သစ္စာလေးပါးဆိုတာဘာလဲ။

What are four noble truths

သစ္စာလေးပါးဆိုသည်မှာ ကျွန်ုပ်တို့၏ ပြဿနာများကို ကျော်လွှားရန် လမ်းကြောင်းဖော်ပြထားသော အခြေခံ အချက်များ ဖြစ်ပါသည်။ သစ္စာလေးပါးသည် ဗုဒ္ဓမြတ်စွာ၏ တရားဉီးဖြစ်ပြီး အခြားသော ဗုဒ္ဓဘာသာတရားတော်အားလုံးအတွက် မူဘောင်တစ်ခု ဖြစ်ပါသည်။

ပထမသစ္စာ- ဒုက္ခသစ္စာ

ပထမသစ္စာအရ ယေဘုယျအားဖြင့် ဘဝသည် ပျော်ရွှင်ဖွယ်မဟုတ်ပါ။ မွေးစမှသေသည်အထိ ပျော်စရာ အခိုက်အတန့်များစွာ ရှိသော်လည်း ရေရှည်မခံပါ။ ထို့ပြင် အောက်ပါတို့ကဲ့သို့ ဝမ်းနည်းဖွယ် အချိန်များစွာလည်း ရှိနေပါသည်-

  • ဝမ်းနည်းခြင်း - ဖျားနာခြင်း၊ စိတ်ပျက်ခြင်း၊ အထီးကျန်ခြင်း၊ စိုးရိမ်ခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့ အားလုံးကို သိရှိနားလည်ရန် လွယ်ကူပါသည်။ ယင်းတို့သည် တစ်ခါတစ်ရံ ကျွန်ုပ်တို့ပတ်ဝန်းကျင်နှင့်ပင် ဆက်စပ်မှု မရှိပါ။ အချစ်ဆုံးသူငယ်ချင်းနှင့် အကြိုက်ဆုံး အစားအသောက်ကို စားနေသော်လည်း ဝမ်းနည်းနေနိုင်ပါသည်။
  • ခဏတာ ပျော်ရွှင်ခြင်း - ဘာကိုခံစားသည်ဖြစ်စေ ၎င်းသည် တာရှည်မခံသလို ကျေနပ်မှုလည်း မပေးနိုင်ပါ။ မကြာခင် မပျော်ရွှင်မှုအဖြစ် ပြောင်းသွားပါသည်။ ချမ်းအေးနေသောအခါ နွေးထွေးသော အခန်းထဲ ဝင်ကြပါသည်။ ထိုအခါ အပူဓာတ်က မခံမရပ်နိုင် ဖြစ်လာပြီး လေကောင်းလေသန့် ရှူချင်ပြန်ပါသည်။ ဤပျော်ရွှင်မှုသာ ထာဝရခံမည်ဆိုပါက ကောင်းသော်လည်း ပြဿနာမှာ ထိုသို့သော ပျော်ရွှင်မှုသည် လုံးဝတာရှည်မခံပါ။
  • အဖန်တလဲလဲ ဖြစ်နေသော ပြဿနာများ - အဆိုးဆုံးမှာ ဘဝ၏ အတက်၊ အကျများကို ကျွန်ုပ်တို့ဖြေရှင်းပုံက ပြဿနာများ ပိုဖြစ်စေပါသည်။ ဉပမာ၊ ကျွန်ုပ်တို့သည် ဆက်ဆံရေး အဆင်မပြေသောအခါ ယင်းကိုပိုဆိုးအောင် ပြုမူမိပါသည်။ ကွဲကွာကြပြီး ကျွန်ုပ်တို့၏ အကျင့်ဆိုးများ ပြန်အားပြည့်လာသည့်အတွက် နောက်ထပ်ဆက်ဆံရေးတွင် ယခင်ပုံစံအတိုင်း ပြန်ဖြစ်ပါသည်။ အဆိုးနှင့်ကြုံရပြန်ပါသည်။

