ဘာသာတရားထက် ကျော်လွန်သော ကျင့်ဝတ်အကြောင်း

ဒုတိယအဆင့် ခြားနားချက်များအပေါ် အလေးထား ပြောကြားမှု၏ အားနည်းချက်များ

ညီအစ်ကိုမောင်နှမများခင်ဗျား။ ယခုလို အားလုံးနှင့် စကားပြောခွင့်ရသည့်အတွက် အရမ်းဝမ်းသာပါသည်။ အရင်ဆုံး လူတွေနှင့် စကားပြောသည့်အခါ ကိုယ့်ကိုယ်ကို လူသားတစ်ယောက်လို့ တွေးကြဖို့ အမြဲတမ်း ရှင်းရှင်းလင်းလင်း ပြောပါသည်။ ဥပမာ၊ “ဆွစ်လူမျိုး ဖြစ်ပါတယ်” “အီတလီလူမျိုး ဖြစ်ပါတယ်” ဒါမှမဟုတ် “ပြင်သစ်လူမျိုး ဖြစ်ပါတယ်” ဟူ၍ မတွေးကြဖို့ဖြစ်ပါသည်။ ကျွန်ုပ်၏ ဘာသာပြန်က သူသည် ပြင်သစ်လူမျိုးဟု မတွေးသင့်ပါ။ ကျွန်ုပ်သည်လည်း တိဘက်လူမျိုး ဖြစ်သည်ဟု မတွေးသင့်ပါ။ ထို့ပြင် ကျွန်ုပ်သည် ဗုဒ္ဓဘာသာ ဖြစ်သည်ဟု မတွေးသင့်ပါ။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်၏ ဟောပြောပွဲများမှာ ပျော်ရွှင်ပြီး အနှောင့်အယှက်ကင်းသည့် ဘဝမျိုး နေထိုင်ဖို့ဆိုသည်မှာ လူသားဆိုသည့် အခြေခံပေါ်တွင် နေထိုင်ရေး ဖြစ်ပါသည်။

လူသားပေါင်းသန်းခုနစ်ထောင်မှာ တစ်ယောက်စီတိုင်းက ပျော်ရွှင်သည့်ဘဝကို နေထိုင်လိုပြီး လူတိုင်းမှာ ထိုရည်မှန်းချက် အောင်မြင်ရန် အခွင့်အရေးအားလုံး ရှိပါသည်။ “တိဘက်လူမျိုး ဖြစ်တယ်” ဆိုသည့် ဒုတိယအဆင့် ခြားနားချက်များကို အလေးပေးသည့်အခါ တိဘက်အကြောင်းကို ကျွန်ုပ်ကပိုပြီး အလေးထားမိလာပါသည်။ ထို့အတူပင် “ဗုဒ္ဓဘာသာ ဖြစ်တယ်” ဆိုပါက အခြားဗုဒ္ဓဘာသာဝင်များနှင့် နီးကပ်သည့် ခံစားချက်မျိုး ရှိလာသော်လည်း အခြား ယုံကြည်မှုများ မှနေ၍ အနည်းငယ် ဝေးကွာမှု အလိုအလျောက် ဖြစ်လာစေပါသည်။

ဤအမြင်က တကယ်တော့ အတိတ်က လူသားများ ရင်ဆိုင်ခဲ့ရသည့် ပြဿနာများ၊ ကြီးမားလှသည့် အကြမ်းဖက်မှုများ အပါအဝင် ပြဿနာများ၏ ရင်းမြစ်ဖြစ်ပါသည်။ နှစ်ဆယ့်တစ်ရာစုမှာလည်း ဆက်လက်ရင်ဆိုင်နေရပါသည်။ အခြား သူများကိုလည်း မိမိကဲ့သို့ လူသားအဖြစ် ယူဆသောအခါ အကြမ်းဖက်မှု လုံးဝဖြစ်လာမည် မဟုတ်ပါ။ အချင်းချင်း သတ်ဖြတ်နေရန် အကြောင်းမရှိပါ။ သို့သော် တစ်ခုတည်းသော လူသားထုဆိုသည်ကို မေ့လျော့ပြီး “မိမိနိုင်ငံ” နှင့် “သူတို့နိုင်ငံ”၊ “မိမိဘာသာ” နှင့် “သူတို့ဘာသာ” စသည့် ဒုတိယအဆင့် ခြားနားချက်များအပေါ် အာရုံစိုက်သောအခါ စည်းခြားမှုများ ဖန်တီးမိပြီး ကိုယ်ပိုင်လူမျိုးအတွက်၊ ကိုယ်ပိုင်ဘာသာကို လိုက်နာသူများအတွက် ပို၍ အာရုံစိုက်မိ လာပါသည်။ ထိုအခါ အခြားသူများ၏ အခွင့်အရေးကို အလေးမထားတော့ဘဲ အခြားသူများ၏ အသက်ကိုပင် လေးစားမှု မရှိတော့ပါ။ ယနေ့ရင်ဆိုင်နေကြရသည့် ပြဿနာများစွာသည် ဒုတိယအဆင့် ခြားနားချက်များအပေါ် အလွန်အမင်း အလေးထားဂရုစိုက်သည့် ဤအခြေခံကြောင့် ပေါ်ထွက်လာပါသည်။

ယခုအခါ ဤအတွက် တစ်ခုတည်းသော ကုစားမှုမှာ အကာအရံ၊ အတားအဆီးများမပါဘဲ လူသားဆိုသောအဆင့်တွင် ကိုယ့်ကိုယ်ကို ယုတ္တိကျစွာ တွေးရန် ဖြစ်ပါသည်။ ဥပမာ၊ ကျွန်ုပ်ဟောပြောပွဲများ ပြုလုပ်သောအခါ မိမိကိုယ်ကို တိဘက် ဗုဒ္ဓဘာသာဟု ယူဆပြီး “ဒလိုင်းလားမား ဆရာတော်ကြီး” ဟု ကိုယ့်ကိုယ်ကို တွေးမိသောအခါတွင်ကား ပရိသတ်နှင့် မိမိအကြား ခြားနားချက်အချို့ကို ဖန်တီးမိပါသည်။ ဒါက မိုက်မဲပါသည်။ သင်တို့၏နေထိုင်ကောင်းမွန်ရေးကို ကျွန်ုပ်ရိုးသားစွာ အလေးထားပါက မိမိကဲ့သို့လူသားများဖြစ်သည့် လူသားညီအစ်ကိုမောင်နှမများ ဆိုသည်အဆင့်တွင် စကားပြောရပါမည်။ တကယ်တော့ ကျွန်ုပ်တို့အားလုံး စိတ်၊ စိတ်ခံစားချက်၊ ရုပ်ပိုင်းဆိုင်ရာတို့တွင် အတူတူဖြစ်ပါသည်။ ထိုထက်အရေးကြီးသည်မှာ လူတိုင်းက ဒုက္ခတစ်ခုခုမကြုံဘဲ ပျော်ရွှင်သောဘဝကို အလိုရှိကြပါသည်။ ကျွန်ုပ်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထို့ကြောင့် ဤအဆင့်တွင် ပြောဆိုကြပါမည်။

