SEE သင်ကြားမှုဘာသာရပ်။ လူမှုရေးစွမ်းရည်များ

ပြုစုပျိုးထောင်ခြင်း လူမှုရေး၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာ လေ့လာမှု၊ အမ်မရီတက္ကသိုလ်၊ အကျဉ်းချုပ်မူဘောင်

လူမှုရေး၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာ (SEE: Social, Emotional and Ethical) လေ့လာမှု ဘာသာရပ်ဆိုသည်မှာ အမ်မရီ တက္ကသိုလ်ရှိ စူးစိုက်လေ့လာ သိပ္ပံပညာနှင့် ကရုဏာအခြေခံ ကျင့်ဝတ်ဆိုင်ရာ ဌာနက ရေးဆွဲထားသော အစီအစဉ် ဖြစ်ပါသည်။ ၎င်း၏ ရည်မှန်းချက်မှာ စိတ်ခံစားချက်အရ ကျန်းမာပြီး ကျင့်ဝတ်အရ တာဝန်ယူမှုရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပိုမိုကျယ်ပြန့်သော အသိုင်းအဝိုင်းများ ပြုစုပျိုးထောင်ရေး ဖြစ်ပါသည်။ ယခု ဒုတိယအပိုင်း ဖြစ်သည့် SEE သင်ကြားမှု လူမှုရေးစွမ်းရည်များ ပြုစုပျိုးထောင်ခြင်းတွင် အခြားသူများနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးတွင် အဆင်ပြေပြီး သဟဇာတဖြစ်စေမည့် လူမှုရေး စွမ်းရည်များ ထားရှိတတ်အောင် လေ့လာပါမည်။
အခြားဘာသာစကားများ

ပုဂ္ဂိုလ်ရေးနယ်ပယ် တွင် လေ့လာထားသည့် စိတ်ခံစားချက်အကြောင်း နားလည်မှုနှင့် ကိုယ်ပိုင်စည်းကမ်း အရည်အချင်းများသည် ဘဝတစ်လျှောက်တွင် ကျွန်ုပ်တို့ကို များစွာကျေးဇူးပြုမှာ သေချာပါသည်။ သို့သော် လူသားများ ဖြစ်သည့်အတွက် လူမှုရေးသဘာဝ ရှိသောကြောင့် အခြားသူများနှင့်လည်း ကောင်းစွာဆက်ဆံနိုင်ရန် တန်းတူ အရေးကြီးပါသည်။ လူမှုစရိုက်များသည် မွေးကတည်းက ပါလာပြီး ပြောင်းလဲ၍မရကြောင်း ယခင်က ထင်ထားခဲ့ပါသည်။ သို့သော် မကြာသေးမီက သိပ္ပံသုတေသနအရ လူမှုစရိုက်များကို သင်ယူမှု၊ တွေးတောမှုနှင့် တမင်လေ့ကျင့်မှုတို့ဖြင့် ပြုစုပျိုးထောင်နိုင်သည်ဟု ပိုမိုတွေ့ရှိလာပါသည်။ “လူမှုရေး” ဆိုသည်မှာ ကျွန်ုပ်တို့၏ အနီးကပ် အပြန်အလှန် ဆက်သွယ်မှုသာမက ကျောင်း၊ ရုံး၊ မိသားစု၊ အိမ်နီးချင်း စသည့် ပမာဏသေးငယ်သော အသိုင်းအဝိုင်းအတွင်း အပြန်အလှန် ဆက်သွယ်မှုများလည်း ပါဝင်ပါသည်။ မြို့၊ လူမှုအဖွဲ့အစည်း သို့မဟုတ် ကမ္ဘာကြီးတစ်ခုလံး စသည့် ပမာဏ ကြီးမားသော အသိုင်းအဝိုင်းများ အကြောင်းကို တတိယနှင့် နောက်ဆုံးနယ်ပယ်ဖြစ်သည့် ကမ္ဘာ့အဆင့် တွင် ဖော်ပြထားပါသည်။

လူမှုရေး အဆက်အစပ်ဖြင့် သတိရှိခြင်း၊ ကရုဏာထားခြင်းနှင့် ထိတွေ့ဆက်ဆံခြင်း

လူမှုရေး နယ်ပယ်သည် ပုဂ္ဂိုလ်ရေး နယ်ပယ်နှင့် များစွာတူညီသော်လည်း ယခုအာရုံစိုက်မှုသည် မိမိကိုယ်ကို မဟုတ်ဘဲ အခြားသူများအပေါ်တွင် ဖြစ်ပါသည်။ ဤနေရာတွင်လည်း သတိရှိခြင်း၊ ကရုဏာထားခြင်းနှင့် ထိတွေ့ဆက်ဆံခြင်း ဆိုသည့် အပိုင်းသုံးပိုင်းကို လေ့လာပါမည်။ သတိရှိခြင်း ဆိုသည်မှာ အခြားသူများကို သတိပြုမိခြင်းသာမက မိမိကိုယ်ကို လူမှုရေး သတ္တဝါအနေနှင့်လည်း သတိပြုမိခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် အခြားသူများနှင့် ဆက်စပ်၍ တည်ရှိခြင်း၊ အခြားသူများကို လိုအပ်ခြင်းနှင့် ကျွန်ုပ်တို့ အပြုအမူသည် အခြားသူများအပေါ်တွင် သက်ရောက်ခြင်း ဖြစ်ပါသည်။ ဤသို့ သတိရှိခြင်းတွင် လူသားများအနေနှင့် ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး တူညီသောအရာ၊ ခြားနားသောအရာများကို နားလည်မှုလည်း ပါဝင်ပါသည်။ ကရုဏာထားခြင်း ဆိုသည်မှာ ပုဂ္ဂိုလ်ရေး နယ်ပယ်တွင် ရရှိထားသော အသိပညာကို ယခုအခါ အခြားသူများနှင့် သူတို့၏ စိတ်ခံစားချက်များကို နားလည်အောင် အသုံးပြုခြင်း ဖြစ်ပါသည်။ ဤနည်းဖြင့် တုံ့ပြန်မှုနှင့် အကဲဖြတ်မှုတို့ နည်းသွားစေရန် ဖြစ်ပါသည်။ ကျေးဇူးတရား၊ ခွင့်လွှတ်ခြင်း၊ ရက်ရောခြင်းနှင့် နှိမ့်ချခြင်း စသည့် အခြားလူမှုစရိုက်များ ထားရှိရန်လည်း ဤအသိပညာကို အသုံးပြုပါသည်။ နောက်ဆုံးအချက်ဖြစ်သော ထိတွေ့ဆက်ဆံမှု အပိုင်းတွင် ဤသို့ သတိရှိမှုနှင့် အသိပညာကို အတူတကွ အသုံးပြုကာ အခြားသူများအပေါ် အပြုသဘော အကောင်းမြင်ပြီး ဆက်ဆံနိုင်ပုံကို လေ့လာပါသည်။ ထို့ကြောင့် လူမှုရေးနယ်ပယ်၏ အပိုင်းသုံးပိုင်းကို ဤသို့ယူဆနိုင်ပါသည်-

