ကျင့်ဝတ်နှင့်ညီသော ဘဝဖြင့် နေထိုင်နည်း

Uv how to lead an ethical life

ကျင့်ဝတ်နှင့်ညီသော ဘဝအတွက် အခြေခံများဖြစ်သည့် မိမိအကျိုးစီးပွားနှင့် အခြားသူများ၏ အကျိုးစီးပွား

ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ အခြားသူများကို ကူညီနိုင်လျှင် ကူညီရန် ဖြစ်ပါသည်။ မကူညီနိုင်ပါက ဒုက္ခမပေးမိအောင် အနည်းဆုံးတော့ ရှောင်ရှားရပါမည်။ ဤသည်မှာ ကျင့်ဝတ်နှင့်အညီ နေထိုင်ခြင်း၏ အနှစ်သာရ ဖြစ်ပါသည်။

ဆောင်ရွက်ချက်တိုင်းသည် စိတ်ဓာတ်စေ့ဆော်မှုမှ ပေါ်ထွက်လာပါသည်။ အခြားသူများကို အန္တရာယ်ပေးပါက စိတ်ဓာတ်စေ့ဆော်မှုဖြင့် ပေးခြင်းဖြစ်သည်။ အခြားသူများကို ကူညီလျှင်လည်း စိတ်ဓာတ်စေ့ဆော်မှုဖြင့် ကူညီခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အခြားသူများကို ကူညီရန်၊ အကျိုးပြုရန်အတွက် စိတ်ဓာတ်စေ့ဆော်မှုအချို့ လိုပါသည်။ ထိုအတွက် ယူဆချက်အချို့လိုပါသည်။ ဘာကြောင့် ကူညီသလဲ။ ဘာကြောင့် အန္တရာယ်မပေးတာလဲ။

ဉပမာ၊ တစ်ယောက်ယောက်ကို အန္တရာယ် ပေးတော့မည်ဆိုပါက သတိရှိမှုတစ်ခုခု ပေါ်လာပြီး ထိုသို့မလုပ်ရန် စေ့ဆော်ပါမည်။ ဆိုလိုသည်မှာ [အန္တရာယ် မပေးရန်] ဆုံးဖြတ်ချက်အချို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့ စိတ်၏ တစ်ထောင့်တစ်နေရာတွင် တစ်စုံတစ်ယောက်ကို အန္တရာယ် ပေးချင်နေသည်။ သို့သော် စိတ်အခြေအနေအချို့ကြောင့် စိတ်၏ အခြားတစ်နေရာမှ ထိုသို့လုပ်လျှင်မှားကြောင်း၊ မမှန်ကန်ကြောင်း ပြောနေပါသည်။ ထိုအရာ မှားနေကြောင်း တွေ့ရသည့်အတွက် ကျွန်ုပ်တို့တွင် စိတ်စွမ်းအား ရရှိလာပြီး ရှောင်ရှားလိုက်ပါသည်။ [အန္တရာယ် ပေးရန် သို့မဟုတ် ထိုသို့မပြုလုပ်ဘဲ ရှောင်ရှားရန်] ရွေးချယ်မှု နှစ်ခုစလုံးတွင် ဆောင်ရွက်ချက်အချို့က ရေရှည် အကျိုးဆက်များ ရှိလာမည်ကို သတိပြုသင့်ပါသည်။ လူသားများအနေနှင့် ကျွန်ုပ်တို့သည် ရေရှည် အကျိုးဆက်များ မြင်နိုင်သော အသိဉာဏ်ရှိပါသည်။ သို့ဖြစ်ရာ ထိုသို့မြင်လိုက်သောအခါ ချက်ချင်းပင် ကိုယ့်ကိုယ်ကို ရှောင်ရှားလာနိုင်ပါသည်။

ဤနေရာတွင် ချဉ်းကပ်ဆောင်ရွက်ရန် နည်းလမ်းနှစ်ခု ရှိပါသည်။ ပထမတစ်ခုမှာ မိမိကိုယ်တိုင်၏ အကျိုးစီးပွားဖြင့် စဉ်းစားကာ ကူညီနိုင်ပါက ကူညီပြီး မကူညီနိုင်ပါက [အန္တရာယ်တစ်ခုခု မပေးရန်] ရှောင်ရှားပါသည်။ နောက်တစ်နည်းမှာ အခြားသူများ အကျိုးစီးပွားဖြင့် စဉ်းစားရန်ဖြစ်သည်။ စောစောကအတိုင်း ကူညီနိုင်ပါက ကူညီပြီး မကူညီနိုင်ပါက [အန္တရာယ် မပေးရန်] ရှောင်ရှားပါသည်။ အခြားသူများကို အန္တရာယ် မပေးရန် ရှောင်ရှားရာတွင် ‘‘ဒီလိုလုပ်ရင် တရားစွဲခံရတာမျိုး မကောင်းတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်’’ ဟု စဉ်းစားသည်။ ထို့ကြောင့် ထိုအကြောင်း ပြချက်ကြောင့် ကိုယ်တိုင်ရှောင်ရှားခြင်းမှာ မိမိအကျိုးစီးပွားအတွက် အကြောင်းပြချက်ကြောင့် ဖြစ်ပါသည်။ ယခုအခါ ကျွန်ုပ်တို့၏ အကြောင်းပြချက်အဖြစ် အခြားသူများကို စဉ်းစားသောအခါ ဤသို့ဖြစ်ပါမည်- ‘‘တခြားလူတွေလဲ ကိုယ့်လိုပါပဲ။ သူတို့လည်း ဒုက္ခနဲ့နာကျင်မှု မခံစားချင်ကြဘူး။ ဒါကြောင့် သူတို့ကို ဒုက္ခမပေးမိအောင် ငါ့ကိုယ်ငါ ရှောင်ရှားရမယ်။’’