လောကီကျင့်ဝတ်

လောကီကျင့်ဝတ်သည် ဇီဝဗေဒ အစိတ်အပိုင်းများနှင့် များစွာဆက်စပ်ပါသည်။ သို့သော် ဘာသာရေး ယုံကြည်ချက်သည် လူသားများတွင်သာ ရှိသည့်အရာ ဖြစ်ပါသည်။ လူသားထုအကြားတွင် ယုံကြည်ချက် ဖြစ်ပေါ်လာသော်လည်း ဇီဝဗေဒ အစိတ်အပိုင်းတစ်ခု မဟုတ်တာ သေချာပါသည်။ လောကီကျင့်ဝတ်သည် လူသားထု သန်းခုနစ်ထောင်စလုံးနှင့် ဆိုင်ပါသည်။ မနေ့က ပြောခဲ့သလိုပင် လူဉီးရေ သန်းခုနစ်ထောင်ထဲတွင် သန်းတစ်ထောင်က ဘာသာရေးယုံကြည်မှု မရှိကြောင်း တရားဝင် ပြောကြားထားပါသည်။ ထိုအခါ ဘာသာရေးယုံကြည်မှုရှိသည်ဟု ယူဆရသော သန်းခြောက်ထောင်ကို စဉ်းစားပါက အကျင့်ပျက်သူများစွာ ရှိပါသည်။ အသရဖျေက်မှု၊ အမြတ်ထုတ်မှု၊ လာဘ်ပေး လာဘ်ယူမှု၊ လိမ်လည်မှု၊ လိမ်ညာမှုနှင့် အနိုင်ကျင့်မှုများ ရှိပါသည်။ ဤသည်မှာ ကိုယ့်ကျင့်တရား စည်းကမ်းများတွင် မှန်ကန်သော ယုံကြည်ချက်မရှိခြင်းကြောင့်ဟု ထင်ပါသည်။ ထို့ကြောင့် ဘာသာတရားကိုပင် လွဲမှားသောလက်နက်အဖြစ် အသုံးပြုကြပါသည်။ မနေ့က ပြောခဲ့သလားတော့ မမှတ်မိပါ။ တစ်ခါတစ်ရံ ဘာသာတရားက လှည့်ဖျားပြီးမည်သို့ ပြုမူရမည်ကို သင်ပေးသကဲ့သို့ ကျွန်ုပ်ခံစားရပါသည်။ ‘‘မေတ္တာတရား’’ နှင့် ‘‘ကရုဏာ’’ ကဲ့သို့သော နှစ်သက်စရာများ ပြောနေသော်လည်း အမှန်တွင် ထိုအတိုင်း မကျင့်ကြံဘဲ မတရားမှုများစွာ ရှိနေပါသည်။

ဘာသာတရားက ထိုနှစ်သက်စရာများအကြောင်းကို အစဉ်အလာပုံစံအားဖြင့် ပြောကြားသော်လည်း သင့်နှလုံးသားနှင့် အမှန်တကယ် ချိတ်ဆက်သည့်ပုံစံဖြင့် မဟုတ်ပါ။ ဤသည်မှာ လူတို့၏ ကိုယ်ကျင့်တရားစည်းကမ်း မရှိခြင်းကြောင့် သို့မဟုတ် ကိုယ်ကျင့်တရားစည်းကမ်းများ၏ တန်ဖိုးတွင် ယုံကြည်ချက် မရှိခြင်းကြောင့် ဖြစ်ပါသည်။ လူတစ်ယောက် ဘာသာတရား သက်ဝင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ထိုကိုယ်ကျင့်တရားစည်းကမ်းများအကြောင်း လူတို့ကို မည်ကဲ့သို့ ပညာပေးရမည်ကို လေးနက်စွာ စဉ်းစားရန်လိုပါသည်။ ထို့ထက်ပို၍ ဘာသာတရားကို ပေါင်းထည့် နိုင်ပါက စစ်မှန်သော ဘာသာတရား ဖြစ်လာပါသည်။ မနေ့က ပြောခဲ့သလိုပင် ဘာသာတရားအားလုံးသည် ထိုတန်ဖိုးများအကြောင်း ပြောထားကြပါသည်။

ကိုယ်ပိုင်နယ်ပယ်တွင် တွယ်ငြိမှု မရှိအောင်နေထိုင်ခြင်း

လွန်ခဲ့သော ရာစုနှစ်တွင် လူတို့အချင်းချင်း သတ်ဖြတ်နေစဉ် နှစ်ဖက်စလုံးက ဘုရားသခင်ကို ဆုတောင်းကြသည်။ ခက်ခဲလှပါသည်။ ယနေ့တွင်လည်း ဘာသာတရားအမည်ခံသော ပဋိပက္ခများကို တစ်ခါတစ်ရံ မြင်နိုင်ပါသည်။ နှစ်ဖက် စလုံးက ဘုရားသခင်ကို ဆုတောင်းကြမည်ဟု ထင်ပါသည်။ ဘုရားသခင်လည်း ရှုပ်ထွေးသွားမည်ထင်သည်ဟုပင် ကျွန်ုပ်မကြာခဏ ရယ်စရာပြောမိသည်။ နှစ်ဖက်စလုံးက ကောင်းချီးပေးရန် တောင်းဆိုပြီး ဘုရားသခင်ထံ ဆုတောင်း နေသောအခါ ဘုရားသခင် မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း။ ခက်ခဲသည့်ကိစ္စ ဖြစ်ပါသည်။ အာဂျင်တီးနားနိုင်ငံတွင် သိပ္ပံပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် တစ်ခါက ဆွေးနွေးခဲ့ရာ မတူညီသော ဘာသာတရားများအကြား အစည်းအဝေး ပြုလုပ်ခြင်း မဟုတ်သော်လည်း မာတုရာန အမည်ရှိ ရူပဗေဒပညာရှင်တစ်ယောက်နှင့် ဆုံပါသည်။ သူက ကွယ်လွန်သွားပြီဖြစ်သော ဗာရဲလာ၏ ဆရာဖြစ်ပြီး သူ့ကို ဆွစ်ဇာလန်နိုင်ငံတွင် ယခင်က ဆုံဖူးပါသည်။ ထို့နောက် အာဂျင်တီးနားတွင် ဆုံပြီးနောက်ပိုင်း မတွေ့တော့ပါ။ သူ့ဟောပြောပွဲအတွင်း သူက ရူပဗေဒပညာရှင်တစ်ယောက် အနေနှင့် သူ့ကိုယ်ပိုင်သိပ္ပံပညာနယ်ပယ်တွင် မတွယ်တာသင့်ကြောင်း ပြောကြားပါသည်။ ထို့ကြောင့် ဤအချက်က အလွန်အံ့အားသင့်စရာ ကောင်းသလို ဉာဏ်ရှိသော ပြောဆိုမှုဖြစ်ကြောင်း သိခဲ့ရပါသည်။

ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ဗုဒ္ဓဘာသာကို မတွယ်တာသင့်ပါ။ အကြောင်းမှာ တွယ်တာမှုသည် အပျက်သဘော စိတ်ခံစားချက် ဖြစ်ပါသည်။ တွယ်တာမှု ဖြစ်လာသောအခါ သင့်အမြင်များ ဘက်လိုက်လာပါသည်။ သင့်စိတ်က ဘက်လိုက်သည်နှင့် အရာရာ ဘက်မလိုက်ဘဲ မြင်နိုင်ခြင်း မရှိတော့ပါ။

ထို့ကြောင့် ဘာသာတရားအမည်ခံ ပဋိပက္ခများတွင် ပါဝင်ပတ်သက်သူများက ကိစ္စအများစုတွင် အဓိကအကြောင်းရင်းမှာ ဘာသာတရား ယုံကြည်ချက်မဟုတ်ဘဲ စီးပွားရေး သို့မဟုတ် နိုင်ငံရေး အကျိုးစီးပွားများ ဖြစ်နေသည်ဟု ထင်ပါသည်။

