ကံ (ကမ္မ) ဆိုသည်မှာ ယခင်က ကျွန်ုပ်တို့၏ အပြုအမူပုံစံများတွင် အခြေခံသော စိတ်၏စေ့ဆော်မှုကို ဆိုလိုပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ကာယကံ၊ ဝစီကံ၊ မနောကံများ ဖြစ်ပေါ်အောင် တွန်းပို့ပါသည်။ ကျွန်ုပ်တို့၏ အလေ့အထများက ဉီးနှောက်ထဲတွင် အာရုံကြောဆဲလ် လမ်းကြောင်းများ ပုံဖော်ကာ သင့်တော်သော အခြေအနေနှင့် ဆုံရသောအခါ အလားတူ အပြုအမူပုံစံများ ပြန်လည်ဆောင်ရွက်စေပါသည်။ ရိုးရှင်းစွာ ပြောရလျှင် တစ်ခုခု ဆောင်ရွက်လိုစိတ်ရှိပြီး စိတ်လိုက်မာန်ပါ ဆောင်ရွက်လိုက်ခြင်း ဖြစ်ပါသည်။
ကံဆိုသည်မှာ အကြောင်းတိုက်ဆိုင်မှု သို့မဟုတ် ကြိုတင်သတ်မှတ်ထားသောအရာဟု နားလည်မှု လွဲမှားကြပါသည်။ တစ်စုံတစ်ယောက် ထိခိုက်ဒဏ်ရာ ရခြင်း သို့မဟုတ် ငွေကြေးများစွာ ဆုံးရှုံးခြင်းတို့ ရှိသောအခါ လူတို့က ‘‘ကံဆိုးလိုက်တာ။ သူတို့ကံပေါ့’’ ဟု ပြောချင်ပြောနိုင်သည်။ ဤသည်မှာ ဘုရားသခင်အလိုတော်အတိုင်း ဆိုသည့် စိတ်ကူးနှင့်တူပါသည်။ တစ်ခုခုကို ကျွန်ုပ်တို့ နားမလည်နိုင်ခြင်း သို့မဟုတ် မထိန်းချုပ်နိုင်ခြင်းဟု ဆိုလိုသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ကံအယူနှင့် လုံးဝမဆိုင်ပါ။ ကံဆိုသည်မှာ စိတ်၏ စေ့ဆော်မှု ဖြစ်ပြီး တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို အနှောင့်အယှက် ပေးသောအခါ အော်ဟစ်မိခြင်း သို့မဟုတ် ပြဿနာတစ်ခုဖြေရှင်းရန် စိတ်တည်ငြိမ်သည်အထိ သည်းခံစောင့်ဆိုင်းခြင်း ဖြစ်စေသောအရာ ဖြစ်ပါသည်။ ကံဆိုသည်မှာ ကျွန်ုပ်တို့ လှေကားမှ ဆင်းသောအခါ ခြေကျင်းဝတ်ကို ကျင့်သားရနေသည့်အတိုင်း လှည့်မိခြင်း သို့မဟုတ် လှေကားမှ ဂရုတစိုက် ကျင့်သားရစွာ ဆင်းသွားခြင်း ဖြစ်စေသော စေ့ဆော်မှုကို ဆိုလိုပါသည်။
ဆေးလိပ်သောက်ခြင်းသည် ကံ၏ အလုပ်လုပ်ပုံကို ဖော်ပြသည့် အကောင်းဆုံးနမူနာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စီးကရက်တစ်လိပ် ရှိသောအခါ နောက်တစ်လိပ် ထပ်သောက်နိုင်ခြေကို ဖော်ပြပါသည်။ ပိုပြီးသောက်လေ ဆက်သောက်ချင်လေ ဖြစ်ကာ အထူးမစဉ်းစားမိတော့ဘဲ ကံ၏ စေ့ဆော်မှုအရ စိတ်လိုက်မာန်ပါ မီးညှိမိပါတော့သည်။ ကံဆိုသည်မှာ ဆေးလိပ်သောက်ရန် ယခင်က အကျင့်ရနေသော အလေ့အထမှ ခံစားချက်နှင့် စေ့ဆော်မှု ပေါ်ထွက်သောအရာ ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် ထပ်သောက်ရန် စေ့ဆော်သည်သာမက ဉပမာ၊ ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်ခြင်းကဲ့သို့ ခန္ဓာကိုယ်တွင်းရှိ ရုပ်ပိုင်းဆိုင်ရာ အလားအလာများကိုလည်း လွှမ်းမိုးပါသည်။ ထို့ကြောင့် စေ့ဆော်မှုနှင့် ကင်ဆာဖြစ်လာခြင်းတို့မှာ ယခင်စိတ်လိုက်မာန်ပါ ပြုမူမှုတို့၏ ရလဒ်များဖြစ်ပြီး ‘‘ကံရင့်ကျက်ခြင်း’’ ဟု ခေါ်ပါသည်။
