COP26 အတွက် ဒလိုင်းလားမား ဆရာတော်ကြီး၏ သတင်းစကား

Uv hhdl cop message

ကျွန်ုပ်တို့ယနေ့ရင်ဆိုင်နေရသည့် ရာသီဥတုအရေးပေါ်အခြေအနေကို ဖြေရှင်းရန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ - COP26 ကို စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့တွင် ကျင်းပမည်ဟု ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါသည်။

ကမ္ဘာကြီးပူနွေးလာမှုသည် အရေးတကြီးဖြေရှင်းရမည့် အမှန်တရားဖြစ်ပါသည်။ အတိတ်ကို မည်သူမျှ ပြောင်းလဲနိုင်မည် မဟုတ်သော်လည်း ကျွန်ုပ်တို့အားလုံးသည် ပိုကောင်းသည့်အနာဂတ်ကို ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ တကယ်တော့ မိမိကိုယ်တိုင်အတွက်ရော၊ ယနေ့အသက်ရှင်နေသည့် လူသားသန်းခုနစ်ထောင်အတွက်ပါ ငြိမ်းချမ်းလုံခြုံစွာ ဆက်လက်နေထိုင်နိုင်ရေးအတွက် ကျွန်ုပ်တို့မှာ တာဝန်ရှိပါသည်။ မျှော်လင့်ချက်နှင့် ဆုံးဖြတ်ချက်ခိုင်မာမှုတို့ဖြင့် မိမိတို့ဘဝအတွက်သာမက မိမိတို့အိမ်နီးချင်းများအားလုံးအတွက်ပါ ကျွန်ုပ်တို့ ဂရုစိုက်စောင့်ရှောက်ရပါမည်။

ကျွန်ုပ်တို့၏ဘိုးဘေးများသည် ကမ္ဘာကြီးကို ပေါများကြွယ်ဝသည်ဟု ရှုမြင်ခဲ့ကြပါသည်။ ထိုအတိုင်းလည်း မှန်ပါသည်။ သို့သော်လည်း ကမ္ဘာကြီးသည် ကျွန်ုပ်တို့၏ တစ်ခုတည်းသော နေထိုင်ရာလည်း ဖြစ်နေပြန်ပါသည်။ ကျွန်ုပ်တို့သည် မိမိအတွက်သာမက အနာဂတ်မျိုးဆက်များအတွက်၊ ကမ္ဘာပေါ်တွင်အတူနေထိုင်သည့် မရေမတွက်နိုင်သော သတ္တဝါများအတွက်ပါ ကမ္ဘာကြီးကို ကာကွယ်ရပါမည်။

တိဘက်ကုန်းပြင်မြင့်သည် မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းပြီးလျှင် ရေခဲပြင်နှင့်နှင်းခဲများ အများဆုံးရှိသည့်နေရာ ဖြစ်သည့်အတွက် တစ်ခါတစ်ရံ “တတိယဝင်ရိုးစွန်း” ဟုပင်ခေါ်ပါသည်။ တိဘက်ဒေသသည် ကမ္ဘာပေါ်ရှိ အဓိကမြစ်ကြီးအချို့၏ မြစ်ဖျားခံရာဖြစ်ပြီး ယင်းတို့ထဲတွင် ဗြဟ္မပုတ္တရ၊ ဂင်္ဂါ၊ အိန္ဒြု၊ မဲခေါင်၊ သံလွင်၊ မြစ်ဝါနှင့် ယန်ဇီမြစ်တို့ပါဝင်ပါသည်။ ဤမြစ်ကြီးများသည် အာရှတစ်ခွင်ရှိ လူသန်းပေါင်းနှစ်ထောင်နီးပါးကို သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ရေအားလျှပ်စစ် စသည်တို့ပေးအပ်သည့်အတွက် အသက်သွေးကြောရင်းမြစ်များ ဖြစ်ပါသည်။ တိဘက်မှ ရေခဲမြစ်ကြီးများ အရည်ပျော်ခြင်း၊ မြစ်ချောင်းများကို လမ်းလွှဲပြီး ရေကာတာတည်ဆောက်ခြင်းနှင့် သစ်တောများ အလွန်ပြုန်းတီးလာခြင်းတို့ကိုကြည့်လျှင် ဒေသတစ်ခုရှိ ဂေဟစနစ်ကို လျစ်လျူရှုခြင်းဖြင့် နေရာတိုင်းနီးပါးတွင် အကျိုးဆက်များ ဖြစ်ပေါ်လာပုံကို လှစ်ဟပြသနေပါသည်။

