းကို မြင်တွေ့လိုစိတ် ဖြစ်ပေါ်လောစေစေပါသည်။ ကျွန်ုပ်တို့သည် ဘဝတွင် ကြုံတွေ့ရသည့် စိတ်ညစ်စရာများအားလုံးမှ ကိုယ်တိုင်လွတ်မြောက်နိုင်စွမ်း ရှိပါသည်။ ဗုဒ္ဓမြတ်စွာ၏ ဘဝနှင့် တရားများက ကျွန်ုပ်တို့သည် အပျက်သဘောစိတ်ခံစားချက်များနှင့် ရှုပ်ထွေးမှုများကို ကျော်လွှားရန် အကောင်းဆုံးကြိုးစားခြင်းဖြင့် မိမိတို့သည်လည်း သက်ရှိအားလုံးအကျိုးအတွက် ကြိုးစားအားထုတ်နိုင်ကြောင်း သတိပေးနေပါသတည်း။

Top