အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်ဆိုတာဘာလဲ။

အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်၏ အဓိပ္ပာယ်

“အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်” ဆိုသည့်ဝေါဟာရကို ဘာကြောင့် ထားရှိပါသနည်း။ အားလုံးနှင့်ဆိုင်သော ဆိုရာတွင် ဘာသာအယူဝါဒ ယုံကြည်သူရော၊ မယုံကြည်သူပါ အားလုံးလက်ခံနိုင်သောအရာ ဆိုသည့်သဘော ပါဝင်ပါသည်။ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဂျူး၊ ဂျိန်း သို့မဟုတ် မည်သည့်ဝါဒ ယုံကြည်သူဖြစ်စေ လက်ခံနိုင်သောအချက် ဖြစ်ပါသည်။ သိပ္ပံပညာရှင် ဖြစ်စေ၊ သိပ္ပံပညာရှင် မဟုတ်သူဖြစ်စေ၊ ပညာတတ်ဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ ဤတန်ဖိုးများကို လူတိုင်းလက်ခံနိုင်ပြီး ကိုယ်တိုင်ပျော်ရွှင်မှုအတွက် လိုက်နာရန် အရေးကြီးသည်ဟု မြင်နိုင်ရပါမည်။ ယင်းမှာ အားလုံးနှင့်ဆိုင်သောအပိုင်း ဖြစ်ပါသည်။ ကျင့်ဝတ် ဆိုသည်မှာ ထိုသို့ ပြုမူလျှင် ပျော်ရွှင်သူတစ်ယောက် ဖြစ်စေပြီး အခြားသူများ၏ ပျော်ရွှင်မှုကို ပံ့ပိုးသော ပြုမူနည်း ဖြစ်ပါသည်။ လူ့အသိုင်းအဝိုင်းလည်း ပျော်ရွှင်ပြီး သင်လည်း ပျော်ရွှင်ပါသည်။ ဤနှစ်ချက်ကိုပေါင်းစုကာ အားလုံးနှင့်ဆိုင်သော ကျင့်ဝတ် ဖြစ်လာပါသည်။

လူသားတစ်ယောက်သည် အချိန်နှင့် နေရာ ကန့်သတ်အစိတ်အပိုင်းဖြစ်သည့် စကြဝဠာဟုခေါ်သော တစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူသည် သူကိုယ်တိုင် တွေ့ကြုံခံစားသည်။ သူ့အတွေးနှင့် ခံစားချက်များသည် အခြားအရာများနှင့် ခွဲခြားထားသည်။ သူ့သိစိတ်တွင် အမြင်လွဲမှားမှုတစ်မျိုး ဖြစ်ပါသည်။ ဤထင်ယောင်ထင်မှားမှုသည် ကျွန်ုပ်တို့အတွက် ပိတ်လှောင်မှုတစ်မျိုး ဖြစ်ပြီး ကျွန်ုပ်တို့၏ တစ်ဦးချင်း ဆန္ဒများနှင့် အနီးဆုံး လူအချို့အား ချစ်ခင်မှုတွင်သာ ကန့်သတ်ထားပါသည်။ ကျွန်ုပ်တို့အလုပ်သည် သက်ရှိအားလုံးနှင့် ၎င်း၏သဘာဝအလှ တစ်ခုလုံးကို ထွေးပွေ့ရန် ကရုဏာ စက်ဝန်းကို ချဲ့ထွင်ခြင်းဖြင့် ဤပိတ်လှောင်မှုမှ လွတ်မြောက်ရေးဖြစ်သည်။ - အဲလ်ဘတ်အိုင်းစတိုင်း