သို့သော် အခြေခံဝါဒီများကဲ့သို့ အချို့ကိစ္စများတွင် ထိုသူတို့သည် ကိုယ်ပိုင်ဘာသာတရားကို အလွန်အမင်း တွယ်တာကာ ထိုအချက်ကြောင့်ပင် အခြားသော ရိုးရာအစဉ်အလာများ၏ တန်ဖိုးကို မမြင်နိုင်ကြတော့ပါ။

မာတုရာန၏ ပြောကြားချက်သည် ကျွန်ုပ်အတွက် အကြံကောင်းဉာဏ်ကောင်း ဖြစ်ပါသည်။ လူအများနှင့် ဆုံတွေ့ခဲ့ခြင်းကြောင့် ကျွန်ုပ်သည် အခြားသူတို့၏ ရိုးရာအစဉ်အလာများစွာကို တန်ဖိုးထားမိပါသည်။ ကျွန်ုပ်သည် အခြေခံဝါဒီ သို့မဟုတ် အစွန်းရောက် မဟုတ်ဘူးဟု ထင်ပါသည်။ တစ်ခါက ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ လော့ဒပ်စ် သို့ရောက်ခဲ့သည့်အကြောင်း တစ်ခါတစ်ရံ ပြောပါသည်။ ဘုရားဖူးသွားခြင်းဖြစ်ပြီး ယေရှုခရစ်တော်၏ရုပ်တု ရှေ့မှောက်တွင် ရေအနည်းငယ် ရပါသည်။ ရုပ်တုရှေ့တွင် ကျွန်ုပ်ရပ်ပြီး စိတ်ကိုဆင်ခြင်ပါသည်။ ရာစုနှစ်ပေါင်းများစွာက ဤနေရာသို့ လာရောက်လည်ပတ်ခဲ့သော လူသန်းပေါင်းများစွာသည် သက်သာရာ ရှာခဲ့ကြပြီး နာမကျန်းသူများလည်း သူတို့၏ ယုံကြည်ချက်နှင့် ကောင်းချီးပေးမှုအချို့ဖြင့် ကုသပျောက်ကင်းခဲ့သည်ဟု ကြားသိရပါသည်။ ထို့ကြောင့် ထိုအချက်များကို ကျွန်ုပ်ဆင်ခြင်မိပြီး ခရစ်ယာန်ဘာသာအတွက် နက်ရှိုင်းသော တန်ဖိုးထားမှုမျိုး ခံစားရပါသည်။ မျက်ရည်ပင် ကျလုမတတ်ဖြစ်သည်။ ထို့နောက် တစ်ခါကလည်း ပေါ်တူဂီနိုင်ငံ၊ ဖာတီမာတွင် ထူးဆန်းတာတစ်ခု ကြုံပါသည်။ ကက်သလစ်နှင့် ခရစ်ယာန်ဘာသာဝင်များ အကြားတွင် ကျွန်ုပ်တို့သည် မယ်တော်မာရီ ရုပ်တုငယ်ရှေ့တွင် တိတ်ဆိတ်သော တရားထိုင်မှု ခဏတာ ပြုလုပ်ပါသည်။ ကျွန်ုပ်နှင့် အခြားသူအားလုံး ထွက်ခွါခါနီးတွင် ကျွန်ုပ်က ပြန်လှည့်ကြည့်ပြီး မယ်တော်မာရီ ရုပ်တုက ကျွန်ုပ်ကို အမှန်ပင် ပြုံးပြနေပါသည်။ သေချာထပ်ပြီး ကြည့်ရာ သူတကယ် ပြုံးနေတာ မှန်ပါသည်။ မယ်တော်မာရီက ကျွန်ုပ်၏လူမျိုးဘာသာ ခွဲခြားမှုမရှိပုံကို အနည်းငယ် အသိအမှတ်ပြုပုံ ရသည်ဟု ခံစားမိပါသည်။ ဒဿနအကြောင်း ဆွေးနွေးရန် မယ်တော်မာရီနှင့် အချိန်အနည်းငယ် ထပ်မံကုန်ဆုံးမည်ဆိုလျှင်မူ ပိုမိုရှုပ်ထွေးသောအရာတစ်ခု ပေါ်ထွက်လာနိုင်ပါသည်။

မည်သို့ဆိုစေ သင့်ကိုယ်ပိုင် ယုံကြည်မှုကို တွယ်တာမှုသည်ပင် မကောင်းပါ။ ဘာသာတရားသည် တစ်ခါတစ်ရံ ပဋိပက္ခနှင့် ကွဲပြားမှုများ ဖြစ်စေပြီး ဒါကအလေးအနက်ထားရမည့် ကိစ္စတစ်ခု ဖြစ်ပါသည်။ ဘာသာတရားသည် ဒေါသနှင့် အမုန်းတရားတို့အတွက် ဖြေဆေးဖြစ်သည့် ကရုဏာနှင့် ခွင့်လွှတ်မှုတို့ ပွားများရမည့်နည်းလမ်းတစ်ခု ဖြစ်သင့်ပါသည်။ ထို့ကြောင့် ဘာသာတရားကိုယ်တိုင်က အခြားယုံကြည်မှု ဘာသာများအပေါ် အမုန်းပွားသောအခါ ရောဂ်ကုသရမည့် ဆေးတစ်မျိုးက ရောဂါတိုးပွားစေသလို ဖြစ်လာပါသည်။ ဘာလုပ်ကြမလဲ။ ထိုဝမ်းနည်းစရာများမှာ ကိုယ်ကျင့်တရား စည်းကမ်းတွင် ယုံကြည်ချက် ကင်းမဲ့သောကြောင့် အဓိကဖြစ်ပါသည်။ ထို့ကြောင့် လောကီကျင့်ဝတ်ကို လူသိများအောင် စစ်မှန်သော အားထုတ်မှုများ ပြုလုပ်ရန် အလေ့အကျင့်နှင့် အချက်အလက်များစွာလိုအပ်နေသည်ဟု ယုံကြည်မိပါသည်။

လောကီသီးသန့်ဝါဒနှင့် အခြားသူများအပေါ် လေးစားခြင်း

လောကီ ကျင့်ဝတ်အကြောင်း ယခုပြောကြပါစို့။ အိန္ဒိယနိုင်ငံ၏ ဒုတိယသမ္မတဟောင်း အက်ဒ်ဗာနီကို ကျွန်ုပ်ကောင်းစွာ သိပါသည်။ တစ်ခါက သူသည် ကနေဒါ ရုပ်မြင်သံကြားအဖွဲ့က သူ့ကိုအင်တာဗျူးပြုလုပ်ပြီး အိန္ဒိယနိုင်ငံတွင် အောင်မြင်သော ဒီမိုကရေစီ ကျင့်သုံးမှုအတွက် အခြေခံကို မေးမြန်းကြောင်း ပြောပြသည်။ အိန္ဒိယနိုင်ငံတွင် နှစ်ထောင်ပေါင်းများစွာရှိခဲ့သည့် အစဉ်အလာမှာ အငြင်းပွားမှု သို့မဟုတ် အမြင်မတူမှုများ ရှိသည့်တိုင် အခြားသူများကို အမြဲတမ်းလေးစားခြင်း ဖြစ်သည်ဟု သူကဖြေကြားပါသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချာဗာကာ သို့မဟုတ် ‘‘နတ္ထိဝါဒ’’ ဒဿနအမြင်သည် အိန္ဒိယတွင် ထွန်းကားခဲ့သည်ဟု သူကမိမိအားပြောသည်။ အခြားအိန္ဒိယ ဒဿနအမြင် ရှိသူများက ထိုသူတို့ကို ဝေဖန်ပြီး သူတို့အမြင်ကို ရှုတ်ချကြပါသည်။ သို့သော် ချာဗာကာ အမြင်ရှိသူများကို ‘‘ရီရှီ’’ ဟု ခေါ်ဆိုနေကြဆဲဖြစ်ပြီး သူတော်စင်ဟု အဓိပ္ပာယ် ရပါသည်။ ဤသည်မှာ သဘောထားမတူညီမှုများ သို့မဟုတ် အပြင်းအထန် ဆွေးနွေးမှုများ ရှိသော်လည်း လေးစားမှုရှိနေသေးသည်ကို ဖော်ပြပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဘာသာတရား မယုံကြည်သူများကိုလည်း လေးစားမှုရှိကြရပါမည်။