  • တစ်ဦးနှင့်တစ်ဦး သတိပြုမိခြင်း
  • အခြားသူများအတွက် ကရုဏာထားခြင်း
  • ဆက်ဆံရေး စွမ်းရည်

တစ်ဦးနှင့်တစ်ဦး သတိပြုမိခြင်း

ကျွန်ုပ်တို့အားလုံးသည် ကျဉ်းမြောင်းသော အတ္တအကျိုးစီးပွားကို သဘာဝအလျောက် အာရုံစိုက်တတ်သလို အခြားသူများကို သူတို့၏အကျိုးစီးပွား အလေးထား၍ ဆက်ဆံတတ်အောင် လေ့ကျင့်ခြင်းကိုလည်း အချိန်ယူ၍ သင်ယူနိုင်သော အရည်အချင်းတစ်ရပ် ဖြစ်ပါသည်။ ထိုအခါ အခြားသူများကိုသာမက မိမိအတွက်လည်း အကျိုးကြီးစေပါသည်။ ဥပမာအားဖြင့် အခြားသူများကို တန်ဖိုးထားစိတ် ထားရှိခြင်းဖြင့် ကျန်းမာသော စိတ်ခံစားချက်သာမက တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်မိသော ခံစားချက်များပါ တိုးမြှင့်ပေးပါသည်။ တစ်ဦးနှင့်တစ်ဦး သတိရှိမှုကို အဓိကခေါင်းစဉ်သုံးခုဖြင့် ဖော်ပြလိုပါသည်-

  • ကျွန်ုပ်တို့၏ လူမှုရေး အမှန်တရားကို အလေးထားခြင်း
  • ကျွန်ုပ်တို့၏ အခြားသူများနှင့် တူညီသော အမှန်တရားကို အလေးထားခြင်း
  • စုံလင်ကွဲပြားမှုနှင့် ခြားနားမှုကို တန်ဖိုးထားခြင်း

ကျွန်ုပ်တို့၏ လူမှုရေး အမှန်တရားကို အလေးထားခြင်း ဆိုသည်မှာ ကျွန်ုပ်တို့၏ ပင်ကိုလူမှုရေး သဘာဝ၊ အခြားသူများ၏ အရေးကြီးပုံနှင့် ကျွန်ုပ်တို့ဘဝတွင် သူတို့၏အခန်းကဏ္ဍ တို့ကို အသိအမှတ်ပြုနိုင်စွမ်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အခြားသူများနှင့် တူညီသော အမှန်တရားကို အလေးထားခြင်း ဆိုသည်မှာ ပျော်ရွှင်မှုကို လိုလားခြင်းနှင့် ဆင်းရဲဒုက္ခကို ရှောင်ရှားလိုခြင်းကဲ့သို့ အခြေခံအဆင့်တွင် အခြားသူများနှင့် တူညီသောအချက်ကို တန်ဖိုးထားခြင်း ဖြစ်ပါသည်။ နောက်ဆုံးအချက်ဖြစ်သည့် စုံလင်ကွဲပြားမှုနှင့် ခြားနားမှုကို တန်ဖိုးထားခြင်း ဆိုသည်မှာ လူတစ်ဦးချင်းနှင့် အုပ်စုများ၏ စုံလင်ကွဲပြားမှု၊ ထူးခြားမှုနှင့် ခြားနားမှုကို လေးစားရန်နှင့် ၎င်းတို့သည် ကျွန်ုပ်တို့၏စုပေါင်းဘဝတွင် ဖြည့်ဆည်းပုံကို လေ့လာရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လူမှုရေး အမှန်တရားကို အလေးထားခြင်း

“မည်သူမျှ တစ်ဦးတည်းနေ၍မရပါ” ဟု အဆိုရှိပါသည်။ အမှန်တရားမှာ ကျွန်ုပ်တို့ လူသားများသည် လူမှုရေး သတ္တဝါများ ဖြစ်ပြီး မရေမတွက်နိုင်သော အခြားသူများက ကျွန်ုပ်တို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်ုပ်တို့၏ဘဝတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ပါသည်။ အခြားသူများသည် ကျွန်ုပ်တို့လိုပင် တည်ရှိပြီး လောကကြီးကို အပြုခံများအဖြစ် ကြုံတွေ့ရသည်ဆိုသော အခြေခံအချက်ကို တစ်ခါတစ်ရံ ကျွန်ုပ်တို့ မေ့လျော့နိုင်ပါသည်။ ထိုအခါ ကျွန်ုပ်တို့သာလျှင် လိုချင်သောအရာနှင့် လိုအပ်ချက်များ ရှိပြီး ကျွန်ုပ်တို့ကိုသာ အလေးထားသင့်သည် စသည့်အတွေးမျိုးဖြင့် အလွယ်တကူ ထောင်ချောက်မိသွားနိုင်ပါသည်။