အိုင်းစတိုင်းက ကျွန်ုပ်တို့ကြုံတွေ့သော ပြဿနာအားလုံးသည် ကိုယ်တိုင် ပိတ်လှောင်သော၊ မိမိအတွက်နှင့် အနီးဝန်းကျင် အနည်းငယ်ကိုသာတွေးပြီး ကျန်စကြဝဠာ တစ်ခုလုံးကို မေ့ပစ်သည့် အမြင်ကျဉ်းသော အတွေးများကြောင့် ဖြစ်ပေါ်သည်ဟု ဆိုပါသည်။ အနီးဝန်းကျင်ကိုသာ ဤသို့ တွယ်တာမှုသည် ထင်ယောင်ထင်မှားသာ ဖြစ်သည်ဟု သူကဆိုသည်။ ဘာကြောင့်လဲ။ ကျွန်ုပ်တို့သည် အပြန်အလှန် ဆက်သွယ်နေသောကြောင့် ဖြစ်ပါသည်။ ဤပိတ်လှောင်မှုမှ မည်ကဲ့သို့ ရုန်းထွက်မည်နည်း။ အခြားသူများကို ပါဝင်အောင် ကရုဏာစက်ဝန်းကို ချဲ့ထွင်ရမည်ဟု သူကပြောပါသည်။ အခြားသူများကလည်း ကျွန်ုပ်တို့အပေါ် ကရုဏာစက်ဝန်းကို ချဲ့ထွင်လာပါက အားလုံးပျော်ရွှင်ပါမည်။ ထိုအချက်ကို သူကအားပေးပါသည်။

ကျင့်ဝတ်ကို လိုက်နာရန် အရေးကြီးပုံ။

ကျင့်ဝတ်သည် လူသားတို့က အသိစိတ်ဖြင့် ဆောင်ရွက်မှု ဖြစ်ပြီး တစ်ဦးချင်းတွင်သာမက လူအသိုင်းအဝိုင်းတွင်လည်း ပိုမိုညီညွတ်မှု၊ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ ရရှိစေပါသည်။ ပျော်ရွှင်မှု ဖြစ်စေ၊ စိတ်ပျက်ဝမ်းနည်းမှုဖြစ်စေ ဖြတ်သန်းရပါက မိမိ၏အပြုအမူကြောင့် ဖြစ်သည်ကို မြင်နိုင်ပါသည်။ မိမိကြိုးစားနေသည့် သဘောသဘာဝနှင့် ကိုက်ညီတတ်ပါသည်။ ဆောင်ရွက်ချက်အားလုံးကို မိမိ၏ အတွေးနှင့် စိတ်ခံစားချက်များက တွန်းအားပေးပါသည်။ ကျင့်ဝတ်မညီသော အတွေးများက ယနေ့ဤကမ္ဘာကြီးတွင် မြင်နေရသော မနှစ်မြို့ဖွယ် ရလဒ်များ ဖြစ်စေသည့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်စေပါသည်။ ဤသည်မှာ အောက်ပါသုံးချက်၏ အကြောင်းအကျိုး ဆက်စပ်မှုကို သေချာနားမလည်သောကြောင့် ဖြစ်ပါသည်-

  • အတွေးများနှင့် စိတ်ခံစားချက်များ
  • ကျွန်ုပ်တို့၏ အပြုအမူများ
  • ပျော်ရွှင်မှု သို့မဟုတ် နာကျင်မှုပုံစံဖြင့် ရရှိလာသည့် အကျိုးဆက်များ။

ကျွန်ုပ်တို့သည် ပျော်ရွှင်မှုရှာဖွေလိုစိတ် ရှိနိုင်သော်လည်း အတွေးများစွာ၏ တွန်းအားကြောင့် နာကျင်မှုနှင့် ဝမ်းနည်းမှုများသာ ဖြစ်စေမည့် ဆောင်ရွက်ချက်များကို ပြုလုပ်မိပါသည်။ ထို့ကြောင့် သိစိတ်အကြောင်း၊ အတွေးများနှင့် စိတ်ခံစားချက်များအကြောင်း သင့်တော်သော အသိပညာလိုအပ်ပါသည်။ နောက်ဆုံးတွင် ယင်းအတွေးများနှင့် သိစိတ် အမျိုးအစားများက ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များကို လွှမ်းမိုးပြီး ရလဒ်တစ်ခုခု ဖြစ်စေသော နည်းစနစ်များကို သိရှိရပါမည်။ ထို့နောက် လိုအပ်သောရလဒ် ဖြစ်စေသော ဆောင်ရွက်ချက်များကို ဖြစ်စေမည့် စိတ်နေစိတ်ထားများကို မွေးမြူကာ မိမိဆောင်ရွက်ချက်များကို အဆင့်နိမ့်ကျစေသည့် စိတ်များကို စွန့်ပယ်ရပါမည်။ ဤသည်မှာ ကျင့်ဝတ်ဖြစ်ပါသည်။ ကျင့်ဝတ်စည်းမျဉ်းအားလုံး၏ အရေးကြီးသည့်အချက်မှာ ကရုဏာ ဖြစ်ပါသည်။

ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု ဖြစ်စေသည်မှာ ကျွန်ုပ်တို့၏စိတ် ဖြစ်ပါသည်။ တွန်းအားပေးသော စိတ်ခံစားချက်များနှင့် စိတ်ခံစားချက် အစိတ်အပိုင်းများပေါ်တွင်လည်း မူတည်ပါသည်။ စိတ်ခံစားချက်များက ကျွန်ုပ်တို့၏ အတွေးများ ဖြစ်စေပြီး ကျွန်ုပ်တို့၏ အတွေးများက ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များ ဖြစ်စေပါသည်။ ပျော်ရွှင်မှု ဖြစ်စေသော စိတ်ခံစားချက်များသည် “အပြုသဘော စိတ်ခံစားချက်များ” ဖြစ်သည်။ အားလုံးနှင့်ဆိုင်သော အသိဖြင့် ကျွန်ုပ်တို့သည် “အခြေခံအပြစ်” သို့မဟုတ် အခြေခံအချက်များဟု ပြော၍မရပါ။ အားလုံးနှင့်ဆိုင်သော ပုံစံဖြင့် ပြောဆိုရပါမည်။ အားလုံးနှင့်ဆိုင်စွာ ပြောရလျှင် တကယ့်ပျော်ရွှင်မှု ဖြစ်စေသည်မှာ အပြုသဘော စိတ်ခံစားချက်များ ဖြစ်ပြီး ဝမ်းနည်းမှု ဖြစ်စေသည်မှာ အပျက်သဘော စိတ်ခံစားချက်များ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ ယင်းတို့ကို စိတ်၏မြေပုံ အစိတ်အပိုင်းအဖြစ် လေ့လာသင်ယူရန် လိုပါသည်။ ဤမြေပုံဖြင့် လူတို့ကို လေ့ကျင့်ပေးရန် လိုပါသည်။

ကျောင်းပညာရေးစနစ်တွင် အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်ကို သင်ကြားရေး

တစ်ဦးချင်းနှင့် အသိုင်းအဝိုင်းအတွက် အဓိပ္ပာယ်ရှိသော သင်ကြားမှုအကြောင်း လူတို့ စိတ်ဝင်စားလာအောင် မည်သို့ပြုလုပ်မည်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့စိတ်တွင် အခြေခံသော ကျင့်ဝတ်ရှိသူများ ရှိပါသည်။ ဘုရားသခင်ကို မယုံကြည်သော်လည်း ကံကိုယုံကြည်သူများ ရှိပါသည်။ ကံတွင် အခြေခံပြီး ကောင်းစွာပြုမူရန် သတိထားသင့်သည်ဟု သူတို့က ထင်ကြပါသည်။ သို့သော် ဘုရားသခင်ကိုဖြစ်စေ၊ ကံကိုဖြစ်စေ မယုံသူများလည်း ရှိပါသည်။ ဘုရားသခင် သို့မဟုတ် ကံ ဆိုသည့်အယူအဆ မပါဘဲ ကျင့်ဝတ်ဆိုသည်မှာ လက်ခံသင့်သောအရာဖြစ်ကြောင်း မည်ကဲ့သို့ ယုံကြည်အောင် ပြုလုပ်မည်နည်း။ ထိုအတွက် ဒလိုင်းလားမား ဆရာတော်ကြီးက ဤသုံးချက်ကို ဖော်ပြထားပါသည်-

  • ဘုံ အတွေ့အကြုံ
  • ဘုံ အသိစိတ်
  • သိပ္ပံနည်းကျ တွေ့ရှိချက်များ။

ယင်းတို့တွင် အခြေခံကာ ခေတ်သစ်ပညာရေးစနစ်တွင် အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်ကို သင်ကြားရန် အဆင့်သုံးဆင့်ကို ဆရာတော်ကြီးက အဆိုပြုထားပါသည်။

