လောကီနည်းလမ်းများဖြင့် ပြုမူဆောင်ရွက်သည့် အဆက်အစပ်ဖြင့် စိတ်ပျော်ရွှင်မှု ရရှိနိုင်ပုံကို ယနေ့ဟောကြားပါမည်။ ယနေ့ ဤနေရာတွင် လူအများကြီးကို စကားပြောခွင့် ရသည့်အတွက် ဝမ်းမြောက်ပါသည်။ ကျွန်ုပ်၏ မိတ်ဆွေကြီး တစ်ဉီး ဖြစ်သော အမေရိကန်သိပ္ပံပညာရှင် ဒေးဗစ် လစ်ဗင်းစတုန်းက ယခုကျွန်ုပ်တို့နှင့်အတူ မရှိတော့သော်လည်း ဤသို့ ပြောခဲ့ ပါသည်။ စေတနာ ရှိသောသူတစ်ဉီးက အခြားသူများနှင့် တွေ့သောအခါ သူ့မျက်လုံးက ပြူးလာပြီး မျက်စိသူငယ်အိမ် လည်း ကျယ်လာပါသည်။ သူကျွန်ုပ်ကို တွေ့စဉ်က သူ့မျက်လုံးလည်း ထိုကဲ့သို့ ပြူးလာပြီး မျက်စိသူငယ်အိမ် ကျယ်လာ သည်ဟု ပြောပါသည်။ ဤသည်မှာ လူနှစ်ဉီးနှင့်သာ ဖြစ်ဖူးသည်ဟု သူကပြောသည်။ ကျွန်ုပ်ကို တွေ့စဉ်နှင့် သူ့ဇနီးကို တွေ့စဉ် ဖြစ်ပါသည်။ သို့သော် ယခုအခါ ကျွန်ုပ်သွားသော နေရာတိုင်းတွင် ဒေသခံများက တစ်ပုံစံတည်း ဖြစ်နေပြီး ကျွန်ုပ်အား စစ်မှန်သော နွေးထွေးမှု ပြသပါသည်။ ဒါကို ကျွန်ုပ်အလွန်တန်ဖိုးထားပါသည်။ ကျေးဇူးလည်း တင်ပါသည်။
‘‘လောကီသီးသန့်ဝါဒ’’ ဆိုသည်မှာ အဘယ်နည်း။ ထိုစကားကို အိန္ဒိယနိုင်ငံ၏ ရိုးရာအစဉ်အလာအတိုင်း အသုံးပြု ပါသည်။ ကျွန်ုပ်၏ မူဆလင်နှင့် ခရစ်ယာန် မိတ်ဆွေအချို့က ‘‘လောကီသီးသန့်ဝါဒ’’ ဆိုသည်မှာ ဘာသာရေးနှင့် အနည်းငယ် ဆန့်ကျင်သလိုရှိသဖြင့် ထိုအသုံးမျိုး မသုံးချင်ကြပါ။ ထို့ပြင် အချို့သူများက ကျင့်ဝတ် ဆိုသည်မှာ ဘာသာရေးတွင် အခြေခံသင့်ပြီး အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လောကီသီးသန့်ဝါဒတွင် အခြေခံထားပြီး ဘာသာရေး မဟုတ်ပါ။ အိန္ဒိယ နိုင်ငံတွင် ဘာသာရေးကို အလွန် လေးစားကြပါသည်။ ဂန္ဒီနှင့် အိန္ဒိယဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲသူများသည် အလွန်ဘာသာတရားကိုင်းရှိုင်းပါသည်။ ဤအဆက်အစပ်အရ လောကီသီးသန့်ဝါဒသည် ဘာသာတရား တစ်ခုက အခြားတစ်ခုထက် ပိုကောင်းသည်ဟု မယူဆဘဲ ဘာသာတရား အားလုံးကို လေးစားမှုရှိသည့် အဓိပ္ပာယ် ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာပင် ဤလောကီသီးသန့်ဝါဒသည် အိန္ဒိယနိုင်ငံရှိ ဘာသာတရား မယုံကြည်သူများ၏ အခွင့်အရေးကိုလည်း လေးစားမှုရှိသည်။ ထို့ကြောင့် ထိုအဓိပ္ပာယ်အတိုင်း လောကီသီးသန့်ဝါဒကို အသုံးပြုပါသည်။
