ရိုးသားမှု၊ ယုံကြည်မှုနှင့် ခင်မင်ရင်းနှီးမှု

Study buddhism dalai lama oa

ပျော်ရွှင်မှုဆိုသည်မှာ အဘယ်နည်း။

လူတိုင်းလူတိုင်း ပျော်ရွှင်သောဘဝကို အလိုရှိကြပါသည်။ သို့ဆိုလျှင် ပျော်ရွှင်မှုဆိုသည်မှာ အဘယ်နည်း။ ရေရှည် တည်တံ့ပြီး စိတ်ချရသော ပျော်ရွှင်မှုသည် အဘယ်နည်း။ ဤအချက်ကို နက်နက်ရှိုင်းရှိုင်း လေ့လာရန်လိုပါသည်။ နှစ်သက်စရာတစ်ခုခု မြင်တွေ့ခြင်း၊ နှစ်သက်စရာတစ်ခုခု ကြားခြင်း၊ အနံ့၊ အရသာကောင်းခြင်း စသည့် တွေ့ကြုံရမှုများ ကဲ့သို့ ကျွန်ုပ်တို့၏ အာရုံခံကိုယ်အင်္ဂါများမှ အဓိကပေါ်ထွက်လာသည့် ပျော်ရွှင်မှုသည် စိတ်ကျေနပ်မှုအချို့ ပေးပါသည်။ သို့သော် ထိုအထိအတွေ့အာရုံများတွင် အခြေခံသော သာယာမှုသည် အပေါ်ယံသာဖြစ်သည်။ အချို့သော ဖြည့်ဆည်း ပေးမှုများ ရှိနေသရွေ့ ပျော်ရွှင်မှု သို့မဟုတ် သာယာမှု ရရှိသော်လည်း အနှောင့်အယှက်ပေးသည့် အသံကြီးတစ်ခုခု ပေါ်ထွက်လာသည်နှင့် သာယာဖွယ် မကောင်းတော့ပါ။ သို့မဟုတ် တီဗီကြည့်ရသည်ကို သာယာနေမည်ထင်သူများက တီဗီမရှိတော့သည်နှင့် တစ်နာရီလောက်အတွင်းမှာပင် ပျင်းရိလာကြပါသည်။ အချို့သူများမှာ ကမ္ဘာအရပ်ရပ်သို့ ခရီးသွားလာရသည်ကို အလွန်ပျော်ရွှင်ကြပြီး နေရာ၊ ယဉ်ကျေးမှု၊ ဂီတ၊ အစားအသောက်အရသာ အမျိုးမျိုးကို အမြဲ တွေ့ကြုံလိုကြသည်။ ဤသည်မှာ စိတ်လေ့ကျင့်မှုမှတစ်ဆင့် စိတ်ငြိမ်းချမ်းမှု မဖန်တီးနိုင်ခြင်းကြောင့် ပေါ်ထွက်လာသည်ဟု  ယူဆပါသည်။

သို့သော် ထိုသူတို့သည် နှစ်ပေါင်းများစွာတိုင် တစ်ကိုယ်တည်း နေထိုင်ပြီး အပျော်ရွှင်ဆုံးဘဝကို အမှန်ပင် ရရှိကြပါသည်။ ဘာစီလိုနာမြို့တွင် တစ်ခါက ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးနှင့် ကျွန်ုပ်တွေ့ဆုံရာ သူ၏အင်္ဂလိပ်စာမှာ မိမိလိုပင် ဖြစ်သည့်အတွက် သူနှင့် စကားပြောရန် ပိုပြီး သတ္တိရှိပါသည်။ ဘုန်းတော်ကြီးသည် တောင်တန်းဒေသတွင် တစ်ကိုယ်တည်း နေထိုင်ပြီး ငါးနှစ် ကုန်ဆုံးခဲ့ကြောင်း အစီအစဉ်ကျင်းပသူက ပြေသည်။ တောင်တန်းဒေသတွင် သူဘာလုပ်သလဲဟု မေးသောအခါ မေတ္တာအကြောင်း တွေးခေါ်ခြင်း သို့မဟုတ် တရားရှုမှတ်ခြင်း ပြုလုပ်သည်ဟု ဆိုပါသည်။ ထိုသို့ပြောသောအခါ သူ့မျက်လုံးတွင် ထူးခြားသော ဖော်ပြချက်တစ်ခုတွေ့ရပြီး သူအမှန်ပင် စိတ်ငြိမ်းချမ်းမှု ခံစားရသည်ကို ဖော်ပြနေပါသည်။ ထို့ကြောင့် ဤအချက်မှာ အထိအတွေ့ အာရုံများအပေါ် မတည်မှီသော စိတ်ငြိမ်းချမ်းမှု နမူနာတစ်ခု ဖြစ်ပါသည်။ သို့သော် နက်ရှိုင်းသော တန်ဖိုးအချို့ကို ဖော်ထုတ်ရာမှတစ်ဆင့် ရရှိခြင်းဖြစ်သည်။ မေတ္တာအကြောင်း မပြတ်စဉ်းစားမှုမှတစ်ဆင့် စစ်မှန်သော ငြိမ်းအေးမှုကို အမှန်ပင် ဖန်တီးပေးပါသည်။