[ကျွန်ုပ်တို့၏စိတ်ကို] လေ့ကျင့်သောအခါ ပထမဉီးစွာ မိမိအကျိုးစီးပွားဖြင့် စဉ်းစားပြီးနောက် အခြားသူများကို ခိုင်မာစွာ စဉ်းစားပေးပါသည်။ ထိရောက်မှုနှင့် ပြောရလျှင် အခြားသူများကို ခိုင်မာစွာ စဉ်းစားပေးခြင်းသည် ပို၍ခွန်အားရှိပါသည်။ ဘုန်းတော်ကြီးသင် ပညာရေး၏ ဝိနည်းအစဉ်အလာဖြစ်သည့် ပရာတိမောက္ခ သို့မဟုတ် တစ်ဉီးချင်း လွတ်မြောက်မှုသည် မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် အဓိကအခြေခံကျသော တွေးခေါ်မှု ဖြစ်ပါသည်။ ယင်းအတွက်ကြောင့် ကျွန်ုပ်တို့သည် အန္တရာယ်မပေးမိအောင် ရှောင်ရှားခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း လွတ်မြောက်မှုကို ရည်မှန်းကြပါသည်။ ဗောဓိသတ္တ ကျင့်စဉ်တွင် အခြားသူများကို အန္တရာယ် မပေးမိအောင် ရှောင်ရှားသည့် အဓိကအကြောင်းရင်းမှာ အခြားသူများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်သည်။ ဒုတိယတစ်ခုဖြစ်သည့် ပရဟိတစိတ်ကို အခြေခံကာ အန္တရာယ် မပေးမိအောင် ရှောင်ရှားခြင်းနှင့် အခြားသူများကို ကူညီခြင်းသည် ကျွန်ုပ်မကြာခဏ ပြောလေ့ရှိသော လူတိုင်းနှင့် ဆိုင်သည့် တာဝန်ဝတ္တရားနှင့် ဆက်စပ်မှု ရှိပါသည်။

လူသားများအဖြစ် ကျွန်ုပ်တို့၏ အခြေခံသဘာဝ

ယေဘုယျအားဖြင့် ကျွန်ုပ်တို့လူသားများသည် လူမှုရေးသတ္တဝါများ ဖြစ်ပါသည်။ မည်သူဖြစ်စေကာမူ သူ၏အသက်ရှင် ရပ်တည်မှုသည် အခြားလူသားထုအပေါ် တည်မှီပါသည်။ တစ်ဉီးချင်း ရှင်သန်မှုနှင့် ကျန်းမာမှုသည် လူအသိုင်းအဝိုင်း အားလုံးပေါ်တွင် တည်မှီသည့်အတွက် အခြားသူများကောင်းကျိုးကို စဉ်းစားခြင်း၊ ထိုအတွက် အလေးထားခြင်းသည် ကျွန်ုပ်တို့ကိုယ်ပိုင် အခြေခံသဘာဝအရ ပေါ်ထွက်လာပါသည်။ နမူနာအားဖြင့် မျောက်လွှဲကျော်များကို လေ့လာ ကြည့်လျှင် အသက်ကြီးသောမျောက်က မျောက်အုပ်စုအတွက် တာဝန်အပြည့် ယူထားပါသည်။ အခြားအကောင်များ အစာစားနေစဉ် အသက်ကြီးသောမျောက်က အမြဲဘေးထွက်ပြီး ကြည့်နေသည်။ ပိုသန်မာသောအကောင်က အသိုင်းအဝိုင်းအကျိုးအတွက် အုပ်စုထဲမှကျန်အကောင်များကို ဂရုစိုက်ပေးပါသည်။

သမိုင်းမတင်မီခေတ်က ကျွန်ုပ်တို့လူသားများတွင် ပညာရေး သို့မဟုတ် နည်းပညာမရှိပါ။ အခြေခံလူ့အသိုင်းအဝိုင်းက ရိုးရှင်းပြီး အားလုံးအတူ အလုပ်လုပ်၊ အတူ မျှဝေစားသောက်ကြသည်။ လူတိုင်းအလုပ်လုပ်ပြီး လူတိုင်းအတူပျော်ရွှင်သည် ဆိုသည်မှာ မူလကွန်မြူနစ်ဝါဒ ဖြစ်သည်ဟု ကွန်မြူနစ်များက ပြောသည်။ ထို့နောက်တွင် ပညာရေး ပေါ်ထွက်လာပြီး လူ့ယဉ်ကျေးမှု ရရှိလာပါသည်။ [လူသား] စိတ်သည် ပို၍အဆင့်မြင့်လာပြီး လောကလည်းကြီးလာပါသည်။ ထိုအခါ မနာလိုမှုနှင့် မုန်းတီးမှုတို့ အချိန်နှင့်အမျှ ဖြစ်လာပြီး ပို၍ကြီးထွားလာပါသည်။

ယခုအခါ နှစ်ဆယ့်တစ်ရာစုတွင် [လူ့အသိုင်းအဝိုင်း၌] အပြောင်းအလဲများစွာ ဖြစ်ပေါ်လာပါသည်။ ကျွန်ုပ်တို့အကြား ပညာရေး၊ အလုပ်အကိုင်နှင့် လူမှု နောက်ခံသမိုင်းတို့တွင် ကွဲပြားမှုများ ပေါ်ပေါက်လာပါသည်။ သို့သော် အသက်နှင့် လူမျိုး ကွဲပြားသည့်တိုင် ထိုအရာအားလုံးမှာ ဒုတိယအဆင့်သာ ဖြစ်ပါသည်။ အခြေခံ အဆင့်တွင် ကျွန်ုပ်တို့သည် လူသားများဖြစ်ပြီး အားလုံး အတူတူ ဖြစ်ပါ၏။ ဤသည်မှာ လွန်ခဲ့သောနှစ်ပေါင်း ရာနှင့်ချီကြာမြင့်ခဲ့သောကာလက အဆင့် ဖြစ်ပါသည်။

