ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ တစ်နေ့တာ

Day%20in%20the%20life%20of%20a%20buddhist

ဗုဒ္ဓဘာသာတရားတော်တွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝကို မည်ကဲ့သို့နေထိုင်ရမည်ကို အကြံဉာဏ်များစွာ ပေးထားပါသည်။ ယင်းတို့ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

မနက်အိပ်ရာမှ နိုးထခြင်း

အိပ်ရာမှနိုးပြီး မထသေးခင် နေ့သစ်တစ်နေ့ကို အသင့်ရင်ဆိုင်ရန် ကျွန်ုပ်တို့ အသက်ရှင်နေသေးသည့်အတွက် အလွန်ပင် ပျော်ရွှင်ပြီး ကျေးဇူးတင်သင့်ပါသည်။ အောက်ပါတို့အတွက် ကျွန်ုပ်တို့ ခိုင်မာသော ရည်မှန်းချက် ချမှတ်ပါသည်-

  1. အဓိပ္ပာယ်ရှိသောနေ့ ဖြစ်စေရန်။
  2. မိမိအတွက်ရော အခြားသူများကိုကူညီရန်အတွက်ပါ အကျိုးပြုရန် တန်ဖိုးရှိသောအချိန်ကို မဖြုန်းရန်။

အလုပ်သွားရပါက စိတ်ကို အာရုံစူးစိုက်ပြီး အလုပ်တွင်ကျယ်အောင် ပိုင်းဖြတ်ထားသင့်ပါသည်။ လုပ်ဖော်ကိုင်ဖက်များကို ဒေါသထွက်ခြင်း၊ သည်းမခံခြင်း၊ ဆတ်ဆတ်ထိမခံခြင်းတို့ မဖြစ်စေရပါ။ လူတိုင်းနှင့် ဖော်ရွေပါမည်။ သို့သော် အခြားသူများကို စကားစမြည်ပြောခြင်း၊ အတင်းပြောခြင်းတို့ဖြင့် အချိန်မဖြုန်းပါ။ မိသားစုကို စောင့်ရှောက်ရပါက စိတ်ရှည်ရှည်ထားရန် ဆုံးဖြတ်ပါသည်။ သို့သော် သူတို့၏ ကိုယ်၊ စိတ်နှစ်ပါး လိုအပ်ချက်များကို အတတ်နိုင်ဆုံး ချစ်ခြင်းမေတ္တာဖြင့် ဂရုစိုက်ပါမည်။

မနက်ခင်း တရားရှုမှတ်ခြင်း

ပုံမှန်အားဖြင့် မနက်စာမစားမီ ခဏတာ တရားထိုင်ချင်ထိုင်ပါသည်။ ငါးမိနစ်၊ ဆယ်မိနစ်ခန့်သာ တည်ငြိမ်စွာ ထိုင်နေပြီး ဝင်သက်ထွက်သက်ကို ရှုမှတ်ကာ အာရုံစူးစိုက်ထားလျှင် ရပါသည်။

ကျွန်ုပ်တို့၏ ဘဝများသည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှ အခြားသူများနှင့် ယှက်နွှယ်နေပုံကို စဉ်းစားပါမည်။ သူတို့ ဘယ်လိုခံစားရသလဲ။ ကျွန်ုပ်တို့နှင့် အခြားသူများကို ဘယ်လို သက်ရောက်မှုရှိသလဲ။ ‘‘ပုဂ္ဂိုလ်သတ္တဝါအားလုံး ချမ်းသာကြပါစေ’’ ဟု နွေးထွေးသော မေတ္တာဓာတ်ကို ပို့လွှတ်ပါသည်။ ‘‘ပုဂ္ဂိုလ်သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းနှင့် အဆင်မပြေမှုများ ကင်းဝေးကြပါစေ’’ ဟု ကရုဏာဓာတ်ကို ပို့လွှတ်ပါသည်။ ယနေ့တွင် အခြားသူများကို ကိုယ်တတ်နိုင်သလောက် အကူအညီပေးမည်ဟု ဆုံးဖြတ်ချက်ချထားပြီးလျှင် ထိုသို့မဖြစ်နိုင်ပါက သူတို့ကို အန္တရာယ်တစ်ခုခု မပေးမိအောင်တော့ အနည်းဆုံးရှောင်ကြဉ်ပါမည်။

