တောင်အာရှနှင့် အရှေ့တောင်အာရှဒေသမှ ထေရဝါဒ ဗုဒ္ဓဘာသာ
အိန္ဒိယနိုင်ငံ
ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံတွင် ၇ ရာစုနှစ်တွင် လွှမ်းမိုးမှုလျော့ကျလာပါသည်။ ၁၂ ရာစု ပါလာအင်ပါယာ ကျဆုံးပြီးနောက်တွင် ဟိမဝန္တာမြောက်ပိုင်း အစွန်အဖျားဒေသမှအပ လုံးဝကွယ်ပျောက်သွားပါသည်။ ၁၉ ရာစုအကုန်တွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားလာသည်ကို တွေ့ရပါသည်။ ထိုအချိန်တွင် သီရိလင်္ကာ ဗုဒ္ဓဘာသာ ခေါင်းဆောင် အန်နာဂါရိကာ ဓမ္မပါလသည် ဗြိတိသျှပညာတတ်များ၏ အကူအညီဖြင့် မဟာဗောဓိ အသိုင်းအဝိုင်းကို ထူထောင်ခဲ့သည်။ သူတို့၏ အဓိကရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုရားဖူးရာဒေသများကို ပြန်လည်ထိန်းသိမ်းရေးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့်ဆိုင်သော နေရာအားလုံးတွင် ကျောင်းတိုက်များ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ ကျောင်းတိုက်များတွင် သံဃာများသီတင်းသုံးကြပါသည်။
၁၉၅၀ ပြည့်လွန်နှစ်များတွင် အမ္ဗက္ကာသည် မြင့်မြတ်သော အမျိုးဇာတ်များအကြားတွင် ဗုဒ္ဓဘာသာလိုလားသော လှုပ်ရှားမှုတစ်ခု စတင်ခဲ့သည်။ အမျိုးဇာတ် အစဉ်အလာကို ရှောင်ရှားရန် လူထောင်သောင်းချီပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သည်။ နောက်ဆုံးဆယ်စုနှစ်တွင် မြို့ပြလူလတ်တန်းစားများ အကြားတွင်လည်း ဗုဒ္ဓဘာသာကို ပိုမိုစိတ်ဝင်စားလာကြောင်း တွေ့ရပါသည်။ လက်ရှိတွင် ဗုဒ္ဓဘာသာဝင်တို့သည် အိန္ဒိယနိုင်ငံလူဦးရေ၏ ၂% ခန့်ကို ကိုယ်စားပြုနေပါသည်။
သီရိလင်္ကာနိုင်ငံ
အိန္ဒိယနိုင်ငံမှ ဧကရာဇ်ဘုရင် အသောက၏ သားတော် မဟင်ဒရာသည် ဘီစီ ၃ ရာစုတွင် ဗုဒ္ဓဘာသာကို မိတ်ဆက်ခဲ့ချိန်မှစကာ သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်တို့၏ ဗဟိုအချက်အချာဒေသတစ်ခု ဖြစ်လာပါသည်။ သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာ၏ အရှည်ကြာဆုံး တစ်ဆက်တစ်စပ်တည်း ရာဇဝင် ရှိပါသည်။ စစ်ဖြစ်ချိန်၌ အချိန်ကြာမြင့်စွာ ကွယ်ပျောက်မှုလည်း ကြုံခဲ့ရသည်။ ၁၆ ရာစုမှစကာ တစ်ကျွန်းလုံး ကိုလိုနီဖြစ်ပြီး ဥရောပ သာသနာပြုအဖွဲ့များက ခရစ်ယာန်ဘာသာသို့ သိမ်းသွင်းခဲ့ပါသည်။
၁၉ ရာစုတွင် ဗြိတိသျှ ပညာတတ်များ၊ ဘာသာအမြင်ရှိသူများ၏ အကူအညီကြောင့် ဗုဒ္ဓဘာသာသည် အခိုင်အမာ ပြန်လည် ထွန်းကားလာပါသည်။ ထိုအခါ သီရိလင်္ကာဗုဒ္ဓဘာသာကို တစ်ခါတစ်ရံ ‘‘ပရိုတက်စတင့် ဗုဒ္ဓဘာသာ’’ အဖြစ် ပုံဖော်ကြပါသည်။ ပညာရှင်တို့၏ လေ့လာမှု၊ သာမန်လူတို့အတွက် ရဟန်းတော်များ၏ တရားဟောပြောမှုများ၊ သာမန်လူတို့အတွက် တရားထိုင်မှုများကို အလေးထားပါသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးချိန်မှစကာ သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုကို စိတ်ဝင်စားမှု အခိုင်အမာ ပြန်လည်ထွန်းကားလာပါသည်။
ယခုအခါ သီရိလင်္ကာလူမျိုး ၇၀% သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး အများစုက ထေရဝါဒ အစဉ်အလာကို လိုက်နာပါသည်။ နှစ် ၃၀ ပြည်တွင်းစစ်အပြီးတွင် သီရိလင်္ကာနိုင်ငံသည် ယခုအခါ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီ ထွန်းကားလာသည်ကို တွေ့ရသည်။ ဘိုဒူဘာလာစိန (ဗုဒ္ဓဘာသာ အင်အားစု) ကဲ့သို့သော အဖွဲ့အစည်းအချို့က မူဆလင်ဘာသာ ဆန့်ကျင်ရေး အဓိကရုဏ်များ၊ အလယ်အလတ် ဗုဒ္ဓဘာသာ ခေါင်းဆောင်များကို တိုက်ခိုက်မှုများ ဆောင်ရွက်လာပါသည်။
မြန်မာနိုင်ငံ
သမိုင်း သုတေသနအရ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀၀၀ ကျော် ရာဇဝင်ရှိပါသည်။ လက်ရှိတွင် လူဦးရေ၏ ၈၅% မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ သံဃာ့အသိုင်းအဝိုင်းတွင် တရားရှုမှတ်ခြင်းနှင့် စာပေသင်ကြားခြင်းအပေါ် ညီမျှစွာ အလေးပေးသည့် ရှည်ကြာသော အစဉ်အလာ ရှိပါသည်။ သာမန်လူတို့မှာ ယုံကြည်ချက် အားကောင်းကြသည်။ ထင်ရှားသော မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးမှာ ဝိပဿနာ အားထုတ်မှု နည်းစနစ်များကို လူပုဂ္ဂိုလ်အနေနှင့် သင်ကြားပေးသော အက်စ်အင် ဂိုအင်ကာ ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးနောက် အရပ်သား အစိုးရနှင့် စစ်အစိုးရများက ထေရဝါဒ ဗုဒ္ဓဘာသာကို အလေးထားခဲ့ပါသည်။ စစ်အစိုးရခေတ်တွင် ဗုဒ္ဓဘာသာကို တင်းကျပ်စွာ ထိန်းချုပ်ပြီး အစိုးရဆန့်ကျင်သူများ ထားရှိသည့် ဘုန်းကြီးကျောင်းများမှာ ဖျက်ဆီးခံရလေ့ ရှိသည်။ သံဃာတော်များမှာ စစ်အစိုးရကို ဆန့်ကျင်သည့် ၈၈၈၈ အရေးတော်ပုံ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး စသည့် နိုင်ငံရေး ဆန္ဒပြမှုများတွင် ရှေ့တန်းမှ ပါဝင်တတ်ကြပါသည်။