ထို့ကြောင့် ယခုအခါ ဟောပြောပွဲများတွင် ကျွန်ုပ်သည် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေမှုအတွက် ပစ္စည်းဥစ္စာတိုးတက်မှုက အထူးအရေးပါကြောင်း အမြဲပြောကြားခဲ့ပါသည်။ သို့သော်လည်း ပစ္စည်းဥစ္စာ တန်ဖိုးက စိတ်အေးချမ်းမှုကို လုံးဝ မပေးနိုင်ပါ။ တစ်ခါတစ်ရံ လူတို့ပိုချမ်းသာလာသောအခါ ပိုလောဘကြီးလာပြီး စိတ်ဖိစီးမှုပိုများလာပါသည်။ ထိုအခါ မပျော်ရွှင်တော့ပါ။ ထို့ကြောင့် ပျော်ရွှင်သောဘဝ ရရှိရန် ပစ္စည်းဥစ္စာ တန်ဖိုးပေါ်တွင်သာ အားမထားပါနှင့်။ ပစ္စည်းဥစ္စာ တန်ဖိုးများမှာ လိုအပ်သော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ် တန်ဖိုးများကိုလည်း ပိုပြီးလေးနက်စွာကြည့်ရန် လိုပါသည်။ ဘာသာရေး ယုံကြည်မှု ရှိခြင်း၊ မရှိခြင်းနှင့် မဆိုင်ဘဲ လူသားများ ဖြစ်နေသရွေ့ စိတ်ငြိမ်းချမ်းမှုက မရှိမဖြစ်လိုအပ်ပါသည်။

စိတ်ငြိမ်းချမ်းခြင်းနှင့် ကျန်းမာရေးကောင်းခြင်း

အလွန်စိတ်ဖိစီးမှုကြောင့် သွေးဖိအားနှင့် အခြားကိစ္စများတွင် ပြဿနာများ ဖြစ်ပေါ်စေသည်ဟု အချို့သိပ္ပံပညာရှင်များက တွေ့ရှိထားသည်ဟု ပြောသည်။ ထို့ပြင် အမြဲတမ်း ကြောက်လန့်မှု၊ ဒေါသနှင့် အမုန်းတရားတို့ရှိပါက ကျွန်ုပ်တို့၏ ကိုယ်ခံအားစနစ်ကို အမှန်ပင် ချို့တဲ့စေကြောင်း အချို့ဆေးသိပ္ပံ ပညာရှင်များက ပြောသည်။ ထို့ကြောင့် ကျန်းမာရေး ကောင်းရန် အရေးအကြီးဆုံး အချက်တစ်ခုမှာ စိတ်ငြိမ်းချမ်းမှု ဖြစ်ပါသည်။ အကြောင်းမှာ ကျန်းမာသော ခန္ဓာကိုယ်နှင့် ကျန်းမာသောစိတ်က အလွန်ပင်ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အတွေ့အကြုံအရ လွန်ခဲ့သောနှစ်နှစ်က သတင်းစာရှင်းလင်းပွဲ တစ်ခုခုတွင် မီဒီယာပုဂ္ဂိုလ် တစ်ယောက်က ကျွန်ုပ်၏ ပြန်ဝင်စားမှုအကြောင်း မေးသည်။ ကျွန်ုပ်က မျက်မှန်ချွတ်လိုက်ပြီး သူ့ကိုကြည့်ကာ ‘‘ကျွန်ုပ်၏မျက်နှာကို အကဲခတ်ခြင်းဖြင့် ကျွန်ုပ်၏ ပြန်ဝင်စားမှုသည် အရေးတကြီးကိစ္စဟုတ်ရဲ့လား’’ ဟုမေးလိုက်သည်။ ထိုအခါ အလောတကြီး မဟုတ်ပါကြောင်း သူကပြောသည်။