အစပိုင်းတွင် ကျွန်ုပ်တို့ ဖြစ်လာအောင် ပုံဖော်သူများ၊ ကျွန်ုပ်တို့ တည်ရှိမှုအပေါ် ဆက်လက်သက်ရောက်မှု ရှိသူများ၊ နောင်တွင် ကျွန်ုပ်တို့အပေါ် သက်ရောက်မည့်သူများ အကြောင်းကို စတင်တွေးတောနိုင်ပါသည်။ ဥပမာ၊ ကျွန်ုပ်တို့ကို အခြေခံ လိုအပ်ချက်များနှင့် အကာအကွယ် ပေးခဲ့သော သို့မဟုတ် ပေးနေဆဲဖြစ်သော မိဘ သို့မဟုတ် အခြား ထောက်ပံ့သူများကို တွေးနိုင်ပါသည်။ အခြားသူများက အပေါင်းအသင်းဖြစ်မှုကို ပေးပါသည်။ ပိုမိုကျယ်ပြန့်ပါက မရေမတွက်နိုင်သော လူများက ကျွန်ုပ်တို့စားသုံးသော အစားအသောက်ကို စိုက်ပျိုးကာ ကျွန်ုပ်တို့ ဝတ်ဆင်သော အဝတ်အထည်ကို ပြုလုပ်ကြပါသည်။ ဤအချက်များကို တွေးတောခြင်းဖြင့် အခြားသူများအပေါ် တန်ဖိုးထားမှု၊ စာနာမှုနှင့် ကရုဏာတို့ မွေးမြူရန် အုတ်မြစ်ချလိုက်ပါသည်။

ကျွန်ုပ်တို့၏ အခြားသူများနှင့် တူညီသော အမှန်တရားကို အလေးထားခြင်း

အခြားသူများ တည်ရှိကာ ကျွန်ုပ်တို့အတွက် ပေးဆပ်သည့်အချက်ကို ကျော်လွန်၍ သူတို့မှာ စိတ်ခံစားချက်ဆိုင်ရာ ဘဝများလည်း ရှိသည်ကို အသိအမှတ်ပြုရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ အခြေခံ တူညီချက်များကို အသိအမှတ်ပြုခြင်းနှင့် ခြားနားချက် တစ်ခုခုကြောင့် သူတို့ကို တန်ဖိုးမထားမိအောင် တားဆီးစရာ မလိုခြင်းတို့ဖြင့် အခြားသူများအပေါ် အခြေခံ တန်ဖိုးထားမှုကို ဤနေရာတွင် တိုးမြှင့်ထားပါသည်။ ကျွန်ုပ်တို့ အာရုံစိုက်သည့် တူညီမှုများမှာ ကျွန်ုပ်တို့၏ အခြေခံ လူသားအဖြစ် တွေ့ကြုံခံစားမှုများ ဖြစ်ပါသည်။ ယင်းတို့သည် လူသားအားလုံးတွင် တူညီပါသည်။ ကျွန်ုပ်တို့လိုပင် အခြားသူများသည်လည်း ကျန်းမာလိုကြပြီး အခက်အခဲ၊ ဆင်းရဲဒုက္ခများ မရရှိလိုကြပါ။ သူတို့မှာ လိုချင်မှု၊ လိုအပ်မှု၊ ကြောက်ရွံ့မှု၊ မျှော်လင့်မှု စသည်တို့ အပါအဝင် စိတ်ခံစားချက် ဘဝများ ရှိပါသည်။ သူတို့သည် ဖျားနာခြင်း၊ အကန့်အသတ် ရှိခြင်း၊ အခက်အခဲများ ကြုံရခြင်း၊ ပျော်ရွှင်မှုနှင့် အဆင်မပြေမှုများ ကြုံရခြင်းတို့ ရှိပါသည်။ ဤတူညီချက်များကို အသိအမှတ် ပြုခြင်းမှာ မွေးမြူ၍ရနိုင်သလို အလေ့အထ ဖြစ်အောင်လည်း ပြုလုပ်နိုင်ပါသည်။

စိတ်၏မြေပုံနှင့် ပထမပုဂ္ဂိုလ် စိတ်ခံစားချက် သတိပြုမိမှု အပါအဝင် စိတ်ခံစားချက်အကြောင်း သိနားလည်မှု အတိုင်းအတာ တစ်ခုအထိ ရှိပြီဆိုလျှင် အခြားသူများနှင့် တူညီမှုများကို အလွယ်တကူ သတိပြုမိလာပါသည်။ တစ်ချိန်တည်းမှာပင် အခြားသူများသည် ကျွန်ုပ်တို့နှင့် မတူညီပုံကို လေ့လာရန်လည်း လိုပါသည်။ အားလုံးတွင် လိုချင်မှု၊ လိုအပ်မှု၊ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်များ ရှိသော်လည်း ကျွန်ုပ်တို့နှင့် တစ်ပုံစံတည်း လိုချင်မှု၊ လိုအပ်မှု သို့မဟုတ် ကြောက်ရွံ့မှုတို့ မဟုတ်ပါ။ ဤအချက်ကို အသိအမှတ်ပြုပြီး လေးစားရန် လိုပါသည်။ ထို့ပြင် အခြားသူများတွင် ဘဝအတွေ့အကြုံ၊ ရှုထောင့်နှင့် အသိပညာများ ကွဲပြားပြီး အားလုံးကို တန်ဖိုးထားနိုင်ပါသည်။ ကျွန်ုပ်တို့၏ တူညီမှုများကို တန်ဖိုးထားလျှက် ကွဲပြားမှုများကို အသိအမှတ်ပြုခြင်းဖြင့် မိမိနှင့် အခြားသူများကို နားလည်လာကာ ယင်းမှာ ဆက်ဆံရေး စွမ်းရည်အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

စုံလင်ကွဲပြားမှုနှင့် ခြားနားမှုကို တန်ဖိုးထားခြင်း

အခြားသူများနှင့် တူညီသော ကျွန်ုပ်တို့၏ အစိတ်အပိုင်းတစ်ခုမှာ ကျွန်ုပ်တို့ အားလုံးသည် ထူးခြားပြီး ကွဲပြားကြောင်း၊ ထူးခြားသော လက္ခဏာရပ်များရှိကာ အခြားအုပ်စုများနှင့် မတူသော လူမှုရေး အုပ်စုများတွင် ကျွန်ုပ်တို့သည် ပါဝင်ကြောင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီတွင် မတူညီသော ကြီးပြင်းမှု၊ မတူညီသော မိသားစု ပတ်ဝန်းကျင်တို့ ရှိသလို ကျွန်ုပ်တို့၏ အမြင်၊ သဘောထားနှင့် ဆန္ဒများကို ပုံဖော်သည့် ထူးခြားသော အတွေ့အကြုံများ ရှိပါသည်။