ပြီးခဲ့သော ဆယ်စုနှစ်တွင် အမျိုးသားရေးအုပ်စု အမျိုးမျိုး ပေါ်ထွက်လာပြီး ဗုဒ္ဓဘာသာကို ပြန်လည်အားဖြည့်ရင်း အစ္စလာမ်ဘာသာကို ဆန့်ကျင်ရန် အားထုတ်ခဲ့ကြသည်။ ၉၆၉ အဖွဲ့၏ သံဃာ့ခေါင်းဆောင် အရှင်ဝီရသူက ‘‘မြန်မာ ဘင်လာဒင်’’ ဟု ခေါ်ဆိုခံရသည်ဟုဆိုပြီး မူဆလင်ဘာသာဝင်များ ပိုင်ဆိုင်သော စျေးဆိုင်များကို သပိတ်မှောက်ရန် အဆိုပြုခဲ့သည်။ ‘‘ဗုဒ္ဓဘာသာကို ကာကွယ်ရေး’’ ဆိုသည့် ခေါင်းစဉ်ဖြင့် ဗလီများ၊ မူဆလင်ဘာသာဝင်တို့၏ အိမ်များကို အကြမ်းဖက်မှုများ တွေ့လာရပြီး မူဆလင်ဘာသာဝင်များက တန်ပြန် တိုက်ခိုက်ကာ ဆက်လက် ရန်မီးပွားစေခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဗုဒ္ဓဘာသာသည် ၁၁ ရာစုအထိ အဓိကယုံကြည်မှု ဖြစ်ခဲ့သည်။ ယခုအခါ ဗုဒ္ဓဘာသာဝင်မှာ လူဦးရေ၏ ၁% ပင် မရှိတော့ပေ။ ယင်းတို့မှာ မြန်မာနိုင်ငံ နယ်စပ်မှ စစ်တကောင်းတောင်ကုန်းများတွင် စုဖွဲ့နေကြပါသည်။
မြို့တော်ဒါကာတွင် ဗုဒ္ဓဘာသာကျောင်းတိုက် လေးခု ရှိပြီး အရှေ့ဘက် ကျေးရွာများတွင် ကျောင်းတိုက်များစွာ ရှိပါသည်။ သို့သော် မြန်မာနိုင်ငံနှင့် အဆက်ဖြတ်ကာ ဗုဒ္ဓဘာသာ ကျင့်ကြံမှုနှင့် သိမြင်နားလည်မှုမှာ အတော်လေး အားနည်းပါသည်။
ထိုင်းနိုင်ငံ
ဗုဒ္ဓဘာသာကို အရှေ့တောင်အာရှ ဘုရင့်နိုင်ငံများသို့ ခရစ်နှစ် ၅ ရာစုနှစ်မှစပြီး မိတ်ဆက်ခဲ့ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာအတိုင်း လိုက်နာကာ ရိုးရာယုံကြည်မှု၊ ဟိန္ဒူဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ လွှမ်းမိုးမှုများလည်း အခိုင်အမာ ရှိပါသည်။ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့နှင့် မတူသည်မှာ အမျိုးသမီးများအတွက် သင်္ကန်းဝတ်ပေးခြင်း မရှိခဲ့ပါ။ နိုင်ငံ၏ ၉၅% နီးပါးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါသည်။
ထိုင်းနိုင်ငံ ဘုန်းတော်ကြီးကျောင်း အသိုင်းအဝိုင်းသည် ထိုင်းဘုရင်ကို စံပြ ထားရှိပါသည်။ ထို့ကြောင့် ဘာသာ အစဉ်အလာ သန့်ရှင်းရန် တာဝန်ရှိသော ဂိုဏ်းအုပ်နှင့် အကြီးအကဲများကောင်စီတို့ ရှိပါသည်။ တောထဲတွင် နေထိုင်သော ဘုန်းတော်ကြီးကျောင်းများလည်း ရှိပြီး ကျေးရွာများတွင် နေသူများလည်း ရှိပါသည်။ အားလုံးသည် သာမန်လူတို့ထံမှ အားထားကိုးကွယ်မှုနှင့် ထောက်ပံ့မှုတို့ ရရှိပါသည်။
ကျေးလက်အစဉ်အလာမှ လှည့်လည်သွားလာသော ရဟန်းတော်များက လူသူနည်းပါးသော တောအုပ်များ ထဲတွင်နေထိုင်ကာ အပြင်းအထန် တရားအားထုတ်ပြီး ဘုန်းတော်ကြီးကျောင်း စည်းကမ်းများကို တိကျစွာ လိုက်နာပါသည်။ ကျေးရွာ ရဟန်းတော်များမှာ အဓိကအားဖြင့် ကျမ်းစာများ ကျက်မှတ်ပြီး ဒေသခံပြည်သူများအတွက် အခမ်းအနားများ ကျင်းပပေးသည်။ ထိုင်းရိုးရာ နတ်ကိုးကွယ်မှုနှင့်အညီ ထိုရဟန်းတော်များသည် သာမန်လူတို့အတွက် အကာအကွယ် အဆောင်များလည်း ပေးသည်။ ဗုဒ္ဓဘာသာ ကျမ်းစာများကို ဂန္ထဝင် ပါဠိဘာသာမှ ခေတ်သစ် ထိုင်းဘာသာသို့ ဘာသာပြန်ရန် ဘုန်းတော်ကြီးကျောင်း ပညာရေးအတွက် အဓိကထားသည့် ဗုဒ္ဓဘာသာ သံဃာ့တက္ကသိုလ်တစ်ခုလည်း ရှိပါသည်။
လာအိုနိုင်ငံ
ဗုဒ္ဓဘာသာသည် လာအိုနိုင်ငံသို့ ခရစ်နှစ် ၇ ရာစုအတွင်း ရောက်လာခဲ့သည်။ ယခုအခါ လူဦးရေ ၉၀% မှာ ဗုဒ္ဓဘာသာနှင့် သက်မဲ့အရာများကိုးကွယ်သည့် ဝါဒတို့ကို ရောစပ် ယုံကြည်ကြကြောင်း ဝန်ခံပါသည်။ ကွန်မြူနစ်အစိုးရ လက်ထက်တွင် အာဏာပိုင်များက ဘာသာရေးကို ရှေးဦးစွာ အပြတ်အသတ်ဖိနှိပ်ခြင်း မပြုလုပ်ပါ။ သို့သော် သူတို့၏ နိုင်ငံရေး ရည်မှန်းချက်များအတွက် ဗုဒ္ဓဘာသာ သံဃာများကို အသုံးပြုပါသည်။ အချိန်ကြာလာသောအခါ ဗုဒ္ဓဘာသာသည် ပြင်းထန်သောဖိနှိပ်မှုနှင့် ရင်ဆိုင်ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစကာ ဗုဒ္ဓဘာသာသည် ပြန်လည်ထွန်းကား လာသည်ကို တွေ့ရသည်။ လာအိုနိုင်ငံသား အများစုမှာ အလွန်ဘာသာတရား ကိုင်းရှိုင်းပါသည်။ အမျိုးသားအများစုသည် ဘုန်းကြီးကျောင်းတွင် အချိန်ခဏတာဖြစ်ဖြစ် နေထိုင်ကြပါသည်။ မိသားစုအများစုသည် သံဃာတော်များအား ဆွမ်းလောင်းလှူကြပြီး လပြည့်နေ့များတွင် ဘုရားစေတီများသို့ သွားရောက်ကြပါသည်။
