Study buddhism what is ethics

ကျင့်ဝတ်ဆိုသည်မှာ ကိုယ်ကျင့်တရား တန်ဖိုးအစုစု ဖြစ်ပြီး ပိုမိုပျော်ရွှင်သောဘဝ ရရှိအောင် ကျွန်ုပ်တို့၏ အပြုအမူကို ပုံဖော်ပေးပါသည်။ ကျွန်ုပ်တို့သည် ကျင့်ဝတ်ဖြင့် ရိုးသားစွာ နေထိုင်ပြီး ပတ်ဝန်းကျင်မှလူများနှင့် ယုံကြည်မှု၊ ရင်းနှီးမှုတို့ ရရှိလာပါသည်။ ကျင့်ဝတ်သည် ပျော်ရွှင်မှုအတွက် အဓိကအချက် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာမှ ကျင့်ဝတ်

ဗုဒ္ဓဘာသာတွင် ကျင့်ဝတ်ဆိုသည်မှာ သတိရှိမှုကို ခွဲခြားသိခြင်းတွင် အခြေခံပါသည်။ တာရှည်ခံသော ပျော်ရွှင်မှု ဖြစ်စေသောအရာနှင့် အဖန်တလဲလဲ ပြဿနာ ဖြစ်စေသောအရာတို့အကြား ခွဲခြားသိရန် ကျွန်ုပ်တို့၏ အသိဉာဏ်ကို အသုံးပြုပါသည်။ စည်းကမ်းများကို မျက်စိမှိတ် လိုက်နာခြင်း မဟုတ်ပါ။ ကျင့်ဝတ် လမ်းညွှန်များအတိုင်း လိုက်နာခြင်းသည် ယုတ္တိကျသည်ဟု ယုံကြည်မှုသာ ဖြစ်ပါသည်။

ကျွန်ုပ်တို့ကိုယ်တိုင်အတွက် အမှန်တကယ် အလေးထားပါက ကျွန်ုပ်တို့ ပြုမူပုံအကြောင်း အသိဉာဏ်ရှိသော ဆုံးဖြတ်ချက်များ ချမှတ်ရသည်မှာ အဓိပ္ပာယ် ရှိလာပါသည်။ ကျွန်ုပ်တို့ အပါအဝင် လူတိုင်းသည် ပျော်ရွှင်လိုပြီး ပျော်ရွှင်ရန်လည်း ထိုက်တန်ပါသည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားခြင်းကြောင့် ကျင့်ဝတ် အလေးမထားသည့် သဘောထားများ ဖြစ်လာပြီး မိမိကိုယ်ကို တန်ဖိုးထားသောစိတ်ရှိပါက မိမိဂုဏ်သိက္ခာကို အလေးထားလာပါသည်။ မိမိဂုဏ်သိက္ခာကို အလေးထားပါက ကျင့်ဝတ်မညီသော ပုံစံဖြင့် လုံးဝပြုမူမည် မဟုတ်တော့ပါ။ ထိုသို့ ပြုမူခြင်းသည် မှန်ကန်ခြင်းမရှိဟု ခံစားရသည့်အတွက် မိမိကိုယ်တိုင် ထိုသို့ နက်ရှိုင်းသော လေးစားမှု ရှိလာပါသည်။

ပျားရည်စုဆောင်းသော ပျားသည် ပန်း၏အရောင်နှင့် မွှေးရနံ့ကို မထိခိုက်၊ မနှောင့်ယှက်သကဲ့သို့ ဉာဏ်ပညာ ရှိသူသည် ထိုနည်းတူစွာ လောကတွင် သွားလာလှုပ်ရှားလေ၏။ - ဓမ္မပဒ။ ပန်းများအခန်း၊ အပိုဒ် ၄၉

‘‘ဘာပဲဖြစ်ဖြစ်’’ ဆိုသော သဘောထားသည် အထီးကျန်ခြင်း၊ တစ်ကိုယ်တည်းဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကိုသာ ခံစားရစေပါသည်။ ကျင့်ဝတ်အသိရှိပါက အဆိုပါ သဘောထားကို ကျော်လွှားနိုင်ပါသည်။ အောင်မြင်ပျော်ရွှင်သော ဘဝအတွက် အခြေခံဖြစ်သည့် ယုံကြည်ရသော တည်ငြိမ်သည့် ဆက်ဆံရေးများ တည်ဆောက်နိုင်ပါသည်။

ကျိုးကြောင်းဆီလျော်မှုတွင် အခြေခံသည့် ကျင့်ဝတ်နှင့် အဓိဋ္ဌာန်များ

ဗုဒ္ဓဘာသာ ကျင့်ကြံမှုသည် လူတိုင်းသိသောအမြင်တွင် အခြေခံပါသည်။ ကျွန်ုပ်တို့သည် အခြားသူများအပေါ် တစ်ကိုယ်ကောင်းဆန်ပြီး ဒေါသထွက်ကာ မောက်မာပါက ကျွန်ုပ်တို့ ကိုယ်တိုင်လည်း ပျော်ရွှင်ငြိမ်းချမ်းသောဘဝကို မည်သို့လျှင် မျှော်မှန်းနိုင်ပါမည်နည်း။

ဗုဒ္ဓဘာသာဝင်တစ်ယောက် ပြုလုပ်နိုင်သော အဓိဋ္ဌာန် အဆင့်ဆင့် ရှိပါသည်။ ဉပမာ၊ တိဘက်ရိုးရာ အစဉ်အလာတွင် ရဟန်းဘောင်ဝင်ပြီးသော သံဃာတော်များသည် အဓိဋ္ဌာန် ၂၅၃ ချက်ကို လိုက်နာရသည်။ လူသာမန် ဗုဒ္ဓဘာသာဝင်များက အောက်ပါအတိုင်း ‘‘ငါးပါးသီလ’’ ကိုစောင့်ထိန်းကြပါသည်-

  • သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
  • သူတစ်ပါး မပေးသောအရာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း 
  • မသင့်လျော်သော ကာမဂုဏ်ကျူးလွန်မှုများမှ ရှောင်ကြဉ်ခြင်း
  • လိမ်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း 
  • အရက်သေစာ သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ခြင်း။

ဗုဒ္ဓဘာသာ ကျင့်ကြံသူများက ကျင့်ကြံမှုကို လှုံ့ဆော်သောဘဝတစ်ခု ဖန်တီးရန် ဤငါးချက်ကို မိမိဆန္ဒအလျောက် ဆောက်တည်ကြပါသည်။ ဤသီလများက ကျွန်ုပ်တို့ကို မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိစေသလို အောင်မြင် ပျော်ရွှင်သောဘဝအတွက် အကြောင်းရင်းများကိုလည်း ဖန်တီးပေးပါသည်။

အောင်မြင်သောဘဝအတွက် ကျင့်ဝတ်

အချို့လူများက အောင်မြင်သောဘဝဆိုသည်မှာ များပြားလှစွာသော ရုပ်ဝတ္ထုကြွယ်ဝမှုနှင့် ဩဇာအာဏာတို့ ရရှိခြင်းဟု ယူဆကြသည်။ ယင်းတို့ကို ရရှိလျှင်လည်း ကျွန်ုပ်တို့ လုံးဝစိတ်ကျေနပ်ခြင်း မရှိပါ။ ပြန်ဆုံးရှုံးမည်ကို အမြဲထိတ်လန့် နေပါသည်။ ပိုပြီးပိုင်ဆိုင်လေ၊ အထူးသဖြင့် အခြားသူများကို စတေးပြီး ရရှိခြင်းမျိုးတွင်၊ ပိုပြီး ရန်များလေ ဖြစ်ပါသည်။ အောင်မြင်သောဘဝသည် အခြားသူများ၏ အမုန်းခံရခြင်းဖြစ်သည်ဟု မည်သူမျှ ပြောလိုမည်မဟုတ်ပါ။ အောင်မြင်သော ဘဝသည် မိတ်ဆွေများစွာ ရရှိပြီး မိမိနှင့်ပေါင်းသင်းဆက်ဆံသူများက ပျော်ရွှင်သော ဘဝမျိုး ဖြစ်ပါသည်။ ထိုအခါ ငွေနှင့် အာဏာ မည်မျှရှိရမည်ဆိုသည့်အချက်မှာ မလိုအပ်တော့ပါ။ မည်သို့ဖြစ်စေကာမူ ဖြေရှင်းရန် ခွန်အားပေးသည့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကို ကျွန်ုပ်တို့ ရရှိလာပါမည်။

ကျင့်ဝတ် လမ်းညွှန်ချက်များအရ ပျော်ရွှင်စေသော အပြုအမူ အမျိုးအစားများနှင့် ပြဿနာ ဖြစ်စေသော အမျိုးအစား များကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ ရိုးသားပြီး အခြားသူများကို ပျော်ရွှင်စေလိုသောအခါ လူတို့က ကျွန်ုပ်တို့သည် သူတို့ကို လိမ်ညာခြင်း၊ အနိုင်ကျင့်ခြင်း၊ အမြတ်ထုတ်ခြင်း မပြုလုပ်ကြောင်း ယုံကြည်ပါသည်။ ဤယုံကြည်မှုက ကြုံဆုံလာသမျှလူတိုင်းနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ သူတို့သည် ကျွန်ုပ်တို့နှင့် ရှိရသည်ကို စိတ်ချလက်ချနှင့် ပျော်ရွှင်ကာ ဘာကိုမျှ ကြောက်စရာမလိုကြောင်း သိလာပါသည်။ ကျွန်ုပ်တို့သည်လည်း ကိုယ်တိုင် ပိုမိုပျော်ရွှင်လာပါသည်။ ကျွန်ုပ်တို့ သူတို့အနားရောက်သွားတိုင်း မည်သူက သူတို့ကို စိုးတထိတ်ထိတ်ဖြင့် တုန်လှုပ်ခြောက်ခြားစေချင်ပါမည်နည်း။ လူတိုင်းက အပြုံးမျက်နှာကို ကြိုဆိုကြပါသည်။

လူသားတို့သည် လူမှုရေးသတ္တဝါများ ဖြစ်ပါသည်။ ရှင်သန်ရန်အတွက် အခြားသူများ၏ ပံ့ပိုးမှုကို လိုအပ်ပါသည်။ အကူအညီမဲ့သော မွေးကင်းစအရွယ်နှင့် ဘိုးဘွားရိပ်သာရှိ အားအင်ချိနဲ့သော သက်ကြီးရွယ်အို အချိန်များတွင်သာမက ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံးတွင် အခြားသူများ၏ အကူအညီနှင့် ဂရုစိုက်မှုတို့ လိုအပ်ပါသည်။ ကြင်နာသည့် ဆက်ဆံရေးများမှ ရရှိသည့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုက စိတ်ကျေနပ်ဖွယ်ဘဝကို ဖန်တီးပေးပါသည်။ ကျွန်ုပ်တို့သည် ခိုင်မာသော ကျင့်ဝတ်အသိရှိခြင်းဖြင့် တွေ့ဆုံလာသူတိုင်းနှင့် ရင်းနှီးသော ဆက်ဆံရေးများ ဖန်တီးလာနိုင်ပါသည်။


Top