ဘာသာတရား ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ဘုံအတွေ့အကြုံ ကို အခြေခံသော တရားတော် နမူနာမှာ လူမမယ်အရွယ်တွင် ကျွန်ုပ်တို့၏ မိခင်က နို့ချိုတိုက်ကျွေးခဲ့ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘာသာရေး သို့မဟုတ် ဒဿနတစ်ခုခု မပါသော ဘုံအတွေ့အကြုံတစ်ခု ဖြစ်ပါသည်။ မိခင်ထံမှ စစ်မှန်သော မေတ္တာနှင့် ချစ်ခင်မှုတို့ ရရှိခြင်း ဖြစ်ပါသည်။ ဤမေတ္တာနှင့် ချစ်ခင်မှုသည် မိခင်နှင့် ရင်သွေးကို တစ်ဦးအပေါ်တစ်ဦး စိတ်ချယုံကြည်မှု ပေးပါသည်။ ထိုမှသည် အရာအားလုံး ပျော်ဝင်သွားပါသည်။ အပျက်သဘော စိတ်ခံစားချက်များ လျော့ပါးကာ ကမ္ဘာပေါ်မှ ပဋိပက္ခအားလုံးလည်း လျော့ပါးသွားပါသည်။ မေတ္တာနှင့် ချစ်ခင်မှုသာ ကျန်ရစ်ပါသည်။ အကြမ်းဖက်မှု၊ ကျား၊ မ ခွဲခြားမှုနှင့် ဆင်းရဲချမ်းသာ ကွာဟမှုအားလုံးသည် အခြားသူများအပေါ် မေတ္တာနှင့် ချစ်ခင်မှု မရှိသောကြောင့်သာ ဖြစ်ပါသည်။

ဘုံအသိစိတ်မှာ လူတစ်ယောက်သည် ပိုပြီးချစ်ခင်မှု ရှိပါက သူငယ်ချင်းမိတ်ဆွေ ပိုပြီးများခြင်း၊ နေထိုင်ရ အဆင်ပြေခြင်း၊ သူ့ပတ်ဝန်းကျင်မှ လူများကို ညီအစ်ကို မောင်နှမကဲ့သို့ ခံစားရခြင်းတို့ကို ကြည့်နိုင်ပါသည်။ ဤသို့သော မေတ္တာနှင့် ချစ်ခင်မှုကို မခံစားရသောအခါ ကိုယ့်အိမ်မှာပင် အိမ်ကဲ့သို့ မခံစားရတော့ပါ။ မိမိညီအစ်ကိုမောင်နှမများပင် ရန်သူဖြစ်လာပါသည်။ ဘုံအသိစိတ် ရှုထောင့်မှနေ၍ ကျွန်ုပ်တို့သည် မေတ္တာနှင့် ချစ်ခင်မှုသည် အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်၏ ဇစ်မြစ်ဖြစ်သည်ကို ယုံကြည်ရန် လိုပါသည်။

သိပ္ပံနည်းကျ တွေ့ရှိချက်များမှာ ဥပမာအားဖြင့် မျောက်ကလေးများကို မိခင်ထံမှ ခွဲထုတ်ပြီး၊ သူတို့မိခင်က ဂရုစိုက်ပေးချိန်ကို မတွေ့ကြုံတော့ဘဲ လေ့လာစမ်းသပ်မှုများ ပြုလုပ်သည်ကို ဆိုလိုပါသည်။ ထိုအခါ သူတို့ ကြီးပြင်းလာသောအခါ အလွန်ဒေါသကြီးပါသည်။ အခြားသူများနှင့် မည်သို့ကစားရမည်ကို မသိဘဲ ကိုယ့်ကိုယ်ကိုယ်သာ ကာကွယ်ပြီး အခြားသူများနှင့် ရန်ဖြစ်နေပါသည်။ မိခင်နှင့် ထားခဲ့သူများမှာမူ ပျော်ရွှင်ပြီး မြူထူးနေကြပါသည်။

ဤယူဆချက် သုံးခုအပေါ်တွင် အခြေခံကာ ဆရာတော်ကြီးက စစ်မှန်သော မေတ္တာနှင့် ချစ်ခင်မှုသည် အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်၏ ဇစ်မြစ်ဖြစ်ပြီး အားလုံး၏စိတ်တွင် မွေးမြူထားရမည်ဟု ဆိုထားပါသည်။

