ထေရဝါဒ၊ မဟာယာနနှင့် တန္တရအယူဝါဒတို့တွင်ဖော်ပြသော ဗုဒ္ဓမြတ်စွာသည် တူညီပါသလား။

ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်အကြောင်း အမျိုးမျိုး တင်ဆက်ဖော်ပြထားမှုများကို သမိုင်းကြောင်း အဆက်အစပ်ဖြင့် အချက်အလက်သက်သက် အနေနှင့် မကြည့်သင့်သလို အငြင်းပွားစရာအနေနှင့်လည်း မယူဆသင့်ပေ။ တင်ဆက်မှုတိုင်းသည် အဆက်အစပ် တစ်မျိုးဖြင့် ဖတ်ရှုရန် ရေးသားထားခြင်းပြီး ထိုတင်ဆက်မှုတိုင်းသည် မှန်ကန်သည်ဟု နားလည်ထားရပါမည်။ ဤအဆက်အစပ် အမျိုးမျိုးက ကျွန်ုပ်တို့အား တရားတော်များ ဟောကြားပုံကို ကြည့်ပါက ဗုဒ္ဓမြတ်စွာ၏ တရားတော်များကို ယေဘုယျအားဖြင့် ပိုမိုတန်ဖိုးထားနိုင်သည်သာမက ထိုတင်ဆက်မှု အမျိုးမျိုးမှ ထိုတရားတော်များကို မိမိဘဝတွင် မည်သို့အသုံးချရမည်ကိုပါ သိရှိလာပါမည်။ ဤနည်းအတိုင်း တရားတော်များ အသုံးချရင်း ဗုဒ္ဓမြတ်စွာ၏ ဘဝအဆင့်ဆင့်ကို လေ့လာပါက ဘုရားရှင်ကဲ့သို့ အခြားသူများအား ကရုဏာတရားဖြင့် ကူညီရန်ဆိုသည့် ရည်မှန်းချက်ကို ဖြည့်ဆည်းအောင်မြင်ခဲ့သည့်အတိုင်း သစ္စာတရားကို သဘောပေါက်လာနိုင်ပါသည်။

နိဒါန်း

ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သည့် စကြမုနိ ဗုဒ္ဓမြတ်စွာကို လေ့လာမည်ဆိုပါက ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ် အမျိုးမျိုး ဖော်ပြထားသည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်သည့်အတွက် ယင်းတို့အားလုံးသည် တစ်ဦးတည်းကို ပြောနေပါသလားဟု မေးနိုင်ပါသည်။ ဤသည်မှာ ဖြေဆိုရလွယ်ကူသောမေးခွန်း မဟုတ်ပါ။

ဗုဒ္ဓဝင် မူတစ်ခုသည် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ပါဠိကျမ်းစာများမှ ပေါ်ထွက်လာပါသည်။ ယင်းတို့ထဲတွင် ဘုရားရှင်၏ ဘဝသည် အမှန်တကယ် အပြည့်အစုံ မပါဝင်ပါ။ သို့သော် ကျွန်ုပ်တို့သည် ကျမ်းစာအမျိုးမျိုးမှ အစိတ်အပိုင်း အမျိုးမျိုးကို စုစည်းပေါင်းစပ်နိုင်ပါသည်။ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာ စာပေများက ဤကျောရိုးအတိုင်း အသေးစိတ် ပေါင်းထည့်သွားပါသည်။

မဟာယာန ဗုဒ္ဓဘာသာသည် ဗုဒ္ဓမြတ်စွာ၏ သတ်မှတ်ချက်ကို များစွာဖြန့်ကျက်ထားပြီး ထေရဝါဒနှင့် ကွာခြားသည့် ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ် နောက်ထပ်မူတစ်ခု ဖြစ်ပါသည်။ ထေရဝါဒမူတွင် ဘုရားရှင်သည် ဘီစီ ၅၆၆ မှ ၄၈၅ အထိ နေထိုင်သည်ဟု အများလက်ခံထားသည့် သမိုင်းမှတ်တမ်းပါရှိသလို သူ၏ဘဝသက်တမ်းအတွင်း ဉာဏ်အလင်းရရှိကာ ပရိနိဗ္ဗာန်စံဝင်ခြင်းဖြင့် အဆုံးသတ်ပါသည်။ မဟာယာနမူတွင် ပါဠိကျမ်းစာများ၌ ဖော်ပြသည့်အတိုင်း ဖြစ်စဉ်ကို ဆက်လက်၍ချဲ့ထွင်ကာ ဘုရားရှင်သည် ယခင်ဘဝပေါင်းများစွာက ဉာဏ်အလင်းရရှိခဲ့ပုံနှင့် စကြမုနိအသွင်ဖြင့် ကမ္ဘာမြေသို့ ဆင်းသက်ခဲ့ပုံတို့ ဖော်ပြထားပါသည်။ ကမ္ဘာပေါ်တွင် ဉာဏ်အလင်းရရှိမှု ဆောင်ရွက်ချက် တစ်ဆယ့်နှစ်ချက်ကို ဆောင်ရွက်တော်မူကာ အခြားသူများအား မည်သို့ဆောင်ရွက်နိုင်သည်ကို နမူနာအနေနှင့် ပြသခဲ့ပါသည်။ ပရိနိဗ္ဗာန်စံဝင်ချိန်တွင် အခြားဘုံများစွာသို့ အစဉ်အဆက်ရောက်ရှိပြသရင်း သက်ရှိအားလုံးကို ဟောပြော အကျိုးပြုသည်ဟု ဖော်ပြထားပါသည်။

ဗုဒ္ဓမြတ်စွာ၏ နောက်ထပ်မူတစ်ခုကို တန္တရအယူဝါဒများတွင် တွေ့ရပါသည်။ ထိုအထဲတွင် ဗုဒ္ဓမြတ်စွာက ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တပြိုင်နက် ပေါ်လာပါသည်။ ဤပုံစံများကို “တရားထိုင်သောနတ်များ” ဟုခေါ်ကာ အရောင်အမျိုးမျိုး၊ လက်၊ မျက်နှာ၊ ခြေထောက် များစွာရှိကာ ဘုရားရှင် သိမြင်တော်မူသည့် အစိတ်အပိုင်းများစွာကို ကိုယ်စားပြုပါသည်။ ဗုဒ္ဓမြတ်စွာသည် ဤပုံစံအမျိုးမျိုးဖြင့် ဖော်ပြသော်လည်း လူသားအနေနှင့်လည်း တစ်ချိန်တည်းမှာပင် တရားဟောတော် မူပါသည်။ ဥပမာအားဖြင့် သုတ္တန်များ ဟောကြားခဲ့သည့် အိန္ဒိယနိုင်ငံ ဂိဇ္ဈကုဋ်တောင် ဖြစ်ပါသည်။

Top