အစဉ်အလာ ရက်စွဲသတ်မှတ်ချက်အရ ဂေါတမဗုဒ္ဓဟု သိကြသည့် စကြမုနိဗုဒ္ဓမြတ်စွာသည် ဘီစီ ၅၆၆ မှ ၄၈၅ အထိ အိန္ဒိယနိုင်ငံ မြောက်ဘက်အလယ်ပိုင်းဒေသတွင် နေထိုင်ခဲ့ပါသည်။ ဗုဒ္ဓဘာသာစာပေ အမျိုးမျိုး၌ သူ၏ဘဝအကြောင်း များပြားစုံလင်စွာ ပါဝင်ပြီး အချိန်ကြာလာသည်နှင့်အမျှ အသေးစိတ်အချက်အလက်များ တဖြည်းဖြည်း ပါဝင်လာပါသည်။ ထိုအချက်များ၏ တိကျမှုကို အတည်ပြုရန်ခက်ခဲပါသည်။ ပထမဆုံး ဗုဒ္ဓဘာသာစာပေကို ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီး ရာစုနှစ်သုံးခုကျော်မှသာ ရေးသားခဲ့သည်ကို တွေ့နိုင်ပါသည်။ မည်သို့ဆိုစေ အချို့သောအသေးစိတ်များက အချို့အချက်များထက် နောက်ကျမှ ရေးသားပေါ်ထွက်လာခြင်းဆိုသည်မှာ ယင်းတို့၏မှန်ကန်မှုကို လျှော့ချရန် လုံလောက်သော အကြောင်းရင်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော အချက်အလက်များစွာကို အာဂုံဆောင်ကာ ဆက်ပြီးလက်ဆင့်ကမ်းနိုင်သောကြောင့် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာအပါအဝင် ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၏ အစဉ်အလာ အတ္ထုပ္ပတ္တိများကို သမိုင်းမှတ်တမ်းအတွက် မဟုတ်ဘဲ ပညာပေးသင်ကြားရန်အတွက် ယေဘုယျအားဖြင့် စုစည်းထားပါသည်။ ပိုပြီးအတိအကျ ဆိုရလျှင် အတ္ထုပ္ပတ္တိများမှာ ဗုဒ္ဓဘာသာဝင်တို့အား လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုအတွက် ဘာသာရေးလမ်းကြောင်းကို လိုက်နာအောင် တွန်းအားပေးသင်ကြားရန် နည်းလမ်းဖြင့် ပုံစံထုတ်ထားပါသည်။ ဗုဒ္ဓဝင်ကိုလေ့လာရာတွင် အကျိုးရှိစေရန်အတွက် ဤအဆက်အစပ်ဖြင့် နားလည်ရန်နှင့် သင်ယူနိုင်သော သင်ခန်းစာများကို ဝေဖန်ဆန်းစစ်ရန် လိုပါသည်။
ဗုဒ္ဓဝင် အရင်းအမြစ်များ
ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်အတွက် အစောဆုံးကျမ်းစာများမှာ ထေရဝါဒ ကျမ်းဂန်များထဲတွင် အလယ်အလတ် ရှည်လျားသော တရားတော်များ (ပါဠိဘာသာဖြင့် မဇ္ဈိမနိကာယ) မှ ပါဠိသုတ္တန်များနှင့် ဟိနာယာနဂိုဏ်းအသီးသီးမှ ကျောင်းတိုက် သီလစည်းကမ်းနှင့်ဆိုင်သော ဝိနည်းကျမ်းစာများ ဖြစ်ပါသည်။ သို့သော် ထိုကျမ်းစာတိုင်းတွင် ဗုဒ္ဓဝင်၏ အစိတ်အပိုင်းအချို့သာ ပါဝင်ပါသည်။
ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်မှာ ဘီစီ ၂ ရာစုနှောင်းပိုင်း ဗုဒ္ဓဘာသာ လင်္ကာကျမ်းများဖြစ်ပြီး ဥပမာ၊ ဟိနာယာန မဟာသံဃိကဂိုဏ်း၏ မဟာအကြောင်းရပ်များ (သက္ကတဘာသာဖြင့် မဟာဝတ္ထု) ဖြစ်ပါသည်။ ဤကျမ်းစာသည် ပိဋကတ်သုံးပုံ (သက္ကတဘာသာဖြင့် တိပိဋက၊ ခြင်းသုံးခြင်း) တွင် မပါဝင်ဘဲ ဗုဒ္ဓမြတ်စွာသည် တော်ဝင်မိသားစုတွင် မင်းသားအဖြစ် မွေးဖွားသည်ဆိုသည့် အသေးစိတ် အချက်မျိုးကို ပေါင်းထည့်ထားပါသည်။ အလားတူ နောက်ထပ်လင်္ကာကျမ်းကို ဟိနာယာန သာဝတိဝဒဂိုဏ်း၏ စာပေဖြစ်သည့် ကျယ်ပြန့်သောဇာတ်လမ်းသုတ္တန် (သက္ကတဘာသာဖြင့် လာလိတဝိတြသုတ္တန်) တွင် တွေ့ရပါသည်။ ဤကျမ်း၏ နောက်ပိုင်း မဟာယာနမူများ၌ ဤအစောပိုင်းမူကို ယူပြီးချဲ့ထွင်ထားပါသည်။ ဥပမာအားဖြင့် စကြမုနိသည် ခေတ်ကာလများစွာကပင် ဉာဏ်အလင်းရရှိခဲ့ကာ သိဒ္ဓတ္ထမင်းသားအဖြစ် ပေါ်ထွက်လာသည်ဟု ရှင်းပြသည်မှာ အခြားသူများကို လမ်းညွှန်နိုင်အောင် ဉာဏ်အလင်းရရှိမှုလမ်းကြောင်းကို ဖော်ပြခြင်းမျှသာ ဖြစ်သည်ဟု ဖော်ပြပါသည်။
နောက်ဆုံးတွင် ဤအတ္ထုပ္ပတ္တိအချို့ကို ပိဋကတ်သုံးပုံ ၌ ထည့်သွင်းခဲ့ပါသည်။ အကျော်ကြားဆုံးမှာ ခရစ်နှစ် ၁ ရာစုတွင် ကဗျာဆရာကြီး အဝဃောသ၏ ဗုဒ္ဓမြတ်စွာ၏ ကြိုးပမ်းချက်များ (သက္ကတဘာသာဖြင့် ဗုဒ္ဓစရိတ) ဖြစ်ပါသည်။ နောက်ပိုင်းတွင် အခြားမူများကို ချက္ကရာသံဝရစာပေကဲ့သို့ တန္တရကျမ်းများတွင် တွေ့ရပါသည်။ ထိုကျမ်းများတွင် သာမန်ထက်ထူးခြားသော ခွဲခြားသိရှိမှုပညာအကြောင်း သုတ္တန်များ (သက္ကတဘာသာဖြင့် ပညာပါရမီသုတ္တန်၊ ဉာဏ်ပညာ ပါရမီ သုတ္တန်များ) ကိုဟောကြားသည့် စကြမုနိအဖြစ် ပေါ်ထွက်လာစဉ်တွင် ဗုဒ္ဓမြတ်စွာသည် ဝရဓါရအဖြစ်လည်း ပေါ်ထွက်ပြီး တန္တရတရားများ ဟောကြားသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ဖော်ပြချက်တိုင်းမှနေ၍ ကျွန်ုပ်တို့သည် တစ်ခုခုသင်ယူနိုင်ပြီး စိတ်ဓာတ်တွန်းအား ရနိုင်ပါသည်။ သို့သော် သမိုင်းကြောင်းအရ ဗုဒ္ဓမြတ်စွာကို ဖော်ပြသည့်မူများကို အဓိကထား လေ့လာကြပါစို့။
ဗုဒ္ဓမြတ်စွာ၏ ဖွားမြင်မှု၊ ငယ်ဘဝနှင့် တောထွက်မှု
အစောဆုံးရေးသားချက်များအရ စကြမုနိသည် ယနေ့ခေတ် အိန္ဒိယနှင့် နီပေါနိုင်ငံတို့အကြား နယ်စပ်ရှိ ကပိလဝတ် မြို့တော်ရှိသည့် စကြပြည်နယ်တွင် မြင့်မြတ်ကြွယ်ဝသော စစ်သည်တော် မိသားစု၌ ဖွားမြင်ပါသည်။ တော်ဝင် မိသားစုတွင် မင်းသားအဖြစ် ဖွားမြင်သည်ဟု မဖော်ပြထားဘဲ မင်းသားအဖြစ် ဖွားမြင်မှုနှင့် သိဒ္ဓတ္ထအမည်သည် နောက်ပိုင်းမှသာ ပေါ်ထွက်လာပါသည်။ သူ၏ဖခင်သည် သုဒ္ဓေါဓနဖြစ်ပြီး မိခင်အမည် မာယာဒေဝီဖြစ်ကြောင်း၊ အစွယ်ခြောက်ခုပါ ဆင်ကြီးက သူ၏ဝမ်းဗိုက်ထဲဝင်လာသည့် အိပ်မက်ဖြင့် ဗုဒ္ဓမြတ်စွာ၏ အံ့ဖွယ်သန္ဓေတည်ကြောင်း၊ သူသည် ဘုရင် သို့မဟုတ် ဘုရားဖြစ်မည်ဟု ပညာရှိ အဇိတက ခန့်မှန်းကြောင်း စသည်တို့သည် နောက်ပိုင်းမူများတွင်သာ ပေါ်ထွက်လာပါသည်။ ထို့နောက် ဗုဒ္ဓမြတ်စွာက မိခင်ဝမ်းမှ သန့်စင်စွာ ဖွားမြင့်သည့် ဖော်ပြချက်တွင်လည်း ကပိလဝတ်မှ အနည်းငယ်ဝေးကွာသည့် လုမ္ဗနီအင်ကြင်းတောတွင် မွေးဖွားပြီးနောက် ခြေလှမ်းခုနစ်လှမ်း လှမ်းပြီး "ငါရောက်လာပြီ” ဟုပြောခြင်း၊ မီးဖွားနေစဉ် သူ၏မိခင် ကွယ်လွန်ခြင်းတို့လည်း ပေါ်ထွက်ပါသည်။
