SEE သင်ကြားမှုဘာသာရပ်။ ကမ္ဘာ့နိုင်ငံသား

ဖြစ်လာရေး လူမှုရေး၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာ လေ့လာမှု၊ အမ်မရီတက္ကသိုလ်၊ အကျဉ်းချုပ်မူဘောင်

လူမှုရေး၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာ (SEE: Social, Emotional and Ethical) လေ့လာမှု ဘာသာရပ်ဆိုသည်မှာ အမ်မရီ တက္ကသိုလ်ရှိ စူးစိုက်လေ့လာ သိပ္ပံပညာနှင့် ကရုဏာအခြေခံ ကျင့်ဝတ်ဆိုင်ရာ ဌာနက ရေးဆွဲထားသော အစီအစဉ် ဖြစ်ပါသည်။ ၎င်း၏ ရည်မှန်းချက်မှာ စိတ်ခံစားချက်အရ ကျန်းမာပြီး ကျင့်ဝတ်အရ တာဝန်ယူမှုရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပိုမိုကျယ်ပြန့်သော အသိုင်းအဝိုင်းများ ပြုစုပျိုးထောင်ရေး ဖြစ်ပါသည်။ ယခု တတိယမြောက်နှင့် နောက်ဆုံးအပိုင်းသည် ကမ္ဘာ့နိုင်ငံသား ဖြစ်လာရေးအတွက် SEE သင်ကြားမှုအကြောင်း ဖြစ်ပါသည်။ ဤအပိုင်းတွင် ကမ္ဘာကြီးသည် အပြန်အလှန် မှီခိုမှုရှိပုံ၊ လူသားအားလုံးသည် ပျော်ရွှင်လိုသောစိတ် ရှိရာတွင် တူညီပုံနှင့် ကျွန်ုပ်တို့သည် ကမ္ဘာ့အဆင့်တွင် အပြောင်းအလဲ ဖော်ဆောင်နိုင်ပုံ တို့ကို လေ့လာထားပါသည်။

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည် ပိုမိုရှုပ်ထွေးကာ တစ်ကမ္ဘာလုံးနှင့် ဆိုင်လာပြီး အပြန်အလှန် မှီခိုလာပါသည်။ လက်ရှိနှင့် အနာဂတ် မျိုးဆက်များ ရင်ဆိုင်ရသော စိန်ခေါ်မှုများသည် တန်ဖိုးကြီးမားပြီး အလွန်ကျယ်ပြန့်သည့်သဘော ရှိပါသည်။ ထိုအတွက် ဖြေရှင်းမှုများသည် တွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းမှု အသစ်များ လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ညှိနှိုင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းမှုတို့ လိုအပ်ပါသည်။ ကရုဏာတစ်ခုတည်းနှင့် ကမ္ဘာကြီးကို ထိတွေ့ဆက်သွယ်ရန် မလုံလောက်ပါ။ ကရုဏာကို ကျွန်ုပ်တို့နေထိုင်ရာ ပိုမိုကျယ်ပြန့်သော စနစ်များအကြောင်း နားလည်မှုတွင်အခြေခံသည့် တာဝန်သိသော ဆုံးဖြတ်ချက်ဖြင့် ဖြည့်ဆည်းရန် လိုပါသည်။

ကမ္ဘာလုံးဆိုင်ရာ နယ်ပယ်သည် အစတွင် ခက်ခဲသည်ဟု ထင်ရနိုင်သော်လည်း ပုဂ္ဂိုလ်ရေး နှင့် လူမှုရေး နယ်ပယ် များတွင် လေ့လာထားသည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖြင့်ပင် တည်ဆောက်ထားပါသည်။ ယင်းကို ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအထိ ချဲ့ထွင်ထားခြင်းသာ ဖြစ်ပါသည်။ မိမိနှင့် အခြားသူများ၏ အပြုအမူများကို နားလည်နိုင်သည့်နည်းတူ စနစ်ကြီးများ၏ လုပ်ငန်းဆောင်ရွက်ပုံကို နားလည်နိုင်စွမ်း သည်လည်း အရေးကြီးပါသည်။ ဤသိမြင်မှုကို ပိုမိုနက်ရှိုင်းစေကာ ရှုပ်ထွေးသော အခြေအနေများအတွက် ဝေဖန်ပိုင်းခြားသော တွေးခေါ်မှုကို အသုံးချခြင်းဖြင့် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်မှု ဖြစ်ပေါ်လာနိုင်ပါသည်။ ပြဿနာဖြေရှင်းခြင်းသည် ပိုပြီး လွှမ်းခြုံမှု ရှိလာကာ ပြဿနာများကို ချိတ်ဆက်မှုမရှိသော အပိုင်းအစများအဖြစ်သို့ ခွဲထုတ်လိုစိတ်ကို ရှောင်ရှားနိုင်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ နယ်ပယ်တွင် အောက်ပါခေါင်းစဉ်များကို လေ့လာပါသည်-

  • အပြန်အလှန် မှီခိုမှုကို တန်ဖိုးထားခြင်း
  • ဘုံ လူသားဆန်မှုကို အသိအမှတ်ပြုခြင်း
  • လူ့အသိုင်းအဝိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထိတွေ့မှု

အပြန်အလှန် မှီခိုမှုကို တန်ဖိုးထားခြင်း

အပြန်အလှန် မှီခိုမှု ဆိုသည်မှာ ကိစ္စရပ်များနှင့် အဖြစ်အပျက်များသည် အဆက်အစပ်မရှိဘဲ ပေါ်ထွက်လာခြင်း မဟုတ်ဘဲ ၎င်းတို့တည်ရှိမှုအတွက် မှီခိုသော အခြား ကိစ္စရပ်များနှင့် အဖြစ်အပျက်များပေါ်တွင် တည်မှီသည် ဆိုသည့် အယူအဆ ဖြစ်ပါသည်။ ဥပမာပြရလျှင် ကျွန်ုပ်တို့စားသုံးသော ထမင်းဟင်းသည် ပါဝင်ပစ္စည်းများကို နောက်ကြောင်းပြန် လိုက်မည်ဆိုပါက ရင်းမြစ်များနှင့် သက်ဆိုင်သူများစွာထံမှ လာပါသည်။ အပြန်အလှန် မှီခိုမှုသည် တစ်နေရာမှ အပြောင်းအလဲများသည် အခြားတစ်နေရာမှ အပြောင်းအလဲများကို ဖြစ်စေသည်ဟု ဆိုလိုပါသည်။ အကျိုးရလဒ်များတွင် အကြောင်းရင်းများ ရှိပါသည်။ တကယ်တော့ စုံလင်ကွဲပြားသော အကြောင်းရင်းနှင့် အခြေအနေများကြောင့် ပေါ်ထွက်လာနိုင်ပါသည်။