ကလေးငယ်များ၏ သဘောထားမှာ ထိုအတိုင်းဖြစ်သည်။ သူတို့က လူမှုနောက်ခံအခြေအနေ၊ ဘာသာတရား၊ လူမျိုး၊ အသားအရောင်၊ အခြားကလေးများ၏ ကြွယ်ဝမှုတို့ကို အလေးမထားပါ။ အတူတူ ကစားကြသည်။ အချင်းချင်း ဖော်ရွေနေသမျှ ကာလပတ်လုံး တကယ့် ကစားဖော်များ ဖြစ်သည်။ ယခုအခါ အရွယ်ရောက်လာချိန်တွင် ကျွန်ုပ်တို့သည် ပို၍အသိဉာဏ်ရှိကာ ပို၍ဖွံ့ဖြိုးလာရမည့်အစား အခြားသူများ၏ လူမှုနောက်ခံ အခြေအနေဖြင့် အကဲဖြတ်ကြပါသည်။ ‘‘ငါပြုံးလိုက်ရင် ငါလိုချင်တာ ရပါ့မလား။ ငါမျက်မှောင်ကြုတ်လိုက်ရင် တစ်ခုခုဆုံးရှုံးသွားမလား’’ ဟု တွက်လာကြပါသည်။

လူတိုင်းနှင့်ဆိုင်သော တာဝန်

လူတိုင်းနှင့်ဆိုင်သော သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ တာဝန်ဆိုသည့် အသိမှာ လူသားအဆင့်တွင် ဖြစ်ပေါ်ပါသည်။ ကျွန်ုပ်တို့သည် ‘‘ငါလည်း သူတို့လိုပဲ။ ဘာတွေကွဲပြားနေပါစေ။ ငါ့ကောင်းကျိုးက သူတို့အပေါ် မူတည်တယ်’’ ဟူ၍ အခြားလူသားများအတွက် အလေးထားမှုရှိပါသည်။ ကွဲပြားမှုဆိုသည်မှာ အမြဲရှိနေသော်လည်း ဤအချက်က အထောက်အကူဖြစ်ပါသည်။

ဤကမ္ဘာပေါ်တွင် လူသားထုသည် ရာစုနှစ်ပေါင်းများစွာ သန်းတစ်ထောင်သာ ရှိခဲ့ပါသည်။ ယခုအခါ သန်းခြောက်ထောင်ကျော် နေပါပြီ။ လူဉီးရေထူထပ်လာသည့်အတွက် နိုင်ငံတစ်နိုင်ငံက မိမိလူဉီးရေအတွက် အစားအသောက်နှင့် အရင်းအမြစ်များအားလုံး မပေးနိုင်တော့ပါ။ ထိုအခါ ကမ္ဘာ့စီးပွားရေး ပေါ်ပေါက်လာပါသည်။ ထို့ကြောင့် ယနေ့အမှန်တရားအရ ကမ္ဘာကြီးသည် ပိုမိုသေးငယ်လာပြီး အလွန်ပင် အပြန်အလှန် အမှီသဟဲ ဖြစ်နေပါသည်။ ဒါက အမှန်တရားဖြစ်သည်။ ထိုထက်ပို၍ ကမ္ဘာကြီး ပူနွေးလာမှုဆိုသည့် ဂေဟဗေဒကိစ္စ တစ်ခုရှိပါသေးသည်။ ဤသည်မှာ ဤကမ္ဘာပေါ်ရှိ သန်းခြောက်ထောင်သော လူသားထုအားလုံးအတွက် စိုးရိမ်စရာ ဖြစ်နေပါသည်။ နိုင်ငံ တစ်ခု၊ နှစ်ခုလောက်နှင့်သာဆိုင်ခြင်း မဟုတ်ပါ။ အမှန်တရားအသစ်က ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှုအသိ လိုအပ်နေပါသည်။

ဉပမာ၊ ယခင်အချိန်များက ဤနေရာရှိ ဗြိတိသျှတို့သည် သူတို့အကျိုးကိုသာကြည့်ပြီး ကမ္ဘာ့အခြားနေရာများကို တစ်ခါတစ်ရံ အမြတ်ထုတ်ကြပါသည်။ အခြားသူများ၏ စိုးရိမ်မှုများ သို့မဟုတ် ခံစားချက်များကို အလေးမထားခဲ့ကြပါ။ ဒါက အတိတ်မှာ ကျန်ခဲ့ပါပြီ။ သို့သော် ယခုဆိုလျှင် အရာရာ ကွာခြားပြီး ပြောင်းလဲနေပါပြီ။ ကျွန်ုပ်တို့သည် ယခုအခါ အခြားနိုင်ငံများကို ဂရုစိုက်ကြရပါမည်။