လူသားတစ်ယောက် အနေနှင့်သာမက တိရစ္ဆာန်များ၊ အင်းဆက်များပင်လျှင် ကျွန်ုပ်တို့ အားလုံးသည် ပိုပြီး ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို အလိုရှိကြပါသည်။ မည်သူမျှ အနှောင့်အယှက် တစ်စုံတစ်ရာ အလိုမရှိကြပါ။ လူတိုင်းတွင် ပျော်ရွှင်မှု ရပိုင်ခွင့်နှင့် အတားအဆီးများ၊ ပြဿနာများနှင့် ဒုက္ခတို့ကို ကျော်လွှားပိုင်ခွင့် ရှိပါသည်။ ဒါကို ယုတ္တိဗေဒနည်း သို့မဟုတ် စမ်းသပ်မှုဖြင့် သက်သေပြရန် မလိုအပ်ပါ။ ဤသည်မှာ သဘာဝသဘောတရားသာ ဖြစ်ပါသည်။ ခံစားချက်ရှိသော သတ္တဝါများ၊ ငှက်များ၊ တိရစ္ဆာန်များ၊ လူသားများ အားလုံးသည် ထိုရည်မှန်းချက် အောင်မြင်ရန် ကြိုးစားကြပါသည်။ အရေးကြီးသည်မှာ ထိုရည်မှန်းချက် အောင်မြင်ရေး ဖြစ်သည်။ ၎င်းသည် လက်တွေ့ကျရမည်။ လက်တွေ့မကျသော နည်းလမ်းများ အသုံးပြုခြင်းက ထိုရည်မှန်းချက် မအောင်မြင်စေရန် တားဆီးပါသည်။ ဥပမာ၊ တိရစ္ဆာန်များသည် တစ်ခါတစ်ရံ အကြောက်လွန်ပြီး လမ်းကြောင်းအမှားအတိုင်း ထွက်ပြေးကြသည်ကို တွေ့ရသည်။ အန္တရာယ် ရှိသည့် နေရာမှ ဝေးရာကို ပြေးရမည့်အစား အန္တရာယ် ရှိသည့်ဘက်ကို ပြေးကုန်ကြသည်။ ကျွန်ုပ်တို့ လူသားများမှာမူ အလွန်ကောင်းသည့် အသိဉာဏ် ရှိသည့်အတွက် အကျိုးအကြောင်းနှင့် အသိဉာဏ်ဖြင့် လက်တွေ့ကျသော နည်းလမ်းကို လိုက်နာနိုင်စွမ်း ပိုရှိပါသည်။ ထို့ကြောင့် ပိုအောင်မြင်ကြပါသည်။ ကျွန်ုပ်တို့သည် ရေရှည် သတိရှိမှုကြောင့် ရေရှည် အောင်မြင်မှုအတွက် ယာယီ အကျိုးအမြတ်ကို ဆန္ဒအလျောက် စွန့်လွှတ်ကြပါသည်။ ဤအချက်က တိရစ္ဆာန်များထက် ကျွန်ုပ်တို့၏ အသိဉာဏ် သာလွန်မှုကို ဖော်ပြပါသည်။ ထို့ပြင် ဤအသိဉာဏ်ကြောင့် ကျွန်ုပ်တို့ လူသားများသည် ရေရှည် အကျိုးကျေးဇူး ရရှိရန် ကြိုးစားကြပါသည်။
ဤနေရာတွင် မေးစရာရှိသည်မှာ အတွေ့အကြုံ မည်မျှရှိပါက အကျိုးကျေးဇူး အများဆုံး ရမလဲ။ အတွေ့အကြုံ၏ နာမ်ပိုင်းဆိုင်ရာ အဆင့်သည် ယာယီဖြစ်လေ့ရှိသည်။ ဥပမာ၊ ဓာတ်ပုံ သို့မဟုတ် အားကစားပွဲ အချို့ကို သင်မြင်တွေ့သည်။ သို့မဟုတ် ကမ္ဘာလှည့် ခရီးသွားတစ်ယောက်က မတူညီသော နေရာများနှင့် ရှုခင်းများ၊ အဝတ်အစားများ၊ လူများကို လှည့်လည်ကြည့်ရှုသည်။ ထိုနည်းဖြင့် ဥပမာ သင့်မျက်လုံးများမှတစ်ဆင့် ပျော်ရွှင်မှု ခံစားချက်အချို့ သင်ရရှိပါသည်။ ကျွန်ုပ်ကသူ့အား မနေ့ညက ခရစ်ကတ်ကစားပွဲ ရှိချိန်တွင် သူအိပ်ချိန်မည်မျှ ရသလဲ မေးသောအခါ သူက လေးနာရီဟု ဖြေသည်။ ထိုအခါ ကျွန်ုပ်ကသူ့ကိုဝေဖန်သည်။ ကစားပွဲ ကြည့်မည့်အစား နှစ်နှစ်ခြိုက်ခြိုက် အိပ်သင့်ကြောင်း ပြောသည်။ ဒါက စိတ်အတွက် ပိုကောင်းသည်။ ထို့ပြင် ဂီတ၊ နှစ်သက်ဖွယ် ရနံ့များ၊ အစားအသောက်နှင့် နှစ်သက်ဖွယ် ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့များ ရှိပါသေးသည်။ နာမ်ပိုင်းဆိုင်ရာ ထိုပျော်ရွှင်မှုများမှာ ယာယီသာ ဖြစ်သည်။ ၎င်းတို့ မရှိတော့သောအခါ ၎င်းတို့ကို အမှတ်ရခြင်းသာလျှင် ကျွန်ုပ်တို့စိတ်မှာ ကျန်ရှိပါတော့သည်။