ဗုဒ္ဓမြတ်စွာသည် ငယ်ရွယ်စဉ်ဘဝတွင် ချမ်းသာစွာဖြင့်ဖြင့် နေထိုင်ခဲ့သည်။ ယသော်ဓရာအမည်ရှိ အမျိုးသမီးနှင့် အိမ်ထောင်ကျပြီး သားတော် ရာဟုလာကို ဖွားမြင်သည်။ အသက် ၂၉ နှစ်အရွယ်တွင် ဗုဒ္ဓမြတ်စွာသည် မိသာားစုဘဝနှင့် မင်းသားမျိုးရိုးကို စွန့်ပယ်ပြီး လှည့်လည်ဆွမ်းခံသည့် ဘာသာရေး ကြိုးပမ်းအားထုတ်သူ ဖြစ်လာပါသည်။
ဗုဒ္ဓမြတ်စွာ၏ တောထွက်မှုကို သူ၏အသိုင်းအဝိုင်းနှင့် အချိန်ကာလအားဖြင့် ရှုမြင်ရန်အရေးကြီးပါသည်။ ဗုဒ္ဓမြတ်စွာသည် ဘာသာရေး ကြိုးပမ်းအားထုတ်သူဖြစ်ရန် ထွက်ခွာချိန်၌ သူ့ဇနီးနှင့်သားကို အကျပ်အတည်းနှင့် ဆင်းရဲမွဲတေသည့် ဘဝတွင် မစွန့်ပစ်ခဲ့ပါ။ သူ၏ကြွယ်ဝသောမိသားစု အသိုင်းအဝိုင်းက ပြုစုစောင့်ရှောက်ထားမှာ သေချာပါသည်။ ဗုဒ္ဓမြတ်စွာသည် စစ်သည်တော် အမျိုးဇာတ်ဝင် ဖြစ်သည့်အတွက် အမျိုးသားတို့၏ တာဝန်အဖြစ် လက်ခံထားသည့်အတိုင်း တစ်နေ့တွင် စစ်ထွက်သောအခါ မိသားစုကို မလွဲမသွေ ထားရစ်ခဲ့ရပါမည်။
ပြင်ပရန်သူများကို ကာကွယ်ရန် အမြဲတိုက်ပွဲဝင်ရနိုင်သော်လည်း တကယ့်တိုက်ပွဲမှာ ကိုယ်တွင်းရန်သူများကို တိုက်ရသောတိုက်ပွဲ ဖြစ်ပြီး ဤအတွက် ဗုဒ္ဓမြတ်စွာက တိုက်ပွဲဝင်ရန် ထွက်ခွာခဲ့ပါသည်။ ဤရည်ရွယ်ချက်အတွက် မိသားစုကို ထားရစ်ခဲ့ခြင်းက ဘာသာရေး ကြိုးပမ်းအားထုတ်သူ၏ တာဝန်မှာ ဘဝတစ်ခုလုံးကို ထိုရည်ရွယ်ချက်အတွက် ပုံအပ်ထားရန် ဖြစ်ပါသည်။ ခေတ်သစ်လောကတွင် ကျွန်ုပ်တို့သည် ဘုန်းကြီးဝတ်ရန် မိသားစုကို ထားခဲ့ရပါက သူတို့ကို ကောင်းစွာစောင့်ရှောက်နိုင်အောင် ပြုလုပ်ပေးဖို့ လိုပါမည်။ ဤသည်မှာ အိမ်ထောင်ဖက်နှင့် သားသမီးများကိုသာမက သက်ကြီးရွယ်အို မိဘများလည်း ပါဝင်ပါသည်။ ဗုဒ္ဓဘာသာဝင်များအဖြစ် မိသားစုကို ထားခဲ့သည်ဖြစ်စေ၊ မထားခဲ့သည်ဖြစ်စေ ဗုဒ္ဓမြတ်စွာ ဆောင်ရွက်ခဲ့သလို ချမ်းသာကိုစွဲလမ်းမှုအား ကျော်လွှားခြင်းဖြင့် ဆင်းရဲဒုက္ခများအား ဖယ်ရှားရမည်မှာ ကျွန်ုပ်တို့၏တာဝန် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် မွေး၊ အို၊ နာ၊ သေ၊ ပြန်လည်မွေးဖွားမှု၊ ဝမ်းနည်းမှုနှင့် ရှုပ်ထွေးမှုတို့၏ သဘောသဘာဝကို နားလည်မှုမှ တစ်ဆင့် ဆင်းရဲဒုက္ခကို ကျော်လွှားလိုပါသည်။ နောက်ပိုင်းဇာတ်တော်များတွင် ဗုဒ္ဓမြတ်စွာသည် ရထားထိန်း ဆန္ဒနှင့်အတူ နန်းတော်မှ ခရီးထွက်ခဲ့သည်။ မြို့ထဲတွင် အို၊ နာ၊ သေကြုံရသူများကို ဗုဒ္ဓမြတ်စွာ တွေ့ခဲ့သလို ခြိုးခြံစွာ ကျင့်သူကိုလည်း တွေ့ခဲ့သည်။ ဆန္ဒက ထိုသူတစ်ဦးချင်းစီအကြောင်း ရှင်းပြခဲ့သည်။ ဤနည်းဖြင့် ဗုဒ္ဓမြတ်စွာသည် အားလုံးကြုံရသည့် ဆင်းရဲဒုက္ခကို သိရှိကာ ယင်းမှလွတ်မြောက်အောင် တွေးတောကြိုးပမ်းခဲ့ပါသည်။
ဘာသာရေးလမ်းကြောင်းအတွက် အကူအညီကို ရထားထိန်းထံမှ ရရှိခဲ့သော ဗုဒ္ဓမြတ်စွာ၏ အကြောင်းအရာသည် ဘဂဝါဂီတကျမ်း တွင် အဇုနအား သူ၏ရထားထိန်း ခရစ်ရှနာက သူ့ဆွေမျိုးများနှင့် ဆန့်ကျင်တိုက်ပွဲဝင်ရန်မှာ သူ၏စစ်သည်တော်တာဝန်ဖြစ်ကြောင်း ပြောသည့် အကြောင်းနှင့် ဆင်တူပါသည်။ ဗုဒ္ဓဘာသာာနှင့် ဟိန္ဒူဘာသာ ဇာတ်လမ်းနှစ်ခုစလုံးတွင် ကျွန်ုပ်တို့သည် သစ္စာကို ကြိုးစားရှာဖွေရန် မိမိအဆင်ပြေသောဘဝ၏ အကာအရံများကို ကျော်လွန်သွားရမည့် နက်နဲသောထင်ရှားမှုကို မြင်နိုင်ပါသည်။ ရထားသည် လွတ်မြောက်မှုသို့သွားသည့် စိတ်၏ယာဉ်ကဲ့သို့ ကိုယ်စားပြုသည်ဟု မြင်နိုင်ပါသည်။ ရထားထိန်း၏ စကားများက အမှန်တရားကို ရှာဖွေရန် တွန်းအားကဲ့သို့ မြင်နိုင်ပါသည်။
ဗုဒ္ဓမြတ်စွာ၏ လေ့လာသင်ယူမှုနှင့် ဉာဏ်အလင်းရရှိမှု
မေထုန်မမှီဝဲသည့် လှည့်လည်သွားလာသော ဘာသာရေး ကြိုးပမ်းအားထုတ်သူအဖြစ် ဗုဒ္ဓမြတ်စွာသည် စိတ်တည်ငြိမ်မှုနှင့် ပုံသဏ္ဌာန်မဲ့ စူးစိုက်မှုတို့ ရရှိအောင် နည်းလမ်းများကို ဆရာနှစ်ဦးထံမှ ဆည်းပူးခဲ့ပါသည်။ ဤသို့ ကောင်းစွာ စူးစိုက်မှု၏ နက်နဲသော အခြေအနေများကို အမြင့်ဆုံးအဆင့်အထိ သူရရှိခဲ့ပြီး ကြမ်းတမ်းသော ဆင်းရဲဒုက္ခ သို့မဟုတ် သာမန်လောကီအာရုံတို့ကို မကြုံတွေ့ရတော့သည့်တိုင် စိတ်ကျေနပ်မှု မရှိခဲ့ပါ။ ဤအခြေအနေများမှာ ဤစွန်းထင်းနေသည့် ခံစားချက်များမှနေ၍ ထာဝရမဟုတ်သော ယာယီသက်သာမှုသာ ပေးသည်ကို မြင်လာပါသည်။ သူကျော်လွှားရန် ကြိုးစားနေသည့် ပိုမိုနက်နဲပြီး အားလုံးနှင့်ဆိုင်သော ဆင်းရဲဒုက္ခကို ယင်းတို့သည် လုံးဝ မဖယ်ရှားပေးနိုင်ပါ။ ထို့နောက် အဖော်ငါးပါးနှင့်အတူ အပြင်းအထန် ခြိုးခြံစွာကျင့်ပါသည်။ သို့သော် ယင်းမှာလည်း ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု (သံသရာ) နှင့် ဆက်စပ်သည့် ပိုမိုနက်နဲသော ပြဿနာများကို မဖယ်ရှားပေးပါ။ နေရဉ္ဇရာမြစ်ကမ်းပါးတွင် ခြောက်နှစ်တာ ဒုက္ကရစရိယာ ကျင့်ကြံမှု၊ သုဇာတာက ဃနာနို့ဆွမ်း ဆက်ကပ်မှုတို့သည် နောက်ပိုင်းအကြောင်းအရာများတွင်သာ ပေါ်ထွက်လာပါသည်။
