
လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာ ဆိုသည်မှာ ဗုဒ္ဓဘာသာ တရားတော်များ၊ ကျင့်ကြံမှုများကို လူမှုရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး ကိစ္စရပ်များတွင် အသုံးချသည့် ခေတ်သစ်လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါသည်။ ကရုဏာ၊ ဉာဏ်ပညာနှင့် အဟိံသ သို့မဟုတ် အကြမ်းမဖက်ခြင်းတို့တွင် အခြေတည်သည့် လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာသည် ဆင်းရဲဒုက္ခကို တစ်ဦးချင်း အဆင့်တွင်သာမက လူမှုအသိုင်းအဝိုင်းနှင့် ကမ္ဘာ့စနစ်များတွင်ပါ ဖယ်ရှားပေးဖို့ ကြိုးပမ်းအားထုတ်ပါသည်။
အစဉ်အလာအားဖြင့် ဗုဒ္ဓဘာသာသည် လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွားကြောင်း သို့မဟုတ် အလွန်မှော်ဆန်ကြောင်း တစ်ခါတစ်ရံ လွဲမှားပုံဖော်ခံရပါသည်။ သို့သော် ဗုဒ္ဓဝင်ဇာတ်လမ်းများအရ ဘုရားရှင်သည် လူနှင့်တိရစ္ဆာန်စသည့် အနီးအနားတွင် ရှိသူများအား ကြီးစွာသော ကရုဏာ ထားရှိသောကြောင့် အားလုံးအတွက် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရာကို ရှာဖွေလိုခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာ ကျင့်ကြံမှု၌ လူမှုရေးအရ ထိတွေ့မှုရှိသော ချဉ်းကပ်မှုသည် ပုဂ္ဂိုလ်ရေး ပြောင်းလဲခြင်းနှင့် လူမှုရေးရာ ပြောင်းလဲခြင်းတို့အကြား အပြန်အလှန် ဆက်စပ်မှုကို အသားပေးပါသည်။ ကမ္ဘာလောက၏ စိန်ခေါ်မှုများနှင့် ကင်းကွာနေပါက စစ်မှန်သော ငြိမ်းချမ်းသာယာခြင်းနှင့် ဉာဏ်အလင်းရရှိခြင်းကိုပင်လျှင် အပြည့်အဝ ရရှိနိုင်မည် မဟုတ်ကြောင်းကိုလည်း ဖော်ပြနေပါသည်။
လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာ၏ မူလဇစ်မြစ်
“လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာ” ဆိုသည့်အသုံးအနှုန်းသည် အထူးသဖြင့် ဗီယက်နမ် ဇင်ဗုဒ္ဓဘာသာ ဆရာတော် သစ်နက်ဟန်ကြောင့် ၂၀ ရာစုတွင် လူသိများလာပါသည်။ စစ်ပွဲ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် လူမှုရေးအရ မမျှတမှုစသည့် အရေးတကြီးကြုံနေရသော ကမ္ဘာ့ပြဿနာများကို တိုက်ဖျက်ရာတွင် ဗုဒ္ဓဘာသာ တရားတော်များ အသုံးချရန် ဆရာတော်က ဆော်ဩခဲ့ပါသည်။ ဆရာတော် သစ်နက်ဟန်သည် ဗီယက်နမ်နိုင်ငံကို ပျက်စီးစေခဲ့သော စစ်ပွဲအတွင်း ဘုန်းတော်ကြီးကျောင်းတွင် တစ်ပါးတည်းနေသည့်ဘဝကို စွန့်ကာ ဒုက္ခရောက်သူများအား ကူညီခြင်းဖြင့် စတင်လှုပ်ရှားခဲ့သည်။ သို့သော် ထိုလှုပ်ရှားမှု၏ မူလဇစ်မြစ်ကို ဗုဒ္ဓမြတ်စွာ၏ ပင်မတရားတော်များ၌ ခြေရာခံကြည့်နိုင်ပါသည်။