ကျွန်ုပ်၏မိတ်ဆွေအချို့မှာ ခရစ်ယာန်ဖြစ်ပြီး အချို့မှာ မူဆလင်ဖြစ်ပြီး ‘‘လောကီသီးသန့်ဝါဒ’’ ဆိုသောစကားကို အနည်းငယ် တွန့်ဆုတ်ကြောင်း မနေ့က ပြောခဲ့ပါသည်။ ဤသည်မှာ ပြင်သစ်တော်လှန်ရေး သို့မဟုတ် ဘော်ရှီဗစ် တော်လှန်ရေးကာလတွင် ဘာသာရေးကို ဆန့်ကျင်လိုစိတ် ရှိထားသောကြောင့် ဖြစ်သည်ဟု ထင်ပါသည်။ သို့သော် ဘာသာရေးနှင့် ဘာသာရေး အဖွဲ့အစည်းများအကြား ရှင်းလင်းစွာ ခွဲခြားထားလိုပါသည်။ ထိုနှစ်ခုမှာ မတူပါ။ အသိတရားရှိသူတိုင်း ဘာသာတရားကို ဘာကြောင့် ဆန့်ကျင်ရပါမည်နည်း။ ဘာသာတရားဆိုသည်မှာ မေတ္တာနှင့် ကရုဏာကို ဆိုလိုပြီး မည်သူမျှ ယင်းတို့ကို ဝေဖန်၍မရနိုင်ပါ။ ဘာသာရေး အဖွဲ့အစည်းများမှာမူ အနည်းငယ် ခြားနားပါသည်။ ပြင်သစ်နှင့် ဘော်ရှီဗစ် တော်လှန်ရေးကာလ နှစ်ခုစလုံးတွင် အုပ်ချုပ်သူ လူတန်းစားက ပြည်သူလူထုကို အမှန်ပင် ညှဉ်းပမ်းမှုရှိခဲ့ပါသည်။ ထို့ပြင် အုပ်ချုပ်သူ လူတန်းစားက ဘာသာရေး အဖွဲ့အစည်းများမှ အပြည့်အဝ ထောက်ခံမှုလည်း ရရှိပါသည်။ ထို့ကြောင့် အုပ်ချုပ်သူ လူတန်းစားကို ဆန့်ကျင်ရန် ဆုံးဖြတ်ချက်ချမှတ်ပါက ဘာသာရေး အဖွဲ့အစည်းများကို ဆန့်ကျင်မှုလည်း ထည့်သွင်းရသည်မှာ ယုတ္တိကျပါသည်။ ထို့ကြောင့် ဘာသာရေး သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်လိုစိတ်အချို့ ရှိခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့ခေတ်မှာလည်း တိဘက်ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းအပါအဝင် ဘာသာရေး အဖွဲ့အစည်းများအတွင်း အမြတ်ထုတ်မှု အချို့ ရှိနေပါသည်။ ဒါကို ကျွန်ုပ်တို့ဆန့်ကျင်ရပါမည်။ ကျွန်ုပ်၏ကိုယ်ပိုင် အလေ့အကျင့်မှာ လွန်ခဲ့သောနှစ်နှစ်က ကျွန်ုပ်သည် ဒလိုင်းလားမားက တိဘက်လူမျိုးများ၏ သမိုင်းစဉ်ဆက် ဘာသာရေး ခေါင်းဆောင် အလိုအလျောက် ဖြစ်ခဲ့သည့် ရာစုနှစ်လေးခု ကြာမြင့်ပြီဖြစ်သော အစဉ်အလာကို အဆုံးသတ်ခဲ့ပါသည်။ ယင်းကို ကျွန်ုပ်သည် ပျော်ရွှင်ဂုဏ်ယူစွာ ဆန္ဒအလျောက် အဆုံးသတ်ပါသည်။ အဆိုပါကိစ္စများသည် ဘာသာရေး၏ စစ်မှန်သောတန်ဖိုး သို့မဟုတ် ဓမ္မကို အမှန်ပင် ပျက်ယွင်းစေပါသည်။ ထို့ကြောင့် ဘာသာရေးအဖွဲ့အစည်းများနှင့် စစ်မှန်သော ဘာသာရေးကျင့်သုံးမှုနှင့် သတင်းစကားများအကြား ကျွန်ုပ်တို့ခွဲခြားထားရပါမည်။

လောကီသီးသန့်ဝါဒအပေါ် အိန္ဒိယနိုင်ငံ၏ နားလည်မှုအရ ဘာသာရေးအတွက် အပျက်သဘော ခံစားချက်လုံးဝ မရှိပါ။ ဘာသာတရားအားလုံးကို လေးစားသလို ဘာသာတရားမယုံကြည်သူများကိုလည်း လေးစားပါသည်။ ဤသည်မှာ အလွန်ဉာဏ်ရှိသည်ဟု ထင်ပါသည်။ ဒါကို ကျွန်ုပ်တို့ဘယ်လို လူသိများအောင် လုပ်နိုင်မလဲ။ တရားဟောပြောခြင်း ဖြင့်လား။ မဟုတ်ပါ။ သို့ဆိုလျှင် ဆုတောင်းခြင်းဖြင့်လား။ မဟုတ်ပါ။ သို့သော် ပညာရေးမှဆိုလျှင်တော့ မှန်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ တစ်ကိုယ်ရေ ကျန်းမာရေးအတွက် ပညာပေးကြပါသည်။ သို့ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ခံစားချက် ကျန်းမာရေးအတွက် ဘာကြောင့် ပညာမပေးနိုင်ရမလဲ။ ကျန်းမာသောစိတ်ကို ဂရုစိုက်နည်းအကြောင်း ရိုးရှင်းသော အသိပညာ ဖြစ်ပါသည်။ ဘုရားသခင် သို့မဟုတ် နောက်ဘဝအကြောင်း၊ ဗုဒ္ဓ သို့မဟုတ် နိဗ္ဗာန်အကြောင်း ပြောရန်မလိုပါ။ စိတ်ဖြင့် ပျော်ရွှင်သူတစ်ဉီး ဖြစ်လာနည်းအကြောင်းလေးသာ ပြောရန်လိုပါသည်။ ပျော်ရွှင်သူ တစ်ယောက်က ပျော်ရွှင်သော မိသားစု ဖြစ်စေပြီး ပျော်ရွှင်သော အသိုင်းအဝိုင်း ဖြစ်စေပါသည်။ ထို့ကြောင့် စိတ်ခံစားချက် ကျန်းမာရေးအကြောင်း သင်ခန်းစာအချို့ပေးရန် လိုသည်ဟုထင်ပါသည်။