နေ့ခင်းဘက် သတိဖြင့် ရှုမှတ်ခြင်း

ကျွန်ုပ်တို့သည် တစ်နေ့လုံးတွင် ကျွန်ုပ်တို့ ဆောင်ရွက်ပုံ၊ ပြောဆိုပုံ၊ တွေးခေါ်ပုံနှင့် ခံစားပုံတို့ကို သတိရှိနေရန် ကြိုးစားပါသည်။ လောဘ၊ ဒေါသ၊ ဣသာ၊ မစ္ဆရိယစသည့် အပျက်စိတ်များကို သတိထားကြည့်ပြီး မာန်လျှော့ထားပါသည်။ ကျွန်ုပ်တို့သည် တစ်ကိုယ်ကောင်းဆန်စွာ သို့မဟုတ် အထိမခံနိုင်လောက်အောင် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သနားပြီး အာဃာတဖြင့် ပြုမူမိသောအခါ သတိထားပါမည်။ ပိုမိုသိမ်မွေ့သော အဆင့်တွင် ကျွန်ုပ်တို့သည် မိမိနှင့် အခြားသူများ အကြောင်း၊ အထွေထွေ အခြေအနေများအကြောင်း မနှစ်မြို့ဖွယ် ဇာတ်လမ်းများ ခန့်မှန်းမိသောအခါ သတိပြုမိအောင် ကြိုးစားပါမည်။ တန်းစီနေသော လူတန်းထဲတွင် ကိုယ့်အလှည့် ဘယ်တော့မှ ရောက်မည်မဟုတ်ကြောင်း၊ မည်သူမျှ မိမိလိုလူကို ချစ်ခင်မည်မဟုတ်ကြောင်း ‘‘မိမိအဖြစ်ဆိုးလှသည်’’ ဟုထင်မိသည့် အခိုက်အတန့်မျိုးကို သတိထားပါမည်။

ထိုသို့ ပြဿနာဖြစ်စေသော အရာတစ်ခုခုနှင့် စိတ်လိုက်မာန်ပါ ပြုမူ၊ ပြောဆို၊ တွေးတောလိုက်သည်ကို သတိပြုမိသော အခါ သတိဖြင့် နောက်ထပ်ရှုမှတ်လိုက်ပါသည်။ ပထမဉီးစွာ နောင်တွင် နောင်တရမည့် အရာကို မဆောင်ရွက်မီ သို့မဟုတ် မပြောမီ မိမိကိုယ်ကို တားမြစ်သည်။ ထိုနည်းဖြင့် ဆောင်ရွက်ပြီးပါက ပိုဆိုးသောအရာကို မဆောင်ရွက်မီ သို့မဟုတ် မပြောမီ ချက်ချင်းရပ်တန့်သည်။ အပျက်သဘော စဉ်းစားမှု သံသရာတွင် လည်နေပါကလည်း ထိုနည်းအတိုင်းတားမြစ်ပါသည်။ တည်ငြိမ်မှုအတွက် ဆန့်ကျင်သောအရာများကို သတိထားကာ ဤစိတ်နှင့် စိတ်ခံစားချက် အတားအဆီးများကို တွန်းလှန်ပါသည်။ တည်ငြိမ်မှု ရလာသည်အထိ ထိုနည်းလမ်းကို ထိန်းသိမ်းဆောင်ရွက်ပါသည်။

ကျွန်ုပ်တို့အများစု သိရှိနိုင်သော နမူနာတစ်ခုမှာ အလုပ် သို့မဟုတ် အိမ်မှ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို ဝေဖန်ခြင်း၊ စိတ်အနှောင့်အယှက်ပေးခြင်း ပြုသောအခါ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်-