တစ်ဖက်တွင်လည်း အချို့ အတွေ့အကြုံများမှာ စိတ်ပိုင်းဆိုင်ရာ အဆင့်တွင်ရှိပြီး အာရုံ သိရှိမှု အတွေ့အကြုံပေါ်တွင် မူတည်ခြင်း မရှိပါ။ ၎င်းတို့ထံမှ ရရှိသည့် ပျော်ရွှင်မှုက ပိုပြီးတာရှည်ခံပါသည်။ ထို့ကြောင့် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကို ကြုံတွေ့သည့်အဆင့် နှစ်ဆင့် ရှိကြောင်း သဘောပေါက်ရန် အရေးကြီးပါသည်။ တစ်ခုမှာ အာရုံသိရှိမှုအဆင့်ဖြစ်ပြီး ယာယီဖြစ်ကာ အခြားတစ်ခုမှာ စိတ်ပိုင်းဆိုင်ရာ အဆင့်ဖြစ်ပြီး ပိုမိုနက်ရှိုင်းပါသည်။
ယနေ့ခေတ်တွင် လူတို့သည် အာရုံခံမှု အဆင့်ကို အရေးအကြီးဆုံး ဖြစ်သည်ဟု ယူဆသည့်အတွက် ယင်းကို အလွန် ပါဝင်ပတ်သက်နေကြပါသည်။ ထို့ကြောင့် ပျော်ရွှင်ရန် ပြင်ပ ရုပ်ဝတ္ထု ရင်းမြစ်များအပေါ် အမြဲ ရှာဖွေနေရပြီး ပိုမို နက်ရှိုင်းသော အတွင်းစိတ်အဆင့်ကို လျစ်လျူရှုလာကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်ုပ်သည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ရှိနေချိန် နေထိုင်သော ဟိုတယ်က နိုက်ကလပ်တစ်ခုဘေးတွင် ဖြစ်သည်။ ည ၇:၃၀ သို့မဟုတ် ၈ နာရီခန့်တွင် ကျွန်ုပ် အိပ်ရာဝင်ကာ ပြင်ပလောကတွင် တောက်ပနေသော အနီ၊ အပြာ မီးရောင်စုံ များနှင့် တဒုန်းဒုန်း အသံတို့ကို မြင်ရ၊ ကြားရသည်။ အိမ်ရာဝင်ပြီးနောက် ညဉ့်နက်ချိန် နိုးလာသောအခါ ဆက်လက်မြင်တွေ့နေရသည်။ လေးနာရီဝန်းကျင် အိပ်ရာထသောအခါတွင်လည်း မပြီးဆုံးသေးပေ။ လူအားလုံး၏ စွမ်းအင်သည် အာရုံခံမှု အဆင့်တွင် နစ်မြုပ်နေကြသည်။ နောက်တစ်နေ့တွင် လူတိုင်း မောပန်းနွမ်းနယ် ကုန်မည်ဟု ထင်ပါသည်။
မကြာသေးမီက အိန္ဒိယမိသားစုတစ်စုကိုတွေ့ရာ သူတို့တွင် သားသမီးအချို့နှင့် မိဘများလည်းရှိသည်။ ကျွန်ုပ်တို့ ထွေရာလေးပါး စကားအနည်းငယ် ပြောဖြစ်ကြသည်။ ပြီးခဲ့သော နှစ်နှစ်၊ သုံးနှစ်တွင် ကျွန်ုပ်သည် တီဗီလုံးဝ မကြည့်တော့ကြောင်း ပြောသည်။ ဘီဘီစီရေဒီယိုသတင်းကိုသာ နားထောင်ပါသည်။ ထိုအိန္ဒိယ မိသားစုထဲမှ ငယ်ရွယ်သူများက ‘‘ဆရာတော် တီဗီမကြည့်ရင် အရမ်းပျင်းစရာကောင်းမှာပဲ’’ ဟုပြောသည်။ ဆိုလိုသည်မှာ သူတို့ တီဗီ အလွန်ကြည့်လေသည်။ အထူးသဖြင့် အမေရိကနှင့် ဥရောပတွင် ကလေးများတီဗီအလွန်ကြည့်ကြသည်။ ဤသည်မှာ သူတို့စိတ်တွင် ထက်မြက်သော အသိဉာဏ်ဖြင့် ဆန်းစစ်နိုင်စွမ်းကို ပြောင်းလဲပစ်သည့်အတွက် အကျိုးမပြုလှပါ။ ထို့ကြောင့် ပျော်ရွှင်မှုကို ရှာဖွေရန်နည်းလမ်းအဖြစ် အာရုံခံစားမှုအဆင့်တွင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အဆင့်တွင် ဆောင်ရွက်သည်ဆိုခြင်းမှာ ပိုပြီးအဓိပ္ပာယ်ရှိလာပါသည်။