အခြေခံဖြစ်သော သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကဲ့သို့ ဗုဒ္ဓမြတ်စွာ၏ တရားတော်များ၌ ကရုဏာနှင့် အပြန်အလှန် ဆက်စပ်မှုတို့ အရေးကြီးပုံကို အလေးထားပြောကြားပါသည်။ ဤတရားတော်များ၏ ရင်းမြစ်မှာ ဆင်းရဲဒုက္ခကို ဖယ်ရှားရေးသည် တစ်ဦးချင်းအနေနှင့်သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ ဆင်းရဲဒုက္ခ ကြုံနေရသော သတ္တဝါအားလုံးနှင့် အခြေအနေအားလုံးအထိ ဖြန့်ကျက်ရမည်ဆိုသည့် သဘောတရားဖြစ်ပါသည်။
သမိုင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများက ကုသိုလ်ဖြစ်လုပ်ငန်း၊ အကြမ်းမဖက် ဆန့်ကျင်မှုနှင့် လူမှုရေး တရားမျှတမှု လုပ်ငန်းများတွင် မကြာခဏ ပါဝင်ဆောင်ရွက်ကြသော်လည်း လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာကသာလျှင် အစဉ်အလာ၏ ဤအစိတ်အပိုင်းကို စနစ်တကျ ပုံဖော်လိုက်ခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှုသည် စုပေါင်းကြုံတွေ့နေရသော ဆင်းရဲဒုက္ခကို ဖယ်ရှားနိုင်အောင် ဗုဒ္ဓဘာသာဝင်များကို လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေခံအဆောက်အအုံများ၌ တက်ကြွစွာ ထိတွေ့ဆောင်ရွက်ရန် ဖိတ်ခေါ်လိုက်ပါသည်။
ဆူလက်သီဝရဿ၏ လွှမ်းမိုးမှု
လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာ လှုပ်ရှားမှုတွင် နာမည်အကြီးဆုံးပုဂ္ဂိုလ် တစ်ဦးမှာ ထိုင်းလူမျိုး ပညာရှင်၊ တက်ကြွလှုပ်ရှားသူနှင့် လူမှုရေးဝေဖန်သူ ဆူလက်သီဝရဿ ဖြစ်သည်။ သူ့အကြောင်း ကျွန်ုပ်တို့၏ အင်တာဗျူးကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။ သီဝရဿသည် ဗုဒ္ဓဘာသာ စည်းမျဉ်းများကို လူမှုရေး တရားမျှတမှု၊ စီးပွားရေး သာတူညီမျှမှု၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတို့၌ ပေါင်းစည်းရန် ဆော်ဩခဲ့ပါသည်။ ထို့ကြောင့်လည်း အကြိမ်များစွာ ဖမ်းဆီးခံရကာ ယာယီပြည်နှင်ဒဏ်ပင် အပေးခံရပါသည်။ သူသည် ထိုင်းနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် သက်ဦးဆံပိုင်စနစ်ကို စိန်ခေါ်ရန်၊ လူ့အခွင့်အရေးရရှိရန်နှင့် အခြေခံမူဘောင် မညီမျှမှုများကို ဖြေရှင်းရန် ရှေ့တန်းမှ အားထုတ်ခဲ့သူဖြစ်ပါသည်။