စိတ်ခံစားချက် ကျန်းမာရေး

စိတ်ခံစားချက် ကျန်းမာရေးဆိုတာဘာလဲ။ ကျွန်ုပ်တို့၏ တည်ငြိမ်သောစိတ် သို့မဟုတ် စိတ်ငြိမ်းချမ်းမှုကို ဖျက်ဆီးသော အချက်များအား ဂရုစိုက်ခြင်းကို ဆိုလိုပါသည်။ ထိုအချက်များသည် စိတ်ရောဂါနှင့် တူပါသည်။ အကြောင်းမှာ ထိုအပျက်သဘော ခံစားချက်များက သင်တို့၏ ငြိမ်းချမ်းပြီး ကျန်းမာသောစိတ်ကို ဖျက်ဆီးရုံသာမက အမှန်အတိုင်း စိတ်ကဆုံးဖြတ်နိုင်စွမ်းကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဖြစ်ပါသည်။ ထိုအခါ သင့်မှာ ဒေါသကြီးနေချိန် ဖြစ်ပါက အလွန်ထိခိုက်မှု ရှိနိုင်ပါသည်။ အမှန်ကို မမြင်တော့ဘဲ စိတ်ကဘက်လိုက်မှု ရှိလာသည်။ တွယ်တာမှု ရှိနေပါကလည်း အမှန်ကို အမှန်အတိုင်း မမြင်နိုင်တော့ပါ။ ဤသည်မှာ စိတ်ရောဂါ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်သဘာဝမှာ သတိရှိမှု ဖြစ်သောကြောင့် ထိုသတိရှိနိုင်စွမ်းကို လျှော့ချသည့် စိတ်နှင့်ဆိုင်သော အချက်တစ်ခုခုသည် အပျက်သဘောပင် ဖြစ်ပါသည်။

ထို့ကြောင့် စိတ်ခံစားချက် ကျန်းမာရေးသည် ထိုစိတ်ခံစားချက်များကို လျှော့ချပစ်ကာ မိမိစိတ်ကို ရှင်းလင်းပြီး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း ဖြစ်ပါသည်။ ကျန်းမာသောစိတ်ဟု ဆိုလိုပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် ထိုသို့ပြုလုပ်လိုစိတ်ကို အရင်ဆုံး မွေးမြူ ဖော်ထုတ်ရပါမည်။ စိတ်ဝင်စားမှု မရှိပါက လူတွေကို ဖိအားပေးပြီး ပြုလုပ်ခိုင်း၍မရပါ။ မည်သည့် ဥပဒေ၊ အခြေခံဥပဒေကမျှ လူတို့ကို ထိုသို့မခိုင်းစေနိုင်ပါ။ တစ်ဉီးချင်း စိတ်အား ထက်သန်မှုမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး ထိုသို့ ပြုလုပ်သည့်တန်ဖိုးကို မြင်သောအခါမှသာလျှင် ပေါ်ထွက်လာသည်။ ထို့ပြင် ထိုတန်ဖိုးများကိုပင် ကျွန်ုပ်တို့ သင်ကြားပေးနိုင်ပါသည်။

စိတ်နှင့် စိတ်ခံစားချက်အကြောင်း သိပ္ပံနည်းကျ တွေ့ရှိချက်များ

ယခုအခါ သိပ္ပံပညာကို ကြည့်နိုင်ပါသည်။ ယခင်ကဆိုလျှင် ခေတ်မီ သိပ္ပံပညာသည် ဒြပ်ကို အာရုံစိုက်ပြီး ယင်းကို တိုင်းတာမှုများ ပြုလုပ်နိုင်ပါသည်။ နှစ်ဆယ်ရာစု နှောင်းပိုင်းနှင့် လက်ရှိအချိန် နှစ်ဆယ့်တစ်ရာစုအစတွင် သိပ္ပံ ပညာရှင်များက စိတ်နှင့် စိတ်၏ခံစားချက်များကို ပို၍ပို၍ စိတ်ဝင်စားလာပုံရသည်ဟု ထင်ပါသည်။ အကြောင်းမှာ ကျန်းမာရေးနှင့် ပတ်သက်လျှင် စိတ်နှင့် စိတ်ခံစားချက်များအကြား အလွန်နီးကပ်စွာ ဆက်စပ်မှုရှိနေသောကြောင့် ဖြစ်ပါသည်။ ‘‘ကျန်းမာသောစိတ်၊ ကျန်းမာသောခန္ဓာ’’ ဟု အချို့ သိပ္ပံပညာရှင်များက ပြောနေပါသည်။ အမြဲတမ်း ကြောက်ရွံ့၊ ဒေါသထွက်၊ မုန်းတီးနေခြင်းသည် ကျွန်ုပ်တို့၏ ကိုယ်ခံအားစနစ်ကို အမှန်ပင် လျော့ပါးသွားစေကြောင်း၊ ပိုပြီးကရုဏာရှိသောစိတ်က ကျန်းမာသော ခန္ဓာကိုယ်ကို အခြေခံကျစွာ ထိန်းထားနိုင်သလို ပို၍ပင်တိုးတက်စေကြောင်း ဆေးသိပ္ပံပညာရှင်များကလည်း ဆိုထားပါသည်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်နေသူများတွင် သူတို့ခန္ဓာကိုယ်အတွက် အပြုသဘော သက်ရောက်မှုများ ကြီးမားလှသည်မှာ ရှင်းနေပါသည်။

အပျက်သဘော အခြေအနေများတွင် အပြုသဘောကို အသိအမှတ်ပြုခြင်း

ကျွန်ုပ်၏ဘဝတွင် အသက်ဆယ့်ခြောက်နှစ်အရွယ်က တာဝန်များစွာ ယူထားပြီး အခြေအနေက အလွန်ခက်ခဲပါသည်။ ထို့နောက် အသက်နှစ်ဆယ့်လေးနှစ် အရွယ်တွင် ကိုယ့်တိုင်းပြည်ကို လက်လွတ်ဆုံးရှုံးကာ ယခုအခါ ဒုက္ခသည်အဖြစ် အများဆုံး နေထိုင်လျှက်ရှိပါသည်။ ထိုကာလအတွင်း တိဘက်တွင် ဒုက္ခနှင့် ပြဿနာများစွာ ရှိနေသလို ပြည်သူတို့ ကလည်း ကျွန်ုပ်အပေါ်တွင် မျှော်လင့်ချက်၊ ယုံကြည်ချက်များစွာ ထားရှိကြပါသည်။ သို့သော် ကျွန်ုပ်ဘာမှမတတ်နိုင်ပါ။ သို့သော် ကျွန်ုပ်၏စိတ်ငြိမ်းချမ်းမှုကြောင့် ဤအရာအားလုံးကို အရှိအတိုင်း ပိုမြင်လာပါသည်။ ရှန်တီဒေဝ ဆိုခဲ့သည့် အတိုင်း အခက်အခဲများ ကျော်လွှားနိုင်ပါက စိုးရိမ်စရာ မရှိတော့ပါ။ ထို့ပြင် ကျော်လွှားနိုင်ခြေ မရှိသည့် အခက်အခဲ အခြေအနေတစ်ခု ရှိပါက အလွန် စိုးရိမ်နေ၍လည်း ဘာမှအသုံးမတည့်ပါ။ ဤသည်မှာ အလွန်ပင် လက်တွေ့ ကျသောကြောင့် ထိုအတိုင်း ကျွန်ုပ်ကျင့်သုံးပါသည်။