ထို့ကြောင့် စုံလင်ကွဲပြားမှုသည် ကျွန်ုပ်တို့၏ တူညီသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုသို့တန်ဖိုးထားနိုင်ပါသည်။ ယင်းသည် ကျွန်ုပ်တို့ကို မဝေးကွာစေဘဲ စုစည်းပေးနိုင်ပါသည်။ ခြားနားမှုများနှင့် ကွဲပြားမှုကြောင့် ကျွန်ုပ်တို့၏ စုပေါင်းဘဝအား ဖြည့်ဆည်းပေးပုံကို လေးစားခြင်းသည် အထူးသဖြင့် အားလုံးပါဝင်သော ကမ္ဘာလုံးဆိုင်ရာ လောကတွင် အရေးကြီးသော သတိရှိမှု အမျိုးအစားတစ်ခု ဖြစ်ပါသည်။ ၎င်းသည် စစ်မှန်သော စာနာမှုနှင့် ကရုဏာအတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။

အခြားသူများအတွက် ကရုဏာထားခြင်း

လူမှုစရိုက်အားလုံးသည် အခြားသူများထံမှ ပေါ်ထွက်ကာ၊ အခြားသူများကို ဖြည့်ဆည်းပြီး ကရုဏာ ထားသည်ကို တွေ့နိုင်ပါသည်။ တစ်ဦးနှင့်တစ်ဦး သတိရှိမှုသည် လူမှုစရိုက် အမျိုးမျိုး မွေးမြူရန် လမ်းခင်းပေးသလို ကရုဏာသည် ယင်းတို့ကို ကျင့်ဝတ်အဆက်အစပ်ထဲသို့ ထည့်လိုက်ပါသည်။ အခြားသူများအတွက် ကရုဏာ ထားရှိရန် နည်းသုံးနည်းရှိပါသည်-

  • အခြားသူများ၏ ခံစားချက်များနှင့် စိတ်ခံစားချက်များကို အဆက်အစပ်ဖြင့် နားလည်ခြင်း
  • ကြင်နာမှုနှင့် ကရုဏာကို တန်ဖိုးထားပြီး မွေးမြူခြင်း
  • အခြားသော ကျင့်ဝတ်ဆိုင်ရာ ယုံကြည်ချက်များကို တန်ဖိုးထားပြီး မွေးမြူခြင်း

အခြားသူများ၏ ခံစားချက်များနှင့် စိတ်ခံစားချက်များကို အဆက်အစပ်ဖြင့် နားလည်ခြင်း

မိမိ၏ စိတ်ခံစားချက်များကို နားမလည်ခြင်းသည် မိမိကိုယ်ကို အကဲဖြတ်မှု ဖြစ်သွားစေနိုင်ပါသည်။ ထို့အတူ အခြားသူများသည် ကျွန်ုပ်တို့ နားမလည်သော သို့မဟုတ် လက်မခံသော ပုံစံများဖြင့် ပြုမူသည်ကို မြင်သောအခါ အကဲဖြတ်မှုဖြင့် အလိုလို တုံ့ပြန်မိပါသည်။ လိုချင်မှု၊ လိုအပ်မှုများမှ ပေါ်ထွက်လာသော ကျွန်ုပ်တို့၏ စိတ်ခံစားချက်များသည် မိမိကိုယ်ကို လက်ခံမှုမှင့် မိမိကိုယ်ကို ကရုဏာထားမှုတို့ ဖြစ်စေနိုင်ပုံကို နားလည်သောနည်းဖြင့်ဆိုလျှင် ဤလုပ်ငန်းစဉ်အတိုင်း အခြားသူများကို ကြည့်သောအခါ အလုပ်ဖြစ်ပါသည်။ 

အခြားသူတို့၏ ဆောင်ရွက်ချက်များသည် စိတ်ခံစားချက်များကြောင့် ပေါ်ထွက်ပြီး ဤစိတ်ခံစားချက်များသည် နောက်ခံလိုအပ်ချက်အရ ပေါ်ထွက်လာသည်ကို နားလည်ပါက ဒေါသနှင့် အကဲဖြတ်မှု မဟုတ်ဘဲ စာနာမှုနှင့် ကရုဏာတို့ ဖြစ်စေနိုင်ပါသည်။ ဤနေရာတွင် ရည်ရွယ်ချက်သည် မသင့်တော်သော အပြုအမူအတွက် အပြစ်ဆိုရန် မဟုတ်ဘဲ အခြားသူများနှင့် ၎င်းတို့၏ ခံစားချက်များကို လူသားအဆင့်တွင် နားလည် သဘောပေါက်ရန် ဖြစ်ပါသည်။

ကြင်နာမှုနှင့် ကရုဏာကို တန်ဖိုးထားပြီး မွေးမြူခြင်း

ကျွန်ုပ်တို့သည် ရက်စက်မှုထက် ကရုဏာကို တန်ဖိုးထားသင့်သည်မှာ ရှင်းနေသလို ရှိသော်လည်း ဤအခြေခံအချက်နှင့် အလွယ်တကူ ကွဲလွဲသွားနိုင်ပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံနှင့် သမိုင်းကြောင်း နမူနာများမှနေ၍ ကျွန်ုပ်တို့သည် ကရုဏာကို အမြဲတမ်း တန်ဖိုးမထားခဲ့ကြောင်း မြင်နိုင်ပါသည်။ သမိုင်းတစ်လျှောက်တွင် လူတို့သည် အခြားသူများ၏ ရက်စက်မှုကို လက်ခံခဲ့သော အချိန်များ သို့မဟုတ် မိမိ၏ ရက်စက်သော အပြုအမူများကို ဖယ်ရှားလိုက်သော အချိန်များ မရေမတွက်နိုင်အောင် နမူနာတွေ့ရှိနိုင်ပါသည်။ 

ကရုဏာသည် ကျွန်ုပ်တို့ကို များစွာအကျိုးပြုနိုင်သည့် အားကောင်းသော စည်းမျဉ်းတစ်ခု ဖြစ်သော်လည်း စိတ်ကို ကရုဏာရှိအောင် အမိန့်ပေးရုံနှင့် အလုပ်မဖြစ်ပါ။ ကရုဏာဆိုသောအရာနှင့် ကရုဏာ မဟုတ်သောအရာကို နားလည်ရန် လိုပြီး ယင်းကို ကျွန်ုပ်တို့ ထားရှိလိုသောအရာအဖြစ် တန်ဖိုးထားရပါမည်။ ကရုဏာ ထားရှိမှုသို့ မကူးပြောင်းမီ အခြားသူများကို ထည့်သွင်းစဉ်းစားပြီး အလေးထားသော သဘောထားဖြစ်သည့် ကြင်နာမှုဖြင့် စတင်လျှင် လွယ်ကူလေ့ ရှိပါသည်။