ဆူလက်သီဝရဿ၏ တက်ကြွလှုပ်ရှားမှုသည် ကျင့်ဝတ်နှင့်ညီသော အုပ်ချုပ်မှု၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်မှုနှင့် ကျယ်ပြန့်သော စီးပွားရေး သာတူညီမျှမှုတို့ကို ကိုင်တွယ်ဖြေရှင်းရာ၌ ဗုဒ္ဓဘာသာ တရားတော်များကို အမှန်ပင် အသုံးချနိုင်သည်၊ အသုံးချသင့်သည်ဆိုသော ယုံကြည်ချက်အပေါ်၌ အခြေတည်ပါသည်။ သူသည် ၁၉၈၉ ခုနှစ်တွင် ထိတွေ့ဆက်ဆံမှုရှိသော ဗုဒ္ဓဘာသာဝင်များ နိုင်ငံတကာကွန်ရက်ကို တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ကျင့်ကြံသူမြောက်မြားစွာအား ဗုဒ္ဓဘာသာကို ပုဂ္ဂိုလ်ရေးလွတ်မြောက်မှုအတွက် လမ်းကြောင်းတစ်ခုသာမက လူမှုရေးပြောင်းလဲမှုအတွက် အင်အားတစ်ရပ်အဖြစ်ပါ ရှုမြင်ရန် စိတ်အားမြှင့်တင်ပေးခဲ့ပါသည်။
လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာ၏ ပင်မစည်းမျဉ်းများ
လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာသည် အဓိကအားဖြင့် ဗုဒ္ဓမြတ်စွာ၏ အမြဲမှန်ကန်နေသော တရားတော်များကို ခေတ်သစ်စိန်ခေါ်မှုများအတွက် အသုံးချရန် ကြိုးပမ်းအားထုတ်သည်။ ဤလှုပ်ရှားမှုသည် အောက်ပါအဓိကစည်းမျဉ်း များစွာ၌ အခြေတည်ထားပါသည်-
အပြန်အလှန် ဆက်စပ်မှုရှိခြင်း
သတ္တဝါအားလုံးနှင့် ဖြစ်စဉ်အားလုံးသည် အပြန်အလှန်မှီခိုကြောင်း ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူပါသည်။ ဤမူဘောင်ကို ပဋိစ္စသမုပ္ပါဒ် သို့မဟုတ် အမှီအခိုဖြင့်ပေါ်ထွက်ခြင်းဟု ခေါ်ပါသည်။ ဆိုလိုသည်မှာ မည်သူမျှ သီးသန့်တည်ရှိနေခြင်း မရှိပါ။ လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာအရ ဆင်းရဲဒုက္ခသည် တစ်ခါတစ်ရံ ကျယ်ပြန့်သော လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် စနစ်များကြောင့် ပေါ်ပေါက်လာသည်ကို အသိအမှတ်ရန် ကျွန်ုပ်တို့အား တိုက်တွန်းထားပါသည်။ ထို့ကြောင့် ဆင်းရဲဒုက္ခ၏ အကြောင်းတရားဇစ်မြစ်ကို ဖြေရှင်းရန်အတွက် တစ်ဦးချင်းရော၊ စနစ်ပေါ်မူတည်သည့် အဆင့်များတွင်ပါ လိုအပ်ပါသည်။
ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု၊ ဆင်းရဲမွဲတေမှုနှင့် အကြမ်းဖက်မှုတို့သည် သီးသန့်ပြဿနာများသာ မဟုတ်ဘဲ ကမ္ဘာ့ နိုင်ငံရေး၊ ကျွန်ုပ်တို့၏ တစ်ဦးချင်း စားသုံးသူ အပြုအမူ၊ လူမှုရေး မညီမျှမှုများနှင့် နက်ရှိုင်းစွာ အပြန်အလှန် ဆက်စပ်နေပါသည်။ ဤသို့ အပြန်အလှန် ဆက်စပ်နေမှုကို အသိအမှတ်ပြုခြင်းဖြင့် ဤပြဿနာများကို အားလုံးလွှမ်းခြုံပါဝင်သောနည်းလမ်းဖြင့် ဦးတည်ဖြေရှင်းနိုင်ပါမည်။
ကရုဏာတရား လက်ကိုင်ထားခြင်း