အရာရာကို ပိုပြီးလက်တွေ့ကျစွာ ရှုမြင်ရန်နှင့် အရာအားလုံး နှိုင်းယှဉ် မြင်နိုင်ရန်လည်း အရေးကြီးပါသည်။ မည်သို့ ဖြစ်စေကာမူ အပြုသဘော သက်ရောက်မှုအချို့ ရှိနိုင်ပါသည်။ ကျွန်ုပ်၏ကိစ္စတွင် ကျွန်ုပ်သည် ဒုက္ခသည် ဖြစ်လာသော်လည်း ထိုအတွက်ကြောင့် လူအများကြီးနှင့် ဆုံတွေ့ခွင့်ရကာ အမြင်အမျိုးမျိုးကို သင်ယူခွင့်ရပါသည်။ တောင်းရမ်းစားသူများ၊ ခေါင်းဆောင်များ၊ နယ်ပယ်အမျိုးမျိုးမှ ပညာတတ်များ၊ ဘာသာရေး ဆန့်ကျင့်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ဒါက အများကြီး အကျိုးရှိပါသည်။ အဘယ်ကြောင့်ဆိုသော် တိဘက်မှာသာနေရလျှင် ကျွန်ုပ်၏ အသိပညာသည် ယခုအသိပညာ၏ ထက်ဝက်ပင် ရှိမည်မထင်ပါ။ ထို့ကြောင့် တစ်နည်းနည်းတော့ ဝမ်းနည်းဖွယ်ရာ ကိစ္စကြီး တစ်ခုဖြစ်သော်လည်း အခြားတစ်နည်းအရတော့ အခွင့်အလမ်းကောင်းများစွာ ယူဆောင်လာပါသည်။ ရှုထောင့်အမျိုးမျိုးမှ ရှုမြင်ပါက အားလုံးအဆင်ပြေပါသည်။ အဖြစ်ဆိုးများ ဖြစ်လာနိုင်သော်လည်း ကောင်းမွန်သော ဖြစ်ရပ်များကလည်း အသင့်စောင့်နေနိုင်ပါသည်။

အတိတ်က တိဘက်လူမျိုးများသည် နည်းငယ် တသီးတခြားနေသော်လည်း ယခုအခါ သူတို့၏အတွေးအခေါ်များ ပိုမိုအမြင်ကျယ်လာပါသည်။ တိဘက်လူမျိုးများသည် ရာစုနှစ်များစွာ အိပ်မောကျနေသော နိုင်ငံတစ်ခုတွင် နေထိုင်ခဲ့ကြသော်လည်း ယခုအခါ နိုးထလာကြပါပြီ။ ကောင်းပါသည်။ ထို့ကြောင့် ရှုထောင့်အမျိုးမျိုးမှ ကြည့်ပါက အပြုသဘောအချို့ မြင်လာနိုင်သည်ကို သဘောပေါက်ပြီ ထင်ပါသည်။ ဤသည်မှာ စိတ်ငြိမ်းချမ်းမှု ထိန်းသိမ်းရာတွင် များစွာအထောက်အကူ ပြုပါသည်။ ယနေ့ခေတ်တွင် ကျွန်ုပ်၏မိတ်ဆွေဟောင်းများက ကျွန်ုပ်နှင့်တွေ့တိုင်း ကျွန်ုပ်၏မျက်နှာ အလွန်နုပျိုသည်ကို ပြောကြပါသည်။ သူတို့ထဲမှ အချို့က ကျွန်ုပ်၏လျှို့ဝှက်ချက်ကို မေးကြသည်။ အိပ်ချိန် ရှစ်နာရီ သို့မဟုတ် ကိုးနာရီ ရှိပါက စိတ်ငြိမ်းချမ်းအောင် အထောက်အကူပြုကြောင်း ကျွန်ုပ်က ပြောပြလေ့ရှိသည်။ တကယ်တော့ ဒါကအချက်တစ်ချက်ဖြစ်နေတာ သေချာသော်လည်း ကျွန်ုပ်တို့၏စိတ်နှင့် စိတ်အခြေအနေများက ယှဉ်ကြည့်လျှင် အေးချမ်း တည်ငြိမ်နေပါက တကယ့်အကျိုးကျေးဇူး ရရှိပါသည်။

တည်ငြိမ်သောစိတ်က ဆေးပညာခွဲစိတ်မှုလိုပင် အရာရာမှ ပြန်လည်ကောင်းမွန်စေနိုင်ပါသည်။ ကျွန်ုပ်၏ သည်းခြေကို ခွဲစိတ်ကုသမှုပြုလုပ်သောအခါ အမှန်ပင် အတော်လေး စိုးရိမ်ဖွယ်ဖြစ်ပါသည်။ ထိုခွဲစိတ်မှုသည် ဆယ့်ငါးမိနစ်မှ မိနစ်နှစ်ဆယ်သာ ကြာလေ့ရှိကြောင်း၊ သို့သော် ကျွန်ုပ်၏ရောဂါမှာ အလွန်စိုးရိမ်ဖွယ် ဖြစ်သည့်အတွက် သုံးနာရီနီးပါး အချိန်ယူခဲ့ရကြောင်း၊ အကြောင်းမှာ ကျွန်ုပ်၏သည်းခြေက ပုံမှန်ထက်နှစ်ဆနီးပါး ကြီးထွားနေပြီး ပြည်တည်နေ သည့်အတွက်ဖြစ်ကြောင်း ခွဲစိတ်ကုဆရာဝန်က နောက်ပိုင်းတွင် ပြောပါသည်။ သို့သော် ကျွန်ုပ်သည် ငါးရက်အတွင်း နာလန်ထူလာပြီး အဆင်ပြေပါသည်။ ထို့ကြောင့် တည်ငြိမ်သောစိတ်နှင့် အကောင်းမြင်သဘောထားက ကျန်းမာသော ခန္ဓာကိုယ်ဖြစ်စေရန် အမှန်ပင် ကူညီပါသည်။ တစ်ခုခုမှားသွားလျှင်လည်း ပိုမိုလျင်မြန်စွာ ပြန်ကောင်းလာပါမည်။ စိတ်ငြိမ်းချမ်းမှုမှာ ကျန်းမာရေးကောင်းရန်အတွက် အလွန်အရေးကြီးသော အချက်တစ်ချက် အမှန်ပင်ဖြစ်ပါသည်။

အတွင်းအလှနှင့် အပြင်အလှ

ဤနေရာတွင်လည်း ရယ်စရာအဖြစ် ကျီစားပါဉီးမည်။ အချို့အမျိုးသမီးငယ်များက အလှကုန်အတွက် ငွေအများကြီး သုံးစွဲပါသည်။ အချို့က မျက်နှာတွင် အပြာရောင်၊ အစိမ်းရောင်နှင့် အခြားအရောင် အမျိုးမျိုး အသုံးပြုကြသည်။ ကြည့်ကောင်းလှသည် မဟုတ်သော်လည်း အတော်လှပသည်ဟု ထင်ပါသည်။ လူတို့သည် အပြင်အလှအတွက် ပိုအလေးထားကြပုံရပါသည်။ တစ်နေ့က အများပြည်သူဟောပြောပွဲတစ်ခုတွင် အမျိုးသမီးတစ်ယောက်သည် ဆံပင်အပြာရောင်နှင့် အလွန်ပင် ထူးခြားပါသည်။ ထို့ကြောင့် အပြာရောင်ဆံပင်သည် လှဖို့သိပ်မလိုကြောင်း ကျွန်ုပ်က ကျီစယ်ပါသည်။ အပြင်အလှက အရေးကြီးတာ မှန်သော်လည်း အရေးအကြီးဆုံးက အတွင်းအလှ ဖြစ်သည်။ အပြင်အလှအတွက် ငွေများစွာ သုံးစွဲသောအမျိုးသမီးများက အတွင်းအလှကို အနည်းငယ် အလေးထားကြလျှင် ပို၍ကောင်းပါလိမ့်မည်။