ကမ္ဘောဒီးယားနိုင်ငံ
ထေရဝါဒ ဗုဒ္ဓဘာသာသည် ၁၃ ရာစုမှစတင်ကာ နိုင်ငံတော်ဘာသာ ဖြစ်လာသည်။ ယခုထိလည်း လူဦးရေ၏ ၉၅% မှာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းတွင် ခမာစစ်သွေးကြွများက ဗုဒ္ဓဘာသာကို ဖျက်ဆီးရန် ကြိုးစားကာ အောင်မြင်လုနီးပါး ဖြစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ရဟန်းတော်အားလုံးနီးပါး အသတ်ခံရခြင်း၊ ပြည်ပသို့ နှင်ထုတ်ခံရခြင်း ဖြစ်ပွားကာ ဘုရားစေတီနှင့် စာကြည့်တိုက်အားလုံးမှာ ဖျက်ဆီးခံရပါသည်။
မင်းသားကြီးသီဟာနု ဘုရင်ပြန်ဖြစ်လာပြီးနောက်တွင် ကန့်သတ်ချက်များကို တဖြည်းဖြည်း ဖယ်ရှားကာ ဗုဒ္ဓဘာသာတွင် စိတ်ဝင်စားမှု ပြန်ဖြစ်လာပါသည်။ ကမ္ဘောဒီးယားလူမျိုးများမှာ ရှေ့ဖြစ်ဟောခြင်း၊ ဗေဒင်နှင့် နတ်လောကကို အလွန်ယုံကြည်ပါသည်။ သံဃာအများစုမှာ ရောဂါကုသပေးသူများ ဖြစ်သည်။ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ကလေးကင်ပွန်းတပ်ခြင်းမှသည် လက်ထပ်မင်္ဂလာနှင့် နာရေးကိစ္စများအထိ အခမ်းအနား အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ပါသည်။
ဗီယက်နမ်နိုင်ငံ
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကာလတွင် ဗုဒ္ဓဘာသာသည် ကနဦးတွင် အိန္ဒိယနိုင်ငံမှနေ၍၊ နောက်ပိုင်းတွင် အဓိကအားဖြင့် တရုတ်နိုင်ငံမှနေ၍ ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ၁၅ ရာစုတွင် အုပ်ချုပ်သူ လူတန်းစားက စတင် မနှစ်သက်ကြတော့ပါ။ ၂၀ ရာစု အစောပိုင်းတွင် ပြန်လည် ထွန်းကားလာပါသည်။ သို့သော် ရီပတ်ဘလီကန်ကာလအတွင်း ကက်သလစ် လိုလားသော မူဝါဒများက ဗုဒ္ဓဘာသာကို ဆန့်ကျင်ပါသည်။ ယခုအခါ လူဦးရေ၏ ၁၆% သာ ဗုဒ္ဓဘာသာခံယူထားသော်လည်း အကြီးဆုံး ဘာသာတစ်ခု ဖြစ်နေပါသေးသည်။
အစိုးရသည် ယခုအခါ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ဖြေလျှော့မှုများ ရှိလာပါသည်။ သို့သော် နိုင်ငံတော်အုပ်ထိန်းမှု မပါဝင်ဘဲ မည်သည့်ဘုရားစေတီကိုမျှ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ခွင့် မပြုပါ။
အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ
ဗုဒ္ဓဘာသာသည် ဤဒေသသို့ ခရစ်နှစ် ၂ ရာစုဝန်းကျင်တွင် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ရောက်ရှိလာပါသည်။ သမိုင်းကြောင်းတစ်လျှောက်တွင် နောက်ဆုံး ဟိန္ဒူ-ဗုဒ္ဓဘာသာ အင်ပါယာ မာဂျာပါဟစ် ကျဆုံးချိန် ၁၅ ရာစုနှစ်အထိ ဗုဒ္ဓဘာသာကို ဟိန္ဒူဘာသာနှင့်အတူ ယှဉ်တွဲကိုးကွယ်ကြပါသည်။ ၁၇ ရာစုအစတွင် အစ္စလာမ် ဘာသာက ဤဘာသာများကို အပြည့်အဝ ဖယ်ရှားလိုက်ပါသည်။
အင်ဒိုနီးရှားအစိုးရ၏ ပန်ချာသီလ မူဝါဒအရ တရားဝင် ဘာသာများက ဘုရားသခင်ကို ယုံကြည်ရပါသည်။ ဗုဒ္ဓဘာသာသည် ဘုရားသခင်ကို ပုဂ္ဂိုလ်အနေနှင့် မသတ်မှတ်ဘဲ အဓိဗုဒ္ဓ သို့မဟုတ် ‘‘ပထမဗုဒ္ဓ’’ အနေနှင့် အသိအမှတ် ပြုသည်ဟု ထိုအချိန်ထက် နှစ်ပေါင်း တစ်ထောင် စော၍ ထွန်းကားခဲ့သော ကာလချက္ကရာ မန္တရားတွင် ဆွေးနွေးထားပါသည်။ အဓိဗုဒ္ဓသည် အချိန်နှင့် အခြားကန့်သတ်ချက်များကို ကျော်လွန်ကာ အရာအားလုံး၏ ဖန်တီးရှင် ဖြစ်ပါသည်။ သင်္ကေတအမှတ်အသားဖြင့် ကိုယ်စားပြုသော်လည်း အမှန်တကယ် သက်ရှိ မဟုတ်ပါ။ အဓိဗုဒ္ဓကို စိတ်၏ ရှင်းလင်းပေါ့ပါးသော သဘာဝအနေနှင့် သက်ရှိအားလုံးတွင် တွေ့ရပါသည်။ ဤအခြေခံအရ ဗုဒ္ဓဘာသာကို အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကွန်ဖြူးရှပ်ဝါဒ၊ ကက်သလစ်ဘာသာ၊ ပရိုတက်စတင့်ဘာသာ တို့နှင့်အတူ လက်ခံပါသည်။
ဘာလီကျွန်းနှင့် အင်ဒိုနီးရှားနိုင်ငံ အခြားဒေသများတွင် သီရိလင်္ကာ သံဃာတော်များက ထေရဝါဒ ဗုဒ္ဓဘာသာကို ပြန်လည်ရှင်သန်အောင် ကြိုးစားနေသော်လည်း အလွန်ကန့်သတ်ချက် ရှိပါသည်။ ဘာလီတွင် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနှင် ရိုးရာနတ်ကိုးကွယ်မှုတို့ ရောစပ်နေသည့် ဘာလီကျွန်းသားများ၏ ရိုးရာအစဉ်အလာကို ယုံကြည်သူများက ဗုဒ္ဓဘာသာကို စိတ်ဝင်စားသည်ဟု တွေ့ရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ အခြားဒေသများတွင် ဗုဒ္ဓဘာသာဝင်များက လူဦးရေ၏ ၅% ကို ကိုယ်စားပြုကာ တရုတ်အနွယ်ဝင် အင်ဒိုနီးရှားလူမျိုး အသိုင်းအဝိုင်းမှ ဖြစ်ပါသည်။ ထေရဝါဒ၊ တရုတ်နှင့် တိဘက်အစဉ်အလာများ ရောစပ်နေသည့် အလွန်နည်းပါးသော အင်ဒိုနီးရှား ဗုဒ္ဓဘာသာဂိုဏ်း အချို့လည်း ရှိပါသည်။