နောက်တစ်ချက်မှာ စိတ်ခံစားချက်ကို အမှန်တကယ် နှောင့်ယှက်မှုသည် စိတ်ပိုင်းဆိုင်ရာ အဆင့်မှ အဓိကလာပါသည်။ ထို့ကြောင့် ပျော်ရွှင်သောဘဝအတွက် တည်ငြိမ်သော စိတ်ကို လိုပါသည်။ အနှောင့်အယှက်များ၏ ရင်းမြစ်သည် စိတ်ပိုင်းဆိုင်ရာအဆင့်မှ လာသည့်အတွက် ပျော်ရွှင်မှု ရရှိအောင် စိတ်ပိုင်းဆိုင်ရာ အဆင့်တွင် ဖြေရှင်းရန်လိုပါသည်။ ထို့ကြောင့် ပထမဉီးစွာ ကျွန်ုပ်တို့၏ အတွင်းစိတ် လောက၊ အတွင်းစိတ် တန်ဖိုးများကို ပိုအလေးထားရန် လိုသည်။ ဦးနှောက်၏ အကန့်ငယ်လေးတွင် ကျွန်ုပ်တို့သည် စိတ်၏ကျယ်ပြောသော လောကကို လေ့လာနိုင်သော်လည်း ဤစိတ်၏နေရာအကြောင်း ကျွန်ုပ်တို့ အနည်းငယ်သာ အမှန်တကယ် သိကြပါသည်။ ထို့ကြောင့် စိတ်ခံစားချက်များကို လေ့လာရှုမှတ်ရန်လိုသည်။ ပြင်းထန်သော စိတ်ခံစားချက်များ ပေါ်ထွက်လာသောအခါ ထိုစိတ်၏အခြေအနေဖြင့် ထိုစိတ်ခံစားချက်ကို လေ့လာရှုမှတ်ရန် လိုပါသည်။ ထို့နောက် ယင်းသည် ကွယ်ပျောက်သွားကြောင်း တဖြည်းဖြည်း သိရှိလာပါသည်။ ဒေါသလွှမ်းမိုးသောစိတ်ကို ကျွန်ုပ်တို့ လေ့လာရှုမှတ်နိုင်စွမ်း ရှိပါသည်။ ကျွန်ုပ်တို့ လေ့လာရှုမှတ် လိုက်သည်နှင့် ဒေါသအဟုန် ပျောက်ကွယ်သွားပါသည်။ စိတ်ကို ပိုပြီးအတွင်းကျကျ လေ့လာရသည်မှာ အတော်လေး စိတ်ဝင်စားဖွယ် ကောင်းပါသည်။
ကျွန်ုပ်တို့သည် ယခုအခါ နှစ်ဆယ့်တစ်ရာစု ရောက်နေပါပြီ။ နှစ်ဆယ်ရာစုက လူသားရာဇဝင်တွင် အရေးအကြီးဆုံး ရာစုနှစ်တစ်ခုဟု ထင်ရပါသည်။ အကြောင်းမှာ သိပ္ပံနှင့် နည်းပညာနယ်ပယ်များ၌ တိုးတက်မှုများစွာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသိပညာ တိုးတက်လာသည်။ လူနေမှု အဆင့်အတန်း ပိုကောင်းလာသည်။ သို့သော် တစ်ချိန်တည်းမှာပင် ထိုရာစုသည် သွေးချောင်းစီးခဲ့သော ရာစုလည်းဖြစ်သည်။ သင်တို့ မိဘဘိုးဘွားများက အခက်အခဲ၊ ဒုက္ခကြီးများကို့ ကြုံတွေ့ခဲ့ရသည်။ လူဉီးရေ သန်းနှစ်ရာကျော် သေဆုံးခဲ့ပြီး အချို့မှာ နျူးကလီးယားလက်နက်များကြောင့် ဖြစ်သည်။ ထိုသို့ ကြီးမားသော အကြမ်းဖက်မှုများကြောင့် အစီအစဉ်သစ်အချို့ ပေါ်ထွက်လာပါက အဓိပ္ပာယ် ရှိသည်ဟု ကျွန်ုပ်တို့ ယူဆနိုင်ပါသေးသည်။ သို့သော် ထိုသို့ မဟုတ်ခဲ့ပါ။ ယခုအခါ နှစ်ဆယ့်တစ်ရာစု