ကရုဏာဆိုသည်မှာ အခြားသူများ၏ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးလိုစိတ် ဖြစ်ပါသည်။ ကရုဏာသည် လူတို့တည်ရှိမှု၏ အချက်အချာကျသော အစိတ်အပိုင်းအဖြစ် အများစုက မရှုမြင်သော်လည်း သုတေသနအရ ကရုဏာ၏ ဇီဝဗေဒဇစ်မြစ်ကို ထောက်ပြထားပါသည်။ နို့တိုက်သတ္တဝါများနှင့် ငှက်များသည် မွေးဖွားပြီးနောက် ကိုယ်တိုင် မရှင်သန်နိုင်သော အချက်ကြောင့် ၎င်းတို့ရှင်သန်ရန် မိခင်၏ဂရုစိုက်မှု လိုအပ်ပါသည်။ လူသားအပါအဝင် သတ္တဝါမျိုးစိတ် များစွာတွင် ပရဟိတ အပြုအမူသည် တစ်ဦးချင်းအဆင့်နှင့် အုပ်စုအဆင့် နှစ်ခုစလုံးတွင် ရှင်သန်ကြီးထွားရန် ပံ့ပိုးသည့် အပြန်အလှန် သံယောဇဉ်ကို ဖန်တီးပေးပါသည်။ ထို့ကြောင့် ကရုဏာသည် ရှင်သန်ရန် ပုံစံမျိုးစုံဖြင့် အရေးကြီးပါသည်။ ထို့ကြောင့်လည်း လူတို့သည် အလွန်ငယ်ရွယ်စဉ်ကတည်းကပင် ကြင်နာမှုကို အပြင်းအထန် လိုအပ်ကာ စိတ်ပိုင်းဆိုင်ရာ အဆင့်မှာပင်လျှင် ကရုဏာကို အပြုသဘော တုံ့ပြန်ခြင်း ဖြစ်ပါသည်။

အခြားသော ကျင့်ဝတ်ဆိုင်ရာ ယုံကြည်ချက်များကို တန်ဖိုးထားပြီး မွေးမြူခြင်း

ကျွန်ုပ်တို့သည် ကရုဏာအပြင် ကျေးဇူးတင်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ရောင့်ရဲခြင်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်း စသည်တို့ကဲ့သို့ စိတ်ထားများကိုလည်း မွေးမြူနိုင်ပါသည်။ ဤကျင့်ဝတ်ဆိုင်ရာ စိတ်ထားအားလုံးတွင် တူညီသည့်အချက်မှာ  ကျွန်ုပ်တို့ဘဝအတွက် အကျိုးကျေးဇူးနှင့် ပျော်ရွှင်မှု ရရှိစေသည့် ရုပ်ဝတ္ထုပိုင်ဆိုင်မှု သို့မဟုတ် အောင်မြင်မှုများထက် အတွင်းစိတ် အရည်အသွေးများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ လူတို့ကို တန်ဖိုးထားကာ ၎င်းတို့က ကျွန်ုပ်တို့၏ဘဝကို ပြည့်စုံစေပုံကို အာရုံစိုက်ခြင်းသည် မိမိကိုယ်ကို ဦးစားပေးခြင်းနှင့် ပိုင်ဆိုင်မှုများပြားခြင်းသည် ရေရှည် စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှုအတွက် အဓိကကျသည်ဆိုသော စိတ်ကူးနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ဤစိတ်အရည်အသွေးများက မည်မျှအရေးပါသည်ကို ကျွန်ုပ်တို့တန်ဖိုးထားလာရန် လိုပါသည်။ သုတေသနအရ ရုပ်ဝတ္ထုပစ္စည်း အဆင်ပြေမှု အဆင့်တစ်ခုသို့ ရောက်ပြီးသောအခါ ဘဝကျေနပ်မှု ကျဆင်းရဲဒုက္ခသွားသော်လည်း ကျေးဇူးတင်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ အခိုင်အမာ ဆက်စပ်မှုကို ကလေးများတွင်ရော လူကြီးများတွင်ပါ တွေ့ရသည်ဟု ဖော်ပြပါသည်။ ကျေးဇူးတင်ခြင်းသည် ဘဝကျေနပ်မှု ပိုမိုရရှိစေရုံသာမက လူမှုကွန်ရက် မီဒီယာ၊ ကြော်ငြာနှင့် ရုပ်မြင်သံကြားတို့က ပေးလာသည့် ရုပ်ဝတ္ထုကြွယ်ဝခြင်း သတင်းစကားများကိုလည်း အားကောင်းသော ဆန့်ကျင်မှု ဖြစ်ပါသည်။  

အခြားသူများသည် ကျွန်ုပ်တို့ကို နည်းမျိုးစုံနှင့် အကျိုးပြုပါသည်။ ထိုအကျိုးကျေးဇူးများသည် ကျွန်ုပ်တို့ကို တမင်ရရှိစေလိုရန်အတွက်လည်း ဟုတ်ချင်မှဟုတ်ပါမည်။ အခြားသူများသည် မခိုးဝှက်ခြင်း၊ အန္တရာယ် မပေးခြင်း၊ ကျွန်ုပ်တို့ကို မစော်ကားခြင်း စသည့် သူတို့မပြုလုပ်သောအရာများကိုလည်း တန်ဖိုးထားရန် လိုပါသည်။ ပို၍အဆင့်မြင့်သော အဆင့်တွင် အခြားသူများက အန္တရာယ် ပေးသောပုံစံဖြင့် ပြုမူသော အခါ ရရှိသည့် အကျိုးကျေးဇူးကိုပင် တန်ဖိုးထားတတ်ရပါသည်။ ပြင်းထန်သော အကျပ်အတည်းကို ကြုံရပြီး ရှင်ကျန်ရစ်ကာ၊ ၎င်းတို့၏ ရှုထောင့်ကို ပြောင်းလဲနိုင်ပြီး ပိုမိုပျော်ရွှင်သော၊ ပိုမိုပြည့်ဝသော ဘဝကို နေထိုင်သွားသူတို့အကြောင်းကို နမူနာ လေ့လာနိုင်ပါသည်။ အခြားသူတို့၏ မှားယွင်းသော အပြုအမူကို လျစ်လျူမရှုသင့်သော်လည်း ဤသို့ အမြင်သစ် ထားရှိနိုင်စွမ်းသည် ဒေါသ၊ နာကျည်းမှုနှင့် အမုန်းတရားကို ဖြေလျှော့ရန် အစွမ်းထက်သောနည်း ဖြစ်ပါသည်။ အခြားသူများက ကျွန်ုပ်တို့အား အကျိုးပြုပုံကို လေ့လာခြင်းဖြင့် စစ်မှန်ပြီး စွဲမြဲသော ကျေးဇူးတရား မွေးမြူနိုင်ကာ ထိုမှသည် အခြားသူများနှင့် အားကောင်းသော သံယောဇဉ်နှင့် ချိတ်ဆက်မှု ရရှိလာပါသည်။  