တကယ်တော့ ဗြိတိသျှ နယ်ချဲ့ဝါဒကျင့်သုံးသူများသည် ကောင်းကျိုးအချို့ ပြုခဲ့ပါသည်။ အိန္ဒိယနိုင်ငံသို့ အင်္ဂလိပ်ဘာသာ စကားဖြင့် ကောင်းမွန်သော ပညာရေးကို ယူလာပေးခဲ့သည်။ အိန္ဒိယသည် ဤအချက်ကို များစွာအသိအမှတ် ပြုရပါမည်။ ထို့ပြင် ဗြိတိန်နိုင်ငံသည် ရထားလမ်းစနစ် နည်းပညာကိုလည်း ယူဆောင်လာခဲ့သည်။ ဤသည်မှာ သင်တို့၏ ပြန်လည်ရရှိလိုက်သော အရည်အသွေးတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်အိန္ဒိယသို့လာသောအခါ ဂန္ဓီဝါဒလက်ခံသူအချို့က အသက်ရှင်နေဆဲဖြစ်ပြီး သူတို့က ဂန္ဓီ၏ အကြမ်းမဖက်ရေးနည်းလမ်းများအကြောင်း ကျွန်ုပ်ကို အကြံပေးသည်။ ထိုအချိန်က ဗြိတိသျှနယ်ချဲ့တို့သည် အလွန်ဆိုးသည်ဟု ကျွန်ုပ်ခံစားနေရပါသည်။ သို့သော် လွတ်လပ်သော အိန္ဒိယ တရားရေး၊ လွတ်လပ်သော စာနယ်ဇင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အစရှိသည်တို့ကို မြင်လာရပါသည်။ ထို့ကြောင့် ပို၍နက်ရှိုင်းစွာ စဉ်းစားသောအခါ ထိုအရာများက အလွန်ကောင်းသည်ကို မြင်လာပါသည်။

ယခုအခါ နိုင်ငံတစ်ခုနှင့်တစ်ခု၊ တိုက်တစ်ခုနှင့်တစ်ခု အလွန်ပင် အပြန်အလှန် မှီခိုနေပါသည်။ ဤအမှန်တရားကြောင့် ကျွန်ုပ်တို့တွင် ကမ္ဘာလုံးဆိုင်ရာတာဝန်ယူမှု အမှန်ပင်လိုအပ်လှပါသည်။ သင့်ကိုယ်ပိုင် အကျိုးစီးပွားက အခြားသူများ၏ ဖွံ့ဖြိုးမှု၊ အကျိုးစီးပွားတို့အပေါ် မှီခိုပါသည်။ ထို့ကြောင့် သင့်ကိုယ်ပိုင် အကျိုးစီးပွားအတွက် အခြားသူများကို ဂရုစိုက်ရပါမည်။ စီးပွားရေးနယ်ပယ်တွင် ဒါကဖြစ်ထွန်းနေပါပြီ။ အယူအဆပိုင်းဆိုင်ရာ ခြားနားချက်အချို့ ရှိနေသော်လည်း၊ အချင်းချင်း မယုံကြည်မှု ရှိနေသော်လည်း ကျွန်ုပ်တို့၏ အပြန်အလှန်မှီခိုနေသော ကမ္ဘာ့စီးပွားရေးတွင် အပြန်အလှန် ဆက်သွယ်ရပါသည်။ ထို့ကြောင့် အခြားသူများ အကျိုးစီးပွားကို လေးစားမှုပေါ်တွင် အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာတာဝန်ယူမှုသည် အလွန်အရေးကြီးပါသည်။

အခြားသူများကို ညီအစ်ကိုမောင်နှမများကဲ့သို့ စဉ်စားရန် လိုပြီး နီးစပ်သော ခံစားချက် ရှိရပါမည်။ ဤသည်မှာ ဘာသာရေးနှင့် လုံးဝမဆိုင်ပါ။ ဒါကို ကျွန်ုပ်တို့တကယ် လိုအပ်ပါသည်။ ‘‘ငါတို့နှင့် သူတို့’’ ဆိုသော အယူအဆကြီးမှာ အချို့နေရာတွင် ထိုသို့ပြောနိုင်သော်လည်း တစ်ကမ္ဘာလုံးတွင် ယင်းကို ‘‘ကျွန်ုပ်တို့’’ ၏ အစိတ်အပိုင်းအဖြစ် စဉ်းစားရန် လိုပါသည်။ ကျွန်ုပ်တို့ အိမ်နီးချင်းများ၏ အကျိုးစီးပွားက ကျွန်ုပ်တို့အကျိုးစီးပွားပင် ဖြစ်ပါသည်။

ရောင့်ရဲခြင်း

သို့ဆိုလျှင် တစ်ဉီးချင်းအနေနှင့် ကျင့်ဝတ်နှင့်အညီ နေထိုင်ခြင်းမှာ အခြားသူများကို ဒုက္ခမပေးခြင်းနှင့် ဖြစ်နိုင်ပါက သူတို့ကို ကူညီခြင်း ဖြစ်ပါသည်။ [ထိုသို့ဆောင်ရွက်ရင်း] အခြားသူများ၏ သာယာဝပြောရေးကို ကျွန်ုပ်တို့ကိုယ်ပိုင် ကျင့်ဝတ်၏ အခြေခံအဖြစ် ယူဆသောအခါ ပိုမိုကျယ်ပြန့်သော ကျင့်ဝတ်နယ်ပယ် ဖြစ်လာပါသည်။ ကျွန်ုပ်တို့ကိုယ်ပိုင် ဘဝနေထိုင်မှုပုံစံ၌ အထိုအချက်များကို ထည့်သွင်းစဉ်းစားရပါမည်။