အပြန်အလှန် မှီခိုမှုကို တွေးတောသည့် ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၏ ကမ္ဘာ့စနစ်များ လုပ်ဆောင်ပုံကို အကြမ်းနားလည်ရန်အတွက်သာ မဟုတ်ဘဲ ဤအသိပညာဖြင့် မိမိ၊ အခြားသူများနှင့် ကမ္ဘာကြီးအတွက် ကျွန်ုပ်တို့၏ အလေးထားမှုနှင့် ဆက်စပ်ရန် ဖြစ်ပါသည်။ အပြန်အလှန် မှီခိုမှုကို ရှုထောင့်နှစ်မျိုးဖြင့် လေ့လာနိုင်ပါသည်-

  • အပြန်အလှန် မှီခိုသော စနစ်များကို လေ့လာခြင်း
  • စနစ်များနှင့်ဆက်စပ်၍ တစ်ဦးချင်းပုဂ္ဂိုလ်များ

အပြန်အလှန် မှီခိုသော စနစ်များကို လေ့လာခြင်း သည် “အတွင်း” နှင့် “အခြား” အာရုံစိုက်မှုကို ပိုမိုကျယ်ပြန့်သော စနစ်များအပေါ် “အပြင်” အာရုံစိုက်မှုသို့ ပြောင်းရွှေ့မှုနှင့် ဆိုင်ပါသည်။ အကြောင်းနှင့် အကျိုးကဲ့သို့ အပြန်အလှန် မှီခိုမှုနှင့် ကမ္ဘာ့စနစ်များ၏ စည်းမျဉ်းများ နားလည်ရေးအတွက် ကျွန်ုပ်တို့၏ သတိပြုမိမှုကို ဦးတည်လိုက်ပါသည်။ စနစ်များနှင့်ဆက်စပ်၍ တစ်ဦးချင်းပုဂ္ဂိုလ်များ  ဖြင့် ကျွန်ုပ်တို့အနီးမှ အခြားသူများကဲ့သို့ပင် ကျွန်ုပ်တို့၏ တည်ရှိမှုသည် ကမ္ဘာတစ်ဝန်းမှ အဖြစ်အပျက်၊ အကြောင်းတရားနှင့် လူပုဂ္ဂိုလ်များစွာနှင့် အသေးစိတ် ဆက်စပ်နေပုံကို အသိအမှတ် ပြုလိုက်ပါသည်။

အပြန်အလှန် မှီခိုသော စနစ်များကို လေ့လာခြင်း

အပြန်အလှန် မှီခိုမှုသည် သဘာဝ နိယာမနှင့် လူ့ဘဝ၏ အခြေခံ အမှန်တရား ဖြစ်ပါသည်။ အစားအစာ၊ ရေနှင့် နားခိုရာနေရာ အခြေခံ လိုအပ်ချက်များ ပေးအပ်သည့် မရေမတွက်နိုင်သော အခြားသူများ၏ ပံပိုးမှု၊ ပညာရေး၊ ဥပဒေပြုရေး၊ အစိုးရ၊ လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စသည့်တို့အတွက် တာဝန်ယူသော မရေမတွက်နိုင်သည့် ပံ့ပိုးရေး အဖွဲ့အစည်း အခြေခံ အဆောက်အအုံများ မပါဝင်ဘဲ မည်သူမျှ တိုးတက်ရန်မပြောနှင့် အသက်ဆက်ရန်ပင် မဖြစ်နိုင်ပါ။ ၂၀၀၇-၂၀၀၉ နိုင်ငံတကာ စီးပွားရေးဆုတ်ယုတ်မှုနှင့် ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာ့အကြမ်းဖက် ပဋိပက္ခများကို ပိုမိုစိုးရိမ်လာမှု စသည့် အဓိက လူသိများသော အကျပ်အတည်းများက ဤသို့သော ကမ္ဘာ့အဆင့် စီးပွားရေးနှင့် ဂေဟဗေဒဆိုင်ရာ အပြန်အလှန် မှီခိုမှုကို ဖော်ပြနေပါသည်။

အစဉ်အလာ အသိုင်းအဝိုင်းများတွင် အခြားသူများနှင့် ဆက်စပ်မှုသည် နေ့စဉ်ဘဝထဲသို့ ပို၍နက်ရှိုင်းစွာ ကိန်းအောင်းနေပါသည်။ ရှင်သန်မှုသည် သီးနှံရိတ်သိမ်းမှုမှသည် အဆောက်အဦများ တည်ဆောက်မှုနှင့် သားရဲများ ခြောက်လှန့်တိုက်ခိုက်မှုအထိ ရင်းမြစ်များ မျှဝေဖလှယ်မှု၊ အခြား လူမှုရေး ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်တွင် မကြာခဏ တည်မှီနေပါသည်။ စက်မှုတော်လှန်ရေး ကာလမှစတင်ကာ စီးပွားရေးအခြေအနေ တိုးတက်လိုစိတ်ဖြင့် ကျွန်ုပ်တို့သည် ပို၍ရွေ့လျားလာပြီး အသိုင်းအဝိုင်းမှ အဆက်ပြတ်လာပါသည်။ ထိုအခါ အမှီအခိုကင်းမှု ထင်ယောင်ထင်မှား ဖြစ်လာပြီး အသက်ကြီးလာသောအခါ အခြားသူများကို မလိုအပ်တော့ကြောင်း အလွယ်တကူ ယုံကြည်မိပါသည်။ ဤသို့ ကိုယ်တိုင်လုံလောက်သည်ဟု အသိမှားယွင်းမှုကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအရ သီးသန့်ဖြစ်မှုကို ပိုမိုခံစားလာရသည်။ ကျွန်ုပ်တို့သည် လူမှုရေး အပြင်းအထန် လိုအပ်သူများ ဖြစ်ပြီး ကျွန်ုပ်တို့၏ ရှင်သန်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုသည် အခြားသူများနှင့် ဆက်ဆံရေးပေါ်တွင် မူတည်ပါသည်။

စနစ်များနှင့်ဆက်စပ်၍ တစ်ဦးချင်းပုဂ္ဂိုလ်များ

အပြန်အလှန် မှီခိုသော စနစ်များအကြောင်း နားလည်မှုကို အဓိပ္ပာယ် ရှိစေရန်အတွက် ပိုမိုကျယ်ပြန့်သော ရှုထောင့်အရ ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုက်ညီသည်ကို ကြည့်ခြင်းဖြင့် တွေးတောရန် လိုပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် အခြားသူများနှင့် မဆက်စပ်ကြောင်း သို့မဟုတ် ပိုမိုကြီးမားသော စနစ်ကို တစ်နည်းနည်းဖြင့် မမှီခိုကြောင်း မှားယွင်းသော အမြင်ရှိတတ်မှုကို တိုက်ဖျက်ပေးပါသည်။ ဤနေရာတွင် အခြားလူသားများနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးများ၊ ဤဆက်ဆံရေးများ၏ ရှုပ်ထွေးမှုများကို လေ့လာပါမည်။ ရလဒ်သည် သုံးမျိုး ရှိပါသည်-

  • စနစ်များ အဆင့်တွင် အခြားသူများကို စစ်မှန်သော ကျေးဇူးတင်စိတ်
  • အခြားသူများ၏ ဘဝကို ပုံဖော်ရန် မိမိတွင်ရှိသော အစွမ်းအစကို ပိုမိုလေးနက်စွာ သိရှိမှု
  • ပိုမိုကျယ်ပြန့်သော အဆင်ပြေမှုများ ရရှိစေသည့် ဆောင်ရွက်ချက်များကို ပိုမိုပြုလုပ်လိုစိတ်

ကျွန်ုပ်တို့၏ အပြုအမူက အခြားသူများအပေါ် သက်ရောက်ပုံနှင့် အပြန်အလှန် သက်ရောက်ပုံကို စတင်လေ့လာပါသည်။ ထို့နောက် အခြားသူများက ကျွန်ုပ်တို့ အဆင်ပြေရေးအတွက် ဖြည့်ဆည်းသော နည်းလမ်းအမျိုးမျိုးကို လေ့လာပါသည်။ စာရင်းပြုစုခြင်းနှင့် ၎င်းကိုအထပ်ထပ် ပြန်ကြည့်ခြင်းဖြင့် ဤသို့ ဆောင်ရွက်ပါသည်။ လူမှုရေး နယ်ပယ်မှာကဲ့သို့ ကျွန်ုပ်တို့ သိထားသူများကိုသာ အာရုံစိုက်ခြင်းထက် ပိုမိုကျယ်ပြန့်သော အသိုင်းအဝိုင်းကို ထည့်သွင်းပါသည်။ ကျွန်ုပ်တို့ ပုဂ္ဂိုလ်ရေး အရ မသိရှိနိုင်သော လူတစ်ဦးချင်း၊ အသိုင်းအဝိုင်းမျးနှင့် စနစ်များ ပါဝင်ပါသည်။ ထို့ကြောင့် မရေမတွက်နိုင်သော အခြားသူများ၏ ပံ့ပိုးမှုမပါဘဲ ရှင်သန်ရန် မပြောနှင့် ကြီးထွားရန်ပင် မဖြစ်နိုင်ကြောင်း နားလည်ခြင်းသည် အခြားသူများကို စစ်မှန်သော တန်ဖိုးထားမှုအတွက် မရှိမဖြစ် အရေးကြီးပါသည်။

ကျွန်ုပ်တို့ဘဝကို ပံ့ပိုးသူများ၏ ကျယ်ပြန့်သော ကွန်ရက်ထဲတွင် လူတိုင်းအခန်းကဏ္ဍ အသီးသီး ပါဝင်ရပါသည်။ ဤသို့ သဘောပေါက်ပါက အပြန်အလှန်ရှိသော ခံစားချက် ရရှိလာပါသည်။ တစ်နည်းနည်းဖြင့် အကျိုးရှိသည်ဟု လက်ခံမှသာ အခြားသူများက ကျွန်ုပ်တို့အပေါ် မည်ကဲ့သို့ အကျိုးပြုသည်ကို မြင်စရာ မလိုတော့ပါ။ ဤသို့ ပိုမိုသိရှိလာသည်နှင့်အမျှ ဆက်ဆံရေးများ၏ အပြန်အလှန် အကျိုးပြုသော သဘာဝသည် အမြင်ကျဉ်းသော အတ္တ ဗဟိုပြုသည့် သို့မဟုတ် ယှဉ်ပြိုင်သည့် အမြင်ကို တဖြေးဖြေး ကျော်လွှားနိုင်ပါသည်။ ဤသို့ အခြားသူများနှင့် ချိတ်ဆက်မှု ပိုမိုခံစားမိခြင်းဖြင့် စာနာစိတ်ရှိသော ပျော်ရွှင်မှု တိုးမြှင့်ကာ အထီးကျန်မှုကို တိုက်ရိုက်ကျော်လွှားနိုင်ပါသည်။ အခြားသူများ၏ အောင်မြင်မှုတွင် သွယ်ဝိုက်ပျော်ရွှင်မှု ရှိလာပြီး အားကျမှုနှင့် မနာလိုမှုကိုသာမက မိမိကိုယ်ကို ပြင်းထန်စွာ ဝေဖန်မှု၊ အခြားသူများနှင့် လက်တွေ့မကျသော နှိုင်းယှဉ်မှုများကို တန်ပြန်တိုက်ထုတ်နိုင်ပါသည်။

ဘုံ လူသားဆန်မှုကို အသိအမှတ်ပြုခြင်း

အပြန်အလှန် မှီခိုမှုကို ပိုမိုနားလည်မှုသည် အထူးသဖြင့် စာနာအလေးထားသော လူမှု နယ်ပယ်တွင် ပြုစုပျိုးထောင်သော ကျွမ်းကျင်မှုများနှင့် ပေါင်းစပ်သောအခါ အခြားသူများကို ပိုမိုအလေးထားမှုနှင့် ကျွန်ုပ်တို့ အားလုံး အပြန်အလှန် ဆက်စပ်သော နည်းလမ်းများကို အသိအမှတ်ပြုမှုတို့ ဖြစ်လာသင့်ပါသည်။ ထို့နောက် ဘုံလူသားထုကို ရှင်းလင်းစွာ အသိအမှတ်ပြုခြင်းဖြင့် ၎င်းကို အားဖြည့်၊ ချဲ့ထွင်ပြီး ခိုင်မာစေနိုင်ပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့သည် အခြေခံအဆင့်တွင် လူသားအားလုံးသည် ၎င်းတို့၏ အတွင်းစိတ် ဘဝများနှင့် ၎င်းတို့ဘဝ၏ အခြေအနေများနှင့် ပတ်သက်၍ ဘုံတူညီမှုအချို့ ရှိပုံကို သိရှိရန် ဝေဖန်ပိုင်းခြားသော တွေးတောမှု ပြုလုပ်နိုင်ပါသည်။ ဤနည်းဖြင့် မည်သည့်နေရာမှ မည်သူ့ကိုမဆို၊ မိမိနှင့် အလှမ်းဝေးသူ သို့မဟုတ် အတော်လေး ကွဲပြားသူများကိုပင် တန်ဖိုးထားမှု၊ စာနာမှုနှင့် ကရုဏာတို့ အတိုင်းအတာတစ်ခုအထိ မွေးမြူနိုင်ပါသည်။ ဘုံလူသားထုကို နည်းလမ်းနှစ်မျိုးဖြင့် လေ့လာပါသည်-