မလေးရှားနိုင်ငံ လူဦးရေ၏ ၂၀% မှာ ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး အဓိကအားဖြင့် ပင်လယ်ရပ်ခြား တရုတ်အသိုင်းအဝိုင်းများ ဖြစ်ပါသည်။ ရာစုနှစ် တစ်ဝက်လောက်က ဗုဒ္ဓဘာသာကို စိတ်ဝင်စားမှု လျော့ကျခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဗုဒ္ဓဘာသာ ပြန့်ပွားစေရေး ရည်ရွည်ပြီး ဗုဒ္ဓဘာသာ သာသနာပြု အသင်းအဖွဲ့ကို တည်ထောင်ပါသည်။ ပြီးခဲ့သော ဆယ်စုနှစ်တွင် လူငယ်များအကြားမှာပင် ဗုဒ္ဓဘာသာ ကျင့်ကြံမှု တိုးတက်လာသည်ကို တွေ့ရပါသည်။ ယခုအခါ ကောင်းစွာထောက်ပံ့ပြီး ပံ့ပိုးထားသည့် ထေရဝါဒ၊ မဟာယာန၊ ဝိရာယာန စင်တာများစွာ ရှိနေပါသည်။
အရှေ့အာရှဒေသ မဟာယာန ဗုဒ္ဓဘာသာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ဗုဒ္ဓဘာသာသည် ပြီးခဲ့သော နှစ်ပေါင်း ၂၀၀၀ တိုင် တရုတ်နိုင်ငံ သမိုင်းတွင် ထင်ရှားသောကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ တရုတ် ဗုဒ္ဓဘာသာသည် အရှေ့အာရှဒေသတွင် ဗုဒ္ဓဘာသာ ပျံ့နှံ့ရောက်ရှိမှုအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ ထန်မင်းဆက် အစောပိုင်းကာလ (ခရစ်နှစ် ၆၁၈-၉၀၇) တွင် ဗုဒ္ဓဘာသာ ရွှေခေတ်ဖြစ်ခဲ့ပြီး စာပေ၊ အနုပညာများလည်း ထွန်းကားခဲ့ပါသည်။
၁၉၆၀ ပြည့်လွန်နှင့် ၇၀ ပြည့်လွန်နှစ်များက ယဉ်ကျေးမှု တော်လှန်ရေး ကာလအတွင်း တရုတ် ဗုဒ္ဓဘာသာ ကျောင်းတိုက်အများစု ဖျက်ဆီးခံရသည်။ ကောင်းစွာသင်ကြားထားသော ရဟန်း၊ သီလရှင်နှင့် ဆရာများမှာ ကွပ်မျက်ခြင်း၊ အကျဉ်းချခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ဗုဒ္ဓဘာသာကို ဖိနှိပ်မှုသည် တိဘက်နှင့် အတွင်းမွန်ဂိုလီးယားတို့တွင် ပို၍ပင်ကြမ်းတမ်းပါသည်။ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲကာ တံခါးဖွင့်လာသည်နှင့်အမျှ ရိုးရာအစဉ်အလာ ဘာသာတရားများလည်း ထပ်မံကြီးထွားလာပါသည်။ ဘုရားစေတီအသစ်များ တည်ဆောက်သလို အဟောင်းများကိုလည်း ပြုပြင်မွမ်းမံ လာကြပါသည်။ ဘုန်းကြီးကျောင်းများသို့ ရောက်ရှိလာသူ အများစုမှာ ကျေးလက်မှ ဆင်းရဲပြီး ပညာမတတ်သော ပညာရေး အဆင့်အတန်း နိမ့်ကျလျှက်ရှိသည့် မိသားစုများမှ ဖြစ်သည်။ ဘုရားစေတီ အများအပြားမှာ ကမ္ဘာလှည့် ခရီးသည်များ ကြည့်ရှုရန် နေရာမျှသာဖြစ်ပါသည်။ ဘုန်းကြီးကျောင်းများမှာ လက်မှတ်ထုတ်ပေးရန်၊ ကျောင်းတိုက်သို့ လာရောက်ရန်မျှသာ လုပ်ဆောင်ပါသည်။
ယခုအခါ တရုတ်လူမျိုး အများအပြားသည် ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာပြီး တိဘက် ဗုဒ္ဓဘာသာကို သိသိသာသာ ပိုမိုကိုးကွယ်လာပါသည်။ လက်ရှိခန့်မှန်းချက်အရ ဗုဒ္ဓဘာသာဝင်ဦးရေ ၂၀% ရှိပြီး တရုတ်နိုင်ငံ တစ်ခုလုံးရှိ ဘုရားစေတီများမှာ ဖွင့်လှစ်သောအချိန်တိုင်းတွင် အသွားအလာများနေပါသည်။ ပိုမိုကြွယ်ဝပြီး အလုပ်များလာသည်နှင့်အမျှ လူအများစုက တရုတ်နှင့် တိဘက် ဗုဒ္ဓဘာသာမှတစ်ဆင့် စိတ်ဖိစီးမှု ပပျောက်အောင် ကြိုးစားလာကြပါသည်။ တိဘက် ဗုဒ္ဓဘာသာကို ဟန်တရုတ်လူမျိုးများက အထူးစိတ်ဝင်စားပြီး တိဘက် လားမားဘုန်းတော်ကြီးများက တရုတ်ဘာသာဖြင့် ပိုမိုသင်ကြားလာကြပါသည်။
တိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနှင့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများနေထိုင်ရာ ဒေသများ
တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် အရှေ့အာရှ မဟာယာန ဗုဒ္ဓဘာသာ အစဉ်အလာများမှာ တိုင်ဝမ်နှင့် ဟောင်ကောင်တွင် အခိုင်မာဆုံးဖြစ်သည်။ တိုင်ဝမ်တွင် သာမန်လူတို့က အလွန်ရက်ရောစွာ ပံ့ပိုးသည့် ဘုန်းတော်ကြီးကျောင်း ရဟန်းနှင့် သီလရှင် အသိုင်းအဝိုင်း အခိုင်အမာ ရှိပါသည်။ လူမှုရေးလုပ်ငန်းများအတွက် ဗုဒ္ဓဘာသာ တက္ကသိုလ်များ၊ ဗုဒ္ဓဘာသာ အစီအစဉ်များ ရှိပါသည်။ ဟောင်ကောင်တွင်လည်း ဘုန်းတော်ကြီးကျောင်း အသိုင်းအဝိုင်း ထွန်းကားလာပါသည်။ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့ရှိ ပင်လယ်ရပ်ခြား တရုတ် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများအကြား အလေးထားမှုမှာ ဘိုးဘေးများ သာယာဝပြောရေး အခမ်းအနားများအတွက်နှင့် နေထိုင်သူတို့၏ ကြွယ်ဝချမ်းသာမှုအတွက် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အတပ်ဟောသူများက နတ်ဝင်သော၊ သာမန်လူများက ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် တိုင်ပင်ဆွေးနွေးသော ကြားခံနယ်ပယ်များစွာ ရှိပါသည်။ ဤသို့သော ‘‘အာရှကျား’’ နိုင်ငံများနောက်ကွယ်မှ အဓိကတွန်းအားဖြစ်သော တရုတ် စီးပွားရေး လုပ်ငန်းရှင်များက မိမိတို့ ငွေကြေးအောင်မြင်မှုအတွက် ရိုးရာအစဉ်အလာများ ဆောင်ရွက်ရန် သံဃာတော်များအား စေတနာ ထက်သန်သော လှူဒါန်းမှုများ မကြာခဏ ပြုလုပ်ကြပါသည်။ တိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနှင့် မလေးရှား နိုင်ငံတို့တွင်လည်း တိဘက် ဗုဒ္ဓဘာသာဝင်များ ပိုမိုများပြားလာပါသည်။
တောင်ကိုရီးယားနိုင်ငံ
ဗုဒ္ဓဘာသာသည် ခရစ်နှစ် ၃ ရာစုတွင် တရုတ်နိုင်ငံမှ ကိုရီးယားကျွန်းဆွယ်သို့ ရောက်ရှိလာပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် အခြေခံဝါဒီ ခရစ်ယာန် အသင်းအဖွဲ့များ၏ ပိုမိုတိုက်ခိုက်မှုများ ရှိလာသည့်တိုင် ဗုဒ္ဓဘာသာသည် ယခုထိ အတော်လေး ခိုင်မာနေပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်တွင် အဆိုပါအဖွဲ့များက ဘုရားစေတီများစွာကို မီးရှို့ ဖျက်ဆီးတိုက်ခိုက်ခဲ့သည်ကို တွေ့ရပါသည်။ လူဦးရေ၏ ၂၃% မှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပါသည်။
ဂျပန်နိုင်ငံ
ဗုဒ္ဓဘာသာသည် ကိုရီးယားနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၅ ရာစုတွင် ရောက်ရှိလာပြီး ဂျပန် လူမှုအသိုင်းအဝိုင်းနှင့် ယဉ်ကျေးမှုတွင် ထင်ရှားသောအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ ၁၃ ရာစုမှစတင်ကာ အိမ်ထောင်ပြုသော ကျောင်းတိုက် ဘုန်းတော်ကြီးများ အစဉ်အလာ ရှိခဲ့ပြီး အရက်သောက်သုံးမှုကို တားမြစ်ခြင်းလည်း မရှိပါ။ အဆိုပါ ဘုန်းတော်ကြီးများက မေထုန်မှုရှောင်ကြဉ်သော ရဟန်းတော်များကို တဖြည်းဖြည်း အစားထိုးခဲ့ပါသည်။ သမိုင်းအစဉ်အလာအရ အချို့ ဗုဒ္ဓဘာသာ အစဉ်အလာများမှာ အစွန်းရောက် အမျိုးသားရေးဆန်ပြီး ဂျပန်နိုင်ငံသည် ဗုဒ္ဓဘာသာ၏ ကောင်းကင်ဘုံဟု ယုံကြည်ကြပါသည်။ ခေတ်သစ်ကာလတွင် အချို့သော အစွန်းရောက် ပျက်သုဉ်းခြင်း ဝါဒီအချို့က မိမိကိုယ်ကို ဗုဒ္ဓဘာသာဟု ခေါ်သော်လည်း စကြမုနိဘုရားရှင်၏ တရားတော်များနှင့် အနည်းငယ်မျှသာ သက်ဆိုင်ပါသည်။
လူဦးရေ၏ ၄၀% ခန့်မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဂျပန်လူမျိုး အများစုသည် ဂျပန်နိုင်ငံ၏ မူလဘာသာဖြစ်သည့် ရှင်တိုဘာသာနှင့်အတူ ဗုဒ္ဓဘာသာကို ရောယှက်ယုံကြည်ကြပါသည်။ မွေးဖွားခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကို ရှင်တိုထုံးတမ်းစဉ်လာအတိုင်း ကျင်းပပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက နာရေး အစဉ်အလာများ ဆောင်ရွက်ကြပါသည်။
ဂျပန်နိုင်ငံရှိ ဘုရားစေတီများကို ကမ္ဘာလှည့် ခရီးသည်များနှင့် လာရောက်လည်ပတ်သူများအတွက် လှပစွာ ထိန်းသိမ်းထားသော်လည်း အများအပြားမှာ အလွန်စီးပွားရေးဆန်ပါသည်။ အများစုတွင် လက်တွေ့စာပေလေ့လာမှုနှင့် ကျင့်ကြံမှုတို့ အလွန်ပင် အားနည်းပါသည်။ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဆိုကာဂါခါအိသည် ဂျပန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။
ဗဟိုအာရှဒေသ မဟာယာန ဗုဒ္ဓဘာသာ
တိဘက်
ဗုဒ္ဓဘာသာသည် တိဘက်ဒေသသို့ ၇ ရာစုကတည်းက ရောက်ရှိခဲ့ပါသည်။ နောက်ပိုင်းရာစုနှစ်များအတွင်း နန်းတွင်း အထက်တန်းလွှာတို့၏ ကြီးကြပ်ထောက်ပံ့မှုတို့ဖြင့် ဗုဒ္ဓဘာသာသည် တိဘက်ဒေသရှိ ရှင်သန်မှု အစိတ်အပိုင်းများထဲသို့ ထိုးဖောက်ဝင်ရောက်လာပါသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံက တိဘက်ကို သိမ်းပိုက်ပြီးနောက် တိဘက်ရှိ ဗုဒ္ဓဘာသာကို ဆိုးရွားစွာ ဖိနှိပ်ခဲ့သည်။ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများကို ကို ဖျက်ဆီးခဲ့ရာ ကျောင်းပေါင်း ၆၅၀၀ အနက် ၁၅၀ သာကျန်ရစ်သည်။ စာတတ် ဘုန်းတော်ကြီးကျောင်းထွက် အများစုမှာ ကွပ်မျက်ခံရခြင်း သို့မဟုတ် အကျဉ်းစခန်းများတွင် သေဆုံးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ယဉ်ကျေးမှု