အနှစ် ၅၀ မြောက် မြေကမ္ဘာနေ့အတွက် ဘုန်းတော်ကြီးဒလိုင်းလားမား၏ သတင်းစကား

Sb nasa earth

ယခုလို အနှစ် ၅၀ မြောက် မြေကမ္ဘာနေ့တွင် ကျွန်ုပ်တို့ ကမ္ဘာကြီးသည် လူသားထု၏ ကျန်းမာကြံ့ခိုင်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုကို ရင်ဆိုင်နေရပါသည်။ ထို့ပြင် ဤအခက်အခဲကြားမှာပင် ကရုဏာနှင့် အပြန်အလှန် ကူညီမှု၏ တန်ဖိုးကို ကျွန်ုပ်တို့အား သတိပေးနေပါသည်။ လက်ရှိကမ္ဘာ့ ကပ်ရောဂါသည် ကျွန်ုပ်တို့အားလုံးကို လူမျိုး၊ ယဉ်ကျေးမှု၊ ကျား-မ မခွဲခြားဘဲ ခြိမ်းခြောက်နေပါသည်။ ကျွန်ုပ်တို့သည် အားလုံးအတွက် အရေးအပါဆုံး လိုအပ်ချက်များ ပေးအပ်ရင်း လူသားထုတစ်ရပ်လုံး အနေနှင့် တုံ့ပြန်ရပါမည်။

နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်တွင် ကြီးမားသော မိသားစုတစ်ခုအဖြစ် မွေးဖွားလာပါသည်။ ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်နှင့် ပညာမဲ့၊ မတူညီသော နိုင်ငံများတွင် နေထိုင်ကြသော်လည်း အဆုံးတွင် ကျွန်ုပ်တို့ အားလုံးသည် အခြားသူများလိုပင် လူသားများ ဖြစ်ပါသည်။ ထို့ပြင် ပျော်ရွှင်မှု ရရှိရန်နှင့် ဆင်းရဲဒုက္ခ ရှောင်ရှားရန် တူညီသော အခွင့်အရေးလည်း ရှိကြပါသည်။ သက်ရှိအားလုံးသည် ဤကိစ္စတွင် တူညီသည်ဟု သဘောပေါက်ပါက ကျွန်ုပ်တို့သည် စာနာမှုနှင့် အခြားသူများနှင့် နီးစပ်မှုတို့ အလိုလို ခံစားလာရပါသည်။ ထိုအခါ အခြားသူများကို သူတို့၏ ပြဿနာများ ကျော်လွှားနိုင်အောင် တက်ကြွစွာ ကူညီရန် အားလုံးနှင့်ဆိုင်သော တာဝန်ယူမှုဆိုသည့် စစ်မှန်သော ခံစားချက် ရရှိလာပါသည်။

မိခင်ကမ္ဘာမြေကြီးသည် အားလုံးနှင့်ဆိုင်သော တာဝန်ယူမှုအကြောင်း ကျွန်ုပ်တို့ကို သင်ပေးနေပါသည်။ အပြာရောင် ဤဂြိုဟ်ကြီးသည် နှစ်သက်ဖွယ် နေထိုင်စရာနေရာ ဖြစ်ပါသည်။ သူ၏ သက်တမ်းသည် ကျွန်ုပ်တို့ ဘဝပင် ဖြစ်သည်။ သူ၏ အနာဂတ်သည် ကျွန်ုပ်တို့ အနာဂတ်ဖြစ်သည်။ တကယ်တော့ ကမ္ဘာမြေသည် အားလုံးအတွက် မိခင်ကဲ့သို့ ပြုမူပါသည်။ သူ၏ သားသမီးများအဖြစ် ကျွန်ုပ်တို့သည် သူ့အပေါ် မှီခိုနေပါသည်။ ရင်ဆိုင်ဖြတ်သန်းနေရသော ကမ္ဘာ့ပြဿနာများ ပေါ်ထွက်လာချိန်တွင် ကျွန်ုပ်တို့အားလုံး အတူတကွ အလုပ်လုပ်ရန် အရေးကြီးပါသည်။