  • အားလုံး၏ အခြေခံ ညီမျှမှုကို တန်ဖိုးထားခြင်း
  • အဆင်ပြေမှုအပေါ် စနစ်များက သက်ရောက်ပုံကို တန်ဖိုးထားခြင်း

အားလုံး၏ အခြေခံ ညီမျှမှုကို တန်ဖိုးထားခြင်း ဆိုသည်မှာ မိမိသူငယ်ချင်းများနှင့် မိသားစုမှသည် ကမ္ဘာ့တစ်ဖက်ခြမ်းမှ သူစိမ်းများအထိ အားလုံးသည် ပျော်ရွှင်ကျန်းမာမှု ရရှိလိုခြင်း၊ ဆင်းရဲဒုက္ခကို ရှောင်ရှားလိုခြင်းတို့တွင် အခြေခံအားဖြင့် တူညီသည်ကို သဘောပေါက်ခြင်း ဖြစ်ပါသည်။ အဆင်ပြေမှုအပေါ် စနစ်များက သက်ရောက်ပုံကို တန်ဖိုးထားခြင်း ဆိုသည်မှာ ကမ္ဘာ့စနစ်များသည် အပြုသဘော တန်ဖိုးများကို လက်ခံခြင်း သို့မဟုတ် ပြဿနာဖြစ်စေသော ယုံကြည်ချက်များကို ရှည်ကြာစေခြင်းဖြင့် အဆင်ပြေမှုကို တိုးမြှင့်နိုင်၊ ကွယ်ပျောက်စေနိုင်သည်ကို သိရှိရန် ဖြစ်ပါသည်။

အားလုံး၏ အခြေခံ ညီမျှမှုကို တန်ဖိုးထားခြင်း

လူသားထု၏ အခြေခံ ညီမျှမှုကို သဘောပေါက်ခြင်းကို ကျွန်ုပ်တို့အနီးမှ အသိုင်းအဝိုင်း၏ ပြင်ပသို့ ဖြန့်ကျက်လိုက်ပါသည်။ နောက်ဆုံးတွင် ဤသဘောပေါက်မှုကို တစ်ကမ္ဘာလုံးသို့ ဖြန့်ကျက်လိုက်ပါသည်။ ဖွံ့ဖြိုးတိုးတက်လိုစိတ်နှင့် စိတ်ပျက်မှု၊ စိတ်မကျေနပ်မှုတို့ ရှောင်ရှားလိုစိတ် စသည့် လူသားများအနေနှင့် တူညီသောအချက်များကို အာရုံစိုက်ခြင်းဖြင့် ဤသို့ဆောင်ရွက်ပါသည်။ ထိုအခါ အခြားသူများ၏ လိုအပ်ချက်ကို လျှော့တွက်ရန် ဘက်လိုက်မှုနှင့် စိတ်တိမ်းညွှတ်မှုတို့ လျှော့ချပေးပါသည်။

အခြားသူများကို ဤနည်းဖြင့် သတ်မှတ်လိုက်သောအခါ ကျွန်ုပ်တို့၏ “အုပ်စုထဲ” တွင် မတူညီသော နိုင်ငံသား၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ စသည့်လူများကို ပါဝင်ရန် ချဲ့ထွင်သွားနိုင်ပါသည်။ ဤစွမ်းရည်ကို လူမှုအဖွဲ့အစည်းထဲတွင် တစ်ဦးချင်း သွေးလှူဒါန်းမှုမှသည် သဘာဝ ဘေးအန္တရာယ် ပြီးဆုံးချိန်တွင် ကုသိုလ်ဖြစ်ဝိုင်းဖွဲ့လှူဒါန်းမှုနှင့် မိမိအဖွဲ့တွင် မပါဝင်သော အုပ်စုများအပေါ် မတရားမှုကို ဆန့်ကျင်ခြင်းအထိ နည်းအမျိုးမျိုးဖြင့် ဖော်ပြပါသည်။ အပြန်အလှန် မှီခိုမှုကို တန်ဖိုးထားမှုနှင့် အခြားသူများအပေါ် စာနာ အလေးထားမှု အရည်အချင်းများသည် အခြားသူများနှင့် ပတ်သက်၍ ဘက်လိုက်မှု၊ အလှမ်းဝေးမှု၊ မိမိအနီးမှ မဟုတ်သူတို့၏ ပြဿနာများကို အလေးမထားမှု စသည့် ကျွန်ုပ်တို့ထံမှ အတားအဆီး များစွာအတွက် ဖြေဆေး ဖြစ်ပါသည်။

မိမိကိုယ်ကို အာရုံစိုက်သောအခါ ကမ္ဘာကြီးသည် သေးငယ်သွားသလိုရှိကာ ကျွန်ုပ်တို့ပြဿနာများနှင့် ကြိုတင်ယူဆချက်များက ကြီးမားလာပါသည်။ သို့သော် အခြားသူများကို အာရုံစိုက်သောအခါ ကမ္ဘာကြီးသည် ကျယ်ပြန့်လာပါသည်။ ကျွန်ုပ်တို့ ပြဿနာများသည် စိတ်၏ဘေးဘက်သို့ လွင့်စင်သွားပြီး သေးငယ်သွားသလို ထင်ရကာ ကျွန်ုပ်တို့၏ ချိတ်ဆက်မှုနှင့် ကရုဏာထား ဆောင်ရွက်မှု အစွမ်းအစများ တိုးတက်လာပါသည်။