ဆင်းရဲ၊ ချမ်းသာအကြား ကွာဟမှုမှာ အမေရိကန်နိုင်ငံမှာပင် ကြီးမားပါသည်။ အချမ်းသာဆုံးနိုင်ငံဖြစ်သည့် အမေရိကကို ကြည့်မည်ဆိုလျှင် ဆင်းရဲမွဲတေ နေသည့်နေရာများ ရှိနေပါသေးသည်။ အချမ်းသာဆုံးနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဝါရှင်တန်ဒီစီမှာ တစ်ခါက နေထိုင်စဉ် ဆင်းရဲသားဒေသများစွာ ရှိနေသည်ကို ကျွန်ုပ်မြင်ခဲ့ရပါသည်။ ထိုလူတို့ အခြေခံ လိုအပ်ချက်များကို လုံလောက်စွာ မဖြည့်ဆည်းနိုင်ပါ။ [ထို့အတူ] ကမ္ဘာ့အဆင့်တွင်လည်း စက်မှုဖွံ့ဖြိုးပြီးဖြစ်သည့် ကမ္ဘာ့မြောက်ဘက်ခြမ်းသည် [ကျန်ကမ္ဘာ့နေရာများထက်] ပို၍တိုးတက်ပြီး ပို၍ချမ်းသာပါသည်။ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများစွာမှာ ငတ်မွတ်မှု ရင်ဆိုင်နေရပါသည်။ ဤသည်မှာ ကျင့်ဝတ်အရ မှားနေခြင်း မဟုတ်ပါ။ ကြီးမားသော ပြဿနာများ၏ ရင်းမြစ်တစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ချမ်းသာသောနိုင်ငံအချို့က သူတို့၏ဘဝနေထိုင်မှုပုံစံကို လေ့လာစစ်ဆေးကာ ရောင့်ရဲမှုကို ကျင့်သုံးရန်လိုပါသည်။

ဂျပန်နိုင်ငံတွင် လွန်ခဲ့သော ဆယ့်ငါးနှစ်အချိန်က စီးပွားရေး နှစ်စဉ်ဖွံ့ဖြိုးရမည်၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု နှစ်စဉ် ရှိသင့်သည် ဆိုသော သင်တို့၏ ယူဆချက်သည် ကြီးမားသော မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ဂျပန်ပြည်သူတို့ကို ကျွန်ုပ်ပြောခဲ့ပါသည်။ တစ်နေ့တွင် သင်တို့၏စီးပွားရေးကို ပို၍ကန့်သတ်လာသည်ကို မြင်ရနိုင်ပါသည်။ ထိုအတွက် သင်တို့ ပြင်ဆင်ထားမှသာ တကယ် ဖြစ်လာသောအခါ သင်တို့စိတ်ထဲတွင် ဘေးအန္တရာယ်ကြီးတစ်ခု မဟုတ်တော့ပါ။ နောက်နှစ်အနည်းငယ် အကြာတွင် ထိုအခြေအနေက ဂျပန်နိုင်ငံတွင် တကယ်ဖြစ်ပေါ်လာပါသည်။

အချို့သူတို့၏ ဘဝနေထိုင်မှုပုံစံများမှာ အလွန်ဇိမ်ကျပါသည်။ ခိုးခြင်း၊ အမြတ်ထုတ်ခြင်း၊ လိမ်ခြင်းတို့မရှိဘဲ သူတို့မှာ ငွေကြေးများစွာ ရှိကြပါသည်။ သူတို့ကိုယ်ပိုင် အကျိုးစီးပွားရှုထောင့်အရ ကြည့်ပါက သူတို့ငွေရှာသည့်နည်းလမ်းမှာ ကျင့်ဝတ်နှင့် ညီနေသမျှကာလပတ်လုံး ဘာမှမှားယွင်းခြင်းမရှိပါ။ သို့သော် အခြားသူများအကျိုးစီးပွား ရှုထောင့်အရ ကြည့်ပါက သူတို့ကိုယ်တိုင်တွင် အမှားအယွင်းတစ်စုံတစ်ရာမရှိသော်လည်း ကျင့်ဝတ်အရ အခြားသူများ ငတ်မွတ် နေသည်ဆိုပါက မသင့်တော်ပါ။ အားလုံးမှာ ဇိမ်ခံနိုင်သည့် အဆင့်မြင့် လူနေမှုဘဝမျိုး ရှိနေပါက အဆင်ပြေပါသည်။ သို့သော် ထိုသို့ဖြစ်ရန်မှာလည်း ပိုကောင်းသည့် ဘဝနေထိုင်မှုဆိုသည်မှာ ပို၍ရောင့်ရဲရန် ဖြစ်ရပါမည်။ ဂျပန်နိုင်ငံတွင် ကျွန်ုပ်ကြုံတွေ့ခဲ့သည့်အတိုင်း အမေရိကန်နိုင်ငံနှင့် အခြားကြွယ်ဝသော အသိုင်းအဝိုင်းများတွင်လည်း ဘဝနေထိုင်မှုပုံစံ အနည်းငယ် အပြောင်းအလဲပြုလုပ်ရန် လိုအပ်ပါသည်။

နိုင်ငံများစွာတွင် မိသားစု တစ်စုလျှင် ကားနှစ်စီး၊ တစ်ခါတစ်ရံ သုံးစီးရှိကြပါသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို စဉ်းစားကြည့်လျှင် ထိုနှစ်နိုင်ငံပေါင်းပါက လူဉီးရေ သန်းနှစ်ထောင်ကျော် ရှိပါသည်။ လူသန်းနှစ်ထောင်က ကားသန်းနှစ်ထောင်ထက်ပို၍ ဝယ်ယူသောအခါ ဒါက အလွန်ခက်ခဲပါလိမ့်မည်။ ပြဿနာကြီးတစ်ခု ဖြစ်လာပြီး လောင်စာဆီ၊ ရုပ်ပိုင်းဆိုင်ရာ ရင်းမြစ်များ၊ သဘာဝ ရင်းမြစ်များစသည်ဖြင့် ရှုပ်ထွေးမှုကြီးမားလာပါမည်။ အလွန်ပင် ရှုပ်ထွေးသည့်ကိစ္စ ဖြစ်ပါလိမ့်မည်။

သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားခြင်း

ထို့ကြောင့် ကျင့်ဝတ်နှင့်အညီ နေထိုင်မှု၏ နောက်ထပ်ရှုထောင့်တစ်ခုမှာ သဘာဝပတ်ဝန်းကျင်ကို၊ ဥပမာ ကျွန်ုပ်တို့၏ ရေအသုံးချမှုကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်သည်။ ကျွန်ုပ်၏ထည့်ဝင်မှုမှာ မကောင်းလှသော်လည်း နှစ်ပေါင်းများစွာ ကတည်းကပင် ကျွန်ုပ်သည် ရေချိုးဇလုံထဲတွင် ရေလုံးဝမချိုးပါ။ ရေပန်းဖြင့်သာ ရေချိုးပါသည်။ ရေချိုးဇလုံက ရေအလွန်သုံးပါသည်။ ကျွန်ုပ်လူလည်ကျရာ ရောက်နိုင်ပါသည်။ နေ့စဉ်ရေနှစ်ခါချိုးသည့်အတွက် ရေအသုံးပြုသော ပမာဏ အတူတူပင် ဖြစ်ပါသည်။ သို့သော် မည်သို့ဖြစ်စေကာမူ ဥပမာ၊ လျှပ်စစ်မီးလုံးများနှင့် ပတ်သက်လျှင် အခန်းမှထွက်သည်နှင့် အမြဲမီးပိတ်ပါသည်။ ထိုအခါ ဂေဟစနစ်အတွက် အနည်းငယ် ထည့်ဝင်လိုက်ပါသည်။ ထို့ကြောင့် ကျင့်ဝတ်နှင့်ညီသောဘဝတစ်ခုသည် ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှုဆိုသော အသိမှ ပေါ်ထွက်လာပါသည်။

အခြားသူများကို ကူညီနည်း

အခြားသူများကို အကူအညီပေးနည်းနှင့် ပတ်သက်၍ နည်းလမ်းများစွာ ရှိပါသည်။ အများစုမှာ အခြေအနေပေါ် မူတည်ပါသည်။ ကျွန်ုပ် ငယ်ရွယ်စဉ် ခုနစ်နှစ်၊ ရှစ်နှစ် အခါက စာလေ့လာနေစဉ်တွင် ကျွန်ုပ်၏ဆရာ လင်းရင်းပိုးချီက ကြိမ်လုံးကို အမြဲဆောင်ထားပါသည်။ ထိုစဉ်က ကျွန်ုပ်အထက်မှအကိုနှင့် ကျွန်ုပ်တို့အတူ စာလေ့လာပါသည်။ တကယ်တော့ ကြိမ်လုံးက နှစ်ခုရှိပါသည်။ တစ်ခုမှာ အဝါရောင် မြင့်မြတ်သော ကြိမ်လုံးဖြစ်ပြီး ဒလိုင်းလားမား ဆရာတော်ကြီးအတွက် ကြိမ်လုံးဖြစ်သည်။ သို့သော်လည်း မြင့်မြတ်သော ကြိမ်လုံးကို အသုံးပြုပါက မြင့်မြတ်သော နာကျင်မှုတော့ ရမည်ဟုမထင်ပါ။ ထိုနည်းလမ်းမှာ ကြမ်းတမ်းသည်ဟုထင်ရသော်လည်း တကယ်တော့ အလွန်အထောက်အကူ ဖြစ်ခဲ့ပါသည်။

နောက်ဆုံးတွင် ဆောင်ရွက်ချက်တစ်ခုခုက အကျိုးပြုသလား၊ အန္တရာယ်ပြုသလား ဆိုသည်မှာ စိတ်ဓာတ်စေ့ဆော်မှု ပေါ်တွင် မူတည်ပါသည်။ အခြားသူများ၏ ရေရှည်ကောင်းကျိုးကို ရိုးသားစွာအလေးထားသည့် နည်းလမ်းများက တစ်ခါတစ်ရံ ကြမ်းတမ်းသော်လည်း တစ်ခါတစ်ရံ နူးညံ့ပါသည်။ တစ်ခါတစ်ရံ အနည်းငယ် လိမ်ညာခြင်းကလည်း အထောက်အကူရသည်။ ဥပမာ၊ ရပ်ဝေးနိုင်ငံတစ်ခုမှ သူငယ်ချင်းကောင်းတစ်ဦး သို့မဟုတ် မိဘတစ်ဉီးက ပြင်းထန်စွာ ဖျားနာနေခြင်း သို့မဟုတ် သေလုမျောပါး ဖြစ်နေခြင်းကို သင်သိလိုက်သည်။ သို့သော် အခြားသူတစ်ယောက်အား သူတို့မိဘတစ်ဉီး သေတော့မည်ဟု ပြောလိုက်ပါက ထိုသူ အလွန်ဝမ်းနည်းပြီး စိုးရိမ်သွားကာ သတိလစ်သွားနိုင်မည် ကိုလည်း သင်သိသည်။ ထို့ကြောင့်သင်က ‘‘သူတို့အဆင်ပြေပါတယ်’’ ဟု ပြောလိုက်သည်။ အခြားသူကို ဝမ်းမနည်းအောင် တစ်ရာရာခိုင်နှုန်း သင်အလေးထားပါက ထိုကိစ္စတွင် လူတစ်ယောက်၏ အကျိုးစီးပွား ရှုထောင့်အရ လိမ်ညာမှုသည် ကျင့်ဝတ်နှင့်မညီသော်လည်း တစ်ဖက်လူရှုထောင့်မှဆိုလျှင် အသင့်တော်ဆုံးအချက် ဖြစ်နေနိုင်ပါသည်။