တော်လှန်ရေး နောက်ပိုင်းတွင် ဘုန်းကြီးကျောင်းများ ပြန်လည်ဆောက်လုပ်မှု အများစုသည် ယခင်သံဃာတော်များ၊ ဒေသခံလူထုနှင့် ပြည်ပရောက် တိဘက်လူမျိုးများ၏ အားထုတ်မှုကြောင့် ဖြစ်သလို အစိုးရက နှစ်ကျောင်း၊ သုံးကျောင်းမျှသာ ကူညီတည်ဆောက်ပေးခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘာသာမဲ့ဖြစ်သော်လည်း ‘‘အသိအမှတ်ပြုဘာသာ’’ ငါးခုကို ခွင့်ပြုသည်။ ထိုအထဲမှ တစ်ခုမှာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ဘာသာရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရန် သူတို့က ပြောကြားသော်လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက တိဘက် အမျိုးသားငယ်လေးကို ပန်ချန်လားမား၏ ပြန်ဝင်စားသူဟု အသိအမှတ်ပြုသောအခါ သူနှင့် သူ့မိသားစုမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ များမကြာမီ တရုတ်အစိုးရသည် သူတို့ကိုယ်တိုင် လိုက်ရှာကာ တရုတ်နှင့် တိဘက်ကပြား ကောင်ကလေးကို ပြန်တွေ့ပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက ရွေးချယ်ထားသူကို ထိုစဉ်ကတည်းက မတွေ့ရတော့ပေ။
ယခုအခါ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် စေတီပုထိုးတိုင်းတွင် အစိုးရ၏ လုပ်ငန်းအဖွဲ့ အသီးသီးရှိပါသည်။ ယင်းတို့သည် အရပ်ဝတ် ရဲများနှင့် ရဲမေများဖြစ်ပြီး အလုပ်အမျိုးမျိုးတွင် ‘‘ကူညီဆောင်ရွက်’’ ကြပါသည်။ ဤသည်မှာ အခြေခံအားဖြင့် ကျောင်းတိုက် အသိုင်းအဝိုင်းနှင့် ပတ်သက်ပြီး စောင့်ကြည့်အစီရင်ခံခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ဤလုပ်ငန်းအဖွဲ့များက ကျောင်းတိုက် လူဦးရေကဲ့သို့ပင် များပြားနေနိုင်ပါသည်။ အစိုးရ၏ စွက်ဖက်မှုသာမက တိဘက်ရှိ ဗုဒ္ဓဘာသာဝင်များအကြား ရင်ဆိုင်ရသည့် အဓိကပြဿနာ တစ်ခုမှာ တတ်ကျွမ်းနားလည်သော ဆရာများ မရှိခြင်း ဖြစ်သည်။ ရဟန်း၊ သီလရှင်နှင့် သာမန်လူတို့အားလုံးမှာ ပိုမိုသင်ယူလေ့လာလိုကြသော်လည်း ဆရာအများစုမှာ သင်တန်းအနည်းငယ်သာ တက်ရောက်ထားပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်တွင် အစိုးရသည် ဗုဒ္ဓဘာသာ ‘‘တက္ကသိုလ်’’ ကို လာဆာမြို့အနီးတွင် တည်ထောင်ပါသည်။ ငယ်ရွယ်သော မျိုးဆက်များအတွက် သင်တန်းကျောင်းကဲ့သို့ ဆောင်ရွက်ပြီး တိဘက်ဘာသာစကား၊ စာလုံးရေးသားခြင်း၊ ဆေးပညာ၊ အပ်စိုက်ကုပညာအပြင် ဗုဒ္ဓဘာသာ ဒဿန အချို့ကိုလည်း သင်ယူကြပါသည်။ ဒစ်ဂျစ်တယ်ခေတ်တွင် သာမန် တိဘက်လူမျိုးများမှာ ဗုဒ္ဓဘာသာနှင့် ပိုမိုနီးစပ်လာပါသည်။ အများစုမှာ ဗုဒ္ဓဘာသာ တရားတော်နှင့် ဇာတ်တော်များ မျှဝေသည့် Wechat နှင့် Weibo အဖွဲ့ဝင်များ ဖြစ်လာပါသည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ပိုမိုသင်ယူခြင်းမှာ ‘‘တိဘက်လူမျိုးအစစ်’’ ဆိုသည့် ဂုဏ်ပုဒ်ကို ပိုမိုခိုင်မာစေသည်ဟု ယခုအခါ ရှုမြင်လာကြပါသည်။
အရှေ့ တာခက်စတန်
ကယ်လ်မက် မွန်ဂိုတို့၏ ဘုန်းကြီးကျောင်း အများစုသည် အရှေ့ တာခက်စတန် (ရှင်းကျန်း) တွင် နေထိုင်ပြီး ယဉ်ကျေးမှု တော်လှန်ရေးအတွင်း ဖျက်ဆီးခံခဲ့ရပါသည်။ အများအပြားကို ယခုအခါ ပြန်တည်ဆောက်ထားသော်လည်း ဆရာမလုံလောက်မှုမှာ တိဘက်ထက် ပိုမိုဆိုးရွားပါသည်။ ငယ်ရွယ်သော ရဟန်းတော်အသစ်များမှာ သင်ယူစရာနေရာ မရှိမှုကြောင့် စိတ်ပျက်ပြီး လူထွက်ကုန်ပါသည်။
အတွင်းမွန်ဂိုလီးယား
သို့သော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် တိဘက် ဗုဒ္ဓဘာသာဝင်များအတွက် အဆိုးဆုံး အခြေအနေမှာ အတွင်းမွန်ဂိုလီးယား ဖြစ်သည်။ အနောက်ဘက်ခြမ်းရှိ ဘုန်းတော်ကြီးကျောင်း အများစုသည် ယဉ်ကျေးမှု တော်လှန်ရေးအတွင်း ဖျက်ဆီးခံရသည်။ ယခင်က မန်ချူးရီးယား၏ အစိတ်အပိုင်းဖြစ်သော အရှေ့ဘက်ခြမ်းတွင် ကျောင်းတိုက်အများစုကို စတာလင်၏ တပ်များက ဒုတိယကမ္ဘာစစ် အပြီးတွင် ရုရှားတို့က တရုတ်နိုင်ငံ မြောက်ပိုင်းကို ဂျပန်တို့လက်မှ ကယ်တင်စဉ်တွင် ဖျက်ဆီးခဲ့သည်။ ဘုန်းကြီးကျောင်း ၇၀၀ အနက် ၂၇ ခုသာကျန်ရှိပါသည်။
၁၉၈၀ ပြည့်လွန်နှစ်များမှ စတင်ကာ ဘုရားစေတီများ ပြန်လည်တည်ထောင်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ ပြန်လည်တည်ဆောက်ခြင်းတို့ အားထုတ်ခဲ့သည်။ ယင်းတို့ကို မွန်ဂိုလီးယားလူမျိုးများသာမက ဟန်တရုတ်လူမျိုးများပါ တက်ရောက်ကြပါသည်။