အဆင်ပြေမှုအပေါ် စနစ်များက သက်ရောက်ပုံကို တန်ဖိုးထားခြင်း

စနစ်များသည် ယဉ်ကျေးမှုနှင့် အဖွဲ့အစည်းဆိုင်ရာ အဆင့်တွင် အပြုသဘော တန်ဖိုးများ တိုးမြှင့်ပေးခြင်း သို့မဟုတ် ပြဿနာဖြစ်စေသော ယုံကြည်ချက်များနှင့် မညီမျှမှုများ ဆက်ဖြစ်စေခြင်းဖြင့် အဆင်ပြေမှုကို တိုးမြှင့်နိုင်သလို ကွယ်ပျောက်စေနိုင်ပါသည်။ မညီမျှမှု၊ အာဃာတ၊ ဘက်လိုက်မှု သို့မဟုတ် မျက်နှာသာပေးမှုတို့ ခံရသောအခါ မည်သို့ခံစားရသည်ကို အချိန်ယူ တွေးတောနိုင်ပါသည်။ အဆိုပါ ပြဿနာဖြစ်စေသော စနစ်များ၏ သက်ရောက်မှုများကို ဖော်ပြရန် သမိုင်းကြောင်းနှင့် လက်ရှိ အဖြစ်အပျက်များမှ နူမူနာများကိုလည်း အသုံးပြုနိုင်ပါသည်။ နောက်ဆုံးတွင် အာဃာတနှင့် ဘက်လိုက်မှုတို့သည် အမှန်ပင် ရှိခဲ့သလား သို့မဟုတ် လူသားအားလုံးသည် ပျော်ရွှင်မှု ရရှိရန် အခွင့်အရေး တူညီသလား ဆိုသည်ကို လေ့လာနိုင်ပါသည်။

အမြင်ကျယ်သော စာနာစိတ် ထားရှိရေးသည် အထူးအရေးကြီးပါသည်။ အကြောင်းမှာ လူသားများအနေနှင့် ကျွန်ုပ်တို့၏ စာနာစိတ်အတွက် မွေးရာပါ စွမ်းရည်တွင် ကြီးမားသော ဆင်းရဲဒုက္ခ သို့မဟုတ် ကမ္ဘာ့အဆင့် ပြဿနာများကို အလိုအလျောက် ထည့်သွင်းထားပုံ မပေါ်ပါ။ ဥပမာအားဖြင့် ကျွန်ုပ်တို့အများစုသည် ဒုက္ခရောက်သူ များစွာထက်စာလျှင် ဒုက္ခရောက်သူ တစ်ဦးကို အလွန်အမင်း စာနာတတ်ပါသည်။ သို့သော် ဖွဲ့စည်းမှုနှင့် ယဉ်ကျေးမှု ပြဿနာများအကြောင်း လေ့လာခြင်းဖြင့် ဆင်းရဲဒုက္ခကို တန်ဖိုးထားမှုနှင့် အတွေးအမြင်သာမက ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့၏ အဆင့်မြင့်သော တုံ့ပြန်မှုတို့သည် တိုးပွားလာပါသည်။

ဘုံလူသားထုကို အသိအမှတ်ပြုခြင်းမှ တစ်ဆင့် ကျွန်ုပ်တို့သည် အခြားသူများအပေါ် ပိုပြီးလက်တွေ့ကျသော နားလည်မှုနှင့် မျှော်လင့်ချက်များ ထားရှိနိုင်သလို လူမျိုးနှင့် လူမှုရေး အုပ်စုများကြားတွင် ဆက်သွယ်ပြောဆိုပြီး ပူးပေါင်းဆောင်ရွက်လာနိုင်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများနှင့် တူညီမှုကို ပိုမိုသတိပြုမိခြင်းဖြင့် သိသာသော ခြားနားချက်များအား မယုံကြည်မှု မရှိဘဲ တန်ဖိုးထားလာနိုင်ပြီး အာဃာတနှင့် သီးသန့်ဖြစ်မှုတို့ လျော့ကျသွားစေပါသည်။ တစ်ဦးချင်း၏ အဆင်ပြေမှုကို စနစ်များက ပုံဖော်သည်ကို နားလည်မှုမှတစ်ဆင့် ကျွန်ုပ်တို့၏ စာနာစိတ် သာမက လူတို့ ဆင်းရဲဒုက္ခအတွက် ဖြစ်နိုင်သော အဖြေရှာမှုများအတွက် ကျွန်ုပ်တို့၏ ဝေဖန်ပိုင်းခြားသော တွေးခေါ်မှုသည်လည်း ပိုမိုနက်ရှိုင်းပြီး ပိုမိုလွှမ်းခြုံမိလာပါသည်။

လူ့အသိုင်းအဝိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထိတွေ့မှု

အပြန်အလှန် မှီခိုမှုကို တန်ဖိုးထားကာ အခြားသူများထံမှ အကျိုးရှိနိုင်ပုံများကို ရင်းနှီးအောင် ပြုလုပ်ပြီး ဘုံလူသားထုကို အသိအမှတ်ပြုခြင်းဖြင့် တာဝန်သိမှုနှင့် လုပ်ကိုင်ဆောင်ရွက်လိုစိတ်တို့ ဖန်တီးပေးနိုင်ပါသည်။ ထို့နောက် လူမှုအဖွဲ့အစည်းထံမှ ကျွန်ုပ်တို့ ရရှိသည့် ကြင်နာမှုများစွာကို ပြန်လည်ပေးဆပ်ရန်နှင့် ရုန်းကန်နေသော လိုအပ်ချက်ရှိသူများကိုယ်စား ဆောင်ရွက်ရန် သဘာဝအလျှောက် ဖြစ်လာပါမည်။ သို့သော် ရှုပ်ထွေးသော စနစ်များ သို့မဟုတ် ရပ်ရွာ သို့မဟုတ် ကမ္ဘာ့အဆင့်တွင် ကျွန်ုပ်တို့သည် မည်ကဲ့သို့ ထိရောက်စွာ ထိတွေ့ဆက်ဆံနိုင်ပါသနည်း။
SEE ဘာသာရပ်၏ အလုံးစုံ ရည်မှန်းချက်သည် ကရုဏာတရားရှိသော ကမ္ဘာ့နိုင်ငံသားများ အနေနှင့် ကျွန်ုပ်တို့၏ အစွမ်းအစကို သိရှိသဘောပေါက်စေရန် ဖြစ်ပါသည်။ ဤရည်မှန်းချက် အောင်မြင်ရန်အတွက် လေ့လာရန် အဆင့်နှစ်ဆင့် ရှိပါသည်-

  • လူ့အသိုင်းအဝိုင်းနှင့် ကမ္ဘာပေါ်တွင် အပြုသဘော အပြောင်းအလဲအတွက် ကျွန်ုပ်တို့၏ သက်ရောက်နိုင်စွမ်း
  • ရပ်ရွာနှင့် ကမ္ဘာ့ရေးရာ ဖြေရှင်းမှုများတွင် ပါဝင်ခြင်း