အကြမ်းဖက်သောနည်းလမ်းနှင့် အကြမ်းမဖက်သောနည်းလမ်း

သို့ဆိုလျှင် အခြားသူများကို မည်ကဲ့သို့ အကောင်းဆုံးကူညီကြမလဲ။ ဒါကမလွယ်ကူပါ။ ဉာဏ်ပညာလိုပါသည်။ အခြေအနေများကို ရှင်းလင်းစွာ သတိပြုမိရန် လိုပါသည်။ မတူညီသော အခြေအနေများတွင် မတူညီသော နည်းလမ်းများသုံးရန် အတိုးအလျှော့ ပြုလုပ်ရန်လိုပါသည်။ ထို့ပြင် အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့၏ စိတ်ဓာတ်စေ့ဆော်မှုဖြစ်သည်။ အခြားသူများအတွက် အလေးထားသည့် ရိုးသားသောအသိရှိရန် လိုအပ်ပါသည်။

ဉပမာ၊ နည်းလမ်းတစ်ခုသည် အကြမ်းဖက်သလား၊ အကြမ်းမဖက်ဘူးလား ဆိုသည်မှာ စိတ်ဓာတ်စေ့ဆော်မှုပေါ်တွင် များစွာ မူတည်ပါသည်။ အဖြူရောင်လိမ်ညာမှုသည် ၎င်းကိုယ်တိုင်က အကြမ်းဖက်မှုဆိုသော်လည်း စိတ်ဓာတ်စေ့ဆော်မှု အရ အခြားသူများကို ကူညီနည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ထိုရှုထောင့်အရ အကြမ်းမဖက်သောနည်းလမ်း ဖြစ်ပါသည်။ တစ်ဖက်တွင် အခြားသူများကို အမြတ်ထုတ်လိုပြီး သူတို့ကို လက်ဆောင်ပေးပါက အကြမ်းမဖက်သည့်နည်းဟု ထင်ရပါသည်။ တကယ်တော့ တစ်ဖက်လူကို လိမ်လည်ပြီး အမြတ်ထုတ်လိုသည့်အတွက် ဤသည်မှာ အကြမ်းဖက်သော နည်းလမ်း ဖြစ်ပါသည်။ ထို့ကြောင့် အကြမ်းဖက်သလား၊ အကြမ်းမဖက်ဘူးလား ဆိုသည်မှာ စိတ်ဓာတ်စေ့ဆော်မှု ပေါ်တွင်လည်း မူတည်ပါသည်။ လူတို့၏ဆောင်ရွက်ချက် အားလုံးမှာ စိတ်ဓာတ်စေ့ဆော်မှုပေါ်တွင် မူတည်ပါသည်။ ရည်မှန်းချက်ပေါ်တွင်လည်း အတော်အတန် မူတည်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ ဉီးတည်ချက်မှာ ရည်မှန်းချက် သက်သက်ဖြစ်ပြီး စိတ်ဓာတ်စေ့ဆော်မှုက ဒေါသဖြစ်နေလျှင် ထိုအရာက ခက်ခဲလာပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် စိတ်ဓာတ်စေ့ဆော်မှုက အရေးအကြီးဆုံး ဖြစ်နေပါသည်။

မတူညီသော ဘာသာများ ညီညွတ်မှု

ကျွန်ုပ်တို့၏ ယခုဆွေးနွေးပွဲမှ အိမ်ကိုဘာပြန်ယူသွားရမလဲ ဆိုသည့်အချက်နှင့် ပတ်သက်၍ အရေးကြီးသည်မှာ စိတ်ငြိမ်းချမ်းမှု ရရှိအောင် ကြိုးစားရေးဖြစ်ပါသည်။ ထိုအချက်ကို စဉ်စားကာ မိမိကိုယ်တိုင် ဖော်ထုတ်ယူရပါမည်။ ထို့ပြင် ပရိသတ်ထဲ၌ ဘာသာတရားတစ်ခုကို ယုံကြည်သူအချို့အတွက် ကျွန်ုပ်၏ အမြဲတမ်း အဓိက အလေးထား ပြောကြားချက်မှာ မတူညီသောဘာသာများအကြား ညီညွတ်ရေးဖြစ်သည်။ အဓိက ဘာသာတရားအားလုံးတွင် နေနှင့်လကို ကိုးကွယ်သော လူနည်းစုဘာသာတရားများ မဟုတ်ပါ။ ထိုသူတို့မှာ ဒဿန ကြီးကြီးမားမား မရှိပါ။ သို့သော် အဓိက ဘာသာတရားအများစုတွင် ဒဿန သို့မဟုတ် ဘာသာရေးယုံကြည်မှုအချို့ ရှိပါသည်။ ထို့ပြင် သူတို့၏ ဘာသာတရားက ဒဿနအချို့ပေါ်တွင် အခြေခံသည့်အတွက် နှစ်ထောင်ပေါင်းများစွာ တည်ရှိနေပါသည်။ သို့သော် မတူညီသော ဒဿနများရှိသည့်တိုင် ဘာသာတရားအားလုံးက မေတ္တာနှင့် ကရုဏာကို ကျင့်သုံးရန် အဓိကအကျဆုံး ဖြစ်သည်ဟု ယူဆထားပါသည်။

ကရုဏာရှိပါက ခွင့်လွှတ်သောစိတ် အလိုလို ဖြစ်လာပါသည်။ ထိုအခါ သည်းခံမှုနှင့် ရောင့်ရဲမှုတို့ ဖြစ်လာသည်။ ထိုအချက်သုံးချက်ရှိလျှင် စိတ်ကျေနပ်မှု ရှိပါသည်။ ဤသည်မှာ ဘာသာတရားအားလုံးအတွက် တူညီပါသည်။ ယခုပြောနေသည့် အခြေခံ လူသားတန်ဖိုးများ ချဲ့ထွင်ရန်လည်း အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဘာသာအားလုံးသည် ကျွန်ုပ်တို့၏ ပျော်ရွှင်မှု အခြေခံဖြစ်သော ကျင့်ဝတ်နှင့်အညီ နေထိုင်မှုကို လူသိများအောင် ပြုလုပ်ပါက အထောက်အကူ ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာအားလုံးက ထိုသတင်းစကားကို သယ်ဆောင်သည့်အတွက် သူတို့အားလုံးသည် လူသားထုကို ကူညီရန် တူညီသောအလားအလာများ ရှိကြပါသည်။