  1. အော်ငေါက်ခြင်းသည် အကျိုးမရှိကြောင်း အမှတ်ရသင့်ပါသည်။ မနက်ခင်းတွင် ပြုလုပ်သလို ဝင်လေထွက်လေကို အာရုံစိုက်ပြီး တည်ငြိမ်အောင် ကြိုးစားကြည့်ပါ။
  2. လူတိုင်း ပျော်ရွှင်လိုပြီး ဝမ်းနည်းမှုကို အလိုမရှိကြကြောင်း၊ သို့သော် လူအများစုသည် ရှုပ်ထွေးနေပြီး ပြဿနာ ဖြစ်စေသည့် ပုံစံများဖြင့် ပြုမူနေကြကြောင်း ပြန်သတိပြုသင့်ပါသည်။
  3. သူတို့သည် ပျော်ရွှင်ကြပြီးလျှင် ပျော်ရွှင်ခြင်း အကြောင်းတရားများ ရရှိကြပါစေဟု မေတ္တာပို့သင့်ပါသည်။
  4. သူတို့သည် ကျွန်ုပ်တို့၏ အကြံဉာဏ်ကို လက်ခံပါက သူတို့အပြုအမူ၏ အပျက်သဘော သက်ရောက်မှုများကို ထောက်ပြပြီး ရပ်တန့်ခိုင်းသင့်ပါသည်။
  5. သူတို့သည် လုံးဝတုံ့ပြန်ခြင်း မရှိပါက ဆိတ်ဆိတ်နေပြီး သည်းခံမှုကို လေ့ကျင့်ရသည့် ကိစ္စတစ်ခုဟု သဘောထားလိုက်သင့်ပါသည်။ သို့သော် အနှောင့်အယှက် တစ်ခုခုကို တားဆီးနိုင်ပါက ဖာသိဖာသာ ဘေးထွက် ထိုင်မနေသင့်ပါ။

ထိန်းချုပ်ရမည့် အဓိကအချက်တစ်ချက်မှာ ကျွန်ုပ်တို့ကို အခြားသူများက ဝေဖန်လာသောအခါ ခုခံလိုစိတ် ရှိနေခြင်းဖြစ်ပါသည်။ သူတို့ပြောသည်မှာ မှန်သလား သိရအောင် တည်ငြိမ်စွာနှင့် ရိုးသားစွာ ဆန်းစစ်နိုင်ပြီး မှန်နေပါက တောင်းပန်ကာ ကျွန်ုပ်တို့၏ အပြုအမူကို ပြုပြင်နိုင်ပါသည်။ သူတို့ပြောသည်မှာ အဓိပ္ပာယ်မရှိပါက အရေးမကြီးဘူးဟု မေ့ပစ်လိုက်ပါ။ အရေးကြီးသော ကိစ္စတစ်ခုနှင့် သက်ဆိုင်နေပါက ရန်လိုမှု သို့မဟုတ် ဒေါသအရိပ်အယောင်များ မပါစေဘဲ သူတို့၏ မှားယွင်းသော အတွေးကို ထောက်ပြနိုင်ပါသည်။

ညနေခင်း တရားရှုမှတ်ခြင်း

ညဘက်မအိပ်စက်မီ တစ်နေ့တာ လှုပ်ရှားမှုများမှ တည်ငြိမ်မှုရရှိအောင် ဝင်လေထွက်လေကို ထပ်မံအာရုံစိုက်ခြင်းဖြင့် နောက်တစ်ကြိမ် တရားရှုမှတ်နိုင်ပါသည်။ တစ်နေ့တာ အဖြစ်အပျက်များကို ပြန်သုံးသပ်ပြီး ဘယ်လို ရင်ဆိုင်ဖြေရှင်း ခဲ့သည်ကို လေ့လာပါသည်။ ကျွန်ုပ်တို့ စိတ်တိုခဲ့သလား။ တစ်ခုခု မိုက်မဲစွာ ပြောမိသလား။ ထိုသို့ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သေးကြောင်း နောင်တရပြီး အပြစ်ရှိသည့် ခံစားချက်မျိုး မပါဝင်ဘဲ နောက်တစ်နေ့တွင် ပိုကောင်းစွာ ပြုမူမည်ဟု ဆုံးဖြတ်ချက်ချပါသည်။ အခြေအနေများကို အမြော်အမြင်ရှိရှိ ကြင်နာစွာဖြင့် ကိုင်တွယ် ဖြေရှင်းသောအခါ တွင်လည်း သတိပြုပါသည်။ ယင်းကို ပီတိဖြစ်ကာ ထိုလမ်းကြောင်းအတိုင်း ဆက်သွားရန် ဆုံးဖြတ်ပါသည်။ ထို့နောက် အိပ်ရာဝင်ကာ နောက်နေ့တွင် မိမိနှင့် အခြားသူများအတွက် ဆက်လက် အကျိုးပြုနိုင်ရန် ဆန္ဒပြုပါသည်။ ကျွန်ုပ်တို့၏ တန်ဖိုးရှိသောဘဝကို အလွန်ပင် အဓိပ္ပာယ်ရှိအောင် ပြုမူခဲ့သည့်အတွက် အမှန်ပင် ပျော်ရွှင်မိပါသည်။

Top