အစမှာလည်း အီရတ်၊ အီရန်နှင့် အာဖဂန်နစ္စတန်တို့တွင် ပြဿနာများစွာ ရှိနေသည်။ အကြမ်းဖက်မှုများစွာ ရှိသည်။ ဤသည်မှာ အတိတ်က အမှားနှင့် မသိနားမလည်မှုများ၏ ဒဏ်ရာလက္ခဏာဖြစ်သည်။ ပြင်ပ အရာဝတ္ထုများအပေါ်တွင် များစွာအလေးထားနေကြသည်။ ယခုအခါ ကျွန်ုပ်တို့သည် အတွင်းစိတ်တန်ဖိုးများအကြောင်း ပိုစဉ်းစားရမည်။ ပြင်ပ အခြေအနေများအကြောင်းသာ မဟုတ်ပါ။
ထို့အတူ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုမှာ ယေဘုယျအားဖြင့် အဆင်ပြေသော်လည်း ဆင်းရဲ၊ ချမ်းသာ ကွာဟမှုမှာလည်း ပြဿနာကြီး ဖြစ်လာနေပါသည်။ ဩစတြီးယားကဲ့သို့ ဤနေရာဒေသတွင် ညီမျှမှု အဆင့်အတန်းမှာ အတော်လေး ကောင်းသော်လည်း မနှစ်က ကျွန်ုပ်သည် မက္ကဆီကို၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု အနည်း၊ အများအကြောင်း မေးကြည့်ရာ အလွန်ကွာဟမှု ကြီးပါသည်ဟု သူတို့က ပြောသည်။ ယခု ဩစတြီးယားတွင်မူ နည်းပါးမည်ဟု ထင်ပါသည်။
ထို့ပြင် ကျွန်ုပ်က ‘‘အဂတိလိုက်စားမှု နည်းသလား။ များသလား။’’ ဟုလည်းမေးသည်။ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လွတ်လပ်သော စာနယ်ဇင်းများရှိသည့် ဒီမိုကရေစီ နိုင်ငံများတွင်လည်း အဂတိလိုက်စားမှု များစွာရှိနိုင်ပါသည်။ ဤသည်မှာ ကိုယ်တိုင်စည်းကမ်း မထိန်းသိမ်းမှု၊ ကိုယ်ကျင့်သိက္ခာ စည်းကမ်းမရှိမှုတို့ကြောင့် ဖြစ်သည်။ ဥပမာ အိန္ဒိယ နိုင်ငံသည် အလွန်ဘာသာရေးစိတ်ရှိသော တိုင်းပြည်ဖြစ်သည့်တိုင် ထိုနိုင်ငံမှာလည်း အဂတိလိုက်စားမှု များစွာရှိသည်။ အိန္ဒိယလူမျိုးများက သူတို့အိမ်တွင် နတ်ဘုရားရုပ်ထုများ ရှိကြသည်။ ဆုတောင်းလျှင် အမွှေးတိုင်၊ ပန်းတို့ ကပ်လှူသည်။ သို့သော် တစ်ခါတစ်ရံ သူတို့ဆုတောင်းသည်မှာ ‘‘တပည့်တော် လာဘ်စားတာ အောင်မြင်ပါစေ’’ လားဟု ကျွန်ုပ်က ကျီစယ်သည်။ ထို့ကြောင့် ဒါကအလွန်ဝမ်းနည်းဖွယ် ကောင်းပါသည်။ သူတို့စိတ်မှာ ဘာသာရေးစိတ် ရှိသော်လည်း အများစုမှာ လာဘ်ပေးလာဘ်ယူကြသည်။ သူတို့ကို ဘာသာရေးယုံကြည်မှု ရှိသူများဟု ယူဆနိုင်သော်လည်း သူတို့ဘာသာတရား၏ စည်းမျဉ်းများ လက်တွေ့ဆောင်ရွက်မှု အတိုင်းအတာအရ ဘာသာရေးယုံကြည်မှု ရှိသူများဟု မဆိုနိုင်ဘဲ နတ်ဘုရားကြောက်ကြသူများ ဖြစ်လာပါသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်ုပ်သည် နိုင်ငံတကာ ကုမ္ပဏီများအကြောင်းနှင့် သူတို့၏ အကျိုးအမြတ်များ ပွင့်လင်းမြင်သာမှု မရှိပုံအကြောင်း ပညာတတ်တစ်ယောက်နှင့် ဆွေးနွေးသည်။ ကျွန်ုပ်တို့သည် ထိုကိစ္စများ ဆွေးနွေးရာ ကျွန်ုပ်က ‘‘အဲဒီကုမ္ပဏီမှာလုပ်တဲ့သူတွေက နတ်ဘုရားကြောက်တဲ့လူတွေဖြစ်မယ်။ ဒါကြောင့် စည်းကမ်းလေးတော့ ရှိသင့်တာပေါ့’’ ဟုပြောတော့ သူက ‘‘အဲဒါ ဆယ့်ရှစ်ရာစု အတွေးအခေါ်ပဲ’’ ဟုပြောသည်။ ထို့ကြောင့် ထိုသူတို့သည် နတ်ဘုရားကို ဆုတောင်းနိုင်သော်လည်း အရမ်း အလေးအနက် မဟုတ်ပါ။ သူတို့သာ အလေးအနက်ထားပါက နတ်ဘုရား၏မိန့်မှာချက်ဖြစ်သော ရိုးသားရန်၊ ဂရုစိုက်ရန်နှင့် ကျင့်ဝတ်လိုက်နာရန် ဆိုသည်ကို လိုက်နာသင့်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်ကျင့်သိက္ခာအပေါ် ပိုပြီး အလေးအနက် ထားရန်လိုပါသည်။ ဆိုလိုသည်မှာ မိမိကိုယ်ကို စည်းကမ်းစောင့်ထိန်းမှုတွင် ပိုအလေးထားရန်ဖြစ်ပြီး တာဝန်အရ သို့မဟုတ် ကြောက်ရွံ့မှုအရ မဟုတ်ပါ။ သို့သော် စိတ်ဆန္ဒအလျောက် ‘‘ငါဒါကိုလုပ်ရင် ကိုယ်ကျင့်သိက္ခာနဲ့ မလျော်ညီဘူး’’ ဟု သိမှုပေါ်တွင် အခြေခံရပါမည်။
ကျွန်ုပ်တို့သည် ကိုယ်ကျင့်သိက္ခာအကြောင်း ပို၍အားထုတ်သင့်ပါသည်။ ထိုသို့မဟုတ်လျှင် လူဉီးရေအလွန်များလာပြီး ရင်းမြစ်များ လျော့ပါးလာမှုနှင့်အတူ ပြဿနာများ ပိုပိုများလာရုံသာ ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယခု နှစ်ဆယ့်တစ်ရာစုကို ကရုဏာရာစုနှစ်ဖြစ်အောင် ကြိုးပမ်းရန် လိုပါသည်။ ဤသည်မှာ ကိုယ်ကျင့်သိက္ခာ၊ လောကီ ကျင့်ဝတ်၏ အခြေခံစည်းမျဉ်း ဖြစ်ပါသည်။
ကိုယ်ကျင့်သိက္ခာသည် စေတနာနှင့် များစွာဆက်စပ်ပါသည်။ ဆိုလိုသည်မှာ အခြားသူများအတွက် ပိုပြီး အလေးထားခြင်း ဖြစ်ပါသည်။ သူတို့လည်း ပျော်ရွှင်လိုကြသည်။ သူတို့လည်း ဝမ်းမနည်းလိုကြပါ။ ကျွန်ုပ်တို့ အားလုံး အပြန်အလှန် ဆက်သွယ်နေကြပါသည်။ သူတို့၏ပျော်ရွှင်မှုက ကျွန်ုပ်တို့၏ ပျော်ရွှင်မှုအကြောင်းတရားပင် ဖြစ်ပါသည်။ ဒါကို ကျွန်ုပ်တို့ နားလည်ပြီး သူတို့ကို လေးစားသောအခါ လိမ်လည်လှည့်ဖြားခြင်း၊ အနိုင်ကျင့်ခြင်း၊ အမြတ်ထုတ်ခြင်းတို့ မရှိတော့ပါ။ စေတနာသည် ပျော်ရွှင်မှု၏ရင်းမြစ်ဖြစ်သည်ကို သဘောပေါက်ခြင်းဖြစ်ပြီး ၎င်းသည် ကျွန်ုပ်တို့၏မိခင်များ လက်ထက် ကတည်းက ပါလာသည့် ဇီဝဗေဒအမှန်တရား ဖြစ်သည်။ ကျွန်ုပ်တို့မိခင်များ၏ ချစ်ခြင်းတရား၊ သူတို့၏ မိခင်နို့ကြောင့် ကျွန်ုပ်တို့ အသက်ဆက်ခဲ့ရသည်။ ဤအတွေ့အကြုံကို ကျွန်ုပ်တို့၏ အသွေးအသားမျိုးဗီဇထဲတွင် စိမ့်ဝင်နေပါသည်။ မေးစရာရှိသည်မှာ ကလေးများသည် အခြားသူများထံမှ ငွေကြေးနှင့် ယဉ်ကျေးမှုပစ္စည်းများထက် ချစ်ခင်မှုကို ပိုပြီး အလေးထားကြပါသည်။ သို့သော် သူတို့အရွယ်ရောက်လာသောအခါ ပိုပြီး အသိဉာဏ်မရှိလာပါက သူတို့တန်ဖိုးထားသော အရာများ ကျဆင်းသွားပါသည်။ ဘာကြောင့်လဲ။ အကြောင်းမှာ သူတို့သည် ပိုပြီးအတ္တကြီးလာသောကြောင့် ဖြစ်ပါသည်။ သူတို့အခြားသူများကို ကူညီသည်ဆိုလျှင် ‘‘ဘာပြန်ရမလဲ’’ ဟု အကျိုးစီးပွားကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် အတ္တ ဗဟိုပြုခြင်းသည် ‘‘ငါ’’ ဆိုသည့်အသိကြီးကို ပံ့ပိုးပေးပြီး ဤသည်မှာ ပြဿနာကြီးများ၏ ရင်းမြစ်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ဥရောပသမဂ္ဂ သို့မဟုတ် ကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းဟု ယူဆခြင်းအားဖြင့် လူသားထုတစ်ရပ်လုံးကို ‘‘ငါတို့’’ ဆိုပြီး ထည့်သွင်းစဉ်းစားရန် လိုပါသည်။ ကမ္ဘာပေါ်ရှိ သန်းခုနစ်ထောင်သော လူအားလုံးကို ‘‘ငါတို့’’ ဟူ၍ ကျွန်ုပ်တို့သည် ‘‘ငါတို့’’ ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း စဉ်းစားရန်လိုပါသည်။ ကျဉ်းမြောင်းသော ‘‘ငါ’’ ဟု မယူဆ သင့်ပါ။ ထို့ကြောင့် ဆင်းရဲ၊ ချမ်းသာမရွေး လူတိုင်းကို လေးစားရန်လိုပါသည်။ လူတိုင်းတွင် စီးပွားရေးအရရော အခြားကဏ္ဍများတွင်ပါ တန်းတူအခွင့်အရေး ရှိသင့်ပါသည်။ အခြားသူများ၏ သာယာဝပြောရေးကို အလေးထားတတ် လာပါက ထိုသို့လေးစားမှု ပေါ်ထွက်လာပါလိမ့်မည်။
ဤသည်မှာ ဘာသာရေးအရ ဖြစ်ရန်မလိုပါ။ ဘာသာရေးသည် ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သည်။ ဤသည်တို့မှာ လူသားအားလုံးအတွက် အလေးထားမှု ဖြစ်သည်။ အခြားသူအားလုံးကို ကျွန်ုပ်တို့ လေးစားပါက အမြတ်ထုတ်မှု မရှိတော့ပါ။ ထို့ပြင် စေတနာသည် ရုပ်ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်ပါသည်။ အမြဲတမ်း အန္တရာယ် ကြုံပြီး ကြောက်ရွံ့နေခြင်းက ကျွန်ုပ်တို့၏ ကိုယ်ခံအားစနစ်ကို အားနည်းစေကြောင်း သိပ္ပံပညာရှင် အချို့က ပြောပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အတ္တကြီးနေသောအခါ ကိုယ့်ဘက်ကို အရမ်းကြောက်ရွံ့မှု ကြုံတွေ့ရပြီး အခြားသူတို့ဘက်ကို မယုံကြည်မှု များစွာ ရှိလာပါသည်။ ထိုအခါ အထီးကျန်မှုနှင့် ကြောက်ရွံ့မှု ခံစားလာရပြီး စိတ်ပျက်မှုနှင့် နောက်ဆုံးတွင် ဒေါသစိတ်တို့ ဖြစ်လာပါသည်။ သို့သော် ကျွန်ုပ်တို့ နှလုံးသားကို ဖွင့်ထားပြီး အခြားသူများကို ဂရုစိုက်သောစိတ် ရှိပါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာပါသည်။ ထိုမှသည် ကျွန်ုပ်တို့သည် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ပါသည်။ မည်သူနှင့် တွေ့ဆုံသည်ဖြစ်စေ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လူအားလုံးကို ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများကဲ့သို့ သဘောထားလာပါသည်။ ကျွန်ုပ်တို့သည် စေတနာရှိပြီး အခြားသူများကို အလေးထားပါက လူအများစုသည် အပြုသဘော တုံ့ပြန်ပါလိမ့်မည်။ သို့သော် အမြဲတမ်းတော့ မမှန်ပါ။ ကျွန်ုပ်ကားထဲတွင် လိုက်စီသောအခါတိုင်း လမ်းပေါ်က လူများကို အမြဲကြည့်ပြီး ပြုံးပြပါသည်။ ဂျာမနီ နိုင်ငံတွင် တစ်ခါက လူသွားလမ်းပေါ်မှ အမျိုးသမီး တစ်ယောက်ကို ပြုံးပြသောအခါ သူက အလွန်သံသယဝင်သွားပါသည်။ ကျွန်ုပ်အပြုံးကြောင့် သူ့ကိုပျော်ရွှင်စေမည့်အစား သူ့ကိုကြောက်သွားစေပါသည်။ ထို့ကြောင့် ကျွန်ုပ်မျက်စိလွှဲလိုက်သည်။ သို့သော် ဒါက အမြဲတမ်းတော့ မမှန်ပါ။
စေတနာသည် ကျွန်ုပ်တို့၏ မိခင်များထံမှ သင်ယူမိသောအရာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဘဝတစ်လျှောက်လုံး အတူယူဆောင်သွားရမည့်အရာ ဖြစ်ပါသည်။ သိပ္ပံ အစည်းအဝေးတစ်ခုတွင် ကျွန်ုပ်တို့၏ ဆောင်ပုဒ်မှာ ‘‘ကျန်းမာသော စိတ်၊ ကျန်းမာသော ကိုယ်ခန္ဓာ’’ ဖြစ်ပါသည်။ ထိုအတွက် ကျွန်ုပ်တို့သည် အမှန်တရားကိုသိရန်လိုပါသည်။ တည်ငြိမ်သော စိတ် ရှိရန်လိုပါသည်။ ကျွန်ုပ်တို့ စိတ်အနှောင့်အယှက် ဖြစ်နေပါက ဘက်လိုက်မိပြီး အမှန်တရားကို မမြင်နိုင်တော့ပါ။ ထိုအခါ ပြဿနာများစွာ ဖြစ်လာပါသည်။ ထို့ကြောင့် စေတနာက တည်ငြိမ်သောစိတ် ဖြစ်ပေါ်အောင် ကူညီပါသည်။ တည်ငြိမ်သောစိတ် မရှိပါက ထိုမှသည် ကျွန်ုပ်တို့ ပညာရေးတွင် ပြဿနာ ဖြစ်စေပါသည်။ စိတ်မတည်ငြိမ် မပျော်ရွှင်ပါက သင်ယူဖို့ အလွန်ခက်ခဲပါသည်။ ထို့ကြောင့် တည်ငြိမ်သောစိတ်က နိုင်ငံရေးအပါအဝင် အလုပ်အားလုံး၊ အတတ်ပညာ အားလုံး ဆောင်ရွက်ရန် ကူညီပါသည်။ အကျဉ်းချုပ်အားဖြင့် စိတ်တည်ငြိမ်မှုသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှသည် အမှန်တရားကို ပိုပြီးရှင်းလင်းစွာ မြင်လာနိုင်ပါသည်။ ထိုအချက်ကို အခြေခံလျှက် ကျွန်ုပ်တို့သည် ပို၍ပို၍ စေတနာထားလာနိုင်ပါသည်။
ဤသည်မှာ လောကီကျင့်ဝတ်၏ အခြေခံ စည်းမျဉ်းများ ဖြစ်ပြီး ပျော်ရွင်ခြင်း အနုပညာ၏ အဓိကအချက် ဖြစ်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ဒါကိုအတော်လေး အသုံးဝင်သည်ဟု တွေ့ရပါသည်။ ဒါက အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိပါက ကျင့်သုံးကြည့်ပါ။ သင်အတွက် အဓိပ္ပာယ်မရှိပါက ဒါကို မေ့ပစ်လိုက်ပါ။ ကျေးဇူးတင်ပါသည်။