ဤနှစ်ချက်သည် ဆင်တူသော်လည်း ပထမအဆင့်က ကျွန်ုပ်တို့၏ အစွမ်းအစနှင့် အခွင့်အလမ်းများပေါ်တွင် အခြေခံပြီး ကျွန်ုပ်တို့က အပြုသဘော အပြောင်းအလဲ သက်ရောက်နိုင်မှုကို သိရှိအောင် ကူညီပါသည်။ ဒုတိယအချက်သည် ကျွန်ုပ်တို့ အသိုင်းအဝိုင်းနှင့် ကမ္ဘာကြီးအပေါ် သက်ရောက်သော ပြဿနာများအတွက် တီထွင်ဖန်တီးသော အဖြေများ ရှာဖွေပေးပါသည်။

လူ့အသိုင်းအဝိုင်းနှင့် ကမ္ဘာပေါ်တွင် အပြုသဘော အပြောင်းအလဲအတွက် ကျွန်ုပ်တို့၏ သက်ရောက်နိုင်စွမ်း

ကျွန်ုပ်တို့သည် လူ့အသိုင်းအဝိုင်း သို့မဟုတ် ကမ္ဘာတွင် ပါဝင်ကာ ၎င်း၏လိုအပ်ချက်များကို စိတ်ပျက်လက်လျှော့ခြင်း မဟုတ်ဘဲ လက်တွေ့ကျပြီး ထိရောက်သော၊ မိမိနှင့် အခြားသူများ အကျိုးရှိသည့်နည်းဖြင့် ဖြေရှင်းလိုပါက ကျွန်ုပ်တို့၏ ကန့်သတ်ချက်များနှင့် ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်များကို သိရှိရပါမည်။ အရာအားလုံးသည် ကျွန်ုပ်တို့၏ လုပ်နိုင်စွမ်း အတွင်း မရှိပုံနှင့် နက်နဲသော ပြဿနာများသည် ပြောင်းလဲရန် အချိန်ယူသည်ကို လေ့လာရန် အရေးကြီးပါသည်။ သို့သော် ကျွန်ုပ်တို့သည် ထိရောက်သော ဆောင်ရွက်မှု မပြုလုပ်နိုင်ကြောင်း မဆိုလိုပါ။ တကယ်တော့ ခက်ခဲသော ကိစ္စများ ရင်ဆိုင်ရာတွင် ခွန်အားမဲ့သည်ဟု ခံစားရပါက အခြားသူများနှင့် မိမိကိုယ်တိုင်အတွက် ကရုဏာထားရှိရန် ပို၍ ခက်ခဲပါလိမ့်မည်။ အကြောင်းမှာ ဆင်းရဲဒုက္ခ သက်သာစေလိုသောစိတ် သို့မဟုတ် ရည်မှန်းချက် ဖြစ်သော ကရုဏာသည် ဆင်းရဲဒုက္ခကို ဖယ်ရှားနိုင်သည့် ယုံကြည်ချက်ဖြစ်သော မျှော်လင့်ချက်ပေါ်တွင် မူတည်သောကြောင့် ဖြစ်ပါသည်။

စနစ်တစ်ခုလုံးကို မပြောင်းလဲနိုင်သော်လည်း စနစ်တစ်ခုအတွင်းမှ အဓိက အစိတ်အပိုင်းများကို အာရုံစိုက်ခြင်းဖြင့် အကောင်းဆုံး အပြောင်းအလဲ ဖြစ်စေရန် ဆောင်ရွက်နိုင်ပါသည်။ ထိုအခါ ကမ္ဘာ့အဆင့်နှင့် စနစ်များအဆင့် ပြဿနာများကြောင့် စိတ်မပျက်စေဘဲ အားဖြည့်ပေးနိုင်ပါသည်။ စနစ်တစ်ခုရှိ သက်ရောက်မှုအများစုအတွက် အရေးပါသော အဓိကအချက်အချို့ကို သိရှိပါက ထိုအချက်များကို ဖြေရှင်းရန် အာရုံစိုက်ပြီး သိသာသော ရလဒ်များ ပေါ်ထွက်နိုင်ပါသည်။ ကြီးမားသော အပြောင်းအလဲကို ချက်ချင်း မပေါ်ထွက်စေနိုင်လျှင်လည်း ထိုအချက်ကို တွေးတောလျှင် အကျိုးမယုတ်ပါ။ ကျွန်ုပ်တို့ သက်ရောက်နိုင်သည့် သေးငယ်သော အပြောင်းအလဲများသည်ပင်လျှင် အလွန် တန်ဖိုးရှိပါသည်။ ယခုအချိန် သေးငယ်သော အပြောင်းအလဲများသည် နောက်ပိုင်းတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်လာနိုင်ပါသည်။ မြေဖို့ထားသော အမှိုက်ပုံမှ ပြန်အသုံးပြုနိုင်သောပစ္စည်းများ ကောက်ယူခြင်းကဲ့သို့ သေးငယ်သော ဆောင်ရွက်ချက်များ စုစည်းရာမှတစ်ဆင့် ပေါင်းစုထားသော အပြောင်းအလဲကြီးများကို ဖန်တီးနိုင်ပါသည်။ အပြန်အလှန် မှီခိုသော စနစ်များကို သေချာနားလည်မှုမှတစ်ဆင့် သေးငယ်သော ဆောင်ရွက်ချက်များနှင့် အပြုအမူများသည် အနာဂတ်တွင် ရလဒ်ကို တိုက်ရိုက်မမြင်နိုင်သည့်တိုင် ကြီးကျယ်သော သက်ရောက်မှုအတွက် အဆင့်တစ်ဆင့် ဖြစ်သည်ကို ယုံကြည်မှု ရရှိလာပါသည်။

ရှုပ်ထွေးသော လူမှုရေးနှင့် ကမ္ဘာ့ရေးရာ ကိစ္စများကို လေ့လာဆန်းစစ်ပြီး ကိုင်တွယ်နိုင်အောင် အစိတ်အပိုင်းငယ်များ အဖြစ် ခွဲခြမ်းစိတ်ဖြာရန် လိုပါသည်။ ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များက ပြဿနာ၏ ပိုမိုသေးငယ်သော အစိတ်အပိုင်းများကို ဖြေရှင်းနိုင်ပုံနှင့် ထိုအစိတ်အပိုင်းများသည် ပိုမိုကျယ်ပြန့်သော စနစ်များအတွင်း အပြန်အလှန် မှီခိုဆက်စပ်နေပုံကို မြင်လာပါက ယုံကြည်မှု ရရှိကာ လွှဲအပ်မှုနှင့် လုပ်ပိုင်ခွင့်ပေးမှု သဘောထားတို့ ရှိလာပါမည်။ ထိုအတွက် ဝေဖန်ဆန်းစစ်သော တွေးခေါ်မှု စွမ်းရည် လိုအပ်ပါသည်။ ဤနေရာတွင် ဝေဖန်ဆန်းစစ်သော တွေးခေါ်မှုသည် ရှုပ်ထွေးသော ကိစ္စများကို အခြေခံ လူ့တန်ဖိုးများဖြင့် သိရှိသည့်နည်းဖြင့် တွေးခေါ်ကျင့်သုံးရန် လိုပါသည်။ ထိုအခါ ဆောင်ရွက်ချက်များသည် အခြားသူများက အကျိုးရှိသည်ဟု ယူဆစရာ မလိုသော်လည်း ဝေဖန်ဆန်းစစ်သော တွေးခေါ်မှုဖြင့် အပြုသဘော ရလဒ် ပေါ်ထွက်မည့် ဖြစ်နိုင်ခြေ ပိုများသွားပါသည်။

