စိုးရိမ်သောကကို ကိုင်တွယ်ဖြေရှင်းနည်း

How to deal with anxiety

လောကကြီးသည် တစ်ခါတစ်ရံ ရူးနှမ်းသော နေရာတစ်ခုလို ထင်ရပါသည်။ သတင်းဖွင့်လိုက်သည်နှင့်- အကြမ်းဖက်သမားများက တိုက်ခိုက်တော့မည်။ စီးပွားရေး ကပ်ဆိုက်တော့မည်။ သဘာဝ ပတ်ဝန်းကျင်ဆိုလျှင်လည်း မေးစရာပင် မလိုတော့ပါ။ တစ်ပတ်လုံး အိပ်ရာထဲတွင်သာ လှဲနေရတော့မည့်အလား ဖြစ်ပါသည်။

ဤသည်မှာ ပြင်ပလောကသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကိုယ်ပိုင်ဘဝကိုလည်း ဖြေရှင်းရပါဦးမည်။ နောက်တစ်ကြိမ် အားလပ်ရက်ကို ဘယ်နေရာသို့ သွားကြမလဲ။ ကျွန်ုပ်တို့ အသည်းအသန် လိုချင်သော ရာထူးသို့ ခန့်ထားခံရသော လုပ်ဖော်ကိုင်ဖက်ကို မည်ကဲ့သို့ ရင်ဆိုင်မလဲ။ ကျွန်ုပ်တို့ ဘဝကို ဘယ်လို ဖြတ်သန်းကြမလဲ

ကျွန်ုပ်တို့ ငယ်ရွယ်စဉ်က ဖြစ်ချင်တာ မှန်သမျှ ဖြစ်နိုင်သည်ဟု ပြောထားကြပါသည်။ “အိပ်မက်တွေနောက်ကို လိုက်ပါ” ဟု ပြောကြသည်။ သို့သော် ကျွန်ုပ်တို့ထဲမှ မည်မျှသည် အိပ်မက်အတိုင်း နေထိုင်ကြပါသလဲ။ ကျွန်ုပ်တို့၏ လူမှုကွန်ရက် မီဒီယာ သတင်းများကို ကြည့်ရှုပြီး မိမိအိပ်မက်အတိုင်း တကယ် နေထိုင်နေသူများကို အားကျနေမိပါသလဲ။ ကမ်းခြေသို့ အားလပ်ရက်ခရီး ထွက်ခြင်းနှင့် လှပဖြူဖွေးသော သွားများဖြင့် ဘဝအတွက် အဓိကကျသော အရာကို သူတို့ တွေ့ရှိသွားကြစဉ် ကျွန်ုပ်တို့မှာ စိတ်ပျက်စရာ ရုံးခန်းမှာသာ ပိတ်မိနေပါသည်။

ဤသို့သော “ပျော်ရွှင်ခြင်း” မှာ နတ်သမီး ပုံပြင် သို့မဟုတ် ကြော်ငြာစာသား တစ်ခုလို ထင်ရပါသည်။ အတိအကျ မသိရသည့် အနာဂတ်တွင် ခံစားရန် ယခု ကြိုးစားရမည့်အရာ ဖြစ်ပါသည်။ သို့သော် မည်မျှ ကြိုးစားသည်ဖြစ်စေ၊ ပျော်ရွှင်မှုရမည်ဟု အာမ မခံပါ။ အချို့သူများက ပါရဂူဘွဲ့ ရရှိပြီး McDonalds ဆိုင်တွင် အလုပ်လုပ်ကြရပါသည်။ အချို့မှာ မယုံနိုင်လောက်အောင် ကြွယ်ဝပြီး နာမည်ကြီးသော်လည်း စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြ ပါသည်။ ဤအချက်အားလုံးက ကျွန်ုပ်တို့ကို ဘဝအကြောင်း စိုးရိမ်မိစေပါသည်။ လူမှုရေး စိုးရိမ်သောက ဖြစ်စေပါသည်။ မိမိကိုယ်ကို အခြားသူများနှင့် အမြဲနှိုင်းယှဉ်မိပါသည်။ အခြားသူတစ်ယောက်နှင့် ဆုံသောအခါတိုင်း မသက်မသာ ခံစားရပြီး မလုံခြုံကြပါ။ ကျွန်ုပ်တို့၏ စမတ်ဖုန်း စခရင်ဖြင့်သာ ပုန်းကွယ်ရန် ကြိုးစားကြပါသည်။