ဗုဒ္ဓမြတ်စွာ၏ နမူနာအရ ကျွန်ုပ်တို့သည် မူးယစ်ဆေးကဲ့သို့ မှားယွင်းသောနည်းလမ်းများကို မဆိုထားနှင့် တရားရှုမှတ်ခြင်းတွင် အပြည့်အဝ တည်ငြိမ်မှု သို့မဟုတ် “ဝင်စား” မှုမျှဖြင့် မကျေနပ်သင့်ကြောင်း ဖော်ပြနေပါသည်။ နက်နဲစွာ တွေဝေမိန်းမောခြင်း သို့မဟုတ် ပြင်းထန်သောအကျင့်များဖြင့် မိမိကိုယ်ကို နှိပ်စက်ပြစ်ဒဏ်ပေးမှုတို့သည်လည်း ဖြေရှင်းမှုနည်းလမ်း မဟုတ်ပါ။ ကျွန်ုပ်တို့သည် လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုဆီသို့ လျှောက်လှမ်းရမည်ဖြစ်ပြီး ဤရည်မှန်းချက်များဆီ မရောက်သော ဘာသာရေး နည်းလမ်းများနှင့် လုံးဝကျေနပ်မနေသင့်ပါ။
ဗုဒ္ဓမြတ်စွာသည် ခြိုးခြံစွာကျင့်ခြင်းကို ငြင်းပယ်ပြီးနောက် ကြောက်ရွံ့မှုကို ကျော်လွှားရန် တောထဲတွင် တစ်ပါးတည်း တရားကျင့်ကြံပါသည်။ ကြောက်ရွံ့မှုအားလုံး၏ နောက်ကွယ်တွင် မဖြစ်နိုင်သော တည်ရှိမှုဖြစ်သည့် “ငါ” ကို တွယ်တာမှုနှင့် သာယာနာပျော်မှုကို စိတ်လိုက်မာန်ပါ ရှာဖွေမှုနောက်ကွယ်မှ မိမိကိုယ်ကို တန်ဖိုးထားသည့် သဘောထားထက် ပိုအားကောင်းသည့်သဘောထားတို့ ရှိနေပါသည်။ ထို့ကြောင့် ခရစ်နှစ် ၁၀ ရာစုခေတ်က အိန္ဒိယ ဆရာတော်ကြီးဓမ္မရာသိတ က အစွမ်းထက်သော လက်နက်များစက်ဝန်း တွင် အဆိပ်ရှိသစ်ပင်များပေါက်ရောက်သည့် တောထဲသွားလာနေသော ဒေါင်းများ၏ နမူနာကို ဖော်ပြလျှက် တဏှာ၊ ဒေါသ၊ မောဟ စသည့် အဆိပ်အတောက် စိတ်ခံစားချက်များကို အသုံးချ ပြောင်းလဲကာ မိမိကိုယ်ကို တန်ဖိုးထားမှု သဘောထားနှင့် မဖြစ်နိုင်သော “ငါ” ကိုတွယ်တာမှုတို့ကို ကျော်လွှားရန် ကြိုးစားသည့် ဗောဓိသတ္တတို့အား ကိုယ်စားပြုခဲ့ပါသည်။
အပြင်းအထန် တရားကျင့်ကြံပြီးနောက်တွင် ဗုဒ္ဓမြတ်စွာသည် သက်တော် ၃၅ နှစ်အရွယ်တွင် သဗ္ဗညုတဉာဏ်တော် အလုံးစုံရရှိခဲ့ပါသည်။ နောက်ပိုင်း ဖော်ပြချက်များတွင် ယနေ့ခေတ် ဗုဒ္ဓဂါယာရှိ ဗောဓိပင်အောက်တွင် မစ္ဆရိယနတ် ဖြစ်သော မာရ်နတ်၏ တိုက်ခိုက်မှုများမှ အောင်နိုင်ပြီးနောက် ထိုသို့ရရှိကြောင်း အသေးစိတ် ဖော်ပြထားပါသည်။ မာရ်နတ်သည် ဗုဒ္ဓမြတ်စွာ၏ တရားကျင့်ကြံမှုကို နှောင့်ယှက်ရန် ကြောက်မက်ဖွယ်နှင့် ဖြားယောင်းသော ပုံစံများပြကာ ဉာဏ်အလင်းရရှိမှုကို တားဆီးရန် ကြိုးစားခဲ့ပါသည်။
အစောဆုံး ဖော်ပြချက်များတွင် ဗုဒ္ဓမြတ်စွာသည် ဉာဏ်တော်သုံးမျိုးကို ရရှိခြင်းဖြင့် သဗ္ဗညုတဉာဏ်တော် ရရှိကြောင်း ဖော်ပြထားသည်မှာ- မိမိ၏အတိတ်ဘဝအားလုံးနှင့် အခြားသူအားလုံး၏ ကံနှင့် ပြန်လည်မွေးဖွားမှုတို့ကို ပြည့်စုံစွာ သိရှိမှု၊ သစ္စာလေးပါးကို သိရှိမှုတို့ ဖြစ်ပါသည်။ နောက်ပိုင်းဖော်ပြချက်များတွင် သူသည် ဉာဏ်အလင်းရရှိမှုဖြင့် အရာအားလုံးသိမြင်သည်ဟု ရှင်းပြထားပါသည်
တရားဟောကြားခြင်းနှင့် ဗုဒ္ဓဘာသာကျောင်းတိုက် အသိုင်းအဝိုင်း တည်ထောင်ခြင်း
သဗ္ဗညုတဉာဏ်ရရှိပြီးနောက်တွင် ဗုဒ္ဓမြတ်စွာသည် အလားတူ အောင်မြင်နိုင်မည့်နည်းကို အခြားသူများအား ဟောကြားရာတွင် မည်သူမျှ နားလည်မည်မဟုတ်ကြောင်း ခံစားမိသည့်အတွက် တွန့်ဆုတ်နေမိပါသည်။ သို့သော် အိန္ဒိယနတ်များဖြစ်သည့် စကြဝဠာကိုဖန်ဆင်းရှင် ဗြဟ္မာနှင့် နတ်တို့၏ဘုရင် အိန္ဒြာတို့က တရားဟောရန် တောင်းပန် လျှောက်ထားကြပါသည်။ ဗြဟ္မာကြီးက တောင်းပန်လျှောက်ထားရာတွင် ထိုသို့မဟောကြားပါက တစ်လောကလုံး ဆင်းရဲဒုက္ခ အဆုံးမရှိ ကြုံရမည်ဖြစ်ကြောင်း၊ သူ၏တရားစကားကို နားလည်နိုင်သူ အနည်းအကျဉ်းတော့ ရှိမည်ဖြစ်ကြောင်း ပြောပါသည်။
ဤသို့အသေးစိတ်ဖော်ပြချက်သည် ဗုဒ္ဓမြတ်စွာ၏ တရားတော်များက ထိုစဉ်က အိန္ဒိယ ဘာသာရေး အစဉ်အလာများ၏ နည်းလမ်းထက်ကျော်လွန်ပြီး အဆင့်မြင့်မှုကို ပုံဖော်ထားခြင်း ဖြစ်နိုင်ပါသည်။ အဆင့်အမြင့်ဆုံး နတ်များကပင်လျှင် ဗုဒ္ဓတရားတော်များကို လောကကြီးသည် လိုအပ်ကြောင်း ဝန်ခံထားသည်မှာ သူတို့ကိုယ်၌က လူတိုင်း၏ဆင်းရဲဒုက္ခကို အပြီးတိုင် အဆုံးသတ်ပေးမည့် နည်းလမ်း မရှိကြောင်း ဖော်ပြသည့်အတွက် ထိုတရားတော်များကို သာမန်လူများက မည်မျှလိုအပ်ကြောင်း ပြောစရာဖြစ်နေပါသည်။ ထို့ပြင် ဗုဒ္ဓဘာသာ ပုံတော်တွင် ဗြဟ္မာသည် မာန်ကြီးသည့်မာနကို ကိုယ်စားပြုပြီး သူက အရာအားလုံး ဖန်ဆင်းရှင်ဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ပါသည်။ ဤသို့မဖြစ်နိုင်သော တည်ရှိမှုဖြစ်သည့် “ငါ” ကိုစွဲပြီး ဘဝတွင် အရာရာထိန်းချုပ်နိုင်သည်ဆိုသော ရှုပ်ထွေးမှု သရုပ်သကန်ကို ကိုယ်စားပြုပါသည်။ ထိုယုံကြည်မှုမျိုးက စိတ်ရှုပ်ထွေးမှုနှင့် ဆင်းရဲဒုက္ခကို မလွဲမသွေ ဖြစ်စေပါသည်။ ကျွန်ုပ်တို့ အမှန်တကယ် တည်ရှိပုံကို ဖော်ပြသည့် ဗုဒ္ဓတရားတော်များကသာ ဤဆင်းရဲဒုက္ခနှင့် ၎င်း၏အကြောင်းရင်းများကို စစ်မှန်သော ရပ်တန့်မှုအတွက် နည်းပေးလမ်းပြနိုင်ပါသည်။
