အဓိပ္ပာယ်
ဆောင်းပါး ၁ / ၂၀
ရှေ့သို့ Arrow right
Study buddhism what is buddhism

ဗုဒ္ဓဘာသာသည် အမှန်တရား၏ စစ်မှန်သော သဘာဝကို နားလည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ လူသားအစွမ်းအစကို အပြည့်အဝ ဖော်ထုတ်ရန် ကူညီသည့် နည်းလမ်းအစုစု ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ဘုရားလောင်း သိဒ္ဓတ္ထဂေါတမသည် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိကာ တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာသည် အာရှတိုက်တစ်ခွင် ပြန့်နှံ့ပြီး ယခုအခါ ကမ္ဘာတွင် စတုတ္ထမြောက်အကြီးဆုံး ဘာသာတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသည် အခြားသူများကလည်း ကိုယ်တိုင် အသိဉာဏ်အလင်းရရှိသည့် ဗုဒ္ဓဖြစ်လာစေရန် ကိုယ်တိုင်သိမြင်နားလည်သော အသိဉာဏ်ပွင့်စေသည့် နည်းလမ်းများကို သင်ကြားရင်း ဘဝတစ်သက်တာ အချိန်အများစုကို ဖြတ်သန်းခဲ့ပါသည်။ လူတိုင်းသည် ဗုဒ္ဓဖြစ်နိုင်စွမ်းတွင် တူညီကြသော်လည်း မိမိတို့၏ ကြိုက်နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများနှင့် အရည်အချင်းများတွင် အလွန်ကွဲပြားခြားနားကြပါသည်။ ထိုအချက်ကို အလေးဂရုပြုလျှက် လူတစ်ယောက်၏ ကန့်သတ်ချက်များကို ကျော်လွှားရန်နှင့် အစွမ်းအစကို အပြည့်အဝ သိရှိရန် နည်းလမ်းများစွာကို ဟောကြားဆုံးမခဲ့ပါသည်။

ဗုဒ္ဓဘာသာကို လက်ခံသော ယဉ်ကျေးမှုတိုင်းသည် ခြားနားသော ရှုထောင့်များကို အလေးပေးခဲ့ပါသည်။ ဗုဒ္ဓဘာသာပုံစံအမျိုးမျိုး ရှိကြသော်လည်း အခြေခံ တရားတော်များမှာ တူညီကြပါသည်။

အခြေခံ ဗုဒ္ဓဘာသာ တရားတော် - သစ္စာလေးပါး

ဗုဒ္ဓမြတ်စွာ၏ အခြေခံအကျဆုံး တရားတော်ကို သစ္စာလေးပါးဟု ခေါ်ပါသည်။ အသိဉာဏ် မြင့်မားသူများက စစ်မှန်သည်ဟု တွေ့ရှိထားသည့် သစ္စာလေးချက် ဖြစ်ပါသည်။

ပထမသစ္စာ- ဒုက္ခသစ္စာ

ဘဝတွင် ပျော်စရာများစွာ ရှိသော်လည်း သေးငယ်လှသော အင်းဆက်များမှအစ အိမ်ရာမဲ့များမှသည် ဘီလီယံနာ များအထိ ပုဂ္ဂိုလ်သတ္တဝါတိုင်းတွင် ပြဿနာများ ရင်ဆိုင်ကြရပါသည်။ ဇာတိနှင့် မရဏအကြားတွင် ကျွန်ုပ်တို့သည် ဇရာကို ကြုံတွေ့ရသလို ဖျားနာခြင်း၊ ချစ်ခင်သူများ သေဆုံးခြင်းတို့ ရှိပါသည်။ စိတ်ပျက်စရာများ၊ စိတ်ညစ်စရာများ၊ လိုချင်တာမရခြင်းများ၊ မလိုချင်တာကို ကြုံဆုံရခြင်းများ ရင်ဆိုင်ရပါသည်။

ဒုတိယသစ္စာ- ဒုက္ခ၏အကြောင်းရင်း သမုဒယသစ္စာ

ကျွန်ုပ်တို့၏ ပြဿနာများသည် ရှုပ်ထွေးသော အကြောင်းတရားများနှင့် အခြေအနေများမှ ပေါ်ထွက်လာပါသည်။ သို့သော် ပင်မအကြောင်းတရားမှာ ကျွန်ုပ်တို့က အမှန်တရားကို မသိနားမလည်မှု ဖြစ်သည်ဟု ဗုဒ္ဓကဟောကြားခဲ့ပါသည်။ ကျွန်ုပ်တို့၏စိတ်က ကျွန်ုပ်တို့နှင့်၊ အခြားသူများ၊ အခြားအရာများ တည်ရှိမှု၏ မဖြစ်နိုင်သော နည်းလမ်းများကို မှန်းဆခြင်း ဆိုသော အကြောင်းတရား ဖြစ်ပါသည်။