လူသားများဖြစ်သည်ဟု အားလုံးနှင့်ဆိုင်သော သတ်မှတ်ချက်သည် ထားရှိခြင်း

အားလုံးနှင့်ဆိုင်သော ကျင့်ဝတ် မိတ်ဆက်ခြင်းတွင် ရင်ဆိုင်ရသော စိန်ခေါ်မှုတစ်ခုမှာ ကျွန်ုပ်တို့၏ သတ်မှတ်ချက်များ ဖြစ်သည်။ “ကျွန်ုပ်သည် တိဘက်လူမျိုးဖြစ်သည်။ ကျွန်ုပ်သည် တရုတ်လူမျိုးဖြစ်သည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဖြစ်သည်။ ကျွန်ုပ်သည် ဟိန္ဒူဘာသာဖြစ်သည်” ဟု ခံစားရသောအခါ မိမိသတ်မှတ်ချက်ကို တွယ်တာမှု ဖြစ်သည့်အခိုက်အတန့်တွင် အခြားသူများကို မုန်းတီးမှု ပေါ်လာတတ်ပါသည်။ ဤသည်မှာ ကြီးမားသော စိန်ခေါ်မှုဖြစ်ပြီး အလွန်အရေးကြီးသည့်ကိစ္စ ဖြစ်ပါသည်။

လူတစ်ဦးတည်းမှာပင် မတူညီသော သတ်မှတ်ချက်များစွာ ရှိနိုင်ပါသည်။ ဥပမာ၊ ကျွန်ုပ်သည် ယောက်ျားတစ်ယောက် ဖြစ်သည်ဆိုသည့် အခြေခံဖြင့် အမျိုးသားဝါဒ ပေါ်ထွက်လာပါသည်။ အမျိုးသားဝါဒကို အခြေခံကာ အမျိုးသမီးဝါဒ ပေါ်လာပါသည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်ဟု တွေးပါက သင်သည် ဗုဒ္ဓဘာသာဝင် မဟုတ်သူ ဖြစ်ပါသည်။ ကျွန်ုပ်သည် ဟိန္ဒူ သို့မဟုတ် မွတ်စလင် ဖြစ်ပါက သင်သည် ဟိန္ဒူ သို့မဟုတ် မွတ်စလင် မဟုတ်သူ ဖြစ်ပါသည်။ ထိုသူသည် အဆင့်မြင့်စွာ အသိဉာဏ်မကြွယ်ဝပါက သိပ်အရေးမပါသော သတ်မှတ်ချက်ကို အရေးအပါဆုံး သတ်မှတ်ချက်ကဲ့သို့ ဆုပ်ကိုင်လာတတ်ပါသည်။ အခြေခံဝါဒီနှင့် အစွန်းရောက်ဝါဒီအားလုံးသည် သိပ်အရေးမပါသော သတ်မှတ်ချက်ကို အမြင့်မြတ်ဆုံး ထားသောကြောင့် ပေါ်ထွက်လာပါသည်။

ကျွန်ုပ်တို့အားလုံးသည် လူသားများဖြစ်သည်ဟု ဘာကြောင့် မသတ်မှတ်ရပါသနည်း။ ဂြိုဟ်သားများ ရောက်လာပြီး ကျွန်ုပ်တို့သည် ကမ္ဘာဂြိုဟ်သားများ ဖြစ်သောကြောင့် ကျွန်ုပ်တို့ကို စတင်ပစ်ခတ်ပါက ကျွန်ုပ်တို့အားလုံးသည် ကမ္ဘာဂြိုဟ်မှဆိုသည့် သတ်မှတ်ချက် ရရှိပြီး အားလုံးစည်းလုံးကြရပါတော့မည်။ ကျွန်ုပ်တို့၏ သတ်မှတ်ချက်ကို ဖန်တီးရန် တတိယအချက်ကို ဘာကြောင့် စောင့်ဆိုင်းနေပါမည်နည်း။ ကိုယ်ပိုင် သတ်မှတ်ချက်ကို ယခုပဲ မဖန်တီးသင့်ပါသလား။ မည်သည့်သတ်မှတ်ချက်က ကျွန်ုပ်တို့ကို ပိုမိုပျော်ရွှင်စေပြီး ကမ္ဘာကြီးကို ပိုမိုပျော်ရွှင်စေပါသနည်း။ လူသားအဖြစ် သတ်မှတ်ချက်ကို ဆုပ်ကိုင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ပိုမိုပျော်ရွှင်ကာ အားလုံးကို ညီအစ်ကိုမောင်နှမကဲ့သို့ မြင်လာနိုင်ပါသည်။

Top