ဗြဟ္မာကြီးနှင့် အိန္ဒြာ၏ တောင်းဆိုမှုကို လက်ခံကာ ဗုဒ္ဓမြတ်စွာသည် သမင်များကျက်စားသည့် မိဂဒါဝုန်တောသို့ဝင်ပြီး ယခင်အတူရှိခဲ့ဖူးသော သံဃာငါးပါးကို သစ္စာလေးပါး ဟောကြားပါသည်။ ဗုဒ္ဓဘာသာ ပုံရိပ်တွင် သမင်များသည် နူးညံ့မှုကို ကိုယ်စားပြုသည့်အတွက် ဗုဒ္ဓမြတ်စွာသည် နူးညံ့သောနည်းဖြင့် ဟောကြားကာ သုခစံစားမှုနှင့် ခြိုးခြံမှု အစွန်းတရားများကို ရှောင်ရှားပါသည်။
မကြာမီ အနီးအနားရှိ ဗာရာဏသီမှ လူငယ်များ ဘုရားထံရောက်လာကာ တိတိကျကျ မေထုန်ရှောင်ရှားမှုကို လိုက်နာပါသည်။ သူတို့မိဘများသည် ဥပသကာများ ဖြစ်လာပြီး သံဃာတော်တို့အား ဆွမ်းစတင် ဆက်ကပ်ပါသည်။ မည်သည့်သံဃာမဆို လုံလောက်စွာ ကျင့်ကြံပြီး အရည်အချင်းရှိလာသည်နှင့် အခြားသူများကို ဟောကြားရန် စေလွှတ်ခံရပါသည်။ ဤနည်းဖြင့် ဆွမ်းခံသံဃာများအဖွဲ့သည် လျင်မြန်စွာ ကြီးထွားလာပြီး တစ်ဦးချင်း “ကျောင်းတိုက်” အသိုင်းအဝိုင်းများကို နေရာအသီးသီးတွင် အခြေချတည်ထောင်လာကြပါသည်။
ဗုဒ္ဓမြတ်စွာသည် လက်တွေ့လမ်းညွှန်ချက်များနှင့်အညီ ဤကျောင်းတိုက် အသိုင်းအဝိုင်းများကို တည်ထောင်ခဲ့ပါသည်။ ဤသို့အလွန်စောစီးသောကာလတွင် သံဃာဆိုသော ဝေါဟာရကို အသုံးပြုရလျှင် သံဃာတော်တို့သည် ရဟန်းဝတ်မည့်သူများကို လက်ခံနိုင်သော်လည်း ထိုသူတို့က လူ့အသိုင်းအဝိုင်းမှ အကြီးအကဲများနှင့် ခိုက်ရန်မဖြစ်စေရန် ကန့်သတ်ချက်အချို့ကို လိုက်နာရပါသည်။ ထို့ကြောင့် ဤကာလတွင် ဗုဒ္ဓမြတ်စွာသည် ရာဇဝတ်သားများ၊ စစ်မှုထမ်းများကဲ့သို့ တော်ဝင်အမှုထမ်းများ၊ ကျွန်အဖြစ်မှ မလွတ်ကင်းသေးသော ကျေးကျွန်များ၊ နူနာရောဂါကဲ့သို့ ကူးစက်တတ်သောရောဂါ ရှိသူများကို ကျောင်းတိုက်အသိုင်းအဝိုင်းထဲသို့ ဝင်ခွင့်မပေးခဲ့ပါ။ ထို့ပြင် အသက် ၂၀ အောက် အရွယ်များကိုလည်း ဝင်ခွင့်မပြုပါ။ ဗုဒ္ဓမြတ်စွာသည် ဒုက္ခမတွေ့အောင် ရှောင်ရှားလိုပြီး လူထုက သံဃာ့အသိုင်းအဝိုင်းနှင့် ဓမ္မတရားတော်များကို လေးစားအောင် ကြိုးပမ်းခဲ့ပါသည်။ ထိုအချက်က ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် ဒေသထုံးတမ်းစဉ်လာကို လေးစားကာ တလေးတစား ပြုမူရန်လိုသည်ဟု ဖော်ပြပါသည်။ သို့မှသာ လူတို့က ဗုဒ္ဓဘာသာကို အထင်ကြီးလေးစားကာ ပြန်လည်တလေးတစား ရှိလာပါမည်။
မကြာခင်မှာပင် ဗုဒ္ဓမြတ်စွာသည် ဗုဒ္ဓဂါယာရှိ ဘုရင့်နိုင်ငံဖြစ်သော မာဂဓတိုင်းသို့ ပြန်လည်ကြွမြန်းသည်။ ဗိမ္မိသာရမင်းက ရာဇဂြိုဟ်မြို့ထံ ဖိတ်ခေါ်ကာ ကူညီထောက်ပံ့သည့်ဒကာတော် ဖြစ်လာပါသည်။ ထိုမြို့တွင် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့သည် ဗုဒ္ဓမြတ်စွာ၏ သာသနာထဲသို့ ဝင်လာပြီး အနီးကပ်သာဝကများ ဖြစ်လာပါသည်။
သဗ္ဗညုတဉာဏ်ရရှိပြီး တစ်နှစ်အတွင်းမှာပင် ဗုဒ္ဓမြတ်စွာသည် နေရပ်ရင်း ကပိလဝတ်သို့ ကြွချီကာ သားတော် ရာဟုလာက သင်္ကန်းဝတ်ပါသည်။ ဘုရား၏ဝမ်းကွဲညီအစ်ကို ရုပ်ရည်ချောမောသူ နန္ဒမင်းသားလည်း အိမ်မှထွက်ကာ သာသနာ့ဘောင်ထဲဝင်သည်။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးက မိသားစုအဆက်ပြတ်မည်ကို အလွန်ဝမ်းနည်းပြီး နောင်တွင် သားဖြစ်သူတို့အား မိဘသဘောတူခွင့်ပြုမှသာ သင်္ကန်းဝတ်ခွင့်ပေးရန် တောင်းဆိုခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာက အပြည့်အဝ သဘောတူညီခဲ့ပါသည်။ ဤနေရာတွင် ဖော်ပြချက်သည် ဘုရားရှင်က ခမည်းတော်ဘက်သို့ ရက်စက်သည်ဟု မရှုမြင့်သင့်ဘဲ ဗုဒ္ဓဘာသာအပေါ် အထူးသဖြင့် မိမိ၏ မိသားစုအတွင်း အမြင်မကြည်လင်မှု မဖြစ်ရန် အရေးကြီးသည်ဟု ရှုမြင်နိုင်ပါသည်။
ဘုရားရှင်က မိသားစုနှင့် ဆုံတွေ့သည့် နောက်ပိုင်းအသေးစိတ် အချက်အလက်များတွင် နတ်မင်းသုံးဆယ့်သုံးပါး ရှိသည့် ဘုံသို့ ကြွချီရန် ရုပ်လွန်အစွမ်းများကို အသုံးပြုခြင်း သို့မဟုတ် အချို့ကျမ်းစာများအရ တုဿိတာ နတ်ပြည်သို့ ကြွချီကာ ဘဝဟောင်းက မိခင်အား တရားဟောခြင်းတို့ ပါဝင်ပါသည်။ ဤအချက်အရ မိခင်မေတ္တာကို တန်ဖိုးထားပြီး ပြန်လည်ပေးဆပ်မှု အရေးကြီးသည်ကို ဖော်ပြပါသည်။
ဗုဒ္ဓဘာသာ သံဃာ့အဖွဲ့အစည်း ကြီးထွားလာခြင်း
ဗုဒ္ဓဘာသာသံဃာ့ အသိုင်းအဝိုင်းမှာ အစောပိုင်းတွင် အနည်းငယ်သာဖြစ်ပြီး အပါး ၂၀ ထက်မများပေ။ ဆွမ်းခံလှည့်ရန် အတွက် နယ်နိမိတ် သတ်မှတ်လိုက်နာကြရသည်။ အဖွဲ့တစ်ဖွဲ့၏ ဆောင်ရွက်ချက်နှင့် ဆုံးဖြတ်ချက်များကို မညီညွတ်မှု မဖြစ်စေရန် အဖွဲ့ဝင်များအကြား ဘုံသဘောတူညီမှုဖြင့် ဆုံးဖြတ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်မှ တစ်ဦးတည်း အာဏာ မသက်ရောက်နိုင်ပါ။ ဗုဒ္ဓမြတ်စွာက သံဃာတော်များအား ဓမ္မတရားတော်များကို ပိုင်နိုင်ရမည်ဟု ညွှန်ကြားခဲ့ပါသည်။ ကျောင်းတိုက်စည်းကမ်းများမှာ လိုအပ်လျှင် ပြောင်းလဲနိုင်သော်လည်း အပြောင်းအလဲတိုင်းသည် အသိုင်းအဝိုင်း တစ်ခုလုံး၏ သဘောတူညီမှုတွင် အခြေခံရပါသည်။