ဒုတိယသစ္စာ- ဒုက္ခ၏အကြောင်းရင်း သမုဒယသစ္စာ

ကျွန်ုပ်တို့၏ မပျော်ရွှင်ခြင်းနှင့် ခဏတာ ပျော်ရွှင်ခြင်းတို့သည် အလိုလို ပေါ်ထွက်လာသည် မဟုတ်ပါ။ အကြောင်းတရား နှင့် အခြေအနေများစွာကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့နေထိုင်ရာ အသိုင်းအဝိုင်းကဲ့သို့ ပြင်ပအကြောင်းရင်းများကြောင့် ကျွန်ုပ်တို့၏ ပြဿနာများ ပေါ်ထွက်စေပါသည်။ သို့သော် တကယ့်အကြောင်းတရားမှာ ကိုယ့်စိတ်ကို ပြန်ကြည့်ရမည်ဟု ဗုဒ္ဓမြတ်စွာက သင်ကြားခဲ့ပါသည်။ ကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ မောဟစသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် ကျွန်ုပ်တို့ကို အဆုံးတွင် ကိုယ်တိုင်ပျက်စီးခြင်း ဆိုက်စေသော စိတ်လိုက်မာန်ပါ တွေးခြင်း၊ ပြောခြင်း၊ ပြုမူဆောင်ရွက်ခြင်းတို့ ဖြစ်စေပါသည်။

ထိုထက်နက်နဲစွာ ဗုဒ္ဓမြတ်စွာက သိမြင်ခဲ့ပြီး ထိုစိတ်ခံစားချက် အခြေအနေများ၏ အကြောင်းရင်း အစစ်အမှန်၊ တစ်နည်းအားဖြင့် အမှန်တရားအပေါ် ကျွန်ုပ်တို့နားလည်ပုံကိုလည်း ဖော်ထုတ်ခဲ့ပါသည်။ ထိုအထဲတွင် ကျွန်ုပ်တို့၏ အပြုအမူအတွက် ရေရှည် သက်ရောက်မှုများအကြောင်း အမှန်ကို မသိခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း၊ ကျွန်ုပ်တို့၊ အခြားသူများနှင့် လောကကြီးတည်ရှိပုံအကြောင်း ကြီးမားသောအသိမှားယွင်းမှုတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် အရာရာ ဆက်စပ်နေသည်ဟု မြင်ရမည့်အစား အရာရာ ပြင်ပအကြောင်းတရား မသက်ရောက်ဘဲ တည်ရှိနေသည်ဟု ထင်နေကြပါသည်။

တတိယသစ္စာ- ဒုက္ခချုပ်ငြိမ်းကြောင်း နိရောဓသစ္စာ

ထိုအတိုင်း ကျွန်ုပ်တို့ လက်လျှော့နေရန်မလိုဟု ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ပါသည်။ အကြောင်းရင်းကို ကျွန်ုပ်တို့ ဖော်ထုတ်နိုင်သည်ဟုယုံကြည်လျှင် အကျိုးပေါ်လာမည် မဟုတ်ပေ။ အမှန်တရားအပေါ် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားလိုက်လျှင် ပြဿနာများ တစ်ဖန်ပြန်ပေါ်လာတော့မည် မဟုတ်ပေ။ ပြဿနာ တစ်ခု၊ နှစ်ခုလောက်အတွက်သာ ဟောခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့သည် ပြဿနာ အသစ်များအားလုံး ဖန်တီးတော့မည် မဟုတ်ကြောင်း ဟောကြားခဲ့ပါသည်။

စတုတ္ထသစ္စာ- စိတ်၏မှန်ကန်သောလမ်းကြောင်း မဂ္ဂသစ္စာ

မသိနားမလည်မှုနှင့် အမှန်မသိမှုတို့ကို ဖယ်ရှားရန် ယင်းတို့ကို တိုက်ရိုက်ဆန့်ကျင်သော အရာများကိုကြည့်ရန် လိုပါသည်-

  • ရေရှည်အတွက် ပြင်ဆင်ပါ။ ချက်ချင်းအကျိုးအတွက် ရေတိုကိုကြည့်ပြီး ခုန်မကူးပါနှင့်
  • အမြင်ကျယ်ပါ။ ဘဝ၏ အစိတ်အပိုင်းလေးတစ်ခုကိုသာ အာရုံမစိုက်ပါနှင့်
  • ကျွန်ုပ်တို့၏ လက်ကျန်ဘဝနှင့် အနာဂတ် မျိုးဆက်များအတွက် ကျွန်ုပ်တို့ ဆောင်ရွက်ချက်များ၏ အကျိုးဆက်ကို ထည့်စဉ်းစားပါ။ ကိုယ့်အတွက် လက်ရှိအချိန်မှာ လွယ်ကူတာကိုသာ မဆောင်ရွက်ပါနှင့်။