အကျင့်စရိုက်များ ပြောင်းလဲခြင်း
ကံဆိုသည်မှာ ကျွန်ုပ်တို့၏ ခံစားချက်များနှင့် စေ့ဆော်မှုများ ပေါ်ထွက်သည့်နေရာဖြစ်ပြီး၊ တစ်ခါတစ်ရံ ပျော်ရွှင်မှု တစ်ခါတစ်ရံ ဝမ်းနည်းမှုတို့ ဖြစ်စေသည် ဆိုခြင်းမှာ အဓိပ္ပာယ် ရှိပါသည်။ ထိုအရာအားလုံးသည် ကျွန်ုပ်တို့၏ အပြုအမူ ပုံစံများကြောင့် ပေါ်ထွက်လာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဆောင်ရွက်သောအရာနှင့် ကျွန်ုပ်တို့ထံသို့ ဖြစ်ပျက်လာသော အရာတို့ကို ကြိုတင်သတ်မှတ်ထားသည် မဟုတ်ပါ။ ဤသည်မှာ အကြောင်းတိုက်ဆိုင်မှု သို့မဟုတ် သတ်မှတ်ထားသော အရာတစ်ခု မဟုတ်ပါ။
‘‘ကံ’’ ဆိုသည်မှာ အသက်ဝင်နေသော အားတစ်ခုဖြစ်ပြီး အနာဂတ်သည် သင့်လက်ထဲမှာ ရှိသည်ဟု ဖော်ပြနေပါသည်။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား
ကျွန်ုပ်တို့သည် မိမိအကျင့်စရိုက်များ၏ ကျေးကျွန်များကဲ့သို့ တစ်ခါတစ်ရံ ခံစားရသော်လည်း တကယ်တော့ ကျွန်ုပ်တို့၏ အကျင့်ဖြစ်နေသော အပြုအမူသည် ရှိပြီးသား အာရုံကြော လမ်းကြောင်းများပေါ်တွင် အခြေခံပါသည်။ ဗုဒ္ဓဘာသာက ယင်းတို့ကို ကျော်လွှား၍ရနိုင်သည်ဟု ဆိုပါသည်။ ကျွန်ုပ်တို့သည် ပြောင်းလဲနိုင်စွမ်း ရှိပြီး ဘဝတစ်ခုလုံးတွင် အာရုံကြော လမ်းကြောင်းသစ်များ ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။
တစ်ခုခု ဆောင်ရွက်လိုသည့် ခံစားချက်တစ်ခု စိတ်ထဲရောက်လာသောအခါ ကံ၏ စေ့ဆော်မှုက ကျွန်ုပ်တို့ကို မတိုက်တွန်းမီ ကြားကာလတစ်ခု ရှိပါသည်။ မည်သည့် ခံစားချက် ပေါ်ထွက်သည်ဖြစ်စေ ကျွန်ုပ်တို့က ချက်ချင်း ဆောင်ရွက်ခြင်း မဟုတ်ပါ။ အိမ်သာတက်ရန်ပင် ငယ်စဉ်က သင်ယူခဲ့ရပါသည်။ ထိုနည်းတူစွာ တစ်ခုခု နာကျင်စရာ ပြောလိုသည့်ခံစားချက် ဖြစ်လာသောအခါ ‘‘ပြောရမလား။ မပြောဘူးလား’’ ရွေးချယ်နိုင်ပါသည်။ တစ်ယောက်ယောက်ကို အော်ဟစ်ခြင်းဖြင့် ကျွန်ုပ်တို့ စိတ်အနှောင့်အယှက် ဖြစ်သည်ကို ဖော်ပြပြီး ခဏတာ သက်သာရာ ရနိုင်ပါသည်။ သို့သော် အခြားသူများကို အော်ဟစ်သည့် အကျင့်မှာ စိတ်၏မပျော်ရွှင်သော အခြေအနေ ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးကာ အငြင်းပွားမှု ဖြေရှင်းခြင်းသည် ပို၍ ပျော်စရာကောင်းပြီး ပို၍ ငြိမ်းချမ်းသော အခြေအနေ ဖြစ်ပါသည်။ အပြုသဘောနှင့် အပျက်သဘော ဆောင်ရွက်ချက်အကြား ခွဲခြားနိုင်စွမ်းကြောင့် လူသားတို့ကို တိရစ္ဆာန်များနှင့် အမှန်ပင် ကွဲပြားစေခြင်း ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အားသာချက်ကြီးတစ်ခု ဖြစ်ပါသည်။