ဤသည်မှာ ကျွန်ုပ်တို့ခေတ်၏ ကပ်ရောဂါဖြစ်သည်။ AIDS၊ ကင်ဆာ၊ စိတ်ကျရောဂါတို့ကဲ့သို့ အန္တရာယ် မရှိဟု ထင်ရသော်လည်း စိုးရိမ်သောကသည် ကျွန်ုပ်တို့၏ ခွန်အားကိုယုတ်လျော့စေပါသည်။ မသက်မသာ ခံစားမှုကို မပြတ်တမ်း ဖန်တီးပါသည်။ တီဗီဇာတ်လမ်း စီးရီးအသစ်များဖြင့် စိတ်ပြောင်းအောင် ပြုလုပ်ကြသည်။ Facebook သတင်းများ ကြည့်မိကြသည်။ အတွေးများဖြင့် တစ်ကိုယ်တည်း ရှိနေသည်ကို မခံနိုင်သောကြောင့် ဖြစ်ပါသည်။

ထိုသို့ဖြစ်ရန် မလိုပါ။ ကျွန်ုပ်တို့ဘဝတွင် ရှိသောအရာကို ကျေးဇူးတင်သင့်ကြောင်း၊ အခြားသူများနှင့် လုံးဝ မနှိုင်းယှဉ်သင့်ကြောင်း အားလုံးသိကြပါသည်။ သို့သော် ထိုအချက်က ဘာကိုဆိုလိုပါသလဲ။ စိုးရိမ်သောကကို မည်ကဲ့သို့ ကျော်လွှား၍ရနိုင်မလဲ။

ခဏရပ်ပါ

ကျွန်ုပ်တို့သည် ခေတ္တရပ်နားပြီး ကိုယ့်ဘဝကိုယ် ဆန်းစစ်ရန်လိုပါသည်။ ပျင်းစရာ ကောင်းသလို ရှိသော်လည်း ထိုသို့ မပြုလုပ်၍ မရပါ။ ဘဝတွင် ဘာကို အလိုရှိပါသလဲ။ လူတိုင်းအတွက် မှန်ကန်သောနည်းလမ်း မရှိသော်လည်း မိမိရှေ့မှ တစ်လမ်းတည်း လျှောက်သွားသူများ ရှိပါသည်။ နာမည်ကျော်ရော့ခ် အဆိုတော် ဖြစ်ချင်စိတ် ရှိနိုင်သော်လည်း ၂၄ နာရီ၊ ၇ ရက်စလုံး သတင်းထောက်များက ကိုယ့်နောက်လိုက်နေသည်ကို တကယ်ပင် နှစ်သက်နိုင်မလား။ ရော့ခ် အဆိုတော် များသည် နှစ်ကြာလာသောအခါ ပိုပြီး ပျော်ရွှင်လာကြသလား။ ဘယ်နှယောက် အရက်နှင့် မူးယစ်ဆေးဘက် လှည့်သွားကြသလဲ။ ထိုအခါ ကျွန်ုပ်တို့သည် ထိုအတွက် အချိန်နှင့် ခွန်အား စိုက်ထုတ်ကြိုးစားလိုစိတ် ရှိသလားဆိုသည်ကို စဉ်းစားရပါမည်။

စံထားရမည့်ပုဂ္ဂိုလ်တစ်ဦးကို ရှာဖွေပါ

ပိုပျော်ရွှင်ပြီး ပိုအဓိပ္ပာယ်ရှိသော ဘဝဖြင့် နေထိုင်ရန် နည်းလမ်းကို တွေ့ရှိပါက နောက်တစ်ဆင့်မှာ ထိုအတိုင်း ပြည့်စုံနေသူကို ရှာဖွေရန် ဖြစ်ပါသည်။ နာမည်ကျော် ဂီတပညာရှင် ဖြစ်လိုပါက လေ့ကျင့်ရန်လိုပါသည်။ ဘောလုံးသမား ဖြစ်လိုပါက လေ့ကျင့်ရန် လိုပါသည်။ လမ်းလျှောက်တတ်ရန် အတွက်ပင် ယခုမမှတ်မိတော့သော်လည်း လေ့ကျင့်ခဲ့ရ ပါသည်။ ယခုဆိုလိုသည်မှာ အကြောင်းတရား မရှိဘဲ ရလဒ် မရှိပါ။ ဘဝတွင် နေရာတစ်ခုသို့ ရောက်သွားခြင်းသည် တစိုက်မတ်မတ် ဆောင်ရွက်ရပါသည်။ စံပြပုဂ္ဂိုလ်က ကျွန်ုပ်တို့ကို လမ်းညွှန်ချက်များ ပေးနိုင်ပြီး စိတ်အား ထက်သန်မှုလည်း များစွာပေးနိုင်ပါသည်။