ပညာရပ်နယ်ပယ်မှ စိတ်နှင့် စိတ်ခံစားချက်အကြောင်း

သိပ္ပံပညာ တွေ့ရှိမှုများအကြောင်း ပြောနေခြင်း ဖြစ်ပါသည်။ စစ်မှန်သော စိတ်၏ငြိမ်းချမ်းမှုက အထူးအရေးကြီးပါသည်။ စိတ်ငြိမ်းချမ်းမှု၏ အခြေခံသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် စိတ်ခွန်အားရှိမှုတို့ ဖြစ်ပါသည်။ ယင်းတို့သည် မေတ္တာ တရားနှင့် ကရုဏာတရားတို့ ကျင့်သုံးမှုမှ ပေါ်ထွက်လာကာ အခြားသူများကို လေးစားခြင်းနှင့် သူတို့ကောင်းကျိုးကို အလေးထားခြင်းဆိုသည့် အသိတရားများ ဖြစ်ပါသည်။ ဤသည်မှာ လောကီကျင့်ဝတ် ဖြစ်ပါသည်။

သူငယ်တန်းမှ တက္ကသိုလ်အထိ ကျွန်ုပ်တို့သည် စိတ်အကြာင်းနှင့် မိမိတို့စိတ်ခံစားချက်များကို မည်ကဲ့သို့ဂရုစိုက်ရမည့် အကြောင်းကို သင်ကြားပေးနိုင်ပါသည်။ ဤဘာသာရပ်က ကျယ်ပြန့်ပြီး စိတ်နှင့် စိတ်ခံစားချက်၊ ယင်းတို့အကြား ဆက်စပ်မှုအကြောင်း ရှင်းပြချက်များစွာ ရှိပါသည်။ အကြောင်း၊ အကျိုးကို မြင်တွေ့နိုင်သလို စိတ်၏တစ်နေရာရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်ပါက အခြားတစ်နေရာတွင်လည်း တစ်စုံတစ်ခု ဖြစ်ပျက်ပါသည်။ ထို့ကြောင့် ဒါကိုဖြေရှင်းရန် စိတ်နှင့် ဉီးနှောက်တစ်ခုလုံး အပြန်အလှန် ဆက်စပ်နေပုံကို ကျွန်ုပ်တို့ အလေးအနက်ထား စဉ်းစားဖို့လိုပါသည်။

ဤကျယ်ပြန့်သောဘာသာရပ်သည် ပညာရပ်ပိုင်းအရ အမှန်ပင် တန်ဖိုးရှိပါသည်။ အမေရိကတွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သိပ္ပံပညာရှင်များက ဤအချက်အလက်ကို အခြေခံကာ လေ့လာစမ်းသပ်မှုများ ပြုလုပ်လျှက် ရှိပါသည်။ ခိုင်မာသောရလဒ်အချို့လည်း ပေါ်ထွက်လာပါသည်။ ထိုအခါ လောကီကျင့်ဝတ်အကြောင်း သင်ကြားသည့် ပညာရေးအစီအစဉ်များ ယခုအခါရှိလာပါပြီ။ လောကီသီးသန့်ဝါဒကို အခြေခံပြီး ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် သင်ရိုးမူကြမ်းတစ်ခု ရေးဆွဲရန်လည်း ကျွန်ုပ်တို့ ကတိကဝတ် ပြုထားကာ ၎င်းသည် လောကီပညာရေးနယ်ပယ်တွင် ကိုက်ညီမှုရှိလာနိုင်ပါသည်။

ဤနေရာမှ ပရိသတ်နှင့် အထူးသဖြင့် ပညာသင်ကြားပေးသူများနှင့် အတွေးအခေါ်ပညာရှင်များက ဒါကိုသေချာ စဉ်းစားသင့်ပါသည်။ အခွင့်အရေးရပါက ထိုဘာသာရပ်အကြောင်း အနည်းငယ် ဆွေးနွေးပွဲပြုလုပ်သင့်ပါသည်။ လက်ရှိ ပညာရေးစနစ်သည် ကိုယ်ကျင့်တရားအကြောင်း သင်ခန်းစာများ ကင်းမဲ့နေပုံရပါသည်။ ထို့ကြောင့် လူအများစုက ထိုအတွက် ဘာသာရေးသင်ကြားမှုများတွင် အားထားနေပါသည်။ ဒါကကောင်းမွန်သော်လည်း ဘာသာရေးတွင် စိတ်မဝင်စားသူများလည်း ရှိသည့်အတွက် ဘာသာရေး အယူအဆများကို လက်ခံရန် ခက်ခဲနေပါသည်။ ထိုအခါ မလွယ်ကူတော့ပါ။ ထို့ကြောင့် လောကီနည်းလမ်းကို ရှာရန်လိုပြီး လူတိုင်းလက်ခံနိုင်ရမည် ဖြစ်ပါသည်။

ပြီးပါပြီ။ ယခုမေးခွန်းမေးမြန်းရန် ဖြစ်ပါသည်။

မေးခွန်းများ

ဆရာတော် နောက်ဆုံးမှတ်ချက်မှာ မေးစရာ ရှိလာလို့ပါ။ ဒါပေမယ့် အဖြေအပြည့်အစုံ ရဖို့အတွက်ဆိုရင် ထပ်မေးချင်တဲ့အတွက် စိတ်မရှိပါနဲ့။ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ လောကီကျင့်ဝတ် သင်ကြားတာနဲ့ ပတ်သက်လို့ သင့်တော်တဲ့ သင်ကြားရေး အစီအစဉ်တစ်ခုကို တစ်ယောက်ယောက်နဲ့များ ရေးဆွဲနေပါသလား။ အဲဒီလိုဆိုရင် ဆရာတော်ကို ကျောထောက်နောက်ခံပြုဖို့အတွက် ပညာရေး ဒါမှမဟုတ် ဘဏ္ဍာရေး အဖွဲ့အစည်းတေွများ ရှိပါသလား။

အိန္ဒိယနိုင်ငံမှာ ဒေလီမြို့က တက္ကသိုလ် အချို့ရဲ့ အကူအညီနဲ့ စောစောကပြောသလိုပဲ သင်ရိုးမူကြမ်းကို ရေးဆွဲဖို့ စတင်လုပ်ဆောင်နေပါပြီ။ ပြီးရင် စိတ်နှင့်ဘဝဆိုင်ရာသိပ္ပံလည်း ရှိပါတယ်။ အမေရိကမှာတော့ ဝစ္စကိုဆင်တက္ကသိုလ်၊ အမ်မရီတက္ကသိုလ်၊ စတင်းဖို့ဒ် တက္ကသိုလ် စတဲ့နေရာတွေက ကိုယ်ပိုင်နယ်ပယ်တွေမှာ တစ်ဉီးချင်းအဖွဲ့ဝင်တွေက လောကီကျင့်ဝတ်ပညာရေးကို ဆောင်ရွက်နေကြပါပြီ။ ဒီအဖွဲ့အစည်းက ဥရောပတိုက်ကိုတောင် ခြေဆန့်နေပါပြီ။ မကြာခင်မှာ ဒေလီမြို့မှာ ဒါမှမဟုတ် အနီးတစ်ဝိုက်မှာ အဖွဲ့အစည်းတစ်ခု တည်ထောင်ချင်ပါတယ်။ အခုထိတော့ ဒါကိုကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ သင်ရိုးအဆင်သင့်ဖြစ်တာနဲ့ ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်ကြားပြီး တစ်ခုခုအကောင်အထည် ဖော်နိုင်မှာပါ။ ထိုက်တန်တဲ့အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ စောင့်ကြည့်ရမှာပေါ့လေ။