တတိယသစ္စာ- ဒုက္ခချုပ်ငြိမ်းကြောင်း နိရောဓသစ္စာ

ကျွန်ုပ်တို့၏ ပြဿနာအားလုံးကို နောင်လုံးဝ ပြန်မကြုံရအောင် ဖယ်ရှားရန် ဖြစ်နိုင်သည်ဟု ဗုဒ္ဓမြတ်စွာက တွေ့မြင်ခဲ့ပါသည်။ ကျွန်ုပ်တို့ကိုယ်၌က မသိနားမလည်မှုဆိုသည့် ယင်းတို့၏ အကြောင်းတရားကို ဖျက်ဆီးပစ်ရမည် ဖြစ်ပါသည်။

စတုတ္ထသစ္စာ- စိတ်၏မှန်ကန်သောလမ်းကြောင်း မဂ္ဂသစ္စာ

အမှန်တရားကို မှန်ကန်စွာ သိနားလည်ခြင်းဖြင့် မသိနားမလည်မှုကို ရှင်းလင်းလိုက်သောအခါ ပြဿနာများ ရပ်တန့်သွားပါသည်။ လူတိုင်းသည် အပြန်အလှန်ဆက်နွှယ်ကာ အပြန်အလှန် မှီခိုနေကြောင်း သဘောပေါက်ခြင်းဖြင့် ထိုသို့ရပ်တန့်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ထိုအခြေခံဖြင့် ပုဂ္ဂိုလ်သတ္တဝါ အားလုံးအတွက် မေတ္တာနှင့် ကရုဏာကို ပွားများပါသည်။ ကျွန်ုပ်တို့နှင့် အခြားသူများ တည်ရှိပုံအကြောင်း ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ရှင်းလင်းလိုက်သောအခါ ကျွန်ုပ်တို့နှင့် အခြားသူများ အကျိုးရှိအောင် ဆောင်ရွက်နိုင်စွမ်း ရှိလာပါသည်။

ဗုဒ္ဓတရားတော်များ၏ အတိုင်းအတာ

ဒလိုင်းလားမား ဆရာတော်ကြီးက ဗုဒ္ဓဘာသာ၏ ထူးခြားချက်သုံးချက်ကို ဤသို့ဟောကြားပါသည်-

  • ဗုဒ္ဓဘာသာ၏ သိပ္ပံနည်းကျ စိတ်- တစ်ဉီးချင်း တွေ့ကြုံမှု ရှုထောင့်မှနေ၍ သိမြင်မှု၊ စိတ်ကူးနှင့် စိတ်ခံစားချက်များ ဆောင်ရွက်ပုံ
  • ဗုဒ္ဓဘာသာ၏ ဒဿန- ကျင့်ဝတ်နှင့် ယုတ္တိဗေဒ၊ ဗုဒ္ဓဘာသာအရ အမှန်တရားကို နားလည်သဘောပေါက်မှု
  • ဗုဒ္ဓဘာသာ၏ ဘာသာတရား- အတိတ်နှင့် အနာဂတ် ဘဝကို ယုံကြည်မှု၊ ကံ၊ ဝတ်ပြုကိုးကွယ်မှုနှင့် ဆုတောင်းခြင်း။

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာသည် စိတ်၏ သိမှုလုပ်ငန်းဆောင်တာ အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်ထားသည့် ခေတ်သစ် ဉီးနှောက်နှင့်အာရုံကြော သိပ္ပံပညာကို ပိုမိုပြည့်စုံသွားစေပါသည်။ အာရုံသိရှိမှု၊ အာရုံစူးစိုက်မှု၊ စူးစိုက် ဆင်ခြင်မှု၊ သတိဖြင့်ရှုမှတ်မှု၊ မှတ်ဉာဏ်၊ အပြုသဘောနှင့် အပျက်သဘော စိတ်ခံစားချက်များ စသည်တို့ ပါဝင်ပါသည်။ အပြုသဘော အာရုံကြော လမ်းကြောင်းများ ထုတ်လုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်ကို အကျိုးရှိသည့် စွမ်းဆောင်ရည်များ တိုးမြှင့်ပေးနိုင်ပါသည်။

ဗုဒ္ဓဘာသာ အတွေးအခေါ်သည် ယုံကြည်မှုထက် ဝေဖန်ပိုင်းခြားမှုပေါ်တွင် ပို၍အားထားပါသည်။ ထို့ကြောင့် သိပ္ပံနည်းကျ တွေ့ရှိမှုများက ဗုဒ္ဓဘာသာ အတွေးအခေါ်အတွက် များစွာ အထောက်အပံ့ ဖြစ်ပါသည်။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား

ဗုဒ္ဓဘာသာ ဒဿနသည် အပြန်အလှန် မှီခိုမှု၊ နှိုင်းယှဉ်ဆက်စပ်မှုနှင့် အကျိုးအကြောင်း ဆက်စပ်မှု စသည့်ကိစ္စများကို ဖြေရှင်းထားပါသည်။ အယူအဆနှင့် ငြင်းခုံဆွေးနွေးမှုတို့ပေါ်တွင် အခြေခံကာ ယုတ္တိကျသော အသေးစိတ် စနစ်ကို တင်ပြထားသည့်အတွက် ကျွန်ုပ်တို့၏စိတ်မှ မှားယွင်းသော မှန်းဆချက်များကို နားလည်စေပါသည်။

ဗုဒ္ဓဘာသာ ကျင့်ဝတ်သည် ကျွန်ုပ်တို့ကိုယ်တိုင်ရော၊ အခြားသူများကိုပါ အကျိုးရှိသောအရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားပြခြင်း၌ အခြေခံထားပါသည်။

ဘာသာတရားကို ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ ကံကို ယုံကြည်သည်ဖြစ်စေ၊ လူတိုင်းသည် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်း၍ရပါသည်။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား

ကြင်နာမှု၊ ရိုးသားမှု၊ ရက်ရောမှု၊ သည်းခံမှုစသည့် အခြေခံ လူ့တန်ဖိုးများကို တန်ဖိုးထား မွေးမြူရန် ဖော်ပြထားကာ အခြားသူများကို ဒုက္ခမပေးရန်လည်း အတတ်နိုင်ဆုံး ကြိုးစားခိုင်းပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာတရားတွင် ကံ၊ အတိတ်ဘဝနှင့် အနာဂတ်ဘဝ၊ ပြန်လည်မွေးဖွားမှုစနစ်၊ ဘဝအသစ် မဖြစ်ပေါ်အောင် လွတ်မြောက်မှု၊ ဉာဏ်အလင်းရရှိမှုစသည့် အကြောင်းရပ်များကို ဆွေးနွေးထားပါသည်။ ထိုအထဲတွင် ရွတ်ဖတ်ခြင်း၊ တရားရှုမှတ်ခြင်းနှင့် ဆုတောင်းခြင်းစသည့် ကျင့်ကြံမှုများ ပါဝင်ပါသည်။ ‘‘ဗုဒ္ဓဘာသာကျမ်းစာ’’ ဆိုပြီး ဗုဒ္ဓဘာသာတွင် မြင့်မြတ်သောကျမ်းစာအုပ် တစ်အုပ်တည်း မရှိပါ။ ဗုဒ္ဓဘာသာ ရိုးရာအစဉ်အလာတိုင်းတွင် မူလတရားတော်များတွင် အခြေခံသည့် ကိုယ်ပိုင်ကျမ်းစာများ ရှိကြပါသည်။

လူတို့သည် အချိန်မရွေး၊ နေရာမရွေး ဆုတောင်းနိုင်ပါသည်။ ဘုန်းကြီးကျောင်းတွင် ဖြစ်စေ၊ မိမိအိမ်ရှိ ဘုရားစင်ရှေ့တွင် ဖြစ်စေ ရွေးချယ်နိုင်ပါသည်။ ဆုတောင်းသည့် ရည်ရွယ်ချက်မှာ ဆုတောင်းပြည့်ရန် မဟုတ်သော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်ခွန်အား၊ ဉာဏ်ပညာနှင့် ကရုဏာတရားတို့ နိုးကြားစေရန် ဖြစ်ပါသည်။

အာဟာရနှင့် ပတ်သက်သော စည်းကမ်းချက်များ မရှိသော်လည်း ဆရာတော်အများစုက တပည့်များကို တတ်နိုင်သလောက် သက်သတ်လွတ်စားရန် တိုက်တွန်းပါသည်။ ဗုဒ္ဓမြတ်စွာကလည်း တပည့်သာဝကများကို အရက်သေစာ မသောက်စားရန် ညွှန်ကြားထားပါသည်။ ဗုဒ္ဓဘာသာ သင်ကြားမှုသည် တရားရှုမှတ်ခြင်းနှင့် ကိုယ်တိုင် စည်းကမ်းထိန်းသိမ်းခြင်းတို့ ရရှိအောင် ရည်မှန်းချက်ထားပြီး ကျွန်ုပ်တို့ အရက်သေစာမူးယစ်သောအခါ များသောအားဖြင့် ယင်းတို့ကို ဆုံးရှုံးသွားပါသည်။