အခြားသူများကို ကူညီပါ

ကျွန်ုပ်တို့ ကိုယ်ပိုင် အတွေးနှင့် ဆန္ဒများတွင် နစ်မြုပ်နေရန် အလွန်လွယ်ကူပါသည်။ ဘဝတွင် ကျွန်ုပ်တို့ လိုချင်ပြီး လိုအပ်သောအရာကို များသောအားဖြင့် စဉ်းစားကြပါသည်။ ကျွန်ုပ်တို့ လမ်းကြောင်းတွင် တစ်ယောက်ယောက် ဝင်ရှုပ်လျှင် ကြောက်လန့်မိသည်။ စိုးရိမ်သောက အများစုမှာ အထီးကျန်စိတ် ဖြစ်သော်လည်း အခြားသူများနှင့် အကောင်းဆုံး ချိတ်ဆက်နည်းမှာ သူတို့ကိုအမှန်အကန် အလေးထားရန် ဖြစ်ပါသည်။ ကိုယ့်အကြောင်းသာ တွေးနေပါက စိတ်ပျက်လာမည်သာဖြစ်ပြီး အခြားသူများကို စိတ်ရောကိုယ်ပါ ကူညီခြင်းသည် စိုးရိမ်သောက လျှော့ချကာ ပို၍ပျော်ရွှင်စေကြောင်း သိပ္ပံနည်းကျ သက်သေပြထားပါသည်။

ကြီးမားသော ကိစ္စတစ်ခု ဖြစ်ရန် မလိုပါ။ မိုးအုံ့သောနေ့တွင် တစ်ယောက်ယောက်ကို ပြုံးပြခြင်း၊ တစ်ယောက်ယောက်ကို ရိုးသားစွာ ကျေးဇူးတင်လိုက်ခြင်းဖြင့် နှစ်ဉီးနှစ်ဖက် စိတ်ပျော်ရွှင်စေနိုင်ပါသည်။ တာဝန်ရှိသည်ဆိုသော ခံစားချက်ဖြင့် မပြုလုပ်ပါနှင့်။ တစ်စုံတစ်ယောက်၏ တစ်နေ့တာ ဝမ်းမြောက်သွားလိုသော စစ်မှန်သည့် စိတ်ဆန္ဒဖြင့် ပြုလုပ်ပါ။ ထို့နောက်တွင် သင့်စိတ်အခြေအနေတွင် ဘာဖြစ်လာသည်ကို ကြည့်လိုက်ပါ။

သင့်ကိုယ်သင် သဘောပေါက်ပါ

ကျွန်ုပ်တို့ အားလုံးသည် ထူးခြားမှုရှိလိုကြပါသည်။ သို့သော် အားလုံး အတူတူသာ ဖြစ်ပါသည်။ ‘‘သင့်ကိုယ်သင် သဘောပေါက်ပါ’’ ဟု ပြောသည်မှာ ကျွန်ုပ်တို့ မည်သူလဲ ဆိုသည်ကို တကယ် နားလည်ရေး ဖြစ်ပါသည်။ အားလုံးတွင် ပြဿနာများ ရှိကြပါသည်။ ပြီးပြည့်စုံသော ဘဝဆိုသည်မှာ မရှိပါ။ သင်ထင်သမျှ အားလုံးကို မယုံကြည်ပါနှင့်။

ကျွန်ုပ်တို့ အကြည့်ရဆိုးသည်ဟုထင်သော ဓာတ်ပုံများကို လုံးဝမပြချင်ကြသလို အခြားသူများကလည်း မပြချင်ကြပါ။ လူရှေ့သူရှေ့တွင် အလှောင်ခံရမည်ကို ကြောက်ကြပါသည်။ ထိုအခါ လူတိုင်းလည်း ထိုအတိုင်းပဲ ဖြစ်ပါသည်။ ပြီးပြည့်စုံသည်ဟု ထင်ရသော ဘဝများကြားတွင် နေရသည့်ခေတ်တွင် ကျွန်ုပ်တို့ နေထိုင်သော်လည်း ထိုအမှားမျိုး မဖြစ်သင့်ပါ။ ထိုအချက်များကို သတိထားနေပါက အခြားသူများကို စိတ်ရောကိုယ်ပါ ပျော်ရွှင်စေပါက၊ ကျွန်ုပ်တို့၏ ဘဝကို အဓိပ္ပာယ်ရှိအောင် ကြိုးစားပါက ကျွန်ုပ်တို့၏ စိုးရိမ်သောကသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မည်။

Top