တပည့်တော် ကမ္ဘာကြီးကိုရော ကမ္ဘာပေါ်က အပင်တွေ၊ သတ္တဝါတွေ၊ ချစ်စဖွယ် လူသားတွေစတဲ့ အရာ အားလုံးကို ချစ်ပါတယ် ဆရာတော်။ ဒါပေမယ့် ဒီလူသားတွေက ကမ္ဘာကြီးကို အမြဲတမ်း ဖျက်ဆီးနေပါတယ်။ ပလတ်စတစ်ဘူးတွေ ဝယ်တာလို သေးငယ်တဲ့ ကိစ္စလေးတွေကနေ သစ်တောပြုန်းတီးမှုလိုမျိုး ပိုကြီးမားပြီး အရေးကြီးတဲ့ ကိစ္စတွေအထိပါပဲ။ ဒါကိုမြင်တဲ့အခါ သည်းခံရမယ်ဆိုတာ သိပါတယ်။ ဘဝဟာ သေလုမျောပါး ခံစားနေရတဲ့အခါ စိတ်ထဲကနေ ဒေါသအကြီးအကျယ် ထွက်မိပါတယ်။ ရန်လိုလာပါတယ်။ မေးချင်တာကတော့ ကျန်းမာစေတဲ့ ဒေါသဆိုတာ ရှိပါသလား။ မေတ္တာတရား လက်ကိုင်ထားပြီး ရန်ဖြစ်လို့ရပါသလား။

စောစောက ပြောခဲ့သလိုပဲ ဒေါသဟာ စိတ်ဓာတ်စေ့ဆော်မှုနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် တစ်ခုခု ဒါမှမဟုတ် တခြားလူအတွက် အလေးထားမှုကနေ ပေါ်ထွက်လာတဲ့ ဒေါသဆိုတာက တစ်ဖက်၊ အမုန်းတရားကနေ ပေါက်ဖွားလာတဲ့ ဒေါသက တစ်ဖက် အလွန်ခြားနားပါတယ်။

ဆရာတော်က ဘာသာတရားယုံကြည်သူ သန်းခြောက်ထောင်အကြောင်း ပြောသွားတာက ကမ္ဘာပေါ်မှာ ဘာသာမဲ့ပေါင်း သန်းတစ်ထောင် ရှိတဲ့သဘောပါပဲ။ ရိုးရာအစဉ်အလာ အဖွဲ့အစည်းဆိုင်ရာ ဘာသာရေးနဲ့ တကယ်ကို မကိုက်ညီသလို ဘာသာမဲ့လည်း မဟုတ်တဲ့ နောက်ထပ် တတိယလူပုဂ္ဂိုလ်အုပ်စုတစ်စု ရှိသေးတယ်လို့ တပည့်တော် ထင်မိပါတယ်။ သူတို့က အဖွဲ့အစည်းဆိုင်ရာ ဘာသာရေးကို ကျော်လွန်တဲ့ ဘာသာရေးမျိုး ရှာဖွေနေပါတယ်။ သူတို့အတွက် ဆရာတော် ဘယ်လိုအကြံပြုလိုပါသလဲ။

နှစ်ပေါင်းများစွာတုန်းက စတော့ဟုမ်းမြို့မှာ လူတစ်စုနဲ့ တွေ့ပါတယ်။ သူတို့က ရှိပြီးသား ရိုးရာအစဉ်အလာကိုရော ဘာသာရေးကိုရော မနှစ်သက်ဘဲ ဘာသာရေးအမျိုးအစားတစ်ခုခု ရှာဖွေနေတုန်းပါပဲ။ အဲဒီလိုလူတွေ ရှိတာမှန်ပါတယ်။ ဒါပေမယ့် ‘‘ခေတ်သစ်’’ လိုခေါ်မလားမသိဘူး။ ဟိုတစ်စ၊ သည်တစ်စ ယူလာပြီး အကြီးကြီး ရောစပ်လိုက်တာက အသုံးမဝင်လှပါဘူး။

ဒါက လူတစ်ယောက်ရဲ့ ရုပ်ဝတ္ထုလိုအပ်ချက်ကို စိတ်ကျေနပ်စေရုံနဲ့တော့ မကောင်းပါဘူး။ အဲဒီလိုမဟုတ်ဘဲ ပိုနက်ရှိုင်းတဲ့ တန်ဖိုးတွေ ရှာဖွေကြည့်တာကမှ တကယ် ကောင်းမွန်ပါတယ်။ ကျွန်ုပ်တို့ဘဝကို ဆန်းစစ်ဖို့ ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှုက အာရုံခံစားပြီးစိတ်ကျေနပ်မှုတစ်ခုခုကနေ လာတာမဟုတ်ဘူးဆိုတာ သိဖို့ဆိုရင်တော့ ကောင်းမွန်ပါတယ်။ သီချင်းသံ ဖွင့်ထားသလိုပဲ သင်ကစိတ်ကျေနပ်ပေမယ့် သီချင်းသံ ရပ်သွားတဲ့အခါ စိတ်ကျေနပ်မှု မရှိတော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အဆင့်မှာ ယုံကြည်ချက် ဒါမှမဟုတ် ကရုဏာ ခံစားချက်ကြီးမားခြင်းက ဒီကနေ ပေါ်ထွက်လာတဲ့ စိတ်ကျေနပ်မှုက အများကြီး ရေရှည်တည်တံ့ပါတယ်။

လူသားတစ်ယောက်အနေနဲ့ ဆရာတော်အတွက် အရေးအကြီးဆုံးက ဘယ်အရာဖြစ်ပါသလဲ။

ကျွန်ုပ်တို့ဘဝရဲ့ အဓိကရည်ရွယ်ချက်က ဘဝမှာ ပျော်ရွှင်ဖို့ပဲလို့ လူတွေကို အမြဲပြောပါတယ်။ ပျော်ရွင်မှု ဒါမှမဟုတ် ပျော်စရာတွေ ရရှိဖို့အတွက် အခုအခါ အာရုံခံစားမှုအချက်တွေ၊ အတွေ့အကြုံတွေအပေါ်မှာ မှီခိုနေတာ မဖြစ်သင့်ပါဘူး။ စိတ်အခြေအနေပေါ်မှာ မှီခိုတာမျိုး ဖြစ်သင့်ပါတယ်။ ဒါကြောင့် အမြဲပြောသလိုပဲ ကျွန်ုပ်တို့ရဲ့ အတွင်းစိတ်တန်ဖိုးတွေကို ပိုပြီးအာရုံစိုက်ဖို့ လိုပါတယ်။ အထူးပဲ ကျေးဇူးတင်ပါတယ်။

Top