မွန်ဂိုလီးယား
မွန်ဂိုလီးယားတွင် ဘုန်းတော်ကြီးကျောင်း ထောင်နှင့်ချီရှိပြီး အားလုံးကို စတာလင်၏ အမိန့်ဖြင့် ၁၉၃၇ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ဖျက်ဆီးပစ်သည်။ ၁၉၄၆ ခုနှစ်တွင် အူလန်ဘာတာရှိ ဘုန်းတော်ကြီးကျောင်း တစ်ခုကို အထိမ်းအမှတ် သင်္ကေတအဖြစ် ပြန်ဖွင့်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ရဟန်းသံဃာများအတွက် ငါးနှစ်တာသင်တန်းပေးသော ကောလိပ်ကို ပြန်ဖွင့်ခဲ့သည်။ သင်ရိုးညွှန်းတမ်းကို အလွန်ပင် အတိုချုံ့ခဲ့ပြီး မာ့စ်ဝါဒကို အထူးအလေးပေး လေ့လာစေသည်။ သံဃာတော်များက လူထုအတွက် ရိုးရာအစဉ်အလာများ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသည်။ ၁၉၉၀ ခုနှစ်တွင် ကွန်မြူနစ်ဝါဒ ကျဆုံးပြီးချိန်မှစကာ ပြည်ပရောက် တိဘက်လူမျိုးများ အကူအညီဖြင့် ဗုဒ္ဓဘာသာ အခိုင်အမာ ပြန်လည်ထွန်းကားလာပါသည်။ သံဃာအသစ်များစွာကို အိန္ဒိယနိုင်ငံသို့ စေလွှတ်ကာ သင်ကြားစေသည်။ ဘုန်းတော်ကြီးကျောင်း ၂၀၀ ကျော်ကို အတန်အသင့် ပြန်လည်တည်ဆောက်ခဲ့ပါသည်။
၁၉၉၀ နောက်ပိုင်း မွန်ဂိုလီးယားနိုင်ငံတွင် ဗုဒ္ဓဘာသာက ရင်ဆိုင်ရသည့် အဆိုးရွားဆုံး ပြဿနာတစ်ခုမှာ ခက်ထန်သော မိုမွန်အဖွဲ့ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းသည် ခရစ်တော်ဒုတိယအကြိမ် ထမြောက်မှုကို ယုံကြည်သူ၊ နှစ်ခြင်းခရစ်ယာန် သာသနာပြုများ ဖြစ်ပြီး အင်္ဂလိပ်ဘာသာ သင်ကြားပေးသည့်ပုံစံဖြင့် ဝင်လာပါသည်။ သူတို့က ဘာသာပြောင်းသော လူတို့၏ ကလေးငယ်များကို အမေရိကန်နိုင်ငံတွင် ပညာသင်ကြားရန် ငွေကြေးနှင့် အထောက်အပံ့များ ကမ်းလှမ်းပါသည်။ သခင်ယေရှုအကြောင်း စကားပြော မွန်ဂိုဘာသာစကားဖြင့် လှပစွာပုံနှိပ်ထားသော စာအုပ်ငယ်လေးများကို အခမဲ့ ပေးသည်။ လူငယ်များ ခရစ်ယာန်ဘာသာဘက်သို့ ပို၍ဆွဲဆောင်ခံရသည်။ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများက ဗုဒ္ဓဘာသာအကြောင်း သတင်းအချက်အလက်များကို စကားပြော ဘာသာစကားဖြင့် ပုံနှိပ်စာအုပ်များ၊ ရုပ်သံနှင့် ရေဒီယို အစီအစဉ်များမှတစ်ဆင့် စတင်ဖြန့်ဖြူးလာပါသည်။
ခက်ထန်သော ဘာသာရေး ပြောင်းလဲမှုကို ယခုအခါ မွန်ဂိုလီးယားတွင် ပိတ်ပင်ထားပါသည်။ ၂၀၁၀ ခုနှစ်တွင် လူဦးရေ၏ ၅၃% သည် ဗုဒ္ဓဘာသာဖြစ်ပြီး ၂.၁% သည် ခရစ်ယာန်ဖြစ်ပါသည်။
ပြည်ပရောက် တိဘက်လူမျိုးများ
ဗဟိုအာရှဒေသမှ တိဘက်အစဉ်အလာများ အကြားတွင် အခိုင်မာဆုံးမှာ ပြည်ပရောက် ဒလိုင်းလားမား ဆရာတော်ကြီးနှင့် နီးစပ်သော အိန္ဒိယနိုင်ငံမှ တိဘက်ဒုက္ခသည်အသိုင်းအဝိုင်းဖြစ်သည်။ တရုတ်စစ်တပ်က တိဘက်အား သိမ်းပိုက်သည်ကို လူသိရှင်ကြား ဆန့်ကျင်ဆန္ဒပြသည့် ၁၉၅၉ ခုနှစ်ကတည်းက ပြည်ပတွင် ရောက်ရှိနေခြင်းဖြစ်သည်။ သူတို့သည် တိဘက်ရှိ အဓိက ဘုန်းတော်ကြီးကျောင်း အများစုနှင့် သီလရှင်ကျောင်းများစွာကို ပြန်လည်ဖွင့်လှစ်ကြသည်။ ရဟန်းပညာတတ်များ၊ တရားရှုမှတ်မှု သင်ကြားသူများ၊ ဆရာများအတွက် အစဉ်အလာသင်တန်း အပြည့်အဝ ဖွင့်လှစ်ပေးသည်။ တိဘက် ဗုဒ္ဓဘာသာ အစဉ်အလာ ဂိုဏ်းတစ်ခုချင်း၏ အစိတ်အပိုင်းအားလုံးကို ထိန်းသိမ်းထားသော ပညာရေး၊ သုတေသနနှင့် ထုတ်ဝေရေး အသုံးအဆောင်များ ရှိကြပါသည်။
ပြည်ပရောက် တိဘက်လူမျိုးများက အိန္ဒိယ၊ နီပေါနှင့် ဘူတန်နိုင်ငံပိုင်၊ လာဒက်ခ်နှင့် စစ်ကင်မ် အပါအဝင် ဟိမဝန္တာဒေသများ၌ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်အောင် ဆရာများ စေလွှတ်ခြင်း၊ မျိုးရိုးစဉ်ဆက် ပြန်လည်သတ်မှတ်ခြင်းတို့ဖြင့် ကူညီခဲ့ပါသည်။ ထိုဒေသများရှိ သံဃာတော်နှင့် သီလရှင်များစွာက တိဘက်လူမျိုး ဒုက္ခသည်များ၏ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် ပညာရေးနှင့် လေ့ကျင့်မှုများ သင်ကြားနေပါသည်။
နီပေါနိုင်ငံ