မတူညီသော ကာလများ၊ မတူညီသော နေရာဒေသများတွင် မတူညီသော သင်ကြားမှုများ ရှိနေပါသည်။ ထိုအချက်က လိုလည်းလိုအပ်ပါသည်။ ထိုမတူညီသော ကာလများ၊ နေရာဒေသများနှင့် မတူညီသော ဘဝနည်းလမ်းများ ဖြစ်ထွန်းလာသည်မှာ မတူညီသော ပတ်ဝန်းကျင်ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မတူညီသော ဘာသာတရားများ ပေါ်ထွန်းလာပါသည်။ ထိုကာလတစ်ခုစီတွင် ဘာသာတရားစိတ်ကူးစိတ်သန်း အချို့သည် သင့်တော်ပြီး [ထို့ကြောင့်လည်း လက်ခံကျင့်သုံးခဲ့ကြပါသည်]။ ထို့ကြောင့် နှစ်ထောင်ချီသော ဘာသာတရားတိုင်းတွင် ကိုယ်ပိုင်ရိုးရာအစဉ်အလာများ ရှိကြပါသည်။ ဤကဲ့သို့ ကြွယ်ဝသော အစဉ်အလာမျိုးစုံကို ကျွန်ုပ်တို့ လိုအပ်ပါသည်။ ယင်းတို့သည် လူအမျိုးမျိုးအတွက် အကျိုးပြုပါသည်။ ဘာသာတစ်ခုတည်းဖြင့် အားလုံးနှင့် ကိုက်ညီပြီး အကျိုးပြုနိုင်မည် မဟုတ်ပါ။

ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါက အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် မဟုတ်သူများစွာ ရှိခဲ့ကြပါသည်။ ဗုဒ္ဓမြတ်စွာသည် အိန္ဒိယတစ်နိုင်ငံလုံးကို ဗုဒ္ဓဘာသာဖြစ်အောင် ပြောင်းလဲရန် မကြိုးစားခဲ့ပါ။ အခြား ဘာသာတရားများရှိလည်း ရပါသည်။ သူတို့အကြား ရံဖန်ရံခါ အငြင်းအခုံဖြစ်မှု ရှိကြပါသည်။ ဗုဒ္ဓမြတ်စွာနှောင်းပိုင်းတွင် ဆရာကြီးများက ရာစုနှစ်များစွာ အချင်းချင်း ငြင်းခုံခဲ့ကြပါသည်။ ထိုငြင်းခုံမှုများမှာ၊ အထူးသဖြင့် အတွေးအခေါ် ပညာရပ်ပိုင်းတွင် အလွန်အထောက်အကူ ဖြစ်ပါသည်။ အခြားယဉ်ကျေးမှုတစ်ခုမှ ပညာတတ်တစ်ယောက်က အခြားဘာသာတစ်ခု၏ ဒဿနနှင့် အမြင်များကို ဝေဖန်ဆန်းစစ်ပါသည်။ ထိုအခါ လူတိုင်းက ကိုယ်ပိုင်ဘာသာတရား၊ ကိုယ်ပိုင်အစဉ်အလာများကို စဉ်စားကာ ငြင်းခုံကြသည်။ ထို့ကြောင့် သဘာဝအားဖြင့် တိုးတက်မှု ဖြစ်လာပါသည်။ အချို့ကိစ္စများတွင် ထိုငြင်းခုံမှုများ၌ ကံမကောင်းစွာပင် အကြမ်းဖက်မှု အနည်းငယ် ရှိခဲ့သော်လည်း ယေဘုယျအားဖြင့် ကောင်းမွန်သော တိုးတက်ဖြစ်ထွန်းမှု တစ်ခု ဖြစ်ပါသည်။

သို့ဆိုလျှင် အိန္ဒိယနိုင်ငံသည် ဘာသာတရား သည်းခံမှု အမှန်ပင်ရှိသည့် နမူနာကောင်းတစ်ခု ဖြစ်ပါသည်။ ထိုအရာက ရာစုနှစ်ပေါင်းများစွာ အစဉ်အလာတစ်ခုအဖြစ် ရှည်ကြာလာပါသည်။ ဤသည်မှာ ကမ္ဘာ့အခြားနေရာများအတွက် စံနမူနာကောင်းတစ်ခု ဖြစ်နေပါသည်။

ရှေးခေတ်က လူတို့သည် တသီးတခြားနေသည်မှာ အဆင်ပြေခဲ့ပါသည်။ သို့သော် ယခုအခါ အခြေအနေများ မတူတော့ပါ။ ဥပမာ၊ လန်ဒန်မြို့တွင် ဘာသာတရားများစွာရှိသည့် အသိုင်းအဝိုင်းတစ်ခုလို ဖြစ်ပါသည်။ ထိုအခါ ဘာသာတရား သည်းခံနိုင်စွမ်းရှိရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ဘာသာရေး ယုံကြည်ချက် ရှိသူများအတွက် ညီညွတ်ရေးနှင့် သည်းခံရေးက အလွန်အရေးကြီးပါသည်။ အခွင့်အရေး ရမည်ဆိုပါက ထိုကိစ္စအတွက် ဖြည့်ဆည်းမှုများ ပြုလုပ်ပေးစေချင်ပါသည်။

Top