ရပ်ရွာနှင့် ကမ္ဘာ့အဆင့် ဖြေရှင်းမှုများတွင် ပါဝင်ခြင်း

အဖြေရှာရန် ကျွန်ုပ်တို့ လုပ်နိုင်စွမ်း မရှိလျှင်ပင် ပြဿနာများနှင့် ယင်းတို့အတွက် ဖြစ်နိုင်ခြေရှိသော အဖြေများကို တွေးတောနိုင်ပါသေးသည်။ ကျွန်ုပ်တို့ ရင်ဆိုင်ရသော ကိစ္စများကို လေ့လာရန် အောက်ပါတို့ကို အသုံးပြုနိုင်ပါသည်-

  • စနစ်များနှင့် ယင်းတို့၏ ရှုပ်ထွေးမှုကို သိရှိခြင်း
  • ဆောင်ရွက်ချက်များ၏ ရေတိုနှင့် ရေရှည် အကျိုးဆက်များကို အကဲဖြတ်ခြင်း
  • အခြေအနေများကို အခြေခံ လူ့တန်ဖိုးများ အဆက်အစပ်ဖြင့် အကဲဖြတ်ခြင်း
  • အပျက်သဘော စိတ်ခံစားချက်များနှင့် ဘက်လိုက်မှုများ၏ လွှမ်းမိုးမှုကို လျှော့ချခြင်း
  • ပွင့်လင်းသောစိတ်၊ ပူးပေါင်းဆောင်ရွက်ပြီး အသိဉာဏ်အရ နှိမ့်ချသော သဘောထား မွေးမြူခြင်း
  • ဆောင်ရွက်ချက် တစ်ခုခု၏ အကျိုးနှင့်အပြစ်ကို ထည့်စဉ်းစားခြင်း

ရေတိုနှင့် ရေရှည် အကျိုးဆက်များကို သေချာအကဲမဖြတ်ဘဲ မကြာခဏဆိုသလို ဆောင်ရွက်တတ်ကြပါသည်။ ကိစ္စတစ်ခုကို လေ့လာသောအခါ ဆောင်ရွက်ချက် တစ်ခုကြောင့် သက်ရောက်လာမည့် လူဦးရေအမျိုးမျိုးအကြောင်းကို စဉ်းစားရပါသည်။ ဤလုပ်ငန်းအတိုင်း လိုက်နာပြီး ရင်းနှီးလာပါက ဆောင်ရွက်ချက်များ၏ ကျယ်ပြန့်သော အသုံးဝင်မှုနှင့် မူလက ဤကိစ္စနှင့် အတော်လေး ဝေးကွာပုံပေါ်သည့် ၎င်းတို့က လူတို့အပေါ် သက်ရောက်ပုံတို့အကြောင်း အလိုလို စတင်တွေးမိလာပါသည်။ ကိစ္စများသည် အခြေခံလူ့တန်ဖိုးများနှင့် ဆက်စပ်ပုံနှင့် ဖြေရှင်းမှုများသည် တစ်ဦးချင်း၊ လူမှုရေးနှင့် ကမ္ဘာ့အဆင့် တိုးတက်မှုကို တိုးမြှင့်ပေးပုံတို့ကို ကြည့်ရန်လည်း လိုပါသည်။

ရပ်ရွာနှင့် ကမ္ဘာ့အဆင့် ထိတွေ့မှုကို အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး အခြားသူများ၏ ရှုထောင့်၊ ထင်မြင်ချက်၊ အသိပညာနှင့် အတွေ့အကြုံများကို လေးစားကာ သင်ယူလိုသည့် ပွင့်လင်းသော သဘောထားက များစွာပံ့ပိုးပါသည်။ အခြားသူများသည်လည်း သူတို့ရပ်တည်ချက်များသည် ကျွန်ုပ်တို့နှင့် ကွဲပြားနေသည့်တိုင် ထိုရပ်တည်ချက်များသို့ ရောက်ရှိအောင် သူတို့၏ ကျိုးကြောင်းဆက်စပ်မှုနှင့် အတွေ့အကြုံကို အသုံးပြုသည်ဟု ထည့်သွင်းစဉ်းစားမှသာ ကောင်းမွန်သော ဆွေးနွေးငြင်းခုန်မှု ဖြစ်နိုင်ပါသည်။ အသိဉာဏ်ပါသော နှိမ့်ချမှုနှင့် ပွင့်လင်းသောစိတ် မရှိပါက ဆွေးနွေးငြင်းခုန်မှုနှင့် အပြန်အလှန် သဘောတူညီချက်တို့သည် မဖြစ်နိုင်ပါ။ စကားဝိုင်းသည် အကျိုးမရှိသော ပဋိပက္ခနှင့် အင်အားပြိုင်ဆိုင်မှုများအဖြစ်သို့ လျော့ကျသွားနိုင်ပါသည်။

ကျွန်ုပ်တို့၏ စိတ်ကူးနှင့် တန်ဖိုးများ ရှင်းလင်းစွာ ပြောကြားနိုင်စွမ်းလိုအပ်သည့် အခြားသူများနှင့် ပူးပေါင်းကြိုးပမ်းခြင်း မရှိဘဲ တစ်ဦိးချင်းအနေနှင့် ဖြေရှင်းနိုင်သည့် လေးနက်သော ပြဿနာမှာ အနည်းငယ်သာ ရှိပါသည်။ ထို့ကြောင့် ရပ်ရွာနှင့် ကမ္ဘာ့အဆင့် ထိတွေ့မှုသည် ကျွန်ုပ်တို့ ရပ်တည်ချက်ကို ကျွမ်းကျင်ရန်၊ မေးခွန်းမေးရန်၊ အခြားသူများထံမှ သင်ယူရန်နှင့် အပြုသဘောနည်းဖြင့် ဆွေးနွေးငြင်းခုန်ရန် အစွမ်းအစကို များစွာ ပံ့ပိုးပါသည်။ ဝေဖန်ဆန်းစစ်သော တွေးခေါ်မှုနှင့် နက်နဲစွာ ခံယူထားသော တန်ဖိုးများကို အခြေခံသည့် ရှင်းလင်းပြီး ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုနိုင်စွမ်းနှင့် လုပ်ပိုင်ခွင့်ပေးပြီး ပြောဆိုခွင့် မရှိသူများကိုယ်စား ဖြစ်လျှင်ပင် စိတ်အားတက်ကြွဖွယ်နည်းဖြင့် ပြောဆိုနိုင်စွမ်းသည် ကျွန်ုပ်တို့ အားလုံးအတွက် ကမ္ဘာ့ နိုင်ငံသားများ၊ အပြောင်းအလဲ ပြုနိုင်စွမ်းသော ခေါင်းဆောင်များအဖြစ် အစွမ်းထက်သော အရည်အချင်း ဖြစ်ပါသည်။