ထိုသို့ ဆိုသည့်အတွက် အပျက်သဘော အပြုအမူများမှ ရွေးချယ် ရှောင်ရှားရန် အမြဲတမ်းတော့ မလွယ်ကူပါ။ ပေါ်ထွက်လာသော ခံစားချက်ကို သတိရှိရန် ခေါင်းထဲတွင် လုံလောက်သော နေရာကွက်လပ် ရှိသောအခါ ပို၍ လွယ်ကူပါသည်။ ထိုအတိုင်း ဗုဒ္ဓဘာသာ သင်တန်းများက ကျွန်ုပ်တို့ကို သတိရှိရန် အားပေးပါသည်။ ကျွန်ုပ်တို့ စိတ်လျှော့လိုက်သောအခါ ကျွန်ုပ်တို့ ဘာကို စဉ်းစားနေပြီး ဘာပြောမည်၊ ဘာဆောင်ရွက်မည်ကို ပို၍သတိရှိလာပါသည်။ ‘‘တစ်ယောက်ယောက်ကို နာကျင်စေမယ့်ဟာ တစ်ခုခု ပြောချင်လာတယ်။ ဒါကိုပြောရင် အခက်အခဲတွေ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် မပြောတော့ဘူး’ ဟု စတင် သတိပြုမိပါသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့ ရွေးချယ်နိုင်ပါသည်။ ကျွန်ုပ်တို့ သတိမရှိသောအခါ ထိုသို့သော အတွေးစများနှင့် ခံစားချက်များ ရှိလာတတ်ကာ ခေါင်းထဲပေါ်လာသမျှ အရာတိုင်း စိတ်လိုက်မာန်ပါ ဆောင်ရွက်ပါသည်။ အတိဒုက္ခများလည်း အဆုံးမသတ်တော့ပါ။
သင့်အနာဂတ်ကို ခန့်မှန်းခြင်း
ကျွန်ုပ်တို့၏ အတိတ်နှင့် ပစ္စုပ္ပန် ကံအပြုအမူကို မူတည်ပြီး အနာဂတ်တွင် ဘာကြုံရမည်ကို ခန့်မှန်းနိုင်ပါသည်။ ရေရှည်တွင် အပြုသဘော ဆောင်ရွက်ချက်များကြောင့် ပျော်ရွှင်သော ရလဒ်များ ဖြစ်လာကာ အပျက်သဘောက မလိုလားအပ်သော အကျိုးဆက်များ ဖြစ်လာပါသည်။
ကံဖြင့် ပြုမူဆောင်ရွက်ချက်တစ်ခု ရင့်ကျက်လာပုံသည် အချက်အလက်နှင့် အခြေအနေများစွာပေါ်တွင် မူတည်ပါသည်။ ဘောလုံးတစ်လုံးကို လေထဲသို့ မြှောက်လိုက်သောအခါ မြေကြီးပေါ် ပြန်ကျလာမည်ကို ခန့်မှန်းနိုင်ပါသည်။ သို့သော် ဘာလုံးကို ဖမ်းလိုက်ပါက ပြန်မကျတော့ပါ။ ထို့အတူ အနာဂတ်တွင် ဖြစ်လာမည့်အရာကို အတိတ်က အပြုအမူများ မှနေ၍ ခန့်မှန်းနိုင်သော်လည်း လုံးဝဉဿုံ၊ မဖြစ်မနေ ဖြစ်ရမည်ဟု ရေးထွင်းထားသည် မဟုတ်ပါ။ အခြား စိတ်ဆန္ဒများ၊ ဆောင်ရွက်ချက်များနှင့် အခြေအနေများက ကံ၏ ရင့်ကျက်မှုကို လွှမ်းမိုးပါသည်။ ကျွန်ုပ်တို့သည် အဝလွန်နေပြီး မကျန်းမာသော အစားအသောက်ကို အများကြီး ဆက်လက်စားသောက်ပါက အနာဂတ်တွင် ဆီးချိုသွေးချို ဖြစ်နိုင်ခြေ အရမ်းများသည်ဟု ခန့်မှန်းနိုင်ပါသည်။ သို့သော် အာဟာရ တိတိကျကျ ရှောင်ပြီး ကိုယ်အလေးချိန် များစွာလျှော့ချလိုက်ပါက ထိုသို့သောနာရောဂါ မရရှိနိုင်တော့ပါ။
ခြေထောက်နှင့် ခလုတ်တိုက်မိသောအခါ နာကျင်မှု ကြုံရမည်ဆိုပြီး ကံကို ဖြစ်စေ၊ အကျိုးနှင့်အကြောင်းကို ဖြစ်စေ ယုံကြည်စရာ မလိုပါ။ သဘာဝအတိုင်း နာကျင်လာပါသည်။ ကျွန်ုပ်တို့၏ အလေ့အထများကို ပြောင်းလဲကာ အကျိုးပြုသော အချက်များကို ကျင့်သုံးမိသောအခါ ယုံကြည်မှုမည်သို့ ရှိသည်ဖြစ်စေ ရလဒ်က ပို၍ အပြုသဘော ဆောင်လာပါသည်။