ယခုအခါ ကျွန်ုပ်တို့သည် အနာဂတ်ကို ကြောက်ရွံ့မှုကြောင့် ဆုတောင်းနေရုံဖြင့် မဟုတ်ဘဲ သိပ္ပံနည်းကျ နားလည် သဘောပေါက်မှုတွင် အခြေခံသည့် လက်တွေ့ဆောင်ရွက်ချက်ဖြင့် ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ပါသည်။ ဤကမ္ဘာပေါ်တွင် နေထိုင်သူများသည် ဘယ်တုန်းကနှင့်မျှမတူအောင် အပြန်အလှန်မှီခိုနေပါသည်။ ကျွန်ုပ်တို့ ဆောင်ရွက်သမျှသည် လူသားမိတ်ဖက်များကိုသာမက မရေမတွက်နိုင်သည့် တိရစ္ဆာန်နှင့် အပင်မျိုးစိတ်များကိုပါ သက်ရောက်မှုရှိပါသည်။

ကျွန်ုပ်တို့လူသားများသည် ကမ္ဘာကြီးကိုပျက်စီးစေရန် ခွန်အားရှိသည့် တစ်ခုတည်းသော သတ္တဝါများဖြစ်သလို ကမ္ဘာကြီးကို ကာကွယ်ရန် အစွမ်းအစရှိသူများလည်းဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှု ပြဿနာများကို အားလုံးအတွက် ကောင်းကျိုးရှိစေမည့် ကမ္ဘာ့အဆင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ရင်ဆိုင်ဖြေရှင်းရပါမည်။ သို့သော် တစ်ဦးချင်း အဆင့်တွင်လည်း တတ်နိုင်သမျှ ဆောင်ရွက်ရပါမည်။ ရေအသုံးပြုပုံ၊ မလိုအပ်သည့်ပစ္စည်းများ စွန့်ပစ်ပုံ စသည့် နိစ္စဓူဝ ကိစ္စလေးများသည်ပင်လျှင် အကျိုးဆက်ရှိပါသည်။ သဘာဝပတ်ဝန်းကျင်ကို မိမိနေ့စဉ်ဘဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂရုစိုက်ကာ သိပ္ပံပနည်းကျအချက်အလက်များကို လေ့လာရပါမည်။

ကျွန်ုပ်တို့၏လူငယ်မျိုးဆက်များသည် ရာသီဥတုပြောင်းလဲမှုအပေါ် အခိုင်အမာ ဆောင်ရွက်ရန် တောင်းဆိုနေသည်ကို တွေ့ရသည့်အတွက် အားတက်မိပါသည်။ ဤသို့ဖြင့် အနာဂတ်အတွက် မျှော်လင့်ချက်အချို့ ရရှိလာပါသည်။ သိပ္ပံပညာကို နားထောင်ကာ သင့်လျော်သလိုဆောင်ရွက်ရန် လိုအပ်ပုံကို ပိုမိုဆော်ဩရန်အတွက် ဂရီတာသွန်ဘတ် ကဲ့သို့သော လူငယ်တက်ကြွလှုပ်ရှားသူများ၏ ကြိုးပမ်းအားထုတ်မှုများမှာ အထူးအရေးပါပါသည်။ သူတို့၏ ရပ်တည်ချက်မှာ လက်တွေ့ကျသည့်အတွက် သူတို့ကို အားပေးရပါမည်။

လူသားတိုင်းသည် ကျွန်ုပ်တို့၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဆိုသည့် တစ်ခုတည်းသော လူသားထုအမြင် ထားရှိရန် အရေးကြီးပုံကို ကျွန်ုပ်အမြဲအလေးထားပြောကြားပါသည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု အန္တရာယ်သည် နိုင်ငံနယ်နိမိတ် အကန့်အသတ်များဖြင့် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့အားလုံးအပေါ် သက်ရောက်ပါသည်။

ဤအကျပ်အတည်းကို အတူရင်ဆိုင်ရာတွင် ၎င်း၏အကျိုးဆက်များကို လျှော့ချနိုင်စေမည့် ကြံ့ခိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ထားဖြင့် ဆောင်ရွက်မှရပါမည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်များသည် ဤအရေးပေါ် အခြေအနေကို ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်လိုသည့် ခွန်အားဖြင့် စုစည်းနိုင်ကာ အပြောင်းအလဲအတွက် အချိန်ဇယား သတ်မှတ်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သပါသည်။ လုံခြုံစိတ်ချရပြီး ပိုမိုစိမ်းလန်းသော၊ ပိုမိုပျော်စရာကောင်းသော ကမ္ဘာတစ်ခုကို ကျွန်ုပ်တို့ဖန်တီးကြရပါမည်။

ဆန္ဒမွန်ဖြင့် ဆုမွန်ကောင်းတောင်းလျှက်၊

ဒလိုင်းလားမား

၃၁ အောက်တိုဘာ ၂၀၂၁

Top