ကရုဏာသည် ဗုဒ္ဓဘာသာ ကျင့်ကြံမှု၏ ပင်မအစိတ်အပိုင်းတစ်ရပ် ဖြစ်သလို လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာသည် ကရုဏာကို မြင်သာသော နည်းလမ်းများဖြင့် အသုံးချရန် အလေးထားပါသည်။ ကရုဏာဆိုသည်မှာ စာနာစိတ် သို့မဟုတ် ကြင်နာသော စိတ်ထားလောက်နှင့်သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ အခြားသူများ၏ ဆင်းရဲဒုက္ခကို ဖယ်ရှားရန် တက်ကြွစွာကြိုးပမ်းခြင်းလည်း ပါဝင်ပါသည်။ လက်တွေ့အားဖြင့် ဤသည်မှာ လူမှုရေးတရားမျှတမှု လုပ်ငန်း၌ ပါဝင်ဆောင်ရွက်ခြင်း၊ ခွဲခြားခံရသော အသိုင်းအဝိုင်းများကို ပံ့ပိုးခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းခြင်း သို့မဟုတ် လူ့အခွင့်အရေး တောင်းဆိုခြင်းဟု ဆိုနိုင်ပါသည်။ ကရုဏာထား ဆောင်ရွက်ခြင်းမှတစ်ဆင့် တစ်ဦးချင်း ဘာသာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းခြင်းနှင့် လူမှုရေးဆိုင်ရာ ဆင်းရဲဒုက္ခများ ဖြေရှင်းခြင်းတို့အကြား ခြားနားချက် မရှိကြောင်း တွေ့လာပါသည်။ တကယ်တော့ ယင်းတို့သည် အပြန်အလှန် အားဖြည့်ပေးနေသော လမ်းကြောင်းများပင် ဖြစ်ပါသည်။
အကြမ်းမဖက်ခြင်း
အကြမ်းမဖက်ခြင်းသည် လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာ၏ နောက်ထပ်အခြေခံ မူဘောင်တစ်ခုဖြစ်ပြီး အခြားသူများအား နှိပ်စက်သတ်ဖြတ်ခြင်း မပြုရေးဆိုသည့် ငါးပါးသီလ၏ ပထမအချက်ပေါ်၌ အခြေခံပါသည်။ အကြမ်းဖက်ခြင်းသည် ဆင်းရဲဒုက္ခကို ပိုဆိုးစေပြီး အမုန်းတရားနှင့် ကွဲပြားခြားနားမှု သံသရာကို ရှည်ကြာစေပါသည်။ ထို့ကြောင့် သတ္တဝါအားလုံးကို ကျွန်ုပ်တို့က ကြင်နာမှု၊ လေးစားမှုတို့ဖြင့် ပြုမူဆက်ဆံကာ ကိုယ်၊ နှုတ် သို့မဟုတ် စနစ်တကျပုံစံဖြင့် နှိပ်စက်ခြင်းကို တားမြစ်ရပါမည်။ ထိုအထဲတွင် စစ်ပွဲ၊ ဖိနှိပ်မှုနှင့် မတရားမှုပုံစံအားလုံး ပါဝင်ပါသည်။ ထို့ကြောင့် ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာဝင်များသည် ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားမှု၊ ကြားဝင်ဖြေရှင်းမှုနှင့် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုများတွင် တစ်ခါတစ်ရံ ပါဝင်ကြခြင်း ဖြစ်ပါသည်။
သတိဖြင့်ရှုမှတ် ဆင်ခြင်ခြင်း
လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာသည် ကျွန်ုပ်တို့အား သတိဖြင့်ရှုမှတ်ခြင်းကို ကမ္ဘာကြီး၏ လက်တွေ့ ဆင်းရဲဒုက္ခများအပေါ် သတိပြုစေသော နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခိုင်းပါသည်။ သတိဖြင့်ရှုမှတ်ခြင်းသည် ကျွန်ုပ်တို့အား ပစ္စုပ္ပန်၌ ရှိနေအောင်၊ မိမိအပြုအမူများကို သတိပြုမိအောင်၊ အခြားသူများ၏ လိုအပ်ချက်များအကြောင်း လမ်းဖွင့်ထားနိုင်အောင် ကူညီပါသည်။ ထို့ပြင် သတိဖြင့်ရှုမှတ်ခြင်းသည် ကျွန်ုပ်တို့၏ ဘဝနေထိုင်ရေး ရွေးချယ်မှုများ၊ စားသုံးမှု ပုံစံများနှင့် လူမှုစနစ်များတွင် ပါဝင်ဆောင်ရွက်မှုများက ဆင်းရဲဒုက္ခ သို့မဟုတ် နေထိုင်ကောင်းမွန်မှုအတွက် ဖြည့်ဆည်းပုံကိုလည်း စဉ်းစားတတ်လာပါသည်။ သတိဖြင့်ရှုမှတ်ခြင်းကြောင့် ကျွန်ုပ်တို့သည် အခြားသူများနှင့် သဘာဝပတ်ဝန်းကျင်တို့၏ အပြန်အလှန်ဆက်သွယ်ပုံကို ပို၍သတိပြုမိလာကာ တာဝန်သိပြီး ကရုဏာထားသော ရွေးချယ်စရာများကို ပြုစုပျိုးထောင်နိုင်ပါသည်။
သာတူညီမျှခြင်း
လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာသည် လူမှုရေး အခြေခံမူဘောင်များတွင် မျှတမှုနှင့် ညီမျှမှုတို့၏ အရေးကြီးပုံကို အလေးထားပြောကြားပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်မှုကိုအလိုရှိပြီး ဆင်းရဲဒုက္ခကို ရှောင်ရှားလိုသည့် အရာ၌ တူညီသည်ဆိုသောအချက်၌ အခြေခံပါသည်။ ဤနေရာတွင် စီးပွားရေး တရားမျှတမှု၊ ကျား၊ မ တန်းတူညီမျှမှု၊ လူမျိုးရေး တရားမျှတမှုနှင့် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သက်ရှိအားလုံးကို အကာအကွယ်ပေးမှု တို့အတွက် ဆောင်ရွက်နိုင်ပါသည်။ မတရားမှုသည် ဆင်းရဲဒုက္ခ၏ ရင်းမြစ်ဖြစ်သည်ကို အသိအမှတ် ပြုခြင်းအားဖြင့် မညီမျှသော စနစ်များ ပယ်ဖျက်ရေးကို ဆောင်ရွက်ကာ အဆင့်တိုင်းတွင် တရားမျှတမှုနှင့် ကရုဏာ ထားရှိမှုကို ဆော်ဩနိုင်ပါသည်။

လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာ၏ အကျိုးကျေးဇူးများ
ကိုယ်တွင်း ငြိမ်းချမ်းခြင်း
ကရုဏာထားသော ရည်မှန်းချက်နှင့် ဆောင်ရွက်ချက်များဖြင့် ကမ္ဘာကြီးကို တက်ကြွစွာ ထိတွေ့ဆက်ဆံလျှင် မည်သို့ ခံစားရမည်ကို စဉ်းစားကြည့်ပါ။ ထိုအခါ မိမိဆောင်ရွက်သမျှသည် မိမိနှင့် အခြားသူများအကျိုးအတွက် ဖြစ်သည်ဆိုသော ပုဂ္ဂိုလ်ရေး စိတ်ကျေနပ်မှုနှင့် ကိုယ်တွင်းငြိမ်းချမ်းမှု ခံစားချက်ကို အလိုလိုရရှိလာပါသည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် ဆင်းရဲဒုက္ခ ရောက်နေသူများအား အပြုသဘော ထူးခြားချက်များ ပြုလုပ်နေသည်ကို သိရှိသောအခါ ရည်ရွယ်ချက် ကောင်းစွာရှိသည်ဆိုသော အသိကို ရရှိစေပြီး ယင်းမှာ ပိုမိုပျော်ရွှင်စေကြောင်း သိပ္ပံနည်းကျ သက်သေပြထားကြပါသည်။