အကျဉ်းချုပ် 

ပထမနှစ်ပိုင်းတွင် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များကို လေ့လာရန်နှင့် မိမိ၏ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ညီညွတ်စွာ ထိတွေ့ရန် သင်ယူခဲ့ပါသည်။ ဤတတိယနှင့် စတုတ္ထ အစိတ်အပိုင်းတွင် ကမ္ဘာကြီးသည် အပြန်အလှန် မှီခိုနေပုံ၊ လူသားအားလုံးသည် ပျော်ရွှင်လိုပြီး ဆင်းရဲဒုက္ခကို ရှောင်ရှားလိုသည့် ဘုံဆန္ဒ ရှိပုံ၊ ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်သည် ပိုမိုကျယ်ပြန့်သော ကမ္ဘာ့အပြောင်းအလဲ ဖြစ်စေနိုင်ပုံတို့ကို စတင်လေ့လာပါသည်။

ကျွန်ုပ်တို့နေထိုင်ရာ ဤကမ္ဘာကြီးသည် ရှုပ်ထွေးပွေလီပါသည်။ အရွယ်ရောက်ပြီး သူများအနေနှင့် ကျွန်ုပ်တို့သည် အခြားသူများ၏ အထောက်အပံ့ မပါဝင်ဘဲ မိမိဘာသာ ရှင်သန်နိုင်သည်ဟု တစ်ခါတစ်ရံ ထင်ရပါသည်။ ကမ္ဘာတစ်ဝန်းမှ လူသားများက အရေးမကြီးသလို ခံစားရနိုင်ပါသည်။ တကယ်တော့ သူတို့သည် ကျွန်ုပ်တို့နှင့် အလွန်ကွဲပြားပါသည်။ တစ်ခါတစ်ရံတွင်လည်း ကမ္ဘာပေါ်တွင် တကယ့် အပြောင်းအလဲ တစ်ခုခု ပြုလုပ်ရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခက်ခဲလွန်းခြင်း ရှိသည်ဟု ထင်ရနိုင်ပါသည်။ ကျွန်ုပ်တို့ စားသုံးသော အစားအသောက်၊ ဝတ်ဆင်သော အဝတ်အထည်၊ မောင်းနှင်သောကားများ စသည်တို့သည် အခြားသူများ၏ အလုပ်ကြောင့် ပေါ်ပေါက်လာပုံဆိုသည့် ဖြေရှင်းမှုများ၏ အမှန်တရားကို နားလည်သောအခါ သူတို့ကို အလိုလို တန်ဖိုးထားစိတ် ရှိလာပါမည်။ ဤလူသားများသည်လည်း ကျွန်ုပ်တို့လိုပင် ပျော်ရွှင်လိုသည်ကို မြင်သောအခါ သူတို့ကို ပျော်ရွှင်စေလိုစိတ်လည်း ထားရှိလာပါသည်။ နောက်ဆုံးတွင် သေးငယ်သော ဆောင်ရွက်ချက်များက ကြီးမားသော ရလဒ်များ ဖန်တီးနိုင်သည့် အသိဖြင့် ကျွန်ုပ်တို့သည် အပြုသဘော ဆောင်ရွက်ချက်မှန်သမျှသည် မည်မျှပင် သေးငယ်စေကာမူ ကမ္ဘာကြီးအတွက် အကျိုးရှိမည်ကို ယုံကြည်လာပါမည်။

ဤသင်တန်းအစီအစဉ်သည် ဖတ်ပြီးမေ့သွားရန် မဟုတ်ပါ။ တစ်ချက်ချင်းကို ကျင့်ကြံရန် လိုပါသည်။ ကျွန်ုပ်တို့ လူသားများသည် ကွဲပြားခြားနားသော်လည်း မရေမတွက်နိုင်သော တစ်ဦးချင်း တွေ့ကြုံမှုများနှင့် လူမှု အခြေအနေများကို ဖြတ်သန်းသွားစဉ် စိတ်ခေါ်မှုများစွာကို အားလုံးရင်ဆိုင်ရပါသည်။ ဘဝ၏ အတက်အကျများကို စီမံဆောင်ရွက်မှုနှင့် ပတ်သက်လျှင် မိမိအကျိုးစီးပွားအတွက် ဆောင်ရွက်ချက်များနှင့် အခြားသူများ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသော ဆောင်ရွက်ချက်များအကြား ရှင်းလင်းစွာ ကွဲပြားလာပါသည်။ ကျွန်ုပ်တို့၏ စေ့ဆော်မှုနှင့် ဘက်လိုက်မှုများကို များစွာ သတိရှိကာ ကျွန်ုပ်တို့၏ တုံ့ပြန်ချက်များကို စီမံထိန်းချုပ်ပြီး အခြေအနေများကို ဝေဖန်ပိုင်းခြား လေ့လာနိုင်စွမ်းတို့ဖြင့် ဘဝတွင် ကြုံရသောအရာတိုင်းကို ဖြေရှင်းနိုင်ပါသည်။ မိမိကောင်းကျိုး၊ အခြားသူများ၏ ကောင်းကျိုးနှင့် ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီး ကောင်းကျိုးအတွက် ရှေ့ဆက်လျှောက်နိုင်ပြီး ကျွန်ုပ်တို့၏ ကြီးမားသော အစွမ်းအစကို သိမြင်လာပါသည်။


ဆက်လက်လေ့လာလိုပါက SEE သင်ယူမှု မူဘောင် အပြည့်အစုံ ကို ဖတ်ရှုကာ စူးစိုက်လေ့လာ သိပ္ပံပညာနှင့် ကရုဏာအခြေခံ ကျင့်ဝတ်ဆိုင်ရာ ဌာန၏ အခြားအစီအစဉ်များ အကြောင်း လေ့လာနိုင်ပါသည်။

Top