အတ္တဗဟိုပြု သဘောထား၏ အပြစ်များနှင့် ကျွန်ုပ်တို့၏ ပျော်ရွှင် အဆင်ပြေမှုသည် မရေမတွက်နိုင်သော အခြားသူများ၏ ကြင်နာမှုများပေါ် မူတည်ပုံကို တွေးကြည့်သောအခါ အလိုလို ကျေးဇူးတင်မိလာပါမည်။ 

ကျွန်ုပ်တို့သည် စာနာစိတ် ထားရှိရန်လည်း လိုပါသည်။ ယင်းမှာ အခြားသူများ၏ ပျော်ရွှင်မှု၊ ဝမ်းနည်မှု အပါအဝင် သူတို့၏တွေ့ကြုံခံစားမှုများကို အသိအမှတ်ပြုပြီး သိမြင်နိုင်စွမ်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အများစုသည် မိမိသူငယ်ချင်းများနှင့် ချစ်ခင်ရသူများကို စာနာစိတ် အလိုလို ထားမိသော်လည်း ပိုမိုကျယ်ပြန့်ပြီး ဘက်မလိုက်ရန် ချဲ့ထွင်၍လည်း ရနိုင်ပါသည်။ စာနာစိတ်ကို ကျွန်ုပ်တို့၏ အခြေခံ တူညီချက်များနှင့် ပေါင်းစပ်သောအခါ ဘက်လိုက်မှုနည်းပါးသော စာနာစိတ်အစစ်အမှန် ပေါ်ထွက်လာပါသည်။ အခြားသူများကို စာနာစိတ်ဖြင့် ဆက်ဆံရာတွင် သူတို့၏ အမြင်နှင့် သူတို့၏ အခြေအနေကို နားလည်ရန် အားထုတ်ဖို့ လိုပါသည်။ ဥပမာအားဖြင့် “ဒီလူက တစ်ကိုယ်ကောင်းဆန်တယ်” ဟု ပြောမည့်အစား "သူ့အပြုအမူဟာ တစ်ကိုယ်ကောင်း ဆန်တယ်လို့ ယူဆနိုင်တယ်” ဟု ပြောနိုင်ပါသည်။ ထိုအခါ ထိုသူကို အမြဲအတ္တကြီးသူဟု မမြင်တော့ဘဲ အတ္တမကြီးသော အချိန်များကို သတိထားမိရန်လည်း လမ်းဖွင့်ထားမိစေပါသည်။ 

အခြားသူများနှင့် တူညီချက်များကို လေ့လာကာ ကျေးဇူးတင်ခြင်းနှင့် စာနာစိတ်တို့ ထားရှိသောအခါ ခွင့်လွှတ်ခြင်းကို အလိုလိုစတင် ထားရှိလာပါသည်။ လက်တွေ့မကျသော မျှော်မှန်းချက်များကို စွန့်ပယ်ကာ မိမိကိုယ်ကို လက်ခံလာသောအခါ အခြားသူများအပေါ် ထားရှိသည့် ဒေါသနှင့် နာကျည်းမှုတို့ကို အလွယ်တကူ စွန့်ပယ်လာပါမည်။ ထို့ကြောင့် ခွင့်လွှတ်ခြင်းသည် မိမိကိုယ်ကို ပေးအပ်သော လက်ဆောင်ဖြစ်ပါသည်။

ဆက်ဆံရေး စွမ်းရည်

ကျွန်ုပ်တို့သည် ပေါင်းသင်းဆက်ဆံရေးများမှသည် မိသားစုရေးရာနှင့် ရုံးပိုင်းဆိုင်ရာ ကိစ္စများအထိ ရှုပ်ထွေးသော လူမှုဆက်ဆံရေးများတွင် ပုံမှန်အားဖြင့် ပါဝင်ရပါသည်။ ပျော်ရွှင်မှုနှင့် အောင်မြင်မှုအတွက် လူမှုရေးပုံစံ အမျိုးမျိုးတွင် ပြုပြင်ပြောင်းလဲနိုင်စွမ်း လိုအပ်ပါသည်။ ရေရှည် ကျန်းမာရေးသည် အဓိပ္ပာယ်ရှိပြီး အပြုသဘော ဆက်ဆံရေးများ တည်ဆောက် ထိန်းသိမ်းနိုင်စွမ်းနှင့် အန္တရာယ်ရှိသော ဆက်ဆံရေးများကို သိရှိအဆုံးသတ်နိုင်စွမ်းတို့ အပေါ်တွင် သိသာစွာ ဆက်စပ်နေပါသည်။ ဤဘာသာရပ်၏ ပြီးခဲ့သော အပိုင်းနှစ်ခုဖြစ်သည့် ကျွန်ုပ်တို့၏ လူမှုသဘောသဘာဝကို သိရှိမှုနှင့် အခြားသူများ၏ စိတ်ခံစားချက် အဆက်အစပ်ကို နားလည်မှုတို့သည် မိမိနှင့် အခြားသူများ၏ အဆင်ပြေမှုအတွက် အကျိုးအပြုဆုံး လက်တွေ့ ကျွမ်းကျင်မှု၊ အပြုအမူများနှင့် ကျင့်သုံးမှုများ တည်ဆောက်နိုင်သည့် အခြေခံအုတ်မြစ်ကို ဖန်တီးပေးပါသည်။ ကျွန်ုပ်တို့ အပြုအမူသည် စာနာမှုနှင့် ကရုဏာတို့တွင် အခြေတည်နေလျှင်ပင် ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်သည် တစ်ခါတစ်ရံ ပြောင်းပြန်အကျိုးသက်ရောက်စေပါသည်။ ကျွန်ုပ်တို့တွင် ရည်မှန်းချက်ကောင်းများ ရှိနိုင်သော်လည်း မိမိနှင့် အခြားသူများအတွက် အခက်အခဲများ မတော်တဆ ဖြစ်သွားစေနိုင်ပါသည်။ ဤသို့မဖြစ်အောင် လျှော့ချရန်အတွက် အတွေ့အကြုံ များများရှိရပါမည်။ သင်ယူထားသော ကျွမ်းကျင်မှုတိုင်း မိမိထံတွင် ကိန်းအောင်းကာ သဘာဝအလျှောက် ဖြစ်လာသည်အထိ တက်ကြွစွာ လေ့ကျင့်နိုင်ပါသည်။ ကျွန်ုပ်တို့လေ့ကျင့်နိုင်သော အပိုင်းလေးပိုင်းရှိပါသည်-