ပိုမိုခိုင်မာသော အသိုင်းအဝိုင်းများ
ကျွန်ုပ်တို့ အားလုံးနီးပါးသည် ညီညွတ်ပြီး ပျော်စရာကောင်းသော လူ့အသိုင်းအဝိုင်းတွင် နေထိုင်လိုကြပါသည်။ သက်ရှိအားလုံးကို ယင်းတို့သည် မည်သူပင်ဖြစ်စေ၊ လူ့အသိုင်းအဝိုင်း၌ ယင်းတို့၏ အခြေအနေသည် မည်သို့ပင်ဖြစ်စေ ကရုဏာဖြင့် ပြုမူခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပို၍ခိုင်မာသော၊ ပို၍ပျော်စရာကောင်းသော၊ ပို၍ လွှမ်းခြုံပါဝင်သော အသိုင်းအဝိုင်းများကို ဖန်တီးလိုက်ပါသည်။ လူ့အသိုင်းအဝိုင်း တစ်ခုလုံး၌ ကြင်နာမှုနှင့် အပြန်အလှန်လေးစားမှုတို့ကို မွေးမြူလိုက်သောအခါ လူတိုင်းအကျိုးရှိကြပါသည်။
ဘာသာရေး ဖွံ့ဖြိုးတိုးတက်ခြင်း
လူမှုရေး ထိတွေ့မှုသည် ကရုဏာတရားကို တရားထိုင်သောထိုင်ခုံပေါ်မှသည် ပို၍ကျယ်ပြန့်သော ကမ္ဘာကြီးထဲသို့ ယူဆောင်ပေးနိုင်သည့်အတွက် ကျွန်ုပ်တို့၏ ဘာသာရေးကျင့်ကြံ အားထုတ်မှုကို နက်ရှိုင်းစေပါသည်။ ဤနည်းဖြင့် မိမိအချိန်နှင့် အရင်းအမြစ်များကို ရက်ရောစွာလှူဒါန်းခြင်း၊ ဆက်ဆံရ ခက်ခဲသူများကို သည်းခံခြင်းနှင့် မတူညီသော ထင်မြင်ချက်များကို သည်းခံခြင်းစသည်တို့ကဲ့သို့ ကျွန်ုပ်တို့ ထားရှိလိုသော အချက်များစွာကို လေ့ကျင့်ပေးနိုင်ပါသည်။ ဤသို့ ကြိုးပမ်းဆောင်ရွက်သည်မှာ အပြုသဘောကံများ ဖန်တီးကာ ဉာဏ်အလင်းရရှိမှုအတွက် လမ်းခင်းပေးရန် မယုံနိုင်လောက်အောင် ထိရောက်သောနည်းလမ်းတစ်ရပ် ဖြစ်ပါသည်။
နိဂုံး
လူမှုရေးအရ ထိတွေ့မှုရှိသော ဗုဒ္ဓဘာသာသည် ဘာသာရေး ကျင့်ကြံမှုနှင့် လူမှုရေး ဆောင်ရွက်ချက်ကို အပြည့်အဝ ပေါင်းစည်းရန် ဆော်ဩသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ စစ်မှန်သော ကရုဏာသည် တရားထိုင်သော ထိုင်ခုံထက် ကျော်လွန်ကာ ကမ္ဘာလောကထဲသို့ ရောက်ရှိပြီး ဆင်းရဲဒုက္ခ၏ စနစ်ဆိုင်ရာ အကြောင်းရင်းများကို ဖြေရှင်းပေးကြောင်း သင်ကြားပေးပါသည်။ ကျွန်ုပ်တို့သည် တစ်ဦးချင်းအဖြစ်လည်းကောင်း၊ အသိုင်းအဝိုင်းများအဖြစ်လည်းကောင်း အပြန်အလှန် ဆက်စပ်နေပါသည်။ လူတစ်ဦး၏ နေထိုင်ကောင်းမွန်မှုသည် အားလုံး၏ နေထိုင်ကောင်းမွန်မှုနှင့် အသေးစိတ် ချိတ်ဆက်နေပါသည်။ သတိဖြင့် ဆောင်ရွက်ခြင်း၊ ရက်ရောခြင်း၊ အကြမ်းမဖက်ခြင်းနှင့် တရားမျှတမှုကို ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အားလုံးအတွက် ပို၍ ကရုဏာထားသော၊ မျှတသော၊ ငြိမ်းချမ်းသော ကမ္ဘာကြီးတစ်ခုကို ဖန်တီးပေးရန် ကြိုးပမ်းနိုင်မည် ဖြစ်ပါသတည်း။