ဗိမ္မိသာရမင်းကြီးက ဘုရားရှင်သည် အခြားဆွမ်းခံလှည့်လည်သည့် ဘာသာရေးအဖွဲ့များထံမှ ထုံးတမ်းစဉ်လာအချို့ လက်ခံနိုင်သည်ဟု အကြံပြုခဲ့ပါသည်။ ဥပမာအားဖြင့် ဂျိန်းဘာသာဝင်များကဲ့သို့ တစ်လလေးကြိမ် စည်းဝေးခြင်းမျိုး ဖြစ်ပါသည်။ ဤအစဉ်အလာအရ ဘာသာရေးအသိုင်းအဝိုင်းမှ အဖွဲ့ဝင်များက လဆန်း၊ လဆုတ် တိုင်းတွင် တရားဆွေးနွေးရန် စုဝေးကြပါသည်။ ဘုရားရှင်က သဘောတူညီကာ ထိုစဉ်က ထုံးတမ်းစဉ်လာများအား လိုက်နာရန် အကြံပြုဖို့ လမ်းဖွင့်ပေးထားသည်ဟု ဖော်ပြနေပါသည်။ ဂျိန်းဘာသာအတိုင်း သူ၏ဘာသာရေး အဖွဲ့အစည်း အစိတ်အပိုင်းများနှင့် တရားတော်၏ ဖွဲ့စည်းပုံများကို ပုံဖော်မိလာပါသည်။ ဂျိန်းဘာသာ တည်ထောင်သူ မဟာဝီရ သည် ဗုဒ္ဓမြတ်စွာမတိုင်မီ ရာစုနှစ်ထက်ဝက်ခန့်က ပေါ်ပေါက်ခဲ့ပါသည်။
ရှင်သာရိပုတ္တရာကလည်း ဘုရားရှင်အား ကျောင်းတိုက်စည်းကမ်းကျင့်ဝတ်များ ရေးဆွဲရန် တောင်းဆိုပါသည်။ ဘုရားရှင်က သီးခြားပြဿနာများ ပေါ်လာသည်အထိ စောင့်ဆိုင်းလျှင် အကောင်းဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ ထိုသို့ပေါ်လာပါက အလားတူ ထပ်မဖြစ်အောင် ရှောင်ရှားရန် ကတိကဝတ်ပြုနိုင်ပါသည်။ မည်သူမဆို ကျူးလွန်သူ တိုင်းအား အန္တရာယ် ဖြစ်စေသည့် သဘာဝအားဖြင့် အပျက်သဘော ဆောင်ရွက်ချက်များရော၊ အချို့သူများအတွက်၊ အချို့အခြေအနေ၊ အချို့အကြောင်းရင်းများကြောင့် တားမြစ်သည့် ကျင့်ဝတ်အရ ဘက်မလိုက်သော ဆောင်ရွက်ချက်များ အတွက်ပါ ဤမူဝါဒကို လိုက်နာပါသည်။ ထို့ကြောင့် စည်းကမ်းသတ်မှတ်ချက်များ (ဝိနယ) သည် လက်တွေ့ကျပြီး ကြုံသလို ပုံသေရေးဆွဲထားပါသည်။ ဗုဒ္ဓမြတ်စွာ၏ အဓိက ထည့်သွင်းစဉ်းစားမှုသည် ပြဿနာများကို ရှောင်ရှားရန်နှင့် ရန်လိုမှုမဖြစ်စေရန် ဖြစ်ပါသည်။
ထို့နောက် ဘုရားရှင်သည် သီလစည်းကမ်းချက်များပေါ်တွင် အခြေပြုပြီး တစ်လလျှင် လေးကြိမ်ကျင်းပသည့် ကျောင်းတိုက်အစည်းအဝေးတွင် သံဃာတော်များက ချိုးဖောက်မှုတစ်ခုခုကို ဝန်ခံခြင်းဖြင့် ကတိပြုမှုများအား စုစည်းရွတ်ဖတ်ရန် သတ်မှတ်ခဲ့ပါသည်။ အပြင်းထန်ဆုံး ချိုးဖောက်မှုများရှိပါက အသိုင်းအဝိုင်းမှ ထုတ်ပယ်ပါသည်။ ထို့သို့မဟုတ်ပါက အစမ်းကာလ သိက္ခာကျမှုမျှသာ ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဤအစည်းအဝေးများကို တစ်လနှစ်ကြိမ်သာ ကျင်းပလာကြပါသည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် မိုးရာသီ သုံးလတာဝါတွင်းကာလကို သတ်မှတ်ကာ ထိုကာလတွင် သံဃာများသည် တစ်နေရာတွင် သီတင်းသုံးပြီး ခရီးသွားလာမှု မပြုကြပါ။ ရည်ရွယ်ချက်မှာ လမ်းများ ရေကြီးနေသောအခါ ကွင်းပြင်များထဲတွင် သံဃာများ ကြွချီပါက သီးနှံများ ပျက်စီးမှုမှ ကာကွယ်ရန် ဖြစ်ပါသည်။ ထိုအခါ ကျောင်းတိုက်များ အတည်တကျ ထူထောင်လာသလို လက်တွေ့လည်းကျပါသည်။ ဤဖွံ့ဖြိုးတိုးတက်မှုမှာလည်း လူထုအသိုင်းအဝီုင်းကို အန္တရာယ် မပေးမိရန်နှင့် သူတို့၏လေးစားမှု ရရှိစေရန် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။
ဒုတိယ ဝါကပ်ချိန်မှ စတင်ကာ ဗုဒ္ဓမြတ်စွာသည် ကောသလတိုင်း၊ သာဝတ္ထိမြို့ အပြင်ဘက်ရှိ ဇေတဝန် ကျောင်းတိုက်တွင် ၂၅ နှစ်တာ သီတင်းသုံးတော်မူပါသည်။ ကုန်သည်ကြီး အနာထပိန်က ဤနေရာတွင် ဘုရားနှင့် သံဃာတော်တို့အတွက် ကျောင်းတိုက် တည်ဆောက်ကာ ပသေနဒီမင်းက ဆက်လက်ထောက်ပံ့ခဲ့သည်။ သာဝတ္ထိရှိ ဤကျောင်းတိုက်သည် ဗုဒ္ဓဝင်ထဲမှ ကျော်ကြားသော အဖြစ်အပျက်များစွာ ဖြစ်ပျက်ရာနေရာဖြစ်ပြီး အထင်ရှားဆုံးမှာ ထိုအချိန်က ဗုဒ္ဓဘာသာမဟုတ်သော အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းမှ ခေါင်းဆောင်များကို အံ့ဖွယ်အစွမ်း ပြိုင်ပွဲဖြင့် အောင်နိုင်ခြင်း ဖြစ်နိုင်ပါသည်။
ယခုအခါ မည်သူမျှ အံ့ဖွယ်အစွမ်း မပြနိုင်တော့သော်လည်း ဗုဒ္ဓမြတ်စွာက ယုတ္တိဖြင့်မဟုတ်ဘဲ ယင်းသို့အသုံးပြုခဲ့ကာ ပြိုင်ဘက်များကို အောင်နိုင်ခဲ့သည့်အချက်က အခြားသူတို့၏စိတ်သည် အကြောင်းတရားကို လက်မခံဘဲရှိပါက မိမိ၏ အသိပညာက မှန်ကန်ကြောင်း သူတို့ကိုယုံကြည်စေနိုင်သည့် အကောင်းဆုံးနည်းမှာ မိမိ၏ သိမြင်မှုအဆင့်ကို လက်တွေ့ပြုမူဆောင်ရွက်ချက်များဖြင့် ပြသရန် ဖြစ်သည်ဟု ညွှန်ပြနေပါသည်။ “အပြောထက် အလုပ်ဖြင့် သက်သေပြပါ” ဆိုသည့် အင်္ဂလိပ်ဆိုရိုးစကားပင် ရှိပါသည်။
ဗုဒ္ဓဘာသာ သီလရှင်အဖွဲ့အစည်းကို ထူထောင်ခြင်း
ဘုရားရှင်သည် တရားဟောပြောရင်း နောက်ပိုင်းတွင် မိထွေးတော် မဟာပဇာပတိ၏ တောင်းဆိုမှုကြောင့် ဝေသာလီတွင် သီလရှင်အဖွဲ့အစည်း တည်ထောင်တော်မူပါသည်။ ဤသို့သောအဖွဲ့ကို စတင်ရန် အစတွင်တွန့်ဆုတ်ခဲ့သော်လည်း သံဃာတော်များထက် သီလရှင်များအတွက် နောက်ထပ် ကတိပြုမှုများ ပြဌာန်းပါက ထိုသို့တည်ထောင်ရန် ဖြစ်နိုင်သည်ဟု ဆုံးဖြတ်တော်မူပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဗုဒ္ဓမြတ်စွာသည် အမျိုးသမီးများက အမျိုးသား များထက် စည်းကမ်းမရှိကြောင်း၊ ထို့ကြောင့် ပိုမိုများပြားသော ကတိများဖြင့် စောင့်ထိန်းစေရန်လိုအပ်ကြောင်း ဆိုလိုရင်း မဟုတ်ပါ။ အမျိုးသမီးအဖွဲ့အစည်း ထူထောင်ခြင်းဖြင့် မိမိ၏တရားများကို အမြင်မကြည်မှုများရှိလာကာ စောစီးစွာ ရပ်တန့်သွားမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ပါသည်။ ဘုရားရှင်သည် အခြားအရာများထက် ပြင်ပအသိုင်းအဝိုင်း၏ မလေးစားမှုကို ရှောင်ရှားလိုသောကြောင့် သီလရှင် အသိုင်းအဝိုင်းအပေါ် ကျင့်ဝတ်သိက္ခာတစ်ခုခု သံသယ မဖြစ်ရန်လိုအပ်မည် ဖြစ်ပါသည်။