  • စာနာစိတ်ဖြင့် နားထောင်ခြင်း
  • ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုခြင်း
  • အခြားသူများကို ကူညီခြင်း
  • ပဋိပက္ခကို အသွင်ပြောင်းခြင်း

စာနာစိတ်ဖြင့် နားထောင်ခြင်း

စာနာစိတ်ဖြင့် နားထောင်ခြင်းသည် အခြားသူများကို ပွင့်လင်းသောစိတ်ဖြင့် နားထောင်ခြင်း ဖြစ်ပြီး စိတ်လှုပ်ရှားပြီး တုံ့ပြန်မှုကြောင့် တံခါးပိတ်မထားရန် ဖြစ်ပါသည်။ တစ်ဖက်လူ၏ အမြင်သည် မိမိနှင့် ကွဲလွဲနေသည့်တိုင် ထိုသူကို လေးစားတန်ဖိုးထားမှုတွင် အခြေခံပါသည်။ “နက်ရှိုင်းစွာ နားထောင်ခြင်း” ဖြင့် စာနာစိတ်ဖြင့် နားထောင်ခြင်းကို လေ့ကျင့်နိုင်ပါသည်။ ယင်းမှာ အခြားသူများကို မှတ်ချက် သို့မဟုတ် အကဲဖြတ်ချက် မပေးဘဲ တစ်ကြိမ်လျှင် မိနစ်အနည်းငယ် နားထောင်ကြည့်ခြင်း ဖြစ်ပါသည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့ သဘောကွဲလွဲနိုင်သည်ကို ပြောနေသူများကို ကြည့်ရှု နားထောင်ကာ ထို့နောက် ခဏနားပြီး ယင်းကို စိတ်လှုပ်ရှားစွာ မတုံ့ပြန်မီ သူတို့ပြောသောအချက်ကို စာပြန်စီပြီး ဖော်ပြနိုင်ပါသည်။

စာနာစိတ်ဖြင့် နားထောင်ခြင်းသည် အပေါ်ယံ အကြောင်းအရာကိုသာ အာရုံစိုက်ခြင်း မဟုတ်ဘဲ လူတို့ပြောသည့် အကြောင်းအရာကို နားလည်ရန် အဆက်အစပ် ပေးနိုင်သည့် နောက်ခံ လိုအပ်ချက်နှင့် စိတ်ဆန္ဒများကိုလည်း အာရုံစိုက်ခြင်း ဖြစ်သင့်ပါသည်။

ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုခြင်း

နားထောင်ခြင်းသည် အလွန်အရေးကြီးသော်လည်း ကျွန်ုပ်တို့သည် စာနာထောက်ထားသော၊ အကျိုးရှိသော၊ မိမိနှင့် အခြားသူများကို အားဖြည့်ပေးသောနည်းဖြင့် ပြောလိုသည့်အရာကို ပြောဆိုနိုင်စွမ်းလည်း လိုအပ်ပါသည်။ "အားဖြည့်ပေးသော ဆက်သွယ်ပြောဆိုခြင်း” အယူအဆသည် ကျွန်ုပ်တို့အတွက်သာမက မိမိဘာသာ ထုတ်ပြောနိုင်စွမ်း မရှိသူတို့အတွက်လည်း လေးစားပြီး တိကျစွာ ပြောဆိုနိုင်စွမ်းကို ဆိုလိုပါသည်။ ဆွေးနွေးငြင်းခုန်မှုသည် အလွန်အစွမ်းထက်သောနည်း ဖြစ်ပါသည်။ ဥပမာအားဖြင့် သူငယ်ချင်းများနှင့် ဆွေးနွေးငြင်းခုန်နိုင်ပြီး ပုံမှန်အားဖြင့် သဘောကွဲလွဲမည့်ဘက်မှ နေနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူသားများအနေနှင့် မိမိအမြင်ကို ဆန့်ကျင်သူများအား မမှန်ကန်ကြောင်း သို့မဟုတ် လူသားမဆန်ကြောင်း ပြုလုပ်လိုစိတ် ရှိသည့်အတွက် ဤလေ့ကျင့်ခန်းများက နှိမ့်ချမှု၊ ဉာဏ်ပညာ စူးစမ်းမှုနှင့် ဘုံလူသားထုအသိစိတ်တို့ မွေးမြူရန် ကူညီနိုင်ပါသည်။

အခြားသူများကို ကူညီခြင်း

နားထောင်ခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းသည် အခြေခံကျသော်လည်း အခြားသူများကို ကူညီရန် အခြားနည်းများစွာ ရှိပါသည်။ အခြားသူများကို ကူညီခြင်းသည် အခြားသူများ၏ လိုအပ်ချက်အတွက် အမြဲသင့်တော်သင့်သလို ကိုယ်ပိုင်စွမ်းရည်နှင့်လည်း အချိုးအစားညီသင့်ပါသည်။ လူမှုရေးလုပ်ငန်းမှသည် စေတနာ့ဝန်ထမ်းလုပ်ငန်းနှင့် “ကြုံသလို ကြင်နာစွာ ကူညီဆောင်ရွက်ခြင်း” အထိ ပေးဆပ်ခြင်းသည် အကူအညီရခြင်းထက် ကျွန်ုပ်တို့ကျန်းမာရေးကို ပို၍ အထောက်အကူပြုသည်ဟု သုတေသနအရ ဖော်ပြထားပါသည်။ 