တစ်ခါတစ်ရံ ဘဝ၏ စိတ်ပျက်စရာများနှင့် ရင်ဆိုင်ရသောအခါ ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ အရက်သောက်ခြင်း၊ မကျန်းမာသော အစားအစာများ တရားလွန်စားခြင်းတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေခြင်းဟု ထင်မိပါသည်။ ရေရှည် အကျိုးဆက်ကို မစဉ်းစားတော့ပါ။ ထိုအကျင့်မျိုး ရှိလာပါက ကျွန်ုပ်တို့၏ ဘဝကို ဖျက်ဆီးသည့် ဆိုးရွားသော ကျန်းမာရေးအကျိုးဆက်များ သာမက  ကျွန်ုပ်တို့မိသားစုများတွင်ပါ ပျက်စီးစေသော အကျိုးဆက်များ ရှိလာနိုင်ပါသည်။ ဤအတွက် အကြောင်းခံမှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပြုအမူများမှ ပေါ်ထွက်လာသော အကျိုးဆက်နှင့် လုံးဝ မဆက်စပ်ကြောင်း တွေးမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုအတွက် အကြီးမားဆုံး တိုက်ဖျက်နည်းမှာ-

  • ကျန်ရှိသော လူသားထု၊ ကမ္ဘာကြီးတို့နှင့် ကျွန်ုပ်တို့ နီးကပ်စွာ အပြန်အလှန် ဆက်သွယ်နေသည်ကို ဘောပေါက်ပါ။ ကျွန်ုပ်တို့ တည်ရှိမှုအကြောင်း ကျွန်ုပ်တို့၏ စိတ်ကူးယဉ်မှုများက အမှန်တရားနှင့် မနီးစပ်ကြောင်း နားလည်ပါ။

အထပ်ထပ် တရားရှုမှတ်ကာ ဤအသိအမြင်မျိုး ကျင့်သားရလာပါက ကျွန်ုပ်တို့၏ အဓိပ္ပာယ်မဲ့ ခန့်မှန်းမှုများဖြစ်စေသည့် ရှုပ်ထွေးမှုအားလုံးကို နောက်ဆုံးတွင် ဖယ်ရှားနိုင်ပါသည်။

ကျွန်ုပ်တို့အားလုံး ပျော်ရွှင်ချင်ကြသော်လည်း ပျော်ရွှင်ခြင်းက တစ်နည်းနည်းဖြင့် အလှမ်းဝေးနေပါသည်။ ပျော်ရွှင်မှု ရရှိစေမည့် ဗုဒ္ဓမြတ်စွာ၏ ချဉ်းကပ်နည်းကို အထက်ပါ သစ္စာလေးပါးတွင် ဖော်ပြထားပါသည်။ ယင်းသည် တစ်လောကလုံးနှင့် သက်ဆိုင်ပြီး ဗုဒ္ဓမြတ်စွာက ပထမဆုံး ဟောကြားပြီးနောက် နှစ်ပေါင်း ၂၅၀၀ ကြာသည့်တိုင် မှန်ကန်နေပါသေးသည်။

ကျွန်ုပ်တို့၏ နေ့စဉ်ပြဿနာများကို ဖြေရှင်းရာတွင် သစ္စာလေးပါးကို အသုံးပြုပြီး အကျိုးခံစားနိုင်ရန် ဗုဒ္ဓဘာသာဖြစ်ဖို့ မလိုပါ။ အရာရာသည် ကျွန်ုပ်တို့ဖြစ်ချင်သလို အမြဲတမ်း မဖြစ်နိုင်ပါ။ သို့သော် စိတ်ဓာတ်ကျပြီး မျှော်လင့်ချက် ကင်းမဲ့နေရန်လည်း အကြောင်းမရှိပါ။ သစ္စာလေးပါးထဲတွင် စစ်မှန်သော ပျော်ရွှင်ခြင်းကို ရှာဖွေကာ ကျွန်ုပ်တို့၏ဘဝများ အမှန်ပင် အဓိပ္ပာယ် ရှိလာအောင် လိုအပ်သော အရာအားလုံး ပါဝင်ပါသည်။

အနှစ်ချုပ်ဆိုရသော် ဒုက္ခသစ္စာကို သိရမည်။ ဒုက္ခ၏အကြောင်းရင်းဖြစ်သော သမုဒယသစ္စာကို ဖယ်ရှားရမည်။ ဒုက္ခချုပ်ငြိမ်းရာဖြစ်သော နိရောဓ သစ္စာကို ရယူရမည်။ စိတ်၏လမ်းကြောင်း ဖြစ်သော မဂ္ဂသစ္စာကို သိမြင် သဘောပေါက်ရပါမည်။

Top