သို့ရာတွင် ယေဘုယျအားဖြင့် ဗုဒ္ဓမြတ်စွာသည် စည်းကမ်းများချမှတ်ရန် တွန့်ဆုတ်ကာ သေးငယ်သော စည်းကမ်းများသည် မလိုအပ်ကြောင်း တွေ့ရှိပါက ယင်းတို့ကို ဖယ်ရှားလိုပါသည်။ အနက်ရှိုင်းဆုံး သစ္စာသာမက ဒေသထုံးစံများနှင့်အညီ အစဉ်အလာ သစ္စာကိုကိုလည်း လေးစားမှုရှိသည့် သစ္စာနှစ်ချက်၏ရှုထောင့်ကို ပြသခဲ့သည့် မူဝါဒ ဖြစ်ပါသည်။ အနက်ရှိုင်းဆုံးသစ္စာတွင် သီလရှင်အဖွဲ့အစည်း တည်ထောင်သည်မှာ လုံးဝပြဿနာ မရှိသော်လည်း ထိုအချိန်က သာမန်လူတို့သည် ဗုဒ္ဓဘာသာ တရားတော်များကို အထင်မသေးအောင် ကာကွယ်နိုင်ရန် သီလရှင်များ အတွက် ပိုမိုများပြားသော စည်းကမ်းများရှိရန် လိုပါသည်။ အနက်ရှိုင်းဆုံးသစ္စာအရ လူ့အသိုင်းအဝိုင်းက ပြောဆို၊ ကြံစည်သမျှသည် အရေးမကြီးသော်လည်း အစဉ်အလာ သစ္စာတွင် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းသည် လူထု၏ လေးစားယုံကြည်မှု ရရှိရန် အရေးကြီးပါသည်။ ထို့ကြောင့် ခေတ်သစ်ကာလတွင် သို့မဟုတ် ဗုဒ္ဓဘာသာကို မလေးစားမှု ဖြစ်စေမည့် အသိုင်းအဝိုင်းများတွင် သီလရှင် သို့မဟုတ် အမျိုးသမီးများကို ယေဘုယျအားဖြင့် လည်းကောင်း၊ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများအရ လူနည်းစု အုပ်စုတစ်ခုခုကိုလည်းကောင်း မနှစ်မြို့မှု ရှိပါက ဗုဒ္ဓမြတ်စွာ၏ စိတ်ထားမှာ ယင်းတို့ကို ခေတ်ကာလ ထုံးစံများနှင့်အညီ ပြင်ဆင်ရန် ဖြစ်ပါသည်။
မည်သို့ဆိုစေ သည်းခံခြင်းနှင့် ကရုဏာသည် ဗုဒ္ဓတရားတော်များ၏ အဓိကအချက်များ ဖြစ်ပါသည်။ ဥပမာအားဖြင့် အခြားဘာသာဝင် ဖြစ်ခဲ့ဖူးသည့် သံဃာအသစ်များကို ထိုဘာသာအား ဆက်လက်ထောက်ပံ့ရန် ဘုရှားရှင်က အားပေးတော်မူသည်။ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွင် သံဃာများကို ဖျားနာနေပါက အချင်းချင်း ပြုစုစောင့်ရှောက်ရန် ညွှန်ကြားတော်မူပါသည်။ အကြောင်းမှာ အားလုံးသည် ဗုဒ္ဓဘာသာ မိသားစုဝင်များ ဖြစ်သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ဤသည်မှာ လူဝတ်ကြောင် ဗုဒ္ဓဘာသာဝင်အားလုံးအတွက်လည်း အရေးကြီးသည့် ကျင့်ဝတ်တစ်ခု ဖြစ်ပါသည်။
ဘုရားရှင်၏ ဟောကြားသောနည်းစနစ်
ဘုရားရှင်သည် အခြားသူများအား နှုတ်ဖြင့်ဟောကြားမှုနှင့် ကိုယ်တိုင်စံနမူနာပြမှုတို့ဖြင့် သွန်သင်ဆုံးမပါသည်။ နှုတ်ဖြင့်သင်ကြားရာတွင် အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်းကို ဟောကြားမှုအပေါ် မူတည်ပြီး နည်းလမ်းနှစ်မျိုးကို လိုက်နာပါသည်။ အဖွဲ့လိုက်ရှေ့တွင် ဘုရားရှင်သည် တရားဟောသည့်ပုံစံဖြင့် ရှင်းပြပြီး တစ်ခါတစ်ရံ အချက် တစ်ချက်ချင်းကို စကားလုံး အမျိုးမျိုးဖြင့် အထပ်ထပ်ပြောကာ ပရိသတ်အား ပိုပြီးနားလည်မှတ်မိစေပါသည်။ တစ်ဦးချင်း ဟောကြားခြင်းသည် မိသားစုတစ်စုက ဘုရားနှင့်သံဃာများအား ဆွမ်းစားပင်သည့်အတွက် ဆွမ်းစားပြီးနောက် ဟောကြားလေ့ရှိပါသည်။ ယင်းမှာ နောက်ထပ်တစ်နည်း ဖြစ်ပါသည်။ နားထောင်နေသူ၏ ရှုထောင့်ကို လုံးဝမကန့်ကွက်၊ မစိန်ခေါ်ဘဲ သူတို့ရပ်တည်ချက်ကို လက်ခံကာ သူတို့အတွေးကို ကိုယ်တိုင်ရှင်းလင်းစေရန် မေးခွန်းများ မေးပါသည်။ ဤနည်းဖြင့် ဗုဒ္ဓမြတ်စွာသည် ထိုသူ၏ အခြေအနေကို တိုးတက်အောင် ဦးဆောင်ပြီး အမှန်တရားကို ပိုမိုလေးနက်စွာ တဖြည်းဖြည်း နားလည်လာစေပါသည်။ နမူနာတစ်ခုမှာ ဘုရားရှင်သည် မာနကြီးသည့် ဗြဟ္မဏအမျိုးဇာတ်ဝင်တစ်ဦးကို ကြီးမြတ်မှုသည် မိမိမွေးဖွားသည့် အမျိုးဇာတ်မှ လာခြင်းမဟုတ်ဘဲ မိမိ၏ အရည်အသွေးကောင်းများ ရရှိအောင် ကြိုးပမ်းမှုမှလာကြောင်း နားလည်အောင် ဦးဆောင်ရှင်းပြခဲ့ပါသည်။
နောက်ထပ်ဥပမာတစ်ခုမှာ ဝမ်းနည်းပူဆွေးနေသော မိခင်တစ်ယောက်က သေဆုံးနေသော သားငယ်ကို အသက်ပြန်သွင်းပေးရန် ပွေ့ချီလာသောအခါ ဘုရားရှင်၏ဟောကြားချက် ဖြစ်ပါသည်။ ထိုသူအား သေခြင်းတရားကို မကြုံဖူးသော အိမ်တစ်အိမ်မှ မုန်ညင်းစေ့တစ်စေ့ ယူလာပါက အကူအညီပေးမည်ဟု စေခိုင်းလိုက်ပါသည်။ ထိုအမျိုးသမီးသည် တစ်အိမ်ပြီးတစ်အိမ် သွားခဲ့သော်လည်း အိမ်တိုင်းတွင် တစ်စုံတစ်ဦးက သေဆုံးပြီးသား ဖြစ်ပါသည်။ လူတိုင်း တစ်နေ့တွင်သေရမည်ကို သူတဖြည်းဖြည်း သဘောပေါက်လာသည်။ ဤနည်းဖြင့် သူ၏သားငယ်ကို စိတ်အေးချမ်းသာစွာဖြင့် သင်္ဂြိုဟ်လိုက်နိုင်ပါသည်။
ဗုဒ္ဓမြတ်စွာ၏ ဟောကြားနည်းအရ တွေ့ဆုံသူ တစ်ဦးချင်းကို ကူညီရန်အတွက် ထိုသူနှင့် အတိုက်အခံ မပြုလုပ်လျှင် အကောင်းဆုံးဖြစ်ပါသည်။ အထိရောက်ဆုံး နည်းလမ်းမှာ သူတို့ကိုယ်တိုင် တွေးတောစေခြင်း ဖြစ်ပါသည်။ သို့ရာတွင် လူအဖွဲ့လိုက်ကို ဟောကြားသောအခါ တည့်မတ် ရှင်းလင်းစွာ ရှင်းပြလျှင် ပိုမိုသင့်တော်ပါသည်။