ကျွန်ုပ်တို့သည် အခြားသူများကို ကူညီသည့်လုပ်ငန်းကို အချိန်ယူ တွေးတောနိုင်ပါသည်။ ထိုသို့ကူညီသောအခါ ခံစားရပုံ၊ ၎င်းမှနေ၍ သင်ယူမိသောအရာ၊ ၎င်းကို မည်သို့မြှင့်တင်နိုင်ပုံ၊ ကျွန်ုပ်တို့ ကူညီရန် ကြိုးစားနေသူများအပေါ် သက်ရောက်မှုများ ဖြစ်ပါသည်။ နောက်ဆုံးတွင် အခြားသူများက အပေါ်ယံ ထင်မြင်ရသော အရာကို ကျော်လွန်ပြီး ၎င်းတို့၏ ရေရှည် ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်နိုင်သော မည်သည့်အကူအညီမျိုး လိုအပ်သည်ကို လေ့လာနိုင်ပါသည်။

ပဋိပက္ခကို အသွင်ပြောင်းခြင်း

ဘဝတွင် ပဋိပက္ခနှင့် မလွဲမသွေ ကြုံတွေ့ရပါသည်။ ပဋိပက္ခကိုယ်၌က မဆိုးရွားသော်လည်း မိမိနှင့် အခြားသူများအတွက် ပဋိပက္ခ ရှောင်ရှားတတ်အောင် သင်ယူရေးသည် အရေးပါသော အရည်အချင်း ဖြစ်ပါသည်။ ပဋိပက္ခကို ဖြေရှင်းခြင်းသည် နှစ်ဖက်စလုံး၏ အဆင်ပြေမှုကို တိုးမြှင့်ပေးနိုင်သော အခြေအနေများနှင့် ဆက်ဆံရေးများကို ပြောင်းလဲရန် နည်းလမ်းတစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။ ထိုအတွက် ပဋိပက္ခကို အပြုသဘော တုံ့ပြန်နိုင်စွမ်း ရှိရန်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြန်လည်သင့်မြတ်မှုနှင့် ငြိမ်းချမ်းသော ဆက်ဆံရေးများ ဖြစ်စေရန် လိုအပ်ပါသည်။

အတွင်းစိတ် ငြိမ်းချမ်းမှုသည် ပြင်ပငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ထိုအတူ အတွင်းစိတ် ပြန်လည်သင့်မြတ်ရေးဖြင့် ပြင်ပ ပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်ပါသည်။ ကျွန်ုပ်တို့၏ အတွင်းစိတ်လောကကို ဖြေရှင်းခြင်းသည် ပဋိပက္ခကို အောင်မြင်စွာ ပြောင်းလဲခွင့်များ ပိုမိုရရှိစေပါသည်။ နှိမ့်ချမှု၊ စာနာစိတ်၊ ကရုဏာ၊ ခွင့်လွှတ်ခြင်း၊ ဘက်မလိုက်ခြင်း၊ ကျွန်ုပ်တို့၏ တူညီသော ဘုံလူသားထုကို အသိအမှတ်ပြုမှုတို့ မရှိပါက ပဋိပက္ခကို အသွင်ပြောင်းမှုနှင့် ဖြေရှင်းမှုသည် ဖြစ်နိုင်ခြေရှိသည့်တိုင် ခက်ခဲနေပါသည်။ ဤအရည်အချင်းများ ရှိပါက ပဋိပက္ခကို အသွင်ပြောင်းမှုသည် သက်ဆိုင်သူအားလုံးအတွက် နက်ရှိုင်းပြီး အမှန်ပင် ပြုပြင်ပြောင်းလဲသော အတွေ့အကြုံတစ်ခု ဖြစ်လာပါမည်။

အကျဉ်းချုပ်

ဤဘာသာရပ်၏ ပထမအပိုင်းတွင် မိမိကိုယ်ကို ပိုမိုနားလည်အောင် စိတ်ခံစားချက်ဆိုင်ရာ အသိအမြင်ကို ဖော်ထုတ်ပါသည်။ ဤဒုတိယအပိုင်းတွင် ကျွန်ုပ်တို့၏ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ကြုံတွေ့ရသော သူစိမ်းများစသည့် အခြားသူများနှင့် ထိတွေ့ဆက်ဆံရန် ထိုနားလည်မှုကို အသုံးပြုပါသည်။ ဆက်ဆံရေး စွမ်းရည် မွေးမြူခြင်းသည် ကြင်နာမှုနှင့် ကရုဏာ စည်းမျဉ်းများနှင့် တွဲဖက်နေပါသည်။ ယင်းတို့ကို လုံလောက်စွာ ကျင့်သုံးသည်နှင့် လူမှုစွမ်းရည်သည် နည်းစနစ်အနေနှင့်သာ မဟုတ်တော့ဘဲ အခြားသူများကို တန်ဖိုးထားပြီး အလေးထားသော သဘာဝအလျှောက် ရလဒ်တစ်ခုအဖြစ် အသွင်ပြောင်းပေးလိုက်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသော လူမှု အဆက်အစပ် အားလုံးတွင် အပြုသဘော မဟာဗျူဟာများ လက်ခံကျင့်သုံးသောအခါ ကျွန်ုပ်တို့၏ ဆက်ဆံရေးများ ပို၍သဟဇာတ ဖြစ်လာရုံသာမက ကျွန်ုပ်တို့သည်လည်း ပို၍ပျော်ရွှင်ကာ စိတ်ကျေနပ်မှု ရရှိလာပါသတည်း။
 

ဆက်လက်လေ့လာလိုပါက SEE သင်ယူမှု မူဘောင် အပြည့်အစုံ ကို ဖတ်ရှုကာ စူးစိုက်လေ့လာ သိပ္ပံပညာနှင့် ကရုဏာအခြေခံ ကျင့်ဝတ်ဆိုင်ရာ ဌာန၏ အခြားအစီအစဉ်များ အကြောင်း လေ့လာနိုင်ပါသည်။  

Top