ကျွန်ုပ်သည် ဥရောပတိုက်သို့ မကြာသေးမီက ရောက်ရှိကာ ယခင်ကမိတ်ဆွေဟောင်းများက ကျွန်ုပ်၏ အသက်နှစ်ဆယ်၊ သုံးဆယ်နှင့် လေးဆယ်လောက်က ဓာတ်ပုံများဖြင့် နှိုင်းယှဉ်ကာ အားလုံးက ကျွန်ုပ်၏မျက်နှာ နုပျိုသည်ဟုပြောပါသည်။ ကျွန်ုပ်၏ဘဝတွင် ပြဿနာ များစွာဖြင့် အခက်အခဲ ကာလများ အမှန်တကယ် ဖြတ်ကျော်ခဲ့သည်ကို တွေ့နိုင်ပါသည်။ စိုးရိမ်သောက၊ စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်ခြင်းတို့ ဖြစ်ပေါ်ရန် လုံလောက်သော အချက်များ ရှိပါသည်။ သို့သော် ကျွန်ုပ်၏ စိတ်က အတော်လေး ငြိမ်းချမ်းသည်ထင်ပါသည်။ မကြာခဏ စိတ်ဆိုးတတ်သော်လည်း ကျွန်ုပ်၏ စိတ်အခြေအနေမှာ အခြေခံအားဖြင့် အတော်လေး ငြိမ်းချမ်းပါသည်။

အလှကုန်ပစ္စည်းအတွက် ငွေကြေးများစွာ သုံးစွဲသူအမျိုးသမီးငယ်များကိုလည်း ကျီစယ်ချင်ပါသည်။ ပထမဦးစွာ ထိုအလှကုန်များက အရမ်းစျေးကြီးသည်ဟု သင်တို့ခင်ပွန်းများက ပြောနိုင်ပါသည်။ မည်သို့ဆိုစေ ပြင်ပအလှအပက အရေးကြီးသော်လည်း ပိုပြီးအရေးကြီးသည်မှာ အတွင်းစိတ်၏အလှ ဖြစ်ပါသည်။ လှပသော မျက်နှာ ပိုင်ဆိုင်နိုင် သော်လည်း စစ်မှန်သော အပြုံးနှင့်ချစ်ခင်မှုတို့ ရှိပါက မိတ်ကပ်မပါလည်း အကျည်းတန်မျက်နှာက နှစ်သက်ဖွယ် ဖြစ်နေပါသည်။ ဒါက စစ်မှန်သော အလှ၊ ကျွန်ုပ်တို့ကိုယ်ထဲက စစ်မှန်သော တန်ဖိုး ဖြစ်သည်။ ပြင်ပ အသုံးအဆောင် များက ဆိုင်ကြီးကြီး၊ စူပါမားကတ်ကြီးကြီး ငွေကြေးများစွာ လိုပါသည်။ သို့သော် စိတ်ငြိမ်းချမ်းမှုက အကုန်အကျမရှိပါ။ ထိုအတွင်းစိတ် တန်ဖိုးများကို စဉ်းစားကာ ယင်းတို့နှင့် ရင်းနှီးအောင်လုပ်ပါ။ အပျက်သဘော စိတ်ခံစားချက်များက တဖြည်းဖြည်း လျော့ပါးသွားပါမည်။

အခြားသူများကောင်းကျိုးအတွက် ထည့်စဉ်းစားပေးသော စာနာစိတ်သဘောထားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသောအခါ သင့်ဆောင်ရွက်ချက်အားလုံးကို ပွင့်လင်းမြင်သာစွာ၊ ရိုးသားမှန်ကန်စွာ ဆောင်ရွက်နိုင်ပါသည်။ ထိုအခါ အခြားသူများနှင့် ယုံကြည်မှု ရှိလာပြီး ယုံကြည်မှုသည် ခင်မင်ရင်းနှီးမှု၏အခြေခံ ဖြစ်ပါသည်။ လူသားတို့မှာ သူငယ်ချင်းမိတ်ဆွေ လိုအပ်သော လူမှုရေး သတ္တဝါများဖြစ်သည်။ သူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ ငွေကြေး၊ ပညာတတ်ခြင်း၊ အသိပညာရှိရန် မလိုဘဲ မိတ်ဆွေဖြစ်ခြင်း၏ အဓိက အချက်မှာ ယုံကြည်မှုပင်ဖြစ်သည်။ ထို့ကြောင့် အခြားသူများ၏ ဘဝနှင့် သာယာဝပြောရေးကို အလေးထား လေးစားသည့်စိတ်က စကားဝိုင်းဖွဲ့ခြင်းအတွက် အခြေခံပင် ဖြစ်ပါသည်။

Top