ဗုဒ္ဓမြတ်စွာကို လုပ်ကြံမှုများနှင့် ဂိုဏ်းကွဲမှုများ
ဘုရားရှင် ပရိနိဗ္ဗာန်မစံဝင်မီ ခုနစ်နှစ်အလိုတွင် မလိုမုန်းထားသော ဝမ်းကွဲညီအစ်ကို ရှင်ဒေဝဒတ်သည် သံဃာ့အဖွဲ့အစည်းကို ဘုရားထံမှ လွှဲယူပြီး ခေါင်းဆောင်ရန် ကြံစည်ခဲ့သည်။ ထို့အတူ အဇာတသတ်မင်းသားသည် မာဂဓတိုင်း အုပ်စိုးသူအဖြစ် ဆက်ခံရန် သူ့ဖခင် ဗိမ္မိသာရမင်းကို သေကြောင်းကြံစည်ခဲ့သည်။ ထိုသူနှစ်ဦးသည် ပူးပေါင်းကြံစည်ခြင်းဖြစ်သည်။ အဇာတသတ်က ဗိမ္မိသာရမင်းကို လုပ်ကြံရန် ကြံစည်ပြီး ဘုရင်ကြီးသည် သားအတွက် နန်းစွန့်ခဲ့သည်။ အဇာတသတ်၏ အောင်မြင်မှုကိုကြည့်ကာ ရှင်ဒေဝဒတ်က ဘုရားအားလုပ်ကြံခိုင်းသော်လည်း ထိုကြိုးပမ်းမှုအားလုံး မအောင်မြင်ခဲ့ပါ။
ရှင်ဒေဝဒတ်သည် စိတ်ပျက်ကာ သူကဘုရားထက် “ပိုမြင့်မြတ်သည်” ဟုဆိုပြီး သံဃာများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားကာ ပိုမိုတင်းကျပ်သော စည်းကမ်းများ ချမှတ်ဖို့ အဆိုပြုပါသည်။ ခရစ်နှစ် ၄ ရာစုနှစ်က ထေရဝါဒဆရာတော် ရှင်ဗုဒ္ဓဃောသ၏ သန့်ရှင်းစင်ကြယ်သော လမ်းကြောင်း (ပါဠိဘာသာဖြင့် ဝိသုဒ္ဓိမဂ္ဂ) တွင်ဖော်ပြချက်အရ ရှင်ဒေဝဒတ်၏ အဆိုပြုချက်များတွင် အောက်ပါတို့ပါဝင်ပါသည်-
- အဝတ်အပိုင်းအစများကို တွဲချုပ်ထားသော သင်္ကန်းများသာ ဝတ်ဆင်ရန်
- သင်္ကန်းသုံးထည်သာ ဝတ်ဆင်ရန်
- ဆွမ်းခံခြင်းသာ ပြုလုပ်ပြီး ပင့်ဖိတ်ခြင်းများကို လက်မခံရန်
- ဆွမ်းခံကြွသောအခါ မည်သည့်အိမ်ကိုမှ ကျော်မသွားရန်
- ရရှိသောဆွမ်းကို တစ်ထိုင်တည်း စားသုံးရန်
- သပိတ်ဖြင့်သာ ဆွမ်းဘုဉ်းပေးရန်
- အခြား အစားအသောက်အားလုံး ငြင်းပယ်ရန်
- တောထဲတွင်သာ နေထိုင်ရန်
- သစ်ပင်အောက်တွင်သာ နေထိုင်ရန်
- နေစရာအိမ်များထဲတွင် မဟုတ်ဘဲ လေဟာပြင်ထဲတွင် နေထိုင်ရန်
- သုဿန်တစပြင်များတွင်သာ အများအားဖြင့် နေထိုင်ရန်
- တစ်နေရာမှ တစ်နေရာသို့ သွားလာရင်း တွေ့ရှိသောနေရာမှန်သမျှကို ကျေနပ်နှစ်သက်ရန်
- လုံးဝလှဲမအိပ်ဘဲ ထိုင်၍သာအိပ်စက်ရန်။
ဤစည်းကမ်းချက်အပိုများကို သံဃာများ လိုက်နာလိုပါက ဘာမှပြဿနာမဖြစ်သော်လည်း အားလုံးကို ထိုသို့မဖြစ်မနေ ဆောင်ရွက်ခိုင်းရန် မဖြစ်နိုင်ကြောင်း ဘုရားရှင်က မိန့်ပါသည်။ သံဃာတော်အများအပြားက ရှင်ဒေဝဒတ်နောက်သို့ လိုက်ကြပြီး ဘုရားရှင်၏ အသိုင်းအဝိုင်းက ကိုယ်ပိုင်အဖွဲ့အစည်းဖြင့် ကျန်ရစ်ပါသည်။
ထေရဝါဒဂိုဏ်းတွင် ရှင်ဒေဝဒတ် ချမှတ်သော နောက်ထပ်စည်းကမ်းချက်များကို “လက်တွေ့ကျင့်သုံးရန် ခက်မ ၁၃ ခု” ဟုခေါ်ပါသည်။ ယနေ့ခေတ် ထိုင်းနိုင်ငံတွင် တွေ့ရသည့် တောထွက်သံဃာ အစဉ်အလာသည် ဤကျင့်ကြံမှုမှ ဆင်းသက်လာဟန် တူပါသည်။ ဘုရားရှင်၏ သာဝကဖြစ်သော ရှင်မဟာကဿပသည် ဤပိုမိုတင်းကျပ်သော စည်းကမ်းကို လိုက်နာကျင့်ကြံရာတွင် နာမည်အကျော်ကြားဆုံး ဖြစ်သည်။ ထိုထဲမှ အများစုကို ယခုအခါ ဟိန္ဒူဘာသာဝင် ဆာဒူးကြီးများက စောင့်ထိန်းကြပါသည်။ ဤကျင့်ကြံမှုသည် ဘုရားလက်ထက်တော်အခါက ဆွမ်းခံလှည့်လည်သော ဘာသာရေးကြိုးပမ်းအားထုတ်သူတို့၏ အစဉ်အလာကို ထိန်းထားဟန် တူပါသည်။
မဟာယာနဂိုဏ်းများတွင် အလားတူ စောင့်ထိန်းကျင့်ကြံမှု ၁၂ ချက် ရှိပါသည်။ ထိုစာရင်းထဲတွင် “ဆွမ်းခံကြွသောအခါ မည်သည့်အိမ်ကိုမှ ကျော်မသွားရန်” ကို ချန်ထားပြီး “အမှိုက်ပုံတွင် စွန့်ပစ်သောအဝတ်များကို ဝတ်ဆင်ရန်” ကို ထပ်ဖြည့်ထားပါသည်။ “ဆွမ်းခံကြွရန်” နှင့် “သပိတ်ဖြင့်သာ ဆွမ်းဘုဉ်းပေးရန်” ကို တစ်ခုတည်းအဖြစ် ထားပါသည်။ ဤစည်းကမ်းချက် အများစုကို နောက်ပိုင်းတွင် အိန္ဒိယ အစဉ်အလာ အလွန်အဆင့်မြင့်သော တန္တရကျင့်ကြံသူများ ဖြစ်သည့် မဟာသိဒ္ဓများ ကလိုက်နာပြီး ယင်းတိုကို မဟာယာန ဗုဒ္ဓဘာသာ၌သာမက ဟိန္ဒူဘာသာတွင်ပါ တွေ့ရပါသည်။
ရှိပြီးသား ဗုဒ္ဓဘာသာ အစဉ်အလာမှနေ၍ နောက်ထပ်တစ်ဖွဲ့ ခွဲထွက်ခြင်း သို့မဟုတ် ခေတ်သစ်စကားအရ သီးခြားဓမ္မစင်တာတစ်ခု တည်ထောင်ခြင်းသည် ပြဿနာမဟုတ်ပါ။ ထိုသို့ပြုလုပ်ခြင်းကို ကြီးလေးသော ရာဇဝတ်မှုငါးခုအနက်မှ တစ်ခုဖြစ်သည့် “ကျောင်းတိုက် အသိုင်းအဝိုင်း ဂိုဏ်းကွဲခြင်း” ဟု မမြင်ကြပါ။ ရှင်ဒေဝဒတ်သည် ထိုသို့သော ဂိုဏ်းကွဲမှု ဖန်တီးသည်မှာ သူ့အဖွဲ့က ဘုရားရှင်၏ သံဃာအသိုင်းအဝိုင်းကို မလိုမုန်းထားပြီး ပြင်းပြင်းထန်ထန် ဝေဖန်သည့်အတွက်ကြောင့် ဖြစ်ပါသည်။ အချို့ဖော်ပြချက်များအရ ဤသို့ဂိုဏ်းခွဲမှု၏ မုန်းတီးစိတ်သည် ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပါသည်။