ဘုရားရှင် ဖွားမြင်ရာနိုင်ငံဖြစ်သည့် နီပေါနိုင်ငံတွင် လူဦးရေအများစုသည် ဟိန္ဒူဘာသာဝင်များ ဖြစ်သော်လည်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လွှမ်းမိုးမှုများ အခိုင်အမာ ရှိနေပါသေးသည်။ နူဝါး၊ ဂူရွန်၊ တာမန် စသည့် လူမျိုးစုများသည် နီပေါရိုးရာ ဗုဒ္ဓဘာသာပုံစံကို ကိုးကွယ်နေဆဲဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များက လူဦးရေး၏ ၉% ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ပေါင်းစပ်မှုကို လိုက်နာသော နီပေါနိုင်ငံသည် ဘုန်းတော်ကြီးကျောင်းများ၌ အဆင့်အတန်း ခွဲခြားသတ်မှတ်မှုကို ထိန်းသိမ်းထားသည့် တစ်ခုတည်းသော ဗုဒ္ဓဘာသာအသိုင်းအဝိုင်း ဖြစ်သည်။ ဘုရားစေတီ စောင့်ရှောက်သူများနှင့် အခမ်းအနားများတွင် ခေါင်းဆောင်များ ဖြစ်လာသည့် မျိုးရိုးစဉ်ဆက် အဆင့်အတန်းအရ အိမ်ထောင်ပြုသော ရဟန်းများ ပြီးခဲ့သော နှစ်ပေါင်း ၅၀၀ အတွင်း ပေါ်ပေါက်လာသည်ကို တွေ့ရပါသည်။
ရုရှားနိုင်ငံ
ဘူရိယရှား၊ တူဝနှင့် ကယ်လ်မာကီယာတို့မှာ ရုရှားနိုင်ငံ၏ တိဘက် ဗုဒ္ဓဘာသာ အစဉ်အလာ ကျင့်သုံးသည့် ဒေသသုံးခု ဖြစ်ပါသည်။ ထိုဒေသများရှိ ဘုန်းတော်ကြီးကျောင်း အားလုံးသည် ဘူရိယရှားမှ ပျက်စီးနေသော ကျောင်းတိုက်သုံးခုမှအပ၊ ၁၉၃၀ ပြည့်လွန်နှောင်းပိုင်းတွင် စတာလင်က အလုံးစုံ ဖျက်ဆီးပစ်ခဲ့သည်။ ၁၉၄၀ ပြည့်လွန်တွင် စတာလင်သည် ဘူရိယရှားမှ အထင်ကရ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းကို တင်းကျပ်သော ကေဂျီဘီ ထောက်လှမ်းရေးလက်အောက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သင်္ကန်းမဝတ်သော ရဟန်းများက နေ့ဘက်တွင် အခမ်းအနားများ ကျင်းပပေးရန် သင်္ကန်းများကို ဝတ်စုံအနေနှင့် ဝတ်ဆင်ကြသည်။ ကွန်မြူနစ်ဝါဒ ကျဆုံးပြီးနောက် ဒေသသုံးခု စလုံးတွင် ဗုဒ္ဓဘာသာ ကောင်းစွာပြန်လည်ရှင်သန်လာသည်။ ပြည်ပရောက် တိဘက်လူမျိုးများက ဆရာများ စေလွှတ်ကြသည်။ ငယ်ရွယ်သော သံဃာအသစ်များအား အိန္ဒိယနိုင်ငံရှိ တိဘက်ဘုန်းကြီးကျောင်းများတွင် လေ့လာရန် စေလွှတ်ခဲ့သည်။ ဘူရိယရှား၊ တူဝနှင့် ကယ်လ်မာကီယာတို့တွင် ဘုန်းတော်ကြီးကျောင်း ၂၀ ကျော်ကို ပြန်လည်တည်ထောင်ထားပါသည်။
ဗုဒ္ဓဘာသာဝင်မဟုတ်သော နိုင်ငံများ
ဗုဒ္ဓဘာသာ နိုင်ငံများကို ဥရောပ ကိုလိုနီနယ်ချဲ့မှုကြောင့် လည်းကောင်း၊ ခရစ်ယာန် သာသနာပြုများနှင့် ပညာတတ် များ၏ အားထုတ်မှုကြောင့် လည်းကောင်း ၁၉ ရာစု ဥရောပတွင် ဗုဒ္ဓဘာသာ၏ အသေးစိတ်အကြောင်းအရာများ ရောက်ရှိလာပါသည်။ ထိုကာလမှာပင် တရုတ်နှင့် ဂျပန် ရွှေ့ပြောင်းအလုပ်သမားများက မြောက်အမေရိကတွင် ကျောင်းတိုက်များ တည်ဆောက်လာကြပါသည်။
တစ်ကမ္ဘာလုံးတွင် အစဉ်အလာမဟုတ်သည့် ဗုဒ္ဓဘာသာ နိုင်ငံများ၌ ဗုဒ္ဓဘာသာ ပုံစံအားလုံးကို တွေ့ရပါသည်။ အဓိက အုပ်စုကြီးနှစ်ခုမှာ အာရှဒေသမှ ရွှေ့ပြောင်းနေထိုင်သူများနှင့် အာရှဒေသမှမဟုတ်သော ဘာသာဝင်များ ဖြစ်သည်။ အာရှဒေသမှ အထူးသဖြင့် အမေရိကန်၊ ဩစတြေးလျနှင့် ဥရောပတွင် အနည်းအကျဉ်း ရွှေ့ပြောင်းနေထိုင်သူများက ကိုယ်ပိုင်အစဉ်အလာဖြင့် ကျောင်းတိုက်များစွာ ရှိပါသည်။ ထိုကျောင်းတိုက်များ၏ အဓိက အလေးပေးမှုမှာ ကိုးကွယ်ကျင့်သုံးမှုကို လူသိများစေရန်နှင့် ရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်းများက ကိုယ်ပိုင်ယဉ်ကျေးမှု အမှတ်အသားများ ထိန်းသိမ်းနိုင်အောင် ကူညီပေးရန် ဖြစ်ပါသည်။ ယခုအခါ အမေရိကန်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် လေးသန်းကျော်နှင့် ဥရောပတွင် ဗုဒ္ဓဘာသာဝင် နှစ်သန်းကျော် ရှိပါသည်။
ယခုအခါ ကမ္ဘာတစ်ဝန်း၊ ကမ္ဘာ့တိုက်ကြီး အားလုံးရှိ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဗုဒ္ဓဘာသာ အစဉ်အလာအားလုံး၏ ‘‘ဓမ္မစင်တာများ’’ ထောင်နှင့်ချီပြီး တွေ့ရပါသည်။ တိဘက်၊ ဇင်၊ ထေရဝါဒစင်တာ အများစုကို အာရှတိုက်သား မဟုတ်သူများက မကြာခဏ လာရောက်ကာ တရားရှုမှတ်ခြင်း၊ စာပေလေ့လာခြင်းနှင့် အစဉ်အလာဝတ်ပြု ကိုးကွယ်ခြင်းတို့ကို အလေးထားပါသည်။ ဆရာတော်များထဲတွင် အနောက်တိုင်းသားများရော အာရှတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များပါ ရှိပါသည်။ စင်တာများစွာကို အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့တွင် တွေ့ရပါသည်။ အလေးအနက်သင်ကြားသူများစွာက ပိုမိုသင်ယူနိုင်အောင် အာရှဒေသသို့ သွားရောက်ကြပါသည်။ ထို့ပြင် ကမ္ဘာတစ်လွှားရှိ တက္ကသိုလ်များစွာတွင် ဗုဒ္ဓဘာသာ စာပေသင်ကြားရေး အစီအစဉ်များ ရှိပါသည်။ ဗုဒ္ဓဘာသာနှင့် အခြားဘာသာများ၊ သိပ္ပံပညာ၊ စိတ်ပညာနှင့် ဆေးပညာအကြား ဆွေးနွေးမှုများ၊ ဖလှယ်မှုများ ပိုမိုထွန်းကားလာပါသည်။ ဤအပိုင်းတွင် ဒလိုင်းလားမား ဆရာတော်ကြီးက အထင်ရှားဆုံး ကဏ္ဍမှ ပါဝင်နေပါသည်။