ဗုဒ္ဓဘာသာသည် ရဟန်းသံဃာနှင့် သီလရှင်များပါဝင်သည့် ဘုန်းကြီးကျောင်း အစဉ်အလာဖြစ်သည်။ လုံးဝဉဿုံ မေထုန်အမှုရှောင်ခြင်း အပါအဝင် ဝိနည်းပေါင်း ရာနှင့်ချီကာ စောင့်ထိန်းကြပါသည်။ သူတို့သည် ကတုံးရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်းတို့ ဆောင်ရွက်ကာ စာပေလေ့လာရန်၊ တရားထိုင်ရန်၊ ဆုတောင်းရန်၊ သာမန်လူအသိုင်းအဝိုင်းအတွက် အခမ်းအနားများ ကျင်းပရန် ဘုန်းကြီးကျောင်း အသိုင်းအဝိုင်းတွင် နေထိုင်ကြပါသည်။ ယခုအခါ သာမန်လူ များစွာက ဗုဒ္ဓဘာသာကို လေ့လာပြီး ဗုဒ္ဓဘာသာ စင်တာများတွင် တရားထိုင်ကျင့်ကြံကြပါသည်။

လူတိုင်းအတွက် တံခါးဖွင့်ထားသည့် ဗုဒ္ဓဘာသာ

ကျွန်ုပ်တို့ကဲ့သို့ လူသားတစ်ယောက်ဖြစ်သော ဗုဒ္ဓသည် ကျွန်ုပ်တို့ မည်ကဲ့သို့ အမှန်တကယ် တည်ရှိသည်ကို သိမြင်ကာ မိမိ၏ အားသာချက်များအားလုံးကို ကျော်လွှားပြီး အစွမ်းအစကို အပြည့်အဝ သဘောပေါက်နားလည်ခဲ့ပါသည်။ ဤအရာကို ဗုဒ္ဓဘာသာတွင် သဗ္ဗညုတဉာဏ်တော် ‘‘ဉာဏ်အလင်းရရှိခြင်း’’ ဟု ခေါ်ပါသည်။ ဗုဒ္ဓသည် လက်ကို ဝှေ့ရမ်းလိုက်ပြီး ကျွန်ုပ်တို့ ပြဿနာအားလုံး ပပျောက်သွားအောင် ပြုလုပ်မပေးနိုင်ပါ။ ထိုသို့ပြုလုပ်မည့်အစား ကျွန်ုပ်တို့ကိုယ်တိုင် လွတ်မြောက်အောင် လိုက်နာရမည့် လမ်းစဉ်ကို ပြသပါသည်။ မေတ္တာ၊ ကရုဏာ၊ ရက်ရော်မှု၊ အမြော်အမြင်နှင့် အခြားအချက်များ စသည့် ကျွန်ုပ်တို့ စိတ်၏ ကောင်းသော အရည်အသွေးများ ဖော်ထုတ်ပေးပါသည်။

ထိုအရည်အချင်းများ ဖော်ထုတ်ရန် တရားတော်များမှာ မည်သည့် ယဉ်ကျေးမှုနောက်ခံ သို့မဟုတ် မည်သည့် ဘာသာတရားမဆို လူတိုင်းအတွက် လမ်းဖွင့်ထားပါသည်။  ဗုဒ္ဓဘာသာတွင် ဘုရားသခင် သို့မဟုတ် နတ်ဘုရားများကို ယုံကြည်ခြင်း မပါဝင်ပါ။ သို့သော် ကျွန်ုပ်တို့က အမှန်ပင် တန်ဖိုးရှိသော ပစ္စည်းတစ်ခု ဝယ်ယူနေသည့်အလား တရားတော်များကို လေ့လာသုံးသပ်ခိုင်းပါသည်။ ထိုနည်းဖြင့် ဗုဒ္ဓတရားတော်များ၏ အနှစ်သာရဖြစ်သည့် ကျင့်ဝတ်၊ ကရုဏာနှင့် အမြော်အမြင် စသည်တို့ကို ကျွန်ုပ်တို့ တန်ဖိုးသိလာပါသည်။ ထိုအခါ အန္တရာယ်ပေးမည့် ဆောင်ရွက်ချက်များမှ သဘာဝအလျှောက် ရှောင်ရှားလာပြီး ကျွန်ုပ်တို့ရော အခြားသူများအတွက်ပါ အပြုသဘော ကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပါသည်။ ထိုနည်းဖြင့်သာလျှင် ကျွန်ုပ်တို့ အားလုံး တူညီစွာ လိုလားတောင့်တသောအရာဖြစ်သည့် ပျော်ရွှင်ကျန်းမာမှုကို ရရှိစေပါလိမ့်မည်။

Top