ဤသို့ဂိုဏ်းခွဲမှုအကြောင်းရပ်သည် ဘုရားရှင်က အလွန်ပင် သည်းခံကြောင်း၊ တင်းကျပ်သောလမ်းစဉ်ဝါဒီ လုံးဝ မဟုတ်ကြောင်း ဖော်ပြပါသည်။ သူ၏ဘာသာဝင်တို့က သူချမှတ်သည့် စည်းကမ်းထက် ပိုမိုတင်းကျပ်သော စည်းကမ်းကို လိုက်နာလိုပါက ဘာမှမဖြစ်ပါ။ ထိုသို့မလိုက်နာလိုပါကလည်း ဘာမှမဖြစ်ပါ။ ဗုဒ္ဓမြတ်စွာ ဟောကြားသည်ကို မည်သူမျှ တာဝန်အရ ကျင့်ကြံစရာမလိုပါ။ သံဃာ သို့မဟုတ် သီလရှင်တစ်ပါးသည် ကျောင်းတိုက်မှ ထွက်ခွာလိုလျှင်လည်း ဘာမှမဖြစ်ပါ။ သို့သော် အလွန်ပင် အပျက်သဘောဖြစ်သည်မှာ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှင့် အထူးသဖြင့် ကျောင်းတိုက်အသိုင်းအဝိုင်းကို နှစ်ဖွဲ့နှင့်အထက် ကွဲစေပြီး အချင်းချင်း အပုတ်ချကာ ဖျက်လိုဖျက်ဆီး စိတ်ဓာတ် ထားရှိခြင်း ဖြစ်ပါသည်။ ဂိုဏ်းခွဲတစ်ခုကိုဝင်ပြီးနောက် အမုန်းတိုက်ပွဲတွင် ဝင်ပါသည်မှာ အလွန်ပင် ပျက်စီးစေပါသည်။ သို့သော် အဖွဲ့တစ်ဖွဲ့သည် အပျက်သဘော အန္တရာယ်ပြုသော ဆောင်ရွက်ချက် ပြုလုပ်ခြင်း သို့မဟုတ် အန္တရာယ်ပေးသော စည်းကမ်းကိုလိုက်နာခြင်း ပြုပါက ထိုအဖွဲ့ကိုဝင်ရောက်မှု၏ အန္တရာယ်များကို ကရုဏာဖြင့် သတိပေးသော်လည်း စိတ်ဓာတ်စေ့ဆော်မှုသည် ဒေါသ၊ အမုန်း သို့မဟုတ် လက်စားချေလိုစိတ်တို့ဖြင့် လုံးဝမရောစပ်သင့်ပါ။
ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း
ဘုရားရှင်သည် လွတ်မြောက်မှုကို ရရှိကာ ထိန်းချုပ်မရစွာ သာမန်သေဆုံးခြင်းမျိုးကို ကြုံတွေ့ရန်မလိုသော်လည်း သက်တော် ၈၁ နှစ်တွင် သူ၏ဘာသာဝင်များအား မမြဲခြင်းကို သင်ကြားလျှင် အကျိုးရှိမည်ဟု ဆုံးဖြတ်ကာ ခန္ဓာအိမ် စွန့်ပယ်တော်မူပါသည်။ ထိုသို့မပြုမီ ပိုမိုရှည်ကြာစွာ နေထိုင်ပြီး တရားဟောပြောရန် ခွင့်တောင်းဖို့ ရှင်အာနန္ဒာကို အခွင့်အရေးပေးသော်လည်း ရှင်အာနန္ဒာက သဘောမပေါက်ခဲ့ပါ။ ဤအချက်အရ ဗုဒ္ဓမြတ်စွာသည် တောင်းဆိုသော အခါမှသာ ဟောကြားပြီး မည်သူမျှ မတောင်းဆိုပါက သို့မဟုတ် စိတ်မဝင်စားပါက ပိုပြီးအကျိုးရှိမည့် အခြားတစ်နေရာသို့ ထွက်ခွာသွားသည်ကို ဖော်ပြပါသည်။ ဆရာ၏ တည်ရှိမှုနှင့် သင်ကြားမှုများသည် တပည့်များအပေါ်တွင် မူတည်ပါသည်။
စုန္ဒအမည်ရှိသည့်ဒကာတစ်ဦိး နေထိုင်သည့် ကုသိနာဂရတွင် ဘုရားနှင့် သံဃာများအား ဆက်ကပ်သောဆွမ်းကို ဘုဉ်းပေးပြီးနောက် ဗုဒ္ဓမြတ်စွာသည် အပြင်းအထန် နေထိုင်မကောင်း ဖြစ်ပါသည်။ သံဃာများအား သူတို့မှာ သံသယ သို့မဟုတ် မေးစရာမေးခွန်းများ ရှိပါက ယခုအခါ သူတို့၏ဆရာ ဖြစ်လာတော့မည့် မိမိ၏ ဓမ္မတရားတော်များနှင့် ကျင့်ဝတ်စည်းကမ်းကို အားကိုးရန် မှာကြားပါသည်။ တစ်စုံတစ်ယောက်သည် တရားတော်များမှနေ၍ သူကိုယ်တိုင် လေ့လာစုံစမ်းရမည်ဖြစ်ပြီး အဖြေအားလုံး ပေးနိုင်မည့် အလုံးစုံတတ်သိသူ ရှိမည်မဟုတ်ကြောင်း ဘုရားရှင်က ညွှန်ပြတော်မူပါသည်။ ထို့နောက် ပရိနိဗ္ဗာန် စံဝင်တော်မူပါသည်။
စုန္ဒသည် ဘုရားကိုအဆိပ်ခတ်မိပြီဟု ထင်ပြီး လုံးဝစိတ်မကောင်းဖြစ်သော်လည်း ရှင်အာနန္ဒာက သူ့အား ဘုရားပရိနိဗ္ဗာန် မစံဝင်မီ နောက်ဆုံးဆွမ်းကို ကပ်လှူသည့် အပြုသဘောအင်အား သို့မဟုတ် “ကုသိုလ်” ရရှိခဲ့လေပြီဟု နှစ်သိမ့်ပါသည်။
ထို့နောက် ဘုရားရှင်အား တေဇောဓာတ် လောင်မြိုက်ကာ ပြာများကို ဗုဒ္ဓဘာသာ ဘုရားဖူးနေရာဌာနကြီး လေးခုဖြစ်လာမည့် နေရာလေးခုတွင် စေတီ ဌာပနာတည်ပါသည်။ ၎င်းတို့မှာ-
- လုမ္ဗနီ - ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူသောနေရာ
- ဗုဒ္ဓဃာယာ - ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ် ရရှိတော်မူရာနေရာ
- မိဂဒါဝုန် - တရားဦးဓမ္မ ဟောကြားသောနေရာ
- ကုသိနာဂရ - ပရိနိဗ္ဗာန်စံဝင်တော်မူသောနေရာ။
အကျဉ်းချုပ်
ဗုဒ္ဓဘာသာ အစဉ်အလာအသီးသီးက ဗုဒ္ဓဝင်အကြောင်း အမျိုးမျိုးဟောကြားပါသည်။ ၎င်းတို့၏ ကွဲပြားချက်များက အစဉ်အလာတိုင်းသည် ဗုဒ္ဓမြတ်စွာကို သဘောထားပုံနှင့် သူ၏စံနမူနာမှ သင်ယူနိုင်သောအရာတို့ကို ဖော်ပြပါသည်။
- ဟိနာယာနမူများ - ဗုဒ္ဓမြတ်စွာကို သမိုင်းမှတ်တမ်းအရသာ ဖော်ပြသည်။ မိမိကိုယ်တိုင် သဗ္ဗညုတဉာဏ်တော် ရရှိအောင် အပြင်းအထန် ကြိုးစားအားထုတ်ပုံကို ဖော်ပြခြင်းဖြင့် ကျွန်ုပ်တို့ သာမန်လူများလည်း ထိုအတိုင်းဆောင်ရွက်နိုင်ကာ ကိုယ်တိုင် အားထုတ်ဖို့ သင်ယူလေ့လာရမည်ဟု နားလည်လာပါသည်။
- ယေဘုယျ မဟာယာနမူများ - ဗုဒ္ဓမြတ်စွာသည် ခေတ်ကာလများစွာကပင် ဉာဏ်အလင်း ရရှိတော်မူပြီးဖြစ်ပါသည်။ ဉာဏ်အလင်းရရှိစေမည့် ကျင့်ကြံမှု ၁၂ မျိုးဖြင့် ဘဝကို ဖော်ပြခြင်းဖြင့် ဉာဏ်အလင်းရရှိမှုသည် အားလုံးအကျိုးအတွက် ထာဝရ ကြိုးပမ်းအားထုတ်ခြင်း ပါဝင်ကြောင်း သင်ကြားပေးလိုက်ပါသည်။
- အနုတ္တရယောဂ တန္တရမူများ - ဗုဒ္ဓမြတ်စွာသည် သာမန်ထက်ထူးခြားသော ခွဲခြားသိရှိမှုပညာအကြောင်း သုတ္တန်များ (ပညာပါရမီသုတ္တန်) ကိုဟောကြားသည့် စကြမုနိအဖြစ် ပေါ်ထွက်လာစဉ်တွင် ဝရဓါရအဖြစ်လည်း ပေါ်ထွက်ပြီး တန္တရတရားများ တပြိုင်နက် ဟောကြားပါသည်။ ဤအချက်က တန္တရကျင့်ကြံမှုသည် ဘာမှမရှိခြင်း (အနတ္တ) ဆိုသည့် မဇ္ဈိမလမ်းစဉ် တရားတော်များတွင် အပြည့်အဝ အခြေခံသည်ဟု ဖော်ပြနေပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဗုဒ္ဓဝင်မူအမျိုးမျိုးမှနေ၍ အကျိုးပြုအချက်အလက်များစွာ သင်ယူနိုင်ပြီး အဆင့်အသီးသီးအတွက် စိတ်ဓာတ်တွန်းအား ရရှိနိုင်ပါသတည်း။