၁၉၅၉ ခုနှစ်တွင် တိဘက်မှ လွတ်မြောက်လာပြီးမှသာ သဘာဝပတ်ဝန်းကျင်ကို အလေးထားရန် အကြီးသည်ဟု ကျွန်ုပ်စတင်တန်ဖိုးထားမိလာပါသည်။ ထိုစဉ်က သဘာဝပတ်ဝန်းကျင်သည် သန့်ရှင်းနေသည်ဟု အမြဲယူဆထား ပါသည်။ ဥပမာ၊ စမ်းချောင်းလေးတစ်ခု မြင်လိုက်တိုင်း သောက်သုံးရန် စိတ်ချရသလားဆိုသည်ကို စိုးရိမ်နေရန် မလိုပါ။ ယခုမူ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည်ပင် ယနေ့ကမ္ဘာတွင် အဓိကပြဿနာတစ်ခု ဖြစ်နေသည်မှာ စိတ်မကောင်းစရာ ဖြစ်ပါသည်။

ရောဂါကို မထိန်းချုပ်နိုင်သည်အထိ ပျံ့ပွားခြင်း မရှိအောင် ကမ္ဘာတစ်ဝန်းရှိ နာမကျန်းဖြစ်နေသူများနှင့် ရဲဝံ့သော ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအတွက် သန့်ရှင်းသော ရေနှင့် သင့်တော်သော အညစ်အကြေး စွန့်ပစ်မှုတို့ ရရှိရေးကို ကျွန်ုပ်တို့သေချာ ဆောင်ရွက်ရပါမည်။ တစ်ကိုယ်ရေ ကျန်းမာရေးသည် ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှု၏ အခြေခံအချက်တစ်ချက် ဖြစ်ပါသည်။

သေချာ တပ်ဆင်ထားပြီး ဝန်ထမ်းအင်အားရှိသော ကျန်းမာရေး စောင့်ရှောက်မှု နေရာဌာနများကို စဉ်ဆက်မပြတ် ရရှိနိုင်ပါက ကျွန်ုပ်တို့ကမ္ဘာကြီးအား တိုက်ခိုက်လာသည့် လက်ရှိကပ်ရောဂါ အခက်အခဲများကို ကျွန်ုပ်တို့ ရင်ဆိုင်နိုင်ပါမည်။ အနာဂတ် ပြည်သူ့ကျန်းမာရေး အကျပ်အတည်းများမှလည်း အခိုင်မာဆုံး ကာကွယ်မှုတစ်ခု ရရှိလာပါမည်။ ဤအချက်များမှာ တစ်ကမ္ဘာလုံး၏ ကျန်းမာရေးအတွက် စိန်ခေါ်မှုများကို ဖြေရှင်းပေးသည့် ကုလသမဂ္ဂ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ရည်မှန်းချက်များထဲတွင် ချမှတ်ထားသည့် ဦးတည်ချက်များနှင့် တစ်ထပ်တည်းဖြစ်နေသည်ကို နားလည်မိပါသည်။

ယခုအကျပ်အတည်းကို အတူရင်ဆိုင်ကြရင်း ကျွန်ုပ်တို့သည် အထူးသဖြင့် ကမ္ဘာတစ်ဝန်းမှ ကံဆိုးနေသည့် ညီအစ်ကို မောင်နှမများ၏ အရေးတကြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်အောင် ကြံ့ခိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ပိုမိုပျော်ရွှင်ပြီး ပိုမိုကျန်းမာသည့် ကမ္ဘာကြီးကို ဖန်တီးနိုင်အောင် ရှေ့လာမည့်နေ့များတွင် ကျွန်ုပ်တို့ တစ်ဦးချင်းစီက တတ်နိုင်သလောက် ဆောင်ရွက်နိုင်ကြပါစေဟု မျှော်လင့်ရင်း ဆုတောင်းပါသည်။

ဒလိုင်းလားမား
၂၂ ဧပြီ ၂၀၂၀

Top